Showing posts with label မောင်ဆွေတင့်. Show all posts
Showing posts with label မောင်ဆွေတင့်. Show all posts

Wednesday, September 3, 2025

ဟင်စယ် နှင့် ဂရီတယ်

 

❝ ဟင်စယ် နှင့် ဂရီတယ် ❞
          ( ပုံပြင် )

တစ်ခါတုန်းက သစ်တောကြီး ထဲမှာ တံမြက်စည်း လုပ်ပြီး ရောင်းစားရတဲ့ လင်မယား နှစ်ယောက်နဲ့ ဟင်စယ် ဆိုတဲ့ သားလေးရယ် ၊ ဂရီတယ် ဆိုတဲ့ သမီးလေး တို့ဟာ အတူ နေထိုင်ကြ သတဲ့ ။

ဟင်စယ် နဲ့ သူ့ ညီမလေး ဂရီတယ် တို့မှာ ဆူစီ လို့ ခေါ်တဲ့ ငန်းကလေး နဲ့ ဂျင်ရီ လို့ ခေါ် တဲ့ ဝက်ဝံကလေး တစ်ကောင်ကို မွေးထားတယ် ။ သူတို့မောင်နှမဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ် ချစ်ခင်ကြတာပဲတဲ့ကွယ် ။

တစ်ခါတော့ သူတို့ရဲ့ဖေဖေနဲ့ မေမေဟာ အိမ်ကနေ တံမြက်စည်း ရောင်းဖို့ ထွက်သွားကြသတဲ့ ။ ဟင်စယ် က သူ့ဖေဖေ နောက်တစ်နေ့ ရောင်းဖို့ အတွက် တံမြက်စည်းလေးတွေ အိမ်မှာ နေရင်း လုပ်ရရှာတယ် ။ ဂရီတယ် ကတော့ သူ့မေမေ အတွက် အိမ်မှာ ရှိတဲ့ အဝတ်ဟောင်း တွေကို ချုပ်နေရသတဲ့ ။ ဒါပေမယ့် သူတို့ခမျာ အလုပ်လုပ် နေရင်း သိပ်ဆာတာပဲတဲ့ကွယ် ။ စားပွဲခုံ ပေါ်မှာ ကရားတစ်လုံးနဲ့ နို့တွေတော့ ရှိပါရဲ့ ။ ဟင်စယ်က သူ့ လက်ကလေးနဲ့ သွား တို့ပြီး မြည်းကြည့်တယ် ။

“ နို့ကို အသာထားပါဦး ဟင်စယ် ၊ တို့နှစ်ယောက် တူတူ ကကြတာက ပျော်စရာ ကောင်းဦးမယ် ” လို့ ဂရီတယ် က ပြောတော့ ...

သူတို့ရဲ့ အလုပ်တွေကို ပစ်ထားပြီး အခန်းလေး ထဲမှာနှစ်ယောက်သား ဝမ်းသာအားရ ကခုန်နေကြသတဲ့ ။ ငန်းကလေး ဆူစီနဲ့ ဝက်ဝံကလေး ဂျင်ရီတို့ ကလည်း အတူတူ ဝင်ပြီး ကကြ သတဲ့ ။ ပျော်စရာကြီးပေါ့ကွယ် ။ ဂရီတယ် က ...

“ အစ်ကိုလေးရယ် ၊ ညီမလေးနဲ့တူတူ တွဲလို့ကစို့ကွယ် ၊ လက်နှစ်ဖက်ကို ညီမလေးက အစ်ကိုလေးဘက် ကမ်းပေးမယ် ၊ ညာဘက်ခြေကို အရင်လှမ်းလို့ မမောစတမ်း ကကြမယ် ၊ တစ်ပတ်လှည့်ကာ အစ်ကိုလေးက သံချိုတေးနဲ့ ဆိုပြကွယ် ၊ ကမယ် ၊ ကမယ် ” လို့ သီချင်းဆိုပြီး ကတဲ့ အခါမှာ အိမ်ထဲမှာ ရှိတဲ့ စားပွဲတွေ ကုလားထိုင်တွေပါ ပျော်လွန်းလို့ ဝိုင်းကကြခုန်ကြ သတဲ့ ။

ဟင်စယ်နဲ့ ဂရီတယ် တို့ဟာ ဘယ်လောက် ပျော်နေကြသလဲ ဆိုရင် သူတို့ လုပ်စရာ ရှိတဲ့ အလုပ်တွေကို လုံးလုံး မေ့နေကြတယ် ။ သူတို့ အမေကတောင် အိမ်ကို ပြန်လာတဲ့ အခါမှာ ကလေးတွေ ကခုန်နေတာ မြင်တော့ သိပ်အံ့ဩသွားတာပဲတဲ့ ။ တံမြက်စည်းတွေ ကြည့်တော့လည်း တစ်ခုမှ မပြီးသေး ။ အဝတ်တွေလည်း တစ်ခုမှ မချုပ်ရသေးတာ မြင်တော့ အပြင်က မောမောပန်းပန်းနဲ့ ပြန်လာရတဲ့ သူတို့ မေမေဟာ သိပ်စိတ်ဆိုးသွားသတဲ့ ။ ဒါနဲ့ ထီးရိုးတစ်ခုနဲ့ စားပွဲ အောက်မှာ ပုန်းနေတဲ့ ကလေး နှစ်ယောက်ကို လိုက်ရိုက်တော့တယ် ။ ကလေးတွေက ရှောင်ပြေးတဲ့ အတွက် စားပွဲပေါ်မှာ ရှိတဲ့ နို့ကရားကို သွားရိုက်မိပြီး ကရားဟာ အောက် ကျကွဲသွား သတဲ့ ။ အလွန်အဖိုးတန်တဲ့ နို့တွေဟာ ကြမ်းပြင်မှာ ဖိတ်ကုန်တာပေါ့ကွယ် ။ ဟင်စယ်နဲ့ ဂရီတယ်တို့ ခမျာ နို့တွေ ဖိတ်သွားတဲ့ အတွက် သူတို့ အိမ်မှာ ဘာမှ စားစရာ ရှိတော့မှာ မဟုတ်ဘူး ဆိုပြီး သိပ်စိတ်မကောင်း ဖြစ်နေကြတယ် ။

