Sunday, March 8, 2026

သင်ပုန်းထက် က အမှား ၊ သင်တုန်းထက် က ပျား နှင့် မြင့်မြတ်မှု ဒီဂရီ


 

❝ သင်ပုန်းထက် က အမှား  ၊ သင်တုန်းထက် က ပျား နှင့် မြင့်မြတ်မှု ဒီဂရီ ❞ 
          ( မြေဝသုန် )

ချုပ်ဆည်းဆာရီ ကျွန်တော် ရွာဝင်လာစက ရင်လှိုင်းခတ်သံများသည် ယခုတိုင် တုန်ခါနေဆဲပါ ။

ရွာနှင့် ဝေးကွာ တစ်နေရာတွင် နှစ်လေးဆယ် စွန်းစွန်း နေခဲ့ရစဉ် ကျွန်တော့ ငယ်ပုံရိပ်လေးတွေကို ပြန်လည် ကောက်ကြောင်းလိုက်မိတိုင်း ကျွန်တော့် အမှတ်သညာဘဏ်တိုက်တွင်း သိုမှီးထားခဲ့သမျှ စိတ်ကူးနှင့် ရေးဆွဲခဲ့သော ပန်းချီကားလေးထဲမှ ကျွန်တော့် အိမ်ကလေးသည် ယခု မြင်ကွင်းထဲက ပျောက်နေပါသည် ။

အိမ်နေရာလေးတွင် ရေတွင်းလေး တစ်တွင်း ။ ရေတွင်းအနီး ပိတောက်ပင်ပျိုလေး တစ်ပင် ၊ ရေငင် ချိုးနေကြသော ကလေးများ ၊ လူရွယ်များကိုသာ တွေ့နေရသဖြင့် မယုံကြည် မမြင်ရက်နိုင်လောက်အောင်ပင် အံ့အားတသင့် ဖြစ်ရပါတော့သည် ။ ရွာအဝင် ပြေးဆောင့်လိုက်သော ကြီးမားပြင်းထန်လှသည့် လှိုင်းပါလား ။

“ စိတ်မကောင်းစရာတွေ တွေးမနေပါနဲ့တော့ကွာ ”

ကျွန်တော့် ခံစားမှု အတိုင်းအတာကို ချင့်တွက်မိဟန် တူသော ဘပေသီးက ချွေးသိပ်စကား ဆိုလာသည် ။

“ ဟင်းတွေ ထည့်စားစမ်းပါ ။ အောင်ရင် မင်းလည်း ထည့်စားလေကွာ ”

တို့ကနန်း ဆိတ်ကနန်း စားနေသော ကျွန်တော့် ထမင်းပန်းကန်ထဲ ဟင်းများ ခပ်ထည့် ပေးနေရင်း ...

“ ငါ့သားကြီးတို့ရော အဆင်ပြေကြရဲ့လားကွ ”

“ ကျွန်တော် ဘော်တွင်းက ထွက်လာခဲ့တာ ကြာလှပြီ ။ အဖေနဲ့အမေ ဆုံးပြီး မကြာခင် အလုပ်က ထွက်ခဲ့တာ ။ ခု ကျွန်တော့် မိသားတစ်စုလုံး ကြေးနီမိုင်း ရောက်နေတာတောင် ဆယ်နှစ် ကျော်ပြီ ။ ကျွန်တော့် ဇနီးက ကျောင်းဆရာမ ။ ကျွန်တော်က ကျူရှင် သင်တယ် ။ ဒီနှစ် နွေကျောင်းပိတ်ရက် ရွာဘက် ထွက်ခဲ့တာ ”

“ ငါ ဘယ်သိမလဲကွာ ။ ဘော်တွင်း ကနေ လာတာလားလို့ပါ ။ ငါတို့ ကလေးတွေလည်း ရွက်ကျပင်ပေါက်တွေ လိုပါပဲ ။ ဟိုကျ ဒီပေါက်နဲ့ ။ မင်းမိဘတွေ ဆုံးတာတော့ ကြားမိပါရဲ့ ။ အင်း တရားနဲ့သာ ဖြေပါ ။ သည်းခံခွင့်လွှတ်လိုက်ပါ ဆိုတဲ့ စကားလုံးတွေ ဆိုတာလည်း ပြဿနာရဲ့ ပြင်ပ လူတွေကသာ ဝင်ပြီး ပြောလေ့ရှိတဲ့ စကားတွေမို့ ငါတော့ ဘာမှ မပြောချင်တော့ပါဘူး ။ ဒါပေမဲ့ မဲထီးလေးရာ မင်းလည်း ရွာနဲ့ ဝေးရာမှာ ခေါင်းချသွားကြတဲ့ မင့်မိဘတွေကို လွမ်းဆွတ်တသမိသလို ငါလည်း မင်းနဲ့ ထပ်တူထပ်မျှ မဟုတ်ရင်တောင် မင်း ကြေကွဲဝမ်းနည်းရတာထက် မလျော့ပါဘူး ။ အထူးသဖြင့် မင့်အဖေ ငါ့အသက်သခင်ကို ”

