Thursday, March 19, 2026


 

❝ ဇ ❞
( ကြူးနှစ် )

အောင်ချမ်းသာ ရပ်ကွက်ကို ညီညီညာညာ ၊ တိတိရိရိ သုံးပိုင်း ပိုင်းထားသလို အရှေ့အနောက် ဖြောင့်ဖြောင့်တန်းတန်း ဝပ်စင်းလျက်ရှိကြသော ကတ္တရာခင်းလမ်းမ သုံးသွယ်ရှိကြသည် ။ မြောက်ဘက်မှ စ၍ အစဉ်လိုက် ခေါ်ဆိုရမည် ဆိုလျှင် မာဃလမ်း ၊ ဝိသကြုံလမ်း ၊ သုမာလာလမ်း ဟူ၍ ဖြစ်ကြသည် ။ ထိုလမ်း သုံးသွယ်စလုံး မြို့ပြင်စက်မှုဇုန်နှင့် မဟာရန်ကုန် ဗဟိုချက်ကို ဆက်သွယ်ထားရာ သုဝဏ္ဏလမ်းမကြီးဆီသို့ ဦးတိုက်ထားကြ၏ ။ မာဃလမ်းနှင့် သုဝဏ္ဏလမ်းမကြီးတို့ တွေ့ဆုံရာ တံတောင်ဆစ်ချိုးကွေ့သည် အောင်ချမ်းသာရပ်ကွက်၏ အထင်ကရ နေရာပင်ဖြစ် သည် ။ ထိုလမ်းဆုံတွင် ဘတ်စ်ကားမှတ်တိုင် ၊ အနှေးယာဉ်ဂိတ် ၊ ဆေးလိပ်ကွမ်းယာဆိုင်နှင့် မုန့်ပဲသရေစာဆိုင်ကလေးတွေ စုပြုံတည်ရှိ နေကြသည် ။

ထို့ပြင် အောင်ချမ်းသာရပ်ကွက်နှင့် သက်တမ်းတူ ဖွားဖက်တော်ဟု ခေါ်ဆိုနိုင်သည့် စည်းစိမ် လက်ဖက်ရည်ဆိုင် သည်လည်း ထိုလမ်းထောင့်မှာ ဣန္ဒြေကြီးစွာ တည်ရှိ နေသည် ။

အောင်ချမ်းသာရပ် ကွက်သူ ရပ်ကွက်သား အချို့လည်း အလုပ် မသွားမီ စည်းစိမ် မှာ ဝင်ထိုင်ပြီး အဆာပြေ စားသောက်တတ်ကြသည် ။ အချို့က စားရင်းသောက်ရင်း ဆိုင်တွင်း နံရံတစ်နေရာဆီမှ ၇၂ လက်မအကျယ် ရုပ်မြင်သံကြားဖန်သားပြင်သို့ လှမ်း ငေးကြသည် ။ ဆိုင်ရှင်က မနက်ခင်း ဆိုလျှင် စားသုံးသူ ပရိသတ် လန်းဆန်းတက်ကြွအောင် ကိုရီးယားအဆိုအက ဗီဒီယိုတွေ ပြလေ့ရှိသည် ။ မြန်မာနိုင်ငံမှ အခြားအခြားသော အရပ်ဒေသအသီးသီးရှိ လက်ဖက်ရည်ဆိုင်များနည်းတူ စည်းစိမ် တွင်လည်း နံနက်ခင်းသတင်း စာယဉ်ကျေးမှု ပျောက်ကွယ်သွားခဲ့လေပြီ ။

သို့သော် အောင်ချမ်းသာရပ်ကွက် အတွင်းမှာ နေ့စဉ် ဖြစ်ပေါ်နေသော ‘ အရပ်အတင်း ’ ကို ‘ ပါးစပ်သတင်း ’ အဖြစ် အခမဲ့ ထုတ်ဝေဖြန့်ချိ ပေးနေသူ တစ်ဦး ကတော့ “ စည်းစိမ် ” မှာ နံနက်တိုင်း လန်းဆန်းတက်ကြွသည့် ဟန်အမူအရာဖြင့် ထိုင်နေတတ်သည် ။ အလုပ်အကိုင် မည်မည်ရရ မရှိသည့် ဘဝမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာပို့လုလင် ၊ စာရေးအလုပ် ရရှိခဲ့ပြီးနောက် ရပ်ကွက်ပြည်သူ အချို့ထံမှ လာဘ်အတောင်း ကြမ်းသဖြင့် အလုပ်ပြုတ် နေပြန်သော မျိုးဝင်း ဆိုသည့် ပိန်ညောင်ညောင် ရှူနာရှိုက်ကုန်း လူရွယ်တစ်ယောက် ဖြစ်သည် ။

