❝ အချစ် စမ်းချင်စမ်း မစမ်းချင်နေ ❞
( သန်းမြင့်အောင် )
“ ကျုပ် အသက် ၁၉ နှစ် သမီးကတည်းက လင်ယူလာတာ ။ အခု အသက်ငါးဆယ် ပြည့်တော့မယ် ။ တစ်ချက်ကလေးမှ အလုပ်နဲ့ လက် မပြတ်ရသေးဘူး ။ အဲဒီလောက် လင်ကို ညှာတဲ့ ကောင်မ ၊ ရှာလည်း ကြည့်ကြဦး ”
ဒေါ်လှမေက အိမ်ဘေး ရေစင်တွင် ဟင်းရွက်တွေ ဆိတ်ဆွ ဆေးကြောရင်းက မကျေမနပ်နှင့် တရစပ် ပြောနေသည် ။
“ ကလေးသုံးယောက် ဗိုက်ကြီးလွယ်ထားတဲ့ အချိန်တောင် ကျုပ်က နားတာ မဟုတ်ဘူး ။ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာ သူများတွေ ပြောတဲ့ စကား ၊ ကျုပ်ကတော့ သူတစ်ထမ်း ကိုယ်တစ်ထမ်းကို ထမ်းလာခဲ့တာ ။ သင်းက ခုမှ ကိုယ့်အသက်ကို အားမနာ ၊ သမီးနဲ့ သမက်နဲ့ ၊ မြေးနဲ့ ဖြစ်မှ ဖောက်လှဲဖောက်ပြန်တဲ့ လူတော့ လာပါစေ ၊ လှမေ အကြောင်း ကောင်းကောင်း သိသွားမယ် ”
တဖြည်းဖြည်း အရှိန်မြင့်လာတော့ ဆိုင်ကလေးထဲ စားပွဲထိုးပေးနေသော သမက်လုပ်သူ ကျော်အောင် က သူ့မိန်းမ အေးနွယ် ကို လှမ်းပြီး မျက်စပစ်ပြလိုက်သည် ။
‘ အဘွားကြီး ကြမ်းနေပြီ ’ ဟူသော အဓိပ္ပာယ်ကို အေးနွယ် ကလည်း သတိပြုမိကာ ပြုံးယောင်ယောင် ဖြစ်သွားသည် ။
“ ဟင်း ပြောရင်း ... ပြောရင်း ဒေါသဖြစ်တယ် ။ အဲဒီ ကုန်ကားမောင်းတဲ့ အလုပ်ကို ဖြတ်ရင် ဖြတ် ၊ မဖြတ်ရင် ကားပါ မီးနဲ့ ရှို့ပစ်မယ် ။ ဒရိုင်ဘာ ငှားပြီး ခိုင်းပါ ဆိုတော့လည်း ပြောမရတာ ဒါကြောင့်ကိုး ၊ သူ့ကိုယ်သူ လည်လှပြီ မှတ်နေတာ ”
“ ဟာ အမေကလည်း တိုးတိုးပြောပါ ၊ အမေ့အသံက ပြောရင်း ပြောရင်း ကျယ်လာပြီ ။ အိမ်ရှေ့မှာ ထမင်းစားတဲ့ လူတွေ ကြားကုန်ပါဦးမယ် ”
မနေနိုင်တော့တဲ့ အလတ်မ မိသွယ်က အမေ့ကို လှမ်းပြောလိုက်သည် ။
“ ကြား .... ကြားအေ ၊ ကိုယ့်အကြောင်း ကိုယ် ပြောတာ သူများ အကြောင်း ပြောတာ မဟုတ်ဘူး ”
“ ရှက်စရာကြီး အမေရာ ၊ မပြောပါနဲ့ ၊ အမေ မရှက်ဘူးလား ”
“ ရှက်နိုင်ပေါင် ”
“ အမေ မကျေနပ်တာ အဖေ့ကို မဟုတ်လား ။ အဖေ လာမှ ပြောပေါ့ အမေရာ ။ အခု အမေ ပြောနေတာတွေ အဖေ ကြားတာမှ မဟုတ်တာ ”
“ သူ မကြားလည်း သူ့သမီးတွေ ကြားတယ်လေ ၊ ညည်းတို့ ကြားတယ် မဟုတ်လား ။ ပြန်ပြောလိုက်ကြပေါ့ ”
“ အဲဒီလိုဆိုလည်း အိမ်သားတွေချည်း ရှိတဲ့ အချိန် ပြောပါ အမေရာ ၊ အ မေ့ဆို င်မှာ ထမင်းစားတဲ့ လူတွေ ၊ အလုပ်ကြမ်းသမားတွေ ၊ ဆိုက်ကားသမား ၊ ကားသမားတွေနဲ့ အမေရဲ့ ”
“ အဲဒါ ဘာဖြစ်တုံး ”
“ သူတို့ ခမျာ ဒီအချိန်လေး နားရတာ ။ စားတုန်း သောက်တုန်း နားအေးပါအေး နေပါစေ အမေရာ ၊ ကိုယ့် ကိုယ့်ရေးကိုယ်တာကြောင့် သူများ အနှောင့်အယှက် မဖြစ်ပါစေနဲ့ ၊ အမေ ဆူပူနေရင် စိတ်ညစ်ပြီး နောက် ဘယ်လာအားပေးချင်ပါ့မလဲ ”
“ ညည်းတို့ .. ရှက် ရှက်တယ် ပြောစမ်းပါအေ ”
အငယ်မကပါ ဝင်တားတော့ ဒေါ်လှမေ လေသံပျော့သည် ။ ဒါတောင် “ ညည်းတို့ကို တကယ် အရှက်ခွဲမှာက ကျုပ် မဟုတ်ဘူးအေ့ ၊ ညည်းအဖေ ၊ ညည်းတို့ ကြပ်ကြပ် သတိထားကြတော့ ” ဟု ဆိုကာ နေရာမှ ဆောင့်အောင့်ပြီး ထွက်သွား၏ ။
“ အဖေက မမိုက်ဘူးဟာ ”
ညနေဆိုင်သိမ်းချိန် အမေနှင့် သမက်ဖြစ်သူ ကျော်အောင်တို့ သီရိမင်္ဂလာဈေး သွားတုန်းမှာ ညီအစ်မသုံးယောက် ခေါင်းချင်းဆိုင်မိကြချိန်တွင် မိသွယ်က စပြော၏ ။ အကြီးမ အေးနွယ်က နှစ်နှစ်သာသာ အရွယ်ရှိ သားငယ် ရွှေတိုး ကို ပွေ့ထားရင်းက ...