ဟို ရှမ်းပြည်နယ် မိုင်းမြို့လေး၏ တောင်ကြိုတောင်ကြားရှိ သုသာန်လေးတွင် ကျောက်တုံးလေးများ ဖိလျက် အဖေ ၊ အမေတို့ လျောင်းစက်ရာ မြေပုံမို့မို့လေးများဆီ အတွေး ရောက်သွားခိုက် ဘပေသီး၏ မထင်မှတ်ဘဲ ထွက်လိုက်သော စကားကြောင့် ကျွန်တော့်ခေါင်း ဆက်ခနဲ ထောင်မတ်သွား၏ ။

“ ဘာ ... ဘယ်လိုဗျ ဘပေသီးရဲ့ ”

“ အင်း .. မင်း သိပြီးဖြစ်လိမ့်မယ်လို့ ငါထင်ထားတာ ။ ခုပြောပုံ ထောက်တော့ မင်းအဖေက ဒီအကြောင်း ပြောမထားဘဲကိုး"

ဘပေသီး စကားသံက ပြောနေရင်း တိုးတိတ်သွားသည် ။ ဘပေသီး၏ မျက်နှာရိပ် မျက်နှာကဲကို စူးစမ်းကြည့်တော့လည်း ဘာကို ဘယ်လို နားလည်ရမည် မသိ ။

ဟို ... ကျွန်တော် ငယ်စဉ်က ဒီနေရာလေးသည် အိမ်ရှေ့ကွပ်ပျစ်ကလေး ခင်းလို့ ။ မှတ်မိနေသေးသည် ။ ခုလို တပေါင်းလလပြည့် လဝန်းထိန်ထိန် အောက်တွင် အမေ့လို တောနေပျံကျ အလုပ်သမားများ ဖြစ်ကြသော ကိုမြတ်ကောင်း ၊ မခင်ရွှေ တို့ လင်မယားရယ် ၊ အရီးသန်းဆောင်နှင့် မချစ်ကဲ တို့ လင်မယားရယ် ၊ အမေ့အစ်မတို့ရယ် ရွာအနောက်ကပ် လျက် တောင်ကုန်းလေးထက်ရှိ တောင်ဦးလှစေတီလေးဆီက မယ်သုမနဇာတ်ထုပ် လော်စပီကာသံကို ရေနွေးကြမ်း သောက်ရင်း ၊ ပဲလှော်စားရင်း ၊ ပြောင်းဖူးဖက် ဆေးပေါ့လိပ်ဖွာရင်း နားထောင်ခဲ့ကြလို့ပေါ့ ။ ခုတော့လည်း ပြန်လည် မရနိုင်တော့သော ဘဝတွေပါလား ။

“ အင်း မင်းအဖေ မပြောခဲ့လို့သာ ပြောရမှာ ။ မင်း အဖေ မပြောခဲ့တာကိုလည်း ငါနားလည်နိုင်ပါတယ် ။ သူ့ဂုဏ်ကို သူ ပြန်ဖော်ရမလို ဖြစ်နေတဲ့ အဖြစ်ပေကိုး ”

ခုလို ဘပေသီး တစ်ယောက် လေအေးအေးလေး နှင့် စကားပြောသည်ကို မကြုံဘူးခဲ့သော ကျွန်တော့်မှာ အလွန်ကို အံ့အားသင့်နေရပါသည် ။

စင်စစ် ဘပေသီး သည် လွန်ခဲ့သော နှစ် ၂ဝ ကမှ ဘော်တွင်းသတ္တုတွင်း ဝန်ထမ်းဘဝမှ ပင်စင်ယူသွားခဲ့သူ ဖြစ်ပါသည် ။ သတ္တုမိုင်းကလေးသို့ ကျွန်တော်တို့ ရွာမှ ပထမဆုံး ရောက်သွားသူ ဖြစ်ပါသည် ။ ဘပေသီး နောက်မှ ကျွန်တော့်အဖေ ရောက်သွားခဲ့ခြင်းဖြစ်ပါ သည် ။

