Tuesday, March 31, 2026

မင်းတိုင်ပင် နှင့် လင်းလွန်းပင်


 

❝ မင်းတိုင်ပင် နှင့် လင်းလွန်းပင် ❞ 
( မောင်ရင့်မာ - ကျောင်းကုန်း )

“ ဪ ... လောကကြီး တယ်ပြောင်းလဲလွယ်ပါကလား ။ တစ်လအတွင်းမှာပဲ ငါဟာ ရှေးကလို တောသား အနုပ်စုတ်ကုပ်စုတ် ဖိုးကူး မဟုတ်တော့ဘူး ။ မင်းတိုင်ပင်အမတ်ကြီး ဦးဖိုးကူး ဖြစ်နေပါပကောနော် ။ ငွေသုံး,လေးထောင် အကုန်ခံလိုက်တော့ ချက်ချင်း အရေးပိုင် ထက်တောင် ကြီးတဲ့ မင်းတိုင်ပင်အမတ်ကြီးရာထူး ရလာတာပဲ ။ အခု ငါက အာဂအာဇာနည် ပုဂ္ဂိုလ်ကြီးဖြစ် ပေါ့ ”

မိမိကိုယ်ကို ဝမ်းမြောက်စွာ ရင့်ကျူးလျက် ဖရဏာပီတိ ဂွမ်းဆီထိသလို နှစ်သိမ့်မဆုံး ဖြစ်နေသူကား မန္တလေးပိုးရင်ဖုံး ဝါကြင့်ကြင့် ၊ ဘန်ကောက်ဖက်ဖူးရောင် တောင်ရှည်ပုဆိုး ၊ ကတ္တီပါ ပုံတော်ဖိနပ်တို့ဖြင့် မွမ်းမံအပ်သော ၊ သူ့ကိုယ်သူ ဧရာမ လူချော လူလှ လူမြတ်ကြီး ဖြစ်နေပြီဟု အောက်မေ့နေပါလေသော အမတ်လက်သစ် ဦးဖိုးကူး ဖြစ်၏ ။

“ ဘကြီးက ဒီလိုဆိုတော့ အရင်နဲ့ လုံးလုံး မတူတော့ဘူး ။ သိသိသာသာကြီးကို မင်းတိုင်ပင်အမတ်ကြီး ဦးဖိုးကူးပဲဗျာ ”

ဘီအေဘီအယ်လ် ရှေ့နေပေါက်စ မောင်တင်ဖေက ဦးဖိုးကူးကို နွေရွက်ခြောက်ကလေးလို လေ၌ လွင့်ပါးသွားအောင် တဟူးဟူး မှုတ်ပေးလိုက်၏ ။ ခြွေရံသင်းပင်းတို့နှင့်အတူ ဘူတာရုံ၌ ရထားစောင့်ရင်း လက်ထဲရှိ ပထမတန်း ရထားလက်မှတ်ကို ကြည့်၍ လည်းကောင်း ၊ ပြောင်လက်တောက်ပသော ချပ်ဝတ်တန်ဆာများနှင့် စတိုင်ထုတ်နေရသည်ကိုလည်းကောင်း ၊ နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ဦးသုမန ကိုယ်တိုင် ကြွရောက်ပို့ဆောင်လာသည်ကို လည်းကောင်း အမတ်မင်း ဦးဖိုးကူးသည် ဇောတဖိန့်ဖိန့် အကြီးအကျယ် ပီတိစိမ့်ကာ ပုတ်သင်ညိုခေါင်းကဲ့သို့ တညိတ်ညိတ် ဖြစ်နေလေတော့၏ ။

“ အဲအဲ .. ဒကာကြီး ဟိုကျတော့ ကျုပ်တို့နယ် အတွက် ကြိုးစားပေတော့ ။ ကျုပ်တို့ ဝတ္တကမြေ အကြောင်း မေးခွန်းထုတ်ဖို့လည်း မမေ့လေနဲ့နော် ”

“ အရှင်ဘုရား ခိုင်းစေတာတော့ မေ့ရိုးလားဘုရား ။ ဒီ့ပြင် မှာချင်တာရှိ မှာလိုက်ပါဘုရား ”

“ တခြားတော့ မှာစရာ မရှိပါဘူးဗျာ ။ ဟိုရောက်တော့ ကျုပ်တို့ သမ္မတ ကြီးကိုသာ ဘုန်းတော်ကြီးက မေတ္တာပို့ကြောင်း ပြောလိုက်ပါတော့လေ ”

