❝ ဆီသည် ❞
( ပီမိုးနင်း )
မောင်ပျော့သည် နာမည်နှင့်လိုက်အောင် ပျော့လေ၏ ။ လူပုံ ၊ လူသွေး ၊ ပါးပါးလျားလျား ၊ အသားဖြူဖြူ ၊ ဦးခေါင်း၌ ဗိုလ်ကေ ကို မှ မထူမထောင် ၊ သျှောင်ကလေး နိမ့်နိမ့်မှာ ပန်းရောင် ပဝါကလေးကို ကပိုကရို ပတ်၍ ထားသဖြင့် မြေလတ်သားနှင့် တူသောကြောင့် အခြားသော စာရေးများက ၎င်းအား ... ဆီသည် ဟု ခေါ်ကြလေ၏ ။
အရပ်ရှည်ရှည် ၊ သနားကမား ၊ မယဉ်တယဉ် ခေတ်ကာလ အလှ ဆိုသော စကားနှင့် မူကား နည်းနည်းမျှသာ သက်ဆိုင်လေ၏ ။ ၎င်းသည် အများအားဖြင့် ပဒုမ္မာရင်ဖုံးအင်္ကျီ နှင့် မန္တလေးလုံချည် ၊ ဘုံဘိုင် ရည်ဖိနပ် ၊ တစ်ခါတစ်ရံ မော်လမြိုင်ရှေ့ထိုးဖိနပ်ကို စီးလေ့ ရှိ၏ ။ “ ရှပ်အင်္ကျီ မှာ လက်မာစတစ်ကော်လာကို အဘယ်ကြောင့် မဝတ်သလဲ ” ဟု ၎င်း အား မေးကြသည့်အခါ “ ပင်မင်းခ ကုန်မှာစိုးလို့ ” ဟု ပြောခြင်းဖြင့် နှမြောကြောင်းကို မပြ ၊ မာသောကြောင့် အသား နာသည့် အတွက် မဝတ်ဟု ပြောလေ့ရှိ၏ ။
ရှပ်အင်္ကျီဖန်စီကို ဝတ်လေ့ မရှိ ၊ လည်ပျော့ ၊ လက်ပျော့အရိုးခံ အဖြူ ကိုသာ ဝတ်တတ်လေရာ တစ်ခါတစ်ခါ လည်ကုပ် ၊ လက်ဖျားများမှာ ဖွာဘလာ ကြဲတတ် သော်လည်း အဖြူရောင် မညှိုးတတ် သည်ကား ထမင်းလခ ပေး၍ စားသော အိမ်ရှင်မကြီး ဒေါ်မြ၏ သမီး မယ်ပို က အမြဲ လျှော်ဖွပ်၍ ပေးသောကြောင့် ဖြစ်လေ၏ ။
သို့ပင် ပျော့သော်လည်း အသွားအလာ အမြဲ မြန်၏ ။ လခ လေးဆယ် မျှ
သော အလုပ်ကလေးကို ခင်မင်လှသောကြောင့်လား ၊ ထိုအလုပ်ကို မီသဖြင့် စာရေး အခေါ် ခံရခြင်းဂုဏ်ကို မက်သောကြောင့်လား မသိရ အလုပ်ချိန် လွန်စွာ မှန်၏ ။ သို့ဖြစ်လေရာ အလုပ်သွား ၊ အလုပ်ပြန် ၌ လက်မောင်း အောက်တွင် စာအုပ်တွေ ၊ စာအိတ်ကြီးတွေ အမြဲပါ သောကြောင့် စာရေးပေါင်း သုံးလေးဆယ် အကြီး ၊ အငယ် ၊ အရွယ် ၊ အလတ်တို့၏ အထဲတွင် ၎င်း မောင်ပျော့ တစ်ယောက်သည် စာရေးနှင့် အတူဆုံး ဖြစ်လေရာ အခြား စာရေးများက ၎င်းကို မြင်သည့် အခါများ၌ တစ်ယောက်ကို တစ်ယောက် တို့ကာ ... “ သူမှ စာရေးကြီးကွဲ့ ၊ မင်းတို့ ငါတို့တွေဟာ စာရေးတွေ မဟုတ် ” ဟု ပြောတတ်ကြလေ၏ ။
တစ်နေ့သ၌ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ အခြား စာရေး နှစ်ယောက် လက်ဖက်ရည် သောက်၍ နေကြစဉ် မောင်ပျော့ ဝင်၍ လာရာ စာရေး နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် လက်တို့ပြီး မမြင်ဟန် ဆောင်လျက် နှုတ်မဆက်ဘဲ နေကြလေ၏ ။ မောင်ပျော့ သည် အခြားစားပွဲ တစ်ခု၌ ၎င်းတို့ကို ကျောခိုင်းလျက် ထိုင်ကာ လက်ဖက်ရည် မှာလျက် သောက်လေ၏ ။ စာရေး နှစ်ယောက်က ၎င်းကို ကြည့်ကာ ပြော၍ နေကြသည်မှာ ...
