Friday, March 13, 2026

လိပ်ပြာရနံ့


 ❝ လိပ်ပြာရနံ့ ❞

 ( တိုးနှောင်မိုး )


ချမ်းသာစွာလျှင် အိပ်ရခြင်းနဲ့ .. နိုးရခြင်းလည်း ချမ်းသာစွာ .. အိပ်မက်ဆိုးတွေ မမြင်မက်ဘဲ .. လူလည်း နတ်လည်း ချစ်ခင်တာ ... နတ်တွေဆိုလျှင် အစဉ်စောင့်၍ ... လက်နက် အဆိပ်ဘေးကင်းကွာ စိတ်တည်ကြည် ကာ မျက်နှာလှလို့ … မတွေဝေက သေကဗြဟ္မာရွာ ။

         ( ကြေးစည်သံ )


မေတ္တာဆိုတာ ကြိုင်ကြိုင်မွှေးတဲ့ ခိုင်ခိုင်လေးနဲ့ ပန်း တွေလို ... လေအောက်သက်ညှာ ဘယ်မရွေ့ဘူး .. တကယ် မွေးတဲ့ ဗြဟ္မာဆို …. သူသူ ငါငါ မှန်သမျှတို့ ပန်ကြဆင်ကြ နေ့တိုင်းလို … မေတ္တာအကျိုး ဂုဏ်တန်ခိုး ပြည့်ဖြိုးရစေလို .. အဲ့ဒါကြောင့် ဘေးကင်းရာကင်း အောင်ခြင်းမေတ္တာဆို ။

          ( ကြေးစည်သံ )


ရထားဥသြသံ တစ်ချက် ကြားရပြီး လမ်းထဲသို့ ချိုးကွေ့ ဝင်လိုက်သည်နှင့် အမေ့ရဲ့ မေတ္တာပို့သံဟာ ကြေးစည်သံချိုချိုဖြင့်အတူ နံနက်ခင်း ပန်းရနံ့များကြား၌ အေးမြတည်ကြည် ငြိမ်းချမ်းလျက် ဟိုးယခင် သူငယ်ချင်း ဘုန်းမြတ်ကျော် နဲ့ အတူ ကျွန်တော်တို့ ဒီမြို့လေး ကို လိုက်လာတိုင်း ယခုလို မြို့လေးကို ခြေချမိသည်နှင့် အမေ့အသံနဲ့တင် လန်းဆန်းတည်ကြည်အေးမြနေသည် ။ ကျွန်တော်တို့ အားလုံးရဲ့ အမေ ဆိုလျှင် မမှား ။ ငဘုန်းရယ် ၊ ကျွန်တော်ရယ် ၊ သန်းဇော်ရယ် ၊ စံနီရယ် ဆိုပြီး သူငယ်ချင်း လေးယောက် စက်မှုတက္ကသိုလ်တွင် တွေ့ခဲ့ကြသည် ။ ကျွန်တော်က ပြည် က ၊ သန်းဇော် နဲ့ စံနီ က တောင်ငူ က ငဘုန်း ကတော့ ကျွန်တော် ယခု ရောက်နေတဲ့ မြို့လေးကပေါ့ ။


အမေဟာ သူ့သား ငဘုန်းနဲ့ သူငယ်ချင်းတွေကို သူ့ သားကဲ့သို့ ကြင်နာချစ်ခင်၏ ။ အမေဟာ ရိုးသားတည်ကြည်သူ ၊ အမှန်တရားကို ယုံကြည်သူ ၊ ဘုရားတရားကို ကိုင်းရှိုင်းသက်ဝင်သူ ၊ လေအေးအေးဖြင့် အရာရာကို အကောင်းမြင်တတ်သူဖြစ်သည် ။ အမေ့ရင်ထဲတွင် တကယ်ကို သီချင်းထဲကလို ရာသီအလိုက် ပန်းလေးတွေ ပွင့်ကြပေမယ့် တစ်ကြိမ်တစ်ခါက ကျောင်းဆရာမကြီး ဖြစ်ခဲ့ဖူးတယ် ဆိုတာ တမင် မေ့၍ သူ့ဘဝ ဖြစ်သော သူ့ရင်သွေးတွေကို တစေ့တစောင်း အကဲခတ်ရင်း ကောင်းရာ ညွှန်တတ်ဆိုတဲ့ စကားအတိုင်း နေထိုင်သူဖြစ်သည် ။


ကျောင်းတုန်းက ဘုန်းမြတ်ကျော် အိမ်ကို ပြန်တိုင်း လိုလို တစ်ယောက်ယောက် ဖြစ်စေ ၊ တစ်ဖွဲ့လုံး ဖြစ်စေ ဘုန်းမြတ်ကျော်တို့ မြို့လေးကို လိုက်လည်ဖြစ်ကြသည် ။ အဲ့ဒီတည်းက ကြားနေရတတ်တဲ့ အမေ့ရဲ့မေတ္တာပို့သံဟာ မပြောင်းလဲ ။ ပို၍ တည်ကြည်အေးချမ်းလာတာတော့ သတိထားမိ၏ ။ အမေသည် ခန့်မှန်းရ ခက်သော အမျိုးသမီးလည်း ဖြစ်သည် ။ အမေ့ စိတ်ထဲတွင် ဘာ ပူပင်သောကပဲ ရှိရှိ အမြဲ မြိုသိပ်နေတတ်သူဟု ဆိုလျှင်ရသည် ။ မိမိ အပူကို သူတစ်ပါးဆီ မကူးစက်အောင် အမေက အမြဲ နေထိုင်တတ်သည် ။ ကျွန်တော်တို့ သူငယ်ချင်းတွေ ရံဖန်ရံခါ ထန်းရေ သောက်ပြီး ရီဝေစွာ အိမ်ပြန် လာလျှင် အမေက မသိလိုက်ဘာသာ နေပြီး အခေါ် အပြော ဆက်ဆံရေး မပျက် ။


အမေသည် သားတစ်ဦး ၊ သမီးသုံးယောက်၏ မိခင် ဖြစ်သည် ။ ဘုန်းမြတ်ကျော် မှာ အကြီးဆုံး ဖြစ်ပြီး စံပယ် ၊ ခတ္တာ ၊ ခွာညို ဟူသော ပန်းသုံးပွင့်ရဲ့ မိခင်လည်း ဖြစ်သည် ။ ပင်စင်စား ကျောင်းဆရာမကြီးဖြစ်ပေမယ့် အမေသည် သိုးမွှေးဆွယ်တာစက်ဖြင့် ဆွယ်တာထိုးရင်း သားကို စက်မှုကျောင်း ပို့နိုင်သလို သမီး သုံးယောက် ကိုလည်း မငြိုမငြင် ကျွေးမွေးပညာသင်လာသူ ဖြစ်သည် ။ တိတ်ဆိတ်သော ပန်းနုရောင်တို့၏ အော်သံတွင် ကျွန်တော်တို့ သူငယ်ချင်းတစ်စု စိန်ပန်းပင်ကြီးတွေလို ရဲနေအောင် ပွင့်ဖြစ်ကြသောအခါ အမေက ဧရာဝတီ၏ တည်ငြိမ် ခြင်းမျိုးဖြင့် မကန့်ကွက် မငြင်းဆန်ဘဲ လမ်းမှန် ကိုပင် ခွန်အားအဖြစ် တိုက်တွန်း အားပေးခဲ့သေးသည် ။


