Friday, March 27, 2026

ဝင်ကစွပ်


 

❝ ဝင်ကစွပ် ❞ 
( မောင်ပြည်သိမ်း - မကွေး )

၁ ။

ဒီနှစ် အလှူပွဲရာသီ သီတင်းကျွတ်လကနေ စပြီး ကိုရွှေမိုးတို့ ဆိုင်းအဖွဲ့ ပွဲကူး ပွဲဆက် စိပ်တယ် ။ တချို့နေရာတွေ ဆိုရင် နှစ်ခါတောင် ပြန်ဝင်ရတာတွေ ရှိတယ် ။ အလှူရှင်ကတော့ တစ်ဦးစီပေါ့လေ ။ ကိုယ့်ပညာနဲ့ ကိုယ် လုပ်စားတယ် ဆိုပေမဲ့ အလှူရှင် အလှူအမတွေ များများ ပေါ်ပေါက်ပါစေ ၊ ကိုယ့်ဆိုင်းကို လာငှားမယ့် သူတွေ များများ ပေါ်ပေါက်ပါစေလို့ အမြဲ ဆုတောင်းနေရတယ် မဟုတ်လား ။ ဒါပေမဲ့ ပွဲတွေ စိပ်လွန်းလာ တော့လည်း တစ်ခါတလေ ညည်းမိတယ် ။ ဆိုင်းဆရာသာ ကြားရင်တော့ ဆဲလိုက်မယ့် ဖြစ်ခြင်း ။ အလှူရှင်က ငွေပေးပြီး ငှားလို့ ကိုယ်တွေက လိုက်ဖျော်ဖြေပေးတယ် ။ ဒါကိုပဲ အလှူပြီးလို့ ရေစက်ချ အမျှဝေတော့ ကိုယ်တိုင်ပဲ လှူတာလိုလို ဘာလိုလို ခပ်တည်တည်နဲ့ ဝင်တဲ့ပြီး အမျှတွေဝေ ၊ သာဓုတွေ ခေါ် လို့ ။

ကိုရွှေမိုး အိမ်မပြန်ဖြစ်တာ တစ်လခွဲ ရှိပြီ ။ ကြားထဲ ပွဲကူးပွဲဆက် ခြားတဲ့ နှစ်ရက် သုံးရက် ၊ အဲဒီ ရက်လောက်နဲ့တော့ အိမ်ပြန် မနေတော့ဘူး ။ ဆိုင်းဆရာအိမ်မှာပဲ ခွေနေ လိုက်တော့တယ် ။ အပိုလမ်းစရိတ် အကုန် ခံမနေတော့ဘူးလေ ။ ကိုရွှေမိုးနဲ့ အတူတူ ဆိုင်းဆရာအိမ်မှာ အနေမြဲတာက နှဲဆရာ ကိုကြီးမြင့် နဲ့ ပတ်မ တီးတဲ့ ကိုတင်ထွန်း ။ ကိုရွှေမိုး နဲ့ ဆိုးတူကောင်းဖက် အပေါင်းသင်းတွေပေါ့ ။

