❝ ဓာတ်မှန်ဖလင် အုပ်ထားတဲ့ သမိုင်းစာအုပ်တွေ ❞
( ဂျိုဇော် )
“ ရှေ့နေဆို ပျိုမှ ၊ သမားဆို အိုမှ ” ဟူသော စကားရှိသည် ။
ရှေ့နေဆို ပျိုမှကို မှတ်ချက် မပေးလိုသော်လည်း သမားဆို အိုမှ ကတော့ မှန်သင့်သလောက် မှန်သည်ဟု ထောက်ခံချင်ပါသည် ။ ကျွန်တော် ဆရာဝန်ပေါက်စဘဝ ၊ အတွေ့အကြုံ နုစဉ်က ရောဂါအဖြေ ဖော်ရာမှာလည်း စမ်းတဝါးဝါး ။ ကုသမှု ပေးရာမှာလည်း မပြတ်မသား ။ စာအုပ်တွေ ပြန်ဖတ်ရ ၊ ပညာသမ္ဘာ ရင့်သော ဆရာသမားများထံ မေးရမြန်းရ အကြံယူရနှင့် တော်တော် အားစိုက်ခဲ့ရသည် ။ အတွေ့အကြုံလည်း များ ၊ အငြိမ်းစားယူသည့် အရွယ်လည်း ရောက်လာတော့ ထမင်းစားရေသောက် လွယ်ကူသွားပြီ ။ ကိုယ့် အထင်အမြင် ၊ ကိုယ့် ဆုံးဖြတ်ချက်ကို သံသယ မဖြစ်တော့ပြီ ။ မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေပြီ ။ မှားလည်း မှားခဲသည်ကိုး ။ မှားခဲသည် ဆိုပါမှ အမှား တစ်ခုက ပူပူနွေးနွေး ဖြစ်သွားခဲ့သေးသည် ။ လူနာအဘိုးကြီး တစ်ယောက် ၊ ဆင်းဆင်းရဲရဲနွမ်းနွမ်းပါးပါးထဲကပါပဲ ။ ချောင်းတဟွတ်ဟွတ်ဆိုး ၊ ဖျားပြီး ရောက်လာသည် ။ ချောင်းဆိုး သလိပ်ဟပ်လျှင် သွေးစလေးတွေ ပါသည်ဟု သူ့သမီး ကျောင်းဆရာမလေးက ပြောသည် ။ ကျွန်တော် ကြည့်ရုံဖြင့် သိလိုက်ပါပြီ ။ ကျောင်းဆရာမလေးကို တိုးတိုး ပြောရသည် ။
“ ညည်းအဖေက တီဘီဖြစ်ဖို့ သေချာသလောက်ပဲ ၊ ကံဆိုးရင် ကင်ဆာလည်း ဖြစ်နိုင်တယ် ။ ဓာတ်မှန် ရိုက်ရမယ် ။ သလိပ် စစ်ရမယ် ”
ဆရာမလေး မျက်လုံးပြူးသွား၏ ။
“ ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ အုပ်ဆိုး ။ သလိပ်တွေ တွေ့ရာ မထွေးမိစေနဲ့ ။ တီဘီ ဆိုတာမျိုးက မိသားစုကို ကူးလွယ်တယ်အေ့ ”
ဆရာမလေး မျက်နှာ ဆီးရွက်လောက် ဖြစ်သွားသည် ။
“ စိတ်မပူပါနဲ့အေ ၊ တီဘီက ဆေး မှန်မှန် သောက်ရင် ပျောက်ပါတယ် ။ ဓာတ်မှန်နဲ့ သလိပ်အဖြေ ရရင် ဆေးရုံကို လွှဲပေးလိုက်မယ် ။ ဆေးရုံက ဆေးအခမဲ့ ပေးမှာပါ ”
ဆရာမလေး မျက်နှာက မဲ့တဲ့တဲ့ ။
