Wednesday, March 11, 2026

ကွန်ငြိ ပင်လယ်


 

❝ ကွန်ငြိ ပင်လယ် ❞
( ချစ်ဦးသူ - လက်ပုကန် )

ပင်လယ်တို့သည် ကျယ်၏ ။ သို့သော် တစ်ခါတစ်ခါ အချို့သော ပိုက်ကွန်တို့သည် ရိုးဖြောင့်စွာ ကူးခပ်နေသော ငါးတို့ကို ကျော်လွန်၍ ပင်လယ်ကို ငြိတတ်ကုန်၏ ။ ထိုအခါ ပင်လယ်တို့သည် ... ။

••••• ••••• •••••

“ ဒေါင် .. ဒေါင် ”

“ ဦးလေးဘခင် ၊ ဦးလေးဘခင် ပြန်တော့ ။ တော်ကြာနေ မမအေး သိသွားရင် မကောင်း ဖြစ်ကုန်လိမ့်မယ် ”

မြနှင်း လေသံ သဲ့သဲ့လေး ကြားမှ ဦးဘခင် ဖျတ်ခနဲ နိုးသွားသည် ။

“ ဟယ် ! သောက်ကျိုးနဲပာ ၊ ဘယ်နှနာရီ ထိုးသွားပြီလဲ ”

ဦးဘခင် ငေါက်ခနဲ ထ , ထိုင်လိုက်သည် ။

“ ကင်းတဲက သံချောင်း နှစ်ချက်ခေါက်သံ ကြားတယ် ၊ နှစ်နာရီ ထင်တာပဲ ။ ကျုပ်လည်း အဲဒီ သံချောင်းသံ ကြားလို့ နိုးတာ ”

တင်ပါးအောက် လျှောပြီး ပုံတွဲနေသော ပုဆိုးကို ကမန်းကတန်း ကောက်ဝတ်ကာ မြနှင်းတို့ အဖီလေးထဲမှ ဦးဘခင် ခပ်သွက်သွက် ထွက်ခဲ့လိုက်သည် ။ အရေးအကြောင်းမှ ပုဆိုးက အထက်စ အောက်စ ရောထွေး လုံးလိပ်လျက် ။ ဦးဘခင် ဒါတွေကို ဂရုမစိုက်အား ။ ဖွေးလွင့်လွင့် လရောင် အောက်ဝယ် ထီးထီးမားမား တည်နေသော အိမ်ကြီးဆီသို့သာ အပြေးတစ်ပိုင်းဖြင့် သော့ခဲ့တော့သည် ။

“ ဂိမ် ”

အိမ်တံစက်မြိတ်၌ ခွေခွေလေး ဝပ်နေသော ဘိုနီ့ အမြီးဖျားကို ရုတ်တရက် နင်းမိသွားသည် ။ ဟိုက် ဘုရား ဘုရား ။ ဦးဘခင် ခေါင်းကြီးသွားသည် ။ အရေးထဲ ဒီသောက်ခွေးအို အော်သံနဲ့ အေးမ နိုးတော့မှာပဲ ။ အညာ ပြာသိုလ၏ အေးခဲမှု အောက်တွင် ဦးဘခင် နဖူးပြင်၌ ချွေးသီးချွေးစတို့ ဖူးပွင့်လျက် ။ စိတ်ကို အတန်တန် ထိန်းထားပါလျက် သတိလွတ်ပြီး မှေးခနဲ အိပ်ပျော်သွားသည် ။ အခါတိုင်း မြနှင်း ဆီသွားလျှင် ခပ်စောစော ကိစ္စပြီးသည်နှင့် ချက်ချင်းလှည့် ပြန်လာပြီး ဟန်မပျက် အိပ်ရာထဲ ဝင်ခွေနေလိုက်သည် ။ ဒီနေ့ညမှ သတိတစ်ချက် လွတ်သွားသည်နှင့် ညဉ့်နက်သွားပြီ ။ နှစ်နာရီတဲ့ ။ ဒါတောင် မြနှင်း နိုးလို့ တော်သေးသည်ပေါ့ ။ မဟုတ်ရင်တော့ မတွေးဝံ့ စရာ ။

