Showing posts with label ကျွန်း. Show all posts
Showing posts with label ကျွန်း. Show all posts

Thursday, April 20, 2023

ကံကောင်းပါရစေ


 

❝ ကံကောင်းပါရစေ ❞

“ ထမင်း မဆာသေးဘူးလား ”

အလုပ်တွေ ကို ခေါင်း မဖော် တမ်း သိမ်းကျုံး လုပ်နေသည့် ချစ်စဖွယ် သူငယ်ချင်းမလေး ကို လှမ်း မေး လိုက်သည် ။ နေ့လယ် တစ်နာရီ ထိုးတော့မည် မို့ အခု ချိန် မှ ထမင်း မစား လျှင် ( ၂ ) နာရီ ဆေးထိုး အချိန် နှင့် ဆက် သွား ကာ နေ့လယ်စာ လွတ် ဖို့ များသည် ။

“ နင် ဆာရင် သွား စားနှင့် ဇင်သူ ရေ ၊ ငါ အပ်တွေ ပြုတ် ပြီး မှ လိုက်ခဲ့မယ် ”

အတူတူ စားချင်လို့ တမင် ခေါ်တာပဲ ။ စောင့်ရ မှာ ပေါ့ ။

“ ပြီးအောင်သာ မြန်မြန်လုပ် ၊ ငါ ထိုင်စောင့် နေမယ် ”

အနီး က ထိုင်ခုံ တွင် ဝင် ထိုင်ရင်း သူမ ၏ လှုပ်ရှားမှုများ ကို ငေးကြည့် နေမိသည် ။ အရမ်း ချောသည် ဟု မဆိုနိုင် သော်လည်း သိပ်ချစ်စရာ ကောင်းသည့် ကောင်မလေး ။ ဆေးတက္ကသိုလ် ပထမနှစ် တွင် နာမည် အက္ခရာ အတိုင်း ခုံနံပါတ် စီ သည့် အချိန် မှ စတင်၍ ခုံနံပါတ်ချင်း ကပ်လျက် ဖြစ်ခဲ့သည် မို့ ဇလပ်ဖြူ ဆိုသည့် သူမလေး နှင့် ခင်မင်ခွင့် ရခဲ့သည် ။ အိုက်တင် မများဘဲ စကား ကို ပွင့်ပွင့်လင်းလင်း ပြောတတ်ရုံ သာ မက ၊ နောက်တတ် ပြောင်တတ် သဖြင့် အခြား သူများ ထက် ပို ကာ ရင်းနှီး ခဲ့သည် ။ ခင်မင်မှု သက်တမ်း ကြာရှည်လာသည် နှင့် အမျှ ရိုးသားစွာ ခင်မင်ခဲ့သော သူ့ စိတ် တွေ အရောင် ပြောင်း လာ ခဲ့သည် ။ အလုပ်သင် ဆရာဝန်တွေ ဖြစ်ကြ တော့ လည်း ဆရာဝန် ပီသသည့် သူမ ၏ စေတနာများ ၊ လုပ်ရပ်များ ကြောင့် ပိုမိုကာ ချစ် လာ မိသည် ။ ဖွင့်ပြောမည် ဟု အကြိမ်ပေါင်း များစွာ စဉ်းစားခဲ့ သော်လည်း သူမ ရှေ့ ရောက်လျှင် စကားလုံးတွေ ဘယ်လို ပျောက်ကွယ် သွားသည် မသိ ။ ဒီလို ခင်မင်ရင်းနှီးစွာ နေရသည့် သူငယ်ချင်း ဘဝလေး ပျက် သွားမှာ ကို တစ်ဖက် က စိုးရိမ်မိ သလို ၊ တစ်ဖက် က လည်း သူမ လည်း သူ့ အပေါ် တွင် သူ့ လို ပင် သံယောဇဉ် ရှိလိမ့်မည် ဟု ယုံကြည်နေမိ ပြန်သည် ။

သူတို့ နှစ်ယောက် စလုံး ကလေးဆေးရုံကြီး တွင် အလုပ်သင် ဆရာဝန် အဖြစ် အတူတူ စတင် တာဝန်ကျ သော်လည်း လူနာဆောင် ချင်း က တော့ မတူပါ ။ သို့သော် ဂျူတီချိန် တူ တိုင်း သူ က သူမ ကို ထမင်း အတူတူစား ရန် သွား ခေါ် နေကျ ။ အလုပ်သင် ဆရာဝန် တို့ ၏ ထုံးစံ အရ လှည်းကူး သို့ နှစ်ပတ်အကြာ ကွင်းဆင်း လေ့လာရန် သွား လျှင်လည်း အတူတူသွား ရအောင် ဒုတိယ အဖွဲ့ တွင် နှစ်ဦး စလုံး စာရင်း ပေးထား ပြီး သား ။ သူ့ စိတ် ကို ရိပ်မိ နေကြသော သူငယ်ချင်းများ က သူ နှင့် သူမ ကို မသိမသာ ရော ၊ သိသိသာသာ ပါ နောက်ပြောင် ကြသော်လည်း သူမ ကတော့ သူ နှင့် အခင်အမင် အသွားအလာ မပျက်ပါ ။ ဒါကိုပင် သူ့ အတွက် အခြေအနေ ကောင်းသည် ဟု ဆိုရမည် လား ။ ခုနေများ ဖွင့် ပြော လိုက်လျှင် သူမ ဘာ ပြောလေမလဲ ။ စိတ်ကူး အယဉ် လွန် နေစဉ် တယ်လီဖုန်းသံကြောင့် အတွေး ပျက်သွားသည် ။

ဖုန်း ကိုင်သော ဆရာမ က…

“ ကိုဇင်သူ ဆို တာ ရှိလား ”

ဟု မေးသည် ။

“ ဟုတ်ကဲ့ ... ကျွန်တော် ပါ ပဲ ”

“ ယူနစ်တူး က ဖုန်း ဆက်တယ် ၊ အခု လာခဲ့ပါတဲ့ ”

သူ့ အပြင် သူ တာဝန် ကျသည့် လူနာဆောင် ထဲ တွင် အခြား အလုပ်သင် ဆရာဝန် နှစ်ယောက် လည်း ရှိသေးသည် မို့ ဘာများ အရေးကြီးပါလိမ့် ဟု သူ စိတ်ပူ သွား မိသည် ။

“ ဇလပ် ရေ ငါ သွားတော့မယ် နော် ”

အလျင်အမြန် နှုတ်ဆက်ပြီး လှေကားထစ်များ မှ ပြေးဆင်း ခဲ့သည် ။

“ ကျွန်တော့် ကို ခေါ်တယ် ဆို ”

သူတို့ လူနာဆောင် ထဲ မှ တာဝန်ကျ ကလေးအထူးကု ဆရာဝန် က သူ့ ကို မော့ ကြည့်သည် ။

“ ဪ … မောင်ဇင်သူ လား ”

“ ဟုတ်ပါတယ် ”

“ ထိုင်ပါဦး ”

ဇဝေဇဝါ ဖြင့် သူ ဝင် ထိုင် လိုက်သည် ။ ခိုင်းဖို့ ခေါ်တာတော့ ဟုတ်ဟန် မတူ ။

“ မနေ့က သွေးလှူဘဏ် မှာ သွေး လှူခဲ့သေးလား ”

“ ဟုတ်တယ် မမ… သွေးအရေးပေါ် လိုပြီး သွေး ရှာ မရဘူးလို့ ကလေးမိဘ တစ်ယောက် က လာ ပြောတယ် ။ ကျွန်တော့် သွေး နဲ့ လည်း အမျိုးအစားချင်း တူ နေတာနဲ့ လှူ လိုက်တာ ”

“ မင်း hepatitis B ကာကွယ်ဆေး ထိုး မထားဘူးလား ”

“ မထိုးရသေးဘူး မမ ”

“ အေး … မမ လည်း စိတ် မကောင်းပါဘူး ။ အခုပဲ သွေးလှူဘဏ် က ဖုန်း ဆက်တယ် ။ မင်း ရဲ့သွေး ထဲ မှာ hepatitis B ပိုး တွေ့လို့ တဲ့ ”

“ ဗျာ ”

•••••   •••••   •••••   •••••

အသည်းရောင်အသားဝါ ဘီပိုး မိမိ ကိုယ် ထဲ မှာ ရှိနေပြီ ။

ဘယ် အချိန် က များ ဝင် သွားတာပါလိမ့် ။ အေး လေ သူ ကိုယ်တိုင် က ပေါ့ဆ ခဲ့တာပဲ ။ သူတို့ ကို ဆရာ တွေ ဆရာမတွေ က ကာကွယ်ဆေး ထိုး ဖို့ အကြိမ်ကြိမ် သတိပေး ခဲ့ကြသည် ။ သာ့ဒ်အမ်ဘီ က သင်ခဲ့ရတာတွေ ကို သတိရ လိုက်မိသည် ။ အသည်းရောင်အသားဝါဘီ ပိုး ကူးစက်ရန် ရောဂါပိုး ရှိသူ၏ သွေး ၀.၀၀၀၁ မီလီမီတာ သာ လိုအပ်သည် မို့ သွေးတစ်စက် လောက် နှင့် ပင် ကူးစက်နိုင်သည် တဲ့ ။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေ က ရောဂါ ရှိသူ နှင့် လိင် ဆက်ဆံခြင်း ၊ နမ်းရှုတ်ခြင်း ၊ ရောဂါရှိသူ ၏ သွေး ကို သွင်းမိခြင်းတို့ အပြင် ရောဂါ ရှိသူ သုံးထားသော ဆေးထိုးအပ် မှ တစ်ဆင့် လည်း ကူးနိုင်သည် ။ မွေးကင်းစ ကလေးတွေ က တော့ အမေ က တစ်ဆင့် ကူး လာကြတာ များသည် ။

သွေးတွေ ၊ ဆေးထိုးအပ်တွေ ကို ကိုင် နေရတဲ့ ဆရာဝန်တွေ ဟာ လည်း အကူးစက်နိုင်ဆုံး သူများ စာရင်း မှာ ပါဝင်သည် ။ သူ ဘာလို့ ဒီလောက်တောင် သတိ ကင်းလွတ်စွာ နေခဲ့ မိတာလဲ ။ ကလေးတွေ ကို သွေး ဖောက်ရ အလွန် ခက်သည် ။ ရုန်းလိုက် ငိုလိုက် နှင့် မို့ လက်အိတ် ဝတ် ထားလျှင် သွေး ဖောက်လို့ အဆင် မပြေ သဖြင့် သူ တစ်ခါမှ လက်အိတ် မဝတ်ခဲ့ ။ ထို့ကြောင့် ကလေး တစ်ယောက် ကို သွေး ဖောက်တိုင်း သူ့ လက် တွင် သွေး အမြဲ ပေခဲ့သည် ။ HIV ပိုးများ ပါဝင် နေခဲ့လျှင် ဘယ်လို လုပ်မလဲ ။ အခုမှ ကိုယ် ပေါ့ဆ ခဲ့ သမျှတွေ ကို နောင်တ ရ ကာ ကြောက်ရကောင်းမှန်း သိလာတော့သည် ။

အခုတော့ အသည်းရောင်အသားဝါ ဘီပိုး က သူ့ ကိုယ် ထဲ ဝင် သွားခဲ့ပြီ ။ သူ ဘာတွေ ဖြစ်နိုင်သလဲ ။ သင်ခဲ့ရသည့် စာ များ ကို အလျင်အမြန် စဉ်းစား လိုက် မိသည် ။

အသည်းရောင် ရာ မှာ သိပ် ဆိုးလျှင် ချက်ချင်း သေနိုင်သည် ။

သိပ် မဆိုးလျှင် ကြာရှည် အသည်းရောင် ရာ မှ အသည်းခြောက် နိုင်သည် ။

ထိုမှ တစ်ဆင့် အသည်းကင်ဆာ လည်း ဖြစ်နိုင်သေးသည် ။

ကံ ကောင်းသူများ တွင် ဘာ ရောဂါလက္ခဏာ မှ မပြဘဲ တစ်သက်လုံး လူကောင်း ပကတိ အတိုင်း နေသွား ပေလိမ့်မည် ။ သို့သော် ထို သူ တို့ သည် ရောဂါပိုး သယ်ဆောင် ထား သူများ ဖြစ်ကြ သဖြင့် ထို သူ တို့ ထံ မှ တစ်ဆင့် ရောဂါ ပြန့်ပွားမည့် အန္တရာယ် ရှိသည် ။

အသည်းရောင်ခြင်း ၏ နောက်ဆက်တွဲ ပြဿနာများ ကို လည်း ခံစားရနိုင်သေးသည် ။

ခေါင်းတွေ မူးနောက် လာ ကာ ဆက် မတွေးချင်တော့ ။ သူ  ဘာ ဆက် ဖြစ်မလဲ ၊ သူ မသိချင်တော့ ။ သေချာတာ တစ်ခု က တော့ အကောင်း အတိုင်း ပြန် မဖြစ်နိုင်တော့တာပင် ။ အခု ထက် ထိ ဘာ ရောဂါလက္ခဏာ မှ မပြသေး သဖြင့် သူ ကံကောင်း နေသေးသည် ဟု ဆိုရမည် ။ သူ့ ကြောင့် ဘယ်သူမှ ဒုက္ခ မရောက်စေရ ။ သူ့ ဆီ က ဘယ်သူမှ မကူးဆက်အောင် သူ ဂရုစိုက်မည် ။ သူ သိပ် ချစ်တဲ့ ကောင်မလေး ကို လည်း ဖွင့် မပြောတော့ ၊ တစ်သက်လုံး လည်း အိမ်ထောင် မပြုတော့ ဟု သူ့ ကိုယ် သူ ကတိ ပြုလိုက်မိသည် ။

•••••   •••••   •••••   •••••

အပျော်ဆုံး အချိန်တွေ ဖြစ်မည်ဟု မျှော်လင့်ထားမိခဲ့ ဖူးသော လှည်းကူး လေ့လာရေး ခရီး က သူ့ အတွက် တော့ စိတ် အပင်ပန်းဆုံး ကာလများ ဖြစ်ခဲ့သည် ။ ဆေးရုံ မှာ ဇလပ်ဖြူ ကို ရှောင်ရတာ လွယ်ကူသော် လည်း အလုပ်သင် ဆရာဝန် ( ၁၆ ) ယောက် သာ ပါသော လှည်းကူး ခရီး မှာ တော့ မလွယ်ကူလှပါ ။

အားလပ်ချိန် တွင် အများက အတူတူ စကားပြောကြ ၊ ကစားကြ ၊ အပြင်သွား လည်ကြ သော်လည်း သူ က တော့ အခန်း ထဲ တွင် သာ အောင်းနေမိသည် ။

ကျမ်းမာရေး စစ်တမ်း ကောက်ရန် ရွာ ထဲ သို့ ဆင်းရသည့် နေ့ က မိန်းကလေး သူငယ်ချင်း တစ်ဦး က သူတို့ နှစ်ဦး ကို ကြည့်ကာ

“ နင် တို့ စိတ်ကောက် နေကြတာလား ”

ဟု မေးသည် ။

အမြဲလိုလို တတွဲတွဲ ရှိနေခဲ့သည့် သူတို့ နှစ်ဦး အနေ စိမ်း နေသည် ကို အခြားသူများ သတိထား မိကြပေမည် ။ ဇလပ်ဖြူ က ….

“ အလကားပါ ၊ ဒီကောင် ငါ့ ဆီ က ပိုက်ဆံ ချေးပြီး ပြန် မပေးချင်တာ နဲ့ ရှောင်နေတာ ” တဲ့ ။

သူမ စကား ကြောင့် တစ်ဖွဲ့လုံး ဝိုင်း ရယ်ကြကာ သူ ပင် ပြုံးမိ သွားသည် ။ သည် ကောင်မလေး လို တင်း ထားနိုင်သည့် စွမ်းအား သူ့ မှာ လုံးဝ မရှိပါလား ဟု သတိထား မိ လိုက်သည် ။

အရင်လို ခေါ်ခေါ် ပြောပြော ပြန် နေ ပြန် တော့လည်း သံယောဇဉ်ကြိုး တွေ ထပ်မံ ရစ်ပတ်ကာ သူ့ မှာ သာ စိတ် ဒုက္ခတွေ ရောက်ရသည် ။ သူမ က တော့ ဘာမှ သိဟန် မတူ ။ အမြဲ ချိုသာ ဖော်ရွေသည့် ဖြူစင်လှသည့် ကောင်မလေး ။ တကယ်တမ်း လက်လွှတ် ဆုံးရှုံးရ မှာ ကို ကြောက်ရွံ့ ထိတ်လန့် လာပြန်သည် ။

မဖြစ်နိုင်တော့တဲ့ အတူတူ တတ်နိုင် သမျှ အဝေး မှာ နေတာပဲ ကောင်းလိမ့်မယ် ထင်တယ် သူငယ်ချင်းလေး ရယ် ။

•••••   •••••   •••••   •••••

ဒုတိယ တာဝန်ကျသည် က သားဖွားမီးယပ်ဌာန ။ သူမ က ဗဟိုအမျိုးသမီးဆေးရုံကြီး တွင် တာဝန် ကျသည် ။ သူ ကတော့ တစ်ခါမှ ရင်းရင်းနှီးနှီး မရှိခဲ့သည့် သူများနှင့် တွဲကာ အရှေ့ပိုင်းဆေးရုံ သို့ တောင်း ကာ ယူလိုက်သည် ။

၃ လ ခန့် စိတ် သက်သာရာ ရလည်း မနည်း ဟု ယူဆ ကာ ဗဟိုအမျိုးသမီးဆေးရုံ ကို ခြေဦး မလှည့်ဖြစ် ရန် စိတ် တင်း ထားရသည် ။ တကယ်တမ်း အဝေး မှာ နေ မှ ပို လွမ်းကာ ၊ ပိုပြီး ဝေဒနာတွေ တိုး လာ ရသည် ။

တစ်ရက်တော့ သူမ က သူငယ်ချင်းများ နှင့် အတူ သူ ရှိရာ အရှေ့ပိုင်းဆေးရုံ သို့ ရောက်လာ ခဲ့သည် ။ တစ်ယောက် တည်း စိတ်တွေ ရှုပ်ထွေး ကာ မျက်နှာ ထား ရ ခက် နေသော သူ့ ကို သူမ က နောက် ဖြစ်အောင် နောက် သွား သေးသည် ။

“ အကြွေး မဆပ်နိုင်လည်း ပြန် မတောင်းပါဘူး ၊ သိပ် ကြောက် မနေပါနဲ့ ” တဲ့ လေ ။

တတိယ တာဝန်ကျသည် က ခွဲစိတ်ကုပညာဌာန ။ သူ က လက်ရှိ အဖွဲ့ နှင့် ပင် တွဲကာ အရှေ့ပိုင်းဆေးရုံ ခွဲစိတ်ဆောင် သို့ ဆက် ယူ လိုက်သည် ။ သူမ က တော့ ဆေးရုံကြီး တွင် တာဝန်ကျ သည် ။

နောက်ဆုံး တာဝန်ကျသည့် ဆေးပညာဌာန အတွက် မဲ နှိုက်ရတော့ မှ ပဲ သူ ဒုက္ခ ရောက်တော့သည် ။ အခြား ဝါ့ဒ်များ မဲ ကျလျှင် အခြားသူ တစ်ဦး နှင့် နှစ်ဦး သဘော တူ လျှင် လဲ ခွင့် ရှိသော်လည်း လူနာဆောင် ၁ နှင့် ၂ မှ ဆရာဝန်ကြီး က လဲ ခွင့် မပြု ။ ကံ အတိုင်းပဲ ရှိပါစေ ဟု ဆိုသည် ။ သူ ကော ဇလပ်ဖြူ ပါ လူနာဆောင် ၁ နှင့် ၂ တွင် တာဝန် ကျ သည် ။

သူ စိတ်ညစ် သွား သလောက် သူငယ်ချင်းတွေ က တော့ ပြုံးစိစိ ။ သူတို့တွေ က သူ့ အကြောင်း မှ မသိကြတာ ။ သူ့ ဒုက္ခ ကို ဘယ် ကိုယ်ချင်း စာနိုင်ပါ့မလဲ ...

