❝ ကံကြမ္မာသားကောင် ❞
( မေသနပ်ခါး )
၁ ။
ဒီနေ့တော့ အပုလေး ဝမ်းအနည်းရဆုံး နေ့ပါ ။ အဖေဆုံးပြီ ဆိုသော သတင်းက အခြားသူတွေ အဖို့တော့ မသိ ၊ အပုလေး အတွက်တော့ နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချ ခံလိုက်ရ သလိုပင် ။ အဖေ ၊ အပုလေး၏ ကျေးဇူးရှင် အဖေ ။ ဒီကမ္ဘာပေါ်မှာ အပုလေးကို နားအလည်နိုင်ဆုံးနှင့် အကြင်နာနိုင်ဆုံး သူသည် အဖေသာ ဖြစ်ပါသည် ။ အပုလေးအတွက် တကယ်ပင် ရွှေတောင်ကြီး ပြိုလေပြီ ။
“ အပုလေးရေ ၊ အဖေ့အိတ် ဆိုင်ကယ်ပေါ် တင်ပြီးပြီလား ။ လာ ခြံတံခါးလိုက် ပိတ်လိုက်ဦး ။ ညည်းအမေ မရှိတုန်း မောင်လေးကို သေချာကြည့်ထားနော် ။ အပြင်မထွက်စေနဲ့ ”
မနက်က ထုံးစံအတိုင်း ပြောနေကျ ၊ မှာနေကျ စကားတွေ ပြောပြီး အဖေ အိမ်က ထွက်သည် ။ အပုလေး ကိုယ်တိုင် ဆိုင်ကယ်နား အထိ လိုက်ပို့ ခြံဝင်းတံခါး အဖွင့် အပိတ်လုပ်ခဲ့တာပါ ။ အဖေ့ဇနီး အမေက အိမ်တွင် မရှိ ။ အိမ်အကူနှင့် အတူ ဈေးသွားခိုက်မို့ အိမ်တွင် အပုလေး နှင့် အဖေ့သား အငယ်ဆုံး မောင်လေး သာ ကျန်ခဲ့သည် ။ မောင်လေးက စတုတ္ထတန်းစာမေးပွဲ ဖြေရခါနီးပြီမို့ အပြင်ထွက် မဆော့စေရန် စောင့်ကြည့်ဖို့ အဖေက အပုလေးကို တာဝန် ပေးထားခဲ့သည် ။
အဖေက တာဝန်ပေး ထားသည် ဆိုသော်လည်း တကယ်တမ်း စတုတ္ထတန်း နှင့် မတန်အောင် ထွားကျိုင်းသော မောင်လေးကို အပုလေး မနိုင် ။ သူ တကယ် အပြင်ထွက်ချင်လျှင် အပုလေးကို တစ်ချက် တွန်းကာ ထွက်သွားရုံသာ ရှိသည် ။ ထိုသို့ သူ အပြင်ထွက် ဆော့လေတိုင်း အပုလေး အဆူခံရ ၊ အရိုက်ခံရတတ်သည် ။ အကြောင်းမူ မောင်လေး သည် သာမန် အိမ်ရှေ့တွင်သာ ဆော့သူ မဟုတ် ။ ဒီမြို့လေး တစ်လျှောက် သူ့သူငယ်ချင်းများအိမ် အိမ်ပေါက်စေ့ လျှောက်သွားတတ်သောကြောင့်ပင်တည်း ။
ဤအိမ်တွင် လောလောဆယ် အဖေ ၊ အမေ ၊ မောင်လေး ၊ အပုလေးနှင့် လခပေး ခေါ်ထားသော အိမ်အကူ မစိုး ငါးယောက်သာ အတူ နေသည် ။ အဖေက အဖေ့သမီး အကြီးနှင့် အငယ်ကို မန္တလေးတွင် ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်း ပို့ထား၏ ။ သူတို့က ကျောင်းပိတ်ရက်များတွင်သာ အိမ်သို့ ပြန်လာလေ့ ရှိကြသည်လေ ။ မကြီးက ဘော်ဒါ သွားတက်တာ သုံးနှစ်ရှိပြီ ။ ဒီနှစ် ဒသမတန်း ဖြေမည် ဆိုသည် ။ မငယ်ကတော့ ဒီနှစ် အဋ္ဌမတန်း ရောက်မှ စ၍ ဘော်ဒါ နေရခြင်းပါ ။ ဘယ်လိုပဲဖြစ်ဖြစ် မကြီး နှင့် မငယ် အိမ်တွင် မရှိကတည်းက အပုလေး ကတော့ နည်းနည်း အနေ ချောင်သွားသည် ။
မကြီး နှင့် မငယ် မရှိလျှင် အပုလေးကို အရစ်ကြီး ရစ်မည့်သူသည် အမေတစ်ယောက်သာ ကျန်သည် ။ မောင်လေးက သူ့စိတ် အလိုမကျလျှင် တစ်ခါတစ်ရံ ရစ်တတ်သော်လည်း အဖေနှင့် တူ၍လား မသိ ၊ အပုလေးကို ကြင်နာသည့် အခါတွင်လည်း ကြင်နာတတ်သည် ။ အဖေက မူ အပုလေးကို အမြဲ ကြင်နာစွာ ဆက်ဆံသည် ။
