❝ ခေါက်ဆွဲစားမလား ❞
( ပီမိုးနင်း )
မောင်ဖြိုးသည် အသက်နှစ်ဆယ်နီးနီး ရှိသော်လည်း အင်္ဂလိပ်မကလေးများကို ငရုတ်သီး ၊ ကြက်သွန် ထုပ်သော အင်္ဂလိပ်သတင်းစာ စက္ကူများ၌သာ တွေ့ရဖူးလေ၏ ။ အဟုတ်တကယ် အသက်ရှင်နေသော အင်္ဂလိပ်မကလေးများကိုမူကား အကောင်အထည်နှင့်တကွ တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ရဖူးချေ ။ အကြောင်းမူကား ၎င်းဇာတိချက်ကြွေဖြစ်သော ညောင်ကိုးပင်ရွာ သည် အငယ်ဆုံးသော မီးရထားဘူတာနှင့် ဆယ့်ငါးမိုင် ကွာသဖြင့် အနောက်တောင်ရိုးဘက်မှာ ကပ်၍ နေလေရာ တစ်ရံတစ်ခါ ထိုဘူတာရုံရှိသော မြို့ကလေး၏ ဈေးမှ တစ်ပါး အခြားမည်သည့် မြို့ကြီးများကိုမျှ မရောက်ခဲ့ဖူး ချေ ။ ထိုမြို့ကလေးကို သွားရာ၌ တစ်ခါတစ်ရံ အင်္ဂလိပ်မ အကြီးစားများကို မြင်ဖူးခဲ့၏ ။ ၎င်းတို့ကို မြင်ရခြင်း၌ မောင်ဖြိုး၏ စိတ်မှာ များစွာထူးဆန်းသည်ဟု မှတ်ထင်ခြင်းမရှိခဲ့ချေ ။ သို့ဖြစ်လေရာ ရွာအပြင်ဘက် တစ်ခေါ်လောက်ဝေးသော သရက်တော အနီး ရေတွင်း၌ တစ်ကိုယ်တည်း ရေခပ်၍ နေရာမှာ ထူးဆန်းသောနည်းအားဖြင့် ရောက်၍လာသော အင်္ဂလိပ်မကလေးကို မြင်ရသောအခါ ကြည့်၍မဝ အံ့သြ၍ မဆုံး ဖြစ်ရလေ၏ ။ အကြောင်း မူကား နေရောင်တွင် ကတ္တီပါ ကဲ့သို့ တောက်ပသော ဂါဝန်အနက်တိုတိုကလေးသည် လေထဲတွင် ဝိုင်းခနဲ ကားခနဲ ပျံကာ သစ်တော်သီးပါးအို့နီကလေးနှင့် တူသော ဒူးကလေးများနှင့် ခြေအိတ်မပါ တောက်လင်းဖြူစင် ပြည့်ဝပြေချောသော ခြေသလုံးကလေးများနှင့် နီမြန်းသော ခြေမျက်စိကလေးများကို မောင်ဖြိုး၏ မျက်လုံးများထဲ၌ ထင်းခနဲ လင်းခနဲဖြစ်အောင် မွန်းတည့်နေရောင်တွင် ဖော်ပြခြင်းပြုလေ၏ ။
အလွန်လှပပြည့်တင်း၍ လုံးကျစ်သော ကိုယ်ကလေးနှင့် များစွာ အချိုးအစားကျသော လက်မောင်းများမှာ ပခုံးအထိ နေရောင်တွင် တောက်ပလျက်ရှိလေရာ မောင်ဖြိုး၏ စိတ်၌ ထိုလက်မောင်းသားနုနုကလေးများမှာ ကျွမ်းလောင်ကာ အဆီကွာ၍ သွားလေမလားဟု တထိတ်ထိတ်ဖြစ်၍နေလေ၏ ။
ထိုအင်္ဂလိပ်မကလေးမှာ အသက်ဆယ့်ခြောက်နှစ် ၊ ဆယ့်ခုနစ်နှစ်ခန့်မျှ ရှိလေရာ ၎င်း၏အဖော် အင်္ဂလိပ် အထီးကြီးမှာ အသက်အတော်ကြီးသဖြင့် သားအဖသော် လည်းကောင်း ၊ တူဝရီးသော် လည်းကောင်း ဖြစ်ရာ၏ ဟု မောင်ဖြိုး၏ စိတ်၌ စဉ်းစားကာ ၎င်းတို့ကို သေချာစွာ ကြည့်နေလေ၏ ။ အင်္ဂလိပ်ယောက်ျားကြီးမှာ သေနတ်ကို ထမ်းလျက်လာလေ၏ ။ မကြာမီ အင်္ဂလိပ်အမ ပေါက်စကလေးသည် အရှိန်နှင့် ပြေး၍လာပြီး ရေညှိများနှင့် ချော၍ နေသော စွတ်စိုသော ရေတွင်းအုတ်နှုတ်ခမ်း ပေါ်သို့ လက်ကို တင်ကာ ရေတွင်းထဲသို့ ငုံ့၍ကြည့်လိုက်ရာ လွတ်၍နေသော အုတ်တစ်ချပ်သည်နေရာမှ ရွေ့လျားပြီး ရေတွင်းထဲသို့ ကျ၍ သွားလေ၏ ။ အင်္ဂလိပ်မကလေးလည်း အားလွန်ကာ ရှေ့သို့ ထိုးစိုက်ပြီး အုတ် နောက်ကို လိုက်တာ့မလို ဖြစ်၍ သွားလေ၏ ။ မောင်ဖြိုးသည် လက်တစ်ဖက်နှင့် ထိုး၍ ခံလိုက်လေ၏ ။ ကတ္တီပါ မှီအုံးကလေးလို နူးညံ့တင်းအိသော အင်္ဂလိပ်မကလေး၏ ရင်အုံသည် မောင်ဖြိုး၏ လက်မောင်းပေါ်တွင် ထစ်ကာ တင်မိလေ၏ ။ သို့ထစ်ကာ တင်မိခြင်းကြောင့် အင်္ဂလိပ်မကလေးမှာ အုတ်ခဲ၏ နောက်သို့ မလိုက်မပါ ဖြစ်ပဲနေလေ၏ ။ ၎င်း၏ အဖနှင့် တူသော အင်္ဂလိပ် အထီးကြီးသည်လည်း ရေတွင်း အနီးရှိ ချောသော ရေညှိများ၏ သဘောသဘာဝကို မသိဘဲ တစ်ဟုန်တည်းပြေး ၍ လာလေရာ ရေညှိကို နင်းမိ၍ လျှောခနဲ ဖြစ်ပြီး အကောင်လိုက် ကိုင်၍ အရိုက်ခံရသလိုဖြစ်မည့်ဆဲဆဲ ရှိလေ၏ ။ သို့ဖြစ်မိဆဲဆဲအတွင်း လျင်မြန်သော သူရင်းငှား မောင်ဖြိုးသည် ဘောဖမ်းကောင်းသော ဂိုးသမားလို ပြေး၍ ဖမ်းလေရာ အင်္ဂလိပ်အထီးကြီးမှာလည်း မလဲအားပဲ နေလေ၏ ။
“ လူကလေး လက်က မြန်သည် အများချည်း ကျေးဇူးတင်လိုက်ပြီ လူကလေးနားမြီး ဘားခေါ်သလဲ ” ဟု မောင်ဖြိုး၏ ပခုံးကို ကိုင်ကာမေးလေ၏ ။ မောင်ဖြိုးသည် နာမည်ကို ပြောလေ၏ ။ အင်္ဂလိပ်မကလေးကလည်း မိမိ ၏ ဖခင်အား မောင်ဖြိုးကို ကြည့်ကာ ရွှေပြည်စိုးငှက်သံ နှင့်တူသော အသံကလေးနှင့် လျင်မြန်ထက်သန်စွာပြော၍ ပြပြီး မောင်ဖြိုးအား ကျေးဇူးတင်သော အမူအရာနှင့် ပြုံးကာကြည့်လျက် “ အများကြီး ကျေးဇူးတင်ပါတယ် ရှင် ၊ ရှင် မဖမ်းလိုက်ရင် ကျွန်မ ရေတွင်းထဲ ကျသွားမှာပဲ ၊ ကျွန်မဖေဖေလည်း ရှင် မဖမ်းလိုက်ရင် တော်တော်နာမှာ ပဲ ” ဟု ပြောလေ၏ ။ မောင်ဖြိုးသည် သာယာသောအသံ နှင့် ပီသသောစကားကို နားထောင်ရင်း အံ့အားသင့်၍ နေလေ၏ ။ အံ့သြကြောင်းကို အင်္ဂလိပ်မကလေးက ရိပ်မိသဖြင့် “ ကျွန်မအမေက မြန်မာလူမျိုးပါ မအံ့သြပါနဲ့ ” ဟု ပြောလေ၏ ။ မောင်ဖြိုးမှာ အံ့သြခြင်း မလျှော့ဘဲ ပြုံးကာ ခေါင်းညိတ်လေ၏ ။
“ ဒီရေဟာ သောက်လို့ ရသလား ၊ ကျွန်မတို့ ဟိုဘိုတဲမှာ နေတယ် ။ ယုန်ကလေးများ ၊ ချေကလေးများ တွေ့မလားလို့ သားအဖနှစ်ယောက်လည်ပတ်လာကြတာပဲ ” ဟု ပြောလေ၏ ။ ၎င်း၏ ဖခင်သည်ကား သမီးကလေး ပြောပုံဆိုပုံကို သဘောကျလျက် ကြည့်၍နေလေ၏ ။
