Monday, March 23, 2026

မျက်လှည့်ပွဲလို့ ရှုမှတ်ရန်


 

❝ မျက်လှည့်ပွဲလို့ ရှုမှတ်ရန် ❞
            ( အောင်ထိပ် )

မျက်လှည့်ပွဲတစ်ခုက ပေးစွမ်းသော ရသသည် စိတ်လှုပ်ရှားအောင် ပြုလုပ်ခြင်းဖြစ်သည်ဆိုလျှင် ဟုတ်တယ်လို့ပဲ ဖြေကြဖို့ များပါသည် ။ စိတ်လှုပ်ရှားခြင်းဆိုတာ စိတ်ဂယက်ထသွားခြင်း ဖြစ်သည် ။ မျက်လှည့်ရဲ့ စိတ်လှုပ်ရှားစေခြင်းထဲမှာ ပျော်စရာ ၊ ရင်ခုန်စရာ ၊ ရင်တုန်စရာ ၊ ရင်ထိတ်စရာ ၊ ရယ်စရာ ၊ ကြောက်စရာ ၊ ကြက်သီးထစရာ ၊ ချောက်ချား လွင့်မြောက်စရာ ၊ ကျောထဲစိမ့်စရာ .... စသည်ဖြင့် စိတ်ခံစားမှုတွေ အထွေထွေ အမယ်မယ် ပါဝင်မှာပဲ ဖြစ်သည် ။ တကယ်တော့ အစစ်အမှန်တရားကို မျက်မှောက်ရှုနိုင်ခွင့် မရတဲ့အတွက် မျက်လှည့်ပွဲတွေဟာ ပွဲကြည့်သူတွေရဲ့ ကြောက်စိတ်မျိုးစုံကို အဆန်းဆန်း အပြားပြားသော ပုံသဏ္ဌာန်များဖြင့် ပြန်လည်ဖော်ပြနေတတ်ကြပေသည် ။

သူ ကလေးအရွယ်တုန်းက ကြည့်ဖူးသော မျက်လှည့်ပွဲတစ်ခုက သူ့ကို ဖန်တီးပေးလိုက်တဲ့ အကြောက်တရားကတော့ ပုံစံတစ်မျိုးဖြစ်သည် ။ အင်မတန် နာကျင်နေတဲ့ ငါးတစ်ကောင်လို အသံမထွက် နိုင်အောင် ဖြစ်သွားရတဲ့ပုံစံမျိုးပါ ။ အရွယ်တော်တော်ရတဲ့ အထိ အငွေ့ မပြယ်ခဲ့ ။ ပြီးမှ ခွန်အားတွေ ပြန်နုသစ်လာသည် ။

အဲဒီမျက်လှည့်ပွဲမှာ သေသူကို ရှင်အောင် ပြန်လုပ်ပြတဲ့ ပြကွက် တစ်ခုကို ပါဝင်ခဲ့ပေသည် ။

••••• ••••• •••••

ဝတ္ထုတစ်ပုဒ်သည်လည်း ဖန်တီးလိုက်သော လက်ရာ တစ်ခုထက် ပိုလွန်ကာ ပြပွဲတစ်ခု ဖြစ်ရပေမည် ။ ဒီလိုမှ မဟုတ်သေးရင် ပြပွဲ အခင်းအကျင်းတစ်ခု ဖြစ်သင့်သည် ။ ဒီပြပွဲ အခင်းအကျင်းကပင် ရှိပြီးသား ပကတိ လောကကို ဖယ်ရှားပစ်ပြီး လောကသစ်တစ်ခု နှင့် မိတ်ဆက်ပေးသည် ။ ဒီအခါ ဝတ္ထုအကြောင်း ပြောပြသူရဲ့ စွမ်းပကားနှင့် လိမ္မာမှုအပေါ် မူတည်ပြီး စိတ်ခံစားမှုက တစ်ဆင့် အသိတရား အသစ်တစ်ခုကို ပုံဖော်လက်စ ဖြစ်နေတတ်ပေသည် ။

••••• ••••• •••••

ရှင်သူကို သေအောင်သ,တ်ပြီး သေသွားသူကို ပြန်ရှင်အောင်လုပ်ပြမည့် ဆရာကြီး ဂရိတ်စိန်မိုက်ကယ် ဦးစီးတဲ့ “ ဒို့ညီနောင် ” မျက်လှည့်အဖွဲ့ကြီး သူတို့ မြို့ကလေးသို့ တကယ် ရောက်လာပါတော့မည် ။ မရောက်မီကတည်းကပင် တကယ် သတင်းကြီးနေခဲ့လေသည် ။

သူတို့ မြို့သားတွေက ရှင်သူကို သေအောင် သ,တ်တာ မဆန်းပါဘူး ။ သေသူကို ရှင်အောင်ပြန် လုပ်တာကတော့ ဘုရားလက်ထက်က သမားတော် ကြီး ဇီဝက တောင် မတတ်နိုင်တာဘဲလို့ ဆိုသည် ။ တချို့က မျက်လှည့်ပဲကွာ ညာတာပါလို့ ပြောကြသည် ။ သို့သော် သူကတော့ ဒီလိုရုံကြီးနှင့် ပြမည့် မျက်လှည့်ပွဲကို ပထမဆုံး ကြည့်ရတော့မှာမို့ ပျော်နေမိပါသည် ။ ကျောင်းမှာ အတူတူ ကြည့်ကြဖို့ သူငယ်ချင်းတွေနှင့် ချိန်းထားသည် ။ ဒါပေမယ့် မျက်လှည့် ပြတဲ့ ညကျတော့ အဖေက သူ့ကို သူငယ်ချင်းတွေနှင့် သွားကြည့်ဖို့ ခွင့်မပြု ။ ကိုယ်တိုင် လိုက်ပြပြီး အတူတူပဲ ကြည့်စေပါသည် ။

