Saturday, March 28, 2026

ကုမ္ပဏီသူဌေး

 

❝ ကုမ္ပဏီသူဌေး ❞
       ( ပီမိုးနင်း )

မြတ်စံသည် မီးရထားပေါ်မှ နေ၍ ရွာကို လှမ်းမျှော်ကာ ကြည့်လေရာ သွတ်မိုးဖြူဖြူနှင့် အုန်းပင်များ၏ အလက်များသည် လေထဲ၌ လှုပ်ရှား၍ နေသည်ကို မြင်ရလျှင် အားတက်ကြွမြောက် နှလုံးသွေးမှာ နားထင်သို့ ရောက်၍သွားလေ၏ ။ ညီဖြစ်သူ စံရာနှင့် နှမနှစ်ဝမ်းကွဲ ပန်းလှိုင် တို့ မီးရထားရုံကပဲ ဆီး၍ ကြိုမလား ။ အိမ်ကပဲ နေပြီး လည်ကို ဆန့်ကာ နေကြမလား ၊ ဖေဖေ ကတော့ ငါ့ကို တွေ့ရင် သိပ်ဝမ်းသာမှာပဲ ။ တစ်မိသား တစ်ယောက်ထွန်း ဆိုတဲ့ စကားလို အခုလို ကြီးပွားပြီး ပြန်လာတာကို တွေ့ရရင် အားတက်မှာပဲ ၊ စံရာ ဘာများ လုပ်သလဲ မသိဘူး ၊ ဒီအကောင်လည်း အင်္ဂလိပ်စာ ရှစ်တန်းအောင်ပြီး လယ်ထဲက မထွက် လူစ အင်မတန်တုံးတဲ့အကောင် ၊ ငါ ခေါ်တုန်းက အတူတူ လိုက်ခဲ့ရင် သူက ငါ့ထက်ပင် ကြီးပွားမှာ ၊ ငါ့လို အသုံးအစွဲ မရက်မရောလို့ ငါ့ထက် ပိုပြီး ချမ်းသာမှာပဲ ။ ပန်းလှိုင် လည်း သူ့အမေ ထားခဲ့တဲ့ လယ်ဧကကလေးများ ရှိမှ ရှိသေးရဲ့လား မသိဘူး ။ အဖေကလည်း ငါ့ကို မော်တယ် ၊ ကြွားတယ်လို့ ပြောတယ် ။ စံရာ တော့ ရိုးလို့ ချမ်းသာမယ်တဲ့ ။ ငါ အခုလို ဖြစ်ထွန်းလာတာ မြင်ရရင် ဘယ်လို ပြောမလဲ မသိဘူး ။ လောကမှာ ကြီးပွား ချမ်းသာတယ် ဆိုတာ လူစဉာဏ်စပဲ ။ တောထဲတောင်ထဲ အမြင်အကြား မရှိဘဲနဲ့ သင်းတို့တစ်တွေ တကယ် သူဌေး ဖြစ်နိုင်ပါမလား ။ မြတ်စံကုမ္ပဏီ နာမည် ကိုတော့ သူတို့ ကြားဖူးမှာပဲ ၊ ဪ .. ပန်းလှိုင် ၊ ငါ့ကို လူပေါ့ လူလေ ထင်ပြီး လူဖြစ်မှာ မဟုတ်ဘူးလို့ သူ့အရီးက ပြောတာနဲ့ အဟုတ် ထင်ပြီး ရန်ကုန်ကို မလိုက်ဝံ့ဘူးတဲ့ ၊ ရန်ကုန်မြို့ကို လူဆိုးတွေ နေတဲ့ မြို့တဲ့ ၊ အခု လူကောင်းတစ်ယောက် ပြန်လာတာ တွေ့ ရင် ရန်ကုန်ကို လိုက်ဝံ့မလား မသိဘူး စသည်ဖြင့် တွေးလေ၏ ။

