❝ ဈေးသည်မ လှလှကလေး ❞
( အောင်လင်း )
ယနေ့ ခင်အေးမြင့် တစ်ယောက် လင်ရွေးရမည့်နေ့ ဖြစ်သည် ။ ဤစကား ရိုင်းသည် ဟု ဆိုပါက ခင်အေးမြင့် တစ်ယောက် အိမ်ထောင်ဖက် ရွေးရမည့်နေ့ ဖြစ်သည် ။
သို့သော် ရိုင်းသည် ယဉ်သည်ကို ခွဲခြား၍ မတွေးနိုင်တော့ပေ ။ ခင်အေးမြင့် စိတ်ထဲတွင်မူ ကနေ့ လင်ရွေးရမည်ဟု ဆုံးဖြတ်ထားလိုက်သည် ။ ထို့ကြောင့်လည်း ခင်အေးမြင့်သည် သူ ရွေးချယ်ရမည့် သူကို တစ်ဦးစီ စဉ်းစား ကြည့်လိုက်၏ ။ သို့ စဉ်းစားလိုက်သည့် အခါတွင် ရှေးဦးစွာ ချစ်သူ၏ မျက်နှာကို ဦးစွာ မြင်ယောင်မိသည် ။
ကိုတင့်မောင် ။
ခင်အေးမြင့် တွေ့ခဲ့ဖူးသော ယောက်ျားများ ထဲတွင် ကိုတင့်မောင်သည် ချစ်စရာ အကောင်းဆုံး ဖြစ်သည် ။ ဤကား ငြင်းစရာ မလိုပေ ။ ကိုတင့်မောင်သည် ချစ်စရာ အကောင်းဆုံး ဖြစ်သောကြောင့်သာ အများ ယောက်ျားထဲတွင် ကိုတင့်မောင် ကိုသာ ရွေးချယ်၍ ချစ်ခဲ့သည် မဟုတ်ပါလော ။
ခင်အေးမြင့် သည် ရုံးစာရေးမ တစ်ယောက် ဖြစ်သည် ။ ကိုတင့်မောင် သည်လည်း ရုံးစာရေး တစ်ယောက် ဖြစ်သည် ။
ထို့ကြောင့် သူတို့ နှစ်ယောက် ရုံးမှာ တွေ့ ကြသည် ။
ခင်အေးမြင့်သည် ရိုးသား သော မိန်းကလေး ဖြစ်သည် ။
ကိုတင့်မောင်လည်း လူရိုး လူဖြောင့်တစ်ယောက် ဖြစ်သည် ။
ထို့ကြောင့် သူတို့ နှစ်ယောက် ရင်းနှီးကြသည် ။
ခင်အေးမြင့် သည် စိတ်ထား လှသလို ရုပ်လည်း လှပသူ ဖြစ်သည် ။
ကိုတင့်မောင် သည် မြင့်မြတ်သော ယောက်ျား စိတ် ရှိ၍ တင့်တယ်သော ကိုယ်ဟန် ရုပ်ရည် ရှိသူ ဖြစ်လေသည် ။
ထို့ကြောင့် သူတို့ နှစ်ယောက် အပြန်အလှန် ချစ်ကြသည် ။
ထိုကား သူတို့ ဇာတ်လမ်း ဖြစ်၏ ။
ဤဇာတ်လမ်းသည် ဘာမျှ ဆန်းကြယ်သည် မဟုတ် ။ ထို့ကြောင့် ဇာတ်လမ်းကို အကျယ်မဖွဲ့လို ။ တိုတိုနှင့် လိုရင်းချုပ်ရသော် ခင်အေးမြင့် ဆိုသော စာရေးမ တစ်ယောက် ရှိ၏ ။ ရိုး၏ ။ ချော၏ ။ လိမ္မာ၏ ။ ပိပြား၏ ။ ချစ်စရာ ကောင်း၏ ။ ထို့ကြောင့် ခင်အေးမြင့် ကို စာရေးများ ၊ ကျောင်းသားများ စွဲမက်ကြ၏ ။ ချစ်ခင်ကြ၏ ။ ပိုးပန်းကြ၏ ။ ထိုသူများထဲတွင် ကိုတင့်မောင် ဆိုသော စာရေးယောက်ျား သည်လည်း ပါ၏ ။ ကိုတင့်မောင်သည် မြင့်မြတ်သော စိတ်ထားရှိသူ ဖြစ်၏ ၊ ခံ့ညားသော လက္ခဏာ ရှိ၏ ။ ထို့ကြောင့် ကိုတင့်မောင် နှင့် ခင်အေးမြင့်တို့ သိကျွမ်း ရင်းနှီးကြ၏ ။ နောက် တဖြည်းဖြည်း ပို၍ ရင်းနှီးကြ၏ ။ နောက် တစ်ယောက် နှင့် တစ်ယောက် ချစ်မှန်း မသိ ချစ်လာကြ၏ ။ နောက် မနေနိုင် မထိုင်နိုင် ဖြစ်လာ၍ ယောက်ျားပျို လုပ်သူက ဖွင့်ပြော၏ ။ မိန်းကလေးက တစ်ခါ နှစ်ခါ ငြင်း၍ နောက် ကြည်ဖြူလိုက်၏ ။ ထိုသောအခါတွင် တစ်ယောက်ကို တစ်ယောက် ချစ်မှန်း သိ သွားကြသည် ။ ဤကား ဇာတ်လမ်း၏ ကျောရိုး ဖြစ်၍ အဆီအသား သိပ်မပါလှချေ ။ ထို့ကြောင့်လည်း စာမျက်နှာ အကုန်ခံ၍ မဖွဲ့လို ။