မျိုးဝင်းသည် စာရေးအလုပ် ပြုတ်ခဲ့သော်လည်း ယခုအခါ မော်တော်ဆိုင်ကယ် ပွဲစားအလုပ်ဖြင့် ရပ်ကွက်ထဲမှာ လတ်လျားလတ်လျား ဟိုသွားဒီသွား အလုပ်ရှုပ် နေပြန်သည် ။ “ စည်းစိမ် ” တွင် နံနက်တိုင်း မျိုးဝင်း ထံမှ ပါးစပ်သတင်း အသစ်များ ထွက်ပေါ်လာတတ်ရာ ထိုသတင်းတွေကို တောင့်တောင့်တတ ၊ ငတ်ငတ်မွတ်မွတ်နှင့် လာရောက် ကြားနာတတ်ကြသည့် အတင်းအဖျင်း ဆာလောင်သူ နှစ်ဦးလည်း ရှိကြသည် ။ တစ်ဦးမှာ တစ်ခေတ် တစ်ခါက သ/မလူကြီး ဖြစ်ခဲ့ပြီး ကိုယ်ကျိုး အရှာလွန်ကာ ထောင်ကျခဲ့သည့် အသက် ၆ဝ အရွယ် ဦးမင်းကြည် ဆို သော အသားမည်းမည်း ပုပုဝဝ လူကြီးဖြစ်သည် ။ နောက်တစ်ဦးကတော့ ဦးမင်းကြည် နှင့် ရွယ်တူ အစိုးရဆန်ဂိုဒေါင် ဒရဝမ် ( လုံခြုံရေးအစောင့် ) ဟောင်း ဦးရွှေသောင်း ဖြစ် သည် ။ ဦးရွှေသောင်း မှာ လည်း အမည်းစက် စွန်းသော ရာဇဝင်ရှိသည် ။ သူ့အစောင့် ကျသော ဆန်ဂိုဒေါင်သို့ စာရင်းစစ်တွေ ရှောင်တခင် ဝင်စစ်စဉ် စာရင်းကွာနေရာမှ တစ်ပြုံလုံး အလုပ်ပြုတ်ကြရာတွင် ဦးရွှေသောင်း မှာ ရှေ့ဆုံးတန်းမှ ပါသွားသည် ။ ဦးရွှေသောင်း ကတော့ ရိုးကြီးဂေါင်ဂင် ပိန်ရှည်ရှည် ဖြစ်ကာ မျက်နှာထား တည်ကြည်သည် ။ အမှတ်တမဲ့ ကြည့်ပါက သူသည် အငြိမ်းစားမူလတန်းကျောင်းအုပ်ကြီး တစ်ယောက်နှင့် တူလေသည် ။ တကယ်တော့ ဦးရွှေသောင်း မှာ စတုတ္ထတန်းပင် အောင်မြင်ခဲ့သူ မဟုတ်ပါ ။

မျိုးဝင်းက အက်ကွဲကွဲ ညောင်စာစာ အသံလေးဖြင့် စကားစ လိုက်ချိန်မှာ နံနက် ၆ နာရီ ၁၅ မိနစ်သာ ရှိသည် ။ “ စည်းစိမ် ” ထဲမှာ စားသုံးသူ မများသေး ။ အသံဗလံ မဆူ ညံ့သေး ။ ရုပ်မြင်သံကြားမှာ ကိုရီးယားအဆိုအက ပေါ် မလာသေး ။

“ မနေ့ညက မခင်ပို အတော် နာတယ်ဗျ ။ ကျွန်တော်တော့ ဆေးရုံ ရောက်ပြီ ထင်တာ ။ ည ၉ နာရီလောက်မှာ ဆူဆူညံညံ ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေ ထွက်လာတော့ ကိုခင်မောင်လွင် သူ့မိန်းမကို သမပြန်ပြီ ဆိုပြီး လိုအပ်ရင် ဆွဲရလွဲရ ၊ တားရဆီးရအောင် သူ့တို့အိမ်ရှေ့ မယောင်မလည် သွားရပ်တယ် ။ ကျွန်တော်လည်း ရောက်ရော အသံတွေ တိတ်သွားရောဗျ ။ နောက်တော့ အိမ်ထဲကနေ သူတို့သား ဝေမျိုး ဆိုတဲ့ ကောင်ကလေး ခြံပြင် ထွက်လာလို့ ကျွန်တော်က မေးကြည့်တော့ ကောင်ကလေးက “ ဘာမှ မဟုတ်ဘူး ။ ပြီးသွားပြီ ... ပြီးသွားပြီ ” လို့ ပြောပြီးမှ ထိပ်ဘက် လျှောက်သွား တယ် ။ ကျွန်တော်လည်း ဘာများ ထူးဦးမလဲဆိုပြီး ငါးမိနစ် လောက်ရပ် ၊ နားစွင့် ကြည့်သေးတယ် ။ ဘာမှမထူးတော့ဘူး ။ အိမ်ထဲက ဘာသံမှ မကြားရတော့ဘူး ။ ဒါနဲ့ ကျွန်တော်လည်း ပြန်လာခဲ့တယ် ”

