❝ ချစ်တဲ့သူ မျက်နှာ မပျက်ရအောင် ❞
▢ မောင်လွင်မွန် ၊ ကသာ ၊
ကျွန်တော်က ပန်းချီဆရာ မဟုတ်ပါ ။ သို့သော် ငယ်စဉ်ကတည်းက ပန်းချီ ဝါသနာပါပြီး ပုံများ လေ့ကျင့် ဆွဲလေ့ရှိခဲ့ပါသည် ။ သည်လို လေ့ ကျင့်ခဲ့ပေမဲ့ စနစ်တကျ သင်ပေးတဲ့ ဆရာ မရှိတဲ့ ပြင် ရေရှည်ဇွဲနဲ့ စိုက်လိုက်မတ်တတ် လုပ်သူ မဟုတ်တာမို့ ထွန်းထွန်းကားကား မဖြစ်ခဲ့ပါ ။ ထို့ပြင် သိုသိပ်တတ်သော ကျွန်တော့် ဉာဉ်ကြောင့် ကျွန်တော် ပန်းချီဝါသနာပါသည်ကို သိသူလည်း အလွန်နည်းပါသည် ။ ဒါပေမဲ့ လူတိုင်းကို ကဗျာဆရာ ဖြစ်စေပါသည် ဆိုသော ‘ အချစ် ’ နဲ့ တွေ့သောအခါ ကျွန်တော်သည် ကဗျာဆရာ တကယ် ဖြစ်ရုံမက ပန်းချီဆရာပါ ဖြစ်ခဲ့ပါသည် ။ ချစ်သူအတွက် ကဗျာလေးများ ရေးစပ်ပေးရင်း ပန်းချီပုံလေးများကို ပူးတွဲဆွဲပေး ဖြစ်ခဲ့ပါသည် ။ ထို့ပြင် ကျွန်တော်တို့ ချစ်သူဘဝ ရောက်ကြသော ဇန်နဝါရီ ၂၈ နောက်တစ်နှစ် လည်သောအခါ ချစ်သူဘဝ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချစ်သူ၏ ပုံတူကို သူ့ဓာတ်ပုံမှ ကူးဆွဲပြီး လက်ဆောင်ပန်းချီကားလေး တစ်ချပ် ဖန်တီးပေးဖြစ်ခဲ့ပါသည် ။
ဒီပန်းချီကားလေးမှာ ချစ်သူနှင့် အတော်တူပြီး အရောင်ရွေးချယ်မှုနှင့် အလင်းအမှောင်တို့မှာ ပန်းချီဆရာ စိတ်ကူး မဟုတ်ဘဲ ဓာတ်ပုံအတိုင်း ကူးယူထားခြင်းကြောင့် အတော်လေး ရုပ်လုံးကြွပါသည် ။ ဒါ့ပြင် ဓာတ်ပုံမှာ ချို့ယွင်းချက် ရှိခဲ့လျှင်တောင် ပန်းချီမှာ ပြုပြင် ဆွဲနိုင်တာကြောင့် ကျွန်တော့်လက်ရာမှာ မူရင်းထက်တောင် ပိုကောင်းသွားသေးဟု ကိုယ့်ငါးချဉ် ကိုယ်ချဉ်ဖြစ်ခဲ့သေးတာပါ ။ မမျှော်လင့်ဘဲ ဒီပန်းချီကားလေးကို လက်ခံလိုက်ရတော့ အရမ်းပျော်သွားတဲ့ ချစ်သူမျက်နှာကိုလည်း အခုထိ မှတ်မိနေဆဲပါ ။
“ ကိုကိုက အရမ်းတော်တာပဲ ၊ စုမာ ပန်းချီကားထဲမှာ ဝင်ပြီး မတ်တတ်ရပ် နေသလိုပဲ ”
ဒါပေမဲ့ အဲဒီကာလက ကျွန်တော်တို့ရဲ့ လူမသိ သူမသိ သမီးရည်းစား ဘဝမို့ ချစ်သူက ကျွန်တော့် ပန်းချီကားကို သူ့စာအုပ်သေတ္တာ အောက်ဆုံးမှာ တိတ်တိတ်လေး ကြိတ်သိမ်း ထားရတာ ဖြစ်ပါသည် ။ နောက်ထပ် တစ်နှစ်လောက် ထပ်ကြာပြီး ကျွန်တော်တို့ အကြောင်းကို နှစ်ဖက် မိဘတွေ သိကုန်တော့မှ သူ့ အခန်းထဲက စာကြည့်စားပွဲနားမှာ လူစိမ်း မမြင်အောင် သိုသိုသိပ်သိပ်လေး ချိတ်ခဲ့ရဲတာ ဖြစ်ပါသည် ။