ကျောင်းရှေ့က ဖြတ်ပြီး မြို့ကလေးထဲ မျက်လှည့်ကားကြီး ဝင်လာတော့ သူရော ၊ သူ့သူငယ်ချင်း တွေပါ အားလုံး တကယ် ပျော်နေခဲ့သော်လည်း ကျောင်းဆင်းပြီး အိမ်ပြန်ရောက်လာတော့ သူ ရင်ခုန်ရလေသည် ။

မြို့ကလေးထဲမှာ ပျံ့နှံ့နေတဲ့ မျက်လှည့်အဖွဲ့ကြီးနှင့် ပတ်သက်သော သတင်းမည်းတွေအကြောင်း အမေက သူ့ကို ဆီးပြီးပြောပြသည် ။ သတင်းမည်းတွေလို့ ပြောလိုက်ခြင်းမှာ မည်းသော သတင်းတွေ ဖြစ်နေလို့ပဲ ဖြစ်ပါသည် ။

မျက်လှည့်ကားကြီး ဆိုက်လာတာနှင့် အရင်က ကျားဘမ်းပရုတ်ဆီက ရုပ်ရှင် လာပြသွားသော ဓမ္မာရုံကွင်းကြီးထဲမှာ ရွက်ထည်ရုံကြီး စထိုးသည်လို့ ဆိုပါသည် ။ ဒီကွင်းကြီးထဲမှာ ဆပ်ကပ်တွေလည်း ဝင်ဖူးသည် ။ ဝါတွင်းမှာ ဥပုသ်နေ့တိုင်း ဆွမ်းလောင်းသော ဓမ္မာရုံလည်း ဖြစ်ပါသည် ။ မျက်လှည့်အဖွဲ့ရုံကို ကာရံသော ရွက်ဖျင်စကြီးတွေမှာ လက်ဖျံရိုးနှစ်ချောင်းနှင့် အရိုးခေါင်းပုံတွေကို တစ်လံခြားလောက် တစ်ပုံ ကတ်ဆေးအနက် ( သင်္ဘောဆေး ) နှင့် ရေးဆွဲ ထားသည် ။ ဒီထက်ပိုပြီး ထူးခြားသည်မှာ အဝါရောင် ၊ ပန်းနုရောင် နဖူးစီးတွေ ၊ တိုင်ဖုံးတွေနှင့် အနီရောင် ပြည်ဖုံးကားကြီးရှိတဲ့ ဇာတ်စင်ရှေ့မှာ အလျား ၆ ပေ ၊ အနံ ၃ ပေ ၊ အနက် ၃ ပေ ကျင်းကြီး တူးထားသည်လို့ ပြောပါသည် ။

“ အဲဒီလို တူးလိုက်တော့ ဆိုင်းဝိုင်းကို ဘယ်မှာ ထားသလဲ ”

“ ဆိုင်းက ဝိုင်းကြီး မဟုတ်ဘူး ။ ခါးပြတ်ဝိုင်းလေးပဲ ။ ဇာတ်စင်ရဲ့ ညာဘက်စွယ်မှာ တင်ထားတာတဲ့ ... ”

အမေက သူ့ကို ဆက်ပြောပြနေပါသည် ။ ဒီထက် ဆိုးသည်မှာကား မြေကြီးက မာနေ၍ တူးရတာ မတွင်လို့ မြို့ကလေးရဲ့ မသာကျင်း အငှားတူးသမား ကိုစိုင်ပေါက် ကို ငှားပြီး တူးခြင်းဖြစ်သည် ။ စိုင်ပေါက် ကို တွင်းတူခ သုံးကျပ်တောင် ပေးသည့် အပြင် အရက်လည်း တိုက်သေးတယ်လို့ သူ့ထက် တစ်တန်းကြီးသော သုံးတန်းကျောင်းသား ဗိုလ်ရဲက လာပြောပြသည် ။

“ ဒါတွင် ဘယ်ကဦးမလဲကွ ။ ဘော်လီဘောပိုက်ထက် သုံးဆလောက် မြင့်တဲ့ ဝါးပိုးဝါးကြီးနှစ်လုံးကို တစ်လံလောက်ခြားပြီး စိုက်ထားတယ် ။ ထိပ်ဖျား နှစ်ခုမှာ ထစ်ပြီး ဝါးပိုးပိုင်းအတို တစ်လုံးကို တင်ထားတယ် ။ ပြီးတော့ အဲဒီ ဝါးလုံးတန်းပေါ်မှာ အုန်းဆံကြိုး တုတ်တုတ်ကြီး တစ်ချောင်းကို ကျော်ပြီး ချထားတယ် ။ ကြိုးစရဲ့တစ်ဖက်မှာ ကွင်းလျှောလုပ်ထားတယ်ကွ ”