“ မင်း သတိ မထားမထားမိလို့ပါ မျိုးဝင်းရာ ၊ ခင်ပို့ကို သူ့ ယောက်ျားက ၆ လ တစ်ကြိမ်လောက် ရိုက်နေတာကွ ။ ခင်ပို ကလည်း ၆ လ တစ်ကြိမ် လောက် အတွဲပြောင်းနေသလားမှ မသိတာ ” ဟု ဦးမင်းကြည်က အသံအုပ်အုပ်ဖြင့် ပြောသည် ။

“ ခင်ပိုက ငါးဖယ်လိုပဲ ။ ထုလေ မာလေပဲ ။ မယုံရင် စောင့်ကြည့်နေ ၊ ကြာရင် ခင်မောင်လွင် လက်ပန်းကျပြီး အလျှော့ပေး သွားရလိမ့်မယ် ။ ခင်ပို့လို မိန်းမက တကယ့် ကြောက်စရာနော ။ ကြည့်လိုက်ရင် သူ့မျက်နှာက ပြုံးပြုံး ကလေးရယ် ၊ ကိုယ်လုံး ကိုယ်ပေါက်ကလည်း နွဲ့နွဲ့ နှောင်းနှောင်းနဲ့ ။ အဲဒါမျိုးက အသည်းကျ သိပ်မာတာ ။ သူ့ဝါသနာမျိုးက သေမှပဲ ပြတ်မယ့် ဝါသနာမျိုး ”

ဦးရွှေသောင်းက ပဲနံပြားတွေ ပလုတ်ပလောင်း စားရင်း မလိုတမာသံမျိုးဖြင့် ဝင် ပြောသည် ။ ဦးရွှေသောင်း၏ စကားကို သဘောကျဟန်ဖြင့် မျိုးဝင်းက ဟက်ခနဲ ရယ်လိုက်သည် ။

စည်းစိမ်လက်ဖက် ရည်ဆိုင်က ညစောင့် ဒရဝမ်ဟောင်းကြီး ဦးရွှေသောင်း ပြောသလို ခင်ပိုက အသည်းမာရုံမျှ ၊ စိတ်ထားမာကျောရုံမျှသာ မဟုတ် ။ မျက်နှာထားလည်း လိုအပ်သည့်အခါ သူမတူအောင် မာကျောသည် ။

မှန်တင်ခုံရှိ ဘဲဥပုံမှန်ထဲမှာ ထင်ဟပ်နေသော မခင်ပို၏ မျက်နှာထားက ယနေ့ မနက် ၆ နာရီလောက်မှာ စစ်သူကြီးရုပ်တု မျက်နှာလို တင်းရင်း အေးစက်လျက်ရှိသည် ။ မဟာနဖူးအထက် ဆံစပ်နေရာ တစ်နေရာသည် ညိုရောင်သန်းလျက် မသိမသာ ဖူးရောင်နေသည့် ဒဏ်ရာကို စူးစိုက်ကြည့်ရင်းက မခင်ပို ရင်ထဲမှာ ဒေါသတွေ အလိပ်လိုက် ကြွလာရာက ရင်ခေါင်းထဲမှာ အယုတ္တ အနတ္တသံတွေ မြည်ဟည်းသွား၏ ။

သေချာကြည့်လျှင် .. မခင်ပို၏ ဝဲဘက် နားထင်စပ် ဆံပင်တွေ ကြားမှာ ပဲကြီးလှော်ခွံလောက် အမာရွတ်ကလေး တစ်ခု ရှိနေကြောင်း တွေ့ရမည် ။ ထိုအမာရွတ်ဟောင်းနှင့် လက်ရှိပူပူနွေးနွေး ဖူးမို့ ရောင်တင်းနေသော ဒဏ်ရာကို ဖန်တီးခဲ့သည့် လက်သည် တရားခံမှာ တစ်ဦးတည်းဖြစ်သည် ။ မခင်ပို၏ ကိုယ်ခန္ဓာ အနှံ့မှာ အမာရွတ် မထင်သော ပျောက်ကွယ် ငုပ်လျှိုးသွားကြသည့် ဒဏ်ရာဟောင်းတွေ ရှိကြသေးသည် ။

“ ရှင် မကျေနပ်ရင် သ,တ်လိုက် သေအောင်သ,တ်လိုက် ။ ဘယ်လို မိန်းမစား အောက်မေ့လို့တုံး ။ ဒီက သေ ဝံ့တယ် ။ သေရမှာ မကြောက် ဘူးဆိုတာ မှတ်လိုက် ”

ဤသို့ ဒဏ်ရာရ သားကောင် တစ်ကောင်၏ စူးစူးလှိုက်လှိုက်အသံမျိုးဖြင့် အော်ဟစ်ခဲ့ဖူးသည်ကို မခင်ပိုက သတိရနေဆဲ ဖြစ်ကြောင်း မှန်ထဲက မျက်နှာကို နှုတ်ခမ်း တွန့်၍ အသိပေးလိုက်သည် ။ နှုတ်ခမ်းတွန့်ရာက တစ်စုံတစ်ခုကို သတိရသွားသလို သူ့မျက်နှာသည် တစ်မုဟုတ်ချင်း ဆွေးရိပ် သန်းသွားပြန်သည် ။

