Tuesday, March 17, 2026

ရွှေလရောင်ထိုး

 

❝ ရွှေလရောင်ထိုး ❞
       ( ပီမိုးနင်း )

သူငယ်ချင်းသုံးယောက်သည် မိမိတို့၏ စကားများနှင့် မိမိတို့ ကြောက်ရွံ့ကာ အခန်းအတွင်း၌ မနေဝံ့ကြဘဲ လသာသော ဝရန်တာ၌ ထိုင်ကာ စကားပြော၍ နေကြလေ၏ ။ တစ္ဆေသရဲ အတ္ထုပ္ပတ္တိများသည် ပြောလေ ကြောက်လေ ကြောက်လေ ပြောချင်လေ ဖြစ်တတ်လေ၏ ။ ဖယောင်းတိုင်မီးကလေးမှာ လေထဲတွင် မှိတ်တုတ် မှိတ်တုတ် နေသည့်ပြင် ၎င်း၏ အားငယ်သော အရောင်၌ လှုပ်ရှားသော အရိပ်များသည် ကြောက်ရွံ့ သူတို့ကို သာလွန်၍ ခြောက်လှန့်ကြလေ၏ ။

အခန်းမှာ သုံးထပ် ပေအစိတ်ခန်း ဖြစ်လေရာ ပန်းချီဘလောက် လုပ်ငန်းကို စတင်တည်ထောင်ရန် ထိုနေ့၌ပင် ပြောင်း၍လာကြသော ပန်းချီဆရာ မောင်အေး ၊ ဘလောက်ဆရာ မောင်ပိန် ၊ တပည့်မောင်ချစ် သုံးယောက်သားတို့မှာ မိမိတို့၏ ပစ္စည်းများကို နေရာတကျ မစီစဉ် ၊ မချထားနိုင်သေးသဖြင့် တစ်ကြောင်း ၊ ပြောင်းရရွှေ့ရခြင်းကြောင့် မောပန်းကြသဖြင့် တစ်ကြောင်း ရှင်းလင်းသော ဝရန်တာမှာ စီ၍ အိပ်ကြတော့မည်ဟု အောက်မေ့ကြလေ၏ ။ သို့သော်လည်း ပြောင်းရွှေ့ပြီးမှ အိမ်နီးချင်း တစ်ယောက်က ထိုအခန်းမှာ အရင် ဓာတ်ပုံဆရာတစ်ယောက် သေပြီး ခြောက်၍ နေကြောင်း အရိပ်အမြွက်မျှ လာ၍ ပြောပြသဖြင့် မအိပ်နိုင်ဘဲ ထိုအကြောင်းကို ဆက်လက် ပြော၍နေကြခြင်း ဖြစ်လေ၏ ။

ထိုအခန်းမှာ စတူဒီယိုဓာတ်ပုံခန်း ဖြစ်လေ၏ ။ ကြားသိရသည့်အခါ ညအခါ အကောင်ဖြူဖြူကြီး တစ်ကောင် ခြေကို ရှပ်တိုက်ကာ အခန်းထဲတွင် ဖြတ်သန်းသွားလာတတ်သည် ဟူသော စကား ဖြစ်လေ၏ ။

ပန်းချီဆရာ မောင်ဘအေးမှာ သုံးယောက်အနက် အရဲဆုံး ဖြစ်လေ၏ ။ ၎င်း၏ စိတ်၌လည်း အိမ်နီးချင်း ပြော၍ သွားသော စကားကို မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်၍ နေလေ၏ ။ မယုံစရာ အချက်မှာ ဤအခန်းနှင့် တစ်ခန်းခြား အခန်း၌ အလွန်ချောသည်ဟု ကျော်ကြားသော မိန်းမပျိုကလေး ညွန့်ညွန့် ရှိခြင်း ဖြစ်လေ၏ ။ အကြောင်းမူကား ပန်းချီဆရာ မောင်ဘအေးသည် ညွန့်ညွန့် ကို ပိုး၍ နေကြောင်း ၊ လာရောက် ပြောကြားသူ သိဟန် လက္ခဏာ ရှိလေ၏ ။ သို့သိသောကြောင့် ညွန့်ညွန့်ကို မိမိကိုယ်တိုင် ပိုးပန်း၍ နေခြင်းတည်း ဟူသော အရေး၌ အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်ကာ မနေဝံ့အောင် ကြံစည်လီဆယ်ခြင်း ဖြစ်နိုင်သည်ဟု မောင်ဘအေး၏ စိတ်၌ အောက်မေ့လေ၏ ။ သို့သော်လည်း ထိုကဲ့သို့ အောက်မေ့ကြောင်း မိမိ၏ အဖော်များအား ပြော၍ မပြဘဲ နေလေ၏ ။

