Wednesday, March 18, 2026

သူရဲကောင်း

 

❝ သူရဲကောင်း ❞
     ( ပီမိုးနင်း )

“ လာပါကွယ့် သွားမယ် ။ ရထားထွက်တော့မှာ ” ဟု ဖိုးကျားက ထိုင်ရာမှ ထရင်း မိမိ၏ သူငယ်ချင်း ဖိုးမင်း၏ လက်ကို ဆွဲကိုင်လျက် တိုးတိုးပြောလေ၏ ။

ဖိုးမင်းသည်ကား သားအမိနှစ်ယောက်နှင့် စကား လက်ဆုံကျလျက် မထနိုင်ဘဲ နေသဖြင့် ဖိုးကျားကို တံတောင်နှင့် တွပ်ကာ “ နေပါဦးကွယ့် မင်းကလည်း ” ဟု ပြန်၍ ပြောလေ၏ ။

ဖိုးကျားသည် ဖိုးမင်းကို လွန်စွာခင်၏ ။ ၎င်းတို့ နှစ်ယောက်မှာ မခွဲနိုင်သော သူငယ်ချင်းများ ဖြစ်ကြလေ၏ ။ ဖိုးကျားမှာ ဖိုးမင်း၏ နောက်ကို တကောက်ကောက် လိုက်ရခြင်း၌ ကျေနပ်သူ ဖြစ်လေ၏ ။

ဖိုးမင်းသည် မြို့ထဲ၌ ထင်ရှားကျော်ကြားသော လူရှုပ်နောက်ပိုး တစ်ယောက် ဖြစ်လေ၏ ။ ၎င်း၏ အလုပ်မှာ နောက်ပါ ဖိုးကျားနှင့် တစ်မြို့လုံး လည်ပတ်ခြင်း ၊ တစ်အိမ်တက် တစ်အိမ်ဆင်း ကူးသန်းခြင်း ၊ လက်ဖက်ရည်ဆိုင်၌ တောင်စဉ်ရေမရ စကားပြောကာ တအုံးအုံး ရယ်မောသူတို့အား အပျော်ဆက်ခြင်း ဖြစ်လေရာ မဝတ်ရမှာကို မပူ ၊ မစားရမှာကိုလည်း မပူ မချမ်းသာ သော်လည်း အေးအေးလူလူ နေရလျှင် လူဖြစ်ရကျိုးနပ်သည်ဟု အောက်မေ့သူ တစ်ယောက် ဖြစ်လေ၏ ။ လူရည် လူသွေးက သားနား ၊ ရယ်စရာ မောစရာ စကားနှင့် နှုတ်လျှာက သွက်လက် ၊ ဗဟုသုတ အကြားအမြင် ပုံတိုပတ်စများနှင့်လည်း ပြည့်နှက်သဖြင့် ရှုပ်သော်လည်း မုန်းစရာ မဟုတ်သူ တစ်ယောက် ဖြစ်လေရာ နေရာတိုင်းမှာ ထင်ရှားသောကြောင့် ဖိုးကျားသည် ၎င်းကို ဆရာ တင်ကာ ချစ်ခင်ကြည်ညို လိုက်ပါ၍ နေလေ၏ ။ ဖိုးမင်း၏ အပြစ်မှာ တစ်ခုသာ ရှိလေ၏ ။ ထိုအပြစ်သည်ကား အခြား မဟုတ် ။ မိန်းမချောချော မြင်လျှင် နောက်ပိုး၍ အကျိုးဆောင်တတ်ခြင်း ၊ မိမိနှင့် သိကျွမ်းသော မိတ်ဆွေများ အိမ်သို့ တစ်ရပ်တစ်ရွာမှ လာရောက်သော ဧည့်သည်များအနက် သနားကမား မိန်းကလေးများ ပါလျှင် အပြန်မှာ မီးရထားရုံသို့ ကူညီသယ်ပိုး၍ လိုက်ပို့ခြင်း ၊ လက်မှတ်ခံ ပေးခြင်း ဖြစ်လေရာ စောမေတို့ သားအမိကို ထိုနည်းမျိုးဖြင့် မီးရထားရုံသို့ လိုက်၍ ပို့ရင်း မီးရထားပေါ်မှ မဆင်းနိုင်အောင် စောမေ စိတ်စွဲ၍နေခြင်း ဖြစ်လေ၏ ။

ထိုကဲ့သို့ နောက်ပိုးသော်လည်း ပိုးရုံထက် ပိုမို၍ တိုးလေ့ မရှိ ။ တစ်ကိုယ်တည်း လူပျိုဘာဝ လွတ်လပ်ပျော်ရွှင်စွာ နေရခြင်းကိုလည်း နှမြောသူဖြစ်လေရာ မိန်းမ တစ်ယောက်ယောက်ကို စပြီး မိမိဘက်သို့ မိန်းမပါတော့ မလို ဖြစ်သည့်အခါ ဆုတ်ခွာ၍ အေးပြီး အမြီးကုပ်ကာ ရှောင်ခွာ၍ ပြေးတတ်လေ၏ ။ စောမေကို မူကား တကယ် ရလျှင် တကယ်ပင် ယူတော့မည် ။ အဘယ် အစွဲမျိုးနှင့်မှ မတူ ။ မရှိဆင်းရဲသော်လည်း လူစွမ်းလူစနည်းသူ မဟုတ် သဖြင့် မိမိ နည်းတူ မရှိဆင်းရဲသော စောမေကို ရလျှင် ကြံစည်၍ အသက်မွေးမည် ။ ထမင်းတော့ မငတ်နိုင်ဘူးဟု ယုံကြည်လေ၏ ။ စောမေ သည်ကား ဖိုးမင်းကို မကြိုက်မချစ်သောစိတ် မရှိသော်လည်း ဆင်းရဲမှာ စိုးသဖြင့် ချစ်ရုံသာ ချစ်လျက် မကြိုက် ၊ စိတ်မချတချ မရဲတရဲဖြစ်လေရာ ဖိုးမင်း စွဲသလောက်ပင် စောမေ ကလည်း စွဲဟန်ရှိသည်ကို ဖိုးမင်း သိလေ၏ ။ သို့သိသောကြောင့် ငြိကာ မထနိုင်ဘဲ နေလေသတည်း ။

