❝ ငါးခြောက်သူများ ❞
( မွန်ဇူး )
စိန်ထွန်းရယ် ၊ အောင်ညွန့်ရယ် ၊ မြင့်သော်ရယ် ငယ်သူငယ်ချင်း သုံးယောက် ရှိကြတယ် ။ သူတို့က ဘိုးဘိုးအောင် သီချင်းထဲကလို တစ်ဦး ကောင်းစားရင် ကျန်နှစ်ဦးကို ကူညီမယ်လို့ ကတိသစ္စာ ဆိုမထားကြပါဘူး ။ ကူလည်း မကူညီနိုင်ပါဘူး ။ သုံးယောက်စလုံး မရှိမရှား ၊ ပိန်မသာ လိမ်မသာတွေချည်းပဲ ။ အဲဒီထဲမှာ မိုးခေါင်မှာ မကြောက်ရတာက မြင့်သော် ။ သူက မြို့နယ် သမရုံး စာရေးလေး ။ လကုန်ရင် လစာ မှန်မှန်ရတယ် ။ အောင်ညွန့် တော့ ပုဂ္ဂလိက ဒန်အိုးစက်တစ်ခုမှာ လက်ခစား လုပ်ရရှာတယ် ။ စိန်ထွန်း ကလည်း ယောင်ပေပေပါပဲ ။ သူ့အဖေရဲ့အင်းထဲမှာ အောက်ခြေသိမ်း ကူလုပ်ပေးနေရတာ ကြာပြီ ၊ ဘာမှ ဖြစ်မလာပါဘူး ။ မိုးခေါင်လို့ ငါးမဝင်တာနဲ့ မိုးများတော့လည်း အင်းပေါက်လို့ ငါးတွေ ပါသွားတာနဲ့ လုံးချာလိုက်နေတယ် ။ ဒါပေမဲ့ သူတို့ သုံးယောက်ရဲ့ ခင်မင်မှုကတော့ ခိုင်မြဲနေဆဲပါ ။ တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်တော့ ဆုံ ဖြစ်အောင် ဆုံကြပြီး လက်ဖက်ရည်ဆိုင် ထိုင်ကြတယ် ။ ကိုယ်ပါတဲ့ ကွမ်းလေး ၊ ဆေးလိပ်ကလေး မျှတပေးပြီး လက်ဖက်ရည်ဖိုး ကိုလည်း အဆင်ပြေတဲ့လူက ရှင်းလိုက် ကြတာပါပဲ ။ အများအားဖြင့် ကတော့ စိန်ထွန်း ပေါ့ ။ သူ့ လုပ်ငန်းက လူသာ မချမ်းသာတယ် ငွေကတော့ နေ့စဉ် မြင်နေရတာကိုး ။ မနက်လင်းပြီ ဆိုတာနဲ့ သူ့ အင်းတဲကြီး ဆီကို လှေကလေးတွေနဲ့ ဗန်းတွေ တောင်းတွေ တင်ပြီး ငါးသည်မတွေ ရောက်လာကြပြီ ။ မနေ့က ယူသွားတဲ့ ငါးဖိုး ရှင်းကြတယ် ။ ဒီနေ့ မဲကျတဲ့ ငါးပုံကို ကောက် ကျုံးပြီး ချိန်တွယ် ယူသွားကြတာပဲ ။
အဲဒီ နေရာမှာတော့ စိန်ထွန်း က စနစ်ပါတယ် ။ မနေ့က တစ်နေကုန် ဖမ်းရတာနဲ့ ညက တစ်ညလုံး ဆည်ထဲ ဝင်တဲ့ ငါးတွေ စုပေါင်းပြီး ဆယ်ပုံလောက် ပုံလိုက်တာပဲ ။ ငါးကိုလည်း ကြီးသေး ကောင်းညံ့ မျှတအောင် အပုံတိုင်း ထည့်ပေးတယ် ။ ပြီးမှ ပထမ ရောက်လာတဲ့ ငါးသည်မ ဆယ်ဦးကို မဲနှိုက်ခိုင်းပြီး ကိုယ်ကျတဲ့ မဲနံပါတ် အတိုင်း ယူရတာ ဆိုတော့ အရှုပ်အရှင်း ကင်းတယ် ။ မျက်နှာလိုက်တာ ၊ မလိုက်တာ ပြဿနာ မရှိတော့ဘူး ။ နောက်ကျတဲ့ ငါးသည် ကတော့ ရထားတဲ့ လူဆီက တောင်းပန်တိုးလျှိုး မျှဝေယူကြပေတော့ ။ ဒါက သူတို့ကိစ္စ ဖြစ်သွားပြီ ။
