Thursday, August 31, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၃ )


 အခန်း ( ၃ )


ကျွန်တော်တို့ ရဲ့ ခြေရင်း အိမ် က ကျတော့ ဖယောင်းတိုင် လုပ်ငန်း လုပ်တဲ့ အိမ်ဗျ ။


ဖယောင်းတိုင် လုပ်ငန်း ဆိုလို့ သိပ် ကြီးကြီးကျယ်ကျယ် မဟုတ်ပါ ဘူးဗျာ ။ တစ်နိုင် တစ်ပိုင် အိမ်တွင်းမှု လုပ်ငန်းလေး ပါ ။ ဖယောင်းတွေ ကို အရည်ကျို ၊ သစ်သားတန်းပေါင် မှာ ပုံစံခွက်လေး တွေ ထွင်း ထားတဲ့ အထဲ လောင်းထည့် ၊ မီးစာကြိုး တပ်ပြီး ခြေထောက် နဲ့ နင်းရတဲ့ဟာမျိုးလေး ဗျ ။ 


တစ်ခါ နင်း ရင် ဖယောင်းတိုင် ခြောက်တိုင် ပဲ ရတယ် ။ အဲဒါလေး တွေ ကို မှ ပလတ်စတစ်အိတ် နဲ့ တံဆိပ် မပါ ဘာ မပါ ထည့် ပိတ်ပြီး ရပ်ကွက် ထဲ က အိမ်ဆိုင်လေးတွေ မှာ လိုက် သွင်းတာ ။


ဆင်းရဲသား ရပ်ကွက် ဆိုတော့ ဒါမျိုးလေးတွေ ပဲ ဝယ် သုံးနေကြရတော့ တာ ပေါ့ဗျာ ။


ကျွန်တော်တို့ လည်း ဝယ်သုံး ကြည့် ဖူးပါတယ် ။


တကတဲ ဗျာ ။ ဖယောင်းသား က ညံ့ရတဲ့ အထဲ လေခို နေ တော့ ပွစိစိ မညီမညာ နဲ့ ။ ပြီးတော့ မီးစာ လုပ်တဲ့ ချည်ကြိုး က လည်း ဖွာလန်ကြဲ ပြီး ကောင်းကောင်း မီး မစွဲဘူး ။


သူတို့ ဖယောင်းတိုင် ကို မီးညှိ လိုက်ရင် တောက်လျှောက် တဖျစ်ဖျစ် မြည် နေတော့တာ ။ ဖယောင်းတိုင် ကို ရေ စိမ်ပြီး ထွန်း ထား သလား အောက် မေ့ ရတယ် ။


အလင်းရောင် လည်း ဘယ့်နှယ် လုပ်ပြီး ကောင်းကောင်း ရမလဲဗျာ ။ မီးတောက် က သူ့ ဖာသာ သူ ငြိမ်း မသွားအောင် ကို မနည်း ကုန်းရုန်းပြီး တောက်လောင် နေရတဲ့ ဥစ္စာ ။


လင်း တယ် ဆိုရရုံလေး ပဲ ပေါ့ ။


တစ်နေ့ ကျ တော့ ... 


အဲဒီ ဖယောင်းတိုင်လုပ်ငန်းပိုင်ရှင် ဦးခွေးနီ တစ်ယောက် ကျွန်တော် တို့ အိမ် ပေါ် ကို ရောက်ချ လာတယ် ။ သူ့ မိန်းမ ဒေါ်ပုကြွယ် က လည်း ကိုယ်လုံး ဝဝဖိုင့်ဖိုင့်ကြီး ကို မနိုင့်တနိုင် သယ် လို့ ။


ကျွန်တော် က ရေနွေးကြမ်းတွေ ဘာတွေ ချ ပေးပြီး ...  


“ ဆိုပါဦး ... ဦးလေးခွေးနီ ၊ ဘာကိစ္စများလဲ ”


“ ဒီလို မောင်ကျော်စိုး ရေ ၊ ဦးလေး တို့ ဖယောင်းတိုင်လုပ်ငန်းလေး က ခု နောက်ပိုင်း နည်းနည်း ပိုပြီး အရောင်းရ တွင်ကျယ် လာ သကွ ။ အဲဒါကွာ လုပ်ငန်း တိုးချဲ့တဲ့ သဘောပေါ့ ။ ရပ်ကွက် ထဲ က အိမ်ဆိုင်လေးတွေ ကို လိုက် ရောင်း နေရုံတင် မကတော့ ဘဲ ဈေးကြီး ထဲ က ဆိုင်တွေ မှာ ပါ တင်ကြည့်ရင် ကောင်းမလား လို့ ”


“ ကောင်းသားပဲ ...  ဦးလေး ရဲ့ ”


ကောင်းတယ်ပဲ ပြောရုံရှိ တော့တာပေါ့ဗျာ ။ အဲဒါနဲ့ ဦးခွေးနီ က ဆက်ပြီး ..


“ အဲဒီလို လုပ်မယ် ဆိုရင် တို့ ဖယောင်းတိုင် ကို တံဆိပ် နဲ့ နာမည် နဲ့ ကျကျနန ထုပ်ပိုးကြော်ငြာ ရ မှာ ကွ ”


“ ဟုတ်တာပေါ့ ၊ ကျွန်တော်တို့ က ဘယ်နေရာ က နေ ကူညီရ မှာလဲ ဆိုတာ သာ ပြော ”


အဲဒီမှာ ဦးခွေးနီ ကတော် ဒေါ်ပုကြွယ် က ဝင် ပြီး ..


“ မောင်ကျော်စိုး တို့ က စာရေးဆရာတွေ ၊ ပန်းချီဆရာတွေ ။ ဟိုလေ ဘာ ခေါ်မလဲ ။ အဲ ... အနုပညာသမားတွေ ဆိုတော့ နာမည်လှလှ ကောင်းကောင်း လေးတွေ ပိုပြီး စဉ်းစား တတ် မှာပေါ့ကွယ် ။ အဲဒါ ဒေါ်ဒေါ် တို့ ရဲ့ ဖယောင်းတိုင် တံဆိပ် ကို နာမည် မှည့်ပေးစမ်းပါဦး ”


ဒီမှာတင် ကျွန်တော့် အကွက် ဝင်တော့တာပဲ ။ သူတို့ ဖယောင်းတိုင် ခပ်ညံ့ညံ့ က လင်း ရုံ ပဲလင်း လို့ ‘ လင်းရုံ ’ ဖယောင်းတိုင် လို့ ကျွန်တော့် ဖာသာ ကျိတ်ပြီး ကဲ့ရဲ့ နေတာ ကြာပြီ ။ ဒါနဲ့ ကျွန်တော် က ..


“ လင်းယုန်ဖယောင်းတိုင် လို့ နာမည် ပေးလိုက်ပါလား ဦးလေး ရဲ့ ” 


“ ဟေ .. လင်းယုန်ငှက် တံဆိပ် လား ”


ဦးခွေးနီ ခေါင်း တညိတ်ညိတ် လုပ်ပြီး စဉ်းစား နေတယ် ။ ကျွန်တော့် ပါးစပ် က ‘ လင်းရုံ ’ လို့ပဲ ပြောတာနော် ။ “ ငှက် ” တွေ ဘာတွေ မပါဘူး ၊ သူ့ ဖာသာသူ ချဲ့တွေး တဲ့ ကိစ္စ ။


ဒေါ်ပုကြွယ် က လည်း ဝင် ပြီး ... 


“ ကောင်းသားပဲ တော် ၊ မိုးပေါ် မှာ ပျံတဲ့ ငှက် ဆိုတော့ ”


“ အေးဟ .. ငါ လည်း အဲဒါပဲ စဉ်းစားနေတာ ။ ဟိုး ...  မြင့်ကြီး မှာ နေရာရတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဟာ ၊ နိမိတ် ကောင်းတယ် ပုကြွယ် ရဲ့ ” 


သူတို့ လင်မယားချင်း အပေးအယူ ကိုတည့်လို့ ။ ဘေးနား မှာ ထိုင် နေတဲ့ ပန်းချီဆရာ က လည်း ဝင် ပင့် ပေးတယ် ။


“ နိမိတ် ကောင်းရင် အဲဒီ နာမည် ပဲ ပေး လိုက်ကြပေတော့ ။ တံဆိပ် ရိုက်ဖို့ လင်းယုန်ငှက် ပုံ ကျွန်တော် ဆွဲ ပေးမယ် ” 


“ အေးကွာ ... အေး ၊ ကျေးဇူးပဲ ”


ပန်းချီဆရာ က လင်းယုန်ငှက်ပုံ ရော စာလုံးဒီဇိုင်း ရော ရေး ရုံ မက ဘူး ၊ ကိုယ်တိုင် ကိုယ်ကျ သွားပြီး ဘလောက်တွေ ဘာတွေ ပါ အပ် ပေးလိုက်သေးတာ ။


အဲဒါနဲ့ပဲ သူတို့ လုပ်ငန်းဟာ “ လင်းယုန် ဖယောင်းတိုင် ” လို့ နာမည် တွင် သွား ပါလေရော ။


ကျွန်တော်တို့တွေ ဟာ တော်တော် ကို မကောင်းတဲ့ ကောင်တွေဗျ နော် ။


   •••••   •••••   •••••


ကျွန်တော်တို့ ခေါင်းရင်း အိမ် က အန်တီလှ က လည်း အဲဒီ လင်းယုန် ဖယောင်းတိုင် လုပ်တဲ့ အိမ် ကို တစ်နေ့ နှစ်ခါ သုံးခါ လောက် အဝင် အထွက် လုပ်တယ် ။ လေ ပန်းတယ် ။ အတင်း ပြောတယ် ။ 


တစ်ခါတလေ ... 


သူ့ ဖာသာသူ တစ်ယောက်တည်း လေပန်းရုံ နဲ့ အားမရဘူး ထင်ပါရဲ့ ။ ကျွန်တော်တို့ အိမ်ဘက် လည်ပင်း ထောင် ကြည့်ပြီး ...  


“ ဟဲ့ ... မောင်ဖိုးစော ရေ ၊ ဒီဘက် အိမ် ကူးခဲ့လေ ကွယ် ။ လက်ဖက်သုပ် လေး ဘာ လေးစား ရင်း စကားစမြည် ပြော ရအောင် ”


အဲဒီလိုမျိုး လှမ်းပြီး ပင့်ဖိတ်တယ် ။ ကျွန်တော်တို့ ကောင်ကြီး ရဲ့ ဉာဉ်ဆိုး က လည်း တစ်မျိုး အဆန်းသားဗျ ။


သင်း က အချိန်ပြည့် အားအားယားယား ဖြစ်နေတာ မဟုတ်လား ။ အဲဒီတော့ ဘယ်သူ ကပဲ လာ ခေါ်ခေါ် ၊ ဘယ်အချိန် ပဲ လာ ခေါ်ခေါ် ၊ ဘယ်ကို ခေါ်ခေါ် မငြင်းဘူး ။ ပုဆိုးလေး ပြင်ဝ တ်ပြီး သုတ်ခနဲ ထ လိုက် သွားတော့တာပဲ ။


အဲဒီလို ပင့်ဆောင်ရာ နေရာတိုင်း ကို ကြွချီတော် မူတတ်လွန်းလို့ သူ့ ကို ဒက္ခိဏသာခါ ကိုယ်တော်လေး လို့ နာမည် ပေးထားတယ် ။ 


ခုလည်း ကြည့် လေ ။


ဟိုဘက် အိမ် က လှမ်း ပင့်လိုက်တာ နဲ့ မဆိုင်းမတွ ပဲ ငေါက်ခနဲ ထ ၊ သုတ်သုတ် သုတ်သုတ် နဲ့ ကြွချီ သွားပြီး သူ့ ရဲ့ အဖိုးထိုက် အဖိုးတန်နက်နဲ လှတဲ့ အတွေးအခေါ် တွေ ကို ဟောကြားတော်မူတော့တာပဲ ။ 


“ ကျွန်တော် တစ်ခု စဉ်းစားမိတယ် အန်တီလှ ရဲ့ ”


“ ဆိုစမ်းပါဦး ... မောင်ဖိုးစော ရယ် ”


ကဲ ... ကြည့် ။ အားအားယားယား ရှိတဲ့သူ နဲ့ စပ်စပ်စုစု နိုင်တဲ့သူ အချင်းချင်း ကျတော့ လိုက်ဖက်ညီ လိုက်ကြတာဗျာ ။


မသာအိမ် နဲ့ ဖဲဝိုင်း ကျ နေတာပဲ ။


ဖိုးစော က ..


“ အန်တီလှ တို့ ဘုရား ရှိခိုးပြီး မေတ္တာ ပို့ရင် နာမည် တပ် ပြီးတော့ ရည်စူး မေတ္တာ ပို့ကြတယ် မဟုတ်လား ၊ ဥပမာ - ကျွန်တော့် အတွက် မေတ္တာ ပို့ရင် ' မောင်ဖိုးစောလေး ...  ကျန်းမာပါစေ ၊ ချမ်းသာပါစေ ' ဆိုတာမျိုးပေါ့ ” 


“ အေး ... ဟုတ်တယ်လေ ”


“ ဒါဆိုရင် အန်တီလှ မသိဘဲ ကျွန်တော် က နာမည် ပြောင်း လိုက် တယ် ဆိုပါစို့ ၊ ‘ ကျော်ဟိန်း ’ ဆိုပါတော့ဗျာ ”


အဲဒီ စကား ကြား ရတော့ အန်တီလှ က ချက်ချင်း မျက်နှာ အို သွား တယ် ။ ပြီးတော့ ခေါင်းခါခါ လည်ခါခါ နဲ့ ... 


“ မင်း နှယ် ကွယ် တခြား နာမည် ပြောင်းပါလား ၊ အလှ က အဲဒီ ကျော်ဟိန်း ဆိုတဲ့ မင်းသား ကို သိပ်ကြိုက်တာ ။ အခု အင်း .. မင်း ရုပ်ကြီး နဲ့ ဆိုတော့ ...”


“ ဟာ ... တကယ် ပြောင်းတာ မဟုတ်ဘူးလေဗျာ ၊ ဥပမာ ပြောတဲ့ ဟာကို ခင်ဗျားကြီး က လည်း ... ”


“ ဪ ... အေး.. အေး ဒါဆို ပြီးရော ၊ ဆက်ပြော ... ဆက်ပြော ” 


ဖိုးစော က ချက်ချင်း ဆက် မပြောသေးဘဲ ခံ့ခံ့ညားညား ဖြစ်သွား အောင် ချောင်း တစ်ချက် ဟန့် လိုက်သေးသဗျ ။ ပြီးတော့ မှ ..


“ အဲဒီမှာ ကျွန်တော့်နာမည်က ‘ ကျော်ဟိန်း ’  ဖြစ် သွားပြီ ။ ဒါကို အန်တီလှ က မသိဘဲ အရင် အတိုင်း “ မောင်ဖိုးစောလေး ကျန်းမာချမ်းသာ ပါစေ ” ဆိုပြီး မေတ္တာ ပို့ရင် အဲဒီ မေတ္တာ ကို ကျွန်တော် ရပါ့မလား ဟင် ။ မရဘူး ဆိုရင် ကော အဲဒီ မေတ္တာ တွေ က ဘယ် ကို ရောက်သွား သတုံးဗျ ” 


“ အဲ .. ဒါတော့ ...”


ဖိုးစော မြွက်ကြားတဲ့ ဒေသနာတော် က အင်မတန် မှ သိမ်မွေ့နက်နဲ တယ် မဟုတ်လား ဗျာ ။ အန်တီလှ တစ်ယောက် ဘယ် ပြန် ဖြေနိုင်မှာတုံး ။ ခေါင်း ကုတ်ပြီး အ တီးအ ထစ် ဖြစ်နေရှာတော့ တာ ပေါ့ ။ ကျွတ် .. ကျွတ် ။ 


အဲဒါသာ ကြည့်တော်မူကြပါ တော့ .. ။


မဟာ တွေးခေါ်ပညာရှင်ကလေး ဖိုးစော ဆို တာ အဲဒီလို အရည်မရ အဖတ်မရ ကိစ္စပေါင်း သောင်းခြောက်ထောင် ကို အချိန်ကုန် ခံပြီး ထိုင် ထိုင် စဉ်းစား နေတတ်တဲ့ ကောင်မျိုးဗျ ။


အဲ .. သူ့ ရဲ့ ဒေသနာတော် ကို နာယူ နေတဲ့ သူတွေ က လည်း ခေသူ တွေမှ မဟုတ်တာဗျာ ။ လင်းယုန်ဖယောင်းတိုင် ကုမ္ပဏီပိုင်ရှင်ကြီး ရဲ့ ကတော် ဒေါ်ပုကြွယ် က လည်း သူ ဉာဏ်မီသလောက်တော့ ဝင် ဆွေးနွေး ရှာသား ။ 


“ မောင်ဖိုးစော ပြောတာ စဉ်းစားစရာပဲ ကွဲ့  ။ အဲဒါကြောင့် လူတွေ က နာမည် ပြောင်းရင် သတင်းစာ ထဲ မှာ ထည့်ပြီး ကြော်ငြာ ကြ တာပေါ့ ။ မေတ္တာ ပို့ ရင် နာမည် မမှားအောင် လို့ ထင်ပါရဲ့ ”


ရယ်လိုက်ကြရတာ ဆိုတာဗျာ ။ တစ်အိမ် နဲ့ တစ်အိမ်က ပြွတ်သိပ် ကျပ်ညပ် နေအောင် ဆောက်ထားတော့ ဟိုဘက် နဲ့ ဒီဘက် ဆိုတာ ဝါးထရံ လောက်ပဲ ခြား တာ ။


သူတို့ ပြောသမျှ အကုန် ကြား နေရတဲ့ ကျွန်တော်တို့ အုပ်စု က ကြမ်းပြင် ပေါ်လူးလှိမ့် ၊ ခြေထောက်ချင်း လိမ်ပွတ် ပြီးတော့ ကို ရယ်ကြတာ ။ 


အောင်မယ် ...  မပြီးသေး ဘူး ဗျ ။


လင်းယုန်ဖယောင်းတိုင် လုပ်ငန်းကြီး ရဲ့ အမှုဆောင် အရာရှိချုပ် ( C.E.O ) ဦးခွေးနီ က သူ့ မိန်းမ ကို လှမ်းပြီး ဟန့်တယ် ။


“ တယ် ... ဒီ မိန်းမ ဟာ စောက်မှန်း မသိ ၊ ကမ်းမှန်း မသိ ဘဲ ဝင် ဝင် ပြောနေ ။ ငါ ထ 6လုပ်လိုက်ရ နာ တော့မယ် ။ အဟမ်း ... ဒီမယ် မောင်ဖိုးစော ရဲ့ ၊ မောင်ရင် ပြောတဲ့ ကိစ္စကို ပိဋကတ်ကျမ်း ကျေတဲ့ သက်တော် ဝါတော်ရ ဆရာ တော်ဘုရားကြီးတွေ နဲ့ တွေ့ မှ မေးလျှောက် ကြည့်ရဦးမယ် ”


   •••••   •••••   •••••


တော်ပါသေးရဲ့ ဗျာ ။


ကံကောင်းတယ် ဆိုရမှာ ပဲ ။ ဒီ ရပ်ကွက်လေး ထဲ ကို ပိဋကတ်ကျမ်း ကျေ တဲ့ သက်တော်ဝါတော်ရ ဆရာတော်ဘုရားကြီး တွေ ... 


တစ်ပါး မှ မကြွကြဘူး ။


◾မင်းခိုက်စိုးစန် 


📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ 


#ကိုအောင်နိုင်ဦး


.

မန္တလေး မှာ ဈေးဝယ်ခြင်း


 ❝ မန္တလေး မှာ ဈေးဝယ်ခြင်း ❞


ကလေးမလေး ၏ တောင်း ထဲ မှာ စိမ်း နေသော ပုစွန်အကောင်ကြီး တွေ ။ တစ်ကောင် ကို တစ်ဆယ်သား တောင် မကလောက်ဘူး ဟု ကျွန်မ ထင်သည် ။ အနား မှာ ငါး ထည့် ထားသည့် ဇလုံ လင်ပန်းတွေ ချလျက် ထိုင် နေသော ဈေးသည်လေးတွေ သုံးလေးယောက် ၊ ဈေးသည်လေးတွေ ၏ နောက်ဘက် မှာ ကြီးမားသော လက်ပံပင်ကြီး ရှိသည် ။ ထို လက်ပံပင်ကြီး ၏ နောက်ဘက် လွန်သည့် အခါမှာ တော့ ခြောက်သွေ့စ ပြုနေသည့် လယ်ကွက်များ ။


“ အခုမှ မိလာတဲ့ မြစ်ပုစွန်တွေ အစ်မ ၊ ယူပါ အလေးပြည့်ပြည့် ရမယ် ”


တကယ်တော့ ကျွန်မ လက်ပံပွင့် ကောက်ဖို့ ဒီနေရာလေး သို့ လာခဲ့ ခြင်းပါ ။ လက်ပံပွင့် ကို ဘာ လုပ်မလဲဟု မေးလျှင် ဘာမှ မလုပ်ပါဘူး ဟု ပဲ ဖြေမိ လိမ့်မည် ။ ဟုတ်တယ်လေ ။ ကျွန်မ လက်ပံခေါင်း ချဉ်ရည် ဆိုတာ ကို သူများ ချက်ကျွေးလို့ စားဖူးသလား ဟု တောင် မမှတ်မိပါ ။ လက်ပံခေါင်း ချဉ်ရည်ဟင်း ၏ အရသာ ကို ဘယ်လိုမှန်း လည်း ကျွန်မ မသိပါ ။ သို့သော် ကျွန်မ လက်ပံပွင့် ကောက်ချင်သည် ။ လက်ပံပွင့် ချိန် မန္တလေး သို့ ရောက်တိုင်း ညီမ ယောက်ျား ကို ဖြစ်စေ ၊ ညီမ ၏ မတ် ကို ဖြစ်စေ လိုက်ပို့ ခိုင်းပြီး ဟောဒီ နေရာ ကို ရောက်အောင် လာချင်သည် ။ လက်ပံပွင့်ကြွေ တွေ ကို ကောက်ချင် သည် ။ လက်ပံပင် အကြီးကြီးတွေ ကို တမျှော်တခေါ် မော့ကြည့် ကာ ကြည်နူး ချင် သည် ။ တူမလေး နှင့် တူလေး ကို လက်ပံပင်ကြီးတွေ ၏ ကြီးမားသော ပင်စည် နောက်ခံ ဖြင့် ဓာတ်ပုံ ရိုက် ပေး ချင်သည် ။ လူ နှစ်ယောက် လက် နှစ်ဖက် ဖြင့် ဆန့်တန်းကာ ပွေ့ဖက်သည့် တိုင်အောင် လက်ချင်း မထိ သည့် ပင်စည်ကြီးတွေ ။


“ အေးအေး ၊ ငါးဆယ်သား လောက် ချိန်လိုက်ပါ အေ ” 


“ အစ်မ ၊ ပုစွန်တွေ ဝယ်ဦး မလို့လား ” 


ညီမ က ကျွန်မ ဈေးဝယ် မှာကို စိုးရိမ် တတ်သည် ။


“ အေးလေ မြစ်ပုစွန် က ရခဲပါဘိခြင်း ။ တို့ ရေနံချောင်း မှာ တစ်ခါတရံ မှ ရတာမျိုး ၊ ရန်ကုန် မှာ လည်း မွေးမြူရေး ပုစွန်တွေ ”


“ ည ပြန်ရောက်ရင် ချက်ဖို့ အချိန် ရမှာလည်း မဟုတ်ဘဲ နဲ့ ” 


“ နင့် မီး က လာဦးမှ ကိုး ”


ဒီ ကောင်မလေး က အပျက်ချည်း ပဲ မြင် နေ တော့တာပဲ ။ နင် တို့ မန္တလေး က ငါတို့ ရန်ကုန် ထက် မီး မှန်နေပြီ မဟုတ်လား ။ သည် နား မှာ လက်ပံပွင့် ကောက် သည့် ညနေချိန် ဆို ဈေးတန်းလေး တစ်ခု ဖြစ်နေသည် ။ ပိုက် က မိ လာသည့် ငါး တွေ ၊ ချောင်း ထဲ မြောင်း ထဲ က နှိုက် လာသည့် ငါးတွေ ၊ မြစ် ထဲ ကနေ တစ်နိုင်တစ်ပိုင် ရ လာသည့် ပုစွန်တွေ ကို ချရောင်းသည့် ဈေးလေး ဖြစ်သည် ။


နေ က ညိုနေပြီ ။ ဈေးသည်လေး တွေ ပြန်ချင်ရော့မည် ။ ကျွန်မ ကို မော့ကြည့် နေသည့် ဈေးသည်လေး ၏ မျက်လုံး ကို ကျွန်မ မှန်း ကြည့်သည် ။ ဝယ်မလား လို့ မျှော်လင့် နေသည့် မျက်လုံးလေး တွေ လား ။ ထို မျက်လုံး တို့ ၏ အဓိပ္ပာယ် ကို ကျွန်မ သိသည် ။ ထို မျက်လုံးလေးတွေ ၏ စကား ကို ကျွန်မ မငြင်းဆန်ရက်ပါ ။ ဘာကြောင့်ပါလိမ့် ။ တစ်ခါတုန်း က ကျွန်မ လည်း ဈေး ရောင်း ခဲ့ဖူးလို့ များလား ။ ဟင့်အင်း ။ ကျွန်မ ဈေးရောင်းတာ က မေမေ့ ဈေးဆိုင် ကို ထိုင် ပေး ခဲ့ရုံပါ ။ ကလေး ဘဝ အရွယ် ကျောင်း အားသည့် တစ်ရက် မှာ မေမေ ဆိုင် ကနေ အိမ် ခဏ ပြန်ခိုက်လား မသိ ။ ကျွန်မ ခဏ ထိုင် ပေးပြီး ရောင်း ခဲ့တာ ။ မှတ်မှတ်ရရ ငရုတ်သီးခြောက် ပေါ့ ။ ငရုတ်သီး က တစ်ဆယ်သား ဆိုလျှင် ကို အများကြီး ထည့် ချိန် ပေးရတာပဲ ။ ကျွန်မ က ချိန်ခွင် လျှာ ကို တအား ထွက် နေအောင် ပိုပိုသာသာ မချိန်ဘဲ ကွက်တိ စွန်း သည် ဆိုရုံလေး ပဲ စွန်း ထွက်အောင် ချိန်ပေးတော့ ဈေးဝယ်သူ က သိပ် မကျေနပ်တာ ကို ကျွန်မ မှတ်မိသည် ။ အံမာလေးလေး .. မငြိမ်း သမီး က တော်တော် ဆိုး တာပဲ ဟု ရေရွတ်သလား ဘာလား ။ တစ်ခု ခု တော့ ပြောသည် ။ မေမေ့ ကို ပြန် တိုင်တာတော့ ကျွန်မ သိသည် ။ မငြိမ်း ညည်း သမီး ကို ဈေး မရောင်းခိုင်းနဲ့ တဲ့ ။ ဒါပါပဲ ။ နောက်လည်း မေမေ က မရောင်း ခိုင်း ပါဘူး ။ ကျွန်မ ဈေးသည် မဖြစ်ခဲ့ရပါဘူး ။


အင်း မဟုတ်သေးပါဘူး ။ ကျွန်မ ရောင်းခဲ့တယ်လေ ။ မြတ်လေး ပန်းတွေ ပန်းကုံး ဖြစ်အောင် ကုံးပြီး ဈေး ထဲ မှာ လည် ရောင်း ခဲ့တယ်လေ ။


