❝ မှောင်ထဲက လက်ကြမ်းကြီး ❞
( သော်တာဆွေ )
“ အမယ်လေး … ဘယ်သူ ကမြင်းကြောထတာလည်းဟဲ့ ၊ ငါ့လက် လာကိုင်တာ ... သူ့ လက်ကလည်း တိရစ္ဆာန်သားရေလို မာကျောကျောကြီး .. ”
ပိန်းပိန်းပိတ်အောင် မှောင်အတိ ပြီးနေသော မီးရထားတွဲခန်းထဲတွင် ကျွန်တော့် ရှေ့ထိုင်ခုံရှိ အသက် ၄ဝ ကျော် မိန်းမကြီးသည် ၊ တဝေါဝေါ မြည်နေသော မီးရထားသံကို ဖောက်ထွင်းကာ ကျယ်လောင်စူးရှစွာ အော်လိုက်ပါသည် ။
ဤအသံကြားရာ ဌာနမှာ ရှမ်းပြည်နယ်ရှိ ရွှေညောင်သွား ရထားကို စီးဖူးသူမှ သိပေမည် ၊ ဘူတာအကြားတွင် လိုဏ်ခေါင်းကြီး သုံးခုကို ဖြတ်ဝင်ရပေရာ ၎င်း လိုဏ် ခေါင်းသည် ဤသုံးခု အနက် အရှည်ဆုံးဖြစ်၍ အချိန် တစ်မိနစ်လျှင် ကြာပါသည် ။
ဤတစ်မိနစ်မှာ မီးရထားကလည်း လျှပ်စစ်မီးများ မပေး၍ မှောင်အတိပြီးသည် ဖြစ်သောကြောင့် ရာဇဝတ်မှုကျူးလွန်ရန် လည်းကောင်း ၊ ချစ်သူတို့ ပွေ့ဖက်နမ်းရှုပ်ရန် လည်းကောင်း ၊ မှောင်တစ်မိုက်မှာ အချောင်နှိုက်လိုသူတို့ လက်ကမြင်းရန် လည်းကောင်း ၊ အလွန် ကောင်းမွန်သော အခွင့်အရေးကြီး ဖြစ်နေပေသည် ။
ယင်းသို့ ဖြစ်နိုင်သည်ကို ပထမလိုဏ်ခေါင်း ဖြတ်မောင်းစဉ်ကပင် ကျွန်တော် သည် စိတ်ကူးသမား ပီပီ ၊ တွေးထင်နေဆဲ ယခု ဒုတိယလိုဏ်ခေါင်းထဲ၌ အထက်ပါအော်ဟစ်သံကို ကြားရရာ ၊ ပထမဖြင့် ကျွန်တော် အံ့သြမိသည် ။
အံ့သြမိသည်မှာ အခြားကြောင့် မဟုတ် ၊ လက်ကမြင်းသူသည် ဤအသက် ၄ဝ ကျော် အဒေါ်ကြီး ကိုမှ ကမြင်းရသလား ။
သို့သော် တစ်ခဏ အတွင်း၌ ကျွန်တော် အံ့သြခြင်း ပြေပျောက်သွားသည် ၊ အကြောင်းမှာ မိန်းမကြီးနှင့် အတူ ထိုင်နေသည့် ရုပ်ရည် သားနားသော မိန်းမပျိုကလေး ဖြစ်၍ လက်ကမြင်းသူခမျာမှာ လူချင်း မှားတာ ဖြစ်တန်ရာသည် ။
ကဲ .. ဤတွေးထင်ချက် မှန်ပြီထားတော့ တရားခံ မည်သူနည်း ။
အခြေအနေကို ဖော်ပြမည် ။
ဤရှမ်းပြည်နယ်သွား မီးရထားမှာ ရှေးအင်္ဂလိပ်ခေတ်က တွဲဟောင်းများ ဖြစ်၍ ယခုမြန်မာအစိုးရစီမံသော တွဲများလို နှစ်ယောက်ထိုင်ခုံများ မဟုတ် ၊ တစ်ဖက်က တစ်ယောက်ထိုင်နှင့် ကျန်တစ်ဖက်က သုံးယောက်ထိုင် ၊ သို့မဟုတ် တစ်ယောက်အိပ် ခုံရှည် ဖြစ်လေရာ ဤခုံရှည်တန်းတွင် ကျွန်တော်တို့ တည်ရှိ နေကြခြင်းဖြစ်သည် ။