အချစ် နှင့် အလှ အကြောင်း မြောက်မြားစွာသော စကားနု စကားယဉ်များဖြင့်လည်း ခြယ်မှုန်းသီကုံး၍ မနေလို ။
အချစ် ဇာတ်လမ်းလေး၏ နောက်ဆွယ်တွင် မဇယ်တလယ်ဖြင့် အဖျား ရှူးသွားပုံလေးကို ရေးလိုသည် ။
ခင်အေးမြင့် က နဖူးစာရှင်ကို ရွေး ရတော့မည် ။ ချစ်သူ ရှိ ပါလျက်နှင့် ကြင်ဖက်ကို ရွေးမည် ဆိုသည်မှာ တစ်နည်းတော့ ဆန်းနေသည် ။ သို့သော် ခင်အေးမြင့် အဖို့ရာကား ကိုတင့်မောင်နှင့် တစ်နှစ် နီးပါး ချစ်လာခဲ့သော်လည်း ယနေ့မှ အိမ်ထောင်ဖက် ရွေးရမည် မှာ အမှန် ဖြစ်တော့သည် ။ သို့ အိမ်ထောင်ဖက် ရွေးရန် စီစဉ်လိုက်သည့် အခါတိုင်း ကိုတင့်မောင် ၏ မျက်နှာသည် တိမ်စွယ်တွင် ကွယ်နေရာမှ ထွက်လာသော လပြည့်ဝန်းကဲ့သို့ ထင်းထင်း မြင်လာတတ်ပေသည် ။
ကိုတင့်မောင်က လက်ထပ်မည် ပြောသည့် အခါတိုင်းထွင် ခင်အေးမြင့်သည် အချိန် ဆွဲခဲ့သည် ။ ဤ အကြောင်းကြောင့် ချစ်သူချင်း သဘော ကွဲလွဲခဲ့ရသည် ။ နောက်ဆုံးတွင် မတတ်သာ၍ သူ၏ အကြောင်းကို ဖွင့်ပြောခဲ့ရသည် ။ သည်အခါတွင် ကိုတင့်မောင်သည် စိတ်ပျက်လက်လျှော့သော အမူအရာဖြင့် ညည်းခဲ့သည် ။
“ ကိုယ် နဲ့ မြင့် တော့ ဒီဘဝ မှာ ဘယ်နည်းနဲ့မှ ဆုံစည်းနိုင်တော့မှာ မဟုတ်ပါဘူး ”
ဤ စကားသည် ခင်အေးမြင့် နားတွင် သံရေပူဖြင့် လောင်းသလို အခံရ ခက်သွားလေသည် ။ သို့သော် မငြင်းနိုင်သော အကြောင်းများက အထင်အရှား ရှိနေပြန်သဖြင့် ကိုတင့်မောင် ပြောသမျှ ကို ပြန်လည် မချေပနိုင်ဘဲ ငုံ့ ၍သာ ခံခဲ့ရလေသည် ။ တစ်နည်းအားဖြင့် ချစ်သူကို အချိန်ဆွဲ၍ နှစ်သိမ့်ကာ ကျေနပ် စေခဲ့ရလေသည် ။
ယနေ့ အဖို့ရာတွင်မူ ခင်အေးမြင့် အတွက် အချိန်ဆွဲခဲ့သော ရက်၏ နောက်ဆုံးနေ့ဟု ဆိုရပေမည် ။ ထို့ကြောင့်လည်း ချစ်သူ ရှိလျက်နှင့်ပင် ကြင်ဖက် ကိုမူ ယနေ့မှ ရွေးခဲ့ရလေပြီ ။
ထိုသို့ ရွေးသည့် အခါတွင် နံပါတ်တစ် အရွေးခံရန် ရောက်လာသူမှာ ဆန် ဝန်ထောက် ကလေး ကိုစိုးလွင် ဖြစ်သည် ။ ကိုစိုးလွင် တွင် မိန်းကလေးတစ်ယောက် စွဲမက်စရာအပိုပစ္စည်းများ ရှိသည်က မှန်၏ ။ ကိုစိုးလွင် သည် ဘီအေ ဂုဏ်ထူး ရှိသူလည်း ဖြစ်၏ ။ ရုပ်ရည်လည်း ချောမောသူ ဖြစ်၏ ။ သို့သော် ခင်အေးမြင့် အနေနှင့်ကား ကိုစိုးလွင် အား အိမ်ထောင်ဖက် အဖြစ် မည်သည့် နည်းနှင့်မျှ မရွေးချယ်နိုင်သော အကြောင်းများ ရှိလေသည် ။
