Wednesday, March 25, 2026

မလုပ်မစား

 

❝ မလုပ်မစား ❞
    ( ပီမိုးနင်း )

ဦးရွှေသာသည် ခေါင်းအုံးသုံးလုံးကို ဆင့်ကာ ပက်လက်မှီလျောင်းလျက် ခြေသလုံးကို နှိပ်၍ နေသည့် တစ်ဦးတည်းသော သား ဖြစ်သူ မောင်ရင်ကို ကြည့်ကာ မချိသော အမူအရာနှင့် ရင်ဝသို့ ဆို့တက်၍ လာသော အလုံးကြီးတစ်လုံးကို မျို၍ ချလိုက်လေ၏ ။

မကောင်းသော ကံကြမ္မာ၏ အကျိုးပေးပုံတို့သည် အစုံအစုံ အပြိုင်အပြိုင် လာတတ်သည်ဟူသော စကား၏ ဟုတ်မှန်ကြောင်းကို စဉ်းစားရင်း တစ်ဦးတည်းသော သားကလေး အတွက် မသက်မသာ ဖြစ်၍ နေရှာလေ၏ ။ ဦးရွှေသာမှာ ကြွယ်ဝချမ်းသာသူ ဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ လက်မဲ့အခြေအနေ၌ မကျန်းမမာ ဖြစ်၍ နေလေရာ မိမိ အတွက် မပူ လူပျိုပေါက်ဖြစ်သော သားကလေး အတွက်သာ ပူလေ၏ ။

မိမိမှာကား တစ်နေ့တခြား သမုဒ္ဒရာသို့ စီးသော သစ်တုံးသည် ရေကြောတွင် ခုခံခြင်း မပြုနိုင်ဘဲ လိုက်ပါရသည့်အလား ဝေဒနာတည်းဟူသော အစုန်ရေကြော၌ မရဏပင်လယ်ကြီး ဘက်သို့ တရိပ်ရိပ်မျောပါခဲ့သည်မှာ ခရိုင် အဆုံးသို့ ရောက်ရပေတော့မည် ။ နေ့လား ညဉ့်လား ၊ သေခြင်းတည်းဟူသော သမုဒ္ဒရာ၏ ရင်ခွင်သို့ ရောက်တော့မည်ဟူသော အသိ၏ ဖိစီးခြင်း၏ အောက်မှာ မလွန့်သာ ၊ မဆန့်သာ ၊ လမ်းဆုံးကို မျှော်လျက်သာ နေရရှာလေတော့သတည်း ။

ရှေးဦးပထမ လူလိမ်ခံရ၏ ။ ၎င်းနောက် အာမခံ ကြွေးများကို ဆပ်ရ၏ ။ ထို့နောက် ဓားပြအတိုက်ခံရ၏ ။ ထို့နောက် လယ်ယာ ၊ ခြံမြေအိမ်ခြေယာခြေ မကျန်အောင် မြီရှင်ချစ်တီးများ၏ မောင်းသံကို ကြားခဲ့ရ၏ ။ ထို့နောက် ဇနီးသည် ဒေါ်ဖြူ မှာ ဥစ္စာပျက်ပြုန်း ၊ လူလုံး မလှ ၊ သောကဗျာပါ ၊ မီးလောင်စာကြောင့် ၊ မမာမကျန်း ဖြစ်ကာ မရဏလမ်းသို့ စောလျင်စွာ ရောက်ခဲ့၏ ။

မိမိ၏ အလှည့်သည်ကား တစ်နေ့တခြား နီး၍လာကြောင်း သိရလျက် အားကိုးစရာ ဉာတိဆွေမျိုးကောင်းလည်း မရှိ ၊ ပစ္စည်းအမွေလည်း ရတော့မည် မဟုတ်သော သားအတွက် ရတက်မီးလောင်၍သာ နေရှာလေတော့သတည်း ။

