Tuesday, March 10, 2026

အနီရောင် ကတ္တီပါသေတ္တာလေးထဲက အစိမ်းရောင် ပျောက်ဆုံးမှုများ


 

❝ အနီရောင် ကတ္တီပါသေတ္တာလေးထဲက အစိမ်းရောင် ပျောက်ဆုံးမှုများ ❞
             ( သျှားလူ )

ဆရာတော်ဟာ တောက် တခေါက်ခေါက်နဲ့ စိတ်တိုနေရှာတယ် ။ ထိုင်ရမလို ထ,ရမလိုနဲ့ ဂနာမငြိမ်နိုင် ။ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတဲ့ ရွာသားများရဲ့ အမေးကို ကပ္ပိယကြီး ခမျာလည်း ဖြေနေရတာနဲ့ မောလို့နေပြီ ။ ဆရာတော် စိတ်တိုမယ် ဆိုလည်း တိုလောက်တယ် ။

“ ညဦးတုန်းက ရှိတာ သေချာတယ် ။ ဆရာတော်ကြီး ဘုရားဝတ်ပြုနေတုန်းကတောင် သေချာရှိနေတာပဲ ”

ကပ္ပိယကြီးရဲ့ စကားကို သူကြီး ဦးသာဝက -

“ ဟိုကောင်ကြီးက မဟောင်ဘူးလား ”

“ အေး ဟုတ်တယ် ၊ ရန်လုံကြီးက မဟောင်ဘူးလား ။ ဒီကောင်ကြီးကို ကျုပ်တို့ ၊ ခင်ဗျားတို့တောင် ရင်းနှီးအောင် မနည်း လုပ်ထားလို့သာ ။ ရွာသားတိုင်းတောင် ရုတ်တရက် ကျောင်းထဲကို လာရဲတာ မှတ်လို့ ”

သူကြီးစကားကို ရွာတောင်ပိုင်းသူဌေး ဦးလူတော် ကပါ ဝင်ထောက်ခံပေးရှာတယ် ။ ဒေါသအနည်းငယ် ပါနေတဲ့ ကပ္ပိယကြီး စကားသံ ခပ်မာမာ ထွက်ပေါ်လာတယ် ။

“ ဒီကောင်ကြီးဆီကတော့ ဘာသံမှကို မကြားလိုက်ရဘူးဗျို့ ။ ဘယ်လို သူခိုးမျိုးရယ်တော့ မသိဘူး ”

••••• ••••• •••••

၁ ။

မန်ကျည်းတောရွာရဲ့ ရွာဦးကျောင်းမှ ရှေးဟောင်း စိန်ဘုရားပျောက်သွားတဲ့ သတင်းဟာ အနီးအနားက ရွာတွေဆီသို့ တောမီးလို ပျံ့နှံ့သွားတယ် ။ ကြားရသူ အများစုကတော့ ရင်တမမနဲ့ ဘုရားတ , ကုန်ကြရဲ့ ။ အဲဒီ မန်ကျည်းတောရွာကို ရွာနီးချုပ်စပ်က ရွာများက သူခိုးရွာလို့ ယိုးစွပ်သမုတ် ခေါ်ဝေါ်ကြတယ် ။ အဲဒီလို ခေါ်ရမယ့် အကြောင်းကလည်း ရှိတာကိုး ။ ဘယ်ရွာတွေမှာ ဘယ်လိုပဲ သူခိုးတွေ အခိုးခံရ ခံရ မန်ကျည်းတောရွာမှာ ပျောက်တယ် ၊ ရှတယ် ဆိုတာ တစ်ခုမှ မရှိဘူး ။ ပြီးတော့ အနှီ ရွာသားတွေမှာ လယ်ရယ် ၊ ယာရယ်လို့ များများစားစား ရှိကြတာ မဟုတ် ။ ဒါပေမဲ့ ဒီနယ်တစ်ဝိုက်မှာတော့ ဝတ်နိုင် ၊ စားနိုင်ကြတဲ့ နေရာမှာတော့ ထိပ်ပဲ ။ ဒါတွေကြောင့်လည်း သူခိုးရွာလို့ ခေါ်ကြခြင်း ဖြစ် မယ် ။ ဘေးရွာတွေ ကတော့ ပြောကြတယ် ။