သူတို့ မေမေက “ ကဲ ...နို့တွေတော့ မရှိတော့ဘူး ၊ မင်းတို့ နှစ်ယောက် သွားပြီး တောထဲမှာ ဆီးသီးတွေ သွားကောက်ပေတော့ ၊ တို့မှာ ဒါပဲ စားစရာ ရှိတော့တယ် ” လို့ ပြောသတဲ့ ။ ဟင်ဝယ်ရဲ့ အနွေးထည်အင်္ကျီကလေးနဲ့ ဂရီတယ်ရဲ့ ခြုံစောင်ကလေး ကိုလည်း ခြင်းကလေး တစ်ခုထဲ ထည့်ပြီး ပေးလိုက်တယ် ။ ပြီးတော့ “ မင်းတို့ သိပ်ကြာမနေနဲ့နော် ” လို့လည်း မှာလိုက် သတဲ့ ။ ဆူစီနဲ့ ဂျင်ရီတို့ ကလည်း ကလေးနှစ်ယောက် နောက်က အတူတူ လိုက်သွားတာပေါ့ကွယ် ။

ကလေးတွေ တောထဲကို သွားနေတုန်း သူတို့ရဲ့ ဖေဖေဟာ သီချင်းလေး တအေးအေး နဲ့ အိမ်ကို ပြန်လာတယ် ။

အိမ်ရောက်တော့ ဖေဖေက ဝမ်းသာအားရနဲ့ ရယ်မောပြီး အထုပ် တစ်ထုပ်ကို စားပွဲ ပေါ်မှာ တင်လိုက်တယ် ။ စိတ်ပါလက်ပါနဲ့ အထုပ်ကို ပြုံးနေတဲ့ မေမေရဲ့အရှေ့မှာ ဖြေလိုက်တယ် ဆိုရင်ပဲ အထဲက ပေါင်မုန့်တွေ ၊ ထောပတ်တွေ ၊ ကြက်ဥ ၊ သကြား ၊ ဝက်အူချောင်း ၊ အို ... အံ့ဩစရာ ကောင်းလောက်တဲ့စားစရာသောက်စရာတွေအများကြီးပဲ ထွက်လာတာပေါ့ကွယ် ။

“ ဒီနေ့ ငါ သိပ် ကံကောင်းတာပဲ ၊ တံမြက်စည်းတွေ အကုန်လုံး ရောင်းရတယ် ၊ ဒါကြောင့်မို့ဒါတွေ ဝယ်လာနိုင်တာပဲ ၊ ကလေးတွေ ခေါ်လိုက်ပါဦးကွယ် ” လို့ ရယ်မောပြီး ဖေဖေက ပြောသတဲ့ ။

ဒါပေမယ့် မေမေဟာ တစ်ခုခုကို ရုတ်တရက် သတိရသလိုနဲ့ “ ကလေးတွေ ” လို့ တုန်တုန်လှုပ်လှုပ် ပါးစပ်က ရွတ်ဆိုမိသတဲ့ကွယ် ။

“ ကလေးတွေကို တောထဲမှာ ညစာအတွက် ဆီးသီးကောက်ဖို့ လွှတ်လိုက်တယ် ” လို့ ပြီးတော့မှ ဖေဖေ့ကို ပြောပြတယ် ။

“ ဘာပြောတယ် ၊ ကလေးတွေကို တောထဲ လွှတ်လိုက်တယ် ဟုတ်လား ၊ အခု မှောင်တောင် နေပြီ ၊ သူတို့ တောထဲမှာ မျက်စိလည် နေပြီ ထင်တယ် ၊ ဒါမှမဟုတ်ရင် ရိုစီနာရူဘီလစ် ဆိုတဲ့ စုန်းမကြီးနဲ့ တွေ့လို့ ဖမ်းများ သွားပြီလား မသိဘူး ” လို့ ဖေဖေက အလန့်တကြား မေမေ့ကို ပြန်ပြောလိုက်သတဲ့ ။

အဲဒီတော့မှ မေမေဟာ ပျာပျာသလဲ ဖြစ်ပြီး “ အို ... ဒီလိုဆိုရင် မှန်အိမ်ကို မြန်မြန်ယူ ပါဦး ၊ ရှင်နဲ့ ကျွန်မ လိုက်ပြီး ရှာဦးမှ ဖြစ်မယ် ” လို့ ပြောရှာတယ် ။

ဒါနဲ့ တံမြက်စည်းသမားကြီးနဲ့ သူ့မိန်းမဟာ သူတို့ ကလေးတွေကို တကြော်ကြော်နဲ့ အော်ခေါ်ရင်း မှန်အိမ်ကလေး မှိတ်တုတ်မှိတ်တုတ်နဲ့ တောထဲကို ဝင်သွားကြသတဲ့ ။

အဲဒီအချိန်မှာပဲ ဟင်စယ်နဲ့ ဂရီတယ်လေး တို့ဟာ တောထဲမှာ လျှောက်ပြီး ဆီးသီး ရှာနေကြတယ် ။ ဆူစီ နဲ့ ဂျင်ရီတို့ ကတော့ အနောက်က တကောက်ကောက်နဲ့ လိုက်လာတာပေါ့ကွယ် ။

ဒါနဲ့ မှောင်လာတော့ ...

“ ဘာပဲဖြစ်ဖြစ် တို့ အိမ်ပြန်ကြမှ ဖြစ်မယ် ” လို့ ဆိုပြီး ...

နှစ်ယောက်သား ထပြန်လာကြတာ ဘယ်လမ်း သွားရမှန်း မမှတ်မိတော့ဘူးတဲ့ကွယ် ။ ဘယ်လမ်းဟာ မှန်တယ် ဆိုတာလည်း မသိတော့ မှန်းဆပြီး သွားနေရှာသတဲ့ ။ ဒါပေမယ့် ထူးဆန်းတာက ဘယ်ဘက်က သွားသွား သူတို့လာတဲ့ လမ်းကို ရှာလို့ မတွေ့ရဘူးတဲ့ ။

“ ဟင်စယ် ၊ ကျွန်မတော့ သိပ်ကြောက်တာပဲ ” လို့ ညီမလေး ဂရီတယ်က ငိုရင်းနဲ့ ပြောသတဲ့ ။ ဒီတော့မှ ဟင်စယ် က မကြောက်ဟန် ဆောင်ပြီး “ ဘာကြောက်စရာ ရှိလဲကွ ၊ အိမ်ပြန်တဲ့ လမ်းကို အစ်ကို မှတ်မိပါတယ် ၊ တော်တော်ကြာ ရှာလို့ တွေ့မှာပေါ့ ဂရီတယ် ” လို့ ချော့ရတယ် ။ ဒါပေမယ့် တောထဲမှာ တဖြည်းဖြည်း မှောင်လာသလောက် ထူးဆန်းတဲ့ အသံတွေ ၊ ကြောက်စရာကောင်းတဲ့ အရိပ်အရောင်တွေဟာ များလာလေတော့ ဂရီတယ်လေး ခမျာ ပိုပြီး ကြောက်ရွံ့နေရှာတာပေါ့ကွယ် ။

