Showing posts with label နှင်းဆီအောင်. Show all posts
Showing posts with label နှင်းဆီအောင်. Show all posts

Monday, September 1, 2025

ဝိုင်းဆရာ


 

❝ ဝိုင်းဆရာ ❞
( နှင်းဆီအောင် )

သူ့ကို ကျွန်တော်တို့က ဝိုင်းဆရာလို့ ခေါ်ခဲ့ကြပါသည် ။

သစ်ခွဲစက်ထဲက လွှဝိုင်းကြီး ၊ သစ်သားတုံးကြီးများ နှင့် သူ့ကို ခွဲမြင်လို့ မရနိုင်ပါ ။ အိပ်တာတောင် သစ်စက်ကြီး၏ တစ်ဖက်စွန်းက ခွဲသားပုံတွေ ကြားမှာ ဖြစ်၏ ။ မြောက်ဘက်နှင့် အရှေ့ဘက်မှာသာ ထရံကာ ထားသည့် နေရာမှာဖြစ်၏ ။

သစ်စက်ကြီး အတွင်း နေ့စဉ် ဝင်ထွက် လုပ်ကိုင်ကြသူ အများစုမှာ ယောက်ျားသားများ အများစု ဖြစ်ကြရာ နေမှုထိုင်မှု ၊ စားမှုသောက်မှုမှ စ၍ အပြောအဆိုအဆုံး အားလုံး အဖုံးအကွယ် သိပ်မရှိ ။ တဝါးဝါး တဟားဟား ရယ်သံများနှင့်အတူ ကြမ်းကြမ်းတမ်းတမ်း ဖရုသဝါစာများ ပူးတွဲ နေတတ်မြဲပင် ။ ကွမ်းတံတွေး ၊ ဆေးလိပ်မီးခိုး နှင့် အရက်နံ့များပါ စက်တဲကြီး အတွင်း နေရာယူထား တတ်ပါသည် ။

ဝိုင်းဆရာသည် ဆေးလိပ်သောက်တတ်သော်ငြား ကွမ်းစားလေ့ မရှိပါ ။ အရက်သောက် မသောက်တော့ သိပ်ကို ငယ်ရွယ်သေးသည့် ကျွန်တော်တို့ မမှန်းဆ နိုင်ခဲ့ကြပါ ။ ဝိုင်းဆရာ ကိုယ်တိုင်က ခန့်မှန်းရ မလွယ်ကူသူမျိုး ဆိုတာတော့ သိခဲ့ပါသည် ။ ကြည့်ရတာ ဖျတ်လတ်ပေါ့ ပါးသည် ။ သို့ပေမယ့် တည်တည်ငြိမ်ငြိမ် ။ အလုပ်ကို မခိုမကပ် လုပ်ကိုင်သည် ။ ဒါပေမဲ့ တိတိကျကျသမား ဖြစ်၏ ။ သူ၏ လက်နက်ကိရိယာများ ကိုင်တွယ်ရာမှာ စနစ်တကျရှိပုံ သစ်သားများကို တိုင်းထွာတွက်ချက်နေပုံ ခါးတစ်ဖက်ထောက် မေးဖျားကို မော့ပြီး စဉ်းစားနေတတ်ပုံ အားလုံးမှာ အခြားသူများနှင့် ကွဲပြားသည့် အရှိန်အဝါ တစ်မျိုး လွှမ်းမိုးနေတတ်ခဲ့သည် ။

ရွေပေါ်စာတွေလို အခွေခွေအလိပ်လိပ် ရှိနေပြီး ရှည်လျားလှသည့် သူ၏ဆံပင်များ ကျောပေါ်မှာ လူး လှိမ့်ယမ်းခါနေပုံများ ... ။

အမြှောင်းထ နေသည့် ကြွက်သားများ အပေါ် ချွေးစ တို့ တလက်လက် တောက်ပနေပုံများ .. ။

မျဉ်းတစ်ကြောင်းလို ဖြောင့်တန်းသည့် နှုတ်ခမ်း တင်းတင်းနှင့် ညီညာသန့်စင်သော သွားများ .. ။

ထူထဲတိရိသည့် မျက်ခုံးအောက်မှ ကြည်လင်ကျယ် ဝန်းသော မျက်ဆန်နက်နက် မျက်လုံးများ ... ကလည်း ကြည့်လို့ ကောင်းလှသည် ။

ထိုဝိုင်းဆရာသည် စကား အလွန်နည်းသူဖြစ်၏ ။

အခြား အလုပ်သမားများနှင့် သူ၏ အကြားမှာ တစ်ခုခုက အမြဲတမ်း ပိုင်းခြား ထားသလို သူက သီးသန့် ဖြစ်နေတတ်ခဲ့သည် ။ ထိုသီးသန့်ဆန်မှုက သူ့ကို အထီးကျန်စေခဲ့ပြီး ယင်းအထီးကျန်မှု ကပင် သူ့ကို ထည်ဝါ ခမ်းနားစေခဲ့ပါသည် ။

သစ်ခွဲစက်ပိုင်ရှင်၏ ထမင်းစားဆောင်တွင် စားသောက်ချိန်များတွင် စားစရာရှိတာ ခပ်သွက်သွက် စားပြီး သူ၏ လွှဝိုင်းကြီးကို မြနေအောင် ထိုင်သ နေတတ်သည် ။ အစားအသောက်ကို အငမ်းမရ မဖြစ်တတ် သလို ၊ ထမင်းဟင်း ခူးခပ် ပြင်ဆင်ပေးသည့် စားဖိုဆောင်မှ မိန်းမသူများကို အခြား အလုပ်သမားများလို အရော တဝင် မရှိ ။ ပိုင်ရှင်၏ သမီးများကိုပင် နှုတ်ဆက် ပြုံးပြ တာမျိုး မလုပ် ။

ဝိုင်းဆရာက မိသားစု မရှိပေမယ့် ကလေးတွေကိုတော့ ချစ်ခင်ပါသည် ။

ကလေးတွေကို မငိုငိုအောင် စတတ်သည့် ကားဆရာကို လိုအပ်သည့် အခါတိုင်း လေသံမာမာဖြင့် ကလေးတွေကိုယ်စား ဟိန်းဟောက်ပစ်တတ်သည် ။

ကွမ်းယာ ပါးစပ်မှာ မပြတ်သလို ၊ မကြားဝံ့မနာသာ စကားလုံးတွေ ပါးစပ်မှာ မပြတ်သူ ထိုကားဆရာကို ကျွန်တော်တို့ ကြောက်ရွံ့မုန်းတီးခဲ့ကြသည်မို့ ဝိုင်းဆရာက သူ့ကို ချဲလျှင် ကျေနပ်အားရ ဖြစ်ခဲ့ကြပါသည် ။

ဝိုင်းဆရာသည် သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ရက်များအတွင်း အနီးအပါးမှ ရှိသမျှကလေးတွေဖို့ မီးပုံး လှလှကလေးများ ၊ မီးထွန်းကားလေးများကို စိတ်ရှည် လက်ရှည် ချိုးပေးသလို ၊ ပွဲသုံးဖို့ မုန့်ဖိုးလည်း ပေးတတ် သည် ။ တစ်ခါတလေ သူ့လက်မောင်း ကြွက်သားများ ကို ယီးလေးခိုရင်း ပျော်ခဲ့ရပါသည် ။

လရောင်ဝါဝါလင်းသည့် နွေဦး၏ သာယာသော ညများတွင် ကလေးငယ်တွေကို ကမ္ဘာလိပ်ပုံပြင် ၊ မြွေ မင်းသားနှင့် မထွေးလေး ၊ ရေသူမလေး စသည့် ပုံပြင် တွေ စိတ်ပါလက်ပါ ပြောပြတတ်သေးသည် ။

