❝ အာဂ အဘိုးကြီး ❞
( ပီမိုးနင်း )
မအေးသည် မိမိ၏ လှပပြောင်းညွှတ် နုထွတ် ချောညက် ၊ မြင်သူတိုင်း မောမက်ရသော မနိမ့်မမြင့် သန္တာန်ကို ကိုယ်လုံးပေါ်မှန်၌ ကြည့်ကာ နှမြော၍ နေလေ၏ ။ ဤမျှလောက် ရက်စက်သော မိဘများ အပေါ်၌ အသည်းနာ၏ ။ ဤမျှလောက်လှပသော ကိုယ်ကို သက်ကြားအို ၊ အရိုးပုံကြီး၏ ရင်ခွင်သို့ ပို့အပ်ဖို့ရန် အတည်တကျ စီမံလိုက်သော မိဘထက် ရက်စက်သော မိဘသည် လောကမှာ ရှိနိုင်ပါမည်လား ။ မအေးသည် အသက် နှစ်ဆယ်မျှ မပြည့်သေးချေ ။ အလိုရှိတိုင်း ပြောင်းညွှတ်၍ ရသော ကိုယ်မှာ နုပျိုသော သွေးသည် လတ်ဆတ်လျက် ရှိသေး၏ ။ မကြာမီ တစ်လလောက် အတွင်းမှာ ထိုနုပျိုသော အသွေးသည် သွေးအို ၊ သွေးနာ ကြီးနှင့် ပေါင်းစပ်၍ နှီးနှောရတော့မည်တကားဟု တွေးဆကာ မိမိ ကိုယ်ကို နှမြောလှသဖြင့် မျက်ရည်များ လည်၍ လာလေ၏ ။
မောင်တင် ကို သတိရလေ၏ ။ ကိုမောင်တင် အခုအနေများ ပေါ်လာရင် ငါ အတင်းလိုက်မှာပဲ ။ နောင်ခါကျမှ ဘာဖြစ်ဖြစ် ၊ ဒီလို အိုနာကြီးထက်တော့ ကောင်းမှာပဲ ။ ကိုတင်ရဲ့ ၊ ကျွန်မကို မကယ်နိုင်တော့ဘူးလား ။ ကိုတင် ဘယ်မှာနေလို့ ကျွန်မ အဖြစ်ကို မကြားမသိဘဲ နေပါသလဲဟု မှန်ကြီးကို ဘေးတိုက်မှီကာ မျက်ရည်များကို သုတ်ရင်း တမ်းတရှာလေ၏ ။ ထို့နောက် သူ သိရင် ဒီလို နေမှာ မဟုတ်ဘူး ။ လာမှာပဲ ဟူ၍လည်း အောက်မေ့လေ၏ ။
မောင်တင်မှာ မအေးထက် ငါးနှစ်မျှ ကြီး၏ ။ ရုပ်ရည်သားနား ခန့်ညားလှပ၏ ။ ပညာတတ်မြောက်၏ ။ လခ တစ်ရာကျော်လေးမျှ ရသော်လည်း ကြီးမြင့်ဖို့ အလားအလာ ရှိ၏ ။ သို့သော်လည်း တစ်ခါတစ်ရံ အပေါင်းအသင်းများနှင့်အတူ ရန်ကုန်မြို့ မြင်းပွဲသို့ လိုက်ပါသည် ဟူသော သတင်းကြောင့် မအေး၏ မိဘများက မောင်တင်နှင့် မအေးကို မတွေ့ရအောင် ကျပ်တည်းစွာ ပညတ်၍ ထားဆဲမှာ မောင်တင်သည် စိတ်ညစ်ပြီး ဒိစတြိတ်ရာဇဝတ် တရားသူကြီးရုံးမှ ထွက်လျက် ရန်ကုန်မြို့သို့ သွားရောက်၍ အလုပ်သစ်ကို လုပ်ကိုင်နေရာ တစ်ခါလည်ကျော်ရှိခဲ့လေ၏ ။ အဘယ်ပုံ နေထိုင်သည် ဟူသော သတင်းကိုမျှ မအေး မကြားရတော့ချေ ။ မောင်တင်သည် မအေး၏ မိဘများကိုသာ မဟုတ် ။ မိဘ စကားကို နားထောင်မှုကြောင့် မအေး ကိုပါ စိတ်နာ၍ သွားလေရာ မအေး အား စာမပေးဘဲ နေလေ၏ ။ သို့ပင် စာမပေး သော်လည်း ဆရာကြီး ဦးထွန်းအေး၏ ကျောင်းမှာ နေကြသော အခါက စ၍ ချစ်ကြိုက်ခဲ့ရသော အချစ်မှာ တစ်နှစ်ခန့်မျှ မမြင်ရ ၊ မကြားရရုံနှင့် အေး၍ မသွားနိုင် ။ ရန်ကုန်မြို့သား ပွဲစားအိုကြီး ဦးဘိုးအို နှင့် မိမိကို ပေးစား ကြတော့မည့်ဆဲဆဲ ရှိသောအခါ မောင်တင်ကို သာ၍ သတိရလေ၏ ။ မောင်တင်၏ ရင်ခွင်သို့ အကြိမ်ကြိမ် ရောက်ခဲ့ဖူးသော ဤနုနယ်သော ကိုယ်ကလေးသည် ယခုအခါ အဘိုးအို၏ ရင်ခွင်သို့ ရောက်တော့မည့်ဆဲဆဲ ဖြစ်ပေတော့သည်တကားဟု တွေးမိသည့်အခါတိုင်း မောင်တင်ကို သတိရလေ၏ ။ မိဘများကလည်း မအေး ယောက်ျား မယူဘဲနေလျှင် တစ်နေ့သ၌ မောင်တင် ဧကန် ပေါ်၍လာပြီး မအေးကို တစ်နည်းနည်းနှင့် အရကြံလိမ့်မည် ။ ကြံလျှင် မအေးမှာ အလောင်းအကစား မြင်းသမား၏ မယား ဖြစ်တော့မည်ဟု အောက်မေ့ကာ လွန်စွာ စိုးရိမ်သောကြောင့် မအေး၏ ဖခင်ဖြစ်သူ ကိုယ်တိုင် ရန်ကုန်မြို့သို့ သွားရောက်ကာ သမက်ကောင်း ရအောင် ရှာကြံခဲ့ခြင်းဖြစ်လေ၏ ။ ယခုသည်ကား နယုန်လ ကုန်တော့မည် ။ ဝါမဆိုမီ သက်ကြားအိုကြီးနှင့် တွဲရတော့မည် ။ ဝါဆိုသောအခါ မယားချောချောကလေးနှင့် အသားယူမည့် သက်ကြားကြီးနှင့် အတူတွဲကာ ဥပုသ် စောင့်သွားရတော့မည် ။ သက်ကြားအိုကြီးနှင့် အတူယှဉ်၍ သီလခံရမည် ။ သက်ကြားအိုကြီးနှင့် ယှဉ်ပြိုင်ကာ နောင်ရေစက် အတူ ဆုံဖို့ရန် အတွက် အလှူ ရေစက်အမျိုးမျိုး ချရတော့မည် စသည်များကို တွေးမိသည့် အခါတိုင်း မသက်သာ ကျောရိုးထဲမှာ စိမ့်ခနဲ ၊ စိမ့်ခနဲဖြစ်ပြီး ကြက်သီးမွေးညင်းများ ထမိလေ၏ ။ မတော်တဆ ဒီအဘိုးကြီးဟာ ငါလို အပျိုကလေးကို ရသည် အတွက် ငယ်မူပြန်ကာ ဖန်စီရှပ်ကလေးနဲ့ ကျောက်ခက်ဆင် ခေါင်းပေါင်းကြားကြား ပြောက်ပြောက်ကလေးနဲ့ ရှူးဖိနပ်ကို ဝတ်ပြီး လူပျိုကလေးများလို ထက်မြန်လတ်ဆတ် တဖျတ်ဖျတ် လုပ်ကာ အို ... သူက ပျိုမူဆင်ပြီး ကလိန်းကလက် ရှိန်းပျက်ပျက် လုပ်မှဖြင့် တောက်တဲ့ကို ဖက်ရတာထက် ကြက်သီးထစရာ ရှက်ကိန်းကြီး ကျတော့မှာပါတကား စသည်ဖြင့်လည်း ဆင်ခြင်ကာ တွေးရုံနှင့် ရင်ခွင်သို့ ဖားပြုတ် ဝင်သလို အခံရခက် နေရှာလေ၏ ။
ပွေ့ကာ ဖက်ကာ နှုတ်ခမ်းမွေး ကြောင်ကြားကြားကြီးနှင့် ဟားဟား ဟဲဟဲ လုပ်ကာ ဖြီးစပ်စပ် လုပ်မှဖြင့် အင်မတန်မှ အခံရခက်ပြီး သွေးဆုတ်၍ သေလောက်အောင် ကြောက်စရာ ကောင်းလှမှာပါတကား ဟူ၍လည်း တွေးမိလျက် မခံမရပ်နိုင်အောင် ဖြစ်၍ နေရှာလေ၏ ။
သို့ထွေရာများစွာတို့ကို တွေးကာတွေးကာ မောင်တင် ကိုသာ တရေးရေး ထင်မြင်ကာ တမ်းတသော်လည်း မောင်တင်က မပေါ်လာ ၊ အဘိုးကြီးနှင့် ထိမ်းမြား ရမည့်ရက်သာ နီးကပ်၍ လာလေ၏ ။ နောက်ဆုံး အဘိုးကြီး ကိုယ်တိုင် နောက်ပါ အနည်းငယ်မျှနှင့် အိမ်ထောင်ပစ္စည်းကို ဆောင်ယူကာ ဆိုက်ဆိုက်မြိုက်မြိုက် ရွာသို့ ရောက်လာပြီးလျှင် မအေး၏ မိဘများနှင့် ချစ်ကျွမ်းဝင်သော ရွာသူကြီး ဦးအောင်ဖေ၏ အိမ်၌ တည်းသည် ဟူသော သတင်းဖြစ်ကာ တစ်ရပ်လုံးမှာ အုတ်အော်ဒေးရ ဖြစ်၍ သွားလေ၏ ။ နေရာတိုင်း လူစုတိုင်း မအေးနှင့် အဘိုးကြီး အကြောင်းကို ပြောကြလေ၏ ။ အဘိုးကြီးက ဘယ်လို ရုပ်ကြီးပဲ ၊ ညာလို ရုပ်ကြီးပဲ ၊ မျောက်အိုကြီးလိုလား ၊ နံရံမှာ ပစ်ပြီး ကပ်ထားတဲ့ ရွှံ့ပြားကြီးနဲ့ တူတာကလား ၊ လဒူမုန့်ကြီးပဲ ၊ သူ့မျက်နှာက မုန့်ပစ်စလက် နားရွက် တပ်ထားသလိုပဲ ၊ သစ်ငုတ်တို ခေါင်းပေါင်း ထားတာနဲ့ တူလိုက်တာ ။ ခြင်းကြားကြီး ပုဆိုး စည်းထားတာနဲ့ မတူဘူးလား ဟူသော စကားမျိုးကို မအေး ကို မရသော ကာလသားများက ပြောကြလေ၏ ။ မအေး မှာ ရှက်အားကြီးသဖြင့် အိမ်တွင်းမှ အိမ်ပြင်သို့ မထွက်ရဲဘဲ အိမ်အပေါ်ထပ် မိမိ၏ အခန်း၌ နောက်ဖေးပြတင်း ပေါက်ကို ဖွင့်ကာ အဘယ်ကို ဟူ၍ မိမိကိုယ်တိုင် မသိ ဘဲ မျှော်ငေးခေါ်တွေးရင်း မျက်ရည်ကိုသာ သုတ်၍ နေရရှာလေ၏ ။
မိဘများ အကျိုးလိုသဖြင့် သမီးသားများအပေါ်၌ အဘယ်ပုံ နှိပ်စက်တတ်ကြသည်ကို မအေး၏ ဖြစ်ပုံကို ထောက်သဖြင့် သိနိုင်လေ၏ ။ မအေးကို တောင်းရမ်းဖို့ လာသော အဘိုးကြီးသည်လည်း ရွာ၌ ခေတ္တသာနေ၏ ။ အနီးရှိ မြို့ကလေး၌ အချိန်ကို များစွာ ကုန်လွယ်စေလေ၏ ။
တောင်းရမ်းမည့်နေ့ မရောက်မီ အရင်တစ်နေ့ မွန်းလွဲအချိန်လောက်တွင် မအေးသည် ပြတင်းပေါက်မှ နောက်ဖေးကို ကြည့်၍ နေလေ၏ ။ သို့ကြည့်၍ နေခိုက်မှာ တစ်စုံတစ်ယောက်ကို မြင်သဖြင့် မအေးသည် ထက်သန် သော စိတ်အားနှင့် လည်ကို ဆန့်ကာ ကြည့်လေ၏ ။ မအေး၏ တစ်ကိုယ်လုံးမှာ မငြိမ်မသက် ဖြစ်၍ နေလေ၏ ။ နှလုံး၏ လှုပ်ရှားခြင်းသည် အဆရာထောင်ပိုမို လျင်မြန်၍ သွားလေ၏ ။ မအေးသည် လှမ်း၍ ခေါ်ချင်၏ ။ အသံကို ပြုချင်၏ ။ သို့သော်လည်း ခေါ်လည်း မခေါ်ဝံ့ ၊ အော်လည်း မအော်ဝံ့ ။ အကြောင်းမူကား မောင်တင်သည် မိမိဘက်သို့ လှည့်၍ မကြည့်ဘဲ ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး မြေကြီးကိုသာ ကြည့်ကာ မြေပေါ်၌ တစ်စုံတစ်ရာကို ရှာသလို ခပ်ဖြည်းဖြည်း လှည့်လည် လမ်းလျှောက်လျက် နေလေ၏ ။