သူ ( ၃ ) လ တော့ စိတ်ဒုက္ခ ရောက်ရပေဦးမည် ။ နီး လျက် နှင့် ဝေး ရသည့် ဒဏ် ကို ခံစားဖူး မှ သာ သဘောပေါက် နိုင်ကြမည် ထင်သည် ။

•••••   •••••   •••••   •••••

အလျင် လိုပါသည် ဆို မှ ဆေးပုလင်း က ဖောက်လို့ မရ ။

လက်အိတ် က လည်း ဝတ်ထားသည် မို့ လုပ်ရ ကိုင်ရ တာ အား မရ ။ စိတ် မရှည် ဖြစ်လာကာ ဆေးပုလင်း ကို ချိုးချ လိုက်သည် ။

“ အား ”

ဆေးပုလင်း ထက်ပိုင်း ကျိုး ကာ အကွဲစ တစ်ခု က လက်အိတ် ကို ပါ ဖောက်ပြီး လက် ထဲ စိုက် ဝင် သွားသည် ။

“ ဟယ် …. ဇင်သူ ၊ သွေးတွေ နဲ့ နင် က အရမ်း လုပ်တာကိုး ”

သူ လက်အိတ် ကို ကမန်းကတန်း ချွတ် ကာ လက် မှ သွေးများ ကို ဆေး နေစဉ် သူမ သူ့ အနီး သို့ ရောက် လာသည် ။

“ ပြစမ်း ... ဘယ်လောက် ထိ သွားသလဲ ကြည့်ရအောင် ”

သူ့ လက် ကို လှမ်း ကိုင် လိုက် သဖြင့် သူမ လက် တွင် သွေး အနည်းငယ် ပေ သွားသည် ။

“ ဟာ ... ဇလပ် ၊ မြန်မြန် ဆေး ၊ ငါ့ မှာ hepatitis B ရှိတယ် ”

သူ့ စကား ကြောင့် သူမ လန့်သွားမည် ဟု ထင် သော်လည်း သူမ ကတော့ ခပ်အေးအေးပင် ။

“ ကိစ္စ မရှိပါဘူး ။ ငါ က စောစောစီးစီး ကာကွယ်ဆေး ထိုးထားပြီး လို့ အန်တီဘော်ဒီ တောင် ထွက် နေပြီ ”

ဒါဆို သူမ ကို မကူးနိုင်တော့ဘူးပေါ့ ။ သူ အခုမှပင် သက်ပြင်း ချ နိုင် တော့သည် ။ သူမ ဆက် မေးသည် ။

“ နေပါဦး ... နင် က ဘယ်မှာ စစ်လို့ ဘယ်တုန်းက သိရတာလဲ … သေကော သေချာရဲ့လား ”

“ ငါ ကလေးဆေးရုံ မှာ သွေးလှူတုန်း က သိ ရတာ ၊ သေချာတယ် ထင်တာပဲ ”

“ နင် က လည်း တစ်ခေါက် လောက် တော့ ပြန် စစ်ပါဦး ... တစ်ခါတလေ မှား တတ်တယ် ဆိုတာ သိသားနဲ့ ”

သူ့ စိတ်တွေ ထွေပြား ကာ ပြန် စစ်ဖို့ တစ်ခါမှ သတိ မရခဲ့ ။

“ အေး ဟုတ်တယ် ၊ ဒီ ညနေ ပဲ ငါ သွား စစ်မယ် ”

သူ ဝမ်းသာအားရ ပြောလိုက် မိသည် ။

တကယ်လို့များ အဖြေ မှား နေခဲ့တယ် ဆိုရင် ...

သူ့ ရင်ထဲ မျှော်လင့်ချက် တို့ ပြန်လည် ကာ ရှင်သန် လာသည် ။

သူ ပြော သလို မှားတာပဲ ဖြစ်ပါစေဟု သူ ဆုတောင်း နေမိသည် ။

•••••   •••••   •••••   •••••

နောက် တစ်နေ့ မနက် တွင် မြူးတူး သွက်လက်စွာ ဆေးရုံ ထဲ ဝင် လာသည့် သူ့ ကို သူမ က လှမ်း မြင်ပြီး ကော်ရစ်ဒါ တွင် ရပ် စောင့်နေသည် ။

“ ဘယ်လိုလဲ သွေး စစ်ထားတဲ့ အဖြေ ရခဲ့ပြီလား ၊ နင့် ပုံ ကြည့်တာ နဲ့ ငါ အတပ် ပြော နိုင်တယ် ။ သွေးလှူဘဏ် က မှားတာ မဟုတ်လား ၊ နင့် မှာ hepatitis B မရှိဘူး မဟုတ်လား ”

ဟု တက်ကြွစွာ မေးသည် ။

“ သွေးလှူဘဏ် က မမှားဘူး ၊ ဒါပေမဲ့ ငါ့ မှာ အန်တီဘော်ဒီ ထွက် လာပြီး အန်တီဂျင် ပျောက် သွားပြီ ၊ ငါ စီပိုး နဲ့ အိတ်ချ်အိုင်ဗီ ပါ စစ်လာခဲ့ သေးတယ် ။ အားလုံး နက်ကတစ်ဗ် ”

“ ဟယ် နင် သိပ် ကံကောင်းတာပဲ ။ ဒီလို ဘီပိုး ဝင်သွား ပြီး မှ အန်တီဘော်ဒီ ထွက် လာတာ ရှားတယ် ”

အန်တီဘော်ဒီ ထွက် လာသည့် သဘော မှာ ကာကွယ်ဆေး ထိုး သလိုပဲ ရောဂါပြီး သွားခြင်း ဖြစ်သည် ။ သို့သော် သဘာဝ က ထွက်သော အန်တီဘော်ဒီ က ကာကွယ်ဆေး ထက် ကြာကြာ ခံသည် ။

သူ့ အတွက် ဝမ်းသာ နေသော သူမ မျက်နှာလေး ကို ငေး ကြည့်ရင်း စိတ် မထိန်းနိုင်စွာ အနှစ်နှစ် အလလ က ပြောချင် နေခဲ့သော စကားတွေ ပွင့်အန်ကျ လာသည် ။

“ ငါ နင့် ကို ချစ်တယ် ”

“ အယ် … ဘာဆိုင်လို့လဲ ”

ရှက်သွေး ဖြာ သွားသည့် မျက်နှာလေး က လည်း ချစ်စရာ ။ စကားတွေ ဆက်တိုက် ပြောချ လိုက် မိသည် ။

“ ငါ နင့် ကို ဖွင့် ပြော ချင် နေတာ ကြာ လှပြီ ၊ နင် စိတ်ဆိုး မှာ စိုးလို့ မပြောဖြစ်ခဲ့ဘူး ။ ပြီးတော့ ငါ့ မှာ အသည်းရောင်ပိုး ဘီ ရှိ နေပြီလို့ သိ လိုက်ရတော့ ငါ တစ်သက်လုံး မိန်းမ မယူတော့ဘူးလို့ ဆုံးဖြတ်ပြီး နင့် ကို လည်း ဘယ်တော့ မှ ဖွင့် မပြောတော့ဘူးလို့ နေလိုက်တာ ။ ငါ အဲဒီ အချိန်တွေ မှာ ဘယ်လောက် ခံစားခဲ့ရလဲ နင် သိရဲ့လား ၊ နင် ကကော ငါ့ ကို ဘယ်လို သဘော ထားလဲ ငါ သိပါရစေ ဟာ ”

ရှက်သွေး ဖြာ နေသည့် မျက်နှာလေး ပြုံး လာကာ မျက်တောင်ရှည် အောက် မှ မျက်ဝန်းတောက်တောက်ကလေးတွေ ပြန် ပေါ်လာသည် ။

“ နင့် ကို လား ... ”

“ အင်း ”

သူ က မျှော်လင့်ချက် ကြီးစွာ နားစွင့် နေ မိသည် ။

“ အူကြောင်ကြောင် နဲ့ ငပေါ ပဲ လို့ သဘောထားတယ် ”

ရယ်မောကာ လှည့် ထွက် သွားသည့် သူမ နောက် ကို ကြောင်ငေးကာ ကျန်ရစ်ခဲ့သူ ကတော့ သူ ပင် ဖြစ်သည် ။ သိပ် ဆိုးတဲ့ ကောင်မလေး ၊ စိတ် မဆိုးသွားဘူး ဆိုတော့ သူ့ အခြေအနေ ကောင်းသည့် သဘောပေါ့ ။ တစ်သက်လုံး တွယ် လာခဲ့သည့် သံယောဇဉ်လေး ကို ထောက်ကာ ပစ်ပစ်ခါခါ တော့ မလုပ်တန်ကောင်းပါဘူး နော် ။

သည် တစ်ခါလည်း ကိုယ် ကံကောင်းပါရစေဦး ။

◾ကျွန်း

📖 လုံမလေးမဂ္ဂဇင်း
      သြဂုတ်လ ၊ ၂၀၀၁

#ကိုအောင်နိုင်ဦး

.

Monday, January 30, 2023

ကာရန်မဲ့


 

❝ ကာရန်မဲ့ ❞

စွဲလမ်းမှု တစ်ခု ဘယ် အချိန် က အမြစ်တည် ခဲ့တယ် ဆိုတာ ကို တိတိကျကျ မမှတ်မိပေမယ့် မိုးတွေ ရွာ နေတဲ့ ဆောင်းတွင်း ကာလ တစ်ခု မှာ ကိုယ် မင်း ကို ချစ်နေခဲ့ပြီ ဆိုတာ က တော့ အသေအချာ ပဲ ။

မိုး မရွာ သင့် တော့ တဲ့ ဆောင်း တွင်း လို ကာလ တစ်ခု မှာ မိုး ရွာ ခဲ့ သလို ကိုယ် လည်း မချစ်သင့်တော့ တဲ့ အချိန် ရောက် မှ မင်း ကို ချစ်ခဲ့ မိတယ် ။

အချစ် ဆိုတာ ဖန်တီး ယူ လို့ မရ သလို ၊ ဖျက်ဆီး ပစ် လို့ လည်း မရဘူး လို့ ကိုယ့် ကို ယုံကြည်စေ ခဲ့ သလား ။ တစ်ချိန် မှာ ကိုယ် ချစ်ရမည့် သူ တစ်ယောက် တွေ့ လာဦးမှာ ဆိုတဲ့ ပတ်ဝန်းကျင် စကား ကို အလေးအနက် မထားခဲ့ မိလို့ သက်သေ ပြ တာလား ။

ဘာပဲ ဖြစ်ဖြစ် မင်း ကို ကိုယ် ချစ်ခဲ့ မိပြီ ၊ အသိ စိတ် နဲ့ ထိန်းချုပ် နိုင် တဲ့ ပြော စကား ၊ အပြုအမူတွေ ကို ကိုယ် ထိန်းချုပ် ထားနိုင် ပေမယ့် စိတ်ကို ထိန်းချုပ်ဖို့ ဆိုတာ ကို တော့ ကိုယ် မတတ်နိုင်ခဲ့ဘူး ။

တတ်နိုင်သမျှ မေ့ ထားရင်း မုန်းလို့ ရအောင် ကြိုးစား ကြည့်ရင်း နဲ့ တစစ ရင် ထဲ ပိုမိုတိုးဝင် နှောင်တွယ် လာ တာ ကိုယ့် ကုသိုလ် ဆိုး လို့ပဲ ပေါ့ ။

ဟုတ်တယ်လေ ... အခု အချိန် မှာ ကိုယ် မင်း ကို ချစ်နေတယ် ဆိုတာ အပြစ် ဖြစ်ရုံ သာ မက အကုသိုလ် တစ်ခု ကို ပါ ကျူးလွန် နေမိတာ မဟုတ်ဘူးလား ။

မုန်း တာပဲ ဖြစ်ဖြစ် ချစ် တာပဲ ဖြစ်ဖြစ် အဲဒီ လူ ဟာ ကိုယ် နဲ့ ပတ်သက် နေတော့တာပဲ လို့ သူငယ်ချင်း တစ်ယောက် ပြော ဖူးတယ် ။ အဲဒါကြောင့် မင်း နဲ့ကိုယ် ပတ်သက် ခဲ့ လေ သလား ။

မင်း ကို အရမ်း မုန်း လွန်း ရာ က စတင် သတိထား မိခဲ့တာ မို့ ကိုယ် ဒီလို တွေး မိတာပါ ။ မုန်းတီးမှု တစ်ခု ဟာ စွမ်းအင် တစ်ခု လို ပဲ ချစ်ခြင်း အဖြစ် ပြောင်းလဲ သွား နိုင်စွမ်း ရှိ သလား ။ အဲဒါ ကို သာ ကိုယ် ကြို သိခဲ့ရင် မင်း ကို မမုန်း ဘဲ နေဖို့ ကိုယ် ကြိုးစားခဲ့မိမှာပါ ။

အခုတော့ ရေး မိ သမျှ ကဗျာတွေ ၊ မက် သမျှ အိပ်မက် တွေ အားလုံး မင်း နဲ့ စပ်ဆိုင်ပတ်သက် လာ မှ ကိုယ့် ရင် ထဲ မင်း ထိုးဖောက် ဝင်နေပြီ မှန်း သိ လိုက်ရတော့ သိပ် ကို နောက်ကျ သွားခဲ့ပြီ လေ ။

ဘယ်လို မှ ရင်ဖွင့် စရာ မကောင်း တဲ့ အကြောင်း တစ်ခု ကို ကြိတ် ခံစား ရင်း ကဗျာတွေ ၊ စာတွေ အဖြစ် ရေး မိတဲ့ အခါ လျှို့ဝှက် သိမ်းဆည်း ဖျောက်ဖျက် ရင်း ရင် ပွင့် မတတ် ခံစားရတဲ့ အခါ ကိုယ် ဘယ်လို နေပါ့ မလဲ ။ ဘာပဲ ဖြစ်ဖြစ် ကိုယ့် အပြစ် ဒဏ် ကို ကိုယ် သာ ခံစား ရုံ ပေါ့ လေ ။

တကယ်ပဲ ဟုတ် သလား ၊ ကိုယ် စိတ် ထင်စွာ တစ်ဖက်သက် ဆွဲ တွေး တာလား မသိနိုင် တဲ့ မင်း ရဲ့ အကြည့်တွေ ထဲ မှာ ကိုယ် သာယာ နစ်မျော နေ မိတာ ၊ အခြား မိန်းကလေးတွေ နဲ့ စကား ပြောတဲ့ အခါ အလိုလို အူတို ဒေါပွ နေ မိတာ ... ၊ မင်း အနား မှာ ရှိ နေတဲ့ အချိန် တွေ မှာ အယောင်ယောင် အမှားမှား နဲ့ ဘာမှ မလုပ် တတ် မကိုင်တတ် သလို ဖြစ် နေတာ ... ၊ အဲဒါတွေ ကို ကိုယ် ခံစား နေရတယ် လို့ သူများတွေ ကို သွား ပြောရင် ရယ်ကြ မလား ။ အထင်သေး ရှုတ်ချတဲ့ အကြည့် နဲ့ ကြည့် ကြ မလား ။ ထိတ်လန့်စွာ တစ်ယောက် တည်း မျိုသိပ် ခံစားရင်း ကိုယ် ပေါက်ကွဲရာ တစ်နေရာ တည်း ဖြစ်တဲ့ စာရွက်ကလေးတွေ သာ တစ်ရွက်ပြီး တစ်ရွက် ကုန်ခန်း သွားခဲ့ပါတော့တယ် ။

တကယ်တော့ လည်း ကိုယ် နဲ့မင်း ဘယ်လို မှ ချစ် ခွင့် မရှိတာ ကို ပဲ တစ်ခါတစ်ရံ ကိုယ် ကျေနပ် နေ မိတယ် ။ မင်း မှာ ကိုယ် မနှစ်သက် တဲ့ အချက်တွေ အများကြီး ရှိနေ တယ် ။ ကိုယ့် ဦးနှောက် နဲ့ စဉ်းစား ဆုံးဖြတ်မယ် ဆိုရင် ဘဝ ခရီးဖော် တစ်ယောက် အဖြစ် ကိုယ် ဘယ်လို မှ ဆုံးဖြတ် ရဲ မှာ မဟုတ်ဘူး ။ ( ဆုံးဖြတ်ခွင့် ရှိခဲ့ရင်ပေါ့ လေ )

ဒါပေမယ့် ကိုယ် မင်း ကို စွဲလမ်းတာ က အဲဒါတွေ နဲ့ ဘာမှ မပတ်သက် သလို ပဲ သီးခြား ဝေးလွင့် နေ ရဲ့ ။ တကယ်လို့ များ မင်း ကိုယ်တိုင် က ကိုယ့် ကို တုံ့ပြန် ခံစားပြီး ချစ်နေခဲ့တယ်  ဆိုရင် တောင် ကိုယ် ကျေနပ် ရုံ က လွဲလို့ ဘာမှ ပို မှာ မဟုတ်ဘူးလေ ။

