Friday, March 13, 2026

ဒီယုန် နှင့် ဒီချုံ

 

❝ ဒီယုန် နှင့် ဒီချုံ ❞
       ( ပီမိုးနင်း )

“ ဘယ့်နှယ်လဲ ကြည့်စမ်း ဒေါ်ဒေါ် ၊ ကျက်သရေ မရှိဘူးလား ” ဟုပြောကာ ထွန်းမြတ်သည် စိတ်ကျေနပ်ခြင်း ၊ တက်ကြွခြင်း ရောစပ်သော အမူအရာနှင့် ရပ်ကာ ဓာတ်မီးထိန်၍ နေသော မိမိ၏ အိမ်သစ်ကလေးကို ကြည့်၍ ပြောလေ၏ ။

ဒေါ်မိုးနှင့် ကလေးသားအမိ နှစ်ယောက်တို့သည်လည်း ရပ်ကာ သဘောကျသော အမူအရာနှင့် ကြည့်ကြလေ၏ ။

ခင်လေး ။  ။ “ ဟုတ်တယ်မေမေ ၊ ကျွန်မတို့ အရပ်ထဲမှာဖြင့် အသားနားဆုံးပဲနော် ။ ကိုကို ဒါ ဘယ်လောက် ကုန်သလဲ ။ နည်းနည်းကလေးငယ်တာတစ်ခုပဲ ”

ထွန်းမြတ် ။  ။ “ သိပ်ကြီးလို့ ဘာလုပ်မလဲ ခင်ရဲ့ ၊ ရန်ကုန်မြို့မှာ အစိတ်ခန်း ၊ သုံးဆယ်ခန်းကလေးတွေနဲ့ အနှစ်နှစ်ဆယ်နီးနီး နေလာခဲ့လို့ ကျစ်ကျစ်လျစ်လျစ် နေတတ်တဲ့ အလေ့အကျင့်ရနေကြတဲ့ လူတွေမှာ ကျယ်ရင် အိမ်ထောင်ပစ္စည်းတွေ အတွက် ပိုပြီး ကုန်ရုံရှိမှာပေါ့ ။ သုံးထောင် ဆိုရင် ယုံမှာပဲ ။ အားလုံး နှစ်ထောင်မှ မပြည့်ဘူး ။ စုလို့ရတဲ့ ငွေကလေး အလကား ကုန်မှာ စိုးတာလည်း တစ်ကြောင်း ၊ အိမ်လခ ပေးရတဲ့ ဘဝက လွတ်ဖို့လည်း တစ်ကြောင်း ၊ မဖြစ်ဖြစ်အောင် ကြံဆောင်ရတာပဲ ”

ဒေါ်မိုး ။  ။ “ အဟုတ်သားပဲ နေလောက်ရင် ပြီးရောပေါ့ ။ သန့်သန့်ရှင်းရှင်း ကျစ်ကျစ်လျစ်လျစ် ၊ တင့်တင့်တယ်တယ်ကလေး ရှိရင် ပြီးတာပဲ ။ နို့ပေမယ့် အဒေါ် တစ်ခု စိုးရိမ်နေတာကလေးက ... ”

“ ဘာလဲ ဒေါ်ဒေါ် မီးလောင်မှာလား ၊ မီးတောက် မီးစာပဲ ။ သစ်တွေက ပထမတန်းစားတွေမှ မဟုတ်ဘဲကလား အဒေါ် ၊ လှပတင့်တယ်ရုံကလေး အပေါစား ဆောက်ရတာကိုး အဒေါ်ရဲ့ ”

“ မီးအတွက် မဟုတ်ပါဘူး ၊ မင်းသိတဲ့ အတိုင်းပဲ ၊ ဒီရပ်ကွက်ဟာ အင်မတန် ခက်တယ် ။ ဟိုမှန်ပြတင်းတွေ သီတင်းကျွတ်ရင်ခဲစာ ဖြစ်မှာ စိုးတာပါ ”

ခင်လေးသည် ထိတ်လန့်သောအမူအရာနှင့် ထွန်းမြတ်ကို ကြည့်လေ၏ ။

“ ဟုတ်တယ် ကိုကို ၊ အရပ်ထဲက မနာလိုကြဘူး ၊ ဘယ်ကများ လာပြီး သောင်ထွန်းပါလိမ့်မလဲတဲ့ ။ တချို့ကလည်း အခုကတည်းက ခဲဖိုးတောင်းလှပြီ ကစားသလိုလိုနဲ့ တကယ် လုပ်ကြမှာ ။ ဒီအိမ်ကလေးကို သူတို့မျက်စိစပါးမွေး စူးနေကြတာပဲ ”

မိုး ။  ။ “ ဒါကို မေမေ ပြောတာပေါ့ ၊ မနာလိုရင် အိမ်ကို မီးနဲ့လည်း ရှို့တတ်တယ် ”

“ ရှိုပါစေ အဒေါ်ရယ် ၊ ဒီလို လူတွေကို ကြောက်ရင် ကျွန်တော် ဒီဘက်ကို ခြေဦးတောင် မလှည့်ပါဘူး ။ မနာလိုတဲ့ စိတ်ဟာ ငရဲပဲ အဒေါ် ၊ သူတို့မှာ ဣသာငရဲမီး သင့်နေတာ ၊ ကျွန်တော် မြင်ရတိုင်း အင်မတန်ပျော်တာပဲ ”