“ ယောက်ျားတွေက အဲဒီလိုပဲဟဲ့ ၊ မိန်းမနဲ့ မျက်ခြည်ပြတ်သွားတာနဲ့ ဖောက်ပြန်ချင်တာ ။ ကြီးကြီးငယ်ငယ် လွှတ်ထာလားလို့ မရဘူး ”
ဆိုတော့ အဖေ့အသည်းကျော် အငယ်မ ...
“ အမယ် ၊ မနွယ်က အဲဒီလိုတော့ မပြောပါနဲ့ပနော် ။ မနွယ် ယောက်ျားနဲ့ နှိုင်းပြီး မပြောပါနဲ့ ။ အဖေကြီးက အဲဒီလို မဟုတ်ပါဘူး ။ ခုလည်း ဘကြီးအေးမောင် မူးမူးနဲ့ ပြောတဲ့အတိုင်း ဟုတ်ချင်မှ မဟုတ်မှာပါ ။ သူများ ပြောတိုင်း စွတ်ယုံမနေကြနဲ့ ဦး ”
“ ငါ့ယောက်ျားလည်း အဲဒီလို မဟုတ်ပါဘူးနော် ။ ငါက တွေ့ဖူးတာတွေကို ပြောတာ ”
အကြီးမက လျှောချသွား၏ ။
“ မနွယ် ကျတော့လည်း လွန်လွန်းပါတယ် ။ ဟိုလူနဲ့ စကားပြော ပြောနေပြန်ပြီ ။ ဒီလူ ပြုံးပြ ပြပြန်ပြီနဲ့ မျက်စိအောက်က အပျောက်မှ မခံတာ ။ မနွယ်ယောက်ျားက ဘယ်လှုပ်ရဲမလဲ ”
“ နေစမ်းပါဦးဟာ ၊ အဲဒါတွေ အရေးမကြီးပါဘူး ။ ဖေကြီးကိစ္စ တကယ်ဟုတ် ၊ မဟုတ် သိချင်တယ် ။ ဟုတ်နေရင်တော့ ဒုက္ခပဲ ”
“ သိဘူးလေဟာ ၊ သူတို့ ကားသမားအချင်းချင်း ပြောတာပဲ ။ ဟုတ်မှာပေါ့ ”
“ ဒါဆို ဖေကြီး လာရင် အမေ သောင်းကျန်းတော့မှာ သေချာတယ် ”
“ သောင်းကျန်းပါစေ ၊ ဝင်မဆွဲကြေး သိလား ”
“ အေး ”
ညီအစ်မတွေ စိတ်တူ သဘောတူ တိုင်ပင်ထားကြ၏ ။ သမီးတွေက အဖေ့ကို သည်းသည်းလှုပ် ချစ်သလို အမေ့ကိုတော့ အသနားပါ ထပ်၍ ပိုနေကြသေး၏ ။ သူတို့ အမေသည် အခြား အမေတွေထက် မိသားစုအပေါ် အနစ်နာခံသည်ဟု သူတို့ ယူဆ၏ ။ မိသားစုအပေါ်တွင်သာမက အမေသည် သူ့ဆိုင်မှာ စားသောက်သူတွေ အတွက်လည်း စေတနာထားရှာသည် ။ အမေ့ဆိုင်ကလေးက လက်လုပ်လက်စားများ၏ စားမြိန်ဝိုင်းဖြစ်သည် ။
“ ဆင်းရဲသား ဆိုတာ ငါးပိ ၊ တို့ စရာတို့ကို ဦးစားပေးရတာ ။ အာဟာရလည်း ရှိတယ် ။ အကုန်လည်း သက်သာတယ် ။ ငါးပိ ၊ တို့စရာ ကောင်းရင် ဟင်းကောင်းမလိုပါဘူး ။ ပိုက်ဆံ ရှာရတာ လွယ်တာ မဟုတ်ဘူး ” ဟု ဆိုတာ ဖောဖောသီသီ ဝဝလင်လင် ကျွေးနိုင်ရေးအတွက် အပင်ပန်းခံကာ အချိန်မရလျှင် ညဘက် ဆိုင်ပိတ်ချိန်မှ ဖြစ်စေ ညလုံးပေါက် သီရိမင်္ဂလာဈေးသို့ သွား၍ ခြင်းကြီး ခြင်းငယ်ဖြင့် ဟင်းသီးဟင်းရွက်များ ကျုံးဝယ်လေ့ ရှိ၏ ။ ထို့ကြောင့် အမေ့ဆိုင်တွင် ထမင်းစားသူတို့က ငါးပိရည် ကောင်းကောင်း ၊ တို့စရာ စုံစုံ ၊ ဟင်းသီးဟင်းရွက်ကြော်များများ ၊ ချဉ်ရည်ဟင်း ပျစ်ပျစ်တို့ ဖြင့် ထမင်းမြိန်လေ့ရှိ၏ ။
••••• ••••• •••••
“ အမေ ထမင်းမစားရသေးဘူး မဟုတ်လား ။ ခူးလိုက်မယ်နော် ”
သီရိမင်္ဂလာဈေးမှ ပြန်လာပြီး ဆေးလိပ်တစ်တိုနှင့် ငိုင်နေသော အမေ့အနားကို မိသွယ် ရောက်သွား၏ ။
“ မခူးနဲ့ ... မခူးနဲ့ ၊ မစားချင်ဘူး ”
“ အမေ အမောပြေရင် စားလိုက်တော့လေ ၊ ဈေးသွားခါနီး ကျွန်တော် စားတုန်းကလည်း အမေ ဝင်မစားဘူး ”
ကျော်အောင်ကပါ အမေ့ကို လှမ်းပြော၏ ။
“ ငါမှ မဆာသေးတာ ၊ ဆာရင် စားမှာပေါ့ ၊ မင်းတို့ လင်မယား ပြီးရင် ပြန်ကြတော့လေ ၊ ကလေးအိပ်ချင်နေရောပေါ့ ”
အကြီးမ လင်မယားက သူတို့ နှစ်အိမ်ကျော်တွင် နေသည် ။ အိမ်ထောင်ကျပြီး ကတည်းက ကျော်အောင့်ကို နဂိုအလုပ်က ထွက်ခိုင်းပြီး အမေက ဆိုင်တွင် ကူခိုင်းတာ စားစရိတ်ငြိမ်းပြီး လခကို သက်သက်ပေးသည် ။ သူစိမ်း ခေါ်မည့်အစား သားသမီးကို ထားတော့ အမေလည်း အဆင်ပြေ ၊ သူတို့လည်း စုမိဆောင်းမိ ရှိသည် ။
“ အမေက ဘာလို့ မစားသေးတာလဲ ”
မိသွယ်က ပြောမရတော့ အငယ်မကပါ ထပ်ကာ အမေ့အနား ကပ်ထိုင်ရင်း မေးပြန်၏ ။
“ မစားချင်လို့ပေါ့ဟဲ့ ”
“ ဘာလို့ မစားချင်ရတာလဲ ”
“ မဆာလို့ .. မဆာလို့ ”
မိငယ်က မချိုမချဉ် မျက်နှာဖြင့် အမေ့ကို ဖက်ကာ ..