ဥပဒေပြု လွှတ်တော်အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသော တောသူဌေး ဦးဖိုးကူးနှင့် ဘုန်းတော်ကြီး ဦးသုမနတို့၏ ပြောစကားများကို ထောက်ချင့်၍ အမတ်လက်သစ်ကြီး အဘယ်မျှ ‘ ဟဒယ လေခ ’ နေသည်ကို ရိပ်စားမိစရာ ရှိပါသည် ။

‘ မင်းတိုင်ပင် ’ ဝတ္ထုကို သိန်းနေနွယ် အမည်ဖြင့် ဆရာ ( ဦး ) သိန်းဖေမြင့် ရေးသည့်အချိန်က ၁၉၃၅ ဖြစ်သည် ။ ( ၁၉၃၀ - ၁၉၃၅ ) မြန်မာပြည် နိုင်ငံရေးကား ခွဲရေး ၊ တွဲရေးများနှင့် ရှုပ်ထွေးနေချိန် ဖြစ်သည် ။ ၁၉၃၂ ၊ နိုဝင်ဘာ ၉ ရက်က ဒိုင်အာခီ အုပ်ချုပ်ရေး ၊ စတုတ္ထ အကြိမ် ရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေပြု လွှတ်တော်အစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပခဲ့သည် ။ ဆရာ ဦးသိန်းဖေမြင့်က ပိုးစိုးပက်စက် လှောင်ပြောင်ခဲ့သော အမတ် ဦးဖိုးကူး မှာ ၁၉၃၂ ရွေးကောက်ပွဲမှ မွေးဖွားပေးလိုက်သော ဥပဒေပြုအမတ် ဖြစ်ဖွယ် ရှိပါသည် ။

တောသူဌေးက မင်းတိုင်ပင်အမတ် ဖြစ်ပြီး မြောက်ကြွမြောက်ကြွနှင့် မြို့သို့ တက်သွားရာမှ မနေဖူးတာ နေ ၊ မစားဖူးတာ စား ၊ မသွားဖူးတာ သွား ၊ နောက်ဆုံးတော့ အရပ်ပျက်မလေး လူစီခင်ခင် အား အကြီးအကျယ် စွဲလမ်းပြီး ဘဝတစ်ခုလုံး ရစရာ မရှိအောင် ကြေပြုန်းပျက် သုဉ်းသွားခဲ့သည့် ဦးဖိုးကူး၏ အဖြစ်ကို ဆရာသည် မင်းတိုင်ပင်ဝတ္ထုတွင် အားမနာစတမ်း ရေးဖွဲ့ခဲ့သည် ။

မင်းတိုင်ပင်ရွေးကောက်ပွဲတွင် တောသူဌေး ဦးဖိုးကူးက ငွေသုံးလေးထောင် အကုန်ခံကြောင်း ဖော်ပြခဲ့စေကာမူ ရွေးကောက်ပွဲကျင်းပပုံကို မဖော် ပြခဲ့ချေ ။ ရွေးကောက်ပွဲတစ်ခု မည်သို့ ပြုလုပ်ခဲ့ပုံကို သရုပ်ဖော် ရေးဖွဲ့သူက သိပ္ပံမောင်ဝ ဖြစ်သည် ။

ဥပဒေပြုလွှတ်တော်အမတ် ရွေးကောက်ပွဲမူ မဟုတ် ။ သူကြီးရွေးကောက် ပွဲ ဖြစ်သည် ။ ၁၉၃၂ ၊ ဒိုင်အာခီအုပ်ချုပ်ရေးကာလ သူကြီးရွေးကောက်ပွဲကို ဦးစီးကျင်းပပေးခဲ့ရသည့် အိုင်စီအက် ( စ ) အရာရှိ တစ်ဦး၏ အမြင်ဖြင့် ရေးသားခဲ့ပါသည် ။

“ ဤ ဒီမိုကရေစီခေတ်တွင် ရွေး ကောက်ပွဲတွေကား များလှပေတော့သည် ။ မင်းတိုင်ပင် ရွေးကောက်ပွဲ ၊ မြူနီ စီပယ် ရွေးကောက်ပွဲ ၊ ဒိစတြိတ်ကောင်စီ ရွေးကောက်ပွဲ ၊ သူကြီး ရွေးကောက်ပွဲ ၊ ကျေးရွာကော်မတီ ရွေးကောက်ပွဲ ၊ များလိုက်သည့် ရွေးကောက်ပွဲတွေ ရေတွက် ၍ပင် မကုန်နိုင်ပြီ ”