“ ကောင်းပါတယ် ၊ ရွာနဲ့လည်း ဝေးတယ် ။ ရေလည်း အေးတယ် ၊ အညစ်အကြေး ဘာမှ မရှိပါဘူး ။ အကောင်းဆုံး ရေပဲ ” ဟု ပြောပြီး မောင်ဖြိုးသည် ရေတစ်ပုံးကို ဆွဲ၍ ပေးလေရာ အင်္ဂလိပ် သားအဖ နှစ်ယောက် သောက်ကြလေ၏ ။ ထို့နောက် မောင်ဖြိုးအား ကျေးဇူးတင် စကားများကို ပြောဆိုနှုတ်ဆက်ပြီး ဘိုတဲသို့ သွားကြလေ၏ ။
ထိုအခါမှစ၍ မောင်ဖြိုးမှာ ဘိုတဲသို့ မကြာမကြာ ရောက်လေ၏ ။ အင်္ဂလိပ်မကလေးနှင့် အသိမိတ်ဆွေ ဖြစ်လေ၏ ။ အင်္ဂလိပ်မလေး၏ ဖခင်မှာ သမီးကလေး ပျော်ရွှင်စွာ နေသည်ကို သိသဖြင့် ကျေနပ်လျက် မြန်မာ တောသားကလေး တစ်ယောက်အတွက် သမီးကို စိတ် မချစရာ အကြောင်းမရှိဟု အယူရှိကာ လွှတ်၍ထားလေ၏ ။ မောင်ဖြိုးမှာ ၎င်းသားအဖနှစ်ယောက် ရှိနေသမျှသော ရက်အနည်းငယ်အတွင်းမှာ နတ်ပြည်သုဂတိသို့ ရောက်သလို ဖြစ်၍ နေလေ၏ ။
မောင်ဖြိုးသည် ၎င်းတို့ သားအဖအအတွက် အမျိုးမျိုး လုပ်ကိုင်၍ပေး၏ ။ ၎င်းတို့အတွက် ချိုးရေကို ခပ်၍ ပေး၏ ။ ကြက် ၊ ငှက် ၊ ဝမ်းဘဲ ဟင်းကျွေးချက်ပြုတ်စရာတို့ကို ဝယ်၍ ပေး၏ ။ အခါများစွာ အင်္ဂလိပ်မကလေးနှင့် အတူ ဈေးသို့ သွားရ၏ ။ ငှက်ပစ်သွားသည့်အခါ၌လည်း လိုက်ရလေ၏ ။ ထိုအင်္ဂလိပ် သားအဖနှစ်ယောက်မှာ အရာရှိ မဟုတ် ၊ လယ်ထွန်စက်များ ၊ မြေသြဇာများကို အရပ်ရပ် လယ်ပိုင်ရှင်များအား စပ်ဟပ်ရောင်းချသော အရောင်းအဝယ်သမားများ ဖြစ်ကြလေ၏ ။
ငှက်ပစ်သွားကြရာ တစ်ရွာမှ တစ်ရွာ ကူးသန်းသည့်အခါ မောင်ဖြိုး လိုက်ပါလေ၏ ။ အကြောင်းမူကား ထိုအခါသည် အားလပ်သော နွေအခါဖြစ်လေ၏ ။ သို့ သွားလေရာ၌ ကြမ်းသောလမ်းများမှာ မောင်ဖြိုးသည် အင်္ဂလိပ်မကလေးကို တွဲကိုင်လျက် အတူယှဉ်ကာ သွားရလေ၏ ။ တစ်ရံတစ်ခါ ရိုးငယ်ချောင်းငယ်များကို ကူးဖြတ်သည့်အခါ မောင်ဖြိုးသည် အင်္ဂလိပ်မကလေးကို တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ ပွေ့ချီကာ ပို့ရလေ၏ ။ မောင်ဖြိုး၏ စိတ်၌ မိမိ၏ တစ်သက်တွင် ထိုကဲ့သို့ အဆီ ပါသော အလုပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မလုပ်ခဲ့ရဟု စဉ်းစားမိလေ၏ ။ ၎င်းတို့နှင့်နေရသော တစ်ခဏအတွင်း မှာ အလွန်သာသော အိပ်မက်ကို မက်၍ နေရသလို ဖြစ်၍နေလေ၏ ။