ဟိုကောင် ငပွား တစ်ယောက်တော့ ဟိုဘက်ရွာမှာ စောင်ပါးလေးခြုံပြီး မြနှင်း အမှတ်ဖြင့် ကွေးနေရော့မလား မသိ ။ တွေးရင်း ပူပင်သောကတွေ ကြားက ဦးဘခင် ပြုံးမိအောင် ပြုံးလိုက်သေးသည် ။ မတတ်နိုင်ဘူး တပည့်ကျော်ရေ ရှေးရေစက် ကံအကြောင်း တရားဟဲ့ ။

အိပ်ခန်းထဲ ရောက်မှ ဦးဘခင် သောကတို့ ချုပ်ငြိမ်းသွားသည် ။ ဇနီးသည် အေးမ တစ်ယောက် အိပ်မောကျနေပုံမှာ တခေါခေါပင် ဟောက်လျက် ။

••••• ••••• •••••

ကံကြီးကုန်းနယ် တစ်ဝိုက်တွင် ဦးဘခင် ကို မသိသူ မရှိသလောက်ပင် ။ ရွာ၏ မျက်နှာဖုံး ။ အနီးအနား ရွာများမှ စီးပွားရေး မပြေလည် သူများအား စပါးပေါ် စပါး ပေး ၊ ပဲပေါ် ပဲပေး ငွေအကြို ထုတ်သည် ။ သီးနှံမပေါ်  ( မရိတ်သိမ်း ) မီ အချိန်တွင် တစ်တင်းလျှင် လေးထောင် တန်သည် လေးထောင် ၊ ငါး ထောင်တန်သည် ငါးထောင် စသဖြင့် ဈေးဖြတ်ပြီး ငွေအကြို ထုတ်ပေးသည် ။ သီးနှံပေါ်ချိန်တွင် ထိုလေးထောင် ငါးထောင်ဖြင့် ဈေးဖြတ်ထားသော သီးနှံများမှာ ရှစ်ထောင် ၊ တစ်သောင်း ဖြစ်နေတတ်သည် ။ ထိုသီးနှံ ပေါ်ချိန်တွင် ဦးဘခင် တစ်ယောက် အိမ် ကပ်နေရသည် မရှိ ။ အနီးအနား ငွေအကြို ထုတ်ပေးထားသော ရွာတွေ လှည့်ပတ် သွားလာနေရသည် ။ နှိုးဆော်ရသည် ။ ပြီး သီးနှံလိုက်စုရသည် ။ ရလာသော သီးနှံများကို ရင်းနှီးပြီး စိတ်ချရသော အိမ်တစ်အိမ်တွင် ခေတ္တထိန်း ခိုင်းထားပြီး တစ်ရက်နှစ်ရက် ခန့် အကုန် စုံလောက်ပြီ ဆိုမှရွာက လူငယ် အချို့ နေ့စားခ ပေးခေါ်ကာ ရွာဆီ သယ်ယူရသည် ။ တစ်ခါတစ်ခါတွင် နှစ်ညအိပ် သုံးညအိပ်လောက်အထိ စောင့်ပြီး စုရတတ်သည် ။ ထိုအခါများတွင် တပည့်ကျော် ငပွားက အိမ်ကို စောင့်ရှောက်ဖို့ စိတ်ချရသည် ။ ဦးဘခင် စီးပွားရေးက ဒီသီးနှံပေါ် ငွေအကြို ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေး ။ တစ်ဖက်ကလည်း တောင်သူလုပ်ငန်းနှင့် ။ တောင်သူကလည်း မကျယ်မကျဉ်း တစ်ဆယ့်နှစ် ဧကခန့် ။ တောင်သူလုပ်ငန်းကို သူရင်းငှား ငပွားနှင့် လွှဲထားရသည် ။ ငပွားက သူရင်းငှားဆိုပေမဲ့ ဦးဘခင်တို့နှင့် မိသားစုလိုပင် ဖြစ်နေလေပြီ ။ တောင်သူလုပ်ငန်းခွင်တွင် ဦးဘခင်က ငပွားကိုသာ စိတ်ချသည် ၊ အားကိုးသည် ။ တပည့်ကျော် ငပွား ကလည်း ဦးဘခင် မျက်နှာ လွှဲရလောက်အောင် ကြိုးစားသည်လေ ။