“ ငါကလည်း ဒေါသဖြစ်ဖြစ် ၊ အသားနာနာနဲ့သာ စိန်ခေါ်ခဲ့ရတာ ။ တကယ်က ငါ မသေရဲပါဘူး ။ သေလည်း ဘယ်သေချင်လိမ့် မတုံး ။ ဒင်း ( သင်း ) ကို ခွဲနိုင်ပေမဲ့ သမီးကြီး ခင်ဝေလွင် ၊ သားဝေမိုးနဲ့ သမီးလေး သဲသဲပို တို့ကို ငါ မခွဲနိုင်ဘူးလေ ။ ဒင်း ( သင်း ) ကတော့ ငါ့ကိုကော သားသမီးတွေကိုပါ မစွန့်လွှတ်နိုင်တဲ့ အလကား လူကြီးပဲ ”

မခင်ပိုက “ လူပေါကြီး ” ဟု တိတ်တခိုး သတ်မှတ်ထား သော်လည်း တစ်ကမ္ဘာလုံး အတွက်တော့ ကိုခင်မောင်လွင် သည် လူပေါကြီး မဟုတ်ရဘဲ “ လူရိုး ၊ သူတော်ကောင်း ကြီး ” တစ်ဦးသာ ဖြစ်သည် ။ အရပ် ၅ ပေ ၊ ၄ လက်မ မြင့်သော မခင်ပို အောက်မှ ကိုခင် မောင်လွင်က ၂ လက်မနီးပါး နိမ့်သည် ။ မခင်ပိုက အသားဝါဝါ ၊ ကြွေရုပ်မျက်နှာနှင့် ၊ ကိုခင်မောင်လွင်က မျက်နှာပေါက် မဆိုးသည့်တိုင် ကျောက်ပေါက်မာ သဲ့သဲ့ ရှိသည် ။ ပန်းနာရင်ကျပ်ရောဂါ ရှိရသည်တွင် ဗိုက်ရွှဲနေ သောအခါ ကိုခင်မောင်လွင်၏ အမြဲတမ်း အမူအရာမှာ သူ မနှစ်မြို့သော ခန္ဓာဝန်ကြီးကို မလွဲမရှောင်သာ ထွေးပိုက် သယ်ဆောင်ထားရသည်နှင့် တူနေသည် ။

“ ငါ့မိဘတွေက သမက် အရွေး သိပ်တော်ကြတာ ” ဟု မခင်ပိုက အထည်ချုပ်စက်ရုံ ရှိ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး မိတ်ဆွေ အချို့ကိုလည်း ရယ်သရော ၊ မောသရော ပြောလေ့ရှိသည် ။ စိတ်ထဲမှာတော့ မအေတူ အသားအရေနှင့် ရုပ်သွင်လှလှ ၊ အရပ်အမောင်း ကောင်းကောင်း သားသမီး သုံးယောက် ရရှိခဲ့ခြင်းက အသားတင်အမြတ်ဟု မခင်ပို ခံယူ ယုံကြည်ထားသည် ။ ဒီအိမ်ထောင် မပြိုကွဲခဲ့ခြင်းမှာလည်း ထိုသားသမီးသုံးယောက် ကြောင့်သာ ဖြစ် ကြောင်း မခင်ပို ပြောဝံ့သည် ။ အိမ်ထောင် ပြိုကွဲလုလုဖြစ် အောင် မကြာခဏ ဖန်တီးနေသူ ကကော ဘယ်သူလဲ ။ မိမိ ကိုယ်တိုင်ပါပဲဟု ကိုယ်စောင့် နတ်က လွဲ၍ ဘယ်သူ့ကိုမျှ မခင်ပို ဝန်မခံရဲပါ ။

သင်္ဘောကျင်းတစ်ခု မှာ လခစားသံဂဟေဆရာ အဖြစ် အမှုထမ်းသော ကိုခင်မောင်လွင်သည် ရသမျှ လစာကို ဇနီး လက်ထဲ တစ်ပြား ၊ တစ်ချပ် မကျန်အပ်သည် ။ ဆေးလိပ် မသောက် ၊ ကွမ်း မဝါး ၊ အရက်ဆို အနံ့ပင် မခံ ။ ဘယ်တော့မှ တစ်ကိုယ်ကောင်း မဆန် ။ သားသမီးတွေကို လိုအပ်သည်ထက် ပို၍ အလိုလိုက်သည် ။ သူ့လို လင်ယောက်ျားမျိုးမှာ ဘယ်လို အပြစ်မျိုး ရှိနေပါလိမ့်ဟု အချို့က စဉ်းစားကြမည် ဖြစ်ပြီး အဖြေကို တွေ့ကောင်း တွေ့ကြလိမ့်မည် ။