ဖိုးကျားက တစ်ဖန် ခါးကိုတို့ကာ “ ဟေ့လူ နီးပြီဗျာ ။ တော်တော်ကြာရင် ခွကျနေမှာ ” ဟု ပြောပြန်လေ၏ ။

ဖိုးမင်းက “ အပုံကြီး လိုပါသေးတယ် ကိုယ့်လူရဲ့ ။ တကတဲ လောလိုက်တာ ” ဟု တိုးတိုးလှည့်၍ ပြောပြီး စကားဆက်လေ၏ ။ စောမေက ပြုံးလျက် နေလေ၏ ။

ဖိုးမင်းသည် ထင်ရာကို စွတ်မိစွတ်ရာ လုပ်တတ်၏ ။ မီးရထားစီးခြင်းကိုလည်း ဆာဒါးလက်ဖက်ရည် ကဲ့သို့ သဘောထားတတ်သည့်ပြင် မီးရထားဘက်ဆိုင်ရာ ဂတ်ဗိုလ်လက်မှတ်စစ် စသည်တို့မှာလည်း ဖိုးမင်း မသိသူ နည်းလေရာ မီးရထားကုမ္ပဏီနှင့် သားအဖ တော်သလို သဘောထားသူ ဖြစ်လေ၏ ။ ဖိုးကျား၏ စိတ်၌ လက်မှတ် မရှိဘဲ ရန်ကုန်အထိ လိုက်ဖို့များ ကြံလေသလား ။ လိုက်ရင် ဒုက္ခဖြစ်တော့မှာပဲ ။ မတော်တဆ မိရင် ပြည်က စပြီး နှစ်ဆတပ်မှာပဲ ။ ဒီအကောင် ဟာ တော်တော်ခွတိုက်တဲ့အကောင် ထင်ရာကို လုပ်တတ်တာ ။ ခက်တာပဲ စသည်ဖြင့် တွေး၍ နေလေ၏ ။ တစ်ယောက်တည်းလည်း မပြန်နိုင် ။ မတော်တဆ ဖိုးမင်း ၏ ဦးခေါင်းထဲ၌ မိမိ တွေးသော အကြံမျိုးသည် လျှို့ဝှက်သော နည်းဖြင့် ဝင်စား၍ နေချေက ဖိုးမင်းကို စွန့်၍ ထွက်သွား ရန် သာ၍ ခက်လေ၏ ။ အကြောင်းမူကား ဖိုးမင်း လက်မှတ်မပါဘဲ ရန်ကုန်ကို လိုက်သွားလျက် မိမိက ကျန်ရစ်၍နေလျှင် ဖိုးမင်း အတွက် စိတ်ပူရခြင်းသည် ဖိုးမင်း နှင့် အတူ ဒုက္ခတွေ့ရခြင်းထက် ပိုမိုကြီးလေးဖို့ ရှိလေ၏ ။ ဖိုးကျား၏ ခင်မင်ခြင်းသည် ဖိုးမင်း အပေါ်၌ သစ္စာရှိသော ခွေး၏ အချစ်လို ဖြစ်၍ နေလေ၏ ။

“ ဟေ့လူ လာလေ နီးပြီ ” ဟု တစ်ဖန် နားနားကပ်ကာ ပြောပြန်လေ၏ ။

ဖိုးမင်းက လှည့်၍ကြည့်ကာ စိတ်ဆိုးသော မျက်လုံးကို ဖြဲ၍ပြ၏ ။

ဖိုးမင်း မျက်လုံးဖြဲလျှင် ဖိုးကျားမှာ အမြီးကုပ်ချင်စိတ် အလိုလို ပေါ်စမြဲ ဖြစ်၏ ။ ငယ်စဉ်က မီးရထားလမ်းမှာ နှစ်ယောက် ကစားစဉ်အခါ ဖိုးမင်းက ဖိုးကျား ဦးခေါင်းမှာ ကျောက်ခဲနှင့် အဖုအလုံး ဖြစ်အောင် ဖန်ဆင်းခြင်းပြုဖူးသည့်အရှိန် မပြေသေးသောကြောင့်လား မသိရချေ ။ ဖိုးမင်းကို ဖိုးကျား ကြည်ညိုသည်မှာ ဘုရားသခင်ကို ဝက္ကလိ ကြည်ညိုသည်ထက် ပိုမို အားသန် လေ၏ ။

ခက်ပြီ ။ ဧကန် ဒီအကောင် ယောင်ပေပေနဲ့ ။ မတော်တဆ ရန်ကုန်ကို ပါလေဟန်နဲ့ ။ ကောင်မလေး နောက်ကို တမင်လိုက်ဖို့ ကြံတာပဲ ။ ဧကန်ဒိဋ္ဌိ ချောက်ကျတော့မှာပဲ ။ တယ်ခက်တဲ့ အကောင်ကိုးဟု စိတ်၌ အောက်မေ့ကာ ဦးခေါင်းကို စိတ်ညစ်ညစ်နှင့် ကုတ်ရင်း စောမေကို ကြည့်ရာ ဖိုးမင်း၏ ဉာဏ်ကို သိဟန်ရှိသော စောမေသည် ပြုံး၍ နေလေ၏ ။ ဖိုးမင်း သည်ကား မိမိ ရှမ်းပြည်မှာ ပုလိပ်အမှုထမ်း လုပ်စဉ် ဗိုလ်ကတော်နှင့် တွေ့ပုံ ၊ ယိုးဒယား ခြေကျင်သွားရာမှာ ဓားပြနှင့် တွေ့၍ ခုခံတိုက်ခိုက်ခဲ့ရပုံ ၊ ရွှေတိဂုံ ကုန်းတော်ပေါ်က မျက်မမြင် တယောသမားကြီး တေးဆိုပုံ ၊ ရန်ကုန်မှာ နေတုန်းက ရွှေကြက်ယက်တောရပ်မှာ ကြက်ခိုးပုံ ၊ ရွှေတိဂုံ စောင်းတန်း ဇရပ်မှာ ကြက်ကလေးတွေကို ဆန်ချကျွေးပြီး ကြမ်းပေါက်က ဇိကုပ်ယူပုံ စသည့် တောင်စဉ်ရေမရတွေကို ပြော၍ နေရာ မဆုံးနိုင်အောင် ရှိလေ၏ ။ စောမေတို့ သားအမိမှာ တခစ်ခစ်ရယ်လျက် နားထောင်ကြလေ၏ ။ ထိုစကား များ၌ ချစ်စကား ကြိုက်စကား တစ်လုံးမျှ မပါ ။ အဘယ် မိန်းမကို နောက်ပိုးခဲ့ရာမှာမျှ ချစ်စကား ကြိုက်စကားကို မသုံးစဖူး ။ တောင်စဉ်ရေမရ ရောက်တတ်ငါးရာနှင့် အရပ်ရပ်မှာ လှည့်ကာ ရောက်ရာမှာ မယူရဲသောကြောင့် မညားရသော မိန်းမတွေကို များစွာ တွေ့ခဲ့သူ ဖြစ်လေ၏ ။

