❝ ညှဉ်းတဲ့ တုတ်ဗြုန်း ❞
( သာလွန်ကျော် )
“ ပလုတ်ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ကိုရေချမ်းငယ်တို့
သာသနာ ဝါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည် ”
မင်းသုဝဏ်
••••• ••••• •••••
“ အလှူဒါယကာ ဦးစံအောင် ၊ အလှူဒါယိကာမ ဒေါ်လှအေးတို့က ယနေ့ည ထမင်းစားပြီး အလှူအိမ်သို့ ကွမ်းစားဆေးသောက် ကြွရောက်တော် မူကြပါတဲ့ဗျိုး ”
ညနေစောင်းချိန်၌ ရွာဆော် ကိုမျိုးညွန့်သည် ကျွဲတဲရွာ၏ လေးပြင်လေးရပ် နှံ့အောင် လှည့်လည်၍ ဗျိုးဟစ် နှိုးဆော်အပြီး ညစာထမင်း စားပြီးချိန်လောက်တွင် ရွာသူရွာသား သက်ကြီးရွယ်အို ၊ ယောက်ျားမိန်းမ ၊ ကာလသား ၊ ကာလသမီးတို့သည် အလှူအိမ် ယာယီမဏ္ဍပ် အတွင်းသို့ တဖွဲဖွဲ ရောက်ရှိလာကြ၏ ။ လူစုံသလောက် ရှိလျှင် အလှူ ဒါယကာ ကိုစံအောင်က ဦးဆောင်၍ ရပ်ဓလေ့ ရွာ့ထုံးစံ မိမိအလှူအတွက် ဝိုင်းဝန်း တာဝန်ခွဲဝေကူညီကြပါရန် ဆွေးနွေးတိုင်ပင်လေတော့၏ ။ ထို့နောက် ခေါင်းချင်းဆိုင်ကာ အညီအညွတ် တိုင်ပင်ကြကုန်၏ ။
သံဃာစင်ပေါ် ထိုင်နေသော အသက်အကြီးဆုံး ဖိုးအုန်းဖေက “ ခက်တာက မောင်စံအောင် အလှူလုပ်မယ်ဆိုတော့ ဝိုင်းဝန်းကူညီရမှာက ရပ်ရွာထုံးစံပဲ ။ ဒါပေမဲ့ မင်း ပြောသလို ဆိုင်းနဲ့ဝိုင်းနဲ့ အလှူကြီး လှူမယ် ဆိုရင်တော့ စဉ်းစားစေချင်သဟေ့ ၊ ဘာကြောင့်လဲဆိုတော့ ခေတ်ကြီး ကလည်း ကောင်းသေးတာ မဟုတ်တော့ ” ဟု ဦးဆောင် ဆွေးနွေးလိုက်၏ ။
ကျွဲတဲရွာလေးသည် မြို့နှင့် မနီးမဝေး နှစ်မိုင်ခန့် ဝေးသည့် စည်ပင်သာယာနယ် နိမိတ်ပြင်ပရှိ ရွာတစ်ရွာ ဖြစ်သည် ။ ရှစ်ဆယ့်ရှစ်အရေးအခင်း ပြီးခါစ ကာလလည်း ဖြစ်သဖြင့် ဖိုးအုန်းဖေသည် လူကြီးပီပီ ရှေ့ရေးနောက်ရေး တွေး၍ စဉ်းစားခိုင်းခြင်း ဖြစ်၏ ။ အရေးအခင်းကာလပြီး ကတည်းက သည်ဘက်နယ်တွင် ဆိုင်းနှင့် ဝိုင်းနှင့် ဘိသိက် နှင့် လှူသော အလှူ မရှိခဲ့သေးပေ ။ ဆန်တစ်ပြည် အစိတ် ပေးရသော ခေတ်တွင် ကိုစံအောင်၏ အလှူသည် ပထမဦးဆုံး ဆိုရမည် ဖြစ်သည် ။
“ အလှူလုပ်တာကိုတော့ မပိတ်ပင်ကောင်းပါ ဘူး ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမှာပါ ။ ဒါပေမဲ့ ခေတ်ကာလ မကောင်းသေးတော့ ဆိုင်းနဲ့ ဝိုင်းနဲ့ ဝက်သားကျွေး မလှူဘဲ ငါးခြောက်ကြော်ကျွေး ၊ ပရိတ်ကြီးနာလောက် လုပ်ရင် ပိုမကောင်းဘူးလား ”