“ သူဟာ စာရေးကြီး လခ တစ်ရာလောက် ရရင် ဘုရားလူကြီး ဖြစ်မယ့် လူပဲ ”
“ သူ့ အလုပ်ကို အင်မတန် မက်ရှာတာပဲ ”
“ သဘောတော့ အကောင်းသား ၊ ခိုင်းတိုင်း လုပ်တာပဲ ”
“ ရန်ကုန်သားတွေကို ကြောက်ရှာတယ် ထင်ပါရဲ့ ၊ မသင့်မတင့် ဖြစ်လို့ အလုပ်ပြုတ် သွားရင် ဘယ်နေရာမှာ စာရေး ဖြစ်နိုင်မှာလဲ ( အယ်ဂျူကေးရှင်း ) မှ မရှိရှာပဲကလား ၊ ဒီ ဘဝမှာ စာရေး ဖြစ်ရတယ် ဆိုတာ သိပ်ကြီးကျယ် နေတာပေါ့ ၊ ဒီလို လူတွေ အရှိသားပဲ ၊ ဘုန်းကြီးကျောင်းက ထွက်ပြီး အင်္ဂလိပ်စာကလေးကို ကုတ်ကုတ်ကတ်ကတ် သင်ပြီး စာရေးကြီး ဆိုတဲ့ နာမည်ကို အားကျပြီး တောင်ဝင်မြောက်တိုး ၊ ဟိုကပ်ဒီကပ် နဲ့ ဖြစ်လာရှာတာကလား ”
“ ( အယ်ဂျူကေးရှင်း ) မရှိဘူးလား ၊ အရေးအသား အပြောအဆို ကလေး အတော်သားပဲ ”
“ အလွတ် ပညာသင်ကျောင်း တစ်ခု မှာ သင်ခဲ့တယ် ထင်ပါရဲ့ ၊ ငါ့ အလုပ်တွေတော့ သူချည်း လိုလို လုပ်ပေးတာပဲ ၊ ခိုင်းရင် ဘယ်တော့မှ မငြင်းဘူး ”
“ ဘယ်သူ့ အလုပ် မဆို လုပ်ပေးတာပဲ ၊ အစောဆုံး အလုပ် လာတယ် ၊ နောက်ဆုံး တံခါးပိတ်တဲ့ ဒရဝမ်နဲ့မှ အတူတူ အလုပ် ဆင်းတာပဲ ”
ထိုသို့ ပြောနေခိုက် မောင်ပျော့ အပါးသို့ ရောက်၍ လာလေရာ နှစ်ယောက်စလုံး မော်၍ ကြည့်ပြီး ...
“ မင်း ဘယ်တုန်းက ရောက်သလဲ ၊ လက်ဖက်ရည် သောက်ပြီးပလား ”
ဟု တစ်ယောက်က ပြောလေ၏ ။
မောင်ပျော့က ပြုံးရယ်ကာ ..