နောက်ဆုံး၌ စောမေက ရယ်ရင်း ရုတ်တရက် သတိရသလို အမူအရာနှင့် “ ကိုဖိုးမင်း မီးရထားထွက်တော့ ဟော ... ထွက်ပြီ ။ ရှင် ဘယ့်နှယ်လုပ်မလဲ ”

“ အလို မောင်ဖိုးမင်း ၊ ဘယ့်နှယ်လုပ်ပါ့ ” ဟု အဒေါ်ကြီးက ထိတ်လန့်တကြား ပြောလေ၏ ။

ကျား ။  ။ “ ခက်ပြီ ၊ ဘယ့်နှယ်လုပ်မလဲ ။ ဟေ့လူ လာဗျာ ။ ဆင်းနိုင်သေးတယ် ”

“ အေးအေး လာလာ ။ စောရေ ကိုကိုတို့ ” ဟု ပြောပြီး ပြတင်းပေါက်ကို ကြည့်လျက် ထိတ်လန့်သလို ဖြစ်၍ နေလေ၏ ။

“ ဟိုက် ... ဒါမှ ခက်တာပဲ ။ ကိုကို မဆင်းဝံ့ဘူး ။ အခုမှ သတိရတယ် ။ ညကလည်း အိပ်မက်တယ် ။ ဘာဆိုလား ။ အောင်မယ်လေး ပြောရင်းဆိုရင်း မျက်ခုံးလှုပ် လိုက်တာ ။ ဟေ့လူ တယ်ခွကျတာကိုးကွယ့် ။ ဘာပြုလို့ မင်း သတိမပေးသလဲကွယ့် ။ ဟော ဟော ပြောနေတာနဲ့ ရထားအရှိန်ကြီးသွားပြီ ခက်တာပဲ ။ မင်း အင်မတန် ခွကျတဲ့ အကောင် ” စသည်ဖြင့် ဖိုးကျားကို ကြိမ်းလေ၏ ။ ဖိုးကျားမှာ ကြိမ်းသော စကားများကို မကြားရ ။ မီးရထား ပြတင်းပေါက်ကို တက်တော့မလို ။ တံခါးကိုဖွင့်၍ ခုန်တော့မလို ။ ခွေးလိုက်၍ ပြေးသော ကြောင်လို ဖြစ်၍ နေလေ၏ ။ ဖိုးမင်းကလည်း နင်းကန်၍ ဆူလေ၏ ။ အတန်ကြာမှ ဖိုးမင်းက လက်မှိုင်ချသော အမူအရာနှင့် ပြန်၍ ထိုင်ကာ “ ကိုင်း အခု ဘယ့်နှယ်လုပ်မလဲ ။ ငါက မင်း သတိပေးလိမ့်မယ်လို့ စိတ်ချနေတယ် ။ မင်းက ဖွတ်လို မော့ပြီး ငေးနေတာကိုး ။ အခု ချောက်ကျဖို့ ပြင်တော့ ။ ပိုက်ဆံလည်း ခြောက်မူးပါတယ် ။ မှန်းစမ်း ” ဟု ပြောပြီး အိတ်ကြိုအိတ်ကြားကို စမ်းကာ လက်ဝါး၌ အကြွေကလေးများကို ဖြန့်၍ ကြည့်လေ၏ ။ ထို့နောက် ပဲစေ့အပွန်းကလေး နှစ်စေ့နှင့် ကြေးပြားကလေး အနည်း ငယ် မူးစေ့လေးထောင့် နှစ်ပြားကို ပြကာ ဖိုးကျားကို မော်ကြည့်ပြီး “ ငတ်ပေတော့ ၊ ရန်ကုန်ကျရင် အလစ်သုတ် ။ လက်ထိပ်ခတ် ။ မင်းတော့ ထောင်ရထားနဲ့ ပါမယ့် အကောင်ပဲ ။ မင်းကြောင့် ဒီလိုဖြစ်တာ ” ဟု ပြောပြီး စကားဆက်၍ ပြောရန် စိတ်ပျက်သူအလား တင်ပျဉ်ချိတ်ကာ မျက်နှာလွှဲပုံ လုပ်၍ နေလေ၏ ။

ဖိုးကျားက ဒေါသနှင့် မျက်စောင်းထိုးလျက် “ လာ လာ ချည်သေးဗျာ ။ ဘယ်သူ့ကြောင့်လဲ ။ တွေးကြည့်ပါဦး ။ ကိုရင့်ကို ဘယ်နှခါ သတိပေးသလဲ ”

“ မင်းကလေး အဲဒီလို ဇွတ်ပြော ” ဟု ပြောကာ ဖိုးမင်း သည် စောမေတို့ သားအမိဘက်ကို လှည့်၍ မဲ့ကာ ခေါင်းညိတ်လိုက်လေ၏ ။

စော “ ဟုတ်တယ် ကိုကိုရဲ့ ၊ ကိုဖိုးကျား အပြောသားပဲ ”

