❝ ဇီဝသုခ ❞
သုံးထပ်တိုက်ကြီးရဲ့ ထိပ်နဖူးစည်းကို မော့ကြည့်လိုက်တော့ ရွှေရောင်စာလုံးတွေနဲ့ ဇီဝသုခ လို့ ထိုးထားတာကို မြင်ရတယ် ။ ကျွန်တော်နဲ့ ဓာတ်ပုံဆရာ ကိုဇော်ဇော်တို့ တိုက်ထဲ ဝင်လာတယ် ။
ဝင်လျှင်ဝင်ချင်း သန့်ရှင်းသစ်လွင်တဲ့ ခံစားမှုတစ်ခုကို ရတယ် ။ ပရဆေးနံ့လည်း နှာခေါင်းထဲ ဝင်လာတယ် ။ ကျွန်တော်တို့ကို ကိုစိုးမိုးလှိုင် စောင့်နေတယ် ဆိုတဲ့ အပေါ်ထပ်ကို တက်သွားကြတယ် ။ ကိုစိုးမိုးလှိုင် က ဇီဝသုခ လေနိုင်ဆေး ထုတ်လုပ်သူပါ ။
သူ ရှိနေတဲ့ အခန်းထဲကို ဝင်သွားတော့ ကိုစိုးမိုးလှိုင် က အညိုရောင်ရင့်ရင့် ဆိုဖာအိအိမှာ ထိုင်ရင်း တီဗွီကြည့်နေတယ် ။ တီဗွီမြင်ကွင်းက အနီရောင် နောက်ခံမှာ ဟောပြောနေသူ တစ်ယောက် ။ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်ကို ကြည့်နေတာလို့ ထင်ရတယ် ။ သေသေချာချာ ကြည့်လိုက်မှ ဆရာလယ်တွင်းသား စောချစ် ရဲ့ စာပေဟောပြောပွဲကို သူ ကြည့်နေတာပါ ။
တီဗွီကို ပိတ် ၊ ထိုင်ရာက ထပြီး ကိုစိုးမိုးလှိုင်က ခရီးဦးကြိုမှု ပြုတယ် ။ သူက ရှပ်အင်္ကျီလက်တိုကို ဝတ်ထားတယ် ။ ဟမ်းဖုန်းတွေထဲမှာ နာရီ ပါပြီးသားမို့ ယနေ့ခေတ်မှာ နာရီပတ်သူ လျော့နည်းလာပေမဲ့ ကိုစိုးမိုးလှိုင် ရဲ့ ဘယ်ဘက် လက်ကောက်ဝတ်မှာ လက်ပတ်နာရီ ပတ်ထားတယ် ။ ဘယ်ဘက် လက်ခလယ်မှာ လက်စွပ်တစ်ကွင်း စွပ်ထားတယ် ။
ဘာကြောင့် လက်သူကြွယ်မှာ လက်စွပ် မဝတ်ပါလိမ့် ။
အခန်းက ကိုစိုးမိုလှိုင်ရဲ့ နားနေခန်းနဲ့ တူပါတယ် ။ အခန်းက သိသိသာသာ သန့်ရှင်းသပ်ရပ်နေတယ် ။ အခန်းထဲမှာ ရှစ်ပေလောက် မြင့်တဲ့ စာအုပ်ဗီရို တစ်လုံး ရှိတယ် ။ ဗီရိုအဆင့် ငါးဆင့်လုံး စာအုပ်တွေ အပြည့် ။ စာအုပ်အချို့ကို ဗီရို အမိုးပေါ်မှာ စီပြီး ထောင်ထားတယ် ။
ဆိုဖာပေါ်မှာ နေသားတကျ ပြန်ထိုင်မိကြတော့ ကိုစိုးမိုးလှိုင်က “ ကျွန်တော်က အောင်မြင်ကျော်ကြားတဲ့လူလည်း မဟုတ် ၊ ဘာလဲ မဟုတ် ” ဆိုပြီး စကားကို တစ်ပိုင်းတစ်စနဲ့ ရပ်ထားတယ် ။ သူ့ အကြောင်းကို ကျွန်တော် သိထားခဲ့တာက သူဟာ တစ်ချိန်က ကားဝယ်ရောင်း ၊ ကျောက်စိမ်းဝယ်ရောင်း လုပ်ခဲ့သူ ။ အသင့်အတင့် အောင်မြင်ပေမဲ့ အဲဒီ အလုပ်မျိုးကို မကြိုက်လို့ မိဘလက်ငုတ် တိုင်းရင်းဆေး ထုတ်လုပ်မှုကို ပြောင်းလဲသူ ၊ ဇီဝသုခ လေနိုင်ဆေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေသူ ဖြစ်ပါတယ် ။
