Showing posts with label မောင်ကျော်သာ. Show all posts
Showing posts with label မောင်ကျော်သာ. Show all posts

Saturday, September 9, 2023

သော်တာဆွေ


 

❝ သော်တာဆွေ ❞

ဆရာ သော်တာဆွေ အကြောင်း ကို ရေးမည် ဟု တွေးလိုက်သော အခါ ရေဇလာ က ဗေဒါပန်းများ ကို ကျွန်တော့် မျက်စိထဲ မြင်လာသည် ။

ဗေဒါ မှာ ရေသေ ၊ အင်းအိုင် ၊ ကန် ၊ မြောင်း ထဲ က ဗေဒါမျိုး မဟုတ် ၊ ဒီရေ အတက်အကျ နှင့် လေလှိုင်းတံပိုး အထ တွင် ဒိုက်သရော အညစ်အကြေးများ နှင့် မျောလိုက် ၊ တက်လိုက် ၊ ကျလိုက် ၊ ရွှံ့ညွန် တွင် သောင် တင်နေတတ်သော ဗေဒါမျိုးပါတည်း ။

ဤဗေဒါမျိုး သည် အဘယ်သို့ပင် နေရ နေရ ၊ အပင်မနွမ်း အစဉ် လန်း၍ ပွင့်ပန်းဝေဘိသကဲ့သို့ သော်တာဆွေ လည်း ပစ်တိုင်းထောင် သဖွယ် သူ့ ဘဝ အထွေထွေ တွင် ကျရာက  ထောင် တက်လာကာ ရတနာပန်းများ ကို ပွင့်လန်းနေသူ ဖြစ်ကြောင်း သူ့ စာပေ ကို ဖတ်၍ သူ့ ဘဝ ကို လေ့လာကြည့် မှ သိရှိရပေသည် ။

◾သော်တာဆွေ ၊ သို့မဟုတ် ရေအဏ္ဏဝါကြမ်း က ဗေဒါပန်း

သော်တာဆွေ ဆိုလျှင် ယေဘုယျ အား ဖြင့် အများ က သိနေ တတ် သည် မှာ အရက်သမား ၊ ကြက်သမား ၊ ဟိုတယ်တွင် ရန်ဖြစ်သူ ၊ မူးယစ် ရမ်းကားတတ်သူ ၊ မြာပွေသူအဖြစ် နှင့် ခပ်ပေါ့ပေါ့ သဘော ထားကာ ရယ်စရာများ ကို ရေးသူ စသည် ဖြင့် ယူဆစရာ ဖြစ်နေသည် ။ 

သို့သော် ထို ရယ်စရာများ ကို ရေးသူ ၏ ဘဝလမ်းခရီး ကား ရေ အဏ္ဏဝါ ကြမ်း က ဗေဒါပန်း သဖွယ် လောကဓံ ၏ ကြမ်းတမ်းသော ဒီလှိုင်းမုန်တိုင်း ဝဲဂယက် တို့ ကြားဝယ် အညစ်အကြေး ဒိုက်သရော တို့ဖြင့် ရောယှက် ကာ မျောလျက် လိုက်ပါခဲ့ရ ရှာသည့် ဘဝခရီးကြမ်း တို့ ကိုကား စာဖတ်သူ အများ က မြင်တွေ့ သိရှိ နားလည် နိုင်မည် မဟုတ် ။

ထို လောကဓံ ၏ ကြမ်းတမ်းသော ဒီလှိုင်း မုန်တိုင်းများ ကို ဖြတ်ကျော် မျောပါ ရင်း က သူ တွေ့ကြုံခဲ့ရ သမျှ ဘဝ သင်ခန်းစာကလေးများ ကို အများ အတွက် အမြဲ သတိပေး ရေးသားလျက် ရှိသူ ဖြစ်ကြောင်း ကို ကား သတိထား ကောင်း မှ ထားမိကြပေလိမ့်မည် ။