လေအေးလေးဖြင့် နားလည်အောင် ဆုံးမတတ်သည် ။ သူ့သားသမီးတွေနှင့် တန်းတူ ကျွေးမွေးသည် ၊ အဝတ်ဆင်သည် ။ တစ်ခါက ဆိုလျှင် သူ့သမီးတွေ အတွက် လက်ဝတ်လက်စားတွေ ဝယ် ရင်း အပုလေး အတွက် ရွှေနားကွင်းလေး ဝယ်လာပေး သည် ။ ထိုနေ့က အပုလေး မှန်တကြည့်ကြည့်နှင့် ပျော်လိုက်သည့်ဖြစ်ခြင်း ။ သို့သော် ထိုနေ့ညက အဖေနှင့် အမေတို့၏ အခြေမလှသော နားကွင်းရန်ပွဲကြောင့် အပုလေး အပျော်များ တာရှည် မခံခဲ့ပါ ။
••••• ••••• •••••
၂ ။
“ ဆရာ့ဆိုင်ကယ်ကို မန္တလေးဘက်က ဆင်းလာတဲ့ ကုန်ကားက ဘရိတ်ပေါက်ပြီး နောက်က ဝင်တိုက်တာတဲ့ ၊ ဦးနှောက်တွေ ထွက်ပြီး ပွဲချင်းပြီးပဲတဲ့ ။ သနားစရာပါအေ ။ ငါ စိတ်မကောင်းလိုက်တာ ။ ဒီအိမ်မှာ ဆရာက စိတ်ကောင်း အရှိဆုံး မဟုတ်လား ။ ဆရာ မရှိတော့ရင် ငါတော့ ဆက်မလုပ်တော့ဘူး ၊ ရွာပြန်မယ် စိတ်ကူးတယ် ။ ရွာမှာ ယာလေးကိုင်းလေး လုပ်လည်း ထမင်းစားတော့ ရပါတယ်အေ ။ ဒီမှာ ငွေနည်းနည်း ပိုရပေမဲ့ စိတ်ဆင်းရဲတာနဲ့ မကာမိဘူး ”
အိမ်ဖော် မစိုးက လူအလစ်တွင် အပုလေးကို တီးတိုးစကား ဆိုသည် ။ မစိုး ပြောပြမှ အဖေ ဘယ်သို့ဘယ်ပုံ ဆုံးရသည်ကို အပုလေး ဂဃနဏ သိရတော့သည် ။ အပုလေးက ဉာဏ်ထိုင်းသည် ၊ အကင်းလည်း မပါး ။ သူများတွေ ပြောနေဆိုနေကြတာ ကြားလည်း နားလည်ချင်မှ နားလည်သည် ။ ထို့ကြောင့် အဖေသည် အပုလေးကို ပြောစရာ ရှိလျှင် မျက်နှာချင်းဆိုင် သေချာနားလည်အောင် ရှင်းပြ ပြောဆိုတတ်သည် ။ နားမလည်ကောင်းလားဟု အမေတို့ သားအမိတွေလို အပုလေးကို ရိုက်နှက် ကန်ကျောက်ခြင်းမျိုး မည်သည့် အခါကမျှ ပြုလုပ်လေ့မရှိ ။ မယားနှင့် သမီးတွေကို အမြဲ မနိုင်သော်လည်း အဖေသည် သူ့မျက်စိရှေ့တွင်တော့ အပု လေးကို မနှိပ်စက်နိုင်အောင် အကာအကွယ် ပေးတတ်သူ ပါ ။
မစိုး မှာ ဒီမြို့နားရှိ ရွာတစ်ရွာမှ လခပေးကာ အိမ်အကူအဖြစ် ခေါ်ထားသူ ဖြစ်လေသည် ။ မစိုးက အဖေ မရှိ တော့လျှင် ရွာပြန်မည်တဲ့ ။ ပြန်စရာ အိမ်ရှိနေခြင်း အတွက် မစိုးကို အပုလေး အားအကျကြီး ကျမိသည် ။ အပုလေး အဖို့ကား အဖေမရှိတော့၍ ဤအိမ်တွင် မနေချင် သော်လည်း ပြန်ပြေးစရာ အိမ်က မရှိ ။ ထွက်ပြေးရအောင်ကလည်း ဘယ်ပြေးရမယ်မှန်း မသိ ။ အပုလေး ဒီအိမ် ရောက် ကတည်းက အဖေ အကြိမ်ကြိမ် မှာဖူးသည် ။
“ အပုလေး သမီးအမေ နဲ့ မကြီး မငယ်တို့ ဆူလို့ ၊ ပြောလို့ ၊ ရိုက်လို့ မကျေနပ်ရင် အဖေ့ကို ပြော ။ စိတ်ဆိုးပြီး ထွက်တော့ မပြေးနဲ့ ၊ ကြားလား ။ တော်ကြာ မအူမလည်နဲ့ ရောင်းစားမယ့်သူတွေနဲ့ တွေ့သွားရင် သမီး ဒုက္ခ ရောက်မယ် ။ ဒီအိမ်မှာ နေတာက အများကြီး ပိုလုံခြုံတယ်နော် ။ အဖေ ပြောတာ နားလည်လား ”
အဖေက အပုလေး အခန့်မသင့်လို့ ထွက်ပြေးမှာ စိုးရိမ်သူပါ ။
••••• ••••• •••••
၃ ။