ခင် ။  ။ “ ကိုဖိုးမောင် ဆိုတာကဖြင့် ကိုကို့အိမ်ကို နေ့တိုင်းကြည့်ကြည့်သွားတာပဲ ။ ကျွန်မဖြင့် ကြောက်တယ် ကိုကို ။ ဒီမှာတောင် မနေချင်ဘူး ။ မြို့ထဲမှာ ကိစ္စ အေးပြီးမှ ဒီကို ပြန်ပြောင်းရရင် သာကောင်းမယ် ထင်တာပဲ ”

မိုး ။  ။ “ ပြန်လာတော့ ပေါက်မှာပဲ ၊ ဒီတော့ ပြောင်ပြောင်လုပ်လိုက်တာပဲ ကောင်းတယ် ။ ပုလိပ်ခေါ် အစောင့်ခိုင်းတာပေါ့ ”

ခင် ။  ။ “ ပုလိပ်ဆို တော်တော်ငွေပေးရမှာ ။ သူတို့ကလည်း ပိုပြီး ညှိုးမှာ ။ သည်တော့မှ သာပြီးဆိုးမှာပဲ ”

“ ဒေါ်ဒေါ် ဘာမှ မကြောက်နဲ့ ။ ဒီယုန်မြင်လို့ ဒီချုံ ထွင်တာ ”

သားအမိနှစ်ယောက် ထွန်းမြတ်၏ မျက်နှာကို ကြည့်ကာ နားမလည်သော အမူအရာနှင့် နေကြလေ၏ ။

“ ဘယ်ယုန်လဲ မောင်ထွန်းမြတ်ရဲ့ ”

“ နောင်တော့ ဒေါ်ဒေါ်တို့ သိလိမ့်မယ် ။ ကျွန်တော့်မှာ အခု လက်ဝါး ချည်းပဲ ။ ဒီအိမ့်အပြင် ဘာမှ မရှိဘူး ။ လခကလေးကလည်း မဖြစ်လောက်ဘူး ။ လခတစ်ရာနဲ့ ခင် စိန်နားကပ် ဝတ်ရပါ့မလား ”

“ ခင် စိန်နားကပ်ကို မက်တယ်ထင်လို့ မေးတာလား ”

“ မပလီပါနဲ့ ခင်ရယ် ၊ မိန်းမဆိုတာ စိန်ကို မမက်ဘူးဆိုတာ လိမ်တာပါ ။ ကိုကို သူဌေးလုပ်မယ် စိတ်ကူးပြီး ဒီအိမ်ကို ဆောက်တာပါ ။ သုံးနှစ် လေးနှစ် ကြာရင် အိမ်လခပေးရမယ့် ငွေတွေ ၊ ဘယ်လောက် စုမိမယ်ဆိုတာ တွက်ကြည့် ၊ တစ်လ လေးဆယ် ထားလိုက်တော့ ၊ ကိုယ် ပိုင်ရင်းနှီးနိုင်လောက်အောင် မရဘူးလား ”

“ ရင်းဖို့ရတာက နောက် ၊ အရပ်သားနဲ့ မတည့်လို့ အိမ်နီးနဲ့ ရှို့ပစ်မှာက အရင် ကိုကိုရဲ့ ။ ကျွန်မ ကိုကို့ကို တခြားအရပ်မှာ မြေနေရာ ရှာပြီး ဆောက်ဖို့ အတန်တန် ပြောတယ် ။ ကိုကို ကလည်း ဒီမကောင်းတဲ့ အရပ်မှာမှ ဆောက်ချင်တာပဲ ”

“ ကိုကို ခင်နဲ့ ဒီအရပ်မှာ စပြီးတွေ့တယ် ။ သည့်အတွက် ကမ္ဘာပေါ်မှာ ဒီအရပ်ထက် ကိုကို ဘယ်အရပ်ကိုမှ ပိုပြီးမချစ်နိုင်ဘူး ”

“ ဒီလိုဖြင့်ရင် အရပ်နဲ့ တည့်အောင်ပေါင်း ကိုကိုရဲ့ ၊ အခု သူတို့က ကိုကို့ကို စိတ်ကြီးဝင်တယ်လို့ ပြောနေကြတယ် ”

“ စိတ်ကြီးဝင်တယ်လေ ၊ ကိုကို ကျွန်ဘဝက လွတ်ပြီ ၊ သူဌေး မဖြစ်မချင်း အရပ်ထဲမှာ ဟေးလားဝါးလား လုပ်နေဖို့ အချိန်မရှိဘူး ၊ ဟိုအိမ် ဒီအိမ်သွားပြီး လက်ဖက်ရည်ကြမ်းအိုးဝိုင်းမှာ ထိုင်ပြီး အာလာပ သလ္လာပ မပြောအားဘူး ။ ကိုကို သူတို့လို အစားထဲက မဟုတ်ဘူး ”

