❝ အာဏာသား ❞
( ပီမိုးနင်း )
အောက်ပါ အတ္ထုပ္ပတ္တိမှာ အမေရိကန် အာဏာသား တစ်ယောက်၏ ကိုယ်တွေ့ အတ္ထုပ္ပတ္တိ ဖြစ်လေသည် ။ အမေရိကန်တိုင်း၌ သေဒဏ်အပြစ်ရသူတို့ကို ကြိုးမပေး ။ လျှပ်စစ်ဓာတ်ကုလားထိုင်မှာ ထိုင်စေ၍ ခြေနှင့် ဦးခေါင်းမှာ အီလက်ထရိုခေါ် လျှပ်စစ်ဓာတ်အားသွင်းသည့် ကိရိယာများကို တပ်ဆင်ပြီး လူကို ကုလားထိုင်၌ မြဲခိုင်စွာ ချည်နှောင်၍ လျှပ်စစ်ဓာတ်ခလုတ်ကို နှိပ်ရလေသည် ။ ထိုအခါ မိုးကြိုးအပစ်ခံရသူများ သေသည့် နည်းမျိုးအတိုင်း သေရလေသည် ။ ထိုအတ္ထုပ္ပတ္တိသည် ဂျွန်ဘူဘာဆင် ခေါ် အာဏာသား၏ တွေ့ကြုံဖြစ်ပျက်ခြင်း အတ္ထုပ္ပတ္တိဖြစ်ရာ ၎င်းက ပြောပြသည်မှာ -
ကျွန်တော်သည် လူတစ်ရာနှင့် နှစ်ဆယ့်ခုနစ်ယောက်ကို စက်ခလုတ် နှိပ်၍ အမြဲထာဝရ အိပ်ပျော်ခြင်းသို့ ရောက်အောင် ပို့ဆောင်ခဲ့သူ ဖြစ်ပါသည် ။ အမေရိကတိုင်း၌ လျှပ်စစ်ဓာတ်ကုလားထိုင် စ၍ ပေါ်သောအခါ ထိုကုလားထိုင်ဖြင့် ပထမ အသ,တ်ခံရသူသည် ကျွန်တော်၏လူ ဖြစ်ပါသည် ။ ကျွန်တော်၏ လူ ဆိုသည်မှာ ကျွန်တော် ပထမဆုံးသ,တ်ရသူကို ဆိုလိုပါသည် ။
ကျွန်တော်သည် ယူနိုက်တက်စတိတ်နိုင်ငံ အရှေ့ပိုင်း ထောင်တစ်ထောင်မှာ လျှပ်စစ်ဓာတ်ဘက်၌ အလုပ် လုပ်၍ နေပါကြောင်း ။
တစ်နေ့သ၌ ထောင်အရာရှိက ကျွန်တော့်အား လျှပ်စစ်ဓာတ် ကုလားထိုင်နှင့် သေဒဏ်ပေးခံရသူများ အတွက် ခလုတ်နှိပ်အရာရှိ အလုပ်ကို ယူမလား ၊ ငါတော့ ထောင်ပိုင်ကြီးကို မင်းအတွက် ပြောပြီးပြီဟု ပြောပါသည် ။
ကျွန်တော်က အာဏာသား အလုပ်ကို မလုပ်လိုကြောင်းနှင့် ငြင်းပယ်ရာ ၎င်းက မင်း မမိုက်နဲ့ ။ လူ တစ်ယောက်အတွက် ခလုတ်နှိပ်ခ ဒေါ်လာသုံးရာကွယ့် ။ ( မြန်မာငွေကိုးရာ ) ကစားတာ မဟုတ်ဘူး ။ ပြီးတော့လည်း မင်း သ,တ်တာမှ မဟုတ်ဘဲ ။ ဂျူရီနဲ့ တရားသူကြီးတွေက သ,တ်တာ ။ မင်းက ခလုတ်ကလေး နှိပ်ရုံနှိပ်ရတာ ။ ဘာ အရေးကြီးသလဲဟု ပြောပါကြောင်း ။
ကျွန်တော့်မှာကား ကိုယ်တိုင်အတွက် အရေးမကြီး ၊ ကျွန်တော် အာဏာသား ဖြစ်ရင် ကျွန်တော်၏ သားမယားမှာ ဂုဏ်ငယ်တော့မည် ။ လူရှုတ်ချ ခံရတော့မည် ဟူသော အကြောင်းများကို တွေးပြီး ချီတုံချတုံဖြစ်နေရာ ဗါဒင်အရာရှိက တိုက်တွန်းသဖြင့် လက်ခံလိုက်မိပါကြောင်း ။
ဆောင်းဥတု နေ့တစ်နေ့ ညနေအချိန် ဗုဒ္ဓဟူးနေ့ နံနက်မိုးလင်းလျှင် ပထမရာဇဝတ်ကောင်ကို သ,တ်ရမည်ဟု အမိန့်ကျ၍လာသောအခါ ကျွန်တော်သည် လုပ်ရမည့် အလုပ်ကို ထင်မြင်ကာ စိတ်ထဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်၍ သွားပါသည် ။ အတိုချုံးရမည်ဆိုလျှင်ကား သ,တ်ရမည့် နံနက်၌ ဓာတ်ကုလားထိုင်ရှိသော နေရာသို့ ကျွန်တော် ရောက်၍ သွားပါကြောင်း ၊ ထိုကုလားထိုင်ကို စီမံရာ၌ ကျွန်တော်ကိုယ်တိုင် ပါရှိသဖြင့် အလုပ်ကို ကောင်းစွာ နားလည်ပြီးဖြစ်၍ နေပါသည် ။ သ,တ်ရမည့် နေရာသို့ ရောက်သောအခါ ဆိုင်ရာ အရာရှိအား ကျွန်တော် မည်သူ ဖြစ်ကြောင်း ပြော၍ပြပါကြောင်း ။
ထိုအရာရှိက အင်း ... ဟာစတင် ဆိုတဲ့ အာဏာသားလား ဟု ပြောပြီး ကျွန်တော်၏ အလုပ်၌ ကူညီရမည် ။ လူငါးယောက်အား ကျွန်တော့်ကို ကူညီရန် ပြောပါကြောင်း ၊ သို့သော်လည်း ထိုအရာရှိရော ၊ ထိုလူများရော ၊ အခြား ကြည့်လာသူများရော ကျွန်တော့်ကို မည်သူကမျှ အဖက်လုပ်၍ နှုတ်ဆက်ခြင်း ၊ စကားပြောခြင်း ၊ အရေးယူခြင်း မပြု ၊ ဒီအကောင် ဘယ်လိုအကောင်လဲဟု တွေးတောကြည့်ပုံမျိုးနှင့်သာ နေကြပါသည် ။
ထိုအခါကျမှလည်း ဒီအလုပ်ဟာ ဒီလိုကိုးဟု တွေးမိလျက် စိတ်ပျက်ချင်သလို ဖြစ်မိပါသည် ။ သို့သော်လည်း တစ်ယောက်လျှင် ဒေါ်လာသုံးရာ ။ တစ်လ သုံးယောက် ၊ လေးယောက်သာ ခလုတ်နှိပ်ရလျှင် ငါ့မှာ အိမ်ပိုင်ရာပိုင်နှင့် ဟန်ဟန်ပန်ပန် နေရတော့မှာပါကလား ။ ငါလည်း အရာရှိပေပဲ ဟူ၍ တွေးပြီး စိတ်ကို တင်းလိုက်ရပါကြောင်း ။
ကျွန်တော့်ကို ကူညီသူများအား ရာဇဝတ်ကောင်ကို ကုလားထိုင်၌ အဘယ်ပုံ ချည်ရမည် ဟူသော နည်းကို ပြလိုသဖြင့် တစ်ယောက်ယောက် ထိုင်ဖို့ ပြောရာ မည်သူမျှ မထိုင် ၊ ကိုယ်တိုင်ထိုင်၍သာ ချည်နည်းကို သင်ပြရပါသည် ။
၎င်းနောက် ရာဇဝတ်ကောင် ရောက်၍လာရာ ၎င်းကို အထိုင်ခိုင်းပြီး ခြေများလက်များကို ကပ်၍ ချည်ရာ ၎င်းလူသည် ကျွန်တော်၏ မျက်နှာကိုသာ မျက်တောင် မခတ်ဘဲ ကြည့်၍နေပါကြောင်း ၊ မလုပ်ပါနဲ့ အစ်ကိုရယ် ကျွန်တော့်အသက်ကို မသတ်ပါနဲ့ အစ်ကိုရယ်ဟု ပြောသကဲ့သို့ ရှိနေပါကြောင်း ၊ ကျွန်တော့်မှာ ၎င်း၏ မျက်နှာကို မကြည့်ဝံ့ မကြည့်နိုင် ၊ မျက်နှာကို လွှဲလျက် လုပ်စရာ ရှိသမျှကို တုန်လှုပ်ချောက်ချားလျက် လုပ်ရပါသည် ။
နောက်ဆုံး၌ ရာဇဝတ်ကောင်က လုပ်ပါ အစ်ကိုရယ် ၊ မြန်မြန်ပြီးအောင် လုပ်ပါ ခင်ဗျာ ဟု ပြောပါကြောင်း ။
ထိုစကားသည် ကျွန်တော်၏ အသည်းနှလုံးထဲကို ဓားကြီးတစ်စင်း ဖောက်ထွင်း ဝင်ရောက်၍ သွားသကဲ့သို့ ဖြစ်ပါကြောင်း ၊ ကတုန်ကယင်နှင့် လုပ်ရာ ပြီး၍ သွားပြီး ဆရာဝန်က စက်ခလုတ်ကို နှိပ်ဖို့ အမှတ်ပြလိုက်သဖြင့် လူများ မမြင်ရအောင် ကွယ်၍ထားသော နေရာသို့ ဝင်ပြီး မျက်လုံးများကို မှိတ်ကာ ခလုတ်ကို နှိပ်လိုက်ပါသည် ။ မျက်လုံးကို ဖွင့်လိုက်သောအခါ ကိစ္စချော၍ သွားသည်ကို တွေ့ရှိရပါသည် ။
နောက် သုံးယောက်လောက် လုပ်မိသောအခါ ကျွန်တော့်မှာ လုံးလုံးကြီး စိတ်ပြောင်း၍ လာပါသည် ။ ငါ သ,တ်တာမှ မဟုတ်ဘဲ ဘာဖြစ်သလဲ ။ ငါက ခလုတ် နှိပ်ရုံပဲ ။ ဒီအကောင်တွေလည်း လူဆိုးတွေ ၊ မြွေဆိုး ၊ မြွေဟောက်တွေပဲ ။ တရားအတိုင်း ငါ လုပ်ရတာ ။ ငါဟာ ခလုတ်နှိပ် အရာရှိတစ်ယောက် ဒေါ်လာသုံးရာ မည်သူမျှ အဖက်မလုပ်ကော ဘာအရေးကြီးသလဲ ။ ငါ ဒီအလုပ်ကို လုပ်တာ ဂါဝါနာနဲ့ ထောင်ပိုင်အပြင် လူ အနည်းငယ်သာ သိတာပဲ ။ ငါ့နာမည်ရင်းကလည်း ဟယူဘာစတန် မဟုတ်ဘူး ။ အရပ်ထဲမှာ ငါ ဒီအလုပ် လုပ်ကြောင်း ဘယ်သူမှ မသိဘူး ။ ဘာအရေးလဲ ဟူသော အတွေးပေါ်လျက် ကြင်နာသနားစိတ်တွေ အကုန် ကင်းပျောက်၍ လာပါကြောင်း ။
သို့သော်လည်း ကာဆီဒီ ခေါ်သူကို ခလုတ်နှိပ်ရာ၌ ကြီးစွာသော ပြောင်းလဲခြင်း ဖြစ်ခဲ့ပါသည် ။
၎င်းမှာ လွန်စွာ ကြောက်ရွံ့လျက် ကျုပ်မှာ အပြစ် မရှိပါဘူး ။ ကျုပ် သေရင် ကျုပ်ကလေးနှစ်ယောက်နဲ့ ကျုပ်မိန်းမကို ကြည့်ရှုမစကြပါ ။ ကျုပ် မှားပြီး ခံရတာပါဟု ပြောပါသည် ။
ကျွန်တော့်မှာကား ဂရုစိုက်သော စိတ်မရှိ ။ ၎င်း ကြောက်ရွံ့တုန်လှုပ်ပုံများကို မြင်လျက်လည်း မထောင်းတာ ။ ကိုယ့်အလုပ်ကိုသာ လုပ်၍ နေပါသည် ။ ခလုတ်နှိပ်လိုက်သောအခါ ၎င်းသည် ချက်ချင်း မသေ ။ လည်ပင်းနှင့် လက်များမှာ အကြောကြီးတွေ ထလျက် တစ်ကိုယ်လုံး နီမြန်း၍လာပြီးလျှင် ကုလားထိုင်ပေါ်မှ ထ၍ ပြေးတော့မလို ကြိုးများ ပြတ်တော့မလို ဖျစ်ဖျစ်မြည်လျက် ရုန်းရင်းဆန်ခတ်ဖြစ်၍ နေသော ကြောင့် ဒုတိယအကြိမ် ထပ်၍ နှိပ်မှ ကိစ္စပြီးပါကြောင်း ။
၎င်းကို သ,တ်ပြီး မီးရထားနှင့် အပြန်မှာ မီးရထားပေါ် ၌ အသ,တ်ခံရသူ၏ မယားနှင့် ကလေးနှစ်ယောက်ကို မီးရထားတွဲထဲမှာ တွေ့သဖြင့် ၎င်းတို့နှင့် ခပ်လှမ်းလှမ်းကလေးမှာ ရှောင်၍ မျက်နှာကို လူမမြင်ရအောင် ဦးထုပ်ကို ရှေ့သို့စိုက်ကာ ဆောင်းထားရပါသည် ။
မိန်းမက ကျွန်မလင် မဟုတ်ဘဲနဲ့ သေရတာပါ ။ သူတစ်ပါးသ,တ်တဲ့ အပြစ်အတွက် မတရား ခံရတာပါ စသည်ဖြင့် တောက်တီးမြည်တွန် ငိုကြွေးပါကြောင်း ၊ ကလေးနှစ်ယောက်အနက် အငယ်ကလေးက ဖေဖေ မရှိတော့ဘူး ။ ဖေဖေ့ကို သ,တ်ပစ်ကြတယ် ။ ကျွန်တော့် ဖေဖေ သေပြီသေပြီဟု ပြော၍ ငိုပါကြောင်း ။ ထိုအခါ ကျွန်တော့်မှာလည်း ကလေးများ ရှိသဖြင့် ရင်ထဲမှာ ဆို့၍ သွားပါကြောင်း ၊ သို့သော်လည်း ရာဇဝတ်သားဆိုတာ မိမိတို့ သ,တ်တယ်လို့ ဘယ်သူမှ ပြောရိုး မရှိ ။ ငါ တရားသဖြင့် လုပ်တာပဲဟု တွေးကာ စိတ်ကို ဖြေလိုက်ရပါ သည် ။
ထိုအတွင်း အခြားလူများက ဒီအကောင် မတရား သက်သက် သေရတာ ။ တစ်နေ့ သိရပါလိမ့်မယ် ။ ဒါများ တမင်သက်သက် မှားတာ ။ ကာဆီဒီမှာ အပြစ် မရှိဘဲ ခံရတာ ။ ခလုတ်နှိပ်တဲ့ ခွေးသားကို သေနတ်နဲ့ ပစ်သ,တ်ဖို့ ကောင်းတယ် ။ ရုပ်ကိုက မကောင်းဆိုးဝါး လူ့တိရစ္ဆာန်ရုပ် ၊ မျက်လုံးလက်လက် သေးသေးကလေး နှစ်လုံးနဲ့ ငါများ ကာဆီဒီ နဲ့ ညီအစ်ကိုတော်ရင် ဒီခွေးသားကို သ,တ်မှာပဲဟု ပြောပါကြောင်း ၊ ထိုစကားကို ကြားရသောအခါ ကျွန်တော့်မှာ တွေးတောစရာတွေ အမျိုးမျိုး ပေါ်၍ လာပါကြောင်း ။
မီးရထားမှ ဆင်းသောအခါ ၎င်းလူများ မြင်လျှင် မှတ်မိမှာစိုးသဖြင့် လျင်မြန်စွာ ရှောင်ရှား၍ လာခဲ့ရပါကြောင်း ၊ ထို့နောက် ရှစ်လလောက် ကြာသောအခါ မှား၍ သေဒဏ်အပြစ်ရသူ ကာဆီဒီ အကြောင်း ဟူသော သတင်းကို အကျိုးအကြောင်း စုံလင်စွာနှင့် တွေ့ရပါကြောင်း ။
ညတစ်ည၌ ထောင်မှ အိမ်သို့ အပြန် တောကလေး တစ်ခုကို ဖြတ်အလာတွင် နောက်မှ ခြေသံလိုလို လူသံလိုလို ကြားရသဖြင့် လှည့်၍ ကြည့်လိုက်ရာ လွန်စွာ ကြီးသော ငှက်နှင့်တူသော အကောင်ကြီး တစ်ကောင်ကို မြင်လိုက်ရပါကြောင်း ။
ထို့နောက် ကျွန်တော်၏ ရှေ့တည့်တည့်မှ တစ်စုံတစ်ယောက် မတ်တတ်ရပ်ကာ ပြောသလို ပြောသော အသံတစ်ခုကို ကြားရပါသည် ။ ၎င်းအသံမှာ ငါ မင်းကို ပြောစရာ ရှိတယ် ။ ပြောပြီးမှ မင်း သွားရမယ် ။ ငါ မင်း သ,တ်တဲ့ ကာဆီဒီ ၊ ငါ သင်္ချိုင်းက လာတယ် ။ သင်္ချိုင်းအထိ မင့်ကို အပါ ခေါ်မယ် ။ မင်း အပြစ် မရှိသူတွေကို သ,တ်တဲ့အကောင် ဟူသော အသံစကား ဖြစ်ပါကြောင်း ။
ထိုအခါမှစ၍ ခလုတ်တစ်ချက် နှိပ်လျှင် ဒေါ်လာ သုံးရာ ရသော ငွေဝင်လမ်း အချောင်အလုပ်ကောင်းကြီး တစ်ခုကို စွန့်ပယ်ပစ်လိုက်ရပါကြောင်း ၊ ယခုမှာကား သိန်းသန်းကုဋေရစေကာမူ သ,တ်တော့မည် မဟုတ်ပါ ။
[ ဘာသာပြန်ဝတ္ထုတို ဖြစ်သည် ။
မူရင်းဝတ္ထုအမည် ဖော်မပြထားပါ ။ ]
▢ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန်ဂျာနယ်
အတွဲ ၁ ၊ အမှတ် ၄၁
ဇူလိုင် ၁၃ ၊ ၁၉၃၄
No comments:
Post a Comment