ကလေးတွေဟာ သိပ်စိတ်ပျက်နေတုန်းရှိသေးတယ် ၊ ပန်းရောင် ညဝတ်အင်္ကျီရှည်ကြီး ဝတ်ထားတဲ့ လူကြီး တစ်ယောက်ဟာ ရောက်လာသတဲ့ ။

သူက ကလေးတွေ ကို လက်ယပ် ခေါ်ပြီး သူ့နောက် လိုက်လာဖို့ ပြောတယ် ။ ခုမှ ဂရီတယ်လေးဟာ မျက်ရည်တွေ သုတ်ပစ်ပြီး ဟင်စယ်ရဲ့ လက်ကို ဆွဲရင်း လူကြီး နောက်ကို လိုက်သွားတယ် ။ အဲဒီ လူကြီးက ကလေးတွေကို သစ်ပင်တစ်ပင်ရဲ့အောက်မှာ နေသားကျ ထိုင်စေပြီး သဲတွေကို ကလေးတွေရဲ့ ပတ်ပတ်လည်မှာ လိုက်ပြီး ဖြူးထားသတဲ့ ။ ဟင်စယ်နဲ့ ဂရီတယ်တို့ သစ်ပင်အောက်မှာ အိပ်မပျော်မချင်း ဒီလူကြီးက စောင့်နေ ရှာတယ် ။ ကလေးတွေ အိပ်သွားမှ သူ့ခမျာ သမ်းဝေပြီး တောထဲကို ပြန်သွားသတဲ့ကွယ် ။

ကလေးတွေနဲ့ အတူ ဆူစီ နဲ့ ဂျင်ရီ တို့လည်း အိပ်ပျော်သွားရော ။ အလွန်ထူးဆန်းတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပေါ်လာတော့တယ် ။ အလွန် သာယာ ကြည်နူးစရာကောင်းတဲ့ သီချင်းသံတွေကို ကြားရပြီး ငွေရောင် အတောင်ပံလေးတွေနဲ့ နတ်သမီးလေး ဆယ့်လေးဖော် ဟာ တိမ်တိုက်တွေ ကြားထဲက ဆင်းလာပြီး အိပ်နေတဲ့ ကလေးတွေရဲ့ဘေးက စောင့်ရှောက် နေသတဲ့ ။ မနက်မိုးလင်းခါနီးမှ နတ်သမီးလေးတွေဟာ ပြန်သွားကြရှာတယ် ။ ဒါပေမယ့် သူတို့ မပြန်မီမှာ နတ်ပန်းအဖြူလေးတစ်ပွင့်ကို အိပ်ပျော်နေတဲ့ ဂရီတယ်ရဲ့လက်ထဲကို ထည့်ထား သတဲ့ကွယ် ။

ဟင်စယ်နဲ့ ဂရီတယ်တို့ နိုးလာတော့ နေတောင် ထွက်နေပြီဆိုပဲ ။ သူ့ခမျာ ခုမှ ဝမ်းသာအားရနဲ့ လင်းလင်းရှင်းရှင်း အိမ်ပြန် ရောက်မယ့် လမ်းကို ရှာတွေ့တာနဲ့ ပျော်နေကြရှာတယ် ။ ဒါပေမယ့် ကလေးတွေဟာ လမ်းခုလတ် မှာပဲ သူတို့ရဲ့ မျက်စိရှေ့မှာ မယုံကြည်နိုင်လောက်အောင် ထူးဆန်းတာ တစ်ခု တွေ့ရတယ် ။ အင်မတန် ဆာနေတဲ့ ကလေးတွေရဲ့ရှေ့မှာ ဂျင်ဂျာမုန့် တွေနဲ့ တစ်ခုလုံး ဆောက်ထားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ရသတဲ့ ။ အိမ်ထဲကို သွားရမယ့် လမ်းဘေး မှာလည်း ဂျင်ဂျာမုန့်တွေနဲ့ လုပ်ထားတဲ့ ကလေးရုပ်လေးတွေဟာ စီတန်းပြီး ရပ်နေသတဲ့ ကွယ် ။

“ အို ... ဘယ်လို အိမ်များပါလိမ့် ” လို့ ဂရီတယ်က မေးတော့ “ အစ်ကိုလည်း ဘယ်သိ မလဲကွယ် ” လို့ သိပ် ဆာနေရှာတဲ့ ဟင်စယ်က ပြန်ပြောသတဲ့ ။

“ ဒါပေမယ့် စားလို့တော့ ရမယ်ထင်တယ် ၊ တို့ မုန့်တွေကို စားကြည့်ရအောင် ” လို့ဆို ပြီး ကလေး နှစ်ယောက်ဟာ မုန့်တွေကို ဖဲ့ပြီး နည်းနည်းစီ စားကြည့်သတဲ့ ။ အဲဒီလို မုန့်ကို ဖဲ့လိုက်တယ် ဆိုရင်ပဲ အိမ်ထဲက သီချင်းသံ လိုလို ကြားရသတဲ့ ။

ရိုစီနာရူဘီလစ် လို့ ခေါ်တဲ့ စုန်းမကြီးက ဆိုတဲ့ သီချင်းသံပဲ ။ သီချင်းလည်း ဆိုပြီးရော အိမ်ထဲက ထွက်လာပြီး ကလေးနှစ်ယောက်ကို အဲဒီစုန်းမကြီးက အတင်း လိုက်ဖမ်းသတဲ့ ။ “ မင်းတို့ ဒီနေရာကို လာလည်တာ ငါ သိပ်ဝမ်းသာတာပဲ ” လို့ ဟင်စယ် ကို ကြိုးတစ်ချောင်းနဲ့ ချည်ရင်း စုန်းမကြီးက အသံဆိုးကြီးနဲ့ ပြောလိုက်တယ် ။ ဟင်စယ် ရဲ့ လက်မောင်းကို ကိုင်ကြည့်ပြီး “ မင်း ကိုယ်က ဘယ်လောက် ပိန်လဲ ကြည့်စမ်း ၊ အရိုးကြီးပဲ ၊ ဝဖြိုးလာအောင် မင်းကို စပျစ်သီးတွေ ၊ ပန်းသီးတွေ ၊ အများကြီး ကျွေးရဦးမယ် ” လို့ပြောသတဲ့ ။