“ ဒီစကားမျိုးတွေကို မသုံးနဲ့ ကိုကိုရဲ့ ။ ကြားတော့ မကောင်းဘူး ”

မိုး ။  ။ “ အလိုက်သင့် အလျားသင့် နေတာပေါ့ ကွယ် ။ တယ်ကြီး ရောလို့လည်း မကောင်းဘူး ။ မရောလည်းဘဲ မဖြစ်ဘူး ”

“ ကျွန်တော်ကလား ရောကို မရောဘူး ၊ ဒီအရပ်သားတွေ မုန်းပါစေ ၊ အမြင်ကပ်ပါစေ ၊ မြေလှန်ပစ်ချင်ပါစေဆိုတာ ကျွန်တော် ဆုတောင်းတယ် ၊ ကျွန်တော် သေဖို့ မကြောက်ဘူး ၊ သေရင် ကျွန်တော့်ပစ္စည်းတွေကို အဒေါ် တို့ပဲ ဆက်ခံစရာရှိတယ် ။ ဆွေမျိုး မရှိဘူး ။ ခင် ချမ်းသာပြီး ကျန်ရစ်မယ် ဆိုတာ သိရရင် အေးတာပဲ ”

ခင် ။  ။ “ ပစ္စည်းတွေက များလွန်လွန်းလို့ ပြောလိုက်တာ ”

“ ဒီအိမ်တစ်လုံး နောင်မြေဈေး အိမ်ဈေးတွေ တက်တော့ လေးငါးသောင်း ဖြစ်ချင် ဖြစ်မှာ ခင်ရဲ့ ”

မိုး ။  ။ “ အေး အဟုတ်သားပဲ ၊ ဈေးမတက်မီ အင်သားတွေ ခြစားကုန်မှာသာ စိုးရတာပဲ ”

“ ရေနံသုတ်တာပေါ့ ” ဟု ထွန်းမြတ်က အိမ်ကို အရိပ်ကြည့်ရင်း ခပ်ပေါ့ပေါ့ ပြောလိုက်လေ၏ ။

ခင် ။  ။ “ ကိုကို မြင်တဲ့ ယုန်ဟာ ဒါလား ”

“ နို့ ဒါရှိတာပဲ ”

“ တော်တော်ကြာ စည်ပင်သာယာက ဖျက်ဖျက်ဆိုတော့မှ ကျောကော့ ပြေးရမှာ ”

“ အို … ခင်ကလည်း မဖြစ်သေးတာတွေကို လျှောက်တွေး နေပြန်ပါပြီ ။ ကိုကို သူဌေးလုပ်မယ် ။ ကိုကို စာရေး မလုပ်ဘူး ။ အခုတောင် အိမ်ပိုင်ယာပိုင်နဲ့ ဖြစ်နေပြီ ။ အိမ်ပိုင်တဲ့ ရန်ကုန်သားစာရေး ဘယ်မှာမြင်ဖူး သလဲ ။ အိမ်ဖြစ်အောင် တတ်နိုင်ရင် အိမ်ကြီးရှင် ဖြစ်တဲ့ ယောက်ျားဟာ သူဌေး မဖြစ်နိုင်ဘူးလား ၊ ကိုင်း .. ဆို စမ်း ”

“ အရပ်ကောင်းမှ အလောင်းလှသတဲ့ ကိုကို ၊ ဒါလည်း သတိထားဦး ”

“ မင်္ဂလာဆောင်မှာကို ခင်က အ,မင်္ဂလာဖြစ်အောင် ပြောနေပြန်ပါပြီ ”

“ ကိုင်း ... သီတင်းကျွတ်ခါနီးပြီ ၊ ကိုကို ခဲဖိုးစုထား ပြီလား ။ ကိုဖိုးမောင်က ကျွန်မကို ပိုးနေတာ ကိုကိုရဲ့ ။ မရတဲ့အမဲ သဲနဲ့ပက်မှာ ၊ အိမ်ကလေးနဲ့ လာပြီး ခြောက်လို့ ကိုကို့ဘက်ကို ခင်ပါတယ်လို့ သူက အရပ်ထဲမှာ ပြောနေတယ် ။ အဲဒါပဲ ၊ ကိုင်း သွားမယ် မေမေ ” ဟု ပြောပြီး ဆက်၍ သွားကြရာ ထွန်းမြတ် လည်း ၎င်းတို့၏ အိမ်အထိ လိုက်၍ပို့မည်ဟုပြောကာ လိုက်၍ သွားလေ၏ ။

မကြာမီ လမ်းအကွေ့ မှောင်ရိပ်သို့ ရောက်လာကြလေရာ ရှေ့နားတွင် လူတစ်စု၏ မည်းသောအရိပ်အယောင်ကို မြင်ရလေ၏ ။ စကားသံများကိုလည်း ကြားရလေ၏ ။

ဖိုးမောင် ။  ။ “ မင်းကောင်မှာ ဒီအိမ်စုတ်ကလေး တစ်ခုပဲ ရှိတယ် ၊ လခတစ်ရာ ဆိုတာ အလကားပြောတာ ၊ လခလေးဆယ် ရသတဲ့ ။ ခင်လေး ကတော့ စိတ်ပါဟန် မရှိပါဘူး ။ သူ့အမေက ဟိုအကောင်ကို သိပ်ပြီး အထင်ကြီးနေတာ ”