ဗိုလ်ရဲ အပြောနှင့်ပင် သူ ရင်တုန်လာလေသည် ။ တကယ်မှာ မျက်လှည့်အဖွဲ့က ခြောက်ပေ ကျင်းကြီး တူးသည်အထိ သူ မအံ့သြသေးပါ ။ မသာတွင်း အငှားလိုက် တူးစားသော ၊ ရက်ကြာကြာ မထားချင်သည့် မသာတွေကို ဗိုက်ခွဲပေးသော ကိုစိုင်ပေါက် ကို တွေ့ ရင် အရင် ကတည်းကပင် သူ့စိတ်မှာ ရှိန်တိန်တိန် ဖြစ်နေခဲ့ပေသည် ။ သူတို့ ကလေးအုပ် ဆော့နေရင်း ဖြစ်ဖြစ် ၊ ကျောင်းသွား ကျောင်းပြန် ဖြစ်ဖြစ် ကိုစိုင်ပေါက်ကြီး လက်ဖက်ခြောက်အကြေအိတ်တွေ ဆွဲလာတာ တွေ့ရင် ၊ စပါးစက်နားက ဖွဲပြာတွေ ကျုံးနေတာ တွေ့ရင် ကလေးတွေ လောကမှာ သတင်းပျံ့သွားလေ့ ရှိသည် ။ အခုလည်း မြို့ကလေးထဲက ကလေးတွေ လောကမှာ မျက်လှည့်အဖွဲ့က ကျင်းတူးငှားလိုက်တဲ့ သတင်း ဘယ်လောက်တောင် အပြောများနေပြီလဲ သူ မသိချေ ။ အခုတော့ ကြိုးကွင်းလျှောကြီးသတင်းက လွှမ်းသွားလောက်ပြီ ။

ဗိုလ်ရဲ ပြန်သွားပြီး ခဏနေတော့ သူ့ဒေါ်လေး တစ်ဝမ်းကွဲ အန်တီစိန် ရောက်လာ၏ ။ အန်တီစိန်သည် မြို့ကလေးရဲ့ အနောက်ဘက် အစွန်ဆုံး မရမ်းကုန်း ရပ်ကွက်မှာ နေသူဖြစ်သည် ။ မရမ်းကုန်းရပ်ကွက် ဆိုသည့် အတိုင်း မရမ်းပင်အို ၊ မန်ကျည်း ၊ သရက် ၊ မလွှပင်အို စတဲ့ ပင်အိုပင်မြင့်တွေ သိပ်သိပ်ရိပ်ရိပ်နှင့် နေ့ခင်းမှာတောင် စိမ့်နေသော ရပ်ကွက်ဖြစ်သည် ။ အိမ်ခြေ ကျဲပါးသည် ။ ခြံကျယ်ကြီးတွေ ဖြစ်သည် ။ ဒီ ရပ်ကွက် အနောက်ခရို နားမှာ ပယောဂဆရာ ၊ အကြမ်း ဆရာကြီး ဦးကြာငွေ နေပါသည် ။ ရပ်ကွက် အနောက်ဘက် ချုံစပ်ဝပ်ဝပ်ကလေးတွေ ဟိုဘက်မှာ သုဿာန် ရှိလေသည် ။ တစ်မြို့လုံးက အသုဘတွေ သင်္ဂြိုဟ်သော သုဿာန်ဖြစ်သည် ။ သုဿာန်ဘေးက လမ်းအတိုင်း ဆက်သွားလျှင် ထန်းတော ရှိသည် ။ အညာသားတွေ လာပြီး ထန်းတက်ကြသည် ။ ထန်းရည်ချိုခါး ရောင်းသည် ။ ထန်းလျက် ချက်သည် ။

အန်တီစိန် သယ်လာသော သတင်းတွေက သူ့အတွက် ရင်ထိတ်စရာ ကောင်းနေသည် ။

မျက်လှည့်အဖွဲ့ထဲက လူသုံးယောက် ညနေ သုံးနာရီလောက်က အကြမ်းဆရာကြီး ဦးကြာငွေ အိမ်ထဲ ဝင်သွားတာ အန်တီစိန် တွေ့လိုက်သည် ။ သို့သော် ဆရာကြီး ခရီးထွက်နေလို့ ချက်ချင်းပြန်ထွက်လာသည် ။ အဲဒီသုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်ဟန် တူသူက ရှမ်းဘောင်းဘီပွအနက်ကြီး ဝတ်ထားပြီး သျှောင်တွဲနှင့် ဖြစ်သည် ။ သျှောင်ကို သိမ်းပြီး ပန်းရောင် ခေါင်းပေါင်းစဖြင့် ပတ်ထားကြောင်း အမေ့ကို ပြောပြနေသည် ။

“ သူတို့သုံးယောက် အနောက်သုဿာန်ဘက် ထွက်သွားကြတယ် ။ အပိုင်းထဲက လူတွေကတော့ သုဿာန်က အစိမ်းသေသေထားတဲ့ ဂူတွေ ၊ မြေပုံတွေကို သွားဖော်တယ်လို့ ပြောနေကြတယ် မမရဲ့ ”

အန်တီစိန်က အမေ့ကို ပြောပြနေတာ သူ ကြားနေရလို့ သူ တဒိတ်ဒိတ် ရင်တုန်နေသည် ။ အဖေ ကြားသွားတော့ -

“ အစိန် မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ ၊ ငါ့သားကို ညကျရင် မျက်လှည့် လိုက်ပြမလို့ ၊ ကလေး ကြောက်နေဦးမယ် ”

