Saturday, March 14, 2026

သိုက်ဆရာ

 

❝ သိုက်ဆရာ ❞
    ( ပီမိုးနင်း )

မောင်မြင့်သည် ဘုရားပေါ်ကို တောက်လျှောက်တက်ရ လျှင် ကောင်းမလား ၊ မမလေးတို့၏ ဇရပ်ကို ဝင်ပြီး နှုတ်ဆက်ရလျှင် ကောင်းမလားဟု စဉ်းစားရင်း မမလေးတို့ ဇရပ်ဘက်ကို ကြည့်လေ၏ ။ ဇရပ်ပေါ်၌ မိန်းမ ၊ ယောက်ျား များစွာတို့ကို လည်းကောင်း ၊ ဇရပ်ရှေ့၌ သစ်ကိုင်းသစ်ခက်တို့၏ အကြားမှ သက်ဆင်းသော နေရောင်တွင် ဝင်းပြောင်တောက်ပသော တန်ခိုးရောင်ခြည်ကို လွှတ်လျက်နေကြသော ကားစိမ်း ၊ ကားပြာ ၊ ကားညို ၊ ကားနက်ကြီးများ တပ်ခင်း၍နေကြသည်ကိုလည်းကောင်း မြင်ရလေ၏ ။

မမလေးသည် အဖော် မိန်းမပျို နှစ်ယောက် သုံးယောက် နှင့် ချင်းလှီး၍ နေလေ၏ ။ အခြား မိန်းမကြီးငယ် ခြေသည်း ၊ လက်သည်းများစွာတို့နှင့် အိမ်ပေါ်ပါ ယောက်ျားအခိုင်းအစေ များစွာတို့သည် အိုးတွေခွက်တွေကို ကိုင်ကာ ဇရပ်ရှေ့နှင့် ဇရပ် ပေါ် တက်လိုက် ၊ ဆင်းလိုက် လုပ်ကိုင်ကာ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား အလုပ်များ၍ နေကြလေ၏ ။ သားနားသော ယောက်ျားပျို ဧည့်သည် တစ်သိုက်တို့သည်လည်း ဝင်းပြောင်သော ကော်ဇော များတွင် ဖလားစုံ ကွမ်းအစ်များ ၊ လက်ဖက်ရည်ပွဲများနှင့် စကားပြောဆိုကာ ပျော်ပျော်ပါးပါး မျက်နှာထားချိုချို ၊ အလိုကျကျ သောမနဿ ဖြစ်၍ နေကြဟန်ရှိလေ၏ ။ ၄င်း ယောက်ျားပျိုများ အနက် အသားနားဆုံး မှတ်ထင်ရသော ယောက်ျားပျိုတစ်ယောက် သည်ကား လက်ချာပေးဟန်နှင့် စတိုင်ပါပါ စကားပြော၍ နေလေ၏ ။ မိန်းမကြီးငယ်တို့သည် ၄င်းပြောသော စကားကို ထောက်ခံသော အမူအရာ ၊ အထူးဂရုစိုက်သော လက္ခဏာနှင့် ရယ်မောကြလေ၏ ။ ၄င်း ယောက်ျားပျို၏ မျက်လုံးများသည် အချောဆုံးသော မမလေးကို မကြည့်သော မြင်နည်းမျိုးဖြင့် မြင်ကြောင်းကို လမ်းမ၌ သွားလာသော လူများစွာ အထဲမှ အမှတ်တမဲ့ ကြည့်၍ နေသော မောင်မြင့်သည် ကောင်းစွာ မြင်လျက် ပြုံးမိလေ၏ ။ မမလေးကို အဟုတ်တကယ် ကြံရင်တော့ အကောင်းသားပဲ ၊ ဪ ... မမလေး မမလေး ဟု တွေးပြီး ၊ ရှေ့ကို ဆက်လက်၍ သွားမည် အပြုတွင် လမ်းဘက်သို့ လှည့်၍ ကြည့်လိုက်သော မမလေး၏ မျက်လုံးများနှင့် မျက်လုံးချင်း ဆိုင်မိလေ၏ ။ မမလေး ၏ မျက်နှာမှာ သိသိသာသာ ဂရုစိုက်သော အသွင် ပေါ်၍လာပြီး ဝမ်းနည်း သလို ဖြစ်၍သွားသည်ကို မောင်မြင့် သတိထားလိုက်မိလေ၏ ။ ထိုအခိုက်တွင် ကော်ဇော ပေါ်၌ ထိုင်၍နေသူများ အနက် ၊ တစ်ယောက်က ထပြီး “ အိုင်ဆေး ကိုမြင့် မဝင်တော့ဘူးလားဗျာ ၊ လာပါဦးလေ ” ဟု ခေါ်လေ၏ ။ မောင်မြင့်မှာ ပြုံးချင်တုန်း ကလိ ထိုးခံရ ဆိုသကဲ့သို့ဖြစ်ပြီး ဇရပ်ပေါ် ရောက်၍ သွားလေ၏ ။ မမလေး ချင်းလှီးရင်း မောင်မြင့်ကို မကြည့်တကြည့် လုပ်ကာ “ ကိုမြင့်လဲ ဥပုသ်စောင့်သားကိုး ” ဟု မိမိ ဖာသာ ပြောသလို ခပ် အေးအေး ပြောလိုက်လေ၏ ။

