❝ ဝိမုတ္တိရသ ❞
( ကြည်မွေ့အိမ် )
“ ဆရာတော် ဟိုဘက် ဘုရားကြီးကျောင်းမှာ ဦးပဉ္စင်း ဦးဝါယမ ကျောင်းထိုင်မလို့တဲ့ ” ဟူသော တော မီးပျံ့နှံ့သလို တစ်မုဟုတ်ချင်း အနီးချုပ်စပ် ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့လာသည့် သတင်းစကားက နားထဲသို့ ခါးသက်ပူလောင်စွာ စီးဝင်လာသည် ။ ပြီးတော့ ဤ ဝါယမ ဆိုသူမှာ အခြားသူလည်း မဟုတ် ။ ရွာ တောင်ပိုင်းက ဆန်စက်ပိုင်ရှင် ဒကာ လူမှန်၏ သား ပင် ။ ဒကာ လူမှန် ၌ သားယောက်ျားချည်း ခြောက်ယောက်ထွန်းကားရာ အားလုံးက လယ်ယာကိုင်း ကျွန်းပိုင်ရှင်တွေ ၊ ဆန်စက် ၊ ဆီစက်ပိုင်ရှင်တွေ အဖြစ် ရွာမှာ ကြွယ်ပိုးကြွယ်ဝ နေနိုင်သူများ စာရင်းဝင်တွေ ဖြစ်လေသည် ။ သို့စဉ်လျက် ဤ ‘ ဝါယမ ’ ခေါ် ဝင်းအောင် မှာ ကျန်ညီအစ်ကို ငါးဦးလို လူမှုနယ်ပယ် ၊ လောကီရေးရာ နယ်ပယ်တွေမှာ ကြီးပွားရေး ၊ စီးပွားရေး စိတ်မဝင်စားဘဲ အသက်ရှစ်နှစ်သားလောက်က တည်းက ရှင်ပြုရဟန်းခံပေးခဲ့ပြီး ၊ ထိုသည်မှစ၍ ယနေ့ထက်တိုင် သာသနာ့ဘောင်ထဲကနေ ရှင်လိင်ပြန် လာခြင်း မရှိတော့ချေ ။
ယခု ‘ ဝါယမ ’ တစ်ဖြစ်လဲ ဝင်းအောင် ကိုရင်ဝတ်တုန်းက ၎င်းကျောင်းထိုင်မည် ဖြစ်သော ဤဘုရားကြီးကျောင်းမှာပင် ဖြစ်သည် ။ ရှင်ဝါယမ၏ မိဘများ ဖြစ်ကြသော ဒကာလူမှန် နှင့် သူ့ဒကာမ မမြနှစ် တို့က ဘုရားကြီးကျောင်း ကိုးကွယ်သူများဖြစ်ကြ၏ ။ ထို့ကြောင့်ပင် ရှင်ဝါယမ၏ မိဘနှစ်ပါး သာမက ၎င်း၏ ဆွေတော်မျိုးတော်များ အားလုံး ဘုရားကြီးကျောင်းသို့ သီတွဲလိုက်ပါ သွားကြကုန်လေ၏ ။ ထိုစဉ်က ဘုရားကြီးကျောင်း ကျောင်းထိုင် မှာ သာသနဓဇ ဓမ္မာစရိယအရှင် စန္ဒောဘာသ ဖြစ်သည် ။ ဆရာတော်မှာ စာတတ်ပေတတ်ပုဂ္ဂိုလ်တစ်ဦးပီပီ ဘုရားကြီးကျောင်းမှာ ဦးပဉ္စင်းငယ်ကလေး များ၏ စာအံသံတို့ဖြင့် ညိုးညိုးညံလျက် ရှိရာ ရွာ ကျက်သရေဆောင် အဖြစ် လည်းကောင်း ၊ သာသနာ့ အမွေခံ အဖြစ် လည်းကောင်း ၊ ကြီးမားသော ဂုဏ်ပုဒ် တို့နှင့် ဝင့်ဝင့်ထည်ထည် ရှိခဲ့ဖူးလေသည် ။
ထိုစဉ်က မိမိ ကျောင်းမှာ ဒကာ ၊ ဒကာမ ချောက်ချီးချောက်ချက်သာ ။ လက်ဖွဲ့ မန်းကွင်း လိုချင်သောသူများ ၊ ဗေဒင်တွက်ချင်သောသူများ ၊ ယတြာချေချင်သောသူများ ၊ စုန်းပူးလို့ နတ်ရူးလို့ ဆိုကာ ရောက်လာကြသော အသိဉာဏ်နုံနဲ့သူများသာ ဖြစ်ကြလေကုန်လျက် မိမိကိုယ်တိုင်မူ ငယ်ဖြူ ဘုန်းကြီးတစ်ပါးပင် ဖြစ်သော်လည်း ဘိုးစဉ်ဘောင်ဆက် ကိုး ကွယ်ဆည်းကပ်ခဲ့သော ဤ ‘ တောင်ပေါ်စေတီ ’ ကျောင်း၌ ကျောင်းထိုင်ဖြစ်လာသည်အထိ ပရိယတ္တိ စာပေကို ဝင်ဆံ့အောင် ဟုတ်ဟုတ်လောက်လောက် သင်ယူတတ်မြောက်ခြင်း ၊ လေ့လာဆည်းပူးခြင်း မရှိခဲ့ ။