အို အဲဒါက လည်း ဝယ်နေ ကျ ဆိုင်တွေ ကို လိုက် ပေးတာမျိုးပါပဲ ။ ဖောက်သည် ဖြစ်အောင် လမ်း ထွင်ပြီး ရောင်းပေးခဲ့ သူ က ကျွန်မ ညီမ နှစ်ယောက် ပါ ။ ကျွန်မ က ဆေးတက္ကသိုလ် က ကျောင်း ပိတ် လို့ အိမ် အပြန် မှာ ညီမတွေ ကို လိုက် ကူ ပေးတာ ။ ဘာပဲဖြစ်ဖြစ် ကိုယ့် ပန်းကုံး ကို လှမ်း ကြည့် နေ တဲ့ တစ်ယောက် ယောက် ကို ဝယ်မလား ဆိုတဲ့ မျှော်လင့်ချက် နဲ့ တော့ ကြည့်ခဲ့ မယ် ထင် တာပါပဲ ။ ကျွန်မတို့ ကို ပုစွန် ရောင်းပြီး လျှင် ကလေးမလေး သည် အဝေး ဆီ သို့ ပြန်ရမည် ဟု ကျွန်မ သိ နေသည် ။ မန္တလေး မှာ နေ နေကြသော မြန်မာ အများစု သည် မြို့ပြင် တော်တော်ဝေးဝေး မှာ နေကြ ရသည် ။ ကျွန်မ ညီမ မိသားစု ကို ပဲ ကြည့် ။ မြို့သစ် မှာ နေထိုင်ကြသည် ။ အခုအခါ မြို့ထဲ ဝန်းကျင်မှာ နေသူတွေ အနက် စီးပွားရေး လုပ်ငန်း ကောင်း သော မြန်မာများ က နည်း လာပြီ ။ အဝေး က ရောက် လာသည့် လူမျိုးခြား သို့မဟုတ် လူမျိုးခြားသွေး နှောသည့် မြန်မာများ က ပိုများသည် ဟု ဆိုကြသည် ။


ဟုတ်များ ဟုတ်သလား မသိ ။ တစ်ခါ တစ်ခါ မှ ကျွန်မ အခုလို လာ ဖြစ် သော်လည်း မန္တလေး သည် ကျွန်မ သိ သည့် မန္တလေး နှင့် မတူတော့ တာ ကို တော့ သတိထား မိ ပါသည် ။ 


မရောက်ဖူးခင် က မန္တလေး


မရောက်ဖူး ခင် က မန္တလေး ကို ရွှေမန်းဆီ သို့ သီချင်း ဖြင့် ကျွန်မ မှန်းဆ မြင်ယောင် ကြည့်မိသည် ။ မစိမ်းစိမ်း ၏ ရွှေမန်းဆီ သို့ သီချင်း သည် ကျွန်မတို့ ငယ်စဉ်က ဓာတ်စက်ဖွင့် လျှင် ပါဝင်လေ့ ရှိသည့် သီချင်း တစ်ပုဒ် ဖြစ် သည် ။ မစိမ်းစိမ်း အသံ က ကြည်သာ ပြီး ညက်ညော သည် ။ ရင်ထဲ က လာ သည့် အသံ ၊ အိန္ဒြေ ရှိသော အသံ ။ သီချင်း ၏ အဓိပ္ပာယ် နှင့် အလွန် လိုက်ဖက်ပါ သည် ။  


“ ကျုံးတော်ပတ်လည် မြမြို့ရိုး ပြအိုးပစ္စင် ၊ ကာရံကာအတည် မြန်မာစံဌာနီ သာယာပါပေ့သည် ”


ရှေးခေတ် က နန်းတော်တွေ ကို ပတ်ပတ်လည် ကာရံထား တတ်သည့် ကျုံး ဆိုသည် ကို သီချင်း ထဲ က နေ မြင်ယောင် ကြည့်ရတာ တော်တော် ခမ်းနား

တာပဲ ။ ရန်သူတွေ နန်းတွင်း သို့ အလွယ်တကူ ဝင် မရအောင် အဝင်ရ ခက်ခဲ အောင် ရေ ပတ်လည် ဝိုင်း နေအောင် လုပ် ထားတာပဲ ထင်ပါရဲ့ ။ နိုင်ငံခြား ဇာတ် ကားတွေ မှာ ဥရောပ နိုင်ငံတွေ ၏ ရှေးခေတ် ရဲတိုက်တွေ နှင့် တိုက်ပွဲ မြင်ကွင်း တွေကို မြင်ရတာ သိပ် ကို ကြီးကျယ် ခမ်းနားတာ ကိုး ။ မြစ်ချောင်း ကဲ့သို့ နက်ရှိုင်း ကျယ်ဝန်းသည့် ရေပြင် ကို ဖြတ်ဖို့ တံတားတွေ ထား ရပြီး တချို့ တံတား တွေ က တံတား အရှင်တွေ ဖြစ်သည် ။ လိုအပ်လျှင် တံတား ချ ခင်းပြီး တံတား မလိုချင် လျှင် ပြန် ရုပ်သိမ်းလို့ ရသည် ။ ရန်သူတွေ လာ လျှင်တော့ တံတား ကို ပြန် သိမ်း ထားတာပေါ့ ။ ရန်သူတွေ က ရဲတိုက် ပတ်လည် က ကျုံး ကို လှေ ဖြင့် ဖြတ် မလား ၊ တံတိုင်း ပြအိုး တစ်နေရာ ရာ ကို ကြိုးတန်း ပစ်ပြီး ကြိုးဖြင့် ဖြတ်ကူး လာ မလား ။ မန္တလေး လည်း ဒီလိုပဲပေါ့ ။ မြို့ရိုးတံတိုင်း အပေါ် က နေ နန်းစောင့် တပ်သားများ သည် မြားဖြင့် ပစ်ပြီး ရန်သူတွေ ကို ပြန်လည် ခုခံ တိုက်ခိုက် ကြမှာပေါ့ ။


ကိုယ် မမြင်ဖူး သေးသည့် ကျုံးတော်ကြီး ၊ ရေရိပ်ရေအောက် ဆီ မှာ နေခြည် ဖြင့် ပနံရ လှပတင့်တယ် နေသည့် ကျုံးတော်ကြီး ကို စိတ်ကူး ထဲ မှာ မြင်ယောင် ကြည့်ရတာ ရင်ခုန်စရာ ကောင်းသည် ။


ဟော ဓာတ်ပုံတွေ မြင်ရတော့ ပိုတောင် ရင်ခုန်ရသေး ။ မန္တလေးကျုံး ၏ အတွင်း မှာ နန်းတွင်းမြို့ရိုး တံတိုင်းတွေ က သိပ် လှတာပါပဲလား ။ မြို့ရိုး ၏ ထောင့် နေရာတွေ မှာ စုလစ်မွန်းချွန် တက် ထားသည့် ပြသာဒ် အမြင့်တွေ က ရှိသေးသည် ။ ကျုံးရေ တွင် ပေါ် နေသည့် မြို့ရိုး အရိပ်တို့ သစ်ပင် သစ်ကိုင်း အရိပ် တို့ က လည်း ကျုံး ကို ပို လှအောင် ဖန်တီးပေး နေသည် ။ “ ရေရိပ် ရေအောက်ဆီ ” ဆိုသည့် စကားလုံး ကို ပြန် ကြားယောင် မိပြန်သည် ။ ကျုံး တစ်ခု သည် ဟိုဘက် ဒီဘက် အနားတွေ ကျယ် လေ ၊ ရန်သူ ကို ပို ကာကွယ်နိုင် လေ တဲ့ ။ မန္တလေးကျုံး က ရေ ဘယ်လောက် နက်ပါလိမ့် ။ ဟိုဘက် ဒီဘက် ကမ်း က ရော ဘယ်လောက် ကျယ်ပါလိမ့် ။


ဘာ သီချင်းမှန်း မသိသည့် သီချင်း တစ်ပုဒ် မှာ တော့ ပိုပြီး တိကျသည့် အချက်အလက်တွေ ပါဝင်သည် ။


ပစ္စင် ပြအိုး မြို့ရိုး ကျုံး ပတ်လည် မှတ်သားစရာ တံခါး ဆယ့် နှစ်ရပ် လေးဆယ့်ရှစ် ပြသာဒ်ရံညီ တဲ့ ။ ဒါဖြင့် ပြသာဒ် လေးဆယ့်ရှစ်ခု တောင် ရှိတာလား ။ ကျွန်မ တစ်ခါမှ ရေတွက် မကြည့်ဖူး သလို စာ ထဲ မှာ လည်း တစ်ခါမှ ရှာဖွေ ဖတ်ရှု မကြည့်ဖူးပါ ။


ဆယ်တန်း အောင် တော့ ဆေးတက္ကသိုလ် ကို တက်ခွင့် ရတာ ကံ ကောင်း တာပေါ့ ။ ပထမ တော့ ရန်ကုန်ဆေးတက္ကသိုလ် သို့ မတက်ရတော့ ရန်ကုန် ရောက် သွားသည့် သူငယ်ချင်းတွေ ကို မနာလို ဖြစ်ချင်ချင် ။ ရန်ကုန် ဆိုတာ မြို့တော်ကြီး မဟုတ်လား ။ နောက်တော့ မန္တလေး ကို ရောက်သည့် အခါ မန္တလေး မှာ နေပျော်သည့် အချက်တွေ အများကြီး ရှိမှန်း သိလာရ ပါသည် ။ 


ပထမဆုံး မန္တလေး အတွေ့အကြုံ


မန္တလေး သို့ ရောက်သည့် အချိန်က ညနေ နေဝင်ချိန် ၊ တကယ်တော့ ရေနံချောင်း က နေ ညနေ ထွက်လာတာမို့ မန္တလေး သို့ နံနက်ခင်း မှာ ဆိုက် ရောက်ရမည့် ကား ပါ ။ လမ်း မှာ ကား ပျက် နေတာက အကြာကြီး ။ တနေ့ တမော ။ ည ကို ရပ်ထားသည့် ၊ ပြင်ဖို့ ကြိုးစား နေသည့် ကား ပေါ် မှာ အချိန် ကုန်လွန် ခဲ့ရသည် ။ ထို့ကြောင့် ညနေစောင်း မှ ခြင်ဆေးတွေ ထွန်းသည့် အချိန် ကျ မှ မြို့ ထဲ ဝင်တော့သည် ။ ထိုအခါ ရောက် ရောက်ချင်း ပထမဆုံး ကျွန်မ သတိထား မိသည် က ဆနွင်းတက် ကို မီးရှို့ ရာ မှ ရသည့် ဆနွင်းနဲ့ ဖြစ်လေသည် ။ အိုး .. ဘာ ပြော ကောင်းမလဲ ။ နှာခေါင်း ထဲ သို့ စူးစူးရှရှ တိုးဝင် လာလိုက်တာ ။ မန္တလေး ဟာ ခြင် အလွန် ပေါသတဲ့ ။ ဖွဲ နှင့် ဆုပ်ကိုင်ပြီး ပက်လိုက် သလိုပဲ တဲ့ ။ ကြားဖူး နေသည့် စကားတို့ ကို မှန်လိုက်လေခြင်း ဟု ရေရွတ် မိသည် ။ ဟုတ်ပါရဲ့ ။ ခြင် များ လိုက်တာ ။ ကျွန်မတို့ ရေနံချောင်း မှာ ခြင် တော်တော် နည်းသည် ။ မြို့က ကုန်းမြင့်ကုန်းဆင်း တွေ နှင့် သဲလွှမ်း သော မြေကြီး မှာ ရေသည် ဘယ်တော့မှ အိုင်ထွန်း မနေခဲ့ပေ ။ သည်တော့ ခြင် အောင်းစရာ နေရာ ရှားခဲ့ မှာပေါ့ ။ 


အို မန္တလေး ရဲ့ ဆနွင်းနံ့ က ဆိုးရွားလှပါလား ။ ကျွန်မ က ဆနွင်းနံ့ ကို မခံနိုင် လောက် အောင် ဆိုးရွားသည့် အနံ့ ပဲ ဟု သတ်မှတ် ကာ အလွန် စိတ်ပျက် သွားတော့သည် ။ ပထမဆုံး ည မှာ အဆောင် ရ မရ လည်း မသိ ၊ ကျောင်း ကိုလည်း မမြင်ဖူးသေး ။ တည်းခိုစရာ အိမ် က ဖေဖေ့ မိတ်ဆွေ ဒေါ်သိန်းရင် ၏ အိမ် ဖြစ်သည် ။ မလွန် ရပ်ကွက် မှာ ရှိသည် ။ အစ်ကို က မန္တလေး ဆေးတက္ကသိုလ် မှာ နေလာခဲ့ဖူး သူ မို့ ဒေါ်သိန်းရင် အိမ် ကို သိ နေတော့ တော်ပါသေးရဲ့ ။ အစ်ကို ကျောင်း တက် တုန်း ကတော့ ဖေဖေ လိုက်ပို့ ထားခဲ့ သည် ထင်ပါရဲ့ ။ ခြင်ထောင် မထောင်ဘဲ အိပ်လို့ မရတာ အသာ ထားပါဦး ။ စကား ပြော နေတုန်း ပါးစပ် ထဲ သို့ ခြင် ဝင် တိုးတာက ဆိုး လှသည် ။ စိတ်ညစ် လိုက်တာနော် ။ ဒီ မန္တလေးမှာ ကျွန်မ ခုနစ်နှစ်ကြီး များ တောင် ကျောင်း တက် ရ မှာ ပါကလား ။ ကျွန်မ ရောက်ချိန် က ဖေဖော်ဝါရီလဆန်း နှင့် တူ ပါရဲ့ ။ ချမ်းနေ သေး သည် ။ နံနက် ၊ ည တွေ မှာ အနွေးထည် ဝတ်ရသည် ။ နေ့ခင်း မှာ တော့ ပူအိုက် သည် ။ 


“ မန္တလေး ၊ ကျွန်တော်တို့ ရွှေမန္တလေး ၊ ချမ်းအေး ပူအိုက် အောက်သူ တွေ လိုက်ခဲ့ရမယ် မောင်တင် မဆို ”


နန်းတော်ရှေ့ဆရာတင် က မန္တလေး ကို ဖွဲ့ထားတာ ။ ချမ်း လျှင် လည်း အလွန် ချမ်း ၊ အိုက် လျှင် လည်း သူ မတူအောင် ပူအိုက် ။ ဒါကြောင့် အောက်ပြည် အောက်ရွာ က ရန်ကုန်သူ တို့ မော်လမြိုင်သူ တို့ ကို လိုက်ခဲ့ရမယ် လို့ မခေါ်ပါတဲ့ ။ ဟုတ်မှာပဲ ။ ခေါ် လည်း မန္တလေး အကြောင်း သိသွားလို့ က တော့ ဘယ်သူမှ လိုက်မှာ မဟုတ်ဘူး ။ တွေးပြီး ပြုံးမိသည် ။


သို့သော် ကုန်းတက် ကုန်းဆင်း မရှိ တစ်ပြေးညီ ညီညာသော မြေ မျက်နှာပြင် မှာ လမ်းလျှောက် ရတာ လည်း တစ်မျိုး တော့ စိတ်ဝင်စားဖို့ ကောင်းသား ။ တစ်ခုတော့ ရှိတာပေါ့ ။ သူ တို့ မန္တလေး အခေါ် တစ်ပြ ဆိုတာ ကတော့ ခရီး ဝေး လွန်းတော့ တစ်ပြ ဆိုလျှင် လျှောက် လိုက်ရတာ မသက်သာ ဘူးလေ ။ ဆေးတက္ကသိုလ် သို့ ရောက် ၊ ကျောင်း အပ် ၊ အဆောင် ငှား ။ သူငယ်ချင်း က မရှိ ။ အစ်ကို က ဟိုဟိုဒီဒီ လိုက် ပို့ပေးသည် ။ မန္တလေးကျုံး နဲ့ နန်းတော် ကို ကြည့်ချင် နေတာ ကြာပြီ မို့ မြင်ဖူး လိုက်သည့် အခါ အံ့သြစွာ သဘောကျ သွားသည် ။ အို -ဓာတ်ပုံ ထဲ က ထက်တောင် လှနေပါလား ။ ကျုံး ဆို တာ ဒီလိုပါလား ။ ကျုံး ဘေး မှာ လမ်းလျှောက် ရတော့ ဆောင်းနှောင်းသစ်ရွက် ကြွေ တို့ ၏ ရနံ့ တွင် ရေ ၏ ရနံ့ ရော လျက် စိုစွတ်စွတ် အေးမြလိုလို ဘာလိုလို ။


ကျုံး သည် လေးဘက် လေးတန် မြို့ရိုးကြီး ကို လေးထောင့် ကျကျ ပင် ပတ်လည်ဝို က် နေသည် ။ ကျုံးရေပြင် ကို အပြင် က နေ လှမ်း ကြည့်လျှင် သိပ် မကျယ်ဘူး ထင်ရ သော် လည်း အကျယ် ပေ နှစ်ရာ ကျော်သည် ဟု ဆိုသည် ။ ဟုတ်တာပေါ့ ။ ဒါကြောင့် ကျုံးဖြတ် တံတား တွေ ပေါ် လျှောက် လျှင် လမ်း လျှောက် ရတာ အနေတော်ပဲ ။


ကျွန်မ အများဆုံး ရောက် ဖြစ်သည့် တံတား ကတော့ နန်းတော် ၏ တောင်ဘက် တံခါး မှာ ရှိသည့် မင်္ဂလာတံတား ပါပဲ ။ ဆေးကျောင်း က နေ ညနေ အတန်း အပြီး မှာ နန်းတွင်း ထဲ က ရုပ်ရှင်ရုံ သို့ အပြေး အလွှား သွား ကြည့်ကြ တာလေ ။ မင်္ဂလာလမ်း ပေါ် မှာ ပြေးသည့် ဘတ်စ်ကား မှ မရှိဘဲ ။ ကိုယ် က သူများ လို စက်ဘီး လည်း မစီး တတ် ။ စက်ဘီး လည်း မရှိ ။ ခပ်သုတ်သုတ် လမ်း လျှောက် ရတာ ။ ဘယ် ဘလောက်ပါလိမ့် ။ အေးလေ ဘယ်နှပြ ပါလိမ့် ။ လမ်း သုံးဆယ် ကနေ ၂၆ ဘီလမ်း ဆိုတော့ ၄ ပြ ပေါ့ ။ ပြီးလျှင် ကျုံး ကို ဖြတ် ဆောက် ထားသည့် မင်္ဂလာတံတား ပေါ် လျှောက် ။ ကျုံးရေပြင် ကို ငုံ့ကြည့်တော့ အနက်ကြီး ။ ရေ က ဆယ့်ငါးပေ ခန့် နက် သတဲ့ ။ ဥရောပ အလယ်ခေတ် က ရဲတိုက်တွေ ပတ်လည် က ကျုံးတွေ မှာ တချို့ ပေ ၃၀ တောင် နက်သည် ဟု သိရသည် ။ အင်းလေ ၊ ၁၅ ပေ ဆိုတာ လည်း လူ နှစ်ရပ် မှ မကဘဲ ။ ရန်သူတွေ ကို ကာကွယ်ဖို့ ထိရောက်သည့် ရေ အနက်ပါပဲ ။ နန်းတွင်း ထဲ ဝင် ၊ နန်းတွင်း ထဲ ရောက် တော့ ရုပ်ရှင်ရုံ က နည်းနည်း လှမ်း သေးသည် ။ ဘုတ်တလုပ်ကန် ရှိသည် ။ ကျောင်း အားရက် မှာ နန်းတွင်း ထဲ လျှောက်လည် ကြ ဖူးသည် ။


အရှေ့ဘက် မှာ ရှိသည့် တံတား ပေါ် တော့ သိပ် မရောက်ဖြစ်ပေ ။ အရှေ့တံတား ပေါ် က နေပဲ ကြည့်ကြည့် အရှေ့ကျုံး ထိပ် က ပဲ ကြည့်ကြည့် မလှမ်းမကမ်း မှာ မန္တလေးတောင် ကို ကျုံး နှင့် အတည့် ကျုံး ၏ တစ်ဖက်ထိပ် မှာ မြင် နေရသည် ။ လှလိုက်တာ ။ ဘာကို လွမ်းရမှန်း မသိပေမယ့် လွမ်းစရာ ကောင်း နေသည် ။


ကျွန်မ မသွားဖြစ်သည့် တံတား က တော့ အာဠဝီတံတား ဟု ခေါ် သည့် အနောက် တည့်တည့် ဂိတ်ပေါက် က တံတား ပါ ။ စာတိုက်ကြီး ရှိရာ နေရာ နှင့် တည့်တည့် လောက် မှာ ရှိသည် ။ စာတိုက်ကြီး သို့ သွားလျှင် လှမ်း လှမ်း မြင်ရသည် ။ ထို အခါမျိုး တွင် စိန်ပါတီ လား သီဆို သော ပါတော်မူ သီချင်း ထဲ က “ ကမ္ဘာ အလီလီ တအား ယုတ်စေဖို့ အာဠဝီတံခါးက ထုတ်လို့ ရာဇာသမုတ် ကို ဆောင်သည် ” ဆိုသည့် စကားလုံး ကို သတိရသည် ။ အာဠဝီ တံခါး သည် အမင်္ဂလာတံခါး ဟု ပြောသံ ကြားဖူးသည် ။ အသုဘ တို့ ဘာတို့ ကို ထို တံခါး က နေ ထုတ် တာ ဆိုလား ။ အင်္ဂလိပ် က သီပေါမင်း နှင့် မိဖုရား ကို နန်း အပြင် ထုတ်ပြီး သင်္ဘောဆိပ် သို့ ခေါ် သွားတော့ ထို အမင်္ဂလာ တံခါး က နေ ထုတ် သွားလို့ ပြည်သူအများ မျက်ရည် မဆည်နိုင် အံ တကြိတ်ကြိတ် နှင့် နာကျင် ကြရသည် ဟု ပြောသည် ။


သွားလေ ရာ တွင် ရှောင်ရ တိမ်းရ သည့် စက်ဘီးတွေ စက်ဘီးတွေ အများကြီး ။ ကျွန်မ ကို အစ်ကို က ကိုးတန်း စာမေးပွဲ ဖြေပြီး နွေရာသီ ကျောင်း ပိတ်ရက် တွင် စက်ဘီးစီး သင်ပေး ပေမယ့် ကျွန်မ ကြောက်တတ် သဖြင့် မစီး တတ်ခဲ့ ။ သူများတွေ စက်ဘီး စီးတာ ကြည့်ပြီး အားကျ လိုက်တာ ။ ကျွန်မ ညီမငယ် က တော့ မန္တလေးသား နှင့် အိမ်ထောင် ကျဖြစ်မည် ကို ကြို သိ နေ သလိုပင် ။ သူ ငါးတန်း အရွယ် ကတည်း က ဘယ်သူ က မှ သင် မပေးဘဲ နှင့် သူ့ ဟာ သူ မနိုင့် တနိုင် ၊ မမှီ တမီ ထောက်ပြီး နင်း ရင်း စီးတတ် သွားခဲ့သည် ။ အခုဖြင့် ညီမ သည် စက်ဘီး သာ မက ဆိုင်ကယ် ကို လည်း ကျွမ်းကျင်စွာ စီးနိုင် နေ ပေ ပြီ ။ ညီမ ၏ သား နှင့် သမီး လည်း စက်ဘီး ကို စီးတတ် နေပြီ ။


ယခုအခါ မန္တလေးမြို့ ပြင် လမ်းတွေ မှာ နံနက်ခင်း နှင့် ညနေခင်း မှာ စက်ဘီး ဖြင့် အလုပ်သွား အလုပ်ပြန် သူတွေ ကို အုံလိုက် များစွာ တွေ့ရပေမယ့် မြို့ ထဲ တွင် တော့ စက်ဘီး ထက် ဆိုင်ကယ် က ပို များနေပြီ ။ ဆိုင်ကယ်သံ တွေ ဟွန်းတီးသံတွေ ဖြင့် ဆူညံ ပွက်လော ရိုက် နေသည့် မန္တလေး သည် ကျွန်မ သိခဲ့ သည့် မန္တလေး နှင့် မတူတော့ပါ ။ ထိုင်ခုံ ဖြင့် ထိုင်ပြီး ခြေထောက် ချ စီး ရသည့် မန္တလေး မြင်းလှည်းတွေ ကို ယခုအခါ မမြင်ရတော့ ။ ကျွန်မတို့ ရေနံချောင်း မှာ မြင်းလှည်း သည် အပြန့်ကျယ် ကြမ်းခင်း တစ်ခု ပေါ် မှာ သာ ကျုံ့ကျုံ့ ထိုင်ရ သည့် အမျိုးအစား ဖြစ်သည် ။ အောက်ပိုင်း ကတော့ ဘုံပြတ် ဟု ခေါ် သတဲ့ ။ ကျွန်မတို့ကတော့ မြင်းလှည်း ကို ရထား ဟု ခေါ် ပါသည် ။ တစ်နေရာ ကနေ တစ်နေရာ သို့ သွားလျှင် ကုန်းတက် ကုန်းဆင်း မို့ ရထား စီး သွားပါလား ဟု ပြော ကြသည် ။ မန္တလေး ရောက်ပြီး တစ်နှစ် ၊ နှစ်နှစ် ကြာလာသော အခါ ရထား ဟူသော အသုံးအနှုန်း ကနေ မြင်းလှည်း ဟူသော အသုံးအနှုံး သို့ အလိုလို ပြောင်းလဲ သုံးနှုန်း ဖြစ် သွား၏ ။ 


စက်ဘီး စီးတတ်သည့် သူငယ်ချင်း တစ်ယောက် ကို ရင်းနှီးချစ်ခင် လာသည့် အခါ ကျွန်မ အား နောက် ထိုင်ခုံ မှာ တင်ပြီး မန္တလေး အနှံ့ လျှောက် သွား ကြသည် ။ ဆေးကျောင်း က နေ ဟိုး မန္တလေး တောင်ခြေ မှာ ဖွင့် သည့် ဟင်္သာတ မုန့်ဟင်းခါးဆိုင် သို့ သွားပြီး မုန့်ပာင်းခါး စားကြ သတဲ့လေ ။ အဲဒီ တုန်းက မိုး ရွာ လည်း ရေ လျှံတာတွေ ဘာတွေ သိပ်မရှိ ။ ရေနုတ်မြောင်း စနစ် က သိပ် မဆိုးသေး ။ ဆိုးရွား တာ ကတော့ ကျုံးရေ ကို သောက်သုံးရေ အဖြစ် သုံးစွဲကြရင်း က အသဲရောင် အသားဝါရောဂါ တွေ ကူးစက် ပြန့်ပွားတာမျိုး မကြာခဏ ဖြစ်ပေါ် တတ်ခြင်းပေတည်း ။ ကျွန်မ နှင့် အတန်းတူ သူငယ်ချင်း တချို့ အသဲရောင် အသားဝါ ရောဂါ ဖြင့် ဆေးရုံ တက် ရတာတွေ ရှိဖူးသည် ။ ရေဆိုး စွန့်ပစ်စနစ် မကောင်း လျှင် သောက်သုံးရေ မသန့် လျှင် ရေ မှ တစ်ဆင့် ကူးစက်သည့် ရောဂါ တို့ ပြန့်ပွား မှာ ပဲလေ ။ ဆေးကျောင်းသား တွေ ကရော ဘာသား နှင့် ထုထားတာမို့ ချမ်းသာ ခွင့်ရမလဲ ။ 


စည် မျက်နှာ ကဲ့သို့ ညီညာသော မြေပြင် ရှိသဖြင့် မင်းတုန်းမင်း က နန်းတည်ရာ မြို့အဖြစ် ရွေးချယ် ခဲ့သော မန္တလေးမြို့ ၊ မြစ် လေးသွယ် ဝန်းရံ လျက် ရှိသော မန္တလေးမြို့ သည် မိုး ရွာသည့် အခါ ရေတွေ လျှံသည့် မြို့ ဖြစ်နေပြီ ။