သေတာက အရေးမကြီး ။ လှူခဲ့တန်းခဲ့ ပြုခဲ့သမျှသော ကုသိုလ်ကောင်းမှုတို့ကို ဆင်ခြင်ကာ မကောင်းမှု ဒုစရိုက် ဟူ၍ တစ်စုံတစ်ရာ ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ခြင်းကြောင့် သေခြင်းကို မကြောက်လှပေ ။ မိမိ မျက်စိ နှစ်ဖက်ကို မှိတ်လိုက်သောအခါ ဤသားကလေး တစ်ယောက်တည်း ဤကမ္ဘာပေါ်၌ ခိုကိုးရာမဲ့ မျက်နှာငယ်စွာ နေရစ်ခဲ့ရမည်ကိုသာ တရေးရေး ထင်မြင်လျက် မသက်မသာ ကြံရာမရ ဖြစ်၍ နေလေ၏ ။

အထက်ထက်က ပစ္စည်းဥစ္စာ ရှိခဲ့၍ နူးနူးညံ့ညံ့နေခဲ့ရသောကြောင့် ကြမ်းကြမ်းတမ်းတမ်း လုပ်၍လည်း မစားနိုင် ၊ စာရေးစာချီ အစိုးရအရာရှိ ဖြစ်လောက်အောင်လည်း ပညာကို မသင်ခဲ့ရ ။ ပစ္စည်းဥစ္စာကို အားကိုးပြု ကာ အင်္ဂလိပ်စာ ၊ မြန်မာစာကို ရေးတတ်ဖတ်တတ်ရုံ ကလေးမျှ သင်ပေးခဲ့မိလေ၏ ။

ပညာကို ကိုးတန်း ၊ ဆယ်တန်း ၊ အိုင်အေ ၊ ဘီအေ အောင်သော်လည်း အဘယ် လခစားမှ လုပ်ရန် မလို ။ မြေပြိုမှ ဆင်းရဲဖို့ရှိသည် ဟူသော စိတ်ကြောင့် တစ်ကြောင်း ၊ ပညာတွေကို ထိုမျှလောက် သင်သော်လည်း ပညာ၏ အကျိုးကို စဉ်းစားရှာကြံ၍ မရသောကြောင့် တစ်ကြောင်း ၊ သေစာရှင်စာနှင့် အတွက်အချက်ကလေးကို သိလျှင် တော်ပြီ ဟူသောအနေနှင့် ပေါ့လျော့မိခဲ့လေ၏ ။

ထိုကဲ့သို့ ပေါ့လျော့စေရန် အပြစ်တစ်ခုမှာလည်း အခြား မဟုတ် ။ သူကြီးသား မောင်ဘထိုက် ခေါ်သူကလေးမှာ ဘီအေ အောင်ပြီးနောက် ချောင်းဆိုးသွေးပါ ဖြစ်၍ သေဆုံးသွားသည်ကို တွေ့ရဖူးသဖြင့် ထိုမျှလောက် ပညာသင်ခြင်းသည် မသေခင် ဝဋ်ဆင်းရဲခံရခြင်းပဲ ။ မတော်တဆ တစ်ခုခု ဖြစ်၍ ပျက်စီးသွားလျှင် သင်ရသော ဒုက္ခသည် အပိုဖြစ်ချေမည်ဟု အောက်မေ့ကာ တစ်ဦးတည်းသော သားကလေး အပေါ်၌ အကြင်နာ လွန်ကဲခြင်းကြောင့်ဖြစ်လေ၏ ။

ယခုမှာကား မကြံတတ်အောင် ရှိနေသဖြင့် ငါ့ သားကလေးအား ပညာသင်မပေးခဲ့သည်မှာ တက်တက်စင် မှားချေပြီဟု ဆင်ခြင်ကာ ယူကျုံးမရ ဖြစ်၍ နေလေ၏ ။

သို့ကြည့်၍ နေရာမှ တစ်စုံတစ်ရာကို စဉ်းစားမိသဖြင့် မျက်နှာမှာ လင်း၍လာလေ၏ ။

ငါ့သားသည် မိဘစကားကို အမြဲနားထောင်သော သားဖြစ်သည် ။ ကတိတည်ခြင်း ၊ စကားမှန်ခြင်း ၊ သစ္စာစောင့်ခြင်းများ၌ အထူးသဖြင့် ပုံသက်သေနှင့် သင်ပြခဲ့သောကြောင့် ဤအရာများ၌ စိတ်ချရ၏ ။ ကတိတစ်ခုကို ထားလျှင် ကတိဖျက်မည် မဟုတ်ပေဟု စဉ်းစားမိလေ၏ ။