နောက်ပိုင်းတော့ စိန်ထွန်းအဖေက လေဖြန်းချင် သလိုလို ဖြစ်သွားတာနဲ့ အင်းထဲ မလာတော့တဲ့အခါ အဲဒီ တာဝန်ကြီးက စိန်ထွန်း ခေါင်းပေါ် ရောက်လာတော့တယ် ။ “ အင်းသူကြီး ” ရာထူးပေါ့လေ ။ စိတ်ပါပါ ၊ မပါပါ အိပ်ရာထဲ လဲနေတဲ့ သူ့အဖေ လက်ညှိုး ညွှန်ရာ လုပ်ရတော့မှာပေါ့ ။ သူ့မှာ လုပ်ပိုင်ခွင့်က သူပိုင်တဲ့ အင်းကြီး တစ်ခွင်လုံး ငါးခိုး ဖမ်းတဲ့လူ ၊ မျှားတဲ့လူ မှန်သမျှ ဖမ်းခွင့်ရှိတယ် ။ လယ်ထဲ ရေခိုးဖောက်တယ် ထင်လို့ ၊ အင်းထဲ အဆိပ်ခတ်မယ် ထင်လို့ သင်္ကာမကင်းရင်လည်း သက်သေခံပစ္စည်းနှင့်တကွ မိအောင် ဖမ်းဆီးနိုင်ခွင့် ရှိတယ် ။ မနက်ခင်း အမောတကော ရောက်လာတဲ့ ငါးသည်မ ပျိုပျိုအိုအိုတွေ အပေါ်လည်း ဟိန်းဟောက်ငေါက်ငမ်းနိုင်တယ် ။ ဝါသနာပါရင် အဟောင်းစွန့် အသစ်ယူတောင် လုပ်နိုင်သေးတယ် ။ ဒါပေမဲ့ စိန်ထွန်း ကတော့ ပုံမှန်ပါပဲ ။ သူ့အလုပ်ကို တက်ကြွ ထောင်လွှားတဲ့ ပုံလည်း မရှိဘူး ။ ငါးသည်တွေ နဲ့လည်း ပရောပရည် မရှိဘူး ။ အော်ခြင်း ငေါက်ခြင်းလည်း မရှိဘူး ။ မြင်ရတွေ့ရတာ စိတ် ချမ်းသာစရာ ကောင်းတယ် ။
တစ်ခုပဲ မကောင်းတာက တနင်္ဂနွေ လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်ကြတော့တာပဲ ။ ဒီတော့လည်း မြင့်သော် နဲ့ အောင်ညွန့် တို့က မနေနိုင်ပြန် ဘူး ။ လက်ဖက်ရည်ပါဆယ် ဆွဲပြီး လေးမိုင်လောက် ဝေးတဲ့ သူ့အင်းထဲ စက်ဘီးကိုယ်စီ စီးပြီး ရောက်အောင် သွားကြတာပေါ့ ။ အင်းပေါင်ပေါ်က စက်ဘီးတွေနဲ့ မြင့်သော်တို့ လာတာကို စိန်ထွန်း အင်လယ် တဲပေါ်က မြင်တာနဲ့ လှေအကြို လွှတ်လိုက်တာပဲ ။
အဲဒီမှာ မနက်စာ စားတယ် ။ နေ့ခင်းကျတော့ ကြွေ ပစ်ကြတယ် ။ အဲဒါကလည် ကြွေစေ့လေး ခြောက်စေ့ ၊ ပန်းကန်ပက်ပက်လေးထဲ ချရတာ ။ ပန်းကန်လုံးချည်း ထားရင် တချွင်ချွင်နဲ့ တစ်မျိုး နားထောင်ကောင်းတယ် အောက်က ဇလုံလို ဟာမျိုးထဲ သဲ ( သို့ ) ဆန် ခံထားရင် ပန်းက သံက တချွက်ချွက်နဲ့ တစ် မျိုးပေါ့ ။ အဲဒီ ကစားနည်းကလည်း အကြိတ်အနယ်ပဲ ။ ပြိုင်ဘက်ရဲ့ အကောင်က ရှေ့ ကျောနေရင် ကျောသမျှ အကွက်ကို တစ်ခြောက် ၊ တစ်ဆယ် ၊ တစ်စိတ် ရအောင် ကြွေပစ်ပြီး သ,တ်ရတာဆို တော့ သ,တ်ကွက်ကို တစ်ထပ်တည်းကျလို့ကတော့ “ ငါဟဲ့ ယောက်ျား ” လက်ခမောင်း ခတ်ချင်စိတ် ပေါက်တယ် ။