နောက်နေ့ ဓာတ်မှန်နှင့် သလိပ် အဖြေ ယူလာပြတော့ ကျွန်တော့်အထင် ပါစင်အောင် လွဲနေသည် ။ သလိပ်မှာလည်း ပိုးမတွေ့ ။ တီဘီ မဟုတ် ၊ ကင်ဆာ မဟုတ် ။ အဆုတ်ရောင် အဆုတ်ပွ တဲ့ ။ ဟင် .. ဟုတ်ရဲ့လားဟ ။ ငါထင်တဲ့ အဖြေ လွှဲခဲပါတယ် ။ ဓာတ်မှန်ပဲ မှားသလား ၊ ဓာတ်ခွဲခန်းပဲ မှားသလား ။ ကျွန်တော် အဖြေကို မကျေနပ် ။ ကိုယ့် ထင်ကြေး မှန်ကန်ကြောင်း သက်သေပြဖို့ နောက်တစ်နေရာ ပြန်ရိုက်ခိုင်း ၊ ပြန်စစ်ခိုင်းလိုက်သည် ။ အဖြေက သည်အတိုင်း ။
အဆုတ်ရောင် အဆုတ်ပွကို ကုသမှု ပေးလိုက်တော့ တစ်ပတ် အတွင်းမှာပင် လူနာက ရောဂါစင်ပြီး ဒေါင်ဒေါင်မြည် သွား၏ ။ လူနာမိသားစုက ကျေးဇူးတင်နေကြသည် ။ ကျွန်တော့်လိပ်ပြာကသာ မသိုးမသန့် ။ ဆရာမလေးကို ပိုင်ပိုင်နိုင်နိုင်ကြီး ပြောခဲ့သည့် စကားတွေ သူသာ မေ့ချင် မေ့သွားမည် ။ ကျွန်တော့် မှာက ကိုယ့်အသံ ကိုယ် ပြန်ရှက်နေမိတော့၏ ။
••••• ••••• •••••
လူနာတစ်ယောက်က မိမိထင်ထား ၊ မှန်းထားသည့် ရောဂါကြီးကြီး မဟုတ်ဘဲ ရောဂါသေးသေး ဖြစ်နေလျှင် ဆရာဝန်သည် လူနာနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်သည် မဟုတ်ပါလား ။ ကိုယ့်ကိုယ်ကို ဝေဖန်လိုက်တော့ ကျွန်တော်သည် ဝမ်းမြောက်ဝမ်းသာကိုကျော်လွှားကာ မိမိအထင် ၊ မိမိမှတ်ချက် မှန်ကန်ရေး ကိုသာ မျှော်လင့်မိခဲ့၏ ။ ဖြစ်စေချင်ခဲ့၏ ။ မိမိ အတ္တနောမတိ ကိုသာ ရှေ့တန်းတင်ခဲ့မိ၏ ။ တစ်ဖက်သား ခမျာမှာတော့ တော်တော်လေး စိတ်ပန်းလူ ပန်းငွေပန်း ဖြစ်သွားခဲ့ရှာသည် ။ ကျွန်တော် မှန်စေချင်သလို တီဘီ ၊ ကင်ဆာ ရောဂါကြီး တစ်ခု ဖြစ်ခဲ့ပါက သည့်ထက် ပိုပြီး ပန်းရှာရော့မည် ။ ကျွန်တော့်မှာ ပြန်တွေးမိလေ ကိုယ့်လိပ်ပြာ ကိုယ်ရှက်လေ ဖြစ်နေရ၏ ။
ရွာက ကျွန်တော့် ဘဒွေး အဖြစ်က ပိုဆိုးသည် ။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့် ကျွန်တော် ကလေးဘဝက ဆိုတော့ ကြာတော့ ကြာခဲ့ပါပြီ ။ ဆေးရုံ ၊ ဆေးခန်း ၊ ဓာတ်ခွဲခန်းတွေ ကလည်း ခုလို ခေတ်မမီသေး ။ ဆရာဝန်၏ အတွေ့အကြုံ ပညာ သမ္ဘာက အရေးကြီးလှသည် ။ တိုတို ပြောရလျှင် ဘဒွေးကို ဆေးရုံက အမျိုးမျိုး စမ်းသပ်ကြည့်ပြီး ကင်ဆာဟု သတ်မှတ်သည် ။ ကင်ဆာဆေး သွင်းရမည်တဲ့ ။ ဒါတောင် ရောဂါသဘာဝအရ ခြောက်လ ၊ တစ်နှစ်ပဲ ခံမည်တဲ့ ။