စုန်းမကြီးကတော့ ပျော်လွန်းလို့ ရယ်မော နေတာပေါ့ကွယ် ။ သူ့အဖို့မတော့ ဂျင်ဂျာ မုန့်ရုပ် ဖြစ်သွားအောင် ပြုစားလိုက်ဖို့ ကလေး နှစ်ယောက် တိုးလာပြီလို့ အောက်မေ့ နေမှာပေါ့ ။ စုန်းမကြီး ရိုစီနာရူဘီလစ် က ဗာင်စယ်ကို ဂျင်ဂျာမုန့် နဲ့ လုပ်ထားတဲ့ အိမ်ကြီး အရှေ့မှာ ရှိတဲ့ လှောင်အိမ် တစ်ခုထဲကို ဖမ်းထည့်ထားသတဲ့ ။ ပြီးတော့မှ ဂရီတယ် ဘက်ကို လှည့်ပြီး ...

“ ကလေးကတော့ အမေ့ကို အိမ်ထဲမှာ ဝိုင်းပြီး မုန့်ဖုတ်ပေးနော် ၊ လာ .. လာ ” လို့ ညည်းသံကြီးနဲ့ ပြောတယ် ။

“ ဟုတ်ကဲ့ အမေကြီး ” လို့ အသံငယ်ကလေးနဲ့ ဂရီတယ်က ပြန်ပြောပြီး သူ့အစ်ကို ဟင်စယ် ဘက်ကို သူ တတ်နိုင်သလောက် စုန်းမကြီး လက်ထဲက လွတ်အောင် လုပ်ပါ့မယ်လို့ ပြောတဲ့ အဓိပ္ပာယ်မျိုးနဲ့ လှည့်ကြည့်ရှာသတဲ့ကွယ် ။

ဒါနဲ့ ဂရီတယ်လေးဟာ ဂျင်ဂျာမုန့်အိမ်ကြီး ထဲကို စုန်းမကြီး နောက်က လိုက်သွားရ သတဲ့ ။ ဟင်စယ်ကို ဘယ်လို ကယ်ရမယ် ဆိုတာလည်း စဉ်းစားသွားတာပေါ့ကွယ် ။ ဂျင်ဂျာမုန့်တွေနဲ့ လုပ်ထားတဲ့ အိမ်ကြီးကို ရောက်သွားတော့ စုန်းမကြီးက ဂရီတယ် ကို သူ ဘယ်လို ထမင်းစားပွဲကို ပြင်ချင်တယ် ဆိုတာ ပြောပြသတဲ့ ။

ဂရီတယ်လေးဟာ ဟင်စယ့် ကို ကယ်ဖို့ ဘာမှ အသုံးကျမယ့် ပစ္စည်းတွေကို မတွေ့ ဘူးတဲ့ ။ ကြောင်အိမ် ထဲမှာ သိမ်းထားတဲ့ လက်သုတ်ပဝါတွေနဲ့ ငွေပန်းကန်တွေ သာ စုန်းမကြီးရဲ့ ပစ္စည်းတွေ အနေနဲ့ တွေ့ရတယ် ။ ဒါပေမယ့် သူ့ကို နတ်သမီးလေးတွေ ပေးသွားတဲ့ ငွေရောင် နတ်ပန်းလေးကို ခုမှ သတိရသတဲ့ ။

“ နင့်ကို ခိုင်းထားတဲ့ အလုပ်တွေ ပြီးရင် အမေ့ကို စောင့်နေဦး ၊ အမေ အဝတ်သွားလဲ ဦးမယ် ၊ ဟင်စယ် အတွက်လည်း စားဖို့ တစ်ခုခု ယူခဲ့မယ် ၊ ကြားလား ” လို့ စုန်းမကြီး ပြောပြီး ထွက်သွားပြန်သတဲ့ ။

ဒါနဲ့ စုန်းမကြီးရဲ့ အလစ်မှာ ဂရီတယ်လေး ဟာ သူ့အစ်ကို ဟင်စယ် ကို ဖမ်းထားတဲ့ လှောင်အိမ်ဆီကို သွားပြီး တံခါးကို နတ်ပန်းလေးနဲ့ တို့ လိုက်သတဲ့ ။ အံ့ဩစရာပဲကွယ် ။ လှောင်အိမ်တံခါးဟာ အလိုလို ပွင့်သွားတယ် ။ သိပ်ဝမ်းသာနေတဲ့ ကလေး နှစ်ယောက်ဟာ တံခါးကို အသာလေး ပြန်စေ့ထားပြီး စုန်းမကြီး လက်က ဘယ်လို လွတ်အောင် ပြေးရမယ် ဆိုတာ တိုင်ပင်နေကြသတဲ့ ။

“ တကယ်လို့ စုန်းမကြီးက ညီမလေးကို မုန့်ဖုတ်တဲ့ မီးဖိုကြီးနား သွားခိုင်းရင် မသွားနဲ့ သိလား ၊ ဘာမှ မလုပ်တတ်သလို နေပြီး သူ့ဘာသာ အကုန် လုပ်ပါစေ ” လို့ ညီမငယ် ဂရီတယ်ကို ဟင်စယ်က သင်ထားသတဲ့ ။

သူတို့ စကား ပြောနေတဲ့ အချိန်မှာပဲ ပန်းကန်ပြား တစ်ခုနဲ့ စားစရာတွေကို ထည့်ပြီး စုန်းမကြီး ပြန်ရောက်လာတာနဲ့ သူတို့ မောင်နှမ နှစ်ယောက်ဟာ စကားစ ပြတ်သွားတော့တယ် ။ “ ဒီမုန့်တွေကို စားလိုက်ပါလား ကလေးရယ် ” လို့ စုန်းမကြီးက ဟင်စယ်ကို သဘောကောင်းဟန်နဲ့ ချော့ပြီး ကျွေးသတဲ့ ။ ဒါပေမယ့် ဟင်စယ်က အဲဒီ မုန့်တွေကို လက်နဲ့တောင် မတို့ဘူး ။

စုန်းမကြီးဟာ အင်မတန် စိတ်ဆိုးလာတာပေါ့ကွယ် ။ “ အေး ... ဒီလိုဆိုရင် ကောင်းပြီ ၊ ဂရီတယ် လာခဲ့ ၊ ငါနဲ့ အတူတူ မီးဖိုထဲကို လိုက်ခဲ့ ” လို့ ဂရီတယ်ကို ခေါ်ပြန်သတဲ့ ။ ဂရီတယ်က “ ကျွန်မ ဘာမှ မလုပ်တတ်ဘူး ” လို့ ခေါင်းမာမာနဲ့ ပြန်ပြောလိုက်တယ် ။