မိမိ၏ ဘိုးဘွားများကလည်း တကယ့် တောသူ တောင်သား ရိုးရိုးအအ လယ်သမားများမို့ အထူးတလည် အရေးတယူ ဟိုဟိုဒီဒီ တွေးခေါ်မြော်မြင် နိုင်ကြသည် မဟုတ်ဘဲ ဥပုသ်နေ့၌ သီလယူရန်နှင့် ဘုန်းကြီးကျောင်း၌ အေးအေးလူလူ ညအိပ်ရန် ၊ ပုတီး တချောက်ချောက် စိပ်ရန် ဒါပဲဖြစ်သည် ။ သို့အတွက် နားအေးပါးအေးရှိ တော်ပြီဆိုကာ သေတစ်ပန် သက်တစ်ဆုံး အနှီ ‘ တောင်ပေါ်စေတီ ’ ကျောင်း၌သာ အရိုးထုတ်ခဲ့ကြရှာလေ၏ ။
မိမိ ကို မူကား တစ်ဦးတည်းသော သား ဖြစ်ရကား မြို့ကျောင်းမှာလည်း ပညာ မသင်စေလို ။ မခွဲနိုင် မခွာရက်လှသဖြင့် စာသင်ချင်းသင် ဤ ‘ တောင်ပေါ်စေတီ ’ ကျောင်း၌သာ မျက်စိအောက် သင်စေလို၍ မသေလွန်မီကပင် မိမိကို တောင်ပေါ်စေတီကျောင်း ဆရာတော်ထံ အပ်နှံ၍ သာသနာ့ဘောင်သို့ အပြီးတိုင် သွတ်သွင်းသမှု ပြုခဲ့ကြလေ၏ ။ မိမိ ဘုန်းကြီး ဘဝ ရောက်ခဲ့သည်မှာ တစ်ဆယ့်လေးနှစ်အရွယ် ကတည်းက ဆိုသဖြင့်လျှင် ယခု မိမိအသက် ငါးဆယ့်သုံးနှစ် ။ ဝါ လေးဆယ်နီးခဲ့ပြီ ။ ဆိုရရင်တော့ ဝါအရ မိမိကို ဝါဂုဏ်အားဖြင့် ယှဉ်ပြိုင်နိုင်မည့် ဘုန်းကြီးဟူ၍ ဤအနီးအပါး ဝန်းကျင်မှာ မပေါ်လေသေး ။
ကိုယ့်အရပ် ကိုယ့်ဇာတ် ၊ ကိုယ့်ရွာ ကိုယ့်ကျောင်း ဆိုသလို မိမိမှာလည်း ဘုန်းကံကြီးမားလှသည့် အချိန်တစ်ချိန် ဆိုတာ အမှန်တကယ်လည်း ရှိခဲ့ဖူးပါ၏ ။ ဘုရားကြီးကျောင်းဆရာတော် အရှင်စန္ဒောဘာသ ပျံလွန်တော်မူပြီးနောက် စာသင်သား ကိုယ်တော်များသည် စာသင်တိုက်အသီးသီးသို့ ကိုယ်စီ ကိုယ်င ပြောင်းရွှေ့ထွက်ခွာသွားကုန်ကြရကား မိမိ ကျောင်းမှာ လူစည်ကားဖို့ အကြောင်းဖန်လာခြင်း ဖြစ်လေသည် ။ မိမိ အနေဖြင့် ဝါအရ ဟုတ်ဟုတ်ဟတ်ဟတ် တရားဟောကိုယ်တော် ၊ ကျမ်းပြုကိုယ်တော် မဖြစ်ခဲ့ရငြား အင်းဘုန်းကြီး ၊ ဆေးဘုန်းကြီး ၊ ဗေဒင်ဘုန်းကြီး ၊ ယတြာဘုန်းကြီး ၊ ဓာတ်ဘုန်းကြီး ၊ နတ်ဘုန်းကြီး အဖြစ်တော့ အလွန် အင်မတန် နာမည်သတင်းကြီးသူ ဖြစ်လေ၏ ။
မူလ ‘ တောင်ပေါ်စေတီ ’ ကျောင်းဆရာတော်က မိမိအား ယတြာအတတ် ၊ အင်းအတတ် ၊ ဗေဒင် အတတ်များ သင်ပေးခဲ့သဖြင့် တတ်မြောက်တန် သလောက် တတ်မြောက်ခဲ့ရကား တစ်နေ့တစ်နေ့ ဘုရားဝတ်ပြု ၊ ဆွမ်းခံထွက် ၊ ကျောင်းသင်္ခမ်းကို တံမြက်လှည်း ၊ စေတီတော်ကို ထုံးသင်္ကန်းကပ်တန် ကပ် ၊ ကျောင်းရှိ ကိုရင်ငယ် လေးငါးပါးတို့အား ဘုရားရှိခိုးစာသင် ၊ ငါးပါးသီလ ၊ ရှစ်ပါးသီလပို့ချ ၊ ပြီးလျှင်တော့ မိမိ၏ အတတ်ပညာတို့ကို ပြန်လေ့လာ တစ်ခါတစ်ရံတော့ ပုတီးတချောက်ချောက် စိပ် ။
ရွာမှာ အဲ့ဟိုလွန်ခဲ့သည့် လေးငါးနှစ်လောက်တုန်းက ဘာဖြစ်သည်မသိ ။ လူတွေမှာ ကပ်သုံးပါး ဆိုက်လေ၏ ။ စပါးခင်းပိုးကျလို့ ၊ မိုးဖျက်လို့ ပဲခင်း ပျက်ပြန်ပြီ ၊ ဝမ်းရောဂါတွေ အိမ်တိုင်းလိုလိုပဲ ၊ ကလေးတွေမှာ အမျိုးအမည်မသိ ကူးစက်နာပေါက် လို့ အစရှိသဖြင့်သော ဘေးအပေါင်းနှင့် ရွာပျက် ခမန်းဖြစ်လိုက်သေး၏ ။ အချို့အယူသီးသူ လူကြီး သူမများက ရွာသနလို့ ဟု ပြောကြပြန်သည် ။ ပဋ္ဌာန်း ပွဲတွေ ဟိုကဒီက ပူဇော်ကြရာ မိမိကျောင်းမှာလည်း ဟိုကျောင်း ဒီကျောင်းမှ သံဃာတွေ ပင့်ပြီး သုံးရက် သုံးည အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ကျင်းပခဲ့ရသေးသည် ။