အဟုတ်တကယ် ထိုအခန်းမှာ တစ္ဆေရှိသည်ဟု တွေးနိုင်ဖွယ်ရာ အကြောင်းလည်း ရှိလေ၏ ။ ထိုအကြောင်းမှာ အခြားမဟုတ် ။ ဓာတ်ပုံဆရာ တစ်ယောက် ထိုအခန်း၌ သေဆုံးဖူးသည်မှာ အမှန်ဖြစ်ကြောင်း သိရလေ၏ ။

အေး  ။  ။ “ အလကားပြောတာ ထင်ပါရဲ့ ။ ခြောက်စမ်းပါစေကွယ် ။ ငါနဲ့ တွေ့ ရရောပေါ့ ။ သင်းက ဓာတ်ပုံဆရာ ။ ငါက ပန်းချီဆရာ ။ ငါတော့ တယ်ပြီး မယုံပါဘူး ”

မောင်ပိန် ။  ။ “ မဟုတ်ဘဲ အလကား လာပြောပါ့မလားဗျာ ။ ဓာတ်ပုံဆရာ တစ်ယောက် သေတာ အမှန်ပဲတဲ့ ။ မဟုတ်လျှင် ဘာအကျိုးရှိလို့ လာပြောမှာတဲ့လဲ ”

ချစ် ။  ။ “ ဟုတ်တယ် ဆရာ ။ ကျွန်တော် ခပ်စောစောက ရေချိုးခန်းထဲ ဝင်တော့တောင် အပေါ်က ရေစည်ကို လက်နဲ့ တီးသလိုပဲ ။ ကျွန်တော်က အမှတ်တမဲ့ နေခဲ့တယ် ။ အခုမှ ပြန်စဉ်းစားမိတယ် ”

မောင်ပိန် ။  ။ “ ဟုတ်တယ် ဆရာ ။ ယီးတီးယားတား မလုပ်နဲ့ ။ ကျုပ်လည်း အိမ်သာနား ဖြတ်အသွားမှာ အိမ်သာ ထဲက ကြိုးဆွဲသံ ကြားလိုက်ရတယ် ။ ကျုပ်လည်း အမှတ်တမဲ့ နေလိုက်မိတယ် ။ အမှန် ခြောက်မယ့် အခန်းပဲ ။ ကြည့်စမ်း အခန်းနေပုံကိုက တစ်မျိုးပဲ ”

ထိုအခိုက်တွင် ဖယောင်းတိုင်မီး ငြိမ်း၍ သွားလေ၏ ။ လေအေးကလေး ဝှေ့ဝင်၍ လာလေရာ သုံးယောက်သားမှာ အသည်းထဲတွင် အေးခနဲဖြစ်၍ သွားသည်ဟု မှတ်ထင်ရလေ၏ ။

အေး ။  ။ “ ဟေ့ .. မောင်ချစ် ။ ဟိုဖယောင်းတိုင် သွားထွန်းလိုက်စမ်း ”

“ မလုပ်ပါနဲ့ ဆရာ ။ ကျွန်တော် ကြောက်တယ် ။ ဟော ... ဟော နားထောင် ”

သုံးယောက်သား နားစိုက်၍ နေကြလေ၏ ။ ကောင်းကင်ပေါက်မှ ဝင်သော လရောင်မှ မှေးခနဲ ဖြစ်ပြီး ချွတ်ခနဲလိုလို ဂျောက်ခနဲလိုလို အသံကို ကြားလိုက်ရလေ၏ ။

အေး ။  ။ “ အို ... ဘာမှမဟုတ်ပါဘူး ။ ခေါင်မိုးပေါ်မှာ ကြောင်လျှောက်တာ ဖြစ်ပါလိမ့်မယ် ။ အိုင်ဆေးကိုပိန် သွားဗျာ ။ ဖယောင်းတိုင် ထွန်းလိုက်ပါ ”

“ နေပါစေလေ ၊ ဒီမှာ အိပ်မှာပဲ ။ ခင်ဗျား သွားပါလားဗျာ ”