“ ဒီပုံဖြင့် ဒီအိမ်ကြောင့် ခင်လေး သူ့ဘက်ကို ပါနေတာပေါ့ ။ ဒီအိမ် မရှိရင် ”

“ ဒီအိမ် မရှိရင် ဘာမှ မရှိဘူး ။ ဘယ်က ငွေကလေး ဘာကလေး အချောင်ရလို့ ဆောက်သလဲ မသိဘူး ”

“ သုံးရာကျော်ကလေး ကုန်ပါသတဲ့ဗျာ ။ သစ်ဆိုင်တွေက သစ်ကြွေးတွေ မပြေသေးပါဘူး ။ ခင်ဗျားလူ့အိမ် ခြေနဲ့ တစ်ချက်ကန်ရင် ပျဉ်တွေကျိုးမှာ ၊ ဟန်ပဲ ဘာမှ မရှိဘူး ”

မောင် ။  ။ “ ဒါကြောင့် ခက်တာပေါ့ ။ မိန်းမများဟာ ကလေးလိုပဲ ဘာမှမသိဘူး ။ ငါက နောင် သူတို့ ဒုက္ခဖြစ်နေမှာ စိုးလို့ ပြောနေတာ ။ အခုတော့ သူတို့ အမိုက်နဲ့ သူတို့ ဘာပဲဖြစ်ဖြစ် ကြည့်ပါကွယ် သိရပါစေ့မယ် ”

ထိုအခိုက်တွင် သုံးယောက်သား ဆက်လက်၍ သွားကြလေရာ လမ်းနံဘေး၌ ထိုင်လျက် စကားပြောနေသော ဖိုးမောင်နှင့် အဖော်များအနီးသို့ ရောက်၍ သွားကြလေ၏ ။

ထွန်းမြတ် ။  ။ “ အဒေါ် အခု ခုနစ်ထောင်လာပြီး ပေးနေတယ် ၊ အဒေါ် သိရဲ့လား ” ဟု ဖိုးမောင်တို့ လူစု ကြားအောင် ပြောလေ၏ ။

မိုး ။  ။ “ ဘာကိုလဲ ”

ထွန်း ။  ။ “ ကျွန်တော့် အိမ်ပေါ့ ။ ကုန်တာက လေးထောင့်ရှစ်ရာ ။ အခု ခုနစ်ထောင် လာပေးတယ် ။ ကျွန်တော်က တစ်သောင်း တင်းခံနေတယ် ”

ခင်လေးသည် ခစ်ခနဲကြိတ်ကာ ရယ်လေ၏ ။

မိုး ။  ။ “ ဘယ်ကလဲ ”

ထွန်း ။  ။ “ တောက စက်သူဌေးတစ်ယောက် အဒေါ်ရဲ့ ၊ ဒီယုန်မြင်လို့ ဒီချုံကို ထွင်တာပါ ။ ကျွန်တော် တစ်သောင်းရရင် အခု လုပ်နေတဲ့အလုပ် သုံးရာစားကနေကို တစ်ခါတည်း စွန့်ပြီး တိုက်မှာ စုထားတဲ့ ( ဖန် )ငွေ ကိုးထောင်ကို ထုတ်ပြီး ဦးကြီး ဆီက တစ်သောင်းကျော်လောက် ထပ်ဖြည့်မယ် ။ ဘယ်နည်းနဲ့မဆို လေး ငါးသောင်း ဖြစ်မှာပဲ ။ အလုပ်တည်မိရင် ချစ်တီးကလည်း ထုတ်မှာပဲ ၊ အခုတောင် အစ်ကိုကြီး အသုံးလိုရင် လေးငါးသောင်း ဘယ်အခါမဆို ယူပါလို့ ပြောနေတယ် ။ ကျွန်တော်ကလည်း အောက်ကျခံပြီး မယူချင်ဘူး ။ ကိုယ်ပိုင် အလုပ်ဖြစ်လာတဲ့အခါကျတော့ ငွေကို အလုပ်တိုက်အထိ ယူလာပြီး အတင်းပေးမှ သင်းတို့ ငွေကို ကျွန်တော်က အသုံးချချင်တာ ။ အခု လခလေးဆယ် အဲလေ တစ်လ လေးဆယ် ၊ သုံးလ ဆပ်ပြီးရင် တစ်ရာ အပြည့် ကျန်မှာပဲ ” ဟု ဖိုးမောင် မခံချင်အောင် အသံကျယ်ကျယ်နှင့် ပြောလေ၏ ။