ထိုအရေးအခင်း ပျက်၌ မိမိကျောင်းမှာ လူတွေ တရုန်းရုန်း တအုန်းအုန်းနှင့် စိတ်ကြည်နူးဖွယ်ပင် ကောင်းသေးတော့ ။ ဗေဒင်လာမေးသည့် ပရိသတ် နှင့် ၊ ပရိတ်ကြိုးစောင့်ယူသည့် ပရိသတ်နှင့် ၊ ဆေး လာကုသည့် ပရိသတ်နှင့် ၊ အနာမန်းချင်သည့် ပရိသတ်နှင့် ။ အိမ်း ... အဲသည်တုန်းက ကိုရင်ကုမာရ တို့ ၊ ကိုရင်သာဝရ တို့ မပြောနှင့် ။ ကပ္ပိယကြီး မောင်ညိုတို့ပင် ဟိတ်ဟန်တကားကားနဲ့ ။ တုံကင်နံပါတ်ပြား စောင့်နေရသည့်သူတွေများကလည်း မောင်ညို ဘေးမှာ ဝိုင်းလို့ ။ မောင်ညိုရဲ့ ဇနီးမယားဆွေမျိုး တစ်သိုက်ကလည်း မိမိ ကျောင်းပေါ်မှာ နေ့နေ့ညည ဆွမ်း ၊ ကွမ်း ၊ ဝေယျာဝစ္စကိစ္စများဖြင့် အသံတကျယ်ကျယ် ။ ဧည့်ပရိသတ်တွေ ပြန်သွားပြီးလျှင်တော့ သိမ်းပေဆည်းပေရော့ ။ နည်းနည်းနောနော အမှိုက်တွေ မဟုတ် ။ ဘုန်းကြီးလိုက်ပုံများ သူက ဆရာတော် ၊ ငါက ဆရာတော်နှင့် ။
“ ဆရာတော် ပြောတာ မှန်လိုက်တာဘုရား ။ တပည့်တော်မ ကံကောင်းလို့မသေတာ ဘုရာ့ ။ သေကိန်းရှိတယ်ဆိုပြီး ဆရာတော် ယတြာပေးလိုက် လို့သာပေါ့ ”
“ ဟယ် .... ခန္ဓာပျက်ကိန်းလို့ သုံးစမ်းပါကွဲ့ ။ မင်းတို့တွေ တယ်လည်း အာလုတ်ကြမ်းသကိုး ။ အေး .. အေး ကြပ်ကြပ်သတိထား ၊ ဇမ္ဗူ ဒီပါလက်ယာ တောင်ကျွန်း နိမိတ်ထွန်းသကွဲ့ ။ စကားတွေကို ဆင်ခြင်ပြောကြလကွယ် ”
“ တင်ပါ့ တပည့်တော်မ မေ့သွားလို့ပါဘုရား ”
“ အိမ်း .... အိမ်း ”
“ တပည့်တော်ရဲ့ သားကလေးတော့ အရှင်ဘုရား ကယ်တဲ့အသက်ပဲ ရှိပါတော့တယ်ဘုရာ့ ။ ဘုန်းဘုန်းပေးတဲ့ ဆေးနှစ်ခွက်ပဲ သောက်လိုက်ရ တယ် ။ တစ်ခါတည်း ယူပစ်သလို ပျောက်သွား တော့တာပါပဲ အရှင်ဘုရား ”
“ အေးလကွယ် ၊ ကျုပ် အပြောသားဟာ ၊ သုံးခွက် အပြင် ပိုမသောက်ရပါဘူးလို့ ”
“ တပည့်တော် သမီးလေး စုန်းပူးတာ ကောင်းသွားပေါ့ ဘုရာ့ ။ ဆရာတော့် မန်းကွင်းပရိတ်ကြိုးသာ မရရင် မတွေးဝံ့စရာဘဲ ။ ဝမ်းသာလွန်းလို့ပါ ဘုရား ။ တပည့်တော် စပါးသိမ်းပြီးရင် ဆွမ်းအုပ် ချက်ပါဦးမယ် ဘုရား ”
“ အိမ်း ... ကောင်းတာပ ”
အဲ့သလိုမျိုးတွေဆိုတာ မိမိအပြင် အခြား စွမ်းဆောင်နိုင်သည့် သူရယ်လို့မှ မရှိတာ ။ တစ်ခါတုန်းက ပေမယ့်လို့ ဒါက တကယ် ဖြစ်ခဲ့တာလေ ။ မိမိ ကျောင်းသင်္ခမ်းမှာ ဝတ်ကြီးဝတ်ငယ် ဖြည့်ရင်း တစ်ဝမ်းတစ်ခါး မပူမပင်မကြောင့်မကျ စားသောက်မှု ကိစ္စ ပြီးရသူတွေလည်း ဒုနဲ့ဒေး ။ ရှင်ပြုရဟန်းခံ ဘယ်မှာ ရှိလဲဆိုရင် တောင်ပေါ်စေတီကျောင်းပေါ့ ။ မိမိ ကလည်း လှူဖွယ်ပစ္စည်းရှင်များကို အနည်းဆုံး ဆေးတစ်ဖုံ ပြန်ပေးခဲ့သည်ချည်း ။ ဆေးအလှူ ဆိုတာ အာယုဒီဃကောင်းမှု ထဲမယ် ပါတယ် မဟုတ်လား ။