“ ပြီးပါပြီ ၊ ကျွန်တော် သွားပါဦးမယ် ”
ဟု ရိုရိုသေသေ ပြော၍ ထွက်သွားလေ၏ ။ ၎င်း စာရေးကြီး နှစ်ယောက်မှာ တစ်ရာကျော်ကျော် ရသူတွေ ဖြစ်ရာ မောင်ပျော့ကို လက်ဖက်ရည် သောက်ပြီးပလား ဟူ၍ သာ မေးကြ၏ ၊ သောက်ပါ − သောက်ရမယ် ဟူသော စကားမျိုးကို မသုံးချေ ။ လက်အောက်ငယ်သား တစ်ယောက် ဟူ၍ လည်းကောင်း ၊ အညာသားဆီသည် လူနုံ တစ်ယောက် ဟူ၍ လည်းကောင်း သဘောထားကြလေ၏ ။
ထိုနေ့က အလုပ်တိုက်တွင် မောင်ပျော့ ထိုင်လိုက်သော အခါ မိမိ၏ စားပွဲပေါ်၌ အလုပ်တွေ တစ်ပုံတစ်ခေါင်းကြီး ရှိနေသည်ကို တွေ့ရလေရာ ရပ်ကာ ကြည့်ပြီး မျက်နှာ ပျက်၍ သွားလေ၏ ။ ထို့နောက်မှ တစ်ဖန် အားယူကာ သက်ပြင်းရှူပြီး ထိုင်လေ၏ ။ မနီးမဝေး စားပွဲများ၌ ခေါင်းချင်း ဆိုင်ကာ စကားပြော နေကြသော အလုပ်ရှင်တို့ သည်ကား ၎င်းကို အမှတ်တမဲ့ အရိပ်ကြည့်ကြလေ၏ ။ မောင်ပျော့ မျက်နှာ ပျက်သွားသည်ကို မြင်ရသောအခါ ငြိမ်၍ နေကြ၏ ။ မောင်ပျော့ မျက်နှာကို ပြောင်းလဲကာ ထိုင်သော အခါကျမှ စကား ဆက်ပြောကြလေ၏ ။
ထိုကဲ့သို့ မောင်ပျော့သည် မညည်းမညူ အလုပ်များ ကို ကြည့်နေခိုက်တွင် အသား ဖြူဖြူ ၊ ခေါင်းပေါင်း ချွန်ချွန် ၊ နှာခေါင်း ၊ မျက်နှာ ၊ မေးချွန်ချွန် ၊ ပုပုတိုက်တိုက် တစ်ယောက် လျင်မြန်စွာ ကပ်၍ လာပြီး...
“ အိုင်ဆေး … မောင်ပျော့ ၊ ဒါကလေး အရေးကြီးလို့ လုပ်လိုက် စမ်းပါကွယ် ၊ ငါ ကိစ္စ ရှိနေလို့ပါ ”
ဟု ပြောပြီး သွားမည် အပြု မှာ မောင်ပျော့က အလုပ်ပုံကြီးကို ပြကာ
“ ကြည့်ပါဦး ကိုသန့် ရယ် ၊ နည်းတာတွေလား ၊ ကျွန်တော့် အလုပ်တွေလည်း အများကြီးပဲ ”
ဟု ပြောလေ၏ ။
မောင်သန့် မှာ ကား မီးရထားရုံး၌ ရည်းစားကို ကြိုဖို့အရေးကြီး၍ နေရာ အဘယ် အခါမျှ မငြင်းဆန်ဖူးသော မောင်ပျော့၏ ငြင်းဆန်ခြင်းကို မခံမရပ် နိုင်အောင် ဖြစ်ပြီး -
“ မင်းက အခုမှ သူများ ဟာတွေတော့ လုပ်ပေး ၊ မင်းကို ဟို လူတွေက ဟောဒါ ... ဟောဒါ ”
ဟု စာရေး၍ မပြကောင်း သော စကားကို ပြောလေ၏ ။
မောင်ပျော့သည် စကား ပြန်၍ မပြောဘဲ စက္ကူများ ကိုသာ လှန်၍ နေလေ၏ ။ ထိုအခိုက် မောင်သန့်က တစ်ဖန် လေပျော့ပြီး ...