စိန်ထွန်း ကတော့ ဘေးနားက လက်ဖက်ရည်ချို နဲ့ ရေနွေးကြမ်း သောက်ရင်း အေးအေးဆေးဆေး ကြည့်နေတာပဲ ။ မြင့်သော် နှင့် အောင်ညွန့် ငြိနေရင် လွှတ်ပေးထား တယ် ။ ဘေးမပြောရ ဆိုတဲ့ ဥပဒေကို လိုက်နာတယ် ။ တစ်ယောက်က နားဦးမယ် ဆိုမှ သူဝင်ပါလေ့ ရှိတယ် ။ ညနေပိုင်း အတွက်တော့ အထူး ပြောစရာ မလိုတော့ဘူး ။ အင်းတဲပေါ်မှာ ရှိတဲ့ ကောင်လေးတွေကိုက အထာပေါက်နေပြီ ။ ရွာထဲ အရက်ဖိုက တွံတေးတစ်ပုလင်း သွားဆွဲပြီးပြီ ။ အင်းတိုင်ခြေ ရေထဲမှာ လျှော်နဲ့ တွဲသီထားတဲ့ အရံငါးတွေထဲက ခပ်ကြီးကြီးတစ်ကောင် ဆွဲဖြုတ်ပြီး အင်းချက် ချက်ပြီးပြီ ။ အင်းချက် ဆိုတာက ဆီ ပါလေကာနဲ့ ကြက်သွန်ငရုတ်သီးစိမ်းဆီသတ်လိုက်ပြီး လတ်လတ်ဆတ်ဆတ် ငါးကြီးကို တုံးတစ် ထည့် ၊ ဆားထည့် ရေထည့်ပြီး ပစ်ထားလိုက်တာပဲ ။ ရေအနေတော် ကျန်တော့ ချမြည်း ချိုမှ ချို ၊ ကောင်းမှ ကောင်း အိုကေ ။
ကြွေပစ်လို့ ညောင်းတော့ တဲလှေကားက ဆင်းပြီး အင်းထဲမှာ ရေချိုးလိုက်သေးတယ် ။ ဒါဆိုရင် နောက် အခမ်းအနား တစ်ခု စဖို့ အရန်သင့် ဖြစ်ပြီပေါ့ ။ ဒီအချိန်မှာတော့ သူတို့ သုံးယောက်စလုံး မျက်နှာတွေဟာ လောကကြီးကို ကျေနပ်ပီတိ ဖြစ်နေပုံပါပဲ ။ အထူးသဖြင့် စိန်ထွန်း ပေါ့ ။ နေ့စဉ် ဒီငါးတွေနဲ့ နပန်းလုံး ၊ ငါးသည် ကောင်မလေးတွေနဲ့ ငါးစကားတွေ ပြောနေရတာ ငြီးငွေ့ရှာမှာပဲ ။ ဒီတစ်ရက်မှာတော့ လွတ်လွတ်လပ်လပ် ကိုယ် ဝါသနာပါရာ ပြောကြဆိုကြရတာ ။ ငါးညှီနံ့တွေတောင် ပျောက်နေသလိုပါပဲ ။
••••• ••••• •••••
“ ဟေ့ကောင် စိန်ထွန်း ဟိုဘက်ရွာက ငါးသည် ကောင်မလေးခင်လဲ့ နဲ့ မင်း ဘာလိုလိုလို့ ကြားနေတယ်နော် ”
ခင်လဲ့ဆိုတာ အပျိုပေါက်မလေး ၊ ရုပ်ရည်အသားအရောင်က ငါးသည်မနဲ့ ဘာမှ မဆိုင်ဘူး ။ ဘဝပေး အခြေအနေ အရသာ ဒီ အလုပ် လုပ်နေရပေမဲ့ တကယ့်မြို့ကြီးသူ ပုံစံလေးမို့ အောင်ညွန့်ရော မြင့်သော်ပါ မှတ်မိနေတယ် ။