မြင့် ။  ။ “ မမလေးက လူဖြင့် တွေ့မယ် မကြံသေးဘူး ၊ စွပ်စွဲချင်တာက အရင်ပဲ ” ဟု မမလေးကို မကြည့်အားဘဲ ပိန်းတန်းဖိနပ်ကို နေရာချပြီး တရားဟော၍ နေသူ အပါးသို့ သွား၍ တင်ပျဉ်ခွေ ထိုင်လေ၏ ။ တရားဟောသူက ခေတ္တ ရပ်ပြီး ပြုံးလျက် မောင်မြင့်၏ မျက်နှာကို မော်၍ ကြည့်လေ၏ ။ မောင်မြင့်က ၄င်း၏ ကျောကို ပုတ်ကာ “ ပြောပါဟောပါလေ ၊ ဘာလဲ ခွဲရေး တွဲရေးလား ”

“ အိုး .. တယ်ခွကျတဲ့လူပဲ ၊ သီတင်းနေ့ကြီး ။ ဘယ်က တွဲရေးခွဲရေး ပြောရမှာလဲဗျာ့ ” ဟု တရားဟောဆရာ မောင်သက်နှင်းက ပြန်၍ပြောပြီး သမထ နှင့် ဝိပဿနာ ဘာဝနာ ခြားနားပုံအကြောင်းကို ဆက်လက်၍ ဟောလေ၏ ။

မောင်သက်နှင်းသည် လောကီ လောကုတ္တရာ ဗဟုသုတ အရာရာ အနောက်တိုင်း ခေတ်ကာလပညာ ၊ အရှေ့တိုင်း လောကီ အတတ် ဟူသမျှတို့မှာ အသက်သုံးဆယ်အရွယ်နှင့် မမျှအောင် နှံ့စပ်အားကြီးသဖြင့် အိုင်အေ မအောင်ဘဲ ကျောင်းမှ ထွက်ကာ လီဒါး ဖြစ်၍ နေလေ၏ ။ အချို့က လီဒါး လုပ်ရသောကြောင့် အခြား အလုပ်အကိုင် တစ်စုံတစ်ရာ မရဟု ပြောကြ၍ ၊ အချို့ကလည်း အခြားအလုပ်အကိုင် တစ်စုံတစ်ရာ မရသဖြင့် လီဒါး လုပ်ရသည်ဟု ပြောကြ၏ ။ သို့သော် နှုတ်လျှာသွက်သော လီဒါး ဖြစ်သည်မှာ မငြင်းသာချေ ။ သို့လီဒါး ပင် ဖြစ်သော်လည်း လီဒါး အစစ်ကြီး မဟုတ်သေးချေ ။ လီဒါး ခေါင်းဆောင်များနှင့် တွဲကာ ၊ လျှာနှင့် ဆောင်သူ ဖြစ်လေရာ ၄င်း၏ ဦးခေါင်းမှာ ပညာ ဗဟုသုတတွေ လွန်စွာ များသောကြောင့် နိုင်ငံရေးအမြင်ဉာဏ်မှာ အပြင်ယံလောက်သာ နက်နဲသူ ဖြစ်လေ၏ ။ သို့သော် မြန်မာပြည်နိုင်ငံရေးမှာ အပြင်ယံက ပိုမို၍ များလေရာ ၄င်း မောင်သက်နှင်း ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အထူးရေပန်းစား၍ နေ၏ ။

မောင်သက်နှင်းမှာ ၄င်း၏ မိဘများနှင့် ပတ်သက်၍ မမလေး၏ အရီး ဖြစ်သူနှင့် များစွာ ရင်းနှီးချစ်ခင်သူ ဖြစ်လေ၏ ။ မမလေး မှာလည်း ငယ်စဉ် ကတည်းက မိတဆိုး ဖတဆိုးကလေး ဖြစ်ခဲ့ရာ အရီး ဖြစ်သူ ကျောင်းအစ်မကြီး ဒေါ်ပုံ၏ လက်တွင် ကြီးခဲ့ရသူ ဖြစ်ရကား အခြား သားသမီး မရှိသော ကျောင်းအစ်မကြီးမှာ မမလေး၏ မိခင် ဖြစ်၍ နေလေ၏ ။ မမလေးကို ကျောင်းအစ်မကြီး၏ တူမ ဖြစ်သည်ဟု ကျောင်းအစ်မကြီး ကြားအောင် မည်သူမျှ မပြောဝံ့ကြချေ ။ သို့ဖြစ်၍ မမကလေးကို အများလူ တို့က ကံထူသူကလေးဟု အယူရှိကြလေ၏ ။ အကြောင်းမူကား ကွယ်လွန်သူ ကျောင်းဒကာ ဝန်ထောက်မင်း ၊ မြေတိုင်းစာရေး ဘဝမှ သေသည်တိုင်အောင် စုဆောင်းခဲ့သော စိန်ရွှေရတနာ ကျောက်သေတ္တာ တစ်ခုလုံးမှာ လေးငါးသိန်း တန်လေ၏ ။ ထို ရတနာ ဥစ္စာသေတ္တာမှာ ကျောင်းအစ်မကြီး မရှိလျှင် မမလေး တစ်ယောက်သာ အမွေခံရဖို့ ရှိလေရာ နှစ်စဉ် လယ်ထောက်ခ ရသော ငွေနှင့် အိမ်လခများမှာ တူဝရီးနှစ်ယောက် သုံးစားလှူဒါန်း မကုန်နိုင်သဖြင့် ထိုသေတ္တာမှာ အမြဲလိုလို ခိုင်လုံစိတ်ချရသော နေရာမှ အပြင်သို့ မထွက်ရ ။ တစ်ခါတစ်ရံ အကြီးအကျယ် ပွဲလမ်းသဘင်ကြုံသည့်အခါကျမှသာ မမလေး ကြိုက်ရာကို ရွေး၍ ဝတ်ဆင်ရန်အတွက် လည်းကောင်း ၊ အခြား ယုံကြည်သူ မိတ်ဆွေ များအား ငှားရန်အတွက် လည်းကောင်း ဘဏ်တိုက်မှ ထုတ်ရသော အခါကျမှသာ အိမ်သို့ ရောက်တတ်လေ၏ ။ သို့သော်လည်း ကံထူးသူမှာ မမလေး တစ်ယောက်သာ မဟုတ် ။ ကျောင်းအစ်မကြီး ကိုယ်တိုင်က များစွာ လိုလား၍ နေသော ခေါင်းဆောင်မျိုးချစ် မောင်သက်နှင်းလည်း ကံထူးရာတွင် ပါဝင်သူဖြစ်သည် ဟု အများ အယူ ရှိကြလေ၏ ။ မောင်သက်နှင်း မှာမူ အယူ ရှိရုံမဟုတ် ၊ စိတ်ချပြီး ဖြစ်လေ၏ ။