“ ဘကြီးရယ် ၊ ကျုပ်က စိတ်ပြတ်ပြီးသားပါ ။ ဆယ့်လေးငါးသိန်း ရေစက်ချဖို့ မှန်းထားပြီးသားပါ ။ ရွာနီးချုပ်စပ် လေးငါးရွာကတော့ လောက်ငအောင် ကျွေးနိုင်မှာပါ ။ မလောက်ရင်လည်း ကျုပ်မိန်းမ လှအေး ဆီမှာ ရှိတဲ့ လက်ကောက်တွေ ရောင်းချင် ရောင်းရပလေ့စေ ”
ကိုစံအောင် သည် စီးကရက်စက်ရုံဝန်ထမ်း ဖြစ်သဖြင့် ရွှေငွေလက်ဝတ်လက်စား စုမိဆောင်းမိရှိသည် ။ ဆိုရှယ်လစ်ခေတ်တွင် စီးကရက် စက်ရုံသည် ဝန်ထမ်းအားလုံး နည်းအမျိုးမျိုးဖြင့် ခိုးကြ ဝှက်ကြသည့်ကြားမှပင် စံပြစက်ရုံ အဖြစ် ဆုရခဲ့သေး၏ ။ ဂိတ်စောင့်ဝန်ထမ်းမှ လိပ်စက်ဝန်ထမ်းအဆုံး ရွှေတွဲလဲငွေတွဲလဲနှင့် တစ်လ ရွှေတစ်ကျပ်သား ဝယ်စုနိုင်သော ဟူ၏ ။ စက်ရုံဝန်ထမ်းတစ်ဦး ဖြစ်သော ကိုစံအောင် သည်လည်း ကာလ ဝိပတ္တိ၌ အတော်ပင် စုမိဆောင်းမိ ရှိလေ၏ ။ သူ့အလှူ အတွက် ဆယ်သိန်းကျော်သည်အထိ ရေစက်ချရန် ရည်မှန်းပြီးသား ဖြစ်သည် ။ အလှူကိုလည်း သူများနှင့် မတူအောင် ခေတ်ကျပ်ကြီးထဲ၌ပင် ဝက်သားကျွေး၍ ဆိုင်းကိုလည်း နာမည်ကြီး ဗိုလ်ဟန်ချို ဆိုင်းနှင့် လှူရန် ဆန္ဒပြင်းပြနေလေ၏ ။ ပင်ကိုစရိုက်ကလည်း ကြွားဝါချင်စိတ် ရှိသူဖြစ်၍ ပြိုင်ဘက်ကင်း အလှူဖြစ်ရန် အားသန်နေလေ၏ ။
ဦးစံဖေက “ အင်း ... အလှူလုပ်တယ် ဆိုတာ သိန္ဓောမြင်းကဲ့သို့ မြန်ရသတဲ့ကွ ။ ဒါပေမဲ့ ဖိုးအုန်းဖေ ပြောသလိုပေါ့ကွာ မောင်စံအောင် ကလည်း ဆိုင်းနဲ့ ဘိသိက်နဲ့ လှူချင်တာ ဆိုတော့ ၊ ပြီးတော့ ဗိုလ်ဟန်ချို ဆိုတာကလည်း နာမည်ကြီးကိုးကွ ။ ဆိုင်း နားထောင်လာတဲ့ ပရိသတ်ရော ၊ ဝက်သားကျွေးရင် လာလိုက်မယ့် ပရိသတ်ရော နိုင်အောင် ကျွေးနိုင်ဖို့က တာဝန်ကြီးလှသနော် ”
“ ကျွေးခန်းမွေးခန်းကတော့ ကိုကျော်အေးတို့ အိုးသူကြီးအဖွဲ့နဲ့ ကံမောင်တို့ ကာလသားအဖွဲ့ကို အားကိုးရမှာပေါ့ ။ ပြီးတော့ ပရိသတ် ကလည်း အလကား လာစားကြတာမှ မဟုတ်တာပဲ ဘကြီးရာ ၊ ကူငွေနဲ့ လာစားကြတာပါ ”
ကိုမောင်လှိုင်က ဝင်၍ အရွှန်းဖောက်လိုက်သည် ။
“ မင့်ဟာက ယမမင်းထံ အစစ်ခံ သံပေါက်လို ဖြစ်နေပါဦးမယ်ကွာ ၊ ကျွန်တော့် အလှူ ၊ ကြွေးတွေပူ ငွေကူ မျှော်မိတယ် ဆိုသလိုပေါ့ ၊ ဟားဟားဟား ”
ဖိုးအုန်းဖေက -