မြတ်စံမှာ အင်္ဂလိပ်ကျောင်းထွက်ပြီး သူဌေးစိတ် ပေါက်လျက် တောကြိုတောင်ကြားမှာ မနေနိုင် ။ ဖခင်ဖြစ်သူ အတန်တန် တား၍မရ ၊ စံရာနှင့်အတူ ညီအစ်ကို နှစ်ယောက် စပ်တူ ကစားကြသဖြင့် ငွေခြောက်ရာ နိုင်ပြီး တစ်ယောက် သုံးရာစီ ဝေကြလျက် တစ်လမ်းစီ ကြီးပွားရာ ကြီးပွားကြောင်း ကြံခဲ့ကြရာ ညီဖြစ်သူ စံရာ မှာ အဘယ်ပုံ နေသည် မသိရ ။ မြတ်စံ မှာကား ညီကို သွေးဆောင်မရ သဖြင့် တစ်ကိုယ်တည်း မျက်စိကြီးနားကြီး အရပ်ဖြစ်သော ရန်ကုန်မြို့သို့ လာခဲ့ရာ ကိုးနှစ်ကျော် ကြာခဲ့လေ၏ ။ ယခုမှာ ( မြတ်စံအင်ကိုး ) ဟူသော နာမည်နှင့် ကော်မရှင် ကိုယ်စားလှယ် အင်ဒင် အလုပ်ဂျင်နရယ် ဘရိုးကား ၊ အော်ဒါဆပ် ပလိုင်းယား ဟူသော ဆိုင်းဘုတ် ကြီးနှင့် စပတ်လမ်း ( ယခု ဗိုလ်အောင်ကျော်လမ်း ) အခန်းတစ်ခုကို အစိုးရသူ ဖြစ်လေရာ ယခု တောသို့ အကြံအစည် ကလေးတစ်ခုနှင့် သွားခြင်း ဖြစ်လေ၏ ။ မီးရထားဒုတိယ တွဲမှ မြတ်စံသည် နောက်ပါ ချာပရာစီနှင့် ဆင်းသောအခါ အသိဟောင်းအချို့က မြတ်စံ ဘာဖြစ်လာသလဲ ။ ငါးထောင်စားများ ဖြစ်လာသလား စသည်ဖြင့် တွေးကြ ပြောကြ၏ ။ မျက်စိစူးသူ တစ်ယေက်က ချာပရာစီ၏ စလွယ်ကို ဖတ်ကာ အောင်မယ် မြတ်စံကုမ္ပဏီ ဆိုပါလား ၊ ကုမ္ပဏီ ဆိုတာ ရှင်ဘုရင်က ခန့်တာ ၊ အရင် နတ်ရွာစံ ဝေလရဲ့ မယ်တော် ဝိတိုရိယဘုရင်မကြီးဟာ ကုမ္ပဏီမကြီးပေါ့ ။ အဲဟိုက အဆက်ပေါ့ ။ ဘုရင့်တံဆိပ်နဲ့ ခန့်ရတာပဲ ။ ဖယ်ကြ ... ဖယ်ကြ ဒီဘက်ကို လာတယ်ဟု ပြောလေ၏ ။

ဒီအကောင်က ငယ်ကတည်းက အစွမ်းအစနဲ့ လာတဲ့အကောင် ၊ ငါတို့ ရွာသားထဲက ချွန်ပြီး ထွက်သွားတာ ဘယ်နှစ်ယောက်များ ရှိသလဲ ၊ သူတစ်ယောက်ပဲ ။ အမေရိကန်တွေ ဘာတွေနဲ့ လာလို့ ဒီကုမ္ပဏီဘွဲ့ကို ရလာတာ ထင်ပါရဲ့ ။ ငါးထောင်စားနဲ့ ကုမ္ပဏီနဲ့ ဘယ်ဟာက ကြီးသလဲ ။