“ လာခဲ့စမ်း လာခဲ့ ” လို့ တတွတ်တွတ် ပြောရင်း ကောင်မလေးကို ဟင်စယ် ရဲ့လှောင်အိမ်နားက မီးဖိုကို ခေါ်သွားသတဲ့ ။

တံခါးကြီး တစ်ခုကို ဖွင့်လိုက်တဲ့ အခါမှာ မီးဖိုကြီး တစ်ခုဟာ အဆင်သင့် ဖြစ်နေတာ ကို တွေ့ရတယ် ။ “ အဲဒီ မီးဖိုထဲကို ငုံ့ပြီး ချောင်းကြည့်စမ်း ကလေး ” လို့ စုန်းမကြီးက သူကိုယ်တိုင် နည်းနည်း ကိုယ်ကို ညွတ်ပြပြီး ပြောသတဲ့ ။

အဲဒီ အချိန်မှာပဲ ဟင်စယ် ဟာ သူ့ လှောင်အိမ်ထဲက ဖွင့်ထွက်လာပြီမို့ အချိန်မီ ပြေးလာတယ် ။

“ အမေ လုပ်ပြသလိုလား ” လို့ ဂရီတယ်က စုန်းမကြီးကို ပြန်မေး ပေမယ့် သူကိုယ်တိုင် ကတော့ နည်းနည်းလေးမှ မီးဖိုထဲကို ငုံ့မကြည့်ဘူးတဲ့ကွယ် ။ “ ဒီလိုမဟုတ်ဘူး သမီး ၊ မဟုတ်သေးဘူး ” လို့ ပြောပြီး ဒီတစ်ခါတော့ စုန်းမကြီးက မီးဖို အပေါက်ကို အကျယ်ကြီး ဖွင့်ပြီး ငုံ့ကြည့် ပြသတဲ့ ။ ဒီလို စုန်းမကြီး ငုံ့နေတုန်းမှာ ဟင်စယ် ဟာ လှောင်အိမ်ဆီက ပြေးလာပြီး စုန်းမကြီးကို မီးဖိုကြီးထဲ အတင်း တွန်းချလိုက်တော့တယ် ။ မီးဖိုထဲကို အလွန် ယုတ်မာတဲ့ စုန်းမကြီးဟာ ကျပြီး သေသွားမှာပေါ့ကွယ် ။ “ ဝုန်း ” လို့ အသံမြည်ပြီး မီးဖိုထဲမှာ မီးခိုးတွေရော ၊ ကြောက်စရာ ကောင်းတဲ့ အသံတွေရော ၊ ဆူညံသွားတာပဲ ။ မီးဖိုကြီးဟာ ပေါက်ကွဲ သွားပြီး အစအနတွေ အဖြစ်နဲ့ နေရာ အနှံ့အပြား လွင့်စင်သွားသတဲ့ ။ မီးခိုးစတွေ ပြယ်ပြီး ငြိမ်သွားတဲ့ အချိန်မှာ ရိုစီနာရူဘီလစ် ဟာ စုန်းမကြီး မဟုတ်တော့ဘဲ စုန်းမသဏ္ဌာန် ဂျင်ဂျာမုန့်ရုပ်ကြီး တစ်ခု ဖြစ်သွားတော့တယ် ။

ဟင်စယ်နဲ့ ဂရီတယ်တို့ အံ့အားသင့်ပြီး ရပ်နေကြတယ် ။ ပြီးတော့မှ ဂျင်ဂျာမုန့်တွေ ဖြစ်နေတဲ့ ကလေးတွေကို ငေးပြီး ကြည့်မိသတဲ့ ။

သူတို့ ကြည့်နေတုန်း ရှိသေးတယ် ၊ ဂျင်ဂျာမုန့် အရုပ်ကလေးတွေဟာ အကုန်လုံး ပြန်ပြီး တကယ့် ကလေးတွေ ဖြစ်သွားတယ် ။ ကလေးတွေဟာ သူတို့ရဲ့ မျက်တောင်လေးတွေ ခတ်လိုက် ၊ လက်ကလေးတွေ ၊ ခြေထောက်ကလေးတွေကို လှုပ်ကြည့်ပြီး လူပြန် ဖြစ်လာတဲ့ အတွက် သိပ် ဝမ်းသာနေကြတယ် ဆိုပဲ ။ တစ်ကြိမ်ပြန်ပြီး ယုတ်မာတဲ့ စုန်းမကြီးရဲ့ လက်ထဲက လွတ်လာကြတာမို့ သူတို့ အားလုံးဟာ ဟင်စယ် ၊ ဂရီတယ် ၊ ဆူစီ ၊ ဂျင်ရီ တို့နဲ့ အတူ ဝိုင်းပြီး ပျော်ပျော်ပါးပါး ကကြ ခုန်ကြသတဲ့ကွယ် ။

အကုန်လုံး ပြန်ပြီး အဆင်ပြေ လာတာကတော့ ဟင်စယ် တို့ရဲ့ဖေဖေနဲ့ မေမေဟာ တစ်ညလုံး ကလေးတွေကို လိုက်ရှာရင်း ခုမှ ကခုန်ပျော်ရွှင် နေတဲ့ အချိန်မှာ လာပြီး တွေ့ကြတာပါပဲ ။ ဟင်စယ် နဲ့ ဂရီတယ် ဟာ သူတို့ရဲ့ ဖေဖေနဲ့ မေမေကို မြင်ရတဲ့အခါမှာ ဝမ်းသာလွန်းလို့ ပြေးပြီး ဖက်နမ်းကြသတဲ့ ။ သူတို့အားလုံး ပြန်ပြီး ဆုံတွေ့ကြတဲ့ အတွက် တစ်ဦးနဲ့ တစ်ဦး ကျေးဇူးတင်နေကြတယ် ။

ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့ တတွေဟာ တောထဲက ကိုယ့်အိမ်ကို ပြန်လိုတာနဲ့ အမြန် ပြန်လာကြသတဲ့ ။ ပြီးတော့မှ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြတာပေါ့ကွယ် ။

( ဘာသာပြန် )

〇 မောင်ဆွေတင့်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၆ ၊ အောက်တိုဘာ

Monday, September 1, 2025

မိန်းမငယ် နှင့် ငန်းငှက်များ

 

