❝ မန်နေဂျာ ❞
( ပီမိုးနင်း )
မောင်မြသည် အမြင်အားဖြင့် အလုပ်၌ အထူး စိတ်ဝင်စားသော စာရေးတစ်ယောက် ဖြစ်၏ ။ နံနက် တိုက်တံခါး ဖွင့်လျှင် ဖွင့်ခြင်း ပထမဦးဆုံး တိုက်ထဲသို့ ရောက်သူမှာ မောင်မြ ဖြစ်လေ၏ ။ သူဌေး ဦးဘိုးဆိုင် သည် မိမိ၏ အလုပ်သမား စာရေးများအား အလုပ်ကို ကြိုးစားကြရဖို့အကြောင်း ၊ အလုပ်တိုက် အကျိုးများလျှင် အားလုံး အလုပ်သမားများ အကျိုးခံစားကြရဖို့ အကြောင်း ၊ အလုပ်တိုက်၏ အကျိုးစီးပွားကို မိမိတို့ ကိုယ်တိုင်၏ အကျိုးစီးပွားကဲ့သို့မခြား သဘောထားကြမှ အားလုံး မိမိတို့ ကိုယ်တိုင်၏ အကျိုးစီးပွား ပြီးမြောက်နိုင်ဖို့ ရှိကြောင်း စသည်များကို အလုပ်သမား အားလုံးတို့အား အခန့်သင့်သည့် အခါတိုင်း ပြောလေ့ရှိ၏ ။
ဦးဘိုးဆိုင်မှာ ဂျာမန် ၊ ဂျပန် ၊ အင်္ဂလိပ် ၊ အမေရိကန် ၊ အိန္ဒိယ စသည့် တိုင်းပြည်များက ကုန်ပစ္စည်း အသုံးအဆောင်များကို တင်သွင်းကာ ဦးဘိုးဆိုင်ကုမ္ပဏီ ဟူ၍ ဖွင့်လှစ်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း စာရေးပေါင်း နှစ်ရာကျော် အသုံးပြုရသော ထင်ရှားကျော်ကြားသည့် မြန်မာပိုင် တိုက်ဆိုင်ရှင် တစ်ဦး အခြေအနေသို့ ရောက်ခဲ့လေ၏ ။
မိမိကိုယ်တိုင်လည်း ရှေးရှေးက ပျက်စီးသွားခဲ့ဖူးသော မေဆင်တိုက်ဆိုင်ကြီး၌ စာရေးအလုပ်ကို လုပ်ခဲ့ပြီးနောက် အရောင်းအဝယ် အလုပ်များကို တတ်မြောက်ကာ စေ့စပ်သေချာခြင်း ၊ ဝီရိယရှိခြင်း ၊ သစ္စာရှိခြင်း ၊ ရိုးဖြောင့်ခြင်း အစွမ်းဖြင့် ယခု အခြေအနေသို့ ရောက်ခဲ့သောကြောင့် မည်သူမဆို တစ်နေ့သ၌ ဤကဲ့သို့ ဖြစ်မြောက် အောင်မြင်အောင် ကြိုးစားနိုင်ဖို့ ရှိကြောင်း ၊ ကြီးပွားလိုသော အလုပ်သမားမှာ မိမိ၏ အလုပ်တစ်ခု တည်းကိုသာ ဂရုမစိုက်အပ် ၊ တစ်ဆိုင်လုံးရှိသည့် အလုပ် ဟူသမျှ မိမိတာဝန်ဟု သဘောထား၍ အဘယ်ဌာန အဘယ်အလုပ်မျိုးမဆို တတ်သိနားလည်အောင် ကြိုးစားဖို့ သင့်ကြောင်း ၊ ယခု မိမိတွေ့ မြင်ရသော စာရေးအားလုံး တို့အနက် မည်သူမည်ကဲ့သို့ ဖြစ်မည်ကို အလုပ်ကို မြင်ရုံနှင့် သိကြောင်း ၊ ယခုရှိတဲ့ စာရေး အားလုံးထဲမှာ ကြီးပွားမယ့် လူတစ်ယောက်ကို ယခုကပင် မိမိ မြင်၍ ထားကြောင်း စသည့် စကားမျိုးဖြင့် အလုပ်သမား များကို အားပေးလေ့ ရှိ၏ ။