ငါးထောင်စားက ဟုမ္မရူး မယူပါနဲ့ဦး ၊ ငါးထောင်စား အလုပ်ကို လုပ်ပါလို့ ၊ အစိုးရက ခေါင်းဆောင်များနဲ့ စာချုပ်လုပ်ပြီး ချော့တာ ၊ ကုမ္ပဏီက ဟိုပဝေဏီ ကုမ္ပဏီမကြီးက စခဲ့တဲ့ အစိုးရ ။ ဒါ ဘာဆိုင်သလဲ ၊ စသည်ဖြင့် ကြီးကျယ်ခမ်းနားသော နောက်ပါ စလွယ်သိုင်းကု,လား နှင့် ရွာသို့ ပြန်၍ လာသော မိမိတို့ ရွာသား မြတ်စံ အကြောင်းနှင့် ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုးကို ပေးကြလေ၏ ။ မြတ်စံ မှာကား ကုမ္ပဏီနာမည်နှင့် အလုပ်ခန်း စားပွဲကုလားထိုင် အပြင် ဘဏ်တိုက်၌ လိုလိုမယ်မယ် ထားသော ငွေကလေး တစ်ထောင်မှ တစ်ပါး ၊ နောက်မီလျံနာ ဖြစ်မည့် မျှော်လင့်ချက်သာ ရှိလေ၏ ။ ကြွေးမြီ မရှိ အလုပ်တိုက်လခ ၊ စာရေးတစ်ယောက် ၊ ဒရဝမ်တစ်ယောက်၏ လစာကို မှန်မှန် ပေးနိုင်၍ ငွေပို တစ်ထောင်နှင့် ချက်လက်မှတ် ထိုးနိုင်သော အခြေအနေသည် ဣန္ဒြေရသဖြင့် ထင်ချင်သလို ထင် ၊ ပြောချင်သလို ပြော ကြော်ငြာများများ ထုတ်နိုင်လျှင် ဖောချင်တိုင်း ဖော၍ နေသော သူဌေးကြီး တစ်ယောက် ဟူသော အထင်ကို ရနိုင်လေ၏ ။ စင်စစ်မှာလည်း ငွေကလေး သုံးရာမျှနှင့် ဤလို အခြေကလေးမျိုးသို့ ရောက်နိုင်သော ယောက်ျားမျိုး တစ်ယောက်မှာ ရှေ့၌ အလားအလာ အဘယ်မှာ အဆုံးသတ်မည်ဟု မပြောနိုင်ပေ ။ ရွာသို့ ရောက်သောအခါ ပန်းလှိုင် ရော ၊ စံရာ ရော ၊ ဖခင်အို ရော ဝမ်းမြောက်ဝမ်းသာနှင့် မြတ်စံကုမ္ပဏီသူဌေးကို ခရီးဦးကြို ပြုကြလေ၏ ။

ထိုနေ့တွင် စံရာသည် ဝမ်းဘဲ ၊ ကြက် ၊ ငှက်များနှင့် အိမ်နောက်ဖေး ချောင်းထဲမှ လတ်ဆတ်စွာ ဆွဲထုတ်၍ လာသော ငါးရံ့ကြီးကို ပြုတ်၍ ကြီးသောပွဲရံနှင့် ကျွေးမွေးလေ၏ ။ ပန်းလှိုင် မှာလည်း မောင်တော်အတွက် မီးဖို ထဲမှာ တစ်မနက်လုံး အလုပ်များလေ၏ ။ စားသောက်ပြီး ကြသောအခါ မြတ်စံက မိမိကိစ္စနှင့် လာရောက်ကြောင်း အလုပ်များကိုလည်း လုပ်ဖို့ရှိကြောင်းနှင့် နေရာတောင်း သဖြင့် အိမ်နောက်ဖေး တင်းကုတ်မှာ ညီဖြစ်သူက အစ်ကို အတွက် သားနားစွာ အခန်း အကာအရံကို သစ်လွင်သော သက်ကယ်များနှင့် လုပ်၍ ပေးလေ၏ ။ အလုပ်နှင့် ဆိုင်သော ပစ္စည်းများကို မြင်ရသောအခါ အဘိုးကြီးက ငါ့သား စာတွေ တယ်များပါကလား ၊ တံဆိပ်တွေ ဘာတွေနဲ့ ဘာလုပ်တာတွေလဲ ။

“ ကျွန်တော်တို့ အလုပ်က ဒီလို သားနားမှ ဖြစ်တာ ဖေဖေရဲ့ ၊ ဟောဒါက ကျွန်တော့်ကုမ္ပဏီ နာမည်က ၊ ဒါက သံကြိုးလိပ် ”

“ သံကြိုးလိပ်ဆိုတာ ဘာလဲ ”