ထိုကဲ့သို့နေရာ ရက်များ မကြာမီ သားအဖနှစ်ယောက် ထိုအရပ်မှ ထွက်ခွာ၍ သွားကြလေရာ မောင်ဖြိုးသည် ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ကာ မီးရထား ဘူတာရုံ အထိ လိုက်၍ ပို့လေ၏ ။ မောင်ဖြိုးက ကောင်မလေးအား ရန်ကုန်မြို့ နေရပ်နာမည်များကို မေးလေ၏ ။ ကောင်မကလေးကလည်း ပြော၍ ပြလေ၏ ။ မီးရထား ထွက်သောအခါ မောင်ဖြိုးအား ကောင်မလေးက လက် ပြ၍ သွားလေ၏ ။ မောင်ဖြိုးကား ဘူတာရုံမှ ရွာသို့ ပြန်၍ လာသောအခါ ရင်ခေါင်း၌ အသည်းနှလုံး ပါ၍မလာ ။ အင်္ဂလိပ်မကလေး၏ နောက်သို့ အသည်းနှလုံး ထွက်ခွာ လိုက်ပါ၍သွားသလို ဟာလာဟင်းလင်း ဖြစ်၍ လာရှာလေသတည်း ။ ထိုနေ့မှစ၍ မောင်ဖြိုးမှာ လွမ်းနာဆွေးနာ ကျ၍နေလေ၏ ။ ဘိုမကလေး၏ သာယာသောအသံကလေးကို အမြဲကြားလျက်ရှိ၏ ။ ဂါဝန်တိုတိုကလေး၏ အောက်၌ ပေါ်နေသော ဒူးကလေး ၊ ခြေသလုံးကလေးများကို ထင်မြင်၍သာ နေလေ၏ ။ ပခုံးအထိ ပေါ်၍နေသော လှပသော လက်မောင်းကလေးများသည် မောင်ဖြိုး၏ မျက်လုံးများထဲမှ မထွက်ဘဲ နေလေ၏ ။ ငြိမ်သက်သော တောရွာ၌ ပလွေကလေးနှင့် အေးအေးဆေးဆေး နေသော မောင်ဖြိုး၏ ငြိမ်သက်သောဘဝမှာ ထူးခြားသော ရူပါရုံ လူမျိုးကွဲသည် ဝင်ရောက်ကာ မွှေနှောက်ပြီး ရုတ်တရက် လတ်တလော ကွယ်ပျောက်၍ သွားလေ၏ ။ မောင်ဖြိုးမှာ အမေအိုကြီး မရှိချေက ၎င်းတို့၏ နောက်သို့ အခိုင်းအစေ အဖြစ်နှင့် လိုက်၍သွားခဲ့ဖို့ရှိလေ၏ ။ ယခု အခါမှာကား ထိုကဲ့သို့ မလိုက်နိုင် မိမိ လိုက်၍ သွားလျှင် အမေအိုကြီးမှာ များစွာ ဒုက္ခဖြစ်ဖို့ ရှိလေ၏ ။ သို့ဖြစ်သောကြောင့် ရှေ့လာမည့် တစ်မိုးနှင့် တစ်နွေ သူရင်းငှား လုပ်ရလျှင် စပါးခြောက်ဆယ်တော့ ရမှာပဲ ။ စပါး ခြောက်ဆယ်ကို အစဦးဆုံး ပေါက်ဈေးနှင့် ရောင်းပြီး မိခင်အိုအတွက် လုံလောက်စွာ ထားခဲ့ပြီး မဂျော် ကို ရန်ကုန် အရောက်လိုက်၍ ရှာမည်ဟု စိတ်အကြံပြု၍ နေလေ၏ ။ ထိုအင်္ဂလိပ်မကလေး၏ အမည်မှာ ဂျော်ဂျီ ဖြစ်လေရာ ၎င်းအား မောင်ဖြိုးက မဂျော် ဟု ခေါ်လေ့ ရှိလေ၏ ။ သို့ကိုးစားမျှော်လင့်ခဲ့ရာ မိုးလေရာသီ နီးကပ်၍ လာလေ၏ ။ မောင်ဖြိုးသည် ထွန်သွားခုတ်စ ပြုလေ၏ ။ ဒီတစ်မိုး ငါအစွမ်းကုန်ရှာမယ် ။ မဂျော် ကို တွေ့အောင် ရှာဖို့ စရိတ်ကို ငါ ရတော့မည်ဟု ကိုးစားကာ အလုပ်လုပ်လေ၏ ။ မိုးတွေလေတွေ သောင်းကျန်း ဟိန်းဟောက်စပြုလေ၏ ။ မိုးကြိုးလျှပ်စစ်တို့သည် ချုန်းထစ် ပြိုးပြက်စ ပြုကြလေ၏ ။ မောင်ဖြိုးသည် တေးတကြော်ကြော်နှင့် လယ်ထွန်၍ နေလေသတည်း ။ လအနည်းငယ် လွန်သောအခါ စိမ်းစိုသော လယ်ပြင်၌ ပျိုးနုတ်လေ၏ ။ မြက်များရိတ်၏ ။ လများသည် လျင်မြန်စွာ လွန်၍ သွား လေ၏ ။ လယ်အလုပ်များ ငြိမ်းပြန်လေ၏ ။ မောင်ဖြိုးမှာ စပါးဈေးကောင်းသောအခါနှင့် တွေ့၍ ငွေတစ်ရာကျော် ခန့်ရလေရာ မိခင်အား ချွေတာစားသုံးရန် ငွေငါးဆယ် ပေးခဲ့ပြီး