လရောင် ဝင်းဝင်းထဲတွင် တွဲလျားကျဆင်း နေတတ်သည့် ဆံပင် ခွေခွေလိပ်လိပ်များကြားမှ ဝိုင်းဆရာ၏ မျက်နှာက သလင်းကျောက်ဖြူ ရုပ်တု တစ်ခုလို ထင်လင်း နေတတ်ခဲ့ပြီး ၊ အိမ်မကြီး ပြတင်းမှာ အလင်းတန်း တစ်ခုက ဆလိုက် ထိုးသလို သူ့ကျောကုန်းပေါ် ဖြာဆင်း နေခဲ့တာကို အဖြူအမည်း ရုပ်ရှင် ကြည့်နေတာနှင့် ခပ်ဆင်ဆင် မှတ်မိနေတတ်သည် ။

စက်တဲနားက သစ်ပင်တွေ ပေါ်မှာ ငှက်ကလေး အတွက် အိမ်သေးသေးလေးများ ပုံစံအမျိုးမျိုး ဆောက်ပေးတတ်သည့် ဝိုင်းဆရာက ကျွန်တော်တို့ ကိုလည်း သုံးထပ်သား သစ်သားအိမ်ကလေးတွေ ဆောက်ပေးနေဆဲ ...

“ ဒီအိမ်လေး ချိတ်ထားဖို့ သားတို့မှာ အိမ် မရှိသေးပါဘူး ဦးဦးရယ် ” ဟု ကောင်လေး တစ်ယောက်က သနားစဖွယ် ပြောလိုက်ပါသည် ။ သူ့မှာ အဖေ မရှိပါ ။

ထိုကောင်လေး၏ အမေမှာ စက်တဲထဲ ဝင်လာတတ်ပြီး ကားဆရာလို ၊ သစ်ကုန်သည်လို ပိုက်ဆံ ဖောသီသော ယောက်ျားကြီးတွေ အနား ပွတ်ကာသီကာနှင့် ရယ်မော နောက်ပြောင် ရင်းနှီးစွာ နေတတ်သူပင် ။ အမေတို့ မိန်းမတွေက ထိုမိန်းမရွယ်ကို အကောင်းပြောတာ မကြားစ ဖူး ။ ဝိုင်းဆရာက ထိုမိန်းမရွယ်အား ကင်းပြတ်ရှင်းလင်း စွာ နေတတ်ပေမယ့် ထိုမိန်းမ၏ သားကလေးကိုတော့ ညှာတာကြင်နာမှုနှင့် ဆက်ဆံလေ့ရှိပါသည် ။

“ အိမ်ကလေးကို မင်း မြင်နိုင်တဲ့ နေရာမှာ ထားပေါ့ ။ တစ်နေ့ကျရင် အိမ်အကြီးကြီး ဖန်တီးချင်စိတ် ပေါ်လာချင်ပေါ်လာလိမ့်မယ် ”

ကောင်လေးက စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် အိမ်ကလေးကို ပွေ့ပိုက်လျက် -

“ အမေ့ကို သွားပြဦးမယ် ” ဟု ပြောရင်း ပြေးထွက် သွားခဲ့သည် ။

ကောင်လေး စက်တဲကြီး အပေါက်ဝ အရောက်မှာ ဝင်လာသည့် ကားဆရာက ခြေထိုး ခံလိုက်သဖြင့် ကောင် လေး မေးစေ့မှာ သွေးတွေရဲခနဲ ။

ဝိုင်းဆရာ၏ လက်သီးကြောင့် ကားဆရာ၏ မျက်နှာ ဖူးရောင်ညိုမည်းသွားခဲ့သည် ။ ကားဆရာ တိုက်တဲ့ လက်ဖက်ရည်ကို သောက်ခဲ့ကြသူများ အားလုံး ကား ဆရာအတွက် ထိုဖြစ်ရပ် အတွက် ဘယ်သူမှ ဘာမှဝင် မပါခဲ့ကြပါ ။ ဝိုင်းဆရာက ကလေးကို ထူမ ပေးလိုက်ပြီး ၊ စက်ကြီး အနောက်ဘက်က အုတ်ရေတွင်းမှာ ဆေးကြော သန့်စင် ပေးခဲ့သလို ၊ သူကိုယ်တိုင်လည်း ရေအေးအေး တွေ တစ်ခွက်ပြီး တစ်ခွက် ခေါင်းက လောင်းချ နေခဲ့တာ မျက်လုံးတွေ နီရဲလာသည် အထိပင် ။ စက်တဲကြီးက ကြောက်မက်ဖွယ် ငြိမ်သက်သွားပါသည် ။ လွှစာမှုန့်တွေကြောင့် အရာရာ မရှင်းမလင်း ဖြစ်နေ၍ အိမ်မကြီး အပေါ်ထပ် တံခါးတစ်ချပ် ပွင့်နေခဲ့ပြီး ခန်းဆီး နောက်ကွယ်မှာ သစ်ခွဲစက်ပိုင်ရှင်၏ သမီးအကြီးဆုံး မမ ရပ်နေတာ ဘယ်သူမှ သတိ မထားမိ ။ ထိုပြတင်းပေါက် ခန်းဆီး နောက်ကွယ်မှာ မမ ရပ်နေကျဆိုတာ ကျွန်တော်တို့ ကလေး တစ်သိုက်လုံး သိကြသည် ။ ဘာလို့ဆိုတော့ မမ က ချိုချဉ်တွေ ပစ်ချပေးတတ်လို့ ဖြစ်၏ ။ ဒါပေမဲ့ ထို အချိန်က မမ ရပ်နေပုံမှာ ရပ်နေလို့ ရပ်နေမှန်း မသိသလိုပင် ။ အနီးစပ်ဆုံး ပြောရလျှင် အိပ်မက် မက်နေသူလို -

အခုတလော နဂို စကားနည်းလှသည့် ဝိုင်းဆရာကို ကြည့်ရတာ ပိုလို့သာ အေးစက် မာကျစ်လာသလို ထင်ရသည် ။

လွှဝိုင်းကြီးကို အားနှင့်မာန်နှင့် သွေးနေရာက ဖြုန်းခနဲ ရပ်ကာ အဝေးရောက် အကြည့်များနှင့် လွင့်မျော ငေးဝေနေတတ်၏ ။ နေ့ခင်းဘက်ကြီး မှာပင် သူ့နေရာမှာ မြွေတစ်ကောင်လို ခွေနေတတ်၏ ။ ထမင်းစားဆောင်ကို မှန်မှန်မသွား ။ သူ ဆာလွန်းမှသာ ထမင်းဟင်းတွေ ပုံကာ သူ့နေရာ မှောင်ညို့ညို့မှာ ပြီးစလွယ် စားပစ်လိုက် တတ်သည် ။ ထိုနေရာလေးမှာ ဘယ်တုန်းကမှ မလုပ်ဖူးသည့် ရွေပေါ်ထိုးခြင်း ၊ ကော်ပတ်စားခြင်း အလုပ်များကို ဝိုင်းဆရာ တစ်ယောက်တည်း စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်နေတတ်ခဲ့သည် ။ ဘာလုပ်နေသလဲလို့ ဘယ်သူမှ သွားမကြည့်ဝံ့ ။ မမေးဝံ့ ။ နှုတ်ခမ်းတင်းတင်းစေ့ပိတ် လျက် မျက်လုံးအကြည့် မာမာကို လန့်ကြသည် ။ လန့်နေရင်းကပင် ဝိုင်းဆရာ၏ နေရာ စက်တဲကြီး၏ အမှောင်မိုက်ဆုံး ၊ ခေါင်မိုးအနိမ့်ဆုံးနေရာ ကျဉ်းကျဉ်းလေးမှာ တစ်စုံတစ်ရာ တိတ်ဆိတ်စွာ ရှင်သန် ကြီးထွားလာနေသည်ဟု ထင်ကြ ပြောကြသည် ။