အဖေက အန်တီစိန်ကို ဟန့်လိုက်ပါသည် ။ ဒီလိုနဲ့ “ ပြန်ဦးမယ် ” ဟုဆိုကာ အန်တီစိန်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်သွားသည် ။ အမှောင်လည်း အတော်ပျိုးလာပြီ ။ မျက်လှည့်ပွဲရုံဆီ ကလည်း ဆိုင်းသံပေးပြီး လူခေါ်နေပြီ ။ သေသူကို ရှင်အောင်လုပ်မည့် ပြကွက်အကြောင်း တကြော်ကြော် အော်နေပြီ ။

“ စောသေးတယ် ” အဖေက ပြောသည် ။ အမေက သူ့ကို သနပ်ခါးလိမ်းပြီး ခေါင်းကို အုန်းဆီ ထည့်ပေးထားသည် ။ အင်္ကျီအသစ် ဝတ်ပေးထားလို့ သူ အနေရ ကျပ်သလိုလို ဖြစ်နေသည် ။ သူ့စိတ်ကလေးမှာ ကျဉ်းကျပ်နေတုန်း “ မျက်လှည့်ပွဲက စောသေးလို့ ” ဟု ဆိုကာ ဘုန်းကြီးထွက် ဦးတေဇ ရောက်လာ ပြန်သည် ။

ဒီလူ နာမည်ကြီးနေတုန်း လူထွက်ပြီး မညိုစိမ့် နှင့် အိမ်ထောင်ကျသွားခဲ့သည် ။ သူ့ဆီတွင်လည်း မျက်လှည့်အဖွဲ့နှင့် ပတ်သက်သော သတင်းထူး တစ်ခု ပါလာပြန်ပါသည် ။

“ ညနေ ၅ နာရီလောက် မျက်လှည့်အဖွဲ့ထဲက လူတွေ ကျွန်တော်တို့ အပိုင်း ရောက်လာတယ် ။ ထန်းရည်တွေ မူးလာတယ် ပြောတာပဲ ။ အိမ်နားက ရေတွင်း နှုတ်ခမ်းပြတ်ကို ငုံ့ကြည့်သွားတယ် ။ တစ်ယောက်က ရှမ်းဘောင်းဘီအနက် ၊ အင်္ကျီအနက်နဲ့ ၊ သျှောင်ထုံးနဲ့ ။ ကျွန်တော် ခပ်လှမ်းလှမ်းက တွေ့ လိုက်ရတာ ”

ဦးလေးတေဇတို့ အိမ်နားမှာ လမ်းသုံးခွဆုံ ရှိပြီး ရှေးရေတွင်းဟောင်း တစ်တွင်း ရှိသည် ။ ရေတွင်းကတော့ အုတ်ရေတွင်းပဲ ။ သို့သော် ရေတွင်းနှုတ်ခမ်း မရှိချေ ။

“ ရေတွင်းက လမ်းဘေး ကပ်နေတာပဲ ၊ သွားရင်း လာရင်း ငုံ့ကြည့်သွားတာ နေမှာပေါ့ကွာ ။ ဒါများ ဘာဆန်းလို့တုန်း ။ ငါ့သား ကြောက်နေဦးမယ် ၊ မပြောနဲ့တော့ ”

အဖေက အသံခပ်မာမာ ပြောလို့ ဦးလေးတေဇ မျက်လှည့်ရုံဘက် ထသွားသည် ။ တစ်အောင့် ကြာတော့ “ လာ ... ငါ့သား ၊ သွားရအောင် ” ဟု ပြောပါသည် ။ ဒါကြောင့် သူတို့သားအဖ ဓမ္မာရုံကွင်းဆီ ထွက်လာကြသည် ။

“ ဒို့ညီနောင် ” မျက်လှည့် ရွက်ထည်ရုံကြီးကို အရင် ကျားဘမ်းပရုတ်ဆီ ရုပ်ရှင်လာပြတဲ့ ဓမ္မာရုံကွင်းမှာ ထိုးထားလေသည် ။ အဲဒီ ရုပ်ရှင်မှာ ရွက်ထည် ရုံထဲ ဝင်ချင်ရင် ပိုက်ဆံပေးလို့ မရ ။ ရုံပေါက်ဝနားက ကျားဘမ်းကားမှာ ပရုတ်ဆီဘူး ဝယ်ပြီး ရုံအဝင်မှာ ပြရသည် ။

အခုတော့ အဲဒီလို မဟုတ်ပါ ။ ရုံအဝင်ပေါက် နားမှာ ဘောင်းဘီအနက် ၊ အင်္ကျီအနက် ၊ ပဝါပန်းရောင်နှင့် လူကြီးတစ်ယောက်ပုံကို ထောင်ထားရာ ညနေက အန်တီစိန် နဲ့ ဦးလေတေဇတို့ ပြောတာ ဒီလူကြီးပဲ နေမှာပဲလို့ သူ တွေးနေမိလေသည် ။ ဒီ့အပြင် ရုံကို ကာထားသော ရွက်ထည်တွေပေါ်က အရိုးခေါင်း နှင့် လက်ဖျံရိုးပုံတွေကြောင့် ကျက်သရေ မရှိဘူးလို့ သူ ခံစားနေရသည် ။