ငါ့ကို သူ မမြင်လို့လား ၊ မြင်လျက် မမြင်ဟန် ဆောင်တာလား ၊ ဘာလုပ် နေပါလိမ့်မလဲ ၊ အကြံတစ်ခုခုများ ရှိလေသလား ၊ ငါ့ကို အရကြံဖို့ လာတာများ ဖြစ်လေသလား စသည်ဖြင့် တွေးလေ၏ ။ မောင်တင် သည်ကား မအေးကို မကြည့်ဘဲ နေလေ၏ ။ အော်ရခေါ်ရလျှင် အခြားလူတွေ ကြားမှာ စိုးလေ၏ ။ သို့အတွက် မအော်ဘဲ နေရလေသတည်း ။ ထိုကဲ့သို့ အတန်ကြာ ကြည့်၍ နေပြီးနောက် မောင်တင်သည် နောက်ဖေးလယ်ပြင်မှ တောစပ်သို့ ဝင်ကာ ပျောက်ကွယ်၍ သွားလေ၏ ။ မအေး မှာ မချိတရိ အသည်းမှာ အိ၍ ကြွေတော့မလို ဖြစ်လေ၏ ။ အိမ်မှ တိတ်တဆိတ် ထွက်ကာ မောင်တင်ကို တွေ့အောင် ရှာရလျှင် ကောင်းမလားဟု ကြံမိလေ၏ ။ သို့သော်လည်း မအေးသည် နာမည်နှင့် ညီစွာ သွေးအေးသူ ဖြစ်လေရာ စွန့်စွန့်စားစား လုပ်ဝံ့သူ တစ်ယောက် မဟုတ်ချေ ။ သို့ဖြစ်လေရာ ကြိတ်ကာ မီးတောက်လျက် ရင်ခွင်ထဲမှာ ဆူပွက်၍ နေလေ၏ ။ အကြောင်းမူကား ချစ်သူ၏ ရူပါရုံသည် စိတ်နောက်သော သူကို တမင် ရူးအောင် လာ၍ လုပ်သလို ဖြစ်နေလေ၏ ။
ထို့ပြင် မအေး၏ စိတ်၌ တွေးတောပူပင်ဖွယ်ရာ အချက်တစ်ခုမှာ ကိုတင်မှ အစစ်အမှန် ဟုတ်ပါ့မလား ။ ကိုတင် တစ်စုံတစ်ခု ဖြစ်လို့ ငါ့အား ကိုယ်ရောင် လာ၍ ပြတာများလား ။ ကိုတင် အစစ်အမှန် ဖြစ်ရင် ငါ့အခန်း ဘက်ကို ကြည့်ဖို့ ရှိသည် ။ ယခုမှာ တစ်ချက်မှ မလှည့် ။ တစ်ချက်မျှ မကြည့် ။ ကိုယ်ရောင် ပြတာနဲ့ အင်မတန် တူတာပဲဟု တွေးလေ၏ ။
သို့ တွေးတောနေခိုက်တွင် မောင်တင် ရှိစဉ်က အောင်သွယ် ဖြစ်ဖူးသော မောင်တင်နှင့် လွန်စွာချစ်သော မသီတာ ခေါ် မိန်းမကြီးသည် အခန်းထဲသို့ ရောက်၍ လာလေရာ ဧကန် ကိုတင် က လွှတ်လိုက်တာပဲဟု မအေး ၏ စိတ်၌ မှတ်ထင်၍ ဒေါ်သီတာကို စိတ်အားထက်သန်စွာ မျှော်ကိုးအားထား တစ်စုံတစ်ရာကို ကြားလိုသော မျက်နှာထားနှင့် အပါးတွင် အထိုင်ခိုင်းပြီး
“ ကိုတင်နဲ့ တွေ့သလား ” ဟု မေးလေ၏ ။
“ ဟင့်အင်း ဘယ်မှာ လာလို့လဲ ”
“ ကျွန်မ ခုပဲ မြင်လိုက်တယ် ။ ဟောဟို တောထဲကို ဝင်သွားတယ် ။ အဒေါ်နဲ့ တကယ်မတွေ့ ဘူးလား ” ဟု အံ့အားသင့်သော မျက်နှာနှင့် မေးလေ၏ ။
“ ကြားလည်း မကြားဘူး ၊ တွေ့လည်း မတွေ့ဘူး ။ တူမ မျက်စိမှားလို့ ထင်ပါတယ် ။ မောင်တင် လာရင် အဒေါ့်ဆီ ရောက်မှာပေါ့ ”
“ မျက်စိ မမှားဘူး အဒေါ် ။ ကျွန်မ သေသေချာချာ မြင်ရတယ် ။ လက်နှစ်ဖက်ကို နောက်ပစ်လို့ ကျွန်မဘက် ကိုတော့ တစ်ချက်မျှ လှည့်မကြည့်ဘူး ခေါင်းငုံ့ပြီး တောထဲ ဝင်သွားတာပဲ ” ဟု ပြောလေ၏ ။
“ တူလို့များလား တူမရယ် ။ လူတူ မရှားတဲ့ ”
“ မဟုတ်ပါဘူးအဒေါ် ။ အရင် သူဝတ်နေကျ ရခိုင်လုံချည်အစိမ်းကွက်ကြီးကို ဝတ်လို့ ။ သက္ကလပ်အင်္ကျီ အညိုနဲ့ ခေါင်းပေါင်း မပါဘူး ။ ဖိနပ်တော့ ရှေ့ထိုးဖိနပ်လို့ ထင်တာပဲ ”
“ အို ... ဒီလိုဖြင့် ဘယ့်နှယ့်လဲ ။ အဒေါ်လည်း တစ်နေ့ညက သူ့ကို အိပ်မက်တယ် ။ ရယ်မောလို့တဲ့ ။ ဘယ်လိုများ ဖြစ်ပါလိမ့်မလဲ ။ တကယ်ဆိုတော့ ဘာပြု လို့ တောထဲ သွားရမှာလဲ ။ လာရင် အရပ်ထဲက တစ် ယောက်ယောက် သိရမယ် ။ ဘယ်သူမှလည်း မြင်တယ်လို့ မကြားရဘူး ”
နှစ်ယောက်သား စဉ်းစား၍ နေကြလေ၏ ။ မအေး မှာ မျက်နှာ များစွာ မသာမယာ ဖြစ်၍ နေလေ၏ ။
“ နို့ ... အဒေါ် ဘာကိစ္စ လာတာလဲ ”
“ ကိစ္စမရှိပါဘူး ။ တူမကို မမြင်တာကြာလို့ ။ အဘိုးကြီးကို တူမ မြင်ရပလား ”