ဒီမြို့လေးတွင် အမေ့ကို မသိသူ မရှိ ။ အမေသည် တိကျ၍ ပြတ်သားသူ ။ ရိုးသား၍ အကောင်းမြင်သူ ။ အမေ့ကို ဆရာမကြီး ဟူ၍ အားလုံးက တလေးတစား ကြည်ညိုစိတ်ဖြင့် ခေါ်ကြသည် ။ အမေသည် ဘယ်သူ့ အပေါ်မှ မဟုတ်တာ မလုပ် ။ သူတစ်ပါး မဟုတ်တာ လုပ်လျှင်လည်း လက်မခံ ၊ ပင်စင်စား ကျောင်းအုပ်ဆရာမကြီး ဖြစ်သော်လည်း လူငယ်တွေကို လူငယ်လို မြင်တတ်ပြီး လွတ်လပ်မှုကို မြတ်နိုးသော ပညာတတ် အမျိုးသမီး တစ်ဦး ဖြစ်သည် ။


ဒီမြို့လေးကို ရန်ကုန်မှ လာသော ရထားသည် နံနက် ငါးနာရီခွဲတွင် ဝင်ပြီး ဘူတာမှ အမေ့ အိမ်သို့ ၁ဝ မိနစ် လမ်းလျှောက်လျှင် ရောက်သည် ။ ရေကန်ထဲရှိ ကြာပွင့် တို့ စတင်ပွင့်ဖို့ အားယူနေသော နံနက်ခင်းတွင် အမေ၏ မေတ္တာပို့သံနှင့် ကြေးစည်သံ လွင်လွင်က အမြဲတမ်း ကျွန်တော်တို့ကို ကြိုဆိုတံခါးဖွင့်ထားသော ကောင်းကင် တစ်ခု၏ အလင်းတစ်စပင်ဖြစ်သည် ။ ယခုလည်း အမေ့သား သူငယ်ချင်း ကျွန်တော် အမေ့ဆီ ခေတ္တ ရောက်လာပြန်ပြီ ။ ဒါကို အမေက ကြို သိနေသလား မသိ ။ အမေ့ အိမ်ရှေ့ရောက်တော့ တံခါးဝနားတွင် အမေက ကျွန်တော့်ကို စောင့်ကြိုနေသလို နံနက်ခင်းအလင်းစ၏ အာရုံသစ်ရနံ့တွင် တွေ့ လိုက်ရ၏ ။ ကျွန်တော်နဲ့ ကျွန်တော့် နံနက်ခင်းတွင် အမေသည် ပန်းလို ပွင့်နေသည် ။


တကယ်တော့ ကျွန်တော် အမေ့ဆီ ရောက်လာခြင်း မှာ သူငယ်ချင်း ဘုန်းမြတ်ကျော် သေဆုံးသွားပြီးနောက် ပထမအကြိမ် ရောက်လာခြင်း ဖြစ်သည် ။ ငဘုန်းသည် ဖျားနာချိနဲ့၍ အင်အားကုန်ခမ်းသော နှလုံးခုန်မှု အားနည်း ကာ လွန်ခဲ့သော လ အနည်းငယ်က အမေ့မြို့ကို ပြန်မည့် ဆဲဆဲ ရန်ကုန်ဆေးရုံကြီး၌ ကျွန်တော့် လက်ပေါ်တွင် ကွယ်လွန်ခဲ့သည် ။ ထို့နောက် ဈာပနတွင် အမေနဲ့ တွေ့သော်လည်း စကားကောင်းကောင်း မပြောဖြစ်ကြ ။ အားလုံးက ဈာပန အပေါ်တွင် အာရုံ ရှိနေကြသည် ။ ထိုစဉ်က အမေသည် သူ့သား အတွက် ပူဆွေး သောက ရှိနေသော်လည်း တည်ငြိမ်အေးချမ်းသော မေတ္တာဖြင့် ဝမ်းနည်းပူဆွေးခြင်းကို ငြိမ်သက်စွာ ကျော်ဖြတ်နေ၏ ။ အမေ့ မျက်ဝန်းထဲ၌ မျက်ရည်များ ရှိနေသော်လည်း သူ့သား ဘုန်းမြတ်ကျော် အတွက် တဝေါဝေါ သွန်မချ ။ ငြိမ်သက်စွာပင် သူ့သားကို ငေးလျက် အမေ့ရင်ထဲ ဘယ်လောက် ပူစေသလဲဆိုတာ မြင်ရုံနဲ့ သိနိုင်သည် ။


စံပယ်နှင့် ခွာညိုတို့ နှစ်ယောက် မျက်ရည်မဆည် ၊ ခတ္တာက စာမေးပွဲကြောင့် မလိုက်နိုင် ။ ဘုန်းမြတ်ကျော် ၏ ချစ်သူ မြတ်လေးရုံ ကတော့ ဘဝကို တရှုံ့ရှုံ့ဖြင့် ကျောပေးလိုက်ရပြီ ။ မသေသင့်ဘဲ ယုံကြည်ချက်ကြောင့် ဘဝကို ရေဆန်အတိုင်း ရွှေ့ယူရင်း စနစ်ဆိုးရဲ့ တစ်ဖက်သတ် အမှောင်ဖိအားနဲ့ ဘုန်းမြတ်ကျော် တစ်ယောက် ကြယ်တစ်ပွင့်လို ကြွေလွင့်သွားခဲ့သည် ။


အမေက ပြန်ခါနီးတွင် ကျွန်တော်တို့ သူငယ်ချင်းတွေကို အံ့ဩစရာ စကားတစ်ခွန်း ပြောသွားသည် ။ ထိုစကားလုံးကြောင့် ယခု အမေ့ထံ ဤမြို့လေးဆီ ကျွန်တော် ရောက်လာခြင်း ဖြစ်၏ ။ ကျန်တဲ့ သူငယ်ချင်းများက သူ့အလုပ်ကိစ္စနဲ့ သူမို့ မလိုက်ဖြစ် ၊ တချို့ကလည်း ခရီးလွန်နေသောကြောင့် မလိုက်ဖြစ် ။ ကျွန်တော့် ကိုသာ အမေ့ဆီ သွားဖို့ လွှတ်လိုက်ခြင်း ဖြစ်သည် ။ တစ်ညလုံး ရထား စီးသောကြောင့် ကျွန်တော့်စိတ်တွေ နုံးနေနွမ်းဖတ် နေသော်လည်း အမေ၏ မေတ္တာပို့သံ ပြီးတော့ အမေ့ မျက်နှာ မြင်လိုက်သောအခါ အားလျော့နုံးခွေမှုတို့သည် ဘယ် ရောက်သွားမှန်း မသိတော့ ။ တိမ်ကင်းစင်သော ကောင်းကင်လို ကြည်လင်သွားသည် စောစောက စိတ်အားငယ်မှု ၊ ပင်ပန်းနွမ်းနယ်မှုများ ၊ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွား၏ ။ တံခါးဝမှ ဆီးကြိုနေသော အမေက ...