တည်ရှိနေပုံမှာ ကျွန်တော်၏ ခုံတွင် ကျွန်တော် ၊ လက်ယာဘက်က ကျွန်တော့် ဇနီး ၊ လက်ဝဲဘက်က ရှမ်းလူကြီး တစ်ယောက် ၊ အသက် ၄ဝ ကျော် ၊ သူ့ ခြေလက်အင်္ဂါ ကို ကြည့်ခြင်းအားဖြင့် တူရွင်းပေါက်ပြားနှင့် အသက်မွေးရသော ယာသမား ဖြစ်ကြောင်း သိသာသည် ။
ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင် ခုံမှာ ဖော်ပြပါ အဒေါ်ကြီးနှင့် မိန်းမပျို ၊ မိန်းမပျို မှာ ရုပ်ရည် သနားကမားနှင့် ပျံနန့်နန့် အမူအရာ ရှိသည် ။ မိန်းမကြီးပုံမှာ နှုတ်စွာသော သဏ္ဌာန် ရှိသည် ။
သူတို့နှင့် ကျောချင်းကပ် ခုံမှာကား ရဲဘော်နှစ်ယောက် ၊ တစ်ယောက်သော ရဲဘော်က ကောင်မလေးနှင့် အမှတ်မထင် ကိုယ်ချင်း လက်ချင်း ထိ၍ ကလိတတ်သည် ၊ ကောင်မလေးက သဘောကျဟန် ရှိသည် ၊ ဒါကြောင့် သူ့ကို ကျွန်တော်က ပျံနန့်နန့်မိန်းကလေး ဟု ဆို၏ ။
ကဲ ... မိတ်ဆွေတို့ စဉ်းစားကြစမ်း ။
ကျွန်တော့် စိတ်ထင်တော့ ကောင်မလေးကို ကလိ နေသော ရဲဘော်ပင် လက်မှားပြီး ကိုင်မိဟန် တူသည် ။ သို့မဟုတ် မကလိရသော ရဲဘော်က ဝင်၍ ပုံမှား ဝင်ခြင်းပေလော ။
အဒေါ်ကြီးလက်သည် အကိုင်ခံရစဉ်က ဘယ်မှာ ထားသနည်း ၊ ကျောမှီတန်းပေါ် တင်ထားသလော ၊ သို့မဟုတ် အောက်ခုံတွင် ထောက်ထားသလား ၊ အောက်တွင် ထောက်ထားလည်း ရဲဘော်များ ဘက်က နှိုက်၍ရသည် ၊ ဤခေတ်ဟောင်း တွဲတွေမှာ ယခု တွဲတွေလို အပြည့် ကာသည် မဟုတ် ။
ကျွန်တော်တို့ မျက်နှာချင်းဆိုင် ခုံမှာကား ၊ ကျွန်တော်နှင့် ရှမ်းလူကြီး ၊ ယောက်ျား နှစ်ယောက် ရှိသည့်အနက် ၊ ဤလူကြီးကတော့ သူ့အသက်အရွယ် သူရုပ်ရည်ကြီးနှင့် မကမြင်းတန်ရာပါ ၊ ကျွန်တော့်ကိုယ် ကျွန်တော်ကား ကျွန်တော့်ဇနီးလည်း ပါလာ၍ ဤကိစ္စ စိတ်မှ မပြစ်မှားမိပါကြောင်း ။
သို့သော် မိမိကိုယ်သာ မိမိ မဟုတ်ကြောင်း သေချာနေသည်ကို အဘယ်သူက အယုံအကြည် ရှိလိမ့်မည်နည်း ၊ ဤ လိုဏ်ခေါင်းကြီး ထဲမှ လွတ်မြောက်၍ အလင်း ရောက်သောအခါ မိန်းမကြီး၏ အော်ဟစ်သံကို ကြားနာလိုက်သူ အားလုံးတို့သည် မိန်းမကြီးထံ လက်ရောက်နိုင်သော ကျွန်တော်တို့အား မသင်္ကာသော ၊ အကဲခတ်သောမျက်လုံးတို့ဖြင့် ကြည့်ကြကုန်၏ ၊ ကျွန်တော့်နံဘေးက ရှမ်းကြီးကိုကား အင်္ဂါရုပ် ကြည့်၍ သူတို့ ခြွင်းချက် ထားကြဟန်ရှိသည် ၊ နောက်ဆုံး သတ္တုကျသည်မှာ ကျွန်တော်နှင့် ရဲဘော်နှစ်ယောက် တစ်ယောက်ယောက်တည်း ။