“ သူတို့ရွာ လာပြီး ဘယ် သူခိုးက ခိုးလိမ့်မတုံး ။ သင်းတို့ ရွာသူ ရွာသားတွေကပဲ ခိုးမှာပေါ့တဲ့ ”

ပျောက်သွားတဲ့ စိန်ဘုရား ဆိုတာက တကယ့်ရှေးဟောင်းဘုရား ။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကို ကျတော့ အင်္ဂလိပ်တွေက မြန်မာနိုင်ငံရဲ့ တန်ဖိုးရှိ ပစ္စည်းများကို သယ်ကြတယ် ၊ ယူကြတယ်လေ ။ အခိုးခံရတဲ့ စိန်ဘုရား ဆိုတာက အဲဒီခတ်က နန်းတွင်းအမတ်တွေ ကိုးကွယ်တဲ့ ဆရာတော်တစ်ပါး ကျောင်းမှာ အပူဇော်ခံထားတာ ။ ကျောင်းထိုင်ဆရာတော်က စိန်ဘုရားကို အင်္ဂလိပ်တွေ အတင်းလုယူ ပင့်ဆောင် သွားကြရင် ခက်ရချည့်ရဲ့ဆို ပြီး သူ့တပည့် ဒကာတစ်ယောက်နဲ့ ရှောင်ခိုင်းလိုက်တယ် ။ အဲဒီ ဒကာက မန်ကျည်းတောသား ဆိုတော့ မန်ကျည်းတောရွာ ကိုပဲ စိန်ဘုရားကို ပင့်လာတာပေါ့ ။ ဒါနဲ့ပဲ စိန်ဘုရားဆင်းတုတော် လည်း မန်ကျည်းတောရွာမှာပဲ သီတင်းသုံး အပူဇော်ခံ ဖြစ်သွားတယ် ဆိုပါတော့ ။ ဆရာတော် အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်း ကိုးကွယ်လာခဲ့ကြတာ ယခု ဆရာတော် ထိပါပဲ ။ အဲဒီ သမိုင်း ဟုတ်တယ် ၊ မဟုတ်ဘူး ဆိုတာတော့ ဘယ်သူမှ အတိအကျ မသိပါဘူး ။ ဒါပေသိ မန်ကျည်းတောရွာ နဲ့ ဒီတစ်နယ်လုံးကတော့ ဒီအတိုင်းပဲ လက်ခံထားကြတာလေ ။ စိန်ဘုရားဆင်းတုတော်က မတရား အကြီးကြီးတော့ မဟုတ်ပါဘူး ။ ဆင်းတုတော် အောက်ခံ ပလ္လင်ကိုတော့ အင်္ဂတေနဲ့ လုပ်ထားတာဖြစ်တယ် ။ ဆင်းတုတော် အမြင့်ကတော့ တစ်ပေလောက်သာ ရှိလိမ့်မယ် ။ မျက်လုံးတော် နှစ်ဖက်ကိုတော့ စိန်နဲ့ ပြုလုပ်ထားတယ် ။ ဒါကြောင့် စိန်ဘုရားလို့ ခေါ်တာပေါ့ ။

••••• ••••• •••••

၂ ။

“ ရန်လုံကြီး မဟောင်တာက သဲလွန်စပဲဗျ ။ ဒီကောင်ကြီးက နာမည်နဲ့လိုက်အောင် သိပ်လုံတာ ။ ခင်ဗျားတို့ ၊ ကျုပ်တို့တောင် နေ့လယ် ၊ နေ့ခင်း ဒီကောင်ကြီးကို ချည်မထားရင် ကျောင်းထဲကို ဝင်ရဲကြတာမှ မဟုတ်တာပဲ ”

ရွာအနောက်ပိုင်းက လူငယ်ခေါင်းဆောင် ကြံတိုင်းအောင်ရဲ့ တွေးတွေးဆဆ အပြောကို အားလုံး ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေကြတယ် ။