••••• ••••• •••••

၂ ။

အလှူအိမ်မှာ တရားနာ ၊ ရေစက်ချ ၊ ‘ ဗြော ’ ပါရိုက်ပြီးလို့ နာရီ ကြည့်လိုက်တော့ ညနေ သုံးနာရီခွဲ ။ ဆိုင်းဆရာအိမ်ကို ရောက်တော့ ညခုနစ်နာရီ ထိုးပြီ ။ ကိုရွှေမိုးတို့ တစ်ဖွဲ့လုံး က “ သုခဘုံ ” လို့ နာမည်ပေးထားတဲ့ နေရာလေး ၊ ဆိုင်းဆရာတို့ လမ်းထိပ်က ဦးဝကြီးရဲ့ အရက်ဖြူဆိုင် ။ ပင်ပန်းတဲ့ဒဏ် ခံနိုင်ဖို့ ၊ အိပ်ရေးပျက်တဲ့ဒဏ် ခံနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်ခွက်တစ်ဖလားတော့ သောက်ဖြစ်ကြတာပါပဲ ။ ဆိုင်းဆရာအိမ်ကနေ ကိုတင်ထွန်း နဲ့ နှစ်ယောက်သား ခပ်သုတ်သုတ် ထွက်လာခဲ့တယ် ။ ဆိုင်ထဲ ရောက်တော့ ငွေနှဲကျော်ကြီး ကိုကြီးမြင့် ဘယ်အချိန်ကတည်းက ရောက်နေတယ် မသိ ။ ကိုရွှေမိုး အရက်တစ်လုံး ၊ ပဲခြမ်းသုပ်တစ်ပွဲ လှမ်း မှာရင်းက တစ်ဆက်တည်း လှမ်းနှုတ်ဆက်လိုက်တယ် ။

“ ဟ ... ကိုကြီးမြင့် ဝီရိယကောင်းလှချည့်လားဗျ ”

ကိုကြီးမြင့်က မြိန့်မြိန့် ကြီး ပြုံးပြရင်းနဲ့ ဖြေတယ် ။

“ ဝီရိယ မကောင်းလို့ မဖြစ်ဘူး ကိုယ့်လူရေ ၊ ဆရာကတော် တွေ့သွားရင် တန်းပြီး ပုန်းဆွဲ ( ထမင်းစား ) ခိုင်း မှာ ။ ဒီနေ့က ဒကာတော် ရေမြေ့ရှင် ရှိပြီးသား ဆိုတော့ ”

“ ဟ ... ပြောစမ်းပါဦး ၊ ဘယ်သူတုံးဗျ ”

“ မင်းလေကွာ ၊ ဒီနေ့ အလှူမှာ အလှူရှင်က မင်းကို ဆုတော်ငွေ ချတာတွေ ငါ အကုန် မြင်တယ် ”

ကိုတင်ထွန်း ဘက် လှည့်ကြည့်တော့လည်း အတူတူပဲဆိုတဲ့ သဘော ။ ကိုရွှေမိုး မငြင်းသာတော့ ။

“ လုပ်ကြပေါ့ဗျာ ”

ကိုရွှေမိုး ပြောပြောဆိုဆိုနဲ့ တစ်ခွက်စ,သောက်တယ် ။ နောက် ခွက်လှည့်ကျ ။ တစ်ခွက် ၊ နှစ်ခွက် ၊ သုံးခွက် ။ အဲဒီကျတော့ ကိုရွှေမိုး နည်းနည်း အာရွှင်လာပြီ ။

“ ဒီနေ့ အလှူမျိုးကတော့ ကြုံတောင့်ကြုံခဲပါဗျာ ။ မဏ္ဍပ်ကြီးကလည်း လည်ပေါ် သုံးဆင့် ၊ လေးပင်ခြောက်ပင် ဆယ့်ငါးခန်း ။ မဏ္ဍပ် အဝင်ဝ နဖူးစည်းမှာ အလှူ့ဒါယကာ ဦးချမ်းသာ ၊ အလှူ့ဒါယိကာမ ဒေါ်ခင်ပြည့်စုံ တို့၏ ရှင်ပြုနားသအလှူတော် မင်္ဂလာ ဆိုတဲ့ ရွှေရောင်ဖောင်းကြွ စာလုံးကြီးတွေက ဟိုး ခပ်ဝေးဝေး ကတည်းက လှမ်းမြင်ရတယ် ”