“ အေး ... မင်းက ငွေကူကြောင်း ပြောလို့ ခုမှ ငါ ပြောရဦးမယ် ။ တောင်ဘက် ရွာက ငကျော် လှူတုန်းက ပေါ့ကွာ ၊ သူ့ခမျာ ရှိစုမဲ့စုလေးနဲ့ ငွေကူမျှော် လှူတာ ။ အဲဒီ ခေတ်က တစ်မတ် ၊ ငါးမူး ကူတဲ့ခေတ် ။ အလွန်ရင်းနှီးမှ တစ်ကျပ် ၊ ငါးမတ်ရယ် ။ ကူငွေက သူ မှန်းသလောက် မရောက်လာဘူး ။ ရှာကြံ စိုက်ရတော့မယ် ။ ရေစက်ချလည်း ပြီးရော ငိုမဲ့မဲ့လေးနဲ့ “ ကျွန်တော့်အလှူ ၊ ကြွေးတွေပူ ၊ ငွေကူမျှော်မိတယ် ၊ မှန်းတာတော့ ကျပ်ပြား ၊ လာတော့ မတ်သွား ၊ ရေစက်လည်း ချရော ကိုင်း ... မှတ်ဗျား တဲ့ ”
ဟု ရှေးဟောင်းနှောင်းဖြစ် အမှတ်တရအဖြစ်လေး ပြောလိုက်ရာ အုန်းခနဲ ပွဲကျသွားလေ၏ ။
“ စဉ်းစားပေါ့ ငါ့တူရာ ၊ ခေတ်ကာလ အခြေအနေကိုလည်း တွက်ဦးဟ ၊ ကိုယ့် ရှိလို့ လှူတယ်ဆိုပေမဲ့ မနိုင်ဝန် ဖြစ်နေမှာကလည်း စိုးရသေး မဟုတ်လား ”
ကိုစံအောင် ပြန်ပြောစရာ စကားလုံး ရှာမရသေး ။ ခေါင်းကို တွင်တွင်ကုတ်နေလေ၏ ။
အလှူအမ မလှအေး က -
“ ဘကြီးတို့ရယ် ၊ ကိုစံအောင် မှန်းထားတဲ့ ငွေနဲ့ မလောက်လို့ ကျွန်မမှာ ရှိတဲ့ လက်ဝတ်လက်စားလေးတွေ ကုန်ချင်ကုန်ပါစေ ၊ တစ်သက်မှ တစ်ခါ သားလေးတွေ ရှင်ပြုရတာပဲ ။ ဘကြီးတို့ ရပ်ရွာ အကြီးအကဲတွေနဲ့ ၊ ကာလသားတွေနဲ့ ကျွန်မတို့ရဲ့ ဆန္ဒကို အထမြောက်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ် ”
ဟု မောင်နှံခုနစ်ဖော် လက်ကောက်ဝတ်ထားသည့် ညာလက်ကို မြှောက်၍ ပြောလိုက်၏ ။ ကိုစံအောင်ကလည်း -
“ ဟုတ်ပါတယ်ဗျာ ၊ ကျွန်တော်တို့ဘက်က ကုန်ကျသလောက် ငွေကို ဖြစ်အောင် ဖန်တီးပေးပါ့မယ် ။ ရပ်ရွာ ကာလသား ၊ ကာလသမီးတွေနဲ့ အကြီးအကဲတွေကလည်း ကျွန်တော်တို့ အလှူကို သူများတကာ အလှူနဲ့ မတူ ၊ ထူးထူးခြားခြား စည်ကားသိုက်မြိုက်အောင် သိုင်းပေးဝိုင်းပေးကြပါလို့ အားကိုးအားထားနဲ့ တောင်းဆိုချင်ပါတယ် ”
ဟု သူ့ဆန္ဒကို ပြောလိုက်၏ ။ ဖိုးအုန်းဖေ က -
“ ကဲကဲ ... ဒါလောက် အလှူရှင်တွေက သဒ္ဓါတရား ထက်သန်နေမှတော့ မတားကောင်းပါဘူးကွာ ၊ သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ရှင်လောင်းလှည့်မယ့် အဖွဲ့ ၊ ပရိတ်အိုးယူမယ့်အဖွဲ့ ၊ စည်တော်အဖွဲ့ ၊ အိုးစည်ဒိုးပတ်အဖွဲ့ ၊ ကျွေးခန်းမွေးခန်းက အစ နိုင်နိုင်နင်းနင်း ဖြစ်အောင် တို့တာဝန်ထားဟေ့ ” ဟု ပြောပြီး လူကြီးချင်း ခေါင်းချင်းဆိုင် ဆွေးနွေးကြ၍ အဖွဲ့ အသီးသီးကို တာဝန်များ ခွဲဝေပေးလိုက်ကာ ကွမ်းစားဆေးသောက် နှစ်မှုရောက်ကိစ္စ အဆုံးသတ်လိုက်လေကြတော့သတည်း ။
••••• ••••• •••••
“ အလို ...