“ အမေ အသည်းကွဲနေတာ မဟုတ်လား ”
“ တယ် ... ဒီကောင်မ ”
မိငယ်က စတော့ ဒေါ်လှမေ မျက်နှာကြီးရဲကာ လှမ်းခေါက်မည်ပြု၏ ။
“ ဟုတ်ပါတယ် ။ တို့ အမေကြီးကလည်း ဖေကြီးကို အောက်မေ့ပြီး အသည်းကွဲနေတာ ။ ထမင်းတောင် မစားနိုင်ဘူးဟေ့ ၊ ရယ်ရတယ် ”
“ အောင်မယ် ၊ သင်းအတွက်များ ငါက အစားပျက် အသောက်ပျက် ဖြစ်ရအောင် သင်းက ဘာမို့လို့လဲ ၊ ညည်းတို့က အဲဒီလို ထင်နေရင် ယူလာခဲ့ ကျုပ် စားပြမယ် ။ ထမင်းနဲ့ ဟင်း ပုံခဲ့ ”
ဒေါ်လှမေက စိတ်မရှည်သလို ပြောတော့ ...
“ အဖေနဲ့ အမေ့ကိုတော့ မိငယ်မှ ပဲ နိုင်တယ် ” ဟု ပြောကာ မိသွယ်က ထမင်းပြေးထည့်၏ ။
••••• ••••• •••••
“ အဟုတ် ပြောတာလား ဒေါ်ကြီးရာ ၊ ဒေါ်ကြီးယောက်ျားကိုယ်တိုင် တွေ့ခဲ့တာလား ”
“ အေးလေ ၊ သူပြောလို့ ငါသိတာပေါ့ ၊ ညည်းအမေကိုလည်း သူပဲ ပြောတာ မဟုတ်လား ”
“ အခု အမေက တအား ခံစားနေရတာ ။ အဖေလာရင် ပြဿနာတက်မှာ သေချာတယ် ”
“ ဒုက္ခပါပဲအေ ၊ ကျုပ်တို့ လင်မယားတော့ တရားခံဖြစ်တော့မယ် ထင်တယ် ”
“ မဖြစ်ပါဘူး ဒေါ်ကြီးရာ ၊ ပြန်ပြောပြတာ ကျေးဇူးတောင် တင်ပါသေးတယ် ။ ဒေါ်ကြီးတို့သာ မပြောရင် အဖေ နယ်မှာ မိန်းမယူထားရင်တောင် မိငယ်တို့ သိမှာ မဟုတ်ဘူး ”
“ အဲဒီလောက်လည်း မဟုတ်ပါဘူးအေ ၊ ညည်းအဖေက လူရိုးပါ ။ အခုဟာက မိန်းမက ကပ်နေတဲ့ ပုံပါ ။ ငါ့အိမ်က လူကမှ ခပ်ရှုပ်ရှုပ်ရယ် ။ အဲဒီမိန်းမက ညည်းအဖေ လာရင် ကွမ်းယာ ဆီးကျွေး ၊ ဆေးလိပ် ဆီးတိုက်နဲ့တဲ့ ။ ပြီးတော့ သူတို့ နှစ်ယောက် ထမင်းဆိုင်မှာ အတူမှာ စားကြတာလည်း သုံးလေးခါလောက် မြင်တယ်ဆိုတော့ မရိုးတော့ဘူး ထင်လို့ ပြောတာပါ ။ ကျုပ်လည်း မသိဘူး ။ သူ ပြောသမျှ သိတာ ”
“ အခုတောင် သူတို့ ညားနေပြီလား မသိဘူးနော် ဒေါ်ကြီး ”
“ ခဏတစ်ဖြုတ် အပျော်သဘော နေ့မှာ ပါအေ ၊ သမီးတွေ မြေးတွေကို တုန်နေအောင် ချစ်တာ ၊ ကိုထွန်းအောင် ဒီလိုတော့ မလုပ်တန်ကောင်းပါဘူး ”
“ အပျော်သဘောလည်း ဘယ်ကောင်းမလဲ ဒေါ်ကြီးရာ ၊ ရှက်စရာကြီး ”
မိငယ် အိမ်ပြန်ရောက်တော့ အစ်မနှစ်ယောက်ကို အတွင်းခန်းမှာ အိပ်နေသော အမေ မကြားအောင် သူ သိခဲ့သမျှကို ပြန်ပြီး ဖောက်သည်ချနေတော့၏ ။ အဒေါ်နှစ်ယောက်နှင့် အမေ ကြားတွင် ရွှေတိုးကလေးက မျက်လုံးကလယ်ကလယ်နှင့် ရှိနေရှာ၏ ။
ကနေ့ည ဒေါ်လှမေ တစ်ညလုံး အိပ်မပျော် ။ အတွေးတွေက လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ဆီ ရောက်နေ၏ ။