“ ချစ်လား ” လို့ မေး လာ ခဲ့ရင်လည်း ကိုယ် မင်း ကို ချစ်လွန်း လို့ အသက် ထွက် သွားပါစေ ငြင်း ရမှာပဲ လေ ။ စိတ် ကို မထိန်းချုပ် နိုင် ပေမယ့် နှုတ် အရ ၊ အပြုအမူ အရ ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ် မှာ ပါ ။ မင်း ကို ခိုး ကြည့် မိတဲ့ မျက်လုံးတွေ က လွဲလို့ ပေါ့ ။ ဘယ်လို မှ မထိန်းချုပ် နိုင် စွာ ကလေးလေး လို ချစ်ဖို့ ကောင်း တဲ့ မင်း မျက်နှာ ကို ငေးကြည့် နေမိတာ အပြစ် ရှိ မှန်း သိလျက် နဲ့ ကိုယ် မရှောင်နိုင်ဆုံး အချက်ပါပဲ ။ မင်း ကိုယ်တိုင် ကော အခြား လူတွေ ကော ဘယ်သူမှ မမြင် နိုင် မသိ နိုင် တဲ့ အရပ် ဒေသ တစ်ခု မှာ ပုန်းအောင်း ပြီး မင်း ရဲ့လှုပ်ရှားမှု မှန်သမျှ ကိုယ် ငေး ကြည့် နေချင် လိုက်တာ ။

မင်း နဲ့ မတွေ့ ရတဲ့ နေ့တွေ မင်းရဲ့ အသံ မကြား ရ တဲ့ နေ့ တွေ မှာ ရင် ထဲ အရမ်း လစ်ဟာ ပြီး အရာရာ အဓိပ္ပာယ် ကင်းမဲ့ နေ သလို ခံစားရတယ် ။ အနား မှာ ရှိနေတယ် ဆိုတာ ကို သိ ရင် မင်း ကို မတွေ့ ရရင် တောင် မှ ရင် ထဲ မှာ ကျေနပ်တယ် ။ အရာရာ ပြည့်စုံ နေ သလို ပဲ ။ ဒါတွေဟာ အပြစ်တွေ ပဲ လို့ သိ နေ ပေမယ့် ကိုယ် ကျူးလွန်ခဲ့ မိပြီ လေ ။

နီး နေလို့ သာယာ နေတာ ဝေး သွား ရင် မေ့ သွား မှာ ပဲ လို့ ကိုယ့် ကို ကိုယ် နှစ်သိမ့် ထား သမျှတွေ ဝေး မှ မမှန် နိုင်မှန်း သိ လာ ရ တော့တယ် ။

ကျောင်း ရက်ရှည် ပိတ် တဲ့ ကာလတွေ မှာ အရမ်း လွမ်း နေတာ ၊ သတိ ရ နေတာတွေ ကို ကိုယ်တိုင် ပဲ သိတယ် ။ “ သတိရတယ် ” ဆိုတဲ့ စကားတွေ ရင် ထဲ မှာ ပြည့် ပြီး ပွင့်ထွက် မတတ် ခံစား ရတဲ့ အခါ “ I Miss You ” ဆိုတဲ့ သီချင်း ကို ပဲ အခါခါ ဖွင့် ရင်း ကက်ဆက်ကလေး ကို ကိုယ့် ကိုယ်စား အော် ခိုင်း ထား ရတယ် ။

ကိုယ် သိထားခဲ့ တဲ့ ဂဏန်း ငါးလုံး ကို လှည့် ဖို့ သတ္တိ မရှိတိုင်း ဖုန်းခွက်ကလေး ကို ကိုင်လိုက် ချလိုက် နဲ့ ရက်များစွာ ဖြတ်ကျော်ခဲ့ရတယ် ။ ကဗျာပေါင်း များစွာ ရေး ဖြစ်တဲ့ နေ့တွေ မှာ ဘယ် သွားသွား မင်း နဲ့ များ တွေ့ မလား ဆိုပြီး ရှာဖွေ မိတဲ့ ရက်တွေ မှာ တစ်ဖက်သတ် နားလည် ခံစားထားတဲ့ အမှတ်တရ အကြောင်းတွေ ကို ပြန် တွေးနေ မိ တဲ့ ရက်တွေ မှာ ကိုယ့် ကို ကိုယ် ထိန်းချုပ် နိုင်မှု ကင်းမဲ့ နေ ခဲ့တယ် ။

ပိုင်ဆိုင် လို တဲ့ စိတ်ဆန္ဒ ကင်းမဲ့ နေလျက် ပိုင်ဆိုင် နိုင်စွမ်း မရှိမှန်း သိလျက် နဲ့ ကိုယ် ဘာကြောင့် သည်လို ဖြစ် နေတာလဲ ။ ဘယ်သူ့ ကို မှ အဖြေ ရှာ မခိုင်းရဲ ကိုယ့် ဘာသာ ကိုယ် လည်း အဖြေ ထုတ် နိုင်စွမ်း မရှိတဲ့ ပုစ္ဆာ တစ်ပုဒ် ကို ရင် ထဲ မှာ ကြာရှည် သိမ်းဆည်း ရင်း နှစ်များ စွာ သာ ကုန်ဆုံး လွန်မြောက် သွားပါတော့တယ် ။

ဝါသနာ အရ ရေး မိ တဲ့ ဝတ္ထုတွေ မှာ မင်း အကြောင်း နဲ့ ကင်းကွာပြီး မရေးတတ်တော့ သလို ဖြစ်နေ တာမို့.စာ မရေး ရဲ ခဲ့တာ ကြာ ပြီ ။ ရေးထား သမျှတွေ ကို လည်း ဘယ် မဂ္ဂဇင်းတိုက် မှ မပို့ ရဲ ဘဲ သိမ်းဆည်း ထား ခဲ့ရတာ လည်း ကြာခဲ့ပါပြီ ။

မတော်တဆ ဖတ် မိလို့ သူငယ်ချင်းတွေ က မေး တဲ့ အခါ ကိုယ့် ခံစားချက် နဲ့ ဘာမှ မပတ်သတ် သလို ရယ်မော ဖြေရှင်း နေရာ တာ ကိုယ် လိပ်ပြာ မသန့်ပါဘူး ။

မင်း ကိုယ်တိုင် လည်း မသိ ၊ တခြား ဘယ်သူ မှ လည်း မသိနိုင်တဲ့ ကိုယ့် ရင် ထဲ က ခံစားမှုတွေ ဘယ်တော့ ကြေပျက် သွားမှာလဲ ။ အဲသည် နေ့ ကို ကိုယ် စောင့်စား ရင်း ရင်မော လာတယ် ။ အဲဒီ နေ့ ဆိုတာ ရော ရှိ လာ နိုင်ပါ ဦး မလား ။ ပိုင်ဆိုင် လို စိတ်ကင်းစွာ နဲ့ စွဲလမ်း။ခဲ့ တာ မို့ မင်း မှာ သက်ဆိုင် သူ ရှိ လာ ခဲ့လည်း ကိုယ် စွဲလမ်း နေဆဲ ဖြစ် မှာ ပါပဲ ။

မင်း ကို မေ့ နိုင် မယ့် နေရာ ကို ကိုယ် ထွက်ပြေး သွားချင် တယ် ။ ထွက်ပြေး သွား ရင် ကော လွတ် နိုင်ပါ့မလား ။

ကိုယ့် ကို ကိုယ် သာ မုန်း လာပြီး မင်း ကို မမုန်း နိုင် တာ ဘယ် လို ဝဋ်ကြွေး ကြောင့် လဲ ။

“ အချစ် ” ဆိုတဲ့ အရာ ကို ကိုယ် အမှန်တကယ် တွေ့ ရှိ ခဲ့တာ လား ။ ကိုယ် ဘယ်လို မှ မဖြေရှင်း နိုင် တော့ တဲ့ ပဟေဠိတွေ ပါ ပဲ ကွာ ။

တစ်စ တစ်စ နဲ့ ဟောင်းနွမ်း လာတဲ့ ရက် များစွာ မှာ ကိုယ် ဟာ အကုသိုလ် အပြည့် နဲ့ လူ တစ်ယောက် ဖြစ် လာတယ် ။ ထိန်းချုပ် လို့ မရတဲ့ ကိုယ့် စိတ်တွေ ကို လည်း ထိန်း မနေချင်တော့ဘူး ။ မျှော်လင့်ချက် ကင်းစွာ နဲ့ တစ်သက်လုံး စွဲလမ်း ဖို့ ကိုယ့် ကို ကိုယ် ခွင့်ပြု လိုက် မိ ပြီ ။

ဒါဟာ အပြစ် ရှိတယ် ... မှားတယ် ဆိုတာ ကို သိလျက် နဲ့ ဖျောက်ဖျက် မရတဲ့ စွဲလမ်းမှု တွေ အတွက် ကိုယ် အမြဲ မှား နေ တော့ မှာ ... ။

◾ကျွန်း

📖 ဆေးတက္ကသိုလ် ( ၁ ) နှစ်လည် မဂ္ဂဇင်း
      ၁၉၉၃ - ၁၉၉၄

#ကိုအောင်နိုင်ဦး

.

Saturday, December 31, 2022

အချစ် မရှိရင်


 ❝ အချစ် မရှိရင် ❞


“ သမီး မိုးသွယ်… ပြန်လာပြီလား ... ခဏ လာပါဦး ... ”


ခြေကုန်လက်ပန်း ကျ ကာ ဆေးရုံ မှ ပြန် လာသည် မို့ အိပ်ရာ ဆီ သို့ သာ ပြေးကာ ပစ်လှဲ လိုက်ချင်သည် ။


“ ဘာလဲ မေမေ ရ ... ဒီမှာ အရမ်း ပင်ပန်း လာတာ ကို ... ”


ထုံးစံ အတိုင်း စူပွပွ လုပ် လိုက်မိပြီး မှ ဧည့်သည် ရှိ မှန်း သတိ ထား မိသည် ။ မေမေ့သူငယ်ချင်း အန်တီမြင့် ပဲ ။ ဒါဆို ဘာကိစ္စ နဲ့ လာ သလဲ မေး စရာပင် မလို ။


“ အဲဒါသာ ကြည့်တော့ မြင့်ရေ ... ဒီ အရွယ်ကြီး ရောက်ပြီ ၊ လူမှုရေး လည်း နားမလည်ဘူး … ကလေး လို ပဲ အရင် က လည်း ကျောင်း နဲ့အိမ် ၊ အခုလည်း ဆေးရုံ နဲ့ အိမ် နဲ့ တင် ပြီး နေတာ ...  ဒီလောက် အကြာကြီး တက်ရ တဲ့ ကျောင်း ပို့ ထား တာတောင် သူ့ ဘာသာ သူ စွံအောင် လုပ် မလာဘူး ...”


“ မေမေ က လည်း မရှိမဲ့ ရှိမဲ့ သိက္ခာတွေ ချ ပြန်ပြီ ”


မေမေ့ အနား မှာ တိုးကပ် ထိုင် ရင်း ရယ်ကျဲကျဲ ဖြင့် ပြော လိုက်သည် ။


“ ဘာလဲ အန်တီမြင့် … ခါတိုင်းလိုပဲလား ...  စိတ် မပျက် သေးဘူးလား ... ”


အန်တီမြင့် က အောင်သွယ် အလုပ် ကို အလွန် ဝါသနာ ပါသူ ။ ပိုက်ဆံ တစ်ပြား မှ မရဘဲ ဘယ်သူ့ သား နှင့် ဘယ်သူ့ သမီး သင့်တော်တယ် ဆိုတာမျိုး ကို အချိန် ကုန် ၊ ဓာတ်ဆီ အကုန် ခံ မမောမပန်း သူ မို့ လုပ်နိုင်သည် ။


အခုလည်း သူ့သူငယ်ချင်း ၏ သမီး အပျိုကြီး ဖြစ်လု ဖြစ်ခင် ကို မကြည့်နိုင်စွာ ခဏခဏ လာ ပြီး ဓာတ်ပုံ တွေ ပြ ရတာ အမော ။ မိုးသွယ် လည်း ခေါင်း ခါ ရသည် မှာ ခေါင်းပင် အတော် ညောင်းနေပြီ ။


မိမိ ဉာဏ်ရည် က အကောင်းစားကြီး မဟုတ်သည် မို့ ဆေးတက္ကသိုလ် တက်ခွင့် ရကတည်း က တစ်နှစ် တစ်တန်း အောင် အောင် အနိုင် နိုင် ကြိုးစား ခဲ့ရသည် ။ စာမေးပွဲကြီး မတိုင်ခင် ကြုံတွေ့ ရသော စာမေးပွဲကလေး များ ကို လည်း မိန်းကလေး ပီသစွာ ကြောက် သေးသည် ။ ဤမျှ များပြားလှသော စာတွေ ဖိစီး နှိပ်စက် နေချိန်တွင် ရည်းစား ထား ဖို့ ယောင် လို့ တောင် စိတ် မကူးမိခဲ့ ။ အနည်းငယ် စိတ်ကူး မိသည့်အချိန် ကျ တော့ ကိုယ့် ကို စိတ်ဝင်စားသည် ဟု ဆိုခဲ့ သူတွေ က အတွဲ ကိုယ်စီ နှင့်


“ သူတို့ မှ မိုးသွယ် ကို တကယ်မကြိုက်ခဲ့တာပဲ ... ပြန် မကြိုက်မိတာ ကံကောင်း လို့ .. အင်း ယောက်ျား တွေ က ဒီလိုပဲ ထင်တယ်.. ” 


အစရှိသဖြင့် အပျိုကြီး ဖြစ် သွား စေနိုင်သော အတွေးများ စိတ်ကူး ထဲ ဝင်ရောက်လာသည် ။


အခုလည်း အန်တီမြင့် လာ စပ်သည့် လူ ကို ကြည့် ဦး ... “ ဆရာဝန်မ လိုချင်သည် ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ။


မိုးသွယ် ခေါင်း ခါတော့ အန်တီမြင့် က


“ နည်းနည်းလောက်များ စဉ်းစားပါဦး ဟယ် ... လူချင်း တွေ့ပြီး စကားလေး ဘာလေး ပြောပြီး အကဲခတ် ကြည့်ပါဦး.. ” 


ဟု တိုက်တွန်းသည် ။


သူတို့ က မိုးသွယ် ကို စိတ်ဝင်စားသည် မှ မဟုတ်ပဲ ။ “ ဆရာဝန်မ ” ဆိုတာ ကို စိတ်ဝင်စားခြင်း သာ ။ ဒါမျိုး ကို မိုးသွယ် လုံးဝ လက် မခံနိုင် ။ မိုးသွယ် ဆိုသည့် မိန်းကလေး မှာ ဆရာဝန်မ ဆိုသည့် ဂုဏ်ဖြင့် တွဲ ထုတ်ရမည့် ရောင်းကုန် ပစ္စည်း မဟုတ် ။ သည်လို ဆိုလျှင် ဖြင့် အပျိုကြီး ပဲ လုပ်တော့မည် ဟု ဆုံးဖြတ် ထားပြီးသား ။


မေမေ က တော့ သူ့ သမီး ကို အပျိုကြီး မဖြစ်စေချင် ။ သူတို့ မရှိလျှင် ဒုက္ခ ရောက်မည် ။ မောင်နှမ က လည်း နှစ်ယောက် တည်း ရှိသည် ။ မောင်လေး က မိန်းမ ယူပြီး လျှင် ပြန် ကြည့်နိုင်မည် မဟုတ် အစ ရှိသဖြင့် ပူပန်၍ ရ သမျှ အတွေး များစွာဖြင့် ပူပန် နေသည် ။


ယခုလို အန်တီမြင့် မကြာခဏ လာ စပ်နေသော ကိစ္စ မှာ မေမေ့ ပယောဂ မကင်း ။


“ သင့်တော်တာ တွေ့ရင် ပြောစမ်းပါကွယ် ... ” ဟု သူ ပဲ မကြာခဏ မှာ မှာ နေတာ ကိုး ။ ကြာတော့ ကာယကံရှင် က စိတ် ရှုပ် လာသည် ။


“ အမေတို့ ကျွေး မထားချင်လည်း အလုပ် ရ တော့ သွား မှာပါ ...  ” ဆိုတော့လည်း စိတ် မကောင်း ဖြစ်ကာ အပ်ကြောင်း ထပ် နေသော စကားများ နှင့် ပူပန်ရကြောင်း ဆို ပြန်သည် ။


သည်တော့လည်း မေမေ့ ကို အပြစ် မတင်ရက် ပြန် ။


အောင်သွယ် နှင့် ရှာ မှ ရသည် ။ စပ်ပြီး ပေးစား မှ ရသည် ဆိုသည် မှာ လည်း သူမ ဂုဏ်သိက္ခာ ကို ထိခိုက် သလို ခံစား ရသည် ။


ငယ်ငယ်တုန်း က စိတ်ကူးယဉ်သလို ကိုယ့် ကို အမှန်တကယ် ချစ်မြတ်နိုး သူ နှင့် ဖူးစာ ဆုံ ဖို့ ဆိုတာ အခု အရွယ် မှာ မဖြစ်နိုင်တော့ဘူးလား ။


ဆေးရုံ က လူနာတွေ ကြား မှာ လူကြီး လုပ် ကာ ပြောဆို နေရသဖြင့် အပြင်ပန်း အမြင် မှာ ရင့်ကျက် သယောင် ထင်ညရသော်လည်း သူမ စိတ် ထဲ မှာတော့ ကလေး ဆန်ချင်တုန်း ။ စိတ်ကူး ယဉ်ချင်တုန်း ။


သူမ အိပ်မက် တွေ ထဲ က မင်းသားလေး ကို ရှာ မတွေ့ နိုင်တော့ဘူးလား ။


မှန် ထဲ သို့ လှမ်း ကြည့်မိသည် ။ “ ၂၈ နှစ် ” ဆိုသည့် အရွယ် ကို ဟိုင်းပြီ ဟု ဆိုနိုင် ပြီလား ။ မှန် ထဲ မှ သူမ ရုပ်သွင် က ကလေး ဆန် ကာ နုပျို နေဆဲပါ ။ ပြီးတော့ ဒီလောက် လည်း ရုပ် မဆိုးပါဘူးနော် ။ “ ဒါပေမယ့် ဘာလို့များ ... ဟူး ...  ” ။ သက်ပြင်း တစ်ချက် ချပြီး မှန် ကို မျက်နှာ လွှဲ လိုက်မိသည် ။


•••••   •••••   •••••


“ ကောင်မကလေး ဒီ တစ်ခါတော့ အရမ်း ခေါင်း မခါနဲ့ဦး ...  နည်းနည်း လူချင်း တွေ့ အကဲခတ် ကြည့်ဦး ”


ဟု အန်တီမြင့် က စကားပလ္လင် ခံ သည် ။


“ ဘာလဲ ဆရာဝန်မ လိုချင်တာပဲ မဟုတ်လား ”


ဟု စိတ် မပါစွာ ပြန် မေးလိုက်သည် ။


“ ဒီ တစ်ခါ တော့ လွဲပြီ ၊ သူ ကိုယ်တိုင် က ဆရာဝန် ၊ သူ့ မိဘတွေ က အဝေး မှာ တာဝန် ကျ ရင် မသင့်တော်တဲ့ မိန်းမ နဲ့ တွေ့ သွား မှာ စိုးလို့ ဆိုပြီး အလုပ် မဝင်ခင် မိန်းမ ပေးစား ချင်နေကြတာ ...”