နေခြည်မှာ ၊
ရွှေရည်ဝင်းလို့ ။
ဆယ်စင်းလည်းမက
အဝေးကမှန်း ၊
ဟိုရွာလမ်း
ထီးတန်းကြီး လှပါဘိ ”
အလှူ့ဒါယကာ ၊ အလှူဒါယိကာမတို့၏ သဒ္ဓါတရား ၊ ရွာသူရွာသားတို့၏ သက္ကစ္စ ၊ သဟတ္တိက စေတနာများနှင့် ပေါင်းစပ်မှုတို့ကြောင့် ကိုစံအောင် ၊ မလှအေးတို့၏ ရှင်လောင်းလှည့်ပွဲသည် အနီးအပါးရှိ ရွာများသို့တိုင် ဟိုးလေးတကျော် ဖြစ်သွားလေ၏ ။ မောင်ရင်လောင်း ခုနစ်ပါးသည် ရွှေထီးများ ဆောင်းကာ မြင်းကိုယ်စီဖြင့် ရှေ့ဆုံးက ဝင့်ဝင့်ကြွားကြွား လိုက်ပါလာ၏ ။ ရွှဲတိုင်သော ကိုရွှေမောင်တို့ အဖွဲ့သည်လည်း ကလေးတစ်သိုက်ဖြင့် ငြာသံပေးကာ ရွှဲတိုင် လိုက်ပါလာကြ၏ ။ နောက်မှ သပိတ်လွယ် ထားသော အလှူ့ဒါယကာ ၊ သင်္ကန်းပရိက္ခရာ ပွေ့ထားသော အလှူ့ဒါယိကာမ ၊ ကွမ်းတောင်ပန်းတောင်ကိုင် ၊ သင်္ကန်းဗန်းကိုင် ၊ အတီးအမှုတ် ၊ အကအခုန် စုံလင်စွာဖြင့် အရေးအခင်း ပြီးစ ကာလနောက်ပိုင်းတွင် အစည်ကားဆုံးဟု ပြောစမှတ် ဖြစ်လောက်အောင် စည်ကားသိုက်မြိုက်စွာ လှည့်လည်လေ၏ ။ ညနေပိုင်း ပရိတ်အိုးယူ အပြန် ကျွေးရသော ပရိသတ်သည်ပင် တော်တော့် အလှူကျွေးရသလောက် ရှိလေသည် ။ ချက်ပြုတ်ထားသော ဝက်သားဒယ် သုံးချိုးတစ်ချိုး ပြိုက်ခနဲ ကျလေ၏ ။ ဖိုကြီးသမားတို့သည်လည်း ကုန်သမျှ ညတွင်းချင်း ထပ်မံ ချက်ပြုတ်နေကြ၏ ။ မီးပူခံ ထန်းလျက်ချက်အရက် ကလည်း ပလတ်စတစ်ပုံးနှင့် တည်ပေးထားသဖြင့် တစ်ခွက် သောက်လိုက် ၊ ဟင်းအိုးတစ်ချက် မွှေလိုက်နှင့် မမောနိုင် မပန်းနိုင် ဖြစ်နေကြလေ၏ ။ ညဆိုင်း ပျိုးချိန်အထိ မနားနိုင်သေး ။ ဆိုင်းကလည်း နာမည်ကြီး ဗိုလ်ဟန်ချိုဆိုင်း ဖြစ်သဖြင့် ညဆိုင်းနားထောင်ရန် လာကြသော ပရိသတ်သည်ပင် မဏ္ဍပ်နှင့် မဆံ့သောကြောင့် အိမ်ဝိုင်းအတွင်းရှိ မန်ကျည်းပင် ၊ တမာပင် အောက်တို့တွင် အုပ်စုလိုက် အဖွဲ့လိုက် ပြည့်နှက်နေလေတော့၏ ။ အလှူဒါယကာ ၊ အလှူဒါယိကာမတို့ မျက်နှာသည် ပီတိအပြုံးပန်းများ လှိုင်နေလေတော့၏ ။
ဗိုလ်ဟန်ချိုသည် အတီးကောင်း ၊ အဆိုကောင်း ဖြစ်သည့်အပြင် ညဉ့်နက်ပိုင်းတွင် စောင်းအတီးနှင့်ပါ ဖျော်ဖြေပေးသောကြောင့် ဆိုင်းနားထောင်ပရိသတ်သည် ဝက်ဝက်ကွဲ စည်ကားလှတော့၏ ။ ညဉ့်တစ်ချက်တီးမှပင် ဆိုင်းဝိုင်းသိမ်းလေတော့၏ ။
••••• ••••• •••••
အလှူကြီးနေ့ နံနက် မိုးမလင်းမီ အချိန်ကပင် ဗိုလ်ဟန်ချို ဆိုင်းတော်မင်္ဂလာသည် အနီးကြား ၊ အဝေးကြား တီးမှုတ်ဧည့်ခံနေလေ၏ ။ တာဝန်အသီးသီး ယူထားကြသော အမျိုးသား ၊ အမျိုးသမီးအဖွဲ့တို့ကိုလည်း အလှူမင်္ဂလာမဏ္ဍပ်အတွင်း ချက်ချင်း လာရောက်ကြပါရန် အသံချဲ့စက်ဖြင့် တကြော်ကြော် ဟစ်အော်ခေါ်နေလေ၏ ။ ဧည့်ပရိသတ်သည် ခုနစ်နာရီ မထိုးမီကတည်းက ရောက်နှင့်နေကြလေပြီ ။