ကျွန်တော်တို့ တရားခံ သုံးယောက်မှာလည်း တစ်ဦးကို တစ်ဦး မသင်္ကာသော မျက်လုံးဖြင့် ကြည့်ကြကုန်သည် ။ ရဲဘော်နှစ်ယောက်သည် သူတို့ချင်း စကားတီးတိုး ပြောပြီးနောက် ကျွန်တော်နှင့် ရှမ်းကြီးကို တစ်လှည့်စီ ကြည့်သည် ။ ပြီးလျှင် ကျွန်တော့်ကို ပို၍ ကြည့်သည် ။ မခက်ပေဘူးလော ။ ကျွန်တော်နှင့် ရှမ်းကြီးမှာကား လူချင်း မသိ၍ တီးတိုး ပြောခွင့်မရှိ ။
ဤအချိန်၌ မိန်းမကြီးသည် သူ့လက် လာ ကမြင်းသူကို အင်မတန် စွာသော မျက်နှာနှင့် ဆဲဆိုနေသေး၏ ။
ယင်းအခြေ၌ နံဘေးလူများ မျက်မှောက်တွင် ကျွန်တော်တို့ တစ်ယောက်ယောက် ဖြစ်နိုင်သော တရားခံများ မည်မျှ အနေခက်မည်ကို မိတ်ဆွေ စဉ်းစားကြည့်ပါလော့ ။
မိန်းမကြီး အော်ဟစ်သံ၌ “ သူ့ လက်ကလည်း တိရစ္ဆာန်သားရေလို မာကျောကျော ကြီး ” ဟု ပါလေရာ ၊ ကျွန်တော်က ကျွန်တော့် လက်ဖဝါးကို ပရိသတ်ရှေ့ ထောင်ပြကာ ..
“ ဟောဒီမှာဗျာ .. ကျွန်တော့် လက်က အလုပ်ကြမ်း မထိတဲ့ ... စာရေးဆရာ လက် ကလေးမို့ ... ဝါဂွမ်းလို့ ပျော့နုနုကလေးပါ ... မယုံ ကိုင်ကြည့်ကြပါ ” ဟု ထအော်ပြီး ကိုယ်လွတ် ရုန်းလိုက်ချင်ပါသည် ။
သို့သော် အဘယ်မှာ ဖြစ်လိမ့်ပါအံ့နည်း ၊ အခြားသူတို့ မျက်မှောက်၌ ကိုယ့်မှာ အပြစ်မရှိ၍ မရှက်မကြောက်ဟန်နှင့် ကြိတ်၍ မှိတ်၍ ခံရပါသည် ။
တကယ်တော့ ဘာမှ မဟုတ်ဘဲနှင့် မသင်္ကာသော မျက်လုံး အကြည့် ခံရတော့ မရှက်ဘဲတော့ ဘယ်နေမလဲဗျာ ၊ မိတ်ဆွေကိုယ်တိုင် ကျွန်တော့်နေရာ ထိုင်ပြီး စဉ်းစား ကြည့်စမ်းပါ ။
အရေးထဲ ( အဲ ... အဆင့်သင့်တုန်း မိတ်ဆက် ပေးရဦးမယ် ) အရယ်သန်၍ပင် ကျွန်တော်နှင့် လူချင်း မမြင်ဖူးသေးခင် သမီးရည်းစား ဖြစ်ကာ ယခု ကျွန်တော်နှင့် ညားနေသော ကျွန်တော့်မယား ( ရှေးယခင်က ကျွန်တော့် ဝတ္ထုများထဲက မေ ) သည် လက်ကိုင်ပဝါ ပါးစပ် ပိတ်၍ တခွီးခွီး နှင့် တခြားသူ မမြင်အောင် ကျိတ်ရယ်နေလေရာ ၊ စိတ်မသက်မသာ ဖြစ်နေသော ကျွန်တော့်က မျက်နှာအောက်သိုးသိုးနှင့် အနီးက လူများ နားမလည် အောင် အင်္ဂလိပ်စကားဖြင့် ...