ငပွားနှင့် ဦးဘခင် ကံစပ်သည်ပဲ ပြောရမည်လား မသိ ။ ငပွားတို့ မိသားစု ဦးဘခင်အိမ် စရောက်သည့် နှစ်မှာပင် သီးနှံများအထွက် ကောင်းသည်မှာ လယ်ထဲနှင့် အိမ် လှည်းကြီးလှည်းငယ် အဝင်အထွက် မစဲ သယ်ယူ နေရသည် ။ ဦးဘခင် သဘော ကျလိုက်သည့် ဖြစ်ခြင်း ။ ရလာသည့် သီးနှံများကို ချက်ချင်း မရောင်း ။ ကျီနှင့် ပုတ်နှင့် ရာသီကုန်အောင် သိုလှောင်ပြီး ဈေးကြွလာမှ ထုတ်ရောင်းလေ့ ရှိသည် ။ စီးပွားဥစ္စာများ တဖွားဖွား ထိုးတက်နေသလောက် သုံးမည့် ဖြုန်းမည့် သားသမီး မရှိ ။ အိမ်ထောင်ကျ နောက် ကျသည် ။ ကိုယ်တိုင်က အသက် ၅ဝ ကျော် ၆၀ နီးပါး ဆိုသော်လည်း အသက် ၂ဝ ကျော် အေးမ ကို ရအောင် ယူနိုင်ခဲ့သူဟု ဦးဘခင် လက်မ တထောင်ထောင်နှင့် ။ အရေး ဟယ် .. အကြောင်းဟယ် ဆို သားသမီး မရှိတော့ ငပွားတို့ မြနှင်းတို့ ကိုသာ အားကိုးရ သည် ။

ငပွားက ထူးခြားသည် ။ လက်တစ်ဖက်တွင် လက်မဘေး၌ နောက်ထပ် လက်မသေးသေးလေး တစ်ချောင်း အပိုနှင့် ။ ထို့ကြောင့်များ ငပွားဟု ခေါ်ကြသည်လား မပြောတတ် ။ ငပွားနှင့် ဦးဘခင်တို့က ဆွေမျိုး တော်စပ်ကြသည်တော့ မဟုတ် ။ တကယ်တော့ ငပွားတို့ ၊ မြနှင်းတို့ ဆိုသည်မှာ ကံကြီးကုန်း ချက်မြှုပ်တွေ မဟုတ်ကြ ။ တောင်ပခန်းသူ ၊ တောင်ပခန်းသား စစ်စစ်တွေပင် ။ ကံကြီးကုန်းရွာ ဦးဖားဝေ ထန်းတော ထန်းတက်ရင်း အခြေချ နေကြသူများဖြစ်၏ ။ ကံကြီးကုန်းကို ငပွားတို့ ရောက်လာခါစက ကလေး မရှိသေး ။ ငပွားနှင့် မြနှင်း ညားခါစ လင်မယား နှစ်ယောက်တည်းသာ ။ နောက်မှ ယောက်ျားလေး တစ်ယောက် မွေးသည် ။ မှတ်မှတ်ရရ ငပွားမိန်းမ မြနှင်း ကလေးဖွားသည့် နှစ်မှာပင် ငပွားတို့ ဒုက္ခ အကျပ်အတည်း တွေ့တော့သည် ။ ထိုနှစ်က ထန်းပိုင်ရှင်ဦးဖားဝေတို့ ညီအစ်ကိုသားချင်းတွေ ညီညွတ်မှု မရှိ ။ အမွေခွဲကြသည် ။ ခွန်းကြီးခွန်းငယ် စကားများရာမှ တုတ်ဆွဲဓားဆွဲသည် အထိ ဖြစ်ကုန်ကြသည် ။ ငပွား ထန်းတက်နေသော ထန်းတောမှာ အမွေဆိုင် ထန်းတော ဖြစ်သောကြောင့် ထိုသို့ အမွေခွဲကြသည်နှင့် ကြားက ငပွား ဒုက္ခရောက်ရတော့သည် ။ မြနှင်း ကလေး ငယ်နေသည့် အချိန်မို့ ဇာတိမြေ ပခန်းကိုလည်း ရုတ်တရက် ပြန်၍ မဖြစ် ။ သို့သော် ကံဇာတ်ဆရာက ငပွားနှင့် ဦးဘခင်ကို အချိုးအဆတူ ပေါင်းစည်းပေးလိုက်သည် ။ ငပွားတို့ ခိုကိုးရာမဲ့ ဒုက္ခရောက်နေချိန် ဦးဘခင် အိမ်မှာလည်း အလုပ်သမား လိုနေချိန်နှင့် တိုက်ဆိုင်နေသည် ။