သော်တာဆွေ ဟူသည့် ကလောင် အမည် ကို ၁၉၄၇ ခု ၊ ရှုမဝ မဂ္ဂဇင်း တွင် ' ဘရန်ဒီ တစ်ပုလင်း ' ဝတ္ထု ဖြင့် စတင် သိရှိခဲ့ရသည် ။ ထို ဝတ္ထု မှာ ဟာသဝတ္ထု ဖြစ်သည် ။ ထိုစဉ် က ဒုတိယကမ္ဘာစစ်ကြီး စဖြစ်၍ စစ်အတွင်း က စာငတ် ၊ ပေငတ် ဖြစ်ခဲ့သော စာဖတ်ပရိသတ်ကြီးမှာ ထွက်သမျှ စာပေ မှန်သရွေ့ အငမ်းမရ ဖတ်ရှု အားပေး နေချိန် ဖြစ်သည် ။ ထိုသို့ စာဖတ်ပရိသတ် ဘက် က ဖတ်အား ကောင်း သလို ပင် စစ်အတွင်း က တွေ့ကြုံ ခဲ့စားခဲ့ရသော များပြား လှသည့် စစ် ၏ ဒဏ်ရာ ဒဏ်ချက် အဖြစ် အပျက်များ ကို ရင်ဝယ် မဆံ့ သဖြင့် အန် ချ လိုသော စာရေးဆရာ ပေါက်စ များ မှာ လည်း ဒု နှင့် ဒေး ရှိ နေသည် ။ ထို ဒု နှင့် ဒေး ထဲ မှ ပင် တင့်တယ် ၊ မင်းရှင် ၊ သန်းဆွေ ၊ မိုးဝေ ၊ ရဲခေါင် စသည့် ကလောင် များ ထင်ရှား လာသည် ။ ထို့အတူ သော်တာဆွေ ဟူသည့် ကလောင်အမည် မှာလည်း သူတို့ နှင့် ရှေ့ဆက် နောက်ဆက် ကျော်ကြား ထင်ရှား လာသည် ။သူ ၏ “ ဘရန်ဒီ တစ်ပုလင်း ”  ဝတ္ထု နှင့် ပတ်သက်၍ ဆရာတင့်တယ် က ဤသို့ ပြောဖူးသည် ။

“ မောင်ဆွေ ဟာ တစ်နေ့ နာမည်ကျော် စာရေးဆရာ ဖြစ်ရမယ် ဆိုတာ ‘ ဘရန်ဒီ တစ်ပုလင်း ’ ဖတ်ရ ကတည်း က ကျွန်တော် သိ နှင့် နေ တယ် ။ အဲဒီတုန်း က ကျွန်တော် ဆေးရုံ ပေါ် မှာပေါ့ ။ အစိုးရ အလုပ်သင် ဆရာဝန် ပေါက်စနတွေ သွေးကြော ရှာ မရနိုင်တာ နဲ့ အပ်ပေါက် စမ်းလွန်း လို့ လက်မောင်း တစ်ခုလုံး စပ်ဖျဉ်းဖျဉ်း နဲ့ စိတ်ညစ် နေတုန်း သူ့ ဝတ္ထု ကလေး ဖတ်ရတော့ မှ ပြုံးနိုင် ရယ်နိုင် ဖြစ်လာ တော့တယ် ။ ဒါနဲ့ လက် မောင်း စပ်ဖျဉ်းဖျဉ်းကြီး တန်းလန်း က ထပြီး သူ့ ဆီ စာ လှမ်း ရေးမိတာပဲ ။ အဲဒီက စပြီး သူ နဲ့ ကျွန်တော် ခင်ခဲ့ကြတာ အစ်ကို ရ ၊ ကျွန်တော့် စာ ရပြီး သူ ရန်ကုန် ဆင်းလာစ တုန်းကတော့ ကလောင် ဂျူနီယာကလေး ဆိုပြီး ခပ်ပေါ့ပေါ့ မှတ်တယ် ။ တစ်နေ့ ဆရာဇဝန တို့ နဲ့ တွေ့ တော့မှ ဟေ့လူ ခင်ဗျား “ မိုးတိမ်တောင် ” မဟုတ်လား သော်တာဆွေ ဆိုတော့ ကျုပ်တို့က ကလောင် အသစ်ကျပ်ချွတ်ကလေး အောက်မေ့ နေတာဗျာ ”  ဆိုတော့မှ ပဲ အင်း သူ လည်း စစ် မဖြစ် ခင် ကတည်း က လေ့ကျင့် နေတဲ့ ကလောင် တစ်ချောင်းမှန်း သိခဲ့ရတယ် ”

ကျွန်တော်တို့ အနေဖြင့် မူ မိုးတိမ်တောင် အမည် ဖြင့် တစ်ခါမျှ မတွေ့ ခဲ့ဖူးပေ ။ သော်တာဆွေ အဖြစ် နှင့် ကား သူ ၏ ဇာတ်ကောင်များ ဖြစ်သည့် ဖြတ်စ ၊ ကျော်စံကေး ၊ ဟစ်တလုံး ၊ အေးဆွေ ပေါ်အူး စသူတို့ နှင့် အူမြူး နေခဲ့ရ ချိန် ဖြစ်သည် ။