အဲဒီတုန်းက အုပ်လုံးသိမ်းစ အလှသွေးကြွယ်ကာ ကြောက်တတ်သော လှမေ ၊ ကာလသား တစ်ယောက်ယောက်ကများ ခပ်စိုက်စိုက် ကြည့်လိုက်လျှင် ခြေလှမ်းတွေ ဟိုယိုင် သည်ယိုင်နှင့် အယောင်အယောင် အမှားမှား ဖြစ်တတ်သော လှမေ ၊ ထို လှမေသည် ညီအစ်မဝမ်းကွဲ တော်သူ မြချစ် အောင်သွယ် ကောင်းသဖြင့် ဆွေမျိုးမိသားစုထံတွင် လာနေရင်း ပလတ်စတစ်စက်ရုံ ညဆိုင်း လုပ်သား ထွန်းမောင် နှင့် ရည်းစားဖြစ်ခဲ့သည် ။ သမီးရည်းစားသာ ဖြစ်သွားသည် ။ လှမေနှင့် ထွန်းမောင် နှစ်ယောက်တည်း တစ်ကြိမ်မှ မဆုံဖူး ။ ထွန်းမောင်က လှမေကို ကာလ အတော်ကြာအောင်ပင် နှစ်ယောက်အတူ တွေ့ခွင့်ပေးရန် စာဖြင့်တစ်မျိုး ၊ မြချစ် နှင့် စကားပါး၍ တစ်မျိုး တောင်းပန်၏ ။ လှမေ က တွေ့လည်း တွေ့ချင်၏ ။ တွေ့လည်း မတွေ့ရဲ ။ အိမ်ကို ဘယ်လို ပြောပြီး ထွက်ရမှန်းလည်း မသိ ။ လှမေတို့ အိမ်က ဆေးလိပ်ခုံ ဖြစ်၏ ။ အိမ်မှာ တစ်နေကုန် ဆေးလိပ်လိပ်ရသော လှမေက ရံဖန်ရံခါ ဈေးသွားဝယ်ရတာက လွဲ၍ အပြင်ထွက်စရာ အခွင့်အရေး မရှိ ။ အချိန်ရှိ သ၍ ဆေးလိပ်ခုံတွင်သာ အချိန်ကုန်ရသည် ။ ဆေးလိပ် လာလိပ်သော ဆေးလိပ်သမများ၏ နှုတ်ဖျားတွင် တစ်နယ်သား ကာလသား ထွန်းမောင်၏ ရိုးသားကြောင်း ၊ သဘောကောင်းကြောင်း ၊ ယောက်ျားပီသကြောင်း ကောင်းသတင်းကိုတော့ အဆက်မပြတ် ကြားနေရ၏ ။ တစ်နေ့တွင်တော့ သူ့ချိန်းဆိုမှုကို အရဲစွန့်၍ လှမေ လက်ခံလိုက်သည် ။ ချိန်းသည့်နေရာကား ဆေးလိပ်ခုံနှင့် အတော်အတန် လှမ်းသော ဘုရားဝိုင်းထဲမှာ ဖြစ်၏ ။ မြချစ် မှ တစ်ဆင့် ထွန်းမောင် က နံနက် ဂျူတီ ထွက်ကတည်းက ဘုရားဝိုင်းထဲတွင် မလာမချင်း စောင့်နေမည် ။ ထွန်းမောင်ကို ထမင်းစားချိန် ၁၁ နာရီ လောက်မှ လာ၍ ရမည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်၏ ။
အိမ်မှ ထွက်ရန် အတွက်တော့ မြချစ် ကို ဘုရားမှာ ယတြာသွားချေချင်လို့ ဆိုပြီး အမေ့ကို လာပြောပြီး အဖော်ခေါ်ရန် ဇာတ်တိုက်ထား၏ ။ မတော်တဆ အသိမိတ်ဆွေများ ဘုရားပေါ် တွေ့လျှင်လည်း ရှင်းရလွယ်အောင်ဖြစ်သည် ။
စီစဉ်ထားသည့်အတိုင်း မြချစ် လာခေါ်သည် ။ အမေက တော်တော်နှင့်မလွှတ် ။ ဆေးစပ်ခိုင်း နေသေးသည် ။ ဖင်စီခံ ဖြတ်ခိုင်းနေသေးသည် ။ အချိန်က မျှော်မှန်းထားသည်ထက် အတော်လေး လင့်သွား၏ ။ နေ့လယ် တစ်နာရီကျော်သွားမှ “ မြန်မြန် ပြန်လာနော် ၊ အိမ်မှာ လုပ်စရာတွေ တစ်ပုံကြီး ” ဟု ပြောပြီး လွှတ်လိုက်၏ ။ လှမေတို့ ညီအစ်မ ဘုရားစောင်းတန်းဘက်သို့ ကမန်းကတန်း သုတ်ခြေတင်ခဲ့၏ ။ ဘုရားဝိုင်းနှင့် နီးလာလေ လှမေ ရင်တွေ ခုန်လာလေ ... ။ မြချစ်ကို ဆုပ်ကိုင်ထားသော သူ့လက်ဖဝါးတွေက ဇောချွေးတွေနှင့် နစ်နေသည် ။ ဘုရားကုန်းတော်ပေါ် လှမ်းတက်ချိန် တွင် သူ့ခြေထောက်တွေက မြေကြီးနှင့် ထိသည် မထင်ရဘဲနှင့် ခလုတ်တွေ ခဏခဏ တိုက်နေပြန်သည် ။ သူတစ်ယောက်တော့ လည်ပင်း ညောင်ရေအိုး ဖြစ်နေရှာတော့မည်ဟု သနားကရုဏာကြီးကာ ရင်တွေ ဖိုနေမိသည် ။
သူ့ကို မြင်ရင် လှမ်းပြုံးပြလိုက်ရမလား ။ ရှက်ရှက်နှင့် ခေါင်းကြီးငုံ့ပြီး အသံတွေတုန်ကာ စကားမှ ပြောလို့ ရပါ့မလား ။ ဘုရားပေါ်ရှိ ချိန်းဆိုထားရာ နေရာအနီး အရောက် မျက်လုံးတွေက ပြာပြီး ဘာကိုမှ မမြင် ။
မမြချစ်က ဟိုကြည့် သည်ကြည့်နှင့် ...