အဖြေ အစစ်အမှန် ၊ အတိအကျကိုတော့ မခင်ပို ပဲ သိ၏ ။ သူများကို ထုတ်ပြောဖို့ မဆိုနှင့် ၊ ကိုယ်စောင့်နတ် ကိုပင် ဖွင့်ဟရန် မသင့်သော အဖြေဖြစ်သည် ။

မိမိက ယခု အသက် ၄၂ နှစ် ၊ ကိုခင်မောင်လွင်က အသက် ၄၅ နှစ် ရှိကြပြီ ။ အနည်းဆုံး နောက်ထပ် နှစ်ပေါင်း ၂ဝ လောက်ဆက် လျှောက်ရဦးမည့် ခရီးရှည်ကြီးကို တွေးမိသည့်အခါ မခင်ပို မွန်းကျပ်လာပြီး တစ်ကိုယ်လုံး လှုပ်လှုပ်ခါခါ ဖြစ်သွားတတ်သည် ။ လတ်တလော ကာလမှာ မိမိ သေသွားလျှင် ကိုခင်မောင်လွင် တစ်ယောက် ရူးကြောင်ကြောင် ကယောင်ကယင် ဖြစ်သွားနိုင်လည်း ... ၊ ကိုခင်မောင်လွင် သေခဲ့လျှင်တော့ မိမိ တောင့်တသော အခွင့်အလမ်းတွေနှင့်အတူ နှစ်အနည်းငယ်မျှ ယစ်မူးနိုင်လိမ့်ဦးမည် ။

မှန်ထဲမှ မျက်နှာဆီသို့ သက်ပြင်း လေပူတွေကို မှုတ်ထုတ်ရင်း မခင်ပို မှန်တင်ခုံရှေ့မှ ထ , သည် ။ စက်ရုံဝတ်စုံကို အမြန်ဆုံး ဝတ်ဆင်သည် ။ ဧည့်ခန်းထဲသို့ ထွက်လာသည့်အခါ သမီးကြီး ပြင်ဆင်ပေးထားသည့် ထမင်းချိုင့်နှင့် ရေဘူး ပါသည့် ပလတ်စတစ် ဆွဲခြင်းကို အသင့်ဖြစ်နေ ကြောင်း တွေ့ရသည် ။ သား နှင့်သမီးငယ်တို့က ဖခင်နှင့် မရှေးမနှောင်းပင် ကျောင်းသို့ သွားကြပြီး ၈ တန်းစာမေးပွဲ ကျကတည်းက ကျောင်းပြန် တက်ရမှာ ( ရှက်လှချည့်ရဲ့ ) ဆိုကာ အိမ်မှာပဲ နေသော သမီးကြီး ခင်ဝေလွင်သည် ယခုတော့ အိမ်တွင်းမှုတာဝန်ခံစားဖိုမှူးကြီး ဖြစ်နေပြီ ။

“ သမီးကြီး အသက် ၂ဝ ကျော်မှ အိမ်ထောင်ပြုနော် ” ဟု သမီးကို မှာကြား သတိပေးတုန်းက ခေါင်းညိတ်ပြခဲ့သည့်သမီးသည် ယခု ၁၇ နှစ်တစ်ရက်ကျော် ၁၈ နှစ်ထဲ အရောက်မှာ ရည်းစား အပြောင်းအလဲ များနေကြောင်း သားက သတင်းပေးသဖြင့် မခင်ပို သိထားနှင့်ခဲ့ပြီ ။ ဘာတတ်နိုင်မှာလဲလေဟု သက်မချရုံသာ ။

“ မေမေ သွားပြီဟေ့ ” ဟု သမီးကို အသံပေးကာ မခင်ပိုသည် အိမ်ပေါ်မှာ ခပ်သွက်သွက် လှမ်းဆင်းသွားရာ ဒေါက်ဖိနပ်ခွာသံကပါ အဖော် လိုက်သလို ထင်ရသည် ။

“ ဟုတ်ကဲ့ .. ဟုတ်ကဲ့ ” ဟူသော ခင်ဝေလွင်၏ အသံ တိမ်တိမ်က မီးဖိုခန်းထဲမှ ပြေးလိုက်လာ၏ ။ ခင်ဝေလွင် ကပျာကယာ ထွက်လာပြီး ခြံဝရှိ သစ်သားတံခါး ဆီသို့ လျှောက်လာသည် ။ သစ်သား တံခါးကို ခြံဝင်းတိုင်နှင့် တွဲ၍ သော့ခတ်သော သံကြိုးကို ဆွဲယူပြီးမှ ခင်ဝေလွင်သည် သော့မခတ်တော့ဘဲ တံခါးကို စေ့ရုံသာ စေ့ထားလိုက်သည် ။