သို့ပင် စိတ်ချသော် ငြားလည်း မောင်မြင့် ရောက်၍လာ သောအခါ မျက်နှာမှာ ပြုံးယောင်နှင့် လင်းသလောက် ၊ စိတ်နှလုံးမှာ ဆိုင်းညို့ကာ မှောင်၍ သွားလေ၏ ။ အကြောင်းမူကား ၊ မောင်မြင့် မှာ ဝတ်လုံ တစ်ယောက်ထံ တပည့်ခံကာ ပါတနာ မကျ တကျ ဖြစ်၍နေသော ဒုတိယတန်းရှေ့နေကလေး တစ်ယောက် ဖြစ်သည့်အပြင် မမလေး နှင့် ကျောင်းနေဘက် ငယ်သူငယ်ချင်း ဖြစ်သည် ကို သက်နှင်း သိရှိလေ၏ ။

သို့ ပြောဟောနေစဉ် ချင်းလှီးရာ၌ တရုတ်ရုတ် လှုပ်ရှားခြင်းဖြစ်သဖြင့် ထ၍ ကြည့်ကြရာ မမကလေးကို မိန်းမတွေ ဝိုင်းအုံ၍ နေကြသဖြင့် အဘယ်သို့သောအကြောင်း ဖြစ်သည်ကို မသိနိုင်အောင် ရှိကြလေ၏ ။ မောင်မြင့်မှာ လက်တစ်ဖက်နှင့် ခါးထောက်ကာ ဘာဖြစ်တာလဲ ဟူသော အမူအရာမျိုးနှင့် ရပ်လျက် ကြည့်နေလေ၏ ။ သက်နှင်း မှာ ပျာလောင်ခတ်လျက် “ ဘာဖြစ်တာလဲ ၊ မမလေး ။ အို ... ဖယ်ကြပါဦး ၊ ကျုပ် ကြည့်ပါ ရစေဦး ၊ အမယ်လေး သွေးတွေနဲ့ပါလား ” ဟု ရင်ကို လက်တစ်ဖက်နှင့် နှိပ်ခါ သက်နှင်းမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျက် “ ဖယ်ကြပါဦး ၊ အို ဒေါ်သစ် ကလဲ ၊ ဘာဖြစ်လို့ ချက်ချင်း မပြောတာလဲ ခင်ဗျာ့ ၊ ဟဲ့ မယ်ရင် ၊ ရေ ရေ ။ ဒီကောင်မလေးကလဲ တယ် အ,တာကိုး ” စသည်ဖြင့် ပြောရင်း ရေအိုးများ ရှိရာသို့ ပြေးမလို လုပ်လေ၏ ။ ထိုအခိုက် မမလေး၏ အရီး အတွင်းခန်းမှ ပြေးထွက်၍ လာရာ သက်နှင်း သည် ၄င်းထံသို့ ပြေးပြီး “ ဒေါ်ဒေါ် မလာနဲ့ ၊ မကြည့်နဲ့ ၊ ဒေါ်ဒေါ် လန့်ဖျပ်ရှိပါ့မယ် ၊ ကျွန်တော် ကြည့်လုပ်ပါ့မယ် ၊ ဟဲ့ ဒီဇရပ်မှာ ဘာဆေးမှ မရှိဘူးလား ၊ ခက်လိုက်တာနော် ၊ ဒေါ်ဒေါ်တို့ကလဲ ဆေးကလေးဝါးကလေးမှလဲ အသင့်မထားဘူး ” ဟု တုန်လှုပ်ချောက်ချားသော အမူအရာနှင့် ပြောခိုက်တွင် ဧည့်သည် တစ်ယောက်က ဖယောင်းချက်ဆီဘူးကို ၄င်းအား လှမ်းပေးလေ၏ ။ သက်နှင်း သည် ဖယောင်းချက်ဆီဘူးကို ယူ၍ မမလေး ထံ ပြေးကာ ၊ ဝိုင်း၍ နေသော မိန်းမများကို ဖယ်ရှားပြီး “ မမလေး ... မမလေး ၊ အမယ်လေး သွေးတွေက လဲ မှန်းစမ်းပါဦး ၊ အို ... မကြောက်ပါနဲ့ ကိုကို ရှိပါတယ် ” စသည် ဖြင့် ပြောကာ အိတ်ထဲက လက်ကိုင်ပဝါကို ထုတ်ပြီး ဓားရှ၍ အရေမှေးကလေး ပွန်းကွာသော လက်ညှိုးကို ကိုင်တော့မလို လုပ်လေ၏ ။