“ သား ကိုကြိုင် ရောက်လာလိမ့်မယ်လို့တော့ အမေ ထင်သား ။ ဘူတာကို ရထားဝင်လာတုန်းက အမေ့စိတ်တွေ ဘုရားဝတ်ပြုရင်း ဘူတာကိုတောင် ရောက်သွားသေးတယ် ”


အမေက ကျွန်တော် ရောက်မှာကို ကြိုသိနေတာပဲလို့ ကျွန်တော့် စိတ်ထဲက ရေရွတ်မိ၏ ။ လာ …. သား ဟု ကျွန်တော့်ကို အမေက ခေါ်ပြီး သူ့သမီးတွေကို လှမ်းခေါ်သည် ။


“ စံပယ်တို့ရေ ... ဒီမှာ နင်တို့ အစ်ကို ကိုကြိုင် ၊ အောင်သက်ကြိုင် ရောက်နေတယ် ”


အမေ့အသံကို ကြားရသော ကျွန်တော်သည် မိမိ အိမ်ကို ပြန်ရောက်သွားသလို ရင်ထဲ၌ ငြိမ့်ခနဲ လှိုက်ခနဲ ကြည်နူးသာယာသွား၏ ။ ငဘုန်း ညီမတွေကို ကျွန်တော့် ညီမတွေလို ဟိုတုန်းတည်းက ခင်ပြီးသား ။ ကျွန်တော့်ကို မြင်တော့ ငဘုန်း အသုဘတုန်းက စာမေးပွဲရက်နဲ့ တိုက်နေလို့ မလိုက်ဖြစ်သော မိခတ္တာက ငိုသည် ။ ကျွန်တော်ပါ ရင်ထဲက လှိုက်တက်လာပြီး နှလုံးသားထဲက တိမ်တွေ ညို့တက်လာသလို ဝမ်းနည်းလာ၏ ။


ငဘုန်းကို သတိရလာသည် ။ မိခွာညို နဲ့ မိစံပယ် တို့ပါ မျက်ရည်ကျကုန်သည် ။ တိတ်ဆိတ်နေသော သူတို့၏ ရေပြင်ညီကို ကျွန်တော် လှုပ်မိသလို ဖြစ်နေပြီလား ။ ထိုအခါမှာ အမေက …


“ ပြီးတာတွေလည်း ပြီးခဲ့ပါပြီကွယ် .. ငိုမနေကြပါနဲ့တော့ ၊ အမေတောင် တရားနဲ့ ဖြေနိုင်သေးတာ သမီးတို့လည်း ဖြေလို့ရအောင် ကြိုးစားပြီး ဖြေပေါ့ ”


အမေ့ရဲ့ ခိုင်မာသော စိတ်ကို ကျွန်တော် ချီးကျူး ဂုဏ်ယူမိသည် ။ သားတစ်ယောက်လုံး သေခဲ့သော အမေက ရင်ထဲရှိ မီးတွေကို ထိန်းပြီး မြိုသိပ်ထားနိုင်၏ ။ ကျွန်တော်တောင် သူငယ်ချင်း အတွက် ဗလောင်ဆူဆဲ ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ဆိတ်ဖလူးရနံ့ တိုက်ပွဲများက တစ်ဦးနဲ့တစ်ဦး ညီအစ်ကိုရင်းလို ထားနိုင်မှ ။ ညီအစ်ကို ထက်ပိုသော ရဲဘော်စိတ်က ဖြေရ ခက်သည် ။ ငဘုန်း သေသွားတာကို ဝမ်းနည်းကြေကွဲ ယူကျုံး မရရုံ မက ဒေါသထွက်နေဆဲ ။ နာကျင်နေဆဲ ။ အမေ ကတော့ လူ့ဘဝ ဆိုတာ ဒီလို မတရားမှုတွေ ရှိနေတတ်တာပဲ ဟူသော ကံကြမ္မာကို ကျင့်သားရ နားလည်နေပုံရသည် ။ အမေသည် အိမ်ရှေ့ရှိ ပန်းမန်များကို ရေလောင်းနေ၏ ။ ညီမတွေက သူတို့ လုပ်စရာ ရှိတာတွေကို လုပ်နေပြီး အငယ်မ မိခွာညိုက ကျွန်တော် ထမင်းကြမ်းစားဖို့ အကြော် သွားဝယ်သည် ။ ထမင်းကြမ်းမစားခင် မိခတ္တာ က ကော်ဖီတစ်ခွက် ဖျော်ပေး၏ ။


အမေ့ခြံစည်းရိုးရှိ ဒန်းကြီးပန်းရနံ့များက လေညင်း နဲ့ အတူ အိမ်ထဲ ဝင်လာပြီး ကျွန်တော့် စိတ်ကို ကော်ဖီ တစ်ခွက် အရင် လန်းဆန်းစေခဲ့သည် ။


ထမင်းကြမ်း စားပြီးသောအခါ ကျွန်တော်က ဆယ် နာရီကောင်နဲ့ ပြန်မှာ ဆိုတော့ အမေ့ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးတာ မြင်လိုက်ရသည် ။ အမေ့မျက်ဝန်းထဲတွင် ကြွေသွားသော ကြယ်တစ်စင်းကို တွေ့ လိုက်ရ၏ ။ အမေ့ ရင်ထဲ၌ ပန်းခင်းကြီး ဘယ်နှစ်ခု နွမ်းလျခဲ့ပြီလဲ ။ အရိပ်ထဲတွင် ဖြစ်ထွန်းခဲ့သော အတိတ်သည် တကယ်ပဲ ရန်ကုန်တွင် ဘုန်းမြတ်ကျော် ဈာပန၌ ပြောခဲ့သလို ငဘုန်း မဆုံးခင် ဒီကို တကယ်ပဲ ပြန်လာခဲ့သလား ။


တကယ်တော့ ကျွန်တော်တို့နှင့် ဘုန်းမြတ်ကျော် အတူတူ ထွက်လာပြီး နာမကျန်းဖြစ်တဲ့ အချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းများက အနားတွင် အမြဲ ရှိနေသည် ။ အထဲက ဒဏ်ရာတွေက အပြင်တွင် ဝေဒနာအစကို ဆွဲထုတ်ခဲ့ သည် ။ ဆရာဝန်ကြီးများက အစွမ်းကုန် ကုသခဲ့သော် လည်း နှလုံးသွေးခုန်နှုန်း အားနည်းသော ဘုန်းမြတ်ကျော် ၏ နှလုံးသားသည် မာကျောသော်လည်း သေမင်းအား နိုင်အောင် တုပြိုင်၍ မရတော့ ။ ဘုန်းမြတ်ကျော် ကျွန်တော့် လက်ပေါ်တွင် အသက်ထွက်ခဲ့ပါသည် ။ သို့သော် အမေ့ ဆီသို့ သတင်းပို့ပြီး အမေတို့ ရောက်လာကာ သင်္ဂြိုဟ်ပြီး ၍ ပြန်တော့မှ မသေခင် ရှေ့ရက်က ငဘုန်း သူ့မွေးဇာတိ မြို့လေးကို ပြန်ရောက်လာပြီး ချက်ချင်း ပြန်သွားသည် ဟု အမေက ပြောသောအခါ ကျွန်တော်တို့ အံ့သြရ၏ ။