ကိုရွှေမိုး စကားစဖြတ်ရင်း အရက်တစ်ငုံ ထပ်သောက်နေတုန်း ကိုကြီးမြင့်က “ ရွှေမိုးရေ .. ကိုကျော်စိန်ကြီးရဲ့ ကျန်းမာရေးအခြေနေက တော်တော်ဆိုးတယ်လို့ ကြားတယ် ။ အဲဒါ ဆိုင်းဆရာက ကိုကျော်စိန်ကြီး ဆိုင်းပွဲ ပြန်မလိုက်နိုင်သေးခင် မင်းကို သူ့နေရာ အစားထိုး ဆိုင်းနောက်ထ လုပ်ခိုင်းမယ် ပြောတယ် ။ မင်း တီးနေတဲ့ ခြောက်လုံးပတ်ကို တခြားလူ တစ်ယောက်နဲ့ လွှဲပြီး တီးခိုင်းမယ်တဲ့ ။ ဆုတော့ မတောင်း ကောင်းဘူးပေါ့ကွာ ။ ဒါပေမဲ့ ဒါဟာ မင်းအတွက် အခွင့်အရေးပဲ ။ ဆိုင်းဆင့်တဲ့စာတွေ ထပ်လေ့လာပေါ့ ။ မင်းနဲ့ အောင်ဗလက အတွဲညီမှာပါ ” လို့ စကားဝင်ထောက်တယ် ။

ကိုတင်ထွန်းက တစ်ခါ “ မင်းဒီနေ့ အလှူမှာ ပြောသွားတဲ့ စကားလုံးလေးတွေ ကောင်းတယ်ကွာ ။ လုပ်စမ်းပါဦးကွ ၊ သောက်ရင်းစားရင်း နောက်တစ်ခေါက်လောက် ပြန်ပြောစမ်းပါဦး ” လို့ မြှောက်ပေးတယ် ။ အရက်ကလေး ဝင်တော့ အူလေးရွှင် ၊ အစ ကတည်းကမှ ပြောချင်ချင် ဖြစ်နေတဲ့ ကိုရွှေမိုး အရက်ဝိုင်းကို အရက်ဝိုင်းလို့ မမြင်တော့ဘူး ။ မျက်လုံးထဲမှာ အလှူမဏ္ဍပ် ဖြစ်သွားပြီ ။ ကိုရွှေမိုးက ဆိုင်းဆင့်စာတွေကို တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုတယ် ။

“ မှန်ပါပေ့ ကိုရွှေမိုး ရေ .. ဟုတ်လိုက်လေဗျာ ”

ကိုတင်ထွန်း က အာလေးလျှာလေးသံကြီးနဲ့ စကားဝင်ထောက်တယ် ။

ကိုရွှေမိုး ကလည်း အရက်အရှိန်နဲ့ ဆက်လိမ့် ။ နှစ်ယောက်သား အတိုင် အဖောက်ကို ညီလို့ ။ နောက်တော့ တဖြည်းဖြည်းနဲ့ ကိုရွှေမိုးလည်း ဆိုစရာ ပြောစရာ “ ဆိုင်းဆင့် ” တဲ့ စကားတွေလည်း ကုန်သလောက် ရှိပြီ ။ ကိုတင်ထွန်းကလည်း စကားထောက်သာ လိုက်နေတာ ခေါင်းက ငိုက်နေပြီ ။ ပြောလိုက် ဆိုလိုက် ၊ သောက်လိုက် စားလိုက်နဲ့ လုပ်နေတာ အရက်လည်း နှစ်ပုလင်း ကုန်လို့ နာရီလက်တံတွေ ကလည်း ညဆယ်နာရီကို ပြနေပြီ ။ စကားတစ်လုံး ဝင်မထောက် အရက်ပဲ တစိမ့်စိမ့် သောက်နေတဲ့ ကိုကြီးမြင့် ၊ ပြောမယ့် ပြောတော့ ပိဿာလေးနဲ့ နံဘေးပစ်တဲ့ အတိုင်း ။