“ ဆရာဝန် ဟုတ်လား ... ဘယ်ကျောင်း က အောင်တာလဲ ...  အလုပ် မဝင်ရသေးဘူး ဆိုရင် မိုးသွယ် တို့ အရှေ့တန်း က ပေါ့ ”


“ ဆေး ( ၁ ) က ပဲ ...  မိုးသွယ် သိ မလား မသိဘူး သူ့ နာမည် က လမင်း တဲ့ ... ”


“ လမင်း ... ”


ရင် ထဲ က ဒိန်းခနဲ ဆောင့်ခုန်သည် ။ သိပ် သိတာပေါ့ ။ အရမ်း တည် သည့် အဲသည် လူကို မိုးသွယ် တို့ အလုပ်သင် ဆရာဝန် အဖြစ် စဆင်း တော့ သူတို့ အတန်း က မပြီးသေး ။ ခွဲစိတ်ဆောင် တွင် အတူ တာဝန် ကျ သဖြင့် ဆုံ ကြခြင်း ဖြစ်သည် ။ အခြား Senior အစ်ကို ၊ အစ်မ တွေ နှင့် အလုပ် အတူ လုပ် ရင်း ခင်သွားသော်လည်း သူ နဲ့ ကတော့ မခင် ၊ စကား ကို အလုပ် ကိစ္စ ထက် တစ်ခွန်း မှ ပို မပြောတဲ့ သူ ၊ မှတ်မှတ်ရရ သူ့ နာမည် ကို နားကြား လွဲ ကာ “ ကိုလှမင်း ” ဟု ခေါ်မိသည့် နေ့ က မျက်နှာ ရှုတည်တည် နှင့် မျက်မှောင် ကြုတ် ကြည့်ကာ “ လှမင်း မဟုတ်ဘူး ... လမင်း မှတ်ထား ” ဟု အပြော ခံ ခဲ့ရတာ အမှတ် ရ နေသေးသည် ။ သူ့ နာမည် ကို မှား ခေါ် မိလို့ စိတ်ဆိုး ပုံ က ရယ်ချင်စရာ ။


“ ကဲ အခုတော့ အကြိုက်တွေ့ ပြီ မဟုတ်လား ... ရယ်လို့ ပြုံးလို့ …. ”


အန်တီမြင့် အသံ ကြောင့် သတိ ဝင် လာပြီး ရှက် သွား မိသည် ။


“ အာ ... မဟုတ်ပါဘူး ။ house အတူ ဆင်း ခဲ့တုန်းက အကြောင်း တွေး မိပြီး ရယ်ချင်လို့ပါ … ဒါနဲ့ နေပါဦး အန်တီ့ လူ က ဒီ အရွယ် အထိ ရည်းစား မရှိဘူးတဲ့လား ”


“ ရည်းစား က လက်ရှိ မှာ တော့ မရှိတာ သေချာတယ် အရင် က တော့ ကျုပ် လည်း မသိဘူး ...  ကိုယ်တိုင် မေး ကြည့် ဆေးလိပ်  မသောက် ၊ အရက် မသောက်တတ်ဘူး … သူ့ ဘက် က လည်း မိုးသွယ် ကို လက်ခံနိုင်တဲ့ အခြေအနေ ရှိ ပါတယ် တဲ့ ”


ဆေးလိပ် မသောက် ၊ အရက် မသောက် ဆို တာ ကတော့ တကယ့် ရှားပါး ပစ္စည်းပဲ ။ တကယ် မှ ဟုတ်ရဲ့လား ၊ မိဘတွေ ရှေ့ မို့ ပြောတာ နေမှာ ။ ဆေးရုံ မှာ အတူ ဆင်း တုန်း က လည်း ဆေးလိပ် သောက် တာ တစ်ခါ မှ မတွေ့မိပါဘူး …. ပြီးတော့ သူ က ဘောလုံးသမား ၊ ကျောင်း ရဲ့ ရှားရှားပါးပါး အားကစားလှုပ်ရှားမှုတွေ ထဲ က တစ်ခု ဖြစ်တဲ့ ဘောလုံးပွဲ တွေ မှာ သူ့ ကို တွေ့ ရသည် ။ သူ့ အနေနှင့် မိုးသွယ် ကို လက်ခံ နိုင်တဲ့ အနေအထား မှာ ရှိပါတယ် ဆိုတဲ့ စကား က တော့ ရင် ထဲ မှာ အောင့် သွားသည် ။


တကယ်ဆို … အင်းလေ သူများ က တစ်ဆင့် ပြောတော့ သည်လောက် ပဲ ပြော မှာ ပေါ့ ။ ရင်ခုန်မှု နှင့် မကျေနပ်မှု တွေ ရောထွေး နေသည် ။ သည်ကြား ထဲ အန်တီမြင့် က မေမေ့ ကို “ တွေ့လား ” ဆိုသည့်သဘော ဖြင့် မျက်စ ပစ်တာ ကို မြင် ဖြစ်အောင် မြင်လိုက်သေးသည် ။


“ ဘာလဲ ... အန်တီမြင့် နော် ...  ”


“ ကဲပါ ...  ဒီ တစ်ခါ တော့ လူချင်း တွေ့ပြီး အကဲခတ် ကြည့်မယ် မဟုတ်လား ...  ” 


မေမေ က ပြုံး၍ မေးသည် ။


“ မေမေ့ သဘော ဟင် ဘာ ရယ်ကြတာလဲ ...  သွား ... ” 


ရင်ထဲ က ခံစားမှု ကို မဖုံးနိုင်သဖြင့် ရှက် ကာ အိမ် ထဲ ပြေး ဝင် လာမိသည် ။ ခက်လိုက်တာနော် ။ သူ က ဖြင့် ဘယ်လို သဘောထား ရှိမှန်း မသိဘဲ နဲ့ ဘာလို့ ဒီလောက် တောင် ဣန္ဒြေ မရ ဖြစ် နေရတာလဲ ။ သူမ ရဲ့စိတ်ကူးယဉ် အိပ်မက် ထဲ က မင်းသားလေး က သူ ဖြစ်နိုင်ပါ့မလား ။


ထို့နေ့ ည က သူမ အိပ် မပျော် ။


•••••   •••••   •••••


“ အမှန်အတိုင်း ပြော ရင် ချစ်သူ ရှိခဲ့ဖူးတယ် ... ”


သူ့ စကား ကြောင့် သူမ ရင်ထဲ စိုးထိတ် သွားသည် ။


သူ က ဆက် ပြောသည် ။


“ ကြာပါပြီ … ၁၀ တန်း အောင် စ တုန်း က ... ”


“ အခုကော သူ က …”


သံယောဇဉ် မှ ပြတ်သေး ရဲ့လား ဟု ပူပန်စိတ်များ ဖြင့် မေး မိသည် ။


“ အိမ်ထောင် ကျ သွားတာ ကြာပါပြီ ... ”


ဟူး ... တော်ပါသေးရဲ့ ။ ဘယ်လို ကွဲ သွားကြတာလဲ အခု ထက် ထိ ကော လွမ်း နေတုန်း လား ဆိုသည့် မေးခွန်းများ အတွက် သူမ သတ္တိ မရှိပါ ။


“ ခင်ဗျား က ကော ပြောပါဦး ... ”


ခေါ် ပုံ ကို က ကြည့်ပါဦး ၊ လေသံ က မနူးမညံ့ သော်လည်း သြဇာသံ ပါသည့် သူ့ အသံ ခပ်သြသြ က နားထောင် ၍ ကောင်း နေသည် ။


“ ကျွန်မ က တော့ ရည်းစား ထားဖို့ အချိန် မရခဲ့ဘူး ”


စိတ် ထဲ ရှိသည့် အတိုင်း ဖြေ လိုက်တော့ သူ က ခပ်တိုးတိုး ရယ် သည် ။ ရယ်လိုက်တော့ သူ့ မျက်နှာ က နူးညံ့သိမ်မွေ့ ပြီး ကလေး ဆန် သွားသည် ။ မေးစေ့ က အချိုင့်လေး နဲ့ နှုတ်ခမ်း ဘေး က အရစ်ကလေး က သူမ ကြိုက်သည့် မင်းသား ဘင်အဲဖလက် နဲ့ တူ သလိုလို ။


“ ကိုယ် က နယ် မှာ ပဲ နေချင်တာ ... လိုက်နိုင်ပါ့မလား ”


ဟင် ... ဘယ်လိုကြီးလဲ ။ ချစ်ပါတယ် လက်ထပ် ချင်ပါတယ် ဆိုတဲ့ အဆင့်တွေ ကျော် ကုန်ပြီလေ ။ သူ့ ကိုယ် သူ အပိုင် တွက် ထားပုံပဲ ။ ဒီ က ကော အဲဒီလောက် တွက် ရ လောက် အောင် ဣန္ဒြေ မရ ဖြစ် နေပြီလား ။


“ ဒါကတော့ အများကြီး စဉ်းစား ရဦးမှာပေါ့ ... ”


ခပ်ချဉ်ချဉ် ရှိ လာသဖြင့် ပြောလိုက်သည် ။


“ ဟာဗျာ ... ခင်ဗျား က လဲ ... နယ် မှာ ဆရာဝန်တွေ ပို လိုအပ်တာ ...  ” 


အစ ရှိ သဖြင့် နယ် သို့ သွားသင့် ကြောင်း တရား ကို တရစပ်ဟော ပါတော့သည် ။ ဒီ က မသွားချင် လို့ ပြောတာ မှ မဟုတ်တာ ။ တမင် ပြောလိုက် တဲ့ ဟာ ကို ။ အခုတော့ ကိုယ့် အပြစ် နဲ့ ကိုယ် ခံပေတော့ ။ တစ်နာရီ ကျော် ကျော် လောက်ကြာ မှ ပဲ သူ့ ညီမ ကို ကြို ရ ဦးမည် ဟု ဆိုကာ စကား စဖြတ် ၍ တော် တော့သည် ။ ချစ် စကား ၊ ကြိုက် စကားလေးများ ကြား မလားလို့ ခုန် နေ မိတဲ့ ရင်လည်း သွားကော ။ သူ့ အနေ နဲ့ ဒါတွေ ကို မလိုအပ်ဘူး လို့ ထင် လို့လား ။ ဒါမှမဟုတ် သူ့ ရင် ထဲ မှာ သူမ အတွက် အချစ် မရှိတာလား ။ သူမ က စလို့ မေး လိုက်ချင်ပေမယ့် အဲသလောက် သတ္တိ မရှိ တာ အသေအချာ ။ သူ့ မျက်ဝန်း ထဲ မှာ တွေ့ ရသည့် နွေးထွေးသော အရိပ်အယောင်များ ကို ပဲ အချစ်တွေ လို့ တစ်ဖက်သတ် ယူဆ လိုက်မိသည် ။


•••••   •••••   •••••


ခု နောက်ပိုင်း သူ ဆေးရုံ ကို လာ ကြို ပေး နေသဖြင့် မောင်လေး က သက်သာ ကာ သဘော ကျနေသည် ။ အိမ် ကို သူ လာ လျှင် သူမ နှင့် စကား ပြောတာ က နည်းနည်း ၊ မောင်လေး နှင့် ဘောလုံးပွဲ အကြောင်း ၊ ဘောလုံးသမားများ အကြောင်း ပြော ရသည်က တမေ့တမော ။ ပြီးတော့ ကွန်ပျူတာ ၊ နိုင်ငံတကာရေးရာ စသည့် သူမ ဘယ်လို မှ ပါဝင် ဆွေးနွေးနိုင် စွမ်း မရှိသော အကြောင်းအရာများ ။


သူမ နှင့် နှစ်ယောက် တည်း ရှိချိန် တွင် ပြောသည့် စကားများ က လည်း တော်တော် ရင်ခုန်စရာ ကောင်းပါသည် ။ သူ ဆေးရုံ ဆင်း ခဲ့သည့် အတွေ့အကြုံများ ၊ သူ ကြိုက်သည့် ဝတ္ထုများ ၊ ရုပ်ရှင်များ အကြောင်း ။ သူမ ထင် ခဲ့ သလောက်တော့ သူ က စကား မနည်းပါ ။ သူ စိတ်ဝင်စားသည့် အကြောင်းအရာ များ ဆိုလျှင်တော့ တော်တော် ပြောသည် ။ သူမ ကြား ချင်သည့် စကားများ သာ  ... 


အခုတော့ သူ နှင့် သူမ ကို သူမအိမ် ၊ သူ့ အိမ် နှင့် သူမ သူငယ်ချင်းများ က ပါ လက်ထပ်ကြမည့် သူ များ အဖြစ် မြင် နေကြပြီ ။


သူမ စိတ် ထဲ မှာ တော့ မသေချာသေး ။ သူမ သူ့ ကို ရင်ခုန်တာ ၊ သူ အနား မှာ ရှိရင် ပျော် နေတာ အမှန်ပါပဲ ။ ဒါပေမယ့် ဒီလောက် နဲ့ မလုံလောက်သေး ။ စိတ်ကူး ယဉ် ရမယ့် အရွယ် မဟုတ်တော့ဘူး လို့ ဘယ်လောက် ပြောပြော သူမ က တော့ စိတ်ကူး ယဉ် ချင်သေးသည် ။


သူ က သာ သူမ ကို မချစ်ဘူး ဆို လျှင် သူမ က လည်း အပျိုကြီး ပဲ ဆက် လုပ်ဖို့ ဝန်မလေးပါ ။


•••••   •••••   •••••


ဒီနေ့ သူ က ကိစ္စ ရှိသည် ဟု ဖုန်း ဆက် ကာ သူမ ကို လာ မကြို ။


ခါတိုင်း မောင်လေး မအားလည်း လိုင်းကား နှင့် ပြန် နေကျ မို့ ကိစ္စ မရှိ ဟု သာ ပြော လိုက်သည် ။ ညနေ ဂျူတီ ချိန် ပြီးတော့ သူငယ်ချင်း က ဗိုလ်ချုပ်အောင်ဆန်းဈေး သွား မည် ။ အဖော် လိုက်ခဲ့ပါ ဆို၍ လိုက်သွားခဲ့သည် ။


ဈေး ထဲ မှာ သူငယ်ချင်း ဖြစ်သူ ပါတိတ် အဆင် ရွေး နေစဉ် သူမ ဟိုငေး သည်ငေး လုပ်နေမိသည် ။ မမျှော်လင့်သော မြင်ကွင်း က မျက်ဝန်း ထဲ တိုက်ရိုက် ဝင် လာသည် ။


သူမ ကို လာ မကြိုနိုင်ရလောက်အောင် ကိစ္စ ရှိသည် ဆိုသည့် “ သူ ” ။ ကောင်မလေး တစ်ဦး နှင့် ရယ်မော လို့ ။ ကောင်မလေး က သိပ် လှသည်ဟု မဆိုသာ သော်လည်း အသား ဖြူဖြူ ၊ ဆံပင် ရှည်ရှည် နှင့် ချစ်စရာလေး ။ မနာလို စိတ် လား ၊ ရင်ထဲ မှာ ဓာတ် လိုက် သလို ကျင်ခနဲ ဖြစ် သွားသည် ။ မျက်ရည် ဝေ့ လာသဖြင့် မြင်ကွင်း က မှုန်ဝါး သွားသည် ။


“ မိုးသွယ် ... ဒီဟာ နှစ်ခု ဘယ်ဟာ က ငါ နဲ့ လိုက်လဲ ကြည့် ပေးပါဦး ... ”


သူငယ်ချင်း က သူ့ အာရုံ နှင့် သူ မို့ သတိ ထားမိဟန် မတူ ။ မျက်တောင် ခတ် ကာ ဝဲလာသည့် မျက်ရည် တွေ ကို ကမန်းကတန်း ဖယ်ရှား ပစ် လိုက်သည် ။


အချစ် ဆို တာ ဒီလိုပဲ ရင် ကို နာကျင် စေသလား ။


ထိုနေ့ က သူမ ထမင်း မစားချင် ။ သူ လာတော့လည်း အိပ်ချင် ယောင် ဆောင် နေခဲ့သည် ။ အမှန်ကတော့ အိပ် မပျော်နိုင်ဘဲ တစ်ည လုံး မျက်ရည် ကျ နေ မိသည် ။


သူမ သူ့ ကို တကယ် ချစ်မိနေပြီလား ။


•••••   •••••   •••••


မိုးလင်း မှ မှေးခနဲ အိပ်ပျော် သွား သဖြင့် နိုးလာတော့ ခေါင်းတွေ အုံ နေသည် ။ သည် နေ့ က ပိတ် ရက် မို့ တော်ပါသေး ရဲ့ ။ မျက်နှာ သစ် ပြီး အောက် ဆင်းလာ တော့ မေမေ က


“ သမီးရေ ... မောင်လမင်း ရောက် နေတယ် ... ”


ဟု ဆီး ပြောသည် ။


သူမ စိတ် ညစ်သွားသည် ။ ည က ကောင်းကောင်း အိပ် မရသည့် အပြင် ငို ပါ ငို ထား သေးသော သူမ ရုပ်သွင် ဘယ်လို ရှိ နေပါလိမ့်မည်နည်း ။ သူ ရောက်နေမည် မထင် ၍ သနားခါး ပင် လိမ်း မလာခဲ့မိ ။ သူ က တော့ မနာလိုချင် စရာ သန့်စင်လန်းဆန်း ကာ ချောမောနေသည် ။


သူ က ဘာ အပြစ် မှ မရှိတဲ့ အတိုင်း ရယ်ပြုံး ကာ ...  