လွန်ခဲ့သော ငါးနှစ်ကျော် အပုလေး အသက် ကိုးနှစ် ၊ ဆယ်နှစ်ခန့် အရွယ်တွင် ဒီအိမ်ရောက်သည် ။ အပုလေး၏ အသက် အမှန်ကို ဘယ်သူမှ သေချာမသိကြ ။ ထို့ကြောင့် ခန့်မှန်းခြေသာ ပြော၍ရသည် ။ အပုလေးက မကြီး ထက်တော့ ငယ်ပုံရသည်ဟု အမေ ပြောတာ ကြားဖူးသည် ။ မကြီးက “ အပျိုမ ” ဖြစ်နေပြီဖြစ်သော်လည်း အပုလေးက ယခုထိ အပျို မဖြစ်သေး ။ တကယ်တော့ အပုလေးက အပျိုမဖြစ်သေးရုံမက ထဘီပင် ရင်မရှားရသေး ။ အရပ်ကလည်း ကလေးအရပ် သာသာ ရှိသည် ။ မည်းမည်းပုပု သေးသေးညှက်ညှက်ကလေး ဖြစ်သည် ။ ဦးနှောက် မဖွံ့ဖြိုး သလို ခန္ဓာကိုယ်လည်း မဖွံ့ ဖြိုး ။ ဒါပေသိ ရောက်ခါစက မငယ်ထက် ကြီးပုံ ရသောကြောင့် အပုလေး၏ အသက်ကို မကြီးထက် ငယ်ပြီး မငယ် ထက် ကြီးသည်ဟု အမေက မှန်းသည် ။ ယခုတော့ မငယ် ပင် ရင်ရှားနေချေပြီ ။
အဖေက ဒီအညာမြို့လေး၏ ဆေးရုံက မြို့နယ် ဆရာဝန်ဖြစ်သည် ။ မြို့ထဲတွင် အဖေ့ ဆေးခန်းလည်း ရှိသည် ။ ဒီမြို့တွင်တော့ အဖေက နတ်ဘုရားလောက် နီးနီး လူတွေက ချစ်ခင် အားထားကြသည် ။ အဖေကလည်း အသပြာဆရာဝန် မဟုတ် ၊ စေတနာဆရာဝန် ဖြစ်သည် ။ ရှိသူကို ယူသော်လည်း မရှိလျှင် မရှိသလို အလကား ကုပေးသူပါ ။ သို့သော်လည်း ပဲ ၊ နှမ်း ၊ ငရုတ် စိုက်ခင်းတွေနှင့် အသင့်အတင့် စီးပွားရေး ကောင်းသော ဒီမြေလတ်မြို့ လေးမှာ အဖေလည်း ရွှေမရှား ၊ ငွေမရှား ၊ ကျေးဇူးတင်သူ မရှားပါ ။
အပုလေးကို အဖေက ဒီမြို့ကို မပြောင်းလာခင်က တာဝန်ကျရာ မြစ်ဝကျွန်းပေါ် မြို့တစ်မြို့မှ ခေါ်လာခဲ့ခြင်း ဖြစ်သည် ။ ယခင် အပုလေး နေခဲ့သော အိမ်မှာလည်း အစိုးရအရာရှိ တစ်ဦး နေအိမ် ဖြစ်ပါသည် ။ ထိုအိမ်မှ အိမ်ဦးနတ်ကို အပုလေးက အဖေ ဟု မခေါ်ရ ၊ ဦးလေး ဟု ခေါ်ရသည် ။ သူ့ဇနီးကို အန်တီ ဟု ခေါ်သည် ။ တစ်နေ့ ဦးလေးက နေထိုင်မကောင်း ဖြစ်ကာ အဖေ ဖြစ်လာမည့် ဆရာဝန်၏ လူနာ ဖြစ်ခဲ့သည် ။ ရောဂါကျွမ်း၍ ဦးလေး ဆုံးတော့လည်း အဖေ့ လက်ပေါ်တွင်ပင် ဆုံးသည် ။ ဦးလေး ဆုံးအပြီး ဤမြေလတ်မြို့လေးသို့ ပြောင်းရန် အမိန့် ကျလာသော အပုလေး၏ အဖေ ဖြစ်လာမည့် ဆရာဝန်ကို အန်တီ က တောက်တိုမည်ရ ခိုင်းရန်ဆိုကာ ကျေးဇူးဆပ်သည့် အနေနှင့် အပုလေးကို လက်ဆောင် ပေးလိုက်သည် ။ သို့နှင့် အပုလေး အဖေတို့ အိမ်သို့ ပါလာခြင်းပါ ။
အပုလေး အဖေတို့နှင့် လိုက်မသွားမီ အန်တီတို့ အိမ်မှ နောက်ဆုံးည ကိုတော့ မှတ်မိ၍ နေပါသည် ။ ထိုအိမ်တွင် သူ့ကို ထိန်းရသည့် အပုလေး ကို ခင်တွယ်လှသော ဦးလေး နှင့် အန်တီတို့ သမီး မူယာ လေးက အပုလေးကို ထည့်လိုက်မည် ဆိုတော့ ကျူကျူပါအောင် ငိုကာ သောင်းကျန်း လေတော့သည် ။ ထိုနေ့ညက မူယာ့ကို အငိုတိတ်စေရန် သူ့ အမေ ပြောလိုက်သော စကားက အပုလေးကို အံ့သြသွားစေသလို ဉာဏ်ထိုင်းသည့် ကြားမှပင် တစ်သက်လုံးလည်း အမှတ်ရ နေစေတော့သည် ။
“ အပုလေးကြောင့် သမီးဖေဖေ သေရတာ သမီးရဲ့ ။ အပုလေးက ကံမကောင်းစေတဲ့ ကလေး ။ သူ့ကို မွေးပြီး သူ့အဖေအမေတွေ ဆုံးသွားရတာလည်း သူ့ကြောင့်ပဲ ။ သူ့မွေးပြီး ရေတွေကြီးတော့ သူတို့ အိမ်က မျောသွားတာ ။ သူ့အဖေက သူ့ကို ဆယ်ထားလို့ ရှင်နေပေမဲ့ သူ့ အမေကတော့ ရေထဲ မျောပါပြီး ဆုံးသွားတယ် ။ နောက် သိပ်မကြာဘူး ။ သူ့အဖေလည်း ငါးဖမ်းလှေ ဝဲမိပြီး သေပြန်ရော ။ သူ့ကို မွေးရင် မွေးတဲ့ သူက ကံဆိုးတော့တာ ။ အဲဒီလို ကလေးကို အိမ်မှာ ဆက်မွေးထားရင် မေမေတို့ ကံဆက် ဆိုးနေမှာ စိုးလို့ ပေးလိုက်တာ ။ သမီး ကစားဖော် ရအောင် မေမေ ကောင်မလေး အသစ် ရှာပေးမယ်နော် ” တဲ့ ။