အမှန်မှာ ထွန်းမြတ်သည် တစ်လလျှင် လေးဆယ်မျှ ရသော စာရေးကလေး ဖြစ်လေ၏ ။ အဒေါ်တစ်ယောက် အနိစ္စရောက်သဖြင့် တော၌ ကျန်ရစ်သော သရက်ခြံကလေး တစ်ခုကို ရလိုက်လေရာ ထိုခြံကလေး ကို တစ်ထောင်ကျော်နှင့် ရောင်းပြီး အိမ်ကလေးကို ရှစ်ရာ လောက်အကုန်ခံ၍ ဆောက်လေ၏ ။ ခင်လေးတို့ သားအမိသည် ထွန်းမြတ် လခ တစ်ရာ ရသည် ဆိုသော စကားကို မယုံတယုံ ဖြစ်၍ နေကြလေ၏ ။ သို့သော်လည်း အိမ်ခြေ ရာခြေနှင့် တည်တည်တံ့တံ့ ခန့်ခန့်ညားညား မယားတစ်ယောက်ကို ထားနိုင်မည့် ယောက်ျားတစ်ယောက်ဟု ယုံကြည်ကာ လိုက်လျောခြင်း ဖြစ်ကြလေ ၏ ။ ခင်လေးသည် ထွန်းမြတ်ကို အမှန်ချစ်သည်ကား မှန်၏ ။ ချစ်သော်လည်း အခြေအနေ မရှိက ယူဝံ့ဖို့ရန် ခက်လေရာ ယခုမှာကား လခနည်းသည် ဖြစ်စေ ၊ များသည် ဖြစ်စေ အလုပ်တစ်ခု ရှိကြောင်း သိရရုံမက အိမ်ကလေးတစ်ဆောင်ကို တင့်တင့်တယ်တယ်ဖြစ်အောင် ထူထောင်နိုင်ခြင်းသည် အချစ်ကို စိတ်ချလက်ချ ခံယူရန် သင့်လျော်သော ဂုဏ်အင်္ဂါများ ဖြစ်လေရာ အကယ်၍ ထိုအိမ်ကလေးမျှ မရှိလျှင် စဉ်းစား၍ နေဖို့သာ ရှိလေ၏ ။ ဖိုးမောင်နှင့် ၎င်း၏ အဖော်များသည်ကား ဤ အိမ်ကြောင့်သာ ထွန်းမြတ်ကို ခင်လေး ကြိုက်သည်ဟု အစွဲပြုကာ ဤအိမ်ကို အမြဲအားဖြင့် မျက်စိခလုတ် တိုက်၍နေကြရလေ၏ ။

ထွန်းမြတ်၏ စကားကို ကြားရလေလေ အသည်း ယားလေလေ အိမ်ကို မီးရှို့ ချင်လေလေ ဖြစ်လေ၏ ။

ခင်လေး ။  ။ “ ကိုကိုကလည်း အလကားလူမုန်းအောင် မခံချင်အောင် ပြောနေတာပဲ ၊ ဒီအရပ်ကလူတွေက မလိုရင် အိမ်ကို မီးရှို့တတ်တာ ကိုကိုရဲ့ ”

မြတ် ။  ။ “ အောင်မယ် မီးရှို့မှာ ကြောက်ရင် လာပြီးတောင် မဆောက်ဘူး ၊ စမ်းဝံ့ရင် စမ်းကြပါစေ ၊ ဘယ်လိုလဲဆိုတာ သိအောင် ပြစမ်းချင်တယ် ” ဟု ဖိုးမောင်တို့ လူစု ကြားအောင် ပြောပြီး လွန်၍ သွားကြလေ၏ ။

ဖိုးမောင်သည် မခံမရပ်နိုင်အောင် ဖြစ်လေ၏ ။ “ ဒီ အကောင် တယ်ကြွားတဲ့အကောင် ၊ ဒီအရပ်မှာ မနေနိုင်အောင်လုပ်မှဖြစ်မယ် ” ဟု ပြောပြီး ထ၍ သွားကြလေ၏ ။

ညတစ်ည၌ ထွန်းမြတ် နှင့် ခင်လေးသည် အိမ်ရှေ့ ပန်းခြံ၌ စကားပြောရင်း ထွန်းမြတ်၏ အိမ်ကို လှမ်းမျှော်၍ ကြည့်ကာ နောင် အလားအလာတွေကို တိုင်ပင်လျက် လေထဲတွင် တိုက်အိမ်ဆောက်၍ နေကြလေ၏ ။ ဒေါ်မိုးမှာ အိပ်ပျော်၍ နေလေ၏ ။ သီတင်းကျွတ်လျှင် ကျွတ်ချင်း မင်္ဂလာအိမ်တက်ပွဲ ကျင်းပဖို့ အရေးများကို လည်းကောင်း ၊ နောက်လုပ်ကိုင်ကြံစည် ကြီးပွားရေးကို လည်းကောင်း တိုင်ပင်၍နေကြလေ၏ ။ သို့နေကြသော အခိုက်တွင် ထွန်းမြတ်၏ အိမ်မှ မီးခိုးတွေ ထွက်သည်ကို တွေ့ရှိရလေ၏ ။ နှစ်ယောက်သား အံ့အားသင့်လျက် ကြည့်၍ နေကြလေ၏ ။ မီးခိုးများ တိုး၍ ထွက်လေ၏ ။ နှစ်ယောက်သား ပြေးထွက်၍ ကြည့်ကြခိုက်တွင် အိမ် အတွင်းမှ မီးရောင်ကို မြင်ကြရသဖြင့် ပြေး၍လာကြလေရာ ပတ်တရောင် ကု,လားနှစ်ယောက်နှင့် အခြား မြန်မာ သုံးလေးယောက်သည် လူတစ်ယောက်ကို ဆွဲ၍ လာကြသည်ကို ခပ်လှမ်းလှမ်းမှ မြင်ကြရလေ၏ ။ အိမ်ရှေ့ခန်း တစ်ခုလုံး အတွင်းမှာ ကခုန်၍နေသော မီးတောက်မီးလျှံများကို မြင်ရလေ၏ ။ မကြာမီ လူတွေဝိုင်း၍လာကြလေ၏ ။ ခင်လေးသည် ရင်ကို ထုကာ အော်လေခေါ်လေ၏ ။ ပတ်တရောင်ကု,လားနှစ်ယောက်နှင့် မြန်မာ သုံးလေးယောက်သည်လည်း လူတစ်ယောက်ကို ရိုက်နှက်ကန် ကြောက်၍ နေကြလေ၏ ။ ထွန်းမြတ် သွား၍ ကြည့်ရာ ဖမ်းလာသူများက “ သင်းပဲ ကျုပ်တို့က သူခိုးမှတ်လို့ ဖမ်းတာ ၊ လတ်စသတ်တော့ မီးရှို့တဲ့အကောင်ပါ ကလား ” ဟု တစ်ယောက်က ပြော၏ ။

