❝ မြတ်စွယ်တော်၏ အကျိုး ❞
( ပီမိုးနင်း )
ဘရှင်နှင့် ဘစောသည် ဟင်္သာတမြို့နယ် ရုပ်ရှင် ညပွဲအတွက် လက်မှတ်ရုံမှ လက်မှတ်ယူပြီး တစ်ယောက်ကို တစ်ယောက် စောင်းစောင်းမဲမဲ ကြည့်ပြီး ရုံထဲသို့ ပခုံးချင်းတိုက်ကာ ဝင်၍ သွားကြလေ၏ ။
၎င်းတို့ကို သိသော လူအချို့တို့က တစ်ယောက်ကို တစ်ယောက် လက်တို့ကာ ပြုံးရယ်လျက် တီးတိုးစကား ပြောကြလေ၏ ။ အကြောင်းမူကား ဈေးရှိ စက်ချုပ်တန်းထဲတွင် စက်ချုပ်သော သိန်းမြင့် ခေါ်သူ မိန်းမချော ကလေးကို ဘရှင် နှင့် ဘစော နှစ်ယောက်လုံး ပိုးပန်း၍ နေကြကြောင်း ၎င်းတို့ အသိ ဖြစ်ကြလေ၏ ။
ဘရှင်သည် ဂုဏ်အသရေရှိ လူချမ်းသာသား ၊ လူမော်တစ်ယောက် ဖြစ်လေရာ ဘစော မှာ ပန်းချီအနုပညာ ဝါသနာပါသဖြင့် အင်္ဂလိပ်စာ ဆယ်တန်းမျှ အောင်သော်လည်း မည်သည့် အလုပ်ကိုမျှ စွဲစွဲလမ်းလမ်း မလုပ်နိုင်သူ တစ်ယောက် ဖြစ်လေ၏ ။ သို့ဖြစ်လေရာ ကိုးတန်း ၊ ဆယ်တန်းသမားတွေ ပေါသောခေတ်မှာ ဘစော သည် ဘရှင် လို ဂုဏ်အသရေရှိ ယောက်ျားပျို တစ်ယာက်ထက် အဆင့်အတန်း များစွာ နိမ့်ကျ၍ နေလေ၏ ။ သို့ပင် နိမ့်ကျသော်လည်း တစ်နေ့သ၌ “ ငါသည် နာမည်ကျော်ကြားသူ တစ်ယောက် ဖြစ်မည် ” ဟူသော မာနသည် အဘယ်အခါမျှ နှိမ်ချိုး မရ ၊ အမြဲလွှမ်းမိုးလေရာ ဘရှင် လို လူတစ်ယောက်ကို မိမိထက် ထူးမြတ်သည်ဟု အဘယ်ခါကမျှ ယုံကြည်ခြင်း မရှိခဲ့ချေ ။ သိန်းမြင့် ၏ စိတ်သည်ကား ပဲ့ပြားပင်လို ဖြစ်၍နေ၏ ။ ဘရှင် သည် ရုပ်ရည် ချောမော၍ ဥစ္စာပေါ၏ ။ သို့ဖြစ်၍ မိခင်မုဆိုးမကြီးနှင့် ဆွေမျိုးများက လိုလားကြရာ သိန်းမြင့် ကိုယ်တိုင်မှာလည်း စိတ်ပါပါ ဖြစ်၍ နေလေ၏ ။ ဘစော မှာ ပညာ တတ်၏ ။ စိတ်သဘော ကောင်းမြတ်၏ ။ ရုပ်ရည်ခံ့ညား၏ ။ သို့သော်လည်း တစ်ခါတစ်ရံ ရေးဆွဲ၍ ရန်ကုန်မြို့ သို့ ပို့သော ရုပ်ပုံကာတွန်းများမှ တစ်လလျှင် ငါးဆယ် ၊ ခြောက်ဆယ်မျှ ရသည်ထက် အခြား အထောက်အခံ တစ်စုံတစ်ရာ ရှိသူ မဟုတ်ချေ ။ သိန်းမြင့် သည်ကား ဘစောကို ကျောင်းမှာ နေစဉ်က စ၍ ချစ်ခဲ့၏ ။ သိန်းမြင့် မှာ မကျန်းမာသူမိခင်အိုနှင့် ညီမကလေး ၊ မောင်ကလေးများကို လုပ်ကိုင်ရှာဖွေ၍ ကျွေးရလေရာ ဂုဏ်အသရေ စည်းစိမ်ဥစ္စာနှင့် တကယ့် အချစ် စပ်ကြားမှာ အဘယ် ဘက်သို့ အဘယ်မျှ ရောက်သည်ဟု မိမိကိုယ်တိုင် မပြောနိုင်အောင် ရှိလေ၏ ။ အခြား ဂုဏ်အသရေရှိ ယောက်ျားများက စပ်လာဟပ်လာကြသော်လည်း “ ရိုးရိုးမှ ကြံကြပါ့မလား ” ဟု စဉ်းစားကာ ယခု အသက် နှစ်ဆယ့်သုံးနှစ် အရွယ် အထိ အပျိုလုပ်၍ နေခဲ့လေ၏ ။
ဘရှင် နှင့် ဘစော သည် အတူတကွ တစ်ကျပ်တန်းသို့ ရောက်ကြသောအခါ အံ့အားသင့်၍ နေကြလေ၏ ။ အကြောင်းမူကား တစ်ကျပ်တန်း၌ မြင်ရသော အဘိုးကြီး အမယ်ကြီးတို့မှာ တစ်ကျပ်ပေး၍ ကြည့်နိုင်သူများ၏ အသွင်အပြင် လက္ခဏာ မရှိ ။ ဆင်းရဲသူတွေ ဖြစ်ကြသည်ကို သိရလေ၏ ။ ၎င်းတို့ နှစ်ယောက်၏ စပ်ကြား၌ အမယ်အိုသေးသေးငယ်ငယ်တစ်ယောက် ရှိလေရာ ထိုအမယ်အိုသည် ၎င်းတို့ နှစ်ယောက်ကို မြင်လျှင်မြင်ချင်း မငြိမ်သက်ဖြစ်ကာ ခေါင်းတွင် ခြုံထားသော စောင်ကလေးကို နဖူးစပ်သို့ ဆွဲ၍ ချလိုက်လေ၏ ။
ရှင် ။ ။ “ ဘယ့်နှယ်လဲ ၊ အမယ်ကြီး အဘိုးကြီးတွေ ချည်းပါကလား ၊ သည်အမယ်ကြီးကကော ရှေ့ကို သွားပါလားဗျာ ၊ အလကားရလို့ လာကြည့်တာ ထင်ပါရဲ့ ” ဟု မတ်မတ်ရပ်ကာ ရှုတ်ချသော မျက်နှာနှင့် အပါးရှိ အမယ်အို ကြည့်ကာ ပြောလေ၏ ။
တရားဖြောင့်မတ် မခံတတ်သော ဘစော ၏ စိတ်မြတ်သည် ဟုန်းခနဲ ထ၍ တောက်လေ၏ ။
“ အလကား ကြည့်ကြည့် ၊ မကြည့်ကြည့် ခင်ဗျားနှင့် ဘာဆိုင်သလဲ ၊ သူ့ဘာသာ နေတာ ခင်ဗျားနှင့် အလွတ်ကြီးပါ ၊ အဘိုးကြီး အမယ်ကြီးများကို တစ်ကျပ်တန်းမှာ ကုသိုလ်ဖြစ် ပြတဲ့ ဗြိတိသျှဘားမား မြတ်စွယ်တော် ဇာတ်ကား ခင်ဗျား မကြားဘူးလား ” ဟု ပြောပြီး ထိုင်လေ၏ ။