ထို့ကြောင့် ငပွားတို့ မိသားစုကို ဦးဘခင် ကပင် သူရင်းငှား အဖြစ် ခေါ်ထားလိုက်သည် ။ ငပွားမိန်းမ မြနှင်း ကိုတော့ ဇနီးသည် အေးမ သက်သာစေရန် ထမင်းချက် အဝတ်လျှော် စသည့် အိမ်မှုကိစ္စများကို ဝိုင်း ကူစေသည် ။

ငပွားတို့ နေထိုင်ဖို့ အတွက် ကိုတော့ အထူး စဉ်းစားစရာ မလို ။ ၃ ဧကခန့် ကျယ်ဝန်းသည့် အိမ်ဝိုင်းထဲတွင် နွားတင်းကုပ် တဲတန်းရှည် ရှိသည် ။ ထိုတဲတန်းရှည် တစ်ဖက်တွင် တွဲလျက် အဖီဆွယ် နေစေသည်လေ ။ ကျီတဲ နှစ်လုံး အနီး ရေနံချေးဝနေသော နှစ်ထပ်သွပ်မိုး ပျဉ်ထောင်အိမ်ကြီး မှာတော့ ဦးဘခင်တို့ ဇနီးမောင်နှံ စံမြန်းကြသည်ပေါ့ ။

ငပွား၏ အလုပ်အကိုင် ကြိုးစားမှုတို့ကြောင့် ဦးဘခင်၏ လူယုံတော် ဖြစ်လာခဲ့သည် ။ တပည့်ကျော် ငပွားကို ဦးဘခင် ပါးစပ်ဖျားမှ မချတော့ ။ ဤသို့ဖြင့် တစ်ဦးနှင့် တစ်ဦး ကျွန်းကိုင်းမှီ ၊ ကိုင်းကျွန်းမှီ နေလာကြရင်း မိသားစုဝင်တွေလို တဖြည်းဖြည်း ရင်းနှီးနွေးထွေးမှုများစွာနှင့် ။ သို့သော် ... ထိုနွေးထွေးမှုတို့၏ တစ်ဖက်အစွန်းဆီသို့ ဦးဘခင်၏ အာရုံအချို့ နယ်ချဲ့ စူးစမ်းလိုစိတ်များ တဖွားဖွား ထွက်ပြူလျက် ။ ပခန်းသူ ဆိုသော်လည်း ဖြူဖြူထွားထွားနှင့် တစ်သားမွေးထားသော ငပွားမိန်းမ မြနှင်း ၏ တစ်သွေးကြွပြီး လှချင်တိုင်း လှနေသော အလှတရားတို့သည် ဦးဘခင်၏ ကိလေသာ ကာမအိုးကို ပွက် ပွက်ထအောင် ထိုးနေသော လောင်စာများကဲ့သို့ပင် ။ ထိုမှ တစ်ဆင့် ငပွား အလုပ်ခွင် ဝင်နေသော အချိန်များတွင် ဦးဘခင် တစ်ယောက် မြနှင်း ရှိရာ အဖီလေးဆီသို့ ကိလေသာအိုးကြီးကို နေ့စဉ် လောင်စာ သွားထိုးနေတော့သည် ။

