❝ ဘိုကြိုက်မ ❞
( ပီမိုးနင်း )
ညဉ့်အိပ်ရာဝင်ခါနီး ကလေးများ အိပ်ပျော်စ ပြုသည့် အချိန်သည် လင်မယား ဖြစ်သူတို့ ဆိတ်ငြိမ်စွာ တိုင်ပင် ပြောဆို အကြံအစည် ပြုလုပ်လေ့ရှိသော အချိန် ဖြစ်လေရာ မယ်ဆော့ နှင့် မောင်အော မှာ ထိုကဲ့သို့သော အချိန်မျိုး ၌ ထိုကဲ့သို့ တိုင်ပင် ပြောဆို နေကြခြင်း ဖြစ်လေ၏ ။
ဆော့ ။ ။ “ မောင်အို ညနေ ကတောင် လာသေးတယ် ၊ ကောင်ကလေး စမိတာနဲ့ သနားစရာဖြစ်နေတာပဲ ” ဟု မီးတိုင်မှာ ဆေးပေါ့လိပ်ခေါင်းပွကြီးကို ပြောင်းဖူး ဖုတ်သလို မီးညှိရင်း ပြောလေ၏ ။
အော ။ ။ “ မင်းက ဒါချည်း ဧည့်ထောက်ခံပြီး ပြောနေတာကိုး ၊ လာမှာပေါ့ ”
ဆော့ ။ ။ “ ကျုပ်က စ ပြောရတာ မဟုတ်ပါဘူး ။ ရှင်နဲ့ အတူ ပါလာတုန်းက စပြီး မြင်တာနဲ့ စွဲနေတာပါ ။ မိအေးကြီးကလည်း အဒေါ်တို့အိမ် လာတဲ့လူဟာ ဘယ်ကလဲလို့ မေးတယ် ။ ကျုပ်က ညည်းကို ကြိုက်လို့ လာတာလို့တောင် ကစား ပြောလိုက်သေးတယ် ။ အောင်မယ် ကောင်မကြီး ကလေ သဘောကျပုံတော့ ”
အော ။ ။ “ မထင်ပါနဲ့ ကွယ် ၊ သူတို့က အင်မတန် ငွေကို မက်တာ ။ ငွေတင် ဟုတ်ဘူး ဘိုကတော် စိတ် ပေါက်နေတယ် ။ အရင် စောတင်ကလေး လမ်းဘိုနဲ့ ညားသွား ကတည်းက အားကျမခံ ဖြစ်နေတယ် ။ သူတို့ ဂုဏ်ပြိုင် မဟုတ်လား ”
“ မောင်အိုကတော့ ဘို မဟုတ်ဘူး ၊ ပိုက်ဆံတော့ ရှိပါတယ် ။ လူမွဲထဲက မဟုတ်ပါဘူး ”
“ မင်း ဘယ့်နှယ် သိသလဲ ။ မင်းတို့ ငယ်ငယ်က ရပ်ဆွေ ရပ်မျိုး ဖြစ်ဖူးလို့ သူ့ မိဘချမ်းသာတာ မြင်ပြီး ပြောတာလား ။ ငါတော့ မင်းနဲ့ ပတ်သက်လို့ သိရတာပဲ ။ မင်းကို တွေ့ချင်တယ် ဆိုလို့ ငါ ခေါ် လာခဲ့ရတာ ။ နောင်ခါကျတော့ အကျိုး လိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့နေမယ် ။ မင်း မိအေးကြီး နဲ့ အောင်သွယ်လား ဘာလား မလုပ်နဲ့ နော် ။ ငါ ပြောလိုက်ပါပေရဲ့ ။ မောင်အို ဒီ လာတာ မိအေးကြီး မြင်သလား ”
“ သေသေချာချာတော့ မမြင်ပါဘူး ။ ပြန်သွားမှ နောက်က နေပြီး မြင်လိုက်တာပါ ။ ရှင် ဘာပြုလို့ မေးတာလဲ ”
“ ဘာမှ မဖြစ်ပါဘူး ။ မင်း အကောင်က ရုပ်ချောလို့ စွဲသွားမှာ စိုးလို့ မေးတာပါ ”
“ ရှင်က မငေါ့ပါနဲ့ ။ ကျုပ် တူ သည်လောက် အရုပ် မဆိုးပါဘူး ။ ကု,လားဆင်ပါတော့ ။ ရှင့် ကောင်မကကော ရုပ် ဖြောင့်လွန်းလို့လား ။ ရှင့် ကောင်မက မူစရာ မဟုတ်ပါဘူး ”
“ မိအေးကြီးက ဘိုကို ရရင် ငွေပါရင် ရုပ် အရေးမကြီးပါဘူး ။ မင်း အကောင်က ဘာမှ မပါတော့ အခက်သားပဲ ။ မလုပ်ပါနဲ့ကွယ် ၊ တော်တော်ကြာရင် အိမ်နီးပါးချင်း တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်နိုင်အောင် ဖြစ်နေမှာ စိုးပါတယ် ”
“ မောင်အိုလို ယောက်ျားကို ရရင် ကျုပ်တို့ ဘာမျက်နှာ ပျက်ဖို့ ရှိသလဲ ကိုအောရဲ့ ။ အခု သူ ဒုတိယတန်းရှေ့နေ စာမေးပွဲ ဝင်ချင်လို့ အလုပ်က တစ်နှစ် ခွင့်ယူနေတာပါ ။ မြို့အုပ်စာရင်း ဝင်ပြီးသား ။ စက်ရှင်ရုံး စာရေးကြီး တစ်ယောက်လုံး မိအေးလို ကောင်မက မူနေစရာ မလိုပါဘူး ။ မိအေးမှာ အမွေ လေးငါးသိန်း ရမှာက နောက် ။ ကျုပ်တူက မကြာမီ မြို့အုပ် ဖြစ်မှာ ။ မြို့အုပ် မလုပ်ရင် ဝတ်လုံ ဖြစ်မှာပဲ ။ အခု ဒုတိယတန်း ရှေ့နေစာမေးပွဲ ဝင်ပြီးရင် ဘိလပ်ကို ဝတ်လုံအတတ် သင်ဖို့ သွားဖို့ စိတ်ကူး နေတယ် ။ ဒါအတွက် စရိတ် က လေးသောင်းကိုးထောင် လိုနေတယ် ထင်ပါရဲ့ ”
“ ဟင် ... ဒါဖြင့် သိုက်တူးဖို့ ကြံတာပေါ့ ”
“ ကြံကြံ မကြံကြံ တော် သူတို့ နေရာကျရင် ကျုပ်တို့လည်း နေရာကျမှာပဲ ။ ရှင့် လုပ်စာကလေးချည်း အားကိုးနေလို့ လူ ဖြစ်မှာ မဟုတ်ဘူး ။ ကျုပ်က ငွေထောင့်လေးငါးရာ ရ မှာ မြင်လို့ ပြောတာ ”