ထိုစဉ်က ကျွန်တော် သည် စာပေနယ် သို့ မရောက်သေး ။ ဇာတိ ပေါင်းတည်မြို့ ကလေး တွင် ဆန်စက် စာရေး ဘဝ ၌ ကျင်လည်ရင်း သော်တာဆွေ ၏ စာဖတ် ပရိသတ် ဖြစ် နေခဲ့သည် ။ လူငယ်တို့ ဘာဝ မိမိ စွဲလမ်း သော စာရေးဆရာ ကို အဝေး မှ ကြည်ညိုနေခိုက် ဖြစ်သည် ။ သော်တာဆွေ ဟူသည် မည်သူမည်ဝါ ဖြစ်၍ ဖြူသလား ၊ မည်းသလား မသိ ။ သိမည့် သိရ တော့လည်း အမှတ်မထင် ခင်မင်သူ တစ်ဦး နှင့် အငြင်းပွား ရင်း သူ့ အတွင်းရေးများ ပါ သိခဲ့ရသည် ။ သို့ သိရပုံကား ဤသို့တည်း ။

ဆန်စက် ၌ အလုပ် အားလပ်ချိန် တစ်နေ့ သူ ၏ စာများကို ဖတ် နေ ခိုက် ထိမိသော ဟာသကွက်များ ၌ နှစ်ခြိုက်စွာ ရယ်မော လိုက်စဉ် “ အမယ် လေး ၊ သော်တာဆွေ အရက်သမား ကြက်သမား ရေးတဲ့ စာများ ကောင်း ကောင်းကန်းကန်း လုပ်လို့  ” ဟု စော်စော်ကားကား ပြော လာသော အသိ မိတ်ဆွေ တစ်ဦး နှင့် စကား များကာ ရန်စောင် မိကြသည် အထိ ဖြစ်ခဲ့ရသည် ။

ထိုစဉ် က ကျွန်တော့် အဖို့ ကား သူ ၏ စာများ ၊ သူ နှင့် ပတ်သက်သော အကြောင်းအရာများ ကို ဖတ်လွန်း၍ လား မသိ ။ အကုသိုလ်ကံ သည် အရိပ်ပမာ လိုက်သည် ။ ကာလဝိပါက် နောက်ပိုးတက်သည် စသည့် ဘာသာအယူဝါဒ ၏ စကားလုံးများ ကို သုံးနှုန်းခဲ့ပုံ ၊ မကောင်း ကြံ သူ သာ မကောင်း ဖြစ်ရသော ဇာတ်အိမ် ဇာတ်ကွက်မျိုး ချည်း ရေးဖွဲ့လေ့ ရှိပုံများ ကို သတိထား လေးစားမိခဲ့သည် ။

ထိုနေ့ က ထို အသိ မိတ်ဆွေ နှင့် ကျွန်တော်တို့ စကား များသည့် သတင်း မှာ ဆန်စက်ဝင်း တစ်ခုလုံး ပျံ့နှံ့ သွားကာ ကျွန်တော်တို့ ဆန်စက် နှင့် ကပ်လျက် ရှိသည့် တစ်ဖက်သော ဆန်စက်ဝင်း မှ လူများပင် သိရှိ ကုန်သည် ။

ထို တစ်ဖက်သော ဆန်စက် ကား ဆရာ သော်တာဆွေ အား စာရေး ဆရာ ဘဝ သို့ ထုတ်ဆောင်ကူးမြောက် အရောက် ပို့ လိုက်သော ကူးတို့ ယာဉ်သာ ဟု ပင် တင်စားနိုင်သည့် မြန်မာ့အလင်း သတင်းစာတိုက် ပိုင်ရှင် သူဌေး ဦးမောင်ကြီး ၏ ဆန်စက် ပင် ဖြစ်ပေသည် ။

သူဌေး ဦးမောင်ကြီး မှာ ဆရာသော်တာဆွေ ၏ ဖခင် နှင့် ရင်းနှီး သော မိတ်ဆွေ ဖြစ်သည် ။ ထို့ကြောင့် စစ်ပြီးခေတ် တွင် ကျောင်းဆရာ ပြန် မလုပ်သော အထက်တန်းပြ ဆရာ ကိုကျင်မောင် ( သော်တာဆွေ ၏ နာမည် ရင်း ) အား သူဌေးများ က မ,စသော အနေဖြင့် မန္တလေး သို့ ဆန် ရောင်း လွှတ် ခဲ့သည် ။ ကျောင်းဆရာလေး မှာ ဆန်ရောင်း ရင်း ကုန်ရှုံး ကြွေး တင်ကာ ကြွေးရှင် မျက်နှာ မကြည့်ဝံ့တော့ သောကြောင့် မန္တလေး ရှိ ဆရာ ကြီး ရွှေဥဒေါင်း အိမ် တွင် သောင်တင် နေခဲ့သည် ။ ထိုမှ နေ၍ စာကလေး ပေကလေး ရေး နေကြောင်း ကြားသိ လာသည် ။