ရွေးကောက်ပွဲ ဆိုသည်မှာ ဒီမိုကရေစီ၏ အမှတ်လက္ခဏာ တစ်ခု ဖြစ်သည် ။ သို့သော် ( ခွင့်လွှတ်ပါ  ဆရာသည် အိုင်စီအက် ( စ ) အရာရှိတစ်ဦးပီပီ ရွေးကောက်ပွဲတွေကို အနည်းငယ် မျက်စိနောက်ပုံရသည် ။ ရွေးကောက်ပွဲ အကြောင်း နိဒါန်းချီပုံကပင်လျှင် ဘာရေးရေး ရွှင်သွက်နေစမြဲ ဖြစ်သည့် ဆရာသိပ္ပံမောင်ဝ၏ လေက ‘ ပျဉ်းတွဲလေးလံ ’ နေသည် ။

“ ယခု ရေးသားမည့် ရွေးကောက်ပွဲကား သူကြီးရွေးကောက်ပွဲပင် ဖြစ်လေသည် ။ မည်သည့် ရွာက သူကြီး ရွေးကောက်ပွဲပေနည်း ။ လင်းလွန်းပင်ရွာက သူကြီး ရွေးကောက်ပွဲ ဖြစ်လေသည် ”

ရွေးကောက်ပွဲများကို စိတ်ပျက်လက်ပျက် ဖြစ်နေစေကာမူ လင်းလွန်းပင်ရွာသူကြီးရွေးကောက်ပွဲအကြောင်း စ,လိုက်သည်နှင့် သိပ္ပံမောင်ဝ၏ လေသံ အစစ်အမှန် ပြန်ပေါ်လာပြီး ရွှင်သွက်မြဲ ရွှင်သွက်နေပါချေတော့သည် ။ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူ နှစ်ဦးမှာ မောင်သာပန်း နှင့် မောင်ရွှေကျေး ဖြစ်၏ ။ မောင်သာပန်းသည် ယခင် လင်းလွန်းပင်သူကြီး ဦးဘိုးဆောင်၏ သား ဖြစ်သည် ။ လူဆိုးဓားပြတို့ကို ကြောက်သောကြောင့် လွန်ခဲ့သော နှစ်လခန့်က ဦးဘိုးဆောင် နုတ်ထွက်သွားသည် ။ သူ၏သား မောင်သာပန်းက အိမ်စောင့်အစိုးရ သဖွယ် ရွာကို အုပ်ချုပ်စဉ် သူကြီးရွေးကောက်ပွဲ လုပ်ခြင်းဖြစ်၏ ။

မောင်ရွှေကျေး နှင့် စပ်လျဉ်း၍ ဆရာက ဤသို့ ဖော်ပြထားသည် ။

“ မောင်ရွှေကျေးမှာ အင်းသားကြီး ဖြစ်၏ ။ ပစ္စည်းဥစ္စာ ခိုင်လုံ၏ ။ အသောက်အစား ကင်း၏ ။ လူရည် လည်၏ ။ သို့ရာတွင် ရွာသားများနှင့် မသင့် ဟု ပြောသံ ကြားရသည် ။ ရွေးကောက်ပွဲ ခေတ်စားနေသော အခါတွင် ရွာသားများနှင့် မသင့်လျှင် အဘယ်မျှပင် အရည်အချင်း ရှိစေကာမူ ရွာသူကြီး ဖြစ်ရန် ခဲယဉ်း၏ ”

မောင်သာပန်းနှင့် စပ်လျဉ်း၍ ဆရာက ဤသို့ ဖော်ပြထားသည် ။

“ မောင်သာပန်းကား သူကြီးသား ဖြစ်၏ ။ သူကြီးသား ဖြစ်သောကြောင့် မျက်နှာ ရှိပြီးသား ဖြစ်လေသည် ။ သူကြီးဟောင်း ဦးဘိုးဆောင် မှာလည်း ကျေးရွာအုပ်ချုပ်ရေးတွင် ညံ့၏ ။ အခွန်ကောက်ခြင်းတွင် ဖျင်း၏ ။ တရားစီရင်ခြင်းတွင် ဘာတစ်ခုမျှ မတတ် ။ သို့သော် ရွာသားတို့၏ မျက်စိနှင့် ကြည့်လျှင် ဦးဘိုးဆောင်မှာ သူကြီး အရည်အချင်းနှင့် များစွာ ပြည့်စုံသောသူတစ်ယောက် ဖြစ်လျက်နေ၏ ။ သူကြီး ညံ့လေ ရွာသား ကြိုက်လေ ၊ နှစ်သက်လေ ၊ မြတ်နိုးလေပင် ”