“ အောင်မယ်လေး .... ဆောက်ဖြစ်မှ ကျောင်းဒကာ ။ ငါ့ အလုပ်က တစ်နေ့ တွက်ရင် နှစ်ကျပ်သုံးကျပ်တော့ အေးလို့ ။ ပြောရုံဆိုရုံရယ် ။ ကိုယ့် လက်အောက်ငယ်သားတွေ အပေါ် မှာ သြဇာလည်း ရှိသေးတယ် ။ ဥစ္စာကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာတဲ့ ။ လောဘမကြီးနဲ့ မိန်းမ ။ တဖြည်းဖြည်း ဒီလို စုရတာပေါ့ ။ ဖြတ်လမ်း လိုက်တာဟာ ဒုက္ခ များတတ်တာမျိုး ”
“ ရှင့်မှာ ဒါကြောင့် မချမ်းသာနိုင်တာ ။ ရပေါက်ရလမ်းကို မြင်တတ်တဲ့ မျက်စိမှ မရှိဘဲ ။ အခုကာလမှာ စီးပွားဥစ္စာ ရှာတဲ့ လူများဟာ ကျီးကန်း မျက်စိလို အင်မတန် လျင်နိုင်မှ တော်ရုံကျတာ ။ အခု ကျုပ် ပြောတာကို ရှင် လိုက်ရင် တစ်လ မကြာဘူး ငွေ ထောင့်လေးငါးရာ ပက်ခနဲ ရစေရဲ့ ”
“ ဘယ်လို လုပ်မလဲ ”
“ မောင်အိုကို ဘောင်းဘီ ဝတ်ပြီး ဘို လုပ်ခိုင်းမယ် ။ ဒေါ်ရွှေမင်း အိမ်ကြီး အလကား တံခါးပိတ် ထားရတယ် ။ ဒေါ်ရွှေမင်းလည်း စစ်ကိုင်းကို ဥပုသ်စောင့် သွားနေတယ် ။ ကျုပ်ကို သော့ အပ်ပစ်ခဲ့တယ် ။ သင့်တော်သူ ရှိရင် ငှားပါ တဲ့ ”
“ မောင်အိုကို မင်းက အိမ်လုံးငှားတဲ့ အနေနဲ့ တင်ထားပြီး မိအေးကြီးကို ဆွယ်ပေးမယ်လို့ ကြံတာလား ။ ကောင်းပါပြီ ကိုင်း မင်း ငွေ ထောင့်ကိုးရာက ဘယ်လို ရမှာလဲ ”
“ ညားရင် မိအေး စုထားတဲ့ ငွေသုံးထောင် ၊ မောင်အိုရဲ့ လက်ကို ရောက်ရင် ရတာပေါ့ ။ မိအေး ရမယ့် အမွေ အပြင် သူ့ဘာသာ စပါးပေး ပေးတာ ၊ ငွေတိုးချတာ ၊ နွား မွေးဘက်ပေးတာနဲ့ ငွေသုံးထောင်ကျော် ပိုက်မိနေပြီ ။ ရှင် ဘာသိသလဲ ”
“ အောင်မယ် ထင်လိုက်တာ ။ မိအေးက ပေးမှာလား ။ မင်းလူ ကကော အိမ်လခ ပေးနိုင်မလား ”
“ မောင်အိုလား မပေးနိုင်တာ ။ စက်ရှင်ရုံး စာရေးကြီး တစ်ယောက်လုံးရှင့် ။ တစ်လ ငွေလေး တစ်ဆယ် မပေးနိုင်ဘဲ နေမှာလားရှင့် ။ မောင်အို အခွင့်ခံ နေပေမယ့် လခ အပြည့်ရတာရှင့် ။ ဘဏ်မှာလည်း တစ်သောင်း နီးနီး ရှိသတဲ့ ။ တစ်နေ့က သူ့ သားရေအိတ်ထဲမှာ ငွေစက္ကူတွေ တစ်ထပ်ကြီး ကျုပ် မြင်ရတယ် ။ ဒီ အတောအတွင် မှာ မိအေးဆီက မရတောင် မောင်အိုက ရှင် ရှာလို့ ရတာလောက်တော့ နှစ်ဆ သုံးဆ တတ်နိုင်ပါတယ် ”
“ ဒီလိုဖြင့် မယ်ဆော့ရယ် ။ ဘာပြုလို့ မိအေးကိုမှ မရမက ကြံရသတဲ့တုန်းကွယ့် ”
“ လောဘကိုး ရှင့် ။ လူ ဆိုတာ တင်းတိမ်တယ်လို့ ဘယ် ရှိမလဲ ။ ဧက နှစ်ထောင်ကျော် သုံးထောင် အမွေရမှာ ။ သက်ရှိ ပစ္စည်းတွေက ရှိသေးတယ် ။ မိအေး ရုပ်က ညံ့သလားရှင့် ။ ဘို ကြိုက်တော့ ၊ လုံးကြီးပေါက်လှ ဖြူဖြူဖွေးဖွေး ၊ မင်းသမီးရုပ် ကလေးမျိုးတော့ မဟုတ်ဘူးပေါ့ရှင် ။ နို့ပေမယ့် ကာလယောက်ျား ဆိုတာ မျက်နှာကို သိပ် ကြည့်တာ မဟုတ်ဘူး ။ ဝက် ဝယ်တဲ့ တရုတ်လို ပိဿာချိန်ကို ကြည့်တာ သိပလား ။ ရှင် ယောက်ျား မဟုတ်ဘူးလား ။ ရှင်တောင် မိအေးကို ပိုးတိုးတိုး လုပ်သေးတာ ကျုပ် မသိဘူး မှတ်သလား ”
မောင်အောသည် ပြုံးရယ် လျက် စဉ်စား၍ နေလေ၏ ။
“ နက်ဖြန်ခါ ရှင့် အလုပ်ကို ချိတ်ထား ။ မောင်အို ဆီကိုသွား ။ ဒီလို ဒီလိုပြော ။ ကျုပ် ဒေါ်ရွှေမင်းအိမ်ကို လှဲသိုသုတ်သင်ထားမယ် ”
“ ဖြစ်ပါ့မလား မယ်ဆော့ရဲ့ ။ အိမ်ထောင်ပစ္စည်းများ ကော မင်း လူမှာ ရှိရဲ့လား ”
“ ပစ္စည်း မခက်ပါဘူးတော် ။ ဘုန်းကြီး ဦးလာဘကျောင်း က ခုတင်တွေ ၊ ကုလားထိုင်တွေ ၊ နာရီတွေကို ကျုပ် သွားငှားမယ် ။ ဒကာမကြီး အသုံးလိုရင် ဘာမဆို ပြောတဲ့ ”
“ ဘုန်းကြီးက မင်းကို ငှားမှာလား ”
