Friday, March 27, 2026

နှစ်ယောက်ချင်း

 

❝ နှစ်ယောက်ချင်း ❞
        ( ပီမိုးနင်း )

တရားသူကြီး ဦးဘသိန်းသည် မိမိ အိမ်အောက်ထပ် ဧည့်ခန်း၌ တစ်ယောက်တည်း စာဖတ်လျက် နေလေ၏ ။ ထိုအခါ ညဉ့်ဆယ်နာရီကျော်ခန့် အချိန် ဖြစ်လေ၏ ။

အစေခံ ဘိုးနှစ်သည် ဆေးတံနှစ်စင်းနှင့် ဆေးဘူးကို လင်ပန်းကလေးနှင့် ယူလာပြီး ၎င်း၏ အနီး စားပွဲပေါ်၌ ချကာ ဆေးတံနှစ်စင်း ထဲမှာ ဆေးများ ထည့်လေ၏ ။ တရားသူကြီးသည် သတင်းစာကို ဖတ်ရာမှ မိမိ၏ ရှေ့တည့်တည့်၌ ရှိသော ပြက္ခဒိန်ကို လှမ်း၍ ကြည့်ကာ စူးစိုက်၍ နေလေ၏ ။

ဘိုးနှစ် ထွက်သွားတော့မည် အပြုမှာ မော်ကြည့်ပြီး “ မင်း ဒီကနေ့ည ဘယ်ကို သွားမလဲ ” ဟု မေးလေ၏ ။

“ ကျွန်တော် ဘယ်မှ မသွားဘူး ။ ဒီကနေ့ ၁၅ ရက်နေ့ ။ ဟိုအကောင် လွတ်တာ ငါးရက် ရှိသွားပြီ ။ အစ်ကိုလည်း တစ်ယောက်တည်းမို့ ဘယ်မှ မသွားတော့ဘူးလို့ အောက်မေ့တယ် ”

“ အေးအေး ၊ ကြောက်စရာတော့ မရှိပါဘူး ။ သို့သော် လည်း အရေးဆိုရင် ... ”

“ ဟုတ်ကဲ့ အစ်ကို ၊ ကျွန်တော် ဘယ်မှ မသွားဘူး ”

“ အေးအေး ၊ ဒါထက် ဟိုသင်း ... ဘာမု ဘာမု ”

“ ဘာမုတော့ ကုန်နေပြီ အစ်ကို ။ ကလာရက် တစ်လုံးတော့ ရှိသေးတယ် ”

“ အေးကွယ် ဘာပဲဖြစ်ဖြစ် ဖွင့်ပြီးသား ပုလင်းရှိရင် ဖွင့်ပြီးသားကိုပဲ ယူခဲ့ပါ ဘိုးနှစ်ရယ် ” ဟု ပြောပြီး မိမိ၏ ရှပ်အင်္ကျီ အိတ်ထဲ၌ ရှိသော အရာ ဖုဖုကလေးကို လက်နှင့် စမ်း၍ ကြည့်လေ၏ ။

ဘိုးနှစ်သည် ပုလင်းနှင့် ဖန်ခွက်များကို ပိုက်လာပြီး ထွက်သွားမည် ပြုနေလေ၏ ။

“ ဘိုးနှစ် ”

“ အစ်ကို ”

“ နောက်ထပ် ဖန်ခွက် တစ်လုံး ”

ဘိုးနှစ်သည် စက္ကန့် အနည်းငယ်မျှ တရားသူကြီးကို စိုက်ကာကြည့်ပြီး ချာခနဲ လှည့်၍ ထွက်သွားပြီး ဖန်ခွက် တစ်လုံးကို ယူ၍ လာလေ၏ ။ တရားသူကြီးက ဖန်ခွက် တစ်လုံးထဲသို့ ထည့်ရန် ဦးခေါင်းဖြင့် အမှတ် ပြလေ၏ ။ ဘိုးနှစ်သည် တစ်ဖန်ခွက်ထဲသို့ ကလာရက်ကို လောင်းထည့်ပြီး ထွက်သွားလေ၏ ။