“ တယ် သူရဲဘောနည်းတဲ့ လူတွေကို ” ဟု ပြောပြီး မောင်ဘအေးသည် ဖယောင်းတိုင် အသစ်တစ်ခုကို သွား၍ ထွန်းလေ၏ ။ သို့သော်လည်း မကြောက်သော စိတ်နှင့် မဟုတ်ချေ ။ ထွန်းရုံမက စိတ်ကို တင်းကာ ဖယောင်းတိုင်တစ်တိုင်နှင့် အိမ်နောက်ဖေးကိုပင် ဝင်၍ကြည့်ပြီး “ ဘာမှမရှိပါဘူးကွယ်တို့ ၊ မကြောက်ကြပါနဲ့ ” ဟု နောက်ဖေးခန်းမှ အသံကျယ်ကျယ်နှင့် လှမ်း၍ ပြောလိုက်လေရာ မိမိ၏ အသံကို မိမိ လန့်သလို ဖြစ်၍ သွားလေ၏ ။ သို့ဖြစ်၍ မိမိ၏ စကား မဆုံးမီလိုလိုပင် ဝရန်တာသို့ လျင်မြန်စွာ ပြန်ရောက်၍လာပြီး “ ဟုတ်တယ်ဟေ့ ၊ အခန်းကြီးက တစ်မျိုးပဲ ။ သင်္ချိုင်း ဇရပ်ဟောင်းကြီးလို နို့ပေမယ့် ဘာမှ မရှိပါဘူး ” ဟု ပြောရင်း ထိုင်လေ၏ ။

ရှုပ်ပွနေသော ပစ္စည်းများ အဝတ်ဖြူ အုပ်၍ ထားသော ပန်းချီခုံအီဇယ်မှာ အားနည်းသော ဖယောင်းတိုင် မီးရောင်တွင် တစ္ဆေသို့ မှတ်ထင်ရလေ၏ ။ သုံးယောက်သား ထိုခုံကို ကြည့်၍နေခိုက်တွင် ခုံသည် ရှေ့သို့ တရွေ့ရွေ့ တိုး၍ လာသည်ဟု မှတ်ထင်ရလေ၏ ။

သုံးယောက်သား ကြောက်လျက်နှင့်ပင် အခြား တစ္ဆေပုံများကို ဆက်ကာ ပြော၍ နေကြလေ၏ ။ သို့ပြောပြီးနောက် တစ်အောင့်မျှ ဆိတ်စွာနေခိုက်တွင် ချွင် - ဂျုံး - ဒုန်း - ကတ် ။ ကတ် ကစ် ဝဲ ဟု မြည်သော ကြက်တူရွေးငှက်အော်သံလိုလိုနှင့် ဖန်တွေ မှန်တွေ ကွဲပြိုရာ ကျသံလို အသံကြီးကို ကြားရလေ၏ ။ ထိုအခါ မောင်ပိန်နှင့် မောင်ချစ်မှာ တစ်ယောက်ကို တစ်ယောက် ဖက်ကာ ကွေးပု၍ နေကြလေ၏ ။

မောင်ဘအေးသည်လည်း ထိတ်လန့်၍ သွားလေ၏ ။ သို့သော်လည်း သတိမလစ်ချေ ။ အခန်းတစ်ခုလုံးမှာ ဆိတ်ငြိမ်၍ နေလေ၏ ။ မောင်ဘအေးသည် တစ်စုံတစ်ရာ ထပ်မံ၍ ကြားရဦးမည်လားဟု ဆင်ခြင်ကာ နားစိုက်၍ နေလေ၏ ။ သို့နေခိုက်တွင် အခန်းထဲမှ လှုပ်ရှားသော အသံနှင့် ကြက်တူရွေး အော်သံ အတောင်ပံခတ်သံကို ကြားရလေ၏ ။ ထိုအသံသည် ဆက်ကာဆက်ကာ ပေါ်လာလေ၏ ။