“ သံကြိုးလိပ် ဆိုတာ ကျွန်တော့်ဆီကို စကားတစ်လုံးနဲ့ ရောက်အောင် လုပ်ထားတဲ့ အမှတ်ပါပဲ ။ အကြောင်းကိစ္စ ရှိလို့ သံကြိုး ရိုက်ချင်ရင် ‘ မြတ် ’ လို့ တစ်လုံးတည်း ရေးလိုက်ရင် ကျွန်တော့်ဆီ ရောက်တာပဲ ”

“ အောင်မယ် တယ်ဟုတ်ပါလား ၊ ဖေဖေ ရန်ကုန် လာရင် ‘ မြတ် ’ လို့ ပြောလိုက်ရင် ငါ့သားဆီကို ဖေဖေ ရောက်ပါ့မလား ”

“ ဖေဖေဟာ တယ်ရှေးကျတာကိုး ၊ ဒါကြောင့် ရန်ကုန် ပြောင်းနေကြပါ ။ ကျွန်တော် တစ်ယောက်လုံး ရှိပါတယ်လို့ ပြောတာ ။ ဖေဖေတို့က သည် တောအရပ်ကို တယ်ခင်တွယ်ထားတာကိုး ။ ရန်ကုန်မြို့မှ ဗဟုသုတ အကြားအမြင် များတာ ဖေဖေရဲ့ ။ ရန်ကုန်မြို့မှ အလုပ်အကိုင် ကြီးကြီးကျယ်ကျယ် ဖြစ်နိုင်တာ ဖေဖေတို့သာ လိုက်နေမယ်ဆိုရင် ဖေဖေ အခုလို တောင်းရက် ၊ ပလုံးရက် ၊ ထင်းဖြတ် ၊ နွားစာကျွေးစတဲ့ အလုပ်တွေကို လုပ်ရမှာ မဟုတ်ဘူး ။ စံရာက ကျွန်တော့် အလုပ်မှာ ကူညီရင်း အလုပ်သင် နေမယ်ဆိုရင် မကြာခင် ကြီးပွားမှာပဲ ”

“ အစ်ကိုတို့ အလုပ်မျိုးကို သင်နေရာမှာက အပုံကြီး ကြာဦးမှာ ၊ ကျွန်တော်တို့နဲ့လည်း မကိုက်ပါဘူး ။ ကျွန်တော်တို့က လုပ်နေကျ တောအလုပ်က လွဲလို့ ဘာမှ နားမလည်ဘူး ”

“ အစ်ကိုလည်း အစက ဒီလိုပေါ့ ညီရယ် ၊ မွေးကတည်းက တတ်လာတယ်လို့ ဘယ်ရှိမလဲ ၊ တဖြည်းဖြည်း တက်ရတာပေါ့ ။ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ ။ လူစဆိုတာ တောမှာ နေရင် တုန်းတာပဲ ”

စံရာ ။  ။ “ အခုမှ ချွန်နေဖို့လည်း အချိန် မရှိပါဘူး ၊ ကျွန်တော်တို့ တောအရပ်မှာလည်း ကြီးပွားဖို့ အလုပ်တွေ အများကြီးရှိပါတယ် ”

ပန်းလှိုင် ။  ။ “ ကျွန်မတို့ တောအရပ်မှာ ဆွေနဲ့ မျိုးနဲ့ ၊ ရပ်ဆွေရပ်မျိုးတွေနဲ့ အစ်ကိုတို့ ရန်ကုန်ထက် ပျော်စရာ ကောင်းပါသေးတယ် ”

မြတ်စံ ။  ။ “ ပျော်ရာမှာ မနေရဘူးတဲ့ ပန်းလှိုင်ရဲ့ တော်ရာမှာ နေရတာ ၊ အစ်ကို ဒီတောအရပ်မှာ နေရင် အခုလို ဖြစ်ပါ့မလား ၊ လယ်ထွန် နေရမှာပေါ့ ။ ‘ မီးကြီးငြမ်းခို ’ တဲ့ မြို့ကြီးမှာ နေမှ တကယ် ကြီးပွားနိုင်တာ ”

ပန်းလှိုင် ။  ။ “ အစ်ကိုတို့ ရန်ကုန်မြို့က ကျွန်မတို့ တောအရပ်ထက် ကြီးသေးသလား ”