“ ရှင် မသိပါဘူး ။ ဘုန်းကြီးက ကျုပ်ကို အင်မတန် ချစ်တယ် ။ ကျုပ် လိုချင်ရင် ဘာမဆို ရတယ် ။ ဘုန်းကြီးက သူဌေးတော့ ။ ကျုပ် လိုချင်ရင် ငွေတောင် ချေးလို့ရမှာ ။ ဘာဘာညာညာ ပြောကြမှာ စိုးလို့ ကျုပ်က မယူဘဲ နေတာ ”
“ သူ့ ဘာသာ သူ မနေနိုင်ရင် ထွက်မှာပေါ့ ။ ရှင့် အပူလား ။ ဒါတွေ ပြောနေစရာ မဟုတ်ပါဘူး ။ ရှင် နက်ဖြန် မောင်အိုဆီ ကိုသာ သွားပါ ”
“ ကောင်းပါပြီဗျာ ။ သွားရတာပေါ့ ။ နေရာသာ ကျအောင် လုပ်ပါ ။ မကျရင်တော့ ... အဲဒါပဲ ”
နောက် ရက်များ မကြာမီ ဘိုကပြား တစ်ယောက် မယ်ဆော့ မောင်အောတို့ အိမ်ကို ရောက်၍ လာရာ ရပ်သူရွာသားများ ဝိုင်းအုံ လာရောက် ကြည့်ရှုလေ၏ ။ အကြောင်းမူကား ထန်းပင်ကုန်း မီးရထားလမ်း မြို့ငယ်ကလေးသည် ဘောင်းဘီဝတ် အင်္ဂလိပ်လူမျိုး ကပြားများ အရောက်အပေါက် နည်းသော နေရာ ဖြစ်လေ၏ ။
ဆော့ ။ ။ “ သခင် ဘာ အလိုရှိပါသလဲ ။ ကျွန်မတို့ အိမ်မှာ ကု,လားထိုင် မရှိဘူး သခင် ၊ ကွပ်ပစ်ပဲ ရှိတယ် ။ ကိုအော မအေးတို့ အိမ် ပြေးပြီး ကု,လားထိုင် တစ်လုံး ယူလိုက်စမ်းပါ ”
မောင်အောသည် မိအေးတို့ အိမ်မှ ကု,လားထိုင် တစ်လုံးကို ယူလာ၍ အိမ်ရှေ့၌ ဘိုကပြား မောင်အိုကို ဧည့်ခံကြ လေ၏ ။
မောင်အိုသည်ကား ရခိုင်ရုပ်ဆန်ဆန်မို့ ရန်ကုန်မြို့ ၊ အပေါင်ဆိုင် တစ်ဆိုင်က အချောင်ရရှိသော ကွတ်အင်္ကျီအဖြူ ၊ ဘောင်းဘီ အနက်မှာ အနည်းငယ် ဖား သော်လည်း ခေါ်တော ဇာတ်ဝင် အရာ မီးခိုးအောင် အညိုစား ဖြစ်လျက် ၊ မြန်မာ ဟု ပြောဖို့ရန် ခက်လေ၏ ။ အင်္ဂလိပ်စကား မတတ်သည်ကိုမူ ထိုမြို့ကလေးမှာ စုံစမ်းသိရှိနိုင်သူ နည်းပါးလေ၏ ။ ငယ်စဉ်က မိဘ ချမ်းသာဖူးသောကြောင့် သီဟိုဠ် ၊ ဘင်္ဂလား စသည့် အရပ်များသို့ ရောက်အောင် ပညာသင် သွားခဲ့ရသဖြင့် ထမင်းစား ရေသောက် သာသာကလေး တတ်ခဲ့သည်ကား မှန်၏ ။ စက်ရှင်ရုံး စာရေးကြီး ဆိုသည်မှာကား ပုံပြင် ဖြစ်ကြောင်းကို မယ်ဆော့ ကိုယ်တိုင် မသိ ။ မယ်ဆော့ နှင့် မောင်အိုမှာ ငယ်စဉ်က သိပြီး မတွေ့ဘဲ နေကြသည်မှာ ဆယ်နှစ်ကျော် ကြာခဲ့ သဖြင့် မောင်အို ပြောသမျှ ကို မယ်ဆော့ ယုံကြည်ရုံ မ က မောင်အို ကြွားသည် ထက် ပိုမို၍ ဟိတ်ထုတ်ချင်သူ ဖြစ်လေ၏ ။
မိအေးသည်ကား ဘိုကို မြင်လျှင် သွားရည်ယိုလျက် ပြုံးချိုသော မျက်နှာနှင့် မောင်အောကို လှမ်း၍ ခေါ်ပြီး ပန်းဖုံးနှင့် စားပွဲငယ် တစ်ခုကို ပေးပြန်လေ၏ ။ မကြာမီ ဘို နှင့် မိအေးမှာ မျက်လုံးချင်း သံကြိုးရိုက်ကြလေ၏ ။ အကြောင်းမူကား မယ်ဆော့ တို့ အိမ်နှင့် ဝင်းထရံသာ ခြား လေရာ မိအေး ပျာပျာသလဲ ဖြစ်၍ နေသည်ကို ဘိုအို သည် ကောင်းစွာမြင်နိုင်လေ၏ ။
အေး ။ ။ “ ကိုအော လာပါဦးရှင့် ။ ဘယ်က ဘိုလဲ ။ ဘိုကို လည်း ဧည့်ခံသေးရဲ့ ။ ဘို ထုံးစံလည်း မသိဘဲကို ရှင့် ။ လက်ဖက်ရည်ကလေး ဘာကလေးများ တယ်ပါလားရှင့် ။ ဟောဒီမှာ လက်ဖက်ရည်ပန်းကန် လာ ယူ ။ အခန့်သင့်ပဲ ကျွန်မလည်း လက်ဖက်ရည် သောက်မလို့ ဖျော်နေတယ် ။ ရှင်တို့ သွားဝယ် ဖို့တောင် မလိုဘူး ” ဟု ပြောလေ၏ ။ မယ်ဆော့က မောင်အောအား မျက်စပစ်ကာ “ ဘယ့်နှယ့် ရှိစ ၊ ကိုင်း မိရော မဟုတ်လား ။ သွားသွား နို့ဆီများများနဲ့ သုံးခွက် ဖျော်ခဲ့ ။ မိအေး နှမြောလို့ တက်နေရင် မောင်အိုကို နှိပ်အချခိုင်းမယ် ” ဟု ပြောလေ၏ ။ မောင်အော လည်း အားတက်လျက် ငွေထောင့်လေးငါးရာကို အကောင်အထည် နှင့် တကွ မြင်စ ပြုလေ၏ ။ မကြာမီ ဘိုအိုသည် လက်ဖက်ရည် သောက်ရင်း မယ်ဆော့နှင့် စကားပြောလေ၏ ။