“ မမြင်ရသေးဘူး ။ အဒေါ် မြင်ရသလား ၊ အခု ရွာထဲမှာလား ”
“ ရွာထဲမှာ မရှိဘူး ။ မြို့ကို ညကတည်းက သွားသတဲ့ ။ ပြန်လာပလား မသိဘူး ။ အိုအိုပျိုပျို တူမရယ် ၊ နောက်ဆုံးကျတော့ မခြားပါဘူး ။ ပျိုပျိုရွယ်ရွယ်တွေကတော့ စိတ်လည်းမချရဘူး ”
“ ကိုတင် စိတ်မချရဘူးလား ”
“ သူလည်း အလောင်းအစားကလေး ဘာလေးနဲ့ပဲ ။ အခက်သား တူမရဲ့ ”
“ ကိုတင် ပျက်စီးလောက်အောင် မလောင်းပါဘူး ။ ဖေဖေတို့က အထင်လွဲတာပါ ”
“ အထင်လွဲတာလည်း တစ်ကြောင်းပဲ ။ တိုက်တာ ခိုက်တာတွေကလည်းရှိတယ် တူမရဲ့ ။ ပြီးတာ ပြီးပါစေတော့အေ ။ လူကြီးများ ကတော့ ကောင်းစေလိုလို့ စီမံကြတာပါပဲ ။ တူမ နောင်ခါကျမှ လူကြီးများကို ကျေးဇူးတင်မှာ ”
“ ဒါထက် ကျွန်မ ကိုတင်ကို တကယ် မြင်တာပဲ ။ ကျွန်မ ဘက်ကို မကြည့်တာ တစ်ခု ကျွန်မ မသင်္ကာဘူး ။ ဘယ်လိုများ ဖြစ်ပါလိမ့်မလဲ ”
“ တစ်ခုခုများ ဖြစ်သလား ။ ဖွဟဲ့ လွဲပါစေ ၊ ဖယ်ပါစေ ။ တချို့လည်း စိတ်တွေးအားကြီးရင် အတွေးခံရသူရဲ့ မျက်နှာ မျက်စိထဲမှာ ထင်တတ် မြင်တတ်ပေါ်လာတတ်တယ်လို့ အဒေါ်ကြားဖူးတာပဲ ”
“ မပြောတတ်ဘူးအဒေါ် ။ ကျွန်မဖြင့် မြင်တာပဲ ။ အဒေါ် စုံစမ်းကြည့်စမ်းပါဦး ။ လာများ လာသလားလို့ ”
“ လာရင် ဘာလုပ်မလဲ ”
“ ဘာပဲဖြစ်ဖြစ် ကျွန်မ အတင်းလိုက်ပြေးမယ် ။ ဒီအမဲခြောက်အိုကြီး ကျွန်မ မလိုချင်ဘူး ”
“ မတော်တာ မလုပ်ပါနဲ့ တူမရယ် ။ အင်မတန် ချမ်းသာသတဲ့ ။ ငွေဆိုတာ လောကမှာ အရေးကြီးဆုံး တူမကြီးရဲ့ ။ တော်တော်ကြာ အဘိုးကြီးသေမှာ ။ အပျိုကလေးကို အဘိုးကြီး ယူတာဟာ သေဆေးကို တဖြည်း ဖြည်း စားတာလိုပဲ တူမရဲ့ ။ စိတ်သာချ မြန်မြန်သေမှာ ”
“ မသေဘဲနဲ့ အာယုဝဍ္ဎနဆေး ဖြစ်နေမှာတော့ အဒေါ် မမြင်ဘူး ။ အမှည့် တဝင်းဝင်း အကင်း တပြိုက်ပြိုက်တဲ့ အဒေါ်ရဲ့ ။ ဒီလို ဟာမျိုးကြီးဟာ အင်မတန် အသက်ရှည်တတ်တာမျိုး ။ ဒီလိုဖြင့် အဒေါ်လည်း မကယ်နိုင်တော့ဘူးပေါ့လေ ” ဟု မအေးက ပြောလေ၏ ။
“ အဒေါ်ဘယ့်နှယ် ကယ်ရမလဲ ”
“ ကိုတင်ကို ရှာပေးပါ ”
“ နက်ဖြန်နံနက် တူမနဲ့ အဘိုးကြီး ထိမ်းမြားရတော့မှာ ။ ဒီအတွင်းမှာ မောင်တင်ကို တွေ့မယ် မထင်ပါဘူး ။ တွေ့ရင်လည်း ဘာတတ်နိုင်မလဲ ”
“ တွေ့အောင်သာ ရှာစမ်းပါ အဒေါ် ။ တွေ့ပါလိမ့်မယ် ။ တွေ့လို့ သူသာ လာမယ် ဆိုရင် ကျွန်မ ပြောင်ပြောင်ကြီး ဆင်းလိုက်မယ် ” ဟု ပြောလေ၏ ။
ဒေါ်သီတာလည်း ရှာပေးမယ်ဟု ပြောပြီး ဆင်း၍သွားလေ၏ ။
မအေးသည် ထိုညဉ့်၌ တစ်ညဉ့်လုံး မအိပ်ဘဲ နေလေ၏ ။ မောင်တင်များ လာလေမလားဟု ပြတင်းပေါက်မှ တမျှော်မျှော် နေလေ၏ ။ ထိုညဉ့်မှာ လသာ သဖြင့် မောင်တင် လာလျှင် မြင်နိုင်ဖို့ ရှိလေ၏ ။ သို့သော်လည်း မမြင်ရချေ ။ မမြင်ရသည်မှာ မလာသောကြောင့် ဖြစ်၏ ။ အဘယ်အတွက် မလာပါလိမ့်မလဲ ။ ငါ မြင်ရတာ အမှန်အစစ် ဖြစ်ပါလျက် သင်းမပေါ်လာတာ ဘာဖြစ်လို့ပါလိမ့်မလဲ ။ ငါ့ကို စိတ်နာလို့လား ။ သူကပဲ စိတ်လျှော့လို့လား ။ သေများ သေလေသလား စသည်ဖြင့် အမျိုးမျိုး တွေးရင်း လင်းအားကြီးမှ အိပ်ပျော်၍ သွားလေ၏ ။ နိုးသောအခါ အိမ်၌ လှုပ်လှုပ်ရှားရှား အလုပ်တွေ များ၍ နေကြလေ၏ ။ ဒေါ်သီတာသည် ပထမ ရောက်လာသူ ဖြစ်လေ၏ ။ မအေးက မောင်တင် အကြောင်းကို ဆီး၍ မေးလေ၏ ။ မတွေ့ကြောင်း သိရသောအခါ လုံးလုံးကြီး စိတ်ပျက်လေ၏ ။ မအေးမှာ ထိုနေ့ နံနက်သည် ကျားစာ အကျွေးခံရမည့် ရာဇဝတ်သားကဲ့သို့ ဖြစ်၍ နေရှာလေတော့သတည်း ။
အခန်း [ ၂ ]
မင်္ဂလာ အရေးကိစ္စသည် ပြီးစီးခြင်းသို့ ရောက်လေ၏ ။ မအေးမှာ မိဘများ စိတ်နှလုံး သာကြည်ချမ်းမြေ့စိမ့်သောငှာ သဘောထားပြီးလျှင် ရွှင်ပျသော အမူအရာကို ဆောင်ရလေ၏ ။
