Saturday, March 7, 2026

သူ့အဖေ့ အသံ

 

❝ သူ့အဖေ့ အသံ ❞
       ( ပီမိုးနင်း )

တစ်မိုးလုံး ပိတ်မှောင် နေအရောင် ညှိုးမှိန်လျက် မိုးသည် တဖွဲဖွဲ ၊ တစိမ့်စိမ့် ရွာ၍ နေလေ၏ ။ ဂျိုးဂျိုး ၊ ဂျိမ့်ဂျိမ့် နှင့် ပဇ္ဇုန်နတ်တွေ ဒိုးလှိမ့်၍ ကစားသည် ဟူ၍ လည်းကောင်း ၊ တစ်ချက်တစ်ချက် ဝင်းခနဲ ၊ လက်ခနဲ လျှပ်စစ်ရောင် ရဲခနဲပြက်သည့်အခါ မိုးပေါ်၌ အာရ်အီးတီ ဓာတ်ရထားများ အပြင်းမောင်းလျက် ဓာတ်မီးရောင် ဝင်းခနဲ လက်သည် ဟူ၍ လည်းကောင်း ၊ ကလေးသူငယ် တို့၏ စိတ်၌ မှတ်ထင်ဖွယ် ဖြစ်လောက်အောင် အာကာသ ကောင်းကင်မှာ သောင်းကျန်း၍ နေလေ၏ ။

ဘိုးအို သည် သေးငယ်သော ပြတင်းပေါက်ကလေးမှ မှေးမှိန်စွာ ဝင်သော အလင်းရောင်တွင် ဂျာစီအင်္ကျီလက်တို ပခုံးအစုတ်ကို ကုန်းလျက် ချုပ်ရင်း မျက်လုံးထဲတွင် လှပသော မျက်နှာကလေး တစ်ခုကို ထင်မြင်ကာ “ လှစိန် - လှစိန် ” ဟု တွေး၍ နေလေ၏ ။

လှစိန် သည်ကား ဘိုးအို နှင့် နီးလျက် ဝေး၍ နေသူကလေး ဖြစ်လေ၏ ။ အကြောင်းမူကား ... ပါးလွှာသော နံရံသည် ဘိုးအို ၏ စိတ်၌ မြင်းမိုရ်တောင်ကြီး သဖွယ် ဖြစ်၍ နေလေသတည်း ။

ဣန္ဒြေကို စောင့်စည်းကာ မခုတ်တတ်သော ကြောင်ကလေး လုပ်လျက် အင်မတန် ရိုး ၊ အင်မတန် ပိပြား ၊ မိန်းမကလေးလို အင်မတန်မှ သိမ်မွေ့ ပါကလားဟူသော ချီးမွမ်းခြင်းကို ခံရလောက်အောင် ငြိမ်သက်၍ နေခြင်းသည် အတွင်း၌ လှစိန် အတွက် သောင်းကျန်း၍ နေသမျှတို့ကို အနိုင်နိုင် လုံအောင် ဖုံးလွှမ်းရသော အမူအရာ ဖြစ်လေ၏ ။

လှစိန် သည်ကား ဘိုးအို ၏ စိတ် အရှိကို ရိပ်မိရုံ မက ကျိတ်ခါ အသိ ဖြစ်လေ၏ ။ သို့သော်လည်း ဘိုးအို ထက် ပညာရော ၊ သတ္တိစွမ်းရည်ရော ၊ အစစ ၊ အရာရာမှာ သာ၍ ယောက်ျား ပီသသော ဖေမြင့် က လှစိန် ၏ နှလုံးကို တစ်ဖက်မှ ရူပါရုံစက်ကြိုးဖြင့် ရစ်ပတ်ကာ ဆွဲ၍ထားလေ ရာ ဘိုးအို ၏ စိတ်၌ ဖြစ်ပွား၍ နေသမျှကို သိလျက်နှင့်ပင် ရက်ရက် ရောရော အားနာ၍ ညွှတ်ယိမ်း လိုက်ပါရန် စိတ်အားမသန် ဖြစ်နေလေ၏ ။