“ ကျွန်ုပ် ရန်ကုန်ကလာသီး ။ ရန်ကုန်မှာ အများကြီး ဆူညံသီး ။ ကျွန်ုပ် အလုပ် တစ်ခု အေးအေးဆေးဆေး လုပ်ဖို့ အိမ်ကောင်းကောင်း ငါးချင်သီး ။ ဒီ ရွာမှာ အိမ်ကောင်းကောင်း ရှိသီး ။ ကျွန်ုပ် ကြားရသီး ”
ဆော့ ။ ။ “ အော် သခင် က ဒီ ရွာမှာ အေးအေးဆေးဆေး နေဖို့ အိမ်လိုချင်သလား ”
“ ဟုတ်သီး ဟုတ်သီး ၊ အလုပ် အေးအေး လုပ်မှာပဲ ”
မိန်းမကြီး တစ်ယောက်က “ ဒီလို မယ်ဆော့ရဲ့ နားလည်ပြီ ၊ ရန်ကုန်မှာကတော့ ဆူညံတယ် ။ သည့်အတွက် ဆိတ်ငြိမ်တဲ့ နေရာမှာ အလုပ် တစ်ခု လုပ်ချင်တယ် ထင်ပါရဲ့ ။ ဘာအလုပ်လဲ သခင် ဘယ်လောက် ကြာကြာ နေမလဲ ”
“ အလုပ်ကြီးတယ် ။ ဒီ ရွာကို မီးရထားလမ်း အသစ် ဖောက်မယ် ။ ဟိုက တောင် ရှိတယ် ။ တောင်ပေါ်က ကျောက်မီးသွေး ယူမယ် ။ လမ်း လုပ်မယ် ။ သခင်က အင်ဂျင်နီယာ ဖြစ်သီး ။ ဒီ တောင်မှာ ကျောက်မီးသွေး များများ ရပြီး ဒီရွာက မီးရထားလမ်း လုပ်မည် ။ ဒီ ရွာမှာ လူ မိန်းမ ယောက်ျား အားလုံး တောင်ပေါ်က ကျောက်မီးသွေး အလုပ် ရမည် ။ အားလုံး အားလုံး ချမ်းသာ သွားပြီး အမျိုးဘာသာသာသနာ မြန်မာလူမျိုး ဝံသာနု ချီးပါရာ ချီးပါကြောင်း အလုပ်များများ ရပြီး ”
နားထောင်သူများ ရယ်မောကြလေ၏ ။ ဆယ်အိမ်ခေါင်း မင်းက “ အေ ... အေး ဘိုက ဘိုလည်ကွယ့် ။ ဝံသာနုတွေ ဘာတွေနဲ့ ။ အမျိုး ဘာသာ သာသနာ ကြီးပွားရာ ကြီးပွားကြောင်း အလုပ်ကောင်းတွေ ရကြတော့မယ်တဲ့ ဟဲ့ ။ နေရာကျပြီ ၊ နေရာကျပြီ ၊ နေရာကျပြီ ။ ဟဲ့ မယ်ဆော့ မရွှေမင်း အိမ်ဟာ နင့်ကို အပ်ထားတယ် မဟုတ်လား ”
“ ဟုတ်တော့ ဟုတ်ပါတယ် ။ လခ မှန်မှန် ရရင်တော့ ကျွန်မ ငှားဝံ့တာပေါ့ ”
“ အို ... ကိစ္စ မရှိဘူး ။ လခ ဘယ်လောက်လဲ ။ ကျွန်ုပ် ငွေများများ ရှိတယ် ။ မကြောက်ပါနဲ့ အိမ်လခ ဘယ်လောက်လဲ ”
“ တစ်ဆယ် သခင် ၊ သခင် ဘယ်လောက် ကြာကြာ နေမှာလဲ ”
“ သခင် သေသေချာချာ မပြောနိုင်ဘူး ။ အလုပ်က ကြာလိမ့်မယ် ။ အလုပ် ကြီးတယ် ၊ အစိုးရ အလုပ် မဟုတ်ပါဘူး ။ ဂျာမန်သူဌေးကြီးပဲ ။ ကျွန်ုပ်က ကိုယ်စားလှယ် ဖြစ်သီး ။ ကျွန်ုပ်က မြန်မာလူမျိုး ဖြစ်သီး ။ ဂျာမန်ပြည်မှာ ကြာကြာနေသီး ။ မြန်မာစကား အကုန် ထွက်ပြေးသွားပြီး အခု နည်းနည်း ပြန်လာသီး ။ ကျွန်ုပ် သီမှာ နေမည် ။ မြန်မာစကား ပြန်လာမှာပေါ့ ”
“ အော် ... အော် ငယ်ငယ်က ဂျာမန်ပြည် ရောက်ပြီး မြန်မာစကား မေ့ကုန်လို့တဲ့ဟေ့ ။ စကားလဲ ပြန်ပြီး တတ်ချင်ရှာလို့ ထင်ပါရဲ့ ။ အဲလေ ဒါကြောင့် မြန်မာနဲ့ တူပါတယ်လို့ ငါက တွေးနေတယ် ” ဟု ဆယ်အိမ်ခေါင်းက ပြောလေ၏ ။
“ ကောင်းပြီ .... တစ်လ တစ်ဆယ် ။ ကိစ္စ မရှိဘူး ။ ကျွန်ုပ် ပစ္စည်း အများကြီး ရှိသီ ။ မိုးချုပ်ရင် ပစ္စည်းသယ်ဖို့ လိုက်ခဲ့ပါလား ။ ကိစ္စ မရှိဘူး ။ ကျုပ်က ပိုက်ဆံပေးမှာပေါ့ ” ဟု ပြောပြီး သားရေအိတ် တစ်ခုကို ထုတ်၍ ဖွင့်လိုက်ပြီး ငွေစက္ကူ အထပ်ကြီးထဲမှ တစ်ဆယ်တန် နှစ်ချပ်ကို မယ်ဆော့အား ပေးလေ၏ ။ ထိုအခိုက် မိအေးလည်း ရောက်၍ လာသဖြင့် ငွေစက္ကူများကို မြင်ရလေ၏ ။ အခြား မြင်ရသူ အားလုံးတို့မှာ အံ့သြလျက် တီးတိုး စကား ပြောကြလေ၏ ။ တစ်ယောက်က “ ဟေ့ မယ်ဆော့ ၊ နင်တို့တော့ ပွပြီ ။ ဒီ ဘိုကို မလွှတ်နဲ့ တွယ်သာထားပေတော့ ။ မောင်အေး အလုပ်ရအောင် ကပ် ။သိပ် ဟုတ်တဲ့ ဘို ပဲ ” ပြောလေ၏ ။
“ ဘယ်က ဘို ရမလဲကွယ့် ၊ မြန်မာပါ ။ ဂျာမနီမှာ နေခဲ့တယ် ဆိုတာပဲ ”
မိအေး ။ ။ “ ဘိလပ်မှာ ကြီးရင် ဘို ပေါ့ရှင့် ။ သူ့ခမျာ မြန်မာစကားတောင်မှ မတတ်ရှာတော့ပဲ ”