“ အင်း ... ဘုန်းကြီးရူး နဲ့ လှေလူးတွေ့ ဆိုတာ ဒါမျိုးပေါ့ ” တဲ့ ။

ခုလို တဒင်္ဂအချိန်လေးပဲ စိတ်လွတ်ကိုယ်လွတ် နေရတဲ့ ဘဝတွေမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုး မနေအားပါဘူး ။ သူဦး သူပြော ၊ ကိုယ်ဦး ကိုယ်ပြောပဲဟာ ။ ခဏနေတော့ ပြန်ကြဖို့ သူပဲ လောဆော်တယ် ။ ညဉ့်နက်ပြီ ဆိုင်သိမ်းချိန် ရောက်တော့မယ်လေ ။ သုံးယောက်သား ဦးဝကြီးရဲ့ ဆိုင်ထဲက ထွက်လာတော့ အတွေးကိုယ်စီနဲ့ စကား မပြောဖြစ်ကြတော့ဘူး ။

••••• ••••• •••••

၃ ။

ကိုရွှေမိုး ဒီနေ့ ဘယ်လို ဖြစ်တယ် မသိ ။ လူကလည်း ပင်ပန်း ၊ အရက်လည်းသောက် ထားပါလျက်နဲ့ အိပ်မပျော်ဘူး ။ မျက်လုံးတွေ ကြောင် နေတယ် ။ အတွေးတွေထဲ ချာချာလည်နေတယ် ။ ကိုကြီးမြင့် နဲ့ ကိုတင်ထွန်း ကတော့ တခေါခေါနဲ့ ဟောက်သံတွေတောင် အပြိုင်ထုတ် ကုန်ကြပြီ ။

“ ကျုပ်က နောက်ထပ် ဆိုင်းပွဲတစ်ပွဲ ပြီးရင် ကြိုသုံးငွေ ထုတ်ထားတာ ကျေပြီ ” ဆိုတော့ နှစ်ယောက်လုံးက “ ကောင်း တာပေါ့ကွာ ” တဲ့ ။

ဝမ်းသာပါတယ်လည်း မဆို ၊ ဝမ်းနည်းပါတယ်လည်း မပြော ။ ဟုတ်တော့ ဟုတ်ပါတယ်လေ ။ ဆိုင်းသမားဘဝ ကြိုသုံးငွေ ကျေတာ မကျေတာက ထူးဆန်းတဲ့ အဖြစ်မှ မဟုတ်တာ ။ ဆိုင်းပွဲရာသီ စ,တာနဲ့တစ်ပြိုင်တည်း ကိုရွှေမိုးတို့ ဆိုင်းသမားတိုင်းလိုလို ဆိုင်းဆရာဆီက ကြိုသုံးငွေ ထုတ်ကြတာပဲ ။ ဆယ်ပွဲစာ ၊ ဆယ့်ငါးပွဲစာ ။ ပွဲအရေအတွက် နည်းတာနဲ့ များတာပဲ ကွာတယ် ။ မိသားစုမှာ ပုစုခရုကလေးများတဲ့ သူ ဆိုရင် ကြိုသုံး ပြီးရင်း ကြိုသုံး သံသရာ လည်နေတော့တာ ။

တချို့ဆို ဆိုင်းပွဲရာသီ ကုန်တဲ့ထိ အကြွေး မကျေဘူး ။ ကိုကြီးမြင့် နဲ့ ကိုတင်ထွန်း တို့လည်း အဲဒီလို လူတွေလေ ။ ကိုရွှေမိုးလည်း ထူးမခြားနားပါ ၊ မိသားစု ခြောက်ယောက် ။