မမလေးက “ အို ... ဖယ်ကြပါဦး ၊ ဘာမှ မဖြစ်ပါဘူး ၊ ကိစ္စမရှိပါဘူး ကိုသက်နှင်းရဲ့ ” ဟု ပြောရင်း ပြုံးရယ်ကာ မော်၍ ကြည့်လိုက်ရာ မောင်မြင့်၏ မျက်နှာကို မြင်လျှင် သာလွန်၍ ရှက်ပြီး မျက်နှာနီလျက် စိတ်ဆိုး၍ လာသော အမူအရာဖြင့် မိမိ၏ လက်ညှိုးကို လက်တစ်ဖက်နှင့် ကိုင်ရင်း ထိုင်ရာမှ ရုတ်တရက် ထပြီး “ ကိစ္စမရှိပါဘူးလို့ ဆိုတာပဲ ” ဟု ပြောလေ၏ ။ သက်နှင်း သည်ကား သြဇာရှိသော အမူအရာကို ပြကာ “ ဘယ် ကိစ္စမရှိ ရမှာလဲ ၊ မမလေး ဟာ အဲဒါမျိုးတွေ ခက်တာပဲ ၊ ဒေါချည်းပဲ ၊ “ ဘလတ်ပဝိုင်းဇင်းနင်း ” ဖြစ်တတ်တာမျိုး ခင်ဗျာ့ ၊ နေဦးနေဦး ကိုကို အိမ်မှာ ဆေးပုလင်း ပြန်ယူလိုက်ဦးမယ် ” ဟု ပြောပြီး ဇရပ်ရှေ့သို့ ဆင်းပြေးပြီး ကားတစ်စီး ပေါ်သို့ တက်၍ မောင်းနှင် ထွက်သွားလေ၏ ။ မောင်မြင့်သည် မမလေး ၏ အပါးကို ကပ်ကာ ကြည့်ပြီး “ အမယ်လေး ... အသက်နဲ့ ယူဇနာလေးသောင်း လောက် ကွာပါသေးတယ် ၊ ဆေးထည့်လို့တော့ မမှားပါဘူး ၊ သွားဦးမယ် မမလေး ” ဟု ပြောပြီး ဇရပ်ပေါ်မှ ဆင်းမည် ပြုလေရာ မမလေးက လျင်မြန်စွာ အံ့အားသင့်သလို မော်ကြည့်လျက် “ ဘယ်မှာများ ဒီလောက် အရေးကြီးနေသလဲ ” ဟု အပြစ်တင်သော အမူအရာမျိုးနှင့် မောင်မြင့် ကြားရုံမျှ ပြောလိုက်လေ၏ ။ မောင်မြင့်က “ အရေးမကြီးပါဘူး ၊ ဘုရားပေါ်က ... ဟိုသင်း ၊ အင်း ... သွားလိုက်ဦးမယ်လေ ၊ ဒေါ်ဒေါ် အခွင့်ပြုပါ ” ဟု ပြောပြီး ဆင်း၍ သွားလေ၏ ။ မမလေးမှာ မကြည်သာသော မျက်နှာထားနှင့် ကျန်ရစ်သည်ကို မောင်မြင့် သတိထားမိလေ၏ ။ လမ်းမသို့ ရောက်၍ အမှတ်တမဲ့ လှည့်ကြည့်လိုက်သော အခါမှာလည်း မမလေး ကြည့်နေသည်ကို မြင်မိလေ၏ ။ ကော်ဇော ပေါ်ရှိ ဧည့်သည်များသည်ကား တီးတိုး အမူအရာမျိုးနှင့် သက်နှင်း အကြောင်းကို ပြောလျက် ပြုံးရယ်၍ နေကြလေ၏ ။