ဖိုးမင်းက ပြတင်းပေါက်ဖြင့် အပြင်ဘက် မှောင်ထဲကို ငေးရင်း “ သိရပေါင်ဗျာ ။ ပြောရင်ဖြင့် သူ့ဟိုဒင်း ကြားရုံ ပြောဖြစ်တော့မပေါ့ ” ဟု ပြောပြီး စောမေ ဘက်ကို လှည့်ကာ “ ဒီလိုချည်းပဲ စောရဲ့ ။ မြုံစိစိနဲ့ စကားလည်း ပွင့်ပွင့်လင်းလင်း မပြောဘူး ။ သင်တာလည်း များလှပြီ ။ မင်းတော့ ခက်မယ် ။ အများကြီး ခက်မယ် ။ မင်းအတွက် ငါ ခက်တာပဲ ။ သူများ မခက်ဘူး ။ ထိုင်ပါတော့ကွယ် ။ မတ်ရပ်တော်ကြီး လုပ်မနေပါနဲ့ ။ မင်းအဘက မရပ်တော့ဘူး ။ စက်ကုန်လွှတ်နေပြီ သိလား ” ဟု လက်နှစ်ဖက်နှင့် စက်ခုတ်ပြပြီး စောမေ ဘက်သို့ လက်ဆန့်ကာ “ ပေးစမ်း ဆေးလိပ်တစ်ဖွာ ” ဟု တောင်း၍ ဆေးပေါ့လိပ်ကို ဖွာလျက် နေလေ၏ ။

ကျား ( ပြုံးလျက် ) “ ကိုရင်က ရန်ကုန်ကျ ငတ်မှာ ပူနေတယ် ။ အခု ရထားမှာ “ ဖလိုင်းစကွပ် ” တွေ ပါသတဲ့ဗျာ ။ ဂတ်ဗိုလ်နဲ့ လက်မှတ်စစ် ပြောတာ ကြားလိုက်ရတယ် ။ တောသားကြီး လင်မယားဆီက ပိုက်ဆံတောင်း ပြန်ပေးပြီး လက်မှတ်ယူပေးလိုက်သေးတယ် ။ ဖိုးကျား ဆိုတဲ့ စကွပ်က တော်သေးတယ် ။ ဒေးဗစ် ဆိုတာက သိပ်ဆိုးသတဲ့ဗျာ ။ ကိုရင်က ထမင်းငတ်မှာ ပူနေ ၊ ဒုက္ခ တွေ့ မှာတော့ မဟုတ်ဘူး ”

“ ဘယ်သူ ပြောသလဲ ”

“ ဟောဒီနားက ပြောတယ် ဆရာ ။ နားက နားက  ” ဟု ဖိုးကျားက နားကို ပုတ်၍ ပြောလေ၏ ။

မင်း “ အဲဒါ ချောက်ပဲ ။ သေသေချာချာ ချောက်တိုးတာပဲ ”

စောမေမှာ အစဦး၌ ရယ်ချင်သမျှကို ချုပ်၍ ထားရသောကြောင့် စိတ်ပူသောအသွင်ကို မပြနိုင်ချေ ။ လက်မှတ်ဖမ်း စုံထောက်တွေအကြောင်းကို ကြားသောအခါကျမှ မျက်နှာပျက်လျက် “ မတော်မဆ မိရင် ကျွန်မတို့ အတွက်ပဲ ။ ကျွန်မတို့ ကြမ္မာငင်တာပဲ ” ဟု ပြောလေ၏ ။

မင်း “ ကိစ္စမရှိပါဘူး ။ မသကာ ဒဏ်ပေါ့ ။ စောတို့ သားအမိနဲ့ ဘာမှမဆိုင်ဘူး ။ မင်းကြောင့်ဖြစ်တာ ။ မင်းကြောင့် ” ဟု ဖိုးမင်းက စွပ်စွဲလေ၏ ။

ကျား “ ဟာ .. ဟာ .. သိပ်ရယ်လိုက်ပြန်ရော့ ။ ဒူးရင်းသီးက တပြန်ဆိုတာ ကျနေတာပဲ ”

စော “ အဟုတ်သား ကိုကိုက ။ သူ့ခမျာ အပြောရှာသားနဲ့ ”

မင်း “ အေးကွယ် ၊ ထားလိုက်ပါတော့ ။ ငါ့ကြောင့် ထားလိုက်ပါ ။ ငါကပဲ ခံပါ့မယ် ။ ဒဏ်ထိရင် ဦးဘိုးတာ ကို ပူရမှာပဲ ။ အရင် ပွဲပြတ်ထားတဲ့ ငွေကလေး ခြောက်ဆယ် ခုထက်ထိ မပေးသေးဘူး ။ နေ့ဆိုင်းညဆိုင်းနဲ့ ။ သိပ်ပြီး ဂျီယိပတ်တာနိုင်တဲ့ ငနဲကြီးကွယ့် ။ သူ့မယား ငတိမ ကလည်း ပိုက်ဆံစကား ပြောမှာစိုးလို့ ထင်ပါရဲ့ ။ တစ်နေ့က ချာပရာစီ ကိုချက်ကြီး အိမ်နောက်ဖေး ကင်ပွန်းချဉ်ရွက် ခူးတုန်းက ငါကလည်း ပေါက်တောရွာသူကြီးသမီး မယ်ခို နဲ့ မှော်စာက တိုက်သူကြီး ဆိုလား ။ ဘီအေတဲ့ ကွယ် ။ ငါတော့ မထင်ပါဘူး ။ ဘီအေဖြင့် မြို့အုပ်ရုံးမှာ ကော်ပီစာရေး လုပ်ပါ့မလား ။ ဟုတ်လား အဒေါ် စဉ်းစားကြည့်ပါဦး ။ အင်း ဒါထက် ငါ ဘာပြောမလို့ပါလိမ့် ။ အေးအေး ချဉ်ပေါင်ရွက် ခူးရင်းတွေ့ ၊ နှုတ်တောင် မဆက်ဘူး ။ မမြင်ချင်ဟန်ဆောင်နေ ၊ အရင် ဂဠုန်တွေ ထတုန်းက တစ်အိမ်သားလုံး ငါ ကယ်ထားရတာ ။ အခု ခြောက်လ ရှိပြီ ”

“ ဘာခြောက်သလဲ ”

“ ဟိုအရင် ခုနစ်ရွာက သြဇာသီးပေါ်ချိန် ပွဲပြတ်ပေးလိုက်ရတာကောကွယ့် ။ မင်းက အူကြောင်ကြောင် လုပ်နေပြန်ပါပြီ ”

“ ဒါ ဘာဖြစ်သလဲ ”

“ ဒဏ်ထိရင် မင်းအမေက ပေးနိုင်သလား ။ မင်း အမေ မုန့်ပျားသလက် ရောင်းလို့ ဘယ်လောက်ရမှာလဲ ”