“ ငပွားရေ ၊ မင်း ခုညနေ ဟိုဘက်ရွာ သွားလိုက်ဦးဟေ့ ၊ စပါးငွေကြိုထုတ်ထားသူတွေကို သွားပြီး နှိုးဆော်ချေကွာ ၊ အချိန်လွန် နေရင် ညကြီးမိုး ချုပ် မပြန်ခဲ့နဲ့နော် ၊ လူတွေ ဆိုတာ ယုံရတာ မဟုတ်ဘူး ။ အဲဒီမှာပဲ ညအိပ်ပြီး မနက်မှ အေးဆေးပြန်ခဲ့ကွာ ”

တစ်ခါတစ်ခါ ငပွားကို ထိုကဲ့သို့ ‘ ပ ’ ထုတ်တတ်သေးသည် ။ ဒီနေ့လည်း တပည့်ကျော် ငပွားကို တောင်ဘက် ရွာ အကြွေး တောင်းခိုင်းပြီး မြနှင်း စံမြန်းရာ အဖီနန်းတော်မှာ နှစ်ဦး ကြည်နူး ချစ်ရည်လူးရင်း ဦးဘခင် တစ်ယောက် အမှတ်မထင် စက်တော်ခေါ်မိ သွားသဖြင့် နာရီပြန် နှစ်ချက် ထိုးမှပင် အေးမ အုံးစက်ရာ ဂေဟာသို့ ကြွမြန်းနိုင်တော့သည်လေ ။

••••• ••••• •••••

“ ဘာ ”

ဦးဘခင် အသံကြောင့် အေးမ ကိုယ်တစ်ချက် တွန့်သွားသည် ။

“ သေချာရဲ့လား အေးမလေးရာ ၊ အစ်ကိုကြီးကို ထပ်ပြောစမ်းပါဦး ”

“ အာ ! အစ်ကိုကြီး ကလည်း သေချာပါတယ်ဆို ၊ ဘာမှန်းလည်း မသိဘူး သွား ”

“ ဟေး ဟေး ၊ ဘခင်ကွ .. ဟေ့ ”

ဦးဘခင် ရုတ်တရက် ထ , ခုန်လိုက်သည် ။ ပျော်လိုက်သည့် ဖြစ်ခြင်း ။ မျက်နှာ တစ်ခုလုံး ပျားရည်နှင့် အပက် ခံထားရသလို ချိုရဲရဲနှင့် ။ အစက ကိုယ့် အားနည်းချက်ကြောင့်များလားဟူသော စိတ်ဖြင့် သားသမီးရတနာကို တိတ်တိတ်လေး မျှော်လင့်ခဲ့ရသည် ။ အေးမကို ပါးစပ်က ထုတ်မပြောရဲ ။ ခုတော့ မျှော်လင့်ချက်တို့ ပြည့်ပြီ ။

“ ငပွားရေ ၊ ငပွား ”

ဦးဘခင် တမင် လုပ်ယူထားသော အသံအောအောကြီးဖြင့် ငပွားကို ခေါ်လိုက်သည် ။

“ ဗျာ ဦးလေးဘခင် ၊ ဘာဖြစ်လို့လဲ ”