“ အင်း ကြာခဲ့ပြီပေါ့ကွာ ။ အဲဒီနေ့ ညဉ့်နက်ကြီး မှာပဲ ငါ ယောချောင်းပြင်ကို ဖြတ် ၊ တန့်ကြည့်တောင် ကို ကျော် ၊ ဧရာဝတီကမ်းခြေက အရာတော် အရောက် ပြေးခဲ့တယ် ။ ဒီကနေမှ ဘော်တွင်းကို ရောက်သွား ခဲ့တာ ။ အဲဒီတုန်းကဆို ငါသေခဲ့မယ် ဆိုရင် ကြာကြာလှပေါ့ ”

ကျွန်တော့်မှာ ဘပေသီး၏ စကားရေ အလျင်မှာ မျောပါနေလိုက် ၊ မိုင်းမြို့လေးတွင် နေစဉ်အခါက ဘပေသီး၏ အနေအထိုင် ၊ အပြုအမူ ၊ အပြောအဆိုတွေကို ပြန်လည် မြင်ယောင်နေလိုက်နှင့် ။ ဘပေသီး နှင့် ကျွန်တော့်အဖေတို့သည် နောက်မှ ရောက်လာကြသော ဆိပ်ဖြူနယ်သူနယ်သားများ၏ အမိအဖ သဖွယ်ပင် ။ မင်္ဂလာစေ့စပ်ကြောင်းလမ်းရေး ၊ လက်ထပ်ထိမ်းမြား အခမ်းအနားများတွင် ဖြစ်စေ ၊ ကလေး ကင်ပွန်းတပ် ၊ အလှူ အသုဘ အခမ်းအနားများတွင် ဖြစ်စေ ၊ ရွာတွင် တစ်နှစ်တစ်ကြိမ်ကျင်းပသော သီတင်းကျွတ်ပွဲတော်ရက်တွင် အဝေးရောက် နယ်သူ နယ်သားများ၏ ပဒေသာပင် ဖြစ်မြောက်ရေးတွင် ဖြစ်စေ ၊ ဘုရား ၊ ကျောင်း ၊ ရွာမီးထွန်းလင်းရေး အတွက် မီးစက်ဝယ်ယူရန် ရန်ပုံငွေကောက်ရေးတွင် ဖြစ်စေ အစစအရာရာတွင် ဦးစီးလုပ်ကိုင်ကြပါ သည် ။ ထိုသို့ ကြိုးပမ်း လုပ်ဆောင်ကြရာတွင် ဘပေသီး သည် အဖေ့စကား ၊ အဖေ့သဘောထားတို့ကို အလွန် အရေးထား ဆက်ဆံခဲ့သည်ကို ကျွန်တော် သတိထားမိခဲ့ပါသည် ။

ဒီအကြောင်းကို တစ်နေ့တွင် ကျွန်တော် အမေ့အား ဖွင့်ဟ မေးကြည့်ခဲ့ဖူးရာ “ ပေသီးက အလွန်ကျေးဇူး သိတတ်တာကိုး ” တဲ့ ။ ဒီစကားက လွဲ၍ အမေ ဘာမှ ထပ်မပြောခဲ့ပါ ။

ကျွန်တော် မေ့မရနိုင်သော မြင်ကွင်းလေးတစ်ကွက်လည်း ဖျတ်ခနဲ ပေါ်လာပြန်ပါသည် ။ ထိုနေ့သည် ဘပေသီး လုပ်သက်ပြည့် ပင်စင်ကျပြီး အိမ်ထောင်ကိုယ်စီ ကျပြီး ဖြစ်သော သူ့သားကြီး နှင့် သမီးလတ်တို့ကို မိုင်းမြို့လေးမှာတင် ထားခဲ့ကာ ရွာကို အပြီး ပြန်ကြသည့်နေ့ပါ ။ မိုင်းမြို့လေး၏ မီးရထား ဘူတာရုံသို့ ကျွန်တော်တို့ တစ်မိသားစုလုံး လိုက် ပို့ဆောင်ကြသည့်နေ့ပါ ။

“ ပေသီး ၊ မင်းကမှ ကိုယ့်ရပ်ကိုယ့်ရွာရိပ်ကို ပြန်ပြီး ခိုဝင်ရသေးတယ်နော် ”