ကျား “ အေး .. ဒါ ဘာဖြစ်သလဲ ”

မင်း “ ဟင် ... လာလာချည်သေး ။ ဒဏ်ဆောင်ဖို့ ခင်ဗျာ ။ ဒဏ်ဆောင်ဖို့ ပွဲခငွေ ဦးဘိုးတာ ဆီမှာ ရစရာ ရှိတယ် ။ ခြောက်ဆယ့်နှစ်ကျပ် သိပြီလား ။ လယ်ခကလေး ဆောင်ရမလားလို့ အောက်မေ့နေတယ် ။ ဒီလယ် လည်း အခ မရ ၊ အခွန်ချည်း ပေးနေရတာပဲ စောမေရဲ့ ။ မြေပိုင်ရှင် အခေါ်ခံရတာနဲ့ မမျှဘူး ။ ဒါထက် ဖလိုင်းစကွပ်တွေ အဟုတ်ပါသတဲ့လား ။ တကယ်ပဲလား ”

“ နှစ်ကယ် ဆရာ နှစ်ကယ် စိတ်ချ ။ ကိုရင့် ဩဇာသီး ပွဲပြတ်ရတာကလေးတော့ ချောဖို့သာ ပြင်ပေတော့ ။ ဒါထက် အခု မီးရထားက အစိုးရဒဏ်မတပ်ဘဲ ထောင်ချမှာ စိုးနေရတယ် ”

“ အခုမှ ကြောက်ရမှန်း သိသလား ။ တယ်တော် ။ ထောင်ကျရင်လည်း မတတ်နိုင်ဘူး ။ ထမင်းစားချောင်ဖို့ ဖြစ်တာပေါ့ မဟုတ်လား ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ။ နောက်ဆုံးကျတော့ ဘာမဆို ပြီးတာပဲ ။ ကိုယ်တို့တော့ တုတ်ပြီး ဓားပြီး သေနတ်ပြီးကို မယုံဘူး ။ ဘာမဆို နောက်ဆုံးကျ အားလုံး ပြီးတာပဲ ဆိုတာသာ ယုံတာပဲ ။ ပြီးရင်ပြီးရော ကိစ္စအေးတာပဲ ။ မပြီးသေးတုန်းတော့ ဘာမှ မဖြစ်သေးလို့ ။ ဘာမှ ပူစရာ မလိုဘူး ။ ကိုယ့်လူ ဒီလောက်တောင် မပူနဲ့ ။ အခုမှဖြင့် အေးအေးနေပေတော့ ။ ရောက်ယားပဲ ။ အခု မယားနဲ့ ရောက်တော့မှ ယား ။ အဲသည်တော့ ကုတ်ကောင်းလိမ့်မယ် ။ ဘယ်လို မှောင်မှောင် ပိုးစုန်းကြူးတစ်ကောင်တလေတော့ တောက် ဦးမှာပဲ ”

မီးရထားသည် လေးငါးဘူတာ ကျော်၍ သွားလေ၏ ။ ဖိုးမင်းသည် ရောက်တတ်လေးဆယ်တို့ကို ဆက်ရာမှ ဝေဠုသုမန ဇာတ်ကွက်စိပ် စကားတွေကို ပြောလေ၏ ။ ဖိုးကျားနှင့် စောမေတို့ သားအမိမှာမူကား တထိတ်ထိတ် နေကြလေ၏ ။ ရထားတွဲ၌လည်း ၎င်းတို့မှ တစ်ပါး အခြား မည်သူမျှ မရှိချေ ။ တစ်ခုသော ဘူတာ၌ ဖိုးကျား က ဖိုးမင်းကို လက်ကုတ်ကာ “ ကြည့် ကြည့် ဟောဟိုမှာ ။ ကိုဘိုးကျား နဲ့ ဒေးဗစ် ဆိုတာ သူတို့ပဲ ။ ဟိုဘက်က အကောင်က သိပ်ဆိုးတာ ။ ဖလိုင်းစကွပ်တွေ မြင်ပြီလား ။ ကိုရင့် ဝေဠုသုမနကို အသာချိတ်ထားဦး ။ ဘယ့်နှယ်လုပ်မလဲ ။

ဖိုးမင်းသည် ကြက်တူရွေးဦးခေါင်း လှုပ်သလို ငဲ့သလို လုပ်ကာ အတည်စဉ်းစားစပြုလေ၏ ။ မီးရထား ထွက်လေ၏ ။ တစ်စုံတစ်ရာကို တွေးမိ၏ ။ ထို့နောက် မျက်နှာမှာ ဝင်းတောက်၍ လာပြီး “ နေရာကျပြီ ။ နေရာ ကျပြီ ။ စောတို့ သားအမိက ကြောက်လို့ ပုနေဟန် လုပ်ကြ ။ အနုကြမ်းစီးဟန် ဆောင်မယ် ”

ကျား “ ဘယ်လို ဆောင်မလဲ ”

မင်း “ ငါက မင်းခေါင်းကို ဟောဒါနဲ့ ချမယ် ” ဟု ပြောကာ စောမေ၏ သေတ္တာပေါ်က ရေတကောင်းကို ကိုင်လေ၏ ။ ဖိုးကျားမှာ မျက်လုံးပြူး၍ နေ၏ ။ ဖိုးမင်းက မည်သူ့ကိုမျှ မကြည့်ဘဲ မိမိကမည့် ဇာတ်ကိုသာ စဉ်းစားကာ ကိုယ်ဟန်လက်ဟန်နှင့် ပြော၍ ပြသည်မှာ-

“ ငါက မင်းကို ဒါနဲ့ချ ။ သွေးထွက်မှ ဖြစ်မယ် ။ မင်းက လဲနေ ။ ငါက ... ”

ကျား “ အောင်မယ် မလုပ်ပါနဲ့ဗျာ ။ ကိုရင့်လက် ကြမ်းက ကြမ်းနဲ့ ။ ကျုပ်က ချရဆို တော်သေးရဲ့ ။ ဘယ်နေရာ ချရမှာလဲ ”