လမ်းတွေ နဲ့ ၊ အဆောက်အအုံ ကြီးကြီးတွေ ချဲ့ဖို့ သစ်ပင်တွေ ကို ခုတ်ပစ်တာ များလွန်း သဖြင့် နွေရာသီ မှာ လည်း ပူအိုက် လွန်းသည့် မြို့ ဖြစ်နေ ပေပြီ ။ တော်ပါသေးရဲ့ ။ အခုလို လက်ပံပင်ကြီး တွေ ကိုတော့ မခုတ်ဘဲ ချန်ထားကြပေလို့ ။ အေလမ်း ဟု ခေါ်သော ၃၅ လမ်း က မန်ကျည်းပင်ကြီး တွေ က တော့ ကုန် သွားတာ ကြာလှပေါ့ ။ ကျွန်မ ကို ပဲ မန္တလေး ၏ သစ်ပင်ကြီး တွေ ကို မီလိုက် သေးသည် ။ အရိပ်အာဝါသ ကောင်းကောင်း နှင့် မော့ ကြည့် လျှင် အကိုင်းတွေ မြင့်မြင့် ဝေဝေဆာဆာ အရွက်တွေ ဖားဖား နှင့် ကုက္ကိုပင်ကြီး များ ၊ မန်ကျည်းပင်ကြီးများ နေရာတွင် ကွန်ကရစ်တွေ ဖြစ်ကုန်ပြီ ။


ကျွန်မတို့ ကား သည် ပုစွန်တွေ ကို လည်း သယ် ၊ လက်ပံပွင့်တွေ လည်း သယ် ၊ လွမ်းစရာ အတိတ်တွေ ကို လည်း သယ်ဆောင် လျက် မြို့သစ် သို့ ပြန် မောင်း လာခဲ့ကြသည် ။


     •••   •••   •••   •••  


ညီမတို့ အိမ် သည် ပေလေးဆယ် ခြံဝိုင်း ကို ပေသုံးဆယ် ပတ်လည် အုတ်ညှပ် ဆောက်ထားသည့် အိမ် ဖြစ်သည် ။ ယနေ့ ခေတ် မန္တလေးအိမ် တော်တော်များများ ထုံးစံ အတိုင်း ခြံဝန်း ထဲ က အိမ်ရှေ့ကွက်လပ် ကို ကွန်ကရစ် ခင်းထား၏ ။ ဘေး မှာ သုံးလေးပေစာ ချန် ထားသည့် မြေကြီး တွင် ကောင်းနိုးရာရာ အပင်တွေ ကို ပွ နေအောင် စိုက်ပျိုး ထားသည် ။


ကျွန်မတို့ သည် အိမ် ရှိ လူ အကုန် ထွက်ကြတာ ဖြစ် သဖြင့် အိမ် ရောက် မှ ည စာ ကို ချက်ရ ပါမည် ။


“ ဆာတယ် ဆာတယ် ” ဟု သမီး က အော်နေပြီ ။ 


“ ခဏစောင့် သမီး ။ အဆာပြေ မုန့်လေးတွေ စားထား နှင့် ”


မတ် ဖြစ်သူ က မြန် အောင် ခေါက်ဆွဲကြော် သွားဝယ်မယ် ဟု ဟန်ပြင် နေသည် ။ ညီမ က အပြင်စာတွေ ကို စားလို့ မရသူ ဖြစ်တော့ သူ့ သား သမီးတွေ ကို လည်း တတ်နိုင် သမျှ အပြင်စာ မကျွေး လို ပေ ။


“ ထမင်း ပဲ စားကြတာပေါ့ဗျာ ။ မြန်ပါတယ် ။ ဒီမှာ ချက်ပြီ ဗျို့ ၊ ခဏ စောင့် ”


ဖိုးသား က တော့ ပေါင်မုန့် ကို ထမင်း ထက် ပို မက်မောသူ မို့ ပေါင်မုန့် စားမယ် ဟု ဆိုသည် ။ ညီမ က လျှပ်စစ်ပေါင်းအိုး ထဲ ဆန် ထည့် တုန်း မီး က ပြတ်သွား လေသည် ။ ဟောတော် ။ အဲဒါ မန္တလေး ပဲ ဟု ညီမ က ကျွန်မ အား လှမ်း ပြောသည် ။ အံမာလေး .. ငါ တို့ ရန်ကုန် လည်း မီး ပြတ်တာပဲ ။ အဲဒါ မြန်မာပြည် လို့ ပြောရမှာ ဟဲ့ ။


“ ဟုတ်လား ခဏခဏ ပြတ် တာပဲလား ”


“ ပြတ်ပါ့ ။ ခဏခဏ ပြတ်လား မပြတ်လား နွယ်နွယ် ရေ ချိုးခါ နီး တိုင်း ဖယောင်းတိုင် ထွန်းတယ် ”


“ ဟင် ရေ ချိုးတာ နဲ့ ဖယောင်းတိုင် ဘာ ဆိုင်လို့လဲ ” 


“ အို သူ ရေချိုး နေတုန်း မီးပြတ် ရင် ရေချိုးခန်း ထဲ မှာ မှောင် လို့ပေါ့ ”


ကျွန်မတို့ ရယ်မော ဖြစ် ကြသည် ။ ကျွန်မ က တော့ ရေချိုးခန်း ထဲ ရေ ချိုး ရင်း မီး ပြတ်တာ ကြုံဖူးပါရဲ့ ။ ဒါပေမယ့် မှောင် ထဲ မှာ ကျင့်သား ရသည့် မျက်လုံး တို့ ဖြင့် မှန်း ပြီး ချိုး လိုက်တာ ချည်းပါပဲ ။ ကျွန်မ ညီမလတ် က အမှောင် ကို ကျွန်မ ထက် ပို ကြောက်၏ ။


“ မီးစက် က ဘယ် ရောက် သွားလို့လဲ ”


ညီမ က မေးတော့ ပျက် နေလို့ ပြင်ဆိုင် ပို့ထားတယ် ဟု ကျွန်မ ဖြေ လိုက်ရသည် ။ ကျွန်မတို့ အိမ် မှာ အင်ဗာတာ မရှိပါ ။ ညီမ အိမ် ကတော့ မီးစက် ရော အင်ဗာတာ ရော နှစ်မျိုး ထား သည်မို့ ဖယောင်းတိုင် ထွန်းတာ မတွေ့ရပေ ။


ခေါက်ဆွဲကြော်ဖက် က အနိုင် ရ အောင် မီး က ကူညီ လိုက်သဖြင့် မတ် ဖြစ်သူ က ဆိုင်ကယ် ယူလျက် ပျော်ရွှင်စွာ ချီတက် လေသည် ။ ကျွန်မ က တော့ အဆာပြေ ရေ ကိုပဲ သောက်မည် ဟု သောက်ရေအိုးဖုံး ကို ကိုင် လိုက် သည် ။


“ အစ်မ အဲဒီ ရေ က မကျိုရ သေးဘူး ။ ကိုထွန်းထွန်း ရေစစ် နဲ့ စစ်ပြီး ဒီ အတိုင်း လောင်းထည့် ထားတာ ။ အနယ် ထိုင်အောင် လုပ် ထားတဲ့ သဘောပဲ ။ ရေခဲသေတ္တာ ထဲ က ရေပုလင်း ထဲ က နေ သောက် ။ ငါ ကျိုပြီး အအေးခံ ထား တဲ့ ရေကျက်အေး ” 


“ အို ရပါတယ် ။ ဒီ အတိုင်းပဲ သောက်မယ် ”


“ မသောက် နဲ့ ။ နင် က ရောဂါ ထူလွန်းလို့ ” 


“ အလို ” 


ညီမတို့ အိမ် မှာ စည်ပင်သာယာ က ပေးသည့် ရေပိုက် နှင့် ရေစက် ငုတ် ရှိသော်လည်း အလုပ် မဖြစ် သဖြင့် အဝီစိတွင်း က ရေ ကို စုပ်တင် ပြီး သုံးရသည် ။ အဝီစိရေ က အရည်အသွေး မကောင်း ဟု ဆိုသည် ။ ရေသွက် မဟုတ်ဘဲ အနည်းငယ် စေးပုံ ရပါရဲ့ ။ ထို့ကြောင့် ညီမ တို့ သည် ယောက္ခမ အိမ် က စည်ပင် ရေ ကို ရေဘူးတွေ ဖြင့် သယ် လာပြီး ထမင်းဟင်း ချက် ၊ ရေနွေးကျို ဖို့ သုံး ကြသည် ။


“ အဲဒါ ကျုံးရေလား ” ဟု တစ်ခါက မေးကြည့်ဖူးသည် ။ မယုံနိုင် စရာကောင်းသည့် အဖြေ ကို ရခဲ့၏ ။ မသိဘူး တဲ့ ။


“ ဟယ်တော် ကိုယ် သုံးနေတဲ့ ရေ ကို ဘယ်က လာတဲ့ ရေမှန်း မသိ ဘူးလား ။ တော်တော် ညံ့ တာပဲ ”


“ မြစ်ရေ လည်း ဖြစ်နိုင်တယ် ၊ ကျုံးရေ လည်း ဖြစ်နိုင်တယ် ” ဟု ပြန် ဖြေသည် ။ ပြီးတော့ ရေ ကို ကလိုရင်း နဲ့ ဘာ နဲ့ ဖြတ် ထားလား လည်း ငါ မသိဘူး ။ ဒါကြောင့် ငါ က သောက်ရေ ကို ကျိုပြီး သောက်တာ ဟု ဆက် ပြောသည် ။


မန္တလေး ၏ ရေ ဖြန့်ဖြူးသည့် စနစ်မှာ အရင် က ထက် ပို တိုးတက်လာ ခဲ့သည် ဟု ပြောလို့ ရပါ၏ ။ သို့သော် ရေ ကို ကျန်းမာရေး နှင့် ညီညွတ်အောင် အန္တရာယ် ကင်းသည့် သောက်ရေ ဖြစ်အောင် ကုသသည့် အဆင့် ရော ရှိရဲ့လား ။ ကျွန်မ ဖတ်ဖူးသည့် ရေပညာရှင် တစ်ဦး ၏ ၂၀၀၄ မှတ်တမ်း တစ်ခု အရ တော့ ရေ ကို ကလိုရင်း ဖြင့် ဖြတ်သည့် စနစ် မရှိဘူး ဆိုပဲ ။ မန္တလေးတောင်ခြေ တွင် ရှိသည့် ရေ သိုလှောင်ကန် က နေ မြို့နေသူ လူထု ကို ဖြန့်ဖြူးသည့် ရေ မှာ အဓိက ကျုံးရေ ဖြစ် သတဲ့ ။ ကျုံး ရေ က ဘယ်လောက်များ သန့် လို့ လဲ ဟု မေးစရာ ရှိ သည် ။ ရေနီမြောင်း က နေ ကျုံး ထဲ ကို ဝင် သည့် အခါ ရေ က နောက်ပြီး နီ နေ သော်လည်း ကျုံး ရေ ဖြစ်သည့် အခါ မှန် ကဲ့သို့ ကြည်လင် သွားသည် ဟု ရှေးဟောင်း စာတွေ ၊ မှတ်တမ်းတွေ ထဲ မှာ ဖတ်ရဖူးတာ ကို သတိရသည် ။ ဘယ်လိုများ ကုသ လိုက်ပါလိမ့် ဟု ကျွန်မ စိတ်ဝင်စား ခဲ့သည် ။ မင်းတုန်းမင်း ခေတ် ကတော့ ကလိုရင်း ဖြတ်တာ တို့ ဘာတို့ ရှိမှာ မဟုတ် ။ အပင်တွေ ထဲ ဖြတ်ခိုင်း သလား မသိပါ ။ သို့သော် ဟိုတုန်း က လူဦးရေ နှင့် အခု လူဦးရေ က ကွာခြား လှသည် ။ ဟိုတုန်းက ကျုံးထဲ မဝင်ခင် စီး လာသည့် ရေနီမြောင်း ၏ သန့်စင်မှု နှင့် အခု အခြေအနေ တူမှာ မဟုတ် ။ ရေနီမြောင်း တစ်လျှောက် အဝတ်လျှော်သူ ၊ ရေချိုးသူ ၊ အညစ်အကြေးစွန့်သူ ၊ အိုး .. ကျွန်မ အနည်းငယ် ပခုံး တွန့် လိုက်မိသည် ။


ရေခဲသေတ္တာ ထဲ က ရေပုလင်း ကို ယူ သောက် လိုက်စဉ်မှာ မန္တလေး က စာရေးဆရာ တစ်ဦး ပြောသည့် စကား ကို သတိရ သွားပြန်၏ ။ သင်္ကြန် ဆို မဏ္ဍပ်တွေ ကို ကျုံး ဘေး မှာ တန်းစီ ပြီး ဆောက် ၊ အိမ်သာတွေ လည်း ဆောက် ၊ အညစ်အကြေးတွေ ကျုံး ထဲ ရောက် တဲ့ ။ ဟယ် ..တကယ်လား ။ အေးလေ ကျွန်မတို့ ရန်ကုန် မှာ သောက်သုံး နေသည့် ရေတွေ က ရော ဘယ်လောက် သန့် လို့ မန္တလေး ရေ ကို ထိတ်လန့် နေရတာတုန်း ။ သောက် လိုက်စမ်းပါ ။ အားရ ပါးရ ။ ဒီလို ရေ ကြည်ကြည်လင်လင် တောင် သောက်ခွင့် မရတဲ့ မြို့သူ မြို့သားတွေ မန္တလေး မှာ လေးဆယ် ရာခိုင်နှုန်း လောက် ရှိသတဲ့ ။ ကဲ ... ။


ရေ သောက်ပြီး တော့ ပုစွန် ငါးဆယ်သား ကို ပလတ်စတစ် အထုပ် အတိုင်း ရေခဲသေတ္တာ အပေါ်ဆုံးလွှာ ထဲ ထည့် လိုက်သည် ။ အိမ်ရှိ လူကုန် ထွက်ကြသည် မို့ လျှပ်စစ်မီတာ မိန်းဆွစ်ချ် ကို ချပစ် ခဲ့သည် ဆိုတော့ အခု ရေခဲသေတ္တာ တွင် အအေးဓာတ် လုံးဝ မရှိပေ ။ မီး မှ အချိန်မီ ပြန်လာ ပါ့ မလား ။ ငါ့ ပုစွန်လေးတွေ မနက် ရောက်တော့ ကောင်း မှ ကောင်းပါတော့ မလား ။ မီး ကို စောင့်နေမယ့် အစား ပျင်း မနေဘဲ ဒီ ည ဘဲ မီး မွှေးပြီး ချက်ထား လိုက်ရင် ဆွမ်း လောင်း လို့ ရတာပေါ့ ။ ဒါမှမဟုတ် မီး လာ တဲ့ အထိ စောင့်ရ မလား ။


“ မီး က တစ်ခါ ပျက်ရင် ဘယ်လောက် ကြာလဲ ”


ညီမ ကို မေး မိတော့ ညီမ က အင် ဟု ရေရွတ်ကာ ပျက်ချိန်တွေ ကို ပြန် စဉ်းစားဆဲ ၊ သား က ရယ်သည် ။   


“ ခဏလေး နဲ့ ပြန် လာချင် လည်း လာမယ် ။ တစ်ညလုံး ပျက်ချင် လည်း ပျက်မယ် ” တဲ့ ။ ကျွန်မ ရယ်မိသည် ။ ဟုတ်ပါတယ် ။ မေးမိတဲ့ ကျွန်မ ရဲ့ အမှားပေါ့ ။


ကဲ .. စောင့် တော့ စောင့် လိုက်ပါဦးမယ် ။ နာရီဝက် တစ်နာရီ နဲ့ တော့ ပုစွန်လေး တွေ ပုပ် မကုန်လောက် သေးပါဘူး ။ 


ခေါက်ဆွဲကြော် စောင့် နေခိုက် ဆာ နေသည့် ကိုယ့် စိတ် ကို ဖြေရန် မနက် မှာ စားမည့် အစားအစာတွေ အကြောင်း တွေးမိသည် ။ မန္တလေး ၏ မြီးရှည် နှင့် ဆန်ပြား အရသာမျိုး ကို ရန်ကုန် မှာ ကျွန်မ မရ လေ တော့ မန္တလေး ရောက်တိုင်း အစားအသောက် ကို ပဲ ဦးစားပေး ပြီး စီစဉ် မိသည် ။ ကျွန်မ မန္တလေး ရောက် တိုင်း မဖြစ် ဖြစ်အောင် သွားလေ့ ရှိသည့် ကိုင်းတန်းဈေး က

တော့ မရှိတော့ပြီ ။ တောင်လို ပုံ နေသော အသီးအရွက်တွေ ကို မမြင်ရတာ ကြာ လေပြီ ။ ဟိုတုန်း က များ ကိုင်းတန်းဈေး ကို သွားရတာ မြင်ကွင်းတွေက စိတ်ဝင်စား စရာတွေ ။ ပွဲရုံတွေ ၊ အထမ်းသမားတွေ ၊ ဈေးသည်တွေ ၊ ဈေးဝယ် တွေ နှင့် စည်ကား နေ လိုက်တာ ။ အေးလေ ကိုင်းတန်းဈေး မသွားရ လည်း မြို့သစ်ဈေး ပေါ့ ။ အသီးအရွက် တွေ စုံစုံဖြင့် ပုံပြီး ရောင်းနေကြတာ လည်း အားရစရာကြီးပါပဲ ။ ချိန်ခွင် ဖြင့် ချိန်ရောင်း နေကြသည့် ဈေးသည်တွေ နှင့် ဆွဲခြင်း ဖြင့် ဝယ် နေကြသော ဈေးဝယ် တို့ ၏ မြင်ကွင်း က ကြည့်လို့ ကောင်း နေဆဲပါ ။ ဆူပါမားကတ် တွေ မှာ ဈေး ဝယ်သည့် အလေ့အထ က မန္တလေး မှာ ရန်ကုန် လောက် ခေတ် မစားသေး ဟု မြင် မိသည် ။


အော် ဒါနဲ့ .. မနက်ဖြန် မြို့သစ်ဈေး ကို သွားလျှင် ခြင်ဆေး ထွန်းဖို့ ဆနွင်းတက်လေးတွေ ဝယ်ဦး မှ ။ ဟိုတုန်းက မန္တလေး ရောက် ရောက်ချင်း နံ ခဲ့သည့် ဆနွင်းတက် ခြင်ဆေးနံ့ သည် ကျန်းမာရေး ထိခိုက်စေသည့် အခြားသော ပိုးသတ်ဆေးများ သည့် ခြင်ဆေး တို့ ၏ အနံ့ ထက် တော့ တော်သေးသည် ဟု ယခု အခါ ကျွန်မ လက်ခံ လိုက်ရပြီ ။ အဆုတ် ထဲ ရှူသွင်းရသည့် အငွေ့ ထဲ မှာ ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်တွေ နည်းလေ ကောင်းလေ ပေါ့ ။ မီးခိုးမှိုင်း လောက် ကတော့ အလွန်ဆုံး အန္တရာယ် ပေးလျှင် အသက်ရှု ကြပ်သည့် အဆုတ်ရောဂါ လောက်ပဲ ဖြစ်မှာပါ ။ ကိုယ် က ဘာမဆို ကန့်ကွက်တတ်သည့် ညီမ ကို ပြော မနေဘဲ ကြိတ် ဝယ်ရ မည် ။ ပြီးတော့ ရန်ကုန် သို့ သယ် သွားမည် ။ ရပ်ကွက်ဈေး ထဲ ချရောင်းတာ ချင်း အတူတူ ရန်ကုန် မှာ ဝယ်မိသည့် ခြင်နှိမ်နင်းသည့် ဆနွင်းတက်လေးတွေ က ဆနွင်းတက် ချည်း မဟုတ်ဘဲ ရွှံ့ခဲတွေ ရော နေသည် ။ လွှင့်ပစ်ရတာ က များများ ၊ အသုံးပြု လို့ ရတာက နည်းနည်း ။ မန္တလေး က ဆနွင်းတက်လေးတွေ က ပေါ့ပေါ့ပါးပါး ၊ ခြောက်ခြောက်သွေ့သွေ့ ၊ တကယ့် ဆနွင်းတက်လေး တွေ ။


မန္တလေး မှာ ကျွန်မ ချစ် ရတာတွေ အများကြီး ရှိပါသေးကလား ။


◾ဂျူး


📖 ရွှေကြာပင်တိုက်ခန်း က မန္တလေး အလွမ်း


#ကိုအောင်နိုင်ဦး


.

Wednesday, August 30, 2023

မေတ္တာဖြင့် ဖေးမခြင်း


 

❝ မေတ္တာဖြင့် ဖေးမခြင်း ❞

[ HIV / AIDS ခံစား နေရ သူတွေ ကို သက်သာမှု ရစေဖို့ ဆရာတော် ဒေါက်တာ ဓမ္မရက္ခိတ ( သက်တော် ၅၄ နှစ် ) က တရားပြ ပေး နေတယ် ။ World Vission က HIV / AIDS ခံစား နေရသူတွေ ဆရာတော် ရဲ့ ကျောင်း ကို ပုံမှန် ပို့ပေး နေတယ် ။

ဆရာတော် ဒေါက်တာ ဓမ္မရက္ခိတ ဟာ ရန်ကုန် တက္ကသိုလ် က နေ စိတ်ပညာ အဓိက နဲ့ ဝိဇ္ဇာဘွဲ့ ၊ မဟာ ဝိဇ္ဇာဘွဲ့ တွေ ရခဲ့တယ် ။ ၁၉၈၁ ခု မှာ ရန်ကုန် တက္ကသိုလ် စိတ်ပညာ ဌာန မှာ နည်းပြဆရာ အဖြစ် အလုပ် စတင် ဝင်ရောက် ပြီး လက်ထောက် ကထိက ၊ သုတေသနအရာရှိ တာဝန်တွေ ထမ်းဆောင် ခဲ့တယ် ။ ၁၉၈၉ ခုနှစ် မှာ ဝန်ထမ်း အဖြစ် မှ နှုတ်ထွက် ပါတယ် ။

၁၉၉၁ ခုနှစ်မှာ Mental Energy Reseaech Design ကို ရေး ဆွဲပြီး ယူနက်စ်ကို ဌာနချုပ် ကိုပေး ပို့တယ် ။ ၁၉၉၂ ခုနှစ် မှာ ရဟန်းဘောင် သို့ ဝင်တယ် ။ ၁၉၉၃ ခု မှာ သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့ ရှိ The Open International Univrersity for Complementry Medocine က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  M.D ( M.A ) ကို ချီးမြှင့် အပ်နှင်းတယ် ။ ၁၉၉၅ ခု မှာ သိပ္ပံ ပါရဂူဘွဲ့  D.Sc ( H.C ) ကို အပ်နှင်း ခံရတယ် ။

ဆရာတော် ရဲ့ ကျောင်း က မန္တလေးမြို့ အနီး ၊ ပုသိမ်ကြီး ရန်ကင်းတောင်ခြေ မှာ ရှိတယ် ။ ဆရာတော် ကို တွေ့ ဆုံဖို့ စီစဉ်ရာ မှာ ဆရာတော် က တောင်သာ ကို ကြွပြီး တရားစခန်း ဖွင့် နေတယ် ။ ပုသိမ်ကြီး မှာ တစ်ရက် နှစ်ရက် သီတင်းသုံး ပြီး ရန်ကုန် ကို ကြွတယ် ။ ရန်ကုန် မှာ သုံးလေးရက် သာ သီတင်းသုံး ပြီး ကလေးမြို့ ကို ကြွဖို့ စီစဉ် နေတယ် ။ ရန်ကုန် တောင်ဥက္ကလာပမြို့ ၊ အမှတ် ( ၉ ) ရပ်ကွက် က လူထု ဓမ္မာရုံကြီး ဆောက်လုပ်ရေး မှာ ဆရာတော် ဒေါက်တာဓမ္မရက္ခိတ ကမကထ ပြု ခဲ့တယ် ။ လူထု ဓမ္မာရုံကြီး ကို ကြွ လာပြီး ဆရာတော် က တရား ပြ လေ့ ရှိတယ် ။ ဆရာတော် သီတင်းသုံးရာ တောင်ဥက္ကလာပ ကို ကျွန်တော် လိုက် သွားပြီး ဖူးမြင် ပါတယ် ။

အသား ညိုပြီး အညာသူ အညာသား ရုပ်သွင် ရှိတဲ့ ဆရာတော် က စကား ပြောရာ မှာ ပွင့်လင်း ရင်းနှီးမှု ရှိတာ တွေ့ ရပါတယ် ။ ]

•••••   •••••   •••••

ဘုန်းတော်ကြီး ဇာတိ က တောင်သာမြို့ ။ ငယ်ငယ် က ဘကြီး ဘုန်းကြီးကျောင်း မှာ ပညာ သင် ခဲ့ရတာ ။ ဘုန်းကြီး ငယ်စဉ် က သိပ် ဆင်းရဲ တယ် ။ ဆင်းရဲသမှ တက္ကသိုလ် ကို ကျောင်း ထား ပေးမယ့် သူ မရှိဘူး ။ ကိုယ့် စားစရိတ် ကိုယ် ရှာပြီး တက် ရတာ ။ လမ်းဘေး မှာ ၃ ကျပ် ၁၅ ပြားစား ဘဝ နဲ့ မြူနီစီပယ် မှာ အလုပ် လုပ်ခဲ့ ရ သေးတယ် ။ ဘယ်သူ က ဘာပြောပြော ရည်မှန်းချက် နဲ့ အစွမ်းကုန် ကြိုးစား တာပဲ ။

ဘုန်းကြီး အဖြစ်ချင်ဆုံး က သိပ် ချမ်းသာတာ ။ ပိုက်ဆံ ရှိရင် ချမ်းသာမယ် လို့ ထင်တာ ။

ဆရာကြီး ရွှေဥဒေါင်း ရေး တဲ့ အကြံဉာဏ် ဖြင့် ကြီးပွားရေး စာအုပ် ကို လက်ကြား ထဲ က မချဘူး ။ ဘုန်းကြီး လက် ထဲ အမြဲတမ်း ထားပြီး ဖတ်တာ ။ အခု ထိ လည်း ဖတ် တုန်းပဲ ။ မြန်မာ လို လည်း ဖတ်တယ် ။ အင်္ဂလိပ် လို လည်း ဖတ်တယ် ။ နည်းနည်းတော့ Extreme ( အလွန် ပြင်းထန်ခြင်း ) ဖြစ်တာပေါ့ ။

ဒေါက်တာဘွဲ့ ကို ဘုန်းကြီး တအား လိုချင်တယ် ။ ဘုန်းကြီး က အသက် ကြီး မှ ကျောင်း နေရတာ ။ အသက်၂၄ နှစ် မှာ တက္ကသိုလ် တတိယနှစ် ပဲ ရှိ သေးတယ် ။ ဒေါက်တာဘွဲ့ လိုချင် လိုက်တာလို့ သူများ ကို ပြောတော့ ဒီကောင် ရူးပြီပေါ့ ။ ဘာ အခွင့်အလမ်း မှ မရှိဘဲ ။

ဘုန်းကြီး က စိတ်စွမ်းအင် ကို တကယ် အသုံးချတာ ။ တစ်နေ့ ထက် တစ်နေ့ ငါ သည် ကျန်းမာ၍ ကျန်းမာ၍ လာသည် ဆိုတာ အာရုံ ပြု ရင် တကယ်ပဲ ပိုပြီး ကျန်းမာ လာတယ် ။ လူ တစ်ယောက် ကို မင်း နေမကောင်းဘူး ထင်တယ် လို့ သွား ပြောရင် သူ ဖျားချင်ချင် ဖြစ် လာမယ် ။

အသက်၂၄ နှစ် က လိုချင်တဲ့ ဒေါက်တာဘွဲ့ ကို ၄၂ နှစ် ကျ ရတယ် ။ အင်မတန် ကြီးမားတဲ့ စိတ်ဆန္ဒ ကို ရူး လောက်အောင် ထား ခဲ့လို့ ဒေါက်တာဘွဲ့ ရတာ ။ ဘုန်းကြီး ကြွားလုံး ထုတ် နေတာ မဟုတ်ပါဘူး ။ လူ တစ်ယောက် ဟာ ဘယ်အခြေ နေမျိုး မှာ ပဲ ဖြစ်ပါစေ စိတ်ဆန္ဒ ပြင်းထန်ပြီး ကြိုးစား ရင် ဖြစ်ပါတယ် ။