“ ဟေ့ ... မေက ဘာဝမ်းသာလို့ ရယ်နေတာလဲကွ ”
“ မေရယ်တဲ့ အကြောင်းလား မောင့် နောက်တော့ ပြောပြမယ် ”
ကျွန်တော်မှာ မသက်သာသော အမူအရာဖြင့် အရယ် မပြတ်သော သူ့မျက်နှာကို ကြည့်လိုက်ပါသည် ။ “ မိန်းကလေး တော်ရုံတန်ရုံ ရယ်မှပေါ့ ” ကျွန်တော့် စိတ်ထဲက မှတ်ချက် ချလိုက်ပါသည် ။ “ အေးလေ ... နင့်လို ရယ်စရာရေးတဲ့ကောင်လည်း အရယ်သမားပဲ ကြိုက်တော့မပေါ့ ” ကိုယ့်ကိုယ်ကိုယ်လည်း ဆော်ပလော်တီးလိုက်ပါသည် ။
ဤမှ လွန်မြောက် ခွေးရုပ်ဘူတာ ရောက်သော အခါတွင် ရှမ်းပြည်နယ်မှ လာသော ရထားနှင့် ဆုံရမည် ဖြစ်၍ တော်တော်ကြာ ရပ်သောကြောင့် လူတွေ အောက်ဆင်းကြကာ ဟိုဟိုဒီဒီ လျှောက်ကြသည် ။ ရှမ်းပြည်နယ် ဝင်ပြီ ဖြစ်၍ ကျွန်တော် ရောက်ခဲ့သော မေလ မိုးစ,ရာသီမှာ အနွေးထည် ဝတ်ရလေပြီ ။
ခွေးရုပ်ဘူတာသည် ရှမ်းပြည်နယ်တောင် အလယ်ဆီ ရောက်ပြီ ဖြစ်၍ ရထားလမ်း ဖောက်ထားသော တောင်ကမ်းပါးယံမှ အထက်ကို မော်ကြည့်လိုက်သော် တိမ်ညွန့်ကို စားသော တောင်ထွတ်များနှင့် အောက်ဆီသို့ ငုံ့လိုက်လျှင် ကျွန်တော်တို့ တက်ခဲ့သော တောင်စောင်းသစ်ပင်တွေ ခေါင်ညွန့်ပြင်ကို နိမ့်မြင့်ပြီးလျှင် ဆင်ခြေလျှော မြင်ရသည် ။ ငှက်ကဲ့သို့ အတောင် ဖြန့်၍ ထိုးဆင်းချင်စိတ် ပေါ်လာသည် ။
ကျွန်တော့် ဇနီးက ရှမ်းပြည်နယ်သူ ဖြစ်၍ ရှေ့ရောက်လေ ရှုမျှော်ခင်း သာယာလေ ဖြစ်သည့်အကြောင်း သူတို့ ရှမ်းပြည်နယ် ချီးမွမ်းခန်းကို ဖွင့်သည် ။
ကျွန်တော်မှာ ရထားပေါ်က ကိစ္စ တအုံတနွေးနွေး ရှိသည် ဖြစ်၍ ...