“ တယ် မင်းက ရှည်တာကိုးကွယ့် ။ ငါ ကြည့်ပြီး တော်အောင် ချမပေါ့ကွယ် ။ မင်းက ဉာဏ်ရှိတာ မဟုတ်ဘူး ။ ငါက ဗြိတိသျှဘားမားမှာ ဇာတ်လိုက် လုပ်မလို့တောင် လျှောက်ခဲ့ဖူးတာ ။ လက်မခံကြလို့ ။ လက်မခံတာကတော့ တခြားကြောင့် မဟုတ်ပါဘူး ။ မောင်မောင်အေး တို့ ၊ ဘတင့် တို့က သူတို့ကို လွှမ်းသွားမှာ စိုးလို့ ။ သူဌေးကို ဝိုင်းဖျက်ကြတာ ။ ပါချီပါချက် မှတ်လို့လား ။ သဏ္ဌာန်လုပ် သရုပ်တူမှ ဖြစ်တာ ။ သည်တော့ မင်း စကား ရှည်မနေနဲ့ ။ အားလုံး ကိစ္စများကုန်မယ် ။ ငါက ဉာဏ်သမား ။ မင်းက ခံသမား ။ ငါ လုပ်တာ ခံ ။ ငါက မင်း ဦးဆက်ကို ဖြည်းဖြည်း သွေးထွက်ရုံပေါ့ကွယ့် ။ ဟောဒီ ရေတကောင်းနဲ့ချ ။ မင်းကလည်း ငါက နဖူး ယောင်အောင် ဒီတန်းလျားစောင်းနဲ့ ဆောင့်ပြီး ကိုယ်တစ်ပိုင်းအပေါ် တစ်ပိုင်းအောက် လုပ်နေမယ် သိလား ။ အင်း ... ”

“ အင်း လုပ်ပြီ ဆိုပါတော့ ။ ဦးဆက်တော့ မကိုက်ဘူး ဆရာ ။ မသကာ နားထင်ဆို တော်သေးရဲ့ ”

“ အေးလေကွယ် ၊ ငါ ကြည့်လုပ်ပါ့မယ် ။ မင်း မပူပါနဲ့ ။ သေတစ်နေ့ မွေးတစ်နေ့ပဲ ။ မစောက ဟောဒီ ကြိုးကို ဆွဲ ၊ ရထားရပ်လိမ့်မယ် ”

“ ကိုင်း ရပ်ပြီ ဆိုပါတော့ ”

“ ရပ်တော့ ၊ မင်း ဖလိုင်းကောင်တွေရော ။ ဘာကောင် ညာကောင်တွေရော အကုန်လာလေရော ။ သည်တော့ မစော က ဆီးပြီး ရင်ဘတ်စည်တီးအော် ကျွန်မ ကြိုးကို ဆွဲပါတယ် ။ အခုပဲ ခုန်ဆင်းသွားကြပါတယ် ။ သားရေအိတ် နှစ်လုံး ပါသွားတယ် ပြော ။ မစော လုပ်တတ်ပါ့မလား ။ ဒါဖြစ်ရင် ခင်ခင်ကြည် တို့ ၊ ခင်စန်း တို့ သေပန်းပွင့်တာပဲ ။ ဗြိတိသျှဘားမားမှာ ကိုကို သွင်းပေးမယ် ။ ဘတင့် နဲ့ တွဲရစေ့မယ် ”

“ အောင်မယ် ကိုကိုက မလုပ်ပါနဲ့ ။ ကျွန်မ ကြောက်ပါတယ် ”

“ ဘာကြောက်တာလဲ ။ ဆွဲရမှလား ၊ တွဲရမှာလား ”

စော “ ကြောက်ပါတယ် ၊ မလုပ်ဝံ့ပါဘူး ”

“ မကြောက်နဲ့ ၊ မသကာ ဒဏ်ငွေငါးဆယ်ပေါ့ ။ ကိုကို ဆောင်မှာပေါ့ ။ ဘာအရေးကြီးသလဲ ။ လောကမှာ ယောက်ျား ယောက်ျား မိန်းမ မိန်းမ ၊ ထူးထူးဆန်းဆန်း လုပ်ရဲမှ ချွန်တာ ။ လောကမှာ ဘာမှ မဖြစ်နိုင်မှန်း ။ ဖြစ်နိုင်ရင်လည်း ဘာမှ အရေးမကြီးလောက်မှန်း သိလျက်သားနဲ့ ။ မလုပ်ဝံ့ဘဲ နေကြတာတွေ အများကြီး ရှိတယ် ။ ဒီလို တိုလီမိုလီကို စွန့်စွန့်စားစား မလုပ်ရဲကြရင် ဟုမ္မရူး ရအောင် ဘာများ လုပ်ဝံ့ကြမှာတဲ့တုံး ။ စောရဲ့ တာဝန် မဟုတ်ပါဘူး ။ ခရီးသွားဟန်လွှဲ ဒါလို ဟာကလေးမျိုး ဖြစ်ရတာ ပျော်စရာပါ ။ နောင် ကြီးတဲ့အခါ အပျင်းပြေ ပြောစရာတောင် ရပါသေးတယ် ။ စွန့်စမ်းပါ ။ ကိုကိုတို့ မတော်တဆ ထောင်ကျရင် မခက်ပေဘူးလား ”

“ ဒါကမှ သာပြီးကျမှာ ကိုကိုရဲ့ ”

“ ဒါက မကျဘူး ။ ဒဏ်ငွေ ၅၀ တဲ့ ။ ဦးဘိုးတာ ဆီက ပွဲခ ခြောက်ဆယ်နှစ်ကျပ်ပျက် ကိုကို ရဖို့ ရှိတယ် ။ စိတ်ချ ။ ဆွဲရုံသာဆွဲ ။ လာပြီး မေးကြတော့ ကိုကို ဆွဲပြီး လဲသွားတယ်ပြော ဟုတ်လား ”

“ ကိုင်း ဆွဲပြီ ဆိုပါတော့ ။ ဘယ့်နှယ် လုပ်မလဲ ။ ဘာပြောရမလဲ ”

“ သားရေအိတ်နှစ်လုံး လူ လုချသွားတယ် ။ လူ နှစ်ယောက် တက်လာပြီး ကိုကိုတို့နဲ့ အပြန်အလှန် ရိုက်နှက်ပြီး ကိုကိုက ကြိုးကိုဆွဲပြီး လဲသွားတယ် ။ လူဆိုးတွေလည်း ဆင်းပြေးတယ် ။ စော က ကြောက်လို့ ပုနေတယ် ပြောတာပေါ့ ။ အဒေါ်ကတော့ ရုန်းရင်း ဆန်ခတ်ဖြစ်လို့ အိပ်ပျော်ရာက နိုးတော့ ကျွန်တော်တို့ လဲနေတာ တွေ့တယ်လို့ ပြောတာပေါ့ ။ မခက်ပါဘူး ”