စာရင်းကိုင် ကိုသာလွန် သည်လည်း မဏ္ဍပ်ထဲ ရောက်ကတည်းက လက်မလည်အောင် ရေးမှတ်နေရ၏ ။ ဆိုင်းသံဗုံသံ ၊ လူသံဆူသံများ ကြားမှ အလှူကူမည့်သူ၏ အမည်နှင့် ကူငွေကို သဲသဲကွဲကွဲ ကြားရရန် နားထောင်ရေး မှတ်နေရ၏ ။ ဆောင်းကာလ ဖြစ်သော်လည်း ဝိုင်းအုံနေသော ဧည့်ပရိသတ်အကြား ချွေးပြန်နေလေ၏ ။ “ ရွှေတန့်တစ် ကိုအေးမောင် ဆယ့်ငါးကျပ် ” ၊ “ ကွန်းရွာ ကိုမောင်တင့် တစ်ဆယ် ” ၊ “ နှောကုန်း ကိုရွှေဘ တစ်ဆယ် ” ဧည့်ပရိသတ်သည် တစ်ပြိုင်တည်း ကျလာသဖြင့် စာရင်းကိုင်အဖွဲ့မှာ လက်မလည်နိုင် ဖြစ်ရသကဲ့သို့ ဧည့်ခံအဖွဲ့မှာလည်း ပျာယာခတ်နေလေ၏ ။ အကျွေးအမွေးအဖွဲ့သည်လည်း တစ်သုတ်ပြီး တစ်သုတ် ပျားပန်းခပ်သကဲ့သို့ ရှိနေ၏ ။ ထမင်းရုံပေါက်ဝတွင်လည်း ငွေ ကူသူရော ၊ မကူဘဲ အလကား ဝင်စားသူပါ သူ့ ထက်ငါ အလုအယက် တိုးဝှေ့နေ၏ ။ ရွာနီးချုပ်စပ်အပြင် မြို့ပရိသတ်ပင် ပါလေ၏ ။
ထမင်းရုံ ဖွင့်သောအခါ အတင်းတိုးဝှေ့ကာ အလုအယက်တွန်းထိုး ဝင်ကြ သဖြင့် ထမင်းရုံပေါက်စောင့် ဦးကျော် ကိုပင် လူအနင်းခံရသည်အထိ ဖြစ်သွားရလေ၏ ။ ငါးသုတ်ခန့် ကျွေးပြီးသော်လည်း လူက မစဲသေး ။ ဧည့်ခံမဏ္ဍပ် အတွင်း၌လည်း ပရိသတ်က အပြည့် ၊ အိမ်ဝိုင်း အတွင်း၌လည်း နေရာလပ် မကျန် ဟိုတစ်စု သည်တစ်စု ၊ ထမင်းရုံပေါက်တွင်လည်း ကြိတ်ကြိတ်တိုး ။ အထူးဖိတ်ကြားထားသော မြို့ဧည့် ၊ စက်ရုံဧည့် မကျမီမှာပင် ဝက်သားဒယ် တစ်ဝက် ကျိုးနေလေပြီ ။ အခြေအနေ မလှတော့ ။ အလှူဒါယကာလည်း ဆောင်းကာလ၌ပင် မျက်နှာပျက်ကာ ချွေးပြန်နေလေ၏ ။ အခြေအနေက မကောင်းတော့ ။ စာရင်းကိုင်ထံ လာ၍ “ ဘယ်လောက် ပေါက်ပြီတုံး ” ဟု မေးရင်း ငွေ လာလာ ထုတ်သွားကြပြန်၏ ။ “ သမင်မွေးရင်း ကျားစားရင်း ” စကားပုံ အတိုင်းပင် ။ ရွာလူကြီးတစ်သိုက် အရေးပေါ် စည်းဝေးခေါ်ရလေ၏ ။
“ ဒီအတိုင်းတော့ မဖြစ်တော့ဘူးဟေ့ ၊ ထမင်းစား လက်မှတ် ပေးမှ ဖြစ်လိမ့်မယ် ”
“ ဖြစ်ပါ့မလား ဘ , ရာ ၊ ကျုပ်တို့ရွာ ထုံးစံက လာသမျှ လူ ကျွေးခဲ့တာ ၊ ခုလို ထမင်းစားလက်မှတ်ဆိုတာ ထုံးစံမှ မရှိတာ ”
“ ဟ, ထုံးစံဆိုတာ လူက လုပ်တာကွ ၊ မီးစင်ကြည့် က,ရတော့မှာပဲ ။ လက်မှတ် မပေးရင် ငွေကူသူရော ၊ မကူဘဲ အလကား လာစားတဲ့သူ ရော ပေါက်သောက် ဆိုတော့ တကယ့် ဧည့်ကောင်းစောင်ကောင်းကျချိန်ဆို ဘယ်လို လုပ်မှာလဲ ။ ခု ဝက်သားက ငါးဒယ်စာပဲ ကျန်တော့တာ ”
“ ဒါဆို သမဝါယမဆိုင်က ရော်ဘာတံဆိပ်တုံး အမြန်သွားယူဟ ၊ စီးကရက် ဘူးခွံစာရွက်ပေါ် တံဆိပ်တုံးထု ၊ ထမင်းစားလက်မှတ်လုပ် ။ စာရင်းကိုင် သာလွန် ဆီသွား ၊ လူတစ်ဦး အနည်းဆုံး တစ်ဆယ်ဖွဲ့မှ တစ်စောင်ပဲ ပေးလို့ ပြော ”