ကျွန်တော်က ဇီဝသုခ အကြောင်း သူ့ကို စမေးတယ် ။
“ ဆေးလုပ်ငန်းက အမေ ဒေါ်ဝင်းဝင်းရဲ့ အမေ ဒေါ်သိန်းသိန်းရဲ့ အမွေ ။ အဘွားဒေါ်သိန်းသိန်းရဲ့ အဖေက ဦးစိန် ၊ သူ့အစ်ကိုက ဦးထယ် ။ အဘွားက သူ့ ဘကြီး ဆရာကြီးဦးထယ်ရဲ့ ဆေးနည်းလေးတွေကို ဖော်ပြီး ဖန်ပုလင်းလေးတွေနဲ့ ရောင်းခဲ့တာပေါ့ ။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပါဘူး ။ အိမ်ကို လာဝယ်တဲ့လူ ရှိရင် ရောင်းတယ် ။ ဆေးတစ်ခါ ဖော်ရင် ပုလင်း သုံးလေးဆယ် ဖော်ပြီး ထားလိုက်တယ် ”
ကိုစိုးမိုးလှိုင် ပြောတာကို ကျွန်တော်တို့ အသံတိတ် နားထောင် နေကြတယ် ။
“ ကျွန်တော် ကိုးတန်းနှစ် ရောက်တော့ အမေ ဆုံးတယ် ။ အမေ့အသက် ၃၉ နှစ်မှာ ဆုံးတာ ။ အမေ ဆုံးပြီးတော့ အဘွားနဲ့ အဖေတို့ တိုင်ပင်ပြီး ဆေးကို ချပ်ဘူးလေးနဲ့ လုပ်ကြတယ် ။ ဆေးကို ဈေးကွက်ထဲ ဖြန့်မယ် ဆိုတော့ ကျွန်တော် မှတ်မိသေးတယ် ၊ ကျွန်တော်က တက္ကသိုလ် တက်စ ၊ ၁၉၈၇ ခုနှစ်လောက်ဖြစ်မယ် ၊ မြေးအဘွား နှစ်ယောက် ဈေးထဲ သွားစပ်ရတယ် ။ ဈေးဆိုင်တွေ ကလည်း သိပ်လိုလိုလားလား မရှိဘူး ။ အဘွား ကလည်း ထားကြည့်ပေးပါပေါ့ ။ အဆင်ပြေတဲ့ အချိန်မှ ပိုက်ဆံလာယူပါ့မယ်ပေါ့ ။ ဈေးချို အလယ်ပေါက်က ဆိုင်ကြီးတွေက သိပ် လက်မခံချင်ဘူး ။ ကိုယ့် ပစ္စည်းကို တော်တော်လေး အောက်ကျို့ပြီး စခဲ့ရတာပေါ့ ”
“ ဆိုင်ပေါ် တင်ခဲ့ပြီး ပထမဆုံးအခေါက် သွားပြီး ငွေရှင်းတဲ့ အတွေ့အကြုံလေး ပြောပြပါဦး ”
“ ပထမဆုံး သွားရှင်းတဲ့ အပတ်မှာ တစ်ဘူးမှ မရောင်းရသေးဘူး ။ ပြန်ယူသွား မလားတဲ့ ။ အဘွားက ပြန်မယူဘူး ။ အဘွား အမြဲပြောတဲ့ စကားရှိတယ် ။ ကိုယ့်ဆေးကို သုံးတဲ့ လူတွေ သက်သာပါစေ ၊ ပျောက်ကင်းပါစေ ဆိုတဲ့ မေတ္တာထားပြီး လုပ်ပါ ။ ကိုယ့်အကျိုးအမြတ်က ဒုတိယထား ၊ ဆေးကို လူလူချင်း ကြော်ငြာ သွားလိမ့်မယ်တဲ့ ။ တစ်ပတ် နှစ်ပတ်လောက် နေတော့ တစ်ဘူးစ နှစ်ဘူးစ ရောင်းရတယ် ”
“ ကိုစိုးမိုးက ဆေးထုတ်လုပ်တဲ့ ဘက်မှာ ဝင်လုပ်ရသလား ”