မဟာဝိဇ္ဇာဘွဲ့ စာမေးပွဲ အောင်စာရင်း ထွက် လာ တော့ ဘုန်းကြီး နာမည် မပါဘူး ။ ခွ ကျ ပြီပေါ့ ။ ဒါ နောက်ဆုံး ။ ပြီးပြီ ။

ကျောင်းသားရေးရာဌာန ကို သွား မေးတော့ ကျောင်းလခ ကြွေး ကျန် နေလို့ အောင်စာရင်း ထုတ် မပေးတာ တဲ့ ။ ကြွေး ကျေ အောင် လက်နှိပ်စက် အခစား ရိုက်ပြီး ပိုက်ဆံ ရှာ ခဲ့ရတာ ။ တစ်ညလုံး သူများ စာတမ်းတွေ ရိုက် ပေး ရတာ ။ အခုဖြင့် လက်နှိပ်စက် ဆိုရင် မကြည့်ချင် တော့ လောက် အောင်ပါပဲ ။ ပိုက်ဆံ ပြည့် လို့ ငွေ သွား သွင်း တော့ အောင်စာရင်း ထုတ် ပေးတယ် ။ ဂုဏ်ထူး နဲ့ အောင် သတဲ့ ။ အကြေငြာ မခံရ တော့ ကိုယ့် ဟာ ကိုယ် တစ်ယောက် တည်း ပဲ ဂုဏ်ယူ ရ တော့တာပေါ့ ။

မဟာဝိဇ္ဇာဘွဲ့ ရ ပြီးတော့ အလုပ်အကိုင် အဆင်ပြေ လာတယ် ။ အချိန်ပိုင်း ကျူတာ လုပ်တယ် ၊ နောက် ကျူတာ ဖြစ် လာတယ် ။

ဝန်ထမ်း အဖြစ် က နှုတ်ထွက် ပြီး နောက် ရေး ခဲ့တဲ့ သုတေသန စာတမ်း ကြောင့် ဒေါက်တာဘွဲ့ ၊ သိပ္ပံပါရဂူဘွဲ့ တွေ အပ်နှင်း ခံရတယ် ။ ၁၉၉၂ ခု နိုဝင်ဘာ၂၀ ရက် နေ့ မှာ ဘုန်းကြီး ရဟန်းဘောင် ကို ရောက်ပါတယ် ။ ၁၉၉၆ ခု မှာ အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ် မှာ ပြုလုပ်တဲ့ ညီလာခံ နဲ့ ချီကာကိုမြို့ ဒီပေါတက္ကသိုလ် မှာ လုပ်တဲ့ ညီလာခံတွေ ကို တက်ပြီး စာတမ်းတွေ ဖတ်တယ် ။ အမေရိကန် ယောဂီတွေ ရဲ့ ပင့်ဖိတ်ချက် အရ သမထ ဝိပဿနာ တရား စခန်းတွေ ဖွင့် ပေးခဲ့တယ် ။ မေတ္တာ နဲ့ ယှဉ်တဲ့ စိတ် ရဲ့ လွတ်မြောက်မှု ၊ မေတ္တာစေတော ဝိမုတ္တိဝိပဿနာ တရား ကို ဟောပြော ပါတယ် ။

အမေရိကန် မှာ တုန်း က ဆရာဝန်ကြီး တစ်ယောက် ဟောပြော တာ ဘုန်းကြီး အမှတ်ရ ပါတယ် ။ ဆရာဝန်ကြီး က ကင်ဆာ ဝေဒနာသည် တွေ ကို တရား ထိုင် ခိုင်းတယ် ၊ သက်သတ်လွတ် စား ခိုင်းတယ် ၊ ဂန္ထဝင်ဂီတတွေ နားထောင် ခိုင်း တယ် ။ ပျော်ရွှင်ချမ်းမြေ့ တဲ့ အတွေးအမြင် က ( ခန္ဓာကိုယ် တွင်း မှာ ) ပျော်ရွှင်ချမ်းမြေ့ တဲ့ ဆဲလ် ကို ဖြစ်ပေါ်စေတယ် ။ မပျော်ရွှင် မချမ်းမြေ့တဲ့ အတွေးအမြင် က မပျော်ရွှင်မကျန်းမာ တဲ့ ဆဲလ် ကို ပေါက်ပွား လာစေတယ် တဲ့ ။ လူရုပ် ကို စိတ် က လွှမ်းမိုး နေလို့ စိတ် ကို ပြုပြင် စမ်းပါ ။ ရုပ် က လည်း လိုက် ပြင် သွား ပါလိမ့်မယ် ။ စိတ် ကြည် ရင် သွေး ကြည်မယ် ၊ သွေး ကြည် ရင် ရုပ် ကြည် မယ် ။ ကင်ဆာ ဆိုတာ က လည်း မမြဲတဲ့ ဆဲလ်လေး တစ်လုံး ပါ ပဲ တဲ့ ။

ဘုန်းကြီး တို့ စခန်း မှာ HIV / AIDS ခံစား နေရသူတွေ ကို တရား အားထုတ်ဖို့ World Vission က စီစဉ် ပေးတယ် ။ ဘုန်းကြီးတို့ ဆီ မှာ တရား ရှုမှတ် တာ က လည်း ထူးထူးထွေထွေ မဟုတ်ပါဘူး ။ လူတိုင်း အသက်ရှူ နေကြတာပဲ ။ အသက်ရှူ ရာ မှာ လေ ဝင် ရင် ဝင်သည် လို့ မှတ် ၊ လေ ထွက် ရင် ထွက်သည် လို့ မှတ်တယ် ။ သည်လို မှတ်ရင်း သမာဓိ ဖြစ်တယ် ။ တရား အားထုတ် ခိုက် မှာ စိတ် ၏ စင်ကြယ်ခြင်း ဖြစ်တယ် ။

လူ မှာ HIV positive ဖြစ်တော့ အရမ်း စိတ်အား ငယ်တယ် ။ ငါတော့ သွားပါပြီ ဆိုပြီး လောက ကို အရှုံး ပေး ချင်တယ် ။ တရား အားထုတ် တော့ ပီတိ ပေါ် လာ တယ် ။ ပီတိ ကြောင့် စိတ္တဇရုပ် က ပြောင်း သွားတယ် ။ ကင်ဆာ လို့ ပြောရရင် တိုက်ခိုက်ရေး T - Cell တွေ အားကောင်း လာတယ် ။ သူတို့ ရွှင်လန်း လာတယ် ။ အားကိုးစရာ ခိုနားစရာ ရှာ လာတယ် ဆိုပြီး အား တက် လာတယ် ။ Negative စိတ်နေ စိတ်ထား က နေ positive စိတ်နေ စိတ်ထား ကို ပြောင်းလဲတယ် ။ မျှော် လင့်ချက် ရောင်ခြည် ဖြစ်လာတယ် ။

HIV / AIDS ခံစား နေရသူတွေ စိတ်အား တက်ကြွ လာပြီး ခုခံအား တွေ ပြန် မြင့်တက် လာရင် တစ်ကမ္ဘာလုံး က ရှာဖွေ နေတဲ့ ဆေးဝါးနည်းလမ်း တစ်ခု ပေါ့ ။ သုတေသန ပြုပြီး ရှာဖွေဖော်ထုတ် ပေး နိုင်ရင် လူသားတွေ အတွက် အကျိုး ဖြစ် တာပေါ့ ။ ခုခံအားတွေ တက် လာလို့ သူတို့ အသက် တစ်ရက် ၊ တစ်လ ၊ တစ်နှစ် ပို ရှည် လာကြမယ် ဆိုရင် သိပ္ပံပညာ က လည်း မနားမနေ ဆေးဝါး နည်းလမ်း ရှာဖွေ နေတာ မို့ ဆေး တွေ့ပြီ ဆိုရင် သူတို့ အတွက် တန်ဖိုး မဖြတ်နိုင် တဲ့ အသက်ရှည်ခြင်း ပေါ့ ။

ဘုန်းကြီး ရဲ့ယောဂီတွေ ထဲ မှာ မေတ္တာတရား အားထုတ် နေချိန် မှာ မေတ္တာအား ကောင်းတဲ့ ယောဂီတွေ ကို ဖိတ်ပြီး မေတ္တာဝိုင်း ပို့ ကြပါတယ် ။ မေတ္တာ ဆိုတာ ပို့ ရင် ရောက်ပါတယ် ။ သူတို့ မျက်နှာတွေ က ထူးထူးခြားခြား ပြောင်းလဲ ကြည်လင် လာတယ် ။ ဘဝ ကို တန်ဖိုး ရှိရှိ နေသွား ချင်သူတွေ အတွက် ဘုန်းကြီး တို့ က အမြဲ ကြိုဆို နေပါတယ် ။

အလှူရှင် ပေါ် လာ လို့ HIV / AIDS Positive တွေ အတွက် ဆယ်ရက် စခန်း ဖွင့်ပြီး ဆက်တိုက် ဆက်တိုက် အားထုတ်ဖို့ အခွင့်အလမ်း ရကြမယ် ဆိုရင် သူတို့ ဟာ ရုပ် - နာမ် တွေ သိ ၊ ဖြစ်ပျက် ကြောင်းကျိုး တွေ သိမြင် လာပြီး သက်သာခွင့် တွေ ရကြမှာပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

အလင်း ဖြန့်ဝေပေးသူ


 ❝ အလင်း ဖြန့်ဝေပေးသူ ❞


[ ပြင်ဦးလွင်မြို့ ဟာ ရာသီ မရွေး အရာင်အသွေး စုံတဲ့ ပန်းမျိုးစုံ ဖူးပွင့် နေ ပြီး လှပတဲ့ တောင်ပေါ်မြို့ ဖြစ်ပါတယ် ။ သာယာ လှပတဲ့ ရှုခင်းတွေ ကို ကြည့်မြင်ဖို့ နေ့စဉ် နဲ့ အမျှ လာကြတဲ့ ဧည့်သည်တွေ အများကြီး ရှိတယ် ။ 


သည်လို လှပတဲ့ မြို့ကလေး မှာ နေထိုင်ခွင့် ရပေမယ့် ပန်းအလှတွေ ကို မခံစားနိုင်ကြသူ ၆၆ ဦး ဟာ ပြည်ချစ်ဘုရား လို့ ခေါ် တဲ့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ခြေတော်ရင်း မှာ စုပေါင်း နေထိုင်ကြတယ် ။ သူတို့ အားလုံး ဟာ မျက်မမြင် တွေ ဖြစ်ကြတယ် ။


ကိုယ်တိုင် လည်း မျက်စိ အလင်း ဆုံးရှုံးခဲ့တဲ့ ဆရာတော် ဦးဉေယျ က ပရဟိတ မျက်မမြင် ပညာသင်ကျောင်း ကို ပြင်ဦးလွင် မှာ တည်ထောင် ဖွင့်လှစ် ထားတယ် ။ သည် ကျောင်း မှာ မွန်ပြည်နယ် ဘီးလင်း ၊ စစ်ကိုင်းတိုင်း ကလေးမြို့ ၊ မကွေးတိုင်း မြိုင်မြို့ ၊ ရှမ်းပြည်နယ် ပန်ဆိုင်း စသဖြင့် နိုင်ငံ တစ်ဝှမ်းလုံး ဒေသအစုံ က တိုင်းရင်းသားလူမျိုးစုံ ခိုလှုံပြီး ပညာဆည်းပူး နေကြတယ် ။ တစ်မိသားစု တည်း က အမြင် အာရုံ ချွတ်ယွင်း တဲ့ ညီအစ်မ သုံးဖော်လုံး သည် ကျောင်း မှာ ရှိ နေတာ လည်း တွေ့ နိုင်တယ် ။ ခင်ဦးမြို့နယ် အုန်းပင်ကုန်းရွာ က မမြတ်သီတာအေး ( ၁၈ နှစ် ) ၊ မမြတ်သူ ( ၁၆ နှစ် ) ၊ မနှင်းမာအေး ( ၁၄ နှစ် ) တို့ ဟာ တစ်အူတုံဆင်း ညီအစ်မ အရင်းတွေ ပါ ။


သည် ကျောင်း မှာ နေထိုင်သူ တစ်ဦးချင်း ရဲ့ ဘဝတွေ မှာ စိတ်ဝင်စား စရာတွေ အပြည့်ပါ ။


ကျောင်း တည်ထောင် တဲ့ ဆရာတော်ဦးဉေယျ ( သက်တော် ၅၈ နှစ် ) ကို သွားရောက် ဖူးတွေ့ပြီး သူ့ ရည်မှန်းချက် ၊ လုပ်ဆောင်ချက် တွေ ကို မေးလျှောက် ပါတယ် ။ ]


•••••   •••••   •••••


ရွှေဘိုမြို့နယ် ကျားအလယ်ရွာ မှာ ဘုန်းကြီး ကို မွေးပါတယ် ။ မိဘ က တောင်သူတွေပါ ။ မွေးစ က ဘုန်းကြီး မျက်စိ မြင်တယ် ။ သုံးနှစ်သား အရွယ် မှာ ကျောက်ကြီး နဲ့ ဝက်သက် ပေါက်ပြီး မျက်စေ့ ကွယ် ခဲ့တာ ။ သုံးနှစ်သား ဆိုတော့ အမှတ်မထင် ပေါ့ ။


ရှစ်နှစ် ကိုးနှစ် သား အရွယ် ရောက်တော့ အမြင်အာရုံ ရဲ့တန်ဖိုး ကို သိ လာတယ် ။ ကိုယ် က မြင်ခဲ့ဖူး တာကိုး ။ ဒီအချိန် မှာ မျက်စိ တန်ဖိုး လျော့ ရုံ နဲ့ ကိုယ့် ဘဝ တန်ဖိုး အလျော့ ခံရ တော့ မှာလား လို့ စဉ်းစားတယ် ။ ရှစ်နှစ်သား ကိုးနှစ်သား မှာ စဉ်းစား မိတာ ။ ဒါနဲ့ ကျွန်တော် ကျောင်း လိုက်ချင်တယ် လို့ မိဘ ကို ပူဆာတယ် ။ မိဘတွေ က သူများ က ပြောင်ကြ လှောင်ကြ မှာ စိုး လို့ ကျောင်း မထည့် ချင်ဘူး ။ သူများ ပြောင်တာ လှောင်တာ အကြောင်း မဟုတ်ပါဘူး ။ ကျောင်း လိုက် ကို လိုက်မယ် ဆိုပြီး ဘုန်းကြီး ကျောင်း မှာ ကျောင်း လိုက်တယ် ။ ရွာဦးကျောင်း ပေါ့ ။


စာတွေ ကို နှုတ်တက် လိုက် ရတာပေါ့ ။ သမ္မတ ဆယ်စောင်တွဲ ၊ သဒ္ဒါ ၊ သင်္ဂြိုဟ်တွေ ကို ဆရာတော် ဦးကောသလ္လ ထံ မှောက် မှာ နှုတ်တက် အာဂုံ ကျက် ရတာ ။ ကျောင်းသားတွေ ထဲ မှာ ထူးချွန် လို့ ဆရာတော် က သဘောကျတယ် ။ ၁၄ နှစ်သား မှာ ရှင်သာမဏေ ဝတ်တယ် ။


ဘုန်းကြီး က ရေဒီယို အမြဲ နားထောင်တာ ။ သူငယ်ချင်း တစ်ယောက် ကို စာ ရေး ခိုင်းပြီး သောတရှင် ပြန်ကြားခန်း ကို လှမ်း ပို့တယ် ။ ရေဒီယို က ပြန် လာ တယ် ။ ရွှေဘိုမြို့နယ် ကျားအလယ်ရွာ က ဦးဖိုးဝန် ၊ ဒေါ်ချစ်ပုံ တို့ သား ၁၇ နှစ်သား ၊ မျက်စိ အလင်း မရသူ မောင်ထွန်းရှိ က အတီးအမှုတ် ၊ အနုပညာ သင်လို ကြောင်း ဆက်သွယ် လာတာ ၊ ရန်ကုန် လူမှုဝန်ထမ်းဌာန ကို လျှောက်လွှာ တင်ပါ လို့ သူတို့ က ညွှန်တယ် ။


လူမှုဝန်ထမ်းဌာန ကို စာ ပို့ လိုက်တော့ အထက်မြန်မာပြည် အတွက် ပခုက္ကူ မှာ မျက်မမြင်ကျောင်း ရှိတယ် ။ မောင်ထွန်းရှိ သင် လိုတဲ့ ပညာ အဲဒီမှာ အဆင် ပြေပါလိမ့်မယ်လို့ လူမှုဝန်ထမ်း က အကြောင်း ပြန် လာတယ် ။ လူ ထွက် လိုက်ပြီး အသက်၂ဝ မှာ ပခုက္ကူ ကို ရောက်သွားတယ် ။


မျက်မမြင် လက်စမ်းစာ တတ် ချင်တယ် ဆိုတော့ သင်ရတယ် ။ စာ တတ် ပြီ ဆိုတော့ ဂီတအနုပညာ က နှဲပညာ ၊ ဒိုးတီးပညာ သင်ခဲ့ရတယ် ။ လက်မှုပညာ နဲ့ ဗေဒင်ပညာ လည်း သင်တယ် ။


သုံးနှစ် အကြာ ၁၉၇၀ ပြည့်နှစ် မှာ ပခုက္ကူ မျက်မမြင်ကျောင်း က ကျောင်း ထွက်ခဲ့ပြီး ဘဝတူ သူငယ်ချင်း ခြောက်ယောက် ပေါင်း ပြီး ကနီမြို့ မှာ ချိုတေးယဉ် မျက်မမြင် တီးဝိုင်း ကို တည်ထောင် ကြတယ် ။ ပြီးတော့ ရောင်ခြည်သစ် မျက်မမြင် အလုပ်ရုံ ထူထောင်တယ် ။ ကြိမ်လက်မှုပညာ ၊ နှီးလက်မှုပညာ ၊ ချည်ကြိုး လျှော်ကြိုး အမျိုးမျိုး လက်မှုပညာ အလုပ်ရုံ လုပ် ကြတယ် ။ သူ့ စွမ်းအား ကိုယ့် စွမ်းအား တူညီစွာ လုပ်ပြီး စားဝတ်နေရေး ဖြေရှင်း ကြတာပေါ့ ။


ဘုန်းကြီး ရဲ့ ခမည်းတော်ကြီး က ဘုန်းကြီး ရဲ့ ဘဝ ရှေ့‌ရေး  ကို စိတ် မချဘူး ။ ဘုန်းကြီး ပခုက္ကူ မျက်မမြင်ကျောင်း က ပြန်လာပြီး နောက် ငါ့ သား အတွက် သူ့ ဘဝ အာမခံချက်တွေ ပြည့်စုံ လုံလောက်ပြီ လို့ စိတ်ချစွာ နဲ့ ရဟန်း ပြု လိုက်တယ် ။ 


ဘုန်းကြီး ရဲ့ ခမည်းတော်ကြီး က အသက် ကြီး တော့ အနီးကပ် ခြေဆုပ် လက်နယ် ပြုဖို့ လူ လိုတယ် ။ ဒါနဲ့ ၁၉၈၁ ခု မှာ ဘုန်းကြီး လည်း ရဟန်း ပြု လိုက် ရတယ် ။ ခမည်းတော်ကြီး ကို ရှစ်ဝါ ပြုစု လိုက်ရတယ် ။


ဘုန်းကြီး က မျက်မမြင် စာ နဲ့ ဝိနည်း ၊ ဘိက္ခု ပါတိမောက် အနက် နဲ့ သင်္ဂြိုဟ် ပါဠိအနက် တွေ ကို စူးဖောက် နဲ့ လိုက် ဖောက်ပြီး စာဝါ လိုက်တယ် ။ စာပြန်ပွဲ ဖြေဆို အောင်မြင် ခဲ့ပါတယ် ။


ခမည်းတော် ရဟန်းကြီး ပျံလွန်တော် မူပြီး တဲ့ နောက် ကိုယ် ကိုယ်တိုင် မျက်မမြင် ဘဝ မှာ မျက်မမြင်တွေ တတ်ထားသင့်တဲ့ ပညာတွေ တတ်လို့ ဘဝ နေ ထိုင်မှု မှာ ချမ်းသာသုခ ရတယ် ။ ကိုယ် နဲ့ ဘဝတူတွေ ကိုယ် လို ပညာ တတ်မြောက် စေရမယ် ။ မျက်စေ့ မမြင် လို့ ပညာ မကန်းစေရဘူး ဆိုပြီး မျက်မမြင် ကျောင်း ဖွင့်ဖို့ ဘုန်းကြီး ဆုံးဖြတ် ပါတယ် ။


၁၉၉၃ မှာ ရွှေဘိုမြို့နယ် ၊ ကျားရွာ မျက်မမြင် ပညာသင်ကျောင်း ကို ဖွင့်တယ် ။ ရည်ရွယ်စဉ် က သုံးနှစ် အတွင်း အောင်မြင်ရမယ် ပေါ့ ။ ကျောင်း ရံပုံငွေ အတွက် နယ်တကာ လှည့်ပြီး အသံချဲ့စက် တစ်လုံး နဲ့ အလှူ ခံတယ် ။ နှစ်နှစ် လောက် နဲ့ အောင်မြင်ပြီး ကျောင်း ဖွင့် နိုင်တယ် ။ မျက်မမြင် ခြောက်ဦး နေထိုင် ပညာ သင်နိုင် ခဲ့တယ် ။


ငွေကြေး က မပြည့်စုံတော့ ကျောင်း ဖွင့် လို့ ဒုတိယနှစ် မှာကျောင်း ကို ခြောက်လ လောက် နား ထားပြီး အလှူခံခရီး လှည့်ရ ပြန် ရော ။ နောက်တော့ သူ့ ဟာ နဲ့ သူ လည်ပတ် ပါတယ် ။


ခြောက်နှစ် လောက် နေ တော့ မေမြို့ ( ပြင်ဦးလွင် ) က ဘုန်းကြီး ရဲ့ နောင်တော်ကြီး ဦးနာယက ကို ရဟန်းခံ ပေးတဲ့ ရဟန်းအစ်မကြီး ဒေါ်ချိုချိုဝင်း ရောက် လာတယ် ။ မျက်မမြင် ကျောင်း ကို လည်း လာ လေ့လာပြီး မေမြို့ ( ပြင်ဦးလွင်) ကို ပြောင်းဖို့ ပင့်တယ် ။ စေတနာရှင် အလှူရှင်တွေ ရဲ့ အလှူ ကို ခံယူပြီး လက်ရှိ နေရာမှာ ပရဟိတ မျက်မမြင် ပညာသင်ကျောင်း ကို ဖွင့် ပါတယ် ။


ဘုန်းကြီး က လူမျိုးမရွေး ဘာသာမရွေး ဘဝတူ မျက်မမြင် အားလုံး ကို လက်ခံ ပါတယ် ။ ဘာသာ မရွေး လက်ခံရတာ က တော့ သည်ကျောင်း ကို လူမှုရေး ရှုထောင့် က ဦးတည် ဖွင့်တာ မို့ မမြင်တဲ့ သူ ဘယ်သူ မဆို သူ့ ဘဝ ဆင်းရဲမှု ကို မခံစား ရအောင် ကူညီ လုပ်ဆောင် ကြစေခြင်း ငှာ ကိုးကွယ် ယုံကြည်မှု အပေါ်  ချုပ်ချယ်မှု မပြုဘဲ ကိုယ် ကြိုက်နှစ်သက်တဲ့ ဘာသာ ကို ကိုးကွယ်ခွင့် ပြုတယ် ။


ကျောင်း မှာ အသိပညာ အတတ်ပညာ ကို ဦးစား ပေးတယ် ။ ရောက် လာ သူ ရဲ့ အရွယ် ကို ကြည့်ပြီး ငယ်ငယ်ရွယ်ရွယ် ရောက် လာရင် စာပေ ကို ဦးစား ပေး သင်တယ် ၊ အသက် ကြီး မှ ရောက် လာ ရင် စာ မြန်မြန် တတ်အောင် အသုံးလုံး တတ်အောင် သင်ပြီး အသက်မွေး ဝမ်းကျောင်းပညာ အဓိက သင် ပေးတယ် ။ မျက်စိ အလင်း မရပေမယ့် သူများ ကို မမှီခိုဘဲ ကိုယ့် ဘဝ ကိုယ် ရပ်တည် နိုင်အောင် လောက အလယ် မှာ တင့်တင့်တယ်တယ် နေ နိုင်အောင် အဓိက ရည်ရွယ်ချက် ထားတယ် ။ သူတို့ ဟာ အရင် က ကိုယ့်အိမ် ကိုယ့်ယာ အကြောင်း ပဲ သိတယ် ။ အခု တော့ ကိုယ့်ပြည် ကိုယ့်ရွာ အကြောင်း သာ မက နိုင်ငံတကာ အကြောင်း ပါ သိ လာ ရတယ် ။ ကိုယ့် ဘဝ ကိုယ် အားရ ကျေနပ် လာ ကြတယ် ။ ဒါကို ဘုန်းကြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ် ။


ဘုန်းကြီး ရဲ့ ရည်ရွယ်ချက် တစ်ခု က မျက်မမြင် ပညာရေး ကမ္ဘာ့ အဆင့် မီ စေ ဖို့ပါ ။ တတ်သိ ပညာတွေ ကမ္ဘာ့ အဆင့် မီ ရမှာပေါ့ ။ ဒီလို မီ ဖို့ အသုံးပြုတဲ့ ကိရိယာတွေ လည်း ကမ္ဘာ့ အဆင့် မီ ရမှာ ပေါ့လေ ။ အမြင် ကွန်ပျူတာ ရှိသလို မျက်မမြင် ကွန်ပျူတာ လည်း ရှိတယ် ။ ဘုန်းကြီး ဆီ မှာ တော့ ကိုယ့်အား ကိုယ့်အင် နဲ့ မနီး သေး ပါဘူး ။ ရှိ လာ ခဲ့ရင် ကလေးတွေ ပညာ သင်ကြားရေး မှာ ပိုပြီး အဆင်ပြေ သွားမယ် ။ ကျောင်း မှာ အထက်တန်း ၊ တက္ကသိုလ် တက် နေတဲ့ သူတွေ ရှိတယ် ။ မျက်မမြင် Printer တီထွင် ထားတာ ရှိတယ် ။ ဒါ ရှိရင် စာမေးပွဲ ဖြေရာ မှာ လည်း အဆင်ပြေ သွားမယ် ။ အခုတော့ မျက်မမြင် ကျောင်းသား ဆယ်တန်း စာမေးပွဲ ဖြေတဲ့ အခါ အမြင် ကိုးတန်း ကျောင်းသား က ပြောတဲ့ အတိုင်း ရေး ပေး ရတယ် ။ ရေးတဲ့ အခါ ပြော သလို အကုန် မရေးတော့ ထူးချွန် ပေမယ့် အမှတ် မကောင်းနိုင် ဘူး ။ လိုရင်း မပေါက်ဘူးပေါ့ ။


ဘုန်းကြီးတို့ ကျောင်း ရပ်တည် ရ တာ က အလှူငွေ ပဲ ။ ကျောင်း က ထုတ်လုပ်တဲ့ ပရိဘောဂ လက်မှု ပစ္စည်း ရောင်း ရတာ က တော့ ကုန်ကြမ်း တန်ဖိုး ကာ မိ ရုံပဲ ကလေးတွေ ပညာ တိုးတာ အမြတ် ပဲ ။ ဒါကိုပဲ ဘုန်းကြီး က ဝမ်းသာ လှပါပြီ ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၂ )


 

အခန်း ( ၂ )

ကျွန်တော်တို့ ဒီ ရပ်ကွက် ထဲ ကို ပြောင်းလာ ပြီးပြီးချင်း ဖိုးစော သွား ပြီး ပတ်ပတ်သက်သက် စ လုပ်တာ က တော့ ခေါင်းရင်း အိမ် က ‘ အန်တီလှ ’ ဆိုတဲ့ ဘွားတော်ကြီး ပဲ ။

ဘွားတော်ကြီး က ဗျာ အသက် ခြောက်ဆယ် ကျော် နေပါပြီ ။ ခေါင်း တစ်ခုလုံး မှာ လည်း ဆံပင်တွေ ဖြူလို့ ဖွေးလို့ ... ။

ဒါပေမဲ့ အဲဒီ ဖြူကြောင်ကျား နေတဲ့ ဆံပင်တွေ ကို ( အဲဒီတုန်း က ခေတ်စား တဲ့ ) ဒိုင်ယာနာ ကေ လို့ ခေါ်တဲ့ ဆံတိုကုပ်ဝဲလေး ညှပ်ပြီး ပုံသွင်း ထား တာ ဗျား ။ စဉ်းစားသာ ကြည့်တော့ ။ ဘယ်လောက် တောင် လူရိုသေ ရှင်ရိုသေ မဖြစ်လိုက်တဲ့ ပုံဆိုးပန်းဆိုးကြီး လည်း ဆိုတာ ။

ပြီးတော့လည်း စကား ပြော လိုက်ရင် သူ့ ကိုယ် သူ ‘ အလှ က လေ ’ ‘ အလှ ပြောချင်တာက ... ’  ၊ ‘ အလှ အတွက် ဆိုရင် ’ နဲ့ တစ်ချိန်လုံး ‘ အလှ ’ ချည်းပဲ လုပ် နေတာ ။ သူ့ ကိုယ် သူ ဆယ့်ခြောက်နှစ် သမီးလေး ကျ နေတာပဲ ။

ကျွန်တော် တို့ က လည်း နားကြားပြင်း ကတ်တာ တစ်မျိုး ၊ ရယ်ချင် တာ တစ်မျိုး နဲ့ တော်တော် ကို အောင့်အည်း သည်းခံပြီး စကား ပြော ရတယ် ။ ပန်းချီဆရာ က တော့ စိတ်ပေါက်ပေါက် ရှိလာ ရင် ဘွားတော်ကြီး သူ့ ကိုယ် သူ ‘ အလှ က လေ .. အလှ က လေ ’ လုပ် လာပြီ ဆိုတာ နဲ့ ရုပ်ရှင်မင်းသား ဝင်းဦး ရဲ့ သီချင်းစာသား တစ်ပုဒ် ကို အော်အော် ဆို ပြီး ထ က တော့တာပဲ ။

ကြားဖူး ကြ မှာ ပါ ။

“ တကယ် မမောပန်းစေရန် ကို ကွယ် ပြော .. ပြောပြမယ် ၊ ကိုယ့် ဌာနေ ဝန်းကျင် မှာ ကွယ် တကယ်ကို အလှ ရှိတယ် ”

ဆိုတဲ့ သီချင်းလေ ။

တကယ်ပဲဗျာ ။ စိတ်ကုန်တယ် ။

ကိုယ် နဲ့ မှ တည့်တည့်ကြီး တိုး တဲ့ ‘ ထပ်တူကျအလွဲ ’ ဆိုတာ အဲဒါမျိုး ပေါ့ ။

ပြီးတော့ ဘွားတော်ကြီး က ဘာ ကြွားသလဲ မမေးနဲ့ ။ ကြွားပြီ ဟေ့ ဆိုရင်လည်း ‘ အလုံးကြီး ’ တွေ ချည်း ရွေး လွှတ်တာဗျ ။

ပြောပြရဦးမယ် ။ ကျွန်တော်တို့ ပြောင်းလာခါစ က ဗြုန်း ဆို မပြောမဆို အိမ်ပေါ် တက် လာပြီး ... 