အင့်ဟင် ဘယ့်နှယ်ဟာတုံးဟု စဉ်းစားကာ နေလေ၏ ။ အဖော်နှစ်ယောက်မှာကား အသံကြားရတိုင်း တစ်ယောက်ကို တစ်ယောက် ဖက်ကာ အကြောက်ရောဂါ အပြင်းဖမ်း၍ နေလေ၏ ။ မောင်ဘအေးသည်ကား သတိမလစ် စဉ်းစား၍သာ နေပေရာ ထပ်ကာထပ်ကာ ကြားရသောအခါ သာလွန်စဉ်းစားဖွယ်ရာ ဖြစ်သဖြင့် အရဲစွန့်ကာ ထ၍သွားမည် ပြုလေ၏ ။ အဖော်နှစ်ယောက်က မသွားရအောင် ဆွဲ၍ထားကြ၏ ။ မိမိတို့ နှစ်ယောက်တည်း ကျန်ရစ်မှာကိုပင် ကြောက်ရွံ့၍ နေကြလေ၏ ။ ဘာမှ မဟုတ်ပါဘူး ။ ဘာပါလိမ့်မလဲ ။ ဘယ့်နှယ်ပါလိမ့်ကရို့ ။ ဘယ်က ကြက်တူရွေးလဲ စသည်ဖြင့် တွေး၍ နေခိုက်တွင် မှောင်ထဲမှ သေးငယ်သော အသံကို ကြားရပြန်သဖြင့် ကြည့်လေရာ ကြမ်း၌ ကပ်ကာ နိမ့်သော အရာကလေးတစ်ခု မိမိ ရှိရာသို့ တရွေ့ရွေ့ လာသည်ကို မြင်ရလေ၏ ။

မောင်ဘအေးမှာ ဦးခေါင်း ကြီး၍ သွားလေ၏ ။ ထိုသေးငယ်သော အရာကို စိုက်ကာ ကြည့်၍နေရာ မိမိနှင့် တစ်လံကွာလောက် နေရာသို့ ရောက်လျှင် ငှက်ကလေး ဖြစ်သည်ကို သိရလေရာ အရဲစွန့်ကာ ပြေး၍ ဖမ်းလိုက်လေရာ ဂဲ့ဂစ်မြည်လျက် ဖျိုးဖျိုးဖျပ်ဖျပ် ကြက်တူရွေးငှက်သည် လက်ထဲတွင် အတောင်ပံကို ခတ်၍ နေလေ၏ ။

ပိန် ။  ။ “ ဟေ့လူ ဘာလုပ်တာလဲ ။ ဘယ့်နှယ်လုပ်တာလဲ ။ လွှတ်လိုက်ဗျာ ။ အမယ်လေး ဘာမှန်းမသိ ညာမှန်း မသိနဲ့ ” ဟု ပြောပြီး ကြက်တူရွေးကို မြင်သောအခါ တစ်ဖန် ဝပ်၍ နေပြန်လေ၏ ။ မောင်ချစ်လည်း ကြက်တူရွေးကို မရဲတရဲ ကြည့်ပြီး ပြေးတော့မလို လုပ်၍ နေလေ၏ ။ မောင်ဘအေးသည်ကား ကြက်တူရွေး၏ ကျောကို သပ်ကာ “ ရွှေဂဲ ၊ ရွှေဂဲ ၊ ပေါ်လီရွှေဂဲ ” ဟု ခေါ်လေ၏ ။ ကြက်တူရွေးသည် မော်၍ ကြည့်ကာ “ နွန်း နွန်း ” ဟု အော်ရင်း ခေါင်းညိတ်လေ၏ ။