••••• ••••• •••••

မောင်မြင့်သည် မမလေး အတွက် များစွာ စိတ်ပူလေ ၏ ။ မမလေး၏ စိတ်၌ မိမိအပေါ် အဘယ်ပုံ သဘောထားသည်ကို သိလေ၏ ။ မိမိ၏ စိတ်မှာမူ မာန်မာနလုံးကြီး ဖိစီး၍ နေသဖြင့် မိမိ၏ စိတ်ကို မိမိ မသိသကဲ့သို့ ဖြစ်၍နေလေ၏ ။ မိမိနှင့် မမလေး ကျောင်းနေဘက် ဖြစ်စဉ်က စ၍ ချစ်ခဲ့သော အချစ်သည် “ မ ရိပ် ” ကို မခိုဘူး ဟူသော မာန်မာန က ရှို့မြိုက်သဖြင့် တစ်ကြောင်း ၊ မမလေး၏ အရီးက သက်နှင်းကို လွန်စွာ လိုလား၍ နေသဖြင့် မမလေး မှာ သက်နှင်း နှင့် လွဲနိုင်တော့မည် မဟုတ်ဟူသော အကြောင်းကို ဒိဋ္ဌ သိရှိရသဖြင့် တစ်ကြောင်း ၊ ယခုအခါ အေး၍ နေခြင်း ဖြစ်လေ၏ ။ ငယ်စဉ်က မောင်မြင့် မိဘများမှာ ချမ်းသာခဲ့ကြသဖြင့် မမလေးနှင့် အဆင့်အတန်းတူခဲ့၏ ။ ယခုအခါမှာကား မိဘများ မှာ ပျက်စီးဆင်းရဲသဖြင့် မိမိကို အားကိုး၍ နေကြရ၏ ။ မိမိ မှာလည်း ဒုတိယတန်းရှေ့နေ ဖြစ်ရုံမျှထက် ဂုဏ်ထူး မရှိ ၊ နာမည်မှာ ထွက်မည် ကြံကာ အစအနကလေးမျှလောက်သာ ရှိသေးလေ၏ ။ အကယ်၍ စွန့်စွန့်စားစား စွဲစွဲလန်းလန်း ကြံလျှင် မမလေး ကို ရနိုင်ကြောင်း သိ၏ ။ သို့သော်လည်း မမလေး၏ စိတ်၌ သင်း ငါ့ကို မက်တာမဟုတ် ၊ ငွေကို မက်တာပဲ ဟူသော အတွေးမျိုး အနည်းငယ်မျှ ပေါ်မည်ကို လွန်စွာ စိုးရိမ်သည့်ပြင် ၊ ငါ တစ်နေ့သ၌ တရားဝန်ကြီး ဖြစ်မည် ။ ထိုအခါကျရင် ငါလည်း အိုမှာပဲ ။ အိုတော့မှ သင်းထက် သာတဲ့ ဇွန်းခြစ်ကလေးတွေကို လက်ဖြောက်တီး ခေါ်ယူမည် ။ နောက် လေးငါးခြောက်နှစ် ၊ ဆယ် ကိုးနှစ် ကြာရင် ပထမတန်း ဖြစ်မှာပဲ ၊ ငြိမ်ငြိမ်သက်သက် တည်တည်ကြည်ကြည် အလုပ်လုပ်ပြီး လူကြီးလူကောင်းများနဲ့ ဝင် ဆန့်အောင် ပေါင်းဖို့လိုတာပဲ ။ သည်အခါကျရင် တရားဝန်ကြီး မက ၊ ဟုမ်းမင်းဘားတောင် ဘယ်သူက မဖြစ်ဘူးလို့ ဆိုနိုင်မှာလဲ ဟူသော မာန်သည် “ ဂျီဘရော်လ်တာ ” ကျောက်တောင်ကြီးလို ခိုင်မာ၍ နေလေ၏ ။ မမလေး ၏ အရီး ဖြစ်သူမှာကား ဘုရားနှင့် တရားနှင့် လူရိုး လူကောင်း ပညာတတ် အိုင်အေ မောင်သက်နှင်း တို့လို ဟောတတ်ပြောတတ် ပရိသတ်ပွဲလယ်မှာ တင့်တယ်စွာ ထိုင်တတ်၍ အပျော်အပါး အသောက်အစား မရှိသော သူတော်ကောင်း လီဒါး လူကောင်းကလေးများ ကိုမှ လိုလားလေရာ မောင်မြင့်မှာ ရုံးရှေ့မှာ လျှောက်လဲသော အတတ်မှ တစ်ပါး မည်သည့် လောကီ လောကုတ္တရာကိုမျှ မဟောတတ် မပြောတတ် သည့်ပြင် မောင်သက်နှင်း ကဲ့သို့လည်း သူတော်ကောင်း မဟုတ် ။ အပေါင်းအဖော်နှင့် ကြုံသည့်အခါ အကြောင်းအခွင့်အားလျော်စွာ ဝီစကီကလေး ၊ ဘရန်ဒီကလေးများနှင့် မကင်းတတ်လေရာ မမလေး၏ အရီးလို မိန်းမကြီးမျိုးသည် ဧကန် နှာခေါင်းရှုံ့မှာပဲဟု စဉ်းစားပြီးလျှင် မမလေး အပေါ်၌ရှိသော အချစ်စိတ်၏ အစို့အညှောင့်တို့ကို တတ်နိုင်သမျှ ချိုးဖဲ့နှိမ်နင်း၍ထားသူ ဖြစ်လေ၏ ။

နောက် တစ်လလောက် ကြာသောအခါ ၊ မောင်မြင့် သည် နံနက် သတင်းစာ တစ်စောင်ကို ဖွင့်လိုက်ရာတွင် မျက်လုံး များ ပြူး၍ သွားလေ၏ ။ ဟုတ်မှ ဟုတ်ပါ့မလားဟု မျက်လုံးများကို ဖြဲ၍ကြည့်လေ၏ ။ စာခေါင်းကြီး မှာ မငြင်းနိုင်ပေ ။ ထို သတင်းစာခေါင်းကြီးမှာ ခြောက်သိန်းကျော်ဖိုးမျှ ရှိသော စိန်ရွှေ ကျောက် လက်ဝတ်လက်စားများ ထားသောသေတ္တာ သူခိုး နောက်သို့ ပါသွားသည် ဟူသော သတင်းဖြစ်လေရာ မမလေး၏ အရီးမှာ ပိုင်ရှင် ဖြစ်သည်ကို တွေ့ရှိရလေ၏ ။

မောင်မြင့်သည် သတင်းစာ ကို ကိုင်လျက် ဘုရားလမ်း မမလေးတို့၏ အိမ်သို့ ပြေးလေ၏ ။ မမလေးတို့ တူဝရီး မှာ မသာယာသော မျက်နှာနှင့် ခေါင်းချင်းဆိုင်ကာ တိုးတိုးတိတ်တိတ် စကား ပြောကြသည်ကို တွေ့ရလေ၏ ။ မမလေး၏ အရီး ဖြစ်သူမှာ အနည်းငယ်သာ စကားပြောပြီး အခန်းထဲကို ဝင်၍ သွားလေ၏ ။

“ ကျွန်မတို့မှာ အခု ဘာမျှ မရှိတော့ဘူး ၊ လယ်မြေပဲ ရှိတယ် ၊ ဒါလဲ လယ်ထောက်ခကို မျှော်လင့်ပြီး ငွေကို လွယ်သလောက် ချစ်တီး ဆီက ယူသုံးနေကြတာ ၊ အခုတော့ လယ်ခတွေ မရလို့ လယ်တွေပါ ထိုးအပ်ရတော့မလို ကျနေတာပဲ ” ဟု မမလေး က ဝမ်းနည်းစွာ ပြောလေ၏ ။