“ ကိုကြံတိုင်းအောင်ရဲ့ စကားကို ကျွန်တော်လည်း ထောက်ခံတယ်ဗျ ။ အဲဒါပဲ တွေးနေတာ ။ ရန်လုံကြီးကို ညပိုင်းဆို လွှတ်ထားတယ်လေဗျာ ။ အစာထဲမှာ အဆိပ်ထည့်ပြီး ကျွေးတယ်ဆိုရင်လည်း ဒီကောင်ကြီးကို တစ် ခုခု ဖြစ်ရမယ်လေ ၊ ဟုတ်ဘူးလား ”

ဒီရွာမှာ ကျွန်တော် လို့ ပြောတတ်တဲ့ တစ်ဦးတည်းသော ကျောင်းဆရာလေးရဲ့ စကားကလည်း ချက်ကျလက်ကျနဲ့ ဓမ္မဓိဋ္ဌာန်နိုင်လွန်း နေပြန်တယ် ။

“ ကျုပ်ကတော့ ဒီလို ထင်တယ်ဗျ ”

ဆေးလိပ်မီးခိုးငွေ့တွေ ကြားကပဲ သာလှ ရဲ့ စကားလုံးများက တိုးဝှေ့လို့ ထွက်လာတယ် ။

“ ထင်တော့ မထင်ကောင်းပေမဲ့ အို ဘာမထင် စရာရှိဗျာ ။ ထင်သင့်ရင်တော့ ထင်ရမှာပဲ ။ ကိုကြံတိုင်းအောင် နဲ့ ဆရာလေး ပြောစကားအရဆိုရင်တော့ ကျုပ်တို့ ကျောင်းက စိန်ဘုရားကို ရန်လုံကြီး နဲ့ ရင်းနှီးနေတဲ့ လူတွေ ထဲကပဲ ဖြစ်နိုင်တယ်ဗျ ”

“ ဟေ့ကောင်တွေ ထင်ရာမြင်ရာတွေ လျှောက်ပြောမနေကြနဲ့ ။ ညပြော အောက်ကြည့် ၊ နေ့ပြော နောက်ကြည့် တဲ့ကွ ။ တော်ကြာ အသံကြောင့် ဖားသေနေဦးမယ် ”

ဦးကံကြီးမောင် ရဲ့ အဟန့်စကား အောက်မှာပဲ သူတို့ရဲ့ စကားဝိုင်းလေးဟာ နှုတ်ဆိတ်ပြိုပျက် ပျောက်ကွယ်သွားရလေတယ် ။

  ••••• ••••• ••••• 

၃ ။

နံရံတိုင်းမှာ နားတွေ ရှိကြတယ် ။ စကားလုံးတွေကို လေညင်းတွေက သယ်ဆောင် သွားခြင်းဖြစ်လိမ့်မယ် ။ ကြံတိုင်းအောင်တို့ စကားဝိုင်း လေးဆီမှ စကားလုံးတွေဟာ တစ်ဆင့်စကား တစ်ဆင့်နား နဲ့ ရွာထဲမှာ ပျံ့နေပြီ ။ သူတို့ရဲ့ ချက်ကျလက်ကျ အယူအဆတွေကို လူထုကလည်း လက်ခံကြတယ် ။ အဲ ... အဲဒီထဲမှာမှ ကိုယ့်အမြင် ၊ ကိုယ့်အယူအဆတွေနဲ့ ကွဲလွဲချက်ကလေးတွေတော့ ရှိတယ် ။ အဲဒါက တခြားမဟုတ် ၊ တရားခံပဲ ။ ကွဲလွဲချက်တွေထဲမှာမှ တူညီနေတဲ့ အချက်လည်းရှိတယ် ။ အားလုံးက တရားခံကို စဉ်းစားရာမှာတော့ ရန်လုံ နဲ့ ရင်းနှီးကျွမ်းဝင်မှုပေါ်ကိုပဲ အခြေခံပြီး ကောက်ချက်ဆွဲကြခြင်း ဖြစ်တယ် ။

တချို့က ကျောင်းလာတိုင်း ထန်းလျက်ခဲလေး ယူသွားပြီး ရန်လုံ နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ သူဌေး ဦးလူတော် လို့လည်း ထင်ကြတယ် ။

“ ဟာ ... ဒီလောက် ချမ်းသာတဲ့သူက လုပ်မတဲ့လား ” ဆိုပြီး ငြင်းသူကလည်း ငြင်းရှာကြပြန်တယ် ။