အလှူရှင် သူဌေး ဦးချမ်းသာ နာမည်နဲ့ လိုက်အောင်ကို ချမ်းသာပါရဲ့ ။ ဘယ်အချိန်ကများ လှူဖို့ကို အောင့်ထားရတယ် မသိ ။ သူတို့သား မောင်ရှင်လောင်းလေး ၊ အသက်က ခုမှ ခုနစ်နှစ်ပဲ ရှိသေးတယ်တဲ့ ။ ကိုရွှေမိုး အဲဒီ မောင်ရှင်လောင်းလေးကို ကြည့်ပြီး အိမ်မှာ ကျန်ခဲ့တဲ့ သားကြီးရဲ့ မျက်နှာကို မြင်ယောင်မိတယ် ။ နာမည်ကသာ ကံကောင်း ။ လူက ကံမကောင်းရှာဘူး ။ အသက်က ဆယ့်ငါးနှစ် ရှိပြီ ။ ခုထက်ထိ ရှင်မပြုရသေး ။ သူ့အောက်က အငယ်ကလေးတွေကို ငဲ့ပြီး ကျောင်းကလည်း ရှစ်တန်းနဲ့ နုတ်ထားရတယ် ။ ဦးချမ်းသာတို့ အလှူက ပြန်လာပြီး ကတည်းက ကိုရွှေမိုး ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချလိုက်တယ် ။ ရှေ့လာမယ့် နှစ် ကျရင်တော့ လှူဖြစ်အောင်ကို လှူမယ် ။ ကြိုငွေကို တတ်နိုင်သမျှ မထုတ်ဖြစ်အောင် နေမယ်လို့လည်း ဆုံးဖြတ်ထားတယ် ။ “ ဆိုင်းနောက်ထ ” ဖြစ်ပြီ ဆိုတော့ ဆိုင်းဆရာ ကလည်း ပွဲကြေး တိုးပေးတန်ကောင်းပါရဲ့လို့ တွေးရင်း မိုးပေါ်ကို မော့ ကြည့်လိုက်တော့ ပြည့်လုပြည့်ခင် မဝိုင်းတဝိုင်း လမင်းကြီးက ထိန်ထိန်သာလို့ ။

••••• ••••• •••••

၄ ။

ဆိုင်းပွဲရာသီလည်း ပြီးခါနီးပြီ ။ ဒီတစ်ခါ ဆိုင်းပွဲ လိုက်ရတဲ့ ရွာက တော်တော် ဝေးလွန်းခေါင်လွန်းတယ် ။ ကတ္တရာလမ်းပေါ်တင် မိုင်သုံးဆယ် ၊ ဟိုဘက် တောလမ်းက ရှစ်တိုင် ( ၁၆ မိုင် ) ခရီး ။ အလှူပြီးလို့ ပြန်လာကြတော့ ဆိုင်းသမားတွေလည်း တော်တော် နွမ်းနေပြီ ။ အပို့အကြို လုပ်ပေးရတဲ့ ကားဆရာလည်း လမ်းကြမ်းလွန်းလို့ ဆိုပြီး ညည်းလိုက်သမှ ချူသံကို ပါလို့ ။ ကိုရွှေမိုး ဆိုင်းသေတ္တာကြီးတွေပေါ် ထိုင်စီးရင်း ငိုက်လိုက်လာခဲ့တယ် ။ တော်တော်လေး ကြာတော့ ဘယ်နေရာ ရောက်ပြီတုံး သိချင်စိတ်နဲ့ ကိုရွှေမိုး ငိုက်နေရာကနေ မျက်လုံး တစ်ချက် ဖွင့်ကြည့်လိုက်တယ် ။ ကားက သဲချောင်းခြောက်နဲ့ ရိုးပြတ်ကလေးကို လွန်လာပြီး ဖွတ်ချေးကျတ်ပြင် မြေပေါ်မှာ တအိအိနဲ့ လိမ့်နေတုန်း ။ ကားရှေ့ကို မျှော်ကြည့်လိုက်တော့ ကတ္တရာလမ်းကို လှမ်းမြင်နေရပြီ ။ ကိုရွှေမိုး တစ်ခါပြန် ငိုက်လို့မှ မကြာသေးဘူး “ ဒိုင်းခနဲ ” အသံကြီးနဲ့ ရှေ့ဆင့်နောက်ဆင့် ကားက ငြိမ့်ခနဲ ဖြစ်သွားတယ် ။ ကိုရွှေမိုးလည်း လေထဲမှာ ဦးစောက်ကျွမ်းပြန် ဖြစ်သွားပြီး မြေပေါ် ပြန်အကျ လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ် ။