စော “ ဒီလိုလုပ်တော့ ဘယ်လို ဖြစ်မလဲ ”

မင်း “ သားရေအိတ်တွေထဲမှာ ကိုကိုတို့ လက်မှတ်တွေ ပါသွားတာပေါ့ ။ အလွယ်ကလေးပဲ ။ လုပ်စမ်းပါ ။ မလုပ်ဝံ့ဘူးလား ”

“ ကိုကိုကလည်း စော ဘာလုပ်ဖို့ ရှိသလဲ ။ ကိုကိုတို့ ဘာသာ လုပ်လည်း အဖြစ်သားပဲ ”

ဖိုးမင်းသည် စဉ်းစားလျက် မျက်လုံးကျယ်၍ လာပြီး “ အေး ... အဟုတ်သားပဲ ။ အလုပ် များနေလိုက်တာ ။ ကိုင်း .. အခု ပြောသလိုနေနော် ။ ကိုကိုတော့ လုပ်တော့မယ် ” ဟု ပြောပြောဆိုဆို ရေတကောင်းကို ဆွဲကိုင်လေ၏ ။ ဖိုးကျားက လက်ကာလျက် စပ်ဖြဲဖြဲနှင့် “ ဟေ့လူ ဟေ့လူ ၊ ဟုတ်မှ လုပ်နော် ” ဟု ပြောရင်း ရေတကောင်းနှင့် ဖိုးကျား၏ နားထင် မင်္ဂလာဆောင်လိုက် ရာ ရေတကောင်း ကွဲလေ၏ ။ ဖိုးမင်းသည် ကြိုးကို ဆွဲပြီး စောမေတို့ သားအမိကို “ ပုကြ ပုကြ ၊ အဒေါ် ပုနေ ပုနေ ” ဟု ပြောပြီး တန်းလျားကို နဖူးနှင့် ငုံ့ကာ သုံးချက်ဆောင့်ပြီး ကိုယ်အပေါ်ပိုင်းကို တွဲလွဲချကာ တန်းလျားပေါ်၌ လက်ကားယား ခြေကားယား ဖြစ်၍ နေလေ၏ ။ ရထားလည်း ဂျိုးဂျိုးဂျိန့်ဂျိန့် မြည်ကာ ရပ်လေ၏ ။

အတန်ကြာလျှင် ဂါတ်ဗိုလ်နှင့် ရထားအရာရှိတွေ ပြေး၍ လာကြလေ၏ ။ စောမေတို့ သားအမိမှာ ပျာယီးပျာယာ လုပ်၍ နေကြလေ၏ ။ ထိုအခိုက်တွင် လူ သုံးယောက် ပြေး၍ လာကြပြီး မီးရထား အရာရှိများအား “ ဟိုရှေ့နားမှာ ရေလျှံလို့ တံတားပျက်နေတယ် ။ ပျက်နေတယ် ” ဟု ပြောလာကြလေ၏ ။ ထိုအခါ မီးရထား အရာရှိများသည် ဖိုးမင်းတို့၏တွဲကို ဂရုမစိုက်ဘဲ မီးရထား ရှေ့ကို ပြေးကြလေ၏ ။ စောမေ ကြားသဖြင့် ဖိုးမင်းနှင့် ဖိုးကျားကို ပြောလေ၏ ။ ဖိုးမင်းမှာ စိတ်ကူးသစ်ရပြန် သဖြင့် “ အဒေါ်စော ဟေ့ ... ဖိုးကျား ၊ မင်းတို့ ဘာမှ မပြောကြနဲ့ ။ ပါးစပ်ပိတ်နေကြ ။ သူတို့ လာလိမ့်မယ် ။ ကိုကိုတော့ ကော်ပြီ စော ၊ အေးအေးသာနေ ” ဟု မျက်စပစ်လေ၏ ။ ဖိုးမင်းမှာ ရထားတွဲထဲတွင် ကေသရာဇာ ခြင်္သေ့မင်းပမာ အပြန်အလှန် လမ်းလျှောက်၍ နေလေ၏ ။

အတန်ကြာသောအခါ “ ကံကြီးလို့ ၊ မီးရထား ရပ်ပေလို့ ဘယ်သူလဲ ၊ ဘယ်သူလဲ ။ ဘယ်တွဲကနေပြီး ဆွဲသတဲ့လဲ ” ဟူသော စကားသံကို ကြားရပြီးနောက် မီးရထားအရာရှိများနှင့် လူများ ရောက်၍လာရာ ဖိုးမင်းက မီးရထားပေါ်က ဆင်းပြီး ဣန္ဒြေရရ “ ကျွန်တော်ပါပဲ ခင်ဗျာ ။ ကျွန်တော် ကိစ္စ အရေးကြီးလို့ ဟိုဘက်ဘူတာက ဒီဘက်ကို လျှောက်အလာမှာ တံတားပျက်နေတာ မြင်ခဲ့ပြီး ရထားလာတာကို မြင်ပြန်တော့ မှောင်ကြီးထဲ ခက်နေပြီ ။ အားလုံး သေကြေပျက်စီး ကုန်ကြတော့မှာပဲ ။ မီးရထားကလည်း အမြန်ကြီး ခုတ်တာ ။ ကျွန်တော်မှ မကြံတတ် မစည်တတ် ။ ခေါ်လို့လည်း ကြားကြမှာ မဟုတ် ။ ပြစရာ တစ်စုံတစ်ရာမှလည်း မပါ ။ ဘာပြော စရာရှိမလဲ ခင်ဗျာ ။ ခက်ချည်ရဲ့ ၊ ခက်ချည်ရဲ့ ။  ကလေးတွေ ၊ မိန်းမတွေ အများကြီး ဒုက္ခဖြစ်ကုန်ကြတော့မှာပါကလားလို့ တွေးပြီး မယ်ပဋာမြေလူးတာလို ကျွန်တော့် စိတ်ထဲမှာ မြေမှာသာ လှိမ့်လူးလိုက်ချင်တာပဲ ။ ရင်ထဲမှာ ပူလိုက်တာ ခင်ဗျာ ။ ဘယ်လိုဖြစ်မှန်း မသိပါဘူး ။ ဒါနဲ့ ငါ့ကံပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ စွန့်မယ် ။ ယောက်ျားပဲ ။ ကြောက်လွဲ ရဲမင်းဖြစ် ။ ငယ်ငယ်ကလည်း ရထား အတက်အဆင်းတော့ ကစားခဲ့ဖူးတာနဲ့ ရုပ်ရှင်ထဲမှာ မြင်တာတွေကိုလည်း တွေးပြီး ငါ တစ်ယောက် သေလို့ အများချမ်းသာရင် သေကျိုးနပ်ရဲ့လို့ တစ်ခါတည်း အံကြိတ်ပြီး ကျုပ် မီးရထားကို အတင်းလိုက်ဆွဲပြီး စွန့်ရ တော့တာပေါ့ ခင်ဗျာ ”