နောက် ကျွန်တော်တို့ လက်ထပ်ဖြစ်ကြ၍ ချစ်သူ၏ အပျိုခန်းလေးမှာ မင်္ဂလာခန်းဝင်နေရာ ဖြစ်လာသောအခါ ဒီပန်းချီကားလေးကို သူငယ်ချင်းများနှင့် နှစ်ဖက်ဆွေမျိုးများက တွေ့သွားခဲ့ရာ အားလုံးက အတော် သဘောကျသွားခဲ့ကြပါသည် ။ သူငယ်ချင်းရင်း တစ်ဦးဖြစ်သူ ခင်မောင်အေး က -
“ ဟေ့ကောင် ၊ ဘယ်ဆိုးလို့လဲ ။ မင်းပုံက အတော်တူတာပဲ ။ ဒီပုံကို သေသေချာချာ ဘောင်သွင်းပြီး ဧည့်ခန်းမှာ ချိတ်ကွာ ” ဟု အကြံပေးပါ သည် ။ ထိုစဉ် ကျွန်တော့် ချစ်သူ၏ ဦးလေး ဖြစ်သူက -
“ အေးကွာ ၊ ဒီပုံလေးက အတော်ကောင်းသားပဲ ။ ဒါပေမဲ့ မင်းတို့ ဒီတိုင်းထားလိုက်ရင် ပျက်စီးသွားမှာပေါ့ ။ မှန်ပေါင်သွင်းလိုက်လေ ၊ ငါလုပ် ပေးလိုက်မယ် ။ မင်းတို့ မင်္ဂလာဆောင် လက်ဖွဲ့ပေါ့ကွာ ။ မင်္ဂလာဆောင်တော့ မီချင်မှ မီမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့ကို ငါကိုယ်တိုင် စိ တ်တိုင်းကျ ပန်းပုပေါင်လေး တစ်ခု လုပ်ပေးချင်လို့ ။ မင်းတို့ တစ်သက်တာ တကယ့်ကို အမှတ်တရ ဖြစ်သွားစေရမယ် ”
ဦးလေး၏ စကားကြောင့် ထိုစဉ်က ကျွန်တော်တို့ အတော်လေး ပျော်သွားခဲ့ကြပါသည် ။ ချစ်သူ၏ ဦးလေးမှာ လက်ရာမြောက်သော လက်မှုဝါသနာရှင် တစ်ဦး ဖြစ်ကြောင်း ချစ်သူထံမှ တစ်ဆင့် ကြားဖူးထား သောကြောင့် ကျွန်တော့်ချစ်သူ ပုံတူလေး သားနားသပ်ရပ် သွားမည်ကို ထိုစဉ်က ကျွန်တော် စိတ်ကူးယဉ်ခဲ့မိတာ အမှန်ပါ ။ ဦးလေးက သူ့ဆီမှာ မှန်တစ်ချပ်လည်း အဆင်သင့်ရှိတဲ့ပြင် ပစ္စည်းတစ်ခု လုပ်ရင်း ပိုနေတဲ့ ကျွန်းသားတွေလည်း အလွယ်တကူ ရှိတယ်ဆိုတော့ အတော် ကံကောင်းတဲ့ ကျွန်တော်တို့တွေဟု ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့မိတာလည်း ဖြစ်ပါသည် ။
သို့သော် ဦးလေး၏ မင်္ဂလာလက်ဖွဲ့ကို မင်္ဂလာဆောင်ပြီး ခြောက်လ လောက်ကြာသည်ထိ မရဘဲ ကျွန်တော့် ပန်းချီကားပါ ပြန်မရသောကြောင့် ထိုကာလတွင် ကျွန်တော် စိတ်ပူစ ပြုလာပါသည် ။ ဒီအတောအတွင်း ဦးလေး ဖြစ်သူကိုလည်း မကြာခဏ တွေ့ဆုံ ဆက်ဆံဖြစ်နေသည် သာ ဖြစ်ပါသည် ။ သို့သော် ဦးလေးမှာ သူတို့ ဆွေမျိုးအုပ်စုကြား ဩဇာထက်သူ ဖြစ်ခြင်းကြောင့် ကျွန်တော် မမေးရဲခဲ့ပါ ။ ဒါပေမဲ့ အခြေအနေက ကျွန်တော် ထင်သလောက် မဆိုးဘဲ ခြောက်လ အကျော်တွင် ကျွန်တော့် ပန်းချီကားလေးကို ပန်းပုပေါင်ကွပ်လျက် ပြန်လည် ရရှိပါသည် ။