“ လုပ်ပေးစမ်းပါ ၊ နည်းနည်းကလေးပါ ၊ မင်း ငါ့ကို ငြင်းရင် ”
ဟု ပြောပြီး သူဌေး အခန်း ဘက်သို့ ကြည့်လိုက်လေ၏ ။ မောင်သန့် မှာ သူဌေး နှင့် ဆွေမျိုးနီးစပ် ဖြစ်လေရာ မောင်ပျော့ကို အလုပ်မှ ဖြုတ်နိုင်သော သတ္တိ ရှိလေဟန် အမူအရာမျိုးကို ပြကာ ခိုင်းလေ့ရှိ၏ ။ မောင်သန့် ထွက်၍ သွားသော အခါ လက်ဖက်ရည်ဆိုင်၌ တွေ့ခဲ့ရသော စာရေးကြီးက ကပ်၍ လာပြီး ...
“ ဟေ့ - မောင်ပျော့ ဟိုဟာတွေ ထားလိုက် ၊ ဒါလုပ်လိုက်စမ်း ၊ သူဌေး အရေးကြီး နေလို့ ၊ ဒါတွေ ဘာတွေလဲ ၊ အလကား ဒီကောင်တွေ ဟာတွေ လုပ်မပေးနဲ့ ၊ နောက်တစ်ခါ မင်းကို လာခိုင်းကြရင် ငါ့ပြော ”
ဟု အလုပ်ပုံကြီးကို ကိုင် ကြည့်ကာ ပြောပြီး နောက်သို့ လှည့်ကာ ကြည့်၍ နေကြသော အခြား စာရေးများကို မျက်စ ပစ်ပြီး မိမိ စားပွဲသို့ သွားလေ၏ ။
ထိုနေ့ ညနေ ငါးနာရီ ထိုးခါ နီးသောအခါ စာရေးများ တစ်ယောက်ပြီး တစ်ယောက် မောင်ပျော့ စားပွဲ အနီးကို ဖြတ်၍ ပြန်ရင်း ...
“ ဟေ့ - မောင်ပျော့ ငါ့ဟာကလေးနော် ၊ မနက်ဖြန် ဆယ်နာရီ မီအောင် ”
ဟု တစ်ယောက်က ပြော၍ သွားလေ၏ ။ တစ်ယောက်က
“ ဟေ့ - မောင်ပျော့ ဘယ်သူ့ဟာမှ ဂရုမစိုက်နဲ့ ၊ ငါ့ဟာ ပြီးပလား ”
ဟု ရပ်ကာ မေးလေ၏ ။ အခြား တစ်ယောက်က
“ မင်းဟာ နေပါဦး ၊ မောင်ပျော့က အလုပ် အင်မတန် မြန်တာပဲ ၊ မင်းတော့ ကြီးပွားဦးမယ် ၊ ငါ့ဟာကလေး မမေ့ပါနဲ့နော် ”
ဟု ပြော၍ ထွက်သွား လေ၏ ။ ထိုအခိုက်တွင် မယ်ပို တို့ သားအမိ နှစ်ယောက် တံခါးနားမှာ ရပ်ကာ မောင်ပျော့ကို ကြည့်၍ နေကြသည်ကို မောင်ပျော့ မမြင်ဘဲ နေလေ၏ ။ အတန်ကြာမှ သားအမိ နှစ်ယောက် ကပ်၍ လာကြလေရာ မောင်ပျော့ ၎င်းတို့ကို မြင်လျှင် အလုပ်တွေကို ပြလေ၏ ။
ပို ။ ။ “ ကိုပျော့ အလုပ်တွေ များလှချည်လား ၊ အခြား စာရေးတွေ အကုန် သွားပြီ ၊ ရှင် တစ်ယောက်တည်း ကျန်တော့တာပဲ ၊ ဒါတွေ ဘာတွေလဲ ”
ဟု အလုပ်ပုံကြီးကို ကိုင် ကြည့်ရင်း မေးလေ၏ ။
“ ငါ့ အလုပ်တွေပေါ့ ”
“ ရှင့်ကို ဟို လူတွေက လှောင်ကြတယ် ၊ သိပ်သဘောကောင်း တယ်လို့ ပြောသွားကြပါကလား ”
“ အို ဘာပြောပြောကွယ် အရေး မကြီးပါဘူး ၊ ယနေ့ ရုပ်ရှင်ကို မလိုက်နိုင်ဘူး ၊ အလုပ်တွေ များနေတယ် ၊ မနက်ဖြန်မှ သွားကြရအောင် ”
ဟု ပြောလေရာ မယ်ပို မျက်နှာ ပျက်၍ သွားပြီး...