“ မင်း ပြောသား အလိုဖြင့် ရှမ်းပြည်နယ်ဟာ တာဝတိံသာနဲ့ ငွေ ၅ဝဝ အလိုက် ပေးတောင် မလဲနိုင်တဲ့ပုံပေါ့ ... ကဲ ... အဲ့ဒါ ထားပါဦး .. ဟိုရထားပေါ်တုန်းက နောက်မှ ပြောမယ်ဆိုတာ ရှင်းစမ်းပါဦး အမိ .. ”
မေသည် အားရပါးရ ရယ်မောလိုက်ပြန်ပြီး ..
“ ဒီလိုမောင်ရဲ့ … အခုန ရထားပေါ်မှာ ကြုံရတာက … မေအင်္ဂလိပ်စာအုပ် တစ်အုပ်ထဲ ဖတ်ရတာနဲ့ တူလွန်လွန်းလို့ .. ”
“ ဘယ်လို တူတာလဲ ”
“ ရေတပ်မတော်က သင်္ဘောသားကလေး တစ်ယောက်ဟာ သူ အရက်ကလေး နည်းနည်းထွေ အရှိန်လေး တော်တော်ရလာပြီ ဆိုမှဖြင့် ... သူ့ဘဝတာမှာ မမေ့နိုင်တဲ့ ... အဖြစ်အပျက်ကလေး တစ်ခုကို သူ့မိတ်ဆွေတွေကို ဝမ်းသာအားရ ပြောပြလေ့ရှိသတဲ့ မောင်ရဲ့.. ”
“ ဘယ်လိုလဲ ဆိုရင် .. တစ်ခါက မီးရထားနဲ့ ခရီးသွားတာမှာ သူ့အနီးမှာ မိန်းမပျိုလေး တစ်ယောက် ပါပြီး နံဘေး ဝန်းကျင်မှာတော့ သူရယ် ... စစ်သားလေး တစ်ယောက်ရယ် အရပ်သားလေး တစ်ယောက်ရယ် …. ရွယ်တူ သုံးယောက် ရှိသတဲ့ ”
“ ဒါနဲ့ အခုနကလို ဥမင်းလိုဏ်ခေါင်း မှောင်ထဲ ရောက်တဲ့ အခါမှာ သူတို့လူစုဆီက ပြွတ်ခနဲ ကစ်စ်လုပ်သံနဲ့ .. ဖြန်းခနဲ ပါးချလိုက်သံကို ကြားရသတဲ့ ”
“ မီးရထား လိုဏ်ခေါင်း အပြင်ဘက်ရောက်လို့ လင်းလည်း လာရော နံဘေးလူတွေ အားလုံးက မှောင်ထဲ ကောင်မလေး ကစ်စ်လုပ်လို့ ပါးရိုက်ခံရတာ ... သူတို့ သုံးယောက်ထဲက ဘယ်သူလဲ ဆိုတာ မယုံသင်္ကာတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြသတဲ့ ”
“ သူတို့ အချင်းချင်း ကလည်း တစ်ယောက် တစ်ယောက် မင်းလား .. ငါတော့ မဟုတ်ဘူးဆိုတဲ့ အမူအရာနဲ့ ကြည့်ကြသတဲ့ ”
“ ဒါနဲ့ အဲ့လို မရှင်းမရှင်းနဲ့ဘဲ ရှေ့ဘူတာ ရောက်လို့ အသီးသီး ဆင်းသွားကြတဲ့ အခါမှာ အခုန သင်္ဘောသားလေးက သူ့ကို လာကြိုတဲ့ သူ့မိတ်ဆွေကို ဝမ်းသာအားရ လက်မြှောက်ပြလိုက်ပြီး ( ဇိမ်ပဲကွ ... ဇိမ်ပဲ ) လို့ အော်လိုက်သတဲ့ ”
“ သူ့ သူငယ်ချင်းက ( ဘာ ဇိမ်လဲကွ ) လို့ မေးတော့ “ အဖိုးတန်တယ် ဆရာ မင်းငါ့ပုလင်းထောင်မှ ပြောပြနိုင်မယ် ” ဆိုလို့ သူ့မိတ်ဆွေက အရက်တိုက်တော့မှ အခုန ရထားပေါ်ဥမင်လိုဏ်ခေါင်းထဲမှာ ကြုံခဲ့ရတာကို ပြောပြသတဲ့ ”
ဒီတော့ သူ့ သူငယ်ချင်းက “ ပြွတ်ခနဲ ကစ်စ် လုပ်လိုက်တာ မင်းလား ”