ထုပ်ပိုး စက္ကူလှလှလေးကို ရင်ခုန်စွာဖြင့် ဖယ်ရှားလိုက်ကာ အတွင်းမှ ပေါင်သွင်းပြီး ပန်းချီကားကို ထုတ်ယူလိုက်သော ကျွန်တော့်ကို ချစ်သူ၏ ဦးလေးက ပြုံး၍ ကြည့်ပြီး -
“ ဘယ့်နှယ်လဲ ၊ လှတယ်မဟုတ်လား ”
“ ဟုတ်ကဲ့ လှပါတယ် ဦးလေး ”
အလိုက်သင့် ဖြေလိုက်သော ကျွန်တော့်အသံများ တုန်ယင်နေလိမ့်မည် ထင်သည် ။ မှန်ပါသည် ၊ ပေါင်လေးကတော့ ပန်းအခက်နွယ်တို့ဖြင့် လင်းလက်တောက်ပစွာ အတော်လေး လှပါသည် ။ သို့သော် ဦးလေးက ပညာရှင် မဟုတ်ဘဲ ဝါသနာရှင် ဖြစ်ခြင်းကြောင့် တစ်စုံတစ်ရာ အတိုင်းအတာ မှားခဲ့သလား ။ သို့မဟုတ် ရှိတဲ့ သစ်သားနဲ့ပဲ ဖြစ်အောင် လုပ်ခဲ့လို့ လား ။ သို့မဟုတ် ပန်းခက်များ နေရာယူရာ အပိုင်းက လိုအပ်တာထက် ပိုထူထဲနေတာလား ။ ဒါတွေကိုတော့ ကျွန်တော် မသိ ။ ပေါင်ကလေး လှပသေသပ်သလောက် ကျွန်တော် မျှော်လင့်မိသလို ဖြစ်မလာတာတော့ သေချာသည် ။ နောက်မှ ကျွန်တော် စဉ်းစားလို့ ရတာကတော့ ဦးလေးက သူ့ဆီမှာ အဆင်သင့် ရှိတဲ့ မှန်နှင့် လိုက်လျောညီထွေသော အနားများကို ဖန်တီးခဲ့ရပုံပေါ်သည် ။
မှန်နှင့် ထိစပ်နေသော ပေါင်အတွင်း နှုတ်ခမ်းသားများမှာ ပုံ၏ အပြင် နုတ်ခမ်းသားများထက် ပိုသေးငယ် ကျဉ်းမြောင်းနေပြီး ပုံ၏ ပတ်လည်ကို ထူထူထဲထဲ နင်းထားသည် ။ ကျွန်တော် ရက်အတော်ကြာ ကြိုးပမ်း ရေးဆွဲခဲ့ရသော ချစ်သူ၏ သူ့ဖိနပ်သေးသေးနှင့် လိုက်ဖက်သော ခြေချောင်းငယ်များနှင့် တကွ ခြေဖမိုးအထိ ဘောင်၏ အောက်ထဲတွင် ငုပ်လျှိုး ပျောက်ကွယ်နေကြသည် ။ ပိုဆိုးသည်က ပုံ၏ အပေါ်ပိုင်းတွင် ချစ်သူ၏ မျက်တောင်ကော့လေးများကို ပေါင်နှုတ်ခမ်းသားများက ထိနမ်းနေကြပြီး နဖူးနှင့် ဆံစနွယ်များ သာမက ခေါင်းပေါ်ပိုင်း တစ်ခုလုံးမှာ ပန်းခက်ပေါင်အောက်တွင် ပုန်းလျှိုးနေကြသည် ။ ဘေးဘယ်ညာ နှစ်ဖက်က ပန်းခက်တို့မှာ ချစ်သူ၏ ကိုယ်ခန္ဓာကို ထိပါးမှု မရှိသော်လည်း နောက်ခံ ရေးဆွဲထားမှုများကို ဖုံးကွယ်ထားကြသည် ။ ကျွန်တော် စိတ်အထိခိုက်ရဆုံးမှာ ပန်းချီဆရာ မဟုတ်ပါဘဲလျက် နှလုံးသားပုံရိပ်မို့ တူအောင် ရေးဆွဲနိုင်ခဲ့သော ချစ်သူ၏ ပုံတူမှာ ‘ ချစ်သူ့ပုံတူ ’ ဟု မည်သူကမှ မသိမြင်နိုင်တော့ခြင်း ဖြစ်ပါသည် ။