ထိုအန်တီ ပြောမှ အပုလေး မိဘတွေ မရှိတော့ကြောင်း သိခဲ့ရသည် ။ အပုလေး လူမှန်း သိကတည်းက ဒီအိမ်မှာ မူယာလေး ကို ထိန်းဖို့ ရောက်နေခြင်း ဖြစ်၍ အပုလေးတွင် မိဘရှိ မရှိ သိခွင့် မရခဲ့ ။ မေးရကောင်းမှန်းလည်း မသိ ။ ယခုတော့ အပုလေး မိဘများက အပုလေးကြောင့် ဆုံးသည်တဲ့ ။ အပုလေးက ကံမကောင်းစေတဲ့ ကလေးတဲ့ ။ အဲဒီတုန်းက အပုလေး ဝမ်းနည်းလိုက်တာ ဆိုတာ မပြောပါနဲ့ ။ အဖေတို့အိမ် ရောက်တဲ့အထိ ကျိတ်ကျိတ် ငိုနေတတ်၍ အဖေတို့က မူယာလေးကို လွမ်းတယ် ထင်တယ် ပြောကြသေးတာ ။ ဒါပေမဲ့ အိမ်ပြောင်း ၊ မြို့ပြောင်း ၊ မိသားစုပြောင်း သွားတော့ အပုလေးလည်း မေ့မေ့ပျောက်ပျောက် ဖြစ် သွားတာပါပဲ ။ အဖေက အပုလေးကို အိမ်ဖော်လို မမွေး ၊ မိသားစုလို မွေးခဲ့တာလည်း ပါတာပေါ့ ။
••••• ••••• •••••
၄ ။
အဖေ့အသုဘ အတွက် ပြင်ဆင်နေကြသည်ကို မျက် ရည်များကြားမှ အပုလေး ငေးကြည့် နေမိသည် ။ အမေက တက်မတတ် ချက်မတတ် အော်အော် ငိုသည် ။ တစ်ခါတစ်ရံ မြေပြင်တွင်ပင် လူးလှိမ့်လိုက်သေးသည် ။
“ သတိထားပါ မမ ရယ် ။ သတိထားပါ ” ဟူသော အသံများကို လှိုင်လှိုင် ကြားနေရသည် ။
ထောင့် တစ်ထောင့်တွင် ကပ်ငိုနေသော မောင်လေးက ယခု လိုတော့ ကလေးလေး တစ်ယောက် လို ။ မယုံမရဲ ဖြစ်နေသည့် အသွင်က တကယ့်ကို သနားစဖွယ်ပင် ။
“ အကြီးမနဲ့ အငယ်မတော့ ညနေလောက် ရောက်မယ် ထင်တယ် ”
တစ်ယောက်ယောက် ပြောနေသံ ကြားရသည် ။ မစိုး ကမူ ဧည့်သည်တွေကို ဧည့်ခံဖို့ အရပ်ထဲမှ အဒေါ် ကြီး တချို့နှင့်အတူ စတင် ပြင်ဆင်နေပြီ ဖြစ်သည် ။ အပုလေး ကား အရာအားလုံးကို ကြောင်၍ ကြည့်နေမိသည် ။ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိ ။ မောင်လေးကို သွား ချော့ချင်သော်လည်း မောင်လေးက တွန်းထုတ်မည်မှာ သေချာသလောက်ပင် ။
ဒီအိမ်မှာ နဂိုကတည်းက အပုလေးကို တာဝန် ကြီးကြီးမားမားတွေ မခိုင်း ။ အထူးသဖြင့် မီးနှင့် ပတ်သက်သော ကိစ္စများဖြစ်သည် ။ မီးဖိုသုံးခိုင်းဖို့ အပုလေးက စိတ်မချရဟု အမေက ဆိုသည် ။ ပန်းကန်ဆေးတာ ၊ ငရုတ်သီးထောင်းတာ ၊ အဝတ်လျှော်ကူတာ ၊ အဝတ်လှန်းတာ ခေါက်တာလောက်သာ သုံးလို့ရသည် ။ အဝတ်ကို အပုလေးတစ်ယောက်တည်း လျှော်ခိုင်းလျှင် ဆပ်ပြာ မစင် ။ အပုလေးက သေးသဖြင့် အလေးအပင် မမ,နိုင် ၊ အလုပ်လည်း သိပ်မနိုင် ။ မီးပူ တိုက်ခိုင်းပြန်တော့ မီးပူကျွမ်းသည် ။ ထို့ကြောင့် အပုလေးက လက်တိုလက်တောင်းသာ အဖော်ရသည် ။ တစ်ခါတလေတော့လည်း နှိပ်ခိုင်း နင်းခိုင်း၍ ရသည် ဆိုပါတော့ ။
အနာ ဆိုတာ အချိန်ကြာကြာ မေ့ထားသော်လည်း တစ်ခါတစ်ခါ ပြန်ပေါ်တတ်သည် ။ တစ်ခါက အပုလေး အမေ့ထဘီကို မီးပူတိုက် ပေးရင်း မီးကျွမ်း သွားခဲ့ဖူးသည် ။ အမေက စိတ်အလွန် ဆိုးကာ -