“ အေး ငါ ပေါ့ကွာ ဒါပေမဲ့ ပါးရိုက်ခံရတာနဲ့ မကာဘူး ၊ ဘယ်ဇိမ်ရှိမလဲကွာ လို့ ပြန်ပြောတယ် ”
“ ဒီတော့ သင်္ဘောသားကလေးက ပုလင်း ထောင်ပြီး “ ဟေ့ကောင်မလေးက ငါ့ကို ပါးရိုက်တာမဟုတ်ဘူးကွ ” “ နို့ ဘယ်သူက ဘယ်သူ့ကို ရိုက်တာလဲ ” “ ဘယ်သူ့ကမှ ဘယ်သူ့ကို ရိုက်တာ မဟုတ်ဘူးဟေ့ ၊ အမှန်က အမှောင်ထဲမှာ ငါက ငါ့လက်မောင်းငါ ဟော့လို ပြွတ်ခနဲ ကစ်စ် လုပ်၍ ဟော့လို ဖြန်းခနဲ လက်ဝါးနဲ့ ချလိုက်တာကွ .. အဟား .... ဟားဟား ... လိုဏ်ခေါင်း အပြင်ထွက် အလင်းထဲ ရောက်တော့ နံဘေးလူတွေက တို့သုံးယောက်ကို ဘယ်သူလဲလို့ အကဲခတ် ကြည့်တာတို့အချင်းချင်းက တစ်ယောက်တစ်ယောက် မယုံသင်္ကာမျက်စိနှင့်ကြည့်ကာ ... ကောင်မလေးမှာ မဟုတ်မဟတ် အထင် ခံရလို့ အနေရ ခက်နေရာ ၊ အဲဒါတွေ မြင်ရတော့ မောင်ရေ ... ငါ့မှာ ကိုယ့်ထွင်လုံးနဲ့ ကိုယ် ဟိုကောင်မလေးကို တကယ် နမ်းရတာထက် ဇိမ်ရှိသေးတယ် ဆရာရဲ့ ၊ ငါ့အရသာမျိုး ရအောင် မင်း တစ်ခေါက်လောက် အဲ့လို ကြုံတုန်း စမ်းကြည့်စမ်း ” လို့ အဲဒီ သင်္ဘောသားလေးက သူ့ မိတ်ဆွေကို ပြောပြသတဲ့ မောင်ရဲ့ ၊ ဒါကြောင့် မေက ခုန သိပ်ရယ်ချင်တာ ”
ဆိုပြီး ပို၍ပင် ရယ်နေပြန် သဖြင့် ကျွန်တော်က ...
“ ဟေ့ ... ရယ်လှချည်လားကွာ ... မေ ပြောတာကိုဖြင့် ဒီမိန်းမကြီးကပဲ ဟိုသင်္ဘောသားလေးလို အရသာခံချင်လို့ သူ့ကို ဘယ်သူမှ လာမကိုင်ဘဲနဲ့ သူ့ဟာသူ ထွင်ပြီး အော်တာလို့ ဆိုချင်သလား ”
ကျွန်တော့် မိန်းမသည် အရယ် မရပ်ဘဲ ။
“ ဒီမိန်းမကြီးကတော့ ဒါလောက် ဉာဏ်ရှိပုံ မပေါ်ပါဘူး မောင်ရဲ့ ”
“ နို့ သူ့ကို ဘယ်သူက ကိုင်မှာလဲ ”
“ မောင်သိချင်လို့လား ”
“ နို့ပြီး မောင်ယုံမှာလား ”
“ အထောက်အထားနဲ့ ပြောရင် ယုံတန် ယုံရတာပေါ့ ”
“ အထောက်အထားနဲ့ ဆိုရင် သူကိုယ်တိုင်က ဖွင့်ဟ ဝန်ခံတာပဲ ”
“ ဘယ်သူလဲ ”
“ ဟော့ဒီ မေ ‘ ဤကိုယ် ’ မောင် ယုံလား ”
သူ့ကိုယ်သူ လက်ညှိုးထိုး ပြလေရာ ၊ ကျွန်တော့်မှာ ကိုယ့်မယားပင် ကိုယ် တအံ့တသြကြီး ကြည့်မိကာ
“ ဟင် မေ …. ”
စိတ်လည်း ခပ်ပေါက်ပေါက် ရှိ၍ “ ဘယ့်နှယ် မိန်းကလေးချင်း သွား ကမြင်းရတာတုန်း ”
မေက ကျွန်တော့် လက်မောင်းကို ကိုင်၍ ...