မောင်ဘအေးသည် စဉ်းစား၍ နေလေ၏ ။ ကြက်တူရွေးသည် ဦးခေါင်းကို ညိတ်ကာ နွန်းနွန်း ဟု အော်ပြန်၏ ။ မောင်ဘအေးသည် တစ်စုံတစ်ရာကို တွေးမိသဖြင့် ကြက်တူရွေးကို ကိုင်လျက် အခန်းထဲသို့ ထ၍ ဝင်သွား လေ၏ ။ အခန်းမကြီး၌ ဘာကိုမျှ မတွေ့ရချေ ။ တစ်အောင့်တစ်နားရပ်ကာ ပတ်ပတ်လည် ကြည့်လေ၏ ။ ကြက်တူရွေးက “ နွန်း နွန်း ” ဟု အော်ပြန်လေ၏ ။ ထိုအခိုက်တွင် နံဘေးခန်းမှ အသံလိုလို ကြားရသဖြင့် နားစိုက်ကာ နေလေ၏ ။ ကျောထက်၌ ရှိန်းခနဲ ဖြန်းခနဲ အစိမ်းပက်သလို ဖြစ်၍ နေလေ၏ ။ တစ်ဖန် အခန်းထဲမှ အသံကို ကြားရပြန်လေ၏ ။ မောင်ဘအေးသည် စိတ်ကို တင်းကာ ဝင်၍ သွားလေရာ မြင်ရသော အရာကြောင့် တံခါးဝတွင် ကြက်သေသေ၍ နေလေ၏ ။ ထိုအရာသည်ကား ကြမ်းပေါ်တွင် အလိပ်လိုက် ထားရှိသော မွေ့ရာနှစ်လုံးပေါ်၌ လရောင်ထဲတွင် ပုဆစ်တုပ် ထိုင်ကာ ဆံပင် ကပိုကရိုနှင့် နေသော မိန်းမပျိုတစ်ယောက်၏ သဏ္ဌာန် ဖြစ်လေသတည်း ။ ထိုသဏ္ဌာန်သည် အထက် ကောင်းကင်ပေါက်ကို မော့ကာ မျှော်နေရာမှ ဖြူဝင်းလှပသောမျက်နှာမှာ ကွင်းကွင်းကွက်ကွက် ထင်ပေါ်၍ နေလေရာ မောင်ဘအေး၏ ရင်ထဲတွင် ကတုန်ကယင် ဖြစ်၍ သွားလေ၏ ။

“ နွန်းနွန်း ” ဟု ကြက်တူရွေးက အော်ပြန်လေ၏ ။ မောင်ဘအေး၏ လက်မှ လွတ်ထွက်ကာ မိန်းမပျို၏ ရင်ခွင်ကို သွား၍ တိုးလေ၏ ။ မိန်းမပျိုသည် မောင်ဘအေးကို မြင်၏ ။ ကြက်တူရွေးကို ဆီး၍ ပွေ့၏ ။ “ အမယ်လေး ညွန့်ညွန့် ဆိုတာ ထင်ပါရဲ့ ။ ဟုတ်ပါတယ် ။ ကြက်တူရွေး က အပြောသားပါကလား ” ဟု ကတုန်ကယင် လေသံ နှင့် ပြောရင်း အပါးရောက်သွားပြီး မျက်နှာချင်းဆိုင် ထိုင်ကာ သေချာစွာကြည့်ပြီး “ ဟုတ်ပါတယ် ။ ညွန့်ညွန့် ဆိုတာ မဟုတ်လား ။ ဟိုဘက်အခန်းက မဟုတ်လား ။ ဘယ်လို ဖြစ်လာတာလဲ မကြောက်ပါနဲ့ ။ ကိစ္စ မရှိပါဘူး ။ ထ ထ ။ မှန်စတွေ ရှကုန်မယ် ။ သတိထားနင်း ” ဟု ပြောရင်း ညွန့်ညွန့်၏လက်ကို ဆွဲကိုင်၍ ထူလေ၏ ။

“ ဒီကြက်တူရွေးကြောင့် ဖြစ်တာ ။ ဒီမွေ့ရာတွေ မရှိရင် ကျွန်မ သေမှာပဲ ။ ကျွန်မ သူ့ကို လိုက်ဖမ်းရင်း မှန်တွေ မိုးထားတဲ့ အပေါက်ကို နင်းမိတယ် ။ ကျွန်မ လသာခန်းမှာ သူနဲ့ ကစားရင်း လွတ်ပြေးလို့ လိုက်တာ ” ဟု မောကြီးပန်းကြီး ပြောလေ၏ ။

“ အသာနေ ၊ အသာနေ ။ မင်း ငြိမ်ငြိမ်နေ ။ အပြင်ဘက်မှာ ယောက်ျား အရက်မူးသမားတွေ ရှိတယ် ။ မင်းကို တွေ့ရင် ခက်မှာ ။ သူတို့ ထွက်ပြေးအောင် လုပ်ပြီးမှ မင်းကို ငါ လိုက်ပို့မယ် ။ ရော့ ... ဟောဒီ စောင်ကို ခြုံပြီး ထွက်လာခဲ့ ။ သူတို့ တစ္ဆေထင်ပြီး ပြေးလိမ့်မယ် ။ ထွက်ခဲ့နော် ” ဟု ပြောပြီး မောင်ဘအေးသည် ကြက်တူရွေးကို ပိုက်ကာ မိမိ၏ အဖော်များထံ ပြန်၍ ပြေးလေ၏ ။