“ လူကလေး ”

“ ဘာလဲ ဖေဖေ ”

“ ဖေဖေတော့ ကြာကြာ မနေရတော့ဘူး ။ ဖေဖေ့သားမှာ ပစ္စည်းအမွေလည်း မရ ၊ အားကိုးရာလည်း မရှိ ၊ လောကမှာ ကြာကြာ ဆင်းရဲဒုက္ခဖြစ်ပြီး အောက်ကျ နောက်ကျ နေရမှာဖြစ်ရင် သေရတာက ပိုပြီး မြတ်လိမ့် မယ်လို့ ဖေဖေ သဘောရတယ် ။ သေဝံ့ရဲ့လား ”

“ ယောက်ျားပဲ ဖေဖေရယ် မဆင်းရဲပါဘူး ။ တစ်ဝမ်း တစ်ခါးပဲ ။ ဖေဖေသာ စိတ်ကောင်းကောင်းထားပါ ။ ကျွန်တော့်အတွက် မပူပါနဲ့ ဖေဖေရယ် ”

“ ဖေဖေ့သားက အကြမ်းလည်း မတတ် ၊ အနုလည်း နားမလည် ၊ ဖေဖေ ဘယ့်နှယ် စိတ်ချပြီး သွားနိုင်မှာတုန်း လူကလေးရယ် ။ ဖေဖေတော့ ကတိတစ်ခု ထားစေချင်တာပဲ ”

“ ဘယ်လို ကတိလဲ ဖေဖေ ... ကျွန်တော် ထားဝံ့ပါတယ် ”

“ ဖေဖေ ယုံတယ် ၊ ဖေဖေ့သား ကတိတည်မယ် ဆိုတာ ဖေဖေစိတ်ချလို့ ပြောတာပဲ ”

“ ပြောသာပြောပါ ဖေဖေ ”

“ သည်လိုကွယ့် လူကလေးရဲ့ ၊ လူမှန်သမျှမှာ အလုပ် လုပ်ရတယ် ၊ လူမှန်သမျှ ကိုယ်စီကိုယ်ငှ ဆိုင်ရာဆိုင်ရာ အလုပ်တာဝန်ရှိကြရတယ် ။ ရောင်းသူ ရှိလို့ ဝယ်သူတွေမှာ ပစ္စည်းအသုံးအဆောင်များကို ရတာ ။ ရောင်းသူ မရှိရင် ရွှေတွေ ၊ ငွေတွေ ဘယ်လောက်ပင် ရှိစေကာမူ ရွှေငွေကို ဝတ်လည်း မဝတ်နိုင် ၊ စားလည်း မစားနိုင်ဘူး ။ လယ်သမားဟာလည်း ကုန်သည်ကို အားကိုးရတယ် ။ ကုန်သည် ဟာလည်း လယ်သမား ရှိလို့ဖြစ်တာပဲ ။ သည့်အတွက် လူမှန်သမျှ အလုပ်ကိုယ်စီနဲ့ တစ်ဦး အကျိုးကို တစ်ဦး ဆောင်ကြရတာပဲ ”

“ မှန်ပါတယ် ဖေဖေ ။ ဒီအကြောင်းကို မကြာမကြာ ပြောဖူးသားပဲ ”

“ အေး ... ဖေဖေ့သား မှတ်မိတာ ဖေဖေ ဝမ်းသာတယ် ။ အခု ဖေဖေပြောလိုတာက ဖေဖေ့သား လူ့ပြည်မှာ ဆန်ကုန်မြေလေး ဖြစ်မှာစိုးလို့ပြောတာ ။ သည်လို အပြော ခံရရင် ဖေဖေ သင်္ချိုင်းထဲကနေပြီး ကြားရလိမ့်မယ် ။ ကြားရင် ငရဲခံရတာထက် ဆိုးလိမ့်မယ် ။ သည့်အတွက် လူကလေး ... လောကမှာ အလုပ်တစ်ခုခုကို မလုပ်ရသမျှ ထမင်းကို အလကားရတောင် မစားပါဘူးဆိုတဲ့ ကတိကို ထားစေချင်တယ် ”