ဘိုးအို မှာ နာမည်က အိုသော်လည်း ရုပ်မှာ မအို ၊ အပြင်အပ အများ ထင်ကြသည်နှင့် ညီလျော်စွာ သနားကမား ဖြူဖြူဖောဖော မော်လမြိုင် မွန်ချော တစ်မျိုး ဖြစ်လေ၏ ။ အချို့က ခံ့ညားသော ဖေမြင့် ထက် လှသည်ဟု ပြောကြလေ၏ ။ “ ဖေမြင့် က မာသည် ၊ ဘိုးအို က ပျော့သည် ” ဟု အချို့က ထင်မြင်ချက် ပေးကြလေရာ ဘိုးအို မှာ အများ အပြောနှင့် ညီအောင် ပျော့သည်ထက် ပျော့၍ နေရလေ၏ ။

၎င်းတို့ နှစ်ယောက်မှာ ကျောင်းနေဖက် ဖြစ်ကြလေ၏ ။ သို့သော် လည်း လှစိန် နှင့် ပတ်သက်၍ နှစ်ယောက်စလုံးမှာ တန်းစ ပြုကြရာ ဘိုးအို မှာ တစ်အိမ်တည်း အခန်းချင်း ယှဉ်၍ နေရသူ ဖြစ်သောကြောင့် ရပ်ကွက်ခြားသူ ဖြစ်သော ဖေမြင့် မှာ လှစိန် အတွက် စိတ်မချနိုင်အောင် ရှိရှာလေသတည်း ။

စင်စစ်မှာလည်း ဤအရာမျိုးနှင့် နီးခြင်း သည် ထိခြင်း ၊ ငြိခြင်း နှင့် ဝေးခြင်း ထက် ပိုမို၍ နီးလေရာ လှစိန် မှာ နှစ်ယောက်စပ်ကြားတွင် ဗျာများ၍ နေလေ၏ ။ သို့သော်လည်း လူကြီးမိဘ တို့က ဘိုးအို ဘက်သို့ ပါကြလေရာ လှစိန် မှာလည်း အမျိုးကောင်း သမီး ပီသစွာ ဘိုးအို ကို ပိုမို လိုလားသလို ဖြစ်၍ နေလေ၏ ။

သို့သော်လည်း နှစ်ယောက်စလုံးမှာ အလွန်တရာ စည်းစောင့် ကြလေရာ နှစ်ယောက်ချင်း တစ်ကြိမ်တစ်ခါမျှ မတွေ့ ရ ၊ လှစိန် ၏ မိဘများက ထိုနေ့မှာကဲ့သို့ စိတ်ချ၍ သွားတတ်စေကာမူ လှစိန် သည် ဘိုးအို နှင့် အတွေ့ကို ရှောင်ခဲ့လေ၏ ။ ဘိုးအို မှာကား ဣန္ဒြေ လုပ်ရသည်မှာ ကြာလှပြီ ဖြစ်ရကား ထိုနေ့၌ တောင်တောင်မြောက်မြောက် တွေးစ ပြုလေ၏ ။

“ သင်း … ငါ့ကို ဖေမြင့် ထက် ချစ်တာတော့ အမှန်ပဲ ၊ နို့ပေမဲ့ မတွေ့ ရတာက ခက်တာပဲ ၊ ဖေမြင့် ကိုလည်း သင်း နည်းနည်းတော့ ကြိုက်တယ် ထင်တာပဲ ၊ အခုလို အနေမျိုးမှာ ဦးရာသူ ဘက်ကို ပါတတ်တာ မျိုးမို့ မတော်တဆ တစ်နေရာရာ မှာ ဟိုအကောင်နဲ့ တွေ့ ရင် သူ ငါ့ကို မေ့ချင် မေ့မှာပဲ ၊ အခုနေများ တွေ့ရရင် သိပ်ဟန်ကျမှာပဲ ၊ အိမ်မှာလည်း ဘယ်သူမှ မရှိဘူး ၊ ဖေဖေ လည်း ဘယ် သွားမှန်း မသိဘူး ၊ မတော်တဆ ဟိုအကောင်နဲ့ ညားသွားရင် သိပ် နှမြောစရာ ကောင်းမှာပဲ ၊ ဟိုအကောင် ကြမ်းကြမ်းတမ်းတမ်းနဲ့ ” စသည်ဖြင့် တွေးလေ၏ ။