“ ဟယ်တော့ အစ်ကိုထွန်းမောင်ရယ် ဟိုမှာ ” ဆိုပြီး တအံ့တဩနှင့် ရေရွတ်လိုက်တော့ သူ မရဲတရဲနှင့် လှမ်းအကြည့် ‘ ဟင် ’ ခနဲ ဖြစ်သွားသည် ။
ထွန်းမောင်ကား ကျောက်တုံးတစ်တုံးကို ခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လျက်ရှိသည် ။ ထွန်းမောင် အိပ်ပျော်နေပုံကြီးကို ကြည့်ကာ သူ တအားရှက်သွား၏ ။
“ ကျွန်မတို့ တော်တော်နဲ့ မလာနိုင်လို့ စောင့်ရင်းက အိပ်ပျော်သွားတာ ဖြစ်မယ် ”
မြချစ် ကလည်း ဘယ်လောက်ပဲ ရဲရဲ လူပျိုတစ်ယောက် အိပ်ပျော်နေတာကိုတော့ သွားမနှိုးရဲ ။ လှမေ က ပိုဆိုးတော့သည် ။ ညီအစ်မနှစ်ယောက်သား သူ့ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှ ထိုင်ကာ ဘုရားရှိခိုးရင်း စောင့်နေကြသည် ။ ရှိသမျှ ဘုရားရှိခိုးနှင့် ဂါထာတွေသာ အကုန်ရွတ်ဖတ်၍ ကုန်သွားသည် ။ ထွန်းမောင်က နိုးမလာ ။ ဘုရားကို လက်ဝဲရစ် လက်ယာရစ် အကြိမ်ကြိမ်ပတ်ရင်း သူ့နားမှာ ရစ်ဝဲရစ်ဝဲနှင့် ကြည့်ရင်း ခြေသလုံးသာ တောင့်လာသည် ။ သူကတော့ ဟောက်များပင် ဟောက်နေ ချေသေးသည် ။
နောက်ဆုံး ဘုရားပေါ်ကသာ ပြန်ဆင်းလာသည် ။ သူက မနိုး ။ လှမေ အကြာကြီး သူ့ကို စိတ်ကောက်ပစ်လိုက်သည် ။ မြချစ် စကားအရ အဲဒီနေ့က ညနေသုံးနာရီခွဲပြီး၍ မျက်နှာပေါ် ကျနေ ထိုးမှ နိုးလာပြီး လန့်ဖျပ် ထူပူသွားတော့သည် ဆို၏ ။
“ ဟင် .. အဲဒီကတည်းက လူကို ဒုက္ခပေးတဲ့ လူ ၊ အူတူတူ အတတနဲ့ ”
ဒေါ်လှမေ နှုတ်ခမ်းက မသိမသာ ပြုံးယောင်သန်းကာ တစ်ဖက်သို့ စောင်းအိပ်ရင်း ရင်ထဲမှ ကြုံးဝါးလိုက်၏ ။
“ အဲဒီတုန်းက ဒုက္ခမျိုးသာ ကျုပ်က ခံချင်ခံမယ် ။ အခု ပေးတဲ့ ဒုက္ခကိုတော့ ခံနေလိမ့်မယ် မထင်နဲ့ ၊ တော့် ခေါင်းနဲ့ ကိုယ် အိုးစားမကွဲလို့ ကတော့ ကျုပ်ကို ပြောချင်တိုင်း ပြော ”
••••• ••••• •••••
“ ဘုရား ဘုရား ငါမှားသွားပြီ ထင်တယ် ။ မြရီက ငါ့ကို တကယ်အားကိုးပုံပေါ်နေပြီ ”
ဦးထွန်းမောင် ရင်ထဲ လှုပ်လှုပ်ခတ်ခတ်နှင့် ကတုန်ကယင် ဖြစ်လာသည် ။
“ ကိုကြီးထွန်း ရော့ ၊ ဟောဒါက ကွမ်းယာဘူး ၊ ဒီမှာ ဆေးလိပ် ”
“ အေး .. အေး ရပါတယ်ဟာ ၊ နင်ကလည်း ဒုက္ခရှာလို့ ”
သူ မြရီကို မကြည့်ဘဲ ကားပေါ်တက်ဟန် ပြင်နေသည် ။ စပယ်ရာ မောင်အေးကို ရှေ့ခန်း တံခါးချက် လှမ်းဖွင့်ပေးရင်းမှ ပြောလိုက်သည် ။
“ အမယ် ... ဒါ ဒုက္ခမှ မဟုတ် ၊ မြရီ ယာတဲ့ ကွမ်းယာက အစပ်တည့်တယ် ဆိုလို့ လမ်းစားရအောင် ထည့်ပေးလိုက်တာ ”
“ အေးဟာ ... ကျေးဇူးပဲ ”
“ ကိုကြီးထွန်း ၊ ဘယ်နေ့ ကားပြန်ထွက်လာမှာလဲ ”
“ အခြေအနေရပဲဟ ”
“ ဟင် ကိုကြီးထွန်းကလည်း အကြာကြီးနေမှာလား ၊ ပြန်မလာတော့ဘူးလား ”
“ သိသေးဘူးလေဟာ ၊ အဆင်သင့်သလိုပေါ့ ”
“ ပြန်လာခဲ့ပါ ကိုကြီးထွန်းရာ ၊ မြရီက ကိုကြီးထွန်းကို အားကိုးနေရတာ ၊ ဒီကားဂိတ်က လူတွေက သိတဲ့ အတိုင်းပဲ ။ မြရီကို မထီတရီနဲ့ ”
မြရီက သနားစဖွယ် မျက်နှာငယ်နဲ့ သူ့ကို ငေးပြီး ပြောတော့ ဘေးနားမှာ ရှိသည့် မောင်အေး ကို သူ မလုံမလဲ ဖြစ်သွားသည် ။
“ နင် အိမ်ထောင်ပြုလိုက်ပါလားဟ ၊ ဒါမှမဟုတ် ဒီနေရာမှာ ရောင်းမယ့်အစား နံနက်ဈေး ဖြစ်ဖြစ် ပြောင်းရောင်းပါလား ”
“ ဟင် .. ကိုကြီးထွန်းကလည်း မြရီမှာ အားကိုးရမယ့်လူမှ မရှိတာ ။ ကိုကြီးထွန်း ရှာပေးမလား ”