“ အိပ်ပုပ်မလေး … ည က ဖုန်း ဆက် တော့လည်း အစောကြီး အိပ် နေတယ် ...  ” 


ဟု ပြောသည် ။


“ စောစောစီးစီး ဘာကိစ္စ ရှိလို့လဲ ... ”


မကျေနပ် လက်စ နှင့် မို့ ခပ်တည်တည်နှင့် ပြန် မေးလိုက်သည် ။


“ အရေးကြီးတဲ့ ကိစ္စ ပြော မလို့လာတာ ... ကိုယ် တို့ order တွေ ထွက်ပြီ ... ကိုယ် တောင်ကြီး ရောက်တယ် အဲဒါ မသွားခင် စေ့စပ် သွားချင်တယ် ...  အန်တီ က လည်း သဘော တူတယ် ... ”


“ စေ့စပ်မယ်… ဘယ်သူ က သူ့ကို လက်ထပ်မယ် လို့ ပြော သေး လို့လဲ ...  ”


“ ဟာ … မနောက်နဲ့ကွာ … ”


အပြစ် ကင်းစင် ပုံ ဖမ်း နေတဲ့ သူ့ ကို ကြည့်ရင်း အသည်း ယား လာသည် ။


“ မနေ့ က ဘယ် သွားလဲ ... ”


မအောင့်နိုင်စွာ မေး လိုက်မိသည် ။


“ သူငယ်ချင်း အတွက် ဗိုလ်ချုပ်အောင်ဆန်းဈေး မှာ ပစ္စည်းတွေ လိုက် ဝယ်ပေးနေတာ ... ”


“ နေပါဦး ... အဲဒီ သူငယ်ချင်း ဆိုတာ မိန်းမ လား ၊ ယောက်ျား လား ... ”


သူမ ထက် ပို ဦးစားပေး ရ တဲ့ သူငယ်ချင်း လား ဟု စိတ် ထဲ က ရန် တွေ့ နေ မိသည် ။


“ ဪ ..ဒါကြောင့်ကိုး ... ”


သူ က သူမ ကို ကြည့်ပြီး သဘောကျစွာ ရယ်သည် ။


“ ဘာ ရယ်တာလဲ ... ”


“ အဲဒါ ကိုယ့် သူငယ်ချင်း နဲ့ လက်ထပ် မယ့် မိန်းကလေး ...  သူငယ်ချင်း မအား လို့ အကူအညီ တောင်းတာ နဲ့ လိုက် သွား ပေးရတာ ... သူ တို့လက်ထပ်မယ့် ရက် က သိပ် ကပ်နေပြီ ...  ဒီမှာ မင်္ဂလာဆောင် ဖိတ်စာ .. မိုးသွယ် ကို ပါ ဖိတ် တာ ... ”


သည်လို ဆိုတော့လည်း သံသယ စိတ် များ ပြယ်လွင့် သွားရသည် ။


“ ဒီ ကောင်မလေး ဒါကြောင့် စိတ် ကောက် နေတာကိုး ...  ”


“ ဒါကြောင့်ချည်းပဲ မဟုတ်ဘူး ... ”


သူမ စကား ကြောင့် သူ က မျက်ခုံး ပင့် ကာ ကြည့်သည် ။


“ ကိုလမင်း … မိုးသွယ် ကို လက်ထပ် မှာ ဘာကြောင့် လဲ မိုးသွယ် သိ ချင်တယ် ...”


“ အာ ... သိသားနဲ့  ... ”


သူ က ဆံပင် ကို လက် ဖြင့် ထိုးဖွ နေသည် ။


“ မိုးသွယ် မသိဘူး ...  လက်ထပ်ဖို့ သင့်တော်တယ် လို့ ထင် လို့လား ... မိဘတွေ က ကြည်ဖြူ လို့လား ... ဆရာဝန် အချင်း ချင်း မို့လား ..ပြော ပါ…အဲဒါကို မသိရ ရင် မိုးသွယ် ရှင့် ကို လက် မထပ်နိုင်ဘူး ... ”


“ ဟာ ဒါတွေ တစ်ခု မှ မဟုတ်ဘူး ... တကယ်ဆို ကိုယ် က အပြင် က မိန်းကလေး ပဲ လိုချင်တာ ... ဒါမှ ကိုယ့် ကို အချိန် ပို ပေးနိုင်မှာ ...  ”


“ ဒါဆို ဘာလို့ …. ”


“ မိုးသွယ် ကို သဘော ကျလို့ ...  ”


“ ဘာရယ်  ...  ”


“ ဟုတ်တယ် …. ခွဲစိတ်ကုဆောင် မှာ အတူတူ တာဝန် ကျခဲ့ ကတည်း က စိတ်ဝင်စား ခဲ့တာ အခုမှ သိတာ ဆိုတော့ ဖွင့် မပြောဖြစ်ခဲ့ဘူး ... ကိုယ်တို့ အလုပ်သင် ဆရာဝန် ပြီး သွားတော့ မိုးသွယ် ကို လိုက်ရှာသေးတယ်… ဘယ် ဆေးရုံ မှာ မှန်း မသိတော့ ရှာလို့ မတွေ့ခဲ့ဘူး .. နောက်မှ အရှေ့ပိုင်းဆေးရုံ မှာလို့ ကြားတယ် ...  အဲဒီမှာ ခင်တဲ့ သူ မရှိတော့ လာဖို့ ခက်နေတယ် ”


သူ တကယ် ပြော နေတာလား ၊ သူမ အိပ်မက်များ မက် နေတာလား ။


“ နောက် … အန်တီမြင့် ဓာတ်ပုံတွေ လာ ပြတော့ မိုးသွယ် ပုံ ကို တွေ့ လိုက်တယ် ... သူ က ပြောတယ် .…. မိုးသွယ် က အားလုံး ကို ခေါင်း ခါ နေတာ ဆိုတော့ ကိုယ့် ကို များ ခေါင်း ခါမလား လို့ ကိုယ် အရမ်း စိတ် ပူ လိုက်ရတာ ... ”


“ အခုကော ဘယ်သူ က ခေါင်း ညိတ် သေးလို့လဲ ”


“ ညိတ် လိုက်ပါကွာ ... မဟုတ်ရင် ကိုယ် ရူးလိမ့်မယ် ”


အံမယ် သူ က များ ။ ဒီ က သူ အဲသလို ဖွင့် မပြောလို့ ရူးလု ရူးခင် ဖြစ် နေတာဖြင့် ကြာပြီ ။


ဒါတောင် သူ က “ ချစ်တယ် ” ဆိုတဲ့ စကား ကို တိုက်ရိုက် မဆို ။


သိပ် အမြင်ကတ် ဖို့ ကောင်း တဲ့ လူကြီး ။


ဒီ က လည်း ဟန်ဆောင် မကောင်း တော့ ခေါင်း မညိတ် ရ သေးခင် က သူ သိ နေ နှင့် မှာ ပါ ။


◾ကျွန်း


📖 လုံမလေးမဂ္ဂဇင်း        

      စက်တင်ဘာလ ၊ ၂ဝဝဝ


#ကိုအောင်နိုင်ဦး


.

Saturday, July 23, 2022

ရေများရာမှာ မိုးတွေရွာ


 

❝ ရေများရာမှာ မိုးတွေရွာ ❞

“ မေ ရေ ... ရှေ့အပတ် ကျရင် မောင်တို့ ရုံး က စာရေးလေး ရဲ့ မင်္ဂလာဆွမ်းကျွေး ရှိတယ် ကွ ... သူ့ ခမျာ ချို့တဲ့ ရှာတယ် ... တစ်ထောင် လောက် တော့ လက်ဖွဲ့ လိုက်ရအောင် နော် ”

“ ဘာရှင့် အိမ် မှာ ဒီလောက် အကုန်အကျတွေ များ နေတာ မသိဘူးလား ... ငါးရာ လောက် ဆို တော်ပြီ ပေါ့ တကတဲ တော် ကိုယ့် ကို ကိုယ် သူဌေးကြီးများ မှတ်နေသလား ... ကလေးတွေ ရဲ့ ကျောင်းစရိတ် ၊ စားစရိတ် ၊ နေစရိတ်တွေ ကို ကျုပ် တော် ရှာတဲ့ ပိုက်ဆံ နဲ့ ဘယ်လို လောက်အောင် ဖြည့်ဆည်း နေရတယ် ထင်လဲ ... ဒီမှာ ဆံပင်တွေ တောင် ဖြူ ကုန်ပြီ ရှင့် ... သိရဲ့လား ”

သူ့ ဘာသာ သူ အသက် ကြီး ၍ ဖြူလာသော ဆံပင်များကို ပြပြီး ညည်းညူရေရွတ်နေသော ဇနီး ဖြစ်သူ ၏ အသံ ကို မခံနိုင်တော့ သဖြင့် ...

“ အေးပါကွာ ... ငါးရာ လောက် ဆို တော်ပါပြီ ”

ဟု စကား ကို လျှော ချကာ ဦးလေးမောင် တစ်ယောက် နားပူသံ နှင့် ဝေးမည့် နေရာ သို့ ခပ်မြန်မြန် ထွက် ခဲ့လေသည် ။ သူ့  ရင် ထဲမှာတော့ သိပ် မကောင်းလှ ။ အခု မင်္ဂလာ ဆောင်မည့် စာရေးလေး က ရိုးသားသည် ။ အလုပ် ကို လည်း ကြိုးစားသည် ။ အလိုက် လည်း သိတတ်သည် မို့ ငွေကြေး လိုအပ်သည့် အခုလို တစ်အိုးတစ်အိမ် ထူထောင်မည့် အချိန်မျိုး တွင် အနည်းဆုံး တစ်ထောင် လောက် တော့ လက်ဖွဲ့ ချင်မိသည် ။ သို့သော် ဦးလေးမောင် ဘာမှ မတတ်နိုင် ။ သူ က သူ့ မိန်းမ ရဲ့ ဩဇာ ကို လွန်ဆန်နိုင်သူ မှ မဟုတ်ဘဲလေ ။

°°°°°   °°°°°   °°°°°

အခုတလော မင်္ဂလာဆောင် ဖိတ်စာတွေ ဆက် နေသဖြင့် ဦးလေးမောင် တစ်ယောက် သူ ရလာသော ဖိတ်စာ ကို မိန်းမ လက်ထဲ ထည့် ပေးရင်း ...

“ မေ ရေ ... ဒီမှာ ကိုယ့် သူငယ်ချင်း ကုမ္ပဏီပိုင်ရှင် သမီး ရဲ့ မင်္ဂလာဆောင် ဖိတ်စာ ၊ ဆီဒိုးနား မှာ လုပ်မှာ ... နှစ်ထောင် လောက် တော့ လက်ဖွဲ့ မှ ကောင်းမယ် ထင်တယ်ဟေ့ ... ” ဟု မရဲတရဲ ပြောလိုက်သည် ။

“ တော် ရူးနေသလား ... ဒီလို မင်္ဂလာပွဲမျိုး ကို ငွေလေး နှစ်ထောင် လောက် လက်ဖွဲ့ လို့ သင့်တော်ပါ့မလား ပြန် စဉ်းစားပါဦး ... အနည်းဆုံး ငါးထောင် လောက်တော့ ဖွဲ့ မှပေါ့ ... သူများတွေ ဆို ဒီထက်တောင် ဖွဲ့ ကြသေးတာ ”

“ ဟ မေရ ... သူတို့ က ရှိတဲ့သူတွေ... ဘယ်လောက်ပဲ ဖွဲ့ ဖွဲ့ ကိစ္စရှိတဲ့ သူတွေ မဟုတ်ဘူး ... ”

“ ရှိတဲ့ သူတွေမို့ ပြော နေရတာပေါ့ ... အားလုံးထဲ မှာ မေတို့ လက်ဖွဲ့ တာ အနည်းဆုံးပဲ ဆိုတာမျိုး အပြော မခံနိုင်ဘူးလေ .. ”

သူ့ ရုံးစာရေးလေး ကို တစ်ထောင် လက်ဖွဲ့ ရန် ငြင်းဆန်ခဲ့ သူ သူ့ မိန်းမ ကို ဦးလေးမောင် တစ်ယောက် နားမလည် နိုင်စွာ ငေး ကြည့် နေမိလေတော့သည် ။

◾ကျွန်း

📖 ကလျာမဂ္ဂဇင်း
      မတ်လ ၊ ၂ဝဝ၁

koaungnaingoo.blogspot.com

.

Wednesday, May 11, 2022

ခုတုံး


 

❝ ခုတုံး ❞

ကိုမိုးတို့ အဖွဲ့ ဆိုရင် လူတွေ က မင်္ဂလာဆောင် တွေ ၊ ရှင်ပြုတွေ ကို မှတ်တမ်းတင် ဗီဒီယို လိုက်ရိုက်ပေး တဲ့ အဖွဲ့ လို့ ပဲ သိထားကြပါတယ် ။ တကယ်တော့ ကိုမိုး က ဂျပန် မှာ မီဒီယာထရိန်နင် ယူထားသူ တစ်ဦး ဖြစ်တဲ့ အပြင် တစ်ချိန်က သတင်းမှတ်တမ်းခွေ အမြောက် အမြား ကို ရိုက်ကူးပေးခဲ့ဖူးကြောင်း သိတဲ့ သူ အတော် ရှားပါးတယ် ။ အခုတော့ ပစ္စည်းပစ္စယ မပြည့်စုံတာ ကိုယ့် ဘာသာ ကိုယ် ထုတ်ဖို့ ငွေကြေး မလုံလောက်တာ ၊ အဆက်အသွယ် နည်းပါးတာ အစရှိတဲ့ အကြောင်း ကြောင်း တွေကြောင့် ကိုယ် ရိုက်ချင်တာတွေ ရိုက်ခွင့် မရဘဲ သင်ထားတဲ့ ပညာလေးတွေ တောင် မှို တက်ချင် သလိုလို ဖြစ်နေပါပြီ ။

တလောက ကံဇာတာ တက် လာတယ်ပဲ ဆို ရ မလား ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း တစ်ခု က လူ တစ်ဦး သူတို့ အဖွဲ့ ကို လာ ဆက်သွယ်ပါတယ် ။ အဲဒီ လူ က သူတို့ ဆီမှာ ပရောဂျက် တစ်ခု ရိုက်ဖို့ ရှိကြောင်း စိတ်ဝင်စားရင် လျှောက်လွှာ တင်ဖို့ အကြောင်း ပြောလာ တဲ့အတွက် သူတို့ တစ်ဖွဲ့ သားလုံး ပျော်ရွှင်တက်ကြွသွား ကြပါတယ် ။

အဲဒီ လူ ကို ရင်းရင်းနှီးနှီး မသိပေမယ့် စေတနာ အလွန် ကောင်းပုံ ရတဲ့ အဲဒီ လူ က သူတို့ အဖွဲ့ ရဲ့ လက်ရာ တွေ ကို သူ အရမ်း သဘောကျကြောင်း ၊ သူ့ ကို ညီလေး တစ်ယောက် လို သဘောထားကြောင်း စသဖြင့် သူတို့ အဖွဲ့ ကို လာ ဆက်သွယ်ရတဲ့ အကြောင်းအရင်း ကို သူတို့ တစ်ဖွဲ့လုံး ဘဝင်မြင့် ၊ စိတ်ကြီး ဝင် သွားလောက်အောင် ရွှန်းရွှန်းဝေ ပြောပါတယ် ။ ဒါ့အပြင် သူတို့ လျှောက်လွှာ ထဲ မှာ တစ်ခါတည်း ထည့် ပေးရမယ့် ဈေးနှုန်း ကို ဘယ်ရွေ့ဘယ်မျှတော့ အနည်းဆုံး ထား သင့်ကြောင်း ၊ မဟုတ်ရင် သိပ် နည်းနေမယ် ဆိုတဲ့အကြောင်း ကိုတောင် အကြံပေး ပြောကြားသွားပါသေးတယ် ။

လျှောက်လွှာ တင်ပြီး မျှော်လင့်ချက်တွေ နဲ့တုံ့ပြန် မှု ကို စောင့်နေတဲ့ သူတို့ ထံ ရောက်ရှိလာတဲ့ သတင်း ကတော့ စိတ်ပျက်ဝမ်းနည်းစရာ ပါ ။ အခြား အဖွဲ့ တစ်ဖွဲ့ ကို ရွေးချယ်လိုက်ပါတယ်တဲ့ ။ ဘယ်လိုအကြောင်း ကြောင့် ဆိုတာ သိခွင့် ရအောင် သူတို့ဆီ ဆက်သွယ် လာ သူကို စုံစမ်းကြည့်တော့ အဲဒီ လူ ခရီး ထွက်သွားတယ်လို့ပဲ သိရပြီး တော်တော် ကြာတဲ့အထိ ဆက်သွယ်လို့  မရပါဘူး ။

အဆက်အသွယ် ရတဲ့ နေ့ မှာ “ အများနဲ့ ဆုံးဖြတ်တာ ဆိုတော့ အစ်ကို လည်း ဘာမှ မတတ်နိုင်ဘူးလေ ... အစ်ကို လည်း အရမ်း စိတ် မကောင်းဘူးကွာ ... နောက် တစ်ကြိမ် ကျမှ အတူတူ လက်တွဲကြတာပေါ့ ... ” ဆိုတဲ့ စကားတွေ ကြောင့် သူ့ရဲ့ အတွင်း စိတ် ထဲက သံသယတွေ ဝင် နေမိတာ ကိုတောင် အလွန်အမင်း အားတောင့် အားနာ ဖြစ်သွားမိပါတယ် ။ 

ဒီလိုနဲ့ တစ်ရက်မှာ သူ့ လို ဗီဒီယိုကင်မရာမင်း တစ်ဦး ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက် နဲ့ လမ်းမှာ တွေ့ ပါတယ် ။ သူ က သူတို့ လုပ်ငန်း သိပ် အဆင်မပြေတဲ့ အကြောင်း ညည်းတွားရင်း အဲဒီ လူ ရဲ့ နာမည် နဲ့ အဖြစ် အပျက်တွေ ကို ပြောပြလိုက်တော့ သူငယ်ချင်း က ...