“ ဆင် ပိန် ကျွဲ ပေါ့ မမလေးရယ် ၊ ဒီလောက် ပစ္စည်းတွေ အမြောက်အမြား ရှိလို့ကော ဘာလုပ်မလဲ ”

“ ကျွဲမဟုတ်ဘူး ကိုမြင့် ၊ ကျွန်မတို့ ခွေးဖြစ်ကြပြီ ၊ ဘာမျှ မရှိတော့ဘူး ။ ကိုမြင့်လည်း တစ်ခါမှ ပေါ်မလာဘူး ။ အခု ဒီသတင်း ကြားတော့မှ ဝမ်းသာတာနဲ့ လာတာပါပဲ ထင်ပါရဲ့ ”

“ မင်း မောင်တော်များကော မလာဘူးလား ”

“ ဘယ်က ကျွန်မ မောင်တော်လဲ ကိုမြင့်ရယ် ၊ ကျွန်မတို့ကို ကိုမြင့်က ငေါ့တာလား ၊ ဘယ်သူ့ကို ပြောတာလဲ ”

“ ဟို လူလေ မင်း .. ကိုသက်နှင်းလေ ”

“ ကိုမြင့် .... ကျွန်မတို့ ဒုက္ခဖြစ်တာကို အားရရုံမက ကျွန်မတို့ကို ချိုးဖို့လာတာလား ၊ ကျွန်မ သူနဲ့ ဘာဖြစ်တယ်လို့ ထင်လို့လဲ ”

”ဘာမှ မထင်ပါဘူး ၊ မလာဘူးလားလို့ မေးတာပါ ”

“ လာပါရဲ့ ၊ ခုပဲ ပြန်သွားပါတယ် ” ဟုပြောပြီး ၊ နှစ်ယောက်သား ဆိတ်ငြိမ်စွာ နေကြလေ၏ ။

ထို့နောက် မောင်မြင့်က အဘယ်ပုံ ခိုးသည့်အကြောင်း ကို မေးရာ ၊ မမလေးက “ မိမိ ပွဲထိုင်သွားဖို့ သေတ္တာကို ထုတ်လာပြီး ရုတ်တရက် ဘဏ်ကို ပြန်မပို့ဘဲ ၊ သုံးလေးရက် အိမ်မှာ ထားမိသည့် အတွက် ဤကဲ့သို့ ဖြစ်ရကြောင်း ” ကို ပြော၍ ပြလေ၏ ။ မောင်မြင့်သည် ရှေ့ဦးပထမ ပုထုဇဉ်တို့ ဘာဝ အလျောက် အားရသလို ဖြစ်၏ ။ အကြောင်းမူကား စည်းစိမ်ဥစ္စာကြောင့် မမလေး နှင့် မိမိမှာ ဝေး၍ နေရလေ၏ ။ ထို့နောက် အဟုတ်တကယ် ကြင်နာသနား တတ်နိုင်သမျှ အားပေးစကားများကို ပြောပြီး ပြန်၍ သွားလေ၏ ။

ထို့နောက် မောင်မြင့်သည် မမလေးထံ နေ့စဉ်လိုလို ရောက်လေ၏ ။ ရောက်တိုင်း သက်နှင်း၏ အကြောင်းကို မေးလေရာ သက်နှင်းမှာ တစ်ခါသာ လာပြီး မိမိမှာ နိုင်ငံရေးအတွက် တရားဟောကိစ္စနှင့် ဒိစကြိတ်နယ်များသို့ သွားရသည်ဟု ပြောပြီး မပေါ်လာဘဲ နေတော့သည်ကို ကြားသိရလေရာ မောင်မြင့်၏ စိတ်ထဲ၌ သက်နှင်းကို သံဖိနပ်နှင့် ရှပ်တိုက်ကာ ချေမွ၍ ပစ်ချင်လေ၏ ။

••••• ••••• •••••

နောက်များမကြာမီ နွေရာသီ ရုံးပိတ်ရက်များတွင် မောင်မြင့်က မမလေးအား စိတ်ပြေလက်ပြေ ဘုရားဖူးရင်း အထက်ကို ရှမ်းပြည် အထိသွားဖို့ရန် ခေါ်လေရာ မမလေးတို့ တူဝရီး လိုက်ပါကြလေ၏ ။

ပဲခူးမြို့၌ မီးရထားပေါ်တွင် မမလေးတို့ တူဝရီးမှာ ခေါင်းမြီးခြုံလျက် တတိယတန်း မီးရထားတွဲတွင် အိပ်၍ နေကြလေ၏ ။ မောင်မြင့်မှာ မမလေး၏ အနီးတွင် ထိုင်လျက် သတင်းစာ ဖတ်၍ နေလေ၏ ။ ထိုအခိုက်တွင် အသက်ငါးဆယ်ကျော်ခန့် ရှိသော မိန်းမဝဝကြီး တစ်ယောက်သည် စိန်နားကပ်လား ၊ ဥဿဖရားလား မသိရ ။ တောက်ပစွာ ဝတ်၍ လာ၏ ။ အချိန်မဲ့ ညအခါ ခရီးအသွားမှာ စိန်နားကပ်ဖြင့် မဝတ်တန်ရာဟု မောင်မြင့် စိတ်၌ တွေးမိလေ၏ ။