“ မင်း တို့ က ခေတ်ပညာတတ် တွေ ဆိုတော့ သိချင်တာလေး တစ်ခု ရှိလို့ မေးရ ဦးမယ် ၊ ဟိုလေ အလှ တို့ အိမ် မှာ သုံး နေတဲ့ ထမင်းပေါင်းအိုး က ပေါ်ဆန်းမွှေး တစ်မျိုး ပဲ ထည့်ချက် လို့ ရ တာလား ၊ ဧည့်မထ တို့ ဘာတို့ ကော ချက်လို့ ရသလား လို့ ၊ အဲဒါ လိုက် ကြည့်ပေးပါဦး ကွယ် ”

အဲဒါ အကောင်း ပြောတာ မဟုတ်ဘူးဗျ ၊ သူ့ အိမ် မှာ Rice Cooker လို့ ခေါ်တဲ့ ခေတ်မီ ထမင်းပေါင်းအိုးစက် ရှိတယ် ဆိုတဲ့ အကြောင်း ရယ် ၊ သူ ဟာ ပေါ်ဆန်းမွှေး ဆိုတဲ့ ဆန် အကောင်း ကို မှ အမြဲ ချက်စားနေ သူ ဖြစ်တဲ့ အကြောင်းရယ် ကို အလုံးကြီး နှစ်လုံး တစ်ပြိုင်တည်း ပစ် ထည့် လိုက်တာ ။

အဲဒီတုန်း က ၁၉၈၆ - ၁၉၈၇ ခုနှစ် ဆိုတော့ လူ အများစု က သမဝါယမဆိုင် က ပေးတဲ့ ‘ ဧည့်မထ ’ တို့ ၊ ‘ ငစိန် ’ တို့ ဆိုတဲ့ ဆန်ကြမ်းတွေ ပဲ စား နေရတာ ကိုး ။

ပြီးတော့ Rice Cooker လို့ ခေါ်တဲ့ ထမင်းပေါင်းအိုး ကို လည်း ဒီလို ရပ်ကွက်ကလေး မှာ တော်ရုံတန်ရုံ ဝယ်နိုင် သုံးနိုင်ကြသေးတာ မဟုတ် ဘူးလေ ။

အန်တီလှ ရဲ့ သမီးအငယ်မ က သင်္ဘောသား နဲ့ ညားပြီး ရန်ကုန် က တာမွေ မှာ နေတယ် ဆိုလား ။ သမီး အကြီးမ က တော့ အပျိုကြီး ပါပဲ ။ အသက် ( ၄၀ ) လောက် ရှိမယ် ။ စက်ချုပ် ပြီး သူ့ အမေ ကို  ရှာဖွေ ကျွေးမွေး နေတာပေါ့ ။

ရန်ကုန် မှာ နေတဲ့ သမက် သင်္ဘောသား က တစ်ခါတလေ ပို့ပို့ ပေး တော့ အန်တီလှ ခမျာ ခေတ်ပေါ် နိုင်ငံခြားပစ္စည်းတွေ အသုံးအဆောင်တွေ ရ ရ လာ တတ်တယ် ။ ဒါကိုပဲ ကြွား လို့ မဆုံးဘူး ဖြစ် နေတာ ။

တစ်ခါက လည်း နေ့လယ် နေ့ခင်းကြီး ကျွန်တော် နဲ့ ပန်းချီဆရာ က ရန်ကုန် က မဂ္ဂဇင်းတိုက်တွေ ဆီ သွားပြီး ပြန် လာ ကြတာ ။

စာမူခတွေ ဘာတွေ လည်း ရ မလာ ခဲ့ တော့ ကားမှတ်တိုင် က နေ ရပ်ကွက် ထဲ ကို ဆိုက်ကား တောင် ငှား မစီးနိုင်ပါဘူး ။ ခြေကျင် ပဲ သုတ် ရတော့ တာပေါ့ ။

လမ်း ထဲ ချိုး ဝင်ပြီး အန်တီလှ အိမ် ရှေ့ လည်း ဖြတ်လျှောက် မိ ရော ...  

“ ဟယ် ... မင်းတို့ နှယ်ကွယ် နေပူကြီး ထဲ လမ်းလျှောက် ပြန်လာရ သလား ။ ပင်ပန်း မှာ ပေါ့ ကွယ် ၊ လာ .. လာ .. အလှ တို့ အိမ် မှာ ခဏ ဝင် နား လိုက်ဦး ”

ဟင် ...  သူ နဲ့ ကျွန်တော် တို့ နဲ့ က ခြေရင်း ခေါင်းရင်း ကပ်လျက် နေတဲ့ ဥစ္စာ ။ နောက်ထပ် ခြေလှမ်း လေးငါးလှမ်း သွား လိုက်ရင် ကိုယ့် အိမ် ကိုယ် ပြန် ရောက်ပြီ ပဲ ဟာ ကို ။ ဘာကိစ္စ သူ့ အိမ် မှာ ခရီး တစ်ထောက် နား နေရဦး မှာ လဲ ။

ကျွန်တော် တို့ က..

“ နေပါစေ ... အန်တီလှ ရယ် ”

လို့ ပြောလည်း မရဘူး ။ ဇွတ် ပဲ ။ သူ့ အိမ် မှာ မှ ခဏတစ်ဖြုတ် ဝင်ပြီး မနားလိုက် ရင် ကျွန်တော် တို့ ဟာ ချက်ချင်း လက်ငင်း ကို နေပူဒဏ် သင့်ပြီး တုံးခနဲ လဲ သေတော့ မလောက် ကို ပြောပြီး အတင်း ခေါ်တာ ။

အဲ ... အားနာပါးနာ နဲ့ ပဲ ဆိုပါတော့ ... ။

ကျွန်တော်တို့ နှစ်ယောက်သား သူ့ အိမ်ရှေ့ခန်း ကြမ်းပြင် ပေါ် ဝင် ထိုင်မိ လိုက်ကြ တယ် ဆို ရင်ပဲ အန်တီလှ တစ်ယောက် စပြီး ဗွေဆိုး ဖောက် တော့တာပဲ ။

“ မင်းတို့ နေပူ ထဲ က လာတာ ဆိုတော့ ရေငတ် မှာ ပဲနော် ၊ ရေအေးအေး လေးများ မသောက်ချင်ကြဘူးလား ”

အင်း ...   လုပ်တော့ လုပ်လာပြန်ပဟ ။

ကျွန်တော် တို့ စိတ် ထဲ က ကျိတ် ရေရွတ်ရင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိ ကြတယ် ။

ပန်းချီဆရာ က တစ်ခုခု ကို ဘု မပြော မိအောင် အသက် အောင့်ပြီး ပါးကြီး နှစ်ဖက် ကို ဖောင်း ထားတယ် ဗျ ။ တော်တော် ချုပ်တည်း ထား တာ ။

ကျွန်တော်တို့ ဆီ က ဘာ စကား မှ ထွက် မလာတော့ အန်တီလှ က ပဲ မအောင့်နိုင် မအည်းနိုင် ဖြစ်လာပြီး ... 

“ အို ... ဟုတ်ပါတယ်လေ ၊ နေပူ ထဲ က လာတာ ဆိုတော့ ရေခဲရေ အေးအေး သောက် မှ ကို ဖြစ်တော့မယ် ။ အလှ တို့ အိမ် မှာ ရေခဲရေ အဆင်သင့် ရတယ် ကွဲ့ ။ သမီး ရေ မိသက် .. ရေခဲရေ နှစ်ခွက် ယူခဲ့ပါဦး ကွယ် ”

သေချာတယ် ။ အန်တီလှ အိမ်မှာ ရေခဲသေတ္တာ ရောက် နေပြီ ။ ပန်းချီဆရာ က မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ...

“ နေပါစေ ... နေပါစေ ... အန်တီလှ ရယ် ၊ မသောက်တော့ပါဘူး ။ ဟိုကောင် ဖိုးစော ကို သာ ခေါ် တိုက် လိုက်ပါ ။ ဒီကောင် က ရေခဲရေ အရမ်း ကြိုက် တာ အန်တီလှ ရဲ့ ၊ အဟုတ် ...   တကယ် ... ဘုရားစူးရ စေ ရဲ့ ”

“ ဟင် .. ဟုတ်လား ၊ ဒါဆို မောင်ဖိုးစော ကို ခေါ် တိုက်ဦးမှပဲ ။ ဟင်း ...   ဟင်း ...   မနေ့ က ပဲ ရန်ကုန် မှာ နေတဲ့ သမက် က ရေခဲသေတ္တာ တစ်လုံး ပို့ လိုက် တယ်လေ ။ အင်း ...   ကရင် က တော်ရှာပါတယ် ကွယ် ”

အန်တီလှ က သူ့ သမက် ကို “ ကရင် ” လို့ ခေါ် တတ်တယ် ။ ကရင် လူမျိုး မို့ လို့ ပဲလား ၊ ငယ် နာမည် က “ ကရင် ” မို့ လို့ လားတော့ ကျွန်တော် တို့ မသိဘူး ။

အန်တီလှ ရဲ့ သမက် ချီးမွမ်းခန်း မဟာ အကြွားတော်ပုံ အစ မှာ တင် ကျွန်တော်တို့ နှစ်ယောက် ကသောကမျော ထ ပြန်တယ် ။ ဒါတောင် မလွတ်ဘူး ။

နောက် က နေ လှမ်း အော် ပြောလိုက်တဲ့ အန်တီလှ ရဲ့ စကားသံ ကို ကြား ဖြစ်အောင် ကို ကြား လိုက် ရသေးတယ် ။

“ မင်း တို့ လည်း ကန်စွန်းရွက် တို့ ၊ ချဉ်ပေါင်ရွက် တို့ ဝယ် လာရင် ဒီ အိမ် က ရေခဲသေတ္တာ ထဲ မှာ လာ ထည့် ထားလို့ရတယ် သိလား ၊ အားမနာနဲ့ နော် ”

ခံလိုက်ရပုံများ ဗျာ ။

“ ဟုတ်ကဲ့ ” လို့ တောင် ပြန် မပြောနိုင်တော့ဘူး ။

   •••••   •••••   •••••

အဲဒီလိုမျိုး ကြွားပြီ ဆိုရင် “ အလုံးကြီး ” တွေ ပဲ လွှတ်တတ် လွန်း လို့ အန်တီလှ ကို ရပ်ကွက် ထဲ က လူတွေ က ..

“ မော်ရီယာမင်း ”

လို့ နာမည်ပြောင် ပေး ထားကြတယ် ။

သိတယ် မဟုတ်လား ။ မောရီယာမင်း ဆိုတဲ့ အားဆေး က အကြော ထဲ သွင်း ရတာလေ ။

အကြောဆေးသွင်း ၊ ဒရစ်ပုလင်းချိတ် တာ ကို ရပ်ထဲ ရွာထဲ မှာ က ‘ အလုံးကြီး ’ ချိတ်တယ် လို့ ခေါ်တာကိုး ။

   •••••   •••••   •••••

အန်တီလှ ကို ရပ်ကွက် ထဲ က လူတွေ မေးငေါ့မယ် ဆိုရင် လည်း ငေါ့ စရာပေါ့ ဗျာ ။ အန်တီလှ က ဟို ကိစ္စ ဝင် ဖွ ၊ ဒီ ကိစ္စ ဝင် ဖွ နဲ့ ရှုပ် တာကိုး ။

သူများ ကို တမင် ဒုက္ခ ပေး တာတော့ မဟုတ်ဘူး ။ အဲဒီလို ယုတ်မာ တဲ့ ညစ်ပတ်တဲ့ စိတ်တော့ အန်တီလှ မှာ မရှိတာ သေချာတယ် ။

ဒါပေမဲ့ ခက်နေတာ က ..

လူကြား သူကြား ထဲ မှာ အထူအပါး နား မလည်တာ ။ ပြောချင် ရာ စွတ် ပြော ၊ လုပ်ချင်တာ စွတ် လုပ် တာ ။

တလွဲ လုပ်တဲ့ နေရာ မှာ တော့ တကယ့် ကို ရွပ်ရွပ်ချွံချွံ ဗျ ။

ကျွန်တော် တို့ ဒီကို ပြောင်း လာခါစ တုန်း က ပန်းချီဆရာ က အလှမွေး ငါးကန် ခပ်သေးသေး တစ်ခု သယ် လာပြီး ‘  ဖလားဝါးဟွန်း ’ ငါးလေး တစ်ကောင် ထည့် မွေး ထားတယ် ။ သူ ကြည့်ပြီး ပန်းချီ ဆွဲချင်လို့ ထင်ပါရဲ့ ။

ဒါပေမဲ့ မကြာပါဘူး ။ မီး က ခဏခဏ ပျက်တော့ အောက်စီဂျင် မရတာ နဲ့ ငါးလေး သေသွား ရှာတယ် ။

အဲဒီနေ့ က လည်း တစ်နေ့လယ်ခင်းလုံး ကျွန်တော်တို့ က အပြင် သွား နေကြတာ ။ ညနေ ပြန် ရောက်ပြီး ငါးလေး ကို အစာ ကျွေးမယ် လုပ်တော့မှ ကန် ထဲ မှာ ပေါလောလေး မျောပြီး သေနေတာ ကို တွေ့ ရတာပဲ ။

ပန်းချီဆရာ ဆိုတာ စုတ်တသပ်သပ် နဲ့ သူ့ ကိုယ် သူ အပြစ်တင် လို့ ကို မဆုံးဘူး ။ ကျွန်တော် တို့ လည်း တော်တော်ကြီး ကို စိတ် မကောင်း ဖြစ် တာပါ ။

ဒါမျိုး ကြုံဖူးတဲ့ သူ တိုင်း ကျွန်တော် တို့ ကို ကိုယ်ချင်းစာ တတ်မှာပါဗျာ ။

ကျွန်တော်တို့ တွေ အားလုံး ငိုင် နေကြ တဲ့ အချိန် မှာ အန်တီလှ တစ်ယောက် ကော့ပက်ကော့ပက် နဲ့  အိမ် ပေါ် တက် လာတယ် ။ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြတဲ့ ကျွန်တော်တို့ ကို ကြည့်ပြီး ..

“ ဘာဖြစ်နေကြတာတုံး ဟဲ့ ”

ကျွန်တော် က ကန် ထဲ က ငါးအသေကောင်လေး ကို ပိုက် နဲ့ ခပ် ဆယ်လိုက်ပြီး ... 

“ ရွှေငါးလေး သေသွားလို့ အန်တီလှ ရဲ့ ”

“ ဟယ် ... ဖြစ်မှ ဖြစ်ရလေ ဟယ် ”

ပိုက် ထဲ မှာ ပါ လာတဲ့ ရွှေငါး အသေလေး ကို ကြည့်ပြီး အန်တီလှ တော်တော် စိတ်ထိခိုက်သွားပုံပဲ ။ သူ က ..

“ သနားစရာ ကောင်းလိုက်တာ နော် ။ သူ့ ခမျာ ကံ ဆိုးရှာတယ် ကွယ် ”

ဒါ အန်တီလှ တကယ် သနားလို့ တကယ် ကြေကွဲလို့ ပြောတာ ။ ဟုတ်တယ် ၊ ကျွန်တော် သိတယ် ။ ဒါပေမဲ့ ချက်ချင်း ပဲ သူ ဆက် ပြောတဲ့ စကား ကို ကြည့်ဦး ။

“ ဒီ ကောင်လေး ကို ချက် စားရင် ဘယ်လို အရသာ ရှိမလဲ မသိဘူး နော် ”

ကျွန်တော်တို့ အားလုံး စိတ် ထဲ မှာ ဖု သွားတယ် ။ ကြည့်စမ်း ... အကြံ ပက်စက်လိုက် ပုံ ။

ကျွန်တော် က ... 

“ ဟာ ... အန်တီလှ က လည်း ခုနကပဲ သနားစရာလေး ဘာလေး ပြော နေပြီးတော့ ချက်စားဖို့ စိတ်ကူးရက်သေးတယ် ဗျာ ”

“ ဟဲ့ ... ဘာဆိုင်လို့လဲ ၊ သနားတာ က သနားတာ သတ်သတ် ၊ သူ့ အရသာ ကို သိချင်တာ က သတ်သတ်ပဲ ဥစ္စာ ။ ဈေး ထဲ မှာ ဝယ်စား ရတဲ့ ငါးတွေ နဲ့ ဘာများ ကွာသလဲ သိချင်လို့ပါဟယ် ”

အဲဒီလို ပြောပြီး ကျွန်တော့် မျက်နှာ ကို တစ်ချက် လှမ်း အကဲခတ် တယ် ။ ပြီးတော့ မျက်စတစ်ချက် ပစ်ပြီး ... 

“ ကဲ .. ဘယ့်နှယ်တုံး ” တဲ့ ။

သူ့ ရဲ့ ‘ ဘယ့်နှယ်တုံး ’ ဆိုတာကြီး က “ ချက်စားကြရအောင် ” လို့ အထာ နဲ့ ညှိ လိုက်တာမှန်း ကျွန်တော် ရိပ်မိတာပေါ့ ။ ဒါနဲ့ ...  

“ တော်ပါ ...   အန်တီလှရယ် ”

ဆိုပြီး မနည်း ချော့မော့ လွှတ်လိုက်ရတယ် ဗျာ ။

   •••••   •••••   •••••

အန်တီလှ နဲ့ လေပေး ဖြောင့် တာ က တော့ ကျွန်တော်တို့ ကောင်ကြီး ဖိုးစော ပဲ ။ အန်တီလှ က လည်း သူ့ လေကြော မှာ သာ ဒိုင်ခံ မျောပါ ပေးမယ် ဆိုလို့ ကတော့ ကြည်ဖြူပြီး သား ၊ ရင်ဖွင့် ကြိုဆိုနေပြီးသား ။

ကြည့်လေ ။

အန်တီလှ က သူ့ ရဲ့ ဒိုင်ယာနာမင်းသမီး ပုံစံ ညှပ် ထားတဲ့ ဆံတိုကုပ်ဝဲလေး ကို သပ်ကာသပ်ကာ နဲ့ ( ဒိုင်ယာနာမင်းသမီး နဲ့ တော့ ဘယ် တူမှာလဲဗျာ ၊ သူ က ဆံပင်တွေ ဖြူနေပြီပဲ ဥစ္စာ ၊ ကြာဆံဖတ်တွေ ခေါင်း ပေါ် ရွက်ထားတာနဲ့ ပဲ တူ တာပေါ့ )

အိုက်တင် ကတော့ တစ်စက် မှ မလျှော့ ဘူး ။

“ ဟင်း.. ဟင်း.. ဒီမှာ မောင်ဖိုးစော ရဲ့ ၊ အလှ တို့ ငယ်ငယ်တုန်း က များ လမ်း ဖြတ် လျှောက်သွားပြီ လား ဆိုရင် ယောက်ျားတွေ မှန် သမျှ က လည်ပြန် ငေးကြည့် ရတာ ကွဲ့ ”

“ ဟုတ်မယ် ... ဟုတ်မယ် ၊ ခု ထိ တောင် အန်တီလှ ရဲ့ ရုပ်ရည် နဲ့ ဆို ကြိုက်တဲ့ ယောက်ျား ကို ခေါင်းခေါက် ယူလို့ ရ နေတုန်းပဲ ”

ဒါက ဖိုးစော ရဲ့ စကား ထောက် ။

အင်း ... လိုက် လည်း လိုက်ဖက်ကြပါပေတယ် ။ ဒီ ကောင် က အဲသည်လို စကား ထောက် ပေး လေလေ ဟို ဘွားတော်ကြီး က ဖီလင်တွေ တက်တက် ပြီး စွတ် တင်လေလေပေါ့ ဗျာ ။

“ ဟင်း .. ဟင်း .. ဟင်း .. ယောက်ျားများ တော့ မလိုချင်တော့ပါဘူး မောင်ဖိုးစော ရယ် ၊ ငယ်ငယ်တုန်း က များ ဆို ယောက်ျားတွေ ကို  ကိုယ် ပေါ်  ပုရွက်ဆိတ်တွေ တက် သလို သပ်သပ်ပြီး ချရတာ ကွဲ့  ”

“ ဪ ... လက်စသတ်တော့ အန်တီလှ ဆိုတာ ခေသူ မဟုတ်ဘူးပဲ နော ”

အဲဒီမှာ ဘုန်းကြီးရူး နဲ့ လှေလူး တွေ့ ကြတော့တာပဲ ။

   •••••   •••••   •••••

ကောင်းတဲ့ တစ်ချက် တော့ ရှိတယ် ။

အိမ်လခ ပေးရမယ့် ရက် လည်း နီး နေပြီ ။ ကျွန်တော် တို့ လက် ထဲ မှာ လည်း ပိုက်ဆံ ပြတ် နေပြီ ဆိုရင် ပိုက်ဆံ လွယ်လွယ်ကူကူ ချေးလို့ ရမယ့် လူ က အန်တီလှ တစ်ယောက် ပဲ ရှိတယ်ဗျ ။

အဲဒီအခါ ကျရင် ဖိုးစော ကို ရှေ့တန်း တင်ပြီး အန်တီလှ ဆီမှာ ပိုက်ဆံ သွား ချေးခိုင်းရတော့တာပဲ ။

ရယ်တော့ ရယ်ရတယ် ။

ဖိုးစော ရော အန်တီလှ ရော နှစ်ယောက် စလုံး က တွက်တဲ့ ချက်တဲ့ နေရာ မှာ လည်လည်ဝယ်ဝယ်တွေ မဟုတ်လား ။

ချာလပတ် ယမ်း နေကြတော့တာပဲ ။

ဖိုးစော က ..

“ အန်တီလှ ကျွန်တော်တို့ ကို ပိုက်ဆံ နှစ်ရာ လောက် ချေးစမ်းပါ ဗျာ ”

“ ဟဲ့ ... နှစ်ရာ တောင် ၊ များလှချည်လား ဟဲ့ ။ ငါ့ မှာ ဘယ် ရှိပါ့မလဲ ”

ဟုတ်တယ်ဗျ ။ အဲဒီ အချိန်ကာလ တုန်း က ပိုက်ဆံ နှစ်ရာ ဆိုတာ တန်ဖိုး တော်တော်များ တာ ။ ရုံးစာရေး လစာ တောင် မှ ၄၂ဝ ကျပ် စကေး ပဲ ရှိတာ ။ အဲဒီ လစာ နဲ့ ချွေချွေတာတာ စားရင် တစ်လစာ စရိတ် တော့ အလျင် မီ တယ် ။

အမြင့်ဆုံး ထီဆုငွေ မှ တစ်သိန်း ထဲ ရယ် ။ ဒါပေမဲ့ အဲဒီ တစ်သိန်း နဲ့ ဆို ဖင်မလီယာကား တို့ ဘာတို့ ဝယ် စီးနိုင်သေးတယ် လေ ။

အဲဒီတော့ ပိုက်ဆံ နှစ်ရာ ကို တစ်လုံးတစ်ခဲ တည်း ပေးဖို့ အန်တီလှ လက်တွန့် တာပေါ့ ။

ဖိုးစော က လည်း မရမက ကုတ်ကပ် ပြီး ...  

“ အဲဒါဆိုလည်း တစ်ရာ တော့ ချေး ဗျာ ”

ဟုတ်တယ် ။ တစ်ရာ တော့ ရမှ ဖြစ်မယ် ။ ကျွန်တော် တို့ ငှား နေတဲ့ အိမ်လခ က ၆ဝ မဟုတ်လား ။

ဒါနဲ့ အန်တီလှ တစ်ယောက် ဖိုးစော ကို မလွန်ဆန်သာ တော့ဘူး ။ လက်ကလေး တုန်တုန်ရီရီ နဲ့ အိတ် ထဲ က ပိုက်ဆံတွေ ကို ထုတ် ရေတော့ ၃၅ ကျပ်တန် သုံးရွက် ထွက် လာတယ် ။

အဲဒီခေတ် တုန်းက ၃၅ ကျပ် တန် တို့ ၊ ၇၅ ကျပ် တန် တို့ ၊ ၂၅ ကျပ် တန် တို့ သုံးကြသေး တယ် ဗျ ။

အန်တီလှ က ပိုက်ဆံတွေ ကို ဖိုးစော လက်ထဲ ထည့်ပေးပြီး ...  