ဘိုးအို မှာ သိမ်မွေ့သော ယောက်ျားကလေး ဟူသော ဂုဏ်သိက္ခာကို လွန်စွာနှမြော၏ ။ မြန်မာစာပေ အရာ၌ လည်း ဒိုင်အိုကျောင်းသား ဖေမြင့် ထက် တတ်လေရာ တစ်ဦးတည်းသော သားကို ဂုဏ်တင်သော ဖခင် ကလည်း အရာရာမှာ မြှောက်စားသဖြင့် ပရိသတ် အလယ်၌ လက်ချာများတောင် ပေးဖူးလေ၏ ။ ဖေမြင့် မှာကား ကစားအမျိုးမျိုး နှင့် ပျော်သူ ဖြစ်လေရာ ၎င်းမှာ အနှစ် မရှိ ( မာဆယ် ) အကြောတွေ သာ ရှိသည်ဟု ဘိုးအို ၏ စိတ်၌ အယူ ရှိလေ၏ ။

“ တော်တော့် ယောက်ျားကလေး ဆိုရင် ဘာ အခုလို နေမလဲ ၊ တစ်ဖက်ခန်းကလည်း အပျိုကလေး ၊ တခြား ကာလသားကလေးများ လို ဖြင့်ရင် ခက်ကုန်တော့မှာပေါ့ ၊ မောင်ဘိုးအိုကလေးဟာ အင်မတန် ဣန္ဒြေ ရှိပေတာပဲ ” ဟူသော စကား၏ အရသာသည် ပြေးပွဲ ၊ ခုန်ပွဲ ၊ အားစမ်းပွဲ နှင့်ပတ်သက်၍ သတင်းစာများ၌ ပါရှိသော ဖေမြင့် ၏ ရုပ်ပုံကို ဖေမြင့် မြင်ရသော အရသာ ထက် ဘိုးအို ၏ နားမှာ ပိုမို နှစ်လိုဖွယ်ရာ ဖြစ်လေရာ အသည်းထဲ ၊ အူထဲမှာ လှစိန် အတွက် ကြိုးကြိုးကျိကျိ ဖြစ်နေ သမျှတွေကို နှိမ်ချိုးကာ နံရံအပေါက်မှ လှစိန် ကို နေ့စဉ် ချောင်း၍ ကြည့်ခြင်း အလုပ်မှ တစ်ပါး လျှပ်ပေါ်ခြင်း ဟူ၍ လုံးလုံး ကင်းရှာသူကလေး တစ်ယောက် ဖြစ်လေ၏ ။

ထိုနေ့၌ကား လှစိန် မှာလည်း တစ်ယောက်တည်း ၊ မိမိမှာလည်း တစ်ကိုယ်တည်း ဖြစ်လေရာ တွေ့များ တွေ့ ရလျှင် အဘယ်လို ဖြစ်မည်ကို ဆင်ခြင် ၊ ထင်မြင်၍ မဆုံးဖြစ်ပြီး အပ်ကို မှန်မှန် မထိုးနိုင်ဘဲ နေလေ၏ ။ ဘိုးအို သည် မိန်းကလေးများ တတ်အပ်သော ပညာရပ်များ၌ မိန်းကလေးများ မသာဘူး ဟူသော ဘွဲ့ ထူး တစ်ခုကိုလည်း ရ၍ ထားလေ၏ ။

ထိုကဲ့သို့ တွေးတော၍ နေရာမှ “ အဟင်း ” ဟု မိမိ၏ ကြီးကောင် ဝင်သော အသံကြီးနှင့် ချောင်းဟန့် လိုက်လေရာ “ ဦးကြီး ” ဟုခေါ်သော သာယာသော အသံကလေးသည် တစ်ဖက်မှ ပေါ်ထွက် လာသည်ကို ကြားရလေ၏ ။ ဘိုးအို သည် အံ့အားသင့်လျက် ဆိတ်ငြိမ် တွေဝေ၍ နေလိုက်လေ၏ ။