ထိုစကားများကို ကြားကြရပြီးသည့်အခါများ၌ အချို့သော စာရေးများက အောက်ပါ စကားမျိုးကို ပြောတတ်ကြလေသည် ။ ထိုစကားများသည်ကား -
“ ဘယ်သူလဲ သိရဲ့လား ။ ဟိုအကောင်ပေါ့ကွယ့် ။ မောင်မြပေါ့ ။ သူဌေးမြင်အောင် စောစော အလုပ်တက်ပြီး ညနေတံခါးပိတ်ခါနီးမှ အလုပ်ဆင်းတာကို မြင်လို့ ပြောတာ ”
“ ဒီလို ညာနိုင်မှ လောကမှာ အဟုတ်ထင်တတ်ကြတာပဲ ။ သူဌေးလုပ်သူတွေဟာ ရိုးရိုးသားသား လုပ်တဲ့ စာရေးများကိုတော့ သူတို့ ဘယ်တော့မှ မမြင်ဘူး ။ သူတို့ သဘောကျအောင် သူတို့ရှေ့မှာ မြင်အောင် လုပ်ရင် သဘောကျတာပဲ ။ ကွယ်ရာမှာ ဘယ်လိုပဲ ညာနေနေ ။ ဒါမျိုးတွေကြောင့် အရင် မေဆင်တိုက်ကြီး မှောက်သွားတာ ။ ဒီဆရာကြီးများလည်း ဟိုတုန်းက အဲဒီတိုက်မှာ စာရေးပေါ့ ။ တိုက်ကို မှောက်အောင် လုပ်ကြတဲ့ အထဲမှာ သင်းတို့ ပါတာပဲ ။ အခု ကံလေး မစလို့ သူဌေး အခေါ်ခံနေ ရလေတော့ ပြောတိုင်း တင့်တယ်တာလားကွယ် ”
“ ဒါ ထုံးစံပဲ ။ ညာနိုင်မှ သူတော်ကောင်းဆိုတဲ့ စကား အင်မတန် မှန်တာပဲ ။ တို့များတော့ ကိုယ့်အလုပ်ချိန်မှာ ရှိသမျှ အလုပ်ကို ကုန်အောင် လုပ်ထားလို့ နံနက်စောစော သူများ မတက်ခင် အရင်တက်ဖို့ မလိုပါဘူး ။ ညနေလည်း အလုပ်ကြွေးတင်လို့ နောက်ကျခံလုပ်ဖို့ မလိုပါ ဘူး ။ ဆန်ပေးမှ ဆေးရတာ ၊ ကိုယ်လုပ်လို့ ကိုယ်လခ ရတာ ။ ပိုလုပ်လို့ ပိုရတာ မဟုတ်ဘူး ။ တစ်ရက်ပျက်တော့ တစ်နေ့ တစ်နာရီ ၊ နှစ်နာရီ ပိုလုပ်ရတဲ့အတွက် တိုက်ရှင်က ကျေးဇူးတင်တာ မဟုတ်ဘူး ။ အပြစ်တင် တာပဲ ”
“ မောင်မြကို သူဌေးက သိပ်ထင်နေတာ ။ ဒီအကောင်က လူညာသက်သက် ။ ဘာအလုပ်မှ နားလည်တဲ့ အကောင်လည်း မဟုတ်ဘူး ။ တောင်စပ်စပ် မြောက်စပ်စပ် ။ ဘယ်မှာမဆို သူ ပါချင်တယ် ။ တစ်နေ့က နောက်ဖေးဘုံပိုင် ပျက်တာတောင် သူ ပါချင်တယ် ။ မျက်နှာလိုမျက်နှာရ ကု,လားတကာ ခေါ်လာပြီး ပြင်နေ တယ် ။ သူဌေးက ဒါနဲ့ တိုက်အကျိုးကို သိပ်ဂရုစိုက် တယ် ထင်နေတာ ”