“ ခေါ်သာ လာရတယ် ဘာတစ်ခုမှ အသုံးမကျဘူး ။ ညည်းအန်တီက ညည်းကို လာဘ်မကောင်းလို့ ငါတို့ကို ပေးလိုက်တာ ဒီလောက်တော့ ငါလည်း ရိပ်မိတယ် ။ ကံ မကောင်းတဲ့ ကလေး ခေါ် ထားရတဲ့ အပြင် အဖော်လည်း မရဘူး ။ ငါ့ချည်းဆိုရင် ခေါ် မလာဘူး ။ အိမ်က လူနဲ့တော့ ခက်ပါတယ် ” ဟု ဆိုသည် ။
အဖေက ကြားတော့ -
“ အပုလေးမှာ ဘာ အပြစ်မှ မရှိပါဘူး ။ အပြစ် မရှိတဲ့ ကလေးကို ဒီလို ပြောကြတာ ငါ မကြိုက်ဘူး ။ သနားဖို့တောင် ကောင်းသေးတယ် ” ဟု ပြန်ပြောခဲ့သည် ။
ဒီ့နောက်ပိုင်း မြေလတ် ရောက်ပြီး အဖေ့စီးပွားက တရိပ်ရိပ် တက်လာလေတော့ အပုလေး တစ်ယောက် ကံမကောင်းသည့် ကလေးရယ်လို့ နောက်ကြောင်းဖော်ကာ ပြောတတ်သည့် အမေ့ အမာန်အမဲက ကင်းလွတ်ခွင့် ရနေခဲ့သည် ။
ယခုရော ။ ယခုမှ အပုလေး သတိရသည် ။ အဖေ ရုတ်တရက် သေဆုံးသွားရခြင်းသည် အပုလေးကြောင့် ဟု အမေ ထင်မည်လား ။ မကြီး ၊ မငယ်နှင့် မောင်လေး ကရော အဲဒီလို ယုံကြည်ကြ တော့မည်လား ။ နဂိုကမှ အိမ် တွင် ဖြစ်ဖြစ်မြောက်မြောက် အလုပ် မလုပ်နိုင်၍ မျက်နှာ မရ အမြဲ အဆူခံနေရတတ်သော အပုလေး အဖို့ ဒီလိုသာ ဆို ခက်ချိမ့်မည် ။ အိမ်ပေါ် တွင်ပင် ဆက်မှ ထားပါဦးတော့ မလား ။ ကူပြောပေးမည့် ၊ အပုလေး ရှေ့က ရပ်မည့် အဖေ ကလည်း မရှိတော့ပြီ ။ တွေးရင်းဖြင့် အပုလေး ကြောက်၍ လာခဲ့သည် ။
••••• ••••• •••••
၅ ။
ညနေစောင်းတော့ မကြီး နှင့် မငယ်တို့ ရောက်လာကြသည် ။ တက်မတတ် ချက်မတတ် ငိုသံတွေက ဆို့နင့်ကြေကွဲဖွယ်ရာ ကောင်းလှသည် ။ မြို့မျက်နှာဖုံး ဆရာဝန် အသုဘမို့ သတင်းမေးသူ ၊ အကူ လာသူတွေကလည်း ပျားပန်းခပ်မျှ များပြားလှသည် ။ အဖေ့အလောင်းကား ရင်ခွဲစစ်ဆေးရသဖြင့် ဆေးရုံတွင်သာ ထားသည် ။ ထို့ကြောင့် အပုလေး အဖေ့ကို တွေ့ခွင့် မရ ။ နို့မို့ အပုလေး ဘာဆက်လုပ်ရမည် ၊ ဘယ်မှာ နေရမည် အဖေ့ကို အပုလေး မေးကြည့်မိဦးမည် ထင်သည် ။ တစ်ခါတစ်ခါတော့ ဒါတွေအားလုံး အိပ်မက်သာ ဖြစ်လိုက်ပါတော့ဟု အပုလေး ဆုတောင်းမိသည် ။
အမေက ရင်ထဲ မီးတောက်နေချိန်ကြောင့်လား ၊ ဧည့်သည်များ ရှိနေသောကြောင့်လား မသိ ။ အပုလေးကို အပြစ်တင်ရန် သတိမရ ။ သို့သော်လည်း တစ်ချိန်ချိန် တော့ သတိရလာလိမ့်မည် ။ အပုလေးကား ကြိုးမိန့်ကို စောင့်နေရသော တရားခံလို နေမထိ ထိုင်မသာ ဖြစ်နေလေ၏ ။ တကယ်ပင် အပု လေးကြောင့် အဖေ သေတာလား တွေးမိတိုင်းလည်း အပြစ်ရှိသော စိတ်က အပုလေးကို ခြောက်လှန့်နေသည် ။
အဖေ့လို စိတ်ကောင်း နှလုံးကောင်း ရှိသူ ၊ လူအများ အသက် ကယ်တင်နေသူ ဆရာဝန် တစ်ဦးက အပုလေး ကြောင့် သေရသည် ဆိုလျှင် မတန် ။ သေသည့် သူသည် အပူလေးသာ ဖြစ်လိုက်ချင် တော့သည် ။ သို့သော်လည်း အပုလေးက ဘာမှ တတ်နိုင်သည် မဟုတ် ။ အပုလေးကို လက်ခံထားသူ ကိုလည်း ကံ မကောင်းစေရန် အပုလေးက ဖန်တီးနိုင်သည် မဟုတ် ။ တကယ်တော့ အိမ်ရှင်တို့ ကံ ဆိုးလျှင် အပုလေး လည်း ကံ ဆိုးသည်ပင် ။ အပုလေးက ထိုကံ ဆိုတာကြီးကို စေခိုင်းနိုင်သူ မဟုတ် ။ အပုလေးလည်း သူများတွေလို “ ကံ၏ သားကောင် ” သက်သက်သာ ဖြစ်လေသည် ။