နောက်တစ်ခါ ချောင်းဟန့် ပြန်လေ၏ ။ တစ်ဖက်မှ “ ဦးကြီး ” ဟု လှစိန် က ခေါ်ပြန်လေ၏ ။

“ အင့်ဟင် ... ငါ့ အသံဟာ ဖေဖေ့ အသံနဲ့ တူနေပါ ကလား ၊ အသံ ကြီးလာ လိုက်တာ ၊ ဒါကြောင့် ဒေါ်ပို က ငါ့ကို ကြီးကောင် ဝင်တယ် ပြောတာပဲ ၊ အသက်နှစ်ဆယ် ကျမှ ကြီးကောင် မဝင်ရင်လည်း .. ” ဟု တွေးပြီး ငြိမ် နေလေ၏ ။

သို့ တွေးရင်း … “ အလယ် .. နေရာ ကျပြီ ၊ ငါ့ကို သူ ဖေဖေ ထင်လို့ပဲ ၊ ဖေဖေ့ ကိုတော့ သူ ခင်တယ် ၊ အရောတဝင်လည်း နေတာပဲ ၊ ဖေဖေ့ ဟန်ဆောင်ပြီး ခေါ်ရရင် သင်း လာမှာပဲ ၊ လာရင် မိုးလေက သည်း ၊ ငါက ဆွဲ ၊ သူလည်း ငြိမ် နေမှာပဲ ၊ ဘယ်သူမှလည်း သိမှာ မဟုတ်ဘူး ၊ သူ့ အခန်းထဲကို ငါ ကျော်ကျော်ကျူးကျူးသွားလို့ နောင် ပေါ်ပေါက်ရင်သာ ရှက်စရာ ကောင်းမှာ ၊ အခုလို ဉာဏ်ဆင်ပြီး သူ လာအောင် လုပ်လို့ ငါ့ အခန်းထဲမှာ တစ်ခုခု ဖြစ်သွားရင် နောင် .. လူအများတောင် ငါ့ကို ကဲ့ရဲ့ကြမှာ မဟုတ်ဘူး ၊ မောင်အို က အင်မတန် ဣန္ဒြေရှိတာ ၊ ကောင်မက ကဲလို့ ၊ သင်း ကမြင်းလို့ ကောင်ကလေးက လိုက်ရောမိတာပေါ့လို့ ပြောကြမှာပဲ ၊ ငါက အဖိုးတန် ယောက်ျား ၊ စံပယ်ငုံ ဆိုတဲ့ နာမည်နဲ့ သတင်းစာထဲမှာ နှစ်ခါပါခဲ့တဲ့ ယောက်ျား ၊ ဟိုအကောင်မျိုးလို အညတရ မဟုတ်တော့ ကိုယ့် ဂုဏ်ကိုလည်း ကြည့်ရသေးတာ ၊ ဒီတော့ ငါက ငါ့ဆီကို လာအောင် ခေါ်ယူရင် ဘာဖြစ်ဖြစ် ကြောက်စရာ မရှိဘူး ၊ ငါ့ အခန်းထဲ သင်း ရောက်လို့မှ ငါ ဘာမှ အစွမ်း မပြရင် ငါ ဘာ အသုံးကျတဲ့ အကောင်လဲ ၊ ငါ့ ဆီကို လာလို့ တစ်ခုခု ဖြစ်ရင် ငါ့ဂုဏ် မပျက်ရုံ မက ငါ့ဂုဏ် သာ ပြီးတောင် ကြီးဦးမှာပဲ ။ “ မောင်အိုကလေးအခန်းကို အပျိုတက်လို့ အပျိုတက်လို့ ” ဆိုတာ သတင်းစာတွေထဲ ရုပ်ပုံနဲ့ပါ ၊ ဟိုခွေးသား လက်မောင်းကလေး ပွပြီး ပြတာနဲ့ ဘယ်ဟာက ပိုပြီး ကြည့်ကောင်း ၊ ဖတ်ကောင်းမှာပဲ ၊ သင်းက ဟိုအကောင် ဘက်ကို နည်းနည်း ပါချင်တာ ငါ သိတာပဲ ၊ မိန်းမဆိုတာ တို့လို သိမ်သိမ်မွေ့ မွေ့ ယောက်ျားကလေးများကို အနုံ ထင်တယ် ၊ ဗိုလ်ဆန်ဆန် ဟော့ဟော့ရမ်းရမ်းမှ ကြိုက်ချင်တာ ၊ သိရောပေါ့ လှစိန် ရယ် ၊ ဟိုအကောင်များ အိမ်ရှေ့ လျှောက်သွားရင် အသံကျယ်ကျယ်နဲ့ စကား ပြောရတာ တစ်မျိုး ၊ ကိုယ်ယောင် ပြရတာက တစ်ဖုံ ” စသည်ဖြင့် တွေးပြီး ချောင်းဟန့် လိုက်ပြန်လေ၏ ။