မကြာမီ ဘို ပြန်၍ သွားသော အခါ မောင်အောတို့ လင်မယား နှစ်ယောက် ပစ္စည်းကို သယ်ရန် လိုက်၍ သွားကြလေ၏ ။ မိုးချုပ်သောအခါ ပစ္စည်းများ ရောက်၍ လာကြလေ၏ ။ နောက်တစ်နေ့ သားနားစွာ ဆင်ပြင်သော အိမ်ကြီးကို ကြည့်ရအောင် မိအေးတို့ သားအမိသည် မယ်ဆော့တို့ လင်မယား နှင့်အတူ လိုက်၍ သွားကြလေရာ မိအေးတို့ သားအမိနှင့် မောင်အိုမှာ အကျွမ်းတဝင် ဖြစ်ကြလေ၏ ။မောင်အိုမှာ စုဆောင်း၍ ထားသော ငွေကလေး သုံးရာကျော် မကုန်မီ မိအေးကို ရဖို့ရန် အရေးကြီးလေ၏ ။ အိမ်လခမှာ တစ်လ တစ်ဆယ် ။ ပစ္စည်းများကို ငှါးရသည့် အတွက် ဘုန်းကြီးအား နှုတ်ပိတ်ခ တစ်လ ငါးကျပ် လှူရလေ၏ ။ မယ်ဆော့မှာ ဘုန်းကြီးအား စပေါ် ၅ိ ပေးရာမှ ပွဲခ ၁ိ ရလေ၍ မိအေး တို့ သားအမိနှင့် မောင်အို ထံ သွားသည့် အခါများ၌ မောင်အို ငွေပေါကြောင်း မိအေးတို့ သားအမိ သိအောင် ပြလို သဖြင့် “ သခင် ငွေ တစ်ကျပ်လောက် ပေးပါ ၊ နှစ်ကျပ် ပေးပါ ” ဟု တောင်းလေ့ ရှိရာ မောင်အို မငြင်းမဆန် ပေးလေ၏ ။ ထို့အပြင် မောင်အော မှာလည်း ဘို၏ ဘဏ္ဍာစိုး အရာကို ရလျက် ၊ ဘို၏ အိမ်၌ အလုပ်လုပ်ရ လေရာ အစမှာပင် ငွေရလမ်း ဖြောင့်၍ နေသောကြောင့် အလုပ်ကို မသွားတော့ဘဲ မယ်ဆော့၏ အကြံကို လုံးလုံး လိုက်ပါကာ နေ့စဉ် စည်းဝါး ကိုက်အောင် သုံးယောက်သား စည်းလား ရိုက်ကြလေ၏ ။
တစ်နေ့သ၌ တကယ့် ဘို တစ်ယောက် ရွာထဲသို့ ရောက်၍ လာရာ ၄င်း ရွာ၌ ဘို တစ်ကောင် ရှိကြောင်း ကြားရသဖြင့် မောင်အို၏ အိမ်ဘက်သို့ ရောက်၍ လာလေ၏ ။ ထိုအခိုက်တွင် မောင်အိုသည် မယ်ဆော့တို့ လင်မယားနှင့် စကား ပြော၍ နေကြလေ၏ ။ မောင်အိုသည် ဘိုများနှင့် ဤအရပ်မှာ တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ခြင်း မပြုခဲ့ချေ ။ တကယ့် ဘို တစ်ယောက်နှင့် မတွေ့မီ မိအေးကို ရအောင် ကြံဖို့ကိုသာ အကြံ ထုတ်၍ နေလေ၏ ။ ဘို လာသည်ကို မြင်သောအခါ မောင်အို ထိတ်လန့်၍ သွားလေ၏ ။ မိမိ အင်္ဂလိပ်စကား မတတ်ကြောင်း အများက သိကြလျှင် ဧကန္တ တိုက်တော့မည်ဟု အောက်မေ့ကာ ပူပင်လေ၏ ။
ထိုအခိုက်တွင် မိအေးတို့ သားအမိ နောက်ဖေး ထရံပေါက်မှ ရောက်၍ လာကြလေ၏ ။ မောင်အိုမှာ မျက်နှာပျက်လျက် နေလေ၏ ။ မျက်လုံး ဝိုင်းစပြုလေ၏ ။ လမ်းဘက်၌ ရှိသော ဘို သည် မောင်အို၏ အိမ်ဘက်ကို လှမ်း၍ ကြည့်လျက် ဝင်သင့် မဝင်သင့်ကို ဆင်ခြင်၍ နေဟန် ရှိလေ၏ ။
မောင်အိုမှာ မျက်နှာပျက်လျက်နှင့်ပင် မိအေးတို့ သားအမိကို နှုတ်ဆက်ဧည့်ခံရလေ၏ ။ မယ်ဆော့နှင့် မောင်အောက “ အိမ်ရှေ့ က ဘိုကို ခေါ်ရမလား ” ဟု မေးလေ၏ ။
“ အို ... ကျုပ်က ဒီအကောင်တွေကို သိပ် မုန်းတယ် ။ စကား မပြောချင်ဘူး ၊ အနှောင့်အယှက် ဖြစ်တယ် ” ဟု တီးတိုးပြောပြီး မိအေးတို့ သားအမိဘက်သို့ လှည့်ကာ “ ကျုပ်က ဂျာမန်း အင်္ဂလိပ်နဲ့ မဖြစ်ဘူး ။ အများကြီး မုန်းသည် ။ ဒီ ဘို လာပစေ ။ သူ့ကို ရူးသွားအောင် ကျုပ်က လုပ်လိုက်မည် ။ မဆော့် ဟိုအကောင်ကို ခေါ်နိုင်သီ ” ဟု ပြောလေ၏ ။ မောင်အော သည် အိမ်ဘက်သို့ လှည့်၍ ဝင်လာသော ဘိုကို ထွက်၍ ခေါ်လေ၏ ။ မကြာမီ ဘို နှင့် မောင်အိုတို့ ရင်ဆိုင် တွေ့ကြလေရာ ဘို အင်္ဂလိပ်လို ပြောလေ၏ ။ မောင်အိုသည် ၄င်း ၏ မျက်နှာကို စိမ်းစိမ်း ကြည့်ပြီး ပါးစပ်ကို ဟကာ လက်နှင့် ပုတ်၍ ဦးခေါင်းကို ခါလေ၏ ။ ဘိုက ထပ်၍ ပြောပြန်၏ ။ မောင်အိုက နားနှစ်ဘက် ကို ပြကာ “ အူး အူး အား အား ” ဟု ပါးစပ်က မြည်လျက် ပြုံးကာ ပြဲကာ ရှုံ့ရွဲ့ကာ အ - သူ ပင်း - သူ တို့၏ ဘာသာစကားကို ကရဝိက်သံ တစ်မျိုး ၊ မျောက်သံ တစ်ခါ ၊ မင်္ဂလာဆောင်သည့် ကြောင်သံ ပမာ မည်သူမျှ မတွေးမခေါ် မမျှော်လင့်သော ဂီတသံများကို သံစုံဆရာ အာခေါင်မှ ထုတ်လေ၏ ။ ကောင်းကင်ကို လက်ညှိုး ထိုး၍ ပြ၏ ။ ကြမ်းအခင်းကို ပြူးသော မျက်လုံးများနှင့် ပေါက်အောင် ဖောက်တော့မလို ကြည့်လျက် အဝီစိကို ဆင်း ဟူသော အမိန့်ကို ပေးသလို လက်ညှိုးကို စိုက်ကာ ထိုးလေ၏ ။ မိအေးတို့ သားအမိ နှင့် မယ်ဆော့တို့ လင်မယားမှာ ပါးစပ်ဟ လျက် ကြည့်၍သာ နေကြလေ၏ ။