“ ဆရာ့အဖေနဲ့ ညီမ ရောက်လာပြီ ”
အသံကြား၍ အိမ်ရှေ့ ထွက်ကြည့်တော့ ကားတစ်စီး ဆိုက်လာပြီး ပစ္စည်းများ ချနေသည် ။
ညဉ့်အတော်နက်တော့မှ အဖေ့အဖေနှင့် ညီမက ရန်ကုန်မှ ကားစင်းလုံး ငှားပြီး ရောက်ချလာခြင်း ဖြစ်သည် ။ အပုလေး အံ့သြတကြီး ကြည့်နေမိသည် ။ ဒီအိမ်ကို အပုလေး ရောက်ကတည်းက အဖေ့ဘက်က အမျိုးတွေ အိမ်လာလည်တာ မတွေ့ဖူးခဲ့ ။ တစ်ခါတစ်ခါ အမေ ရေရွတ်နေတာ ၊ အဖေ့ကို ပြောနေတာတွေ အရတော့ အမေနှင့် အဖေ့မိဘ ၊ မောင်နှမတွေ သိပ်အဆင်မပြေဟု ထင်သည် ။ အဖေ ရန်ကုန် သွားပြီး ပြန်လာလျှင် မိဘအိမ်ကို ဘာဝယ်သွားသနည်းဟု မယုံသင်္ကာနှင့် အမေ့ အစွပ်အစွဲကို အဖေ ခံရမြဲ ဖြစ်သည် ။ သို့သော် အမေ့ဘက်မှ အမျိုးတွေ ကတော့ အချိန်မရွေး ရောက်ရောက် လာတတ်သည် ။ အမေ့အဖေ ဆိုလျှင် တစ်ခါတစ်ခါ တစ်လကိုးသီတင်း နေတတ်သည် ။ အဖေကား ဘယ်တုန်းကမှ မငြူစူဖူးခဲ့ ။ အဖေ့အဖေ ၊ အဘိုးက အဖေ့လိုပဲ ဖြူဖြူမြင့်မြင့် ၊ ချောချော ဖြစ်သည် ။ အဖေ့ ညီမကတော့ သိပ်မလှသော်လည်း အေးချမ်းပြီး သဘော ကောင်းမည့် ပုံမျိုးပင် ။ အဖေ ရှိစဉ်က သူ့ညီမ အကြောင်း တစ်ခါတလေ ပြောတတ်သဖြင့် အပုလေး ထိုအန်တီလေးကို နဂို ကတည်းက ရင်းနှီးနေခဲ့သည် ။
“ ငါ့ညီမလေးကို ငါက ကလေးလေးပဲ အောက်မေ့တာ ၊ အခုတော့ တကယ့် လူကြီးကြီး ဖြစ်နေပါပေါ့ ။ အဖေလည်း အတော် အားရှိမှာ သေချာတယ် ။ သားက အားမကိုးရပေမဲ့ သမီးက အနားမှာ ရှိတော့ တော်သေးတယ်တဲ့ ။ ညီမလေးက စိတ်ကောင်း ကတော့ တကယ်ရှိ တာ ။ ဘယ်သူ့ဖြစ်ဖြစ် သူ မနေနိုင်ဘူး ”
အဖေ့အပြော အရကတော့ သူ့ညီမက စိတ်သဘောကောင်းသူပါ ။ ယုံပါသည် ။ အဖေ့ ညီမမို့ စိတ်ထား ကောင်းမည်ကို ယုံပါသည် ။ ယခု လူကို တွေ့တော့ ပိုလို့တောင် ယုံချင်မိပါသည် ။ ဘာပဲပြောပြော အပုလေး ကတော့ အဖေ့ အမျိုးတွေကို မျက်နှာ မြင်ရုံမျှဖြင့် အားကိုး ရသွားသလို ၊ စိတ်လုံခြုံသွားသလို ခံစားလိုက်ရသည် ။
••••• ••••• •••••
၆ ။
နောက်နေ့မှ စပြီး အပုလေး အန်တီလေးတို့ သားအဖကို ချဉ်းကပ်ရန် ကြိုးစားတော့သည် ။ အဟိတ် တိရစ္ဆာန်တို့ သည်ပင်လျှင် မည်မျှ အသိဉာဏ် မရှိစေကာမူ မိမိ လွတ်မြောက်ရာ လမ်းကို ရှာတတ်သည် ။ အပုလေးလည်း သူမ လွတ်မြောက်မည့် လမ်းကို တိုးထွက်ဖို့ ကြိုးစားရပေလိမ့်မည် ။
နံနက်စာစားပြီးသည်နှင့် အပုလေး အန်တီလေးတို့ သားအဖ နားနေသော အခန်းတွင်းသို့ ဝင်လာခဲ့သည် ။ ဖခင်ကို နှစ်သိမ့်ရင်း မျက်ရည် ကျနေသော အန်တီလေးကို သနားစိတ်ဖြင့် တိတ်တဆိတ် ကြည့်နေခဲ့သည် ။ အန်တီလေးက အပုလေးကို သတိထားမိ သွားပြီး စတင် မေးမြန်းတော့သည် ။
“ လာပါဦး ။ သမီးက ဘယ်သူလေးလဲ ”
စကားသံကိုက ချိုသာ ပျော့ပျောင်းသည် ။ အမေတို့ သားအမိ တစ်တွေနှင့်တော့ တခြားစီ ဖြစ်သည် ။