“ ဦးကြီး ဦးကြီးက နားမကြားဘူး ၊ နားထိုင်း နေတယ် ထင်ပါရဲ့ ”

ဘိုးအိုသည် အံကြိတ်ခါ ပြုံးပြီး အရဲစွန့်ကာ ...

“ ဘယ်သူလဲ လဟာ့ လှစိန် လား ”

“ ဟုတ်တယ် ဦးကြီး ရဲ့ ၊ ဦးကြီးတို့ အိမ်က ဘယ်လူမှ မရှိဘူး မှတ်လို့ ကျွန်မကလည်း တစ်ယောက်တည်း မိုးတွေ မှောင်နေတော့ ကြောက် နေတာပဲ ဦးကြီးရဲ့ ၊ အခုမှ အသံ ကြားလို့ အားရှိ လာတာပဲ ”

“ ကျား မရဲ တစ် ၊ လူ မရဲ ဟစ် ဆိုတာလို တူမ က ဟစ်တာလား ”

“ နို့ - ကြောက်တာကိုး ဦးကြီး ရဲ့ ၊ ဦးကြီး ဘာလုပ်နေလဲ ”

“ ဟိုအကောင့် ဂျာစီအင်္ကျီ စုတ်နေလို့ ဦးကြီးပဲ ကြည့် ချုပ်နေရ သဟာ့ ၊ အေး - ကြောက်စရာပေပဲ ၊ အိမ်ကအစွန်းလည်း ကျနေတာကိုး ”

“ ဟုတ်တယ် ဦးကြီးရဲ့ ၊ ကျွန်မတို့ ဟိုဘက် ဆိုရင် တရုတ်သင်္ချိုင်း ၊ သင်္ချိုင်း ကျော်ရင် တာမွေ ၊ ဘောက်ထော် ရှိတော့တာပဲ ၊ ကျွန်မဖြင့် မြို့ထဲသာ ပြောင်းချင်တာပဲ ”

“ ဒီက အေးတယ်ဟဲ့ ၊ ဒါထက် တူမ ဘာလုပ် နေသလဲ ၊ ဦးကြီး မျက်စိက မှုန် ၊ မိုးကလည်း အုံ့တာနဲ့ အပ်ပေါက် တောင် မမြင်ရဘူး ”

ဟု သံစုံဆရာ ပမာ ပါးစပ်ကို လက်နက်ကူကာ အသံကြီးကြီးနဲ့ အဖေ့ အသံကို တူအောင် လုပ်ကာ ပြောလေ၏ ။

“ ဦးကြီး ဘာဖြစ်သလဲ ၊ နှာခေါင်းသံ ပါသလိုလို နှာစေးတယ် ထင်ပါရဲ့ ”

“ နေမကောင်းဘူး တူမကြီး တစ်ဆိတ် လက်အားရင် အပ်ပေါက်ကလေး လာထိုး ပေးစမ်းပါ ၊ မမြင်လို့ ”

“ ဟုတ်ကဲ့ ဦးကြီး ၊ ဦးကြီးသားကော ”

“ ဘုရား သွားတယ် ပြောတာပဲ ၊ တူမ အားရင် ခဏ ”

“ ဟုတ်ကဲ့ ဦးကြီး ကျွန်မ လာပါ့မယ် ၊ မေမေ့ ထဘီကလေး ခေါက် ပါရစေဦး ”