တကယ်ပင် ဒီမြို့လေးကို ငဘုန်း ပြန်ရောက်ခဲ့သလား ။ အမေပဲ စိတ်စွဲ နေလို့လား ဆိုတာ သူငယ်ချင်း အားလုံး သိချင် နေသည် ။ ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာခြင်း ဖြစ်၏ ။ အမေ့ကို ကျွန်တော်က -


“ အမေ …. ငဘုန်း မဆုံးခင်ရက်က ဒီကို တကယ် ပြန်လာခဲ့တာလား ”


အမေသည် အိမ်ရှေ့ရှိ ရေကန်ကို ကျော်၍ လမ်းတစ်ဖက်မှ အရွက်တွေ ဝေနေသော လက်ပံပင်ကြီးကို ငေး၍ မှိုင်းရီစွာ တွေးနေသည် ။ ထိုစဉ် လေညင်းအသော့၌ ဒန်းကြီးပန်းရနံ့သည် လှိုက်ခနဲ သင်းခနဲ မွှေးမြကာ အမေ ရုပ်သွင်ကလည်း တည်ကြည်ငြိမ်းအေးစွာဖြင့် မာန်အပြည့်နှင့် တစ်လုံးချင်း ပြောပြ၏ ။


“ သား အခုရောက်နေတဲ့ အချိန်ပေါ့ အမေက ဘုရား ဝတ်ပြုပြီး အိမ်ရှေ့တံခါးကို အဖွင့် သား ကိုဘုန်းက အိမ် ရှေ့တံခါးမှာ ရောက်နှင့်နေပြီ ။ အမေက လွတ်လာတာပဲ ကြားတာ ၊ ဘယ်နေ့ ပြန်လာမလဲလို့ သတင်း ကြားပြီးကတည်းက မျှော်နေတာလေ ။ အမေက သားကို တွေ့တော့ အားရဝမ်းသာနဲ့ မင်းကွာ အသံမပြု ဘာမပြုနဲ့ ဘာလို့ ရပ်နေတာလဲ ဆိုတော့ အမေ အမျှဝေတာ နားထောင် ကောင်းလို့တဲ့လေ ။ အဲ့ဒီတော့ အမေက သားရယ် ၊ အထူး အဆန်းလုပ်လို့ အရင်တုန်း ကတည်းက ကြားနေတာပဲ ဟာကိုလို့ ပြောလိုက်တယ် ။ ကိုဘုန်းက မပြုံးဘူး ။ အမေရယ် သားအမေ့ကို လာနှုတ်ဆက်တာပါတဲ့ ။ အမေ့သားကို အမေက သိတာပေါ့ ။ အမေ့သား အကြောင်း အမေ နောကျေနေပြီ ။ သူမျက်နှာ မကောင်းဘူး ။ ဘာဖြစ်လို့လဲ ဆိုတာတွေကို အားလုံး စဉ်းစားပြီးတော့ အားပေးစကားတောင် အမေက မင်းတို့ သူငယ်ချင်းကို ပြောနေသေး တယ် ။ နောက်ပြီး အမေက သား သမီးမြတ်လေးရုံ နဲ့ အဆင်မပြေဘူးလား ဆိုတော့ သားက အဆင်ပြေပါတယ် အမေတဲ့ ။ ဒါပေမဲ့ သားရဲ့ ကြမ်းတမ်းတဲ့ ဘဝတိုက်ပွဲ ယုံကြည်ချက် လွန်ဆွဲပွဲတွေထဲ မြတ်လေးရုံ ကို မခေါ် ချင်တော့ဘူးတဲ့ ။ သားတို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်စုံ သွားရင်တော့ မြတ်လေးရုံ ကို လက်ထပ်မှာပါ ။ ခုတော့ သားဘာမှ မစဉ်းစားဘူးတဲ့ ။ အမေက သားကို ငါ့သားလေး ပြန်လာမှာပဲလို့ ဟိုးအရင် ရက်တွေထဲက မျှော်နေတာ ၊ ငါ့သားလေး တစ်ရက်တော့ ပြန်လာမှာပဲလို့ ။ အဲဒီတော့ သားက အခု ခဏပဲ ပြန်လာတာ ။ ဆယ်နာရီ ကောင်နဲ့ ပြန်မှာအမေတဲ့ ။ သူ့အခန်းထဲကို ခဏ သွားတယ် ။ ပြန်ထွက်လာတော့ သူရေးထားတဲ့ ကဗျာစာအုပ်လေးကို အမေ့ပေးတယ် ။ ဒီစာအုပ်လေးက အမေ့ အတွက်တဲ့ ။ သူ့ညီမခေတ္တာတို့ ၊ စံပယ်တို့ ၊ ခွာညိုတို့နဲ့ စကားတွေ ပြောနေသေးတယ် ။ ခဏကြာတော့ သူတို့ ကို နှုတ်ဆက်တယ် ။ အမေ့ကို ဦးငါးကြိမ် ချပြီးတော့ နမ်းရှုပ်ပြီး ငိုတယ် ။ အမေကလည်း ဟိုးအရင်ထဲက သား နဲ့ပတ်သက်လို့ အတွေ့အကြုံ ရှိပြီးသားဆိုတော့ အားပေး စကားပဲ ပြောတယ် ။ မတုန်လှုပ်ဘူး ။ ဒါပေမဲ့ သားဖို့ ဟိုသရက်ပင် ဆရာတော်ကြီး ပေးထားတဲ့ ပဋ္ဌာန်းကြိုး ကိုတော့ ဘုရားစင်က သွားယူပြီး သားလက်ထဲ ထည့် ပေးလိုက်တယ် ။ သားဈာပန တုန်းက သားရဲ့အင်္ကျီ အိတ်ကပ်ထဲ စမ်းကြည့်တော့ အဲ့ဒီ ပဋ္ဌာန်းကြိုးလေး ရှိနေတယ် ။ အမေက သားကိုကြိုင် လက်ပေါ်မှာ ဆုံးပေမယ့် အရင် ရက်ကလည်း သားက ဆေးရုံပေါ်မှာ ရှိနေတယ် ဆိုတာ အားလုံး ဝိုင်းပြောလို့သာ ယုံရတာ ၊ အမေ့ဆီ ပြန်လာပြီး ပြန်သွားတာကို အမေက သိနေတယ် ။ နောက် သားက သူ့ရဲ့ ရည်ရွယ်ချက် ၊ မျှော်လင့်ချက် ၊ ယုံကြည်ချက်တွေ ပြီးပြည့်စုံရင် ပြန်လာလိမ့်မယ် ဆိုတာ အမေက အမြဲယုံတယ် ။ အမေ ဘုရားဝတ်ပြု အမျှဝေတိုင်း နံနက်တိုင်း သားလေး ပြန်လာလိမ့်မယ် ဆိုပြီး အမေက တံခါးဖွင့်ပြီး အမြဲစောင့်နေမိတယ် ” 


အမေ့စကား ဆုံးအောင် မပြောနိုင်တော့ ၊ အသံတိမ် ဝင်သွားသည် ။ အမေ့ပါးမှ မျက်ရည်စက်တွေ ရွှဲစိုလို့ ။ ညီမတွေ ကလည်း ငိုလို့ ။ ကျွန်တော့် ရင်ထဲမှာ ဒွိဟတွေ ကို ဝမ်းနည်းခြင်းတွေက ဖြိုဖြိုချလို့ ၊ ခွာညိုက -


“ ဟုတ်တယ် ကိုကြီးရယ် ၊ ညီမလေးတောင် ကောက်ပြီး ချီသွားသေးတယ် ။ အဲ့ဒီချိန် အရမ်း ကြည်နူးရတယ် ”


ခတ္တာ က ...