ထွန်း ။  ။ “ ဟေ့ ... မင်းကို ဘယ်လူက ခိုင်းသလဲ ” ဟု မေးလေ၏ ။

“ ကျွန်တော် မရှို့ဘူး ။ ကျွန်တော် ဒီလမ်းက ဖြတ်လာတာ ၊ သူတို့ ကျွန်တော့်ကို အလကားသက်သက် ဆီးပြီးဖမ်းတာပါ ” ဟုပြောရာ ထွန်းမြတ်က “ ဂါတ်ကို ပို့လိုက် ” ဟုပြောပြီး အိမ်ကိုသာ ဂရုစိုက်ရလေ၏ ။ မီးစက်များကို ခေါ်လေ၏ ။ အိမ်မှာ ပျဉ်ဟောင်းပျဉ်ဆွေး အိမ်ဖြစ်လေရာ မီးစက်များ မရောက်မီ တဟုန်းဟုန်း တောက်ကာ ပြာကျရုံမက အနီးရှိအိမ်တစ်အိမ်ကို ကူးစက်လေ၏ ။ ထိုအိမ်မှ တစ်ဆင့် သက်ကယ်မိုး အိမ်တန်း တစ်လျှောက်လုံးကို ကူးလေ၏ ။

ခင်လေးတို့ သားအမိမှာ လက်မှိုင်ကျ၍ သွားလေ၏ ။ ထွန်းမြတ်မှာ ထိုအိမ်မှ တစ်ပါး အခြား တစ်စုံတစ်ရာ မရှိ ၊ လခတစ်ရာ ဆိုသည်မှာလည်းမဟုတ် ၊ လေးဆယ်မျှ ရသည်ကို သိကြရလေ၏ ။ များစွာ စိတ်မကောင်း ဖြစ်ကြရလေတော့သတည်း ။

မီးလောင်ပြီးသည့်နေ့မှ စ၍ ထွန်းမြတ်သည် ခင်လေးတို့ ထံသို့ ပေါ်၍မလာဘဲ နေလေ၏ ။ ထိုအခါ မိမိတို့ ကြားသည့်အတိုင်း တစ်လလေးဆယ်မျှ ရသည်မှာ မှန်တော့သည်ဖြစ်ကြောင်း သိရလေ၏ ။

ဖိုးမောင်မှာ ခေါင်းပေါင်းစ ထောင်လျက်နေလေ၏ ။ ခင်လေးတို့ သားအမိထံသို့ လာရောက်ကာ “ ဘယ့်နှယ်လဲ အဒေါ် ၊ အဒေါ့်တူတော်ကြီးတစ်ယောက် မမြင်ရပါကလား ၊ စိတ်ညစ်လို့ ပြေးပြီးထင်တယ် ” ဟု ပြောလေ၏ ။

ခင် ။  ။ “ ရှင် လာမပြောပါနဲ့ ၊ ရှင်တို့ဉာဏ် ရှင်တို့ လုပ်တာ ၊ ဟိုအကောင်ကို ရှင်တို့ တမင်မီးရှို့ ခိုင်းတာ ၊ ရှင်တို့ပါ ထောင်ကိုကျအောင် လုပ်မယ် ။ ဟိုအကောင်ကို ဘယ်လူ ခိုင်းသလဲဆိုတာ ဂါတ်ထဲမှာ ရိုက်အစစ် ခိုင်းမယ် ” ဟု ဒေါသနှင့် ပြောလေ၏ ။

“ ဖိုးမောင်ကို ဒီလောက် နုံတယ် ၊ အတယ်လို့ ခင်လေးက ထင်သေးတာကိုး ။ ခင်လေး လခလေးဆယ်နဲ့ မတန်မရာ အိမ်ဆောက်သည်အတွက် ကြွေးတင်ပြီး ထွက်ပြေးပြီလို့ ကြားတာပဲ ”