ဘုရားဖူးသွားသော အဖော်များနှင့်အတူ ရန်ကုန်သို့ လိုက်၍ သွားလေ၏ ။ မဂျော်ကို တွေ့အောင်ရှာမည် ငါ့ကို တွေ့ရင် မှတ်မိမှာပဲ ။ ငါ သူတို့ဆီမှာ နေချင်တယ် ဆိုလည်း ငြင်းမှာ မဟုတ်ဘူး ။ ငါသူတို့ အိမ်မှာ အစေခံလုပ်ရင်း ပညာသင်မယ် ပညာတတ်ရင် သူ့အဖေ ငါ့ကို အလုပ်ရှာပေးမှာ ။ အမေတော့ ငွေငါးဆယ်နဲ့ ရင်းနှီးစား မှာပဲ ။ တောကိုဖြင့် ငါ မပြန် လူဖြစ်အောင် လုပ်တော့မည် ။ အင်မတန် ကံဆိုးသူများမှာသာ လယ်သူလယ်သား ဖြစ်ကြရတာပဲ ။ ငါမြို့သား လုပ်မည် ။ တောမှာ နေရင် စုတ်မှာပဲ ။ ရွှံ့ထဲမှာ မြုပ်ပြီး ပျောက်ကွယ်နေမှာပဲ ။ မြို့မှာ နေရင် လူဖြစ်ကျိုးနပ်မည် ။ ဆင်းရဲတောင် ပြောင်ပြောင်လက်လက် ဆင်းရဲရမည် ။ တောမှာ နေရင် နွားများနဲ့ အဆင့်အတန်း တူရုံရှိမှာပဲ ။ ငါ သူတို့သားအဖ အတွက် ကြက် ၊ ငှက် ၊ ဝမ်းဘဲတို့ကို ဝယ်၍ ပေးခဲ့၏ ။ သူတို့ သားအဖချိုးဖို့ ရေကို ခပ်၍ပေးလေ၏ ။ မဂျော်က ပိုက်ဆံ ပေးသည့်အခါ ငြင်းပယ်ခဲ့၏ ။ ဒီကျေးဇူးများကို ထောက်ကာ မိမိကို ဂရုစိုက်ကြမှာပဲဟူ၍ မိမိစိတ်၌ စဉ်းစားကာ ရန်ကုန်မြို့ကြီးကို ရောက်လျှင် အများကြီး အားတက်ခဲ့လေ၏ ။
အဖော်များသည် ဝယ်ဖို့ခြမ်းဖို့ ဘုရားဖူးဖို့ အလုပ်တွေ များသဖြင့် မောင်ဖြိုး၏ ကိစ္စ၌ ကူညီရန် အချိန်မရကြ ချေ ။ ကူညီရှာဖွေ၍ပေးဖို့ရန်မှာလည်း လွန်စွာခက်လေ၏ ။ သို့ဖြစ်၍ ရန်ကုန်မှာ ရက်ကြာသောအခါ အားတက်သောစိတ်သည် လက်လျှော့၍ သွားလေ၏ ။ အဘယ်ပုံ မေး၍ အဘယ်ပုံ ရှာရမည်ကိုမသိ ။ မြန်မာလူမျိုးတစ်ယောက်ယောက်ဖြစ်ချေက တစ်နည်းနည်းဖြင့် စုံစမ်း၍ ရနိုင်ဖွယ်ရှိလေ၏ ။ ထို့အပြင် ၎င်းသားအဖမှာ ခရီးသွား၍ နေခိုက်နှင့် ကြုံ၍နေချေက ပင်ပန်းကျိုးနပ်မည်မဟုတ်ချေ ။ ရန်ကုန်မြို့ကြီးမှာလည်း လွန်စွာကြီးလေ၏ ။ သို့ဖြစ်လေရာ ခြောက်လခန့် ငွေကြေးစုဆောင်းကာ ခဲ၍ လာသမျှမှာ သဲရေကျဖြစ်ရတော့မည့်ကဲ့သို့သော အခြေအနေသို့ ရောက်၍နေလေတော့တည်း ။
ညတစ်ည၌ အဖော်များနှင့် တရုတ်တန်းဘက်သို့ ရောက်၍ သွားလေ၏ ။ မောင်ဖြိုး၏ အဖော်များသည် ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲစား၍ နေကြလေ၏ ။ မောင်ဖြိုးသည်ကား တစ်ကိုယ်တည်းရပ်ကာ သွား လာကြသော လူစုလူဝေးများကို ကြည့်၍နေလေ၏ ။ သို့ ကြည့်၍နေခိုက်တွင် ခပ်လှမ်းလှမ်း လမ်းထိပ်တစ်ခု သစ်ပင်တစ်ပင်၏အောက် မှောင်ရိပ်ကလေးကျကျမှာ တစ်ယောက်တည်း ရပ်၍နေသော သဏ္ဌာန်တစ်ခုကို မြင်ရလေရာ ရင်ထဲမှာ ဖိုထိုးသလို ဖြစ်၍သွားလေ၏ ။ ထို မြင်ရသော သဏ္ဌာန်သည်ကား လွန်ခဲ့သော ခြောက်လကျော်အခါက ရွာရှိရေတွင်းမှာ မြင်ခဲ့ရသော သဏ္ဌာန်အတိုင်း ဖြစ်၍နေလေ၏ ။