နွားစာကျွေးရန် လက်ထဲမှ ထန်းဖိုတောင်းကို လွှတ် ချထားခဲ့ပြီး ငပွား ကမန်းကတန်း ပြေးလာသည် ။

“ မင်းမိန်းမ မြနှင်း ကလေးထိန်း အလုပ်တစ်ခုပါ တိုးပြီဟေ့ ”

“ ဗျာ ဦးလေးဘခင် ဘာဖြစ်လို့လဲ ”

ငပွား ကြောင်တက်တက်နှင့် ။

“ မင်းကလဲ အ , လိုက်တာကွယ် ၊ ဘခင်တပည့် မဟုတ်တဲ့ အတိုင်း ။ ငါ ကလေးအဖေ ဖြစ်တော့မယ်ကွ ”

ထိုအခါမှ ငပွား သဘောပေါက်ပြီး ပြုံးစိစိ ဖြစ်သွားသည် ။ အေးမ ဆီ လှမ်းကြည့်တော့ အေးမ ခေါင်းငုံ့ နေလျက် ။

“ တယ် စွမ်းပါလား ဦးလေးရ ၊ ဟဲ ဟဲ ဝမ်းသာပါတယ်ဗျာ ”

“ စွမ်းဆို မင်းဆရာ ဘခင်ပါကွ ငပွားရ ၊ ဘခင်တို့ မစွမ်းတာ ဘယ်အရာ ရှိလို့လဲ ဟေး ဟေး ”

ဦးဘခင့် အသံကြောင့် အိမ်ခေါင်ထက် နားနေသော ကျီးကန်းအုပ်များ ရုတ်တရက် လန့်ပျံသွားသည် ။

••••• ••••• •••••

“ ဟေ ! ဘာရယ် ငပွား မင်းတို့ ရွာပြန်ဦးမယ် ဟုတ်လား ”

“ ဟုတ်ပါတယ် ဦးလေးဘခင် ၊ ရွာကို မရောက်ဖြစ်တာလည်း ဦးလေးဘခင် အသိပဲလေ ။ ဒီနှစ်တော့ ပြန်ဖြစ်အောင် ပြန်မယ်လို့ ဆုံးဖြတ်ထားတာ ။ အဲဒါ အခု .. ”

ဟုတ်တော့လည်း ဟုတ်သည် ။ အိမ်မှာ အလုပ် စဝင်ပြီ ဆိုသည့် နှစ်ကတည်းက တစ်ခေါက်တလေမှ ရွာကို မပြန်ကြသေး ။ လူသည် ဘယ်နေရာတွင် ဘယ်လောက် အဆင်ပြေ နေပါသည် ဆိုစေ မိမိ မွေးဖွားခဲ့ရာ ဇာတိမြေကိုတော့ လွမ်းဆွတ်မိတတ်ကြ သည်မှာ ဓမ္မတာပင် ။ သူတို့ လည်း ပြန်ချင်ကြရှာမည်ပေါ့ ။ ဒီကောင် ဒါ့ကြောင့် ခုတလော တမှိုင်မှိုင် တတွေတွေ ဖြစ်နေသည်ကိုး ။

“ အေးပါ ငပွားရာ ဦးလေး နားလည်ပါတယ် ၊ ခက်တာက မင်းအစ်မ အေးမ ကလည်း မွေးခါနီး ဖွားခါနီး ဖြစ်နေပြီဆိုတော့ ... ”

“ ကျုပ်တို့က ဟိုမှာ အကြာကြီး မနေပါဘူး ဦးလေးရ ။ အလည် သဘောလောက်ပါပဲ ။ အစ်မအေးမ မွေးဖွားချိန် လောက်ကို ခန့်မှန်းပြီး ပြန်လာခဲ့မှာပါ ။ အလွန်ဆုံး ကြာရင် တစ်လပေါ့ ”

“ အေးပါကွာ ဪ ! ဒါနဲ့ မြနှင်း ကိုရော ခေါ်သွားမှာလား ”