မအေးမှာ တထိတ်ထိတ် တလန့်လန့် နေလေ၏ ။ ထိုနေ့ ဧည့်သည်တွေ ပြန်မှာကိုသာ စိုး၍ နေလေ၏ ။ အကြောင်းမူကား ဧည့်သည်တွေ ပြန်ကြလျှင် မိမိသည် ကျားသံချိုင့်သို့ ဝင်ရတော့မည်ဟု တွေးထင် ထိတ်လန့်၍ နေလေ၏ ။ သားနားသော ရွှေရောင်တောက်သော ကြေးခုတင်ကြီးကို ကျားလှောင်သော သံချိုင့်ကြီးဟု မအေး၏ စိတ်၌ မှတ်ထင်၍ နေလေ၏ ။ နေမွန်းလွဲ အချိန်လောက်တွင် ဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် ထွက်၍ သွားကြလေရာ စကား အပြောသန်သော ရဟန်း လူထွက် အယ်ဒီတာ စာပြင်ဆရာကြီး တစ်ယောက်သာ ကျန်ရစ်လေရာ ၎င်းသည် လင့်ဝတ်ငါးပါး ၊ မယားဝတ် ငါးပါး မှစ၍ လင်မယားတရားတွေ ၊ အိမ်ထောင်မှုတရားတွေ ၊ သားတရား ၊ သမီးတရားတွေကို လေမပြတ်ဘဲ ချိုချဉ်ခဲဖွယ်တို့ကို စားကာ ၊ မြည်းကာ ပြောဟောလျက် ကျန်ရစ်လေ၏ ။
မအေး မှတစ်ပါး အခြား အိမ်သားများနှင့် ရင်းနှီးသူတို့က တစ်ယောက်ကို တစ်ယောက် လက်တို့ကာ မျက်စပစ်ကာ မျက်စောင်းထိုးကာ သိပ်ခွကျတဲ့ ဆရာကြီးပဲ ၊ အရိပ်သုံးပါး နားမလည် ၊ ချေသူငယ် ကျားစာဖြစ် ဆိုတာ ဒါကြီးမျိုးပဲ စသည်ဖြင့် ကျိတ်ကာ ကဲ့ရဲ့ ပြောဆိုကြလေ၏ ။
မင်္ဂလာဆောင် သတို့သား အဘိုးကြီး ဦးဘိုးအို ကလည်း မှန်ပါတယ် ။ ဆရာ ပြောတာ အင်မတန် သဘောကျစရာ ကောင်းပါတယ် စသည်ဖြင့် ထောက်ခံရ သော်လည်း ဆရာကြီး သိလောက်အောင် မကြာမကြာ သမ်းဝေ၍ ပြလေ၏ ။ နားထောင်ရာမှာ ညောင်းညာသော အမူအရာနှင့် ထ၍ လမ်းလျှောက်လေ၏ ။ မအေး သည်ကား ဘာတွေကို ဟောမှန်း မသိသော်လည်း တရားဟော ရပ်မှာ စိုးလှသဖြင့် တရားတစ်ပုဒ် ဆုံးတိုင်း ဟောပါဦး ဆရာကြီးရဲ့ ၊ နားထောင်ကောင်းလွန်းလို့ပါ ဟူသော စကားဖြင့် အားပေးလေ၏ ။ စားစရာ ၊ သောက်စရာတွေကို ပြင်ဆင်၍ ပေးလေ၏ ။ မခံမရပ်နိုင်သော မင်္ဂလာဆောင်သတို့သား ဦးဘိုးအို က မအေး လုပ်ပုံကို သဘောမကျသော အမူအရာဖြင့် မကြာမကြာ မအေးကို စိန်းစိန်းကြည့်လေ၏ ။
အတော် နေစောင်းသဖြင့် ဆရာကြီး ပြန်တော့မည်ရှိ သောအခါ မအေးက “ ဆရာကြီး မပြန်ရသေးဘူး ။ ကျွန်မတို့ သင်စရာ ၊ တတ်စရာတွေ အများကြီး ကျန်ပါသေးတယ် ။ ညစာ စားပြီးမှ ကြွပါ ။ ဆက်ပြီး ဟောပါဦး ” ဟု တောင်းပန်လေ၏ ။ ဦးဘိုးအိုက လုပ်သံကြီး အောအောနှင့် “ တော်ပါစေတော့ အေးရယ် ။ မောပါပြီကွယ် ” ဟု ပြောလေ၏ ။ ဆရာကြီးက မူကား ဆက်၍ ဟောဦးမည် ပြုလေရာ အခြားသော သူများက “ တော်ပါစေတော့ ။ အားနာပါတယ် ။ ကိုင်း ဆရာကြီး ကြွပေတော့ ။ ကြွပေဦးတော့ ။ နောက်လည်း တပည့်များကို သင်ပြဆုံးမပါဦး ။ အခုလောက် ကြားရတာ အများကြီး အကျိုးများပါပြီ ” စသည်ဖြင့် ပြောဆို၍ လွှတ်ကြရလေ၏ ။
မအေး ကမူကား ဆရာကြီး သွားသည် အတွက် အများကြီး မကျေမချမ်း ဖြစ်ကာ သံချိုင့်ထဲ လွယ်ကူစွာ မရောက်ရအောင် အဘယ်ပုံ ဉာဏ်ဆင် ရပါ့မလဲ ဟူ၍သာ ကြံစည်၍ နေလေ၏ ။ နေမကောင်းဟန် ဆောင်လျှင် ဦးဘိုးအို ကိုယ်ဖိရင်ဖိ လာ၍ ပြုစုလိမ့်မယ် ။ ကိုယ်ဖိရင်ဖိ ပြုမှ သာလွန် ကြောက်မက်ဖွယ်ကောင်းမည်ဟု စဉ်းစားမိသဖြင့် နေမကောင်းဟန် မဆောင်ဝံ့ဘဲ နေလေ၏ ။ မအေး၏ စိတ်၌ အဘိုးကြီးနှင့် အနီးကပ်ဆုံး နေရထိုင်ရမှာကိုပင် ကြောက်ရွံ့၍ နေရှာလေ၏ ။ အဘိုးကြီး ကလည်း မအေး၏ စိတ် အဘယ်ပုံ ရှိသည်ကို အကဲခတ်လျက်သာ နေလေ၏ ။ မိမိအား မအေး အဘယ်မျှလောက် မုန်းထားရွံရှာသည်ကို သိလေ၏ ။ သိလေလေ သာ၍ မုန်းဖွယ်ရာ ဖြစ်သော အမူအရာတို့ကို တမင်ဆောင်လေလေဟု မှတ်ထင်ဖွယ်ရာ ဖြစ်လောက်အောင် ပြုမူလေ၏ ။