“ စာမေးပွဲကို အမှတ်များများနဲ့ အောင်အောင် ကြိုးစားဖို့လည်း ညီမကို တိုက်တွန်းတယ် ။ နည်းပညာတက္ကသိုလ် အမှတ်မီအောင် လုပ်ဖို့တောင် ကိုကြီး မှာသွားသေးတယ် ” 


စံပယ်က အဝေးကို ငေးရီကာ 


“ ညီမကို ကိုကြီးက ရည်းစား ရှိလားတဲ့ ၊ ညီမက ခေါင်းညိတ်တော့ ကိုယ့်ဘဝ ကိုယ် ကိုယ်တိုင်ပဲ စဉ်းစားရတယ် ။ ဖူးစာဖက် သေချာဖို့ ထက် ဘဝလက်တွဲဖော် ဖြစ်ဖို့ လိုတယ်လို့ ပြောတယ် ။ ပြီးတော့ အမေ စိတ်မဆင်း ရဲရဘူး ။ နင့်ဘဝအတွက် လုံခြုံမယ် ဆိုရင် အိမ်ထောင်ပြုတော့လို့ ပြောသွားသေးတယ် ”


ထိုသို့ပြော၍ မိစံပယ် ငိုပြန်သည် ။


ကျွန်တော့် စိတ်ထဲ ဘယ်လို စဉ်းစားရမလဲ ။ ဘုန်းမြတ်ကျော် ထိုရက်က ကျွန်တော်တို့နဲ့ အတူ တကယ်ကို ရှိနေတာ ၊ ဘုန်းမြတ်ကျော် အနားမှာ စိုးရိမ်ကြီးစွာနဲ့ ပြုစုနေရတဲ့ အချိန်တွေပါပဲ ။ ရထား လာခါနီးမှ ငဘုန်း အိမ်ကနေ ထွက်သွားတာတဲ့ ၊ ယုံကြည်သလို မယုံကြည်သလို စိတ်များ ကျွန်တော့် ရင်ထဲတွင် ဆူပွက်နေ၏ ။ မြတ်လေး ကို ငဘုန်း ချစ်တာမှန်ပေမယ့် မြတ်လေးနဲ့ ငဘုန်း သေတဲ့ အထိ ချစ်သူတွေ ဖြစ်မသွားခဲ့ ။ သို့သော် ငဘုန်း ချစ်နေတာကို မြတ်လေးရုံ ကသိသည် ။ မြတ်လေးရုံ ရဲ့ ငဘုန်း အပေါ် အထင်ကြီး လေးစားမှုကိုလည်း သူသိသည် ။ အဓိပ္ပာယ်တွေက ဆင့်ကဲတွေ့ စရာတွေ အမေနဲ့ ညီမတွေရဲ့ ပြောပြချက်ကတော့ ဘုန်းမြတ်ကျော် တကယ်ပဲ ဒီမြို့လေးကို ရောက်ခဲ့၏ ။ နောက်ဘယ်သူတွေ ငဘုန်း ကို မြင်လိုက်သေးသလဲ ။ ထိုကဲ့သို့ စဉ်းစားရင်း နာရီကို ကြည့်လိုက်တော့ ကိုးနာရီထိုးလေပြီ ။


ကျွန်တော် သွားတော့မည်ဟု အမေနဲ့ ညီမလေးတွေကို နှုတ်ဆက်ပြီး အမေ့ကို ကန်တော့၍ ဘူတာဆီသို့ ထွက်လာခဲ့သည် ။ အမေ့အိမ်ရှေ့ ထောင့်ချိုး အရောက် တွင် မစံပယ် လှမ်းခေါ်၍ ရပ်ပြီး စောင့်နေလိုက်၏ ။


“ ကိုကြိုင် အမေက အစ်ကိုကြိုင် အတွက် ကိုကြီး ဘုန်းမြတ်ကျော်ရဲ့ ကဗျာစာအုပ်လေး ပေးလိုက်တယ် ။ မူရင်းက အမေ့ဆီမှာ ဒါက မိတ္တူ ၊ အစ်ကို ဖတ်ဖို့တဲ့ ။ ပြီးတော့ အစ်ကိုကြိုင် အတွက် အမြဲ ဆောင်ထားဖို့ ဘုရားပုံတော်လေးတစ်ခုလည်း ပေးလိုက်တယ် ။ နောက်ပြီး ဘူတာအဆင်း ဈေးဘက်က အစ်ကို ဘုန်းမြတ်ကျော် သူငယ်ချင်း ကိုညီဇော်သီရဲ့ ကွမ်းယာဆိုင် ကိုလည်း ဝင်သွားဦးတဲ့ ၊ အဲ့ဒီနေ့က ကိုဇော် ဆိုင်ကိုလည်း အစ်ကိုကြီး ဝင်သွားတယ်တဲ့ ”


မစံပယ်ရဲ့ မျက်နှာလေးသည် ဝါဝင်းပြီး နွမ်းဖတ်နေသည် ။ သူတို့လည်း ကျွန်တော့်ကို မြင်တော့ သူတို့ အစ်ကိုကြီးကို သတိတရဖြစ်ပြီး လွမ်းဆွတ်မိမှာပေါ့ ။ အမေ ပေးလိုက်သော ငဘုန်း ရေးထားတဲ့ ကဗျာစာအုပ်မိတ္တူနဲ့ ဗုဒ္ဓပုံတော်ကို ယူပြီး ခေါင်းညိတ်ပြလိုက်၏ ။ ပြီးတော့ ။


“ အမေ့ကိုလည်း ဂရုစိုက်ကြပါဟာ ၊ နင်တို့လည်း ကျန်းမာရေးကို ဂရုစိုက် ” ဟု ပြောပြီး လမ်းရဲ့ သယ်ဆောင်ရာ ခြေလမ်းများရဲ့ ညွှန်မှုအတိုင်း ရွေ့ခဲ့ ။ ဈေးနား ရောက်သောအခါ ကိုညီဇော်သီ ကွမ်းယာဆိုင်လေးကို ကျွန်တော် ဝင်လိုက်သည်နှင့် ကိုညီဇော်သီ မျက်လုံးပြူး သွားပြီး ..