“ လူဆိုတာ လောဘသားတွေပဲ ။ ရလေလိုလေ အိုတစ္ဆေ ဆိုတဲ့ စကားကို ဘယ်နားသွားထားမလဲ ” ဆိုပြီး ထောက်ခံသူတွေလည်း ရှိပြန်တယ် ။ တောင်ပိုင်းအုပ်စုတွေက သူတို့ပိုင်းသူဌေးကို စွပ်စွဲရမလား ဆိုပြီး ဒေါသ ထွက်နေကြတယ် ။ ဆတ်ဆတ်ကြဲ အမျိုးသမီးတွေကဆို “ တော်တို့ ရွာမြောက်ပိုင်းသား ကပ္ပိယကြီးကော မဖြစ်နိုင်ဘူးလား ” ဆိုပြီး ပြန်ပက်ကြတယ် ။ တချို့က ရန်လုံ နဲ့ အလွန် ရင်းနှီးတဲ့ ဦးသာဝ တဲ့လေ ။

“ မထင်ကောင်း ၊ မတွေးကောင်းပေမဲ့လည်း ဖြစ်နိုင်ခြေ အရတော့ ဆရာတော်ကိုလည်း မေ့ထားလို့မရဘူး ”

ခပ်ပြတ်ပြတ် ခပ်ဂျစ်ဂျစ် ပြောလာသူတွေလည်း ရှိလာတယ် ။ စိန်ဘုရား ပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မန်ကျည်းတော တစ်ရွာလုံး တစ်ယောက်ကို တစ်ယောက် သံသယမျက်လုံးတွေနဲ့ ကြည့်လို့နေကြတယ် ။

“ အခြေအနေကတော့ ဆိုးသထက် ဆိုးလာတယ် ဘုရား ။ တပည့်တော်ကတော့ သူ့ထင် ၊ ငါ့ထင် နဲ့ အကျယ်အကျယ် မငြိမ်းဖွယ်တွေ မဖြစ်စေချင်ဘူး ။ ဒီတော့ ညောင်ပင်သာ ဆရာတော် ဥူးအာလောကကို အကူအညီ တောင်းကြည့်ချင် တယ် ။ အဲဒါ အကြံပြုတာပါ ဘုရား ”

ဦးကံကြီးမောင်ရဲ့ စကားကို ဆရာတော် ၊ ဦးသာဝ ၊ ဦးလူတော် နဲ့ ကပ္ပိယကြီးတို့ ကတော့ ဘာမှ ပြန်မပြောကြ ။ သူတို့အားလုံးဆီမှ သက်ပြင်း ကိုယ်စီက လွဲရင် ကျောင်းလေးဟာ ပကတိ တိတ်ဆိတ်လို့ နေပါတယ် ။

••••• ••••• •••••

၄ ။

“ အများနဲ့လည်း ဆိုင်တဲ့ ကိစ္စ ၊ ဘာသာ ၊ သာသနာ အတွက်လည်း ဖြစ်နေလို့သာ ကူညီရမှာ ။ ပုဂ္ဂိုလ်ရေး အတွက်နဲ့ ဆိုရင်တော့ တယ် မကူညီချင်လှဘူး ”

ညောင်ပင်သာ ဆရာတော် ဥူးအာလောက ဟာ အသံအောအော အာလုပ်သံကြီးဖြင့် မန်ကျည်းတောရွာ ဆရာတော်နဲ့ ဦးကံကြီးမောင် တို့ လူစုကို ပြောနေခြင်းဖြစ်တယ် ။

“ တင်ပါ့ ... သိပါတယ် ဘုရား ။ တပည့်တော်တို့လည်း မချိတလိ ( အလွန့် အလွန် ) ကို အခက်အခဲ ဖြစ်နေလို့ပါဘုရား ”