မျက်လှည့်ပွဲက စလေပြီ ။ ဇာတ်စင်ပေါ်က ပြကွက်တွေသည် သူ့အတွက် ပျော်စရာ ကောင်းနေသည် ။ ရှေ့ဆုံးမှာ ထိုင်ကြည့်နေသော ခြောက်တန်းက ကိုပါကြီးကို စင်ပေါ် ခေါ်တင်သည် ။ ကိုပါကြီး စင်ပေါ်တက်သွား၏ ။ ပြီးတော့ ကိုပါကြီးကို ခေါင်းငုံ့ခိုင်းပြီး နဖူးမှာ ကန်တော့တစ်ခု တပ်သည် ။ ခေါင်းကို မျက်လှည့်ဆရာက ပုတ်လိုက်တော့ ရေတွေ ထွက်ကျလာသည် ။ ပရိသတ်က တဝါးဝါး ပွဲကျသည် ။ ကိုပါကြီးကို မျက်လှည့်ဆရာက ပိုက်ဆံငါးမူး ဆုချသည် ။ သူ ပျော်နေသည် ။ ပရိသတ်က “ ပါကြီး ” ကွ ဟု ပါကြီးကို သြဘာပေးသည် ။ ဒုတိယပြကွက် အတွက် ပရိသတ်ထဲက ကလေးတစ်ယောက်ကို ခေါ်ပြန်သည် ။ ပါကြီးက ထပ်တက်သွားရာ မျက်လှည့်ဆရာက ပြန်လွှတ်လိုက်ပြီး ပရိသတ်ထဲက မိပန်း ကို အတင်း ခေါ်သော်လည်း မိပန်း က ငိုသည် ။ ဒါကြောင့် သူ့ထက် တစ်တန်းငယ်သော သံလုံးကို ဇာတ်စင်ပေါ်သို့ ခေါ်၏ ။ မျက်လှည့်ဆရာက သံလုံးချိုင်းမှ မြှောက်ကာ ဇာတ်စင်ပေါ်မှာ တည်ထားသော တင်းတောင်းကြီးထဲ ထည့်သည် ။ တင်းတောင်းထဲ ဝင်ထိုင်ခိုင်းသည် ။ ပြီးတော့ တပည့်နှစ်ယောက်က ပိတ်ဖြူတစ်ထည်ကို ဟိုဘက်တစ်စ သည်ဘက်တစ်စ ကိုင်ပြီး တင်းတောင်းကို ကာထားသည် ။ မျက်လှည့်ဆရာက ပလွေမှုတ်ပြီး မန်းမှုတ်သည် ။ ပိတ်စကို ဖယ်ခိုင်းလိုက်ပြီး တင်းတောင်းထဲက ဆွဲထုတ်လိုက်တော့ ဧရာမမြွေကြီး ထွက်လာသည် ။ ပရိသတ် ငြိမ်သွားသလို သူလည်း ထိတ်လန့်သွားသည် ။ မျက်လှည့်ဆရာက မြွေကြီးကို သူ့ကိုယ်မှာ ပတ်ထားသည် ။ သူကတော့ သံလုံး ကိုပဲ မြန်မြန်ပြန်ရောက်စေချင်နေသည် ။ ပြီးတော့ မြွေကြီးကို တင်းတောင်းထဲ ပြန်ထည့် ၊ ခုနက ပိတ်ဖြူစနှင့် ကာသည် ။ ပိတ်စကို ဖယ်လိုက်ကာ တင်းတောင်းကို လှဲချလိုက်တော့ သံလုံး လေးဘက်ကုန်းပြီး ပြန်ထွက်လာ၏ ။ သံလုံးလည်း စပ်ဖြဲစပ်ဖြဲနှင့် ဇာတ်စင်ပေါ်ကနေ အတင်း ပြေးဆင်းလာသည် ။ ဆုချသော ပိုက်ဆံ ငါးမူး ကိုပင် မယူ ။ မျက်လှည့်ဆရာက စင်ပေါ်ကနေ ဆင်းလာပြီး လိုက်ပေးတော့မှ သံလုံး မတ်တတ်ရပ်ပြီး လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ယူသည် ။ ဘေးနားက လူတွေ သံလုံးကို ဝိုင်းမေးနေကြသည် ။

ဒီအခန်းပြီးတော့ ပြည်ဖုံးကားအနီကြီး ကျလာသည် ။ မျက်လှည့်လူပြက်နှစ်ယောက် ထွက်လာပြီး ဟာသတွေ ပြောသည် ။ တစ်ရုံလုံး ရယ်ကြသော် လည်း သူမရယ်မိ ။ လူပြက်နှစ်ယောက် အဓိကပြော နေတာမှာ “ ဒို့ညီနောင် ”အဖွဲ့ ရဲ့ အဓိကဆရာကြီး “ ဂရိတ်စိန်မိုက်ကယ် ” က ရှင်သူကို သေအောင် လုပ်ပြီး ရှင်အောင် ပြန်လုပ်ပြမည့် အကြောင်း ဖြစ်သည် ။

လူပြက်နှစ်ယောက် ပြန်ဝင်သွားချိန်မှာ ကန့်လန့်ကာ အနီကြီးကို ဆွဲတင်လိုက်ပါသည် ။

ဒီမြင်ကွင်းကြောင့် သူ ကြောက်လာခဲ့ပါသည် ။ လေးချောင်းထောက် ခွေးကုလားထိုင်ကိုးလုံး ပေါ်တွင် အုန်းသီးပေါ်မှာ ဖယောင်းတိုင်ထွန်းထား သော နတ်ပွဲငါးပွဲနှင့် ဖယောင်းတိုင်စိုက်ထားသည့် အရိုးခေါင်းလေးလုံးကို ကိုင်ထားသည် ။ ထို ကုလားထိုင်ရှေ့၌ ဆင်ခေါင်းခွံကြီး ချထားပြီး ဝါဆိုဖယောင်း တိုင်ကြီးကို ထွန်းထားပါသည် ။ ပြကွက်က စစချင်း မှာပင် တကယ် ကြောက်စရာ ကောင်းနေပြီ မဟုတ်လား ။