ဂါဝန်အနက်မှာ ထိုအခါက မြင်ရသည့်အတိုင်း ဒူးအထက် မြင့်တက်၍နေလေ၏ ။ ဒူးမှ ခြေမျက်စိအထိ ခြေသလုံးသားသည် အားနည်းသော ဓာတ်မီးရောင်တွင် ဝင်းလဲ့လဲ့ မြင်ရလေ၏ ။ လက်မောင်းများမှာ ပခုံး အထက်သို့တိုင်အောင် ဝင်း၍ နေလေ၏ ။ ထိုပုံသဏ္ဌာန်သည် မိမိဘက်သို့ ကျောခိုင်းလျက် လက်ပိုက်၍ နေဟန် ရှိလေ၏ ။
မောင်ဖြိုးသည် ခေါင်းမှ ခြေဖျားတိုင်အောင် ခါး တင် အကျအဆင်း အဟိုက်အတက်တို့ကို ကြည့်ကာ မျက်လုံးနှစ်လုံးမှာ မျက်တောင်မခတ်ဘဲ ရူပါရုံရမ္မက်စွဲကာ ကြက်သေသေ၍ နေလေ၏ ။ မိမိ၏ မျက်လုံးများကိုမျှ မယုံနိုင်အောင် ရှိလေ၏ ။ တွေ့ရတော့မည်မဟုတ်ဟု လုံးလုံးကြီး စိတ်ကိုလျှော့ခါမှ ရူပါရုံကိုယ်ယောင် ပြသလို ဤကဲ့သို့ မြင်ရသည်မှာ ဝမ်းသာလုံးတက်ကြွပြီး ရင်ထဲကို ဆောင့်ကာဆို့သောကြောင့် မနည်းကြီး သတိထားပြီး ရင်ဝကို နှိပ်၍ ထားရလေ၏ ။
ငါ တောကို မပြန်တော့ဘူး ။ သူတို့ အိမ်မှာ အစေခံ ဖြစ်နေရစေတော့ ကျေနပ်ပြီ ။ အစေခံ ဖြစ်ရင် နီးမှာပဲ နီးရင် သခင်မကော ခံနိုင်ပါ့မလား ။ ငါနဲ့လည်း အကျွမ်း ဝင်ပြီသား ။ ငါ သူတို့အတွက် အဘယ်လောက်အကျိုးဆောင်ခဲ့သလဲ ၊ ငါ့ကို မြင်ရင် ဝမ်းသာမှာပဲ ။ သူ့ ရှေ့ကို ငါ သွားပြီး အမှတ်တမဲ့ ရပ်မယ် ။ ငါ့ကို မြင်ရင် သူ အံ့သြမှာပဲ ။ ဟိုကို လာတုန်းကအတိုင်း ဝတ်ဆင်လျက်ပါပဲကလား ၊ ငါ့ကို သူမှတ်မိပါဦးမလား ။ အခုနည်းနည်းကလေး အရပ်မြင့်လာတယ် ထင်ပါရဲ့ ။ ယောက်ျားတော့ ရမယ်မဟုတ်သေးပါဘူး စသည်ဖြင့် တွေးတောကာ ဓာတ်မီးရောင်တွင် လင်းတောက်၍နေသော ခြေသလုံးကလေး နှစ်ဖက်ကို ပြေး၍ ဖက်ချင်လေ၏ ။ သေးသွယ်သော ခါးကလေးကို ပြေး၍ ပွေ့ချင်လေ၏ ။ ရေတွင်း၌ လက်နှင့် ဖမ်းလိုက်ရာ ရင်ဘတ်မှာ တင်းခနဲ လက်မောင်း နှင့် ထိမိထားသည့် အခြင်းအရာကို ပူပူနွေးနွေး သတိရပြီး ရင်ဘတ်ထဲမှာ ဖိုလှိုက်၍နေလေ၏ ။ ကြော့ရှင်းယဉ်ကျေးသေးသွယ်သော ငါးရံ့ကိုယ်ကလေး၏ ခိုင်ခံ့သော ညွတ်ပျောင်းခြင်းကို ဆင်ခြင်ကာ မျက်လုံးအရသာခံလျက် နေလေသတည်း ။