“ သိပ်မပါပါဘူး ။ ကျွန်တော် တက္ကသိုလ် ဒုတိယနှစ် တက်တုန်းမှာ အဖေက နောက်အိမ်ထောင် ပြုပြီး အိမ်ခွဲ သွားတယ် ။ အဘွားနဲ့ ကျွန်တော်တို့ မောင်နှမ လေးယောက် ကျန်ခဲ့တယ် ။ ကျွန်တော့်မှာ အစ်မ နှစ်ယောက် ၊ နှမ တစ်ယောက် ရှိတယ် ။ အိမ်မှာ ယောက်ျားသား ဆိုလို့ ကျွန်တော်ပဲ ကျန်တော့တာ ။ ဖြစ်ချင်တော့ ၁၉၈၉ ခုမှာ ရပ်ကွက် မီးလောင်တော့ အိမ်ပါ သွားတယ် ။ ကျွန်တော်တို့မှာ တွန်းလှည်း တစ်စီးစာပဲ ပိုင်ဆိုင်မှု ကျန်တယ် ။ ဘုန်းကြီးကျောင်းမှာ တစ်ရက်နှစ်ရက် သွားနေကြတယ် ။ နောက် ရိပ်သာကမ္မဋ္ဌာန်းကျောင်းမှာ နှစ်နှစ်လောက် သွားနေရတယ် ”
“ ကျောက်ဝိုင်း ဆင်းတာက ဘယ်အချိန်လဲ ”
“ တက္ကသိုလ် တက်ရင်းပဲ ။ ကျောင်းသားတစ်ပိုင်း ဝင်လုပ်တာ ။ ငယ်သေးတော့ ဆေးလုပ်ငန်းကို အောင်မြင်အောင် လုပ်မယ် ရည်ရွယ်ချက်လည်း မရှိပါဘူး ။ ၁၉၉၂ မှာ ဘွဲ့ရတယ် ။ ၁၉၈၆ ခုက ဆယ်တန်းအောင်တာ ၊ ကြားထဲမှာ ကျောင်းပိတ်တာ နဲ့ ဘာနဲ့ ၁၉၉၂ ခုရောက်မှ ဘွဲ့ရတယ် ။ ဘွဲ့ရပြီးတော့ အစိုးရ အလုပ်ထဲလည်း မဝင်ဘူး ၊ ကိုယ့်အိမ်မှာ ကိုယ်ပဲ လက်ဖက်ရည်ဆိုင်လေး ဖွင့်တယ် ”
“ ဘာကြောင့် လက်ဖက်ရည်ဆိုင် လုပ်ငန်းကို ရွေးတာလဲ ”
“ တက္ကသိုလ် တက်တော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ် ။ လက်ဖက်ရည်ဆိုင်ကို သဘောကျလို့ ထဖွင့်တာပါ ။ ဆိုင်က ခပ်သေးသေး ။ ဆိုင်နာမည်က ရိုးမ ။ လက်ဖက်ရည်ဖျော်ဖို့ ဖျော်ဆရာ ငှားရတယ် ။ မနက် ဆိုင်ဖွင့်ခါနီးမှ ဖျော်ဆရာ မလာလို့ ကိုယ်တိုင် ဝင်ဖျော်ရတာလည်း ရှိတယ် ။ အစ်မတွေ ၊ နှမတွေက မိန်းမသား ဆိုတော့ လက်ဖက်ရည်ဆိုင် လုပ်ငန်းထဲ ဝင်မပါဘူး ။ သူတို့က အိမ် နောက်ပိုင်းမှာပဲ ။ အဲဒီအချိန်က စီလွန် လွယ်အိတ်တွေ ခေတ်ကောင်းသေးတော့ သူတို့က လွယ်အိတ် လုပ်တယ် ”
“ လက်ဖက်ရည်ဆိုင်က ဘယ်လောက် ကြာသလဲ ”
“ နှစ်နှစ်သုံးနှစ်ပါပဲ ။ လက်ဖက်ရည်ဆိုင် ဖွင့်ရင်း ကျွန်တော်က ကားဝိုင်းထဲ ရောက်သွားတော့ ဆိုင်က လစ်ဟင်းသလို ဖြစ်လို့ ပိတ်ပစ်လိုက်ရတယ် ။ လက်ဖက်ရည်ဆိုင် အတွက် ဝယ်ထားတဲ့ ပစ္စည်းတွေ စပီကာ ၊ ဆောင်းဘောက်က အစ စက်ပါ မကျန် လက်ဖက်ရည်ဆိုင် ဖွင့်ချင်နေတဲ့ သူကို အုပ်စုံ ပြန်ရောင်းပစ်လိုက်တယ် ။ ဈေးက ပေါပေါပဲပဲပေါ့ ။ ကိုယ် ဝယ်တုန်းက အသစ်တွေလေ ”