❝ မိန်းမငယ် နှင့် ငန်းငှက်များ ❞
         ( ပုံပြင် )

တစ်ခါတုန်းက လယ်သမားကြီး လင်မယားမှာ သမီးကလေး တစ်ယောက် နဲ့ သား ကလေး တစ်ယောက် ရှိသတဲ့ ... ။

တစ်နေ့တော့ လယ်သမားကြီးရဲ့မိန်းမက သူ့သမီးကို ...    “ သမီး ... အမေတို့ လယ်တောထဲကို သွားစရာ ရှိသေးတယ် ။ အပြင်ကို ဘယ်မှ လျှောက်မလည်ဘဲ အိမ်မှာ ညည်း မောင်လေးကို ထိန်းနေနော် ။ သမီးကို ဒီတစ်ခါ ပြန်လာရင် ခေါင်းစည်း အဝတ်လှလှလေး တစ်ခု ဝယ်ပေးမယ် ” လို့ပြောတယ် ... ။

ဒီလိုနဲ့ လယ်သမား လင်မယား နှစ်ယောက်ဟာ လယ်တောထဲကို ထွက်သွားကြ သတဲ့ ။ မိခင် ဖြစ်သူက သေသေချာချာ မှာသွားခဲ့ပေမယ့် သမီးဖြစ်သူ မိန်းကလေးဟာ သူ့မောင်ကလေး ကို သေသေချာချာ မထိန်းကျောင်းဘဲ မှန်ပြတင်းဝနားမှာ ချထားခဲ့ပြီး သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး အတူတူ ကစားနေတော့တယ် ။

အဲဒီအချိန်မှာပဲ မိုးပေါ်က ပြန်လာတဲ့ ငန်းငှက်အုပ် တစ်အုပ်က ကလေးလေးကို တွေ့ရှိသွားတာနဲ့ သူတို့ရဲ့ ကိုယ်မှာ တင်ပြီး မိုးပေါ်ကို ပျံတက်သွားသတဲ့ ။

မိန်းကလေး အိမ်ပြန်ရောက်လာတဲ့ အခါမှာ သူ့မောင်ကလေးကို မရှိတော့တာ တွေ့ရတယ် ။ သူ့ခမြာ သိပ်ထိတ်လန့် သွားရှာအတွက် ဟိုပြေးဒီပြေး ဖြစ်နေရှာတယ် ။ သူ့မောင်လေး ကိုတော့ ဘယ်ရှာတွေ့တော့မလဲ ။

ကလေးလေးကို အော်ခေါ်ပြီး သူဟာ သိပ်ဝမ်းနည်းလို့ ငိုရှာတယ် ။ မေမေနဲ့ ဖေဖေ တို့ကသာ သူ အော်ခေါ်တာ ကြားချင် ကြားမယ် ။ သူ့မောင်ကလေး ကတော့ ပြန်ပြီး ထူးနိုင်မှာ မဟုတ်ဘူး ။

ဒါနဲ့ မိန်းကလေးဟာ လယ်ကွင်းကြီး ထဲကို ပြေးပြီး ဆင်းသွားသတဲ့ ။ ဒါပေမယ့် ဟိုအဝေးကြီးက ညှို့မှိုင်းနေတဲ့ သစ်တောကြီး တစ်ခုနဲ့ ဝေးတဲ့နေရာမှာ ပျံသန်းနေတဲ့ ငန်းငှက် အုပ်တစ်အုပ်က လွဲလို့ ဘာမှ သူ့မောင်ကလေးရဲ့ အစအနကို ရှာမတွေ့ဘူးတဲ့ ။ ချက်ချင်း မိန်းကလေးက သူ့မောင်ကလေးကို ဒီငန်းငှက်တွေ ချီယူသွားတာ ဖြစ်ရမယ်လို့ တစ်ထစ်ချ ယုံကြည်မိတယ် ။ ရှေးရှေးတုန်း ကတည်းက ငန်းငှက်တွေဟာ ကလေးတွေကို ခိုးယူတတ်တဲ့ ငှက်ဆိုးတွေ ဆိုတာ စကားပုံတွေထဲမှာ ကြားဖူးခဲ့တယ်ဆိုပဲ ။

ဒါကြောင့်မို့ မိန်းကလေးဟာ ငန်းငှက်တွေ နောက်ကို အမီ ပြေးလိုက်တော့တယ် ။ ပြေးလိုက်ရင်း လိုက်ရင်းနဲ့ မုန့်ဖုတ်တဲ့ မီးဖိုကြီး တစ်ခုနား ရောက်သွားသတဲ့ ။

“ မီးဖိုကြီးရယ် ... မီးဖိုကြီးရယ် ... ငန်းငှက်တွေ ဘယ်ဆီကို သွားတယ် ကျွန်မကို ပြောစမ်းပါကွယ် ” လို့ မေးတဲ့အခါ မီးဖိုကြီးက “ ငါ့ဆီက ဂျုံညံ့တွေနဲ့ လုပ်ထားတဲ့ မုန့်တစ်ခုစားမှ နင့်ကို ပြောပြမယ် ” လို့ပြောသတဲ့ ။

“ ဘာပြောတယ် ... ဂျုံညံ့နဲ့ လုပ်ထားတဲ့ မုန့်ကို စားရမယ် ဟုတ်လား ။ ကျွန်မတို့ အိမ်မှာ ဂျုံနုနဲ့ လုပ်တဲ့ ပေါင်မုန့်တွေတောင် မစားဘူးရှင့် ” လို့ ပြန်ပြီး ပြောလိုက်တဲ့ အတွက် မီးဖိုကြီးက သူ့ကို ဘာမှ ပြောမပြတော့ဘူး ။

ဒါနဲ့ မိန်းကလေးခမြာ ထပ်ပြီး ပြေးသွားပြန်သတဲ့ ။ မကြာခင်ပဲ ပန်းသီးပင်ကြီး တစ်ပင် ကိုမြင်ရတယ် .. ။

“ ပန်းသီးပင်ကြီးရယ် .. ပန်းသီးပင်ကြီးရယ် ငန်းငှက်တွေ ဘယ်ဆီကို သွားတယ် ကျွန်မကို ပြောစမ်းပါကွယ် ” လို့ မိန်းကလေးက ဆိုပြန်တော့ “ ငါ့ဆီက ပန်းသီးအရိုင်း တစ်လုံး စားပြမှ ငါပြောပြမယ် ” လို့ ပန်းသီးပင်က ပြန်ပြောတယ် ။

“ ကျွန်မတို့ အိမ်မှာ ဥယျာဉ်ထဲက သီးတဲ့ ပန်းသီးလှလှလေးတွေတောင် မစားကြဘူး သိလားရှင့် ” လို့ မိန်းကလေးက ဆိုပြန်တဲ့ အတွက် ပန်းသီးပင် ကလည်း ဘာမှ ပြောမပြလိုက်ဘူးတဲ့ ။

ဒီလိုနဲ့ ရှေ့ဆက် သွားပြန်တော့ ဒီတစ်ခါ နွားနို့တွေသာ ရေအဖြစ်နဲ့ စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုနဲ့ ကျောက်ကျောတွေ အတိဖြစ်တဲ့ ကမ်းခြေတစ်ခုကို ရောက်သွားသတဲ့ ။ မိန်းကလေးက တစ်ဖန် ...