သားဖြစ်သူသည် ဖခင်အား မျက်လုံးပြူးလျက် ကြည့်ပြီး “ ဒီလိုဖြင့် ကျွန်တော် အလုပ် မရှိရင် အငတ်ခံ သေရမှာပေါ့ ”

“ သေတာက သာပြီး မကောင်းဘူးလား ။ မင်း မေမေလည်း သေပြီ ။ ဖေဖေလည်း သွားရတော့မယ် ။ သေရတာ ဘာဝန်လေးသလဲ ။ ဆင်းရဲခြင်းထဲမှ လူကို ကယ်တဲ့တရားဟာ သေမင်းပဲ ”

သူငယ်သည် စဉ်းစား၍ နေလေ၏ ။

“ ဟုတ်တယ်ဖေဖေ ၊ ကျွန်တော် ကတိထားပါတယ် ”

“ အေး ... မိမိ လုပ်တဲ့ အလုပ်နဲ့ ထိုက်တန်တဲ့ အစာကိုမှ စားပါ့မယ် ။ တစ်ပဲတန် လုပ်ပြီး ငါးပြားတန် မစား ပါ ။ တစ်မူးတန် လုပ်ရမှ တစ်ပဲတန် စားပါမည် ဆိုတဲ့ ကတိကို ထားနိုင်ရဲ့လား ”

“ ထားပါတယ် ဖေဖေ ”

“ ဖေဖေ သေလျှင်သေချင်း လူကလေး ဘာမဆို တစ်ခုခုကို လုပ်ရလိမ့်မယ် ။ မလုပ်ရလျှင် ထမင်းမစား ၊ အစားအဝတ်ထက် အလုပ်ကို ပိုစေပါမည် ဆိုတဲ့ ကတိကို တစ်သက်လုံး စောင့်ထိန်းပါမည်ဆိုတဲ့ ကတိကို ထားမလား ”

“ ထားပါတယ် ဖေဖေ ၊ စိတ်ချပါ ။ အလုပ်နှင့် မတန်သော အစာကို ကျွန်တော် ဒီတစ်သက်မှာ မစားပါဘူး ။ အလုပ် မလုပ်ရလျှင် အငတ်ခံသေပါ့မယ် ”

“ ကောင်းပြီ လူကလေး ... ဖေဖေ စိတ်ချရပြီ ၊ စိတ်အေးပြီ ” ဟုပြောပြီး မျက်လုံးများကို မှိန်းသလို နေရာမှ မထဘဲနေလေတော့သတည်း ။

မောင်ရင်မှာ ပစ္စည်းဟူ၍ တစ်စုံတစ်ရာ မရှိသဖြင့် အလောင်းကိုပင် အရပ်က သင်္ဂြိုဟ်လိုက်ရလေ၏ ။

သူတော်ကောင်းကြီးပါ ၊ လူတွေ မကောင်းလို့ အခုလို ဆင်းရဲဒုက္ခ ဖြစ်ပြီး အနိစ္စ ရောက်ရတာပဲ စသည်ဖြင့် အသိဟူသမျှက စုတ်သပ်ကာ ဝမ်းနည်းစကား ပြောကြလေ၏ ။

မသာချပြီးနောက် သူကြီးက မောင်ရင် ကို အိမ်သို့ ခေါ်၍ ထားလေ၏ ။

“ အားမငယ်ပါနဲ့ကွယ် ၊ မင်းဖေဖေဟာ ဘကြီး နဲ့ ငယ်ငယ်ကတည်းက လည်ပင်းဖက် ကြီးတာကွယ့် ။ ကိုယ့်အိမ်လို သဘောထား ။ ဆာရင် ရှာဖွေစား ၊ ဘကြီးတို့မှာ သားသမီး မရှိဘူးကွယ့် ။ သည့်အတွက် သူငယ်ချင်း သားလည်း ဖြစ်တာမို့ ခင်ရတာပဲ ။ မင်းအလုပ် အကိုင်အနေအထားမကျသေးခိုက်မှာ ဘကြီးတို့ ဆီမှာ နေသေးတာပေါ့ ။ ကြံချင် ဖန်ချင်ရင် ပြောကွယ့် ” စသည်ဖြင့် သူကြီးက ပြောဆို အားပေးလေ၏ ။