“ ဟို ... သင်္ဘောသားကလေး အကြောင်း ဖတ်ထားပြီး သူ့လို အရသာ ခံကြည့်ချင်လို့ပေါ့ မောင်ရဲ့ ၊ တကယ်ပဲ မောင်တို့နဲ့ နံဘေးလူတွေ ကြည့်ရတာ သိပ်အရသာရှိတာပဲ မောင် ” ဆိုပြီး အားရပါးရ ရယ်မောပြန်သည် ။
ဤမှ ရဲရင့်ပျော်ရွှင် ဉာဏ်လျင်လှသော မေ့ကို ချီးမွမ်းမိကာ ကျွန်တော်ပါ ရယ်မော မိလျက် ...
“ ဒါနဲ့ နေပါဦး … မေက အဒေါ်ကြီးလက် မှားကိုင်မိတာလား တမင်သက်သက် ကိုင်တာလား ”
“ တမင် သူ့ကိုပဲ ကိုင်တာပေါ့ ၊ ဟိုကောင်မလေး လက်သွားကိုင်ရင် ငြိမ်ခံနေမယ့် အမျိုးအစားကလေ ၊ ဒီအဒေါ်ကြီး ရုပ်ကတော့ နှုတ်စွာစွာနဲ့ ထ,အော်လိမ့်မယ်ဆိုတာ သိတာနဲ့ .. ”
ကျွန်တော်သည် မေ့ ကျောသပ်မိကာ ..
“ ငါ့မယား တော်ပေကွာ ” ဟု ဆိုပြီး ရုတ်တရက် သတိရသည်နှင့် သူ့လက်ဖဝါးကလေးကို ဖမ်းကိုင်လိုက်ကာ ...
“ ဟေ့ ဒါနဲ့ နေပါဦး ဟော့ဒီ မေ့လက်ဖဝါးကလေးက ကြက်ပေါက်စကလေးလို နူးနူးညံ့ညံ့ ကလေးပါ ၊ ဟိုမိန်းမကြီး အော်လိုက်တာက တိရစ္ဆာန်သားရေကြီးလို ကြမ်းကြမ်းကြီး ဆိုပါလားကွ ”
ဤတွင် မရွှေရယ်သည် ထပ်မံ ရယ်မောပြန်ကာ သူ့ကုတ်အင်္ကျီ ထဲမှ အေးသော အခါတွင် စွပ်သော သူ့သားရေလက်အိတ်ကို ထုတ်ပြပါသည် ။
“ အို ... ဒီလက်စွပ်အိတ်ကြီးနဲ့ ဘာလို့ ကိုင်ရတာတုန်း ”
“ ဒါမှ မိန်းမကြီး ပိုအော်အောင်ပေါ့ ၊ နို့ပြီး မေ မှန်းလည်း မသိအောင်ပေါ့ မောင်ရဲ့ ”
ကျွန်တော် သူ့မျက်နှာ စေ့စေ့ကြည့်မိကာ ..