“ သမီးက အပုလေးပါ ။ အဖေတို့ အိမ်မှာ နေတာ ကြာပါပြီ ” ဟု စတင် မိတ်ဆက်ရသည် ။
အဘိုးနှင့် အန်တီလေး ခရီးပန်းလာမည် ထင်၍ အပုလေး နှိပ်ပေးပါရစေ ဟုလည်း မျက်နှာ လုပ်သည် ။
“ နေပါစေကွယ် ၊ အန်တီလေးက အနှိပ် မခံတတ်ဘူး ။ သမီးအဘိုး ကိုသာ မေးကြည့်ပြီး အနှိပ် ခံမယ်ဆို နှိပ်ပေးလိုက် ဟုတ်လား ”
ဒီနေရာမှာလည်း အန်တီလေးတို့ စည်းစိမ် မခံစားတတ်ပုံက အမေနှင့် ကွာသည် ။ အမေ ဆိုလျှင် ညတိုင်း အပုလေး နင်းပေး နှိပ်ပေးရသည် ။ တစ်နာရီ ၊ နှစ်နာရီ ကြာလို့ အမေ အိပ်ပျော်သွားလျှင် အပုလေး ရပ်ရမည်လား ၊ ဆက်နှိပ်ရမည်လား မသိဘဲ ဒုက္ခရောက်ပေါင်း များခဲ့ပြီ ။ ဘာပဲပြောပြော အန်တီလေးကို အပုလေး ပို၍ ပို၍ သဘောကျ လာခဲ့တော့သည် ။
••••• ••••• •••••
၇ ။
နေ့လယ်ဘက် ရောက်တော့ အမေ့အဖေနှင့် အမေ့ညီမ လင်မယား ရောက်လာသည် ။ ခဏခဏ လာနေကျ လူတွေ ဖြစ်၍ အပုလေးတို့ အကြောင်း သိပြီးသားတွေပါ ။ အမေ့ညီမက အမေ့ထက် စိတ်ပိုပုပ်သည် ။ အမေက စိတ်တိုင်း အတော်မကျမှ ရိုက်တတ် ကန်တတ် သော်လည်း သူ့ညီမကတော့ အသားလွတ်လည်း ထ,ကန်ချင် ကန်တတ်သည် ။ လာပြီ ဆိုလျှင်လည်း အမျိုးစုံ ခေါ် ခိုင်း၍ မပြီးတော့ ။ ပါးစပ် ကလည်း ရုန့်ရင်းကြမ်းတမ်းသည် ။ အပုလေးကို ဆိုလျှင် အမြဲ ဆဲဆိုနေတတ်သည် ။
ယခုလည်း ကြည့် ။ အပုလေးက သူတို့နှင့် တွေ့မည် စိုး၍ အန်တီလေးတို့ အခန်းထဲ ဝင်ရှောင်နေလိုက်သည် ။ အန်တီလေး ကလည်း အပုလေးကို သူ့အစ်ကို အကြောင်းများ မေးမြန်းနေသည် ။
“ ဟဲ့ ဟိုကောင်မ အပုလေး ဘယ်ရောက်နေလဲ ။ နင် ငါ့ဖိနပ် တိုက်ခိုင်း ထားတယ် မဟုတ်လား ၊ ဟဲ့ အပုလေး ကြားလား ။ နားပင်းနေလား ”
ဟော အဲဒါ အမေ့ညီမ အန်တီဖြူ့ အသံပါ ။ အသံနှင့် လိုက်ဖက်စွာ ရုပ်ကလည်း ဆိုးသည် ။
“ သွားလိုက်ဦးသမီး ၊ တော်ကြာ အဆူခံ နေရဦးမယ် ”
အပုလေး မထ,ချင် ထ,ချင်နှင့် ထ,တော့ အပုလေးကို ကရုဏာသက်စွာ ကြည့်နေသော အန်တီလေး၏ မျက်ဝန်းများကို တွေ့ရသည် ။ ဘာပဲပြောပြော အပုလေး ကျေနပ်သွားသည် ။ အပုလေးကို နားလည်ပေးမည့်သူ အဖေ့အပြင် နောက် တစ်ယောက် ရှိနေသေးသည် ထင်သည် ။
••••• ••••• •••••
၈ ။
ဒီလိုနှင့် အဖေ့အလောင်း မြေကျခဲ့သလို ရက်လည် ပြီးခဲ့ပါပြီ ။ အမေက အပုလေးကို မျက်ထောက်ဖြင့် လှမ်းလှမ်း ကြည့်တတ်သော်လည်း ယခု အထိတော့ ဘာမျှ မပြောသေး ။ အိမ်မှာ ဧည့်သည် ကုန်မှ အပုလေးကို နှိပ်စက်တော့မည် ထင်သည် ။ ရသလောက် အချိန်လေးအတွင်း အပုလေး သည်လည်း မိမိ လွတ်မြောက်ဖို့ တတ်နိုင်သရွေ့ ကြိုးစားရပေမည် ။
ဒီရက်ပိုင်း အတွင်း အပုလေးသည် အန်တီလေးတို့ သားအဖနှင့် အတော် ရင်းနှီး လာခဲ့ပြီ ဖြစ်သည် ။ ပြောရဲဆိုရဲ ရှိလာပြီမို့ အပုလေး စကား စ,ကြည့်ရတော့မည် ။ ဒီနေ့ တစ်ရက် နေပြီး မနက်ဖြန် အန်တီလေးတို့ သားအဖ ပြန်မည် ဆိုသည် ။
“ အန်တီလေးတို့ မနက်ဖြန် ပြန်ရင် သမီး ဒီမှာ ဘယ်လို နေခဲ့ရမလဲ မသိတော့ပါဘူး ”
အပုလေးက စကားစ , သည် ။