ကျွန်တော့် မှာ မမျှော်လင့်ဘဲ သော်တာဆွေ သည် ပေါင်းတည် သား ကျောင်းဆရာ ကိုကျင်မောင် ဖြစ်ကြောင်း သိရ သဖြင့် ရှိရင်းစွဲ ခင်မင်ကြည်ညို စိတ် မှ ပိုမို တက်ကြွကာ အားရဝမ်းသာ ဖြစ်မိသည် ။ ဝမ်းသာအားရ ဖြစ်လှ သဖြင့် သော်တာဆွေ နှင့် ကျောင်းနေဖက် ဖြစ်သည့် ကျွန်တော် ၏ အစ်ကိုတော် ကို ပြောပြမိသည် ။ ကျွန်တော် ၏ အစ်ကိုတော် ပေါင်းတည် သိမ်ကြီး နေရှင်နယ်ကျောင်းအုပ် ဆရာသောင်း ၊ ပန်းချီ ဦးစန်းလွင် စသူ တို့ မှာ သော်တာဆွေ ၏ ငယ်ပေါင်း ကျောင်းနေဖက်များ ဖြစ်ကြသည် ။

ထိုနေ့ က ကျွန်တော်တို့ အစ်ကိုတော် မှ တစ်ဆင့် ပြော ပြသဖြင့် သူ သည် ကျောင်းသားဘဝ ကတည်း က ပညာရည် ချွန် သလောက် မြန်မာ ကဗျာ ၌ ကျွမ်းကျင် နိုင်နင်းသည် ။ ဗိုလ်ချုပ်ကျော်ဇော တို့ နှင့် ဆရာဖြစ်သင် ကျောင်း တွင် အတူ နေခဲ့ဖူးသည် ။ အင်္ဂလိပ်  ပြေး ၊ ဂျပန် ဝင် စ က အင်္ဂလိပ် မောင်းထုတ်ရေး စစ်ဦး ကို ကြိုဆိုရန် အသွား သူ မျှော်လင့်သလို ဘီအိုင်အေ မျိုးချစ်တပ်မတော် သို့ မဝင်ဖြစ်ဘဲ ဂျပန်စစ်အာဏာပိုင်များ က အထက်ဗမာပြည် အင်္ဂလိပ် လက်တွင်း ရှိ အုပ်ချုပ်ရေးပိုင်း လူကြီးများ ဖြစ်သည့် ဦးသိမ်းမောင် ( ယခု တရားဝန်ကြီးချုပ်ဟောင်း ) ၊ ဒေါက်တာ သိန်းမောင် ( ကွယ်လွန်သူ ) ၊ ဦးဘိုးစ ( ယခု ပြည်ထောင်စုဘဏ် ) ၊ ဆာမြဘူး စသည် တို့ အား အိန္ဒိယ ပါ သွားမည် စိုး၍ သက်စွန့်ဆံဖျား စစ်ဦးဖျား ကို ကျော်လွှား ခေါ်ငင် ပေးရဖူးသူ ဖြစ်ကြောင်း ၊ သို့သော် နောက်ပိုင်း မည်သည့် အကျိုး ခံစားခွင့် မျှ မရယူဘဲ မြင်းလှည်း မောင်း စား နေကြောင်း များ ကိုပါ သိရှိခဲ့ရသည် ။ ( နောင် ထိုဇာတ်ကြောင်း ကို မြဝတီ တွင် ' သေခဲ သော အသက် ' ဝတ္ထု ၌ ထုတ်ဖော် ရေးသား လာသည် ။ )

ဤသို့ ကျွန်တော့် အစ်ကိုတော် ပြောပြသည့် အထဲ မှ သူ ၏ မြန်မာ ကဗျာ ထူးချွန်မှု နှင့် ပတ်သက်၍ ထို ဝါသနာ ဗီဇကြောင့် ပင် ထင်သည် ။ သူ၏ ဟာသဝတ္ထုများ ၌ ပင် တချို့ နေရာများ တွင် ကဗျာ ဖွဲ့၍ နောက် ပြောင် ရေးသားပုံ ကို ဖတ်ရှု ခဲ့ရသည် ။

ထို့ပြင် သူ ၏ နာမည်ကြီး ဝတ္ထုဖြစ်သည့် “ ချစ်ပန်း နှစ်ခိုင် ” ဝတ္ထု ပထမပိုင်း ကား ကဗျာဝတ္ထု ဟု ပင် ခေါ်ဆို နိုင်သည် ။ ထို “ ချစ်ပန်း နှစ်ခိုင် ” ဝတ္ထု ၌ ပင် သူ သည် ဆန် ကုန် ကူးရင်း ကုန်ရှုံး ကြွေးတင် ကာ ကြွေးရှင် မျက်နှာ မကြည့်ဝံ့ ၍ စာရေးဆရာ ဘဝ သို့ အရောက် ပြန်ခဲ့သော ဇာတ်ကြောင်း ကို ပြန်ပြောင်း ဖော်ထုတ် ရေးသား လာလေသည် ။