တရားသူကြီး မော့၍ သောက်ပြီး မိမိဘာသာ တစ်ဖန် ထည့်ပြန်လေ၏ ။ ထို့နောက် အခြား ဖန်ခွက်ထဲသို့ လောင်းထည့်ပြန်လေ၏ ။ ဖန်ခွက်ရှိ ရွှေရည်သည် ဓာတ်မီးရောင်ကို ဧည့်ခံလျက် ပုလဲနံပ သင့်၍ နေလေ၏ ။

သတင်းစာ ဖတ်ရာမှာ နံဘေးပြတင်းပေါက်များကို မကြာခဏ ကြည့်လေ၏ ။ အိမ်ဝင်းတံခါးမှာလည်း ဟင်းလင်းပွင့်၍ နေလေ၏ ။ ထို့နောက် ဝိုင်အရက်တစ်ဝက် သာသာ ထည့်ထားသော ဖန်ခွက်ကို ယူကာ သတင်းစာ အကွယ်၌ ထားပြီး တစ်စုံတစ်ခုကို စီမံသလို ငုံ့၍ မန်းသလို လုပ်၍နေပြီး ပြန်၍ ချထားလေ၏ ။ ထိုဖန်ခွက်၌ ရှိသော ရွှေရည်မှာ ပန်းအိုး၏ အရိပ်ကျပြီးလျှင် တစ်ခြမ်း မှိန်၍ နေသဖြင့် တရားသူကြီးသည် နေရာကို ရွှေ့ပြီး အလင်းထဲမှာ ဝင်းဝင်းတောက်စေပြီး နောက် မိမိ ကိုယ်တိုင် ကျက်သရေရှိသော အရောင်အဆင်းကို စိန်ကဲ ကျောက်ကဲ ခတ်သူအလား ကြည့်၍ နေလေ၏ ။

ထိုအခိုက် ခေါင်းတုံးနှင့် ရှပ်အင်္ကျီလက်တို ကာကီရောင်ကို ဝတ်လျက် လက်တစ်ဖက်ကို နောက်ဘက်၌ ဝှက်ကွယ်သလို လုပ်ကာ တံခါးဝမှာ ရပ်လာလေ၏ ။

“ ဘယ့်နှယ် အောင်ကျော် ကျန်းကျန်းမာမာပဲကိုး ။ လွတ်တာ ဘယ်နေ့ကလဲ ။ လာလေ ကိစ္စကို ဆိုစမ်း ”

“ ဘယ်နေ့က လွတ်တယ် မလွတ်တယ် ဆိုတာ အရေးမကြီးဘူး ။ ကျွန်တော့်ကို စီရင်ချက် ချတုန်းက ဟာကို မှတ်မိတယ် မဟုတ်လား ”

“ အေးအေး ၊ မင်း စာတွေလည်း ရတယ် ။ မင်း ငါနဲ့ သေသေချာချာ တွေ့ပြီး နောက်ဆုံး စကားပြောပြီးမှ ငါ့ကို မင်း ပြန်ပြီး စီရင်ချက်ချမယ်လို့ ပြောသွားတယ် မဟုတ်လား ။ သူရဲဘောနည်းသူ မဟုတ်ရင် နှစ်ယောက် ချင်း အတွေ့ခံဖို့ မင်း စာထဲမှာ ပါတယ် ။ မင်း လူ့ပြည်မှာ နေရတာ မပျော်တော့ဘူး ဆိုတာ ငါ သိတယ် ။ ငါ့ကိုလည်း မင်း အဖော် ခေါ်သွားချင်တာပဲ ။ ငါ့ကို နောက်ကွယ်ရာက နေပြီး တိတ်တိတ်ပုန်း မကြံဘဲ တေ့တေ့ဆိုင်ဆိုင် ဆိုရင် နှစ်ယောက်ချင်း အတွေ့ ခံမယ်လို့ ငါ ပြောလိုက်တယ် မဟုတ်လား ” ဟု ပြောပြီး အောင်ကျော် မက်မောစွာ စိုက်လျက် ကြည့်နေသော ဖန်ခွက်ကို ယူ၍ မိမိ နှုတ်ခမ်းသို့ တေ့လေ၏ ။