အောင်ညွန့်က လက်ထဲက ဖန်ခွက်ကို မသောက်သေးဘဲ လက်ဖဝါးပေါ်တင်ကာ လှည့်ပတ်ကိုင်ရင်း အမှတ်တမဲ့ မေးလိုက်တယ် ။ စိန်ထွန်းက ပြုံးတယ် ဆိုရုံလေး ပြုံးတယ် ။ အရယ်အပြုံး တော်တော် ကပ်စေးနှဲတဲ့ကောင်ပေါ့ ။ ဒါ အင်မတန် ခင်တဲ့လူတွေမို့ ပြုံးတာ ၊ ငါးသည်ကောင်မလေးတွေ ကြောက်တာလည်း အဲဒီ သူ့မျက်နှာ တည်တည်ကြီးကို ကြောက်ကြတာ ။ ဒါကြောင့်လည်း သူ ချထားတဲ့ စည်းကမ်းဆို အတွန့်မတက် ရဲကြဘူး ။ သူ ဘာများပြောဦးမလဲလို့ စောင့်ပေမဲ့ သူ့ပါးစပ်က ဘာမှ ထွက်မလာပါဘူး ။
“ ဟေ့ကောင် … မင်းကို ပြုံးခိုင်းတာ မဟုတ်ဘူး ။ ခင်လဲ့နဲ့ အခြေအနေ ဘယ်လိုရှိလဲ သိချင်တာ ”
အောင်ညွန့် စိတ်မရှည်ဘဲ ထပ်မေးပေမဲ့ သူကတော့ “ ပြောကြဆိုကြတာ သူတို့ လွတ်လပ်ခွင့်ပဲကွ ၊ ငါနဲ့ ဘာဆိုင်တာမှတ်လို့ ” တဲ့ အေးအေးဆေးဆေးပါပဲ ။
ကျန်တဲ့ ငါးသည်မတွေ အပြောကတော့ “ ခင်လဲ့ ” လေးက စိန်ထွန်းအတွက် နေ့တိုင်း စားစရာ တစ်ခုခု အမြဲတမ်း ဝယ်သွားတယ်တဲ့ ။ တစ်ခါတလေလည်း စွပ်ကျယ် ဝယ်သွားလိုက် ၊ ပုဆိုး ဝယ်သွားလိုက် အပေးအယူ ရှိနေပုံပဲတဲ့ ။ စိန်ထွန်း ဘက်က ဘယ်နှရက် ငါးဖိုးတွေ လျှော်ခဲ့ရပြီလဲ မသိဘူးတဲ့ ။
ဒါမျိုးတွေ ကြားနေရလို့ ခုလို တေ့တေ့ဆိုင်ဆိုင် မေးကြည့်တော့လည်း သူ ဘာမှ မဟုတ်သလိုပါပဲ ။ မေးရတာ အရသာ မရှိဘူး ။ ဒါကြောင့် အောင်ညွန့် နဲ့ မြင့်သော် ငါးမျှားတံ တစ်ချောင်းစီ ယူပြီး လှေတစ်စင်းနဲ့ အင်းတဲက ခွာခဲ့ကြတယ် ။ ပထမဦးဆုံး အနီးဆုံး ကမ်းခြေကပ်ပြီး တီတူးကြတယ် ။ ပြီးတော့ လူသူခပ်ဝေးဝေး အရိပ်ကျကျဘက် လှော်ခတ်ခဲ့ပြီး စိမ်ပြေနပြေ ငါးမျှားနေလိုက်ကြတယ် ။ ဒါက အိမ်ပါမှာလေ ။ ကိုယ်မျှားလို့ရတာ ကိုယ် ယူသွားရုံပဲ ။ စိန်ထွန်း ကတော့ ဒီအချိန် စာအုပ်တစ်အုပ်နဲ့ ဇိမ်ကျနေလေ့ရှိတယ် ။ သူ့ ကြည့်ရတာ လောကကြီးကို ရန်မလုပ်ဘူး ။ လိုနေတာတွေ ဖြည့်တွေးပြီး ၊ ပိုနေတာတွေ လျှော့တွေးတတ်နေပြီနဲ့ တူပါရဲ့ ။ ဘယ်တော့မှ ဣန္ဒြေမရ ဖြစ်နေတာ မတွေ့ရဘူး ။ အမြဲတမ်း တည်တည်ငြိမ်ငြိမ် သိက္ခာလေးနဲ့ပါပဲ ။
“ ပြန်ကြစို့ကွာ ဆောင်းနေက ကျလွယ်တယ် ၊ တော်ကြာ မှောင်နေရင် စက်ဘီး စီးရတာ ခက်နေမယ် ”