ထို့နောက် ဆိုင်တစ်ဆိုင်၌ ခေါက်ဆွဲစား၍ နေကြသော အဖော်များထံပြေးပြီး “ ခင်ဗျားတို့ စားနေကြနှင့်ဦး ကျုပ်ကိစ္စ ရှိသေးတယ် ။ ဟိုမှာမြင်ရဲ့လား မဂျော် လေ ” ဟု ရွှင်ပျသော အမူအရာဖြင့် မြင်ရသောသဏ္ဌာန်ဘက်သို့ လက်ပြပြီး ပြေး၍သွားလေ၏ ။ မကြာမီ ထိုသဏ္ဌာန်၏ ရှေ့သို့ရောက်၍ သွားလေရာ ကြီးလှစွာသော အံ့အားသင့်ခြင်းနှင့် ကြက်သေ,သေ၍ နေလေ၏ ။ အကြောင်းမူကား ခါးထောက်လျက် သွားကိုဖြဲကာ ပြုံးရယ်ပြီး “ ပေါက်ဖော် ဘာစားလဲ ဆန်ပြုတ်သောက်လား ၊ ခေါက်ဆွဲ စားမလား ” ဟု မေးသော သူသည်ကား ဘောင်းဘီတို အနက် ၊ စွပ်ကျယ်အင်္ကျီလက်တို အနက်ကို ဝတ်သော ခေါက်ဆွဲပေါက်ဖော် တစ်ယောက် ဖြစ်၍ နေလေသတည်း ။
မောင်ဖြိုးမှာ ဦးဆက်ကို အချခံရသော သူကဲ့သို့ ဖြစ်၍သွားလေ၏ ။ မောင်ဖြိုးသည် မိတ်ဆွေများအပေါ် ၌ အတော်ပင် ကြွားခဲ့မိလေ၏ ။ မဂျော်နှင့် မိမိ ချစ်ခင် စုံမက်နေကြောင်း ၊ မဂျော်က ရန်ကုန် လိုက်ခဲ့ပါဟု အတန်တန်မှာကြောင်း စသည်ဖြင့် ကြွားဝါခဲ့ဖူး၏ ။ ရွာ ၌လည်း ထိုနည်းအတိုင်း ကြွားခဲ့မိလေ၏ ။ သို့ဖြစ်သောကြောင့် အဖော်များထံ မပြန်ဘဲ မိမိ၌ ရှိသော ငွေအနည်းငယ်မျှနှင့် ရန်ကုန်မြို့မှာ ကြံစည်၍ အသက်ဆက် နေထိုင်တော့မည်ဟု စိတ်ကိုတင်းကာ ခြေဦးတည့်ရာသို့ ထွက်သွားရှာလေတော့သတည်း ။
မောင်ဖြိုးသည် နောက်တစ်နေ့ တိရစ္ဆာန်ရုံသို့ ရောက်၍သွားရာ ခြင်္သေ့ပေါက်စကလေးတစ်ကောင်ကို ကြည့်၍နေရင်း ခြင်္သေ့ကလေးသည် တန်ခိုးကြီးသော အမျိုးဖြစ်၏ ။ အခု ငယ်သော်လည်း ကြီးလျှင် တန်ခိုး ကြီးရမည် ။ ကြီးလျှင် တန်ခိုးကြီးတဲ့ ခြင်္သေ့ကြီးဖြစ်မှာ ဟု တွေးလေ၏ ။ သို့တွေးခိုက်တွင် အင်္ကျီအိတ်ထဲမှာရှိသော ငါးဆယ်ကျော် ခြောက်ဆယ်ကျပ်နီးနီးရှိသော အထုပ်ကို ခါးပိုက်နှိုက်မှာ စိုးသဖြင့် လက်နှင့်ကိုင်ဆုပ်၍ ထားလေရာ ဒီငွေလည်း တန်ခိုးကြီးတဲ့ အမျိုးပဲ ၊ မကုန်ရင် ဒီငွေကလေးဟာ ငွေကြီး ဖြစ်မှာပဲ ၊ ငွေဖြစ်ရင် အင်မတန်တန်ခိုးကြီးမှာပါကလား ၊ ငါ မကုန်အောင်မွေးနိုင်လျှင် ဧကန်ကြီးမှာပဲ ၊ ငါမသေရုံ စားလျှင် ဒီငွေ သေမှာ မဟုတ် ၊ သေအောင် စားသုံးမှ ဒီငွေ သေမှာပဲ ငွေထက် အစွမ်းကောင်းတာ လောကမှာ မရှိ ဟူ၍ စဉ်းစားမိလေ ၏ ။ သို့ဖြစ်လေရာ တိရစ္ဆာန်ရုံမှ ဘုရား ၊ ဘုရားမှ သိမ်ကြီးဈေးကို သွားပြီး မသေရုံစားသောက်ကာ သိမ်ကြီး၌ အိပ်ပြီး အလုပ်အမျိုးမျိုးတို့ကို စုံစမ်းလေ၏ ။ မကြာမီ လယ်တောမှာ လုပ်ရသလောက် မပင်ပန်းဘဲ ငွေကို ရနိုင်သော နည်းလမ်းတို့ကို သိ၍ လာလေ၏ ။ မိမိ၏ ငွေကို ကျစ်စွာထုပ်ပြီး ဈေးဆိုင်သည် တစ်ယောက်ထံ အခိုင်းအစေခံလေရာ ငွေရင်းအနည်းငယ်ထုတ်နိုင်လျှင် တစ်ဆ နှစ်ဆ တိုးပွားမည့် စားကျက်တွေကို တွေ့လေ၏ ။ သို့ စားကျက် နှစ်ချက်သုံးချက် မိသောအခါ လူရော ငွေရော လည်စ ပြုလေ၏ ။