“ တစ်နေ့ကလည်း မင်အိုးအဟောင်းကြီးတွေထဲက ဖင်ကပ်တွေကို လိုက်စုပြီး ပုလင်းတစ်ခုထဲ လောင်းထည့်ပြီး တစ်လမှာ မင်ပုလင်း တစ်ဒါဇင်ထက် ပိုဝယ်ဖို့ မလိုဘူး ဆိုတဲ့ စာကို သူဌေးစားပွဲပေါ်မှာ ရေးတင်ထားတယ် ။ အောက်က သူ့လက်မှတ်နဲ့ ။ ငါ ကိုယ်တိုင် မြင်ခဲ့ရတယ် ”
“ သူဌေးက ဘာပြောသလဲကွ ”
“ မသိပေါင် ။ သူဌေးမှ မရောက်သေးဘဲ ။ တွေ့ရင် ခြင်းတောင်းထဲ ဆုပ်ချမှာပေါ့ ။ ငွေပေါင်း သိန်းချီ အလုပ်လုပ်နေတဲ့ သူဌေးအလုပ်မှာ မင်ပုလင်း တစ်လုံးနှစ်လုံး အကုန် သက်သာလို့ ဘာဖြစ်ဦးမှာလဲ ”
“ ဒါ သူဌေး ယုံအောင် လုပ်တာ ။ တစ်နေ့ကျမှ သူဌေး သိမယ် ။ ဒီလိုလူမျိုး သိပ်ကြောက်ရတာ ။ စောစော လာပြီး နောက်မှ ဆင်းတာ ဘာအတွက်လဲ သိရဲ့လား ။ စတိုခန်းကို မျက်စောင်းထိုးတာ ။ လစ်ရင် အကုန် သုတ်မယ်လို့ သိရဲ့လား ။ မင်းတို့ သတိသာ ထားကြည့်ကြ ။ စတိုစာရေးကြီး တစ်နေ့ သူဌေးအခန်းထဲ ဝင်သွားခိုက်မှာ စာရေးကြီး စာရင်းစာအုပ်ကို သွားပြီး ဖွင့်ကြည့်နေတာ ငါ တွေ့ရတယ် ”
“ ဟုတ်တယ် ။ ဒီအကောင် နေ့လယ်စာလည်း အစား မထွက်ဘူး ။ ဘာအကြံကို ကြံသလဲ မသိဘူး ”
ထိုအခိုက် စာရေးကြီး ရောက်၍လာပြီး ဘာ .. ဘာစတိုး ဘာဖြစ်တယ်ဟု မေးလေ၏ ။
“ ခင်ဗျား သတိထားနေ ။ နောက်တော့ ခင်ဗျား ဒုက္ခဖြစ်မှာ ။ စတိုခန်းကို သတိထား ။ ဟိုငမြ ဆိုတဲ့ အကောင် နှစ်ခါသုံးခါ ခင်ဗျား မရှိခိုက် ခင်ဗျား အခန်း ထဲက ထွက်လာတာ တွေ့ရတယ် ” ဟု တစ်ယောက်က ပြောလေ၏ ။ ဟု
“ ဟင် ... ဟုတ်လား ၊ ဒီလိုဖြင့် အရင် လက်ပတ်နာရီတွေ ပျောက်တာ သူပဲ ထင်တယ် ။ သူဌေးကတော့ ငါ့စာရင်းနဲ့ နာရီဘက် အရောင်းစာရေးကို မသင်္ကာ ဖြစ်တယ် ။ လက်စသတ်တော့ ဒီအကောင် သူခိုးပဲ ”
“ အဲဒါ သူဌေးက လူဟုတ်ကြီး ထင်ပြီး သူ့ကိုတောင် နမူနာ တင်ပြချင်သလိုလို လုပ်နေလို့ ။ ကျုပ်တို့ အားလုံး ခက်နေတာပေါ့ ။ သူ့လိုတော့ သူခိုးဉာဏ်နဲ့ မနက်စောစော အလုပ်ဆင်းပြီး ညခြောက်နာရီအထိ မထိုင်နိုင်ဘူးဗျာ့ ။ ဘောလုံးပွဲ ရှိသေးတယ် ။ စနေနေ့ ကျတော့ အခက်ပဲ ”
“ သူ့မှာတော့ ဘောလုံးပွဲလည်း မသွား ။ မြင်းပွဲလည်း မသွား ၊ ရုပ်ရှင်လည်း မကြည့် ။ အချောင်ကျိတ်ပြီး ပိုက်ဆံကို နင်း စုံမက်နေတယ် ။ လခကလေး ရှစ်ဆယ်နဲ့ သူ့မယားမှာ နီလာလက်ကောက်နဲ့ ၊ သူ့မှာ ဇာရံလက်စွပ်နဲ့ ။ ဒါတွေ သင်းခိုးလို့ပေါ့ ဘယ်က ရမှာလဲ ”