ကျွန်တော်သည် ဤနေရာတွင် ခဏရပ်၍ စဉ်းစားကြည့်ပါသည် ။

ဆရာ သိပ္ပံမောင်ဝ၏ အမြင်၌ သူကြီးဟောင်း ဦးဘိုးဆောင်သည် အလွန်ညံ့သူ ဖြစ်သည် ။ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေး ညံ့ဖျင်းရုံသာ မကသေး ၊ တရားစီရင်ရေး ကျတော့လည်း ဘာတစ်ခုမှ သုံးစားရပုံ မပေါ် ။ သို့သော် ထိုမျှ ညံ့သူ ၊ ဖျင်းသူကိုမှ ရွာသားက နှစ်သက်သတဲ့ ။ မြတ်နိုးသတဲ့ ။ သူကြီး ညံ့လေ ရွာသား ကြိုက်လေ - ဖြစ်သတဲ့ဟု ဆိုပါက သူကြီး ညံ့လျှင် ရွာသားတို့ ကြိုက်ပြီး မဲဆန္ဒရှင် ရွာသူရွာသားတို့က ကြိုက်သော သူကြီးသည် ညံ့သောကြောင့် ဖြစ်လေသတတ် ။ ပြဿနာပါပဲ ။

သို့သော် ၊ ဒါက ရွေးကောက်ပွဲတွေကို စိတ်ပျက်လက်ပျက် ဖြစ်နေသော ဗျူရိုကရက် အရာရှိတစ်ဦး၏ အမြင် ဖြစ်သည် ။

ရွာသူရွာသားတို့သည် အခွန် ကောက်ရာတွင် ညှာတာသော ၊ အုပ်ချုပ်ရာ ၊ တရားစီရင်ရာတွင် စာနာသော ၊ သနားကြင်နာတတ်သော သူကို ရက်စက်ပြတ်သားသော သူထက် ပို၍ ကြိုက်နှစ်သက်ခြင်း မဖြစ်တန်ရာ သလော ။ စဉ်းစားဖွယ်ပင် ။

လင်းလွန်းပင်ရွေးကောက်ပွဲကို ကြည့်ဦးစို့ ။

ဆိတ်လည်း ဆိတ်အထွာနှင့် ဆိုသလို ရွေးကောက်ပွဲ မဲဆွယ်ကာလ၌ သူ့ဘက် မဲထည့်ပါ ၊ ငါ့ဘက် မဲထည့်ပါနှင့် ဟောကြပြောကြရာ မောင်သာပန်း ဘက်က ပြောသော ဆယ်အိမ်ခေါင်း ဦးဘမောင်နှင့် မောင်ရွှေကျေး ဘက်မှ ဟောသော ကျေးရွာကော်မတီ ဦးထွန်းအောင် တို့သည် စကားများပြီး ဖူးဖူး ရောင်သည် အထိ ထိုးသတ်ကုန်ကြသေးသည် ဆိုပါ၏ ။

တစ်နေ့ ၊ လင်းလွန်းပင်ရွာသို့ သမ္မန်ပြာတာ ကိုမောင်ပု ရောက်လာ ၊ ဝါဆိုလဆန်း ၈ ရက်နေ့တွင် သူကြီး ရွေးကောက်ပွဲ လုပ်မည်ဟု နယ်ပိုင်မင်း၏ အမိန့်စာကို ပေး ၊ တစ်ရွာလုံး ကျွက်စီ ကျွက်စီ ဖြစ်ကုန်တော့၏ ။

ဆရာ၏ အာဝဇ္ဇန်းအတိုင်း ဆိုသော် -

“ ထိုနေ့တွင် တစ်ရွာလုံး ဆူနေတော့၏ ။ လယ်ထွန်ရာမှာလည်း ရွေးကောက်ပွဲ ၊ ကြက်ဝိုင်းတွင်လည်း ရွေးကောက်ပွဲ ၊ ငါးမျှားရာမှာလည်း ရွေးကောက်ပွဲ ၊ ရွာ့ရေတွင်းမှာလည်း ရွေးကောက်ပွဲ ၊ ဦးရာဇိန္ဒကျောင်းမှာလည်း ရွေးကောက်ပွဲ ၊ ဥပုသ်ဇရပ်တွင်လည်း ရွေးကောက်ပွဲ ၊ ရွေးကောက်ပွဲ အကြောင်းကိုသာလျှင် တစ်ရွာလုံး ပြောနေကြလေသည် ”

“ ထိုရွေးကောက်ပွဲမှာ လင်းလွန်းပင် ရွာသူရွာသားတို့ အဖို့ အလွန်ပင် အရေးကြီးပေ၏ ။ မြန်မာပြည်သို့ ဘုရင်ခံ အသစ်တစ်ပါး ရောက်လာသည်မှာ သူတို့အတွက် အရေးမကြီး ။ အိန္ဒိယပြည်တွင် ဘုရင်ခံချုပ်ကြီးတွေ ပြောင်းလဲသွားသည်မှာ သူတို့အတွက် အရေးမကြီး ။ အင်္ဂလန်ပြည်တွင် နန်းရင်းဝန်ကြီးတွေ ပြောင်းလဲသည်မှာ သူတို့ အတွက် အရေးမကြီး ။ သူတို့ ရွာမှာ သူကြီးအသစ် လဲသည်ကား အရေးကြီးလေသည် ”