“ ဟဲ့ ... ပန်းလှိုင်ရဲ့ နင်လည်း ဘာမှ အသိ မရှိဘူး ၊ စံရာတို့ ဖေဖေတို့ ဂိုဏ်းထဲကပဲ ၊ ရန်ကုန်မြို့ဟာ အခု ရှေးကနဲ့တောင် မတူတော့ဘူး ၊ ရွှေတိဂုံဘုရားကြီးဟာ မြို့လယ်လို ဖြစ်နေပြီ ။ မကြာမီ မှော်ဘီ ၊ တိုက်ကြီးဟာ မြို့စွန် ဖြစ်တော့မှာ ”

“ ဒါများ ကြီးသေးသလား အစ်ကိုရဲ့ ၊ ကျွန်မတို့ တောကို ကြည့်စမ်း ၊ သရက်ကုန်း ၊ သာဇံ ၊ ညောင်ကိုးပင် ၊ တောရှည် ၊ ကံသာ ၊ ကျောက်ကုန်း ၊ ဝက်လှ ၊ ကံသုံးဆင့် ၊ ရွာမ ၊ သရက်လေးပင် ၊ အိုင်သာ ၊ ပခန်းချောင် ၊ ထန်းသုံးပင် ၊ ဘုရားကလေး ၊ ဝက်စု ၊ ကြက်ကုန်း ၊ ဦးဝဲကြီးကုန်း ၊ ကွင်းသာ ၊ ဒါ ပေါင်းလိုက်ရင် အစ်ကိုတို့ ရန်ကုန် ထက် ကိုးဆတောင် ကျယ်ပါသေးတယ် ။ ကျွန်မလည်း ရန်ကုန်ကို ရောက်ဖူးတာပါပဲ ”

အဘိုးကြီး ။  ။ “ အဟုတ်သားပဲ ၊ ပန်းလှိုင် ပြောတာ ၊ မင်းတို့ ရန်ကုန်မှာ ဟောဒီ ကွင်းလောက် ကျယ်တဲ့ နေရာကွက်လပ်များ ရှိရဲ့လား ၊ ညနေအခါများ လေညှင်းခံလို့ ပင်လယ်ထက်တောင် ကောင်းသေး ”

မြတ်စံ ။  ။ “ ဒါတွေ ပြောလို့ ဘယ်ဖြစ်မလဲ ဖေဖေရဲ့ ၊ ဖေဖေတို့ အရပ်မှာ ငါးထပ်တိုက် ရှိသလား ”

“ အောင်မယ် မင်းသားရယ် ၊ တက်ရတာ မောမောသေးရဲ့ ၊ ဘာလုပ်ရမှာတုန်း ၊ မင်းတို့ ရန်ကုန်သားတွေဟာ ကု,လားတိုက်တွေ ၊ ကု,လားမော်တော်ကားတွေ ၊ ကု,လား ဓာတ်ရထားတွေ ၊ ကု,လားတိုက်ဆိုင်တွေကို ကြည့်ပြီး သွေးကြီး နေကြတာတွေ ၊ ကိုယ့်ဟာလည်း တစ်ခုမှ မရှိဘူး ။ ဖေဖေတို့ အခု နေတဲ့ ငါးပင်သွပ်မိုး ပျဉ်ထောင်အိမ်ဟာ ဖေဖေတို့ အိမ်ပိုင်ကွဲ့ ။ ဟောဟိုက စွပ်ဖားဟာ ဖေဖေတို့ သားအဖ ကိုယ်တိုင်ခုတ် ကိုယ်တိုင်ပိုင်တဲ့ စွပ်ဖားပေါ့ ။ သူတစ်ပါး မော်တော်ကားကို ကြည့်ပြီး စိတ်ကြီးဝင်မယ့် အစား ကိုယ်ပိုင်စွပ်ဖားနဲ့ စိတ်ကြီးဝင်ရတာက အနှစ် သာရ ပိုပြီးရှိပါတယ် ။ ငါ့သား ရန်ကုန်မှာ အိမ်လခ ဘယ်လောက် ပေးရလဲ ”

“ ခြောက်ဆယ် ပေးရတယ် ဖေဖေ ၊ ရှေ့လကျရင် တစ်ရာ့ငါးဆယ်တန် အခန်းတစ်ခုကို ပြောင်းဖို့ စီမံထားတယ် ၊ ဂျာမနီက မီးအိမ်တစ်မျိုး ၊ တစ်ဦးတည်းကိုယ်စားလှယ် ရရင် ပြောင်းဖြစ်မှာပဲ ၊ အခုနေရာက ကျဉ်းနေတယ် ”