ဆိုင်းသံနှင့်အတူ ဆရာကြီး “ ဂရိတ်စိန် မိုက်ကယ် ” ထွက်လာပါသည် ။ ညနေက အန်တီစိန် နှင့် ဦးလေးတေဇတို့ ပြောတဲ့ လူကြီးပဲ ။ ရုံအဝင်ဝမှာ ထောင်ထားသော ပုံထဲကအတိုင်း ဝတ်စားထားတာ သူ တွေ့လိုက်ရ၏ ။ ခဏနေတော့ ဇာတ်စင်ဘေးနား ကနေ ရှမ်းဘောင်းဘီပင်နီနှင့် အင်္ကျီချွတ်ထားသည့် လူတစ်ယောက် ထွက်လာပြီး ခွေးခြေကိုးလုံးကို ကန် တော့သည် ။ ဆရာကြီးကို ကန်တော့သည် ။ ပရိသတ် ကိုလည်း ကန်တော့သည် ။ ဆရာကြီးက ရေစင်နှင့် ဖျန်းပေးသည် ။ ဆိုင်းက အဆက်မပြတ် တီးပေးနေသည် ။ ထို့နောက် အင်္ကျီကျွတ်နှင့် ထိုလူ တူးထားသော ကျင်းကြီးနားမှာ သွားရပ်နေသည် ။

ဒီအချိန်ကစပြီး သူ ကြက်သီးထလာခဲ့ပါသည် ။ ဒါကြောင့် သူသည် အဖေ့ရင်ခွင်ထဲ ဝင်ထိုင် လိုက်တော့သည် ။

ဇာတ်စင်ဘေး တစ်ဖက်ကနေ ကိုစိုင်ပေါက် နှင့် လူတစ်သိုက် ထွက်လာသည် ။ မျက်လှည့်အဖွဲ့သားတွေလည်း ဇာတ်စင်ပေါ်က ဆင်းလာကြပြီး ညနေက ဗိုလ်ရဲ ပြောပြသွားသည့် အုန်းဆံကြိုးကွင်းလျှောကြီး ကို ပင်နီဘောင်းဘီနှင့် လူရဲ့ ခြေထောက် နှစ်ဖက်ကို စွပ်လိုက်ကြပြီ ။

နောက်ထပ် သူ့မြင်ကွင်းထဲမှာ ပြကွက်တွေ မြန်ဆန်လွန်းနေတာပဲ သူ မှတ်မိတော့သည် ။ သူ့စိတ်တွေ ချောက်ချားလွင့်မြောက်နေခဲ့သည်လို့ပဲ ဆိုရမည် ။ ကိုစိုင်ပေါက်တို့ လူအုပ်က အုန်းဆံကြိုးစကို ဆွဲလိုက်တော့ ဆရာကြီးရဲ့တပည့် ဇောက်ထိုးပါသွားခိုက် ကြိုးစကို ပြန်လွှတ်ချလိုက်တာ ၊ အဲဒီလူ မြေကြီးပေါ် ခေါင်းနဲ့ကျတာ ... ။ တစ်ခါမဟုတ် ၊ နှစ်ခါလည်း မဟုတ် ။ လေးငါးခြောက်ခါ ။ ဆိုင်းကလည်း ဗိန်းဗောင်း တိုက်ပေးနေသည် ။ သူသည် ငိုချင်လာပြီး အဖေ့ရင်ခွင်ထဲ ခေါင်းကို ဝှက်ထားမိခဲ့၏ ။

“ ဘာကြောက်စရာရှိလဲ သားရဲ့ ။ ဒါ .. မျက်လှည့်ပဲ ။ ကြည့် ... ကြည့် ။ ယောက်ျားဆိုတာ မကြောက်တတ်ရဘူး ”

အဖေက သူ့ကို အားပေးနေတုန်းမှာပဲ ခြေထောက်က ကြိုးကွင်းကို ဖြေပြီး တပည့်ဖြစ်သူ သေသွားပြီဖြစ်ကြောင်း သက်သေပြဖို့ ဆရာကြီး ဂရိတ် စိန်မိုက်ကယ်က ခေါ်ထုတ်လိုက်ရာ ပရိသတ်ထဲက ထွက်ကြည့်သူတွေ မနည်းပေ ။ မိန်းမတွေတောင် ပါလေသည် ။ ဆရာကြီးက သူ့တပည့် နှာခေါင်းဝမှာ ဂွမ်းစ တင်ပြီး စမ်းပြနေသည် ။ သွားကြည့်ပြီး ပြန်လာတဲ့ လူတစ်ယောက်ကို အဖေက ဆီးပြီးမေးတော့ အဲဒီလူက “ ဟုတ်တယ်ဗျ ၊ တကယ်ပဲ ” ဟု ဖြေသွားသည် ။