မောင်ရင်သည် မာနရှိသူ ဖြစ်၏ ။ သို့ဖြစ်လေရာ မည်သူ့ ထံမှာမျှ ငွေကြေးအထောက်အပံ့ကို ပြောဖို့ ကြံစည်သူ မဟုတ်ချေ ။

သူကြီးအိမ်သို့ ရောက်သော်လည်း ထမင်းမစားဘဲ နေလေ၏ ။ သူကြီးနှင့် အိမ်သားများသည်ကား ဖခင် ၏ စိတ်ကြောင့် မစားနိုင် မသောက်နိုင် ဖြစ်နေရှာတယ် ထင်ပါရဲ့ ။ သာမန် သားသမီးမှာ မိဘအတွက် သည် လောက် အပူကြီးလေ့ မရှိဘူး ။ ဒီသူငယ်ဟာ မိဘကို တကယ်ချစ်တဲ့ သူငယ်ပဲ ။ တော်ပါပေသည် ။ စိတ်သဘော ကောင်းမြတ်ပါပေသည်ဟု ပြောကြလေ၏ ။

မောင်ရင် မှာကား မိမိ၏ ကတိအတိုင်း အလုပ် မလုပ်ရသည့် အတွက် မစားဘဲနေခြင်း ဖြစ်လေ၏ ။ ဘာကို လုပ်ရမလဲ ဟူ၍သာ ကြံလျက်ရှိလေ၏ ။ ရှာကြံသော်လည်း အလုပ်မတွေ့ပေ ။ ထိုကဲ့သို့ မစားမသောက်ဘဲ သုံးရက် ကြာ၍ သွားသောအခါ အရပ်ထဲ၌ ၎င်းအကြောင်းကို ပြောစမှတ် ပြုလေ၏ ။

မောင်ရင်ကလေး အတွက် စိုးရိမ်ရတယ် ။ သူ့ အဖေသေလို့ သူကြီးအိမ်မှာ အစာတောင် မစားဘူးတဲ့ ။ အစာငတ်ခံပြီး သေမှာ စိုးရတယ် စသည်ဖြင့် ပြောစပြု ကြလေ၏ ။ သနားသူ ၊ ကြင်နာသူ ၊ ကျွေးချင် ပေးချင်သူ တွေလည်း သူ့ထက်ငါ လာရောက်ကာ မောင်ရင်အား တရားချကြလျက် မောင် .. ဘာစားမလဲ ။ အလိုရှိတာ ပြော ၊ ပိုက်ဆံကြေးငွေအတွက် ပူသလား ၊ နေရေး စားရေးအတွက် ပူသလား ။ ဒီအိမ်မှာ မပျော်လို့လား ၊ မပျော်ရင် အဒေါ်တို့ အိမ်ကို လာ ။ ဦးလေးတို့ အိမ်က အကျယ်ကြီး ။ အရီးတို့ အိမ်မှာ အရီးသမီး မယ်စိန် နဲ့ အရီး နှစ်ယောက်ထဲရယ် ၊ မောင့်တစ်သက် စားသုံးလို့ မကုန်ပါဘူး စသည်ဖြင့် ခေါ်ကြလေ၏ ။

လေးရက်မြောက်သော အခါ မွတ်သိပ်ဆာလောင်ခြင်းသည် အတော် ပြင်းထန်၍ လာလေ၏ ။ သူကြီးကတော်ကလည်း စားချင်စဖွယ်တွေကို ချက်ပြုတ်ကြော် လှော်ကာ မောင်ရင် သွားရေကျလောက်အောင် ညှော်တိုက်လေ၏ ။ မစားသူမို့ ကျွေးလိုသော စိတ်စေတနာ အထူးထက်သန်၍ နေလေ၏ ။