၄င်းမိန်းမကြီး သည် အိပ်နေသော မမလေးကို ကြည့် ကာ “ ဘယ့်နှယ် လူအများ သွားလာတဲ့ တွဲမှာ အိပ်နေလို့ ဘယ့် နှယ်လုပ်မလဲ ။ ဟေ့ ဟေ့ ထလေ ” ဟု မမလေးကို ကိုင်လှုပ်ကာ နှိုးလေ၏ ။ မမလေးသည် ငေါက်ခနဲ ထ၍ ထိုင်ပြီး မိမိ၏ ရှေ့၌ ရပ်၍ နေသော စိန်ရောင်နားကပ်ကြီး နှင့် မိန်းမကြီးကို ကြည့်ကာ ဘယ့်နှယ် ရထားပေါ်မှာ သရဲလာချောက်ပါလိမ့်မလဲဟု တွေးကာ မောင်မြင့် ဘက်ကို လှည့်ကြည့်ပြီး “ ကိုမြင့် ဒါဘာလဲ ” ဟု မေးလေ၏ ။

မိန်းမကြီး ။  ။ “ ဒါ ဘာရမလဲအေ့ ၊ လူပေါ့ ။ ညည်းတို့ ဒီလို အိပ်နေရင် တစ်ခြား လူတွေ ဘယ်မှာ ထိုင်ရမလဲ ” ဟု ဒေါမာန်နှင့် ပြောလေ၏ ။

“ ဘယ်သူမှ မရှိလို့ ၊ ကျွန်မ ရန်ကုန်က ထွက်ကတည်းက အိပ်လာတာပါရှင် ၊ ဘာဖြစ်လို့ ဒီလောက် ဒေါသကြီးရတာလဲ ” ဟု ပြောခိုက်တွင် နောက်ပါ လိုက်ပို့သူများက “ ဘာလဲ ညာလဲ ” စသည်ဖြင့် ရထားပေါ်သို့ ရောက်လာကြလေ၏ ။

ထိုအခါ မောင်မြင့်က “ မမလေး ပြန်အိပ် ” ဟု ပြောလေရာ မမလေး ပြန်၍ အိပ်လေ၏ ။ မောင်မြင့်မှာ သတင်းစာကို ကြည့်၍နေလေ၏ ။

မိန်းမကြီးက မောင်မြင့် ဘက်ကို လှည့်ကြည့်ကာ “ မောင် ကျုပ်ကို ဘယ်သူ ထင်လို့လဲ မျိုးချစ်အစစ် ၊ မန္တလေးကို တရားဟော သွားရတာ ၊ ကျုပ် ယောက်ျားက အထက်အောက် တနင်္သာရီ ရခိုင် ကျော်ကြားထင်ရှားတဲ့ ပုဂ္ဂိုလ်ပါ ၊ အညတရများ မထင်လိုက်ပါနဲ့ ။ ကျုပ်ယောက်ျား နာမည်ကို သတင်းစာထဲမှာ မင်းတို့ မကြာမကြာ တွေ့ရပါလိမ့်မယ် ” ဟု မိန်းမကြီးက ပြောလေ၏ ။

မြင့် ။ ။ “ စိန်နားကပ်ကြီးကို မြင်ရုံနဲ့ အညတရ မဟုတ်ကြောင်း သိပါတယ် ၊ ပြောဖို့ မလိုပါဘူး ၊ ဘယ်သူများပါလဲ ခင်ဗျာ ”

“ သိချင်သလား ၊ ဦးသက်နှင်း ဆိုတာ ကြားဖူးရဲ့လား ”

ဟေ့ဟေ့ ဘာဖြစ်တာလဲ ဟူသော အမိန့်အာဏာသံ ကျယ်လောင်လောင်ကလေးသည် လူပိန်ပိန်ကပ်ကပ် သနားကမားကလေးနှင့် အတူ ရောက်၍ လာလေ၏ ။ သက်နှင်း နှင့်  မောင်မြင့် ၊ မမလေး တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့အားသင့်၍ နေကြလေ၏ ။

မြင့် ။  ။ အိုင်ဆေး ကိုသက်နှင်း ၊ လာပါ ၊ ထိုင်ပါ ၊ အောင်မယ်မင်း ကိုယ့်လူ မိန်းမ ရမှန်း အခုမှ သိရတာပဲ ။ ခင်ဗျား ခဲဖိုးကလေး ဘာကလေးမှ မပေးဘူးလားဗျာ ”

မမလေး ။  ။ “ ကျွန်မ မသိဘူး ၊ ကိုသက်နှင်း မိန်းမမှန်း သိရင် ကျွန်မ စောစောက ဖယ်ပေးမှာပေါ့ ၊ ထိုင်ပါ ဒေါ်ဒေါ် ” 

ထိုအခိုက်တွင် မောင်သက်နှင်း၏ မိန်းမ နှင့် မမလေး၏ အရီး မျက်နှာချင်း ဆိုင်မိကြလေ၏ ။

“ အလို ... မပုံပါကလား ”

“ ဟင် ... မသိုင်းခြုံ ပါကလား ၊ အောင်မယ်မင်း တစ်ခြား လူတွေ မှတ်လို့ ၊ ထိုင်ပါ ၊ ထိုင်ပါ ”