အောင်ညွန့်က အပြန်ခရီး အတွက် ပူပူပင်ပင် ပြောတယ် ။ စကားပြောပြီး ချောင်းသံ “ အဟွတ် ဟွတ် ” ဆိုတာလေးက ပါသေးတယ် ။ သူ့ချောင်းဆိုးသံ ကြားတော့မှ မြင့်သော် လည်း အောင်ညွန့် ကို ဂရုစိုက်ကြည့်မိတယ် ။ စိတ်က ထင်တာပဲလား ။ ဒီကောင် နည်းနည်း ပိန်သွား သလိုပဲလို့ အောက်မေ့နေမိတယ် ။ အောင်ညွန့် က ငါးရံ့ သုံးကောင်နဲ့ မြင့်သော် က ငါးရံ့နှစ်ကောင် ရတာလေးတွေကို ကြိုးနဲ့တွဲသီပြီး ပြန်ခဲ့ ကြတယ် ။ ညနေခြည် မှုန်ပျပျ ၊ နှင်းမှုန်ဖွေးဖွေး ၊ ရေဖွေးဖွေးထဲမှာ အင်းတဲမည်းမည်းကြီး ကပါ ဣန္ဒြေရနေပြန်တယ် ။
••••• ••••• •••••
ဒီတစ်ခေါက် အင်းထဲ ရောက်တော့ ဆောင်းကုန်လုပါပြီ ။ အင်းထဲမှာလည်း ရေ တော်တော် နည်းနေပြီပေါ့ ။ တစ်လစာ နှစ်လစာ မွန်းကျပ်ခဲ့ရတဲ့ စိတ်သံသရာထဲက သူတို့ သုံးယောက်စလုံး ခါတိုင်းလိုပဲ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေလိုက်ကြတယ် ။ ရွာထဲမှာ ဈေးထဲမှာ လှိုင်နေတဲ့ စိန်ထွန်း နဲ့ ခင်လဲ့ တို့ အကြောင်းတွေတော့ ဒီ အင်းထဲကို ယူမလာတော့ပါဘူး ။ ပြောရင်လည်း မလှုပ်တဲ့ အတူ မပြောတာကမှ လှုပ်တယ်ထင်ရသေးတာကိုး ။
“ ဟေ့ကောင်တွေ ထကွာ ၊ အင်းသိမ်းဖို့နီးပြီ ၊ ဒီနေ့ ပိုက်ဆွဲကြဦးမှာ မင်းတို့ကော ဆင်းကြဦးမလား ”
နေ့ခင်း တစ်ရေးတစ်မှိတ် အိပ်နေကြတုန်း စိန်ထွန်းက နှိုးတယ် ။
“ တို့က ဘာလုပ်ရမှာတုံး ”
“ အင်းထဲ ဆင်းပြီး ငါး ခြောက်ပေးရမှာပေါ့ ”
မြင့်သော်တို့ စိတ်ဝင်စား သွားတယ် ။ သူတို့ မကြုံဖူးသေးတဲ့ အတွေ့အကြုံတစ်ခုမို့ အောင်ညွန့် ကပါ ခေါင်းထောင်လာတယ် ။
“ အောင်ညွန့် မဆင်းပါ နဲ့ကွာ ၊ ရေက မများတော့ဘူး ဆိုပေမဲ့ မင်း တစ်ကိုယ်လုံး စိုမှာပဲ ။ မင်း ကျန်းမာရေးနဲ့ ဆင်းမနေပါနဲ့ ”
စိန်ထွန်းက တားပေမဲ့ မြင့်သော်ရော အောင်ညွန့်ပါ အင်္ကျီချွတ်ပြီးနေပြီ ။
“ ရပါတယ်ကွ ၊ ငါလည်း ကြုံဖူးချင်တယ် ”
သူ တို့သုံးယောက်စလုံး ဘောင်းဘီတိုတွေနဲ့ ရေထဲ ဆင်းလိုက်ကြတယ် ။ ရေက ခါးလယ်လောက်ပါပဲ ။ အင်းရဲ့မြောက်ဘက်ခြမ်း ဟိုဘက်ကုန်းစပ်မှာ လူတစ်အုပ် ၊ သူတို့က ပိုက်တန်းပြီး ဆွဲလာကြမှာ ၊ ဒီဘက်က စိန်ထွန်းတို့ သုံးယောက်နဲ့ တဲမှာ ရှိတဲ့ ကောင်လေးသုံးယောက်ပါ ပေါင်းပြီး ဒီဘက်က ငါး ခြောက်ပေးကြရမှာပေါ့ ။ တစ်ယောက်ကို ဝါးလုံးတစ်လုံးစီ ကိုင်ပြီး ဝါးတစ်ပြန်သာသာစီ စီတန်းရပ်လို့ ရေပြင်ကို တဗြန်းဗြန်း ရိုက်သွားကြရတာ ။ ပါးစပ်ကလည်း “ ဟေ့ ဟား ဟိုး ” အော်ချင်သလို အော် ၊ ရက်ပါတွေလိုလည်း ငေါက်ဆိုလို့ ရတာမို့ ပျော်စရာတော့ ကောင်းသား ။