“ အမယ်လေး မလုပ်ပါနဲ့ ၊ ငါ့မှာလည်း ပြဿနာနဲ့ ဟ ၊ အေးမောင်ကြီးကား ညက ပြန်ဝင်လာတယ် ။ ငါ့အိမ်က လူတွေ ငါ့ကို မျှော်နေကြပြီ ။ ဒီကောင်ကြီး ဘာတွေ သွားချွန်ထားမှန်း မသိဘူး ဟာ ”
အေးမောင် ညက သူ့ကို မူးမူးနှင့် ပြောသွားသည့် စကားတွေကိုတော့ သူ မြရီကို အားနာ၍ ပြန်မပြောဖြစ် ။
“ အဲဒီလူကြီးက အားကြီး မဟုတ်ကဟုတ်က ပြောတတ်တာ ၊ ဂရုမစိုက်စမ်းပါနဲ့ ကိုကြီးထွန်းရာ ။ ကျွန်မကိုလည်း အမျိုးမျိုး ပြောနေတာပဲ ”
“ အေးပါဟာ ၊ ငါက အကြောင်း မဟုတ်ပါဘူး ။ နင်သာ သတိဝီရိယနဲ့ နေ ၊ ညဘက်လည်း သိပ်မိုးချုပ်အောင် မရောင်းနဲ့ပေါ့ ၊ သွားမယ်နော် ”
ပြောပြောဆိုဆို ကားစက်နှိုးပြီး ထွက်ခဲ့စဉ် နောက်ကြည့်မှန်မှ သူ့ကားကို ငေးပြီး ကျန်ရစ်သော မြရီကို သူ မြင်ပြီး သနားနေသည် ။ ဒီကောင်မလေးဟာ ကလေးတစ်ယောက်အမေ ၊ မုဆိုးမ ၊ အမေအိုကြီးကို လုပ်ကျွေးနေသူ ၊ ဘဝမှာ လုံခြုံမှု သိပ်မရှိလှ ။ သူ့ ကိုတော့ အတော်အားကိုး ခင်မင် ယုံကြည်မှု ရှိသည် ။ သူမှ သူ ဖြစ်နေတော့ ဂိတ်က ကောင်တွေက သိပ်မကြည် ။ မူးလာပြီဆို အမနာပ ပြောကြသည် ။ ထိုသတင်းက အိမ်ပင် ပြန်ရောက်နေပြီဖြစ်ကြောင်း မနေ့က သိလိုက်ရတော့ သူ ရင်ပူသွားသည် ။
မြရီ အပေါ် သူ တိတ်တခိုး သာယာခဲ့မိတာ မှန်ရင်တောင် လှမေ နှင့် သမီးတွေကိုတော့ သူ ဘာနှင့်မှ မလဲနိုင် ။ လှမေ က သူ့အတွက် အဖိုးတန်လှသော မိန်းမတစ်ယောက် ၊ အုပ်လုံးသိမ်းစ ၊ ရွှေရင်သိမ်းစ အရွယ်ကတည်းက စွဲနစ်ခဲ့ရသည့် ငယ်ချစ် ၊ ပြီးတော့ သူ အသည်းခိုက်အောင် ချစ်ရသည့် သမီးတွေကိုလည်း သူ့အတွက် မွေးပေးခဲ့ရသေးသည် ။ မြေးကလေး ရွှေတိုး ကလည်း ဘိုးအေရဲ့ အသက် ။
သူ့ရဲ့ သံယောဇဉ်အသိုက်အမြုံကို သူ ဘယ်နည်းနှင့်မျှ ပြိုကွဲမခံနိုင် ။ လှမေ မကြိုက်လျှင် ဒီကားကို သူ မမောင်းရုံသာ ရှိတော့သည် ။ အေးမောင်ကြီးက သူ့နေရာမှာ ကားမောင်းချင်လို့ အုံနာစစ်စစ် ဖြစ်တဲ့ လှမေကို ပိုပိုသာသာ တွန်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မည် ။ အတော်ဆိုးတဲ့ ကောင် ။
“ ဟော ... အစ်ကိုရေ အချိန်အခါမဟုတ် ပိတောက်ပန်း ပွင့်နေပါလား ။ ညက မိုးရွာလို့ ထင်တယ် ”
မောင်အေး က လှမ်းပြောသည် ။
ရှားရှားပါးပါး ကားလမ်းဘေးက ပိတောက်ပန်းအချို့ကို မြင်တော့ ဘယ်တော့မှ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို သူ သွားသတိရကာ အသံမထွက်ဘဲ ရယ်လိုက်မိသည် ။
“ ဘာရယ်တာလဲ အစ်ကိုရ ”
ဟု အေးမောင်က သူ့ကို နားမလည်ဟန်နှင့် မေးသည် ။
“ ငါ လူပျိုတုန်းကအကြောင်း သွားသတိရလို့ပါကွာ ”
“ အဲဒီတုန်းက မရယ်ရဘူးကွ ၊ ရင်နာတယ် ။ ဒေါသဖြစ်ရတယ် ။ စိတ်ကောက်ရတယ် ။ အခုမှ တွေးရင်း ရယ်ချင်တာ ”
“ ဘယ်သူ့ကိုလဲ ”
“ မင်းအစ်မကိုပေါ့ ၊ လှမေကိုပေါ့ ”
“ ဟုတ်လား ၊ ဘာဖြစ်လို့ လဲ ”
“ အပျိုတုန်းက သူက သိပ်ရှက်တတ်တာ ၊ လူရှေ့ဆို မနေတတ်အောင် ရှက်တာ ။ တစ်နေ့မှာ တို့ စက်ရုံက ပိတောက်ပင်မှာ ပိတောက်ပန်း ပွင့်ရော ၊ ငါက နံနက်အစောကြီးကတည်းက သူ့ကို ပေးချင်လို့ တစ်ခါမှ သစ်ပင် မတက်ဖူးဘဲနဲ့ ပိတောက်ပင်ပေါ်ကို ခဲရာခဲဆစ် တက်ခူးတာ ။ ပြန် အဆင်းကျတော့ လိမ့်ကျပါလေရော ”
“ ဟုတ်လား ၊ ဘာဖြစ်သွားသေးတုံး ”
“ ဒူးခေါင်းတွေ စုတ်ပြတ်သတ်သွားတာပေါ့ကွ ။ ငါက လူနာရင် နာပါစေ ဆိုပြီး ပိတောက်ပန်းကို အထိမခံတော့ ပိုအီတာပေါ့ ”