ထို့နောက် မိမိ သောက်ရင်းဖြစ်သော ဖန်ခွက်ထဲသို့ ဝိုင်ကို လောင်းထည့်ပြီး “ ထိုင်ဦးလေ အရေးမကြီးသေးပါဘူး ။ အေးအေးပေါ့ ။ မင်းကို ပြစရာ တစ်ခု ရှိတယ် ” ဟု ပြောရင်း မိမိ၏ လက်က ဖန်ခွက်ကို နောက်ထပ် ထည့်သော ဖန်ခွက်နှင့် ယှဉ်၍ ချထားလေ၏ ။

“ ကျွန်တော့်ကို စီရင်ချက် ချတုန်းက ကျွန်တော့်မှာ အပြစ် မရှိကြောင်း သိလျက်နဲ့ တခြားလက်ကို ယူပြီး တမင် အပြစ်ပေးတာ မဟုတ်ဘူးလား ”

“ အေး ဟုတ်တယ် ။ သိတယ် ဆိုပါတော့ ”

“ ဘာပြုလို့သိတာလဲ ”

“ သေသူကို ငါ ပစ်သ,တ်လို့ မင်းမှာ အပြစ် မရှိကြောင်း သိတာပေါ့ ”

အောင်ကျော်သည် အံ့အားသင့်လျက် စိုက်ကာ ကြည့်၍ နေလေ၏ ။ တရားသူကြီးသည် ဖန်ခွက်ကို ပြန်၍ ယူပြီး သောက်လေဟု ပြောကာ အခြား ဖန်ခွက်ကို မျက်စပစ်၍ ပြလေ၏ ။

“ မင်းက ငါ ပြောတာကို မယုံဘူးလား ။ မင်းလည်း တခြားလူ မဟုတ်ဘူး ။ ငယ်ငယ်က ကျောင်းနေဘက်ပဲ သည့်အတွက် မင်းကို အခုလို လက်ခံ စကားပြောနေတာ ။ မင်းကလည်း ဖဲယားဖိုက် လုပ်ဖို့ လာတာပဲ ။ ငါတော့ ခုခံဖို့ မလိုပါဘူး ။ ငါ ဒီကောင်မကို သ,တ်တာ တခြားကြောင့် မဟုတ်ပါဘူး ။ ငါနဲ့ သူနဲ့ ပတ်သက်ဖူးလို့ ငါ့အကြောင်းကို သူ သိထားတာ တစ်ခု ရှိတယ် ။ ဒါကို သူ ဖော်ရင် ငါ အရာကျမယ် ။ သည့်အတွက် ငါ လုပ်လိုက်ပြီး မင်းကို ငါ ထောင်ချလိုက်တယ် ။ အခုတော့ မဟုတ်တာကို နှစ်ဆင့် လုပ်မိသည့် အတွက် ငါ အင်မတန် ဆိုးယုတ်သူ ဖြစ်ကြောင်းကို အမြဲ တွေးမိပြီး မအိပ်နိုင် မစားနိုင် ဖြစ်နေတော့တာပဲ ။ သည့်အတွက် ငါလည်း မနေတော့ဘူး ၊ မင်း သ,တ်ဖို့ မလိုပါဘူး ” ဟု ပြောပြီး ဖန်ခွက်ကို တစ်ချက်မော့ကာ ရှေ့သို့ ထိုးစိုက်လဲတော့ မလို အမူအရာနှင့် မိမိ၏ ရင်ဘတ်ကို နှိပ်လေ၏ ။