မအေးသည် အိပ်ခန်းထဲသို့ မဝင်ဘဲ နေလေ၏ ။ အဘိုးကြီးသည်ကား မငြိမ်မသက် ဖြစ်ကာ အိမ်ပေါ်၌ ရိုးရိုးရွရွ ထိုင်ချည် ၊ သွားချည် ၊ လျှောက်ချည် ဖြစ်၍ နေလေ၏ ။ အိမ်၌ ရှိသူများက အရိပ်အကဲကို သိကြသဖြင့် မအေး အား အဘိုးကြီးနှင့် စကားစမြည် ပြုံးပြုံးရွှင်ရွှင် ပြောဆိုဖို့ရန် အားပေးနားချကြလေ၏ ။ မအေး သည်ကား ရှက်ကိုးရှက်ကန်း ဖြစ်ကာ စကား မပြောဘဲ နေလေ၏ ။
အဘိုးကြီးလည်း စိတ်လက်များစွာ မသာမယာသော အမူအရာနှင့် မြို့ဘက်ကို သွားဦးမည်ဟု ပြောပြီး ထွက်၍ သွားလေရာ မအေးမှာ အဘိုးကြီး စိတ်ဆိုးသွားပြီ ၊ ပြန်လို့တော့ လာမှာ မဟုတ်ဘူးဟု အောက်မေ့ကာ အားရဝမ်းသာ အခန်းထဲ ပြေး၍ ဝင်လေရာ မသီတာက လိုက်၍ သွားလေ၏ ။ မအေး သည်ကား ပြုံးကာရယ်ကာ နှင့် ကြိုးဟန်ပါအောင် က၍ နေလေ၏ ။ ပြီးသောအခါ မသီတာကို ပြေး၍ ဖက်ကာ “ အဒေါ်ရဲ့ ကိုတင်ကို တွေ့အောင် မရှာနိုင်တော့ဘူးလား ။ အချိန် ရှိပါသေးတယ် ။ ယခုအနေများ ပေါ်လာရင် သိပ်ကောင်းမှာပဲ ။ အခု လက်မတင်လေး .. ”
“ မတွေ့ဘူး တူမကြီး ။ မောင်တင်ကို တွေးမနေနဲ့တော့ ။ တူမ မြင်တာ တကယ်မှန်ရင် သာပြီး စိတ်နာစရာပေါ့ ။ ရောက်လျက်နဲ့ မလာတဲ့ လူကို မက်နေရသေးလား ။ တူမ မြင်တာဟာ တကယ် ဟုတ်ရင် သူ လာပြီး ချော့မှာပဲ ။ အေးအေးသာ နေပါ ။ အဘိုးကြီး သနားဖို့ ကောင်းပါတယ် ။ မျက်နှာငယ်ငယ်နဲ့ ဆင်းသွားရှာတယ် ။ အဒေါ်ဖြင့် သနားပါတယ် ။ တူမ လုပ်တိုင်းခံမယ့် အဘိုးကြီး တူမရဲ့ ။ အင်မတန် သဘောကောင်းမယ့် လက္ခဏာပဲ ”
“ ကျွန်မ သူ့ကို ဘယ်လို လုပ်ဖို့မှ စိတ်မကူးလို၍ ခက်တာပဲ ”
“ တူမ မသနားဘူးလား ”
“ ကျွန်မ နည်းနည်းမှ မသနားဘူး ။ ကျွန်မ အနားများ ကပ်လာရင် ဆူမှာပဲ ”
“ မလုပ်ပါနဲ့ တူမရယ် ။ ရှက်ကိုးရှက်ကန်းနဲ့ ထွက်သွားမှဖြင့် ။ တူမ ဆိုးချင်တိုင်း ဆိုးရမှာ ။ ဒီလိုနေရာမျိုးမှာ တူမရယ် လူချင်း လဲပြလိုက်ချင်ပါရဲ့ ”
“ ဒီလိုဖြင့် ညကျတော့ ခုတင်ပေါ်မှာ အဒေါ်တက် ပြီး အိပ်နေပါလား ။ ကျွန်မ ဓာတ်မီးကို ဖျက်ပြီး မှောင်ကျအောင် လုပ်ထားလိုက်မယ်လေ ။ အဲဒီတော့ သက်ကြားကြီး ကမူးရှူးထိုးအရှိန်နဲ့ ဝင်လာပြီး ဘယ်သူမှန်း ဘယ်ဝါမှန်း မသိဘဲ ကမန်းကတန်းနဲ့ ... ”
“ အမယ်လေးလေးတော် ။ မလုပ်ပါနဲ့အေ ။ ကျွန် ဝယ်ရာ အဆစ်ပါသလို အဆစ်ဖြင့် မပါပါရစေနဲ့ ။ အစစ် ဆိုရင်တော့ ငွေသာ အခုပါပါစေ ။ ဘာကြီးပဲလာလာ သဘောကြီးကြီး သည်းခံနိုင်ပါတယ် ” ဟုပြောပြီး မအေး အား သည်းညည်းခံဖို့ အမျိုးမျိုး နားချလေ၏ ။ မအေးလည်း တစ်စုံတစ်ရာမျှ ပြန်မပြောတော့ဘဲ နားထောင်၍သာ နေရှာလေတော့သတည်း ။
အခန်း [ ၃ ]
ထိုနေ့ညဉ့် မအေးသည် အားလုံးက တရားချကြသဖြင့် ရေမိုးချိုးပြီး ဖြီးလိမ်းခါ မွေးကြိုင်သန့်ရှင်းသော ကိုယ်ကို အိပ်ရာ၌ လှိမ့်တင်ပြီး တစောင်းခွေလျက် အဘိုးကြီးကို မျှော်၍ နေရလေ၏ ။
သို့စောင့်မျှော်သော်လည်း ကိုတင် လာလိမ့်မည် ဟူသော မျှော်လင့်ခြင်းမှာ မပျောက်ပျက်သဖြင့် ယနေ့ည အဘိုးကြီး စိတ်ဆိုးပြီး ပြန်မလာဘဲ နေပါစေဟူ၍သာ ဆုတောင်း၍ နေလေ၏ ။ မိဘနှစ်ပါးတို့သည်ကား အတွင်းခန်း၌ မောပန်းကာ အိပ်ပျော်၍ နေကြလေ၏ ။ ထိုအခါ အတော် ညဉ့်နက်လေ၏ ။ အိမ်ခေါင်းရင်း ပြတင်းပေါက်မှ အေးချမ်းသော လေပြေသည် ဝင်ကာ မအေး၏ ကိုယ်ကိုပွေ့ ရစ်ကာ ဗလက္ကာရ ဝှေ့ယမ်းကစားလေ၏ ။