“ အဲဒါနဲ့ ... ”
“ အဲဒါနဲ့ သူ့ကို ပေးပန်ချင်လို့ ဘုရားတပြီး ဈေးမှာ သွားစောင့်ရတာ ။ ကံကောင်းလို့ တွေ့တော့တွေ့ပါရဲ့ ။ ဘေးမှာ အဖော်ပါလာလို့ အပြန်ကို တစ်ခါ စောင့်ရသေးတယ် ။ အပြန်ကျတော့မှ တစ်ယောက်တည်း တွေ့တုံး ... ‘ ရော့ ... အလှအတွက် ပိတောက်ပန်း ’ ဆိုပြီး ကမ်းပေးလိုက်တာ မချောက ဖျတ်ခနဲ ဆွဲယူပြီး ရှက်ရှက်နဲ့ သုတ်ခြေတင်သွားတာ စကားတစ်ခွန်းတောင်မှ မပြောလိုက်ရဘူး ”
“ အဲဒါ အစ်ကိုက စိတ်ဆိုးကောလား ”
“ အဲဒီလောက်နဲ့တော့ ဘယ်စိတ်ဆိုးဦးမလဲကွ ၊ သူက ခြေထောက်ကတင် ရှက်တာ မဟုတ်ဘူး ။ လက်ပါ ရှက်ပြီး ပိတောက်ပန်း ကိုင်သွားတဲ့ လက်ကို ဘယ်လို ယမ်းသွားတယ် မသိဘူး ။ ငါ့ပန်းတွေ တစ်လမ်းလုံးကြွေကျပြီး သူ့ လက်ထဲမှာ အရိုးချည်း ကျန်တော့တယ် ။ ငါ့မှာ ဒူးပြဲရကျိုးတောင် မနပ်တော့ဘူး ”
••••• ••••• •••••
“ အဖေတို့ ကား ဝင်လာပြီတဲ့ ဟေ့ ”
အလတ်မ မိသွယ်က အရင်ဦးဆုံး သတင်းပို့တော့ ညနေ ဆိုင်သိမ်းပြီးပြီမို့ အိမ်မှာ မိသားစုတွေချည်း ရှိနေ၏ ။ ညီအစ်မတစ်တွေက တစ်ယောက်မျက်နှာ တစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည် ။ ဒေါ်လှမေက ရေချိုးပြီးစ မျက်နှာသုတ်ရင်း ...
“ ညည်း ဘယ်သူပြောတုံး ” ဟု မေး၏ ။
“ ကားသိမ်းတဲ့ ဂိတ်ဝင်းဘက်က လာတဲ့ လူတွေ ပြောတာ ။ အဖေ ကားဝင်ထားနေတယ်တဲ့ ။ ခုလောက်ဆို လာနေရောပေါ့ ”
“ ဟင်း ... ငါမကြည့်ချင်ဘူး ” ဟု ဆိုကာ ဒေါ်လှမေ သနပ်ခါးလိမ်းပြီး ညဈေးဘက် ဆင်းသွား၏ ။
“ အဖေ့ကို တစ်ယောက်မှ စကားမပြောနဲ့ဟေ့ ၊ ခပ်တည်တည်နေ ”
“ ရွှေတိုး ကိုလည်း အဖေ့နား မကပ်စေနဲ့ ”
အမေ ထွက်သွားပြီး ညီအစ်မတစ်တွေ တစ်ယောက်ကို တစ်ယောက် သတိပေး၍ မဆုံးခင်မှာပင် ပခုံးတွင် အိတ်တစ်လုံး ချိတ်ထားသော အဖေသည် ကြိမ်ခြင်းကြီး တစ်လုံးကို ဆွဲကာ အိမ်ပေါ် တက်လာ၏ ။ အဖေ့ ကြည့်ရတာ သူ့ကိုယ်သူ မလုံမလဲ ဖြစ်လာပုံရ၏ ။
မျက်လုံးက ဟိုကြည့် သည်ကြည့်နှင့်မျက်နှာပိုးသတ်ထားကြသော သူတို့ကို ဝှေ့ယမ်းကြည့်ကာ ...
“ ဟေ့ ... အိမ်က တိတ်လှချည်လားကွ ”
ဟု မေးသော အသံက ခြောက်ကပ်ကပ် ။ သူ့ကို ဘယ်သူမျှ ပြန်ဖြေမည့်သူ မရှိ ။ အဖေ အငယ်မဆီ လျှောက်သွား၏ ။
“ သမီးငယ် ညည်းအမေရော ”
“ ညဈေးဘက် ဆင်းသွားတယ် ”
“ ခြင်းထဲမှာ မင်းကွတ်သီးတွေ ဝယ်လာတယ် ။ သမီး ကြိုက်မှန်းသိလို့ အဖေ ဝယ်လာတာ ထုတ်စားကြ ”
“ ဟင့်အင်း ... မစားချင်ဘူး ”
မေး တစ်ခွန်း ၊ ပြော တစ်ခွန်းနှင့် အငယ်မ အဖေ့နားက ခွာလာ၏ ။
“ ရွှေတိုးကော ... သားလေး ဘယ်သွားလဲ ၊ လာပါဦးကွ ၊ ဘိုးဘိုး ပြန်လာပြီ ၊ သားဖို့ မုန့်တွေ ပါလာတယ် ”
အဖေက မြေးကို အော်ခေါ်နေတုန်းမှာ ပဲ အေးနွယ်က မကြားဟန်ဆောင်ကာ ကလေးကို ကောက်ချီ၍ အိမ်ပေါ်မှ ဆင်းသွား၏ ။ အေးနွယ် ယောက်ျားက ခေါင်းငုံ့ကာ နောက်မှ ပါသွား၏ ။ အဖေ မျက်မှောင်တွန့်ကာ မိသွယ်ကို ခေါ်၏ ။
“ မိသွယ် ... မိသွယ် ”
“ ရှင် ”
“ အိမ်ကို အေးမောင် လာသေးလား ”
“ လာတယ် ”
“ ဘာတွေ ပြောလဲ ”
“ အစုံပဲ ”
“ ဘာအစုံလဲ ပြောစမ်း ၊ အဲဒီအကောင် ဘာမဟုတ်က ဟုတ်ကတွေ ပြောလဲ ”
“ ပြောမပြချင်ဘူး ရှက်တယ် ”
အဖေ သက်ပြင်းတစ်ချက် ချလိုက်ပြီး အိမ်ပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏ ။ ခဏနေတော့ ...