“ မင်း တော့ ခံ လိုက်ရပြီ ကိုမိုး .. ”  တဲ့ ။

“ ဘယ်လို ... ဘယ်လို ခံလိုက်ရတာလဲ .. ”

“ မင်း ကလည်း သူ နဲ့ အကွက် ရိုက်ထားတဲ့ အဖွဲ့ ကို မင်းတို့ တင်တဲ့ ပိုက်ဆံ ထက် နည်းနည်း လျှော့ပြီး တင် ခိုင်းလိုက်တာပေါ့ ... ”

သူ့ ကို လိမ် ပြောမယ့် သူ မဟုတ်မှန်း သိနေပေမယ့် သူငယ်ချင်း ရဲ့ စကားတွေ ကို သူ ရုတ်တရက် ယုံလို့ မရ ပါဘူး ။

“ ဒါဆိုရင် သူ က ဘာလို့ ငါတို့ အဖွဲ့ ကို လာ ဆက်သွယ် နေသေးသလဲ ... အစကတည်း ဟိုအဖွဲ့ ကိုပဲ လက်သိပ် ထိုးပြီး တင်ခိုင်းလိုက်လည်း ရတာပဲ မဟုတ် လား ... ”

“ သူတို့မှာ အနည်းဆုံး သုံးဖွဲ့ တင်ခိုင်းပြီးမှ အသင့်တော်ဆုံး ဖြစ်တဲ့ အဖွဲ့ ကို အများသဘော နဲ့ ဆုံးဖြတ် ရွေးချယ်တဲ့ စည်းကမ်း က ရှိ နေတော့ မင်းတို့ လို နားမလည် ပါးမလည် နဲ့ သူ ပြောသမျှ လုပ်မယ့် သူတွေ လိုသေးတယ်လေ ... ”

သူငယ်ချင်း ဘယ်လောက်ပဲ ယုတ္တိရှိအောင် ပြော ပြော သူ ကတော့ အဲဒီ လူ ရဲ့ နောက်တစ်ကြိမ် ကျ မှ လက် တွဲကြတာပေါ့ ဆိုတဲ့ မျှော်လင့်ချက် ရှိသေးတဲ့ စကား ကို ယုံချင် နေပါသေးတယ် ။ ဒါကြောင့် သူငယ်ချင်း ကို “ မင်း က ဘယ်လို သိတာလဲ ၊ သေချာလို့လား .. ”  ဆိုပြီး ထပ် ဆင်ခြေ တက်လိုက်မိပါတယ် ။

သူ့ ကို သနားသလို ကြည့်ပြီး ပြန် ဖြေလိုက်တဲ့ သူငယ်ချင်း ရဲ့ စကား အဆုံးမှာတော့ သူ မယုံချင်လို့ မရ တော့ပါဘူး ။ 

“ သိပ် သေချာတာပေါ့ကွာ ... ငါ ကိုယ်တိုင် ခံခဲ့ရတာ ပဲ ... ပြီးခဲ့တဲ့ ပရောဂျက် တုန်း က အဲဒီ လူ ခုတုံး လုပ်သွားတဲ့ နှစ်ဖွဲ့ ထဲ က တစ်ဖွဲ့ က ငါတို့ အဖွဲ့ ပဲ ကိုမိုး ... ”  တဲ့ ။

◾    ကျွန်း

◾   ချယ်ရီမဂ္ဂဇင်း
        ဧပြီလ ၊ ၂၀ဝ၁

www.facebook.com/aung.naingoo.3726613

.

Friday, March 25, 2022

အလှည့်


 

❝ အလှည့် ❞

ပြီးခဲ့သည့် နွေရာသီ ကျောင်းပိတ်ရက် က ဆွေမျိုး များ ရှိရာ မွန်ပြည်နယ် ရှိ ရွာကလေးတစ်ရွာ သို့ သူတို့ မိသားစု အလည် သွားခဲ့ကြသည် ။ တောရွာ ထုံးစံ အတိုင်း လာသည့် ဧည့်သည် ကို တစ်စက်မှ စိတ် မငြိုငြင်ရအောင် ဧည့်ဝတ် ကျေပွန်လွန်းလှသည် မှာ သူတို့ အားနာယူရသည် အထိ ။ ကျိုက္ခမီ ၊ စက်စဲ ၊ ကျိုက်မရော အစရှိသော နေရာများ ကို သွားလည်မည် ဆိုတော့လည်း ကား ငှားပြီး စားစရာများ ကို ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်ဖြင့် ထည့်ကာ လိုက်လံ ပို့ဆောင်ပေးကြပြန်သည် ။ သူတို့ ပြန် တော့လည်း ရန်ကုန် ပြန် လက်ဆောင် အဖြစ် ဒေသ ထွက်ကုန်များ ကို တစ်ပွေ့တစ်ပိုက် ထည့် ပေးလိုက်ကြ သေးသည် ။ ထို့ကြောင့် သူတို့ ကလည်း ရွာ မှ ဆွေမျိုး များကို ရန်ကုန် သို့ အလည် လာကြပါရန် ၊ ပြန်လည်ကာ ဖိတ်မန္တက ပြုခဲ့ကြပါသည် ။

သို့ သော် ရွာ မှ ဧည့်သည်များ ရန်ကုန် ရောက် လာကြသည့် ဒီဇင်ဘာ ကျောင်းပိတ် ရက် တွင် သူတို့ တစ်မိသားစုလုံး လုံးဝ မအားခဲ့ကြ ။ ဆယ်တန်း ဖြေမည့် သမီး နှင့် ရှစ်တန်း ဖြေမည့် သား တို့ ကျူရှင် အကြိုအပို့ နှင့် ပိတ်ရက် မရသည့် သူ့ အလုပ် တို့ကြောင့် ရန်ကုန် သို့ ဘုရားဖူး လာကြသူ ရွာ မှ ဆွေမျိုးများ ကို ပြန်လည်ကာ ဧည့်ဝတ် မကျေနိုင်ခဲ့ပါ ။ ပို အရေးကြီးသည် က မကြာခင် အလုပ်မှ လွှတ်မည့် အမေရိကား မှာ သူ သွား တက်ရ မည့် သင်တန်း တစ်ခု အတွက် ပြင်ဆင်နေရခြင်းပင် ။

ရန်ကုန်သား တို့ အလွန် အလုပ် ရှုပ်လှသည့် အကြောင်း ကို ကြားဖူးနားဝ ရှိပြီး ဖြစ်သော သူတို့ ရွာသားများ ကလည်း နားလည်မှု ရှိစွာ တစ်စက်ကလေးမှ စိတ် မကွက်ကြဘဲ သူတို့ အစီအစဉ်နှင့် သူတို့ ဘုရား ဖူးကြ ၊ တိရစ္ဆာန်ဥယျာဉ် သွားကြ ၊ လည်ကြပတ်ကြသည် ။ သူ့ အဖို့ သူတို့ ဘက် မှ ပျက်ကွက်မှုများ ကို အားနာလှသော် လည်း မည်သို့မှ မတတ်နိုင်ပါ ။ ထို့ကြောင့် ဒီလို အဖြစ်မျိုးတွေက ဖြစ်ရိုးဖြစ်စဉ်တွေပါ ဟု သာ စိတ် ကို လျှော့ချပြီး ဥပေက္ခာ ပြုထားလိုက်ရပါတော့သည် ။

     •••   •••   •••   •••

အလွန်အမင်း စိတ်လှုပ်ရှားရသော သူ့ အတွက် ပထမဆုံး နိုင်ငံရပ်ခြားခရီး ဖြစ်ပါသည် ။ သို့သော် ကိစ္စ မရှိ ။ သူ သင်တန်း တက်ရမည့် နယူးယောက်မြို့ မှာ သူ့ သူငယ်ချင်း တွေ ရှိ သည် ။ သင်တန်းကာလ က လည်း တစ်လ မျှသာ ။ သူ့ ကို လာ ကြိုပေးသူများ ပြန်သွား သည် နှင့် တည်းခိုခန်း ရှိ ဖုန်း ကို ကိုင်ကာ သူ့ သူငယ်ချင်း တစ်ဦး ပေး ထားသည့် နံပါတ် သို့ လှည့်လိုက်သည် ။

တစ်ဖက် မှ သူငယ်ချင်း က သူ အလုပ် အရမ်း များ နေကြောင်း ၊ ဒီ တစ်လ လုံး သူ မအားကြောင်း ၊ သို့သော် သူ မပြန်မီ တစ်ခေါက်လောက်တော့ လာ တွေ့နိုင်အောင် ကြိုးစားမည် ဖြစ်ကြောင်း လောလော လောလော နှင့် ပြောပြီး ဖုန်း ချသွားသည် ။ နောက် တစ်ယောက် ကို ဆက်တော့လည်း ထိုနည်းလည်းကောင်းမို့ သူ တော်တော် စိတ်ဓာတ် ကျသွားသည် ။ ဒါပေမယ့် သူ နားလည်ပေးရမှာပေါ့ ။ သူတို့က နိုင်ငံရပ်ခြား မှာ လာပြီး အလုပ် လုပ် နေကြရတဲ့ သူ တွေ လေ ။ အချိန် ဆင်းရဲကြရှာပေမည် ။ အင်းလေ ... သူ လာတဲ့ အချိန် က သူတို့ အားတဲ့ ရက် နဲ့ မှ မတိုက်ဆိုင်တာ ၊ ဘယ် တတ်နိုင်ပါ့ မလဲ ။ မည်သို့ပင် ဖြေတွေး တွေးသော်လည်း ရင်ထဲမှာ တော့ မကောင်း ။

အချိန် ကွာခြားမှုကြောင့်လား ၊ ရေမြေ ပြောင်းလဲမှု နှင့် စိတ် လှုပ်ရှားမှုများကြောင့်လား ။ နောက်တစ်နေ့  သင်တန်း စ တက်ရတော့မည်ကို သိသော်လည်း သူ မည်သို့ မှ ကြိုးစား အိပ်၍ မရ ။ သူ့ သူငယ်ချင်းတွေ မြန်မာပြည် ခေတ္တ ပြန်လာကြစဉ် မှာ သူတို့ သွားလိုရာ မြန်မာပြည် တစ်နံတစ်လျား ကို သူ အလုပ်အကိုင်တွေ ဖျက် ကာ လိုက် ပို့ပေးခဲ့သည်များ ကို ပြန် မြင်ယောင်လာ မိသည် ။ စိတ် ထဲတွင် ခု သလိုလို ရှိလိုက်စဉ်မှာ ရွာ မှ ဆွေမျိုးများ ၏ မျက်နှာများ က သူ့ စိတ်အာရုံထဲ သို့ အလို အလျောက် ဝင် ရောက်လာကြလေသည် ။

အခုတော့ နယူးယောက်မြို့တော်မဟာ ရဲ့ ညလယ်ခေါင် မှာ သူ တစ်ယောက်တည်း အတွေး တွေ နဲ့ ယောင် ချာချာ ။

◾  ကျွန်း

📖  မဟေသီမဂ္ဂဇင်း     
       ဧပြီလ ၊ ၂ဝဝ၁

www.facebook.com/aung.naingoo.3726613

.

Sunday, December 26, 2021

အမှားအယွင်း


 

❝ အမှားအယွင်း ❞

“  တူ ... တူ ...  ”

“ ဟယ်လို အမိန့် ရှိပါရှင် ...  ”

“ ဟုတ်ကဲ့  ...  ကျွန်မ ဆရာစိုး နဲ့ စကား ပြောချင်လို့ပါ ...  ”

တစ်ဖက် မှ မိန်းကလေး သံကြောင့် ဒေါ်မိမိတင် ၏ စိုးရိမ်ပူပန်မှုများ ဒေါသ အဖြစ် ပြောင်းကာ ငယ်ထိပ်သို့ တက်ဆောင့်လေတော့သည် ။

“ ဆရာစိုး မရှိပါဘူး ...  ”

ထိန်းထားသည့် ကြားထဲမှ လေသံ က မာကျောနေသည် ။

“ ဆရာ ဘယ် အချိန်လောက်များ ပြန်ရောက်မလဲ သိပါရစေရှင် ...  ”

“ ဒါတော့ မပြောတတ်ပါဘူး ရှင် ...  ”

ဖုန်းခွက် ကို ဆောင့်ကာ ချလိုက်မိသည် ။ သည် မိန်းကလေးက ဘယ်ကလဲ ၊ ဘယ်သူလဲ ၊ သားလေး နဲ့ ဘယ်လို ပတ်သက်သလဲ ဟုပါ တစ်ဆက်တည်း တွေးနေမိသည် ။

ဒီလိုပါပဲ ။ မိန်းကလေး တစ်ယောက် သားလေးထံ ဖုန်းဆက်တိုင်း သူမ ပူပန်သောကတွေ ပွားနေကျ ။ အမှန်တော့ သူမ ချစ်မြတ်နိုးစွာ သားလေး ဟု ခေါ်သည့် စိုးမောင်မောင် မှာ အချိန်တန် အရွယ်ရောက် ရုံမျှ မက အရွယ်လွန်ကာ အသက်သုံးဆယ် အရွယ် ကို အတော်လေး စွန်းနေပြီ ဖြစ်သည် ။ သို့သော် မိခင် တို့ ၏ ထုံးစံအတိုင်း မိမိ ၏ သားကလေး ကို ကလေး ဟုသာ မြင်သေးသည် ။ သူမ မှာ သားသမီး လေးယောက် ရှိသော်လည်း သား ကတော့ တစ်ဦးတည်း သာ ပါ သဖြင့် သည် သားကလေး ကို သာ စုပုံပြီး အားကိုးကာ ချစ်နေရသည် ။ ထို့ကြောင့် ဒီ သားကလေး ကို အိမ်ထောင်ပြု မသွားစေချင်ပေ ။ ကလေးတွေ ရဲ့ အဖေ မရှိတော့ ကတည်းက သူမ တို့ အိမ်၏ စီးပွားရေးအခြေအနေ အတော်လေး ယိုင်နဲ့ နေခဲ့သည် ။ သားလေးဘွဲ့ရပြီး အလုပ်ဝင် မှသာ ပြန်လည်ကာ အသက်ရှူ ချောင်လာခဲ့သည် ။ ထို့ကြောင့်လည်း သားလေး မိန်းမ ယူပြီး သူမတို့ ကို ပစ်သွားမှာ သူမ သေမလောက် ကြောက်သည် ။

သားလေးကလည်း လိမ္မာရှာပါသည် ။ ငယ်စဉ်ကတည်းက ရည်းစားထားသည် ဟု တစ်ခါမှ မကြားဖူးခဲ့ ။ သား မိန်းမ ယူလို့ မေမေ နဲ့ မတည့်ရင် မေမေ စိတ်ဆင်းရဲမှာ စိုးလို့ ဘယ်တော့မှ မိန်းမ မယူဘူးဟု မကြာ မကြာ ဆိုတတ်သည် ။ သူ ဘယ်လို ပြောပြော မိန်းကလေးများနှင့် ရောရောနှောနှော နေတတ်သော သူ့ အကျင့်ကြောင့် သူမ ရင်ထဲက ပူပန်သောကတွေ ကတော့ ပျောက်ပျက် မသွားပါ ။ ထို ပူပင်မှုများက သား ကို မိန်းကလေး တစ်ဦးဦး နှင့် တွေ့ရတိုင်း ဒါမှမဟုတ် သား ထံ မိန်းကလေး တစ်ဦးဦး ဖုန်းဆက်တိုင်း ပိုမို အုံကြွလာတတ်မြဲ ဖြစ်သည် ။

အခုလည်း သက်ပြင်း တချချဖြင့် သားအလာ ကို မျှော်နေမိသည် ။ သားလေး လာမှ ဖုန်းဆက်တာ ဘယ်သူလဲ ဟု မေးရမည် ။ ဟော ... ဟိုမှာ လာနေပါပြီ ။ သူမ ၏ ချစ်လှစွာသော သားကလေး ။

“ မေမေ နေကောင်းရဲ့လား ...  ”

သားလေး က သူမ အပါးတွင် ဝင်ထိုင်ရင်း မေးနေကျ အတိုင်း မေးသည် ။

“ မေမေ နေကောင်းပါတယ်ကွယ်  ...  သားရော ပင်ပန်းနေပြီလား ... ဒီနေ့ အိမ်ပြန်နောက်ကျတယ်နော် ”

“ ဟုတ်တယ် မေမေ ရေ ... အလုပ်တွေ မပြတ်တာနဲ့ နောက်ကျသွားတာ ... မနက်ဖြန် ဘော့စ် ရောက်မယ်ဆိုတော့ သူ လာရင် အားလုံး အဆင်သင့် ဖြစ်အောင် လုပ် ထားရတယ်လေ ... ”

သားလေး တို့ ကုမ္ပဏီပိုင်ရှင် က သြစတြေးလျနိုင်ငံ တွင် နေထိုင်သူ မြန်မာလူမျိုး တစ်ဦး ဖြစ်သည် ။ သား က ကုမ္ပဏီ ၏ စီမံခန့်ခွဲအုပ်ချုပ်သူ ဆိုတော့လည်း အလုပ်များရှာပေမပေါ့  ။

“ ဪ ... ဒါနဲ့ စောစောက သား ကို မိန်းကလေး တစ်ယောက် ဖုန်းဆက်တယ် ...  ဘယ်သူလဲ ဆိုတာတော့ မေမေ မေးမထားလိုက်မိဘူး ... ”

ပြောရင်းမှ သား ၏ မျက်နှာအရိပ်အကဲ ကို စိုးရိမ်စွာ ကြည့်နေမိသည် ။ သား က ...