ဝိုင်းဆရာတစ်ယောက် ဘယ်သူ့မှ အဖော်မညှိဘဲ တစ်ယောက်တည်း ပင်ပန်းကြီးစွာ လုပ်ကိုင်နေလျှင် ကျန်သည့် လူတွေက သိသာစွာ တိတ်ဆိရင်း အနှောင့်အယှက် မဖြစ်အောင် အမှား မလုပ်မိအောင် သတိထား နေတတ်ကြသည် ။ သစ်တွေ အတင်အချ လုပ်သည့် အချိန်မှာတောင် အရင်ကလို ကားဆရာနှင့် ဆူဆူညံညံ မပြောဖြစ်ကြ ။ ကားဆရာ ဝယ်လာသည့် လက်ဖက်ရည်ထုပ်တွေက တိုင်မှာ သည်အတိုင်း ချိတ်လို့ ။ ဘယ်သူမှ မသောက်ဖြစ်ကြ ။

ပင်ပန်းလွန်းသည့် အခါတိုင်း ဝိုင်းဆရာက လက်ပေါ်ခေါင်းတင် ပက်လက်လှန်ကာ ဆေးလိပ်ဖွာနေတတ်၏ ။ ဆေးလိပ်မီးခိုးငွေ့တွေ ကြားမှာ ပိတ်ထား ပြန်သည့် ပြတင်းကို မြင်ရသည့်အခါ သူ့မျက်လုံးတွေ မရွေ့တော့ ။ ထိုနေရာမှာ စိုက်နေသည် ။ သိပြီးသား အရာကို စောင့်မျှော်နေသည့် ဟန်ပန် အမူအရာတွေက အထင်းသား ။ မှောင်ရီသန်းချိန် ဝိုင်းဆရာ ဆီ သွားဖို့ ဟန်တပြင်ပြင်နှင့် ကျွန်တော်တို့ကို အမေက မသွားဖြစ်အောင် ဟန့်တား ထိန်းချုပ်သည့် အခါ

“ ဘာလို့လဲ အမေရ …. ၊ ခါတိုင်းလည်း သွားနေကျကို ... ”

“ အခုက ခါတိုင်းလို မဟုတ်ဘူးဟဲ့ ... ” ဟူသော ရှင်းမလိုလိုနှင့် မရှင်းသော အဖြေကို ရပါသည် ။

ဝိုင်းဆရာဆီ သွားခွင့် မရသည့် ကျွန်တော်တို့က ဝိုင်းဆရာ ရောက်လာတတ်သည့် ထနောင်းပင်ကြီး အောက်မှာ ရုံးစုရုံးစုနှင့် ဆော့သလိုလို လုပ်ရင်း စောင့်ကြသည် ။ သူ မရောက်လာပါ ။ ထိုအခါ ဘောလုံးကို သူ့နေရာနား ရောက်အောင် ပစ်ကြသည် ။ ကျွန်တော်တို့ ထင်သလို သူက ဘောလုံး ကောက်ပေးရင်း ထွက်မလာပါ ။ သွား မကောက်ဝံ့သည့် ကျွန်တော်တို့ မှာသာ ဘောလုံး ဆုံးရသည် ။ ပြတင်းပေါက်မှ ချိုချဉ်များ မစားရတော့တာ ကြာပါပြီ ။ အလိုလို နေရင်း ကျွန်တော်တို့ ဝမ်းနည်း နေမိကြသည် ။

သို့နှင့် အမေနှင့် အိမ်နားနီးချင်း တချို့ မရွှင်ပျစွာ ဝတ်ကောင်းစားလှများ ဝတ်စားဆင်ယင်ရသည့် နေ့တစ်နေ့ ရောက်လာပါသည် ။ ထိုနေ့မှာ မမ၏ မင်္ဂလာဆွမ်း ကပ်သောနေ့ ဖြစ်ပါသည် ။ ဆွမ်းကပ်ပြီး နောက်ရက်မှာ မြို့တော်ခန်းမ၌ မင်္ဂလာဧည့်ခံပွဲ ကျင်းပမည် ဖြစ်ကြောင်း လူကြီးတွေ ပြောစကားအရ သိရပါသည် ။

မင်္ဂလာအထိမ်းအမှတ် ရေစက်သွန်းချ နေချိန်ဝယ် မေးစေ့ ကွဲသွားသည့် ကောင်လေး မင်္ဂလာပွဲလာ ဧည့်သည်များ အကြား အတင်းတိုးခွေ့ ဖြတ်ကျော်ကာ သတိုး သားလောင်း ကားဆရာ၏ လက်ကို သေချာမှုပေါင်းစပ် သည့် အားကိုးခြင်းဖြင့် ဆုပ်ကိုင်ကာ -

“ အမေ သွေးတွေ အများကြီး ထွက်နေလို့ ဆေးရုံ တင်ထားတာ သုံးရက်ရှိပြီ ။ အခု သတိမရတော့ဘူး ။ အမေက တစ်ခုခု ဖြစ်ရင် ဦးဦးကို သွားခေါ်လို့ မှာထားတယ် ။ အမေ့ကို လိုက်ကြည့်ပေးပါ ဦးဦးရယ် ။ အမေ သေသွားမှာ ကြောက်လို့ပါ ။ လိုက်ခဲ့ပေးပါ ဦးရယ် … ။ အမေ့ကို လိုက်ကြည့် ပေးပါနော် .. ”

ကျားသစ်တစ်ကောင်၏ လျင်မြန်မှုမျိုးဖြင့် ဝိုင်းဆရာက ကားဆရာ၏ ရင်ဘတ်ကို ဆွဲကိုင် ခါယမ်းလျက် အပြင်ဘက် ခေါ်ထုတ် သွားချိန်မှာ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။ မင်္ဂလာအိမ်မှာ ရုတ်ခြည်းပင် အရာရာ ဆိတ်သုဉ်းပျက်စီးသွားသည် ။ လူတိုင်း အံ့ဩကြရသည်မှာ သတိုးသမီးလောင်း မမ၏ အင်မတန် တည်ငြိမ်အေးဆေးသော အမူအရာကို ဖြစ်၏ ။ မမ က အသာအယာပင် အပေါ်ထပ်သို့ တက်သွားခဲ့သည် ။ ထိုမျက်နှာ၏ အပြုံးကို ကျွန်တော် သေချာစွာ မြင်ခွင့်ရ လိုက်ပါသည် ။ သည့်အတွက် ကျွန်တော် ပျော်သွားမိသည် ။

မင်္ဂလာနေ့၏ ဆည်းဆာပျိုးစ ရှည်မျောမျော အရိပ်မည်းမည်းတို့နှင့်အတူ မေးစေ့ကွဲသည့် ကောင်လေးအမေ၏ သက်မဲ့ခန္ဓာအား ရပ်ကွက်ထဲသို့ သယ်ယူခဲ့ကြရသည် ။ အရပ်နာမှာ စိုးလို့ ဆေးရုံမှာ ကွယ်လွန်သူ၏ ရုပ်အလောင်းကို လမ်းဆုံလမ်းခွမှာ ပြင်ဆင်ရသည့် ထုံးစံအရ လမ်းထိပ်မှာ လေးတိုင်စင် ထိုးကြရသည် ။

မီးမလာသည့် ညထဲ လသာမှန်အိမ် အလင်း အောက်မှာ အခေါင်းစပ် နေသည့် ဝိုင်းဆရာ၏ အရိပ်ကို မြင်ကြရသည့်အခါ အမေနှင့် မိန်းမကြီး တချို့ ဆို့နင့် တိုးတိတ်စွာ ငိုကြွေးကြပါသည် ။ ကားဆရာ ကိုတော့ မြည်တွန် ဆဲရေးကြသည် ။