ကျေးရွာ၌ မရှိခဲ့ဖူးသော ထမင်းရုံဝင်လက်မှတ် စတင်ခဲ့သည့် မှတ်တမ်းတင်ရတော့၏ ။
သို့နှင့် ထမင်းရုံပေါက်ဝရှိ လူထုကြီးသည် ထမင်းရုံကို လက်မှတ်ပါမှ ဝင်ခွင့်ရမည်ဆို၍ မဏ္ဍပ်အတွင်းရှိ စာရင်းကိုင်ခုံ ဆီသို့ အပြေးအလွှား ရောက်လာကြပြန်လေ၏ ။ သူ့ထက်ငါ အတင်း တိုးဝှေ့၍ “ ရော့ဗျို့ မြို့သစ် ကိုလှမောင် က တစ်ဆယ် ၊ ထမင်းစားလက်မှတ် နှစ်စောင်ပေး ” ၊ “ မြင်းချိုင် ကိုကံဆင့် က ဆယ့်ငါးကျပ် ၊ လက်မှတ်သုံးစောင်ပေး ” ၊ “ စို့တွင်းရွာ ဦးမြဝင်း ဆယ့်ငါးကျပ် ရေးဗျို့ ၊ လက်မှတ်လေးစောင်ပေး ” စာရင်းကိုင် ကိုသာလွန် ထမင်းစားလက်မှတ် ရောင်းမလောက် ဖြစ်နေလေ၏ ။ စိတ်ထဲမှလည်း “ အလှူပေးကြောင်း ထမင်းရောင်း တောင်းကြီးကိုသာ ကန်လိုက်ပါ ” ဟု သံပေါက်လေးကို သတိရသဖြင့် ပြုံးလိုက်မိလေ၏ ။ သို့သော် ကြာကြာ မပြုံးလိုက်ရ ။ တစ်ဆယ်တန် တစ်ရွက် အတင်းထိုးပေးကာ လက်မှတ်လေးစောင် ၊ ငါးစောင် တောင်းနေသော လူအုပ်ကြီးကို လက်မလည်အောင် ဖြေရှင်းပေးနေရသည်မှာ ထုတ်ပေးထားသော ထမင်းစားလက်မှတ်ပင် မလောက်တော့ချေ ။
နေထန်းတစ်ဖျားခန့် ရောက်လျှင် အထူးဖိတ်ကြားထားသော စက်ရုံဧည့် ၊ မြို့ဧည့်များ တဖွဲဖွဲ ရောက်ရှိလာကြချေပြီ ။ အလှူ့ဒါယကာကို လိုက်ရှာ၏ ။ မတွေ့ ။ အလှူ့ဒါယိကာမကို မေးကြ၏ ။ သူ့ခမျာ ငိုမဲ့ငိုမဲ့နှင့် မဖြေတတ် ။ ထမင်းရုံကလည်း ပိတ်ရတော့မည် ။ ငွေကူ၍ ထမင်းစားလက်မှတ် တောင်းယူသွားကြသော်လည်း ထမင်း မစားရသူတို့မှာ စာရင်းကိုင်ထံ ရောက်လာကြပြန်၍ “ ခုနက ကျုပ် ကူထားတဲ့ ငွေတစ်ဆယ် ပြန်ပေးပါ ။ ရော့ လက်မှတ် နှစ်စောင် ” ၊ “ ကျုပ်ကိုလည်း ဆယ့်ငါးကျပ် ပြန်အမ်းပေးပါ ။ ရော့ဗျို့ လက်မှတ်သုံးစောင် ”
“ အို ... ဒီလို ပြန်ပေးလို့ အလကား ဖြစ်နိုင်ပါ့မလား ။ ရှင်တို့ အလှူလာတာ ကူဖို့လာတာလား ၊ စားဖို့ လာတာလား ။ မပေးနိုင်ဘူး စာရင်းပိတ်သွားပြီ ”
အနီးရှိ စာရင်းကိုင် ဧည့်ခံ မြရီ၏ ကက်ကက်လန် ရန်တွေ့သံကြောင့် လက်မှတ်ကို ဆုတ်ဖြဲကာ ပြန်သွားကြသူတွေကလည်း မနည်းမနော ။
ထမင်းရုံသည် ပိတ်သွားလေပြီ ။ ထမင်းမစားရသေးသူများကတော့ ကြွက်စီ ကြွက်စီနှင့် ။ မြို့ဧည့် ၊ စက်ရုံ ဧည့်များကို ဝိုင်းခြံလုံသော အိမ်တစ်အိမ်တွင် တိတ်တိတ် လက်တို့ ခေါ်၍ ကျွေးရလေ၏ ။ အကင်းပါးသော ပရိသတ်ကြီးသည် ထိုအိမ်သို့ လိုက်ကြပြန်၏ ။ အပြင်မှ အော်ဟစ်နေကြလေ၏ ။ မနိုင်တော့သဖြင့် ကျွေးလက်စ ဖြတ်၍ နောက်တစ်အိမ် ပြောင်းကြပြန်၏ ။ လိုက်ကြပြန်၏ ။ ရွေ့လျားထမင်းရုံဟု ခေါ်ရချေတော့မည်လော မဆိုနိုင် ။ နောက်ဆုံးတွင် ဘုန်းကြီးဆွမ်းကျွေးနေသည့် ဘုန်းတော်ကြီးကျောင်းသို့ မသိမသာ ခေါ်သွားပြီး ကျွေးရပြန်သည် ။ အရိပ်အခြည် ကြည့်နေသော သူအချို့ကား လိုက်ဖြစ်အောင် လိုက်သွား၍ စားကြသေး၏ ။ ဧည့်ကောင်းစောင်ကောင်းတို့သည်လည်း ထမင်းကိုပင် ဖြောင့်အောင် မစားရချေ ။ အလှူ့ဒါယကာသည်လည်း ဘယ်ဆီ သွား၍ ပုန်းအိပ်နေသည် မသိရ ။ အလှူမဏ္ဍပ်ရှိရာ ဌာနသို့ ပြူတစ်ပင် မလုပ်လာရှာပေ ။ အလှူ့ဒါယကာနှင့် မတွေ့ရသောကြောင့် ထမင်းစား မသွားရသော စက်ရုံဝန်ထမ်းဧည့်တို့မှာကား မကျေမနပ်နှင့် လက်ဖွဲ့ငွေကူကိုပင် မကူတော့ဘဲ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်သွားကြ၏ ။
••••• ••••• •••••
ဘိသိက်မြှောက်ခါနီးမှ အလှူ့ဒါယကာကို ရွာအနှံ့ လိုက်ရှာလေရာ ရွာအရှေ့မြောက်ပိုင်း ဘဘုန်းကျော် ခြံအတွင်းရှိ ဆီးပင်ရိပ်အောက်၌ သင်ဖျာတစ်ချပ်ခင်း အိပ်နေသည်ကို တွေ့ရ၍ အတင်းနှိုး ခေါ်ခဲ့ရလေ၏ ။ ဘိသိက်ဆရာနှင့် ရွာစား ဗိုလ်ဟန်ချို တို့၏ အပေးအယူ မျှတစွာ လက်ဖွဲ့စာတိုက်နေသည်ကို ကြည့်ငေးမောနေကြသည့် ပရိသတ်သည် ကြက်ပျံမကျ ကြိတ်ကြိတ်တိုး နေလေတော့၏ ။ အလှူ့ဒါယကာနှင့် အလှူ့ဒါယိကာမတို့ခမျာ ပင်ပန်းနွမ်းနယ်နေဟန် ရှိ၏ ။ မျက်နှာ မသာမယာနှင့် ။ ကိုစံအောင်သည် လက်ကိုင်ပဝါဖြင့် မျက်နှာကို အကြိမ်ကြိမ် ပွတ်နေလေ၏ ။
လက်ဖွဲ့စာ နှိုက်ရန် နတ်ထွက်လာချိန်တွင် ပရိသတ်သည် တအုန်းအုန်းနှင့် ပတ်တုတ်၍ မနိုင် နိုင်အောင်ရှိလေတော့၏ ။ လူရွှင်တော်နတ်က စာရင်းပါ အမျိုးများ၏ အမည်ကို တစ်ဦးချင်းစီ ခေါ်၍ ရေစင်ဖိုးအလှူခံလေ၏ ။ ဆွေမျိုးအရင်းအချာများသာ လက်ဖွဲ့စာ နှိုက်ခွင့်ရှိသည် ။ နတ်မမြင်အောင် ရှေ့က ပရိသတ်ကို ကွယ်ကာ ပုန်းဟန်ဆောင်ကြ၏ ။ နတ်သည်လည်း ဒိဗ္ဗစက္ခုရသူဖြစ်လေရကား လူအုပ်အတွင်း အတင်းတိုးဝင်ကာ လက်ဆွဲ ခေါ်လာ၏ ။ ပွဲအလွန်ကျလေ၏ ။ ပရိသတ်သည် တဝေါဝေါ ပွဲကျနေသော်လည်း အလှူရှင် ဇနီးမောင်နှံမှာကား မျက်နှာညှိုးငယ်နေရှာသည် ။ ကွယ်လွန်လေပြီးသော မိဘတို့ကို သတိရတမ်းတနေဟန်ရှိ၏ ။ မျက်ရည်များပင် ဝေ့ဝဲနေဟန်ရှိသည် ။
ဘိသိက်ခန်းပြီးမှ မောင်ရှင်လောင်းများ ဆံချ၍ သင်္ကန်းဆီးကာ သံဃာစင်ပေါ်တွင် အလှူတော်မင်္ဂလာ ရေစက်ချ ပရိတ်တရားနာယူကြလေ၏ ။ အလှူရှင် ဇနီးမောင်နှံမှာ ရေစက်ခွက်ကို တုန်တုန်ယင်ယင် ကိုင်ပြီး ရေစက်ချ နေလေသည် ။ ရေစက်ချရင်း မျက်ရည်များပင် စီးကျလာလေ၏ ။ အလှူ့ဒါယကာသည်လည်း မိခင် ကွယ်လွန်သည်မှာ မကြာသေး ။ အလှူ့ဒါယိကာမသည်လည်း လွန်ခဲ့သောနှစ်ကမှ မိဘနှစ်ပါးလုံး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ရရှာသည် ။ ပရိသတ်ထဲမှ ဆွေမျိုး နီးစပ်တော်သူရော ။ ရွာဆွေ ရပ်မျိုးတို့မှာလည်း မျက်ရည်လေး စမ်းစမ်းနှင့် ဆရာတော်၏ ရေစက်ချတရားကို လိုက်လံ ရွတ်ဆိုနေကြ၏ ။ အလှူတော်မင်္ဂလာ ဒါနအစုစုကို ဝမ်းမြောက်ဝမ်းသာ ရှိနေကြကုန်၏ ။