ဟုပြောပြီး ဆိတ်ငြိမ်၍ နေလေ၏ ။

ဘိုးအို မှာ ရင်ထဲတွင် ကတုန်ကယင် ဖြစ်၍ နေလေ၏ ။

“ သင်းတော့ လာတော့မှာပဲ ၊ လာရင်တော့ ပိုင်တာပဲ ၊ သင်း အော်ပေမဲ့ ဘယ်လူမှ ကြားမှာ မဟုတ်ဘူး ၊ အော်မှာလည်း မဟုတ်ပါဘူး ၊ ဘာဖြစ်လို့ အော်ရမှာတုံး ၊ လှစိန် - လှစိန် ယနေ့တော့ မင်းကလေး ” စသည် ဖြင့် တွေးကာ အသက်မရှူဘဲ နားစွင့်၍ နေလေ၏ ။ နှလုံးသွေးခုန်သံကို ပင် နား၌ ကြားရလေ၏ ။ ထိုအခိုက် လေသံသည် သည်း၍ လာလေ၏ ။ အတန်ငယ် ကြာသောအခါ အိမ်ရှေ့ခန်း ခေါက်တံခါး ဖွင့်သံကို ကြားရ၏ ။

ဘိုးအို ၏ နှလုံးအတွင်းမှာ မော်တာစက်ယန္တရား အကြမ်း သွား၍ နေလေ၏ ။ အခန်းထဲကို ဝင်လျှောက်၍ လာသော ခြေသံမှ တစ်ပါး အခြား အဘယ် အသံကိုမျှ မကြားရတော့ချေ ။

“ အပြင်ခန်းကို ငါ မထွက် ၊ အတွင်းခန်းကို သင်း ရောက်အောင် လာရမည် ၊ ‘ ကေသရာ ခြင်္သေ့မင်း၏ ရတနာလိုဏ်ဂူ အတွင်းသို့ ဝိဇယ အဘွားအေ ဝင်မိတာမျိုးလို ’ ကမ္ဘာ တွင်အောင် ရာဇဝင် ထိုးစေမည် ၊ ဤနေ့ သည်ကား … မင်္ဂလာနေ့ ပေတည်း ၊ တစ်နှစ်နီးနီး ‘ နီးလျက်ဝေး ’ ပြီး ခွေ: မသား ဟိုအကောင် အတွက် တစ်ရက်မျှ မအေးရတာတွေဟာ ယနေ့ဖြင့် အေးရတော့မှာပါပေတကား … စိန်စိန် ရဲ့ မြင့်ဆောင် .. ထီးမှာ မင့်မောင်ကြီး ရှိတာကို သိလျက်နှင့် ကလိသက်သက် ခံချင်လို့ မသိဟန် အသွင်နှင့် ဉာဏ်ဆင်၍ လာတာများ လား လှလှကလေး ရဲ့ ၊ အမယ်လေး အဟုတ်တကယ် လာတာပါကလား ” စသည်ဖြင့် တွေးလေ၏ ။

ထိုအခိုက် ခြေသံသည် မိမိ ရှိနေသော အတွင်းခန်း အနီးသို့ ကပ်လေရာ ... မည်းမှောင်သော အရိပ်ရောင်သည် အတွင်းသို့ မိုက်ခနဲ ရောက်လာပြီး တိုက်စောင်လိုလို အရာ တစ်ခုကို ခေါင်းမြီး ခြုံလျက် ဝင်ရောက် လာလေ၏ ။ အခန်းမှာ သေးငယ်သော ပြတင်းပေါက် အနီးရှိ မဆိုစလောက် အလင်းရောင်မှ တစ်ပါး မှောင်၍ နေလေရာ တံခါးဝမှ မှေးမှိန်စွာ ဝင်သော အလင်းကို ဝင်လာသူ၏ ကိုယ်နှင့် ပိတ်ကာ လိုက်သောအခါ သာလွန်မည်းမှောင်၍ သွားလေ၏ ။

ဘိုးအို သည် အပါးသို့ ရောက်အောင် မခေါ်နိုင်ဘဲ ထိုင်ရာမှ ကျား အုပ်သလို အုပ်ရန် ထ၍ လာပြီး “ အမယ်လေး လှရဲ့ … ” ဟု ပြောကာ တစ်ခါတည်း ဘေးချင်း ကပ်၍ ခါးကို လက်တစ်ဖက်နှင့် ပွေ့လိုက်လေ၏ ။