ဘို သည် ပြုံးလျက် ရှက်ကိုးရှက်ကန်း ဖြစ်ကာ ဆင်း၍ သွားလေ၏ ။
မိအေး၏ မိခင်က မောင်အိုအား “ သခင် ခု တင်က ပြောတဲ့ စကားဟာ ဂျာမန်စကား ထင်ပါရဲ့ နော် ။ တယ် ကြည့် ကောင်းပါကလား ။ က သလို ခုန်သလို လက်ဟန် ခြေဟန် နဲ့ ကြားရတာကိုး ။ အသံက သာလိကာလိုပဲကိုး ” ဟု ပြောလေ၏ ။
အကြောင်းကို ရိပ်မိသော မောင်အောက “ ဒါ အမေရိကန် စကား ကြီးဒေါ် ရဲ့ ။ အမေရိကန် ဆိုတာ လူအမျိုးမျိုး ရောနေတော့ စကားအဆန်း တစ်မျိုးပေါ့ ” ဟု ပြောလေ၏ ။
မောင်အိုလည်း တစ်ခါတစ်ခါ ရွာထဲကို လျှောက်ကာ ခဲတံ နှင့် စက္ကူပေါ် ၌ ရေးမှတ်လေ၏ ။ မျဉ်းကြောင်းများကို ဆွဲရေး၏ ။ တစ်ခါတစ်ခါ မှန်ပြောင်း မရှိသဖြင့် လက်နှစ်ဘက်ကို ကွင်းကာ လက်မှန်ပြောင်းနှင့် ရွာလမ်းမကြီးကို ချိန်ကာ ကြည့်ပြီး အရေးကြီးဟန်ကို ပြ၏ ။ မိအေးတို့ သားအမိ လာသည့် အခါများ၌ စားပွဲမှာ ထိုင်ကာ များစွာ အလုပ်များဟန် ရှိလေ၏ ။
ထိုကဲ့သို့ နေရာ နှစ်လကျော်ခန့် ကြာသော အခါ ၊ လက်ရှိ ငွေကလေးမှာ အနည်းငယ်မျှသာ ကျန်လေရာ မယ်ဆော့ နှင့် အပူတပြင်း တိုင်ပင်ကာ အပူလောဆော်လေ၏ ။ သို့ ဖြစ်လေရာ မိအေး၏ မိခင်က သဘောတူ သဖြင့် တောင်းရမ်းဖို့ ရက်များ သေချာလေ၏ ။ တင်၍ တောင်းရန် ပစ္စည်းများမှာ များစွာ မခက် ။ မယ်ဆော့ နှင့် ဘုန်းကြီးဦးလာဘမှာ မနိုင်ရင်ကန် ဖြစ်ကြသဖြင့် လိုသလောက် ရလေ၏ ။ နှုတ်ပိတ် ငွေသာ လိုလေ၏ ။ သို့ ဖြစ်လေရာ မောင်အို၏ အိမ်ပေါ် ၌ အိပ်ရာ ၊ ခုတင် ၊ နာရီကြီးငယ် ၊ စားပွဲ ကုလားထိုင် စသည်တို့မှာ ရှပ်ဆိုင်ကြီးလို ဖြစ်၍ နေလေ၏ ။
မိအေးမှာ ဘိုကတော် ဖြစ်ရမည့် အရေးကို တွေးတော ထင်မြင်ကာ အတိုင်းမသိ ပျော်ရွှင်၍ နေလေ၏ ။ အိမ်မှာပင် ဘိုအိမ်နှင့် တူအောင် ခမ်းနားစွာ ပြင်ဆင်လျက် မောင်အိုကို ဇွန်းနှင့် ခက်ရင်းနှင့် စားပွဲဝိုင်း ဖိတ်လေ့ရှိ၏ ။ ည တစ်ည၌ မောင်အို၏ အိမ်တွင် မိအေးတို့ သားအမိ မောင်အောတို့ လင်မယားနှင့် အတူ မောင်အိုမှာ စကားပြော၍ နေလေ၏ ။ ရှေ့ အလားအလာ အလုပ်အကိုင် ကြီးပွားမည့် နည်းလမ်းများ အကြောင်းကို မောင်အိုက ပြော၍ ပြလေ၏ ။ မိအေးကား မောင်အိုအား “ သခင် ဂျာမနီပြည်မှာ ဘိလပ်သူမိန်းမများ ရှိသလား ” ဟု မေးလေ၏ ။
မောင်အိုက မိမိ လူပျိုအစစ် ဖြစ်ကြောင်း ၊ ဘိလပ်သူ မိန်းမများ မြန်မာလို မယဉ်ကျေးကြောင်း ၊ ရာသက်ပန်အမြဲ ဘယ်တော့မှ မစွဲကြောင်း ၊ “ ပထဝီမြေကြီး ဖျာလို လုံးသော အခါ မုန်းသွားပြီး ” ဟု ပြန်၍ ပြောလေ၏ ။ အုံးခနဲ ရယ်ကြရာတွင် လှေကားထိပ်၌ ခြေသံများကို ကြားရသဖြင့် လှည့်၍ ကြည့်ကြရာ လူ လေးငါးခြောက်ယောက် မျက်နှာဖုံးတွေနှင့် ခြောက်လုံးပြူးများ ၊ ဓား များကို ကိုင်ကာ ရပ်လျက် နေကြသည်ကို မြင်ကြရလျက် ကြက်သေ သေ၍ နေကြ၏ ။ “ မလှုပ်ကြနဲ့ ၊ မအော်ကြနဲ့ ၊ ဟောဒီမှာ မြင်ရဲ့လား ၊ ဟေ့ ... ဘိုစုတ် သော့ကိုပေး ” ဟု တစ်ယောက်က ပြောလေ၏ ။ မောင်အိုသည် ထိုင်ရာမှ ထလေ၏ ။
လျှပ်တစ်ပြက် အတွင်း အားလုံး ကြမ်းပေါ် ၌ လက်ပြန်ကြိုး တုတ်ပြီး၍ အတုံးအရုန်း ဖြစ်နေကြလေ၏ ။ မောင်အို မှာမူ လက်ပြန်ကြိုး တုတ်လျက် နောက်က နေပြီး ခြောက်လုံးပြူး နှုတ်သီးနှင့် အထိုး ခံရသောကြောင့် သော့ကို ရှာရန် အခန်းထဲသို့ ဝင်သွားရလေ၏ ။ မကြာမီ သော့ကို ရ၍ အခန်းထဲမှ ထွက်လာရာ ခြောက်လုံးပြုးသမား နှစ်ယောက် ၄င်းကို ညှပ်လျက် ပါလာကြ၏ ။ အိမ်ရှင် ဒေါ်ရွှေမင်း၏ မီးခံသေတ္တာကြီးကို ဖွင့်ရာ ဘာမျှ မရှိသည်ကို တွေ့ရလေ၏ ။