အခေါင်း လာပို့သည့် ဝိုင်းဆရာက ကောင်လေးကို ယုယညင်သာစွာ ထွေးဖက် လိုက်ပြီး အထုပ် တစ်ထုပ် ပေးခဲ့သည် ။ အဲဒီ အထုပ်ကလေးက အဖိုးတန်သည်ဟု နောက်ပိုင်းမှာ လူတွေ ပြောသံကြားရသည် ။ ဝိုင်းဆရာ ကတော့ ညလွင်ပြင်ထဲ ဖြည်းဖြည်းချင်း တိုးဝင်ပျောက် ကွယ်သွားခဲ့ပါသည် ။

အောက်လင်းဓာတ်မီး အလင်းအောက်မှာ လေးတိုင်စင်၏ အနားစတို့က လေထဲ တဖျပ်ဖျပ် လွင့်နေခဲ့ပြီး ပိုးကောင်ငယ်များ ဝိုင်းအုံနေသည့် မြင်ကွင်းကို တော်တော်နှင့် ဖျောက်ဖျက် မရခဲ့ပါ ။ မှောင်ကြီးမည်းကြီး အခြေအနေမှာ အဲဒီ အလောင်းထားရာ နေရာကလေး ကွက်ပြီး လင်းနေခဲ့တာ ချောက်ချားဖွယ် ကောင်းနေသည် ။ အမေတွေက ကလေးတွေကို အစောကြီး ကတည်းက အိပ်ရာထဲ သွင်းကြသည် ။ ထူးခြားသည်မှာ အဲဒီ ညက ခွေးအူသံ မကြားရပါ ။

မနက်ခင်း နေရောင် ကျဆင်းလာချိန်မှာ မမ အောက်ထပ်သို့ ဆင်းလာပါသည် ။ မမကို မြင်ရတာ ပွင့်ခါစ ပန်းကလေးလို ကြည်ကြည်လင်လင် ။ မနေ့က ဘာမှ မဖြစ်ခဲ့သလို အေးချမ်းစွာ ရှိနေသည် ။ မမက တစ်ခါမှ မသွားဖူးသည့် ဝိုင်းဆရာ၏ နေရာဆီ ဦးတည်ပြီး သွားနေခဲ့သည် ။

ဒါပေမဲ့ ထိုနေရာမှာ ဝိုင်းဆရာ၏ အရိပ်အယောင် တစ်ခုမှ မရှိ ။

တောက်ပြောင်ခံ့ညားလှသည့် အသစ်စက်စက် မင်္ဂလာခန်းဝင် ခုတင်ကြီး တစ်လုံးကိုသာ တွေ့ရသည် ။ ခေါင်းရင်း အကာမှာ ပန်းခက်ပန်းနွယ်များ လှပစွာ ပုံဖော်ထားရုံသာ မက ထွန်းညှိဖို့ လွယ်ကူသည့် မီးအိမ်ကလေးကိုပါ ထည့်သွင်း ဖွဲ့စည်းပေးထားသည် ။ ခုတင်တိုင်တွေက ပန်းနွယ်တွေ အပေါ်ကို နွယ်တက်နေဟန် လက်ရာ မြောက်စွာ တပ်ဆင်ထားသည် ။

ချောမွတ်ဝင်းပြောင်နေသည့် ကျွန်းသားခေါင်းခု နှစ်ခုပေါ်မှာ ကြေးပြောက် စာလုံးဝိုင်းဝိုင်းလေးများနှင့် နာမည်တွေ တွင်းထည့်ထားခဲ့ရာမှ တစ်ခုသော အမည်ကို လတ်လတ်ဆတ်ဆတ် ဖဲ့ထုတ်ထားသော အစအနတို့ တွေ့ရသည် ။

ဟစ်အော်လျက် မမ တစ်ယောက် ခုတင်ပေါ် ကန့်လန့်လဲကျ သွားသည်မှာ ပန်းတစ်ပွင့် ကြွေကျသွားတာ နှင့် အလွန်တူပါသည် ။ မျက်ရည်ပူများနှင့် မမ မျက်လုံးတွေ ချာချာလည်သွားစ အချိန် အရှေ့ဘက် ထရံပေါ်မှာ ချိတ်ဆွဲထားသည့်အရာကြောင့် မမ သည်းချေပျက်သွားသည်ဟု အမေတို့ လူကြီးတွေက ပြောကြသည် ။ ထို အရာမှာ -

အရင်းမှ ဖြတ်ချထားပြီး သပ်ရပ်စွာ စုစည်း ချည်နှောင်ထားသည့် ဝိုင်းဆရာ၏ ကိုယ်ပိုင်ဆံပင် ခွေခွေလိပ် လိပ်များ ဖြစ်၏ ။  ။

⎕ နှင်းဆီအောင်
📖မြန်မာသစ် မဂ္ဂဇင်း
     ၂၀၁၀ ၊ ဖေဖော်ဝါရီလ

Monday, November 13, 2023

ကုန်း ပေါ် က ငါးများ


 ❝ ကုန်း ပေါ် က ငါးများ ❞


“ မင့် သား အကြော် သွားဝယ်တာ ကြာ လိုက်တာ ခုနှစ်နာရီခွဲ တော့မယ် ။ သွားရမှာ က မိုး နဲ့ လေ နဲ့ ကို ... ”


ယောက်ျား ဖြစ်သူ ကိုထွန်းတင် စကား ကို ပြန် မဖြေမိ ၊ ဖိုခွင် ပေါ် မှာ တဗွက်ဗွက် ဆူ နေသည့် ချဉ်ပေါင် စပ်ချဉ်ဟင်း ကို သာ အလေးအပေါ့ မြည်း ကြည့် နေခဲ့၏ ။ အိမ်ဆိုင် ငါးပိ တစ်ရာ ဖိုး က မတန် သဖြင့် ရှိသည့် ငါးပိ နှင့် ချက်ရ သည့် ချဉ်ပေါင်ဟင်းက  ချဉ် မဆုံး ။ ဟင်း ကို အစပ်ကလေး ထည့် ကာ အကြော် နှစ်ခု လောက် နဲ့ ဆို စားလို့ ရသည် ပင် ။


မနေ့ က ဥပုသ်နေ့ မို့ ကိုထွန်းတင် အလုပ် နား ရသည် ။ နေ့စား ဆို တော့ ပိတ်ရက် ဆို ဝင်ငွေ မရှိ ။ အဖိတ်နေ့ ညနေ က ပါ လာသည့် နေ့တွက်ကလေး နှင့် နှစ်ရက် စား ရအောင် မနည်း လုပ် ရသည် ။ အခု မနက်စာ ဆန်လေးလုံး ကို မနေ့ည ကတည်း က အိမ်ဆိုင် က ကြို ယူ ထားရတာ ဖြစ်သည် ။ ညနေ ကိုထွန်းတင် ပြန် လာမှ အဟောင်းပေး အသစ်ယူ ရသည် ။ အလုပ် သွားမည့် အလုပ်သမား မီ အောင် မရှိ ရှိတာလေး နဲ့ ကြံဖန် ကျွေးရမြဲ ဖြစ်၏ ။ သူ သွား မှ ကျန်တာလေးတွေ ကို အမေ နှင့် အတူ သားမိ လေးယောက် ဝေငှ စား ရသည် ။


မနက် စောစော စားပြီးတာ နှင့် မသန်းခင် က ဟိုအိမ် ဒီအိမ် သွား ၊ ဟိုလူ ဒီလူ ခိုင်းတာလေး လုပ်ကိုင် ပေး ၊ ရ လာသည့် ဟိုဟာ ဒီဟာလေး တွေ နှင့် နေ့လည်စာ ဖန်တီးရသည် ။ အိမ် မှာ ရင်ကြပ်ပန်းနာသည် အမေ့ ကို သမီး အကြီးလေး နှင့် အတူ ထားခဲ့ရလို့ တော် သေးသည် ။ အကြီးလေး က မွေးရာ ပါ မသန်မစွမ်း ဆိုပေမယ့် အိမ် မှာ ကူဖော် လောင်ဖက် တော့ ရသည် ။ အဘွား ကို ခူးခပ် ကျွေးမွေး သိမ်းဆည်းရင်း မောင်အငယ်လေး ကို ထိန်း သည် ။ 