“ အမေ လာသွားမယ် ”
ဟု ပြော၍ ထွက်သွား လေ၏ ။ မောင်ပျော့သည် စကား မပြောဘဲ နောက်ကသာ လှမ်း၍ ကြည့်လိုက်လေ၏ ။
မယ်ပိုသည်ကား မောင်ပျော့ကို လူညံ့ တစ်ယောက် ၊ အောက်ကျသူ တစ်ယောက်ဟု အောက်မေ့ကာ စိတ်ပျက်၍ သွားလေ၏ ။ သို့သော်လည်း ရိုးသားသူ ဖြစ်သောကြောင့် သနားသော စိတ်သည် မခံချင်သော စိတ်နှင့် အတိုက်အခံ ဖြစ်၍ နေလေ၏ ။
မောင်ပျော့ကို အချို့က ဆီသည်ဟု ခေါ်ကြောင်း မယ်ပို ကြားသိရသဖြင့် အများကြီး စိတ်မကောင်း ဖြစ်ကာ မခံချိမခံသာ ဖြစ်လျက် မောင်ပျော့ကို ယူရမှာ ရှက်သလိုလိုပင် ဖြစ်ချင်လေ၏ ။ သို့သော်လည်း မောင်ပျော့ သည် လူကောင်း ဖြစ်သည် ၊ ကိုယ့်ထူးကိုယ်ချွန် ပညာကလေးနှင့် ရိုးမှန်စွာ အလုပ်လုပ်သူ ဖြစ်သည် ဟူသော အကြောင်းများကို ဆင်ခြင်ကာ စိတ်ကို ဖြေရလေ၏ ။
မောင်ပျော့ မှာကား စာရေးများ ထွက်သွားပြီး နောက် သူဌေးက ခေါ် သဖြင့် အခန်းထဲသို့ ရောက်သွားရာ သူဌေး ရော ၊ မန်နေဂျာ ပါ တွေ့ ရလေ၏ ။
မန်နေဂျာ ။ ။ “ တစ်နေ့က ( စတိတ်မန်း ) တစ်ခု လုပ်ပြီးပလား ”
“ မပြီးသေးဘူး ”
“ ဟင် - နို့ မင်း မနက် စောစောကြီးလည်း အလုပ် လာတယ် ၊ ညနေတိုင်းလည်း နောက်ဆုံးမှ အလုပ် ဆင်းတယ် ၊ ပေးတဲ့ အလုပ်လည်း မပြီး ၊ မင်း အခုထက်ထိ အလုပ် မတတ်သေးဘူးလား ၊ မလုပ်တတ်လို့လား ၊ သေသေချာချာ ပြောထားတာပဲ ”
သူဌေး ။ ။ “ သူ့ကို ခိုင်းလို့ ဘာဖြစ်မလဲ ။ ဘတင် အလုပ်ကို ဘတင်မှ နားလည်တာပဲ ။ ဒီအကောင်ကလည်း အခု ထက်ထိ မမာသေးဘူး ”
မန်နေဂျာ ။ ။ “ ကျွန်တော် သေသေချာချာ ပြထားတာပဲ ”
ပျော့ ။ ။ “ ကျွန်တော် အခု လုပ်ပေးနိုင်ပါတယ် ”
ဟု ပြောပြီး ထွက်၍ လာလေ၏ ။ မကြာမီ ပြီးလေ၏ ။ မန်နေဂျာသည် ၎င်းကို ကြည့်ကာ ...