••••• ••••• •••••

၅ ။

ဘီးပေါက်ပြီး ဘေးဘက်ကို “ ငြိမ့်ခနဲ ” စောင်းသွားတဲ့ ကားပေါ်က ပြုတ်ကျခဲ့တဲ့ ကိုရွှေမိုး ကံကောင်းလို့ အသက် မသေခဲ့ပေမဲ့ ညာဘက်လက် တစ်ချောင်းလုံး သွင်သွင်ကျိုးသွားခဲ့တယ် ။ ဆရာဝန်က “ ခြောက်လတိတိ အဲဒီ လက်ကို ပုံမှန် လေ့ကျင့်ခန်းလေးပဲ လုပ်ပါ ။ ပြင်းပြင်းထန်ထန် လုပ်ရမယ့် အလုပ်တွေကို ရှောင်ပါ ” လို့ မှာလိုက်တယ် ။ ဘယ်အလှူမှာပဲ ဖြစ်ဖြစ် ရေစက်ချ ၊ အမျှဝေပြီးလို့ “ ဗြော ” ရိုက်ပြီ ဆိုရင် စည်တိုကို အားပါးတရ နှက်ခဲ့တဲ့ လက်ကလေး ။ ကိုရွှေမိုး ကိုယ့်လက် ကိုယ် ပြန်ကြည့်ပြီး ဆွေးမိတယ် ။ သားကြီး မောင်ကံကောင်းကို လှူဖို့ အတွက် စုထားတဲ့ ငွေလေးတွေလည်း အိမ်စရိတ်နဲ့ ဆေးလုံး ၊ ဆေးပြား ၊ ဆေးတောင့်ဖိုးတွေရဲ့ ကြားမှာ ရေစုန်မျော သွားခဲ့ရပြီ ။

••••• ••••• •••••

၆ ။

ဘုန်းကြီးကျောင်းနဲ့ ရွာရဲ့ ကြားက ယာပြင်ထဲမှာ အလှူမဏ္ဍပ်ကြီး ဟည်းလို့ ။ မောင်ရှင်လောင်းတွေ အများကြီးရဲ့ ကြားမှာ ကိုရွှေမိုးရဲ့သား မောင်ကံကောင်း ။ သူတစ်ယောက်ပဲ အရပ်ကြီးကလည်း အရှည်ဆုံး ၊ အသက်လည်း အကြီးဆုံး ။ ဘယ်က ကြည့်ကြည့် ထင်ထင်ရှားရှားကြီး ။ ကြီးကျယ်ခမ်းနားလိုက်တဲ့ အလှူ ။ ကိုရွှေမိုး အနေနဲ့ မောင်းဆိုင်းလေးလောက်ပဲ မှန်းထားတာပါ ။ ခုတော့ ဆိုင်းဝိုင်းကြီးတင် မကဘူး ဇာတ် ပါတောင် သွင်းလိုက်သေး ။ မောင့်ကျက်သရေခေါင်းပေါင်း ၊ နံ့သာရောင် တိုက်ပုံအင်္ကျီ ။ ငွေရောင် ကျူထရံကွက်လုံချည်နဲ့ ကိုရွှေမိုးက တကယ့်ခံ့ခံ့ကြီး ။ အိမ်ရှင်မကလည်း တစ်ပတ်လျှိုဆံထုံးမှာ စံပယ်ပန်းတွေ ပန်ထားလိုက်တာများ ဖွေးလို့ ။ ရွှေရောင်ချိတ် ဝမ်းဆက်နဲ့ ပန်းနုရောင် ဇာပဝါလေးကို ပခုံးပေါ်မှာ ခြုံထားတာများ လှမှလှ ။ ဒါက အများ အမြင်ပါ ။ ကိုရွှေမိုးရဲ့ ရင်ထဲမှာတော့ လိပ်ပြာမလုံ သလိုလိုကြီး ။ သားကြီး မောင်ကံကောင်းကို ဆံချ ၊ သင်္ကန်းဆီး ပေးပြီးတဲ့ အချိန် ကိုရွှေမိုး ကျလုလု ဖြစ်နေတဲ့ မျက်ရည်တွေကို ဇွတ်အတင်း ထိန်းရင်း ကိုရင်လေးရဲ့ ရှေ့ကနေ ပြေးထွက်လာခဲ့တယ် ။ ကိုရွှေမိုးရဲ့ မျက်ရည်တွေကို ဇနီးသည် မထားက တယုတယ သုတ်ပေးရင်း နှစ်သိမ့်စကား ဆိုတယ် ။