သို့ပေမဲ့ လူ့ဘောင်လောကက လူတွေ ဆိုတာမျိုးက တယ်လည်း ကြောက်စရာ ကောင်းဘိခြင်း ။ ကျေးဇူးကန်းချင်သူတွေ ၊ လိုလောဘကြီးမားသူတွေ ၊ တစ်ဘို့သာ ကြည့်တတ်ကြသူတွေ ဖြစ်ကြပါပေ၏ ။ အခုလိုမျိုး အလိုဆန္ဒတွေ ပြည့်ပြီး၍ ရစရာ ယူစရာ ဘာမှမကျန်တော့သည့်အခါမျိုး ဆိုလျှင်တော့ ဘုန်းကြီးကျောင်း ရောက်လာဖို့ ဝေးလို့ ဆွမ်းတောင် ထွက်လောင်းချင်ကြတော့သည် မဟုတ် ။ အိမ်း .. ဒင်းတို့တစ်တွေကို အပြစ်မြင်ဖို့လည်း မဖြစ်သေး ။ ဒင်းတို့တစ်တွေမှာ အသက်ရှူဖို့တောင် အချိန်လုပြီး တစ်ဝမ်းတစ်ခါးအတွက် ပြေးလွှားလုပ်ကိုင်နေကြ ရတာလေ ။ ဘုန်းကြီးကျောင်းကို ကျော်ပြီးတော့ ၊ ခလုတ်တိုက်ပြီးတော့ ရဲရဲဝံ့ဝံ့ကလေးမျှသော်မှ မော် မကြည့်နိုင်ကြ ။ အိမ်း ... ။
“ ပြီးတော့ အဲ့ဒီ ဝါယမ ဆိုတဲ့ ကိုယ်တော်က အမေဒိကပြန် ဆိုလားပဲ ။ ပြောနေကြတယ်ဘုရား ”
“ ဖြစ်နိုင်ပါ့မလား မောင်ညိုရဲ့ ၊ အမေရိက ဆိုတာ သွားချင်တိုင်း သွားလို့ရတဲ့ နေရာမှ မဟုတ်တာဘဲကွဲ့ ”
“ တင်ပါ ၊ အဲ့ဒါကြောင့်မို့ပဲ နောက်လထဲမှာ အရှင်ဝါယမကို ပူဇာသဘင်နဲ့ ခမ်းခမ်းနားနား ဂုဏ်ပြုပွဲလုပ်ပေးမယ်လို့ စီစဉ်နေကြတယ်ဘုရာ့ ။ ပြီးတော့ အဲဒီ ဂုဏ်ပြုပွဲမှာ ရှင်ဝါယမ ကိုယ်တိုင် တရား ဟောမယ်တဲ့ ”
“ ဒီသူငယ်လေးက တရားဟောမယ် ၊ ဟုတ်ရဲ့လား ကပ္ပိယကြီးရယ် ”
“ တင်ပါ ၊ တရားဟောဓမ္မကထိကတဲ့ အရှင်ဘုရား ၊ ဒေါက်တာဘွဲ့ တောင် ရခဲ့ဆိုတာကိုး ဘုရာ့ ။ ဘုရားကြီးကျောင်းကို အရင်လို ပရိယတ္တိစာသင်တိုက် ပြန်ထူထောင်မယ်တဲ့ ။ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက်ချီးမြှင့်ပေး မှာတဲ့ ။ ဒကာလူမှန်တို့များ မျက်နှာကို မော့နေတာ ပေါ့ဘုရား ။ တစ်မိပေါက် တစ်ယောက်ထွန်းမို့လား ဝမ်းသာရှာပေမပေါ့ ။ တပည့်တော်တောင် မဆီမဆိုင် ဝမ်းသာနေသေးတာလေ ”
“ အိမ်း .. ”
တပည့်တော်တို့ ရွာမှာ သံဃာတွေ ဆိတ်သုဉ်းလုလု ဖြစ်နေတာ ဘုရား ။ အခုလို စာသင်တိုက်ပြန် ဖြစ်မယ်ဆိုတော့ အားရတာပေါ့ဘုရား ။ ကိုယ့်ရွာ ကိုယ်ကျောင်းမှာ စာအံသံ တညံညံနဲ့ ဆိုတော့ ပီတိ ဖြစ်စရာကြီး ။ တပည့်တော်တောင်မှ ဟိုကောင်ငပွေး ကိုရင်ဝတ်နိုင်ရင် ဘုရားကြီးကျောင်းမှာပဲ ဝတ်ပေးမယ် ဘုရာ့ ၊ စာတတ် ပေတတ်အောင်လို့ ”
“ အိမ်း ... ”
ပဏ္ဍိတ ။ ဘာများ တုန်လှုပ်စရာ ရှိလို့တုန်း ။ ဝါယမ ဆိုတာ မနေ့တစ်နေ့ကမှ လူ့လောကထဲ ရောက်လာတာ ။ ဘုန်းကြီးလောကထဲ ရောက်လာ တာ ဘယ်နှဝါ ရှိသေးလို့များ တန်ခိုးထွားနေရ ပါလိမ့် ။ ပဏ္ဍိတ ။ မင်းလို ဝါလေးဆယ်နီးတဲ့ ၊ ဝါ ဂုဏ်ကြီးတဲ့ ကိုယ်တော်လား ။ ပြီးတော့ ဒီရွာ တစ်ဝိုက်မှာ ပဏ္ဍိတရဲ့ ကျေးဇူးနဲ့ ကင်းပပြီး လူလားမြောက်လာတဲ့ ကလေးတွေ တစ်ယောက်မှ မရှိသေးဘူး ။ ဘယ်အာဂန္တုပဲ ရောက်လာရောက်လာ ပဏ္ဍိတ ကို ကျော်လို့ ဖြစ်နိုင်မတဲ့လား ။ အသက်ကလေး သုံးဆယ်ကျော်ဝန်းကျင်လောက်နဲ့ နိုင်ငံခြားပြန် ဒေါက်တာဘွဲ့ ရခဲ့တယ် ဆိုပြီး မာန်မာန မောက်ကြွလေသလား ။ အသက်ဂုဏ်ဝါ ကြီးမားလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်လုံး အနီးကျောင်းမှာ သီတင်းသုံးနေတယ် ဆိုတာများ မသိကျိုးကျွံပြုယောင်တကား ။