“ နို့ ဘာဖြစ်လို့ စောစော လုပ် မထားသလဲ ၊ အင်း အဟုတ်သားပဲ ၊ နောက်ကို ခိုင်းတာ မြန်မြန် လုပ်မှပေါ့ ” ဟု ပြောလေ၏ ။
မောင်ပျော့က မန်နေဂျာအား မိမိ၏ စားပွဲပေါ် က အလုပ်များကို ယူပြပြီး ...
“ အဲဒါတွေကို လုပ်နေရလို့ပါ ”
ဟု ပြောလေရာ သူဌေး နှင့် မန်နေဂျာ သည် အလုပ်များကို ကြည့်ကာ အံ့အားသင့်၍ နေလေ၏ ။
မန်နေဂျာ ။ ။ “ ဒီ အလုပ်တွေကို မင်း လုပ်တတ်သလား ၊ ဘယ်သူက သင်ပေးသလဲ ”
“ သူတို့ကို မေးမြန်း လုပ်ရတာပဲ ၊ သူတို့ သင်ပေးကြပါတယ် ”
“ နို့ - မင်း အကုန် နားလည် သလား ”
“ အခုတော့ နားလည်ပါတယ် ၊ ခြောက်လကျော်ကျော် ရှိပါပြီ ၊ သူတို့ သင်ပေးတာနဲ့ ကျွန်တော်ချည်း လုပ်ပေးနေတယ် ”
သူဌေး ။ ။ “ အင်း - ဒါကြောင့် ခုတင်က စတိတ်မန်းကို လုပ်တတ်တာပေါ့ ။ ကြည့်စမ်း ဘတင် ထက် သေချာ နေပါကလား ”
ဟု ပြောပြီး မောင်ပျော့ကို အံ့သြသော မျက်နှာနှင့် ကြည့်၍နေကြလေ၏ ။
ပျော့ ။ ။ “ ကျွန်တော် ဒီလောက် အပင်ပန်း ခံတာဟာ သူတို့ကို ကြောက်လို့ ၊ အားနာလို့ မဟုတ်ပါဘူး ၊ တစ်တိုက်လုံး အလုပ် ရှိသမျှကို အကုန် တတ်ရင် တစ်နေ့တော့ မန်နေဂျာ ဖြစ်မှာပဲလို့ အားကိုးပြီး လုပ်နေတာပါ ”
ဟု အတိအလင်း ပြောလေ၏ ။
မန်နေဂျာက သူဌေးအား ...
“ ဟုတ်တယ် ကျွန်တော် ကြားရတယ် ၊ သူ့ကို တချို့က ညာခိုင်း ကြသတဲ့ ၊ တချို့က ခြောက်ခိုင်းကြသတဲ့ ။ အခုပဲ စမ်းကြည့်ရရင် မကောင်းဘူးလား ၊ ကျွန်တော် ဟိုကိစ္စနဲ့ ယိုးဒယား သွားခိုက်မှာ ... ”
ဟု ပြောလေ၏ ။
သူဌေး ။ ။ “ အင်း .. တခြား ဘယ်လူ့မှ စိတ်ကူးလို့ မရဘူး ၊ လူညာချည်းပဲ ”
ဟု ပြောပြီး မောင်ပျော့ ဘက်သို့ လှည့်ကာ
“ ကိုင်း ... အခု မင်းကို ဟောဒီ မန်နေဂျာ နေရာမှာ ခေတ္တ အစမ်း မန်နေဂျာ ၊ ယိုးဒယားက ပြန်လာပြီး အခု စီစဉ်တဲ့ အလုပ် တစ်ခု ဖြစ်မြောက်ရင် မင်း အမြဲတမ်း ဖြစ်ရမယ် ၊ နိုင်ပါ့မလား ”
“ တစ်တိုက်လုံး ကျွန်တော့်ကို ဝိုင်းပြီး သင်ပေးထားပါတယ် ၊ ကျွန်တော် နိုင်ပါတယ် ”
ဟု ပြောလေရာ သူဌေးက လွန်စွာ သဘောကျပြီး မောင်ပျော့ကို “ သွားတော့ ” ဟု ပြောလေ၏ ။ သူဌေး နှင့် မန်နေဂျာ သည်ကား ၎င်း အကြောင်းကို ဆက်လက် စကားပြော၍ နေရစ်ကြလေ၏ ။