“ ဟာ ... ကိုအောင်သက်ကြိုင် ခင်ဗျား ဘယ်တုန်းက ရောက်တာလဲ ၊ ဆယ်နာရီကောင်နဲ့ ပြန်မလို့လား ။ ခင်ဗျားတို့ ဆီက ငဘုန်း ဆုံးတဲ့ သတင်း ကြားရတာ့ ကျွန်တော့်မှာ စိတ်ထဲ ဝမ်းနည်းလွန်းလို့ လုံးဝစိတ်မကောင်းဘူး ။ အဲဒီ မဆုံးခင် ရှေ့ရက်က ဒီကောင် ဒီကို ပေါက်ချလာသေးတယ်ဗျ ။ အခုလို အခါကြီးပဲ ကျွန်တော်တို့ကို လာပြီး နှုတ်ဆက်သလိုပဲ ။ ဒီကောင်ဆုံးတဲ့ သတင်းကြားတော့ လိုက်ခဲ့ဖို့ပဲ ၊ ဆရာမကြီးက နေပါစေ မလိုက်နဲ့ ။ အလုပ် ပျက်တယ် ။ ဒုက္ခများတယ်ဆိုလို့ ကျန်ခဲ့ရတယ် ။ ဆရာမ ကြီးစကားကို မလွန်ဆန်ရဲဘူး ။ ပြီးတော့ သူ့ဈာပနာက ဆရာမကြီးတို့ ပြန်လာတော့ မစံပယ်လေးက ပြောတယ် ။ ငဘုန်း ဆေးရုံတက်နေတာ ကြာပြီတဲ့ ဟုတ်လား ”


ကျွန်တော် ခေါင်းကို အသာ ညိတ်လိုက်သည် ။ 


“ ကျွန်တော်ဗျာ ၊ တော်တော် တုန်လှုပ်သွားတယ် ။ ကျွန်တော့်ကိုယ်၌ မယုံသလို ဘာသလိုနဲ့ နဝေတိမ်တောင် ဖြစ်သွားတယ် ။ ကိုယ့်ကိုယ်ကိုယ်တောင် ဟုတ်မှ ဟုတ်ရဲ့လား လို့တောင် တွေးမိတယ် ။ ငဘုန်း ဒီကို ရောက်လာပြီး ဒီက ထွက်မသွားခင် ကျွန်တော့်မိန်းမ မသီတာကိုတောင် စနောက် သွားသေးတယ် ။ သူဆုံးတဲ့ သတင်း ကြားရတာတော့ ဒီမြို့က တချို့ လူတွေက မနေ့ကတောင် ဘယ်မှာ တွေ့လိုက်ရတယ် ။ တချို့က ရထားပေါ် ကို ဘယ်လို တက်သွားတာနဲ့ ၊ ငဘုန်းက ဒီမြို့က ထင်ရှားတဲ့ လူဆိုတော့ လူတော်တော်များများက သူ့ကိုသိတယ် ။ ကျွန်တော်ရယ် ၊ သူ့မိသားစုရယ် ၊ ဘူတာက ရုံပိုင်ရယ်က ပိုပြီး ထူးဆန်းတာ စကားပြောလိုက်ရတာပဲ ။ သေချာတာက ဒီကောင် ငဘုန်း တစ်ခုခုကို လေးလေးနက်နယ် တွေးနေပုံရတယ်ဗျ ”


ကိုညီဇော်သီ ပြောတော့ ကျွန်တော် ပို၍ ထူးဆန်းသွားရပြန်သည် ။ မဖြစ်နိုင်သောအရာ ဘာမျှမရှိ ။ အခု သူတို့ ပြောနေတာ တကယ်ကြီးတွေ ။ နောက်ပြီး ဘုန်းမြတ်ကျော် မဆုံးခင် အထိ ကျွန်တော်က အနားမှာ တကယ်ပင် ရှိနေ၏ ။ ကိုညီဇော်သီ ကို ရန်ကုန်ဆေးရုံကြီး၌ ငဘုန်း ကျွန်တော်နဲ့ အတူ ရှိနေတာကို ပြောပြလိုက်သည် ။ ကိုညီဇော်သီ ကိုယ်တိုင် ခေါင်းကုတ်၍ စဉ်းစားရ ကျပ်နေသည် ။ စိတ်က ရောက်လာတယ် ဆိုတာထက် ယခုတော့ လူကိုယ်တိုင် လာပြီး တစ်မြို့လုံးနဲ့ တွေ့ သွားတာ ။ မယုံနိုင်စရာတွေပဲ ။ ဒါပေမဲ့ တကယ်ကို တွေ့ခဲ့တာ ဆိုတော့ ။


ကိုညီဇော်သီကို နှုတ်ဆက်ပြီး ကျွန်တော် ဘူတာသို့ လှမ်းခဲ့သည် ။


ဘူတာတွင် ကျွန်တော်တို့နဲ့ သိသော ရုံပိုင်က ပထမဆုံး မျက်လုံးပြူးသွား၏ ။ ကျွန်တော့်ကို ရုံပိုင်က ကိုဘုန်း မြတ်ကျော် မသေခင် ခင်ဗျားတို့နဲ့ ဆေးရုံမှာ အတူရှိနေ တယ်ဆိုတာ ဟုတ်လား ဟု မေးသည် ။ ကျွန်တော် ခေါင်းညိတ် ပြလိုက်သောအခါ ရုံပိုင်က ဘုန်းမြတ်ကျော် လာသောရက်က လက်မှတ် ဖြတ်ပေးလိုက်သော မှတ်ပုံတင်နံပါတ်ပါ ခုံနံပါတ်နှင့် ရေးထားသော စာအုပ်ကို ပြသည် ။ ကျွန်တော် ထပ်ပြီး အံ့သြရပြန် ။


ဘာတွေလဲ ။ ဘယ်လိုတွေလဲ စဉ်းစား မရတော့ ။ ဘုန်းမြတ်ကျော် မှတ်ပုံတင်နံပါတ်နှင့် သူ့နာမည် ၊ စဉ်းစားစရာက ဘုန်းမြတ်ကျော် အတုတော့ မဖြစ်နိုင် ။ ရုံပိုင် ကတော့ ဘာမှ ပြောစရာ မရှိအောင် နှုတ်ဆိတ်နေသည် ။ ကျွန်တော်က မှတ်ပုံတင် ပေးလိုက်အခါ ရုံပိုင် စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားတာကိုတော့ ကျွန်တော် သိလိုက်သည် ။ ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်နေပြီး ရုံပိုင်မျက်နှာမှာ အဓိပ္ပာယ် တစ်ခု ထပ်မံရှာဖွေနေသလို ကျွန်တော့်ကို လက်မှတ် ဖြတ်ပေးလိုက်သည် ။


ရထား ဝင်လာသောအခါ ကျွန်တော် ရထားပေါ် တက်လိုက်ပြီး ထိုင်ရမယ့် ခုံနံပါတ် အတိုင်း ထိုင်လိုက်သည် ။ ထိုခုံနံပါတ်ကို ကြည့်လိုက်သောအခါ ခုံနံပါတ်သည် ၂၂ ဖြစ်နေ၏ ။ ထိုအခါ ကျွန်တော် စဉ်းစားမိသည် ။ ကျွန်တော့် စိတ်ထဲတွင် အသိတစ်ခု တရိပ်ရိပ် ပေါ်လာ၏ ။ ရုံပိုင်ပြသော ခုံနံပါတ်သည်လည်း ဒီခုံနံပါတ် ဖြစ်နေသည် ။ ရင်ထဲ၌ တစ်ခုခု နင့်နေ၏ ။