“ ရှင့်အရေး မဟုတ်ဘူး ၊ ပြေးပြေး မပြေးပြေး ဘာဖြစ်သလဲ ”

ထိုအခိုက်တွင် ထွန်းမြတ်သည် မျက်နှာညှိုးငယ်စွာနှင့်ရောက်၍ လာလေရာ ဖိုးမောင်သည် ထွန်းမြတ်ကို ပြုံးစနဲ့နဲ့ အမူအရာ “ ဘယ့်နှယ်ရှိစ ” ဟု ပြောကာ ကျေနပ်သော လက္ခဏာနှင့် ကြည့်လေ၏ ။ ထွန်းမြတ်ကလည်း ဖိုးမောင်ကို ကြည့်ကာ မျက်တောင်မခတ်ဘဲ နေလေ၏ ။ ဖိုးမောင်သည် ထွန်းမြတ်၏ မျက်လုံးအရှိန်ကို မခံမရပ်နိုင်သဖြင့် ထွက်၍ သွားလေ၏ ။

ခင် ။  ။“ ထိုင်လေ အရင်က ခင် ပြောတဲ့စကားတွေကို နားထောင်ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး ။ ကိုကို ကတော့ သူတို့ မလုပ်ဝံ့အောင် ဟန်နဲ့ ခြောက်ဖို့ ကြံတာပဲ ။ အခုတော့ ဘယ့်နှယ်နေလဲ ”

“ ဘယ့်နှယ်နေရမလဲ ခင် ၊ ဟိုအကောင် ထောင်ကျမှာပေါ့ ”

“ ဒါက အရေးမကြီးဘူး ကိုကို ၊ အခြေပျက်တာက အရေးကြီးတယ် ။ အခုပုံဖြင့် သီတင်းကျွတ်မှာ နေရာကျဖို့ ခက်တာပဲ ။ ပြီးတော့လည်း ကိုကို တစ်လတစ်ရာ ရတယ် ဆိုတာ မဟုတ်ဘူး ။ ကျွန်မတို့ သိရပြီ ။ လေးဆယ် ရတယ် မဟုတ်လား ”

ထွန်းမြတ်သည် စကားပြန်၍ မပြောဘဲ နေလေ၏ ။ ထိုကဲ့သို့ အတန်ကလေးကြာစွာ စကားမပြောဘဲ နေပြီးမှ “ ကိုကို သွားဦးမယ် ၊ ဒေါ်ဒေါ် ကျွန်တော် သွားဦးမယ် ” ဟု ပြောပြီး ထ၍သွားလေရာ မပေါ်လာဘဲ နေလေတော့သတည်း ။

ခင်လေးမှာကား ဆွေး၍ နေလေ၏ ။ မိခင်ဖြစ်သူက အားပေးနားချသော်လည်း စိတ်လက် မကောင်းတော့ချေ ။ ဖိုးမောင် သည်ကား နေ့စဉ်လာရောက်ကာ သားအမိနှစ်ယောက်ကို နှူးလေ၏ ။ ခင်လေး သည်ကား ၎င်းကို တစ်နေ့တခြား မုန်းလေ၏ ။

ထိုအတွင်း ထွန်းမြတ် ၏ မြေနေရာကို ဘိုတစ်ယောက် ဝယ်သည်ဟု ကြားရလေ၏ ။ ထွန်းမြတ်၏ အိမ် နေရာ၌ သားနားသော တိုက်ခံအိမ် ကလေးတစ်ခု ပေါ်၍ လာလေရာ ခင်လေးမှာ ထိုတိုက်ကို မြင်တိုင်း မီးနှင့် ရှို့ ပစ်ချင်၏ ။ အိမ်ကလေးကို ကြည့်ကာ ထွန်းမြတ် နှင့် တိုင်ပင်ရင်း အကြံအမျိုးမျိုး ပြုကြသည်များကို သတိရလေ၏ ။ သီတင်းကျွတ်ပြီးခဲ့လေ၏ ။ မင်္ဂလာနှင့် အိမ်တက်ပွဲကိုလည်း ကျင်းပခြင်း မပြုရတော့ချေ ။ ထိုအတွင်းမှာ ထွန်းမြတ်၏ အိမ်နေရာ၌ တိုက်ခံအိမ်ဆောက်သူသည် အိမ်ပြီးသဖြင့် အငြိမ့်ပွဲတွေကို တခြိမ့်ခြိမ့်သွင်းသည်ကို တွေ့ရှိရလေလေ ခင်လေး၏ စိတ်မှာ မခံချည့်လေလေ ဖြစ်လေ၏ ။ အိမ်ရှင်မှာ ဘိုကပြားတစ်ယောက် ဖြစ်လေရာ ဖိုးမောင်နှင့် ၎င်းလူများသည် ၎င်းကို သခင် ဟု ခေါ်ကာ သခင်ချင်း မိုးမွှန်လျက် ။ ၎င်းအိမ်ကို ထွက်ဝင်ကူးသန်းကာ လူးလာခတ်လျက် နေကြလေ၏ ။ ဖိုးမောင်သည် ၎င်းဘို နှင့် တွဲကာ ခင်လေးတို့ အိမ်ရှေ့ကို နေ့စဉ် လျှောက်ကာ မိမိကို မုန်းထားသော ခင်လေး အား မခံချင်အောင် လုပ်လေ၏ ။