“ ချစ်ပန်းနှစ်ခိုင် ” ကား သူ ၏ ဘဝုပ္ပတ္တိ ဟု လည်း ဆိုနိုင်သည် ။ သူ သည် ငယ်စဉ်က ကဗျာရူးကလေး ပီပီ လှိုင်ထိပ်ခေါင်တင် ၏ “ အပျို တော် ရွယ်မစေ့ခင်က ငယ်ဓလေ့ဂေါရီ ”  စသည့် တေးထပ် ကို ကူးကာ တရုတ်ကပြားမကလေး တစ်ဦး ကို ရည်းစား စာ ပေး ဖူးသည် ။ တရုတ် ကပြားမကလေး မှာ သူ၏ လေးချိုး ၊ ဒွေးချိုး ၊ ဘောလယ် ၊ တေးထပ် စသည် တို့ မှ သံယောဇဉ် ရစ်ပတ်ကာ ချစ်ခဲ့ရှာသည် ။ လူငယ် ဘာဝ အချိန်း အချက် ပြုကာ နှစ်ဦးချင်း တွေ့ ကြသည် ။ နောက် ကြားလူ ခွဲ၍ အထင် လွဲ ပြီး အသည်း နာစရာ ကွဲကွာ ခဲ့ရသည် ။ ထိုစဉ်က သူ သည် ဇာတ်မင်းသားများ လွမ်းသလို သီချင်း ဆို၍ ငို ခဲ့သည် ။ အချစ်ဦး မို့ အရူးအမူး ဖြစ်ခဲ့ရ သည် ။ ထို့ကြောင့် ဦးလေး ဖြစ်သူ အရူးကုဆရာ နှင့် ပင် ကုခဲ့ရ ဖူးသည် ။ အရူးကုဆရာ ဦးလေး မှာ ခေတ်ဗဟုသုတ ရှိသူ ဖြစ်၍ သူ့ ကို စိတ်ပြေ လက်ပျောက် အာရုံ ပြောင်း စေရန် ရန်ကုန် သို့ ပို့ ခိုင်းသည် ။ ထို့ကြောင့် ရန်ကုန် မှ အင်္ဂလိပ် ကပြားမကလေး နှင့် ဖူးစာ ဆုံခဲ့ရသည် ။ ထို ကပြားမ ကလေး နှင့် -

ဂျပန်ခေတ် အတွင်း ကုန်ကူးခြင်း ၊ မြင်းလှည်း မောင်းခြင်း ၊ ( ရှုမဝ “ ကျွန်တော် ဘယ်က လာသနည်း ” ဝတ္ထု တွင် ထုတ်ဖော်ခဲ့သည် ။ ) လောင်း ဝိုင်းလိုက် ၊ ဖဲရိုက် ၊ ကြက်တိုက် အစုံ လုပ်ခဲ့သည် ။ ထို ကြားထဲ မှ အားလပ် ချိန်များ ဝယ် ရွှေဥဒေါင်း ၏ စုံထောက်ဝတ္ထုများ ကို နှစ်ခြိုက်စွာ ဖတ်ရင်း က အားကျ ကာ “ ရန်အောင်ရတနာ ”  စုံထောက်ဝတ္ထု ကို ကြိုးစား ရေးနေ ခဲ့ သည် ။ သို့နှင့် ဂျပန်လက်နက် ချ၍ ဒုတိယကမ္ဘာစစ် ပြီး စတွင် ဖခင် ၏ အကူအညီ ဖြင့် ဆန်ကုန် ကူး လေသည် ။ ဆန်ကုန်သည် ဘဝ နှင့် မန္တလေး ရောက်စဉ် ဂျပန်ခေတ် က မပြီးပြတ် ခဲ့သော သူ ၏ “ ရန်အောင်ရတနာ ” စုံထောက်ဝတ္ထု ကို ဆရာကြီး ရွှေဥဒေါင်း ထံ သွား ပြရင်း ဆရာကြီး နှင့် ရင်းနှီး သွားကြသည် ။ ထို့နောက် ကသာ သို့ ဆန် တက် ရောင်းရင်း ကုန်ရှုံး ကြွေးတင် လူလိမ် ခံရသော အခါ ကြံမိကြံရာ ကသာ မြစ်ကြီးနား တစ်ဝိုက် မှ စစ်အတွင်း တိုက်ပွဲများမှ လက်ကျန် အမြောက်ဆန်ဟောင်းများ ကို ဝယ်ကာ ကြေးကုန်သည် ဖြစ်ခဲ့ ပြန်သည် ။ ကြေးကုန်သည် ဘဝ တွင် လည်း ဒုက္ခ နှင့် ရင်ဆိုင် တိုးကာ အစိုးရ က ပစ္စည်းများ သိမ်း သဖြင့် အရင်း ရော ၊ အမြတ် ပါ ရှုံး ခဲ့ရသည် ။ ထိုသို့ အိုးပစ် အိမ်ပစ် စီးပွား ရှာခိုက် ဒုက္ခ ဖြင့် သာ ဆက်တိုက် ကြုံကြိုက် ခဲ့ရသည် ။ ထို့ကြောင့် တုံးတိုက်ကမ်း တိုက် စိတ် ဖြင့် လေလွင့် နေခိုက် ကသာ မှ မိန်းမထိန်း လူမိုက်များ လက် မှ မိန်းမပျက်ကလေး တစ်ဦး ကို လုယူ ကယ်တင်ကာ အတည်တကျ ပေါင်းသင်း နေထိုင် ခဲ့ပြန်သည် ။ ထို့နောက် အလုပ်အကိုင် ကလည်း မရှိ ၊ ကြွေးမြီ ဟောင်း ကလည်း တောင်း မရ ။ လူလိမ် ခံရ သောကြောင့် စိတ် ပျက်ကာ အောက်ပြည် အောက်ရွာ ရှိ မယားကြီး ဖြစ်သူ ကပြားမကလေး ထံ စိတ် ပြန် လည် ကာ မယားငယ် အပျက်မကလေး ကို စွန့်ခွာ ထားခဲ့ပြီး မယားကြီး ထံ ပြန် ခဲ့ပြန်သည် ။ ထို “ ချစ်ပန်း နှစ်ခိုင် ” ကား သူ့ ဘဝ ၏ ဖွင့်ဟ ဝန်ခံချက် ပင် ဖြစ်သည် ။