“ ငါးကျပ် ပြန် အမ်းဦး ”

ဟုတ်တယ်လေ ။ ၃၅ ကျပ်တန် သုံးရွက် ဆိုတော့ ၁ဝ၅ ကျပ် ဖြစ်နေ တာကိုး ။ ဖိုးစော ရဲ့ ပုဆိုး ကြား မှာ လိမ်ညှပ် ထားတာက ဒီလ အတွက် ကျွန်တော်တို့ ရဲ့ နောက်ဆုံး လက်ကျန် ၁၀ ကျပ်တန် တစ်ရွက် ။

အဲဒီမှာတင် ဖိုးစော ရော ၊ အန်တီလှ ပါ သောကဗျာပါဒတွေ လှိုက်ဆူပြီး နှစ်ယောက် သား ခေါင်းချင်းဆိုင် မှိုင်တော့တာပဲ ။ သူတို့ ဘာ လုပ်ရမှန်း မသိကြတော့ဘူးလေ ။

အန်တီလှ ကို ပေးရမှာက ငါးကျပ် ၊ ဖိုးစော မှာ ရှိနေတာ က တစ်ဆယ် ။ ပို နေတဲ့ ငါးကျပ် ကို ပြန် အမ်းစရာ ငါးကျပ် တန် လည်း အန်တီလှ မှာ မရှိဘူး ။ သူတို့ အတွက်တော့ ဒါဟာ ကမ္ဘာ့ ဘောဂဗေဒ ပြဿနာကြီး တစ်ခု လောက် ကို ကြီးကျယ် နေတယ် ။

ပန်းချီဆရာ က ဝင်ပြီး ပြောင်ချော်ချော် နောက်တောက်တောက် နဲ့ ။

“ ဒါများ လွယ်လွယ်လေး ဗျာ ။ အန်တီလှ က နောက်ထပ် ၃၅ ကျပ် တန် သုံးရွက် ထပ်ပေးလိုက်ပေါ့ ဗျာ ၊ ဒါမှ အန်တီလှ ဘက် က နောက်ထပ် ရစရာ ငါးကျပ် အစွန်း ထွက်လာမယ်လေ ။ အဲဒီတော့ မှ ဖိုးစော ဆီ က တစ်ဆယ် လုံး ယူလိုက် ၊ ပြီးရော ... ”

အန်တီလှ ရော ဖိုးစော ပါ မျက်နှာ ဝင်းခနဲ ဖြစ် သွားတယ် ။ အန်တီလှ က ... 

“ အေး ... ဟုတ်သားပဲ ၊ လွယ်သားပဲ ။ ဟင်း ... ဟင်း .. ဖြုန်းခနဲ ဆို တော့ မစဉ်းစားမိဘူး ဖြစ်သွားတယ် ဟဲ .. ဟဲ ။ ကဲ ... ရော့ .. ရော့ ”

အန်တီလှ က နောက်ထပ် ၃၅ ကျပ်တန် သုံးရွက် ကို ပိုက်ဆံအိတ် ထဲ က ဖျိုးဖျိုးဖျတ်ဖျတ် ထုတ် ပေးပြီး ဖိုးစော လက် ထဲ က တစ်ဆယ်တန် ကို ဆတ်ခနဲ ဆွဲယူ လိုက်တယ် ။

   •••••   •••••   •••••

နောက် တစ်ရက် ကျ တော့ ... 
အန်တီလှ တစ်ယောက် ကျွန်တော် တို့ အိမ် ပေါ်ကို စောင်းကန်း စောင်းကန်း နဲ့ တက် လာ ပြီး ... 

“ မောင်ဖိုးစော ... မနေ့က မင်း ပိုက်ဆံ ချေးသွားတာ ‘ တစ်ရာ ’ လား ၊ ‘ နှစ်ရာ ’ လားဟင် ”

“ တစ်ရာ လေ ဗျာ ”

ဖိုးစော က မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ပြန် ဟောက်တယ် ။ အန်တီလှ က ...

“ ဒါပေမဲ့ ငါ က နောက်ထပ် သုံးဆယ့် ငါးကျပ်တန် သုံးရွက် ထပ် ပေးရ သေးတယ် မဟုတ်လား ”

အဲဒီ စကား ကြောင့် ဖိုးစော တွေတွေကြီး ဖြစ်သွားပြီး အသည်းအသန် ဦးနှောက် ထဲ မှာ တွက်ရချက်ရ တော့တာပဲ ။

ပြီးတော့ မှ အဖြေ ရ သွားပြီး ... 

“ ဟာ ... ဘာ ဆိုင်လို့လဲဗျ ၊ အဲဒါက ကျွန်တော့် တစ်ဆယ်တန် ကို ပြန် မအမ်းနိုင်လို့ အန်တီလှ က နောက်ထပ် အလိုက် ပေးရတဲ့ဥစ္စာ ”

“ ဪ ... အေး .. အေး ... ဟုတ်သားပဲ ၊  ဟဲ ... ဟဲ အသက်အရွယ် က ရ လာတော့ နည်းနည်း မေ့တတ်လာတယ် ကွယ် ၊ ဟင်း .. ဟင်း ငယ်ငယ် တုန်းကတော့ ဒီလို ဘယ်ဟုတ်မလဲ ၊ အတွက်အချက် မှာ ဂျောင်းဂျောင်းပြေး နေ တာကွဲ့ မောင်ဖိုးစော ရဲ့ ၊ သိလား ”

“ ကျွန်တော် လည်း ကျောင်း မှာ တုန်း က ဆို သင်္ချာ မှာ အမြဲတမ်း အမှတ် ( ၁ဝဝ ) ရ နေကျ အန်တီလှ ရဲ့ ၊ ခုထိ တောင် ငါးအလီ ကို အလွတ် ရ နေ သေးတယ် ”

သူတို့ နှစ်ယောက် ပြောနေ ဆိုနေ တာ ကို အခန်း ထဲ ကနေ အတိုင်း သား ကြားနေရတဲ့ ကျွန်တော် တို့ မှာ အသံ ထွက်ပြီး မရယ် မိအောင် ခြုံ တဲ့ စောင် အနားစ ကို လုံးထွေး ပြီး ပါးစပ် ထဲ ဆို့ ထား ရတယ် ဗျာ ။

◾ မင်းခိုက်စိုးစန်

📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ

#ကိုအောင်နိုင်ဦး

.

အမေ ၏ ခမည်းခမက်


 ❝ အမေ ၏ ခမည်းခမက် ❞


“ ခမည်းခမက် ” ဆိုသည် မှာ မိမိ တို့ ၏ မိဘ နှင့် ယောက္ခမ တို့ တော်စပ်ပုံ ကို သုံးနှုန်းသော စကားရပ် ဖြစ်ပါသည် ။ ဆိုပါစို့ ။ အမေ နှင့် ယောက္ခမ ။


ဤသို့ ကျွန်တော် ရှင်းပြ နေသည် မှာ “ ခမည်းခမက် ” ဆိုသော စကားရပ် နှင့် ပတ်သက်၍ နားလည် ပြီးသူများ အတွက် မဟုတ်ရပါ ။ သည်နေ့ အချို့ လူငယ်လေးများ ( မသိသေးသူများ ) အတွက် ဖြစ်ပါသည် ။ အချို့ လူငယ်များ ကား ဒီထက် မက သော ဝေါဟာရများ ( ကျွန်တော်တို့ ပင် မသိသော ဝေါဟာရများ ) ကို သိကြပါသည် ။


ကျွန်တော် သည် အမေ နှင့် ပတ်သက်သော ဝတ္ထုတို ပေါင်း များစွာ ကို ရေးခဲ့ ပြီးပါပြီ ။ ရှေ့လည်း ဆက် ရေးဦးမည် ဖြစ်ပါသည် ။ သည့် အတွက် ဤ ဝတ္ထု ကို ရေး ပါသည် ။


“ အမေ ၏ ခမည်းခမ က် ” အကြောင်း မပြောမီ ကျွန်တော် ငယ်စဉ်က အဖေ ရိုက်ကူးခဲ့သော ဖတ်စကလပ် ရုပ်ရှင် ( First Class ) ဇာတ်ကား မှ ဇာတ်ဝင်ခန်း တစ်ခန်း ကို ကြိုတင် ပြောပြရန် လိုအပ်မည် ထင်ပါသည် ။


ထို ဇာတ်ကား တွင် ထွန်းဝေ နှင့် မင်းသမီးကြီး “ မြတ်မွန် ” တို့ ပါဝင်ကြပါသည် ။


ထားပါဗျာ ။


ကျွန်တော် ပြောလိုသည် မှာ ထို ဖတ်စကလပ် ဇာတ်ကား မှ ဇာတ်ဝင်ခန်း တစ်ခန်း ဖြစ်ပါသည် ။


ဇာတ်လမ်း မှာ -


ငွေကြေး ချမ်းသာသော မိသားစု တစ်စု နှင့် ၎င်းတို့ အိမ် တွင် ဒရိုင်ဘာ ( ကားဆရာ ) လုပ် နေရ ရှာသော မိသားစု တို့ ၏ ကိုယ့် ဘဝ နှင့် ကိုယ် ရုန်းကန် လှုပ်ရှားရသော အကြောင်းတရား ကို အခြေခံခြင်း ။


“ ဖတ်စကလပ် ” ဆိုသည် မှာ ထို ခေတ် ထို အခါ က ရုပ်ရှင် အထူးတန်း ကို ခေါ်ဆိုခြင်း ဖြစ်ပါသည် ။ ယခု ခေတ် တော့ အပေါ်ထပ် ငါးကျပ်တန်း ( DC ) ပေါ့ ခင်ဗျာ ။


တစ်နေ့တွင် စောစောက ပြောခဲ့သော ချမ်းသာသူ မိသားစု မှာ သူတို့ ၏ ဒရိုင်ဘာ ကိုထွန်းဝေ နှင့် ဇနီးသည် မြတ်မွန် တို့ အား ရုပ်ရှင် မေတ္တာလက်ဆောင် လက်မှတ် တစ်စောင် ( လေးယောက် စာ ) ကို ထပ်ဆင့် ပေး လိုက် လေသည် ။ ( ဖတ်စကလပ်တန်း က ပါ ပဲ )


ဆင်းရဲသား မိသားစုများ ဖြစ်ကြသည့် အလျောက် ထို အထက်တန်း တွင် ရုပ်ရှင် မကြည့်ဖူးသေးသည် ဖြစ်ရာ မြတ်မွန် မှာ လွန်စွာ ပျော်ရွှင်၍ ထို မေတ္တာ ဖြင့် ပေးသော ရုပ်ရှင်လေး တစ်ပွဲ ကြည့် ရ ဖို့ အရေး အတွက် အကြီးအကျယ် ပြင်ဆင် လုံးပန်း ရှာ လေတော့သည် ။


မေတ္တာလက်မှတ် ဖြစ် သဖြင့် ပိုက်ဆံ ပေးစရာ မလို ကြောင်း လူကြီးမင်းများ သိပါလိမ့်မည် ။ သို့ရာတွင် ထို အထူးတန်း ၌ ကြည့်ရှုနိုင်ရန် အတွက် ထွန်းဝေ နှင့် မြတ်မွန် တို့ ပြင်ရ ဆင်ရ သည်မှာ သူတို့ လေးယောက် မြတ်မွန် ၊ ကလေး နှစ်ယောက် နှင့် လက်မှတ် ပုပ်သွားမည် စိုး သဖြင့် ခေါ်လာခဲ့သော အိမ်နီးချင်း အနှိပ်သည်ကြီး ၊ ကိုယ့် ဘာသာ ကိုယ် ရုပ်ရှင် သွား ကြည့် လျှင် ကုန်ကျသော ငွေ ထက် သုံးဆ လောက် များ နေ လေတော့သည် ။ အဘယ့်ကြောင့် ဆိုသော် -


အလကား ရသော ဖတ်စကလပ် လက်မှတ် နှင့် သွားကြည့်သည့် တိုင်အောင် ထွန်းဝေ ၏ ဖိနပ် စုတ်ပြတ် နေခြင်း ၊ မြတ်မွန် ၌ ပါတိတ်ထဘီ ကောင်းကောင်း မရှိခြင်း ။ ကလေးတွေ အတွက် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ရခြင်း ၊ ထို့ပြင် အနှိပ်သည် အဒေါ်ကြီး အတွက် ပံ့ပိုးရခြင်း ၊ ရုပ်ရှင်ရုံ ပေါ် ရောက်သော အခါ အခြား ချမ်းသာသူ သားသမီးများ နည်းတူ ရေခဲမုန့်.စသဖြင့် ဝယ် ပေးရခြင်း စသည် စသည်ဖြင့် ဖြစ် လေသည် ။


ဇာတ်လမ်း ရည်ရွယ်ချက် မှာ ...


ရိုးရိုးသားသား ပြောကြပါ စို့ ဗျာ ။


ကိုယ် နှင့် မဆိုင်တာ မလုပ်ကြပါ နှင့် ... ဒါပါပဲ ။


အချုပ်ကတော့ ဗျာ ... ။


တစ်နေ့ တွင် မြတ်မွန် အား စောစောက ပြောသော အိမ်ရှင် သူဌေးကတော် က ဆုံးမဩဝါဒ စကား ပြော လေသည် ။


“ ဟဲ့ .. အမာ ( မြတ်မွန် ၏ ထို ဇာတ်ကား ထဲ တွင် ပါဝင်သော နာမည် ) ညည်း မလည်း အေ ကလေးတွေ တပြွတ်ပြွတ် မွေး နေ တော့တာပဲ ၊ ဆင်းရဲသူ ဆင်းရဲသား ဆိုတာ ကလေး မွေးတဲ့ နေရာ တောင် ချွေတာသင့်တယ် အေ့ ၊ ထိန်းထိန်းသိမ်းသိမ်း လည်း နေကြမှပေါ့ ကွယ် ”


ထို စကား ကို မြတ်မွန် က ထွန်းဝေ အား ပြန် ပြောသော အခါ ထွန်းဝေ က အောက်ပါ အတိုင်း ပြန် ပြော လေတော့သည် ။


“ အေး ... အမာ ၊ နောက် တစ်ခါ သူ ဒီလို ဆုံးမ စကား ပြော လာရင် ဟုတ်ကဲ့ ၊ ကျွန်မ ယောက်ျား က သူများ အိမ် မှာ ဒရိုင်ဘာ လုပ်လို့ ဆင်းရဲတဲ့ သူ ဆိုတော့ အမြှောင် ၊ အစွယ် ၊ အငယ်မယားတွေ မထားနိုင်လို့ပါ လို့ ပြောလိုက် ” တဲ့ ။


လူကြီးမင်းများ ခင်ဗျား ကျွန်တော့် အဖေ သည် ပိုက်ဆံ ချမ်းသာသူများ က ဆင်းရဲသားများ အပေါ်  မလိုအပ်ဘဲ လျက် ဆရာကြီး သမားကြီး လုပ် တတ်သော အလေ့အထ ကို ဤသို့လျှင် လှောင်ပြောင် ခဲ့ပါသည် ။


သဘော က တော့ မိဘ တို့ ၏ မေတ္တာတရား ကို ဖော်ကျူး လိုခြင်း အတွက် ဖြစ်သည် ဟု ကျွန်တော် ထင် ပါသည် ။


ကျွန်တော် သည် စာ ရေးသား ရာ ၌ အလွန် ရိုးသားသော အကြောင်းအရာများ ကို ရှာဖွေ ရေးသားတတ်သူ ဖြစ်သည့် နည်းတူ ကျွန်တော့် ဖခင် နှင့် ကျွန်တော့် မိခင် ထံ မှ လောက သဘာဝ နှင့် ပတ်သက်သော အကြောင်းများ ကို လည်း “ လက်ဦးဆရာ မည်ထိုက်စွာ ” ဆိုသလို ရရှိ အတုယူပြီး ရေးသား တတ်သော စာရေးဆရာ တစ်ယောက် လည်း ဖြစ်သည် ။


°°°°°   °°°°°   °°°°°


အမိ အဖ တို့ ထံ မှ ဝတ္ထုများ ရရှိခဲ့ သလို ထို အမိအဖများ နှင့် ပတ်သက်၍ လည်း ဝတ္ထုများ ရရှိခဲ့ပါသည် ။ ထို ဝတ္ထုများ ထဲ မှ တစ်ပုဒ် ကို ကျွန်တော် ပြောပြ ချင် ပါသည် ။


အခြား ဟုတ်ပါရိုးလား ခင်ဗျာ ၊ ယခု ကျွန်တော် ခေါင်းစဉ် တပ် ခဲ့သော “ အမေ ၏ ခမည်းခမ က် ” ဝတ္ထု ပင်ဖြစ်သည် ။


အကြောင်းအရာ ကား တိုတိုလေးပါ ။


တစ်နေ့တွင် ကျွန်တော် ၏ ညီ “ မင်းလူ ” ၏ ဇနီး စန်းစန်းအောင် ၏ မိဘများ ကျွန်တော့် အမေ ထံ လာရောက် လည်ပတ် ကြပါသည် ။


စန်းစန်းအောင် သည် သူတို့ မိသားစု ထဲ ထွင် နံပါတ် ကိုးယောက် မြောက် သမီးရတနာ ဖြစ်ပါသည် ။


စုစုပေါင်း က တော့ ဗျာ သူ့ မိဘ တို့ သည် သားသမီး ဆယ့်လေးယောက် ထွန်းကား ခဲ့သည် ဟူ သတည်း ။


ထို စန်းစန်းအောင် ၏ မိဘများ အိမ် လာ လည် သော နေ့ က ကျွန်တော့် အမေ က ကျောင်းဆရာမ ပီပီ မေးခွန်း တစ်ခု ထုတ် လေ၏ ။


“ အစ်မကြီး ရယ် သားသမီး ဆယ့်လေးယောက် တောင် မွေးခဲ့တယ် ဆိုတော့ မပင်ပန်းဘူးလား ရှင် ”


ထိုအခါ အမေ ၏ ခမည်းခမက် က အောက်ပါ အတိုင်း ပြန် ၍ ပြောလိုက်လေ သတည်း ။


“ ဟုတ်ကဲ့ ၊ ကျွန်မ စိတ်ကူး က တော့ ဝိညာဉ် တွယ်ကပ် တာ တို့ ၊ ဝင်စား တာ တို့ များ ရှိ ခဲ့ရင် ဆင်းရဲတဲ့ လူတွေ ရဲ့ ဗိုက် ထဲ ကလေးတွေ ဝင်စား သွား မှာ စိုးလို့ ရသမျှ ကလေးတွေ ကို ကျွန်မ ယူခဲ့တာပဲ ၊ အဲဒီ အချိန် က ကျွန်မတို့ ဟာ အလွန်အမင်း ချမ်းသာ ခဲ့တာ ကိုး ”


°°°°°   °°°°°   °°°°°


ကျွန်တော် စဉ်းစား ကြည့် မိသည် ။


ဤ လောက ၌ အချို့ သည် ချမ်းသာသည် ။ အချို့ သည် ဆင်းရဲသည် ။


ချမ်းသာသူ ဖြစ်ပလေ့စေ ။ ဆင်းရဲသူ ဖြစ်ပလေ့စေ ။ မိဘ သည် သားသမီး ကို ချစ်လေ၏ ဟူသော အတွေးအခေါ် တစ်ရပ် ကို ရပြီး ရင်း မတ်တတ် က ပင် လျှင် ထပ်၍ ရ လိုက် ပါလေတော့သည် ။


ကျွန်တော် ငယ်စဉ် က ယခု ထက် တိုင် မှတ်သား ထားဖူးသော ကျွန်တော့် အဖေ ၏ ဧည့်ခန်း မှ စာ တစ်ကြောင်း ကို ပြောပြ ပါရစေ ။


စေတနာ ကောင်းကောင်းလေး ထားပါ ။


◾သုမောင်


📖 ပေဖူးလွှာ

      ဇူလိုင် ၊ ၁၉၈၃


#ကိုအောင်နိုင်ဦး


.

Tuesday, August 29, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( ၁ )


 

အခန်း ( ၁ )

‘ ကျွန်တော်တို့ အုပ်စု ’ လို့ ဆိုတဲ့ အထဲ မှာ ..

ကျွန်တော် ပါတယ် ။

ပန်းချီဆရာ ပေါက်စ တစ်ယောက် ပါတယ် ၊ ( အခုတော့ မဂ္ဂဇင်း တွေ မှာ သရုပ်ဖော်ပုံတွေ ဆွဲနေတဲ့ ‘ ခေတ်ဘုန်းမို ’ ပေါ့ )

နောက် ဂစ်တာ တဒေါင်ဒေါင် တဒင်ဒင် တီးပြီး သီချင်း ရေးဖို့ ကြိုးစား နေတဲ့ မြန်မာစာဆရာ အလောင်းအလျာလေး တစ်ယောက် ပါတယ် ။ ( သူ က တော့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် ကာလ မှာ အင်မတန် နာမည်ကြီး တဲ့ ကျူရှင်ဆရာ ဦးဆင့်သူ ဖြစ် လာပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင် နေစဉ်မှာပဲ ကွယ်လွန် ဆုံးပါး သွား ခဲ့တယ် ။ သူ့ တစ်သက်တာ လုံး မှာ “ ပစ်တိုင်းထောင်လေး ပုတိုတို ” ဆိုတဲ့ သားချော့ သီချင်းလေး တစ်ပုဒ် ကို ပဲ အပြီးသတ် ရေးဖွဲ့သွားခဲ့ လေရဲ့ )

ကျွန်တော်တို့ ဝါသနာ ပါတဲ့ အနုပညာ အလုပ်တွေ ကို လုပ်ဖို့ ရန်ကုန်မြို့ နဲ့ နီးနီးနားနား မှာ နေ မှ ဖြစ်မယ်လေ ။ အဲ ... ပြီးတော့ အိမ် လခ က လည်း ဈေး သက်သာဦး မှ ဖြစ်မှာ ။

အိမ် တစ်လုံး တည်း ကို အခန်း ကန့် ထားပြီး ငှားစား တဲ့ နေရာမျိုး မှာ လည်း နေလို့ ဘယ် ဖြစ်မှာလဲ ။ ကျွန်တော်တို့ က နေ့ ရော ည ပါ အချိန်မရွေး ဒေါင်ဒေါင်ဒင်ဒင် ဝူးဝူးဝါးဝါး နဲ့ .. ။

နောက်ပြီး ကျွန်တော်တို့ အုပ်စု က ဘာမှန်း မသိတဲ့ ရုတ်ရုတ်သဲသဲ ကိစ္စတွေ ၊ မျက်စိနောက်စရာ ကောင်းတဲ့ ကိစ္စတွေ ကို တစ်ခု မဟုတ် တစ်ခု ကြံဖန်ပြီး လုပ်နေကြတာ ကိုး ။

ဒါကြောင့် တော မကျ မြို့ မကျ ဟောဒီ ရပ်ကွက်လေး ထဲ မှာ ပျဉ်ထောင်အိမ် ယိုင်နဲ့နဲ့လေး တစ်လုံး ကို ငှား ပြီး လာ နေကြတာပေါ့ ။

ကျွန်တော်တို့ အုပ်စု ထဲ မှာ အနုပညာ အလုပ် နဲ့ လည်း ဘာမှ မပတ် သက် ၊ အနုပညာ ကို ဝါသနာ လည်း မပါတဲ့ အလုပ် မရှိ အကိုင် မရှိ အူကြောင်ကြောင် ငနဲ တစ်ယောက် လည်း ပါ သေးတယ် ။

သူ့ နာမည် က ဖိုးစော တဲ့ ။

ဖိုးစော ရဲ့ ပါရမီဓာတ်ခံ က လည်း တစ်မျိုး ပဲ ။ ဘယ် လူစုလူဝေး ထဲ ကို မဆို ဒီကောင့် ကို သာ ထည့် ပေးလိုက် .. ။

ရှုပ်ရှုပ်ယှက်ယှက် တစ်ခု ခု တော့ ဖြစ်ပြီးသား ပဲ ။

လူစုလူဝေး နဲ့ လည်း ဖြစ်တယ် ။ နှစ်ယောက် ချင်း သုံးယောက် ချင်း လည်း ဖြစ်တယ် ။

သူ့ တစ်ယောက်တည်း နေ ရင် တောင် သူ့ အတွေး နဲ့ သူ ရှုပ်ရှုပ်ယှက်ယှက် ဖြစ် နေတတ်တဲ့ ကောင် ။

ဖိုးစော ရဲ့ အတွေးအခေါ်တွေ က လည်း အံ့မခန်း ပဲ ။ နက်နဲ တဲ့ နေရာ မှာ လက်ဖျား ခါ လောက်တယ် ။

တစ်ခါက ကျွန်တော့် ကို လာ မေးတာပဲ ကြည့် ...  ။

ဖိုးစော က ... 

“ ကျော်စိုး ရေ ”

“ ဟေ .. ဘာဖြစ်ရပြန်ပြီလဲ ဖိုးစော ”

“ ငါ တစ်ခု စဉ်းစားနေတာ ကွ ၊ မြတ်စွာဘုရား ရဲ့ သွေးအမျိုးအစား ဟာ A လား ၊ B လား ၊ AB လား ဒါမှမဟုတ် O သွေး လား ဆိုတာ ”

ကဲ ... သူ့ အတွေးအခေါ် က ...

ကျွန်တော် က ...

“ ဟာ ... ဖိုးစော ရာ ၊ မင်း မို့ လို့ ကြံကြီးစည်ရာ ကွာ ။ မြတ်စွာဘုရား ပွင့်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော် တုန်း က သွေးအုပ်စု ခွဲ တဲ့ ပညာ မှ မပေါ်သေးတဲ့ ဥစ္စာ ”

ဖိုးစော က စိတ်ပျက် သလို ‘ ကျွတ် ’ ခနဲ စုတ် သပ်လိုက်ပြီး ခေါင်း ကုတ်လိုက် ဖင် ကုတ်လိုက် လုပ်ရင်း ...

“ မဟုတ်ဘူးလေ ကွာ ၊ ငါ စဉ်းစားနေ တာ က မြတ်စွာဘုရား ဆိုတာ အင်မတန် ထူးခြား မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်လား ။ အဲဒီလို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ရဲ့ ခန္ဓာကိုယ် ထဲ မှာ စီးဆင်း နေတဲ့ သွေးတွေ ဟာ လူသာမန် တွေ ရဲ့ ကိုယ် ထဲ က သွေးတွေ နဲ့ အမျိုးအစားချင်း တူနိုင် သလား ဆိုတာ ကို ငါ စဉ်းစား နေတာကွ ။ အေးလေ ... ဒါတွေ မင်း ဘယ် နားလည်နိုင်ပါ့မလဲ ကျော်စိုး ရာ ၊ လောကီ လောကုတ္တရာ ပြည့်စုံ တဲ့ ပညာရှိကြီးတွေ ကို ရှာပြီး မေးရ ဦးတော့ မှာ ပဲ ”

ကျွန်တော် က တော့ လောကီ လောကုတ္တရာ မပြည့်စုံတဲ့ ငတုံးကြီး ဖြစ်သွားတာ ပေါ့ ဗျာ ။ ကိုယ့် ဘာသာ ကိုယ် နေရင်း ထိုင်ရင်းကြီး ကို ငုတ်တုတ် ညံ့ သွား တော့တာ ။ ကျွန်တော့် ဘဝ နှယ် ဆိုး လိုက်ပုံ ။

ဖိုးစော က တော့ ကော့လန် ကော့လန် နဲ့ လစ် သွား လေရဲ့ ။

   •••••   •••••   •••••

တစ်ခါ က ကျ တော့ ကိုဆင့်သူ ကို သွားပြီး မေးတာ ။ ( အဲဒီတုန်း က ကိုဆင့်သူ က မြန်မာစာဌာန မှာ ကျူတာ ဖြစ် နေပြီလား ၊ မဖြစ်သေးဘူးလား တောင် မမှတ်မိတော့ဘူး )

ဖိုးစော က မေးစေ့ က မုတ်ဆိတ်မွေး ကျိုးတိုးကျဲတဲ ကို ပွတ်ရင်း ... 

“ ဗျို့ .. ကိုဆင့် ”

အိမ်နံရံ ကို မှီရင်း ခြေဆင်း ပြီး ဂစ်တာလက်ကွက် စမ်း နေတဲ့ ကိုဆင့်သူ က မျက်ခုံးတွေ ပင့် သွားတယ် ။

“ ဟင် ... ဘာလဲ ဟင် ၊ ဖိုးစော .. ဘာလဲ ”

ကိုဆင့်သူ က လည်း ဖိုးစော ရဲ့ စူးရှထက်မြက်တဲ့ အတွေးအခေါ် တွေ ကို ခပ်လန့်လန့် ပဲ ။

ဖိုးစော က ( သုံးပင် နှစ်ခန်း အိမ်ခန်း ကျဉ်းကျဉ်းလေး ရဲ့ ) ခနော်နီ ခနော်နဲ့ ကြမ်းပြင် ပေါ် မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက် ရင်း ...