“ မေ .. မင်း အာဂကောင်ပဲကွ ၊ မင့်နာမည် ရှင်မိနောက်လို့ မှည့်ဖို့ ကောင်းတယ် ”
“ ရှင်မိနောက် ဆိုတာက ၊ အင်းဝရာဇဝင်မှာ မင်းရဲကျော်စွာ အမေပဲ မောင်ရဲ့ ”
“ အေး မင်းရဲကျော်စွာ အမေလို ပဲခူးမွန်ပြည်က မြေသင်းခဲ စားချင်တဲ့ ချင်ခြင်း တပ်ရင်ဖြင့် အင်းဝဘုရင် မင်းခေါင်လို မွန်ဘုရင် ရာဇာဓိရာဇ်နဲ့ စစ်ခင်းနေစရာ မလိုဘူး ၊ ကိုယ့်တို့ မိတ်ဆွေ ပဲခူးမြို့ပိုင် ကိုခင်ဦး ဆီ စာရေး မှာလိုက်ရုံပဲ ၊ ကဲ ဘယ်တော့လဲ ပြော ”
ဤစဉ်တွင် ဟိုရဲဘော် နှစ်ယောက်သည် ကျွန်တော်တို့ဆီ ပြုံးပြုံးပြုံးပြုံးနှင့် လျှောက်လာ၍ တစ်ယောက်သော သူက ..
“ ဘယ့်နှယ်လဲဗျ .. ရထားပေါ်တုန်းက ကိစ္စ ခင်ဗျားတို့ ဘယ့်နှယ် ထင်သလဲ ”
ကျွန်တော်က မျက်နှာပိုးသတ်ကာ ပြုံး၍ ...
“ ကျွန်တော်တော့ ”
ကောင်မလေးနှင့် ပရောပရီ လုပ်သော ရဲဘော်ကို ကြည့်၍
“ ဟော့ဒီရဲဘော် လက်မှားပြီး ကိုင်မိတယ် ထင်တာပဲဗျာ ”
ဤတွင် ထိုရဲဘော်မှာ ခါးခါးသီးသီး ငြင်းအောင် မျက်နှာထားနှင့် ...
“ မဟုတ်ရပေါင်ဗျာ ၊ ကျုပ်က ကျုပ်ရဲ့ ကောင်မလေးနဲ့ မှောင်ထဲမှာ အိုကေလို့ ”
ကျွန်တော်က အခြားရဲဘော်ကို ကြည့်၍ ..
“ ဒါဖြင့် .. ဟေ့ ... ရဲဘော်လား ”
“ ကျုပ်လည်း မဟုတ်ဘူးဗျာ ၊ ကျုပ် စိတ်ထင်တယ် ၊ ခင်ဗျားလည်း မဟုတ်ဘူး ၊ ကျွန်တော့် ခင်ဗျား နံဘေးက ရှမ်းကြီး ထင်တာပဲ ၊ ဘာကြောင့်လဲ ဆိုတော့ မိန်းမကြီး အော်လိုက်တာက တိရစ္ဆာန်သားရေလို မာကြမ်းကြမ်း လက်ကြီး ဆိုတော့ အဲ့ဒီလူကြီး လက်ပဲ ကြမ်းတာဗျ ”
ကျွန်တော်က မယုံဟန်ဖြင့် ...
“ ဟုတ်နိုင်ပါ့မလားဗျာ ၊ ဒီရှမ်းကြီး သူ့ရုပ်ရည် သူ့အရွယ်ကြီးနဲ့ ”
“ မထင်နဲ့ဆရာ ... လူရိုးဟာ သင်္ချိုင်းမှာပဲ ရှိတယ် ၊ နို့ပြီး သူတို့ချင်းက သက်တူ ရွယ်တူ ၊ အဒေါ်ကြီးက သူ့အရွယ်ဗျ ၊ အဟား ... ဟားဟား ... ”
ကျွန်တော်တို့ပါ သူ့စကားကို ထောက်ခံသော အနေနှင့် ရောနှော ရယ်မောလိုက်ရပါသည် ။
ကဲ ... ငဝက်ဒဏ် ခံရော့ဟဲ့ ... ။ ။
⎕ သော်တာဆွေ
📖ရှုမဝမဂ္ဂဇင်း
ဇူလိုင်လ ၊ ၁၉၅၅ ခုနှစ်

No comments:
Post a Comment