လင်းလွန်းပင်ရွာသားတို့သည် ယခုခေတ်အခါမှာ ကဲ့သို့ ခေတ်မီသူများ မဟုတ်ကြ ။ မိနစ်ပိုင်း အတွင်း တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်နိုင်သည့် တယ်လီဖုန်း ၊ ဖေ့စ်ဘွတ်ခ်ကဲ့သို့ ပစ္စည်းကိရိယာများ မရှိကြ ၊ ကြားမြင်သုတ ကြွယ်ဝခြင်း မရှိကြ ။ သို့သော် ဦးဘိုးဆောင် ကဲ့သို့ ခပ်ညံ့ညံ့ ၊ ခပ်ထူပေပေ ၊ ခပ်ချာချာ သူကြီး တစ်ယောက်၏ အုပ်ချုပ်မှုကို ခံခဲ့ရသည့် အကြောင်းမျှဖြင့် နိုးဗုတ် ( novote ) ဟု မည်သူကမျှ မအော်ကြ ။ မဲမပေးပါနဲ့ ၊ ပယ်မဲဖြစ်အောင် လုပ်လိုက်ပေါ့ဟု မည်သူကမျှ ဖျက်လိုဖျက်ဆီး မပြောကြ ။

ကိုယ့်ကို အုပ်ချုပ်မည့် သူအား ကိုယ်တိုင် ရွေးချယ်နိုင်သည့် အခွင့်အရေးကို မည်သူမျှ လက်လွတ်ခံဖို့ စိတ်မကူးကြချေ ။

သို့နှင့် ဝါဆိုလဆန်း ၈ရက်နေ့တွင် ရွာသားတို့ အလုပ်မဆင်းကြတော့ ၊ နွားများ အားလပ်ခွင့်ရ၍ ငါးများလည်း ချမ်းသာခွင့် ရကြကုန်၏ ဆိုပဲ ။ ထိုနေ့က ဘုန်းကြီး ဦးရာဇိန္ဒ၏ ကျောင်းဝိုင်း အပြင်ဘက် ဇရပ်တွင် ရွေးကောက်ပွဲ ကျင်းပမည့် နေရာကို သတ်မှတ် ပြင်ဆင်ထားသည် ။ မဲရုံနှင့် မဲပုံးများကို စီမံထားသည် ။ သို့သော် နံနက်ဆယ်နာရီ ထိုးသည်အထိ မဲရုံသို့ မလာ သေး ။ မောင်သာပန်းအိမ်၌ ဆွမ်းကျွေးပွဲ တစ်ပွဲ ၊ မောင်ရွှေကျေးအိမ်၌ ဆွမ်းကျွေးပွဲ တစ်ပွဲ ။ ရဟန်းတော်တို့အား ဆွမ်းကျွေး ၊ တရားနာလျက် ရပ်သူရွာသားတို့အား ကျွေးမွေးလှူဒါန်းခြင်းသည် မတရား လက်ဆောင်ထိုးသည် မမည် ၊ ကုသိုလ် လုပ်ခြင်းသည် မဲဝယ်ခြင်း မဟုတ် ၊ နယ်ပိုင် ကလည်း သူရို့ကို ယိုးစွပ်ဖို့ အကြောင်း မရှိ ။ ခေတ်တွေ ၊ လူတွေ ၊ အခင်းအကျင်းတွေ ပြောင်းလဲသွားသည် ။ အကြောင်းကြောင်းတို့ကို အကြောင်းပြုလျက် အခွင့်အာဏာ၌ တပ်မက်ခြင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရလိုခြင်း ကတော့ဖြင့် ဟိုတုန်းကနှင့် ယခု အတူတူပဲ ဖြစ်ပါသည် ။

၁၁ နာရီ ထိုးသော် နယ်ပိုင် မောင်လူအေးနှင့် သူ၏ စာရေး မောင်ဖျန်စိန်တို့ ရွေးကောက်ပွဲဇရပ်သို့ ရောက်လာ၏ ။