အချစ် နှင့် ပတ်သက် ၍ သူ ၏ နုနယ် ငယ်ရွယ်စဉ် က တည်ရှိသော စိတ် ၊ အသက်အရွယ် အတွေ့ အကြုံ ရင့်သန်သောအခါ ထားရှိသော စိတ် တို့ ကို လည်း ဖော်ပြလျက် ရှိ ပေသည် ။ ထို “ ချစ်ပန်း နှစ်ခိုင် ” ဒုတိယ ပိုင်း ကို ပင် ရှုမဝ တွင် ‘ ဆန်ဆုံစား ကံကုန်သွား ’ ဟူ၍ ဆက်လက် ရေး သားသော အခါ၌ မူ အပျက်မကလေး အပေါ်  သူ ထားရှိခဲ့သော လူတို့ ၏ ယုတ်မာမှု ၊ တစ်ကိုယ်ကောင်း ဆန်မှု တို့ ကို ထုတ်ဖော် ဝန်ခံ ခဲ့လေသည် ။

ဤနေရာ ၌ သော်တာဆွေ သည် မိမိ ကိုယ် ကို ပြန်လှန် ဝေဖန်ရာ ၌ ရဲရင့်၍ မှန်ကန်သည့် ပကတိ အတိုင်း ဖော်ထုတ်ဝံ့သည် ။ ယေဘုယျ သဘော လူတို့ တွင် ရှိတတ်သော မိမိ သာလျှင် သူတော်ကောင်း ဖြစ် ကြောင်း မပြလို ၊ ယုတ်မာ လျှင် ယုတ်မာခဲ့ ဖူးကြောင်း ကို သစ္စာ ရှိစွာ ဖော်ပြခဲ့ သည် ။

ထို ' ဆန်ဆုံစား ကံကုန်သွား ' ဝတ္ထုတို နှင့် ပတ်သက်၍ပင် တစ်လောက စာရေးဆရာများ အဏ္ဏဝါခရီး ထွက်၍ သင်္ဘော ထက် ရေလွှာ ပြင် ဆွေးနွေးပွဲ တွင် ဆရာ သိန်းဖေမြင့် က ဝတ္ထု သရုပ်ဖော်ပုံများ ကောင်း သော်လည်း ယုတ်မာ ရက်စက်ရာ ၌ စာရေးဆရာ ကိုယ်တိုင် ဇာတ်ကောင် အဖြစ် ဖော်ထုတ် ရေးသားခြင်း မှာ စာရေးဆရာ ကို စာဖတ် ပရိသတ် က အကြည်ညို ကင်းမဲ့စေသည် ဟု ဝေဖန် လေသည် ။

ဆရာသော်တာဆွေ က မူ သူ့ မူ အတိုင်း “ စာရေးဆရာ လည်း လူ ပါပဲဗျာ ။ အကျင့်စာရိတ္တ မှာ လူ ထက် မပိုနိုင်ပါဘူး ။ သူ က စာ ရေးတတ် လို့ စာ ရေးနိုင်တယ် ။ သည့်ပြင် နေရာ မှာ တော့ လူ တစ်ယောက် လိုပဲ ။ မိုက် ချင် မိုက်မယ် ၊ လိမ္မာ ချင် လိမ္မာမယ်ပေါ့ ။ ကျွန်တော် တော့ ကျွန်တော့် ပရိသတ် ကို ကျုပ် စာကြိုက် ရင် လည်း ဖတ်ကြပါ ။ ကျွန်တော့် ကို တော့ မကြည်ညိုကြပါနဲ့ ။ ကျွန်တော် စာ ရေးတာက လွဲပြီး အမတ် အရွေး ခံမယ့် လူ မှ မဟုတ်ဘဲ ” ဟု ရှင်းလင်း ချေပခဲ့ပေသည် ။