“ သိန်းညွန့် ၊ ကြုံရင် ရွာဘက်ကို လှည့်မိအောင် လှည့်ခဲ့ဦးကွာ ”

ဘပေသီး နှင့် အဖေတို့ စကားများကို ကျွန်တော် မေ့ပျောက်နိုင်စွမ်းမရှိခဲ့ပါ ။

“ အင်း ၊ လွန်ခဲ့တဲ့ ၁၉၆ဝ ဝန်းကျင်က ဗမာပြည်မှာ ပါတီတွေကများ ဆိုတဲ့ အချိန်ပါပဲ ။ အတွင်းမှာလည်း တစ်ပါတီက သန့်ရှင်းတဲ့ ။ ကျန်တဲ့ပါတီက ညစ်ပတ်တဲ့ သဘောပေါ့ ။ တစ်ခုက တည်မြဲ ဆို ကျန်တဲ့ ပါတီက ဖောက်လွဲဖောက်ပြန် သဘောပေါ့ ။ အပြင်မှာလည်း တစ်ခုက နီရင့်ရင့် ၊ တစ်ခုက ပန်းရောင်ဖျော့ဖျော့ ၊ တစ်ခုက ဖြူ ၊ တစ်ခုက ဝါ နဲ့ ၊ အရောင် အသွေးစုံလို့ ။ မိုးဦးကျပေါက်တဲ့ မှိုကြက်တောင်တွေ လိုပါပဲ ။ ဘယ်နယ်က ဘယ်ပါတီ အောက် ၊ ဘယ်အရပ်က ဘယ်အရောင် အောက်နဲ့ ။ ငါတို့ ရွာဆိုလည်း ဘယ်သူက အလံနီ ၊ ဘယ်ဝါက ကွန်မြူနစ် ၊ မောင်က က ရဲဘော်ဖြူ ၊ မောင်ခ က ရဲဘော်ဝါ နဲ့ ။ ရွာကတော့ ဆူးကြားက ဘူးခါးလေးပါပဲ ။ ဘယ်ဘက် လှိမ့်လှိမ့် ဆူးစူးရတဲ့ ဘဝပဲ ။ ရွာအနောက်တံခါးက ဒီအဖွဲ့က ထွက်သွားလိုက် ၊ ရွာအရှေ့တံခါးက ဟို အဖွဲ့က ဝင်လာလိုက်နဲ့ ။ သူ ဝင်လာရင် ‘ ဟိုဘက်ကလား ’  စွပ်စွဲပြီး ထိုးလိုက်ကြိတ်လိုက် ။ ကိုယ် ဝင်သွားရင် ‘ ဒီဘက်ကကိုး ’ စွပ်စွဲပြီး ကန်လိုက် ကြောက်လိုက် ။ ဒီလိုနဲ့ လူစဉ်မမီ ၊ လူလုံးမပီ အသက်ရှင် ကျန်ခဲ့တယ်ဆိုရုံ ကျန်ခဲ့တဲ့ လူတွေ ဒီနေ့ထိ သက်သေထူနိုင်သေးတယ် ။ တကယ်တော့ သေကြေခဲ့ကြရတာက အပြစ် မရှိတဲ့ နွားညိုနွားပြာသမားတွေ ပဲလေ ”

စကားကို အလျဉ်မပြတ် ပြောလိုက်ရ၍ မောသွားဟန် တူ၏ ။ ဘပေသီးက ရေနွေးကြမ်း တစ်ခွက် ငှဲ့သောက် နေပြန်သည် ။ ကျွန်တော့် အတွေးများက ဘပေသီး ပြောနေသော အတိတ်ဆီ ပြန်ရောက်သွားပြန်၏ ။ ကျွန်တော်မွေးသည့် နှစ်မှာ ၁၉၅၄ ။ ကျွန်တော့်အသက် ခြောက်နှစ် ဝန်းကျင် ရှိမည် ။ သိပ်ပြီး ပီပြင်ကြည်လင်ခြင်းတော့ မရှိ ။ မှုန်ရေးရေးတော့ မှတ်မိနေသေးသည် ။ ညဉ့်နက်ပိုင်း ဆိုလျှင် ကျွန်တော်တို့အိမ်သို့ အဖေ့တိုက်ပွဲပျော်တို့ ရောက်လာလေ့ရှိသည် ။ သူတို့ လာလျှင် ကျွန်တော် အလွန်ပျော်သည် ။ သူတို့ လာကြလျှင် ပိန္နဲသီး ၊ သရက်သီး အသီးတွေ ပါလာတတ်သည် ။ ဂျီ ၊ သမင် ၊ ဆတ် ၊ ယုန် ၊ တောကြောင်သားတွေ ပါလာတတ်သည် ။ အမေ့မှာ မီးဖိုချောင်ထဲက မထွက်ရ ။ ချက်ပြုတ်ကင်စားသောက်ကြနှင့် ။ ဝိုးတဝါးမျှပါ ။