“ ကောင်းပါလေကွယ် ။ တစ်ရာ့ငါးဆယ် ရင့်မကြီးတောင် ပေးနေနိုင်ရင် တော်တာပေါ့ ။ ဒီပုံဖြင့် မင်းတို့ ရန်ကုန်သားများဟာ ကုန်ကျတဲ့ ဘက်မှာ အသားယူ နေကြတာပေါ့ ။ ဖေဖေတို့ ဆီမှာ တစ်ရာ့ငါးဆယ်သာ လစဉ် ရရင် သူဌေး ဖြစ်မှာပဲ ”

“ ဒီလို နေနိုင်မှလဲ အလုပ်အတွက် တင့်တယ်ပေတာကိုး ဖေဖေရဲ့ ”

“ အင်း ... ဒါ စကားအဆန်းပဲ ၊ အခများများ ပေးရတဲ့ နေရာမှာ လုပ်မှ အလုပ် တင့်တယ်သလား ။ ဖေဖေတို့ သိသလောက်တော့ အလုပ်ဆိုတာ ဝီရိယရှိမှ တင့်တယ်တယ်လို့ ကြားဖူးတယ် ။ ကြားရတာ နှမြောလှတယ် သားရယ် ၊ ဖေဖေတို့ တောအရပ်မှာ ဆိုရင် ဒီလောက် ကုန်ဖို့ မရှိဘူး ။ ရှာဖွေရသမျှ အသားတင်ချည်းပဲ ။ မင်း ညီလေး လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကစပြီး ချောင်းတစ်ဖက် ချောင်းရိုးတစ်လျှောက် ကိုင်းတောကြီးကို မီးရှို့ပြီး မတ်ပဲတွေ လုပ်လိုက်တာ ဖေဖေ မှတ်မိသလောက်ဖြင့် တဲထိုးတဲ့ စရိတ် ၊ မျိုးစရိတ် အစုစု ဆယ့်ငါးကျပ်လောက်ပဲ ကုန်တယ်ထင်ပါရဲ့ ။ ပဲဈေးကလည်း ကောင်းတုံးတိုးမိတာကိုးကွဲ့”

“ ကိုင်းတောထဲက ငွေထွက်တာပါပဲ ။ သံကြိုးလိပ်လည်း မရှိ ၊ စာရွက်စက္ကူဖိုး တစ်ပြားမှ မကုန် ၊ တယ်လီဖုန်းနံပါတ် ၊ သံကြိုးလိပ် ဆိုတာ ဘာမှ မရှိ ။ ငွေတစ်ထောင် ခင်းလောက်ဖြစ်သွား ၊ သည်ငွေနဲ့ ဆက်ပြီးပဲ ကူးလိုက်တာ အခု အတော်ကလေး ဟန်နေပါပကော ၊ မင်းတို့ ကုမ္ပဏီသူဌေးများလောက်တော့ ဘယ်ကြီးကျယ်မလဲကွယ် ၊ သည်အတွင်း ပုသိမ်က ဂျာမန်စက်သူဌေး တစ်ယောက်နဲ့ တွေ့ပြီး ယုံကြည်တာနဲ့ ပွဲစား ခန့်လိုက်တယ် ။ စစ်ဖြစ်လို့သာပေါ့ သားရယ် ၊ စစ်မဖြစ်ရင် သူဌေး ဖြစ်ဖို့ပဲ ၊ အခု ငွေကလေး တစ်သောင်းခင်းလောက်တော့ အဖတ်တင်ခဲ့သေးရဲ့ ၊ အခု ဝါမဝင်မီ သူကြီးသမီး မယ်အို နှင့် နေရာချရတော့မယ် ၊ သူ့မိဘများ ဦးကြီးများကလည်း စုစုပေါင်း တစ်သောင်းခင်းလောက်ပဲ လက်ဖွဲ့ကြပါလိမ့်မယ် ။ ဖေဖေတော့ ဧကရှစ်ရာဟာ သူတို့ ဖို့ပါပဲ ၊ ငါ့သားကြီးတော့ ဖေဖေဆီက အထောက်အပံ့ မလိုပါဘူး ။ မင်း ညီကို ဘယ်လောက် လက်ဖွဲ့မလဲ ၊ ပန်းလှိုင် ကတော့ နွားတစ်ရှဉ်းနဲ့ လှည်းယဉ်တစ်စီးတဲ့ ”