စိုင်ပေါက်တို့အဖွဲ့က သေသွားတဲ့လူကို ကျင်းထဲ ထည့်ပြီး မြေကြီးတွေ ဖို့လိုက်ကြသည် ။ ဆိုင်းက ချွဲချွဲပျစ်ပျစ် တီးနေပြီး နှဲက ဆွဲဆွဲငင်ငင် ။ လွမ်းစရာ ဝမ်းနည်းစရာ ကောင်းနေတုန်းမှာ ဆရာကြီး စိန်မိုက်ကယ် က ကိုယ်တိုင် ကြပ်မတ်ကာ မြေကို နင်းသိပ် ဖို့ခိုင်းနေသည် ။ ကျေနပ်တော့မှ ဖို့ကျင်းလေးဘက်လေးတန်မှာ ငုတ်လေးချောင်း စိုက်ပြီး ရင်စို့လောက် မြင့်သည့် ပိတ်မည်းစဖြင့် ပတ်ကာလိုက်ကြသည် ။

ဆိုင်းက ဗိန်းမောင်းတိုက်လိုက် ... နှေးသွားလိုက် ... နှဲသံချည့် နှောလိုက် ... ကြေးနောင်နှင့် မောင်းဆိုင်းသံ တစ်ခါတစ်ခါ ပေါ်လာလိုက် စည်းနဲ့ဝါးက စုံအပြေး ၊ ပတ်မသံက ဖိလိုက် ၊ ဖော့လိုက် ၊ ဖော့ကွင်းက တိုးချည် ၊ ကျယ်ချည် ။ ညဉ့်နက်လာတော့ အအေးဓာတ်ကလည်း သိပ်သည်းလာခဲ့ ။ သူကတော့ ခုနက လူ ပြန်မှ ရှင်ပါ့မလား စိတ်ပူနေခဲ့သည် ။

ဇာတ်စင်ပေါ်မှာတော့ ဆရာကြီးက ကြိမ်တစ်ချောင်းကို ကိုင်လျက် ဆင်ခေါင်းခွံကြီးပေါ်တွင် ထွန်းထားသော ဝါဆိုဖယောင်းတိုင်ကြီးကို ဖယ်ပြီး ဘိလပ်ရည် ပုလင်းလွတ်တစ်လုံးကို တင်လိုက်သည် ။ အဆို့ ကိုတော့ ပြောင်းဖူးရိုးနှင့် ဆို့ထားတာ သူ တွေ့ရသည် ။ ဆရာကြီးသည် လေးထောင့်မိုက်ခွက်ကြီးနှင့် တည့်တည့်မှာ ရပ်ပြီး ပရိသတ်ကို ရှင်းပြနေပါသည် ။

“ အခု ... ကျုပ်တပည့်ရဲ့ ဝိညာဉ်ကိုတော့ ဟောဒီ အာတာပုလင်း ထဲမှာ ချုပ်ထားပြီးပြီ ။ ပရိသတ်ကြီး ဘာမှစိတ်မပူပါနဲ့ ။ ကျုပ်တပည့်ကို မြေကြီး အောက်မှာ အသေခံပါ့မလား ။ ကျုပ် အရောက် ပြန်ခေါ်မယ် ။ ဒီနေရာမှာ ကျုပ်ရဲ့ လုပ်ငန်းကို ဘယ်ရွာရှင် ရွာစုန်း ရွာကလေ ဖုတ် ပြိတ္တာ ကြပ် နတ်ဆိုး နတ်စုတ်ကမှ မနှောင့်ယှက်ဖို့ တောင်းပန်ပါတယ် ။ နှောင့်ယှက်ရင် အခု ခင်ဗျားတို့ ထိုင်နေတဲ့ ဖျာတွေကို အိမ် ရောက်တဲ့အထိ ခွာလို့ မရအောင် ဖင်မှာ ကပ်ပေးလိုက်မယ် ... ”

ပရိသတ်က မရယ်ရဲကြ ။ တချို့လူတွေ ထိုင်နေရာမှ ဖင်ကြွကြည့်နေကြတာ သူ မြင်ရသည် ။

“ အယ် ... ပြောနေတာ ကြာပါတယ် ။ ကဲ ... ကြည့်ကြ ”

ဆိုင်းရဲ့ ဗိန်းမောင်းသံနှင့် အတူ ဆရာကြီးကလည်း လက်ထဲက ကြိမ်ဖြင့် ပုလင်းကို “ ဖွမ်း ” ခနဲ နေအောင် ရိုက်ချလိုက်သည် ။ သူ့ကျောထဲ စိမ့်သွားသည် ။ ပုလင်း ကွဲထွက်သွားသည် ။ သူ့အာရုံ အဲဒီ ဇာတ်စင်ပေါ် ရောက်နေတုန်း ပိတ်အမည်းစ ကာထားတဲ့ အထဲကနေ ဖုန်တွေ ၊ ခဲတွေ ထောင်းထလာ၏ ။ မြေကြီးထဲက လူလည်း ပိတ်မည်းစ အောက်က လှိမ့်ထွက်လာရာ စိုင်ပေါက်တို့ လူစုက ဝိုင်းပွေ့ပြီး ဇာတ်စင်ပေါ် တင်ပေးကြသည် ။ ဆရာကြီးက ရေစင်နှင့် ဖျန်းပက်လိုက်တော့ ချက်ချင်းထထိုင်ပြီး သူ့ဆရာကြီးကို ထိုင်ကန်တော့သည် ။ ပရိသတ်ကိုလည်း ကန်တော့သည် ။