“ ကိုရွှေမိုးရယ် .. ဒီအချိန်က မင်္ဂလာယူရမယ့် အချိန် ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမယ့် အချိန်လေ ။ တော့် ရင်ထဲမှာ ဘယ်လို ခံစားနေရမယ်ဆိုတာ ကျုပ် နားလည်ပါတယ် ။ ခုလည်း ကျုပ်တို့ ဘာအားငယ်စရာရှိလဲ ။ သူဌေးကြီးက သူ့ရဲ့ ရှင်တစ်ရာ အလှူပွဲကြီးမှာ ခုလို ပါရမီ ဖြည့်ပေးတာ ဝမ်းသာ ကျေးဇူးတင်လို့ မဆုံးပါဘူးတဲ့ ။ တရားနာပြီး ရေစက်ချလို့ ရှိရင်လည်း မိဘတွေ အကုန်လုံး ရေစက်ခွက်တွေ ကိုယ်စီ ကိုင်ပြီး ၊ ရေစက်ချ ပေးပါလို့ တောင်မှ ပြောထားသေးတာပဲ ။ သူက ငွေကြေး စိုက်ထုတ်ပြီး သာသနာ့အမွေ ခံတယ် ၊ ကျုပ်တို့က ရင်သွေး စိုက်ထည့်ပြီး သာသနာ့အမွေ ခံတယ် ။ ဘာများ အားငယ်စရာရှိလဲတော် ”

အလှူပွဲကြီး ပြီးခဲ့ပြီ ။ မောင်ကံကောင်းလေးလည်း ကိုရင် “ ကောဝိဒ ” ဖြစ်ပြီ ။ အားလုံးကိုယ်စီ ရေစက်ချ အမျှဝေ ပြီးတဲ့ အချိန် ။ ကိုရွှေမိုး “ ဗြော ” ရိုက်မယ့် ဆိုင်းဆရာတွေရဲ့ အနားကို အပြေး ရောက်သွားတယ် ။ ဗြော စ , ရိုက်တော့ ကိုရွှေမိုးရယ်လေ ... ။

“ ပလုတ်တုတ်ဗြုန်း ... ပလုတ်တုတ်ဗြုန်း ” နဲ့ ။ စည်တိုကြီးကို အားပါးတရ ရိုက်ရင်း ဆုတောင်းတစ်ခု ပြုလိုက်တယ် ။ ဖြစ်လေရာ ဘဝတိုင်းမှာ အငှားခန္ဓာ မြှောင်ရတဲ့ ဝင်ကစွပ်ကောင်လို ဘဝမျိုးနဲ့ လွဲရပါစေသား ။

▢  မောင်ပြည်သိမ်း ၊ မကွေး ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဧပြီ ၊ ၂၀၂၀

No comments:

Post a Comment