အလတ်ကောင် က အဲဒီလို မဟုတ် ။


အိမ် က ဟိုပြောင်း ဒီပြောင်း မို့ ကျောင်းရယ် လို့ ပီပီသသ မအပ်ရ သေးဘူး ။ ရှေ့နှစ် တော့ ဖြစ်အောင် အပ် ရမည် ။ ခုတိုင်း လွှတ် ထားလို့ သူ က မလွယ် ။ လူတကာ ခိုင်း သမျှ ဖင်ပေါ့ပေါ့ နှင့် လုပ်ပေးတာ ကိစ္စ မရှိ ။ ကလေး ဆိုတော့ မလွတ်တာ မကင်းတာတွေ ဘုမသိ ဘမသိ လုပ်မိ မှာ စိုးရသည် ။ စပ်စပ်စုစု ငေးငေးမောမော အကျင့် ရှိတာလဲ အမှန်ပင် ။ ထိုအကျင့် ကြောင့် ပင် ဘယ်မှာ ဘာကျွေးတယ် ၊ ဘုန်းကြီးကျောင်း မှာ ဘာရှိတယ် ၊ အကုန် သိတာ ။ အငယ်ကောင် ကို ပါ လက် ဆွဲလျက် ရောက် သွား တတ်သည် ။ သူ့ ဝမ်း သူ သာ မက အိမ် က လူတွေ ဖို့ ပါ ရလာ လျှင် ဆွဲလာ တတ်ခဲ့၏ ။ ဘာမှ အကြောင်း မရှိ လျှင် လက်ဖက်ရည်ဆိုင် မှာ မီး မပျက်မချင်း တီဗွီ ထိုင် ကြည့် နေတော့သည် ။ ခုလည်း ဘယ်မှာ ရပ်ငေး နေသလဲ မသိ ။ ထမင်း ခူးပေးပြီး အိမ်ပေါက် ကို လှမ်း ကြည့် နေရသည် ။ ဟော ... လာပါပြီ ။ အပြေးအလွှား အမောတကော နှင့် ။ 


“ အမေ ရေ အရှေ့မြို့သစ် မှာ ရေတွေ ကြီး လို့တဲ့ ။ လူတွေ ပြေး လာ ကြတယ်တဲ့ ” ဟု သတင်း ပေးသည် ။


မနေ့ ည က မိုးတွေ တအား ရွာတာ တော့ အမှန် ဖြစ်သည် ။ ခုလည်း မိုးရိပ် ဆင် နေဆဲ ။ မသန်းခင် တို့ အိမ်ကလေး ထဲ မှာ တောင် ရေ က ခြေသလုံး လောက် ဝင်နေပြီ ဖြစ်သည် ။ အိမ်ရှေ့ ကျောက်ခင်းလမ်းကလေး မှာ တော့ ရေ မတင် ။ မသန်းခင် တို့ ငှား နေသည့် အိမ်ကလေး မှာ အိမ်ရှင် က လာ မနေနိုင် ၊ မကြည့်နိုင် လို့ ဈေးနှုန်း ချိုသာစွာ ငှားရမ်း ပေးထားသဖြင့် သိပ်ပြီး ပြုပြင် ဖြည့်ဆည်းပေးခြင်း မရှိတာ ကြောင့် အနည်းငယ် နိမ့် ကာ ရေ ဝင်ခြင်းဖြစ်သည် ။ ဒီ အရပ် ထဲ မှာ နှစ်အိမ် သုံးအိမ် လောက် သာ ရေ တင်ပြီး ကျန်သည့် အိမ်တွေ က တင်လေ့ မရှိပါ ။


“ ဒါဆို ငါ အလုပ် အခြေအနေ သွား ကြည့် ဦးမယ် သန်းခင် ” 


ကိုထွန်းတင် ထမင်း အမြန် စားပြီး စက်ဘီး အပြေး နင်း ထွက် သွား သည် ။ သူ့မ လည်း ဒီစက်ဘီးလေး ရှိနေ လို့သာ အလုပ်မှန်မှန် ဆင်း နေ နိုင်ခြင်း ဖြစ်၏ ။ ဒါတောင် အပိုင် မဟုတ် ။ ငှားခ တစ်လ ငါးထောင် နှင့် ငှားထား ရ သည် ။ အသေးအဖွဲ ပြုပြင်စရာ ကိစ္စများ ရှိပါက ကိုယ့် ဘာသာ ပြင်ရသည် ။ ပစ္စည်း လဲ ရမယ် ဆို မှ ပိုင်ရှင် နှင့် ညှိ ရသည် ။


မန္တလေး ၏ အခြေခံ အကျဆုံး လူတွေ မှာ စက်ဘီး က အရေး ကြီး သည် ။ မရှိလို့ မဖြစ် ။ စက်ဘီး ရှိနေပါ က ကမ္ဘာ ပတ်ပြီး အလုပ် ဆင်းရဦးတော့ မန္တလေးသားတွေ မပျင်း မရိ မခိုမကပ် သွားကြမည် ဖြစ်သည် ။


ကိုထွန်းတင် ထွက်သွားတာ နှင့် မခင်သန်း တို့ သားမိတစ်တွေ ထမင်း စားကြသည် ။ အမေ့ ကို ရင်ကြပ် မှာ စိုးလို့ ချဉ်ပေါင်ဟင်း မကျွေး ဝံ့ ။ ဆီ ဆမ်း ကာ ကြက်သွန်ကြော် နှစ်ခု နှင့် ကျွေးရသည် ။ စားပြီးတာ နှင့် .. ။


“ အကြီးလေး ရေ ... အဝတ် လျှော်စရာ ရှိတယ်လို့ ဆရာမ က မှာ ထားတာ အမေ သွားလိုက်ဦးမယ် ။ အလတ်ကောင် နဲ့ အငယ်ကောင် ... မိုးက  ရွာချင် ရွာဦးမှာ ၊ လျှောက် သွားမနေကြနဲ့ဦး ။ အဘွား ကို ကွမ်းရွက်ပုံ လျှက်ဆား ဝယ်ပေး ဖို့ မမေ့နဲ့ ”


ပြောပြောမှာမှာ နှင့် ပင် မသန်းခင် ဂျုံရိုးဦးထုပ်ကလေး ဆောင်း ကာ ထွက်လာ ခဲ့သည် ။ မှာ လို့ သာ မှာ ခဲ့ရသည် ။ အလတ်ကောင် က မလွယ် ။ အကြောင်းထူး တစ်ခု ခု ရှိပြီ ဆို ဒီကလေး ခြေ မငြိမ်တော့ ။ ကိုယ် က လည်း မျက်စိ ဒေါက်ထောက် မကြည့်အား ။ သူများ ခိုင်းတာလေးတွေ လုပ် ရင်း သားအမိ လမ်း မှာ ဆုံ မှ သာ ။


“ ဟဲ့ ကောင်လေး နေ ပူတယ် သွား ... အိမ် ပြန်စမ်း ” လို့ လုပ်ရသည် ။


ဆရာမ တို့ အိမ် ရောက်တော့ ဧည့်သည် တွေ ပါ ရှိနေသည် ။ အရှေ့မြို့သစ် က နေ ရေလာ ရှောင်ကြတဲ့ သူတို့ အပြော အရ လူ တောင် အသေအပျောက် ရှိတယ် တဲ့ ။ အခု ကယ်ဆယ်ရွှေ့ပြောင်းရေးတွေ ဝိုင်း လုပ်နေကြပြီ တဲ့ ။ ရေ လွတ်ရာ မှာ စခန်းတွေ ဖွင့် ထားရတယ် တဲ့ ။ 