“ သဲသဲ ဖြစ်မယ် ထင်တယ် ...  မနက်ဖြန် ဘော့စ် ကို ကြိုဖို့ အချိန်ပေးဖို့ ဆက်တာ ဖြစ်လိမ့်မယ် ...  ကိစ္စ မရှိပါဘူး ...  ခဏနေမှ သား ပြန်ဆက်လိုက်မယ် ... ” ဟု ဆိုသည် ။

သဲသဲ ဆိုတာက သား ၏ စက္ကထရီ ဖြစ်သည် ။ အဲဒီ ကောင်မလေး ကို သူမ တစ်ခါ တွေ့ဖူးသည် ။ သူမ ၏ သွက်လက်ရဲတင်း သည့် အသွင်သဏ္ဌာန် နှင့် ခေတ်လွန်နေသော ဝတ်စားဆင်ယင်မှုများကို သတိရလိုက်သည် ။ အဲဒီ ကောင်မလေး ကို များ မတော်လို့ ချွေးမတော်နေရရင်  ...  စိတ်မသက်သာစွာ ခေါင်းကို ခါယမ်းလိုက်မိသည် ။

“ မေမေ ဘာတွေများ ခေါင်းခါနေရတာလဲ ... ဘာလဲ သားကို စိတ်ပူနေပြန်ပြီလား ... အလကား သွေးတွေတိုးနေဦးမယ် ... မေမေ့ကို သား လူပျိုကြီး လုပ်ပါ့မယ် လို့ ကတိပေးထား ပြီးပြီပဲဗျာ ... မေမေ သား ကို မယုံဘူးလား ... ပြော ”

“ မေမေ သားလေး ကို ယုံပါတယ်ကွယ် ... ဒါပေမယ့် လူ့စိတ် ဆိုတာ ပြောရခက်တယ် မဟုတ်လား.. တော်ကြာ မိန်းမလည်တွေ နဲ့ တွေ့သွားရင် မေမေ ရင် ကျိုးရမှာ ...  ”

“ သား ဒီတစ်သက် ဘယ်မိန်းကလေး ကိုမှ စိတ်ဝင်စားမှာ မဟုတ်ဘူး ... အဲဒါကိုတော့ မေမေ ရဲရဲသာ ယုံထား ... ကဲ သား ရေသွားချိုးလိုက်ဦးမယ် ...  ”

“ အေး ... အေး ...  ”

သားလေး ၏ နှုတ်ဖျားမှ သည်လို စကားမျိုး ကြားရတော့လည်း ဒေါ်မိမိတင် ရင်အေးရပါသည် ။ အိမ်ထဲ ဝင်သွားသော သားလေး ၏ ကျောပြင် ကိုကြည့်ရင်း သူမ သားလေး အပေါ်မှာ တရားရဲ့ လား ဟု တွေးနေမိ ပြန်သည် ။ သူလည်း အချိန်တန် အရွယ်ရောက်သူတို့ရဲ့ ထုံးစံအတိုင်း အိမ်ထောင်ပြုချင် ရှာမှာပါပဲ ။ အမေ ကို ချစ်လွန်းလို့ သာ ငဲ့ညှာနေရရှာတာ နေမှာ ။ ဒါပေမယ့် သူမ ရဲ့ အတ္တတွေ က သားလေး အိမ်ထောင်ပြုများ ပြုသွားရင် ဆိုတဲ့ အတွေးကို တောင် လက်မခံနိုင်ဘဲ ဖြစ်နေသည် ။ သားလေး ၏ ဒီတစ်သက် မိန်းမမယူတော့ဘူး ဆိုတဲ့ စကား မှန်ပါစေ ဟုသာ အတ္တ လွန်ကဲစွာ ဆုတောင်းနေမိတော့သည် ။

*   *    *    *    *

“ တူ ... တူ ...  ”

သားလေး မရှိပါဘူး ဆိုမှ ဖုန်းတွေက လာပဲလာနိုင် လွန်းသည် ။ ပြီးတော့ မိန်းကလေးသံတွေချည်း ။ သမီးတွေကလည်း အလုပ်သွားနေကြသည် မို့ ဒီ ဖုန်းတွေ ကို မကိုင်ချင်ပါဘဲ နှင့် ကိုင်နေရသည် ။

သားလေး က သူ့ ဘော့စ် နှင့်အတူ အခြားမြို့ကြီးများ ရှိ ကုမ္ပဏီရုံးခွဲများ ထံ လိုက်သွားရသည် ။ သွားစဉ်က တစ်ပတ်ခန့်သာ ကြာမည် ဟု ပြောသွားသော်လည်း မော်လမြိုင် ရှိ ရုံးခွဲ တွင် ပြဿနာ တစ်ခု ရှိသဖြင့် ရက် အနည်းငယ် ထပ်ကြာမည်ဟု မနေ့က ဖုန်းဆက် ပြောသည် ။

“ ဟယ်လို အမိန့်ရှိပါ ”

“ ဪ ဆရာစိုး တို့ အိမ်ကလား မသိဘူး.…. ”

“ ဟုတ်ပါတယ် ...  ဆရာစိုး ပြန်မရောက်သေးပါဘူး ... ဘယ်နေ့ ပြန်ရောက်မလဲဆိုတာကိုလည်း မသိပါဘူး ...  ဒါပဲ သိချင်တာ မဟုတ်လား ...  ”

“ ဟုတ် ... ဟုတ်ကဲ့ ...  ”

တစ်ဖက်မှ ကမန်းကတန်း ဖုန်းချသွားသည် ။

ခုံပေါ်တွင် ဆောင့်ကြီးအောင့်ကြီး ထိုင်ချကာ စိပ်လက်စ ပုတီးကို ပြန်ကိုင်လိုက်သည် ။ သို့သော် ဒေါသ က ရုတ်တရက် မပြေနိုင် ။

“ တူ ..တူ ... ”

“ လာပြန်ပြီ ဒီဖုန်းက ... ”

ပါးစပ်မှ မကျေမနပ် ရေရွတ်လိုက်မိသည် ။

“ ဟယ်လို ... ”

“ စိုး တို့ အိမ်ကလား ဟင် ... ”

အသံ က ယောက်ျားလေး သံ မို့ အတော် စိတ်သက်သာရာ ရသွားသည် ။

“ ဟုတ်ပါတယ်ကွယ် ... ဘာကိစ္စ ရှိလို့ပါလဲ ... ”

ဒေါ်မိမိတင် ၏ အသံက လွန်စွာ စိတ်ရှည်ချိုသာနေသည် ။ သား ကို စိုး ဟုပင် ခေါ်သည် ဆိုတော့ အတော်ရင်းနှီးသူ ဖြစ်ပေမည်  ။ ငယ်သူငယ်ချင်း ထဲက တစ်ယောက်ယောက် များလား ။

“ ဟိုဒင်းလေ ... စိုး ပြန် မရောက်သေးဘူးလားလို့ ဆက်ကြည့်တာပါ ... ”

“ ပြန် မလာသေးဘူးလို့ မနေ့က ဖုန်းဆက်တယ်ကွယ့် ... တစ်ပတ်လောက်တော့ ကြာမယ် ထင်တယ် ...  အတိအကျတော့ မသိဘူးကွယ့် ... .ဒါနဲ့ သား က ဘယ်သူများလဲ မသိဘူး ... ”

သူ မသိသော သား သူငယ်ချင်း တစ်ယောက်ယောက်များလား ဟု မေးလိုက်မိသည် ။

“ ကျွန်တော် သက်ဦး ပါ အန်တီ ... စိုး ပြောထားလား မသိဘူး ... ”

“ သားလေး ကတော့ တစ်ခါမှ ပြောသံ မကြားမိဘူး ... အန်တီ မေ့နေလို့လည်း ဖြစ်ချင် ဖြစ်မှာပါ ...  ဟင်း ဟင်း အသက် က ကြီးလာပြီ လေ ...  သားလေး နဲ့ ကျောင်းနေဖက် သူငယ်ချင်း ပဲလား ... ”

ဒေါ်မိမိတင် ၏ လေသံ နှင့် စကားလုံးများကို ကြားရပါက ကိစ္စရှိ၍ ဖုန်းဆက်တိုင်း အအော်ခံနေရသော မိန်းကလေးများ ဘယ်လောက် စိတ်ဆိုးလိုက်မလဲ ။

“ မဟုတ်ပါဘူး ... စိုး မပြောရသေးဘူး ထင်တယ် ။ ကျွန်တော် က စိုး ရဲ့ ချစ်သူ ပါ ... "

ဒေါ်မိမိတင် ကိုယ့် နား ကို ကိုယ် မယုံနိုင်အောင် ဖြစ်သွားသည် ။

“ ဘာရယ် ... အန်တီ ကို မနောက်ပါနဲ့ သားရယ် ”

“ အန်တီ မယုံရင် စိုး လာတော့ မေးကြည့်ပါ ... ကျွန်တော် တို့ ချစ်နေကြတာ ကြာပြီ ... ”

လိုင်း ပြတ်တောက်သွားသော ဖုန်းခွက် ကို ကြည့်ရင်း ငိုင်တွေနေမိသည် ။ မိန်းကလေးများ နှင့် ရောနှောပေါင်းသင်းသော်လည်း စိတ် မဝင်စားရသော အကြောင်း အရင်း ကို သဘောပေါက် လာရသည် ။ တစ်ခါတစ်ရံ ဟန် အမူအရာ နွဲ့တတ်သော်လည်း မိန်းကလေးများ ကြားတွင် ကြီးပြင်းရသောကြောင့် ဟုသာ ယူဆပြီး ပေါ့ပေါ့ဆဆ သာ သဘော ထားခဲ့သည် ။ သား အိမ်ထောင် ပြုသွားမှာ စိုးရိမ်ပြီး မိန်းကလေးများနှင့် တရင်း တနှီး နေတတ်ခြင်း ကိုသာ အရေးထားပြီး ပူပင်နေခဲ့မိသည် ။ အခုတော့ ဘယ်လို လုပ်ရပါ့  ။

နောက်ဆို သား ထံ ယောက်ျားလေး တစ်ယောက် ဖုန်းဆက်တိုင်း သူမ ရင်ပူရတော့မည် ထင်သည် ။

◾ ကျွန်း

📖 မဟေသီမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၀၀ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

Saturday, October 23, 2021

ကြေကွဲ ဝတ္ထုတို


 

❝ ကြေကွဲ ဝတ္ထုတို ❞

ဝတ္ထုတစ်ပုဒ် ဆိုတာ စာရေးသူတစ်ယောက် ရဲ့ နှလုံးသွေးစက်တွေနဲ့ ဖန်တီးထားတဲ့ အရာ တစ်ခုပါ ။ အရွေးခံရသည် ဖြစ်စေ ၊ အပယ်ခံရသည် ဖြစ်စေ အဲဒီ ဝတ္ထုကလေးက စာရေးသူ အတွက်တော့ ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရဘူး ဆိုတာ စာရေးသူတိုင်း နားလည်စွာ ကိုယ်ချင်းစာလို့ ရမှာပါ ။

သူမ လို ကလောင်သစ် တစ်ယောက် အကြောက်ဆုံးကတော့ ကိုယ်ပို့တဲ့ ဝတ္ထုကို ရွေးမှာ ၊ မရွေးမှာ ထက် မဖတ်ဘဲ ချောင်ထိုးလိုက်မှာကိုပါပဲ ။ ဒီလို အဖြစ်မျိုးတွေ မကြာခဏ ရှိခဲ့ဖူးတယ်လို့ ကြားဖူးနားဝ ရှိထားတဲ့ သူမ ခမျာ သူမရဲ့ ဝတ္ထုတိုကလေးတွေကို မဂ္ဂဇင်းတိုက် ပို့မယ့်အစား နှမြောစိတ်နဲ့ စိုးရွံ့စွာ သိမ်းဆည်းထားမိပါတယ် ။

သူမ ရဲ့ အကြောက်လွန်မှုကို ဖြေရှင်းဖို့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း က အကြံတစ်ခု ပေးပါတယ် ။ အဲဒါကတော့ သူမ နဲ့ ငယ်စဉ်က အထက်တန်းကျောင်း မှာ အတူတူ တက်ခဲ့ဖူးတဲ့ လက်ရှိလုံးချင်းလောက မှာ နာမည်ရနေတဲ့ စာရေးဆရာမလေး ကို အကူအညီ တောင်းဖို့ပါပဲ ။ သူကနေ တစ်ဆင့် ပို့တော့ အနည်းဆုံး အားနာပါးနာနဲ့ ဖတ်မှာပေါ့ လို့ သူငယ်ချင်းက ဆိုပါတယ် ။ သူမ အနေနဲ့ ကလည်း သူမရဲ့ ဝတ္ထုတွေကို ဒီအတိုင်း သိမ်းထားမယ့် အတူတူ စမ်းကြည့်တာ မဆိုးဘူးလို့ တွေးပြီး အဲဒီ စာရေးဆရာမလေး ဆီကို ချဉ်းကပ်ပြီး အကူအညီတောင်းခဲ့ပါတယ် ။ သူကလည်း လိုလိုလားလားနဲ့ လက်ခံလိုက်တာမို့ သူမ အရမ်း ပျော်သွားပြီး ဝတ္ထုတိုတစ်ပုဒ် စတင် ပေးပို့ခဲ့ပါတယ် ။

ဒါပေမယ့် သူမရဲ့ ဝတ္ထုလေး ရွေး မရွေး ဆိုတဲ့အကြောင်းကို တစ်လကြာလည်း မကြား ၊ နှစ်လကြာလည်း မကြား မို့ သူမ စိတ်ပူစ ပြုလာပါတယ် ။ စာရေးဆရာမလေး ကို မေးတော့လည်း “ မအားသေးလို့ဖြစ်မှာပါ ၊ ဖတ်နေပါတယ် ” စတဲ့ ဝေဝေဝါးဝါး အဖြေတွေကိုသာ ရရှိခဲ့ပါတယ် ။ ကြာတော့ သူမလည်း “ ဪ ... ငါ့ ဝတ္ထုကိုတော့ မကောင်းလို့ ပယ်လိုက်ပြီထင်တယ် ။ သူ ပြောရမှာ အားနာနေလို့ ဖြစ်မှာပါ ” လို့ တွေးပြီး မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်ပါတယ် ။

ခြောက်လခန့် အကြာမှာ သူမရေးဖြစ်သမျှ ဝတ္ထုတွေကို ပေးဖတ်နေကျ သူမရဲ့ တစ်ဦးတည်းသော ပရိသတ်ဖြစ်သူ သူငယ်ချင်းက သူမဆီ မဂ္ဂဇင်းတစ်အုပ် ယူလာပြီး “ ဒီမှာ နင့်ဝတ္ထု ပါလာပြီ ... ” လို့ မျက်နှာ မကောင်းစွာနဲ့ ပြောပါတယ် ။

သူမက “ ဟင် ... ဟုတ်လား ” ဆိုပြီး မဂ္ဂဇင်းစာအုပ်ကို ဝမ်းသာအားရ လှမ်းယူလိုက်ပါတယ် ။ သူပြတဲ့ စာမျက်နှာပါတဲ့ ဝတ္ထုတို ကလေးက သူမ ရွေးချယ်ထားတဲ့ ခေါင်းစဉ် အစစ်ပါ ။ အထဲက စာသားတွေကလည်း သူမ အခါခါ ၊ အထပ်ထပ် စိတ်ကြိုက် မဖြစ် ဖြစ်အောင် သူ ပြင်ခဲ့တဲ့ စာသားတွေပါပဲ ။ နည်းနည်းလေးတောင် မလွဲပါဘူး ။ အဲ ... လွဲနေတာက တစ်ခုတည်းပါ ။ အဲဒါကတော့ စာရေးသူရဲ့ အမည်နေရာမှာ သူမရဲ့ နာမည်အစား သူမဝတ္ထု ကို မဂ္ဂဇင်းတိုက် ကို ပို့ပေးပါမယ် ဆိုတဲ့ နာမည်ရ စာရေးဆရာမလေး ရဲ့ နာမည် ဖြစ်နေတာလေး တစ်ခုပါပဲ ။

◾ကျွန်း

📖 လုံမလေးမဂ္ဂဇင်း      
      ဖေဖော်ဝါရီလ ၊ ၂၀၀၁ ခု

koaungnaingoo.blogspot.com

.

Sunday, September 12, 2021

အချစ် မဟုတ်ဘူးနော်


 

❝  အချစ် မဟုတ်ဘူးနော် ❞

“ မောင် ... သက်လေး မှာ ကိုယ်ဝန် ရှိနေပြီ ထင်တယ် ... ”

“ ဘာ ... ”

အစဉ်အမြဲ ချိုပြုံးနေခဲ့သော ချစ်သူမျက်နှာ တင်းမာသွားသည်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည် ။

“ မင်း အဲဒီလောက်တောင် အသုံးမကျဘူးလား.… မင်း ဘာမှ ကာကွယ်မှု မရှိဘူးလား ... ”

သူလိုရာကို တောင်းတတ်သည့် ချိုမြမြ အသံမျိုး မဟုတ်တော့ ။ တကယ်ဆို အကာအကွယ် သုံးဖို့ နှစ်ဦးစလုံးမှာ တာဝန်ရှိသည် မဟုတ်လား ။ သို့သော် သူမ နှုတ်မှ ပြောမထွက်ခဲ့ပါ ။

“ သက်လေးလည်း ဆေးသောက်တာပဲ မောင်ရဲ့မောင်နဲ့ ချိန်းခါနီးတိုင်း ဆေးသောက်ခဲ့တာပဲ ... ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး……. မောင်ရယ် သက်လေးတို့ ဘယ်လိုလုပ်ကြမလဲ ဟင်... ”

အားကိုးတကြီး မေးမိသည် ။ အရင်လို ချော့မော့နှစ်သိမ့်သည့် စကားများကို မောင့်နှုတ်ဖျားမှ ကြားချင်သေးသည် ။

မောင်က သူ့ဆံပင်များကို ထိုးဖွကာ “ စိတ်ညစ်တယ်ကွာ .. ” ဟုသာ တဖွဖွ ရေရွတ်နေလေသည် ။ ချစ်သူ မျက်နှာညိုသည်ကို မကြည့်ရက်သည့် သူမကပဲ ပြန်လည် နှစ်သိမ့်ရသည် ။

“ မောင်ရယ် ... မသေချာသေးပါဘူး ... သက်လေး ကြားဖူးတာတော့ ဆီးစစ်ရတယ်တဲ့ ... အဲဒီတော့မှ ဟုတ်မဟုတ်သေသေချာချာ သိမှာ ... သက်လေးတို့ သွား စစ်ကြည့်ရအောင်နော် ... ”

သည်တော့မှ စိတ်မသက် မသာ ဖြစ်နေသည့် မောင့်မျက်နှာမှာ အနည်းငယ် ကြည်လင်လာသည် ။

“ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရတာပဲကွာ ... တကယ်ဆို ဒီအတွက် မောင်တို့ သိပ်ငယ်သေးတယ် မဟုတ်လား ... ”

ဒီစကားကို ဘာလို့များ မောင် အရင်က မပြောခဲ့ပါလိမ့် ။ အတူတူနေကြဖို့ကော သိပ်ငယ်သေးတယ်လို့ မောင် မတွေးမိခဲ့ဖူးလားဟင် ။

*****   *****   *****

သူမတို့ ဆုတောင်းမပြည့်ခဲ့ပါ ။

ကံမကောင်းလှစွာပင် UCG Test ၏ အဖြေက Positive တဲ့ ။

အခုလို ဖြစ်ရတော့ အပြစ်တွေ အားလုံး သူမအတွက် ဖြစ်သွားတော့သည် ။

အလျင်က အတူတူနေဖြစ်ဖို့ နည်းမျိုးစုံ နှင့် ဖျောင်းဖျ တိုက်တွန်းခဲ့တာ မောင် မဟုတ်လား ။ ချစ်သူရဲ့ အငြိုအငြင်ကို တာရှည် တင်းမခံနိုင်လို့ ခေါင်းညိတ်လိုက်လျောခဲ့မိတဲ့ သက်လေးရယ်ပါ ။

အရင်ကတော့ အရမ်းချစ်လှချည်ရဲ့ ဆို ၊ သက်လေးရဲ့ အချစ်ကိုမှ မရရင် သေတောင် သေရလိမ့်မယ်ဆို ။ အခုတော့ မောင့်အချစ်တွေ ဘယ်ရောက်ကုန်ပြီလဲ ။ ရင်ထဲမှာ တစစ်စစ် နာကျင်နေသည် ။

“ လက်ထပ်ကြရအောင် ... ” လို့ သူမ ပြောတော့

မောင်က ...