ဆရာတော်၏ တရားရေစက်ချသံ အဆုံးတွင် “ အားလုံး ကြားကြားသမျှ ကုသိုလ် ဒါန အမျှ အမျှ အမျှ ယူတော် မူကြပါကုန် ” ဟု အလှူ့ဒါယကာ ကိုစံအောင် ၊ အလှူ့ဒါယိကာမ မလှအေးတို့က တုန်ယင်သောအသံဖြင့် အမျှဝေ လိုက်ရာ တရားနာပရိသတ် အပေါင်းကလည်း ဝမ်းမြောက်စွာ “ သာဓု သာဓု သာဓု ” ဟု ညီညီညာညာ အနုမောဒနာ ပြုကြလေသတည်း ။ ဗိုလ်ဟန်ချို၏ ရွှေဆိုင်းတော်မင်္ဂလာမှလည်း သာဓုခေါ်သံ အဆုံးတွင် သာယာညင်းပျောင်းစွာ တဗြုန်းဗြုန်းဖြင့် ဗြောရိုက်လေတော့၏ ။
“ ဗြုန်းနိုင်ပေ့ ကိုရွှေစည် တီနိုင်ပေ့ ကိုရွှေနှဲ ” ဟု ဆိုရလောက်အောင်ပင် အလှူဗြောသံသည်ကား ရွှေမြန်မာတို့၏ နှလုံးသားကို ညှို့ယူဆွဲငင်နိုင်စွမ်း ရှိလှ၏ ။ ဗြောသံကြားရသော ပရိသတ်သည် မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရ၏ ။ အလှူ့ဒါယကာ နှင့် အလှူ့ဒါယိကာမတို့သည် လမ်းပေါ်သို့ ထွက်ကာ ရွာ၏သင်္ချိုင်းရှိရာ အနောက်မြောက်အရပ်ဆီသို့ မျှော်၍ ဗြောသံနှင့်အတူ “ အမရေ .. အမ သားလေးတွေ ရှင်ပြုပွဲကို လာပြီး သာဓု ခေါ်လှဲ့ပါဦးဗျ ၊ အီး ဟီး ဟီး ” ၊ “ အဖေတို့ အမေတို့ရေ တော်တို့ မြေးလေးတွေ သင်္ကန်းဆီးထားတာ ထ,ကြည့်လှည့်ကြပါဦးတော့ ၊ အီးဟီးဟီး ” ဟု အားရပါးရ ကြူကြူပါအောင် ချုံးပွဲချ ငိုနေကြလေတော့၏ ။ ကိုစံအောင်သည် တက်မတတ် ၊ ချက်မတတ် ရှိုက်ကြီးတငင် ဖြစ်နေလေ၏ ။ ဆွေမျိုးများကလည်း ဘေးမှ ထိန်းကာ “ ကဲကဲ တော်လောက်ပြီနော် ၊ သူတို့လည်း တမလွန်ကနေ အမျှဝေသံကို ကြားရလို့ အားရပါးရ သာဓုခေါ်နေကြမှာပါ ” ဟု ချော့၍ မဏ္ဍပ်အတွင်းသို့ ခေါ်လာခဲ့ကြရ၏ ။ ဆိုင်း ကလည်း ဗြောရိုက် ကောင်းဆဲ ၊ အလှူ့ဒကာ ဇနီးမောင်နှံသည်လည်း ရှိုက်၍ ရှိုက်၍ ငိုနေဆဲ ။ ကျူနှယ်ရုံသည့် ဆွေမျိုးသားချင်း တစ်သိုက်သည်လည်း ပီတိမျက်ရည် ဖျာဝေနေဆဲ ။
ဗြောသံ သည်လည်း အလှူပွဲလာ ပရိသတ်၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်၍ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်း ဒွိယံတို့ဖြင့် “ ညှဉ်း ” နေသကဲ့သို့ ရိုက်ခတ်နေလေတော့သတည်း ။
▢ သာလွန်ကျော်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဧပြီ ၊ ၂၀၂၀

No comments:
Post a Comment