“ ဒီအကောင်ကို ဖမ်းမှ ။ ကြာကြာထားလို့ မကိုက်ဘူး ။ ငါက စတိုနဲ့ ဆိုင်တာ ။ ငါ ပထမ ဒုက္ခဖြစ်မှာ ။ ခွေ;မသား သူခိုးကို တိုက်ထဲက မြန်မြန်ကန်ထုတ်ကြမှ ဖြစ်မယ် ။ ဟော ... လာပြီ လာပြီ ၊ ရုပ်ကိုက သူခိုးရုပ် ။ မျက်နှာကလည်း ဖာခေါင်းရုပ် ၊ မချိုမချဉ်နဲ့ ။ အတွင်းကောက် ။ ဆင်ကြံကြံနေတဲ့ အကောင် ။ ဒီသူဌေးလည်း သိပ်ခွကျတဲ့ သူဌေးပဲ ။ ရွှန်းပျက်ပျက်နဲ့ ။ ဒီအကောင့် မျက်နှာကို ကြည့်ရတာ ကျက်သရေ နည်းနည်းမှ မရှိဘူး ”
“ ရွှန်းပျက်ပျက်ပေမယ့် အကောင်း မထင်နဲ့ ။ သူ့ ကိုယ်သူက မန်နေဂျာလောက် ထင်နေတာ ။ သူဌေးခန်း ထဲကများ ထွက်လာတဲ့အခါ သူဌေးထက် သူက ဂိုက် တင်းသေးတယ် ။ တစ်နေ့က သက္ကလတ် ရောင်းတဲ့ ကောင်ကလေးကို သူက သွားပြီး သြဇာ ပေးနေတယ် ။ သက္ကလတ် အလိပ်တစ်ခု စားပွဲပေါ်က လိမ့်ကျနေတာ ကောင်ကလေးက အမှတ်တမဲ့ မမြင်ဘဲ နေတာကိုး ”
“ သူ့အမေလင်ပစ္စည်း ၊ ဟိုက ဒါမျိုးကြီး ဂရုစိုက်လိမ့်မယ် ”
နောက်တစ်နေ့ စတိုစာရေးကြီးသည် သူဌေးထံ ဝင်ရောက်၍ ဒေါသနှင့် ပြောလေ၏ ။
“ သူဌေးမင်း အရင်တစ်ခါ နာရီခြောက်လုံးနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ နာရီဘက်က စာရေးကို မသင်္ကာ ဖြစ်ခဲ့တာ မှတ်မိသေးရဲ့လား ”
“ မသင်္ကာ မဖြစ်ပါဘူး ။ နောင် သတိထားဖို့ ပြောရတာပါ ။ ပစ္စည်းပိုင်ရှင်ပေကိုး ။ အခု ဘာဖြစ်သလဲ ”
“ သူခိုးကို မိလို့ ကျွန်တော် လာပြောတာပါ ။ စာရေး အားလုံးလည်း သိပါတယ် ”
“ ဪ … မိသလား ၊ နာရီပဲလား ”
“ နာရီတော့ မဟုတ်ပါဘူး ”
“ နို့ … ဘာလဲ ”
“ ဘာရယ်လို့တော့ အခုချက်ချင်း မပြောနိုင်သေးဘူး ။ ကြည့်ရမှာပဲ ”
“ မကြည့်ရသေးဘူးလား ၊ ဘယ်သူလဲ ”
“ မောင်မြ ဆိုတဲ့ စာရေးပေါ့ ။ သူဌေးမင်းက အလုပ် စောစောဆင်းတာ ၊ မိုးချုပ်အောင် လုပ်တာကိုသာ သိတာပဲ ”
သူဌေးသည် အံ့သြလျက် စာရေးကြီး၏ မျက်နှာကို ကြည့်၍နေပြီးမှ -
“ ဒီအကောင် ခိုးတတ်သလား ၊ ဘာကို ခိုးသလဲ ”
“ ကျွန်တော့် စတိုခန်းထဲကို ကျွန်တော် မရှိခိုက်မှာ ဝင်တာ နှစ်ခါသုံးခါ ရှိပြီတဲ့ ”