မန်ကျည်းတော ဆရာတော်ရဲ့ ထပ်မံ တောင်းပန်စကား ။ ဆရာတော် ဥူးအာလောက , က ကျက်သရေခန်း ထဲကို ဝင်သွားတယ် ။ အနည်း ငယ်ကြာတော့ ပြန်ထွက်လာတယ် ။ လက်ထဲမှာ အနီရောင် ကတ္တီပါသေတ္တာလေးတစ်ခု ပါလာတယ် ။ သူတို့ လာခဲ့ကြတာ အဲဒီသေတ္တာလေးဆီ ကိုပဲ ။ ဥူးအာလောကဟာ ဘာစကားမှ မပြောသေးဘဲ ကွမ်းအစ်ထဲက ကွမ်းတစ်ယာကို ထုတ်ယာလိုက်ပြီး ပါးစောင်အတွင်းကို ထိုးသွင်း လိုက်တယ် ။ ပြီးတော့ အနီရောင် ကတ္တီပါသေတ္တာလေးကို ဖွင့်လိုက်ပြီး -

“ မကူညီလို့ မှလည်း မဖြစ်မယ့် အတူတူတော့ ပြောပြမယ် သေချာနားထောင်ကြ ။ ဟောဒီ ညာဘက်က ခေါင်းလောင်းလေးက သူခိုး ခေါ် ခေါင်းလောင်း ။ ဒီဘယ် ဘက်ကတော့ သူခိုးကို ပြန်ပို့တဲ့ ၊ ပြန်လွှတ်တဲ့ သူခိုးပြန် ခေါင်းလောင်းလို့ ခေါ်တယ် ”

ဆရာတော်ရဲ့ အသံဟာ မာတောင့်တောင့် ၊ ကြွပ်ဆတ်ဆတ် ၊ ခပ်ပြတ်ပြတ် ။ တခြား သူတွေ အားလုံး စိတ်ဝင်တစား နားထောင်နေကြတယ် ။ ဆရာတော်ကပဲ ထပ်ပြီး မေးလာပါတယ် ။

“ အရေးကြီးတာက ဒီခေါင်းလောင်းကို တီးမယ့်သူပဲ ။ အဲဒီတော့ ဘယ်သူ တီးမလဲ ”

“ တပည့်တော် တီးမယ်ဘုရား ”

သွက်သွက်လက်လက် ပြန်လျှောက်လိုက်တဲ့ မန်ကျည်းတော ဆရာတော် ။

“ ကိုယ်တော် တီးလို့ မရဘူးလေ ။ ဒီခေါင်းလောင်းကို တီးတဲ့သူက ရဟန်းသံဃာ မဖြစ်ရဘူး ။ ကလေး ၊ သူရူး ၊ အမျိုးသမီး တီးလို့ မရဘူး ။ ဘယ်လိုဖြစ်တာလဲ ကိုယ်တော် ။ ဒီစည်းကမ်းချက်တွေကို ဒီနယ်တစ်ဝိုက်က လူတွေ အကုန် သိနေတာကို ”

ဥူးအာလောက ရဲ့ ဒေါသအနည်းငယ်စွက်နေတဲ့ စကား ။

“ တင်ပါ့ ။ တပည့်တော် လောသွားလို့ ပါဘုရား ”

“ တပည့်တော် တီးလို့ ရမလား ဘုရား ”

ဒီစကားကို ဦးသာဝ ၊ ဦးလူတော် ၊ ကပ္ပိယကြီးတို့ သုံးဦးဆီမှ ပြိုင်တူ ထွက် လာခြင်းဖြစ်တယ် ။ ဦးကံကြီးမောင် ကတော့ တိတ်ဆိတ် ငြိမ်သက်လို့ ။ ဥူးအာလောက က သူတို့ သုံးဦးကို စေ့စေ့စပ်စပ် သေချာကြည့်လိုက်ပြီး -

“ တီးတဲ့သူက စိတ်ချယုံကြည်သူ မဖြစ်ရင်တော့ တီးလည်း အလကားပဲ ။ ကျုပ် ခေါင်းလောင်း နာမည်ပျက်တယ် ။ ဒီတော့ ဒကာကံကြီးမောင် တီးရမယ် ”

“ တင်ပါ့ ဘုရား ”

ဦးကံကြီးမောင် ရဲ့ အံ့သြမှု အတိနဲ့ ပြန်လျှောက်သံ ထွက်ပေါ်လာပါတယ် ။ အခြားသူများကတော့ မျက်လွှာတွေ ကိုယ်စီချလို့ ။