ဟိုဘက်က ပိုက်တန်းတဲ့ အဖွဲ့ကလည်း အဲဒီ ပိုက်အရှည်ကြီးကို ရင်ပေါင်တန်း ကိုင်ပြီး ဒီဘက် တရွေ့ရွေ့ လာနေကြတာပဲ ။ တစ်ဖက်နဲ့ တစ်ဖက် အတော်အတန် နီးလာတာနဲ့အမျှ ပိုက်ထဲကို ငါးတိုးလို့ “ ဟ တိုးပဟေ့ ဟေ့ တိုးပဟ ” ဆိုတဲ့ အော်သံတွေ ကြားလာရပြီ ။ ပိုက်နားမှာ လူးလွန့်ခုန်ပျံ ကျော်လွှားနေကြတဲ့ ငါးတွေ ဖွေးခနဲ ၊ လက်ခနဲ မြင်နေရပြီ ။ အဲဒီအချိန် ပျော်စရာအကောင်းဆုံး ထင်တာပဲ ။ ဝါးရိုက်ရတာ ၊ အော်ရတာကို အားတွေတက်ပြီး မြူးကြွနေကြတာပဲ ။ အောင်ညွန့် ကလည်း ချောင်းဆိုးရမှာ မေ့နေပြီ ထင်ပါရဲ့ ။
အဲဒီလိုနဲ့ ပိုက်ကြီးရဲ့ဘေး ဘယ်ညာ နှစ်ဖက်ဝိုက် သိမ်းလာပြီး ရိုင်ပတ်သလို လုပ်ကြတယ် ။ အဲဒီအချိန်မှာ ငါးပတ်ကြီး တစ်ကောင်က အလန့်တကြား ခုန်ထွက်လိုက်တာ စိန်ထွန်း နှာခေါင်းကို တည့်တည့် ထိုးမိပြီး နှာခေါင်းသွေးတွေ ဖြာခနဲ ထွက်လာတယ် ။ သူတို့လည်း တဲပေါ် ပြန်လာကြပြီး စိန်ထွန်း နှာခေါင်းကို သွေးဆေး သိပ်ပေးကြရတယ် ။ ငါးတွေလည်း တော်တော်ရပါတယ် ။ စိန်ထွန်း လက်ဆောင်ပေး လိုက်တဲ့ ငါးပတ်ကြီးတစ် ယောက် တစ်ကောင်စီ စက်ဘီးမှာ ချိတ်ပြီး ကျေနပ်ပီတိစိတ်တွေနဲ့ ပြန်ခဲ့ကြတယ် ။ အဲဒါ အင်းသိမ်းခါနီး ရက်တွေထဲက အမှတ်တရ အဖြစ်အပျက် ကလေးပါပဲ ။
“ အင်းသိမ်းပွဲကျတော့ ငါ လှမ်းမှာလိုက်မယ်နော ”
စိန်ထွန်း အင်းတဲပေါ်က နှုတ်ဆက်ရင်း ကျန်ခဲ့တယ် ။ နှင်းနဲ့မြူ မကွဲတဲ့ အချိန်မို့ အားလုံးဟာ ဝေဝေဝါးဝါးပါပဲ ။
••••• ••••• •••••
အဲဒီလို ရာသီဥတုက ဝေဝေဝါးဝါး အချိန်မှာပဲ အောင်ညွန့်ရဲ့ လူ့လောက နောက်ဆုံးရက်လေးတွေကလည်း ဝေဝါးဝါး ဖြစ်လာတော့တယ် ။ သူတို့လုပ်ငန်းက မန္တလေး အဟောင်းတန်းမှာ “ စက်ကွဲ ခွက်ပျက် ” တွေ ဝယ်ပြီး အရည်ပြန်ကျို ၊ ပုံပြန်လောင်း အချောကိုင်ရတာဆိုတော့ ပထမဆင့် အရည်ကျို တဲ့ နေရာမှာတင် ညှော်နံ့ ဆိုး ဆိုးပြင်းပြင်းကြီးကို ရှူရှိုက် နေရတယ် ။ အဲဒီနောက် အချောကိုင်ဖို့ ကျောက်စက် စားလေတော့လည်း