ထိုအခိုက် အောင်ကျော်လည်း ဝိုင်တစ်ခွက်ကို မော့၍ သောက်ပြီး ဖြစ်လေ၏ ။

အောင်ကျော်သည် အံ့အားသင့်လျက် စိုက်ကာ ကြည့်နေပြီး “ ဘာဖြစ်တာလဲ ” ဟု မေးရင်း မိမိ လက်တစ်ဖက်ရှိ ခြောက်လုံးပြူးကို ခါးပတ်ကြားသို့ ထိုးသွင်းမလို လုပ်လေ၏ ။

“ ဒါ ပိုတက် အဆိပ်လေ ။ မင်းက ငါ့ကို သ,တ်ချင် သည့်အတွက် မင်း သ,တ်ဖို့ မလို ၊ ငါ့ဘာသာ ငါ သွားတာကို ပြချင်လို့ မင်းကို တမင် စောင့်နေတာပဲ ” ဟု ပြောပြီး မျက်လုံးကြီးများ လည်လျက် ဟီးခနဲ ညည်းပြီး စားပွဲပေါ်မှာ ဦးခေါင်းကို တင်လိုက်လေ၏ ။

မကြာမီ လက်နှစ်ဖက် တွဲလွဲကျပြီး ကိုယ်ရော ၊ ကုလားထိုင်ရော သမံတလင်းပေါ်သို့ တစောင်းလဲကျ၍ သွားလေ၏ ။ အောင်ကျော်သည် မိမိ၏ ရှေ့၌ အလောင်း ဖြစ်၍ နေသော တရားသူကြီးကို စိုက်ကာကြည့်ပြီး ကလာရက်အရက်ကို ကပျာကယာ ထည့်သောက်လေ၏ ။ ထို့နောက် တုန်လှုပ်သော အသွင်နှင့် အခန်းထဲမှ ပြေးထွက်ရာ အိမ်တံခါးဝတွင် မျက်လုံးများ ပြူးလျက် ရက်ဘတ်မှာ မီးတောင် ပေါက်တော့မလို ဖြစ်ပြီး ထိုးလဲ၍ သွားလေ၏ ။

အစေခံသည် ဧည့်ခန်းသို့ ပြေးဝင်၍ လာပြီး မတ်တတ် ရပ်ကာ ပြူးလျက်နေသော တရားသူကြီးကို ကြည့်ကာ “ အပြင်မှာ ဟိုအကောင် မူးလဲနေတယ် အစ်ကို ” ဟု ပြောလေ၏ ။

“ ဒီအကောင် အင်မတန် ရဲတာပဲ ။ သူသေသေ ငါသေသေ အကြံနဲ့ စွန့်လာတာ ။ ဒါမျိုးနဲ့ ဖဲယားဖိုက် လုပ်ဖို့ ဘာဖြစ်မလဲ ”

“ နို့ အစ်ကို ပြောတဲ့ စကားတွေ ကျွန်တော် ကြားတာက ဘယ့်နှာလဲ ”

“ ဒါက သူ ယုံအောင် တွေ့ကရာ ပြောရတာပေါ့ ။ တယ် အတဲ့ အကောင်ပဲ ။ အလောင်းကို လမ်းမ ဆွဲပို့လို့ ။ ဘယ်သူမျှ မသိစေနဲ့ ။ ရော့ ဒီဖန်ခွက် နောက်ဖေး လွှင့်ပစ်လိုက် ” ဟု ပြော၍ ပေးလိုက်လေ၏ ။ ထို့နောက် ဝိုင်တစ်ခွက် ထပ်၍ သောက်ပြီး သတင်းစာကို ဆက်ကာ ဖတ်၍ နေလေ၏ ။

▢  ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
      အတွဲ ၁ ၊ အမှတ် ၂၅
      မတ် ၁၆ ၊ ၁၉၃၄

No comments:

Post a Comment