“ ဒီတော့ သေချာနားထောင်ကြ ။ အထူးသဖြင့် ဒကာကံကြီးမောင် ”

ဆရာတော်ဟာ ကံကြီးမောင် ကို သေချာကြည့်ပြီး ပြောနေတယ် ။

“ တင်ပါ့ ”

“ ကဲ ပြောမယ် ။ လာမယ့် လပြည့်နေ့ ကျရင် မနက်စောစော အရုဏ်မလာခင် ကတည်းက ငါးပါးသီလ ခံယူရမယ် ။ အဓိက,ကတော့ အဒိန္နာဒါနာပုဒ်ကို အသက်နဲ့ လဲရမယ်ဆိုရင်တောင် လုံရမယ် ။ မနက် ကိုးနာရီနဲ့ ကိုးမိနစ် ၊ ကိုးစက္ကန့်မှာ ဟောဒီ ညာဘက်က ခေါင်းလောင်း ကို ယူပြီး  ‘ စောရအဘိဃာတ ၊ စောရအဘိဃာတ ၊ စောရ အဘိဃာတ ’ ဆိုပြီး တီးရမယ် ။ အဲ့ဒီလို စ,ပြီး တီးလိုက်တဲ့အချိန်က စပြီး နှစ်ဆယ့်လေးနာရီအတွင်းမှာပဲ စိန်ဘုရားကို ခိုးသွားတဲ့ သူခိုးဟာ ခန္ဓာကိုယ် တစ်ခုလုံး ပူ လောင်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားလာရမယ် ။ အဲဒီ သူခိုးဟာ ခိုးသွားတဲ့ ပစ္စည်းနဲ့အတူ လာပြီး ဝန်ချတောင်းပန်မှပဲ သူ ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားမယ် ။ ဒါတောင် ရောဂါဝေဒနာတွေ ပျောက်သွားမှာ ။ အဲဒီသူခိုး သူ့အိမ်ကို ပြန်လို့ရမှာ မဟုတ်ဘူး ”

ဆရာတော်က စကားကို ဖြတ်လိုက်ပြီး ထွေးခံထဲသို့ ကွမ်းတံတွေးကို ထွီခနဲ နေအောင် ထွေးလိုက်တယ် ။ ပြီးတော့ အနီရောင် ကတ္တီပါ သေတ္တာထဲက ဘယ်ဘက် ခေါင်းလောင်းကို လက်ညှိုးနဲ့ ထောက်လိုက်ပြီး -

“ ဒီ အပြန် ခေါင်းလောင်းကို တီးလိုက်မှပဲ အဲဒီ သူခိုးက သူ့အိမ်ကို ပြန်လို့ ရလိမ့်မယ် ။ မှတ်မိလား ဒကာကံကြီးမောင် ။ အဲ ... နေဦး ။ အပြန်ခေါင်းလောင်းကို တီးရမှာက တရားခံ ပေါ်လာမှ ၊ အရေးကြီးတာက အခေါ်ခေါင်းလောင်းကို တီးပြီးရင်တော့ ဟောဒီသေတ္တာလေးထဲကို ထည့်ပြီး ပြန်ပိတ်ထားရမယ် ။ ကြားလား ။ ဒကာကံကြီးမောင်ကိုလည်း တခြားသူတွေက သတိပေး လိုက်ကြဦးပေါ့ ”

“ တင်ပါ့ ဘုရား ”

ဦးကံ ကြီးမောင်ရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လျှောက်သံ ။

ဦးလူတော်က ရေထ, သောက်တာကို တွေ့လိုက်ရတယ် ။ ဦးသာဝက ခေါင်းကိုသာ တွင်တွင် ကုတ်လို့နေတယ် ။ ကပ္ပိကြီး ကတော့ ဘာစကားမှ မဆို ။ တစ်ခုခုကို စိုးရိမ်နေသလို ။ မန်ကျည်းတော ဆရာတော် ခမျာလည်း သူရဲ့နဖူးက ချွေးများကိုသာ သုတ်လို့နေတယ် ။