ဒီဒန်မှုန် တွေ တဝကြီး ရှူရှိုက်နေရတာ ဆိုတော့ အောင်ညွန့် အဆုတ် မကောင်းတော့ဘူး ။ ရွေးစရာ မရှိတဲ့ အခြေအနေမှာ မမြင်ရတဲ့ အန္တရာယ်က လှိုက်စားခဲ့ပြီ ထင်ပါရဲ့ ။ အဆုတ်ထဲမှာ ကျောက်တည် ၊ ဒန်ဆိပ်သင့်ပြီး လူက အိပ်ရာပေါ် လဲချေပြီ ။ နောက်တော့ ချောင်းတွေ တအား ဆိုးပြီး သွေးပါရုံမက အသက်လည်း ပါသွားတော့တယ် ။
အောင်ညွန့် အသုဘနေ့ ကတော့ စိန်ထွန်း လာတယ် ဒန်အိုးစက်အဖွဲ့ ၊ ခင်လဲ့ ငါးသည်မတွေအုပ်စု ရော စည်စည်ကားကားပါပဲ ။ အောင်ညွန့်အမေ လက်ထဲကို စိန်ထွန်း အကူငွေ ထည့်တယ် ပြီးတော့ မြင့်သော် ဘက် လှည့်ပြီး “ မင်းလည်း တို့ သူငယ်ချင်းရဲ့ အမေကို တတ် နိုင်သမျှ ကူညီစောင့်ရှောက်ပါကွာ ။ ငါကတော့ အင်းသိမ်း ပြီးတာတောင် တော်တော်နဲ့ ရွာ ပြန်ဖြစ်ဦးမယ် မထင်ဘူး ” လို့ ပြောတယ် ။ သူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်လေသလား ၊ ခင်လဲ့ နဲ့ ကိစ္စရော ဘယ်လို ဖြေရှင်းမလဲ ။ သူစိတ်ပါဟန် မရှိတဲ့ ဒီအင်းလုပ်ငန်းကြီးကိုရော ဘယ်လို အဆုံးသတ်မလဲ စိတ်ရှုပ်ထွေးမှုတွေ ဖိစီးလို့ ထင်ပါရဲ့ ။ သူ့အသံဟာ တိုးဖွညင်သာလွန်းပြီး မျက်နှာကလည်း မှုန်မှိုင်းလှတယ် ။
“ လာမယ့် အဖိတ်နေ့မှာ အင်းသိမ်းမယ် ၊ သူငယ်ချင်း မင်းအားရင် လာခဲ့ဦးပေါ့ ”
“ ဪ အေးအေး အဆင်ပြေရင် လာခဲ့ပါ့မယ် ”
မြင့်သော်ရဲ့ ဖြေသံကလည်း တက်ကြွမှု မရှိဘူး ။ ခါတိုင်း အောင်ညွန့်နဲ့ နှစ်ယောက် တိုင်ပင်လိုက်ရင် ပြီးတယ် ။ ခုတော့ သူ့စိတ်နဲ့ သူ့ကိုယ် တစ်ယောက်တည်း တိုင်ပင် ဆုံးဖြတ်ရမှာကို ခက်ခဲနေပြီး အင်းသိမ်းပွဲကို မြင့်သော် မသွားဖြစ်ဘူး ။ အောင်ညွန့် ရက်လည်ကိစ္စ ၊ အဲဒါပြီးတော့လည်း သားစိတ်နဲ့ အိပ်ရာထဲ လဲမလို ဖြစ်နေတဲ့ အောင်ညွန့်အမေ ကျန်းမာရေးကိစ္စ ၊ အောင်ညွန့်အမေ ထူထူထောင်ထောင် ဖြစ်ပြန်တော့ မြင့်သော်တို့ အလုပ်က အနား ပေးတဲ့ စာရင်းတွေ ထွက်လာ ပြန်တယ် ။ ဒီအထဲမှာ ရွာကို ပြန်မလာတဲ့ စိန်ထွန်း သတင်းတွေကလည်း ဟိုတစ်စ ၊ သည်တစ်စ ။