ကျွန်းပြန် ဦးသာအေးက အရက်မူး ပြီး နှောင့်ယှက်နေသဖြင့် နယ်ပိုင် မောင်လူအေးက ၂၄ နာရီ ချုပ်ထားမည်ဟု ပြောမှ ငြိမ်သွား၏ ။ စစ်ကွင်းသူကြီးက ၄င်းအား အထူးအာဏာ ပေးရန် ၊ ဇလုပ်ကြီးရွာသူကြီးက ၄င်းအား ခြောက်လုံးပြူးသေနတ် ဆုပေးရန် ၊ ကျေးရွာကော်မတီ မောင်လူကြီးက ရွာမြေအသစ် ရှာပေးရန် နယ်ပိုင်မင်းအား လျှောက်လွှာတွေ လာပေးနေကြသဖြင့် ရွေးကောက်ပွဲကို တော်တော်နှင့် မစနိုင် ၊ ရှင်းရသေး၏ ။ ပြီးသောအခါမှ ရွေးကောက်ပွဲ စ , ပါလေတော့သည် ။

“ မောင်သာပန်း အနီ ၊ မောင်ရွှေကျေး အစိမ်း ။ မောင်သာပန်းက ရဲရင့်လို့ နီသဗျ ၊ ကျေးငှက်တွေရဲ့ အမွေးအတောင်က စိမ်းလို့ မောင်ရွှေကျေးက စိမ်းသဗျ ။ ဘာမှ မှားစရာမရှိဘူး ” ဟု ဆယ်အိမ်ခေါင်း ဦးလူမောင်က ပြောရာ ကော်မတီ ဦးဒါလီက “ ခင်ဗျားတို့ရဲ့ ကျေးငှက်ကို ကျုပ်တို့ လေးတစ်ချက်တည်းနှင့် ခွင်းမယ်ဗျ ” ဟု ဆိုသတဲ့ ။

မဲပေးပုံနှင့် မဲရုံမြင်ကွင်းမှာ ဤသို့ ဖြစ်ပါသည် ။ မောင်လူအေးက လူခွန် စာရင်းကို ဖွင့်၍ မောင်ကာလီ ဟု ခေါ် သည် ။ မောင်ကာလီက မောင်သာပန်း နှင့် မောင်ရွှေကျေး နှစ်ယောက်စလုံးကို ပြုံးကြည့်သည် ။

“ မောင်ကာလီ မဲရုံမှ ထွက်လာလေပြီ ။ မောင်ရွှေကျေးက သူ့ပုံးထဲ မဲထည့်ခဲ့သည် ထင်၏ ။ မောင်သာပန်း ကလည်း သူ့ပုံးထဲ ထည့်ခဲ့သည်ဟု ထင်မှတ်လေသည် ။ မောင်ကာလီကား မောင်ရွှေကျေး ထံမှ ငွေနှစ်ဆယ်ကျပ် ၊ မောင်သာပန်း ထံမှ ငွေနှစ်ဆယ်ကျပ် ရပြီးလေပြီ ။ အလွန် အလှော်ကောင်းသော မောင်ကာလီပါတကား ”

“ လူခွန်စာရင်းတွင် ပါပြီးသော သူတို့ကား တစ်ယောက်ပြီး တစ်ယောက် ခေါ်လာရာ လူ ၂ဝ ကျော်ခန့် ဆန္ဒပေးပြီးလေပြီ ။ ထို့နောက် မောင်လူအေးက မြွေဟောက် ဟု ခေါ်လိုက်ရာ လူအများ ရယ်ကြပြန်၏ ။ × × × အင်္ကျီ မပါ ၊ ခေါင်းပေါင်းလည်း မရှိ ၊ မျက်နှာသုတ်ပဝါ ညစ်ပေပေကို လုံချည် လုပ်၍ ဝတ်လာရရှာလေသည် ။ လွန်စွာ့လွန်စွာမှပင် ဆင်းရဲဟန် တူ၏ ။ မောင်လူအေး သနားမိလေသည် ။ သို့သော် မြွေဟောက် ကား အရယ်ပင် မပျက် ။ × × × မြွေဟောက် မဲထည့်ပြီးနောက် ရယ်စရာ အချက် မပေါ်သေးပေ ။ လူပေါင်း ၉ဝ ကျော် မဲပေးပြီးလေသည် ။ သုံးယောက် သာကျန်တော့၏ ။