“ မြစ်ကြီးရယ် ... မြစ်ကြီးရယ် ငန်းငှက်တွေ ဘယ်ဆီကို သွားတယ် ကျွန်မကို ပြောစမ်းပါကွယ် ” ပြောပြန်တော့ မြစ်ကြီးက “ ငါ့ဆီက နွားနို့တွေနဲ့ ကျောက်ကျောမုန့်ကို စားမှ ပြောပြနိုင်မယ် ” လို့ ဆိုပြန်တယ် ။

“ ကျွန်မတို့ အိမ်မှာ မလိုင်အနှစ်တွေနဲ့ ကျောက်ကျောမျိုးတောင် ဘယ်တော့မှ မစား ဘူးရှင့် ” လို့ ပြောပြန်တဲ့ အတွက် မြစ်ကြီး ကလည်း ငန်းငှက်တွေ ဘယ်ဆီကို ပြန်သွားတယ် ဆိုတာ မပြောတော့ဘူး ။

တစ်နေ့လုံး သူ့ခမြာ လယ်ကွင်းတွေထဲ သစ်တောကြီးတွေကို ရောက်အောင် သူ့ မောင်ကလေးကို ရှာနေရှာတယ် ။

ညနေခင်းဘက် ရောက်လာတော့ သူ့အဖို့ မျှော်လင့်စရာ ဘာမှ မရှိတော့ဘူး ။ အိမ်ပြန်ဖို့ပဲ ရှိတော့တယ် ။ ဒါပေမယ့် ချက်ချင်း ဆိုသလို မိန်းကလေး မြင်ရတာက ကြက်မခြေထောက် တစ်ခုရဲ့အပေါ်မှာ ဆောက်ထားပြီး အလွန်သေးငယ်တဲ့ ပြတင်းပေါက် တစ်ခုသာရှိ တဲ့အပြင် ချာလပတ်လည်လည်နေတဲ့ ထူးဆန်းတဲ့ အိမ်တစ်ဆောင်ကို မြင်ရသတဲ့ ။

အိမ်ရဲ့ အထဲမှာတော့ “ ဘာဘာယာဂါ ” လို့ ခေါ်တဲ့ စုန်းမကြီးဟာ ဗိုင်းငင့်နေတယ် ။ နံဘေးနားက ခုံပေါ်မှာ မိန်းကလေးရဲ့ မောင်ကလေး ငွေပန်းသီးတွေနဲ့ ကစားနေတာကို တွေ့ရတယ် ။

မိန်းကလေးက အိမ်ထဲကို ဝင်သွားပြီး ...

“ အလွန်သာယာတဲ့ ညနေခင်းပါ ဘွားဘွား ” လို့ နှုတ်ဆက်တဲ့အခါ စုန်းမကြီးက ..

“ သာယာတဲ့ ညနေခင်းပါ ငါ့သမီး ။ ဘာကိစ္စများ ရှိလို့ လာတာလဲ ” လို့ ပြန်မေးတယ် ။

“ ဒါဖြင့်ရင် ... ဒီမှာ ထိုင်ပြီး ခဏလောက် ဗိုင်းငင်နေစမ်းပါနော် ” လို့ ပြောပြီး စုန်းမကြီး ဘာဘာယာဂါဟာ အပြင်ကို ထွက်သွားသတဲ့ ။

မိန်းကလေး ထိုင်ပြီး ဗိုင်းငင်နေတဲ့ အချိန်မှာ မီးဖိုကြမ်းအောက်က ကြွက်ဝမ်းပူကလေးတစ်ကောင် ထွက်လာသတဲ့ ။

“ မမ .. မမ ... ကျွန်တော့်ကို ဆန်ပြုတ်ကလေး နည်းနည်း လောက် စားဖို့ပေးပါ ။ အကြောင်းထူး တစ်ခုခု ပြောပြပါ့မယ် ” လို့ ကြွက်လေးက ပြောတယ် ။ မိန်းကလေးက ဆန်ပြုတ် ရှာကျွေးလိုက်တဲ့ အတွက် ကြွက်ကလေးက ဘယ်လို ပြောသလဲ ဆိုရင် ...

“ ဘာဘာယာဂါကြီးဟာ ရေချိုးခန်းထဲ သွားပြီး မီးမွှေးနေပြီ ။ မမရဲ့ တစ်ကိုယ်လုံးကို ရေနွေးဖျော ၊ သေသေချာချာ ဆေးကျောပြီး မီးဖိုမှာ ကင်စားလိမ့်မယ် ။ မမကို စားလို့ ကျန်တဲ့ အရိုးတွေကို သူက ဆေးကြိမ်လုံး လုပ်ပြီး မိုးပေါ်မှာ စီးဖို့ အသုံးပြုလိမ့်မယ်လို့ ကြံစည်နေတယ် ” လို့ပြောသတဲ့ ။

မိန်းကလေးမှာ ကြောက်လွန်းလို့ တုန်ရီပြီး ငိုနေရှာတာပဲ ။ ဒါပေမယ့် ကြွက်က ဆက်ပြီး ...