၎င်း၏ စိတ်၌ တိုက်အိမ်ကြီးပိုင်ရှင် ဖြစ်သော ဘိုနှင့် တွဲရလျှင် ဂုဏ်ရှိမည် ။ ဂုဏ်ရှိလျှင် ခင်လေး တစ်နည်းနည်းနှင့် မိမိကို ကြိုက်မည်ဟု အယူရှိလေ၏ ။ သို့သော်လည်း ခင်လေးသည် ၎င်းကို မြင်တိုင်း မျက်နှာကို တံတွေးနှင့် ထွေးချင်လေ၏ ။

တစ်နေ့သ၌ … ညကိုးနာရီခန့်လောက် အချိန်တွင် အိမ်ရှေ့၌ အသံများကို ကြားရသဖြင့် ထွက်၍ ကြည့်ရာ ဘိုကပြားနှင့် ဖိုးမောင် လက်ဝှေ့ထိုး၍နေနေကြသည်ကို တွေ့ ရလေ၏ ။ လူတစ်ယောက်က ခင်လေးတို့ သားအမိ အနားကိုကပ်ကာ “ ဘိုက ခင်လေးကို ကြိုက်ကြောင်း ပြောသည့်အတွက် ဖိုးမောင် ဒေါပွပြီး ရန်ဖြစ်ကြောင်း ” ပြော၍ ပြလေရာ ခင်လေးသည် ပြုံးပြီး ကြည့်၍နေလေ၏ ။ ဖိုးမောင်မှာ လမ်းနံဘေးတွင် လိမ့်၍ နေလေ၏ ။ ဖိုးမောင်သည် လဲရာမှ အုတ်ခဲ တစ်ခုဖြင့် ကောက်ပြီး ဘိုကပြား၏ ဦးခေါင်းကို ပေါက်လိုက်ရာ ဘိုကပြား၏ နဖူးမှာ ဒဏ်ရာရသဖြင့် ခင်လေးတို့၏ အိမ်ထဲသို့ ဆွဲ၍ သွင်းရလေ၏ ။ ခင်လေးသည် ဇလုံ၌ ရေထည့်ကာ ဒဏ်ရာရသော ဘို၏ နဖူးကို ဆေး၍ ပေးလေ၏ ။ ဆေးရင်း ဘိုနှုတ်ခမ်းမွေး ပြုတ်၍ ကျလေရာ ထွန်းမြတ် ကိုယ်တိုင်ဖြစ်၍ နေသည်ကို တွေ့ရှိရသဖြင့် အားလုံး အံ့သြ၍နေကြလေ၏ ။

ခင်လေးသည် အံ့အားသင့်၍ နေရာမှ “ အမယ်လေး ကိုကိုရဲ့” ဟု ပြောကာ တအား ဖက်လိုက်လေ၏ ။ ထွန်းမြတ် လည်း ခင်လေး ကို ပိုက်ထွေးယုယကာ “ ကိုကို ခင့်ကို စမ်းတာပါ ၊ ကိုကို ဒီယုန် မြင်လို့ ဒီချုံထွင်တာပါ ။ မီးလောင်သွားတဲ့ အိမ်ဟာ မီးအာမခံနဲ့ ၊ ဒါကြောင့် ကိုဖိုးမောင် တို့လူစုကို ကျေးဇူးတင်ပြီး အပေါင်းအသင်း လုပ်တာပါ ။ မီးရှို့တဲ့ အကောင်တော့ ထောင်သုံးနှစ် ကျသွားပြီ ။ ဖမ်းတဲ့ လူတွေက တခြား မဟုတ်ဘူး ။ သူတို့အိမ်ကို မီးရှို့မယ်ဆိုတာ သိတာနဲ့ ကိုကိုက တစ်ဆိတ် ဂရုစိုက်ပြီး စောင့်ရှောက်ကြပါလို့ မှာထားတဲ့ လူတွေပါ ။ ကိုကို ဒီယုန်မြင်လို့ ဒီချုံကို ထွင်တာ ” ဟုပြောလေ၏ ။

ဖိုးမောင်သည် မကြာမီ အကြောင်းကို ကြားသိလေရာ အများကြီး စိတ်မကောင်း ဖြစ်သော်လည်း ထိုအိမ်ကို ထပ်၍ မီးရှို့လျှင် ထွန်းမြတ် မှာ ပိုမို ချမ်းသာ၍ သွားမှာ စိုးသဖြင့် အေးအေးသာ မနာလိုခြင်းတည်းဟူသော ငရဲကို ခံ၍ နေရလေ၏ ။ ခင်လေး နှင့် ထွန်းမြတ် တို့မှာ ပွဲလမ်းအငြိမ့်တွေနှင့် မင်္ဂလာအိမ်တက်ပွဲကို တစ်ခါတည်း ကျင်းပကြလေသတည်း ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
      အောက်တိုဘာ ၊ ၁၉၃၂

No comments:

Post a Comment