“ ဟုတ် ၊ သူ့ကိုပါ ခေါ် သွားမှာပါ ဦးလေး ”

“ ဟူး ... ”

ဦးဘခင် လေပူရှည် တစ်ချက် မှုတ်ထုတ်လိုက်သည် ။ အာရုံထဲတွင် ခြံထောင့်ရှိ လရောင်ရေးရေးအောက်က အဖီတဲလေးကိုသာ မြင်ယောင်လျက် ။

••••• ••••• •••••

မှတ်မှတ်ရရ ငပွားတို့ ရွာပြန်သွားပြီး တစ်လခန့် အကြာတွင် အေးမ ကလေး ဖွားသည် ။ သားဦးအဖေမို့ ဦးဘခင် တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ။ ဘာလုပ်ရမည် မသိ ၊ ဂနာမငြိမ် ဖြစ်နေသည် ။ အိမ်နီးချင်း တစ်ဦးက အရပ်လက်သည် ဒေါ်မှေး သွားခေါ်ဖို့ ပြောမှ ဦးဘခင် ပျာပျာသလဲ ပြေးခေါ်တော့သည် ။ အိမ်ပြန်ရောက်လို့ လက်သည်နှင့် ဖွားနေချိန်တွင်လည်း မီးနေခန်းအတွင်း ဝင်မည် တကဲကဲနှင့် ။ အနားက လူတွေ မနည်း ဆွဲထားရသည် ။

“ မွေးပြီဟေ့ ၊ မွေးပြီ ယောက်ျားလေးဟဲ့ ၊ မောင်ဘခင်တော့ ကံကောင်းတာပဲ ”

လက်သည် ဒေါ်မှေး အသံကြားသည်နှင့် ဦးဘခင် အခန်းအတွင်း စွတ်ခနဲ ဝင် ပြေးသည် ။ အမိဝမ်းမှ ကျွတ်စ ကလေးမှာ ဒေါ်မှေး လက်ထဲတွင် အဝတ်ပိုင်းငယ်နှင့် ထွေးလျက် ။

“ ပြစမ်းပါဦး ဒေါ်မှေးရ ၊ ကျုပ်ကလေးကို ကျုပ် ကြည့်စမ်းပါ့မယ် ။ ယောက်ျားလေး ဆိုတာ သေချာရဲ့လား ”

ဒေါ်မှေး လက်ထဲမှ ကလေးကို ပွေ့ယူပြီး ထွေးထားသော အဝတ်ကို လှန်ကြည့်လိုက်စဉ် ဦးဘခင်၏ မျက်လုံးတို့ ပြူးကျယ်သွားသည် ။

••••• ••••• •••••

မျှော်နေသည် ။ ဦးဘခင် တစ်စုံတစ်ဦးကို မျှော်နေသည် ။ တကယ်တော့ ဦးဘခင် တစ်စုံတစ်ဦးကို မျှော်နေခဲ့သည်မှာ တစ်ရက်လည်းမဟုတ် ၊ တစ်လလည်း မဟုတ် ။ တစ်နှစ် စွန်းစွန်းပင် ကျော်လာခဲ့ပြီ ။ အထူးသဖြင့် ဒီကလေးကို မြင်တိုင်း ဦးဘခင် တစ်စုံတစ်ဦးကို ပိုပြီး မျှော်မိသည် ။

“ တောက် ”

ဦးဘခင် တက် , တစ်ချက် ပြင်းပြင်း ခတ်လိုက်သည် ။ ဟုတ်သည်လေ ... အေးမ ဝမ်းနှင့် လွယ်မွေးခဲ့သည့် ဦးဘခင် သားလေးကျမှ ဘယ့်နှယ် ထူးထူးခြားခြား လက်မအပွားလေး ပါလာခဲ့ပါလိမ့်ပေါ့ .. ။

⎕ ချစ်ဦးသူ ၊ လက်ပုကန် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း   
     မတ် ၊ ၂၀၁၈

No comments:

Post a Comment