အခုအနေ ကိုတင်များ လာရင် ငါ လိုက်သွားမှာပဲ ။ ကိုတင် ဘာပြုလို့ မလာပါလိမ့်မလဲ ။ ငါ မြင်ရတာဟာ ကိုတင်မှ ဟုတ်ပါ့မလား ။ ကိုတင်ရဲ့ ဘာဖြစ်လို့ ရတာလဲ ။ အေးကို ဘာပြု၍ ဒီလောက် စိတ်နာရတာတုန်း ။ အခု အိပ်ရာခုတင်တွင် ပြင်ဆင်လို့ ပြီးပါပြီ ကိုတင် ရဲ့ ။ အေးဖြင့် အဘိုးကြီး ရင်ခွင်သို့ ရောက်ရပါတော့မယ် ။ ဒီအဘိုးကြီးဟာ သန်ကသန်မာပါဘိသနဲ့ ။ အေး ကိုဖြင့် ချမ်းသာပေးတော့မှာ မဟုတ်ဘူး ။ အေး ... မကြာမီ ကျားစာ ဖြစ်ရပါတော့မယ် ကိုတင်ရဲ့ ။ အေးကို လာပြီး မကယ်တော့ဘူးလား စသည်ဖြင့် တွေးတောတမ်းတ ၊ အိပ်မက်ပမာ ထင်ရ ၊ မြင်ရသော ချစ်သူကိုသာ နွမ်းလျ ကြုံလှီကာ တွေးခေါ်၍ နေလေသတည်း ။
ထိုကဲ့သို့ နေသော အခိုက်တွင် အိမ်ရှေ့မှ ခွေးဟောင်သံများကို ကြားရလေ၏ ။ အိမ်အောက်ထပ်၌ စောင့်၍ နေသူများ၏ လှုပ်ရှားသံများကို ကြားရလေ၏ ။
“ ရှိပါတယ် ။ ရှိပါတယ် ။ အိပ်ပျော်နေထင်ပါရဲ့ ဦးရဲ့ ” ဟုပြောသော မသီတာ၏ အသံကို ကြားရလေ၏ ။ မအေးသည် အိပ်ပျော် ဟန်ဆောင်၍ နေလေ၏ ။ မအေး၏ ရင်ထဲမှာ တဒိန်းဒိန်း ဖြစ်၍ နေလေ၏ ။ အဘယ် အတွက် ဤကဲ့သို့ ဖြစ်သည်ကို မအေး မတွေးတတ်အောင် ရှိနေလေ၏ ။ အကြောင်းမူကား မအေးသည် နဖူးစာနှင့် ကံကြမ္မာ စီမံရာကို လိုက်ပါတော့မည်ဟု စိတ်ကို ဒုန်းဒုန်းချပြီး ဖြစ်ပါလျက် အဘယ်အတွက် ယခုလို နှလုံးထဲမှာ ဒုန်းဒုန်းဒိုင်းဒိုင်း မြည်၍ နေရပါသနည်း ။ အချစ်သည် ဘယ်နှမျိုး ရှိပါသနည်း ။ အချစ် တစ်မျိုးလား ။ အကြိုက် တစ်မျိုးလား ။ ၎င်းအဘိုးကြီး အပေါ်၌ အချစ် မရှိသည်ကား အမှန် ဖြစ်၏ ။ သို့သော်လည်း ထိုအဘိုးကြီး၏ လှုပ်ရှားသွားလာပုံမှာ သန်မာ မြန်ထက်၍ အသက်ပင် ကြီးသော်လည်း အသားအသွေး အကြော အခြင်တို့မှာ ကြုံလှီကုန်ခန်းသေးသည် မဟုတ်ချေ ။ အဘိုးကြီးများဟာ ဘယ်လို လူစားများ ဖြစ်ပါသလဲဟူ သော အတွေးမျိုးနှင့် သိလိုသော ပုထုဇဉ်ဓာတ်များသည် မအေး၏ ရင်ခွင်၌ လုံးလုံးကြီး ကင်းပါမည်လော ။
လက်၌ ရှိသော စိန်လက်ကောက် ၊ စိန်လက်စွပ်များသည် ဓာတ်မီးရောင်၌ ဝင်းတောက်၍ နေကြလေ၏ ။ ထိုပစ္စည်းများသည် အဘိုးကြီး၏ ကောင်းမှုတွေ ဖြစ်ပါပေသည် ဟူသော ဆင်ခြင်သော စိတ်သည် မအေး၏ ရင်ဝကို နွေးနွေးကလေး ဖြစ်စေလေသတည်း ။ အဘိုးကြီးသည် ချောင်းဟန့်ကာ တက်၍ လာလေ၏ ။ ချောင်းသံကို ကြားသောအခါ မအေးမှာ ထိတ်ခနဲ ဖြစ်ပြီး တွေဝေစဉ်းစား၍ နေလေ၏ ။ မအေးသည် မျက်လုံးများပေါ်၌ လက်တင်ကာ တစောင်းနေလျက် အသက်ကို မှန်မှန်ရှူ၍ နေလေ၏ ။
အဘိုးကြီး၏ လျင်မြန်သော ခြေသံသည် အခန်း နားသို့ ကပ်၍ လာပြီး တံခါးဖွင့်သံကို ကြားရလေ၏ ။ အဘိုးကြီးသည် အခန်းထဲသို့ ဝင်ရောက်၍ လာလေ၏ ။ မအေး၏ ရင်ဝ၌ စာပို့ရထားကြီး ဝင်၍ ခုတ်သလို ဖြစ်၍ နေလေ၏ ။ အိပ်ဟန်ဆောင်ရင်း ငါ ဘာဖြစ်ပါလိမ့်မလဲ ။ ဘာဖြစ်၍ ငါ၏ အသွေးအသားတို့သည် ဤမျှလောက် အုပ်အုပ်ကြွက်ကြွက်ဖြစ်နေကြပါသလဲ ခက်လှပါတကား စသည်ဖြင့် စဉ်းစား၍ နေလေ၏ ။
အဘိုးကြီးသည် ခေါင်းပေါင်းကို ဖြုတ်ကာ ကြိုးတန်းပေါ်၌ တင်၏ ။ သက္ကလပ်အင်္ကျီကို ချွတ်ကာ သမင်ချိုမှာ ချိတ်၏ ။ ကုလားထိုင်၌ ထိုင်ကာ ဖိနပ်ကြိုးများကို ဖြည်၏ ။ မအေးသည် မျက်နှာကို ကာ၍ ထားသော လက်ချောင်းများ၏ အကြားမှ ကြည့်ရာ ၊ သျှောင်ပူစူး ကြောင်ကြောင်ကြားကလေးကို မြင်ရ၏ ။ ရှပ်အင်္ကျီမှာ အဖြူစင်း ဖြစ်လေ၏ ။ ခြေစွပ်များကို ချွတ်ပြီး ဖိနပ်ကို ရှေ့သို့ ခြေနှင့် တွန်းကာ ခုတင်အောက်ကို ရောက်အောင် ပို့ပြီး ပုဆိုးရှည်ကို ခါးမှ ဖြုတ်၍ တန်းပေါ်မှာ တင်လိုက်ရာ ပိတ်ဘောင်းဘီ ဒူးအထက် မြင့်၍ နေသည်ကို မြင်ရ၏ ။ ဒူးပေါင် သလုံးသားတို့မှာ ဖြူစင်တင်းပြည့်၍ အတော် ခိုင်ခံ့သော အဘိုးကြီး ပါကလားဟု မအေး၏ စိတ်၌ တွေးပြီး ရင်ထဲမှာ တစ်ဖန် နွေးခနဲဖြစ်၍ သွားပြန် လေ၏ ။ ထိုအဘိုးကြီး၏ ဒူးမှာ ထိုးကွင်းမင်ကြောင် အစအနကို မမြင်ရသဖြင့် ကာလသား အဘိုးကြီးပဲ ၊ ငယ်ငယ်က ဘောကန်တဲ့ အဘိုးကြီး ထင်ပါရဲ့ ၊ ခြေသလုံးကြွက်သားကလည်း တောင့်က တောင့်ပါဘိ သနဲ့ဟု တွေးလေ၏ ။