လူဆိုးများသည် မောင်အိုကို ထောင်းထု ရိုက်နှက်၍ တောင်းကြ၏ ။ မောင်အို သည် နာကျင်သောအခါ ဘိုစိတ် ပျက်လေ၏ ။ ဂျာမန်စိတ်သည် ဘာလင်မြို့သို့ ပြန်၍ ပြေးကာ မြန်မာ အဖြစ်သို့ လုံးလုံးလျားလျား ရောက် သဖြင့် “ ကျွန်တော်မျိုးမှာ ဘာမျှ မရှိပါဘူး ခင်ဗျာ ၊ ချမ်းသာပေးပါ ခင်ဗျား ” စသည်ဖြင့် တောင်းပန်လေရာ မိအေးတို့ သားအမိမှာ အံ့အားသင့်လျက် လဲ၍ နေရာမှ မောင်အိုကို လှမ်း၍ ကြည့်ကြလေ၏ ။
ဓားပြများသည်ကား မယုံကြည်ကြချေ ။ မောင်အို၏ သားရေအိတ်ထဲမှာပင် ငွေ မြောက်များစွာ ရှိသည်ကို သေချာစွာ ကြားသိရလေရာ သားရေအိတ်ကို တောင်းကြလေ၏ ။ တစ်ယောက်က “ ခွေ း သား နင် ဘိုဆို ” ဟု ပြောကာ နားရင်းကို အုပ်လေ၏ ။
“ ကျွန်တော် ဘို မဟုတ်ပါဘူး ၊ မြန်မာလူမျိုး ဝံသာနု အစစ်ပါ ခင်ဗျာ ၊ ချမ်းသာပေးတော်မူပါ ”
“ နားမလည်ဘူး ။ သားရေအိတ် ပေး ။ ဘယ်မှာလဲ ” ဟု တောင်းလေ၏ ။ မောင်အိုက နေရာကို ပြောပြလေ၏ ။ သားရေအိတ်ကို ရကြသော အခါ ငွေစက္ကူ အထပ်ကြီးကို တွေ့ကြ သဖြင့် အားရဝမ်းသာ ဆွဲ၍ ထုတ်ကြရာ ငွေစက္ကူ အထပ်ကြီးမှာ အစစ် မဟုတ် ။ အိန္ဒိယတိုင်းမှ ဟန်သမားများ ဆောင်ရန် လုပ်၍ ရောင်းသော ငွေစက္ကူ အတုများ ထပ်၍ ထားသည့် ဟန် သားရေအိတ် ဖြစ်မှန်း သိကြရလေရာ သားရေအိတ်ကို ကြမ်းပြင် ပေါ် သို့ ပစ်ပေါက်၍ ချပြီး ခြေနှင့် နင်းချေကြလေ၏ ။ တစ်ယောက်က “ မအေပေး ... ခွေ း သား လူညာလူလိမ် ၊ အလကား စက္ကူတွေ ” ဟု ပြောပြီး နားရင်းကို အုပ်ပြန် လေ၏ ။
ထို့နောက် တစ်ယောက်က မောင်အို၏ ထိပ်ကို ခြောက်လုံးပြူး လက်ကိုင်ဖြင့် ဆောင့်ရာ ကြမ်းပြင်ပေါ် သို့ လဲကျလေ၏ ။ ထို့နောက် တစ်အိမ်လုံးကို ရှာဖွေလေရာ ဘာကိုမျှ မတွေ့ကြသောအခါ လူဆိုးများသည် ဒေါသအမျက် ချောင်းချောင်း ထွက်ကြလျက် ဆဲရေးသောင်းကျန်းကြပြီးလျှင် ရှိသမျှ အိမ်ထောင် ပစ္စည်းတွေ ၊ မှန်တွေ ၊ နာရီတွေ ၊ ပန်းကန်တွေ ၊ ဖန်ခွက်တွေ ၊ မီးအိမ် မကျန် ရိုက်နှက် ဖျက်ဆီး ခွဲခြေ ချိုးဖဲ့ကြ ပြီးလျှင် မိအေးတို့ သားအမိအပါးသို့ ကပ်ကာ တစ်ယောက် က “ အဒေါ်ကြီး ခင်ဗျား သမီး လူလိမ်နဲ့ ညားတော့ မလို့ ၊ ကျုပ်တို့ လာလို့ ။ အခု အလိမ်ပေါ် တာ ။ ကျုပ်တို့ကို ကျေးဇူးတင်ရမယ် ။ ဘာ ပါသလဲ ” ဟု ပြောရာ မိအေးက နားကပ် ၊ လက်ကောက် ၊ လက်စွပ် ၊ ခြေချင်းများကို အကုန်အစင် ဖြုတ်၍ ပေးလေ၏ ။ ထိုနောက် ၄င်းတို့ သားအမိကို ကြိုး ဖြည်၍ လွှတ်ပြီး ဆင်း ၍ သွားကြလေ၏ ။
မကြာမီ လူများ လာ၍ မောင်အိုတို့ လင်မယားအား ကြိုးများကို ဖြည် ၍ လွှတ်ကြလေ၏ ။ နောက် တစ်နေ့ ဘုန်းကြီးဦးလာဘ လာရောက် ကြည့်ရှုရာ မောင်အို မရှိတော့သည်ကို လည်းကောင်း ၊ အိမ်ကြီးပေါ် ၌ အကျိုးအပဲ့များကို လည်းကောင်း တွေ့ မြင်ရ လေရာ ရင်ကွဲလုခမန်း ဖြစ်လျက် မယ်ဆော့တို့ အိမ်ကို သွားလေရာ လင်မယား ရန်ဖြစ်၍ နေကြသည်ကို တွေ့ရလေ၏ ။
အော ။ ။ “ နင့်ကြောင့် ဖြစ်တာ ၊ ငါ အစက မပြောဘူး လား ။ အခု နင့်လင်ကို လိုက် ရှာဦး ၊ ဒီ ပစ္စည်းတွေကို ဘယ့်နှယ် ပြန်လျော်မလဲ ”
ဆော့ ။ ။ “ ရှင် ပြောစရာ မဟုတ်ဘူး ၊ ကျုပ်ဟာ ကျုပ် ကြည့်လုပ်မယ် ၊ ရှင် အေးအေးနေ ”