“ ငါ့မှာ စိတ်ရှည်လက်ရှည် အတော်အ ချိန်ပေးပြီး လုပ်ခဲ့ရတာကွ ”
“ ဟုတ်ကဲ့ ဦးလေး ၊ ကျေးဇူးတင်ပါတယ် ဦးလေးရယ် ”
ကျွန်တော့် တုံ့ပြန်စကားမှာ ကွဲအက်ခြောက်ကပ်နေမှာ သေချာပါသည် ။
မည်သို့ဆိုစေ ဦးလေး၏ စေတနာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်သည့် အပြင် ဆွေမျိုးအုပ်စုကြားမှာ အားလုံးက လေးစားခံ့ညားကြသော သူ့ကို ကြောက်ကြရသည်ကြောင့် ဦးလေး၏ မင်္ဂလာလက်ဖွဲ့ကို အဲဒီအချိန်ကတည်းက အိမ်ဦးခန်းတွင် ချိတ်ခဲ့ကြသည်မှာ ယခုအချိန်ထိ ဖြစ်ပါသည် ။ ယင်းသို့ အိမ်ဦးဧည့်ခန်းတွင် ရှိနေခြင်းကြောင့်လည်း ယင်းပုံကို အလွယ်မြင်ကြ စိတ်ဝင်စားကြပါသည် ။ သို့သော် ဘယ်သူ့ပုံလို့ မှတ်မိသူက အတော် နည်းပါသည် ။ တချို့ကလည်း ပုံကို အနီးကပ် သေသေချာချာကြည့်ရင်း ဘယ်လိုဖြစ်ရတာလဲလို့ ရင်းရင်းနှီးနှီး မေးတတ်ကြပါသေး သည် ။ ကျွန်တော်တို့ အတွက် အကြောင်းစုံကို ရှင်းပြရမှာက စေတနာနဲ့ အပင်ပန်းခံ လုပ်ပေးထားသူ ဦးလေးကို အားနာစရာ ဖြစ်ရသလို သူ့နား ပြန်ရောက်သွားမှာကိုလည်း ပူပန်ကြရပါ သေးသည် ။ မရှင်းပြနိုင် ပြန်တော့လည်း လူပုံလယ်မှာ လူထူးလူဆန်းများ အဖြစ် အမြင်ခံရ ၊ စိတ်ကသိကအောက် ဖြစ်ကြရပါသည် ။
ကျွန်တော်တို့က ဒီကိစ္စတွက် ခုလို ‘ ခံစား ’ နေရပေမဲ့ ဦးလေးရဲ့ ခံစားချက်ကတော့ တစ်မျိုးဖြစ်ပုံရပါသည် ။ ကျွန်တော် သတိထားမိသလောက် သူ ကျွန်တော်တို့အိမ် ရောက်ပြီဆိုသည် နှင့် ပန်းချီကားရှေ့ ရောက်သွားပြီး ကြည့်မဝ ၊ ရှုမဝနိုင်နဲ့ ကျေကျေနပ်နပ်ကြီး ပြုံးနေတတ်ပါသည် ။ ထိုသို့ ကျွန်တော် တွေ့တာလည်း အကြိမ်ကြိမ်ပါ ။ ဒါပေမဲ့ သူကျေနပ်နေသည်မှာ ကျွန်တော့်လက်ရာ ပန်းချီကားကိုလား ၊ ပန်းချီကား၏ အကွပ်မျှသာ ဖြစ်သော သူ့လက်ရာကိုလား ဆိုသည်ကို သိနေသော ကျွန်တော့် ရင်ထဲမှာ အတော်ပဲ ခိုးလိုးခုလု ဖြစ်ရပါသည် ။ ဒါ့ထက် ခိုးလိုးခု လု ဖြစ်ရသည်ကတော့ အိမ်ကိုလာသည့် ဧည့်သည်များ ထဲက ပန်းချီကားကို စိတ်ဝင်စားသူများ၏ စကားတချို့ ဖြစ်ပါသည် ။