သည်အခိုက်မှာပဲ နောက်ညလည်း လာရောက်အားပေးကြဖို့ ပရိသတ်ကို ဖိတ်ခေါ်ရင်း ဆိုင်းက ဗြောတုတ်သည် ။ မျက်လှည့်ပွဲ ပြီးသွားလေပြီ ။

တချို့ပရိသတ်တွေက ချက်ချင်း မပြန်သေးဘဲ ခုနက မြေမြှုပ်တဲ့ ကျင်းကြီးကို သွားကြည့်ကြသည် ။ လမ်းမှာ မျက်လှည့် တကယ် ကောင်းကြောင်း ဟောင်ဖွာဖွာ ပြောသူတွေ ပြောသွားကြတာ သူ ကြားရသည် ။ သို့သော် သူကတော့ အိပ်ချင်ရသည့် အထဲ ကြောက်နေမိ၍ အဖေ့ကို ကျောပိုးခိုင်းကာ အိမ်အရောက် ပြန်လာခဲ့သည် ။

ဒို့ညီနောင် မျက်လှည့်အဖွဲ့ သူတို့ မြို့လေးမှာ နှစ်ညပြသည် ။ ဒုတိယညမှာ သူ ကြည့်ဖို့ စိတ်မပါတော့ပေ ။ ဒုတိယညတွင် ဆရာကြီး တပည့်နေရာမှာ ကိုစိုင်ပေါက် ဝင်ပြီး သရုပ်ဆောင်သည်လို့ ဆိုသည် ။ နောက်မနက် မြို့ကလူတွေ ဝိုင်းမေးတော့ သူ ဘာမှ မသိဘူးလို့ ကိုစိုင်ပေါက် က ပြန်ဖြေသည် ။

မျက်လှည့်အဖွဲ့ကြီး ပြန်သွားပြီး တစ်နှစ်လောက် အတွင်း မြို့ကလေးထဲမှာ ထူးခြားတာတွေ ဆက်တိုက် ဖြစ်ခဲ့တာ သူ မှတ်မိသည် ။

မျက်လှည့်အဖွဲ့က လူတွေ ငုံ့ကြည့်သွားသည် ဆိုတဲ့ ရေတွင်းနှုတ်ခမ်းပြတ်ထဲမှာ အရက်သမား ကိုငနီ ဆိုတဲ့လူ ကျသေနေတာ နောက်မနက် ရေချိုး လာသူတွေက တွေ့သည် ။ မျက်လှည့်ပွဲက အပြန် ဘယ်အချိန်ကျ သေသည် မသိလို့ ဆိုကြသည် ။ မြို့ကလေးရဲ့ အထင်ကရ မိသားစုတစ်စု ကန်တော်ကြီး ထဲမှာ လှေမှောက်လို့ ရေနစ်သေဆုံးကြသည် ။ လေးလောင်းပြိုင် အသုဘ ။ အညာကထန်းသမား ကိုရွှေမောင်း ဓားခုတ်ခံရပြီး စင်းစင်းသေသည် ။ ထန်းရည် မူးပြီး မိုးကလေး ဖွားဆုပ်ဆုပ် ညနေမှာ လျှောက်ဆဲမှာ ဘယ်သူက နှုတ်ပိတ်လိုက်သည်မသိ ။ လက်သည် မပေါ် ။ မိုးနှောင်းပိုင်း မြို့ကလေးထဲ ဓားပြဝင်တိုက်ရာ ဓားပြတွေကို ခုခံရင်း အိမ်သားသုံးယောက် သေသည် ။ ဒီ့အပြင် စက်ဘီးစီးလာတဲ့ ကု,လားလေးနှစ်ယောက် ကားတိုက်ပြီး သေသည် ။ စပါးကြီးမြွေ ဖြစ်သွားသော သံလုံး ငန်းဖမ်းပြီး သေသည် ။ သူတို့ အတန်းသားတွေလည်း သုဿာန်သို့ လိုက်ပို့ခဲ့ရာ သူလည်း လိုက်သွားသည် ။ သံလုံး သေတာ အစိမ်းသေလား ။ သူ ပဟေဠိ ဖြစ်နေခဲ့သည် ။ ( သူ ဆရာဝန် ဖြစ်မှ ပြန်စဉ်းစားပြီး သိလာရသည်မှာ သံလုံး သေတာ ငှက်ဖျားပိုး ခေါင်းထဲရောက်သည့်ရောဂါ – CEREBRAL MALARIA ကြောင့် ဖြစ်သည် ။ ) အဲဒီနှစ်က နောက်ဆုံး သေသူမှာ မသာတွင်းတူးသမား ကိုစိုင်ပေါက် ဖြစ်သည် ။ အရက် တစ်နေကုန် သောက်ပြီး အင်္ကျီချွတ် အိပ်ရာ မနက်ကျတော့ အတောင့်သား သေ နေသည် ။ မြို့ထဲက လူတွေကတော့ အစိမ်းသေလို့ပဲ ပြောကြသည် ။

အခုအခါ သူ့စိတ်ထဲမှာ မျက်လှည့်က ပေးခဲ့သော ကြောက်စိတ်တွေ မရှိတော့ပါ ။ မျက်လှည့်သည် မျက်လှည့်သာ ဖြစ်သောကြောင့် အတုသာ ဖြစ်ကြောင်း ဆင်ခြင်စိတ်အရ သူ ကောင်းကောင်း သိခဲ့ပေပြီ ။

▢  အောင်ထိပ်
📖 မဟေသီ မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၂၀၁၀

No comments:

Post a Comment