မြစ်ဆိပ် က ငှက်တွေ ၊ လှေတွေ ရော မီးသတ်ကား တွေ ရော ၊ နာရေး ယာဉ်တွေ ကို ရော ရောက်နေပြီ တဲ့ ။


ရေ တိုးတာ မမြင်ဘူးလို့ လာ ကြည့်ကြသူတွေ လည်း အများကြီး တဲ့ ။ သက်ဆိုင်ရာ က မဝင်ဖို့ တား တာ ဇွတ်ဝင် ကြည့်ကြလို့ ထိခိုက်မိကြ သတဲ့ ။


ဘုရား ... ၊ မသန်းခင် ရင်တုန် သွားသည် ။ အလတ်ကောင် က သိချင် ၊ ကြည့်ချင်တာ က အလွန် ။ ဆရာမကြီး ဝယ်ခိုင်းတဲ့ လက်ဖက်ရည် ဝယ်ပေး ပြီးတာနဲ့ အိမ် ကို အပြေး ပြန်လာရသည် ။ ထင်သည့် အတိုင်း အလတ်ကောင် အိမ် မှာ မရှိ ။ အကြီးလေး က ...


“ ၁၁ နာရီ မှာ ထမင်းထုပ် လာ ကောက်မှာတဲ့ အမေ ၊ အဲဒါ အမေ့ ကို လိုက်ခေါ်မယ် ဆိုပြီး မောင်လေး ထွက် သွားတာ ”


“ ဟင် ... ဟုတ်လား ။ ထမင်းထုပ် ပို့ရမှာလား ”


မသန်းခင် အလတ်ကောင် ကို မေ့ သွားသည် ။ မဖြစ်မနေ လှူ ကို လှူရမှာ ဖြစ်၏ ။ ကိုယ် က ဘယ်လို စားစား ထမင်းထုပ် က တော့ ဖွယ်ဖွယ်ရာရာလေး ဖြစ်မှ ကောင်း လိမ့်မည် ။ ဒီလိုမှန်း သိရင် ခုနက ဆရာမ ဆီ က ပိုက်ဆံ ယူခဲ့တာပေါ့ ။ ခုတော့ ဘယ်လို လုပ်ရမှန်း မသိ ။


စိတ်ပျက်လက်ပျက် နှင့် အိမ် ထဲ က ရေညစ်ညစ်တွေ ကို ငေးကြည့် နေ မိသည် ။ မြောင်းထဲ က ငဖလောင်း ( ဖါးလောင်း ) တွေ မည်းမည်း မည်းမည်း နှင့် ရေစပ် မှာ လုံးထွေး နေကြသည် ။ ငါးပြေမ တစ်ကောင် က ဘယ်လို ဖြစ် သည် မသိ ။ ကုန်း ပေါ် မှာ ဖျတ်ဖျတ်ခါနေသည် ။ ပါးဟက်တွေ ဖွင့်လိုက် ပိတ်လိုက် နှင့် ကြည့်ရတာ မသန်းခင် ပါ မော လာသည် ။ ကြာကြာ ကြည့်တော့ အမေ ပန်းနာ ထ တာနဲ့ တူ လာလို့ ။ 


“ အငယ်ကောင် ရေ .. ကုန်းပေါ် က ငါး ကို ရေ ထဲ ပြန် လွှတ်လိုက် စမ်း ” ဟု လှမ်း ပြောရင်း ကိုယ့် ခေါင်း ကိုယ် ဗျင်းဗျင်း ပါ အောင် ကုတ်နေ မိ သည် ။ ဆန် က ထပ် ယူ လို့ ရနိုင် ပေမယ့် ဟင်းစား က တော့ ကိုယ်တိုင် ချက်တာ လောက် အဆင် မပြေနိုင် ။ စက်ဘီး တွန်း ဝင်လာသည့် ယောက်ျား ဖြစ်သူ က 


“ ဒီနေ့တော့ အလုပ် က နားပြီ သန်းခင် ရေ ”


“ ဘာရယ် တော် ... ဒီမှာ ထမင်းထုပ် ကူ ရမှာပါ ဆို ” 


“ ငါတို့ ရေပိုက် ဆင်နေတဲ့ တိုက် က ဝင်လို့မှ မရတော့တာ ။ သွား ကြည့်ပါဦး ။ ရေတွေ က ဖြင့် ကြောက်စရာကြီး ဗျား ”  


“ ရေ ကို နောက် မှ ကြောက် ခု ... ဘယ်လို လုပ်မလဲ ” 


“ မသိဘူးလေ ကွာ ... ငါ့ လက်ထဲ ရှိတာလည်း မင့် ပေးလိုက်ရတဲ့ ဥစ္စာ ”


မသန်းခင် စိတ်ညစ် သွားသည် ။ သူ ပြောတာ မမှားပါ ။ ရှိ သလောက် ပေးပါသည် ။ ပေးတာ နှင့် မလောက်တာ သာ စိတ်ရှုပ် ရသည် ။ 


“ ဘယ်လောက် တောင် နားရမှာ တဲ့ လဲ ”


“ မသိနိုင်သေးပါဘူး ကွာ ၊ ရေ ကျ မှ လုပ်လို့ဖြစ်မယ် ထင်ပါရဲ့ ” 


ကိုထွန်းတင် က စိတ်ပျက်လက်ပျက် နှင့် သက်ပြင်း ချ နေသည် ။


မသန်းခင် က အိမ် ထဲ မျက်လုံး ဝေ့ ကြည့်မိသည် ။ ပေါင်စရာ နှံစရာ ထည်ထည် ဝါဝါ ဘာမှ မရှိ ။ ပုတီး စိတ် နေသည့် အမေ က ...


“ တစ်နေ့ က အမေ့ ကို ညည်း အစ်မ မုန့်ဖိုး ပေးသွားတဲ့ ပိုက်ဆံ သုံးထောင် ရှိတယ် ။ အဲဒါလေးနဲ့ ဝယ်ခြမ်းပြီး ထမင်းထုပ်ကလေး ၊ ကောင်း ကောင်း ကူ လိုက်ပါအေ ... ကုသိုလ် ရပါတယ် ”


မသန်းခင် မငြင်းနိုင် ။


“ ကျုပ် အဆင်ပြေတော့ ပြန် ပေးပါမယ် အမေ ရယ် ” 


“ မလိုပါဘူး အေ ၊ အမေ့ ကုသိုလ် ညည်း ကုသိုလ် ပေါ့ ။ သွား ... သွား .. ၁၁ နာရီ မီ အောင် ဈေး ပြေးဦး ။ ဒီလို ရေမျိုး က ကြောက်ဖို့ ကောင်း တယ် ”


ဈေး ထဲ မှာ သတင်းစကားတွေ က အစုံအလင် ။


အရေးပေါ် အကူအညီတွေ ဝိုင်း လုပ်နေကြပြီ တဲ့ ။ အစားအသောက် နဲ့ အဝတ်အထည်တွေ ဝေငှမယ့် အဖွဲ့အစည်းတွေ အလှူရှင်တွေ ရောက်ကြ ပြီ တဲ့ ။