ဘရှင်သည် ဘစောကို အလွန်မုန်းထားရှုတ်ချသော မျက်နှာထားနှင့် ကြည့်ပြီး မိမိနေရာမှာ ထိုင်လေ၏ ။ အမယ်အိုသည် အခြားသို့ ရွှေ့၍ ထိုင်ရန် အကြံနှင့် နေရာမှ ထလေရာ ဘစောက အမယ်အိုကလေး၏ ပခုံးနှစ်ဖက်ကို လက်နှင့် ကိုင်ကာ “ ဘယ်သွားမလဲ အဘွား ၊ ဘယ်ကိုမှ မသွားနဲ့ ၊ ဒီမှာပဲနေ ” ဟု ပြောလေ၏ ။
ဘရှင်က စောင်းမဲစွာ ဘစောကို ကြည့်ပြီး “ မင်းနှင့် ဘာဆိုင်သလဲ ၊ သူ သွားချင်ရာ သွားပါစေလား ၊ ရှုပ်တယ် ၊ သည်အဘိုးကြီး အမယ်ကြီးတွေဟာ ” ဟု ပြောလေ၏ ။
စော ။ ။ “ ဘယ်ကိုမှ မသွားရဘူး ၊ မသွားနှင့်အဘွား ” ဟု ပြောပြီး စီးကရက် တစ်လိပ်ကို ညှိ၍ သောက်လေ၏ ။ မကြာမီ မီးများ မှိန်၍ သွားလေ၏ ။ ဇာတ်ကား စ၍ ပြလေ၏ ။
တစ်ပိုင်းပြီးသောအခါ ဘရှင်သည် ဘိလပ်ရည်ကု,လားကို ခေါ်လေ၏ ။ အမယ်ကြီးပေါ်ကို လက်နှင့် ဖြတ်ကျော်ကာ ကု,လားလက်က ဘိလပ်ရည်ဖန်ခွက်ကို ယူလေရာ အမယ်ကြီး၏ ဦးခေါင်းပေါ်သို့ ဘိလပ်ရည်စက်များ ကျလေလျှင် အမယ်ကြီးသည် တွန့်ရွံ့လှုပ်ရှားကာ စောင်ကို ခါလေ၏ ။
ရှင် ။ ။ “ ဖြည်းဖြည်းခါဗျာ့ ၊ သည်အမယ်ကြီးဟာ တခြားလည်း မသွားဘူး ၊ နံက နံနှင့် ”
စော ။ ။ “ ခင်ဗျား လုပ်တာက ဟုတ်မှ မဟုတ်ဘဲ ၊ ခင်ဗျားကြောင့် သူ့ခမျာမှာ စိုတောင်သွားပြီ ။ မမြင်ဘူးလား ”
ရှင် ။ ။ “ ဟေ့ ... မင်း တော်တော်ကျယ် ၊ မင်းနှင့် ဘာမှ မဆိုင်ဘူး ”
ဘစောသည် ၎င်း၏ စကားကို ကြားဟန်မရှိ ကု,လားအား ဘင်မတိုနှစ်ခွက် မှာလေ၏ ။ ကု,လားယူ၍ လာသောအခါ အမယ်အိုကို တစ်ခွက် ပေးလေ၏ ။ ထိုနောက် “ လူကြီးများ အချို ကြိုက်တတ်တယ် ” ဟု ပြောကာ ချောကလက် ရောင်းသော ကု,လားကို လှမ်း၍ခေါ်လေ၏ ။ အမယ်ကြီးအား ချောကလက် တစ်မတ်တန် တစ်ခုကို ဝယ်၍ ပေးလေ၏ ။ အမယ်ကြီးသည် ကျေးဇူးတင်သော မျက်နှာနှင့် ဘစော၏ မျက်နှာကို လျင်မြန်စွာ ကြည့်ပြီး မစားဘဲ ကိုင်၍ ထားလေ၏ ။
“ စားပါ အဘွားလေးရဲ့ ၊ မြေးကလေးတွေ ရှိလို့လား ၊ ကိစ္စမရှိပါဘူး ၊ ကျွန်တော် ဝယ်ပေးပါဦးမယ် ” ဟု ပြောကာ ဘရှင်၏ ရိုင်းစိုင်းခြင်းကို ယဉ်ကျေးကြင်နာခြင်းဖြင့် သင်ပြဆုံးမ လိုသဖြင့် ချောကလက်ကု,လားကို တစ်ဖန် ခေါ်ပြီး အခြား မုန့်ပဲသရေစာများကို ဝယ်ပြန်လေ၏ ။ ဝယ်ပြီး ရုပ်ရှင်ကြော်ငြာစက္ကူနှင့် ထုပ်ရာ စက္ကူ မဆံ့သဖြင့် မိမိ၏ မွှေးကြိုင်သော လက်ကိုင်ပဝါကို ထုတ်ကာ စားစရာများကို ထုပ်၍ပေးလေ၏ ။ ထို့နောက် ငြိမ်သက်စွာ ကြည့်၍ နေကြလေ၏ ။ ရုပ်ရှင်ရုံမှ ထွက်ကြသောအခါ တစ်ဖန် ဘစော နှင့် ဘရှင် တွေ့ကြပြန်သဖြင့် ပခုံးချင်း တိုက်မိကြလေရာ ဘရှင် က ဒေါသနှင့် ခက်ထန်စွာ ဘစောကို ထီးနှင့် ရိုက်လေ၏ ။ ဘစောက ထီးကို ဆွဲ၍ ဖမ်းပြီး လမ်းဘက်သို့ လွှင့်၍ ပစ်လိုက်လေ၏ ။ တစ်ချက် ၊ နှစ်ချက် အပြန်အလှန် ထိုးကြ၏ ။ အများဝိုင်း၍ ဖြန်ကြသောကြောင့် ကွဲ၍ သွားကြ၏ ။ အမယ်ကြီး လည်း အဘယ်ကို ရောက်သည် မသိရချေ ။ နောက်တစ်နေ့ ရည်းစားလုဘက် နှစ်ယောက် ခိုက်ရန် ဖြစ်ကြသည် ဆိုသော သတင်းသည် ပျံ့နှံ့၍ သွားလေ၏ ။
ဘစောလည်း များစွာ စိတ်မကောင်း ဖြစ်လျက် ရန်ကုန်မြို့သို့ သွားမည်ဟု စိတ်အကြံပြုလေ၏ ။ အကြောင်းမူကား အများတို့က ဘရှင်ဘက်ကို လိုက်ပါကြလေ၏ ။ ဘရှင်မှာ ဆွေမျိုးလည်း ပေါ ၊ ငွေလည်း ပေါ၏ ။ ဘစော မှာ ဆင်းရဲသဖြင့် မျက်နှာငယ်၏ ။ သို့သော်လည်း သိန်းမြင့် ကို လွယ်ကူစွာ စွန့်၍ မသွားနိုင်ဘဲ နေလေ၏ ။
“ သိန်းမြင့်လည်း သူ့ဘက်ကို ပါမှာပဲ ၊ နဂိုက သူ့ ဘက်ကို ခပ်ညွတ်ညွတ် ဖြစ်ခဲ့တယ် ၊ အားလုံးကလည်း သူ့ဘက်ကို ပါကြတယ် ၊ သူက မျက်နှာရှိတယ် ၊ ငါက မျက်နှာမရှိ ၊ ငါ့ကို အဆိုးချကြမှာပဲ ၊ ငါ ရန်ကုန်ကို သွားရင်တော့လည်း သိန်းမြင့်ကို သူ အမှန် ပိုင်တော့မှာပဲ ၊ မသွားရင်လည်း ငါ့မှာ သာပြီး အောက်ကျ ဆင်းရဲပြီး အခုလို ဖြစ်ပုံနဲ့ သူ့ဘက်ကို အမှန် ယိမ်းတော့မယ့်ဆဲဆဲပဲ ” စသည်ဖြင့် တွေးတောလေ၏ ။ သို့တွေးတောခြင်း၌ ဘရှင် ထက် ကြီးမြင့်သာလွန် ထူးမြတ်လိုသည့် မခံချင် သော စိတ်ကလည်း နှိုးဆွလေ၏ ။ မိမိ၏ ပညာ ၊ မိမိ၏ အလုပ်မှာလည်း ရန်ကုန်မြို့မှာ နေမှ ကြီးပွားမယ် ၊ “ ငါသည် ဝေလငါး ဖြစ်၏ ။ အင်းအိုင်ချောင်းမြောင်းမှာ အမြီး မလှည့်သာ ၊ ရန်ကုန်မြို့တည်း ဟူသော ပင်လယ်ကို သွားမှ ဘရှင် ကဲ့သို့ ငွေကလေးနဲ့ မော်သူမျိုးထက် ငါ ကြီးမြင့်ဖို့ ရှိသည် ၊ ငါ၏ မိတ်ဆွေများကလည်း ရန်ကုန် ကို ရောက်လျှင် အလုပ်ရစေမည် ” ဟု ပြောကြသည် ။ သိန်းမြင့် အတွက်သာ “ ငါ ဤမြို့မှာ တွယ်တာ၍ နေခဲ့၏ ။ အခုပုံမှာ သိန်းမြင့်ကို ငါ ရဖို့ မရှိတော့ပြီ ၊ သူ လိုက် ရင် ငါ ရန်ကုန်ကို ခေါ်၍ သွားမည် ၊ ရန်ကုန် ရောက်ရင် အလုပ်ရမည်ဟု ငါ မျှော်ကိုးခဲ့၏ ။ ယခုသည်ကား သိန်းမြင့်ကို မျှော်လင့်စရာ မရှိတော့ပြီ ” စသည်ဖြင့် စဉ်းစားပြီး စိတ်ကို ပိုင်းဖြတ်လေ၏ ။
တနင်္ဂနွေ တစ်ပတ်လောက် သိန်းမြင့်၏ အိမ်သို့ မသွားဘဲ နေခဲ့၏ ။ တစ်ရံတစ်ခါ သိန်းမြင့်၏ အိမ်ရှေ့သို့ လျှောက်မိ၏ ။ လျှောက်သည့်အခါ ဘရှင်သည် အဖော်အပေါင်းမိန်းမ ၊ ယောက်ျားများနှင့် တဟားဟား ရယ်မော တသောသော နေသည်ကို မြင်လေ၏ ။ သို့ မြင်သည့်အခါ မခံချိမခံသာ ဖြစ်လေရာ ၎င်းထက် သာလိုသော စိတ်သည် အတိုင်းမသိ တိုးတက်တောက်လောင်၍ လာလေ၏ ။ ထိုအတောအတွင်း မှာပင် သိန်းမြင့်၏ အရီး တစ်ယောက် ကွယ်လွန်အနိစ္စ ရောက်သဖြင့် သိန်းမြင့် မှာ အမွေ သုံးသောင်းခန့်မျှ ရတော့မည် ဟူသော သတင်းကို ကြားရလေ၏ ။ သိန်းမြင့်တို့ အိမ်မှာလည်း အခါတိုင်းထက် လူတွေ များပြီး ဘရှင် နှင့် ၎င်း၏ အသိမိတ်ဆွေ ဆွေမျိုးဉာတိတို့မှာ ထိုအိမ်၌ တရုန်းရုန်း ဖြစ်ကြလျက် သိန်းမြင့် မှာ အမွေ မရသေးမီ ဘရှင် နှင့် ၎င်း၏ ဆွေမျိုးများက ငွေကြေးထုတ်၍ ချေးကြပေးကြလေ၏ ။ လာမည့် လာဘ်ကို မျှော်ကာ လာဘ်စရန်ပေးခြင်း နည်းမျိုး ဖြစ်လေ၏ ။