“ ဪ .. ဟုတ်လား ၊ ဘာပြုလို့ မဖမ်းသလဲ ”
“ အရင် နာရီပျောက်တာလည်း သူပဲ ဖြစ်မှာပဲ ။ ဒီကနေ့ ညနေ ကျွန်တော်တို့ စောင့်ပြီး ဖမ်းချင်လို့ လာပြီး အခွင့်တောင်းတာပါ ”
“ ဖမ်းမှပေါ့ ။ သူခိုးကို တိုက်မှာထားလို့ ဘယ်ဖြစ်မလဲ ။ ကောင်းပြီ သဘောရှိ ။ မိရင် ဆုချမယ် ။ ဒီအကောင်ကို ထောင်ချရမှာပေါ့ ။ ဒီလိုထားလို့ ဘာဖြစ်မလဲ ”
ထိုညနေ ခြောက်နာရီ အချိန်လောက်တွင် စတိုစာရေးကြီးနှင့် အဖော်စာရေး လေးငါးယောက်တို့သည် တိုက်ခန်းအတွင်းသို့ ခြေဖျားထောက်လျက် ဝင်ရောက်၍ လာကြလေ၏ ။ ၎င်းတို့၏ နောက်၌ သူဌေးလည်း ပါ၍ လာလေ၏ ။ မောင်မြ စားပွဲ၌ မောင်မြ ကို မမြင်ကြရသော အခါ တစ်ယောက်ကို တစ်ယောက် လက်ကုတ်ကာ စတိုခန်းဘက်သို့ သွားကြလေ၏ ။ လေးယောက်သား စေ့၍ ထားသော တံခါးမှ ကြည့်ရာ အတွင်းခန်း ဓာတ်မီးရောင်ကို မြင်ရလေ၏ ။ အတွင်း၌ မောင်မြသည် ဖောင်တိန်ပင် သေတ္တာငယ်များနှင့် တူသော အရာများကို ကိုင်တွယ် ကာ ကုလားထိုင် တစ်ခုပေါ်၌ ချတင် ရေတွက်၍ နေသည်ကို မြင်ကြရလေ၏ ။
သူဌေးလည်း ကပ်၍ ကြည့်လေ၏ ။ ထို့နောက် သက်မကြီးချကာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လျက် နေလေ၏ ။ ဗြုန်းခနဲ တံခါးကို ဖွင့်၍ ဝင်ကြရာ တရားခံ သူခိုးကို လက်ရ ဖမ်းမိကြလေ၏ ။ သူခိုး ၊ ခွေးသား ကြောင်သူတော် ၊ မအေနှမ စသည်ဖြင့် ဆဲဆိုကာ လက်များကို အတင်းကိုင်ဖမ်း ညှပ်နှောင်ကြလေ၏ ။ စတို စာရေးကြီး မျက်နှာကို စေ့စေ့ကြည့်ပြီး နင်ပဲ အရင် နာရီတွေတုန်းကလည်း နင်ပဲဟု ပြောပြီး ပါးနားကို ရိုက်လေ၏ ။ မောင်မြက ပြုံးရယ်လျက် သူဌေးကို ကြည့်ကာ ကျွန်တော့်ကို လွှတ်ပါစေဟု ပြောလေ၏ ။
သူဌေး ။ ။ “ မင်းကို ဂါတ်ထဲ သွားလွှတ်မယ် ”
ဟု ပြောလေရာ ဝိုင်း၍ ရိုက်ကြပြန်လေ၏ ။ မောင်မြသည် တအား ကုန်ရုန်းလိုက်ရာ လွတ်၍ အသွားတွင် စတိုစာရေးကြီး၏ လက်ကို ခုန်၍ကိုင်ပြီး တွန်းထိုးလိုက်လေ၏ ။ စာရေးကြီးသည် သမံတလင်းပေါ်တွင် နောက်ပြန်လဲကျလျက် မြောမေ့၍ နေသည်ကို တွေ့ကြလေရာ ။