အပူကဲတဲ့ တစ်နေ့ပေါ့ ။ အပူလှိုင်း ဖြတ်နေဟန်ပါပဲ ။ နေက ရင့်ရင့်သီးသီး တောက်လောင်နေတယ် ။ မြင့်သော် ရင်ထဲက အပူလှိုင်းကလည်း သည်းထန်လွန်းတယ် ။ အဲဒီနေ့ တံလျှပ်တွေ ထနေတဲ့ နေပူထဲမှာ သူ့စက်ဘီးအိုလေးနဲ့ အင်းဘက်ကို ရည်ရွယ်ချက်မဲ့ နင်းနေမိတယ် ။ အင်းပေါင်ပေါ်မှာ ချွေးပြိုက်ပြိုက် ကျရင်း မျက်လုံးတွေပါ ပြာဝေ လာလို့ အနီးဆုံး မယ်ဇယ်ပင်ကြီး အရိပ်အောက် ဝင်ခိုလိုက် တယ် ။
မြင့်သော် အပင်ကြီးရဲ့ အရိပ်အောက်မှာ ခြေပစ်လက်ပစ် ထိုင်ရင်း ဪ ဒါ ငါနဲ့ အောင်ညွန့် လှေကလေး စီးပြီး ငါးမျှားခဲ့တဲ့ အပင်ကြီးပါလားလို့ အောင်ညွန့်ကို လွမ်း လွမ်းဆွေးဆွေး သတိရနေမိတယ် ။ ဟိုအဝေး အင်းလယ် ဆီ လှမ်းကြည့်မိတော့ အင်း တဲကြီးလည်း ပြိုကျပျက်စီး နေပါပကော ။ အင်းပိုင်ရှင် စိန်ထွန်း ရော ဘယ်မှာလဲ ။ ဝတ်ဖြူစင်ကြယ် ဝတ်ပြီး အရှင်ထွက် ထွက်သွားတယ် ဆိုတာကို လက်ခံလိုက်ရ တော့မှာပေါ့ ။
မြင့်သော် သူ့စက်ဘီး လက်ကိုင်မှာ အမြဲ ချိတ်ဆွဲပါလေ့ရှိတဲ့ လက်ဆွဲအိတ်ခပ်နွမ်းနွမ်းထဲကို ပစ္စည်းတစ်ခု ရှာတယ် ။ ဘူးလေးနဲ့ ထည့်ထားတဲ့ ကြိုးတပ်ပြီးသား ငါးမျှားချိတ် တစ်ခု တွေ့တာနဲ့ အနီးက သစ်ကိုင်းဖြောင့် ဖြောင့် တစ်ချောင်းမှာ ချည်တယ် ။ ဒါဆို ငါးမျှားတံတစ်ချောင်း ဖြစ်သွားပြီပေါ့ ။ နောက်တစ်ခါ သူ့အိတ်ဟောင်းကြီးထဲ ရှာပြန်တယ် ။ ဒီတစ်ခါတော့ မှတ်စုစာအုပ် သေးသေးလေး ။ အဲဒီ စာအုပ်ကလေးရဲ့ စာမျက်နှာ တစ်ခုကို ရှာပြီး ဖတ်တယ် ။ “ ဆုတ်ယုတ်မှုတိုင်းဟာ တိုးတက်ခြင်းပါပဲ ” ဆိုတဲ့ သူ့လက်ရေးနဲ့ စာရွက်ကို ဆွဲဖြဲလိုက်တယ် ။ အဲဒီ စာရွက်ကလေးကို လုံးခြေပြီး ငါးမျှားချိတ်မှာ တပ်လိုက်တယ် ။ နောက်တော့ ရေမရှိတဲ့ ပပ်ကြားအက် အင်းထဲကို မြင့်သော် တစ်ယောက် စိတ်ပါလက်ပါ ထိုင်ပြီး ငါးမျှား နေတော့တယ် ။ သူ့မျက်လုံးတွေက မငြိမ်မသက် ၊ ဘဝတွေကလည်း မရေမရာတွေပါ ။ ဒါပေမဲ့ အရှင်ထွက် တစ်ကောင်ကောင် ဖြစ်ဖြစ် ၊ အသေထွက် တစ်ကောင်ကောင် ဖြစ်ဖြစ် သူ့သူငယ်ချင်း တစ်ယောက်ယောက် ငါးမျှားချိတ်မှာ ချိတ်မိမယ်ဆိုတဲ့ မျှော်လင့်ချက် အရင့်အမာကြီးနဲ့ပေါ့ ။ ဟုတ်ပါတယ် ။ မြင့်သော် ဘဝမှာ ဒီတစ်ကြိမ်လောက် စိတ်ထက်ထက်သန်သန် ငါးမျှားတာ မရှိခဲ့ဘူး ။
⎕ မွန်းဇူး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၂၁၁၃

No comments:
Post a Comment