မကြာမီ အင်္ကျီချွတ်လိုက်ရာ လက်မောင်းကြီးများ နှင့် ရင်အုပ်ကြီးများကို မြင်ရပြန်လေရာ အလဲ့ တော်တော်လာတဲ့ အဘိုးကြီးပဲ ။ ငယ်ငယ်က လက်ဝှေ့သမား ထင်ပါရဲ့ ။ အမယ်လေး တော်တော် အားကြီး၍ သန်မာ တောင့်တင်းပြီး လျင်မြန်ဖျတ်လတ်မှာပါကလား ။ အသားဖြင့် ကျစ်လျစ်ချောပြေ၍ တင်းမာပုံကြီးပဲ ။ ငါ ထင်သလို ဖတ်ဖတ် - ဖတ်ဖတ်နဲ့ ဒန်းလွှဲနေမယ့် လက်မောင်းသားမျိုး မဟုတ်ပါကလား ။ တုန်တုန်ခိုက်ခိုက်နဲ့ အမောဆိုက်ပြီး ဇောချွေးပြန်မယ့် အဘိုးကြီးမျိုး မဟုတ်ပါလားဟု တွေးတောကာ မအေး မှာ အသက်ရှူ မမှန်ဘဲ ဘဝင်ခုန် သဖြင့် ရင်အုံမှာ အရိုင်းဘဝမို့ လှိုင်းထပြီး ကြွခနဲ ကြွခနဲ ဖြစ်၍ လာလေ၏ ။
မကြာမီ အဘိုးကြီးသည် မရဲတရဲ ခုတင် နားသို့ ယှဉ်ကပ်ကာ ထိုင်လိုက်ရာ မအေး၏ တစ်ကိုယ်လုံးမှာ ဖိန်းခနဲ ၊ ရှိန်းခနဲ ဖြစ်၍သွားလေ၏ ။
“ ဟဲ့ ... ဟဲ့ ... မအေး ” ဟု ခေါ်လိုက်ရာ မအေးသည် တွန့်လိန်ပြီး မျက်လုံးများကို ဖွင့်၍ ကြည့်လိုက်လေရာ အဘိုးကြီးသည် စိုက်ကာကြည့်၍ နေရာမှ ပြုံးပြီး သျှောင်ပူစူးကလေးကို လက်တစ်ဖက်နှင့် ဆွဲပစ်လိုက်လေ၏ ။ ထိုအခါ သျှောင်ပူစူးနှင့် ဆံပင်ပုံသည် ကြမ်းပေါ်သို့ ဖုတ်ခနဲ ကျ၍ သွားပြီး ဘိုကေ အဖြစ်သို့ ပြောင်းလဲလာလေ၏ ။ မအေး မှာ အံ့အားသင့်၍ နေလေ၏ ။ ထို့နောက် နှုတ်ခမ်းမွေးကြောင်ကြားကြားကို လက်တစ်ဖက်နှင့် ဖြုတ်လိုက်ပြီး ပြူးလျက်စိုက်ကာ ကြည့်၍ နေလေ၏ ။ ထိုအခါမှ “ အမယ်လေး ကိုတင်ရဲ့ ။ အမယ်လေး အမယ်လေး ” ဟု အသက်မရှူဘဲ အော်လေရာ မောင်တင် က ပါးစပ်ကို လက်နှင့် ပိတ်လိုက်ပြီး “ တိုးတိုးတိုးတိုး မအော်နဲ့လေ မင်းဖေဖေ ကြားမယ် ။ မသိစေနဲ့ ။ ငါ ကပ်ပွဲကြီးမှာ မြင်းနိုင်တယ် ၊ အလုပ် မလုပ်ဘူး ။ သူဌေး ဖြစ်နေပြီ ။ မင်းဖေဖေကို တဖြည်းဖြည်းမှ သိပစေ ” ဟုပြောရင်း မအေးကို တအားကြုံးပြီး ကုန်း၍ပွေ့ ယူလိုက်လေ၏ ။ ထိုအခါ မအေးသည် စကားမပြောနိုင်ဘဲ ခါးကြောများ ဖျော့ပြီး အလိုက်သင့် ကြင်နာစွာ တမင်တကာ ညင်သာ၍ နှစ်ဦးနှစ်ဝ အခြေကိုက်အောင် နေလိုက်လေသတည်း ။ တစ်ဖက်အခန်း၌ ရှိသော မိခင်နှင့် ဖခင် ဖြစ်သူမှာ အိပ်၍ မပျော်နိုင်သေးချေ ။ အဘိုးကြီးက အမယ်ကြီးကို လက်ကုတ်ကာ “ ဟဲ့ ... ဟဲ့ ... ဟဲ့ နားထောင်စမ်းလဟဲ့ ။ နင့်သမီးအသံ မဟုတ်လား အခု ရယ်တာ ”
“ ဟုတ်ကဲ့ ကျုပ်လည်း မသဲကွဲလို့ နားထောင်နေတယ် ၊ အောင်မယ် တော်တော်လာတဲ့ ( အာဂအဘိုးကြီး ) နဲ့ တူတယ် ”
“ ဟင် ... ခွေ း မ ၊ ဘာလဲ နင့်စကားက ” ဟု ပြောကာ
အဘိုးကြီးသည် အမယ်ကြီးကို ကျောခိုင်းကာ ဆိတ်ငြိမ်၍ နေလေ၏ ။
နှစ်ယောက်စလုံး ဆိတ်ငြိမ်၍ နေကြသော်လည်း ၎င်းတို့၏ နားမှာ မဆိတ်ဘဲ ကြိတ်ကာ စူးရှထက်မြက်၍ နေလေ၏ ။
နောက်တစ်နေ့ ညရထားနှင့် ရန်ကုန်သို့ ပြန်ကြသော သမီးနှင့် သမက်ကို လိုက်၍ ပို့လေ၏ ။ ပို့ပြီးသော် မီးရထားရုံမှ အိမ်သို့ ပြန်လာကြရာတွင် အဘိုးကြီးက “ ဟဲ့ ... မပို ၊ မင်းသမီး တစ်မျိုး ဖြစ်နေတယ် ” ဟု ပြောလေ၏ ။
“ မသိပါဘူးတော် ။ ရှင်ပဲ သတိထား ကြည့်နေတယ် ” ဟု အမယ်ကြီးက ပြန်၍ ပြောလိုက်လေ၏ ။
▢ ပီမိုးနင်း
📖 ကဝိတံခွန် မဂ္ဂဇင်း
ဇွန် ၊ ၁၉၃၂
No comments:
Post a Comment