ပဏ္ဍိတ မတုန်လှုပ်နဲ့ ။
လောကဓံရှစ်ပါးလောက်ကတော့ ... ပဏ္ဍိတ ။ မင်းလည်း ဖြစ်ရဲ့ မဟုတ်လား ။
လာဘ ၊ အလာဘ ၊ ယသ ၊ အယသ ။ နိန္ဒာ ၊ ပသံသာ ၊ သုခ ၊ ဒုက္ခ ၊ ဒါလောက်ကတော့ ဖြစ်ပါသေး ။ အိမ်း ... ။
ဘုရားကြီးကျောင်း ဆရာတော် ပျံတော်မူပြီး နောက် မိမိကို ဘုရားကြီးကျောင်းမှာ ကျောင်းထိုင်ဖို့ လာပင့်ကြသေးသည် မဟုတ်လား ။ မိမိကကော ဘာဖြစ်လို့များ ကြွမသွားဖြစ်ခဲ့ပါလိမ့် ။ အနှီ တောင်ပေါ် စေတီကျောင်းမှာ ဧည့်ပရိသတ် တရုန်းရုန်းနှင့် နေဖြစ်ခဲ့ပါလိမ့် ။ မိမိကလည်း ဘာဖြစ်မှန်း မသိ ။ စာတတ်ပေတတ် အထင်ကရ ပုဂ္ဂိုလ်ရဟန်းတစ်ပါးပါး ရောက်လာပြီ ဆိုတိုင်း ချွေးဒီးဒီးကျအောင် တုန်လှုပ် အားငယ်ခြင်း ဖြစ်ရမြဲ ။ ဒါက စာပေကျမ်းဂန်နှံ့စပ်အောင် မသင်ယူ မတတ်မြောက်သူတို့ရဲ့ စိတ်အားငယ်ခြင်းမျိုးလား ။ ငါးပါးသီလလောက် ၊ ရှစ်ပါးသီလလောက် ၊ ဣဒံမေပုညံလောက် နှင့်သာ ပြီးနေရသော ရွာသူရွာသားများ တရားဓမ္မစစ်စစ်ကို ငတ်မွတ်တောင့်တနေတာ ကြာပါကော ။ မောင်ညို လို လူတစ်ယောက်ကပင် တရားသံကို ဆာလောင်နေခြင်း ။ မြတ်ဗုဒ္ဓ၏ သစ္စာတရား အဆီအနှစ်တွေဆိုတာ ဘာပါပဲရယ်လို့ မိမိ အနေဖြင့် တစ်ခါဖူးမျှ ဟောဖော် ညွှန်ပြပေးနိုင်ခြင်း မရှိခဲ့ ။ ကိလေသာ အညစ်အကြေးများ ပယ်ကွာသွားအောင် ခန္ဓာဖြစ်ပျက် ၊ အနတ္တ ၊ သင်္ခါရတရားတို့ကို မိမိ နည်းမှန်လမ်းမှန်ဖြင့် ဟောပြောပြသနိုင်ခြင်း မရှိခဲ့ ။ ဤသို့သော အခါသမယ၌ လူတို့သည် ၊ ရွာသူရွာသားတို့သည် မြတ်စွာဘုရားရှင်၏ နှုတ်ကပါတ်တော်တို့ကို ပြန်ပြောင်း ပို့ချမည် ဖြစ်သော တရားဓမ္မတို့၏ အနှစ်သာရကို ဟောပြော ပြသမည်ဖြစ်သော အရှင်ဝါယမ ခေါ်သည့် ရဟန်းပျို့ ရဟန်းငယ်ထံသို့သော အုံးအုံးခဲခဲ ဝင်ထွက်ကြည်ညို ပူဇော်ခြင်း ပြုကြပေတော့မည် ။ ကွယ်ရာ၌ မိမိကို ‘ ဘိုပန် ’ ဟူ၍ နာမည်ပြောင်ပေးကာ မိမိ၏ ကျောင်းသင်္ခမ်းဝ၌ ကြိတ်ကြိတ်တိုးခဲ့သော လူဧည့်ပရိသတ် အပေါင်းတို့သည် မိမိကို မေ့ပျောက်၍ သွားကြပေလိမ့်မည် ။
အိမ်း ... ။
သို့နှင့်ပင် စိတ်မချမ်းသာဖွယ် နေ့ရက်တို့ကို မျက်စိပိတ် ၊ နားပိတ်ကာ နေပစ်လိုက်ချင်သော်လည်း မရချေတကား ။
“ ဆရာတော် အရှင်ဝါယမ အတွက် ဂုဏ်ပြုပူဇော် သဘင်မှာ ကြွရောက်ချီးမြှင့်ဖို့ ဖိတ်စာ ရောက်ပါတယ် ဘုရား ”
“ အိမ်း .... ကျုပ် ခရီးကြွစရာ ရှိတာကော မောင်ညို ရဲ့ ။ မင်းပဲ အချိန်မီ အကြောင်းပြန်လကွယ် ။ ခမျာတွေမှာ အခြား ရွာနီးချုပ်စပ် ကိုယ်တော်တစ်ပါးပါး ကိုယ်စား ပင့်ရအောင် ”