မသန်းခင် ထမင်းထုပ် ကို နောက်ရက် အတွက်ပါ ဟင်းစား ရအောင် ငါးပိကြော် တစ်ခွက် ၊ သရက်သီးနှပ် တစ်ခွက် နှင့် အတူ အထား ခံအောင် ကြက်ဥ သုံးလုံး ပြုတ် ပေး လိုက်သည် ။ ဆားထုပ်ကလေး လည်း ထည့် ပေး လိုက် သေးတယ် ။ လက် ထဲ ပိုက်ဆံ ပိုကလေး ရှိရင် ငါးရာတန်ကလေး တစ်ရွက် လောက် ဆီစိမ်စက္ကူ နှင့်ပတ်ကာ ထမင်း ထဲ မြုပ်ပေး လိုက်ချင် မိသည် ။ ထမင်းထုပ် ရတဲ့ သူ လက်ဖက်ရည်ဖိုးလေး ပါ ရ လို့ ကြည်နူး သွားမှာ ကို တွေးကာ ထည့် မပေးနိုင်တာ ကို မချင့်မရဲ ဖြစ်နေမိသည် ။


အိမ် ကမိသားစု အတွက် စွန်တာနီပဲဟင်းချို တစ်ခွက် ထည့် ချက်ကာ ငါးပိကြော် နှင့် ခူးခပ် ကျွေးပြီး ပြန် ထွက်ဖို့ ပြင်ရသည် ။ မထွက်လို့ မဖြစ် ။ 


“ ငါ လည်း ရပေါက် ရလမ်းလေး ဖန် ဦး မှ သန်းခင် ရေ ... ကိုယ့် လူ တွေ ဘယ်သူ ဘာဖြစ်သေးလဲ ဆိုတာလဲ စုံစမ်း လိုက်ဦးမယ် ” ဟု ဆိုကာ ကိုထွန်းတင် က အရင် ထွက် သွားသည် ။


“ နင့် မောင် အလတ်ကောင် ပြန် လာရင် ထမင်း ကျွေး လိုက်တော့ ။ ထပ် မထွက်စေနဲ့ နော် ။ အမေ က ဘာလေး ရရ လုပ်ချည် ဦး မယ် ” 


ဘယ် အိမ် သွားရမလဲ စဉ်းစား လိုက်တော့ ဈေး ထဲ က အထည်သည် အပျိုကြီး ဆီ သွားဖို့ စိတ်ကူး ရသည် ။ မနက်က ဆိုင် ခင်းတာ မမြင်မိ ၊ အပျိုကြီး က အိမ် မှာ ရှိနေခဲ့သည် ။


“ ဒီကနေ့ ဆိုင် မဖွင့်ဘူးလား အစ်မ ”


“ မဖွင့်နိုင်သေးဘူး မသန်းခင် ရေ .. ရှင် လာတာ နဲ့ အတော်ပဲ ။ ပိုက်ကျုံး က အဒေါ်တွေ ရေများ နေလို့ ဒီကို လာ နေကြမှာ မို့ အိမ်ရှင်း နေရတာ ။ ခုလောလောဆယ် ထမင်းထုပ် ပို့ဖို့ အရင် လုပ် ပေးပါလား ”


အကွင်းလိုက် ကြော်ထားသည့် ငါးကြော် ၊ ချဉ်ပေါင် နှင့် မျှစ် ကို ဆီတွေ နစ် နေအောင် ကြော်ထားသည့် အချဉ်စပ် ၊ ကြက်ဥပြုတ် တို့ အပြင် ဧလမုန့် နှင့် တီးမစ်ထုပ် ပါ ပါ သေးသည် ။ ကောင်း လိုက်တာ ။ ရမယ့်သူ အစား မသန်းခင် ဝမ်းသာ နေမိသည် ။


ထမင်းထုပ် ပို့ပြီး တာ နှင့် ရေရှောင် လာကြမည့် ဧည့်သည်တွေ အတွက် အိပ်ရာခင်းကျင်း ပြင်ဆင် ချက်ပြုတ် ပေး နှင့် ညနေ ၅ နာရီ လောက် မှ အိမ်ပြန် ရ တော့သည် ။ အပျိုကြီး က ပိုက်ဆံ တစ်ထောင် နှင့် ဆန် တစ်ပြည် ပေး လိုက်သည် ။


မသန်းခင် က အိမ်ဆိုင် မှာ ပိုက်ဆံ အဝင် တစ်ထောင် သွင်းပြီး အခြား လိုတာလေးတွေ ဝယ်ပြီး မှ အိမ်ပြန် ရသည် ။ မြေးအဘွား တွေ ဆာ နေ တော့မည် မို့ ခြေလှမ်း သုတ်သုတ် လှမ်း ရသည် ။ ခုမှ အလတ်ကောင် ပြန် ရောက်ပြီလား ၊ ကိုထွန်းတင် ကော ရောက်နေပြီလား တွေး မိသည် ။ အိမ် ရောက်တာ နှင့် အကြီးလေး ကို သာ ထမင်းထည့် ခိုင်း ရတော့မည် ။ မသန်းခင် တော်တော် မော နေပြီ ။


“ အဖေ ရော မောင်လေး ရော ပြန် မလာသေးဘူး အမေ ။ မနက်ဖန် မနက် လည်း ထမင်းထုပ် ကူရမယ်လို့ ခုန က ပဲ လာ ပြော သွားတယ် ” ဟု အကြီးလေး က သတင်း ပေးသည် ။


“ ခက်ပြီ .. ” ဟု စိတ် ထဲ က ရေရွတ် ရင်း မသန်းခင် ပို မော သွားသည် ။ မော ပေမယ့် ကောင်လေး နောက် ကို လိုက်ဦး မှ ဖြစ်မည် ။ တော်ကြာ ရေထဲ မိုးထဲ ကျော်မကောင်း ကြားမကောင်း ဖြစ်မှာ စိုးရသည် ။ 


“ ထမင်းလေး မြန်မြန် ချက်လိုက်တော့ အကြီးလေး ရေ ။ အမေ ညည်း မောင်လေး ကို လိုက် ရှာရင်း မုန်လာချဉ်လေး ဝယ် ချည်မယ် ။ အဘွား ကို တော့ ကြက်ဥလေး ကြော် ပေး နော် ” 


မသန်းခင် ပြောလို့ မှ မဆုံးသေး ...


“ အမေ ရေ ... ဗျို့ အမေ ရေ ... ဟောဒီမှာ ကြည့်စမ်း ဘာတွေလဲ လို့ ” 


အလတ်ကောင် လက် ထဲ မှာ ထမင်းထုပ် တွေ နှင့် ။


“ ဟဲ့ .. နင် ဘာတွေ လုပ်လာပြန်ပြီလဲ ကောင်လေး ” 


“ ရေဘေး ကယ်ဆယ်ရေးစခန်း မှာ ထမင်းထုပ်တွေ လာ ဝေတာ အမေ ရေ ၊ သိလား ။ ကျုပ် တန်းစီ ပြီး တိုး တောင်းလာတာ ။ ဟောဒီမှာ ကြည့် အငယ်ကောင်နဲ့ အဘွား ဖို့ သဇင်ဘီစကွတ်တွေ လဲ ရ လာတယ် ။ ရေသန့်ဘူး လဲ ရ သေးတယ် ။ ကျုပ် သောက်ပစ် လိုက်တာ ”


နောက်နေ့ တွေ လဲ ဝေဦးမှာ တဲ့ သိလား ၊ အမေ .. ဘာမှ မပူနဲ့ ကျုပ် နေ့တိုင်း သွား တိုးပေးမယ် ။ မနက်ဖန် ကျ အငယ်ကောင် ကို ပါ ခေါ် သွားမယ် ။ တချို့က ကလေးတွေ ကို မှ ပိုပေးတာဗျ .. ”


ချွေးတွေသံတွေ နဲ့ သူ့ ခမျာ မမောနိုင် မပန်းနိုင် ပြောပြ နေ ရှာသည် ။


မသန်းခင် က သား လုပ်သူ ကို ငိုင်တွေ ပြီး စိုက်ကြည့် နေမိသည် ။ အောက်ပိုင်း မှာ ရေတွေရွဲစို နေသည် ။ ဒါပေမယ့် အလတ်ကောင် ကို ကြည့်ရတာ စိုမှန်း ခြောက်မှန်း သတိထား မိပုံ မရ ။ အိမ် က လူတွေ ဖို့ ထမင်း ရခဲ့တာ ကို ဝမ်းသာလုံး ဆို့ နေပုံမျိုး ။ အရေး ပါသည့် ထမင်း ကို ရလာလို့ အကြီးအကျယ် ကြည်နူး နေ ပုံမျိုး ။