နောက်တစ်နေ့ နံနက် မောင်ပျော့သည် အခါတိုင်းနည်းတူ မိမိ၏ စားပွဲမှာ ထိုင်လျက် နေလေ၏ ။ သူဌေး နှင့် မန်နေဂျာ မရောက်သေး သဖြင့် နေရာ မရသေးချေ ။ မိမိ အလုပ် တိုးကြောင်း ကိုလည်း မည်သူ့ကိုမျှ ပြော၍ မပြဘဲ နေလေ၏ ။
၎င်း စားပွဲ၌ စာရေးတွေ ဝိုင်းကာ သူ့ဟာ ပြီးပလား ၊ ငါ့ဟာ ပြီးပလား စသည်ဖြင့် မေးကြလျက် မိမိတို့ ဆိုင်ရာ စက္ကူများကို တောင်းကြလေ၏ ။ အချို့ကလည်း ထပ်၍ ပေးကြလေ၏ ။ ထိုအခိုက်တွင် သူဌေး ဝင်၍ လာလေ၏ ။
အတန်ကြာလျှင် မောင်ပျော့ကို ခေါ်လေရာ မောင်ပျော့သည် သူဌေး အခန်းမှ ပြန်၍ ထွက် မလာဘဲ နေလေ၏ ။ အကြောင်းမူကား မန်နေဂျာ ယနေ့ပင် အရေးကြီးသော ကိစ္စနှင့် သွားရသောကြောင့် အလုပ် ကိုယ်တိုင် လွှဲ၍ မသွားနိုင်ဘဲ သူဌေး ကိုယ်တိုင် မောင်ပျော့အား အလုပ် အပ်ရလေရာ မောင်ပျော့မှာ မန်နေဂျာအခန်း၌ တစ်ခါတည်း ထိုင်ရလေတော့ သတည်း ။
အပြင်ရှိ စာရေးများသည် ကား စဉ်းစားတွေးတော၍ နေကြလေ၏ ။ အချို့ကလည်း မိမိတို့၏ စက္ကူများကို မောင်ပျော့ထံမှ ပြန်၍ မရသေးသဖြင့် မတော်တဆ မန်နေဂျာက ခေါ်၍ မေးလျှင် ခက်ချေရဲ့ဟု စိုးရိမ်ပူပန်၍ နေလေ၏ ။ ထိုအခိုက်တွင် ဒရဝမ်ကု,လားသည် မောင်ပျော့၏ စားပွဲပေါ်က စက္ကူတွေကို အကုန်ယူပြီး သူဌေး အခန်းထဲသို့ ဝင် သွားသည်ကို စာရေးများ မြင်ကြသောအခါ ထိတ်လန့်၍ နေကြလေ၏ ။
“ ဧကန် အညာသား ဆီသည်ဟာ ငါတို့ အလုပ်တွေကို သူ လုပ် ပေးရကြောင်း သူဌေးကို ပြောပြီ ၊ ဒီအတွက် သူဌေးက စစ်ဆေးတာပဲ ”
ဟု တွေးကြလေ၏ ။ အပြင်၌ တီးတိုးစကား ပြောကြလေ၏ ။ အချို့ကလည်း အညာသား ဆီသည်ကို ဆုံးမမှ တော်မည်ဟု ကြိမ်းမောင်းကြ၏ ။ အချို့ကလည်း “ ဆီသည် အပြစ် မဟုတ် ၊ ကိုရင်တို့က ဆီသည်ကို ခိုင်းကောင်းတိုင်း အကြောကြီးနဲ့ ခိုင်းတော့ သူ့ခမျာ ခံနိုင်ပါ့မလား ” ဟု ပြောကြလေ၏ ။
“ ဟေ့ - အောင်မယ် မင်း က သူဌေးကို သွားတိုင်တာပေါ့လေ ၊ ငါတို့က အလုပ်ရှားတဲ့ အကောင်တွေ မဟုတ်ဘူးကွဲ့ သိလား ၊ ပေး ငါ့စက္ကူ မပြီးသေးဘူးလား ”
ဟု ပြောကာ ဆီသည်က ပြုံးရယ်လျက် ပေးလေ၏ ။
တစ်ယောက်က ...