အဖော်များက ထိတ်လန့်တကြား ဆီး၍ မေးကြရာ မောင်ဘအေးက “ ဘာမှမတွေ့ရဘူး ။ ဒီကြက်တူရွေးပဲ ရှိတာပဲ ”

“ ဒီလိုဖြင့် လွှတ်လိုက် ဆရာ ။ ဒီကြက်တူရွေးဟာ ကောင်းတာ မဟုတ်ဘူး ။ မကောင်းဆိုးဝါး ကောင်ကလေး ။ လွှတ်လိုက် အိပ်နေတာတွေ့ ရင် မျက်လုံး ဖောက်စားမလို့ အကြံနဲ့ လာတာ ။ ဒင်း အကောင်း မဟုတ်ဘူး ။ ဟော ... ဟော ကြည့်ပုံ မျက်လုံးကိုက တစ္ဆေမျက်လုံး ။ ဒင်း စားမလို့လာတာ ဆရာ ။ လွှတ်လိုက် လွှတ်လိုက် ” ဟု မောင်ပိန်က ထိတ်လန့်တကြား ပြောလေ၏ ။

ထိုအခိုက်တွင် ရှဲရှဲရှဲရှဲနှင့် အခန်းထဲမှ အသံကြားရသဖြင့် ကြည့်ရာ ဖြူဖြူအကောင်ကြီး အခန်းထဲမှ ထွက်၍ လာသည်ကို မြင်ကြရလေ၏ ။ ထိုအခါ “ အမယ်လေး ခင်ဗျာ့ ” ဟု အော်ကာ မောင်ချစ်နှင့် မောင်ပိန်သည် လှေကားသို့ ပြေးပြီး နှစ်ယောက်သား ကျွမ်းလှိမ့်ကာ ဆင်းကြလေ၏ ။

ထိုအခိုက်တွင် မောင်ဘအေးသည် ညွန့်ညွန့် ထံ ပြေးကာ “ လာ လာ ပြန် ပြန် ” ဟု ပြောပြီး လသာခန်းကို တက်သော လှေကားဖြင့် တက်ကြလေရာ တိုက်ထိပ် အမိုး၏ နောက်ဆွယ်အမိုးထက် ခါးစောင်းခန့်မျှ နိမ့်သော လသာခန်းသို့ ရောက်ကြလေ၏ ။ ထိုနေရာ၌ တစ်အောင့်တစ်နား အပန်းဖြေရင်း ရပ်ကာ စကားပြောကြရာ အသိမိတ်ဆွေ ဖြစ်၍ သွားကြရာတွင် မောင်ဘအေးက “ အခု တွေ့ရပုံ အင်မတန် ထူးဆန်းတာပဲ ။ သည် တိုက်ခန်းကို ပြောင်းလာတာဟာ ညွန့် အတွက် ကြောင့်ပါ ။ ညွန့် နှင့် တွေ့ရမယ် ဆိုတာတော့ မမျှော်လင့်ပါဘူး ။ မမျှော်လင့်သော်လည်း နီးရုံမျှ နီးရလျှင် တစ်ခါတစ်ခါ မြင်ရရဲ့လို့ အောက်မေ့ပြီး မဖြစ်နိုင်တဲ့ ကိစ္စပင် မှန်သော်လည်း ဒီအရာမျိုးမှာ မျှော်လင့်တဲ့ စိတ်ဆိုတာ မချုပ်မငြိမ်း ။ ဟောဟို အနောက်ဘက်က ကြယ်ရောင်ကလေးလို မှိတ်တုတ်မှိတ်တုတ်နဲ့ အမြဲတည်နေနိုင်တဲ့ သတ္တိမျိုးပါ ညွန့်ရဲ့ ။ အခု တွေ့ ရပုံမှာတော့ မဖြစ်နိုင်တဲ့ နည်းလမ်း ဟူသမျှမှာ သည့်ထက် ကြီးတာ မရှိတော့ပါဘူး ။ အဲသည်လောက် ကြီးမားတဲ့ မဖြစ်နိုင်ခြင်းဟာ ဟောဒီသတ္တဝါကလေးရဲ့ ကျေးဇူးကြောင့် ဖြစ်ကြုံရခြင်းဟာ အကြောင်းမဲ့ဖြင့် မဟုတ်တန်ရာ အယုတ်သဖြင့် နောက်ထပ်ပြီး မကြာမကြာ တွေ့ရဖို့ရန် လမ်းစကလေး နဲ့ တူတာပါပဲ ” ဟု အသက်မရှူဘဲ လကိုသာ ငေးကြည့်လျက် မျက်နှာထား တည်တည်ကြီးနှင့် ဣန္ဒြေရရ ပြောလေရာ ညွန့်ညွန့်မှာ အကြင်နာဝင်သော မျက်လုံးများနှင့် မောင်ဘအေး၏ မျက်နှာကို တစ်ခါတစ်ခါ ကြည့်ပြီး ပင့်သက်ကို ရှိုက်ကာ ရှူလေ၏ ။