ထမင်းတွေ က တော်တော် များ ပါသည် ။ မသန်းခင် တို့ မိသားစု တစ်နပ်စာ ကောင်းကောင်း ရသည့် အနေအထား ဖြစ်သည် ။ ဒါပေမယ့် မသန်းခင် ရင်ထဲ မကောင်း ။ နင့်တင့်ကြီး ဖြစ်နေသည် ။


“ ထမင်းတွေ ခူး ထားလိုက်မယ် နော် အမေ ။  နို့မို့ရင် ချဉ်ကုန် မှာ စိုးရတယ် ။ အဖေ ယူလာတဲ့ ဆန် က မနက်စာ ရတာပေါ့ ” 


အကြီးလေး က ပန်းကန်ပြားတွေ စီ ချ ရင်း မအေ ကို လှမ်း ပြောတယ် ။


“ အမေရေ ကြက်သားဟင်းတွေ ဗျ ကြည့်စမ်းပါဦး ။ ဒီမှာ ပုဇွန်ခြောက်ကြော် တွေ လဲ ပါတယ် ”


အငယ်ကောင် အသံ က ရွှင်လို့ ပင် ။


“ နောက် တစ်ထုပ် က ငါးဟင်း ဗျ ။ အဘွား ကို ကျွေး ရအောင် ။ အမေ ကော လာလေ ဗျာ ... ”


အလတ်ကောင် အသံ က လည်း အားရပါးရ ။ ဒါပေမယ့် မသန်းခင် နေရာ မရွေ့ အသံ မထွက် ငေး နေ ကြည့် မိသည် ။


ကလေးတွေ ခမျာ ထမင်း ရယ် ဟင်း ရယ် ကောင်းမွန် ဝလင် စွာ စားခွင့် ရတာ ကို ပင် ကြီးမားသည့် နှစ်သိမ့်ကျေနပ်မှု အပြည့် ရတာ ပျော်နေကြ ရှာသည် ။ အခြား ဘာမှ မသိ ၊ နားမလည် ၊ စားသင့်သည် လား ၊ မစားသင့် သည် လား ၊ သူတို့ကလေး တွေ မသိ ။


“ အမေ ရာ ... နောက် တစ်ခါ အိမ်ငှား ရင် အဲဒီ ရေနစ်တဲ့ ဘက် ကို ငှားစမ်းပါ ။ ကျုပ်တို့ နေ့တိုင်း ထမင်းထုပ် ရမှာ ဗျ ... သိလား ”


အလတ်ကောင် ကို အော်ငေါက် ထုရိုက် ပစ်လိုက်ချင်ပေမယ့် မလုပ် မိ ။ ထူးထူးကဲကဲ ပေါ်ပေါက်လာသည့် ကြင်နာ ဝမ်းနည်းစိတ် ဖြင့် ကြည့်နေမိသည် ။ ဘွားအေကြီး က ထမင်းလေး လက်တစ်ဆုပ် ဦးချ ဆုပ် ကိုင်ရင်း တိုးတိုး တွတ်တွတ် ရွတ်ဖတ် နေခဲ့သည် ။ ဒီ ကနေ့ မှာ တော်တော် ကြာသည် ။ မသန်းခင် ရင် ထဲ ငိုချ လိုက်ချင်စိတ်တွေ တလိပ်လိပ် တက်လာ ကာ ငူငူကြီး ထိုင် ငိုင် နေ ခဲ့တာ မိုးကြီး ချုပ် လို့ ကိုထွန်းတင် ပြန်လာသည် အထိ နေရာမရွေ့ ။


အဖေ က လည်း သား လို ပင် ချွေးတွေသံတွေ နှင့် လက် ထဲ မှာ အထုပ် တစ်ထုပ် ဆွဲ လာသည် ။ မသန်းခင် လက် ထဲ အထုပ် လှမ်း ပေးလိုက် ၍ ဖြည် ကြည့် တော့ ဆန် တချို့ ဆပ်ပြာခဲ နှင့် ဖယောင်းတိုင် တစ်ထုပ် မြင်လိုက်ရ သဖြင့် စိတ် က မသိုးမသန့် ဖြစ်သွားသည် ။


“ တော် ... ဒါတွေက ဘယ် က ရလာတာ တုန်း ”


“ ဘယ်က ရ ရမှာလဲ ဟ ၊ ကျွဲဆည်ကန် က သူငယ်ချင်း ဆန်အိတ်တွေ ဂိုဒေါင် ပြောင်းဖို့ အရေးပေါ် လုပ်အား လိုတယ် ဆိုတာနဲ့ လိုက် လုပ်ပေးတာ ။ နေ့တွက် နှစ်ထောင် အပြင် သူတို့ သူဌေး က ရေဘေး မှာ လိုက် ဝေတဲ့ အလှူ ထုပ် ထဲ က နေ ဆန်သယ်တဲ့ လူတိုင်း ကို တစ်ထုပ် စီ ပေး လိုက်တာလေ ။ မနက်ဖန် လည်း လာခဲ့ဦးလို့ မှာ လိုက်တယ် ။ တော်သေးကွာ .. ရေ မကျခင် တော့ အဲဒီလို ပဲ သွား ကူရင်း နေ့တွက် ရှာ ရမယ် ”


ကိုထွန်းတင် ရေ သွား သောက်တော့မှ မသန်းခင် ရင် ထဲ အလုံး က လျှောကျ သွားခဲ့သည် ။ တော်ပါသေးရဲ့ ။ ဒါဆို မနက်ဖန် တစ်ရက် အသက်ရှူ ချောင် သွားပြီ ။ မသန်းခင် ကို ကြည့်နေခဲ့သည့် အမေ က ...


“ သန်းခင် ရယ် .. မနက်ဖန် ကိုယ့် အိမ် က ထမင်းထု ပ်ပို့ တော့သာ ရှိတာလေး စေတနာ ပါပါနဲ့ ထည့်ပေး လိုက်စမ်းပါ အေ ။ တခြား ဘာမှ ဥပဒ် မနေနဲ့ ။ စိတ် ကို သာ ထားတတ်အောင် ထားရတယ် ။ ခေတ်ကာလကြီး ဖန်တီးတဲ့ အတိုင်း မဖြစ် ဖြစ်အောင် နေကြ ရ တာ ၊ လူတိုင်း ... လူတို င်းပဲ ။ ကိုယ် တစ်ယောက်တည်း မှ မဟုတ်တာ ”


အမေ ဘယ်လိုပဲ ပြောပြော အဲဒီ နေ့ ည က မသန်းခင် ညစာ မစားဖြစ် ။


ရေ မဝင်သည့် ရပ်ကွက် ထဲ က ရေဝင် နေသည့် အိမ်ကလေး ထဲ မှာ မသန်းခင် တစ်ယောက် ဓာရဏ ပရိတ်တော် ကို အထပ်ထပ် ရွတ်ဖတ် ပူဇော် ရင်း ခုနှစ်ရက် သားသမီးများ ကို မေတ္တာ ပို့ နေသည်မှာ တစ်ညလုံး နီးပါး ဖြစ်သည် ။


◾နှင်းဆီအောင်


📖 မြန်မာသစ် မဂ္ဂဇင်း 

      ဖေဖော်ဝါရီလ ၊ ၂၀၁၁ ခုနှစ်


#ကိုအောင်နိုင်ဦး

8:57 PM 12-Nov-23


.