ကျွန်တော့်ကို ရထားက သယ်ဆောင်ခုတ်မောင်း နေသည် ။


ရထားသည် တရိပ်ရိပ် ရွေ့နေ၏ ။ ရထားသည် ဥသြ ဆွဲသည် ။ တစ်ခါတစ်ရံ ရထားဥသြသံသည် အူလှိုက် သဲလှိုက်မှ ဟုတ်ရဲ့လားဟု သံသယဝင်စရာ ။ ဘူတာ ကနေ ရထားပေါ် ကျွန်တော် တက်တော့ ကျွန်တော် တစ်ယောက်တည်းလား ၊ ဒီပြင်လူတွေ ပါသေးလား စဉ်းစား မရ ။ ကျွန်တော် စီးလာသောတွဲတွင် ကျွန်တော်နဲ့ လူ အချို့ပါလာ၏ ။ သူတို့ရဲ့ မျက်နှာတွေဟာ ဗင့်ဆင့်ဗန်ဂိုး ရဲ့ အာလူးစားသူများ မျက်နှာကို ပြောင်းသွားသည် ။ ရုံပိုင်က ကျွန်တော့်ကို ကြည့်သော မျက်နှာသည် ပါရီက ကပွဲတစ်ခုတွင် ကပြ ဖျော်ဖြေနေသော ဂျိုကာတစ်ယောက်၏ စိတ်အဆင်းရဲဆုံး အကြည့်နဲ့ တူနေမလား ၊ ပီကာဆို၏ မိန်းမများလည်း ရထားပေါ်တွင် ရှိနေပြန်သည် ။ အင်ဒရူးဝိုင်ယက်၏ ခရစ္စတီနား လည်း ရှိသည် ။ ကချင်စစ်ပြေး ဒုက္ခသည်လို မျက်လုံးများ ကလည်း ရထား ပေါ်၌ ရှိနေ၏ ။ ရထားက ခုတ်မောင်းဆဲ ခုတ်မောင်းနေသည် ။ ကွင်းပြင် လယ်ကွင်းများကို ဖြတ်သွားပြီး ကွင်းပြင်ရှိ အရိပ်များသည် မျက်စိမှိတ်ထားသော်လည်း မြင်နေရ၏ ။


ခုံနံပါတ် ၂၂ သည် ကျွန်တော့် အသက် ၃၂ နဲ့တော့ မသက်ဆိုင် ။ ဘုန်းမြတ်ကျော် တကယ်ပဲ သူ့မွေးဇာတိမြေ မြို့လေးကို ရောက်ခဲ့သလား ။ ကျွန်တော် စဉ်းစား၏ ။ ကျွန်တော် တွေးသည် ။ ဒါကြောင့် ကျွန်တော် ရှိသည်တော့ မဟုတ် ။ မေရီအင်တွိုင်းနက်ရဲ့ ဂျုံမဖြစ်သေးသော ပေါင်မုန့်များအား ကျွန်တော် တွေ့ နေရသည် ။ ကျွန်တော် ကရော ဆေးရုံမှာ ရှိနေသင့်ရဲ့သားနဲ့ ဒီကိုဘာကြောင့် ရောက် လာတာလဲ ။ ကျွန်တော် စီးလာတဲ့ ရထားကရော ရန်ကုန်ကို သွားတဲ့ ရထားလား ။ ရထားသံသည် မြင်း တစ်ကောင်လို ဒုန်းစိုင်းနေ၏ ။ ကျွန်တော့် ကြယ်တွေ ဘယ်လို အတက် ထွက်ရမလဲ ။ စိတ်ထဲတွင် သံသယ စိတ်များ ခုတ်နေကြသည် ။ ရထား အတူစီး ခရီးသည်များ ကလည်း ကျွန်တော် ပါလာတယ်လို့မထင် ။ ဘူတာ တစ်ခုတွင် ရထားသည် ရပ်လိုက်သည် ။ ခရီးသည်များ ထပ်တက်လာကြ၏ ။ ကျွန်တော် ဘာတွေ တွေးနေတာလဲ ။ အမေ ပေးလိုက်သော ဘုန်းမြတ်ကျော် ကဗျာစာအုပ်အား ဖွင့်ဖတ်ဖြစ်သည် ။ ဘုန်းမြတ်ကျော် ကဗျာများသည် သူ့ရင်ထဲက နှလုံးသွေးဖြင့် ရေးခြစ်ထားသော ကဗျာများ ဖြစ်နေသည် ။ ပေါင်မုန့် ၊ လွတ်လပ်မှုနှင့် လူ့သိက္ခာ ။ ပြီးတော့ ယုံကြည်ချက်နှင့်ဆန္ဒ အဖိနှိပ်ခံ လူတန်းစား အော်သံများ နှလုံးသားထဲက ရင်ခုန်ခြင်းများ နဲ့အတူမေတ္တာ ၊ အမေနှင့်ညီမများ သံယောဇဉ် ၊ ဧရာဝတီ ချစ်စိတ် ၊ မြန်မာပြည် ချစ်စိတ် ၊ သဘာဝပတ်ဝန်းကျင် ခံစားမှုစုံ၏ ။


လက်သီးလက်မောင်းတန်းကာ လက်မောင်းသွေး ဖြင့် ရေးခြစ်ထားသော ကဗျာများဖြစ်သည် ။ နူးညံ့ပျော့ပျောင်းသော ဘုန်းမြတ်ကျော် နှလုံးသားမှ အချစ်ကဗျာတွေကိုလည်း တွေ့ ရသည် ။ သို့သော် မာလွန်းလှ၏ ။