စည်းစိမ် လက်ဖက်ရည်ဆိုင် ထဲမှ ဦးမင်းကြည် ၊ ဦးရွှေသောင်းနှင့် မျိုးဝင်း တို့သည် “ ဟွန်ဒိုင်း ” အမျိုးအစား ဖယ်ရီကားပေါ်သို့ ခပ်သုတ်သုတ် တက်နေကြသော အမျိုးသမီးအုပ်ကို ငေးကြည့်နေကြသည် ။

“ ညကတုန်းက တိုက်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရဘူး တူတယ်ကွ ။ ခင်ပိုတို့ သွက်သွက်လက်လက် ၊ လန်းလန်းဆန်းဆန်းပဲနော် ” ဟု ဦး ရွှေသောင်းက ပြောလိုက် သောအခါ မျိုးဝင်းက ဟက်ခနဲ ရယ်ပြီး ...

“ ဦးလေးပဲ စောစောက ပြောတော့ ငါးဖယ်ဆိုတာ ထုလေမာလေပဲဆိုဗျ ” ဟု မပွင့်တပွင့် ပြောသည် ။

နောက် ၁ဝ မိနစ်ခန့် အကြာမှာတော့ အောင်ချမ်းသာ ရပ်ကွက်ထဲမှ အလုပ်လက်မဲ့ ယောက်ျား သုံးယောက်လည်း လက်ဖက်ရည်ဆိုင် ထဲမှ ပြိုင် တူ ထွက်ခဲ့ကြကာ တစ်ယောက် တစ်လမ်းစီ ခွဲ၍ ထွက်ခွာ သွားခဲ့ကြသည် ။

မခင်ပိုတို့၏ ပုဂ္ဂလိက ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံ ဝင်းတံခါးကြီး ရှေ့မှာ သူတို့၏ ဟွန်ဒိုင်းဖယ်ရီကားကြီးက ဆောင့်ကြီးအောင့်ကြီး မီးခိုးတထောင်းထောင်းဖြင့် ရပ်လိုက်သည် ။ အမျိုးသမီးတွေလည်း ဖယ်ရီပေါ်မှ ဆင်းကြပြီးနောက် ဟ , ထားသော တံခါး တစ်ချပ်ကြားမှ စက်ရုံ ဝင်းထဲသို့ ဝင်ကြသည် ။ မခင်ပို ဖယ်ရီကားပေါ်မှ ဆင်း ကတည်းက ၁၄/၅ နှစ် အရွယ် မြင်းမြီးဆံပင်နှင့် လူငယ်လေး တစ်ယောက်က မခင်ပို ဆီသို့ ရေးကြီးသုတ်ပျာ လျှောက်လာနေသည် ။ လူငယ်ကလေးကို မခင်ပို ကောင်းကောင်းသိသည် ။ သားဝေမိုး၏ အပေါင်းအသင်း တစ်ယောက် ဖြစ်ပြီး အိမ်သို့ မကြာခဏ ဝင်ထွက်သွားလာနေတတ်သည် ။ သူ့နာမည်က ဇိုးဇိုး ဆိုလား ၊ ဇိုးကြီး ဆိုလား ။

လူငယ်ကလေး၏ မျက်နှာထားက တည်ကြည်ခြင်း တစ်ဝက် ၊ ညှိုးလျခြင်း တစ်ဝက်နှင့် တစ်ခုခု ပြောဖို့ အားယူနေပုံ ရသည် ။

“ အန်တီကို ကျွန်တော် အရေးကြီးတဲ့ စကားတစ်ခွန်းလောက် ပြောချင်လို့ ”

လူချင်း လက်တကမ်း အကွာလောက် ရောက်တော့ လူငယ်ကလေးက မချိပြုံးကလေး ပြုံးရင်း ခပ်အုပ်အုပ် လေသံဖြင့် ပြောသည် ။

မခင်ပိုက နဖူးဆံစပ်မှ ဖူးရောင် နေသော ဒဏ်ရာအုပ်အောင် ဆောင်းထားသော မြက်ဦးထုပ်ပုံစံ ပလတ်စတစ် ဦးထုပ်ကို ရှေ့သို့ ပို၍ ငိုက်အောင် အသာ ဆွဲချသည် ။

“ ဘာများလဲကွဲ့  ... ဇိုးကြီး ”

လူငယ်ကလေး နှုတ်ခမ်းတွေကို လျှာဖြင့် သပ်ရာက ဆုံးဖြတ်ချက် ချလိုက်သလို မခင်ပို၏ မျက်လုံးတွေကို တည့်တည့်ကြည့်၏ ။

“ ကျွန်တော် မနေ့က ဝေမိုးကို ပြောပြပါတယ် ။ ဒါပေမဲ့ သူက ကျွန်တော် ပြောတာကို စိတ်မဝင်စားဘူး ။ ပြီးတော့ ဒီကိစ္စ ငါ့မလာ မပြောနဲ့ ငါ့အမေကို ပြောလို့ ဆိုတာနဲ့ အန်တီကို တမင်လာ စောင့်ပြီး ပြောတာပါ ”