ဘစောမှာ ထိုကဲ့သို့ အခြေအနေတို့ကို မြင်ရလေလေ အားလျှော့လေလေ ဖြစ်ပြီး ရန်ကုန်သို့ သွားတော့မည်ဟု ပိုင်းဖြတ်ခြင်း ပြုလေ၏ ။ သို့သော်လည်း သိန်းမြင့် ကို နှုတ်မဆက်ဘဲ သွားခြင်းထက် နှုတ်ဆက် ခြင်းက ပိုမို၍ လျော်ကန်မည်ဟု စဉ်းစားကာ မသွားချင့် သွားချင်နှင့်ပင် နှုတ်ဆက်ရန် သွားလေလျှင် ဘရှင် နှင့် ၎င်း၏ အဖော်တို့သည် ရယ်မောဆူညံခြင်းကို ရပ်ကာ တစ်ယောက်ကို တစ်ယောက် လက်တို့ ၊ ခြေတို့ ၊ မျက်စ ၊ မျက်နနှင့် မေးငေါ့ကာ တီးတိုး ပြောကြလေ၏ ။
သိန်းမြင့်က ရှေးဦးပထမ ဣန္ဒြေနှင့် နေလေ၏ ။ စကား မပြောဘဲ ဘစော အား ကွမ်းအစ်ဆေးလိပ် တည်လေ၏ ။ မိနစ်အနည်းငယ် အတွင်း တစ်အိမ်လုံး တိတ်၍ နေကြလေ၏ ။
“ ကိုဘစော ဘယ်က မျက်စိလည်လာသလဲ ၊ လမ်းလျှောက်လို့မှ လှည့်မကြည့်ဘူး ၊ ကျွန်မက ဘာများ ဖြစ်သလဲလို့ ၊ အခုမှ ဘယ်လို ကိစ္စထူးလို့ လာတာလဲ ”
“ နှုတ်ဆက်ဖို့ လာတာပါ ၊ ရန်ကုန်ကို သွားမလို့ပဲ ”
“ ဪ … သည်မြို့မှာ ဘာဖြစ်လို့လဲ ”
“ သည်မြို့မှာ ဘာမှ မဖြစ်ပါဘူး ၊ ရန်ကုန်မှာ အလုပ် ရလို့ပါ ”
“ ဪ အလုပ်ရသလား ၊ ဝမ်းသာပါတယ် ၊ ကိုဘစောရယ် ၊ ဘယ်တော့ သွားမလဲ ”
“ နက်ဖြန် နံနက်ပဲ ”
“ ဪ ... မြန်လှချည်လား ၊ ကျွန်မတို့လည်း လက်ဆောင် ပေးလိုက်စရာ ဘာမှမရှိဘူး ” ဟု ပြောကာ ဘရှင် ကို ကြည့်လေ၏ ။
ဘရှင်က ပြောင်သလိုလို ၊ လှောင်သလိုလို မျက်နှာနှင့် မျက်စပစ်လိုက်လေ၏ ။ ဘစော၏ လျင်မြန်သော မျက်လုံးများသည် ဘရှင်၏ အမူအရာကို ချက်ချင်းသိ မြင်လိုက်လေ၏ ။ အခြား မိန်းမယောက်ျားများကလည်း “ မိမိအပေါ်၌ အဘယ်ပုံ ရှုတ်ချသော အမူအရာ ရှိသည်ကို ဘစော သိမြင်လေရာ ကြာကြာနေခြင်းသည် အကျိုးမဲ့ ဖြစ်မည် ၊ ငါ အလကား လာ၍ နှုတ်ဆက်မိတာပဲ ” ဟု တွေးကာ “ ကိုင်း .. သွားတော့မယ်လေ ” ဟု ပြောကာ ထိုင်ရာမှ ထလေ၏ ။
မြင့် ။ ။ “ သွားတော့မလား ကိုဘစောရဲ့ ၊ လက်ဆောင်ကလေးများ ပေးပါရစေဦးရှင့် ” ဟု ပြောကာ ထ၍ အခန်းထဲကို ဝင်သွားလေ၏ ။ မကြာမီ ကြည့်၍ နေသူ အားလုံးတို့၏ အလယ်၌ စက္ကူအထုပ်ကလေးကို ကိုင်ကာ ထွက်၍ လာလေ၏ ။ ဘစော ရှေ့၌ ပုဆစ်တုပ်ကာ ထိုင်ပြီး စက္ကူအထုပ်ကို ဖြေလေ၏ ။ ထိုနောက် ဖြန့်လိုက်ရာ မွှေးကြိုင်သော လက်ကိုင်ပဝါကလေး ဖြစ်၍ နေလေ၏ ။ ဘစောသည် လွန်စွာ အံ့သြ၍ နေလေ၏ ။ အများက တီးတိုး ပြောကြ၏ ။
သိန်း ။ ။ “ ကိုဘစော မသိဘူးလား ”
စော ။ ။ “ ဒါ သည်က လက်ကိုင်ပဝါပဲ ၊ ဘယ်က ရသလဲ ”
သိန်း ။ ။ “ ကိုဘစော ဆီက ရတာပေါ့ ၊ ရုပ်ရှင် ကြည့်တုန်းကလေ ”
“ ဪ ဪ .. အင်း ၊ နို့ ... နေပါဦး ၊ ဟို ... အမယ်ကြီး တစ်ယောက်က ”
“ ဟုတ်တယ် ၊ ရှင် သရေစာတွေ ဝယ်ပေးလိုက်တာလေ ၊ ဟိုနေ့က ကျွန်မတို့မှာ ငွေတစ်ကျပ်တည်း ရှိတယ် ၊ ကျွန်မ မောင်ကလေး နဲ့ ညီမကလေးတွေ ကိုလည်း ရုပ်ရှင် ပြချင် ၊ ကျွန်မ ကလည်း မြတ်စွယ်တော် ကြည်ညိုစရာ သိပ်ကောင်းတယ် ဆိုတာနဲ့ ဖူးချင်အားကြီးလို့ ကျွန်မ မောင်ကလေးနှင့် ညီမကလေးများကို ရှိတဲ့ ငွေတစ်ကျပ် ပေးလိုက်ပြီး ကျွန်မ တစ်ယောက်တည်း အမယ်ကြီးအို ဟန်ဆောင်သွားတာပါ ၊ ကိုဘရှင်က တကယ်တည်း အမယ်ကြီး ထင်လို့ ကျွန်မကို နံသလေး ၊ စော်သလေး ပြောပြီး မောင်းပစ်တယ် ၊ ကိုဘစော ကတော့ ကျွန်မကို ဂရုစိုက်တယ် ၊ မြတ်စွယ်တော်ကို ဖူးရသည့် အတွက် လတ်တလော အကျိုးပေးလို့ လူကောင်း နဲ့ လူဆိုးကို သဲသဲကွဲကွဲ သိရပါတယ် ၊ ကိုဘစော ရန်ကုန်ကို သွားဖို့လည်း မလိုဘူး ၊ သွားရင်လည်း ကျွန်မ လိုက်နိုင်တဲ့ အခြေ ရှိပါပြီ ” ဟု ပြောလေရာ ဘရှင် နှင့် တကွသော အဖော် အားလုံးတို့မှာ မျက်နှာ၌ ညိုမည်းပြီး တစ်ယောက်ပြီး တစ်ယောက် အိမ်နောက်ဖေးက တချို့ ၊ အိမ်ရှေ့က တချို့ ၊ မီးဖိုချောင်မှ တချို့ ထွက်ခွာပျောက်ကွယ်၍ သွားကြလေသည် ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
အတွဲ ၃ ၊ အမှတ် ၂၁
သြဂုတ် ၂၁ ၊ ၁၉၃၂
No comments:
Post a Comment