ကိုစိုးလွင်သည် တစ်လလျှင် သုံးရာ ဝင်သည် ဆိုသော်လည်း ငါးရာ ထက်မနည်း သုံးဖြုန်းနေသူ ဖြစ်လေသည် ။ ဤအချက်သည် ခင်အေးမြင့် လို မီးဖိုချောင် အတွက် တွက် တတ်သော မိန်းကလေး အဖို့ စိတ်ပျက်စရာ အချက် တစ်ချက်ဖြစ် လေသည် ။ နောက် တစ်ချက်ကား ကိုစိုးလွင် သည် သောက်စား ပျော်ပါးတတ်သူ ဖြစ်လေသည် ။
နောက်ဆုံးရက်တွင် အဖြေပေးပါမည် ဆိုသော ခင်အေးမြင့်သည် ယနေ့ ကိုစိုးလွင် လာသောအခါ မိမိ စိတ်တိုင်းကျ အလိုကျ အဖြေကို ပေးလိုက်နိုင်လေသည် ။
“ ကျွန်မ လက်ထပ်ဖို့ အစီအစဉ် ရှိပြီးနေပါပြီ ၊ ကိုစိုးလွင် ကျွန်မကို မမျှော်လင့်ပါနှင့်တော့ ”
ကိုစိုးလွင် ပြန်သွားသည့်နောက် ခင်အေးမြင့် သည် ကိုတင့်မောင်ကို မျှော်လင့်သည် ။ ကိုစိုးလွင် ကို ငြင်းလိုက်သည့် နောက် ရွေးရမည့် သူမှာ နှစ်ယောက်သာ ရှိတော့သည် ။ ထိုနှစ်ယောက် အနက် တစ်ယာက်မှာ ခင်အေးမြင့် ကြည်ဖြူသော ကိုတင့်မောင် ဖြစ်၍ နောက်တစ်ယောက်မှာ မိခင်ကြီး သဘောကျ ကျေနပ်သော ကိုကံညွန့် ဆိုသူ ဖြစ်လေသည် ။
ခင်အေးမြင့် သည် ကိုစိုးလွင် အပေါ်တွင် ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်သော်လည်း ထို ကျန် နှစ်ယောက် အပေါ်တွင်ကား မည်သို့ ဆုံးဖြတ်ရမည်ကို မဝေခွဲနိုင်အောင် ရှိတော့သည် ။ အဆုံးအဖြတ်ကို စဉ်းစားတိုင်း စိတ်က မောလာသည် ။ နှစ်ယောက်စလုံးကို အတွေ့ မခံဘဲ ရှောင်ပြေးချင်သလို ဖြစ်လာသည် ။ နှစ်ဖက် အားပြိုင်၍ ဆွဲနေသော လွန်ကြိုး ကဲ့သို့ ရှိတော့သည် ။ မိဘ နှင့် ချစ်သူ ဘယ်ဘက်ကို ပါရမည်ကို မဝေခွဲနိုင်အောင် ရှိတော့သည် ။
ထို့ကြောင့်လည်း ကိုကံညွန့် လာသောအခါ ခင်အေးမြင့်သည် အလိုလို ရင်တုန်၍ နေတော့သည် ။ အခန်းထဲမှပင် မထွက်ရဲတော့ ။ အပြင်ဘက်မှ ကိုကံညွန့် နှင့် မိခင်ကြီး အသံကို ကြားလိုက်ရသည် ။
“ ထိုင်ကွဲ့ မောင်ကံညွန့် ၊ ဒေါ်ဒေါ် ကော်ဖီ ဖျော်လိုက်ဦးမယ် ”
အမှန်၌ ကိုကံညွန့် ကို ခင်အေးမြင့် ကိုယ်တိုင် ထွက်၍ ဧည့်ခံဖို့ ဝတ္တရား ရှိလေသည် ။ အဖြူ အမည်း သဲကွဲအောင် အဖြေတစ်ခု ပေးရမည် ဖြစ်သည် ။
ကိုစိုးလွင် ကိုမူ ခင်အေးမြင့် သည် ပြတ်ပြတ်သားသား အဖြေ ပေးနိုင်ခဲ့သည် ။ ကိုစိုးလွင် အပေါ်တွင် ပြတ်သားနိုင်ခဲ့သလောက် ကိုကံညွန့် အပေါ်တွင် မပြတ်သားနိုင်တော့ပေ ။ သို့ မပြတ်သားနိုင် ခြင်းမှာလည်း ခင်အေးမြင့် ၏ ဆန္ဒအရ မဟုတ်ပေ ။ တစ်သက်လုံး ရိုသေခဲ့ရသော မိခင်ကြီး တစ်ယောက် က ကိုကံညွန့် ဘက်မှ ရပ်နေသောကြောင့် ဖြစ်သည် ။
ခင်အေးမြင့် သည် ခုတင် ထက်တွင် ခေါင်းအုံးနှင့် မျက်နှာကို အပ်၍ ထား လိုက်မိသည် ။ သူ့ရင်ထဲ၌ကား လှုပ်ရှားနေသည် ။