“ မကြွလို့ တော်ပါ့မလား ဘုရာ့ ၊ ကျောင်းအပ်ပွဲကြီးကို ။ ပြီးတော့ ဆရာတော်က သြဝါဒကထာ ပေးရမတဲ့ ”
“ အိမ်းလေ ဒါပေသည့် ဟိုမှာကလည်း ယခင် ရက်အတော်ကြာကတည်းက ကြိုပင့်ထားတာဆိုတော့ ဖျက်လို့ မတော်ဘူးကွဲ့ ။ ပြီးတော့ သေရေးရှင်ရေး လူနာသည်လည်း ရှိနေသကိုးကွယ် ။ မင်းပဲ သင့်သလိုလျှောက်ခဲ့ ”
“ တင်ပါ့ ”
သင်္ကန်းကို ပြင်ရုံ၍ စိပ်ပုတီးကြီး ဆွဲကိုင်ပြီး စေတီ ပရိဝုဏ်၌ စင်္ကြံလျှောက်ရင်း မိမိ အတွေးတွေက ဟိုရောက် ဒီရောက် တောင်စဉ်ရေမရ ကမောက်ကမ နိုင်လှလေ၏ ။ အိမ်း ... ။
မိမိသည် ပရိယတ္တိစာပေတို့ကို သင်ကြားတတ်မြောက်ခဲ့ခြင်း မရှိသည်က ပညာမျက်စိ မရှိခြင်း ပေမို့ တကယ့် လူဗိုလ်ပုံအလယ် ၊ လုထုပရိသတ် အလယ် ၊ ရဟန်းပရိသတ်အလယ်တို့၌ ဝါဂုဏ် အရသာ မြင့်မြတ်ပြီး စာဂုဏ်အရ ဆွံ့အကန်းကြောင် သူလို ဖြစ်နေရကား မည်သည့် စာပြန်ပွဲ၌မဆို ၊ မည်သည့် ဓမ္မပူဇာ သဘင်ပွဲများ၌ မဆို ယခုကဲ့သို့ အကြောင်းပြချက် တစ်မျိုးမျိုး ပေး၍ တစ်နေရာရာသို့ ရှောင်ပြေးရစမြဲပင် မဟုတ်လော ။ မြတ်စွာဘုရားရှင်၏ သာသနာ့အရိပ် အောက်၌ နှစ်ပေါင်းလေးဆယ်နီးပါး ခိုလှုံ၍ မြတ်စွာဘုရားရှင် မဟောပြော မပို့ချသည်များကိုသာ ပြုဖွယ်ကိစ္စ အဖြစ် ဆောင်ရွက်ပို့ချရင်း အချိန်တွေ ကုန်ခဲ့ပါကော ။
အမှန်ဆိုရသော် မိမိအနေဖြင့် ဓာတ်ကြီးလေးပါး၏ ဖောက်ပြန်မှု သဘောသဘာဝမျှလောက်ကိုတောင် မသိမူဘဲ လောကီရေးရာ ကိစ္စရပ်များဖြင့် အချိန်ကုန်ခံ၍ နေထိုင်ခဲ့ရခြင်းမှာ ရှက်ဖွယ်လိလိ ပါတကား ။ ဤလို အနှစ်မဲ့မဲ့ အကာပြဲ့ပြဲ့ခြင်းကြောင့်ပင် အထင်ကရ စာပေကျမ်းဂန် သင်အံတတ်မြောက်သူများ ရောက်လာလျှင် ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ ဆိုသကဲ့သို့ ဝေးရာလေးပါး ပြေးရမြဲ မဟုတ်လား ။ မိမိ သင်္ကန်းရုံခါစကမှ ခြေလှမ်းပင် မခိုင်တတ်သေးသော ဤလူငယ်ကလေးသည်ပင် ယနေ့ မိမိ ထံပါးသို့ ပုဂ္ဂိုလ်ကျော် တစ်ဦး အဖြစ် ပြန်လည် ရောက်ရှိလို့လာခြင်း ။
သို့သော်လည်း မိမိ စိတ်ထဲ မတင်မကျ ဖြစ်ရလှဘိတောင်း ။ ဤနယ်တစ်ဝိုက်တွင် မိမိက ဝါအရ အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ပါလျက် ထိုရဟန်းပျိုသည် မိမိအား အဘယ့်ကြောင့် အပူဇော် မကြွရောက်လာဘိလေသနည်း ။ ၎င်းမှာ စာတတ်ပုဂ္ဂိုလ် ဖြစ်၍ မိမိမှာ စာပေ မတတ်သည့် တောနေဘုန်းကြီး ဖြစ်၍ ဂရုမပြု အရေးမစိုက်ခြင်းပေလော ။
မိမိသည်လည်း မိမိ၏ အဓိဋ္ဌာန်အရ ၊ မိမိ ကျွမ်းကျင်နိုင်နင်းသော သမထအားတို့ဖြင့် လူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခြင်းအမှု ပြုလုပ်ခဲ့သည်ပင် မဟုတ်တုံလော ။ လူ့အသက်ကို ကယ်တင်စောင့်ရှောက်ခြင်း သည်လည်း ကောင်းမှုပြုခြင်း မမည်သလော ။ အိမ်း ... ။