ကိုစိုးမိုးလှိုင်က ပြောရင်း ရယ်ပါတယ် ။
“ ကားပွဲစားတန်း ရောက်သွားပုံလည်း ပြောပါဦး ”
“ ငွေလေး ပိုလျှံတာနဲ့ ဆန်နီလေး စဝယ်တယ် ။ အိတ်တီဖိုးမော်ဒယ် ။ ပ/- နံပါတ်လေး ။ သုံးသိန်းခြောက်သောင်းနဲ့ရောင်း ၊ ငွေဖြည့်ပြီး အိတ်တီနိုင်းရှေ့ဆွဲဗင် ၃က/- ဝယ်တယ် ။ ဒီကနေ မြင့်မြင့်လာပြီး နောက်ဆုံး မှတ်မိတာက နိုင်းတီနိုင်း ဖင်ကောက်ဗင်လောက်အထိ ဖြစ်လာတာ ”
“ ဒါဆို ကား ဝယ်ရောင်းလုပ်တာ အဆင်ပြေသားပဲ ”
“ ပြေပါတယ် ။ ကားကလည်း အထိုက်အလျောက် အကျိုးအမြတ် ရှိပါတယ် ။ ကျွန်တော့် အလေ့အကျင့်က အဲဒီ ပတ်ဝန်းကျင်မှာ မပျော်ဘူး ။ ကျွန်တော် စဉ်းစားကြည့်တော့ လူနည်းနည်း ပေါ့သွားတယ် ။ ဒါ ကျွန်တော့် ပုဂ္ဂလိက အမြင်ပါ ။ အချိန်တွေ အများကြီး ပိုနေတော့ ဘိလိယက် ထိုးတယ် ၊ ဘီယာ သောက်တယ် ။ အလုပ်က စောင့်ရတဲ့ အလုပ် ။ ကား ဖြစ်ဖြစ် ကျောက် ဖြစ်ဖြစ် ဘယ်အချိန် လာရောင်းမယ်မှန်း မသိတော့ ထိုင်စောင့် နေရတယ် ။ စောင့်ရင်း ပျင်းလာတော့ ဘီယာသွား သောက်တာမျိုး ဖြစ်လာတယ် ။ ကြာတော့ ပျော်သွားမှာ ။ ကျွန်တော်လည်း မပျော်လို့ မဟုတ်ဘူး ။ ကျောင်းသားက လာတာ ၊ ကျောင်းသားစိတ်က မပျောက်သေးဘူးလေ ။ ပျော်လည်း ပျော်တယ် ။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်တော့ ကိုယ့် နောက်မှာ မိန်းမသားတွေချည်း ။ အဘွားနဲ့ အစ်မတွေ နှမတွေပဲ ရှိတာ ပျက်စီးလို့ မဖြစ်ဘူးလေ ”
“ တိုင်းရင်းဆေး ထုတ်လုပ်ရေးဘက် ဇောက်ချ လုပ်ဖြစ်လာပုံက ”
“ ကျန်တာ အားလုံးက အဆင်မပြေဘူး ဆိုတာ သိတော့ ကျန်တာတွေ အကုန် ဖြုတ်ပြီး အဘွားရဲ့ ဆေးဘက် လှည့်တာ ။ ပထမအကြိမ် တိုင်းရင်းဆေးပြပွဲ ရန်ကုန် မှာ လုပ်တော့ ပြခဲ့သူ သိပ်မရှိဘူး ။ ကျွန်တော် ပြခန်းယူပြီး သွားပြတယ် ။ ပြောရရင် အဲဒီပြခန်းရဲ့ အကျိုးဆက် ကတော့ တော်တော် ထိရောက်ပါတယ် ။ ကိုယ့်ဆေး ကိုလည်း တစ်ပြည်လုံး သိလာတယ် ။ ရောင်းအား တက်လာပြီး ဖောက်သည်တွေလည်း တိုးလာတယ် ။ ကျွန်တော်လည်း တော်တော် မျက်စိ ပွင့်လာတယ် ။ သူများ ဆေးတွေနဲ့ ယှဉ်ပြီး ကိုယ့်မှာ ဘာတွေ အားနည်းသလဲ ကြည့်တယ် ”
“ အရောင်း ပရိုမိုးရှင်း ဘယ်လို လုပ်သလဲ ”