“ ဟာ ... ဒီပန်းချီကားပေါင်က ပန်းပုလက်ရာ တယ်ကောင်းပါလား ”
“ ဒီပန်းချီကားပေါင်က ပန်းခက်လည်း လှ ၊ ကျွန်းကွက်ကလည်း လှတယ် ။ ပုံထင် စာရင် ပေါင်က နည်းနည်းထူနေတာ တစ်ခုပဲ ”
“ ဒီပေါင်က တယ်သားနားပါလား ၊ ဒီထက်ပုံကြီးကြီးနဲ့ ဒီလိုပေါင်မျိုး လုပ်ဖို့ ကောင်းတယ် ”
အများစု စိတ်ဝင်စားကြသည်က အကွပ်မျှသာ ဖြစ်သော ဦးလေး၏ လက်ရာကိုသာ ဖြစ်ပါသည် ။ ပုံကို စိတ်ဝင်စားသူ နည်းလှပြီး ပုံနှင့် ပတ်သက်ပြီး ပြောကြ ဆိုကြလျှင်လည်း -
“ ဒါက ဘယ်သူ့ပုံလဲ ” ဆိုတာထက် မပိုပါ ။ ကျွန်တော့် အမျိုးသမီးပုံပါဟု ဖြေလျှင် “ ဪ - ဪ ” ဆိုပြီး စကားပြတ်သွားတတ်ကြသည် ။ ကျွန်တော် မျှော်လင့်ခဲ့သော -
“ ဟာ .. ဒီပုံက စုမာရဲ့ပုံ မဟုတ်လား ၊ ဟာ ... တယ် တူပါလား ၊ ဘယ်သူ ဆွဲတာလဲ ”
ဆိုသော အသံမျိုး တစ်ခါမျှ မကြားခဲ့ရဖူးပါ ။ မမှတ်မိနိုင်သော ပုံတစ်ပုံကို စိတ်လည်း မဝင်စား ၊ တူကြောင်း မပြောကြခြင်းမှာ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မဟုတ်သော်လည်း ဒီကိစ္စတွက် ကျွန်တော်တို့ အတော် စိတ်မချမ်းမသာ ဖြစ်ခဲ့ကြပါသည် ။ ဒီလိုနှင့် ဒီပုံကို စိတ်ဆင်းရဲစွာ အိမ်ရှေ့ခန်းမှာ ချိတ်၍ ကျွန်တော်တို့ ဇနီးမောင်နှံ ဖြတ်သန်းလာခဲ့သည်မှာ သမီးကြီးပင် တက္ကသိုလ် ဒုတိယနှစ်သို့ ရောက်နေပါပြီ ။
( ဦးလေး တစ်ခါက ပြောခဲ့သော မင်းတို့ တစ်သက်တာ အမှတ်တရ ဖြစ်စေမယ် ဆိုတာတော့ မှန်နေပါပြီ ။ )
လွန်ခဲ့သော ဆယ်နှစ်လောက်ကတော့ အလျူမီနီ ယံပေါင်များ စတင်ပေါ် ပေါက်လာရာ ယင်းပုံလေးကို အလျူမီနီယံဘောင်ဖြင့် လဲလှယ်ရန် ကျွန်တော် စိတ်ကူးပေါ်ပေါက်ခဲ့ပါသည် ။ သို့သော် ငွေပိုငွေလျှံ မရှိသော ကျွန်တော်တို့ မိသားစုလေးအဖို့ သုည ဆိုသည်၏ အောက် အနုတ်လက္ခဏာများ ဖြစ်ဖြစ်သွားသည်ကို အပြေးအလွှား ချေဖျက်နေကြရတဲ့ အခြေအနေမျိုးတွင် ယခုလို စိတ်ကူးမျိုးမှာ ပေါ်ပြီး ချက်ချင်း ပြန်ဖျက်ရတာမျိုးသာ ဖြစ်တတ်ပါသည် ။ နောက်အကြောင်း တစ်ခုကလည်း ဖြုတ်လဲပစ်ရမည့် “ ပန်းပုလက်ရာ ” ကို အပင်ပန်းခံပြီး အချိန်ယူ လုပ်ထား ရပါသည် ဆိုသော ဦးလေးဖြစ်သူ၏ မျက်နှာကို ဘယ်လို ကြည့်ရမှန်း မသိသည်ကလည်း အဓိက အကြောင်းတစ်ရပ် ဖြစ်ပါသည် ။