မိခင် ဖြစ်သူက ခင်အေးမြင့် ဆံနုများကို ပွတ်သပ်ပြီး ချော့ရှာသည် ။ ခင်အေးမြင့်သည် အလိုလို ငိုချင်၍လာသည် ။
“ မေမေလည်း ငယ်ရာက ကြီးလာတာပါကွယ် ။ တကယ်တော့ သမီးတို့ ချစ်ခြင်းကို မခွဲချင်ပါဘူး ၊ ဒါပေမဲ့ ချစ်တယ် ဆိုတာ တကယ်တော့ စိတ်က ထင်နေတာတွေပါ သမီးရယ် ၊ ကိုယ့် တစ်သက်မှာ အိမ်ထောင်ဖက် ဖြစ်သင့်တဲ့ လူကို ရွေးချယ် ပေါင်းသင်းရင် နောက်တော့ အလိုလို ချစ်လာမှာပါကွယ် ၊ သမီးတို့ အဖေကို မေမေ ရွေးခဲ့တာ လည်း ဒီအတိုင်းပါကွယ် မေမေ ချစ်တဲ့သူ အဖြစ် ရွေးခဲ့တာ မဟုတ်ပါဘူး ။ အိမ်ထောင်ဖက် အဖြစ် ရွေးခဲ့တာပါ ၊ ဒါကြောင့်လည်း သမီးတို့ ဒီ အခြေအနေမျိုးမှာ နေနိုင်ခဲ့တာပေါ့ကွယ် ခုတော့ သမီးတို့ အဖေ မရှိ ကတည်းက ဒီအခြေအနေတွေ တဖြည်းဖြည်း ပျက်ပြားလာတာ သမီးလည်း သိတဲ့ အတိုင်းပဲ ”
မိခင် ပြောသော စကားများကား အမှန်ပင် ဖြစ်နေတော့လည်း ခင်အေးမြင့်မှာ မငြင်းနိုင်အောင် ရှိတော့သည် ။
“ သမီးကို ဘာမှ မပြောပါနဲ့တော့ မေမေ ၊ သမီး ဒါတွေ တစ်ခုမှ မစဉ်းစားချင်တော့ဘူး ၊ သမီး ကိုတင့်မောင်က လွဲလို့ ဘယ်သူ့ကို မှ မချစ်နိုင်ဘူး ။ သူ့ကို မေမေ သဘော မတူရင် သမီး လင် မယူတော့ဘူး မေမေ့ကိုပဲ တစ်သက်လုံး လုပ်ကျွေးတော့မယ် ”
“ မေမေ စဉ်းစားတာဟာ မေမေ့ အတွက်ချည်းပဲ မဟုတ်ပါဘူး ၊ မေမေတို့ ခုအိမ်ကြီးဟာ ပေါင် ထားရတာ တစ်နှစ် ကျော်ပြီ ။ သမီး လခနဲ့ လည်း ဘယ်နည်းနဲ့မှ ပြန်ရွေးနိုင်မှာ မဟုတ်ဘူး ။ ဒီအိမ်ကြီး ဆုံးသွားရင် မေမေတို့ အခြေလည်း ပျက်မယ် ၊ ပြီးတော့ အိမ်လခနဲ့ ငှားနေမယ် ဆိုရင်လည်း သမီး လခနဲ့ မေမေတို့ ဘယ်လောက် ချွေချွေတာတာ စားရမလဲ ဆိုတာ သမီး စဉ်းစားကြည့်စမ်း ။ ဒီအကြောင်းတွေကို တခြား လူလည်း မဟုတ်တော့ မေမေ မောင်ကံညွန့်ကို ဖွင့်ပြောခဲ့တယ် ၊ ခု ဒီအိမ်ကြီးကို မောင်ကံညွန့် ကပဲ ခြောက်ထောင်နဲ့ ပြန်ရွေးပေးခဲ့တယ် ။ ဒါတင် မဟုတ်ဘူး ၊ သမီး နဲ့သာ တင့်တင့်တယ်တယ် ဖြစ်ရင် အားလုံး သူက တာဝန် ယူမယ်လို့ ပြောတယ် ။ သူ့လို လူ တစ်ယောက်က သမီးကို တည်တည်တံ့တံ့ ယူမယ် ဆိုတာ တော်တော့ မေတ္တာ နဲ့ မဟုတ်ပါဘူးကွယ် စိတ်ကူးမလွဲပါနဲ့ သမီးရယ် ”
“ သမီးကို ဘာမှ မပြောပါနဲ့ မေမေရယ် ။ သမီး ဘယ်သူ့ ကိုမှ မတွေ့ချင်ဘူး ”
“ သမီးကို မေမေ စေတနာနဲ့ ပြောတာပါကွယ် ၊ သမီး ပင်ပင်ပန်းပန်း လုပ်ကိုင် နေရတာကိုလည်း မေမေ မကြည့်နိုင်ဘူး ။ မောင်ကံညွန့် နဲ့ ဆိုရင် အေးအေးချမ်းချမ်း နေရမှာပါ သမီး ။ အေးလေ ဒါကတော့ သမီး သဘောပဲ ၊ ဒါပေမဲ့ အတွေ့တော့ ခံလိုက် ပါကွယ် ၊ ပြီးမှ သမီး ကြိုက်သလို ဆုံးဖြတ်ပေါ့ ”