မကြာမီ နေရာများ ပေးကြ၍ တစ်ယောက် အပေါ်၌ တစ်ယောက် အခွင့်လွှတ်ကြပြီးနောက် ရယ်မော စကားပြောကြ ရာတွင် ဒေါ်ပုံ နှင့် ဒေါ်သိုင်းခြုံ တို့သည် ငယ်စဉ် အပျိုဖော်ချင်း ဖြစ်ခဲ့ကြသော အကြောင်းအရာများကို ပြန်၍ ပြောကြလေ၏ ။ သက်နှင်း ကလည်း မမလေးကို မိမိ နှမတော်ကလေး အဖြစ်နှင့် မိမိ၏ မယား ဖြစ်သူ အရီးသိုင်းခြုံ နှင့် အသိဖွဲ့ပေးလေ၏ ။ မောင်သက်နှင်း မှာလည်း စကားပြောသည့်အခါ ဝင်းခနဲလက်ခနဲ အရောင်တောက်သော လက်ကို တရားဟောစတိုင်နှင့် လှုပ်လေ၏ ။ ဒေါ်သိုင်းခြုံ မှာ မြေပိုင်ရှင် မုဆိုးမကြီး ဖြစ်လေရာ သက်နှင်းမှာ အပေါက်ကောင်း တိုးမိသူ ဖြစ်၍ နေသဖြင့် မိမိ၏ အကြံအစည် အလုပ်အကိုင်များ အကြောင်းကို လည်းကောင်း ၊ ရှေ့လာမည့် ရွေးကောက်ပွဲမှာ မိမိ မိန်းမ၏ သြဇာတန်ခိုးကြောင့် ခက်ခဲခြင်း ဖြစ်ဖို့ မရှိကြောင်းများကို ပြော၍ ပြလေ၏ ။

သို့ စကားပြောခိုက်တွင် မမလေးက သက်နှင်းကို ကြည့်ကာ “ ကိုသက်နှင်း ... ဝမ်းသာစရာ သတင်းတစ်ခု ပြောရဦးမယ် ” ဟု ပြောပြီး မောင်မြင့်ကို ပြုံးကာ လှည့်၍ ကြည့်လေ၏ ။

“ ဘာသတင်းလဲ မမလေး ရဲ့ ၊ ကျုပ် မိတ်ဆွေ ကိုမြင့် ကံကောင်းတဲ့ သတင်းလား ”

မမလေး  ။  ။ “ တစ်နည်းအားဖြင့် ဆိုရင်လဲ ဟုတ်ပါတယ် ။ ကိုမြင့် ကံကောင်းတဲ့ သတင်းပဲ ဆိုပါတော့ ”

သက်  ။  ။ နို့ တစ်ခြား ဘာသတင်းများ ရှိသေးလို့လဲ ”

မမလေး  ။  ။ “ ဟို ... စိန်သေတ္တာသတင်းလေ ၊ သူခိုး ခိုးသွားတယ် ဆိုတာ ”

“ အင်း ...ဘယ်လိုဖြစ်သလဲ ၊ သူခိုး မိသလား ”

“ မမိပါဘူး ၊ ပြန်ရတယ် ”

"ဟုတ်လား .. အင်း ... ဘယ်ပုံ ပြန်ရတာလဲ ” ဟု သက်နှင်းက စိတ်အား ထက်သန်စွာ မေးလေ၏ ။ မောင်မြင့်လည်း အံ့သြ၍ နေလေ၏ ။

“ ဒီလို ကိုသက်နှင်း ရဲ့ ၊ သူခိုး ယူပြီး တစ်စုံတစ်ရာကြောင့် ထိတ်လန့်ပြီး ထားပစ်ခဲ့တာနဲ့ တူတာပဲ ၊ မှန်ဗီရိုကြီး အောက်မှာ ထိုးပစ်ခဲ့တာကိုး ”

“ အော် ... ဟုတ်လား ”

“ ဟုတ်ကဲ့ ... ကံအားလျော်စွာ သွားတွေ့တာပဲ ၊ ဘယ်လိုဖြစ်ပြီး ဘာကို လန့်ပြီး မှန်ဗီရိုအောက် ထိုးပစ်ခဲ့သလဲ မသိဘူး ။ သေတ္တာ ပွင့်တောင် မပွင့်ဘူး ။ ဘာမှ ပါမသွားဘူး ” ဟု ပြောလေရာ သက်နှင်း သည် အားရဝမ်းသာဟန် ဆောင်သော်လည်း မရ ။ ဝမ်းနည်းခြင်းသည် ဖုံးဖိ၍ မရဘဲ နေလေ၏ ။

နောက် ၄င်းတို့နှင့် ကွဲသော အခါကျမှ မမလေးက မောင်မြင့် နှင့် သက်နှင်း နှစ်ယောက်စလုံး စိတ်ကို စမ်းလိုသဖြင့် ၊ တူဝရီး နှစ်ယောက် ဉာဏ်ဆင်ကာ သူခိုး ခိုးသည်ဟု ကြေညာလိုက်ကြောင်းကို မမလေးက မောင်မြင့်အား ပြော၍ပြလေ၏ ။

မောင်မြင့်က “ သူ့ သိုက်ကတော့ ရှာလို့ တွေ့တဲ့ သိုက် ၊ ဒီက သိုက်ကတော့ ရှောင်လို့ တွေ့တဲ့ သိုက် ဖြစ်နေတာပေါ့ ”

ဒေါ်ပုံ ။  ။ “ သူ့ သိုက်က ဟန်ပါကွယ် ၊ မြေပိုင်ရှင် မြေဈေးလျော့လို့ ၊ စပါးဈေးမှ မရှိဘဲ ၊ ဘာလုပ်တော့မလဲ ”

မောင်မြင့် ။  ။ “ အခု စိန်ဈေး ဘယ့်နှယ် နေသေးသလဲ ”

ဒေါ်ပုံ ။  ။ “ လွှင့်ပစ်ရလောက်အောင်တော့ မဟုတ်သေးပါဘူးကွယ့် ၊ သည့်ပြင်လည်း မင်း တဖြည်းဖြည်းတော့ သိမှာပေါ့ ”

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
      အတွဲ ၃ ၊ အမှတ် ၃၆
      ၅ ၊ ဒီဇင်ဘာ ၊ ၁၉၃၂

No comments:

Post a Comment