အားလုံး စာရေးကြီးကို ဝိုင်း၍ ထူကြ မကြလေ၏ ။ ထိုအခိုက် သူဌေးနှင့် မောင်မြသည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လျက် နေကြလေ၏ ။ စာရေးကြီးမှာ သတိမရဘဲ အတန်ကြာစွာ နေပြီးမှ သတိရ၍ လာလေ၏ ။ မ၍ ကုလားထိုင်ပေါ်သို့ တင်ကြလေရာ စာရေးကြီးသည် ကုလားထိုင်ပေါ်၌ နောက်မှီကို မှီကာ မောသလို ဖြစ်၍နေလေ၏ ။
သူဌေး ။ ။ “ မင်း ဘာပြောစရာ ရှိသလဲ ။ အခု အားလုံး ပြောကြတာ မှန်နေပြီ မဟုတ်လား ”
“ အားလုံးပြောတာ မမှန်ကြောင်းကို ကျွန်တော် သက်သေပြနိုင်ပါတယ် ”
စာရေးများသည် ရှုတ်ချသော မျက်နှာထားနှင့် ၎င်းကို ကြည့်၍ နေကြလေ၏ ။
“ ဘာကို မင်းက ပြမှာလဲ ။ မင်းနဲ့ မဆိုင်တဲ့ နေရာမှာ မင်း ဘာကိစ္စ ရှိသလဲ ”
“ ကျွန်တော်နဲ့တော့ မဆိုင်ပါဘူး ။ ကျွန်တော် ကြီးပွားဖို့နဲ့ အများကြီး ဆိုင်လို့ပါ ။ ကျွန်တော် ခိုးရင် အခုလောက် ကြာကြာ စိတ်ချလက်ချ တံခါးကိုစေ့ ၊ ဓာတ်မီး ထွန်းပြီး အခုလို ရွေးချယ်ရေတွက်နေဖို့ မလိုပါဘူး ။ ဟောဟို စားပွဲပေါ်က စာရင်းစာအုပ် ကျွန်တော် ဖွင့်ထားပါတယ် ။ ဖောင်တိန်ပင်များနဲ့ ဆိုင်တဲ့ စာရင်းပါ ။ အခု ကျွန်တော့် အိတ်ထဲမှာ ဘာတစ်ခုမျှ မရှိပါဘူး ။ ဟောဟို ကုလားထိုင်ပေါ်မှာ ကျွန်တော် မှတ်သားထားတာကိုလည်း ကြည့်ပါ ။ စာရင်းအရှိနဲ့ ဒီအကျန်နဲ့ စစ်ကြည့်နေတာပါ ” ဟု ပြောရာ သူဌေးသည် ကပျာကယာ စာရင်းကို သွားရောက် ကြည့်လေ၏ ။ ဖောင်တိန်ပင်များနှင့် ဆိုင်ရာ ဇယားဂဏန်းများကို တွေ့ ရလေ၏ ။ ကုလားထိုင်ပေါ်ရှိ စက္ကူစမှာလည်း ဂဏန်းနှင့် အမှတ်အသားများမှာ ဖောင်တိန်ပင် အမျိုးအစားနှင့် ပြထားသော ဂဏန်း အမှတ်အသားများ ဖြစ်ကြောင်း တွေ့ရှိရ လေ၏ ။ ထိုအခါ သူဌေးသည် မောင်မြကို စဉ်းစားလျက် ကြည့်၍ နေလေ၏ ။
“ ကျွန်တော် အခုမှ မဟုတ်ပါဘူး ။ တစ်တိုက်လုံးရှိတဲ့ အလုပ်တွေကို ဒီပါ့တမင့်တိုင်း ကုန်အောင် သင်ကြား မှတ်သားဖို့ အကြံနဲ့ အလုပ်စဝင်ကတည်းက ဂရုစိုက် နေပါတယ် ။ စာရင်း မကိုက်တာတွေ ၊ အရောင်းဘက်ကို ပေးတဲ့ ပစ္စည်းများလည်း အရောင်းသမားများ စာရင်း အရ ။ စတိုက ထုတ်ပေးသမျှလည်း စာတိုစာရင်း အရ ။ ကျွန်တော် တစ်ခါတလေ ထွက်စစ်ကြည့်တော့ မကိုက်တာတွေကိုလည်း တွေ့ရလို့ အခုသာပြီး ဂရုစိုက်နေတာပါဟု ရိုးမတ်တည်တံ့ မှန်ကန်ရဲရင့် ပွင့်လင်းသော အမူအရာနှင့် ပြောလေ၏ ။