တစ်ခဏ အတွင်း လျှပ်စစ် ပြက်ကာ မိုးကြိုး ပစ်လိုက် သလို ဖြစ်ပြီး ဘိုးအို သည် ကြမ်းပေါ်တွင် ဘေးစောင်း ထိုးလျက် ဂေါ်ရင်ဂျီကျား ကျွမ်းပစ် လိုက်ပြီး ကားရားကြီး မှောက်ကာ နားထင်ကို လက်တစ်ဖက် နှင့် စမ်းလျက် “ ဧကန် အခန်းထဲကို မိုးကြိုးဝင် ပစ်တာပဲ ၊ တော်သေးရဲ့ ငါ မိုးကြိုးများ ပြီးသလား ၊ မိုက်ခနဲ ၊ ဝင်းခနဲ ဖြစ်ရုံပဲ ၊ ပေါက်ကွဲပဲ့ရွဲ့ မသွားသေးဘူး ၊ အမယ်လေး ၊ ဒါထက် လှကလေး စက်ကွင်းများ မိသွားရှာ ပလား ” ဟု တွေးကာ အချစ်ကြောင့် မိမိ၏ အနာ ကို ဂရုမစိုက်နိုင်ဘဲ လူးထကာ “ အမယ်လေး စိန် ရဲ့ ၊ မတ်တတ်ကြီး စက်ကွင်းများ မိနေသ လား ” ဟု ပြောကာ ပြေး၍ အပွေ့မှာ ဒုတိယအကြိမ် ဝရဇိန်လက်ချက်သည် မျက်ခွက်ကို မပျက်မကွက် ထက်ထက်မြက်မြက် ဆက်လက်ပြီး နှစ်ချက်တိတိ တီးလိုက်ပြန်ရာ လေထဲတွင် အပတ်ပေါင်း တစ်ဒါဇင်၏ လေးပုံတစ်ပုံ တည့်တည့် နောက်ကျွမ်း လည်ပြီးမှ နှာခေါင်း နှင့် သက်ဆင်းပြီး ညင်သာစွာ မှောက်၍ နေလေ၏ ။

ဘိုးအို ၏ မနောဝိညာဏဓာတ်သည် ကိုယ်ခန္ဓာပဉ္စကကို ဝတ်လဲတော် ပမာ ပုံ၍ ထားပြီး ပန်းလိပ်ပြာ မြူးကစားသည့် အလား အသူရကာယ်ပြည်နယ် ဘက်သို့ “ ပစ်ကနစ် ” ပျော်ပွဲစားရန် ထွက်၍ သွားလေ၏ ။

အတန်ကြာ၍ သတိရ လာသောအခါ လူတွေ ဝိုင်းအုံ၍ နေသည်ကိုသာ တွေ့ရပြီး ဘာဖြစ်မှန်း မသိသဖြင့် စဉ်းစားရာ အဖြစ်အပျက်ကို သတိရသဖြင့် ပထဝီ မြေငလျင် လှုပ်သလို သွက်သွက်ခါ၍ နေဟန်ရှိသော ဦးခေါင်းကို လက်များနှင့် ပွတ်ကာ “ မိုးကြိုးနှယ်ဗျာ ပြတင်းပေါက်က တမင် ဝင်ပြီး ပစ်တဲ့ မိုးကြိုးပါပဲ ” ဟု အသံသဲ့သဲ့နှင့် ပြောရာမှာ လှစိန် ကို သတိရပြီး “ လှကလေး ကို ကြည့်ကြပါဦး ခင်ဗျ ၊ စက်ကွင်း လွတ်မယ် မထင်ပါဘူး ၊ စိန်ရေ - ကြည့်ကြပါဦး ၊ ရှိမှ ရှိပါသေးရဲ့လား ၊ သူ့ ကို ပစ်လို့ ကျွန်တော့်မှာ စက်ကွင်း မိတာများလား ” စသည်ဖြင့် ပတောက်ပရစ် ပြောဆို၍ နေခိုက်တွင် အိမ်နောက်ဖေး ငှက်ပျောခြံ၌ နှစ်ယောက်သား ကပ်ကာ တကြိတ်ကြိတ် ရယ်လျက် တိုးတိုး ပြော၍ နေကြသည်ကား ... အောက်ပါ အတိုင်းပေတည်း ။