ခင်အေးမြင့်သည် မိခင်အား ဘာမျှ ပြန်မပြောတော့ချေ ။ မှန် ရှေ့တွင် သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လိုက်ပြီးလျှင် ဧည့်ခန်းသို့ ထွက်ခဲ့လေသည် ။
ဧည့်ခန်းတွင် ကိုကံညွန့် သည် သတင်းစာကို ဖတ်နေသည် ။ ခင်အေးမြင့် ရောက်နေသည်ကို သိသော်လည်း သတင်းစာနှင့် မျက်နှာကို ရုတ်တရက် မခွာသေးပေ ။ ခင်အေးမြင့်က မနေတတ် မထိုင်တတ် ဖြစ်လာကာ ချောင်းတစ်ချက်မျှ ဟန့် လိုက်ရသည် ။ သည်တော့မှ ကိုကံညွန့်သည် သတင်းစာကို ချ၍ ခင်အေးမြင့်ကို နှုတ်ဆက်လိုက်သည် ။
“ နေကောင်းရဲ့နော် မခင်အေးမြင့် ”
“ ဟုတ်ကဲ့ ကောင်းပါတယ် ၊ ညက အိပ်ရေးပျက်တာနဲ့ ကိုကံညွန့် ရောက်လာတာ တောင် မသိလိုက်ဘူး ”
“ ဟုတ်တာပေါ့ ခင်ဗျာ ၊ ဒီ ကိစ္စမျိုးဟာ အချိန်ယူပြီး စဉ်းစားသင့်တဲ့ ကိစ္စပါပဲ ။ ဒါကြောင့်လည်း ကျွန်တော့် အနေနဲ့ အချိန်ကို မလောပါဘူး မခင်အေးမြင့် စိတ်ထဲမှာ ပိုင်နိုင်အောင် အသေအချာ စဉ်းစားစေချင်ပါတယ် ”
မခင်အေးမြင့် အနေနှင့် အဆင်ပြေအောင် အကြောင်းပြ၍ ပြောလိုက်မိသည်ကိုပင် ကိုကံညွန့်က သူ လိုရာကို ဆွဲ၍ ပြောလိုက်လေသည် ။ သည်တော့လည်း မခင်အေးမြင့်မှာ ဘာကို ပြန်ပြောရမှန်း မသိအောင်ပင် အခက် တွေ့နေတော့သည် ။
“ ကျွန်မလည်း စဉ်းစားပါ ဦးမယ် ၊ ကိုကံညွန့် အနေနဲ့ ပြန်ပြီး စဉ်းစားစေချင်ပါတယ် ၊ ကိုကံညွန့် အနေနဲ့ ကျွန်မတို့ထက် သာတဲ့ မိန်းမတွေ အများကြီး ရွေးနိုင်ပါတယ် ။ ကျွန်မတို့ အနေနဲ့ ကိုကံညွန့် တို့နဲ့ စာရင် အများကြီး အဆင့်အတန်း နိမ့်ပါတယ်ရှင် ”
“ ဒါကတော့ ဒီလို တွက်လို့ မရပါဘူး ခင်ဗျာ ။ အိမ်ထောင်ရေးမှာ ကျွန်တော့်ရဲ့ စီးပွားဥစ္စာကို ထည့်ပြီး စဉ်းစားဖို့ မလိုဘူး ထင်ပါတယ် ။ မင်းတို့ရဲ့ ဥစ္စာကား ရဲမက် ဗိုလ်ပါ ၊ ရဟန်းတို့ရဲ့ ဥစ္စာ ကား အကျင့်သီလ ၊ ယောက်ျားတို့ရဲ့ ဥစ္စာကား ပညာ ၊ မိန်းမတို့ရဲ့ ဥစ္စာကား အဆင်း လို့ လောကနီတိက ဆိုပါတယ် ။ ကျွန်တော် ရှင်းရှင်းပဲ ပြောပါရစေ မခင်အေးမြင့်ကို ကျွန်တော် ရွေးချယ်တဲ့ အခါမှာ ဒီ အချက်ကို အများကြီး အရေးပေး စဉ်းစားခဲ့ပါတယ် ။ အလှအပကို လူတိုင်း မက်မောကြသလို ကျွန်တော်လည်း မက်မောပါတယ် ။ မခင်အေးမြင့်ရဲ့ ချောမောပြေပြစ်တဲ့ အလှက ကျွန်တော့်ကို လွှမ်းမိုး စွဲဆောင်ခဲ့တာဟာ အမှန်ပါပဲ ။ ဒါပေမဲ့ ပြင်ပ ရုပ်ဆင်းသဏ္ဌာန်ရဲ့ လှပမှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး ၊ ကျွန်တော် မခင်အေးမြင့်ကို