“ တစ်ဒါဇင် ဘယ်လောက် ၊ တစ်ဘူး ဘယ်လောက် ပုံမှန် ရောင်းနေရာကနေ ဒါဇင် ၃ဝ တစ်ပါကင် ယူရင် အပို ဘယ်လောက် ရမယ် ၊ သုံးပါကင်ဆို ဘယ်လောက် ရမယ် ဆိုတာမျိုး ။ တစ်ပါကင် ယူတဲ့ သူကို သုံးပါကင် ယူအောင် ၊ သုံးပါကင် ယူတဲ့ သူကို ငါးပါကင် ယူအောင် ကိုယ့်စိတ်ကူးနဲ့ လုပ်ပေးတယ် ။ အဘွား လက်ထက်ကတော့ နှစ်ကုန်ရင် လက်ဆောင်ပစ္စည်း လိုက်ပေးတယ် ။ ကျွန်တော့် လက်ထက်မှာ ပြန်စဉ်းစားတာက ပစ္စည်း ပေးရင် သူတို့ အသုံးဝင်ချင်မှ ဝင်မယ် ။ ပစ္စည်းအစား ငွေကြေးပမာဏ တစ်ခုပေးမယ် ။ ပါကင် ဘယ်လောက် ရောင်းပေးတဲ့ အတွက် ငွေဘယ်လောက် ၊ ရောင်းအား အကောင်းဆုံး ပထမဖြစ်လို့ ငွေဘယ်လောက် ဆိုပြီး ပေးတယ် ။ စေတနာက ပြန်ပေါ်လာတဲ့ အကျိုးကျေးဇူးက ရောင်းအားတွေ ပိုတက်လာတယ် ”
ကျွန်တော်တို့ စကားကောင်း နေတဲ့ အချိန်မှာ ကလေးတွေကို ကျောင်းသွား ပို့ပေးနေတဲ့ သူ့ဇနီး မဥမ္မာအောင် ပြန်ရောက်လာပြီး အခန်းထဲ ဝင်လာပါတယ် ။ မဥမ္မာ က ကိုဇော်ဇော်နဲ့ ရင်းနှီးပြီးသား ဖြစ်တယ် ။ ကိုဇော်ဇော် ပြောပြထားလို့ သူဟာ တစ်ချိန်က တက္ကသိုလ်လက်ရွေးစင် တိုင်းလက်ရွေးစင် ကြက်တောင်ချန်ပီယံ အမျိုးသမီးလို့လည်း သိထားတယ် ။ အိမ်ရှင်မ ရောက်လာတော့ ကျွန်တော်တို့ကို အအေး ဖျော်တိုက်ပါတယ် ။
“ မဥမ္မာနဲ့ ဘယ်မှာ ဖူးစာဆုံတာလဲ ”
“ ကျောင်းမှာ တွေ့တာ ။ ၁၉၉၇ ခုနှစ်ကျမှ အိမ်ထောင်ပြုကြတယ် ။ ဘဝ အလှည့်အပြောင်း တစ်ခု ကတော့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး ယောက္ခမတွေ အိမ်ကို အဝင်အထွက် ရှိတယ်ပေါ့ ။ ယောက္ခမတွေက အထက်တန်းပြ ကျောင်းဆရာ အငြိမ်းစားပေါ့ ။ သူ့မှာ စာအုပ်တွေ အများကြီး ရှိတယ် ။ ကျွန်တော် အရင်က စာဖတ်ပေမဲ့ စာရဲ့အကျိုးရတဲ့ အထိ မဖတ်ဘူးပေါ့ ။ သူ တိုက်တွန်းတာနဲ့ စာတွေ တော်တော်များများ ဖတ်ဖြစ်တယ် ။ နောက်ပိုင်း သဘောကျ လာပြီး ပိုဖတ်တယ် ။ စာဖတ်တဲ့ အကျိုးကို ခံစားလာရတယ် ။ စီးပွားရေးလုပ်တဲ့ လူချင်း အတူတူတောင်မှ စာဖတ်ထားတဲ့ လူက မဖတ်တဲ့ လူနဲ့ အိုင်ဒီယာချင်း ကွာတယ် ။ ဆုံးဖြတ်ချက် ချရာမှာလည်း စာနဲ့ တွေ့ကြုံထားတာ များတော့ မှန်တာ များတယ် ”
ကိုစိုးမိုးလှိုင် ပြောနေချိန်မှာ သူ့စာအုပ် ဗီရိုကြီးကို ကျွန်တော့် မျက်စိက ရောက်သွားတယ် ။ စာအုပ်တွေ များမှ အများကြီး ။