သူ နှင့် ကျွန်တော် လူချင်း စတွေ့ ရပုံ မှာ ဤသို့ ဖြစ်၏ ။ ကျွန်တော် သည် ဆန်စက် စာရေး ဘဝ မှ သွေးသောက် စာတည်း အဖွဲ့ သို့ ရောက်ရှိ လာ သည် ။ သွေးသောက် တွင် ရှိစဉ် ညနေ အလုပ် ဆင်း ချိန်တိုင်း ဘိလပ် မှ ပြန် ရောက်စ ဆရာတင့်တယ် က ညစာ အမြဲ ကျွေးလေ့ ရှိသည် ။ ထိုနေ့က ဆရာတင့်တယ် ခေါ် သဖြင့် တာဝှာဘား သို့ ဝင်ခဲ့ရသည် ။ ဘားတွင်း သို့ ရောက်သည် နှင့် ဆရာတင့်တယ် မှာ နောက်ဖေးခန်း သို့ အပေါ့အလေး သွားရန် ကမန်းကတမ်း အပြေး ဝင် သွားရင်း တန်းလန်း ဖြင့် တစ်ခုသော စားပွဲ မှ လူ နှစ်ယောက် ကို လှမ်း နှုတ်ဆက်ကာ ကျွန်တော့် အား ထို စားပွဲ တွင် ဝင် ထိုင်ရန် ညွှန်ပြခဲ့သည် ။

ထို စားပွဲ ရှိ နှစ်ယောက် သော သူ မှာ အတော်ကလေး ရေချိန် ရနေ ဟန် ရှိသည် ။ တစ်ယောက် က မျက်ပေါက် ကျဉ်းကျဉ်း ၊ အသား ညိုညို ၊ ထောင်ထောင် မောင်းမောင်း ၊ ဘန်ကောက်လုံချည် ရေနံရောင် အသစ်စက်စက် ၊ ထိုစဉ် ဆိုရှယ်လစ်များ ဝတ်လေ့ ရှိသော ဟာဝေယံရှပ် ဝတ်ထား သော်လည်း သေသေသပ်သပ် မဟုတ် ၊ ကျန် လူတစ်ယောက် မှာ ရှပ်ဖျဉ် လက်တိုအဖြူ ၊ ဘန်ကောက်လုံချည် မီးခိုးရောင် တစ်ပတ်နွမ်း ကို ဝတ် ထားသော်လည်း သေသေသပ်သပ် ချပ်ချပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိသည် ။ အသားဖြူဖြူ တရုတ်ကပြားလိုလို မချိုမချဉ် မျက်နှာထား နှင့် မို့ မြင်ဖူး သလိုလို ရှိကာ အကဲခတ် ရင်း ဝင် ထိုင်ရန် ဟန်ပြင် လိုက်မိသည် ။

စိတ် ထဲ က မူ ငယ်ငယ် က မြင်ဖူးသော ကျောင်းဆရာ ကိုကျင်မောင် နှင့် ဆင်ဆင် တူ သဖြင့် ကွဲကွဲပြားပြား ခြားခြားနားနား သိသာရန် စေ့စေ့စားစား ကြည့်မိ လိုက်စဉ် သူ က တစ်စုံ တစ်ခု မကျေနပ် သလိုလို ဒေါ ထသော မျက်နှာ ၊ မနှစ်မြို့သော အကြည့် ဖြင့် ပြန်လှန် ကြည့်ကာ လက် မှ ဖန်ခွက် ကို လည်း ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လိုက်သည် ။ ပြီးမှ -

“ မင်း က ဘယ်ကလဲ ”

ကျွန်တော့် မှာ အမှတ်မထင် ရန် ပြု ချင်သော အာလေးလျှာလေး နှင့် သူ့ အမေး ကြောင့် ရုတ်တရက် ကြောင် သွားကာ -

“ ဆရာတင့်တယ် ဧည့်သည် ပါ ” 

ဟု ဖြေ လိုက်မိသည် ။

“ ဒါဖြင့် ထိုင် ”