မြတ်စံမှာ မိန်းမောတွေဝေ၍ နေလေ၏ ။ ထိုအတွင်း ပန်းလှိုင်က “ အစ်ကို ကျွန်မကို သစ်စက်ကလေး တစ်လုံး လာရောင်းနေတယ် ။ သိပ်ချောင်တာပဲ ၊ ခြောက်ထောင် ပေးရမယ် ပြောတယ် ၊ ကျွန်မ ဝယ်မလို့ပဲ ၊ ကြီးကြပ်နိုင်မယ့်လူ ၊ ယုံကြည်ရမယ့်လူ မရှိဘူး ၊ အစ်ကိုကလည်း ရန်ကုန်က မခွာနိုင် ။ ဒီမှာများ နေနိုင်ရင် ဒီစက်ကို အစ်ကို ဝယ်ပြီးလုပ်ဖို့ သိပ်တော်တာပဲ ”

မြတ်စံမှာ ပြောစရာစကား ရှာ၍ မရသလို ငေးမော၍သာ နေလေ၏ ။ ထို့နောက်မှ “ အစ်ကို့မှာ ငွေမရှိဘူး ။ အလုပ်တွေထဲမှာ ဝင်နေတယ် ။ အခု လက်ထဲမှာ ဆိုရင် သုံးထောင်လောက်ပဲ ရှိတယ် ”

“ ကျွန်မက လေးငါးထောင်တော့ အစ်ကို့ကို ချေးနိုင်ပါတယ် ။ ကျွန်မလည်း စပါးပေး ပေး ၊ နွားမွေးဘက်ပေး ၊ ဝက်မွေးဘက်ပေးနဲ့ လက်ရှိ ပစ္စည်းကလေးပါ ပေါင်းရင် နည်းနည်းကလေးတော့ ... ”

စံရာနှင့် အဘိုးကြီးသည် မြတ်စံကို အံ့သြသော အမူအရာနှင့် ကြည့်၍ နေကြလေ၏ ။

မြတ်စံ ။  ။ “ ဖေဖေ ကျွန်တော် ဝန်ချကန်တော့ပါတယ် ဖေဖေ ၊ ကျွန်တော့် ကိုယ်ကို အထင်ကြီးမိတာ မှားကြောင်း ကျွန်တော် သိပါပြီ ၊ ကျွန်တော် မပြန်တော့ပါဘူး ” ဟု ပြောလေ၏ ။

“ အေး ... သားရယ် မင်းတို့ ရန်ကုန်မြို့ဆိုတာ အကုန် များတာကိုးကွဲ့ ၊ ဖေဖေတို့ လိုသာ စရိတ် မကုန်ဘဲ နေရမယ်ဆိုရင် ငါ့သား ဖေဖေတို့ထက် ချမ်းသာပြီးသားပေါ့ ။ ဖေဖေ သိပါတယ် ။ ငါ့သား ဒီမှာ နေမယ်သာ ဆိုရင် ဒီစက်ကို ဖေဖေ အခု ရအောင် ယူလိုက်ရမှာပေါ့ ။ ပန်းလှိုင် က မထုတ်ရပါဘူး ”

ပန်းလှိုင် ။  ။ “ ကျွန်မလည်း အစုစပ်ပါမှာပေါ့ ”

အဘိုးကြီး ။  ။ “ အေးလဟယ် ၊ အစု မကလို့ နင် စက်ရော လူပါ ၊ အပိုင်ပဲယူယူ ငါ ကျေနပ်တယ် ၊ ငါ့သား ရန်ကုန်ကို မပြန်နိုင်အောင်သာ နင်လုပ်ပါ ” ဟု အဘိုးကြီးက ပြုံးလျက် ပြောလေ၏ ။

▢  ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန်
      ဇွန် ၊ ၁၉၃၄

No comments:

Post a Comment