လှစိန် ။  ။ “ ကိုဖေမြင့်  ဘယ့်နှယ် ရောက်လာတာလဲ ”

ဖေမြင့် ။  ။ “ မင်းတို့ နှစ်ယောက် တစ်ဖက်က တစ်ဖက်ကို ပြောနေတော့ ကိုကိုက အိမ်ရှေ့ ခွေးကတက်မှာ ရပ်နေတယ် ၊ လှတို့ အခန်းတံခါး စေ့ထားတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ .. ”

“ အဲဒီတော့ ကိုကိုက အံ့သြ နေတာပေါ့ ၊ သူ့ အဖေနဲ့ ကိုကို ဘုရားက အတူတူ လာတာလား လှရဲ့ ၊ သူ့ အဖေ သိမ်ကြီးဈေးမှာ ဝင်ကျန်ရစ် ခဲ့တယ် ၊ ဒီရောက်တော့ သူ့အဖေနဲ့ လှ စကားပြောနေတာ ကြားရတော့ ကိုကို အံ့အားသင့် နေတာပေါ့ ၊ ဒီတော့ ကျောင်းမှာ နေတုန်းက သူ တစ်ခါ တစ်ခါ ပါးစပ်မှာ လက်ဝါး အုပ်ပြီး ခွေးလို ဟောင်ပြတာကို သတိရတာပေါ့ ၊ ပြီးတော့ လှကို သူ ခေါ်တယ် မဟုတ်လား ”

“ ဟုတ်တယ် ကိုကို ၊ အပ်ပေါက် မမြင်လို့တဲ့ ၊ အာဂ ကုပ်ကမြင်းကြီးပဲ ၊ ဝင်များသွားမိရင် ဘယ့်နှယ် လုပ်မလဲ မသိဘူး ”

“ ဘယ့်နှယ် လုပ်မယ် ဆိုတာ ကိုကို သိတာပေါ့ ၊ ကိုကို က ခေါ်တာလည်း ကြားရော ဧကန် သင်း ဉာဏ်ဆင်ပြီ ဆိုတာ သိတာနဲ့ တန်းပေါ် မှာ လွှားထားတဲ့ ဟောဒီ လှ ရဲ့စောင်ကလေးကို ဆွဲပြီး ခေါင်းခြုံပြီး သူ့ အခန်းထဲ လှ ယောင် ဆောင်ပြီး ဝင်သွားတာကိုး ”

“ သူ မသိဘူးလား ”

“ သူလား လှကို စိတ်စွဲအား ကြီးလို့ မွှန်နေတယ် ထင်ရဲ့ ၊ အမယ်လေး လှရဲ့ဆိုပြီး ကိုကို့ ခါးကို ပြေးအဖက်မှာ ဟောဒီ ( ဂျိုက်ဂျွန်ဆင် ) လက်သီးကို စူးတိုက် ပေးလိုက်တာပေါ့ ”

ဟု ပြောပြီး နှစ်ယောက်သား ရယ်ကြပြီးမှ လှစိန် က ..

“ ကံကောင်းလို့ပေါ့ ကိုကိုရယ် ၊ ကိုကိုများ မရှိရင် ... အမယ်လေး နှလုံးတုန်လိုက်ပါဘိတယ် ၊ လှ က လူကြီးတွေ စကား မပယ်ချင်လို့ ရီးတီးရားတား လိုက်လျောသလို လုပ်နေတာပါ ၊ လှ ဖြင့် သူ့ကို မြင်တိုင်း ကျောကို မြွေတက်တာလို ဖြစ်တာပဲ ၊ တကယ်များ မတော်တဆ ဖြစ်ရင်တော့ ရင်ဘတ်ကို တောက်တဲ့ ကပ် သလို ၊ ဖားပြုပ် တက် သလို အမယ်လေး ကြက်သီး ထလိုက်တာ ”

ဟုပြောပြီး နှစ်ယောက်သား ရယ်မော၍ နေကြပြန်လေ သတည်း ။

( ၁၁ - ၉ - ၁၉၃၂ )

☐  ပီ - မိုးနင်း
📖 ဝတ္ထုပဒေသာ အမှတ် - ၁

No comments:

Post a Comment