ထိုအခိုက် စောမေသည် လူမမြင်ရအောင် ခေါင်းငုံ့ကာ အူကို နှိပ်၍ နေလေ၏ ။ ဖိုးကျား နှင့် အဒေါ်ကြီးမှာ လည်း ရယ်ရအားကြီးသဖြင့် တွဲထဲမှာ လှိမ့်၍နေကြလေ၏ ။

ဖိုးမင်း သည်ကား လက်ဟန်ခြေဟန် မင်းသားကြီး အဆွေးသန်သလို စကားဆက်ကာ “ စွန့်ရတာပါပဲ ။ အားလုံးရဲ့ကံ ကျွန်တော့်ကံ ဆိုတာလို ထင်ပါရဲ့ ။ သူတော်ကောင်း နတ်များကလည်း ကူညီပြီး ကျွန်တော့် တင်ပါးဆုံကလေးများ မပေးလိုက်လေရော့သလား မပြောတတ်ပါဘူး ခင်ဗျာ ။ ပေါ့ခနဲ ခုန်ရမှန်း မသိဘူး ။ ရထားတွဲထဲကို ရောက်သွားတာပါပဲ ” ဟု ပြောလေ၏ ။

နားထောင်သူတို့မှာ စုတ်သပ်ကာ ရင်ကိုမကာ “ အင်း ... အဲ .. ‌‌ဪ ... ဪ … အေး ” စသည်ဖြင့် မျက်တောင်မခတ် ပါးစပ်တွေ ဟကာ နားထောင်ကြလေ၏ ။ ဖိုးမင်းက ဆက်ကာ “ အပေါ်ကို ရောက်လည်း ရောက်ကရော ။ ကြိုးကိုလည်း တန်းလန်း ကိုင်မိတာပါပဲ ။ လက်မတင် ကလေး လိုတော့တာကလား ခင်ဗျာ ။ နို့မဟုတ်ရင် ပိန်းဇလုတ်ထက် ကြောက်စရာ ကောင်းမှာပါပဲ ” ဟု ခရေစေ့တွင်းကျ သေချာစွာ ပြောလေ၏ ။

စကားလည်း ဆုံးရော လက်မှတ်စစ်က “ ခင်ဗျား မညာနဲ့ ။ အိုးသည်ကုန်းဘူတာက တက်ပြီး အချောင်စီး လာတာ မဟုတ်လား ။ အိုင်ဆေး မီးရထား မကြာခဏ အချောင်စီးတဲ့ အကောင်တွေ ၊ ကျုပ်က အကုန် ဓာတ်ပုံ ရိုက်ယူပြီး မှတ်ထားတယ် ။ ဟောဒီမှာ ကြည့် ” ဟု ပြော ကာ အိတ်ထဲက သားရေအိတ်ထုတ်ကာ ဖွင့်ပြီး ဓာတ်ပုံ ပေါင်းများစွာတို့အနက် တစ်ပုံကို ထုတ်၍ ပြလေရာ ဖိုးမင်းမှာ အံ့အားသင့်၍ နေလေ၏ ။ အားလုံး ဝိုင်း၍ ရယ်ကြလေ၏ ။ ထိုအခိုက်တွင် စကွပ်တစ်ယောက်က “ ခင်ဗျား လက်မှတ်ပါသလား ” ဟု မေးလေရာ ဖိုးမင်းမှာ စပ်ဖြဲဖြဲ ရယ်ကာမောကာနှင့် “ မပါလို့ ကျွန်တော် ဉာဏ်ဆင်မလို့ မီးရထားကြိုးကို ဆွဲမိတာပါ ” ဟု ဝန်ခံလိုက်ရလေ၏ ။ လူအားလုံးတို့က တိုး၍ ရယ်မောပြီး “ ဘာကြောင့်ပဲ ဆွဲဆွဲ ၊ သူ့ကြောင့် အားလုံး ချမ်းသာတာ ။ မီးရထားဘက်က သူ့ကို ဆုပေးရမယ် ။ အခု ကျုပ်တို့ ခရီးသည်များကလည်း ကျေးဇူးဆပ်ဖို့ ကောင်းတယ် ။ ခင်ဗျား ပိုက်ဆံ မပါဘူးပေါ့လေ ”

“ ဟုတ်ပါတယ် ” ဟု လူတစ်ယောက်က ပြောလေ၏ ။ မကြာမီ ငွေများစု၍ ပေးကြလေ၏ ။ နောက်ရက်များ မကြာမီ ဖိုးမင်းမှာ မီးရထားဘက်မှ ဆုလာဘ်များ ရပြီး မီးရထားဘက်၌ လက်မှတ်စစ်အလုပ်ကို ရလေ၏ ။

အလုပ် ရလျှင်ရခြင်း လခအပြည့်နှင့် သုံးလ အခွင့် ယူကာ စောမေ နှင့် လင်မယားနှစ်ယောက် အထက် အောက် မီးရထားပါ့စ်နှင့် အလည်အပတ်သွားကြရာ နောက်တော်ပါ ဖိုးကျား လိုက်ပါ၍ သွားရလေသတည်း ။

▢  သူရိယရုပ်စုံသတင်း
📖 အတွဲ ၃ ၊ အမှတ် ၄၀
      ဇန်နဝါရီ ၁ ၊ ၁၉၃၃

No comments:

Post a Comment