“ လူခွန်စာရင်း နောက်ဆုံးအမည်ကား ကဇန်း ဖြစ်လေသည် ။ ကဇန်း ဟူ၍ မောင်လူအေး ခေါ်လိုက်ရာ ရွာသူရွာသားတို့က ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ပြန်၏ ။ ဟိုကြည့် သည်ကြည့် လုပ်ကြပြန်၏ ။ × × × ဟော ဟိုမှာ ကြည့်လော့ ။ လူနှစ်ယောက် တက်လာလေပြီ ။ ရှေ့လူက နောက်လူကို တွဲလာခြင်း ဖြစ်၏ ။ ကဇန်း မျက်စိ ကွယ်သွားသည်မှာ လေးလမျှသာ ကြာသေးသည် ။ ကဇန်း မိမိ အနား ရောက်လာလျှင် မောင်လူအေး က ဘယ်သူ့ပုံးထဲ ထည့်ချင်သလဲဟု မေး၏ ။ မောင်သာပန်းပုံးထဲ ထည့်ချင် တယ်ဟု ဖြေလေသည် ”

ကဇန်းတို့ ပြီးလျှင် မဲဆန္ဒပေးသော ကိစ္စကြီး ပြီးသွားပြီ ။ ပုံးစိမ်း နှင့် ပုံးနီ တို့ကို လူကြီးများ ရှေ့မှာ ဖွင့်ကာ မဲများ ရေတွက်သည် ။ ပရိသတ်က ငြိမ်နေသည် ။ မဲများ ရေတွက်ပြီး မောင်လူအေးက ကြေညာသည် ။ မောင်သာပန်း ၈၅ မဲ ၊ မောင်ရွှေကျေး ၁၅ မဲ ။

“ ပရိသတ်ကြီး ဆူညံသွား၏ ။ မောင်ရွှေကျေးကား ကြက်ပျောက် ငှက် ပျောက် ပျောက်သွားလေပြီ ။ ကောင်းကင်သို့ ပျံသွားလေရော့သလား ။ ရွာသူရွာသားတို့ကလည်း စကားတပြောပြောနှင့် ရွာသို့ ပြန်သွားကြကုန်၏ ။ လင်းလွန်းပင် ရွေးကောက်ပွဲကြီး ဆုံးခန်းတိုင် ရောက်လေပြီ ”

နှစ်များ ကြာခဲ့ပါပြီ ။ လွန်ခဲ့သော နှစ် ၉ဝ နီးပါးက ကျေးရွာသူကြီး ရွေးကောက်ပွဲ တစ်ခု၏ မြင်ကွင်းကို စာရေးဆရာကြီး သိပ္ပံမောင်ဝ က ရွှင်ရွှင်သွက်သွက်ကလေး သရုပ်ဖော်တင်ဆက်ခဲ့ခြင်း ဖြစ်ပါသည် ။

တိုင်းပြည်တစ်ပြည်တွင် သမ္မတ ၊ ဝန်ကြီး ၊ မင်းတိုင်ပင် ဟု ခေါ်သည့် လွှတ်တော်အမတ် စသူတို့မှာ အရေးကြီးပါသည် ။ ထို့အတူ ရွာတစ်ရွာတွင် သူကြီး ( ယခုအခေါ် ကျေးရွာအုပ်ချုပ်ရေးမှူး ) က အရေးကြီးပါသည် ။ သူက ရွာလူထုကို ကောင်းအောင် ဆိုးအောင် ၊ စိတ်ညစ်အောင် တိုက်ရိုက်လုပ်နိုင်သည် ။ သူကြီး ဆိုသည်မှာ ထိုရွာ၏ သမ္မတကြီးပဲ ဖြစ်ပါသည် ။

သူကြီးပဲ ရွေးရွေး ၊ သမ္မတကြီးပဲ ရွေးရွေး ပါဝင်အရွေးခံသည်နှင့် အနိုင် ရချင် ၊ မဲဆန္ဒရှင်တို့၏ ထောက်ခံမှု ရချင်သည် ကတော့ အတူတူပဲ ဖြစ်ပါသည် ။ ကျွန်တော့်ကို မဲထည့်ပါ ၊ ကျွန်တော့်ကို လွှတ်တော်ထဲ ပို့ပါ ။ ကျွန်တော် လွှတ်တော်ထဲ ရောက်ပါမှ ခင်ဗျားတို့ အကျိုးကို ရွက်ဆောင်ပေးနိုင်မှာပါ ။ ကျွန်တော့်ကို ယုံကြည်ပါ ။ စိတ်ချပါ ။ အားကိုးလိုက်စမ်းပါ ။ ကတိပြုပါတယ်ဟု ပြောခဲ့ကြသည်ပဲ ဖြစ်ပါသည် ။ လွှတ်တော်ထဲ ရောက်သည့်အခါ သို့မဟုတ် အခွင့်အာဏာ ရရှိသောအခါ ကတိတည် သူ ရှိသကဲ့သို့ ၊ ကတိပျက်မြို့ကို ရောက်သွားသကဲ့သို့ မေ့ပင်စိုက်၍ မေ့ပစ်လိုက်သူတို့လည်း မနည်းမနောပဲ ဖြစ်ပါသည် ။