“ ရှင့်နာမည် ဘာခေါ်သလဲ ”

“ အိမ်ရှေ့ဆိုင်းဘုတ် ရှိပါလိမ့်မယ် ။ ညွန့်တို့ ကြားဖူးတဲ့ နာမည်တစ်ခုပါပဲ ”

“ ကိုဘအေး ဆိုတာ မဟုတ်လား ။ ကျွန်မ မဂ္ဂဇင်းထဲမှာ ရှင် ရေးတဲ့ အရုပ်ကလေးတွေ မြင်ရဖူးပါရဲ့ ။ ရှင် ဒီဘက်ကို ပြောင်းတယ်လို့လည်း ကြားလိုက်မိပါတယ် ” ဟု ကြက်တူရွေး ကျောကို လက်နှင့် သပ်ကာ ပြောလေ၏ ။ ထို့နောက် “ ဒါထက် ကျွန်မ အိမ်ကို ပြန်ဖို့ ခက်တာပဲ ။ ကျွန်မ အမိုးပေါ်က လျှောက်လာရင်း ကျတာ ။ အမိုးပေါ်က ပြန်လျှောက်မှ ရောက်မှာပဲ ။ ဒီလသာခန်းက သိပ်နိမ့်တာပဲ ” ဟု ပြောရင်း ရှေ့၌ ရှိသော အုတ်ကြွပ်မိုးကို မော်၍ ကြည့်လေ၏ ။

မောင်အေးသည် မရဲတရဲ ညွန့်ညွန့်ကို ကြည့်လေ၏ ။ ညွန့်ညွန့်က ပြုံးစနဲ့နဲ့ လုပ်ကာ နေလေ၏ ။ မောင်အေးသည် အားတက်ကာ အပါးကို ကပ်ပြီး “ အခွင့်ပေးနော် ” ဟုပြောကာ ပြည့်ဖြိုးပျော့ပျောင်း လေးကစ်သော ကိုယ်ကလေးကို သန်မာသော လက်မောင်းများဖြင့် ပွေ့မြှောက်ကာ နိမ့်သော လသာခန်းမှ အုတ်ကြွပ်မိုးပေါ်သို့ တင်၍ ပေးလိုက်လေ၏ ။ ညွန့်ညွန့် လည်း ကျေးဇူးတင်ကြောင်း ပြော၍ လက်ပြကာ နှုတ်ဆက်ပြီး ခပ်ဖြည်းဖြည်း သတိနှင့် လှမ်းလျှောက်၍ သွားလေ၏ ။ မောင်ဘအေး သည် ရပ်ကာ ကြည့်၍ နေလေ၏ ။ ညွန့်ညွန့်သည် မိမိ၏ အိမ်မိုးပေါ်သို့ ရောက်လျှင် တစ်ဖန်ပြန်၍ ကြည့်ကာ လက်ပြလေ၏ ။ မောင်ဘအေးလည်း ပြန်၍ လက်ပြကာ ဖလိုင်းကစ်စ် အမှတ်ကို ပေးလိုက်လေ၏ ။ ညွန့်ညွန့် သည် ပျောက်ကွယ်၍ သွားလေသတည်း ။

မောင်ဘအေးသည် လသာခန်း၌ ရပ်ကာ “ ရွှေလရောင်ထိုး အိမ်ခေါင်မိုး ” ဟူသော တေးကို ကျယ်သော ထက်ကောင်းကင် ဝေယံဖျားက အသံနှင့် ဆိုရစ်ရှာလေသတည်း ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
      အတွဲ ၃ ၊ အမှတ် ၃၈
      ဒီဇင်ဘာ ၁၉ ၊ ၁၉၃၂

No comments:

Post a Comment