“ အခုနေ လက်ထပ်ရင် ဘယ်မှာ နေကြမလဲ ။ ဘယ်လို စားကြမလဲ ... ” တဲ့ ။

မောင်က ယောက်ျားပဲ  ။ တကယ်ဆို ဒီစကားတွေကို သက်လေးက မေးရမှာပါ ။ “ တူနှစ်ကိုယ် တဲအိုပျက် မှာပဲ နေရ ၊ နေရပေါ့ ... ” ဆိုတော့ မောင်က ..

“ စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ ... ” တဲ့ ။ အတူနေစရာ တစ်နေရာ၏စရိတ် ၊ စားစရိတ် ၊ ကလေးမွေးလျှင် ကုန်ကျမည့်စရိတ်တွေ မောင် တွက်ပြတော့ သူမ ထိတ်လန့်စွာ တအံ့တဩ ဖြစ်သွားရသည် ။

ဒါတွေကို မောင်အရင်က ဘာလို့ မတွက်ပြခဲ့တာလဲ ။ ဒါတွေကို မောင် အရင်ထဲက သိလျက်နဲ့ ဘာလို့များ သူမကို ဒီအခြေအနေအထိ သွေးဆောင်ခဲ့ရတာလဲ ။ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို မောင် ကြိုမမြင်ခဲ့ဖူးလား ။

သူမကတော့ မောင့်အပေါ်မှာ အကြွင်းမဲ့ ယုံကြည်အားကိုးခဲ့သည် ။ အခုတော့ မောင်က ...

“ မောင်တို့ လက် မထပ်ကြဘူးလို့ မပြောပါဘူး ... တစ်နေ့ လက်ထပ်ကြမှာပါ ... ဒါပေမယ့် အခု လက်ထပ်လို့ မဖြစ်သေးဘူး ... မောင့်ပညာရေးက ရှိသေးတယ် သက်လေးက လိမ္မာပါတယ်ကွာ ... ” တဲ့ ။

မောင့်ရဲ့ ချော့တစ်လှည့် ၊ ချောက်တစ်လှည့် စကားတွေကြားထဲမှာ သူမအတွက် အဖြေက ထင်ရှားနေသည် ။ သူမကလည်း မောင်တာဝန်မယူနိုင်ဘဲနှင့် ကလေးတစ်ယောက် မွေးရဲသည့် သတ္တိ မရှိပါ ။ ရုပ်ရှင်ထဲက အမျိုးသမီးများကတော့ သတ္တိကောင်းကြသည် ။ အပြင်မှာကော ဒါမျိုးတွေ တကယ် ရှိသလား ။

သူမ အဖေ မရှိသည့် ကလေးတစ်ယောက်ကို မွေးလျှင် သူမကို လူတွေက ဘယ်လိုပြောကြလဲ ။ အဲဒီကလေးရဲ့ ရှေ့ရေးကကော ကောင်းနိုင်ပါ့မလား ။

အခုမှ သူမ အိပ်မ က် မှ လန့်နိုးသည် ။

“ ပတ်ဝန်းကျင်က ဘာပြောပြော ဂရုစိုက်နေရမှာလား ... ” တဲ့ ။ သူမ နားယောင်ခဲ့တဲ့ မောင့်စကားတွေ ။

အခုတော့ နောက်ဆက်တွဲ ပြဿနာများက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ နေလို့ရမည့် ပြဿနာများ မဟုတ် ။ အစကတည်းက လူ့အသိုင်းအဝိုင်းက လက် မခံ ၊ ခွင့်မပြုသည့်ကိစ္စမို့ ဖြစ်လာသည့် ပြဿနာများကိုကော လူ့အသိုင်းအဝိုင်းက လက်ခံမည် ၊ ခွင့်ပြုမည်တဲ့လား ။

သူမရဲ့ အသိတရားရမှုက သိပ်ကို နောက်ကျလွန်းနေခဲ့ပြီ ။

*****   *****   *****

မည်သူ့ကိုမှ ဖွင့်မပြော ၊ မတိုင်ပင်ရဲသည့် ကိစ္စမို့ မောင်ခေါ်ဆောင်ရာ နောက်သို့ သာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ရသည် ။

သူမ စိတ်အားငယ်စွာ စောင့် နေစဉ်တွင်ပင် ဆရာဝန်မလား ၊ သူနာပြု ဆရာမလားဟု မသဲကွဲသည့် အမျိုးသမီးတစ်ဦးက အခန်းထဲသို့ ဝင်လာကာ လိုအပ်သည်များကို စတင်လုပ်ကိုင်သည် ။

ကြောက်ရွံ့ ထိတ်လန့်ခြင်း ၊ နာကျင်ခြင်း ၊ ရှက်ခြင်းတို့ ရောပြွမ်းကာ ထိုနေရာမှ ပျောက်ကွယ်၍သာ သွားချင်တော့သည် ။ သူမ၏စိတ်ထဲ တစ်ကမ္ဘာလောက် ကြာသည်ဟု ထင်မိသည် ။

“ ကဲ ... အားလုံး ပြီးပြီ .. .”

ထိုအမျိုးသမီး၏ အသံကြားတော့မှ ငရဲပြည်က လွတ်လာသူလို ခံစားလိုက်ရသည် ။ ဘာပဲဖြစ်ဖြစ် တော်သေးတာလို့ပဲ မှတ်ရမှာပေါ့ ။ သူမမှာ ဘာပြဿနာ မှ မရှိတော့ ။ ဘယ်သူမှလည်း မသိလိုက်ဘဲ အားလုံး ရှင်းလင်းသွားပြီ ။ သူမ နောက်ထပ် မမိုက်တော့ဟု ကိုယ့်ဘာသာကိုယ် ကတိပြုလိုက် မိသည် ။ သည်တစ်ခါနဲ့တင် လုံလောက်သွားပြီ မဟုတ်လား ။

*****   *****   *****

ညက သူမ အဖျားတွေ တက်လာသည် ။ အမေက ဆေးခန်းသွားပြရန် ပြောသည် ။

“ ကောင်းသွားမှာပါ ... ” ဟု အမေ့ကို နှစ်သိမ့်ရင်း ပါရာစီတမော့ တစ်ပြားသောက်ကာ အိပ်ရာထဲမှာ ခွေနေမိသည် ။

ဆေးခန်းပြလို့ မဖြစ် ။ ဆရာဝန်က သူမကို မေးတော့မည် စမ်းသပ်တော့မည်  ။ သူမလုပ်ထားသမျှတွေ အကုန် ပေါ်ကုန်တော့မည် ။

သူမ၏ မိန်းမကိုယ်မှလည်း ပုပ်အဲ့အဲ့အရည်တွေ ဆင်းနေသည် ။ ဆီးစပ်ကလည်း အရမ်းကိုက်သည် ။ အဖျားက ကျမသွားဘဲ ပို၍သာ တက်လာသည် ။ သည်လိုနှင့် ကြိတ်မှိတ်နေရင်း နောက်တစ်ရက် ကူးသွားသည် ။

( ၂ ) ရက် မြောက်နေ့၏ မနက် မှာ အမေ အခန်းထဲဝင်ကာ အဖျားလာတိုင်းတော့ သူမ သတိမရချင်တော့ ။

“ အမလေး .. အဖျား ၁၀၄ တောင် ကျော်နေပြီ ... မဖြစ်ဘူး ဆရာဝန် ခေါ်မှ .. ”

သူမ ခပ်သဲ့သဲ့ ကြားလိုက်ရသော အမေ့ ၏ နောက်ဆုံးအသံ ဖြစ်သည် ။

*****   *****   *****

သူမ သတိပြန်လည်လာတော့ ဆေးရုံပေါ်မှာ သူမလက်နှစ်ဖက်စလုံးမှာ ပိုက်တန်းလန်းနှင့် ။

“ သမီး .. သမီးလေး သတိရပြီလား ... ”

အမေ၏ စိုးရိမ်တကြီး အသံ ။

“ သမီးရယ် ... အမေ စိတ်ပူလိုက်တာ ... ဒီက ဆရာဝန်မတွေက အမေ့ကို မဟုတ်တန်းတရားတွေ လာပြောနေကြတယ် ... အမေ့သမီးလေးကိုများ ကိုယ်ဝန် ဖျက်ချတာတဲ့ ... အမေ အားလုံးကို ရန်တွေ့ပစ်လိုက်တယ်... သမီး နေကောင်းတာနဲ့ အမေ ဒီဆေးရုံပေါ်က ဆင်းမယ် ... တစ်စက္ကန့်တောင် မနေဘူး ”

အမေရယ် သမီးကို အကြွင်းမဲ့ ယုံတဲ့အမေ့ကို သနားလိုက်တာ ။ သမီးမိုက်ကို ခွင့်လွှတ်ပါ အမေရယ် ။

အမေ့ကို ညာထားလို့ ရပေမယ့် ဆေးရုံက ဆရာဝန်တွေကိုတော့ ညာထားလို့ မရ ။ အသက်အန္တရာယ်နှင့် နီးလွန်းလှသည့် ကိုယ်ဝန်ဖျက်ချခြင်း၏ ဆိုးကျိုးများကို ကြားရမှ သူမ အလွန် ထိတ်လန့်တုန်လှုပ်လာမိတော့သည် ။ ။

ဖျက်ချရင်းနှင့် သွေးလွန်ကာ သေနိုင်သည် ။ ကိုယ်ဝန်ရှိသဖြင့် အလွန်ပျော့နေသော သားအိမ်သည် အလွယ်တကူ ပေါက်သွားနိုင်သည် ။ သူမ ဖြစ်သည်ကတော့ ကျန်ရစ်သည့် သန္ဓေသား၏ အစိတ်အပိုင်းမှ တစ်ဆင့် ပိုးဝင်ကာ တစ်ကိုယ်လုံး ပြန့်သွားခြင်းတဲ့ ။

သူမ ဆေးရုံရောက်တော့ အရေးပေါ်သားအိမ်ခြစ်ခဲ့ရသည် ။ သို့သော် သားအိမ်တစ်ခုလုံး ရိကာပုပ်နေပြီမို့ သားအိမ်ကို ထုတ်လိုက်ရသည်တဲ့ ။

ဆေးရုံရောက်တာသာ နည်းနည်းနောက်ကျလျှင် မည်သို့မှ မကယ်နိုင်တော့ဟု ဆရာဝန်မကြီးက ပြောသည် ။

သူမ တစ်သက်လုံး သားသမီး မရနိုင်တော့ ။

သူမ မိုက်ပြစ်အတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးက ကြီးမားလွန်းသည် ။

*****   *****   *****

ဖုံးဖိထားလို့ မရတော့ပြီမို့ အဖေလည်းသိသွားခဲ့သည် ။ အဖေက အရမ်းဒေါသထွက်သော်လည်း သူမကို ဆူပူကြိမ်းမောင်း မနေတော့ပါ ။

“ ဖြစ်ပြီးတာတွေထားတော့ ... ရှေ့လျှောက်ဘာလုပ်ရမလဲဆိုတာပဲ စဉ်းစားကြမယ် ... ” ဟု ပြောသည် ။

အဖေ နှင့် အမေ တိုင်ပင်ကာ မောင် နှင့် သူမကို လူကြီးချင်း ညှိနှိုင်းကာ လက်ထပ်ပေးကြရန် ဆုံးဖြတ်သည် ။

ဖေဖေက မောင်တို့အိမ်သို့ ဖုန်းဆက်အကြောင်းကြားကာ အကျိုးအကြောင်း ရှင်းပြပြီး လူကြီးချင်း စကားပြောရန် အိမ်သို့ ဖိတ်ခေါ်လိုက်သည် ။

နောက်တစ်နေ့တွင် မောင် နှင့် သူ့မိဘများ အိမ်သို့ ရောက်လာကြသည် ။ မောင်က သူနှင့် ဘာမှမဆိုင်သလို အပြစ်မရှိသလို ပုံမျိုးနှင့်မို့ သူမ အလွန်အသည်းယားလှသည် ။ သူမကို ဘာဖြစ်သလဲပင် မမေး ။ မောင့် ကြောင့် သူမ သေလုမျောပါးဖြစ်ခဲ့ရတာတွေကို မောင် နည်းနည်းလေးမှ မစာနာမိဘူးလား ။

မောင့်အဖေက ခပ်အေးအေးပေမယ့် မောင့်အမေ ကတော့ သူမကို ဒေါသထွက်နေသည် ။ သူ့သားကို အညွန့်ချိုးသည်ဟု စွပ်စွဲသည် ။

တကယ်တမ်း အညွန့်ကျိုးခဲ့ရတာက သူမပါ ။ သားရှင် ဖြစ်သည်နှင့် သူ့ကိုယ်သူ မိန်းမသားတစ်ဦး ဖြစ်သည်ဆိုတာကို မေ့သွားပုံရသည် ။ သူမကို မိန်းမသားချင်း ကိုယ်ချင်းစာဖို့ဆိုတာ ဝေလာဝေး ။ သည် ဖြစ်သမျှ ကိစ္စအားလုံးမှာ သူမတစ်ယောက်တည်းသာ တာဝန်ရှိသည်ဟု ယူဆထားပုံရသည် ။

“ ယောက်ျားလေးကတော့ လွယ်ရင် နေမလား ... မိန်းကလေးကမှ အနေအထိုင် မတတ်တာ ... ” တဲ့ ။

သည်လို အပြောခံရရလိမ့်မည်ဟု သူမ အိပ်မ က်ပင် မမ က်ခဲ့ဖူးပေ ။

တစ်နာရီခန့် သူ့ဘက် ကိုယ့်ဘက် အကြိတ်အနယ် ဆွေးနွေးအပြီးတွင် မောင့်အဖေက ...

“ ကျွန်တော်တို့ သားရဲ့ အိမ်ထောင်ရေးကို ချုပ်ချယ် မထားပါဘူး ... သူ့သဘောအတိုင်းပါ ... ဒါပေမယ့် တစ်ခုတော့ ရှိတယ်... သူ့ကို ကျွန်တော်တို့က နိုင်ငံခြားမှာ ကျောင်းထားပေးဖို့ စီစဉ်ထားတာ ... မိန်းမယူမယ် ဆိုရင်တော့ ဘာလို့ ထားပေးတော့မှာလဲ ... ဒီမှာပဲ အလုပ်တစ်ခုခု လုပ်ပေါ့ ... ” တဲ့ ။

သူ မောင့်မျက်နှာကို မျှော်လင့်ခြင်းကြီးစွာ ကြည့်မိသည် ။

“ ကဲ ... သား မင်းသဘောကကော ... ”

မောင့်အမေက ခပ်တင်းတင်း မေးသည် ။

“ ကျွန်တော်ကတော့ ကျောင်းဆက်တက်ချင်သေးတယ် အန်ကယ်... အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်တော့ပြုပြု ရပါတယ်... ကျွန်တော် သက် ကို မယူနိုင်ဘူးလို့ မပြောပါဘူး...အန်ကယ်တို့ ဘက်ကသာ အချိန်နည်းနည်း စောင့်ပေးဖို့ ... ”

အဖေ သည်းညည်း မခံနိုင်တော့ပါ ။

“ ဘာကွ ... မင်းကကော အချိန် စောင့်ခဲ့လို့လား ... ငါ့သမီး ဒီလို အရှက်တကွဲဖြစ်ခဲ့ပြီးမှ မင်းက ဒီစကားမျိုး ပြောရဲသေးတယ် ... ”

နှစ်ဖက် မိဘများ၏ စေ့စပ်ညှိနှိုင်းပွဲသည် ရန်ပွဲဖြင့် ပြီးဆုံးသွားခဲ့ပါသည် ။

သူမကတော့ ငိုစရာ မျက်ရည် မကျန်အောင် ငိုရုံမှတစ်ပါး ဘာများတတ်နိုင်ဦးမှာလဲ ။ သူမကြောင့် မိဘများ အရှက်ကွဲခဲ့ပြီ ။ သူမကိုယ်တိုင်လည်း တစ်ဘဝစာ အရှက်ရခဲ့ပြီ ။

နားယောင်မိသူ၏ ဘဝနှင့် ရင်းရသည့် သင်ခန်းစာများ ။ သူမလို မိန်းကလေး ဘယ်နှစ်ယောက် များ ရှိလေမလဲ ... ။ ယောက်ျားလေးများကတော့ သူတို့ ဘက် မှ နာစရာ မရှိ ၊ နှစ်သက်ကြပေလိမ့်မည် ။ ဒါကို အချစ်ဟု ယုံမှတ်မှားအောင် ပြောကြပေလိမ့်မည် ။

ဒါဟာ အချစ် မဟုတ်ပါ ။ အချစ်ဆိုလျှင်လည်း သူတို့ကိုယ် သူတို့ ချစ်ခြင်းသာ ဖြစ်ပေလိမ့်မည် ။ လက် မထပ်မီ အတူနေရန် တောင်းဆိုသော ယောက်ျားလေးများသည် ကိုယ့်အတွက်သာ ကိုယ် ကြည့်တတ်သော အတ္တသမားများမို့ ချစ်သူကို ယုံကာ ပုံမိပါက ကိုယ်သာ ဒုက္ခရောက်ရမည်ဟု သူမ သိသင့်ခဲ့သည် ။

သူမလို မဖြစ်ကြစေဖို့ မိန်းကလေးများကို မှာချင်သည် ။ ချစ်သူ၏ စကားကို နားထောင်ကာ လိုက်လျောမိတော့မည်ဆိုလျှင် နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် ပြဿနာများအတွက် မိမိ ခံနိုင်ရည် ဘယ်လောက်ရှိသလဲ ။ လူ့အသိုင်းအဝိုင်းက လက် မခံနိုင်သည့် ကိစ္စ တစ်ခုကို ကျူးလွန်ပြီး ရလာသည့် ရလဒ်များကို အရှက်ကင်းမဲ့စွာ လက်ခံရဲ ၊ ရင်ဆိုင်ရဲကြပါသလား ဆိုတာကို အရင်စဉ်းစားကြည့်ကြစေချင်ပါသည် ။

သူမကတော့ အချိန်လွန်မှ ရခဲ့သော နှောင်း နောင်တများနှင့်သာ ... ။

◾ ကျွန်း

📖 ချယ်ရီ မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၂၀၀၁

koaungnaingoo.blogspot.com

.