သနားသူများ အထဲတွင် ပါဝင်သူ တစ်ယောက် သည်ကား သူကြီးကတော်၏ တူမအရင်း ဖြစ်သူ မြေပိုင်ရှင်သူဌေး ဦးစံကျော်သမီး မယ်လုံခေါ်သည့် မိန်းကလေး ဖြစ်ရာ မောင်ရင် ကို အဘယ်ပုံ ကြံ၍ အစာစားအောင် လုပ်ရပါမည်နည်း ဟူသော အကြံနှင့် သူကြီးအိမ်သို့ လာ ရောက်ပြီးလျှင် မီးဖိုချောင်၌ ကူညီလုပ်ကိုင်၍ နေလေ၏ ။ သို့နေရာ သနားရာမှ ချစ်မေတ္တာသက်ဝင်လျက် အတော်ပင် စိုးရိမ်စပြုလေ၏ ။

မယ်လုံသည် ဝမ်းနည်းသောမျက်လုံးများနှင့် မောင်ရင်ကို အသာကြည့်လျက် စဉ်းစားသလိုနေလေ၏ ။

သို့နေရာမှ အပါးသို့ အရဲစွန့်ကာ ကပ်၍ လာပြီး စိတ်ဆိုးဟန် ၊ အပြစ်တင်ဟန် ၊ ကရုဏာဒေါသဟန်နှင့် “ ရှင် ... ဘာလို့ မစားတာလဲ ၊ ရှင် ဒီလိုနေရင် သေလိမ့်မယ် ။ မိဘကသာ သားသမီးသေရင် လွမ်းတာပါ ။ ရှင့်လိုလူ တစ်ခါမျှ မတွေ့ဖူးသေးဘူး ။ ဘာစားချင်သလဲ ပြောပါ ။ ကြိုက်ရာကို ကျွန်မ သဘောကျအောင် ချက်ပေးမယ် ” စသည်ဖြင့် ပြောသော်လည်း မောင်ရင်သည် စကားပြန်၍ မပြော ။ ဖခင်အတွက် ပူနေတယ် ထင်ကြရင်လည်း သာပြီး ကောင်းတာပဲ ။ သူတို့ ထင်သလို ဖြစ်အောင် လုပ်မှ တော်မည်ဟု စဉ်းစားကာ ဝမ်းနည်းပူပင်သော အမူအရာနှင့် ညည်းပြီး “ မလုံ မသိဘူးနော် ၊ ဒီအဖေလို အဖေမျိုး လောကမှာ ရှိမယ် မထင်ပါဘူး ။ ဒီအပူဟာ ဒီတစ်သက်မှာဖြင့် အေးမယ် မထင်ပါဘူး ။ ဖြေဖျောက်လို့ မရဘူး ။ တွေးလေ တွေးလေ ကောင်းသမျှ ကျေးဇူးတွေ ကို သတိရလေပဲ ” စသည်ဖြင့် ပြောလေ၏ ။

သို့သော်လည်း ဝမ်းထဲ၌ကား တကြုတ်ကြုတ်နှင့် မချိတရိ ဆာ၍လာလေ၏ ။ မီးဖိုမှ အနံ့ရတိုင်း သွားရည် ကျလေ၏ ။ ငါ စားရအောင် ဘာများ လုပ်ရပါ့မလဲ စသည်ဖြင့် စိတ်ကူးလေရာ အိမ်ရှေ့ ရာဝင်အိုးကြီး၌ ရေများ ခြောက်နေသည်ကို တွေ့ရသဖြင့် “ ဟင် ... အလုပ် ဆိုတာ လုပ်ချင်ရင် အလွယ်ကလေးပါလား ၊ ဘယ်သူ့ကို တောင်းနေရဦးမှာလဲ ။ တန်အောင် တန်အောင် လုပ်ရင်ပြီးတာပဲ ။ အလုပ်ဆိုတာ လျှောက်တောင်းရမှ အလုပ်ဖြစ်တာ မဟုတ်ပါကလား ။ ငါ ဘာမဆို လုပ်ရင် အလုပ်ပါပဲ ။ ငါ လုပ်တဲ့အတွက် တစ်ဦးတစ်ယောက်မှာ အကျိုးရှိရင် ပြီးတာပဲ ။ ဒီအိုးကြီးထဲမှာ ရေထည့် ၊ အိမ်ရှေ့မှာ ခြောက်နေတဲ့ စံပယ်ပင် ၊ နှင်းဆီပင်တွေကို ရေလောင်း ၊ အပွင့်ပွင့်လျှင် ငွေတောင် ဖြစ်နိုင်သေးတာပဲ ။ အလုပ်ဆိုတာ မခိုင်းဘဲ လုပ်ရင် ကျွန် မဖြစ်ဘူး ။ သူ့အခ လိုချင်လို့ သူ့ ထံမှာ အစေခံ အလုပ်ကို တောင်းပြီး လုပ်မှ ကျွန်ဖြစ် တာ ၊ အောက်ကျတာ ။ ဒီ ရာဝင်အိုး ပြည့်ရင် ငါ ထမင်း တစ်နပ်တော့ စားထိုက်မှာပဲ ” ဟုအောက်မေ့ကာ မယ်လုံ နှင့်စကားပြောရာမှ ရုတ်တရက် ထသွား ၊ ခြေရင်းအိမ်က ရေထမ်းသောသံပုံးနှင့် ထမ်းပိုးငှားပြီး အစာမရှိသဖြင့် ခါးချည့်လျက်နှင့်ပင် စိတ်ကို ဆောင်ကာ ချောင်းထဲသို့ ဆင်း၍သွားလေရာ မယ်လုံ နှင့် မြင်သမျှ အားလုံးတို့မှာ အံ့သြ၍ နေကြလေ၏ ။