“ ဘာလို့လဲ သမီးရဲ့ ဘာထူးလို့လဲ ။ အရင်ကလည်း သမီး ဒီအိမ်မှာပဲ နေတာပဲ မဟုတ်လား ”
“ အရင်က အဖေ ရှိတယ်လေ ။ အဖေက အပုလေးကို အမြဲ အကာအကွယ် ပေးတယ် ၊ အဖေ မရှိရင် အပုလေးကို ဝိုင်း နှိပ်စက်ကြတော့မှာ ။ အပုလေး အားလုံးကို ကြောက်တယ် ၊ အမေနဲ့ အန်တီဖြူကို ပိုကြောက်တယ် ။ သမီးကို အန်တီလေးတို့နဲ့ အတူ ခေါ်သွားပေးပါလား အန်တီလေးရယ် ။ သမီး လိမ်လိမ်မာမာ နေပါ့မယ် ”
အပုလေးက သနားစဖွယ် ငိုယို၍ ပြောသည် ။
အန်တီလေးက အပုလေး ပခုံးကို ဖက်ပြီး တိုးညင်းသော အသံဖြင့် နှစ်သိမ့်၏ ။
“ သမီး ကြောက်တာ အန်တီ နားလည်ပါတယ်ကွယ် ။ အန်တီလည်း ဖြစ်နိုင်ရင် သမီးကို ခေါ်သွားချင်ပါတယ် ။ ဒါပေမဲ့ သမီးသိတဲ့ အတိုင်းပဲ သမီးအမေ အန်တီ့ယောက်မနဲ့ အန်တီတို့က သိပ်အဆင် မပြေလှဘူး ။ သမီးကို အန်တီ ခေါ်သွားမယ် ပြောရင် သူ ခွင့်ပြုမယ် မထင်ဘူး ။ ပြန်ခါနီး စကားများ ရန်ဖြစ်ရုံပဲ ရှိမယ် ။ သမီးကို မထည့်လိုက်ရင် သမီးလည်း ဒီအိမ်မှာ ပို အန္တရာယ်များမယ် ။ သမီးက ပြောလို့ဆိုတာ သူတို့ ရိပ်မိမှာ သေချာတယ် ။ ဒါဆို သမီး ပိုအငြိုးခံရလိမ့်မယ် ”
အန်တီလေး ပြောတော့လည်း သဘာဝကျသည်မို့ ဟုတ်သယောင်ယောင် ရှိသည် ။ အမေ သဘော မတူလျှင် အပုလေး အဖို့ ပွဲပြီးပြီ မဟုတ်ပါလား ။
“ သမီးကို မရိုက်ဖို့ ၊ ဂရုစိုက်ဖို့ တူတွေ တူမတွေကို အန်တီ မှာပါ့မယ် ။ သမီးလည်း လိမ်လိမ်မာမာ နေနော် ။ နောက်ပိုင်း အဆင်ပြေရင် အန်တီ သူ့ဆီက တောင်းကြည့်ပါ့မယ် ”
အန်တီလေးက အပုလေးကို လောလောဆယ် စိတ်ကျေနပ်စေရန် နှစ်သိမ့်နေခြင်း သက်သက်ပဲ ဆိုတာ အပုလေး နားလည်ပါသည် ။
••••• ••••• •••••
၉ ။
နောက်တစ်နေ့ မနက် ၊ အန်တီလေးတို့ မပြန်ခင် ပစ္စည်း ထုပ်ပိုးသည်ကို ကူညီရန် အပု လေး အန်တီလေးတို့ အခန်းသို့ လာခဲ့ပြန်သည် ။ အခန်းဝ အရောက်တွင် အပုလေး ရောက်လာသည်ကို မသိဘဲ အန်တီလေးနှင့် အဘိုးတို့ စကားပြောနေကြသည် ။
“ အဲဒီကလေး သနားပါတယ် သမီးရယ် သမီးယောက်မနဲ့ စကားနည်းနည်း ပြောကြည့်ပါလား ။ အဖေတို့ အိမ်မှာလည်း အဖော်လိုတာ ၊ ကိုယ် မွေးထားလို့ရတာပဲ ”
“ အဖေကလဲ အဖေ့မြေး အကြီးမ ပြောတာ မကြားဘူးလား ။ သူ့ မွေးတဲ့ အိမ်တိုင်း ဒုက္ခရောက်တယ်တဲ့ ။ အဖေက ကောင်းကောင်း နေကောင်းတာလည်း မဟုတ်ဘူး ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အဖေ တစ်ခုခု ဖြစ်ရင် ဘယ်လို လုပ်မလဲ ။ အမယ်လေး မလုပ်ပါနဲ့ ။ မမွေးရဲပါဘူး အဖေရယ် ”
အပုလေးကို ကံဆိုးစေသူဟု အများ ယုံကြည်ထားသလို အယုံအကြည် မရှိသည့် အဖေ့ လိုပင် ကြင်နာတတ်သူ ဖြစ်မည်ဟု သူ ထင်ထားသော အဖေ့ညီမ အန်တီလေး၏ စကားကို ကြားလိုက်ရသည့် အခိုက်တွင် အပုလေး တစ်ယောက် ကျင်စက်နှင့် အတို့ ခံလိုက်ရသလို တစ်ကိုယ်လုံး အေးစက် ကျင်ခဲသွားသည်မှာ နှလုံးသား အထိပင် ဖြစ်တော့သည် ။
⎕ မေသနပ်ခါး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဩဂုတ် ၊ ၂၀၁၉

No comments:
Post a Comment