မလွန်ဆန်နိုင်တဲ့ အချက် ၊ မရုန်းကန်နိုင်တဲ့ အချက်ကတော့ မခင်အေးမြင့်ရဲ့ ရုပ်သဏ္ဌာန် အလှအပ တစ်ခုတည်း မဟုတ်ပါဘူး ။ မခင်အေးမြင့်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကြောင့်ပါပဲ ။ ဒီတော့ ကျွန်တော့်ဘက် ကတော့ ပြန်ပြီး စဉ်းစားစရာ မလိုပါဘူး ၊ မခင်အေးမြင့် သာ စဉ်းစားချင်သေးတယ် ဆိုရင် စဉ်းစားဖို့ပါပဲ ”
မခင်အေးမြင့်က ဘာမျှ ပြန် မပြောနိုင်တော့ချေ ။ ကိုကံညွန့် ပြောသမျှ ကိုသာ ပါးစပ် အဟောင်းသားနှင့် နားထောင်၍ နေမိသည် ။ မခင်အေးမြင့်၏ အမေကြီးက ကော်ဖီနှင့် မုန့်များကို လာ၍ ချ ပြီးလျှင် တခြားသို့ ရှောင်ထွက်သွားလေသည် ။
“ ကော်ဖီ သုံးဆောင်ပါဦးရှင်”
“ ကိစ္စ မရှိပါဘူး မခင်အေးမြင့် ကော်ဖီက တခြားမှာ သောက်လို့ရပါတယ် ။ မခင်အေးမြင့်နဲ့ တွေ့တုန်း ပြော ချင်တာတွေ ပြောဖို့ ၊ နားထောင်ချင်တာတွေ နားထောင်ဖို့က တခြားမှာ မဖြစ်နိုင်ပါဘူး ၊ ကိုင်း မခင်အေးမြင့် ကျွန်တော့်ကို စဉ်းစားတဲ့ အချက်တွေထဲက တစ်ချက်လောက် ပြောပြစမ်းပါ ၊ ကျွန်တော် ရှင်းလို့ ရရင် ရှင်းပြပါရစေ ”
မခင်အေးမြင့် သည် မဖြေနိုင်သော မေးခွန်းကို အမေးခံရသူကဲ့သို့ ကြောင်၍ နေမိသည် ။ သည်တော့လည်း ကိုယ့် စိတ်ကို မလုံသလို ဖြစ် လာတော့သည် ။ ကိုကံညွန့် နှင့် မျက်နှာချင်း ဆိုင်ရမည်ကိုပင် ကြောက်၍ လာလေသည် ။
“ အခုတော့ ကျွန်မ ဘာကိုမျှ မပြောနိုင်ပါဘူးရှင် ”
“ အေးလေ ၊ ဒါကို ကျွန်တော် ကလည်း အတင်း ပြောရမယ်လို့ မဆိုပါဘူး ၊ ဒါပေမဲ့ မခင်အေးမြင့် မပြောရင်တော့ ကျွန်တော့်ဘက်က ပြောစရာ ရှိတာတွေ ပြောခဲ့ရမှာပါ ။ ကျွန်တော်ဟာ စီးပွားရေး သမား တစ်ယောက်ပါပဲ ဒါပေမဲ့ အိမ်ထောင်ရေးကို စီးပွါးရေး သဘောဆန်ဆန်တော့ လုပ်ဖို့ စိတ်မကူးပါဘူး ၊ ဒီလိုသာ စိတ်ကူးကြရင် သူဌေးသမီး တစ်ယောက်ကို ကြေးကြီးကြီး တင်ပြီး တောင်း လိုက်မှာပေါ့ ။ ဒါပေမဲ့ လူ့ဝတ္တရားကိုတော့ ကျွန်တော် နားလည်တတ်ပါတယ် ၊ မခင်အေးမြင့်နဲ့ အဆင်ပြေမယ် ဆိုရင်ဖြင့် ကျွန်တော့်ဘက်က ကျွန်တော့် တာဝန်တွေကို ကျွန်တော် စီစဉ်ပြီးပါပြီ ။ မခင်အေးမြင့်တို့ နေဖို့ သီးသန့် အိမ်တစ်လုံးလည်း ၀ယ်ဖို့ စီစဉ်ပြီးပါပြီ ။ အရာရာ ဒေါ်ဒေါ့် ဆန္ဒအတိုင်း လုပ်ပေးဖို့ စီစဉ်ပြီးပါပြီ ၊ မခင်အေးမြင့် ရဲ့ အဆုံးအဖြတ် တစ်ခုပဲ လိုပါတော့တယ် ”
ခင်အေးမြင့် သည် ကိုကံညွန့် အနားမှ တစ်ဟုန်ထိုး စွတ်၍ ပြေးလိုက်ချင်တော့သည် ။ ရင်ထဲ၌လည်း အလိုလို လှုပ်ရှား၍ လာလေသည် ။