ဒီလိုနှင့် ဒီကိစ္စကို ဇွတ်ကြီး မေ့ထားရာမှ လွန်ခဲ့သော တစ်နှစ်ခန့်က ဦးလေးဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတော့ ဒီကိစ္စကို ပြန်သတိရစရာ ဖြစ်ရပြန်သည် ။ တစ်ဖက်တွင်လည်း အလျူမီနီယံပေါင်များက ပိုခေတ်စား ကျယ်ပြန့်လာတော့ ကျွန်တော်လည်း ငွေလေး ကြိုးစားစုပြီး ဒီကိစ္စကို ဖြစ်အောင်လုပ်မည် စိတ်ကူး ဖြစ်ပြန်ကာ ကျွန်တော့် စာမူခများကို ဖဲ့ဖဲ့စုထားခဲ့ပါသည် ။ သို့သော် အရေးပေါ် သုံးစရာများ ပေါ်ပေါ်လာတတ်သည်က တစ်ကြောင်း ၊ အလျူမီနီယံ ပစ္စည်းများ၏ ဈေးတက်အားကို ကျွန်တော့် ငွေစုအားက အချိုးညီ မလိုက်နိုင်သည်က တစ်ကြောင်းကြောင့် စိတ်ကူးကို အကောင်အထည် ဖော်ခွင့်မရခဲ့ပါ ။
တစ်နေ့တော့ ကျွန်တော်တို့က ကိုကြီးတင် ဟု ခေါ်ကြသော မိတ်ဆွေဦး တင်အေး၏ သားလေးက အလျူမီနီယံလုပ်ငန်း လုပ်နေသည်ဟု သိရပြီး စကားစပ်မိတော့ ကျွန်တော် လိုချင်သည့် ပေါင်ကို နောက်ထပ် ဈေးမတက်မီ ခုရက်ပိုင်းတွင်း လုပ်မည်ဆိုလျှင် ၊ ငါးထောင်နှင့် လုပ်ပေးမည်ဟု ပြောပါသည် ။ ကျွန်တော် စုထားသည့် ငွေနှင့် ချိန်ထိုးကြည့်လိုက်တော့ ငွေတစ်ထောင်ကျော်ကျော်လောက် လိုနေသည် ။ ဒါက ပထမပြဿနာ ။
ဒုတိယ ပြဿနာက ဦးလေး ကွယ်လွန်သွားသော်လည်း သူ့သားသမီးတွေက ရှိနေသေးလေတော့ ကွယ်လွန်သွားတဲ့ သူတို့ အဖေလက်ရာ ၊ သူတို့ အဖေရဲ့ မင်္ဂလာလက်ဖွဲ့ကို ဖြုတ်ပစ်ဖို့ အားနာစရာ ဖြစ်နေမလား ။ ဒီနေရာမှာ တစ်ခုတော့ ရှိသည် ။ ဒီ တစ်ခုကို မျက်နှာပူပူနဲ့ပဲ ပြောရမယ်ဆိုလျှင် ဦးလေးက သူတို့ ခေတ်က စကားနဲ့ ပြောရလျှင် အတော်လေး စွံသည် ။ တရားမဝင် တိတ်တိတ်ပုန်းတွေ ရှိတယ်လို့ ပြောကြသလို တရားဝင်ကလည်း နှစ်ယောက် ။ သားသမီးတွေကလည်း မင်းတုန်းမင်းနှင့် နင်လား ငါလား ။ ဒီတော့ အကြီးမက မွေးသည်များနှင့် သူနဲ့ အတူနေ အငယ်မက မွေးသည်များက သူ မသေခင် အမွေခွဲပေးရာမှ သားသမီး အများစုနှင့် ပြဿနာ ဖြစ်ကြသည် ။ တချို့ သားသမီးတွေက အဖေကို သေသည် အထိ စကား မပြောကြ ။ တချို့က သေသည့် အချိန် အဝေးရောက်နေသည်ကို ပြန်မလာကြ ။ ဒီတော့ ဒီလို သားသမီးများကတော့ သူတို့ အဖေရဲ့ လက်ရာကို တန်ဖိုးထား ကောင်းမှ ထားမှာပါ ။ကဲ - ထားတယ်ပဲ ထားဦး ။ သူတို့ကို အားမနာသင့်တော့ဟု ကျွန်တော် စဉ်းစားသည် ။ ဦးလေးကို အားနာခဲ့ရတာ သမီးကြီး တစ်သက်မကမို့ ဒီ လောက် အားနာခဲ့တာ လုံလောက်ပြီ ထင်သည် ။ ပြီးတော့ ဒီသေသပ်လှပစွာ ပုံပျက်နေသော လက်ရာသည် သူ့ဖခင်၏ ဂုဏ်ကိုပင် ထိခိုက်သည်လို့ နားလည်တဲ့ သားသမီးမျိုးဆိုရင် ဒီလို လဲလှယ်လိုက်တာကို ဝမ်းသာ စရာလို့ပင် မြင်ချင်မြင်မှာ မဟုတ်လား ။
ပထမ ပြဿနာ ဖြစ်သည့် ငွေပြဿနာကတော့ ကျွန်တော်က တခြားနည်းနဲ့ ငွေရှာတတ်သူ မဟုတ် ။ ဒါကြောင့် ဒီစာမူလေးကို ရေးဖြစ်ပါသည် ။ ကျွန်တော် ဒီစာကို ရေးချိန်မှာ ကျွန်တော့်ဇနီးက အိပ်ခန်းထဲမှာ အိပ်ပျော်နေပါပြီ ။ ဒါပေမဲ့ ကျွန်တော် ရေးနေသည့် အိမ်ရှေ့ခန်း နံရံပေါ်က ပန်းချီကားထဲက ပန်းခက်တွေ ကြားထဲမှာ ‘ မျက်နှာပျက် ’ နေတဲ့ ကျွန်တော့်ချစ်သူကတော့ ကျွန်တော့်ကို ပြုံး၍ ကြည့်နေပါသည် ။ ကျွန်တော် ရင်ဖွင့် စာစီနေတာကို ထပ်တူခံစားခဲ့ရတဲ့ သူ ကျေနပ် သဘောတူမှာပါ ။ ကျွန်တော်ကတော့ ရင်ဖွင့်ရုံ သက်သက် မဟုတ် ၊ ပထမ ပြဿနာကို ဖြေရှင်းနေတာလည်း ဖြစ်ပါသည် ။
အကယ်၍ ယခု ကျွန်တော် ရေးနေသည်ကို မဂ္ဂဇင်းတစ်ခုခုသို့ ပို့ဖြစ်ပြီး ရွေးချယ်ခံရမည် ဆိုလျှင် ကျွန်တော့် စိတ်ကူးလေး အကောင်အထည်ဖော်ဖို့ ငွေလုံလောက်သွားမှာ ဖြစ်ပါသည် ။ ဒါပေမဲ့ ဒီလို ဖြစ်နိုင်ဖို့က ကျွန်တော့် စာမူကို ဖော်ပြသင့်သည်ဟု ထင်လောက်အောင် မဂ္ဂဇင်းဆရာက ကြိုက်ဦးမှသာ ဖြစ်ပါသည် ။ ဒီလို မဟုတ်ရင်တောင် ‘ ချစ်သူ ’ လို့ ကျွန်တော် အမည်ပေးထားတဲ့ ပန်းချီကားလေးမှာ ကျွန်တော့် ချစ်သူ ‘ မျက်နှာပျက် ’ နေတာကို စာနာသနားပြီး ကူညီသည့် သဘောဖြင့် ထည့်မည် ဆိုရင်လည်း ။
တစ်ခုတော့ ရှိပါသေးသည် ။ အကယ်၍များ အယ်ဒီတာဆရာများက ကျွန်တော်တို့ ထက် ကျွန်တော်တို့၏ ဦးလေး သို့မဟုတ် သူ၏ သားသမီးများကို ပိုစာနာ ငဲ့ညာနေကြမည် ဆိုရင်တော့ ...
ဒါကတော့ ကျွန်တော့် ကံပေါ့လေ ။ ဟုတ်တယ် - မဟုတ်လား ။ ဒီလို မဖြစ်အောင်တော့ ကျွန်တော်တို့ မိသားစု ဝိုင်းဝန်း ဆုတောင်းကြရမယ် ထင်ပါရဲ့ ။
▢ မောင်လွင်မွန် ၊ ကသာ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
သြဂုတ်လ ၊ ၂ဝဝ၄ ခုနှစ်

No comments:
Post a Comment