“ အငယ်မ ၊ အငယ်မ လာဦး ... အဖေ့ဆီကို ”
“ မလာဘူး ၊ သမီး အိပ်တော့မလို့ ”
အဖေ့အပေါ် ဆိုးနေကျ အငယ်မက အိမ်ခန်းထဲမှ လှမ်းအော်လိုက်၏ ။ အဖေ အဝတ်အစားပင် မလဲနိုင်တော့ဘဲ အိမ်ရှေ့ကွပ်ပျစ်က မှောင်ရိပ်ထဲတွင် တိတ်တိတ်ကလေး သွားထိုင်နေတော့၏ ။ ထိုအခါတွင်တော့ မိသွယ်နှင့် အငယ်မ အဖေ မမြင်နိုင်သည့် အိမ်အတွင်း တစ်နေရာမှ နေ၍ အဖေ့ကို တိတ်တိတ်ကလေး ချောင်းကြည့်နေလိုက်ကြ၏ ။ အဖေ စိတ်ထိခိုက်လျှင် ထိုသို့ ငြိမ်နေတတ်သည် ။ အဖေ့ကို သနားမိပေမဲ့ သူတို့ စိတ်ကောက် မပြေချင်သေး ။ အမေ လာလျှင် ပေါက်ကွဲမှာ ကိုလည်း တစ်ဖက်က စိုရိမ်နေပြန်သည် ။ အမေ အိမ်ပြန်လာမည့်အချိန်ကို သူတို့ ရင်တထိတ်ထိတ်ဖြင့် စောင့်နေကြရသည် ။ အခြေအနေ မကောင်းလျှင် ဆွဲရန်အသင့် ဖြစ်နေကြသည် ။ အေးနွယ် ကလည်း သူ့အိမ်ကလေးကနေ စိတ်ပူပြီးနေမှာ သေချာသည် ။
“ ဟော ... အမေပြန်လာပြီ ”
အမေသည် အိမ်ထဲ အဝင်တွင် လမ်းမီးရောင်ဖြင့် မြင်ရသော အဖေ့မျက်နှာကို ဖျတ်ခနဲ တစ်ချက် ကြည့်၍ ချက်ချင်း မျက်နှာလွှဲကာ အိမ်ပေါ်သို့ တက်ရန် ပြင်၏ ။
အဖေက နေရာမှ ထကာ အမေ့လက်ကို ဆွဲပြီး ...
“ ငါ ... မင်းကို စောင့်နေတာ ။ လာပါဦး အလှရာ ” ဟု ခေါ်၏ ။
အမေ အဖေ့ကို ဘာများ လုပ်ထည့်လိုက်လေမလဲ ။ ညီအစ်မနှစ်ယောက် အသက်ပင် မရှူဝံ့ဘဲ စိုးရိမ်တကြီးနှင့် မျက်တောင် မခတ်တမ်း စောင့်ကြည့်နေမိ၏ ။ အမေ့ဆီက ဘာသံမျှ ထွက်မလာ ။ အဖေ့ မျက်နှာကို မီးရောင်အောက်တွင် စေ့စေ့ကြည့်နေ၏ ။ အတန်ကြာမှ -
“ ရှင်က ဘာဖြစ်နေလဲ ၊ မျက်ရည်တွေနဲ့ ”
ဟု ဆိုတော့ ညီအစ်မနှစ်ယောက် အံ့ဩသွားကြသည် ။
အဖေက အသံတုန်တုန်ဖြင့် ...
“ မင်းသမီးတွေပေါ့ ၊ ငါ့ကို တစ်ယောက်မှ စကား မပြောကြဘူးကွာ ။ အကြီးမကလည်း ငါ့ဆီကို လာမယ့် ကလေးကို ခေါ်ပြီး ဆင်းသွားတယ် ။ ဘုရားစူးရပါကွာ ၊ ငါ မင်းတို့ သားအမိထက် ဘယ်သူ့ကိုမှ သံယောဇဉ် ပိုမရှိပါဘူး ။ ငါ့သားသမီးတွေက ငါ့ကို အဲဒီလို စိမ်းကားတော့ ငါ တအားခံစားရတယ်ကွာ ၊ အားလည်း ငယ်တယ် ။ ဝမ်းနည်းနည်းတယ် ”
“ ဟင် ... အဖေ ”
ဟု အဖေ့ကို အံ့ဩလို့မှ မဆုံးခင် အမေ ပြာလိုက်သော စကားက သူတို့ ညီအစ်မတစ်တွေ အတွက် ပိုပြီး အံ့ဩထိတ်လန့်စရာ ဖြစ်သွားလေတော့သည် ။
“ ဟင် .. ကိုထွန်းမောင် ၊ ရှင် ယောက်ျား မဟုတ်ဘူးလား ။ သူတို့ မခေါ်တာများ ဝမ်းနည်းစရာလား ။ အားငယ်စရာလား ၊ ဘယ်သူမှ မခေါ်ခေါ် ကျုပ် ခေါ်ရင် ပြီးရော မဟုတ်လား ။ အချိန်တန်ကျ တော်နဲ့ ကျုပ်နဲ့ နှစ်ယောက်တည်း ကျန်ခဲ့မှာ ။ သူတို့က လင်ယူပြီး ထွက်ကုန်ကြမယ့်ဟာတွေ ကျုပ် တစ်ယောက်လုံး ရှိတယ် ။ တော် ဘာမှ အားမငယ်နဲ့ ”
▢ သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်

No comments:
Post a Comment