“ ဒကာကြီး ၊ ဟိုကျတော့ ကျုပ်တို့ နယ်အတွက် ကြိုးစားပေတော့ ။ ကျုပ်တို့ ဝတ္တကမြေ အကြောင်း မေးခွန်း ထုတ်ဖို့လည်း မမေ့လေနဲ့ ”

မဲဆန္ဒနယ် အတွက် လုပ်ပေးဖို့ သတိ မရ ၊ ဝတ္တကမြေလည်း မေးခွန်း မထုတ် ၊ နိုင်ငံအတွက် ဆိုတာလည်း မေ့လျော့ ၊ လူစီခင်ခင်၏ ဖိုနွေးသော ရင်အုံ၌ တောသူဌေး ဦးဖိုးကူး ခေါင်းစိုက်သွား သကဲ့သို့ ဘဝမှာ မခံစားဖူးသော စည်းစိမ် ၊ မရဖူးသော ချမ်းသာ ၊ အခွင့်ထူးခံ ဘဝ၌ မွေ့လျော် ပျော်ပိုက် နေခဲ့ပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲ နီးတော့မှ မဲဆန္ဒရှင်တို့ ထံသို့ စာမရသည့် ကျောင်းသား ၊ ဆီးရွက် မီးကင်ထားသည့် မျက်နှာနှင့် လာသလို ရောက်လာသည့် မင်းတိုင်ပင်အမတ်များ ရှိနေဆဲ ဖြစ်ပါသည် ။

ဤ ဒီမိုကရေစီခေတ်တွင် ရွေးကောက်ပွဲတွေကား များလှပေတော့သည်ဟု ဆရာက ဆိုသည် ။

များရပေမည် ။ ဒီမိုကရေစီစနစ်မှာ ဆန္ဒမဲ ပေးပိုင်ခွင့်သည် လူ၏ အခွင့်အရေးဖြစ်သည် ။ လက်နက်ကိရိယာ ဖြစ်သည် ။ ဆန္ဒမဲ ပေးပိုင်ခွင့်ကို အသုံးချရမည် ။ ကတိပျက်သူ ၊ စည်းစိမ်တွေ့သည်နှင့် လူစီခင်ခင် ကို တွေ့သလို မိန်းမူးသာယာသွားသူတို့ကို ဆန္ဒမဲလက်မှတ်နှင့် ပစ်ခတ်ချေမှုန်းရမည် ။

လူရမ်းကား လျှိုမြောင်မှာ နေညိုမှောင်ဖို့ ဒီမိုကရေစီရွေးကောက်ပွဲတွေ ရှိရဦးမည် ။

တိုင်းပြည် ကောင်းအောင် ၊ တိုးတက်အောင် ပြုလုပ်ပေးနိုင်မည့် ပါတီ ၊ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်တို့ကို ရွေးချယ်၍ ဆန္ဒမဲပေးသည် ဆိုခြင်းမှာ ပြည်သူလူထုက မိမိတို့ကို တရားသဖြင့် စီမံခန့်ခွဲ အုပ်ချုပ်မည့် အစိုးရတစ်ရပ်ကို တန်ရာတန်ကြေး ပေး၍ ငှားရမ်းအသုံးပြုခြင်း ဖြစ်သည် ။ ကာလကန့်သတ်ဖြင့် အချုပ်အခြာအာဏာ အပ်နှင်း၍ အုပ်ချုပ်စေခြင်းပဲ ဖြစ်သည် ။ ပြည်သူက အလိုမရှိသည့်အခါ အစိုးရအား ဖြုတ်ချပိုင်ခွင့် ( right to recall ) ကို အတိအလင်း ဥပဒေ ပြဋ္ဌာန်းပေးထားဖို့ လိုသည် ။

တစ်ခုပါပဲ ။ တန်ရာတန်ကြေး ပေးထားသည်ထက် ပို၍ ရယူခြင်း မပြုသော သူသာ ရိုးသားသော အစိုးရ ဖြစ်နိုင်သည် ။

ရည်ညွှန်း ။

- ရွေးကောက်ပွဲ ( သိပ္ပံမောင်ဝ )
( ၁၉၃၃ ၊ သြဂုတ် ၊ ဂန္ထလောက )

- မင်းတိုင်ပင် ( သိန်းနေနွယ် )
( ဒီးဒုတ်သတင်းစာ ၊ ၄ မေ ၊ ၁၉၃၅ )

▢  မောင်ရင့်မာ ၊ ကျောင်းကုန်း ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂ဝ၂ဝ

No comments:

Post a Comment