“ ကျွန်မ အမြန်ဆုံး အဖြေ ပေးနိုင်ဖို့ ကြိုးစားပါမယ် ၊ ချက်ချင်း အဖြေ မပေးနိုင်တာကိုတော့ ခွင့်လွတ်ပါ ”
“ ကျွန်တော် ကျေနပ်ပါတယ် ၊ မခင်အေးမြင့်ရဲ့ သဘော အတိုင်းပါပဲ ဒါပေမဲ့ ဒါလေး တစ်ခုကိုတော့ ကျွန်တော့်ရဲ့ စေတနာကို မငြင်းဆန်ဘဲ လက်ခံဖို့ တောင်းပန်ပါတယ် ”
ကိုကံညွန့် သည် ရုတ်တရက် နေရာမှ ထ၍ မခင်အေးမြင့် ၏ လက်တစ်ဖက်ကို ဆတ်ခနဲ ဆွဲယူလိုက်သည် ။
“ အို ”
မခင်အေးမြင့်သည် အထိတ်တလန့် ဟစ်အော် လိုက်မိသည် ။ ကိုကံညွှန့် ကမူ ကတ္တီပါ အိတ်ထဲမှ စိန်လက်စွပ်ကလေးကို ထုတ်ယူ၍ မခင်အေးမြင့် လက်သူကြွယ်တွင် ဝတ်ဆင် ပေးလိုက်လေသည် ။
“ ဒါဟာ ကျွန်တော့် အဘွားရဲ့ လက်စွပ်ပဲ ။ အမေ ကျွန်တော့်ကို မင်္ဂလာလက်ဆောင် အဖြစ် ပေးလိုက်တယ် ၊ ကွင်း ကိုတော့ ဒေါ်ဒေါ့် ဆီက အတိုင်း ယူပြီး မခင်အေးမြင့် နဲ့ အကိုက် ပြင်ထားတာပါ ။ ကဲ ကျွန်တော် သွားဦးမယ် ၊ ရှေ့ အပတ်ထဲမှာ လာဦးမယ် ”
မခင်အေးမြင့်သည် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရှိနေတော့သည် ။
ကိုကံညွန့် ထွက်သွားသည် ကိုပင် ငေး၍ ကြည့် lနေမိသည် ။ သို့ ကြည့်နေရင်းမှ တစ်စုံတစ်ယောက်ကို မြင် လိုက်ရသောအခါ ရုတ်တရက် ဝမ်းသာအားရ ဖြစ်မိသော်လည်း ခဏချင်းပင် ဝမ်းနည်းကြေကွဲခြင်း စိတ်များက လွှမ်း၍ လာလေသည် ။ ခင်အေးမြင့်သည် ကိုတင့်မောင်ကို ငေးစိုက်၍ ကြည့်ရင်းမှ အလိုလို ငိုချင်မိလေသည် ။ ထို့ကြောင့်လည်း မျက်နှာကို လက်ဝါးနှင့် အုပ်၍ အခန်းထဲသို့ ၀င်ခဲ့မိသည် ။
ကိုတင့်မောင်က ခင်အေးမြင့် ၏ ပြုမူပုံကို နားမလည်နိုင်အောင် ရှိတော့သည် ။ အခန်းဝမှ ရပ်၍ ခင်အေးမြင့်ကို အကဲခတ်သလို ကြည့် နေမိသည် ။ ခင်အေးမြင့် ကား ခုတင် ထက်ဝယ် မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ငိုနေ တော့သည် ။
“ ဘယ်လို ဖြစ်တာလဲ မြင့်ရာ ၊ ကိုယ့်ကိုလည်း ပြောပါဦး ”
ခင်အေးမြင့်က ကိုတင့်မောင် အမေးကို မဖြေနိုင်သေးချေ ။ ရှိုက်၍ ရှိက်၍သာ ငိုနေတော့သည် ။ ကိုတင့်မောင် သည် ခင်အေးမြင့် အနီးတွင် ဝင်၍ ထိုင်လိုက်ပြီးလျှင် ခင်အေးမြင့်၏ ခေါင်းကို အသာမော့လျက် ယူလိုက်လေသည် ။
“ ကိုယ် သိပါရစေကွယ် ၊ ဘယ်လို ဖြစ်တာလဲ ”
ခင်အေးမြင့်သည် ကိုတင့်မောင်၏ ရင်ခွင်တွင်းသို့ မျက်နှာကို အပ်လိုက်ပြီးလျှင် စိတ်ရှိ လက်ရှိ ငိုလိုက်မိသည် ။
“ မောင့်ကို မြင့် ချစ်ပါတယ် မောင် ယုံရဲ့လားဟင် ၊ မောင့်ကို မြင့် တကယ် ချစ်တယ်ဆိုတာ မောင် ယုံရဲ့လား ”
“ ယုံပါကွယ် ၊ ယုံလို့ မောင် လာတာပေါ့ ”
“ မောင် ယုံရင် မြင့် ကျေနပ်ပါပြီ ”