ကျွန်တော်တို့ လူပြိန်းမျက်စိအရ ဘဒွေးက ကင်ဆာရုပ် မပေါက်သေးပါ ။ ခြောက်လ ၊ တစ်နှစ်ပဲ ခံမည်ဆိုတော့ ကုသမှု မယူတော့ဘဲ လက်မှတ်ထိုးပြီး ရွာပြန်ခဲ့ကြသည် ။ ဘဒွေး စားချင်တာလေးတွေ ကျွေး ၊ ကုသိုလ် အလှူအတန်းလေးတွေ လုပ်ပေးနှင့် တစ်လလောက် ကြာတော့ ဘဒွေးက နဂိုအတိုင်း ကျန်းကျန်းမာမာ ဖြစ်လာသည် ။ ဆေးရုံ ပြန်သွားပြတော့ ထပ်မံ စစ်ဆေးပြီး ဓာတ်မှန်သာ မှန်သတဲ့ ။ ဆေးသွင်းရမှာပဲတဲ့ ။ ဆေးရုံက ကင်ဆာ မှ တစ်ရွေးသားမျှ မလျှော့ ။ ခြောက်လ ၊ တစ်နှစ် ကလည်း အပြောင်းအလဲ မရှိ ။ တအုံနွေးနွေးနှင့် ရွာပြန်ခဲ့ကြရ သည် ။ ဘဒွေးကား ခြောက်လ မဟုတ် ၊ ခြောက်နှစ် မဟုတ် ၊ နှစ် နှစ်ဆယ်လောက် ကျန်းကျန်းမာမာ အသက်ရှည် သွားပါသည် ။
ငါ့အထင် ၊ ငါ့ဆုံးဖြတ်ချက်ပဲ မှန်တယ် ဟူသော ဆရာဝန်ကြီး၏ မျက်နှာပေးကို ကျွန်တော် ခုထိ မြင်ယောင်ဆဲ ပါ ။ ကျွန်တော့် လိုပင် “ ဝမ်းမြောက်ဝမ်းသာ ” ကို ကျော်လွှားခဲ့သလား ။ ကျွန်တော့်လိုပင် အတွေးစဉ်တွေ ဖြစ်ခဲ့သေးသလား ၊ မဖြစ်ဘူးလား ။ သူ့စိတ်ကို ကိုယ့်စိတ်နှင့် ကျွန်တော် မနှိုင်းလိုတော့ပါ ။
••••• ••••• •••••
မိမိအထင် ၊ မိမိ၏ အယူအဆ ၊ မိမိ၏ ယုံကြည်ချက်ကို မှန်စေလိုသည့် ၊ ခိုင်မာစေလိုသည့် ၊ အလျှော့မပေးလိုသည့် တစ်ယူသန်ခြင်းမျိုးသည် လူတိုင်းလိုလိုမှာ အနည်းနှင့်အများ ရှိမည်ဟု ကျွန်တော် ထင်ပါသည် ။
သိပ်မကြာသေးခင်က မှုခင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသည် ။ ရွာမှာ မိန်းမကြီးတစ်ယောက် အရက်ပုန်း ရောင်းသည် ။ တစ်ရက် သူ ရောင်းသည့် အရက်သောက်ပြီး တချို့ အော့ကြအန်ကြ ၊ အဆိပ်မိသလို ဖြစ်ကြသတဲ့ ။ သွား ပြောကြတော့ အရက်သည်မိန်းမကြီးက အလျှော့မပေး ၊ ဝန်မခံ စုံကန်ငြင်းပါ သတဲ့ ။ သူ့မှာ အမှားမရှိကြောင်း ၊ သူ့ အရက်မှာ အပြစ် မရှိကြောင်း သက်သေပြသည့် အနေဖြင့် တစ်ပုလင်း မော့သောက်ပြပါသတဲ့ ။ အရက်သည် မိန်းမကြီး ထိုနေရာမှာပဲ လဲကျသေဆုံးသွားခဲ့သည် ။
မိမိအထင် ၊ မိမိယုံကြည်ချက်ကို အသက်ပေး၍ ဆုပ်ကိုင်ပြသသွားသည်ဟု ဆိုရချေတော့မည် ။ သူ့အသက် သူ ရင်း၍ သက်သေထူခြင်းက တော်သေးသည် ။ မသိသေးသူများကို ခေါင်းမာမာနှင့် ဆက်ရောင်း နေလျှင် သို့မဟုတ် တူသား ၊ သူတစ်ပါးကို တိုက်ကာ ( အစမ်းသပ်ခံသတ္တဝါအဖြစ် ရင်းကာ ) သက်သေပြနေလျှင် ပိုဆိုးတော့မည် ။
••••• ••••• •••••