သူဌေး ။ ။ “ မကိုက်တာတွေကို မင်း ဘယ်လောက် များများ တွေ့သလဲ ”
“ အရင် နာရီများအကြောင်း မပေါ်ပေါက်မီက ဖောင်တိန်ပင် အစိတ်တန် သုံးချောင်း ပျောက်တာကို ကျွန်တော် သိရတယ် ။ သို့သော်လည်း ကျွန်တော် မပြောပါဘူး ။ သူဌေးမင်းမှာ အများကြီး အကျိုးယုတ်တော့မယ် ဆိုတာ ဒိဋ္ဌ သိရရင် သတိပေးဖို့ အသင့်ပါပဲ ။ မယုံရင် ရေမွှေးပုလင်း စာရင်းများကို တိုက်စစ်ကြည့်ပါ ။ လက်ကျန်ကိုတော့ ကြည့်ဖို့ မလိုပါဘူး ။ စာရင်းမှာ ဖျက်ထားတာ ပြင်ထားတာ ၊ မကိုက်မညီတာတွေကို သူဌေး တွေ့ရပါလိမ့်မယ် ”
စတိုစာရေးကြီးသည် ဦးခေါင်းကို ထောင်ကာ ဒေါသနှင့် ကြည့်ပြီး -
“ မညီရင် မင်း ခိုးလို့ပေါ့ ”
“ လက်ကျန်ပစ္စည်း ဘယ်လောက် ရှိတယ် ။ လျော့တယ်လို့ ပြောတာ မဟုတ်ဘူး ။ ခင်ဗျားတို့ စာရင်းမှာ လိမ်ထားတာကို ပြောတာ ။ ရောင်းတဲ့ စာရေးနဲ့ ခင်ဗျား ဘယ်လို ကျိတ်လုပ်ထားတယ် ဆိုတာကို ကျွန်တော် ပြနိုင်တယ် ” ဟု မောင်မြက ပြန်၍ ပြောရာ စာရေးကြီးသည် ဒေါသနှင့် ကုလားထိုင်မှ ထလေ၏ ။ သူဌေးက ၎င်းကို လျင်မြန်စွာ တောက်ပသော မျက်လုံးနှင့် ကြည့်ပြီး လက်ပြကာ ထိုင်၍ နေလေ၏ ။
“ ထားလိုက်တော့ ၊ မင်း ဘယ်အတွက် ဒါတွေကို မှတ်သားနေတာလဲ ”
“ ကျွန်တော် ဒီအလုပ်ကို ဝါသနာပါလို့ ။ တစ်နေ့ ကျွန်တော်ကိုယ်တိုင် ဒီအလုပ်မျိုးကို လုပ်ချင်လို့ သင်တာပါ ”
သူဌေးသည် ပြုံးလျက် စာရေးအားလုံးကို ကြည့်ပြီး “ ပစ္စည်းရှင် ၊ လူအများကို လခပေး ခိုင်းနေတဲ့ ပစ္စည်းရှင် ဆိုတာ လူကဲကို သိရတာမျိုး ။ မောင်မြ အကြောင်းကို အရင်က နည်းနည်းပဲ သိတယ် ။ အခု မင်းတို့ ကျေးဇူးကြောင့် များများ သိရပြီ ။ မောင်မြ နက်ဖြန်မှ သေသေချာချာ စကားပြောမယ် ” ဟု ပြောပြီး စတိုစာရေးကြီးကို ကြည့်ကာ “ စာရေးကြီးခေါင်းမှာ အတွင်းဒဏ်ရာ တော်တော် ပြင်းထန်ဟန် တူတယ် ။ တစ်လလောက် လခတစ်ဝက်နဲ့ ဆေးကုဖို့ အခွင့်ယူပါ ။ ဒီအတွင်းမှာ စတိုအလုပ်အကြောင်း ဘယ်သူ နားလည်သလဲ ” ဟု မေးလေ၏ ။ ထိုအခါ မောင်မြက မိမိ အကုန်ပင် နားလည်ကြောင်းပြောရာ သူဌေးက ကောင်းပြီ ၊ နက်ဖြန် သေသေချာချာ စကားပြောရအောင် မောင်မြ ဟု ပြောပြီး ထွက်သွားလေ၏ ။