“ အဲဒီတုန်းက ငါက အလံနီ ၊ မင်းအဖေက ကွန်မြူနစ် ။ ငါက လက်နက်ကိုင် ဘဝနဲ့ တောထဲမှာ နေရတာ များတယ် ။ မင်းအဖေက ဆန်ကုန်သည်ဘဝနဲ့ မြေပေါ်မှာပဲ လှုပ်ရှား နေရတယ် ။ ဒါက ငါတို့ချင်းပဲ သိကြတာ ။ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့က လူကြီးချင်း သဘော မမျှရင် တိုက်လိုက်ကြ ၊ လူကြီးချင်း သဘော မျှရင် ရှောင်လိုက်ကြ ၊ ဒီအဖြစ်ကြုံတော့ လူကြီးချင်း ကျောင်းတုန်းက နားရွက်တံတွေးဆွတ်ခဲ့တာတွေနဲ့ မကျေမလည် ဖြစ်နေကြတဲ့အချိန် ”

သူ့အရွယ် ၇ဝ စွန်းစွန်းကိုပင် မေ့လျော့နေဟန် တူ၏ ။ ငယ်အရေး ငယ်သွေးတွေ ပြန်လည်ဆူပွက်လာပုံရသည် ။ ငယ်ဟန်ငယ်မာန်တွေ ပါလာ၏ ။ အသံတွေ ပြင်း ၊ ကျယ်လာ၏ ။ ကြိုးစပြတ်တောက်ပြီး ဟိုဟိုဒီဒီ ပြန့်ကျဲသွားသော ပုတီးစေ့လေးများ ကို ကောက်ယူပြီး ပြန်လည် သီကုံးနေသလိုမျိုး ၊ ညစဉ် ထပ်ချည်းတလဲလဲ မက်ခဲ့သော အိပ်မက်ဆိုးကို ပြန်ပြောနေရသလိုမျိုး အထစ်အငေါ့ ၊ အတန့်အရပ်မရှိ ။

“ အဲဒီနေ့ ညနေ ညီအစ်ကို မသိတသိ မှောင်ရီ ဝိုးတဝါး အချိန်လေးမှာ ရွာတောင်ပိုင်း ငါ့မိသားစုလေးရဲ့ အိမ်ကို တိတ်တဆိတ်ဝင်တယ် ။ ကွန်မြူနစ်တွေ ရွာထဲကို ဘယ်အချိန် ဝင်လိုက်တယ် မသိဘူး ။ ညပိုင်း ငါ့အိမ်ကို လာပြီး ဝိုင်းတော့ ငါ အိပ်ပျော်နေတယ် ။ ငါ့ကို ဖမ်းတယ် ။ သူကြီးအိမ်က တင်းကုပ်ထဲမှာ တိုင်မှာ ကြိုးနဲ့ တုပ်ထားတယ် ။ မနက်ပိုင်း လေးနာရီလောက်မှာ ရွာက ထွက်မယ် ။ ရွာနဲ့ ခပ်လှမ်းလှမ်းမှာ ငါ့ကို သ,တ်ခဲ့မယ်ဆိုတာ သိရတယ် ။ ဆောင်းလည်း ဆောင်း ၊ ဘယ်လောက် ချမ်းလိမ့်မလဲ ဆိုတာ စဉ်းစားသာ ကြည့်တော့ ။ ဒါပေမဲ့ ငါ့တစ်ကိုယ်လုံးမှာ ချွေးတွေ ရွှဲနစ်လို့ ။ သေရဲတာ အလံနီ ဆိုပေမဲ့ နောက်ဆုတ်ရင်း အော်သွားရတဲ့ အကြိမ်တွေလည်း အများကြီးပဲ ။ ငါ့ ဇနီး မျက်နှာ မြင်ယောင်လာလိုက် ၊ ငါ့သား မျက်နှာ မြင်ယောင်လာလိုက်နဲ့ ။ ဒီ ဘဝ ဒီမျှနဲ့သာပေါ့ ၊ စိတ်လျှော့မာန်လျှော့ပြီး နေတော့တာပေါ့ကွာ ”