လောကကြီးမှာ အရက်ရောင်း သည့် မိန်းမကြီးလိုပဲ မိမိ အထင်အမြင် မှားနေသည်ကို ၊ မိမိအမှား ၊ မိမိအပြစ်ကို သူတစ်ပါး အဝေဖန် မခံဘဲ ငါပဲ မှန်သည်ဟု တစ်ယူသန် နေသူတွေ ရှိပေမည် ။ ဝန်မခံ ၊ မပြောင်းလဲ ၊ ခြေစုံမြဲ နေသူတွေ ရှိပေမည် ။
မိမိ အထင် ၊ မိမိ ယုံကြည်ချက် ၊ မိမိ ဆုံးဖြတ်ချက်သာ အမှန်ဟု တစ်ယူသန်ပြီး သက်သေတွေ တစ်ခုပြီး တစ်ခု ရှာဖွေနေသူတွေ ရှိပေမည် ။
မိမိအထင် ၊ မိမိယုံကြည်ချက် ၊ မိမိ ဆုံးဖြတ်ချက်သာ အမှန်ဟု တစ်ယူသန်ပြီး လူများစု အပေါ် စည်းရုံးစမ်းသပ် မောင်းနှင် သက်သေထူ ပြချင်သည့် သူတွေလည်း ရှိပေမည် ။
မိမိအထင် ၊ မိမိအယူအဆ ၊ မိမိယုံကြည်ချက်သည် တစ်ဦးတစ်ယောက်နှင့်ပဲ သက်ဆိုင်သည် ဆိုပါက သိပ် မထောင်းတာလှသော်လည်း လူအများစု ၊ လူထု ၊ ခေတ်သမိုင်းနှင့် ပတ်သက်နေပါက အရေးကြီးလေပြီ ။ ကောင်းကျိုးဆိုးကျိုး ၊ ကောင်းမွေဆိုးမွေက အရေးကြီးလေပြီ ။ အမှား ဖြစ်နေပါက တစ်ယူသန်ခြင်း၏ ဆိုးကျိုးဆိုးမွေကို ၊ အတ္တာဓိပတိ၏ ဆိုးကျိုးဆိုးမွေကို ကမ္ဘာချီ၍ ခံပေရော့ ။
သမိုင်းကို ငဲ့စောင်း ကြည့်သောအခါ -
သမိုင်းဦးဘုံမြေခေတ် ၊ ကျေးပိုင် ကျွန်ပိုင်ခေတ် ၊ မြေရှင်ပဒေသရာဇ်ခေတ် ၊ အရင်းရှင်ခေတ် ၊ အာဏာရှင်ခေတ် ၊ ဆိုရှယ်လစ်ကွန်မြူနစ်ခေတ် ၊ ဒီမိုကရေစီခေတ် စသည်ဖြင့် ခေတ်အမျိုးမျိုး စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြပြီ ။
ပလေးတိုး ၊ ဆော့ခရတ္တိ ၊ ဂျူးလီးယက်ဆီဇာ ၊ ကူဗလိုင်ခန် ၊ ဂျင်ဂစ်ဂန် ၊ နပိုလီယံ ၊ ကားလ်မာ့က်စ် ၊ လီနင် ၊ စတာလင် ၊ ဟစ်တလာ ၊ မူဆိုလီနီ ၊ မော်စီတုံး ၊ ပိုပေါ့ စသဖြင့် လူပုဂ္ဂိုလ်အမျိုးမျိုးကို တွေ့ကြုံခဲ့ကြပြီ ။
ကောင်းကျိုးဆိုးကျိုး ၊ ကောင်းမွေဆိုးမွေကို လက်ခံခဲ့ရပြီ ။
••••• ••••• •••••
ခုတလော ကျွန်တော်သည် ဆေးခန်းမှာ ဓာတ်မှန် ဖတ်လျှင် သမိုင်းကို သတိရသွားပါသည် ။ လောလောလတ် လတ် သတင်းတွေကို သတိရ သွားပါသည် ။
စားပွဲမှာ သမိုင်းစာအုပ် ဖတ်လျှင် ၊ လောလောလတ်လတ် သတင်းတွေ ဖတ်လျှင်လည်း ဆေးခန်းထဲက ဓာတ်မှန်ကို သတိရနေပြန်ပါသည် ။
⎕ ဂျိုဇော်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:
Post a Comment