“ ကိုဆင့်တို့ မြန်မာစာ မှာ ဝါကျ ဆုံးတဲ့အခါ ‘ သည် ’ တို့ ၊ ‘ ၏ ’ တို့ ထည့်ရတယ် မဟုတ်လား ။ ဟိုဗျာ ... ဥပမာ ပြောရရင် ‘ သူ ကျောင်း သို့ သွား သည် ’ ‘ သူ အိပ်မက် မက်နေ၏  ’ .. စသဖြင့် ပေါ့ ဗျာ ”

“ အင်း ... ဟုတ် ... ဟုတ်တယ်လေ ဖိုးစော ရဲ့ ၊ ဘာဖြစ်လို့လဲ ”

“ အဲဒီ သည် နဲ့ ၏ နဲ့ အဓိပ္ပာယ်ချင်း ဘာ ကွာ သလဲ ကိုဆင့် ”

ဒီ မေးခွန်းကြောင့် ကိုဆင့်သူ မျက်လုံးတွေ ပြာလတွတ် ပြာလတွတ် ဖြစ် သွားတယ် ။ တော်တော်လေး တော့ ခွကျ နေပြီ ။

ကိုဆင့်သူ က အကျပ်အတည်း ဖြစ်ရင် သူ လုပ်နေကျ အမူအရာ အတိုင်း နှုတ်ခမ်းထူထူလေးတွေ ကို ထော် ပြီး စူ ပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် ၊ အသံလေး အ တီး အ ထစ် နဲ့ ... ။

“ ဟဲ ... ဟဲ ... သိပ် ... သိပ် မကွာပါဘူး ဖိုးစော ရဲ့ ”

ဖိုးစော က မျက်မှောင်ကြုတ် လိုက်လေရဲ့ ။ ပြီးတော့ ...

“ အဓိပ္ပာယ်ချင်း တူရင် ဘာလို့ အလုပ်ရှုပ် ခံပြီး စကားလုံး နှစ်လုံး တောင် ထား နေရသေးလဲ ဗျာ ၊ တစ်လုံး ကို ဖြုတ်ပစ် လိုက်ပါလား ၊ ကျက်ရ မှတ်ရ တာ သက်သာ သွားတာပေါ့ ”

“ ဟေ ... ”

ကိုဆင့်သူ မျက်လုံး ပြူး သွားသည် ။ ဖိုးစော က တော့ ခပ်တည်တည် ပဲ ဆက်ပြီး ..

“ ဟုတ်တယ် ၊ ကျွန်တော် က နောင် လာမယ့် လူငယ် ကျောင်းသား လေးတွေ အတွက် စေတနာ နဲ့ အကြံ  ပေးနေတာ နော် ။ ကိုဆင့် မြန်မာစာ ပါမောက္ခ ဖြစ်တဲ့ အခါကျရင် “ ၏ ” ကို ဖြုတ် ပစ်လိုက်ဗျာ ။ ကောက်ကောက် လိမ်လိမ် နဲ့ အကြည့်ရ ဆိုးတယ် ။ ဖြုတ်ပစ် ... သိလား ”

“ ငါ့ ... ငါ့ မှာ အဲ့လောက် အာဏာ မရှိဘူး ထင်ပါတယ် ကွာ ”

ကိုဆင့်သူ က တော့ သူ့ဘ ဝ ကို သူ အားငယ် လို့ ပဲလား မသိဘူး ။ မဝံ့မရဲ ဖြေ ရှာတယ် ။

ဒါပေမဲ့ ဖိုးစော က တော့ မာရေကျောရေ ပဲ ။

“ ဟာဗျာ .. ဘာ အာဏာ ရှိစရာ လို လို့လဲ ၊ မြန်မာစာ ကို တီထွင်ခဲ့တဲ့ လူတွေ က လည်း သူ လို ကိုယ် လို လူ တွေပဲ ဥစ္စာ ။ သူတို့ လုပ်ပုံကိုင်ပုံ နေရာ မကျ ရင် ကိုယ် က ပြင်ရဲရမှာ ပေါ့ ”

အဲသည်လို ‘ ဟောက် ’ သေးတာ ဗျ ။

အံမယ် ... ။ သူ့ ခံယူချက် နဲ့ သူကတော့ ဟုတ်သလိုလို အရှိသား ။ ကိုဆင့်သူ က တော့ ဂစ်တာ ကို တောင် ဆက် မတီးနိုင်တော့ဘူး ။

မျက်လုံးလေး ပေကလတ် ပေကလတ် လုပ်ပြီး ဖိုးစော ကို ပဲ ငေး ကြည့် နေရတယ် ။ ဒါပဲ တတ်နိုင်တော့တယ် မဟုတ်လား ဗျာ ။

   •••••   •••••   •••••

ပန်းချီဆရာ က တော့ ရှင်းတယ် ။

ဖိုးစော ပြဿနာ သယ် လာပြီ ဆိုရင် ဆဲလွှတ် တဲ့ အခါ လွှတ် ၊ ပါးစပ် ထဲ တွေ့ကရာ ပြောရင် ပြော ၊ ဒါမှ မဟုတ်ရင် သူ့ ထက် ဦး အောင် ဦးနှောက် စားစရာ တစ်ခု ခု နဲ့ ကျပ် လွှတ် လိုက်တာပဲ ။

အိမ် ပေါ် မှာ နေရာ က ကျယ်ကျယ် မရှိတော့ ပန်းချီ ဆွဲမယ် ဆိုရင် ခြံထောင့် သရက်ပင် အောက် က ရေချိုး ဖို့ တိုင်ကီပိုင်းတွေ ချထားတဲ့ နေရာ မှာ သွားပြီး ဆွဲ ရတယ် ။

ဖိုးစော က လည်း တကူးတကန့် ကို အဲဒီ နား အထိ သွားပြီး ရှုပ်တာ ။

“ ဒီမှာ ကိုဘုန်းမို ၊ ကျွန်တော် စဉ်းစား ထားမိတာလေး တစ်ခု ရှိလို့ ဗျ ”

ပန်းချီဆရာ က သူ့ ဟာ နဲ့ သူ ဆွဲလက်စ ဖြစ် နေတော့ ဖိုးစော ကို အံကြိတ်ပြီး မျက်စောင်းထိုး ကြည့်တယ် ။ ဖိုးစော က တော့ စကား စမိပြီ ဆိုတာ နဲ့ အရှိန် ရ သွားပြီ ။

“ ဒီလိုလေ ဗျာ ... ကျွန်တော် က ဗုဒ္ဓဘာသာ နဲ့ ရဟန်း ဝတ် တယ် ဆိုပါစို့ ၊ ရဟန်းဝတ် နဲ့ ပါရာဇိက ကံ ကျရင် ငရဲ ကြီး ရော မဟုတ်လား ။ အဲဒီလို ဖြစ်ပြီ ဆိုတာ နဲ့ ကျွန်တော် က အမြန် လူဝတ် လဲ ၊ ခရစ်ယာန်ဘာသာ ထဲ ကို ပြောင်း သွားပြီး ဘုရားကျောင်း မှန်မှန် တက် နေရင် ယေရှုခရစ်တော် က ကျွန်တော့် ကို ကယ် မှာလား ဟင် ”

ပြန် ဖြေတဲ့ စကားသံ ကို တော့ မကြားရဘူး ။ စုတ်တံ ကို ခွက် ထဲ ဆောင့်ကြီး အောင့်ကြီး ပစ် ထည့် လိုက်ပြီး အလုံးလိုက် အခဲလိုက် တစ်တစ်ခွခွ ဆဲရေး လိုက်တဲ့ ပန်းချီဆရာ ရဲ့ ရေရွတ်သံ ကို ပဲ ကြားရတယ် ။

အဲဒါပဲ ။

တစ်ခါတစ်ခါ ပန်းချီဆရာ က သူ့ ပါးစပ် ထဲ တွေ့ ရာ ထင်သလို ရမ်းသန်း ပြော လိုက်တော့ လည်း ကိစ္စ ပြီး သွားတာပဲ ။ တစ်ခါတလေ ကျ ပြန် တော့ လည်း ပန်းချီဆရာ က ဖိုးစော ထက် ဦးအောင် ‘ ကျပ် ’ တတ် တယ် ။ ပန်းချီဆရာ က သူ့ စုတ်တံတွေ ၊ ဆေးခွက်တွေ ၊ တာပင်တိုင်ဘူးတွေ ၊ ဓာတ်ဆီ ရေနံဆီပုလင်းတွေ နဲ့ အလုပ်ရှုပ် နေတုန်း သူ့ အနား က ဖိုးစော ဖြတ် လျှောက် သွားတာ မြင်တော့ ...

“ ဟေ့ကောင် .. ဖိုးစော ၊ လာပါဦးကွ ”

“ ဘာ လုပ် မလို့တုံး ”

ဖိုးစော ပြန် လှည့်လာတော့ ပန်းချီဆရာ က လက် ထဲ က ရေနံဆီပုလင်း ကို ထောင် ပြပြီး ...

“ ဒီ ထဲ က အရည် က ဘာတုံးကွ ၊ မင်း သိလား ”

ဖိုးစော က ပုလင်းဝ ကို အနံ့ခံ ကြည့်ပြီး ... 

“ ရေနံဆီ လေ ဗျာ ”

ပန်းချီဆရာ က ခပ်တည်တည် နဲ့ ခေါင်း တစ်ချက် ညိတ်ပြီး ... 

“ အေး ...  ရေနံဆီ ဆိုတာ ဘယ်က ဖြစ်လာတဲ့ အရည် လဲ ကွ ၊ အဲဒါ မင်း သိလား ”

အဲဒီ မေးခွန်း ကြောင့် ဖိုးစော ငိုင် ခနဲ ဖြစ် သွားတယ် ။ သူ့ အတွက် တော့ မဟာ့ မဟာ အခက်အခဲကြီး တစ်ခု ပဲ ။ ဒါကို ဘယ်လို ကျော်လွှား မလဲ ။

ပြီးတော့ သူ့ ရဲ့ ကြီးကျယ် ခမ်းနားလှတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီး ကို စိန်ခေါ် မှတ်ကျောက် တင်မယ့် စပါယ်ရှယ် မေးခွန်းတော်ကြီး ဖြစ်နေပြီ ။

ကိုင်း ...  စဉ်းစားစမ်း ။

ရေနံဆီ ဆိုတာ ဘယ်က ရတဲ့ ဥစ္စာ လဲ ။

တွင်းထွက် သယံဇာတ လား ၊ ဓာတုဗေဒပစ္စည်း လား ၊ စက်ရုံ က ထုတ် တာလား ။

ငနဲသား ခေါင်းတွေ ထူပူ လာတယ် ။ အဖြေ က မရဘူး ။

မသိမသာ အံကို  ကြိတ် ထားရင်း လည်ပင်းကြီး လိမ်ပြီး စောင်းကန်း စောင်းကန်း လုပ် နေတယ် ။

အတော် ကြာ တော့ မှ ..

“ နေဦးဗျာ ... ဒီ အဖြေ ကို ကျွန်တော် ခေါင်းအေးအေး နဲ့ စဉ်းစား လိုက် ဦးမယ် ။ တစ်ရက် နှစ်ရက် တော့ စောင့် ”

“ အေးပါကွာ .. အေးပါ ”

ပန်းချီဆရာ က ပြုံးစိစိ နဲ့ ပြန် ပြော လိုက်တယ် ။

   •••••   •••••   •••••

အဲဒီ အကြောင်းတွေ က နောက် မှ ပန်းချီဆရာ ပြန် ပြောလို့ သိရတာ ပါ ။ ကျွန်တော် သတိ ထား မိတာ က ဖိုးစော အိမ်တွင်း အောင်းပြီး တစ်ခု ခု ကို အပြင်းအထန် စဉ်းစားခန်း ဝင်နေတာ အတော် ကြာပြီ ဆိုတာ ကို ပဲ ။

အဲဒီလို မဟုတ်က ဟုတ်က တစ်ခု ခု ကို တွေးလုံး ထုတ်နေပြီ ဆိုရင် ဖိုးစော ပုံစံ က သိသာတယ် ။ နံရံ ကို ကျောမှီ ၊ ဒူးခေါင်း နှစ်လုံး ကို ထောင် ၊ ပြီးရင် အဲဒီ ထောင် ထားတဲ့ ဒူးခေါင်း နှစ်လုံး ကို လက်နှစ်ဖက် နဲ့ ပိုက်ပြီး ခေါင်းကြီး မော့တော့ မော့တော့ လုပ် နေပါလေ ရော ။

အဲဒီ ပုံစံ အတိုင်း သူ့ ကို လေး ငါး ခြောက်ရက် မြင် နေ ရတော့ ကျွန်တော် က ..

“ ကိုဆင့် ရေ ...  ခုတလော ကျွန်တော်တို့ ကောင်ကြီး ငြိမ်ချက်သား ကောင်း နေပါလား ”

“ ဟုတ်တယ်ဗျ ...  ဒီ တစ်ချီ တော့ တကယ်ကို နက်နက်နဲနဲ စဉ်းစား နေပုံပဲ ။ လေး ငါးရက် တောင် မကတော့ ဘူး ”

ကျွန်တော် နဲ့ ကိုဆင့်သူ တို့ နှစ်ယောက်သား ကျိတ်ကျိတ် ကျိတ် ကျိတ် ပြော နေတုန်း ပန်းချီဆရာ က လေသံတိုးတိုး နဲ့ ဝင်ပြီး ... 

“ ကျွန်တော် သူ့ ကို ငြိမ်ဆေး ပေး ထားတာပါဗျာ ”

“ ဟင် ...  ဘယ်လို ငြိမ်ဆေး ပေးတာလဲ ”

“ ရေနံဆီ ကို ဘယ်က ရ သလဲ ဆိုတာ စဉ်းစား ခိုင်းထားတာပါ ဗျာ ”

လို့ ဆိုပြီး ပန်းချီဆရာက သူ ‘ ကျပ် ’ ထားတဲ့ ကိစ္စ ကို အစအဆုံး တစ်လုံး မကျန် ပြန် ပြောပြတော့တာပဲ ။

ကျွန်တော်တို့ လည်း ရယ်ရ အခက် မဲ့ရ အခက်နဲ့ ဗျာ ။

အဲ ...  နောက်နေ့ နေ့လယ်ခင်း လည်း ကျ ရော ...

“ ဝုန်း ”

ဖိုးစော ဟာ နံရံ ကို မှီ နေရာ က ဝုန်းခနဲ ခုန်ထ လိုက်ပြီးတော့ ... 

“ သိပြီ ...  သိပြီ ၊ ကျွန်တော် သိပြီဗျ ”

အသံပြဲကြီး နဲ့ စွတ် အော် နေတော့ ကျွန်တော်တို့ သုံးယောက် စလုံး က ..

“ ဟ ...  ဟ ...  ဘာဖြစ်တာတုံး ”

“ ဘာ သိတာလဲကွ ၊ မင်း ဟာ ...”

“ အလန့်တကြား ကွာ ၊ ဘာ မို့လို့လဲ ဟ ”

အသက် တောင် မရှူ အား ဘူး ဗျာ ၊ ဝိုင်း မေး လိုက် ရတာ ။ ငနဲသား က တော့ ပြုံးဖြီးဖြီးကြီး လုပ်ရင်း ...

“ ရေနံဆီ ကို ဘယ်က ရလဲ ဆိုတာ ကျွန်တော် သိပြီ ဗျ ။ တကယ်တော့ ‘ ရေနံဆီ ’ ဆိုတာ ‘ ရေနံ ’  က နေ ဖြစ် လာတာ ကိုး ။ ဟင်း .. ဟင်း ...  ဟင်း ”

သူ့ ကိုယ် သူ ဂုဏ်ယူ ဝင့်ကြွား နေတဲ့ မျက်လုံးတွေ က လည်း အရောင် တလက်လက် နဲ့ ဗျာ ၊ ခင်ဗျားတို့ မြင်စေ ချင်တယ် ။

ကျွန်တော် နဲ့ ကိုဆင့်သူ က လည်း သူ့ ကို ကျောသပ် ရင်သပ် လုပ်ပြီး ဝိုင်း ချီးကျူး ကြတယ် ။

“ တော်ပါပေတယ်ကွာ ” တို့ ၊ “ မင်း မို့လို့ စဉ်းစားနိုင်တာ ” တို့ ပြောပြော ပြီးတော့လေ ။

“ မင်း မို့လို့ ဒီ အဖြေ ကို ခုနစ်ရက် တည်း နဲ့ စဉ်းစား လို့ ရတာ ။ ငါ သာ ဆို တစ်လ လောက် စဉ်းစား ရင် တောင် ရမှာ မဟုတ်ဘူး ”

ကိုဆင့်သူ ပြော လိုက်တဲ့ ဒီ တစ်ခွန်း က တော့ ‘ ပင့် ’ တာ နည်းနည်း လက်လွန် သွား တယ်ဗျ ။ ဖိုးစော ရိပ်မိသွား ပုံ ပဲ ။

ဒီကောင် မာန်တက် နေတာ နည်းနည်း အရှိန် တန့် သွားတယ် ။ ပန်းချီဆရာ က တော့ ခပ်ပြုံးပြုံး နဲ့ ...

“ ဟုတ်ပါပြီကွာ ၊ ရေနံဆီ ဆိုတာ ရေနံ က ဖြစ်တာ ထား ပါတော့ ။ ဒါဖြင့်ရင် ဓာတ်ဆီ က ကော ဘယ်က နေ ဖြစ်တာလဲ ကွ ”

နောက်ထပ် မေးခွန်း တစ်ခု နဲ့ ထောင်ချောက် ဆင် လိုက် တော့ ဖိုးစော ဆိုတဲ့ မဟာ ပညာရှိကလည်း တည့်တည့် ပဲ ဝင်ချ လာတယ် ။

“ ဟား .. သဘောတရား ချင်း အတူတူ ပဲ လေဗျာ ၊ ရေနံဆီ ဟာ ရေနံ က ဖြစ်တာ ဆိုတော့ ဓာတ်ဆီ ဆိုတာ ‘  ဓာတ် ' က ဖြစ်တာပဲပေါ့ဗျာ ”

ကြည့်စမ်း ။ အပိုင်ပဲ ဆိုပြီး ပြောချ လိုက်တာ ။

အဲသည်လို ‘ တော်ပုံ ၊ ‘ ထက်မြက် ’ ပုံတွေ ကို ပဲ ကျွန်တော်တို့ မှာ လက်ဖျား တခါခါ ဖြစ်နေရတာကလား ဗျာ ။

ပန်းချီဆရာ က တော့ ခေါင်း ကို ဖြည်းဖြည်းချင်း ယမ်းခါပြီး ... 

“ မှားတယ်ကွ ”

“ ဟင် ... ဘာဖြစ်လို့လဲ ”

ဖိုးစော က ပြူးတူးပြဲတဲ နဲ့ မေးတော့ ပန်းချီဆရာ က သူ့ မျက်လုံး ထဲ ကို တည့်တည့် စိုက်ကြည့်ပြီး ...

“ မင်း မသေမချင်း မှတ်ထား ၊ ‘ ဓာတ်ဆီ ’ ဆိုတာ ‘ ဓာတ်စံ ’  ကနေ ဖြစ်တာ ကွ ”

“ ဪ ...”

ဖိုးစော မျက်လုံးတွေ အရောင် မှုန်မှိုင်းပြီး ဝမ်းနည်းရိပ် သမ်းသွား တယ် ။ ‘ ဓာတ်ဆီ ’ နဲ့ ‘ ဓာတ်စံ ’ ဆိုတဲ့ လူရွှင်တော် လက်ဟောင်းကြီး နှစ်ယောက် ရဲ့ နာမည် ကို ကြားဖူး ထားရဲ့သား နဲ့ .. ။

“ ဒီ ဓာတ်သဘော နှစ်ခု ဆက်စပ်တဲ့ သဘာဝ ကို ဘာလို့များ ငါ မစဉ်း စား မိ ပါလိမ့် ”

လို့ သူ့ ကိုယ် သူ မချင့်မရဲ ဖြစ်နေတဲ့ပုံ ပဲ ။

မယုံ မရှိနဲ့ ဗျ ။ ပန်းချီဆရာ ပေါက်ကရ ပြော လိုက်တာ ကို ဒီကောင် တကယ် အဟုတ် မှတ် သွားတာ ။

ည ကျတော့ သူ့ သံသေတ္တာ အဟောင်းလေး ထဲ မှာ သိမ်း ထားတဲ့ လက် တစ်ဝါး လောက် မှတ်စုစာအုပ်လေး ထုတ်ပြီး အသေအချာ ရေးမှတ် နေ လေရဲ့ ။

“ ရေနံဆီ ကို ရေနံ မှ ထုတ်ယူရ ရှိသည် ၊
ဓာတ်ဆီ ကို ဓာတ်စံ မှ ထုတ်ယူ ရရှိသည် ”

တဲ့ ဗျာ ။ ကဲ ... ပြီးရော ။

သူ့ မှတ်စုစာအုပ်လေး ထဲ မှာ အဲဒီလို ပေါက်တတ်ကရတွေ အများကြီး ပဲဗျ ။ စုံ နေ အောင် ရေး ထားတာ ။

သူ မရှိတဲ့ အခိုက် ကျွန်တော်တို့ သုံးယောက် သား ပျင်းပျင်း ရှိပြီ ဆိုရင် သော့ပျက် နေတဲ့ သံသေတ္တာ ထဲ မှာ သူ ဝှက်ထားတဲ့ အဲဒီ မှတ်စုစာအုပ်လေး ကို ရှာရှာဖွေဖွေ ခိုး ဖတ်ပြီး တခွိခွိ ကျိတ် ရယ်ရသေးတာ ။

အဲဒီ စာအုပ် ထဲ မှာ ကြံကြီးစည်ရာ ဖုန်းနံပါတ်တွေ ကို လည်း ( ဘယ်သူ က ပေး လို့ ဘယ်လို ရ လာသလဲတော့ မပြောတတ်ဘူး ) ရေးထား မှတ်ထား သေး တယ်ဗျ ။

မှတ်မှတ်ရရ တစ်ခု ဆိုရင် ...

“ သခင်ကိုယ်တော်မှိုင်း ရဲ့ ဦးလေး ” ဖုန်းနံပါတ် ...  တဲ့ ဗျာ ။

ကဲ ... စဉ်းစား ကြည့် စမ်းပါဦး ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း တောင် မှ အသက်အရွယ် အိုမင်း ပြီး ကွယ်လွန် သွားတာ တောင် ကြာပဲ ကြာလှပြီ ဥစ္စာ ။

သခင်ကိုယ်တော်မှိုင်း ရဲ့ ဦးလေး ဆိုတာ သက်ရှိထင်ရှား ရှိနိုင်ပါတော့ မလား ။ အဲဒီ ဖုန်းနံပါတ် မှန်တယ်ပဲ ထားပါဦးတော့ ။ ဆက် လိုက်ရင် ဟို က ဖုန်း လာကိုင် မှာ မို့ လို့လား ။

ကြံကြံဖန်ဖန် ဗျာ ။ အဲဒီလို ဖုန်းနံပါတ်တွေ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ ရေးမှတ် ထားသလဲ မပြောတတ်ဘူး ။

တကယ် ပြောတာ ။

ဖိုးစော ဆိုတဲ့ ကောင် က ရေရေလည်လည် ‘ ဟား ’ ရတယ် ။

◾မင်းခိုက်စိုးစန်

📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ

#ကိုအောင်နိုင်ဦး

.

ကိုပီတိ နှင့် မှာပုံတော်သစ်


 

❝ ကိုပီတိ နှင့် မှာပုံတော်သစ် ❞

အပေါ် မော့ ကြည့် တော့ လည်း ပြင်းပြင်းစူးစူး နေရောင် ၊ အောက် ငုံ့ ကြည့် တော့ လည်း အစေးပေါက်ပြီး တံလှပ် တထောင်းထောင်း ထ နေတဲ့ လမ်းမ ။ ဘေးဘီ ဝဲယာ ကြည့် ဦးမလား ။ ချို့ချို့ငဲ့ငဲ့ ရွက်ရော် ရွက်ခြောက်ကလေးတွေ နဲ့ အရိုးပြိုင်းပြိုင်း အကိုင်းသွေ့သွေ့ ကုက္ကိုပင်အို တွေ ။

ဝှေ့ယမ်း တိုက်ခတ်သွားတဲ့ လေ က အစ အပူဓာတ် နဲ့ အိမ်ထောင် ကျ ပြီးသား မို့ နွေးရှရှ ၊ ပြာစင်နေတဲ့ ကောင်းကင် မှာ တိမ်တစ်မျှင် မှ မရှိဘူး ၊ ပျံ နေတဲ့ ငှက် တစ်ကောင် မှ မရှိဘူး ၊ လေပူ ၊ နေပူဒဏ် ကို ကျော ကော့ပြီး ခံ နေရ ရှာတဲ့ ကတ္တရာလမ်း ပေါ် မှာတော့ ပျားပန်း ခတ် လှုပ်ရှား သွားလာ နေကြတဲ့ ဈေးသွား ဈေးပြန် တွေ ၊ တောင်းရွက် ၊ ဗန်းရွက် ၊ လွယ်အိတ်လွယ် ၊ အထုတ်ကျောပိုး ၊ တွန်းလှည်းဆွဲ ၊ ခြင်း တောင်းလက်ချိတ် လာ သူတွေ ။

ဥဒဟို ပြေးလွှား နေတဲ့ ကား က လည်း မျိုးစုံ ၊ အရောင်အသွေး စုံ ၊ အရွယ်ရွယ်အစားစား တောက်ပတဲ့ ကား ၊ မောက်ကြွတဲ့ ကား ၊ ဂုဏ်ထည်တဲ့ ကား ၊ ကုန်သယ်တဲ့ ကား ၊ ဆေးကွာတဲ့ ကား ၊ ဈေးလာတဲ့ ကား ၊ အပြေးမောင်းတဲ့ ကား ၊ ဆေးရောင်းတဲ့ ကား ၊ တိရစ္ဆာန်တွေ နွေအမော သတ်နေချိန် လူတွေ ငွေဇော ကပ် နေကြပါလား ။

ကိုပီတီ သူ့ အတွေး ကို သဘော ကျပြီး ပြုံး လိုက်တယ် ။ ပြီးတော့ သက်ပြင်း တစ်ချက် ကို ဆောင့်ဆောင့်ကြီး ချလိုက်တယ် ။ အလိုလေး လေး ... နှာဝ က ထွက် လာတဲ့ သက်ပြန်လေ က အစ လေပူကြီး ပါ လား ။

ဈေး ထောင့် ပလက်ဖောင်း မှတ်တိုင် မှာ ကားရပ် စောင့်နေတာ ဆယ့်ငါးမိနစ် ကျော် ပြီ ။ ခုထိ မလာသေးဘူး ၊ လာ ရင် လည်း သည် မှတ်တိုင် မှာ နာရီဝက် လောက် ရပ်ပြီး ခရီးသည် စောင့် ဦးမှာ ။

ကြာတာ တော့ ကြာ ဦးမှာပဲ ။ ကြာ တာချင်း တူရင် နေပူ ထဲ ရပ် ပြီး နေ မယ့် အစား တိုးတိုးဝှေ့ဝှေ့ နဲ့ ဘတ်စ်ကား အမိုး အောက် ဝင် ပြီး အရိပ် နဲ့ ကြာ လိုက်ချင်သေးတယ် ။

ခုတော့ အပူရှိန် ပြင်း ရတဲ့ အထဲ လေ နဲ့ ရော ပါလာတဲ့ မြောင်းပုပ်နံ့ ၊ အမှိုက်ပုံနံ့ ၊ သံတံတားနံဘေး မှာ စည်းမဲ့ကမ်းမဲ့ လက်ဆောင် ပေး သွားကြတဲ့ ကျင်ငယ်နံ့ ၊ ချွေးနံ့ ၊ အမယ် ... တစ်ချက် တစ်ချက် လေ အလှည့် သင့် လိုက် ရင် ရက်လွန် ငါးပုပ်နံ့ကလေး တောင် အဖော် ပါ လာတတ်သေး ။

တွေးရင်း တောရင်း သူ့ အင်္ကျီအိတ်ထောင်ကလေး ကို ငုံ့ ကြည့် မိတယ် ။ တောက် ... ကဆုန် ၊ နယုန် ဆိုတဲ့ ဝေါဟာရတွေ တို့ အငြိမ့် လောက မှာ မရှိရင် သိပ် ကောင်းမှာပဲ ၊ အကြောင်းဆုံ ရင်တော့ သီးသန့် သဘင်ပြက္ခဒိန် ထုတ်ဖို့ အကြံ ပေးရဦးမယ် ။

သည် နှစ်လ ကို နာမည် တစ်ခုခု ပြောင်းပြီး ထည့် ပေးပါလို့ ။ ကြည့် လေ ၊ တန်ခူးလ ရေသဘင်အောင်ပွဲ တွေ ၊ သံချပ်ဆုရပွဲ တွေ က ပြီး ကတည်း က ပွဲ ပါး သွား လိုက်တာ ။ အိတ်ထောင် ပိုလီယို ဖြစ် နေပြီ ၊ ရှုံ့ ပိန်ပြားကပ် ချည့်နဲ့နဲ့ကလေး ၊ ငါ့ ကို အဲသည်လို မျက်နှာမဲ့ မျက်နှာ အို နဲ့ မော့ကြည့် အသနား ခံ မနေပါနဲ့ အိတ်ထောင် ရယ် ...