“ မောင်ငယ်ကလေးကို ခေါ်ပြီး ခပ်မြန်မြန်သာ ထွက်ပြေးပါ ။ ကျွန်တော် မမ အစား ဗိုင်းငင် နေပါ့မယ် ” လို့ ပြောတဲ့ အတွက် မိန်းကလေးခမြာ သူ့ မောင်လေးကို ပွေ့ချီပြီး အိမ်ထဲက ထွက်ပြေးတော့တယ် ။

စုန်းမကြီးက ပြတင်းပေါက်နားကို မကြာခဏ လာသတဲ့ ။

“ ဗိုင်းငင့် နေသလား သမီးလေး ” လို့ မေးတဲ့အခါ ကြွက်ကလေးက “ ဟုတ်ကဲ့ ဘွားဘွား ” လို့ ပြန်ဖြေတယ် ။

နောက်စုန်းမကြီးဟာ မီးဖိုလို့ ပြီးတဲ့ အတွက် မိန်းကလေးကို ဖမ်းဖို့ လာတဲ့အခါ အိမ်ထဲ မှာဘယ်သူမှ မရှိတာ တွေ့ရတယ် ။

အဲဒီမှာ စုန်းမကြီးက “ ငန်းငှက်တွေ လိုက်ကြစမ်း ၊ ဖမ်းကြစမ်း ၊ ဟိုကောင်မလေး သူ့မောင်လေးကို ခိုးပြေးပြီ ။ ဒင်းတို့ကို မိအောင်ဖမ်းကြစမ်း ” လို့ အော်သတဲ့ ။

မိန်းကလေးမှာတော့ ပြေးနိုင်သလောက် ပြေးရှာတာပေါ့ ။ ဒီလိုနဲ့ နွားနို့မြစ်ကြီးနားကို ရောက်လာပြန်သတဲ့ ။

“ မြစ်ကြီးရယ်... မြစ်ကြီးရယ် ... ကျွန်မကို ဖွက်ထားပါ ” လို့ သနားစဖွယ် ပြောတော့ “ ဒါဖြင့် ငါ့နွားနို့နဲ့ ကျောက်ကျောမုန့်ကို စားရမယ်လို့ ” လို့ မြစ်ကြီးက ပြောပြန်တယ် ။ ဒီတစ်ခါတော့ မိန်းကလေးက မငြင်းဆန်ဘဲ စားလိုက်သတဲ့ ။ ပြီးတော့မှ မိန်းကလေးက ကျေးဇူးတင်တဲ့ အကြောင်း ပြောတာနဲ့ မြစ်ကြီးက သူ့ကမ်းနဘေးကကျောက်ကျောတွေရဲ့အရိပ်အောက်မှာ ဖွက်ထားလိုက်တယ် ။

စုန်းမကြီးရဲ့ ငန်းငှက်တွေ ပျံလာတဲ့ အခါမှာ ရှာမတွေ့ဘဲ ကျော်သွားသတဲ့ ။ ဒါနဲ့ မိန်းကလေးလည်း ဆက်ပြီး တစ်ခါ ပြေးတော့ ကျော်ပြီး ပျံသွားတဲ့ ငန်းငှက်တွေက မြင်ပြန်တာ နဲ့ မိန်းကလေးဆီကို တည့်တည့်မတ်မတ် ပြန်လာကြတယ် ။ ဒီတစ်ခါလည်း မိန်းကလေးဟာ မနီးမဝေးမှာ ရှိတဲ့ ပန်းသီးပင်ကြီး ဆီကို ပြေးသွားပြန်သတဲ့ ။

“ ပန်းသီးပင်ကြီးရယ် .. ပန်းသီးပင်ကြီးရယ် ကျွန်မကို ဖွက်ထားပါ ” လို့ ပြောတဲ့အခါ “ ငါ့ဆီက ပန်းသီးအရိုင်း တစ်လုံး စားရင် ဖွက်ထားမယ် ”  ပန်းသီးပင်က ဆိုပြန်သတဲ့ ။ မိန်းကလေးဟာ ပန်းသီးတစ်လုံးကို ယူစားပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောပြတဲ့အတွက် ပန်းသီးပင်က သူ့ရဲ့ အကိုင်းအရွက်တွေ ကြားမှာ ဖွက်ထားလိုက်တော့တယ် ။

ငန်းငှက်တွေ ပြန်လာပြီး ရှာတဲ့ အခါမှာ မတွေ့ပြန်ဘူး ဆိုပါတော့ ။ အဲဒါကြောင့် မိန်းကလေးဟာ သူ့မောင်လေးကို ချီပြီး တစ်ခါ ခရီး ဆက်ပြန်တယ် ။ အိမ်နား ရောက်ခါနီး စုန်းမကြီးရဲ့ ငန်းငှက်တွေ လိုက်လာတာကို တွေ့ရပြန်သတဲ့ ။ ငန်းငှက်တွေက အတောင်တွေကို တဖျတ်ဖျတ် မြည်အေင် ခတ်ပြီး တဟုန်ထိုး ဆင်းလာလိုက်ကြတာ သိပ်နီးလာတယ် ။ နောက် နည်းနည်းလေး ကြာရင် မိန်းကလေးရဲ့ လက်ထဲက ကလေးကို ချီယူသွားဖို့ပဲ ကျန်တော့တယ် ။ ဒါပေမယ့် မိန်းကလေးက အနီးအနားမှာရှိတဲ့ မုန့်ဖုတ် မီးဖိုကြီးနား အမြန် ပြေးသွားပြီး ... “ မီးဖိုကြီးရယ် ... မီးဖိုကြီးရယ် ကျွန်မကို ဖွက်ထားပါရှင် ” လို့ ပြောသတဲ့ ။

“ ငါ့ဆီက ပေါင်မုန့် အညံ့တွေစားမှ ဖွက်ထားနိုင်မယ် ” လို့ ဆိုပြန်တဲ့ အတွက် မိန်းကလေးခမြာ ပေါင်မုန့်ကို နည်းနည်း ကိုက်စားပြီး သူ့မောင်ကလေးနဲ့ အတူ မီးဖို အပေါက်ထဲကို မြန်မြန် ဝင်ပုန်းလိုက်ရတယ် ။

ငန်းငှက်တွေ ကတော့ မိုးပေါ်ကနေ ဝဲပြီး ဝဲပြီး ရှာနေတာပေါ့လေ ။ မကြာခင်မှာ သူတို့ လည်း လက်လျှော့ သွားပြီး စုန်းမကြီး ဘာဘာယာဂါ ဆီကို ပြန်သွားကြတော့တယ် ။ မိန်းကလေးက မီးဖိုကြီးကို ကျေးဇူးတင်တဲ့ အကြောင်း ပြောပြပြီး သူ့မောင်ကလေးနဲ့ အတူ အိမ်ကို ပြန်သွားသတဲ့ ... ။

မကြာခင်မှာပဲ သူတို့ရဲ့ ဖေဖေနဲ့ မေမေ အိမ်ကို ပြန်ရောက်လာတယ် ဆိုပါတော့ကွယ် ။

( ဘာသာပြန် )

〇 မောင်ဆွေတင့်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၆ ၊ ဇူလိုင်