နောက်ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ခန့် ကြာ၍ သွားလေ၏ ။ မောင်ဖြိုးသည် မိမိ၏ အလုပ်တိုက် အခန်း၌ တစ်ကိုယ်တည်းထိုင်ကာ စက္ကူများကို လှန်လှော၍ နေခိုက်တွင် ဒရဝမ်ကု,လားသည် စာကလေးတစ်စောင်ကို လာ၍ ပေးလေ၏ ။ မောင်ဖြိုးက စာကို ကြည့်ပြီး ခေါင်းကို ညိတ်လိုက်လေ၏ ။ မကြာမီ အလွန်လှသော မြန်မာမိန်းမပျိုတစ်ယောက်သည် သားရေအိတ်ကလေးကို ကိုင်လျက် ဝင်၍ လာပြီး ရှက်ကိုးရှက်ကန်းမျက်နှာနှင့် မောင်ဖြိုးကိုကြည့်ကာ “ ကိုဖြိုး ကျွန်မမှာ အလုပ်မရှိဘူး ၊ အလုပ်ကလေးများ မပေးနိုင်ဘူးလား ” ဟု မေးလေ၏ ။
“ မင်း ငါ့ကို ဘယ်တုန်းက သိတာလဲ ၊ ထိုင်ထိုင် ပြောစမ်းပါဦး ”
“ ကျွန်မ မဂျော်လေ ၊ ကျွန်မအဖေ ဘိလပ်ပြန်သွားရာမှာ သေတယ် ။ ကျွန်မ ဆင်းရဲနေတယ် ”
“ နို့ ငါ ဒီမှာရှိတာ မင်း ဘယ့်နှယ်သိသလဲ ”
“ ရှင့်ဆိုင်းဘုတ်ကိုလည်း မြင်တယ် ၊ ရှင့်ကိုလည်း မြင်တယ် ”
“ မှတ်မိသလား ”
“ ရှင် ဒီကနေ့ တိုက်ရှေ့မှာ လူတစ်ယောက်နဲ့ စကားရယ်မောပြောနေတာ ကျွန်မ မြင်ရတယ် ၊ ရှင် ရယ်လိုက်တော့ ကျွန်မ ရှင့်ကို မြင်ဖူးတယ်ထင်ပြီး စဉ်းစားရင်း သတိရလို့ အားရဝမ်းသာ ဝင်လာတာပဲ ”
“ ဆင်းရဲလို့ သတိရတာပေါ့လေ ၊ ချမ်းသာတုန်းက ငဖြိုး ဆိုတဲ့အကောင် ငါ့ကို ချိုးရေတောင် ခပ်ပေးပါကလား ဆိုတာ သတိများရရဲ့လား ”
“ ရပါတယ် ကိုဖြိုးရယ် ၊ ကျွန်မ မရိုင်းပါဘူး ”
မောင်ဖြိုး မှာမူ ရင်ထဲ၌ ဝမ်းသာလုံးဆို့ နေလေရာ မနည်းကြီး ဟန်ဆောင်၍ ထားရလေ၏ ။
“ ရှင်ဘယ်လို ဖြစ်ပြီး အခုလို ကြီးပွားလာတာလဲ ”
ဟု မဂျော်က မေးလေ၏ ။
“ ဒါမင်း ကျေးဇူးကြောင့်ပဲ ”
ဟု ပြောကာ မောင်ဖြိုးသည် ဆယ့်ငါးနှစ်အခါက အဖြစ်အပျက်ကို ပြန်လှန်၍ ပြောလေလျှင် မဂျော်သည် ရှက်စနိုးအမူအရာနှင့် ပြုံးကာ မျက်နှာကို အောက်ချ၍ နေလေ၏ ။
“ မဂျော် ဘာလုပ်တတ်သလဲ ”
“ ကျွန်မ အကုန်တတ်တာပဲ ”
“ ဒီလိုဖြင့် အကုန်လုပ်ရလိမ့်မယ် ”
“ အကုန် လုပ်ရမှာဖြင့် လခ ဘယ်လောက်ပေးမလဲ ”
“ အကုန် လုပ်ရတဲ့အတွက် အကုန်ပဲရရင် မလုပ်နိုင်ဘူးလား ”
ဟု ပြောကာ မဂျော်၏ လက်နှစ်ဖက်စလုံးကို ဆွဲကိုင်လေ၏ ။ မဂျော်က “ ကိုဖြိုး သဘောပဲ ကျွန်မ မှာတော့ ခိုကိုးရာမဲ့သလို ဖြစ်နေပါတယ် ” ဟု ငြိမ်သက်စွာ ပြန်၍ ပြောရှာလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
အတွဲ ၃ ၊ အမှတ် ၁၂
ဇွန် ၁၉ ၊ ၁၉၃၂
No comments:
Post a Comment