ထိုခဏများ အပြီး ကျွန်တော် စဉ်းစားမိသည်က ရထားသည် ဘယ်ကို သွားနေတာလဲ ။ ကျွန်တော်ကလည်း ဘယ်ကို သွားနေတာလဲ ။ ရထားက ရန်ကုန်ကို ပြန်တာမှ ဟုတ်ရဲ့လား ။ သံသယလည်း သက်ပြင်းနဲ့ အတူ တစ်ပွင့်ချင်း ကြွေနေ၏ ။ ကျွန်တော့် နှာခေါင်းထဲတွင် ဒန်းကြီးပန်းရနံ့သည် ဘာကြောင့် စွဲစွဲမြဲမြဲ မွှေးနေရတာလဲ ။ ကျွန်တော် နဲ့ ဘုန်းမြတ်ကျော် တို့သည် တူညီသော ရည်ရွယ်ချက် ၊ မှန်ကန်သော ရည်မှန်းချက်နှင့် အလိုချင်ဆုံးသော ဆန္ဒတစ်ခု ဆီသို့ ခရီးထွက်နေသော အနာဂတ်ပန်းပွင့်များ ဖြစ်ကြသလို တိုက်ပွဲဝင် ကြယ်ဖြူများလည်း ဖြစ်ကြသည် ။ ရင်ထဲတွင် ခိုအောင်းနေသော ကြယ်ဝင်စားစိတ်သည် ဘယ်လိုမှ ထုချေဖျက်ဆီး၍ မရ ၊ မျှော်လင့်သလို ကောင်းကင်တွင် ကြယ်တစ် ပွင့်လင်း နေပြီလား ။ ရထားသည် ဒုန်းစိုင်းခုတ်နေ၏ ။ ဥဩသံက မြွေတစ်ကောင်လို တွန်လိုက် ၊ ဆင်တစ်ကောင်လို အော်လိုက် ၊ ခြင်္သေ့တစ်ကောင်လို ဟိန်းလိုက် ဖြင့် ကျွန်တော် ကြက်သီးတွေ ထနေ၏ ။ ကျွန်တော့် နားထဲတွင် အသံတို့သည် မြိုင်ထနေ၏ ။ ဆင်ကြီးကို ဂဠုန်ချီသွားတာ မျက်ဝါးထင်ထင် မြင်လိုက်ရသည် ။ ကျွန်တော့် စိတ်သည် တုန်ယင်လှ၏ ။ ရှိုက်သံများ ၊ သွေးများ ၊ မျက်ရည်များဖြင့် စွတ်စိုနေသော ဘုန်းမြတ်ကျော် ကဗျာစာအုပ်လေးသည် ကျွန်တော့် လက်ထဲ၌ တုန်ယင်လှိုက်မောနေသည် ။


ကျွန်တော် တစ်ယောက်တည်း ချွေးတွေ ပျံနေသည် ။ ရထားစီးသူများက ကျွန်တော့်ကို သတိမပြု ။ ကျွန်တော့် စိတ်ထဲက ပျာယာခတ်နေသည် ။ 


ထိုစဉ် လက်မှတ်စစ်သည် ကျွန်တော့်ဆီ တည့်တည့် မတ်မတ် ရောက်လာ၍ ရထားလက်မှတ် တောင်းသည် ။ လက်မှတ်ပေါ်က နာမည်နှင့် ခုံနံပါတ်ကို ကြည့်ပြီး ပြန် လှည့်သွားသည် ။ တစ်တွဲလုံး ရှိသည့် လူများ အနက် ကျွန်တော့်ကို ဘာကြောင့် လက်မှတ်စစ်တာလဲ ။ တစ်ယောက်တည်း အမြဲလိုလို သီးသီးခြားခြား ဆက်ဆံတာ ခံရပေါင်း များလာတော့ သိပ်မထူးခြားတော့ ။


ရထားသည် ရွေ့နေသည် ။


ဘယ်ကို သွားမှန်း မသိတော့ ပန်းရနံ့တွေ ကြားထဲ ဖြတ်ပြေးနေသည် ။  နံရံများသည် ကျွန်တော့် အပေါ် ဖြတ်စီးဖို့ ကြိုးစားနေသည် ။ လူအားလုံး မျက်လုံးထဲတွင် အဓိပ္ပာယ် တစ်ခုသည် နောက်ကျမနေဘဲ မတူကွဲပြားသော ခရီး၌ လေထဲတွင် ကျွန်တော် လွှင့်မျောနေသလား ။ 


ဘုန်းမြတ်ကျော်ကို တမ်းတမိသည် ။


သူ့တုန်းက ဘယ်လို ရင်ဆိုင်ခဲ့သလဲ ။ ကျွန်တော် တထစ်ချ သိလိုက်သည် ။ ကျွန်တော့် ဒဏ်ရာတွေ ဝေဒနာဖြစ်သွားပြီဆိုတာ ။ 


ရထားသည် တောင်ဖြတ် မြစ်တစ်စင်းလို စုန်ဆန် နေသလား ။ ဒန်းကြီးပန်းရနံ့များ ကျွန်တော့် ခန္ဓာကိုယ်ကို ဖြတ်စီးသွားတာတော့ ကျွန်တော် သိလိုက်ရသည် ။ ကျွန်တော်က ရထားလို ဒုန်းစိုင်း ပြေးနေပြီး ရထားက စီးသူ ပြန်ဖြစ်နေသည် ။ ကျွန်တော်သည် ကိုယ့်ကိုယ် ကိုယ် ပြန်ကြည့်လို့ ရသော ရုပ်ရှင်ကို သရုပ်ဆောင်နေမိ သလားဆိုတာ စဉ်းစားရမလို ဖြစ်နေပြန်ပြီ ။


ကျွန်တော်ဟာ မြွေတစ်ကောင် ဗိုက်ထဲ ရောက်နေသည့် သားကောင်လို စိုးရိမ်စိတ်များနဲ့ ခရီးဆုံးအား ဖဲလို ပွတ်ကြည့်ဖို့ ကြိုးစားမိ၏ ။ ကျွန်တော့် ခရီးဆုံးက ဘာဖြစ်မလဲဆိုတာ ယခုထိ ကျွန်တော် မသိရသေး ။ အစွန်းဆုံဆုံး အထိ ကျွန်တော် ခရီးဆုံးကို တွေးပြီးသားတော့ ရှိသည် ။ ကျွန်တော့် ယုံကြည်ချက်ကို အထိပါးမခံဘဲ သေသည့် အထိ တွေးထားသည် ။


လူ့ဘဝဆိုတာ အစ ရှိလျှင်တော့ အဆုံး ရှိမှာပေါ့ ။ ဘာမဆို ဖြစ်နိုင်တာပဲ ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ဒဿနကို ကျွန်တော်တို့ ရေးဆွဲနေကြတာပဲဟု ကျွန်တော် ထင်သည် ။


ကျွန်တော့် စိတ်ကောင်းကင်က သူငယ်ချင်းနာမည်နဲ့ ကြယ်လေး၏ တစစ်စစ် နာကျင်နေသော အလင်းရောင်မှာ ကျွန်တော် ဘာကြောင့် ရှိုက်ငိုနေမိတာလဲ ။ ဥဩတွန်သံ တစ်ချက်၌ အမေ့မေတ္တာပို့သံက ကြေးစည်သံနဲ့ အတူ လွင့်လာသော ရနံ့ကို ကြားလိုက်ရသည် ။ ရွက်နုဝေသော သစ်ပင်ကဲ့သို့ ရေကူးရင်း မျက်ရည်ကျမိတာ အမှားတစ်ခု မဟုတ် ။ သတ္တိကြောင်တာ မဟုတ် ။ တချို့ဆို ငိုနေရင်း မိုးရွာထဲ လမ်းလျှောက်မိတာ ထူးဆန်းလား ။ ရည်မှန်းရာလမ်းတွင် အမေမေတ္တာပို့သံများ ပန်းလိုပွင့် နေဦးမည် ဆိုတာ ကျွန်တော် သိလိုက်ရတော့သည် ။ 


“ သဗ္ဗေသင်္ခါရာ အနိစ္စာ ”


အလုံးစုံသော ရွေ့လျား ပြောင်းလဲခြင်းသဘော တရားတို့သည် မမြဲကုန် ။  ။


 ⎕ တိုးနှောင်မိုး

     လှိုင်းသစ် မဂ္ဂဇင်း

     ၂၀၁၃ ၊ ဧပြီ

No comments:

Post a Comment