••••• ••••• •••••

၅ ။

လပြည့်နေ့ ။ မန်ကျည်းတော တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လို့နေတယ် ။ တိတိကျကျ ပြောရရင် မန်ကျည်းတောဘုန်းကြီးကျောင်း အတွင်းမှာပေါ့ ။ ဒီနေ့ သူခိုး ခေါ် ခေါင်းလောင်းကို တီးပြီး သူခိုးဖမ်းမယ့်နေ့ ။ ဒီ ခေါင်းလောင်းအကြောင်းကို တစ်နယ်လုံးက သိထားပြီး ဖြစ် တယ် ။ အရှေ့ထိမ်တောဘက်က သမငွေတွေ ပျောက်တုန်းကလည်း ဒီခေါင်းလောင်းကို တီးပြီး သူခိုးဖမ်းခဲ့တာပဲ ။ လက်ခုပ်ပင်ကျေးရွာ သာရေး နာရေး ရန်ပုံငွေ ပျောက်တုန်းကလည်း တစ်ခါ ။ ဒီသူခိုး ဖမ်းမှုတွေက ဒီဘက်ခေတ် ဖော်ထုတ်မှုတွေ ။ မျက်မြင်ကိုယ်တွေ့ ဖြစ်စဉ်တွေ ။ ဟို အရင်အကြောင်းတွေ ၊ ပါးစပ် ပြောရာဇဝင်တွေ ကတော့ နည်းမှတ်လို့ ။ ထားပါ အဲဒါတွေ ။ အဲဒီလို ရာဇဝင်တွေနဲ့ ခေါင်းလောင်းမို့လည်း လူတွေရဲ့ စိတ်ဝင်စားမှုက အံ့မခန်း ။ သူခိုးက ဘယ်လို လူများလဲပေါ့ ။ ဘုရားကိုတောင် ခိုးရဲတဲ့ သူခိုး ဆိုတော့ သိချင်နေကြပြီ ။ ကိုးနာရီထိုးတော့မယ် ။ လူအုပ်ကြီးကလည်း ကြီးသထက် ကြီးလာတယ် ။ တစ်ယောက်တစ်ခွန်း စကားသံတွေကလည်း ဆူသထက် ညံလာတယ် ။

“ အားလုံး တိတ်ကြစမ်း ”

လော်စပီကာမှ ထွက်လာတဲ့ သူကြီး ဦးသာဝအသံကြောင့် မီးကို ရေနှင့်ပက် လိုက်သလို ငြိမ်ကျသွားတယ် ။

“ ကိုးနာရီ ထိုးပြီ ”

“ ကိုးနာရီနဲ့ ကိုးမိနစ် ”

ကျောင်းဆရာလေးရဲ့ ရေတွက်နေတဲ့ အသံက လွဲရင် အားလုံးတိတ်ဆိတ်လို့ ။

“ တစ်စက္ကန့် ... သုံးစက္ကန့် .. ငါးစက္ကန့် ... ကိုး စက္ကန့် ”

ရင်ခုန်သံတွေက တဒိန်းဒိန်း ။

“ စောရအဘိဃာတ ... ကလောင် … လောင် ... စောရအဘိဃာတ ... ကလောင် ... လောင် .... စောရ အဘိဃာတ ... ကလောင် ... လောင် ... ”

ဦးကံကြီးမောင်ရဲ့ အသံနဲ့အတူ ခေါင်းလောင်းသံဟာ ပျံ့လွင့်နေပါတယ် ။ သူခိုးခေါ် ခေါင်းလောင်းကို အနီရောင်ကတ္တီပါ သေတ္တာလေးထဲကို ထည့်ပြီး ပိတ်လိုက်တယ် ။ လူအုပ်ကြီးရဲ့ စိတ်ဝင်စားမှုကလည်း မြင့်သထက် မြင့်လာတယ် ။ “ အားခနဲ ” အော်သံကို ဘယ်နေရာကများ ကြားလိုက်မလဲပေါ့ ။ ဘယ်နေရာကများ ဝေဒနာတွေ ခံစားနေရတဲ့ လူတစ်ယောက် ပေါ်လာလိမ့်မလဲပေါ့လေ ။

နာရီ ကုန်ပြီ ။
( နေ့လယ် ဆယ့်နှစ်နာရီထိုး )