“ ငါ အေးအေး မနေဘူး ၊ ကြည့်စမ်း အခု သူ့ လင်ကို ယုံမိလို့ အလုပ်တွေ ဘာတွေ ပျက်ကုန်ပြီ ” ဟု ပြောကာ ဆဲဆို ကြိမ်းမောင်းလေ၏ ။ ဘုန်းကြီးကို မြင်သော အခါ “ ကန်တော့ပါရဲ့ ဘုရာ့ ၊ သည်းခံပါဘုရား ။ သူ ကမြင်းထလို့ ဖြစ်ရတာပါ ဘုရာ့ ။ တယ်လေ ... ငါ လုပ်ပြန်တော့မယ် ” ဟု ပြောပြီး မယ်ဆော့၏ ဆံပင်ကို ဆွဲကာ ရိုက် လေ၏ ။ မယ်ဆော့က လည်း မောင်အော၏ လုံချည်ကိုဆွဲကာ ကုတ်ဖဲ့လျက် ဆဲဆို ဆူညံလေ၏ ။ ဘုန်းကြီးက ကြက်နှစ်ကောင် ခွပ်သည်ကို မှတ်ကာ အားပေးသူ အလား သင်္ကန်းကြီး ဖားလျားနှင့် “ ဟဲ့ ဟဲ့ မလုပ်နဲ့ ထဟဲ့ ၊ ဟာ မိဆော့ နင်က လွှတ်လေ ၊ တော်လေ တော်လေ ။ ဟဲ့ ငအော လက်လွန်မယ်နော် ” စသည်ဖြင့် ပြောဆိုရင်း ချာချာလည်၍ နေလေ၏ ။ အိမ်ရှေ့၌ လူပရိသတ်တွေ ဝိုင်းစုကာ ကြည့်လျက် တစ်အုံးအုံး ရယ်မော၍ နေကြလေ၏ ။ ဘုန်းကြီး ဝင်၍ ဖျဉ် လေရာ မယ်ဆော့မှာ ဘုန်းကြီး နှင့် လင် မသဲကွဲအောင် သွေးမွှန်၍ နေသဖြင့် ဘုန်းကြီး၏ သင်္ကန်းကို ဆွဲကာ “ မအေဟဲ့ နှမဟဲ့ ” စသည်ဖြင့် ဆဲဆိုလေ၏ ။ မောင်အော လွတ်ထွက်ပြီး ဖေမောင် ဆဲကာ “ နင့် ဘာသာ နင် နေရစ်တော့ ၊ ငါ သွားတော့မယ် ” ဟူ၍ ပြောပြီး ထွက်၍ သွားလေ၏ ။ သွေးမွှန်လျက် ရှိသေးသော မယ်ဆော့မှာမူ ဘာကိုမျှ မကြား ။ မိမိ၏ ဆဲဆိုသော အသံများကိုသာ ကြားလျက် မျက်လုံးများကို မှိတ်ကာ ဆက်လက် ဆဲဆိုရင်း ဘုန်းကြီး၏ သင်္ကန်းကို ဆွဲပြီး ဘုန်းကြီး ခြေသလုံးကို ခွေးရူးလို ကိုက်လေ၏ ။ ဘုန်းကြီးက “ ဟဲ့ ဒကာမ ငါပလဟဲ့ ၊ ငါပ ။ လွှတ်လဟဲ့ လွှတ် ။ တယ်လေ ဒီဒကာမဟာ တယ် စိတ်ကြီးပါကလား ” ဟု ပြောလေ၏ ။ ထိုအခါကျမှ မယ်ဆော့သည် မျက်လုံးများကို ဖွင့်လေ၏ ။ ဘုန်းကြီးကို မြင်သောအခါ ဆံပင် ဖိုးရိုးဖားရားကို ရစ်ပတ်ပြီး ငိုကြီးချက်မနှင့် ကမ္ဘာပေါ် ၌ အတု မရှိအောင် ဆိုးဝါးသော လင်ယောက်ျား၏ အကြောင်းကို ဘုန်းကြီးအား တိုင်လျှောက် ရင်း ဦးချလေ၏ ။
ဘုန်းကြီးက “ နား မလည်ဘူး ၊ နင်ပဲ အာမခံတာ ၊ ငါ့ ပစ္စည်းတွေ နင်ပဲ လျော်ရမယ် ”ဟုပြောပြီး အိမ်ပေါ်မှ ဆင်း၍ သွားလေရာ မယ်ဆော့က ဆင်း၍ လိုက်ပြီး “ နေပါဦး ကိုယ်တော် ဘုရာ့ ၊ တပည့်တော် လျှောက်ပါရစေဦး ဘုရာ့ ” စသည်ဖြင့် ပြောကာ တောင်းပန်လေ၏ ။ ဘုန်းကြီးက “ ဒီ ပစ္စည်းတွေဟာ သံဃိက မဟုတ် ။ ပုဂ္ဂလိက ငါပိုင် ပစ္စည်းတွေ ၊ နင် အာမခံတာ နင်ပဲ လျော်ရမယ် ၊ မလျော်ရင် ငါ တရားလမ်းကြောင်း ရှိသလို လုပ်ရလိမ့်မယ် ။ မြို့အုပ် ငစိန် ဟာ ငါ့တပည့် ။ နင် ငါ့ကို ဘယ်လို ဘုန်းကြီး မှတ်သလဲ ။ မန္တလေးမှာ ဗိုလ်ဆွဲခဲ့တဲ့ ဓားလာဘ ဆိုတာ ငါပဲ သိရဲ့လား ၊ လူလုပ်လို့ ” စသည်ဖြင့် ကြိမ်းမောင်း ကြွချီ၍ သွားတော်မူလေသတည်း ။
မယ်ဆော့သည် ပစ္စည်းများ အတွက် ရဟန်း ဆရာတော် စိတ်ပြေအောင် ကြိုးစားရသော အနေဖြင့် လည်းကောင်း ၊ ဆရာတော်၏ ခြေသလုံးကြွက်သား တစ်အောင်စ သာသာ ပြတ်၍သွားသော နေရာကို ပျောက်အောင် ဆေးဝါး ထည့်ကာ ပြုစုရသဖြင့် လည်းကောင်း ၊ ဘုန်းကြီးကျောင်းသို့ နေ့စဉ် ရောက်လေရာ မောင်အော လည်း မရှိတော့သည် ဖြစ်ရကား နဂိုက အာရုံပြုလက်စ ရှိခဲ့သော ဒကာမမယ်ဆော့ အပေါ်၌ ကရုဏ ရောက်တော် မူ သဖြင့် ဝတ်ကြောင်ကို လဲကာ ကျောင်း၌ ကျန်ရှိသော ပစ္စည်းများ ကို ခိုကိုးရာမဲ့ ဖြစ်၍ နေရှာသော ဒကာမ မယ်ဆော့၏ အိမ်သို့ လူပါ မကျန် ရောက်အောင် ပို့ရရှာ လေတော့သတည်း ။ ထိုအခါမှစ၍ မောင်အော နှင့် မောင်အို တို့၏ အကြောင်းကို မကြားရဘဲ တစ်ဘဝ ပြောင်းလဲခြင်း အဖြစ်သို့ ရောက်ကြလေတော့ သတည်း ။
◾ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
အတွဲ ၃ ၊ အမှတ် ၄၈
၂၆ ၊ ဖေဖော်ဝါရီ ၊ ၁၉၃၃
No comments:
Post a Comment