ခင်အေးမြင့်သည် ကလေးငယ်ကဲ့သို့ ကိုတင့်မောင်၏ ပါး နှစ်ဖက်ကို အကြိမ်ကြိမ် နမ်း လိုက်ရှာသည် ။ ကိုတင့်မောင်သည် ခင်အေးမြင့် အား သိမ်း၍ ဖက်ထားလိုက် သည် ။
“ မောင့် အလိုကို မြင့် လိုက် မယ်နော် ”
ကိုတင့်မောင်၏ အသံများသည် တုန်၍နေသည် ။ ခင်အေးမြင့်သည် အောက်နှုတ်ခမ်း ကို အသာ ကိုက်ရင်း ကိုတင့်မောင် အား အတန်ကြာ စိုက်၍ ကြည့်နေမိသည် ။ ပြီးမှ တစ်စုံတစ်ခုကို ဆုံးဖြတ် လိုက်သည် ။
“ တခြား စကားတွေ ပြောမနေနဲ့ မောင် ၊ မောင့် အလိုကို မြင့် အားလုံးလိုက်မယ် ။ ကဲ မောင် ကျေနပ်ပလား ”
ကိုတင့်မောင်သည် ဝမ်းသာအားရ ပြုံးလိုက်လေသည် ။ ခင်အေးမြင့်၏ ပါးမို့မို့လေးကိုလည်း တယုတယ နမ်းလိုက်ရှာသည် ။ ပြီးမှ ခင်အေးမြင့်၏ ဘယ်လက်ကို အသာ မ ယူလိုက်ပြီးလျှင် သူ၏ တစ်ဖက် လက်မှ နီလာ လက်စွပ်ကလေးကို ဝတ်ပေးမည် ပြုလိုက်သည် ။
ခင်အေးမြင့်သည် သူ၏ လက်ကို အမြန် ရုပ်လိုက်သည် ။ ကိုတင့်မောင်က ခင်အေးမြင့်၏ လက်ကလေးကို ဖမ်းဆုပ်၍ ကြည့်လိုက်သည် ။ တောက်ပသော စိန်လက်စွပ် ကလေးက ခင်အေးမြင့်၏ လက်ပေါ် တွင် ဝင့်ကြွားလျက် ရှိသည် ။ သည်တော့မှ ကိုတင့်မောင်က အဓိပ္ပာယ်ကို နားလည် မိလေသည် ။
“ ဒီအခြေအနေ ရောက်မှတော့ ကိုယ့်ကို အရူးလုပ်ဖို့ မကောင်းပါဘူးကွယ် ”
“ မြင့် ရှင်းပြပါရစေ မောင် ၊ မောင့်ကို မြင့် ချစ်ပါတယ်”
“ တော်ပါတော့ ကိုယ် နားလည်ပါပြီ ။ အမှန်တော့ ကိုယ်က အောက်တန်းစာရေး လေးပဲ ၊ ဟိုက သူဌေးဆို တော့ အဆင့်အတန်းချင်း ကွာဝေးတာပေါ့ ”
“ မြင့် ရှင်းပါရစေဦး မောင် ”
ခင်အေးမြင့်က ကိုတင့်မောင်ကို လှမ်းဖက်၍ တောင်းပန် ရှာသည် ။ ကိုတင့်မောင် က ခင်အေးမြင့်ကို တွန်း၍ ပစ်လိုက်ပြီးလျှင် အခန်းတွင်းမှ ထွက်သွားလေသည် ။
ခင်အေးမြင့်သည် ခုတင်ခြေရင်းတွင် ထိုင်လျက်သာ ငို နေရှာတော့သည် ။
ခင်အေးမြင့်၏ မိခင်ကြီး သည် အနားသို့ ရောက်လာလေသည် ။
ခင်အေးမြင့်၏ ဆံစကလေးများကို ပွတ်သပ်၍ ချော့ လိုက်သည် ။
“ ကိုယ့် စိတ်ကို ဒါလောက် မညှဉ်းဆဲပါနဲ့ သမီးရယ် ”
“ သမီးကို ဘာမှ လာမပြောပါနဲ့ မေမေ ၊ သမီးကို မေမေ ပိုင်တဲ့ ပစ္စည်းတစ်ခုလို့သာ သဘော ထားလိုက်ပါ မေမေ ကြိုက်တဲ့ ဈေးနဲ့ ကိုကံညွန့် ကို ရောင်းလိုက်ပါ မေမေ ”
ခင်အေးမြင့်သည် ဒေါသတကြီး အော်၍ ပြောလိုက်ရင်း ယူကျုံးမရ ငိုချလိုက်သည် ။
တကယ်ဆိုတော့လည်း ခင်အေးမြင့်သည် သူ၏ နှလုံးသားကို မိခင်ကြီး အလိုကျ ရောင်းလိုက် ရှာသော ဈေးသည်မလေး တစ်ဦးပင် ဖြစ်သည် မဟုက်ပါလော ။
◾အောင်လင်း
📖ဝတ္ထုတိုများပေါင်းချုပ်

No comments:
Post a Comment