လောကီရေးရာ ကိစ္စရပ်များ၌ မိမိ အလေ့အထုံ များခဲ့ခြင်းမှာ မိမိအပြစ်မဟုတ် ။ မိမိ ကျင်လည်ရာ အဝန်းအဝိုင်းက ပို့ချသင်ကြားပေးသော အမှုကို မိမိ အနေဖြင့် လက်ဆင့်ကမ်း သင်ယူခဲ့ခြင်းသာ ။ မည်သို့ဆိုစေ လက်တလောမှာ မိမိ စိတ်ရှုပ်ထွေးနေသည် အမှန် ။
“ လူသာငယ်သာ ဂုဏ်မငယ်ဘူးဟေ့ ၊ အတော် တရားဟော ကောင်းတဲ့ ကိုယ်တော်ပဲကို ”
“ အေးကွ ၊ အခုမှပဲ တရားရဲ့အရသာ ဘာဆိုတာ နားလည်ရတော့တယ် ”
“ ဟုတ်တာပေါ့ကွယ် ။ ခုမှ မျက်စိပွင့် ၊ နားပွင့် ကရော ။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးဆိုတာ ဒါမျိုး ခေါ်တာကိုး ။ ဦးပဉ္စင်းလေး ကျေးဇူးကြီးပါ့တော် ”
“ အဘလူမှန် တို့တော့ ဟန်ကျသဟေ့ ။ သားက မွေးကျေးဇူးဆပ်ပါပေါ့လား ။ မွေးကျိုးနပ်ပေ့ကွာ ”
အိမ်း .. ။ ဟုတ်တော့လည်း အဟုတ်သား ။ အသံချဲ့စက်သံကြားလို့ နားစိုက်ထောင်လိုက်တိုင်း တကယ့် ကြည်ညိုဖွယ်လေးစားလောက်ဖွယ် ရှိဘိခြင်း ။ ဘာတဲ့ ၊ ဟိုး ... လွန်ခဲ့တဲ့ တစ်ရက်ဆီက အသံချဲ့စက်ထဲက ကိုယ်တော်လေး ရှင်ဝါယမ ရဲ့ တရားစကားသံ ။
“ လောက၌ အကြင်အရာသည် အရိုအသေ အလေးအမြတ် ပြုအပ်၏ ။ အဖိုးအနဂ္ဃ ထိုက်တန်၏ ။ တွေ့မြင်ဖို့ရန်လည်း ခက်ခဲ၏ ။ အတုမဲ့လည်းဖြစ်၏ ။ မြတ်သောသူတို့သာ သုံးဆောင်ခွင့်ရ၏ ။ ထိုအရာမျိုးသည် ရတနာ မည်၏ ။ ထိုရတနာတို့ အနက် ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာတို့အား ရတနာမှန်း သိတတ်စွာ ဦးထိပ်ပန်ဆင်အပ်ရာ၏ ။ ” တဲ့ ။ ကောင်းလိုက်တဲ့ ဓမ္မ ။ ဪ .... ကျော်ဇောတိက္ကမ ရှိခြင်း ဟူသည် အကြောင်းမဲ့ မဟုတ်ချေတကား ။
“ ဒကာ ၊ ဒကာမတို့ မြတ်စွာဘုရားရဲ့ ကျွေးမယ်တော် ဖြစ်တဲ့ ပဇာပတိမိထွေးတော် ဂေါတမီ က အခုလို မိန့်ဆိုခဲ့ဖူးတယ် ။ အဲ့ဒါ ဘာလဲဆိုတော့ ဘုန်းကံ ကြီးမားတဲ့ သူတွေမှသာ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို ခိုလှုံခွင့်ရကြပေတယ်တဲ့ ။ ဒါကြောင့်မို့ ဒကာ ၊ ဒကာမတို့ အနေနဲ့ ”
အိမ်း ... ။
အေးကြည်သော ရှင်ဝါယမ၏ တရားသံသည်ကား သာယာညင်းပျောင်းဖွယ်ရှိပေစွ ။ ချိုအေးချမ်း မြေ့ဖွယ် ရှိပေစွ ။ သာဓု ၊ သာဓု ၊ သာဓု ။ မိမိသည် လူထုပရိသတ်ကို ဤလို တရားမျိုး တစ်ကြိမ် တစ်ခါမျှ မဟောပြောခဲ့စဘူး ။ စစ်မှန်သော တရားဓမ္မ ဆိုသည် ဤလို အရာဌာနမျိုးပေတကား ။ မိမိသည် သင်္ကန်းကို အနှစ်လေးဆယ် လုံးလုံး ခြုံရုံလျက် သာသနာ့ဘောင်သို့ ဝင်ပြီး ဘယ်အမှုမျိုးကို မဆင်မခြင် ပြုနေဘိသနည်း ။ အိမ်း ဇာတိ ၊ ဇရာ ၊ မရဏ တည်းဟူသော လက္ခဏာရေးသုံးပါး ကိုပင် မစီးဖြန်းခဲ့မိချေတကား ။
အချိန်တွေ ကုန်ခဲ့လှပါကော ။
“ ဆရာတော် ... ဆရာ့တော်ကို ဂါရဝပြုဖို့ ဘုရားကြီးကျောင်း ကျောင်းထိုင်ကိုယ်တော် ကြွလာပါတယ်ဘုရာ့ ”
“ ဟေ .... ”