နောက်တစ်နေ့ သူဌေးနှင့် မောင်မြ အခန်းထဲ၌ အတန်ကြာ စကားပြောပြီး ထွက်၍လာကြရာ စာရေးများ အံ့သြလျက် ငြိမ်၍ နေကြလေ၏ ။ သူဌေးက “ ဒီတိုက်မှာ တူမောင်လှဖေကို မန်နေဂျာအဖြစ်နဲ့ ထားခဲ့တယ် ။ အခု မောင်လှဖေ ဘိလပ်ကို ပညာသင်သွားမှာမို့ မောင်မြ မန်နေဂျာ အလုပ်တာဝန်ကို ခံရလိမ့်မယ် ။ စတိုစာရေးကြီး နေရာမှာ မောင်မြ သင့်မယ်ထင်သူ တစ်ယောက်ကို စတိုအလုပ် သေသေချာချာ သင်ပြပေးရလိမ့်မယ် ။ မောင်မြမှာ လူငယ်သော်လည်း စိတ်ဉာဏ် သဘောအရာမှာ လူကြီး မှန်ပါပေတယ် ။ သည့်အတွက် သူ့အမိန့်များကို သူဌေး အမိန့်လို သဘောထား နားထောင်ကြရမယ် ” ဟု ပြောပြီး နှစ်ယောက်အတူတူ အခန်းထဲကို ဝင်ကြလေ၏ ။
မောင်မြက သူဌေးအား သော့တစ်ချောင်းကို ပေးလေ၏ ။ သူဌေးက အံ့အားသင့်လျက် ဒါဘာလဲဟု မေးရာ-
“ စတိုခန်းသော့ပေါ့ ။ သော့တူလေ ”
“ ဘယ်က ရသလဲ ”
“ စာရေးကြီး လစ်ခိုက်မှာ သူ့သော့ကို ကျွန်တော် ဖယောင်းနဲ့ နှိပ်ယူပြီး လုပ်ထားတာပါ ။ အခု မလိုတော့ပါဘူး ။ နောင် သော့များကို သူခိုးများ မကြံနိုင်အောင် အများကြီး သတိထားဖို့ ကောင်းပါတယ် ” ဟု ပြောရာ သူဌေးမှာ မျက်လုံးပြူး၍ နေလေ၏ ။
မြ ။ ။ “ ဟောဒါက တစ်ချောင်း ၊ ဒါက အခန်းမကြီး သော့ ၊ ဒါလည်း ဒရဝမ်ကု,လားဆီက ဒီနည်းမျိုး အတိုင်း လုပ်ယူထားတာပါ ။ ကျွန်တော် ဒီတိုက်ကို ရောက်ကတည်းက တစ်တိုက်လုံးကို အစိုးရအောင် နည်းလမ်း ရှိသမျှ အကုန် လုပ်ထားပါတယ် ။ သူဌေးမင်း နောင် သတိထားဖို့ အချက်ကလေးတွေပါ ” ဟု ပြောလေရာ သူဌေးသည် တိုး၍ အံ့သြထိတ်လန့်ခြင်း ဖြစ်လျက် မောင်မြ၏ ကျောကို လက်နှင့်သပ်ကာ “ မောင်မင်းကြီး သား ကျားသနားလို့ နွားချမ်းသာတာပါပဲ ။ ဘုန်းကြီးမယ့် ယောက်ျားပဲကွယ် ” ဟု ပြောဆို ချီးမွမ်းရှာလေသတည်း ။
▢ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
အတွဲ ၁ ၊ အမှတ် ၉
နိုဝင်ဘာ ၂၄ ၊ ၁၉၃၃
No comments:
Post a Comment