အချို့ ပြန်ကုန်ကြပြီ ။ ညနေ လေးနာရီ ။ မန်ကျည်းတောရွာခံ တွေလောက်ပဲ ရှိတော့တယ် ။ ည ဆယ့်နှစ်နာရီထိုး ။ မန်ကျည်းတော ဆရာ တော် ၊ သူကြီးဦးသာဝ ၊ ဦးလူတော် ၊ ကပ္ပိယကြီး ၊ ဦးကံကြီးမောင် ၊ ကြံတိုင်းအောင် ၊ ကျောင်းဆရာလေးတို့ လူသိုက်နဲ့ ရန်လုံကြီးရယ်မှ လွဲရင် အနီရောင်ကတ္တီပါ သေတ္တာလေး တစ်လုံးရယ်သာ ကျန်ရစ်ခဲ့တော့တယ် ။

••••• ••••• ••••• 

⎕  ဇာတ်သိမ်း

မိုးစင်စင်လင်းပြီ ။

ညကများ တရားခံ ပေါ်သွားသလား ဆိုပြီး သတင်းမေးသူတွေနဲ့ ပြန်လည် စည်ကားလာပြန်တယ် ။

မနက် ကိုးနာရီ ထိုးတော့မယ် ။ လာကြည့်သူ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာ အထွတ်အထိပ်ကို ရောက်လို့ နေတယ် ။ တရားခံ သူခိုးဖော် ထုတ်နိုင်ဖို့ကလည်း နောက်ဆုံး မိနှစ် ၊ နောက်ဆုံးစက္ကန့်ကို ရောက်နေပြီ ။ အချို့ကလည်း ဒီသူခိုးကို သူခိုးခေါ် ခေါင်းလောင်းတောင် မဖော်ထုတ်နိုင်တော့ဘူးလား ဆိုပြီး မချိတင်ကဲ ဖြစ်နေကြတယ် ။

“ တစ်စက္ကန့် ... နှစ်စက္ကန့် ... လေးစက္ကန့် ... ခြောက်စက္ကန့် ... ကိုးစက္ကန့် ..  ”

“ ဝုတ် ... ဝုတ် .. ”

“ အား … ဟီး ... ဟီး ”

ချည်ထားတဲ့ ရန်လုံကြီး အနီးကို ရောက်သွားတဲ့ ဗုံတို ဆိုတဲ့ ကလေးမလေးကို ရန်လုံကြီး လှမ်းကိုက်ခြင်းဖြစ်တယ် ။ ကြိုးက တိုနေတော့ ကလေးမလေး အကိုက်တော့ မခံလိုက်ရ ။

“ တောက် … အရေးထဲ ဒီသောက်ကလေးက တစ်မျိုး ”

သူကြီးဦးသာဝရဲ့ အော်ငေါက်သံ ။

“ သွားပြီ ... သွားပြီ ... ” 

ကျောင်းဝန်း အပေါ်ထပ်ဆီမှ ဒရောသောပါး ပြေးလာရင်း ပေါ်ထွက်လာတဲ့ ဦးကံကြီးမောင် ရဲ့ စကားသံ ။ အားလုံးရဲ့ အာရုံတွေကလည်း ဦးကံကြီးမောင် ဆီကို ရောက်ကုန်ပါတယ် ။ စိတ်လှုပ်ရှားလွန်းလို့လား ၊ ဒါမှမဟုတ် မခံချင်စိတ်ကြောင့်လားတော့ မသိ ။

ဝမ်းနည်းတဲ့စိတ်  ၊ ဒေါသစိတ်တို့ ရောပြွမ်းနေခြင်းကြောင့်လည်း ဖြစ်နိုင်တယ် ။ တုန်ခိုက်ခိုက် ဖြစ်နေတဲ့ ဦးကံကြီးမောင်ရဲ့ အသံ ပေါ်ထွက်လာပါတယ် ။

“ ခေါင်းလောင်း .. ခေါင်းလောင်း ထည့်ထားတဲ့ အနီရောင် ကတ္တီပါသေတ္တာ ပျောက်သွားပြီဗျ ” 

( စိတ်ကောင်းရှိဖို့ ပထမ )

▢  သျှားလူ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၁၁၉

No comments:

Post a Comment