“ လူတွေ အိပ်မောကျလို့ အကောင်းဆုံး ညဉ့်နှစ်နာရီကျော်လောက်မှာ ငါ့နောက်နားပိုင်းတန်း ဟိုဘက်က အသံသဲ့သဲ့ ကြားလိုက်ရတယ် ။ ခြေသံ က အတော့်ကို လုံတယ် ။ ငါ စောင်းငဲ့ ကြည့်လိုက်တယ် ။ ပိုင်းတန်းကြားက မင်းအဖေကို မြင်လိုက်တယ် ။ ဓားမြှောင်တစ်ချောင်း ငါ့ရှေ့ရောက်လာတယ် ။ သူလည်း လှစ်ခနဲ ပျောက်သွားတယ် ။ ဒီလိုနဲ့ပဲ ”

“ ကျွန်တော်တို့လို လူလတ်ပိုင်းတွေတောင် ဒီအဖြစ်အပျက်ကို မကြားမိဘူး ဘ ”

“ အောင်ရင်ရာ ၊ အဲဒီအချိန်က လူကြီးတွေတောင် သိတဲ့သူ နည်းတယ် ”

“ အဲဒီတုန်းက ဘနဲ့ အရီးလေးသိန်းညွန့် တို့က တစ်ပါတီ ဆီကဆို ၊ အရီးလေးက ဘကို ဘာလို့ ကယ်ခဲ့ရတာတုန်း ”

“ ပေသီး ငါတို့ဟာ အဓမ္မတရားတွေ ကြီးစိုးနေလို့သာ ငါတို့ တိုက်ပွဲဝင်နေကြရတာ ။ တကယ်တော့ မင်းနဲ့ ငါဟာ တစ်မြေတည်းနေ ၊ တစ်ရေတည်း သောက် ၊ တစ်ခုတည်းသော အကျိုးစီးပွားကို တည်ဆောက်နေကြတာ ။ တကယ်တော့ လူမျိုးရဲ့သွေးတူ ၊ အကျိုးတူမှုကိုသာ ဦးတည်နေရမှာတဲ့ ။ မိုင်းမြို့လေး ရောက်တော့ မင်းအဖေ ငါ့ကို ပြောခဲ့တာ ”

“ ဘပေသီး ၊ ကျွန်တော်တို့ကို ခွင့်ပြုပါဦး ”

“ မဲထီး ၊ ရွာမှာ ဘယ်လောက်နေဦးမလဲ ”

“ သုံးရက်လောက်ပါပဲ ဘ ”

“ အေး ၊ အေး ၊ မင်း မပြန်ခင် မင်းဆီ လာခဲ့ဦး မယ် ။ မင်းအဖေ သူငယ်ချင်းတွေ ဖြစ်တဲ့ ဘပုညို ၊ ဘသံဇုံ တို့ ဆီလည်း သွားမိအောင် သွားလိုက်ဦး ။ သူတို့ တစ်တွေက ညီအစ်ကိုတွေလို နေခဲ့ကြတာ ။ မင်းတို့ လူငယ်တွေ မထင်မှတ်တဲ့ အကြောင်းတွေ ကြားရ သိရလိမ့်မယ် ”

အညာနွေ မြေပူများထဲ ညဉ့်လေချိုလေး သန်းလိုက်သဖြင့် အေးမြသွား၏ ။

ကောင်းကင်တွင် အစောပိုင်းက တိမ်ညို တချို့ မရှိတော့ ။ တိမ်မည်းတချို့ ပြယ်လွင့်သွားခဲ့ပြီ ။ ကောင်းကင်၏ ပကတိ အရောင်ပြာလဲ့ ကြည်လင်နေသည် ။ ထိုစဉ်အခိုက် ကျွန်တော့် နှလုံးသားသည်လည်း နူညံ့သိမ်မွေ့လွန်းနေ၏ ။ ယနေ့လို လက်နက် ပါဝါ ၊ လူမျိုးကြီး ပါဝါ ၊ နိုင်ငံကြီး ပါဝါ ပါဝါတွေ အားပြိုင်နေကြချိန်တွင် မြင့်မြတ်မှုနှင့် ညှိကြမှသာ ထာဝရငြိမ်းချမ်းရေး တံတားလေး ပေါ်လာနိုင်မည်ဟု အတွေးကွန်ရက် ဖြန့်ကြက်နေမိသည် ။

▢  မြေဝသုန်
📖 ရနံ့သစ် မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၂

No comments:

Post a Comment