“ ဘာကိစ္စများလဲ ဇိုးကြီး ”

မခင်ပို၏ လေသံထဲမှာ စိတ်မရှည်ချင်သည့် အရိပ်အငွေ့တွေ ပါလာသည် ။ စက်ရုံထိ အကူးတက လိုက်လာပြီး ပြောရအောင် ဒီကောင်ကလေးမှာ ဘာများ အရေးကြီးနေပါလိမ့် ။

“ ရပ်ကွက်ထဲက ပါလေရာပဲခူးဆား မျိုးဝင်း ဆိုတဲ့ ကောင်ကို အန်တီ သိမှာပေါ့ ”

“ အေး … သိတယ်  ။ လာဘ်စားလို့ အလုပ်ပြုတ် သွားတဲ့ ရပ်ကွက်ကောင်စီ စာရေးလေ ။ ကျောက်ကျော မျက်နှာနဲ့ အကောင်လေ ။ ဒီ ကောင်နဲ့ တို့နဲ့ ဘယ်လို ပတ် ဆက်နေလို့လဲ ”

ဇိုးကြီးသည် မျက်လွှာချပြီး ခေါင်းငုံ့ လိုက်ရာမှ မျက်နှာကို ပြန်မော့သည် ။

“ ဒီကောင် အန်တို့သမီး ခင်ဝေလွင်ကို ချဉ်းကပ် နေတယ်ဗျ ။ ဈေးသွားရင်လည်း တကောက်ကောက် လျှောက် လိုက်နေတယ် ။ အိမ်မှာ မခင်ဝေလွင် တစ်ယောက်တည်း ရှိတုန်းဆိုရင်လည်း ခြံဝကနေ ရပ်ပြီး မခင်ဝေလွင်ကို လှမ်း စကားပြောနေတယ် ”

“ အေး .. အဲဒါ ဘယ်လို ပြဿနာရှိလို့လဲ ဇိုးကြီး ”

မခင်ပို အသံ မာသွားခြင်းက ဇိုးကြီးကို လိုရင်း မြန်မြန်ပြောဖို့ နှိုးဆော်လိုက်သလို ဖြစ်သွားသည် ။ သူက အသက်မရှူအားဘဲ ဗလုံဗထွေး ပြောချလိုက်လေသည် ။

“ ဒီကောင် လူပျို မဟုတ်ဘူးဗျ ။ မိန်းမ ရဖူးတယ် ။ ကလေး တစ်ယောက်ရမှ ကွဲသွားတာ ”

“ ဪ ... ဪ ... ”

မခင်ပို၏ မျက်နှာ အမူအရာက မှုန်မှိုင်းတင်းမာ သွားရမည့်အစား ပြုံးယောင်ယောင် ပျော့ပျောင်းလာသဖြင့် ဇိုးကြီး တအံ့တသြနှင့် စကားဆက်ရန် ဆွံ့အ,နေသည် ။

“ ကျွန် ... ကျွန်တော် စေတနာနဲ့ ပြောတာပါနော် ။ အန်တီ ကျွန်တော့်ကို တစ်မျိုး မထင်ပါနဲ့ ။ ကျွန်တော် ချွန်တွန်း လုပ်တာ မဟုတ်ပါဘူး ။ ဝေမိုး ကလည်း စိတ်မဝင်စားဘူးလို့ ပြောတာနဲ့ ကျွန်တော် အန်တီကို လာပြောတာပါ ”

“ အေး အန်တီ သဘောပေါက်ပါတယ်ကွယ် ကဲ ... အန်တီ အလုပ်ဝင်ရဦးမယ် ”

မလှမ်းမကမ်းကနေ မခင်ပို နှင့် ဇိုးကြီးတို့ကို အကဲခတ် နေကြသော အမျိုးသမီးအုပ်စုထဲမှ တစ်ယောက်ကမူ သူ့အနီးမှ အမျိုးသမီး တစ်ယောက်ကို လက်တို့ကာ

“ ခင်ပိုတို့များ တွဲလိုက်ရင် တူအရွယ် သားအရွယ် နုနုထွတ်ထွတ်ကလေးတွေ ချည်းပဲတော့ ” ဟု လေသံဖြင့် ပြောလိုက်သည် ။