မယ်လုံက “ ကိုမောင်ရင် ရှင် ထမင်းလည်း မစားဘဲနဲ့ ဘာလုပ်မလို့လဲ ။ ရေထမ်းမလို့လား ၊ ဘယ်သူက ခိုင်းလို့လဲ ။ ရှင် ... ဒုက္ခဖြစ်လိမ့်မယ် ” စသည်ဖြင့် ပြောဆိုကာ သံပုံးကို လိုက်၍ ဆွဲလေ၏ ။

“ အသာနေ မလုံ ၊ ဖေဖေ့အတွက် ပူနေတဲ့ စိတ်ကို အလုပ်နဲ့ ဖျောက်မှ ရမှာ ၊ သည့်အတွက် ရေထမ်း မလို့ ။ သေရင်လည်း အေးတာပဲ ။ ဖေဖေ့နောက် လိုက်ရုံပေါ့ ။ မလုံ သာ ပြန်ပါ ။ အလုပ် လုပ်ပါရစေ ။ ကျုပ်ကို သနားရင် အလုပ်လုပ်ဖို့ အခွင့်ပေးပါ ” ဟုပြောပြီး သွားလေ၏ ။

တား၍ မရသဖြင့် အခွင့်ပေးရသော မယ်လုံ မှာ သနားကြင်နာရာမှ မောင်ရင်၏ ကြီးရင့်သော စိတ်ကို ကြည်ညိုမိပြီး အချစ်မီးတောက်လျက် မျက်ရည်ကလေး တလည်လည်နှင့် အိမ်ကို ပြန်၍ လာပြီး အိမ်ပေါ်၌ တိုင်ကို မှီကာ မောင်ရင်ကို စောင့်မျှော်၍ နေရလေ၏ ။

မောင်ရင်သည် ရေထမ်းနှင့် ရောက်၍ လာပြီး ရာဝင်အိုးထဲသို့ ရေကို လောင်းလေ၏ ။ လောင်းပြီး မောဟိုက်လျက် မြေပေါ်တွင် ဖင်ထိုင်လေ၏ ။ မယ်လုံသည် သူကြီး အတွက် ကျိုထားသော နို့အိုးမှ နို့တစ်ခွက်မှ ခပ်၍လာပြီး “ ကိုမောင်ရင်ရယ် ... ရှင့်အတွက် ဒုက္ခ များလိုက်တာ ၊ ရှင်တစ်ခုခု ဖြစ်ရင် ကျွန်မ .. ” ဟု ရှိုက်သံကလေးနှင့် ပြောပြီး ကြင်နာသော မျက်လုံးများနှင့် နို့ကို ပေးရာ မောင်ရင်သည် စိတ်မပါဟန်နှင့် ယူပြီးသောက်လေ၏ ။

ထိုအခါ အနည်းငယ် အားရှိ၍ လာသဖြင့် မယ်လုံ တားသော်လည်း မရ ။ တစ်ဖန် သံပုံးနှင့် ချောင်းသို့ သွားလေ၍ မကြာမီ ရေတစ်ထမ်းနှင့် ပြန်လာလေ၏ ။ မလုံ က နို့တစ်ခွက်ကို ဆီး၍ တိုက်လေ၏ ။

“ တော် ... တော် မလုံ ၊ မသေနိုင်တော့ပါဘူး ။ အခုမှ ပူတဲ့ စိတ်ကလေး အေးသွားတယ် ။ အလုပ်ဟာ စိတ် ရောဂါ အတွက် အကောင်းဆုံးဆေးပဲ ။ မလုံ သနားရင် မတားပါနဲ့ ” ဟု ပြောပြီး ရာဝင်အိုး ပြည့်သည့်တိုင်အောင် ရေကို ခပ်လေရာ သူကြီးနှင့် သူကြီးကတော် မြို့မှ ပြန်လာသောအခါ မလုံက အဖြစ်အပျက်ကို ပြော၍ ပြလေ၏ ။ မောင်ရင်ကို အံ့သြကြင်နာသော ရပ်သူ ရွာသားတို့ကလည်း ဝိုင်း၍ ပြောကြလေ၏ ။

ထိုနေ့မှ စ၍ မောင်ရင်သည် ဖခင်အတွက် ပူလောင်သော စိတ်ကို အလုပ်နှင့်ဖြေသည် ဟု ပြောကာ ရေသယ်ခြင်း ၊ ထင်းပေါက်ခြင်းမှ စ၍ အိမ်ရှိသမျှ အလုပ်တွေကို သိမ်းကျုံး၍ လုပ်လေ၏ ။ ထမင်းကိုလည်း အငြိုး နှင့် ကြေအောင် စားလေ၏ ။ ၎င်း၏ ဝီရိယ ၊ ၎င်း၏ စိတ်နေသဘောထားပုံကို သဘောကျ၍ တူမလေး နှင့် နေရာချချင်သော သူကြီးကတော်ကလည်း မောင်ရင် စားလေ ၊ ဟင်းကောင်း ကျွေးကောင်းတွေကို ချက်အားရှိလေ ဖြစ်လျက် မီးဖိုမှာ တရှဲရှဲ ကြော်ချက်လေ၏ ။

သူကြီးနှင့် သူကြီးကတော်မှာ အဖိုးတန် တူသားကလေး တစ်ယောက်ကို ရတာပဲဟု ကြိတ်ကာ ပြောကြလျက် မှိုရသော မျက်နှာလို ဖြစ်၍ နေကြပြီးနောက် မယ်လုံ၏ မိဘများနှင့် တိုင်ပင်ကြလေ၏ ။

မောင်ရင်ကို သူကြီးနှင့် သူကြီးကတော်တို့က ကိတ္တိမသား အဖြစ်နှင့် မယ်လုံ၏ မိဘများအား ပြောဆိုကာ မယ်လုံနှင့် မောင်လည်နှမလည် ပေးစားရန် စီမံကြလေ၏ ။

ထိုအခါကျမှ မောင်ရင်သည် ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီးသည် ငါ့အား မဆင်းရဲနိုင်သော ကတိသစ္စာကို အထားခိုင်း၍ သွားခြင်းပေတကားဟု စဉ်းစားကာ ကျေးဇူးတင်လျက် တစ်နှစ်တစ်ကြိမ် ဖခင်ကြီး သေဆုံးသောနေ့တွင် သံဃာတော်တို့အား ဆွမ်းကျွေးလှူဒါန်းလေ၏ ။

[ ထူးချွန်ရေးကျမ်းတွင်ပါဝင်သော ဝတ္ထုတို ဖြစ်သည် ။ ပဲရော့ဦးဆန်နီ က ပထမအကြိမ် ၁၉၃၇ တွင် ထုတ်ဝေ၍ ရှုမဝ တိုက်က ဒုတိယအကြိမ် ထုတ်ဝေခဲ့သည် ။ ခုနှစ် ဖော်ပြမထားပါ ။ ]

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၃ )

No comments:

Post a Comment