တစ်ချိန် မင်း ဘဝ မြင့် ရလောက် အောင် ငွေ ရွှင်တဲ့ လတွေ ရောက် ဦးမှာပါ ။ ကဲ ... ခုတော့ လောကဓံ အတက်အကျ သဘော ကို သုံးသပ်ရင်း ရှိစုမဲ့စု ငါးကျပ်တန် အိုဟောင်းဟောင်းကလေး နဲ့  ပဲ ကျေနပ်ပါဦးကွာ  နော် ၊ ဝါဆို ဝါခေါင် ကျ ရင် ငါ က အငြိမ့်အော်ပရာတွေ ပြဇာတ်တွေ ရေး ရမှာ ။ အဲဒီကျရင် မင်း ရင်ခွင် ထဲ ကို အရွက်ကြီး ၊ အရွက်လတ် ၊ အရွက်ငယ် တွေ စိတ်တိုင်းကျ ထည့် ပေးမယ် ၊ အင်း ... ပြောလို့ သာ ပြော ရတာပါ ။ တချို့အဖွဲ့တွေ ကျတော့ ရင်းနှီးမှု နဲ့ ကူညီလိုက်ရ ၊ တချို့ ကျတော့ ချို့ငဲ့လို့ သနားလိုက်ရ နဲ့ လက်စိုက် ဉာဏ်စိုက် လျှော့ယူ လိုက်ပါဦး တွေ များ တတ်တာပါပဲ ။

“ ဖြည်းဖြည်း တက်ကြပါ ၊ မလုပါနဲ့ ၊ ခရီးသည် ပြည့် မှ ထွက်မှာ ပါ ၊ အဆင်းကလေး စောင့်ပါဦး ၊ မတိုးပါနဲ့  ၊ ဆွဲခြင်း ... ဆွဲခြင်း ၊ ဘယ်သူ့ ဟာ လဲ ၊ ကျန်ရှိ ပစ္စည်းတာဝန် မယူဘူးနော် ၊ ခါးပိုက်နှိုက် သတိထားပါ ၊ ကျုပ်တို့ နဲ့ သမီး ယောက်ဖ မတော်ဘူး ၊ လမ်း ကို အရမ်း မကူးပါနဲ့ ၊ အနိစ္စတရား ကို လက်တွေ့ သိ သွားမယ် ၊ ဒါ ကျောက်သပိတ် ကား နော် ၊ ကြံခင်း ကား မဟုတ်ဘူး ၊ အနီ အနက် မှား မယ် ”

သတိပေးချက်တွေ ၊ ကြွေးကြော်သံတွေ ၊ အငေါက်အငမ်းတွေ တစ်ပြုံတစ်မကြီး နား ထဲ တိုး ဝင် လာ မှ ကား ရောက် လာ မှန်း သိတယ် ၊ သည်းသည်းလှုပ် တိုးဝှေ့ တက် နေတဲ့ ခရီးသွားတွေ နဲ့ အတူ ကိုပီတိ တွန်းတွန်းထိုးထိုး ပဲ ကား ပေါ် ရောက်သွားတယ် ။

“ ဖြည်းဖြည်း တက်ကြပါဗျ ... လူ စောင့်ဦးမှာပါ ”

စပယ်ယာ က လှမ်း ပြောတယ် ၊ မရပါဘူး ၊ အတိုး မရပ်ဘူး ၊ မင်း ဟာ မင်း လူ စောင့်ရုံ မကဘူး ၊ တစ်ည အိပ် ပဲ နေနေ ၊ ခရီး သွားတာ က နောက် အရိပ် အောက် ဝင် ချင်တာ က လောလောဆယ် ပြဿနာ မောင် ရေ ၊ စိတ် ထဲ က ပဲ ပြော လိုက်တယ် ။ နှုတ် က မထွက်ရဲဘူး ၊ လက်မှတ်ရောင်း တို့ မျက်စောင်း နှုတ်စောင်း အကြောင်း သုံးပါမရွေး ဘူး မဟုတ်လား ။

“ အတွင်း ဝင်ကြပါ ၊ တိုးပေးကြပါ ၊ ဝါသနာ ပါ ရင် နှစ်ပါးသွား က လို့ ရတယ် ”

သူ က လည်း ပိန်သာ ပိန်တယ် ၊ ဝမ်းကျ မရပ် ဆိုတဲ့ အထဲ က ပဲ ။ မလျှော့ဘူး ။

ခရီးသည်တွေ က လည်း ပြောချင် သလောက် ပြော ၊ ပြောရင်း သာ ကံ ကုန်သွားမယ် ။ ခြေတစ်စုံ စာ တောင် မရွေ့ ၊ မွန်းကျပ် အိုက်လှောင် ပြီး ပူလောင် နေတဲ့ ကား ဝမ်းခေါင်း ဘယ်သူ အောင်း ချင်ပါ့မလဲ ။ လေ ရတဲ့ ကား တံခါးဝ နဲ့ နောက်မြီးပိုင်း မှာ ပဲ တွဲလောင်း တချို့ ငုတ်တုတ် တချို့ နှစ်ပါးသွား မက လို့ အင်နာပက်ဗလိုပါ ရဲ့ ဆွမ်းလိတ်ဘဲလေးအဖွဲ့ ဖျော်ဖြေ နိုင်တယ် ပြော တို့ အားလုံး သဘော က တော့ ရပြီး နေရာ မရွှေ့ပြောင်းရေး ။

“ ဟာ ... ကိုပီတိကြီး ၊ ဒီနေ့ ည ဘယ်မှာ က မလဲဗျ ”

အရေးထဲ ကိုယ့် ကို သိတဲ့ လူ နဲ့ မှ လာ တွေ့ နေပြန်ပြီ ။ ပွဲ မရှိလို့ စိတ် ညစ်နေပါတယ် ဆို မှ သောင် မှန်း မသိ ကမ်း မှန်း မသိ ပွဲ မေးနေ တယ် ။

ကိုပီတိ အူ ပွသွားတယ် ။ ဒါပေမယ့် အနုပညာသမား ဆိုတော့ မြို့မေတ္တာ ခံ နေရသူတွေ ဆိုတော့ တင်း နေတဲ့ အကြောတွေ ကို ဖျစ်ညှစ် ရှုံ့ တွပြီး အပြုံးနွမ်းကလေး ဖန်တီးရင်း ရှက်ရိပ်ရှက်ငွေ့ ရှက်နံ့ နဲ့ ရှက်သံ လွှမ်း နေတဲ့ လေကျလေး နဲ့ ဖြေ လိုက် ရတယ် ။

“ ဪ ... အင်း ... အဟဲဟဲ ... ပွဲအားပါတယ် ခင်ဗျ ”

တခစ်ခစ် တခွီးခွီး ရယ်သံတွေထွက်ပေါ်လာတယ် ၊ အကင်းပါး ပြီးသား ကိုပီတိ  နား တွေ က မျက်စိ ကို တောက်လျှောက် သတင်းပို့ လိုက်တယ် ။

အလယ်တန်း နှစ်ယောက် ထိုင်ခုံ မှာ သုံးယောက်ပူး ကပ်ကပ် သတ်သတ် ထိုင် နေတဲ့ ဈေးသည်မလေးတွေ ။

“ လူပြက်ကြီး တော့ ... ငါ မပြောဘူးလား ၊ အဲဒါ ပီတိ မှ ပီတိ အစစ် ”

တီးတိုး ပြော နေပေမယ့် အတိုင်းသား ကြား နေ ရတယ် ။ ဪ ... ငါ့ ကို အတု အစစ် အငြင်း ပွား နေကြတာပါ ။ မင်းတို့ လို သာ တစ်နိုင်ငံလုံး စိတ်ဝင်စား ရင် ငါ့ မှာ ငွေ ထားစ ရာတောင် နေရာ ရှိမှာ မဟုတ်ပါဘူးကွယ် ။ ကြည်နူးကျေနပ်စိတ် တဖွားဖွား ပြန့်တက်လာ တုန်း ...

“ ဒီ ရုပ်ကြီးများ ခွေး ချီ သွားတောင် မှတ်မိရဲ့ ”

ဟိုက် ... ထိန် ခနဲ ဝမ်းသာ ၊ ပျာကယာ ဝမ်းနည်းပါလား ၊ သင်းတို့ သံသယ သေချာတာ နဲ့ တစ်ပြိုင်နက် မိနစ် မဆိုင်း ခွေးစာ ကျွေး လိုက်ကြပါပကော ။ 

ချွေတာ မျက်စောင်း တစ်ချက် လှမ်း အထိုးလိုက် စီခနဲ ညံခနဲ  ငြင်းသံခုံသံတွေ

“ ပြားငါးဆယ် ခရီး တစ်ရာကျပ်တန်ကြီး ပေးတော့ ဘယ့်နှယ် လုပ် အမ်းမလဲ ဗျ ”

“ အနုတ် မပါလို့ပေါ့ ကွယ့် ၊ မင်းတို့ လဲ သုံးဆယ့်ငါးပြား ခရီး ကို ဆယ့်ငါးပြား တိုး ယူ ထားတာပဲ မဟုတ်လား ”

“ ဓာတ်ဆီ အပြင် က ဝယ်ရတာဗျ ၊ ကျပ်တန် မပါဘူးလား ”

“ မပါဘူး ၊ ဒါ အသေးဆုံး ပဲ ”

“ တစ်ရာကျပ်တန် အသေးဆုံး ထား ကိုင် နိုင် မှ တော့ ကိုယ်ပိုင် ကား ဝယ် စီးရောပေါ့ ဗျာ ”

“ ရှိတယ် ဟဲ့  ၊ ဓာတ်ဆီ အပြင်က ဝယ် ရ လို့ ထုတ် မစီးတာ ”

ပန်းနာသည် ချောင်းခြောက် ဆိုး သလို ကွဲရှရှ ဂီယာသံ တစ်ချက် နဲ့ ကား စ ထွက်ပြီ ။ ကိုပီတိ လက်မှတ် ဖြတ် ဖို့ အိတ်ထောင် ထဲ က ငါးကျပ်တန်ကလေး ကို ထုတ် ယူပြီး ကြည့် နေ လိုက်တယ် ။

ကြည့်ရင်း ကြည့်ရင်း ငါးကျပ်တန်ကလေး က ပူလောင် လာ သလိုပဲ ။ ဟုတ်တယ် ။ မီးကျီးခဲ လက်ကြား ညှပ် ထားရသ လို ပဲ တဲ့ ။

“ မင်းတို့ လူရွှင်တော်တွေ နဲ့ အလုပ် လုပ် ရတာ တကယ့် ကို မီးကျီးခဲ လက်ကြား ညှပ် ထားရသလို နည်းပေါင်းစုံ နဲ့ အပူ တိုက် နေတာပဲ ၊ အငွေ့ က ပူ ၊ ပြာ က ပူ ၊ မီး က ပူ ၊ မင်း တို့ လဲ ဘာ ထူးသလဲ ၊ တော်ကြာ ကလေး နေမကောင်း ၊ တော်ကြာ ကျောင်းစရိတ် ၊ တော်ကြာ ဆန်ဖိုး ၊ အမျိုးပေါင်း ကို စုံနေတာ ”

စကား ဖြတ် ပြီး အငြိမ့်ဆရာ စီးကရက် မီး ညှိတယ် ။ မီးခိုးငွေ့ တွေဟာ ဘယ်ညာ ခါယမ်းပြီး လွင့်ပျောက် ကုန်တယ် ။

သူ့ ခေါင်း ပေါ် က ပန်ကာ လေ အရှိန် ပြင်း သလို နှုတ်ထွက် စကား သံ က လည်း ပန်ကာလေ နဲ့ အပြိုင် ခပ်ပြင်းပြင်းပဲ  ရင်ဆိုင် မှာ ၊ ကျုံ့ကျုံ့ကလေး ထိုင်နေတဲ့ ကိုပီတိ ရင် ထဲ ကို မြင်းရိုင်း တစ်ကောင် လို ကဆုန် ပေါက် ဝင် သွားတယ် ။

အငြိမ့်ဆရာ က စိတ် ထဲ ရှိ သလို နှုတ် က ပြောပေမယ့် ကိုပီတိ ကတော့ စိတ် တစ်မျိုး နှုတ် တစ်မျိုး ၊ သည်လို လေ ...

“ ကျုပ်တို့ က မီးကျီးခဲ ၊ ဟုတ်ပါတယ် ဗျာ ၊ မီးကျီးခဲတွေ ပါ ၊ ခင်ဗျား ရဲ့ အငြိမ့် ဆို တဲ့ မီးကြွေအိုး ထဲ မှာ ထည့်ပြီး ခင်ဗျား စီးပွားရေး ခေါက်ရိုးကျ အောင် သားနား သပ်ရပ် အောင် အပူပေး ၊ အတိုက် ခံ ရင်း ပြာဖြစ်ရတဲ့ မီးကျီးခဲတွေ ပါ ဗျာ ၊ ပြာမှုန့် ဘဝ ထိ အကျိုး ပြုသွား ရတဲ့ မီးခဲတွေ ပါ ” ( စိတ်တွင်း )

“ အဟဲဟဲ ... အဆင် မပြေ လို့ ပါ အာစရိ ရာ ၊ နို့မို့ ဆိုရင် မတောင်းပါဘူး ” ( နှုတ်ထွက် )

အငြိမ့်ဆရာ စီးကရက် ကို ခပ်ပြင်းပြင်း ရှိုက်တယ် ၊ ပြီးတော့ မှ မျက်တောင်ကလေး စင်း တွဲ ပြီး ...

“ ငါ့ မှာ က လူ သုံးဆယ်ကျော် အဖွဲ့သားတွေ ရဲ့ ပြဿနာ ကို တစ်ယောက် တည်း ဒိုင်ခံ ဖြေရှင်း ပေးနေရတာ ကွ ၊ ပွဲ စရန်ငွေ ဆိုတာ ပူ အောင် တောင် မကိုင် လိုက်ရဘူး ”

“ လူ သုံးဆယ်ကျော် ကို တစ်ယောက် တည်း ဒိုင်ခံပြီး ပြဿနာ လုပ် နေတယ် ပြောပါ ၊ အလကား စရန်ငွေ ပူအောင် ကိုင် ရပါ့မလား ၊ ခင်ဗျား စီးပွားရေး ထဲ ထိုးသွင်း လှည့်ပတ်ပြီး အသုံးချ အမြတ်ရှာ နေတဲ့ဥစ္စာ ” ( စိတ်တွင်း )

“ လူကြီး ဆိုတော့လဲ ပင်ပန်းပေမပေါ့ ခင်ဗျာ ” ( နှုတ်ထွက် )

“ ပြီးတော့ ငါ က သူများ လို ချမ်းသာတဲ့ အငြိမ့်ဆရာ လဲ မဟုတ် ၊ ဒီ အဖွဲ့လေး တည်တံ့ပါစေတော့ ဆိုတဲ့ စေတနာ နဲ့ တစ်ရာ ကို သုံးကျပ်တိုး ယူပြီး ဒီပြင် လူတွေ ကို ငါးကျပ်တိုး နဲ့ ပြန်ချေး နေတာ ”

“ သိပြီးသားပါ ဗျာ ၊ ခင်ဗျာ ဥစ္စာ ရွှေရည်စိမ် စေတနာကြီး ပါ ” ( စိတ်တွင်း )

“ တစ်နှစ် တစ်နှစ် အတိုး ဆပ် ရတာနဲ့ ကိုယ် စားဖို့ ကျန်မှာ မဟုတ်ဘူး နော် ၊ အင်းလေ ... ဝါသနာ ဆိုတော့လဲ အခက်သား ” ( နှုတ် )

“ ပြီးတော့ ဒီ နှစ် မှာ ပွဲတွေ က လဲ အတော် ကျဲတယ် ၊ နယ် က သိပ် မလာသလို မြို့ပေါ်ပွဲ ကထိန်တွေ ၊ ဘုရားပွဲတွေ ကလဲ အပ်ထား တဲ့ ငွေ မရကြသေးတာ နဲ့ မငှား ကြဘူး ၊ ပြီးတော့ တစ်နှစ် မှာ ဆယ်ချီ လောက် ငှားတဲ့ ရပ်ကွက် နှစ်ခု ကလဲ မီးဘေး သင့် တယ်ကွာ ၊ ဝါဆို ပွဲ ကဖို့ ပြောတဲ့ အရပ် က လဲ ကျူးကျော် ထဲ ပါ လို့ ဖျက်တယ် ရွေ့ဟယ် နဲ့ လာတော့ လာပါ ရဲ့ တန်ဆောင်မုန်းပွဲ ၊ နတ်တော်ပွဲတွေ ၊ တချို့က စရန် နဲ့ ၊ တချို့ကျ ပုဂ္ဂိုလ် ရင်းနှီး နဲ့ ငွေ မပါဘူး ၊ ကိုယ့် အလုပ်သမားတွေ ပဲကွာ ၊ စားစေ ၊ သုံးစေချင်တာပေါ့ ၊ ဘယ် လက်ပိုက် ကြည့် နေနိုင်ပါမတုံး ၊ မင်း တို့ စိတ် ဆင်းရဲတာ ငါ စိတ်ဆင်းရဲတာ နဲ့ ဘာ ထူးသေးလဲကွာ ဒီ ကြားထဲ အပြိုင်အဆိုင် တွေ လိုက် မမီအောင် ကားလိပ် ၊ မီးခွင်တွေ က အစ ဖြည့်လိုက် စွက်လိုက် နဲ့ အိတ် ထဲ က စိုက် ထား ရတာလဲ ငွေ ပန်းလှပြီ ၊ ပွဲ က မှ ဒီ ငွေ ပြန်ရမယ် ၊ ကဲ ... ပွဲ က ဘယ် နေမှန်း မသိသေးဘူး ၊ အဖွဲ့ က လူသစ် တွေများ တီးလုံး တိုက်ရ   ရက်ရှည်ဦးမယ် ၊ ဇာတ်ထုပ်တွေ အသား မကျ မချင်း လက်မခံရဲဘူး ၊ တော်ကြာ တစ်နေ့ ချွတ်တလမွတ် ဖြစ်သွား ရင် ဒုက္ခ ၊ ငါ တော့ သီတင်းကျွတ်လပြည့် ဟိုဘက် ကျ မှ သေချာ ပေါက် ပွဲ လက်ခံ ရဲ မှာ ၊ မင်း မှာ ငွေ လို နေတာ ငါ ကိုယ်ချင်း စာပါတယ် ၊
လောလောဆယ်တော့ မရှိသေးတာ အမှန်ပဲ ”

“ တောက် ... ကျုပ် က ဝမ်းရေး ဟမယ် ကြံကာ ရှိသေး ခင်ဗျား လျှာရေး  ပြလိုက်တာ ပါတာလေး တောင် ပြန် ပေးခဲ့ရဦးမယ့် ကိန်းပါ လား ၊ ဝန်ကြီးပဒေသရာဇာ ခင်ဗျား နဲ့ တွေ့သွားခဲ့ရင် ' လျှာရေး သုံး ဆယ့်ခုနစ်ချင်း ' ဆိုပြီး ပေထက် အက္ခရာ တင်ခဲ့မှာ မလွဲဘူး ၊ မရှိဘူး ... မရှိဘူး ဆိုပြီး ခေါင်းယမ်း လိုက်တိုင်း လှုပ်ခါ လှုပ်ခါ ဖြစ်သွားတဲ့ ခင်ဗျား အိတ်ထောင် တွဲတွဲကြီး ထဲ က ပိုက်ဆံ ကို ကျုပ် မမြင်ဘူး ထင် နေသလား ကိုလူလည်ကြီး ရဲ့ ” ( စိတ် )

“ အဟဲဟဲ ... ဒါဖြင့်လဲ ပြန် စရိတ်ကလေး ငါးကျပ် လောက် တော့ ... ဟဲဟဲ ”

“ တကယ်ပါကွာ ... မပူ ချင်လို့ အဝေး တိမ်း နေတာတောင် မီးပွားကလေး တော့ စင် ဖြစ်အောင် စင်လိုက်သေးတာပဲ ၊ အဟုတ် ကို မီးကျီးခဲတွေ ပါပဲ ကွာ ”

“ ဆန်ဖိုး ”

နုံးနုံး မောမော နဲ့ အိမ် ရောက်လို့ အပန်းဖြေမယ် ကြံကာ ရှိသေး ဇနီးသည် က အရေးကြီးဆုံး ကဏ္ဍ ကို ကြွေးကြော်ရင်း လက်ဝါး ဖြန့် လာတယ် ။

လက်မှတ်ရောင်း အမ်း လိုက်တဲ့ ကျပ်တန်လေးရွက် အခေါက် လိုက် ထုတ် ပေး ပေမယ့် ဇနီး က ထွက် မသွားသေးဘဲ ... 

“ နက်ဖြန် အတွက် ကကော ၊ ပြီးတော့ ဆန် က နို့ဆီတစ်ဘူး တစ်ကျပ်ခွဲ ဖြစ်သွားပြီ ”

“ အဲလိုဆို သုံးကျပ်ဖိုး နှစ်ဘူး ဝယ်ခဲ့ ၊ နက်ဖြန် အတွက် ပေါင် ထားတဲ့ ကုန်ဝယ်စာအုပ် ပေါ် က သာ ထပ် ယူပေတော့ ၊ ပွဲ မဝင် လို့ တဲ့ ၊ ငွေ မပေးလိုက်ဘူး ၊ ပွဲ ဝင်ရင်လဲ အကြောင်းမျိုးစုံ ပြပြီး ပေးမှာ မဟုတ်ပါဘူး ”

“ တစ်ရာ လောက် မှ ရအောင် တောင်းနိုင်ဘူးလား တော် ”

“ နင် တစ်လှည့် သွား လိုက်ပါဦးလား ၊ နင့် ဆို အစိတ်လောက် တော့ ပေး မှာပါ ”

စိတ်ချဉ်ပေါက်ပေါက် နဲ့ အငေါ် တူး လွှတ်လိုက်မှ ဆောင့်ကြီး အောင့်ကြီး နဲ့ ထွက် သွားတယ် ။ နိုင် တဲ့ မိန်းမ ယူ ထားမိလို့သာပေါ့ ။ တော်ရုံများ ဖြင့် သည်နေရာ သတ်ပွဲ ရိုက်ပွဲ ပဲ ။ သူ့ နား ထဲ မှာ အငြိမ့် ဆရာ စကားသံ တွေ ပြန် ကြားလာတယ် ။ 

ရှေ့ မှာ သွားကလေး အဖြဲသား နဲ့ ငုဲ့ခံ ဝပ်စင်း လာခဲ့ရပေမယ့် မျက်ကွယ် မှာ တော့ ရှက်ဒေါသ ၊ မောသောက တွေ တရိပ်ရိပ် တလွှားလွှား ။ တောက် ... သူ့ အဖွဲ့ ထဲ လိုက်ဖို့ လာ ခေါ်တုန်း က ဖြင့် သည် မျက်နှာမျိုး မဟုတ်ဘူး ။ တကယ့်ကို မျက်ကလဲ ဆန်ပျာ ။ ခုပဲ ထမ်း ခေါ် သွားတော့ မလိုလို ထိုင်ပဲ ဦးချတော့ မလိုလို ရက်ရော လိုက်တဲ့ ငွေ ။

လက်ဖက်ရည်ဖိုး တစ်မျိုး ၊ ကွမ်းယာဖိုး တစ်မျိုး ဟောခနဲ ၊ လျှော ခနဲ ၊ စာချုပ်စာတမ်း နဲ့ လက်မှတ် ထိုးပြီး သူ့ အလုပ်သမား လည်း လာ ဖြစ်ရော ၊ အားလုံး ဆန့်ကျင်ဘက် ။ ပက်ပက်စက်စက် ပြော လွှတ် လိုက်တာ ပို သေး ၊ မီးကျီးခဲတွေ တဲ့ ။

တောက် ...

“ ဖေကြီး ... မုန့်ဖိုး ”

ဟာ ... လန့်လိုက်တာ ၊ သည် နွားကလေး က တစ်မှောင့် ၊ လူ ဖြင့် လေးနှစ် မပြည့်သေးဘူး ၊ တစ်နေ့ နှစ်ကျပ် လောက် ဖြုန်းတတ် နေပြီ ၊ ကိုယ့် သား မို့ လို့ ပေါ့ ၊ သူ များကလေး သာ ဆို ရင်  နားရင်း ပူ ပြီသာ မှတ် ၊ လူ မတွေ့ နဲ့ တွေ့ လိုက်တာနဲ့ ရင်ခွင် ထဲ ဇွတ် တိုး လက်ဖြန့် တောင်းပြီ ။

ဪ ... တောင်း တာလည်း သူ့ ကို အပြစ် မဆိုသာဘူး ၊ ငါ ကို က အကြိမ်ပေါင်း များစွာ အကျင့် လုပ်ပြီး ပေး ပေးနေ ခဲ့တာကိုး ၊ ရှေ့ ရှောက် ပွဲ မဝင် ၊ ငွေ မရွှင် နဲ့ ၊ သည်ကောင် သည် အချိုး ချိုး နေရင် ဘယ်နှစ်ကြိမ် အထိ ငါ သည်းခံ နိုင်မလဲ ၊ အသိ မဖွံ့ဖြိုးသေးတဲ့ ကလေး ကို မသိတတ်စွာ ရိုက် ပြန်ရင် ငါ ပဲ မိုက်ရာ ကျတော့မယ် ။

ခု ကတည်း က မှာ ထားမှ ။ ကိုပီတိ ကြောင်ချေးရုပ် သူ့ သား မျက်နှာ ကို စိုက် ကြည့်တယ် ။ ပြီးမှ အိတ် ထဲ မှာ ကျန် နေတဲ့ အဖော် နဲ့ ငါးမူးစေ့ကလေး ကို ထုတ် ယူပြီး သူ့ သား လက်ဝါး ပေညစ်ညစ် ထဲ ကို ထည့် ပေးရင်း ခပ်ဆို့ဆို့ အသံနဲ့ ကလေး နားလည်မယ့် အထိမ်း အမှတ်တွေ ရွေးပြီး ...  ။

“ သား ... အဖေ ပြောမယ် ၊ နောက် ရေတွေ အများကြီး ပက် ပြီး ရင် မုန့်ဖိုး သိပ် မကောင်း နဲ့ တော့ နော် ၊ ဖယောင်းတိုင်တွေ အများကြီး ထွန်းပြီ ဆို မှ ငါ့ သား တောင်း ချင်သလောက် တောင်းပေတော့ ”

◾ချစ်စရာ

📖 ကိုပီတိ

#ကိုအောင်နိုင်ဦး

.