စက်ရုံရှေ့မှ ပြန်ထွက်လာခဲ့သော ဇိုးကြီး မျက်နှာထားကမူ ငိုမဲ့မဲ့ ဖြစ်နေသည် ။ အမှား တစ်ခုခုကို ကျူးလွန်မိခဲ့သည့် မျက်နှာထားမျိုးဖြစ်သည် ။ “ သူ့တို့နဲ့ ငါနဲ့ သွေးတစ်စက်တောင်မှ အမျိုးတော်တာမှ မဟုတ်တာ ။ သူတို့ ဘာသာ ဖြစ်ချင်ရာဖြစ် ၊ ငါနဲ့ ဘာဆိုင်တာမှတ်လို့ ။ ငါက အလေးအနက် ထားပြီး စေတနာနဲ့ ပြောသလောက် ခုတော့ အန်တီမခင်ပိုက သူနဲ့ ဘာမှ မဆိုင်သလို အေးစက်စက်နဲ့ ပါကလား ။ငါ လာပြောမိတာ မှားပြီး ၊ အမှားကြီး မှားပြီ ” ဟု ဇိုးကြီး တွေးကောင်း တွေးနေမိလေသည် ။

နံနက် ၁ဝ နာရီလောက်မှာတော့ ကိုခင်မောင်လွင်သည် အလုပ်ထဲမှာ ရှိနေရမည့် အချိန်၌ နေအိမ် ရှိရာသို့ ရေးကြီးသုတ်ပျာ လှမ်းလျက် ပြန်လာလျက် ရှိသည် ။ သူ့ မျက်နှာကြီးက နေရောင် အောက် ချွေးစီးကြောင်းတွေ ထဲမှာ ပြောင်တင်းတောက်ပ နေသည် ။ သူ အလုပ်ထဲသို့ ရောက်ရောက်ချင်း “ ပစ်စာ ” တစ်စောင်က အသင့်ဆီးကြိုနေသည် ။ သူ အိမ်ကို ချက်ချင်း မပြန်လျှင် မဖြစ်တော့ ။

ပစ်စာက တိုတိုတုတ်တုတ် ဖြစ်၍ တစ်ခေါက် ဖတ်မိသည်နှင့် ချက်ချင်း အလွတ်ရကာ သူ့ ဦးခေါင်းထဲမှာရော ရင်ခေါင်းထဲမှာပါ မကောင်းဆိုးရွား တစ်ကောင်၏ အသံ မျိုးဖြင့် တရစပ် အော်မြည် လျက်ရှိတော့သည် ။

       မယားမိန်းမအိုကို ပစ်စလက်ခတ် ထားချင် ထား ၊ သမီးမိန်းမပျိုကိုတော့ အိမ်မှာ တစ်ယောက်တည်း လွှတ်မထားစေချင်ဘူး ။

       ( ကိုယ်ချင်းစာ တတ်တဲ့ သမီးရှင်တစ်ဦး )

ပစ်စာကို ကွန်ပျူတာဖြင့် ကျကျနန ဂရုတစိုက် ရေးထားခြင်း ဖြစ်၍ ပစ်စာကို ပစ်စာဟုပင် ကိုခင်မောင်လွင် မထင်တော့ ။ သူ့ နားတစ်ဖက် အနီးမှ ကပ်၍ တိုးတိုးအုပ်အုပ် ပြောလိုက်သော သတိပေး ၊ သတင်းပေးစကားဟု မှတ်လိုက်သည် ။

စေ့ထားသော ခြံတံခါးကို အသာအယာ တွန်းဖွင့်ကာ အိမ်ပေါ်သို့ ခြေဖွနင်း၍ တက်သွားသည် ။

မိနစ်ဝက် အတွင်း ကိုခင်မောင်လွင်သည် ရုန်းကန်ရန် ကြိုးစားနေသော မျိုးဝင်း၏ အင်္ကျီရင်ဘတ်ကို ဆွဲကိုင်ရင်း အိမ်အောက်သို့ ဆွဲခေါ်လာသည် ။

“ ဦးလေး ... ကျွန် … ကျွန်တော် ရှင်း … ရှင်း ”

ကို ခင်မောင်လွင်က ညာလက်သီးဖြင့် မျက်နှာကို အနီးကပ် ထိုးလိုက်သောကြောင့် မျိုးဝင်း စကားပြတ်သွားသည် ။

“ မင်းလို လူလိမ်လူကောက် ၊ လူပွေလူရှုပ်က ငါ့သမီးကို ကြံလို့ ရမလားကွ ။ မင်း အပုပ်နံ့က တစ်ရပ်ကွက်လုံးမှာ နံဟောင်နေတာ ။ ငါ့သားက မင်းအကြောင်း ငါ့ကို ပြောပြထားပြီးပြီ ။ မင်းလို ဂျလေဘီ တစ်ခုလပ်ကများ ”

“ ကျွန် ... တော် .. ”

မျိုးဝင်း၏ ရှပ်အင်္ကျီ ရင်ဘတ် အသံမြည်၍ စုတ်ပြဲသွားချိန်မှာ ကိုခင်မောင်လွင်၏ တူကိုင် ၊ သံဖြတ်လွှကိုင် ၊ ပလယာကိုင်နေကျ လက်သီးကြမ်းကြီးက မျိုးဝင်း၏ မျက်နှာပေါ်သို့ မိုးသီးမိုးပေါက်တွေလို အတောမသတ် ကျလာနေကြသည် ။

⎕ ကြူးနှစ်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၅ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment