Saturday, March 21, 2026

ထောင်ချောက်


 

❝ ထောင်ချောက် ❞ 
   ( ကောင်းမြတ် )

ခေါင်တိုင်ထက် အမိုးဆီမှ ချိုးချိုးချွတ်ချွတ်သံ ကြားမိလိုက်သည်နှင့် စိုးရိမ်ခြင်းက သူ့ရင်ထဲမှာ အကြားအလပ် မရှိအောင် နေရာယူ ပစ်လိုက်သည် ။ စိတ်မချခြင်းတို့နှင့်အတူ သူ ခေါင်တိုင်ထိပ်ဆီ အလျင်စလို ပြေးတက်သွားသည် ။ သူ တစ်ခုခုကို ခလုတ်တိုက်မိလိုက်သဖြင့် ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည် ။ လားလား စပါးစေ့တွေ ။ ရိုင်ပတ် အောက်ခြေ အပေါက်ကလေးမှ ထွက်ကျနေသော စပါးစေ့ပုံကလေးကို သူ တွေ့သည် ။ သူ ခလုတ်တိုက်မိသောကြောင့် စပါးစေ့ပုံကလေးမှာ ပြန့်ကျဲသွားပြီး တချို့မှာ ဖျာကြမ်းအခင်းကို လွန်ကာ ကြမ်းပေါက်ကြားမှ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည် ။ သူ ကြမ်းပေါက်ကြားမှ ငုံ့ကြည့်သည် ။ တစ် ၊ နှစ် ၊ သုံး ၊ လေး ။ ကိုးစေ့တိတိ ။ သူ အောက်သို့ ခပ်မြန်မြန် ပြေးဆင်းသွားလိုက်သည် ။ စပါးစေ့တွေကို တစ်စေ့မကျန် ပါးစပ်ထဲမှာ ကောက်ငုံထားလိုက်သည် ။ ပြီးမှ ဘေးဘီကို တစ်ချက် ကြည့်လိုက်ပြီး တိုင်ခြေရှိ တွင်းကလေး ထဲသို့ ခပ်သုတ်သုတ် ပြေးဆင်းသွားသည် ။ တွင်းအောက်ခြေ ရောက်မှ စပါးစေ့တွေကို ပြန်ထွေးချလိုက်သည် ။

တစ် ၊ နှစ် ၊ သုံး ၊ လေး .. ။

ပါးစောင်တွင် ကပ်နေသော နောက်ဆုံး တစ်စေ့ ကိုတော့ မထွေးတော့ဘဲ တကျိကျိ မြည်အောင် ဝါးစားပစ်လိုက်တော့သည် ။ ခေတ္တမျှ အရသာခံပြီးနောက် တစ်ခုခုကို သတိရသွားပြီး စပါးကျီ၏ ခေါင်တိုင်ထိပ် ဆီသို့ အလျင်စလို ပြန်ပြေးတက်သွားပြန်သည် ။

••••• ••••• •••••

ခေါင်တိုင်နှင့် အနီးဆုံး ထုပ်တန်းပေါ်တွင် မလှုပ်မယှက် ဝပ်ရင်း ရိုင်ပတ်ထဲမှ စပါးများကို သူ အပေါ်စီးမှ ကြည့်နေသည် ။ တပ်မက်စွာ စိုက်ကြည့်နေသော မျက်လုံးအစုံတို့သည် အရည်ပျော်ကျတော့မည်ဟု ထင်ရလောက်အောင် ဝင်းလက်တောက်ပနေသည် ။ ဝါရွှေဝင်းလက်နေသော စပါးစေ့တို့သည် ရိုင်ပတ်အပြည့် မို့မောက်လို့ နေသည် ။ ထိုသို့ စပါးစေ့များကို ကြည့်ရင်း ပီတိခံစားရ ခြင်းမှာလည်း သူ့ နေ့စဉ် အလုပ်များထဲက ဝတ္တရား တစ်ခုပင် ဖြစ်သည် ။

သို့သော် သည်လို စပါး အပုံအပင်ကို သူ ခုမှ မြင်ဖူးသည်တော့ မဟုတ် ။ သူသည် စပါးပင်တွေ ကြားမှာ မွေးပြီး စပါးတွေကြားမှာ ကြီးပြင်းခဲ့သူ ဖြစ်သည် ။ သူ့မွေးရပ်မြေသည် သည်ရွာဘေးက လယ်ကွင်းပြင်ကြီးသာ ဖြစ်သည် ။

လယ်ကွင်းကြီးသည် တစ်မျှော်တစ်ခေါ်ကြီးပြန့်ကျယ်ဝန်းလှသည် ။ လယ် ကွင်းပြင်ကြီးထဲမှာတော့ ဟိုတစ်စု ၊ သည်တစ်စု ရွာတန်းကလေးများကို တွေ့မြင်နိုင်သည် ။ လယ်ကန်သင်းပေါ်တွင် အရွယ်ရွယ်သော သစ်ပင်တို့သည် ဟိုတစ်ပင် သည်တစ်ပင် ပေါက်ရောက်လျက် ရှိသည် ။ ကျေးငှက်တို့သည် ဟိုမှသည်သို့ ပျံဝဲကြရင်း တေးစုံ တွန်ကျူးနေတတ်ကြ၏ ။ ကောင်းကင်ပြာပြာကြီး၏ အောက်တွင် သူ့မွေးရပ်မြေသည် ပျော်စရာ ကောင်းနေ၏ ။

လယ်ကန်သင်းတစ်ခု၏ ဘေးတွင်တော့ သူ့တွင်း အိမ်ကလေး ရှိပါသည် ။ ကွင်းလယ်ကုက္ကိုပင်ကြီးတွင် တည်းခိုရသော မိုးတွင်းအခါမှ လွဲ၍ ကျန်အချိန်တွင် တွင်း အိမ်ကလေးသည် သူ၏ ဘုံဗိမာန်လေးပင် ဖြစ်သည် ။ စားဖို့လည်း မပူရ ။ လယ်ကွင်းကြီး ထဲတွင် စပါး ၊ ပဲ ၊ ပြောင်း ၊ နှမ်း ရာသီအလိုက် သီးနှံမျိုးစုံ ရှိသည် ။ အားအားရှိလျှင် စပါးပင်တွေ ၊ ပြောင်းပင်တွေ ကြားမှာ ပြေးတမ်းလိုက်တမ်း ကစားကြသည် ။ ဗိုက်ဆာလျှင် စပါးစေ့လေးတွေ ၊ ပဲစေ့လေးတွေ အဆင်သင့် ကောက်ယူ စားလိုက်ရုံသာ ဖြစ်သည် ။

သူတို့အတွက် အလုပ်ဆို၍ မိုးလအစာအတွက် စပါးစေ့ ၊ ပဲစေ့လေးတွေ သယ်ယူစုဆောင်းဖို့သာ ရှိသည် ။ လုံ့လ စိုက်ထုတ်စရာ ဆို၍ သည်ဝမ်းစာကိစ္စသာ ရှိသည် ။ အဲဒါကလည်း ဘာမျှ ခက်ခက်ခဲခဲ ရှိတာမဟုတ် ။ ဘာကိုမျှ ကြောင့်ကြစရာ မရှိ ။ ဘယ်သူ့ မျက်နှာမျှလည်း ကြည့်စရာ မလို ။ ကိုယ့်နေရာတွင် ကိုယ်သာလျှင် အရှင်သခင် ၊ ကိုယ်သာလျှင် ဘုရင် ဖြစ်သည် ။ သည်လယ်ကွင်းမှာ မွေးဖွားလာရခြင်းကိုတော့ သူ အလွန် ပျော်ရွှင်ကျေနပ်မိသည် ။

သည်လယ်ကွင်းတွေ ထဲမှာ သူ ကြောက်ရတာ သတိထားနေရတာ တစ်ခုပဲ ရှိသည် ။ အဲဒါကတော့ ထောင်ချောက်တွေ ဖြစ်သည် ။ သူတို့ တွင်းဝနှင့် သွားလာတတ်သော လမ်းကြောင်းများတွင် ထောင်ထားလေ့ရှိသော ထောင်ချောက်များကိုမူ သူ ကြောက်သည် ။ ထောင်ချောက်များကလည်း အမျိုးစုံလှသည် ။ ဝါးချောင်းကလေးများနှင့် လုပ်ထားသော လည်ညှပ်ထောင်ချောက်လည်း ပါသည် ။ တစ်ဖက်ပိတ် ဝါးဆစ်ဘူးများနှင့် ပြုလုပ်ထားသော ဝါးဘူးထောင်ချောက် ဆိုတာလည်း ရှိသည် ။ အသွားအလာ မဆင်ခြင်မှုကြောင့် ဖြစ်စေ ၊ ထောင်ချောက်ထဲက အစာကို တပ်မက်မှုကြောင့် ဖြစ်စေ ဖမ်းမိခဲ့လျှင်တော့ လွတ်ဖို့ရာ လမ်း မရှိတော့ချေ ။ လူတို့ ရောက်မလာခင်အထိ အသက်ရှင်ခွင့် ရခဲ့လျှင်တောင် နံနက် မိုးမလင်းခင် ရက်စက်စွာ သ,တ်ဖြတ်ခံကြရမှာ ဖြစ်သည် ။ ကံစွပ်၍ လွတ်ခဲ့လျှင်လည်း ခွေးဝဝကြီးများ၏ အစွယ်ဖွေးဖွေးထက်မှာ အသက်ပျောက်ရမှာ သေချာသည် ။ ထို့ကြောင့် ထောင်ချောက်များကိုတော့ သူ အလွန်ကြောက်သည် ။

ထို့ကြောင့်ပင် သူ တွင်းအိမ် တူးလျှင် ထောင်ချောက်များ ရှိတတ်သော အစာစုစုပုံပုံ ရှိသည့် စပါးပုံလို ၊ ကောက်လှိုင်းပုံလို နေရာမျိုးကို ရှောင်လေ့ရှိသည် ။ တွင်းအိမ်ရှိမှန်း မသိသာအောင်လည်း သူ့ တွင်းအိမ်ဝကို သူများတွေလို ကျစ်စာတွေနှင့် ခမ်းခမ်းနားနား သူ မလုပ် ။ တစ်သက်တာတွင် ကောက်လှိုင်းပုံနားမှာ တစ်ခါပဲ နေထိုင်ခဲ့ဖူးသည် ။ သူ့ သတိကြီးမှုနှင့် ကြောက်စိတ်တို့ကြောင့် ထောင်ချောက်များကို ရှောင်ရှားနိုင်ခဲ့သော်လည်း ထိုကောက်လှိုင်းပုံသည် သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့၏ ။

••••• ••••• •••••

လှည်းတစ်စီးသည် ကောက်လှိုင်းစည်းထဲ ရောက်ရှိနေသော သူ့ကို ရွာတစ်ရွာ၏ အစွန်ရှိ အိမ်တစ်အိမ်သို့ သယ်ဆောင်သွားခဲ့သည် ။ ခုန်ချထွက်ပြေးမည့် အကြံကိုလည်း အစွယ်ဖွေးဖွေးနှင့် ခွေးညိုညိုကြီးကြောင့် စွန့် လွှတ်ခဲ့ရသည် ။ ရောက်ပြီးမှ လှည်းလမ်းကလေးအတိုင်း ပြန်မည် ကြံပြီး သူ အေးဆေး တိတ်ဆိတ်စွာပင် လိုက်သွားခဲ့သည် ။

အဲသည်မှာပင် သူ ဝမ်းဖြူမလေးနှင့် စတင် ဆုံစည်းခဲ့ခြင်း ဖြစ်သည် ။ ဝမ်းဖြူမလေးက သူနှင့် သိပ်မတူလှ ။ သူက တုတ်တုတ်ခိုင်ခိုင် ၊ ဖွံ့ဖွံ့ထွားထွားဖြစ်သည် ။ သူကလေးကမူ ပိန်ပိန်သွယ်သွယ်နှင့် အလျား ခပ်ရှည်ရှည်ဖြစ်သည် ။ တင်ပါးဆုံကမူ ဖွံ့ဖွံ့ထွားထွားရှိ၏ ။ ဦးခေါင်းပိုင်းဘက်သို့ တဖြည်းဖြည်း သွေးသွယ်သွားပြီး နှုတ်ခမ်းချွန်ချွန်လေးတွင် အဆုံးသတ်သွားသည် ။ သူကလေးတွင် နှုတ်ခမ်းမွေးပါးပါးလေး ရှိပြီး ရှေ့သွားကလေး နှစ်ချောင်း ပေါ်အောင် ပြုံးလိုက်လျှင် သူ့ နှလုံးသားတို့သည် ပြောင်းပြန်ဆန်ခတ်ဖြစ်အောင် တုန်လှုပ်သွားရသည် ။ သူကလေး၏ မျက်စိပေါက် ကျဉ်းကျဉ်းကလေးထဲမှ ရွှန်းလဲ့ရည်ဝေသော အကြည့်တို့နှင့် ရင်ဆိုင် တွေ့လိုက်ရလျှင်ဖြင့် သူ တစ်လောကလုံးကိုပင် သတိ မရနိုင်တော့ချေ ။

အစပိုင်းတွင် ဝမ်းဖြူမလေးသည် သူ့ကို အနား အကပ် မခံခဲ့သော်လည်း တစ်အိမ်တည်းတွင် အတူတူ နေပြီး တွေ့မြင်ရပါ များလာသည်နှင့် ပိုပို ရင်းနှီးလာခဲ့သည် ။ နောက်ပိုင်းတွင်တော့ သူကလေး၏ အမွေးနုနုလေးများကို တို့ထိ ပွတ်သပ်ခွင့်ပါ ရလာခဲ့သည် ။ သည့်နောက်တွင် သူသည် လယ်ကွင်းများဆီသို့ ပြန်ရန် လုံးဝ မေ့လျော့သွားလေတော့သည် ။

••••• ••••• •••••

ရက်တွေလတွေ ကြာလာသည်နှင့် သူကလေး၏ ဝမ်းဗိုက်ဖြူဖြူကလေးသည် တဖြည်းဖြည်း ပို၍ ပြည့်ဖြိုး ပူတင်းလာခဲ့သည် ။ အစာ မရှာ နိုင်တော့သော ဝမ်းဖြူမလေးအတွက် သူ အလုပ် ပိုလုပ်ရတော့သည် ။ သူ နေထိုင်သော ကျီမှ စပါးစေ့ ၊ ပဲစေ့များကို မြတ်မြတ်နိုးနိုး သယ်ယူလာပြီး ကြင်ကြင်နာနာ ကျွေးမွေးသော်လည်း သူကလေးကတော့ စားနေကျ ဖြစ်သော မီးဖိုဆောင် ထမင်း ၊ ဟင်းများကိုသာ တောင့်တ၏ ။ သူ့စပါးစေ့တွေကို စောင်းငဲ့၍ပင် မကြည့် ။ သူကလေး ပိန်လှီလာလိုက်သည်မှာလည်း ဗိုက်တစ်လုံးသာ ကျန်တော့သည် ။

ထမင်းဟင်းများ ရှာဖွေ ခိုးယူရန်မှာလည်း သူ့ ကြောက်စိတ်က ထောင်ချောက်တွေ ဆီမှာ တဝဲလည်လည် ။ ညညဆို တစ်ဂျိုင်းဂျိုင်း မြည်သံတို့ အဆုံး၌ တကျွိကျွိ အော်မြည်ကာ ဇီဝိန် ကြွေသုဉ်းသွားကြသူများ မြင်ကွင်းက သူ့ကို ခြောက်လှန့်နေပါသည် ။ သံလှောင်ချိုင့် သေးသေးလေး ထဲမှာ လှည့်ပတ်ပြေးလွှားရင်း ချောက်ချားအော်မြည် နေရပုံတွေကလည်း သူ့ကို သွေးပျက်စေသည် ။ သူ့ဝမ်းဖြူမလေး မျက်နှာညိုမှာကိုလည်း စိုးပါသည် ။ သူ တတ်နိုင်သလောက်တော့ စွန့်စားရှာဖွေကျွေးသည် ။ သူ ရှာဖွေလာသမျှ စားပါစေလို့တော့ သူ ဆုတောင်းရသည် ။ ထိုသို့ တပိန်ပိန် တလိမ်လိမ် နေရင်းနှင့်ပင် ဝမ်းဖြူမလေးသည် သေးသေးလေး လေးကောင်ကို မွေးခဲ့သည် ။ စပါးကျီ ခေါင်းတိုင် ထိပ်ခေါင်းထဲတွင် သစ်ရွက်စ အမှိုက်စကလေးတွေ ခင်းပြီး သေးသေးလေးတွေကို ထားထားသည် ။ သေးသေးလေးတွေက တပိပိ အော်သည် ။ သေးသေးလေးတွေကို ဝမ်းဖြူမလေးက သူ့ နို့ပိန်ပိန်လေးတွေနှင့် နို့တိုက်သည် ။ သူ ရှာဖွေလာသော ဆန်စေ့ကလေးတွေကိုတော့ အားရ ကျေနပ်ဟန် မရှိသော်လည်း နည်းနည်း ဆိုသလို စားရှာသည် ။ သေးသေးလေးတွေကို မွေးပေးခဲ့သော ဝမ်းဖြူမလေးကို သူ အလွန် ကျေးဇူးတင်သည် ။ သေးသေးလေးတွေကိုလည်း သူ အသည်းတုန်အောင်လောက်အောင်ကို ချစ်ပါသည် ။

••••• ••••• •••••

သေးသေးလေးတွေ နို့လွတ်သော တစ်နေ့တွင် သူ့ ဘဝသည် နောက်ထပ် တစ်ဆစ်ချိုး ပြောင်းလဲခဲ့ပြန်သည် ။ မီးဖိုဆောင်ဘက်မှ ဂျိုင်းခနဲ အသံကြား၍ ထုံးစံအတိုင်း ကြောက်ရွံ့မှုကို နှလုံးသွင်းရန် သူ တက်လာခဲ့သည် ။ သို့သော် ကြောက်ရွံ့မှု အပြင် ဝမ်းနည်းကြေကွဲမှုတို့ကိုပါ သူ နှလုံးသွင်းခဲ့ရသည် ။ သံထောင်ချောက်မှာ မိနေသူက ဝမ်းဖြူမလေး ဖြစ်နေသည် ။ သံမောင်းတံကြီးက သူကလေး၏ လည်ပင်း နေရာကို ဖိညှပ်ထားသည် ။ ရလိုရငြား ကြိုးစားရုန်းကန်သော်လည်း အချည်းနှီးပင် ဖြစ်သည် ။ သည်မြင်ကွင်းမျိုးကို သူ အကြိမ်ကြိမ် မြင်ဖူးပြီး ဖြစ်သော်လည်း သူကလေး တကျွိကျွိ အော်ဟစ်ညည်းညူရင်း ငြိမ်ကျသွားသည် အထိ သူ ရပ်ကြည့်နေမိသည် ။ သူ့နှလုံးသည်းအူ အစုံကို ဆွဲနုတ် ဖျက်ဆီးခံလိုက်ရသလို နာကျင်ကြေမွကာ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သည် ။ စိုစွတ်နေသော မျက်ဝန်းအစုံနှင့် အတူ စပါးကျီခေါင်တိုင်ထိပ်သို့ သူ ပြေးတက်လာခဲ့မိသည် ။ ကျီအောက် တွင်းအိမ်ထဲမှ လွဲ၍ မည်သည့် နေရာတွင်မှ မအိပ်ခဲ့ဖူးသော်လည်း အဲသည်ညကတော့ သူ သေးသေးလေး တွေနှင့်အတူ အိပ်ဖြစ်ခဲ့သည် ။

သေးသေးလေးတွေက ဝမ်းဖြူမလေးနှင့် တော်တော် တူသည် ။ ပိန်ပိန်သွယ်သွယ်လေးတွေ ဖြစ်သည် ။ ပြီးတော့ ထမင်းစေ့လေးတွေ ၊ ဟင်းစလေးတွေကိုမှ ကြိုက်တတ်ကြသည် ။ သူ စပါးစေ့ ၊ ပဲစေ့လေးတွေ ရှာလာပေးစဉ်က လုံးဝမစားကြ ။ အဲသည်လိုနှင့် သူ မဟာ့မဟာ စွန့်စားခန်းကြီးကို စတင်ခဲ့ရသည် ။ သေးသေးလေးတွေကို သူ အငတ်ငတ် အပြတ်ပြတ် မနေစေလို ။ ဆာလောင်မှုတွေကြောင့် သူတို့ ဘဝလေးတွေ အဆုံးသတ် မသွားစေလိုပါ ။ သူတို့လေးတွေ ကိုယ်တိုင် ရှာဖွေစားနိုင်သည်အထိတော့ မီးဖိုဆောင်ထဲမှာ သူ စွန့်စားခန်းတွေ ဖွင့်နေရဦးမည် ဖြစ်သည် ။ သို့သော် သူ ထောင်ချောက်များကိုတော့ ကြောက်ရွံ့မိနေဆဲပင် ဖြစ်သည် ။

▢  ကောင်းမြတ်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      မေလ ၊ ၂၀၁၆

No comments:

Post a Comment