“ ပေးပါကွယ် ၊ မင်းကို ဘယ်သူက အတင်း ခိုင်းလို့လဲ ၊ မလုပ်ချင်ရင် မလုပ်ချင်ဘူး ပြောပါလား ၊ ဘာဖြစ်လို့ သူဌေးကို သွားပြရသလဲ ၊ ဒါကြောင့် မင်းကို ဆီသည်လို့ ခေါ်ကြတာ ”
ဟု ပြောပြီး စက္ကူထပ်ကြီးကို အတင်း ယူကာ လှန်လှော ရှာဖွေလေ၏ ။ စာရေးများသည် အလုပ် စက္ကူထပ်ကြီးကိုသာ ဝိုင်းအုံ နေကြလေ၏ ။
မောင်ပျော့ကား ကလေးများကို ချစ်ခင်သော ကျောင်းဆရာ ကြည့် သကဲ့သို့ ကြည့်ပြီး မန်နေဂျာခန်းထဲ ဝင်၍ သွားလေ၏ ။ မကြာမီ မောင်ပျော့အား အလုပ်ပေးသော စာရေးများကို မန်နေဂျာက ခေါ်သဖြင့် ၎င်းတို့၏ စိတ်ထဲ၌ ဧကန် ဆီသည် ငါတို့ကို ကုန်းတိုက်ပြီဟု အောက်မေ့ကာ ကြောက်ရွံ့စွာနှင့် ဝင်၍ သွားကြလေရာ ကျယ်သော အခန်းတွင် လက်ပြောင်ကြီးမားသော စားပွဲကြီး၌ ထိုင်ကာ စက္ကူများကို လှန်၍နေသော မောင်ပျော့ကို မြင်ကြရသဖြင့် အံ့သြ မိန်းမောကာ တစ္ဆေကို တွေ့သော သူလို ဖြစ်၍ နေကြလေသတည်း ။
မောင်ပျော့သည် မတ်တတ်ရပ်ကာ ၎င်းတို့ကို ထက်မြက်သော မျက်လုံးများနှင့် တစ်ယောက်စီ ကြည့်ပြီး ..
“ အခု ဆီသည်ဟာ မန်နေဂျာဘဝ ရောက်ခြင်းဟာ ကျုပ်ကို အလုပ် အမျိုးမျိုး လုပ်ခိုင်းသူများရဲ့ ကျေးဇူးကြောင့် ဖြစ်ပါတယ် ။ ဒီအလုပ် အမျိုးမျိုးကို ခိုင်းခြင်းဟာ မန်နေဂျာ ဖြစ်အောင် ဝိုင်းပြီး သင်ပေးကြ တာပါပဲ ၊ ဒီ့အတွက် ယနေ့ည ကျုပ် အိမ်မှာ ညစာ စားဖို့ အားလုံးကို ဖိတ်ကြားပါတယ် ”
ဟု ပြောနေခိုက်မှာ သူဌေး ကိုယ်တိုင် ဝင်၍ လာပြီး ခေါင်း ညိတ်၍ ညိတ်၍ သာ နေသည်ကို စာရေးများ မြင်ကြရလေ သတည်း ။
( ၉ - ၁ဝ - ၁၉၃၂ )
⎕ ပီ - မိုးနင်း
📖ဝတ္ထုပဒေသာ အမှတ် - ၁
No comments:
Post a Comment