အတွေးများနေရာမှ အနီးကပ်၍ ဝမ်းသာလှိုက်လှဲ အော်လိုက်သည့် ကပ္ပိယကြီးမောင်ညို အသံကြောင့် မိမိပင် ရုတ်တရက် ဣန္ဒြေပျက်လုလု ဖြစ်သွားရသေး ။ ကြည်လင်သော မျက်နှာတော်နှင့် တည်ငြိမ်လှသည့် အသွင်ဖြင့် ထံပါးသို့ ချဉ်းကပ်လာသည့် ရှင်ဝါယမ ။
“ ဆရာတော် မာပါရဲ့လားဘုရား ”
ပုဆစ်ဒူးတုပ်ပြီး ထိခြင်းငါးပါးဖြင့် ဘုရားဝတ် ပြုကာ မိမိနှင့် တစ်လံအကွာ၌ ထိုင်၍ ပဋိသန္ဓာရ ဆိုလိုက်သည့် အသံတော်က နှလုံးအိမ်ထဲသို့ အတိုင်းမသိ အေးမြစွာ စီးဆင်းသွားလေ၏ ။
“ မာပါရဲ့ ကိုယ်တော် ။ နို့ ကိုယ်တော်မှာ တယ်ပြီး အလုပ်တာဝန် ပိနေတယ်လို့ ကြားရတယ် ”
“ မှန်ပါ ဘုရား ၊ ဒီ့အတွက်ပဲ ရောက်ရောက်ချင်း ဝတ်လာမဖြည့်နိုင် ဖြစ်ရတာပါဘုရား ၊ တပည့်တော်ကို သည်းခံတော်မူပါ ”
“ အိမ်း ... စာသင်တိုက် တစ်တိုက် ဖြစ်ဖို့က တယ် တာဝန်ကြီးတယ်ကိုး ”
“ တင်ပါ ၊ တပည့်တော် စာချကိုယ်တော်နှစ်ပါး သွားပင့်တာ ဘုရား ။ မနေ့ကမှ ကျောင်းပြန်ရောက်ပါတယ် ။ ကျောင်းမှာ သာမဏေနဲ့ ရဟန်းငယ် အပါးသုံးဆယ်တော့ ရောက်ပြီဘုရား ”
“ တရားပွဲရှိတော့ ကိုယ်တော် ဘယ်လိုလုပ်မှာလဲ ”
“ တပည့်တော် တရားပွဲ ပိတ်ထားပါတယ် ဘုရား ။ အခုနေ တပည့်တော် အရေးတကြီး ဆောင်ရွက်ချင်နေတာက စာသင်ဖြစ်ဖို့ပါပဲ ။ စာသင်တိုက်မှာ သံဃာငယ်တွေ မရှိတော့ဘူး ဆိုရင် သာသနာ အတွက် ရင်လေးစရာကြီးပေါ့ ဘုရား ”
ကောင်းလေစွ ၊ ကောင်းလေစွ ။
“ ဆွမ်း ၊ ကွမ်းကိစ္စတော့ ရွာထဲမှာ မေတ္တာရပ် ထားပါတယ်ဘုရား ။ ကိုယ်စားတဲ့သောက်တဲ့ထဲက တစ်ဇွန်းတစ်ကော်လောက် ဖြစ်ဖြစ် လောင်းလှူကြဖို့ ”
“ အိမ်း ... ကျုပ်အနေနဲ့လည်း တတ်နိုင်သမျှ လောင်းလှူပြီး သာသနာအတွက် အကျိုးများအောင် လုပ်ပေးဖို့ တာဝန်ရှိပေသကွဲ့ ။ ကိုယ်တော်တို့လို သာသနာ့အာဇာနည်တွေ များများကြီး လိုတယ်ဆိုတာ တယ်မှန်တဲ့စကားပေကိုး ။ အိမ်း .. ”
“ တပည့်တော်ကို သြဝါဒ မြွတ်ကြားပေးပါဘုရား ”
“ အေး ... အေး ၊ လူ့လောကမှာ သတိတရား လက်ကိုင်ထားပြီး မမေ့မလျော့ မပေါ့ဆဘဲ တစ်မနက် အသက်ရှင်လျက် နေရခြင်းက မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ အသက်တစ်ရာ နေရခြင်းထက် ပို၍မြတ်၏ ဆိုတဲ့ ဘုရားဟောဒေသနာအတိုင်း ကျင့်ကြံနေထိုင်တဲ့ ကိုယ်တော့်အတွက် ကျုပ် သာဓုခေါ်ပါတယ် ။ သာဓု ၊ သာဓု ၊ သာဓု ”
“ တပည့်တော်ကို ပြန်ခွင့်ပြုပါဘုရား ”
တရွေ့ရွေ့ လှမ်းကြွသွားတဲ့ ရှင်ဝါယမ နောက်ကျောကို ကြည့်၍ ရင်မှာ ပီတိလှိုင်းတံပိုးတို့က တလိမ့်လိမ့် ။
“ ဟဲ့ မောင်ညို ၊ မီးဖိုဆောင်ထဲက ဆန်သုံးအိတ် ၊ ကုလားပဲ ငါးပြည်နဲ့ ငှက်ပျောတစ်ခိုင် ဘုရားကြီးကျောင်း ပို့ချည်စမ်းဟေ့ ”
“ တင်ပါ့ ဘုရား ”
▢ ကြည်မွေ့အိမ်
📖 ရနံ့သစ် မဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂၀၁၂

No comments:
Post a Comment