“ တိုင်းရင်းဆေး လုပ်ငန်းကို ရွေးချယ်မိတာလည်း မှန်တဲ့ ဆုံးဖြတ်ချက် တစ်ခုပေါ့နော် ”
“ ဟုတ်ပါတယ် ။ ငွေကြေးအရ အောင်မြင်တာလည်း ဝမ်းသာတာပေါ့ ။ အဲဒါထက် ဆေးကို သုံးစွဲလို့ သက်သာ ပျောက်ကင်းတယ် ဆိုတာမျိုး ကြားရရင် ပီတိဖြစ်တယ် ။ ရခိုင်လို ၊ ထားဝယ်လို နေရာတွေက ဖုန်းလိုင်းက ပြတ်တောက် ပြတ်တောက်နဲ့ ဆက်တာ ခံရတဲ့အခါ ပိုပြီး ပီတိဖြစ်တယ် ။ မလေးရှားက ဖုန်းလှမ်း ဆက်တဲ့သူလည်း ရှိတယ် ။ သူ နေမကောင်းတော့ ဈေးသက်သာတဲ့ ဗမာဆေး သုံးကြည့်တယ် ။ မှန်မှန်သုံးတော့ လေ ၊ ဝမ်း မှန်ပြီး အဆင်ပြေ လာတယ် ။ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုသလိုပဲ ။ သူ ဟိုမှာ ရောက်တုန်းက ကုန်ကျစရိတ် သက်သောင့်သက်သာနဲ့ ရောဂါပျောက်လို့ ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်တာ ”
“ အမှတ်ထင်ထင်ပေါ့နော် ”
“ မှတ်မှတ်ထင်ထင် စွဲလမ်းတဲ့ အတွေ့အကြုံလေး တစ်ခု စိတ်ထဲမှာ ရှိနေတယ် ။ ကျောင်းတက်နေရင်း တန်းလန်းပေါ့ ။ မုံရွာက ဆေးမှာလို့ ပွဲရုံတစ်ခုက တစ်ဆင့် သွားပို့ရတယ် ။ ပွဲစားက ရှေးပွဲစားကြီးပေါ့ ။ ပစ္စည်းပို့ရင်းနဲ့ အပေါ့အပါး သွားတာပေါ့ ။ အိမ်သာလေးက ပြောင်ရှင်းနေတာပဲ ။ စာလေး တစ်ကြောင်း ရေးထားတယ် ။ ပွဲစားကြီးအမည် ထားပါတော့ ဦးဘဖေ ပေါ့ ။ “ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ တပည့် ကျွန်တော် မောင်ဘဖေ ဒီအိမ်သာရဲ့ သန့်ရှင်းရေးကို ကိုယ်တိုင် အမြဲတမ်း လုပ်ပါတယ် ” တဲ့ ။ ဘာကြောင့် ဒီလို ရေးထားတာလဲ မေးကြည့်တယ် ။ လယ်တီဆရာတော်ကြီးက မင်း အောင်မြင်လာတယ် ၊ မာန်မာနတွေ တက်လာရင် အိမ်သာလေး ဆေးလိုက်ပါတဲ့ ။ မာန်ကို ထိန်းတဲ့ အကျင့်ပေါ့ ။ ဒါကို မှတ်မိနေတယ် ”
“ ကိုယ်တိုင်ကော လက်တွေ့ လုပ်ဖြစ်သလား ”
“ စာရေး မထားပေမဲ့ လုပ်ပါတယ် ။ အိမ်သာတင် မဟုတ်ပါဘူး ။ အခန်းထဲမှာလည်း တံမြက်စည်း လှည်းနေတာပဲ ”
သူ့အိမ်ရဲ့ သန့်ရှင်းသပ်ရပ်မှုကို ကျွန်တော် သတိပြုမိတဲ့ အကြောင်း ပြန်ပြောပြဖြစ်တယ် ။ သူတို့ လင်မယားကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်ခဲ့ကြပါတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:
Post a Comment