ရုပ်ရှင် ထဲ မှ လူဆိုးဗိုလ် စတိုင် ဖြင့် အမိန့် ပေး လေသည် ။ သူ့ ဘေးမှ မျက်ပေါက်ကျဉ်း ဆရာ မှာ ရုတ်တရက် ကြောင် နေဟန် ရှိရာမှ ကျွန်တော့် ကို လှမ်း၍ မျက်စိ တစ်ဖက် မှိတ် ပြသည် ။ ပြီးမှ သူ့ လူ ကို စိတ် ပြောင်းစေ ရန် ရယ်စရာများ ကို ပြော လေသည် ။ ယင်းမှ ထို လူ ပြုံးရယ် လာသည် ။ ထိုအခါမှ သူ့ ပါးချိုင့်ကလေး ကို မြင် ရကာ ငယ်ငယ် က မြင်ဖူးသော ဆရာ ကိုကျင်မောင် မှန်း ရိပ်မိ လိုက်သည် ။

မကြာမီ ဆရာတင့်တယ် ထွက် လာ၍ ဘိုဆန်ဆန် မိတ်ဆက် ပေးသော အခါ ထင်သည့် အတိုင်း တရုတ်ကပြား လို ပါးချိုင့် နှင့် လူ မှာ သော်တာဆွေ ဖြစ်၍ မျက်ပေါက်ကျဉ်း ဆရာ မှာ မင်းရှင်နောင် ဖြစ်ကြောင်း သိ ခဲ့ရသည် ။ ဆရာတင့်တယ် ရောက် လာ၍ မကြာမီ အရှိန် ရလာသော အခါ သော်တာဆွေ အား “ ညီညီ ” ဟု မပီကလာ ခေါ်ရင်း တပြွတ်ပြွတ် နမ်းရှုပ် နေသည် ။ ကျွန်တော့် မှာ ယောက်ျားချင်း နမ်းရှုပ်သည် ကို ပထမ ဆုံး မြင်ရခြင်း ဖြစ်၍ တအံ့တသြ ငေးမော နေစဉ် ဆရာမင်းရှင်နောင် မျက်နှာကြီး ကျွန်တော့် ပါးနား ကပ် လာ ပြန်သဖြင့် လန့်ဖျပ်ရှက်ကြောက် ကာ ပါးများ ပင် ယားသွားမိသည် ။ ပြီးမှ “ ခုနက သော်တာဆွေ ပြောတာ သည်းခံပါ ၊ သူ က မူးရင် ဒီလိုပဲ ဒေါသ ကြီးတယ် ၊ သတိ လစ်တတ်တယ် ” ဟု တောင်းပန်စကား ပြောကြားတော့ မှ ပါး အယား ပြေ သွားမိသည် ။

ဆရာသော်တာဆွေ သည် ဤသို့ပင် အရက် ဝင် သွားမိလျှင် စိတ် မထင် မထင်သလို ပြုမူ တတ်ကြောင်း ၊ အရက်ဝိုင်းများ ၌ သူစိမ်းတရံဆံ များ က သူ့ အား စေ့စေ့ ကြည့် လျှင် မခံချင်တတ်ကြောင်း နောင် သူ နှင့် ရင်းနှီး လာသောအခါ သိ လာရသည် ။ ထို စိတ် မှာ အရိုင်း စိတ် ဟု ခေါ်ခေါ် ၊ မည်သို့ နာမည် တပ်တပ် ၊ လူ တို့ တွင် ရှိတတ်သော စိတ် ပင် ဖြစ်သည် ။ သော်တာဆွေ လည်း လူ တစ်ယောက် ပင် ဖြစ်သည် ။ ရိုင်းချင် ရိုင်းမည် ၊ ယဉ်ချင် ယဉ်မည် ၊ အရက် သောက် လျှင် မိုက်စိတ် အရိုင်းစိတ် ဝင် တတ် သော လူ အများ ပင် ရှိသည် ။ မင်းကြီး ၊ ဝန်ထောက် ၊ ပြာတာ ၊ ဂေါ်ရင်ဂျီကု,လား ဟူ၍ သူတို့ ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အား ဖြင့် သာ ပညာ တတ်၍ မင်းကြီး ဝန်ထောက် လုပ်စားသူ နှင့် ပညာ မဲ့ ၍ ပြာတာ လုပ် ရ သူ လန်ချားဆွဲစား ရ သူ ဟူ၍ ကွဲပြား ခြားနားကြသည် ။ အရက် သောက် လျှင် မူး တတ်ကြသည့် နေရာ မှာ တော့ အတူတူပင် ဖြစ်သည် ။

သို့ဖြစ်၍ စာရေးဆရာ အရက် သောက် လျှင် လည်း မူးပေမည် ။ ဤနေရာ၌ သော်တာဆွေ  အရက် သောက် မူး ရမ်းတတ်၍ သော်တာဆွေ စာပေ ပျက်စီး၍ မသွားနိုင် ၊ သူ့ စာပေ ၌ အရက်နှင့် ပတ်သက်သော အတွေ့အကြုံ အဖုံဖုံ ကို ပင် လေ့လာတင်ပြနိုင်ကောင်း တင်ပြ နိုင်ပေမည် ။ သို့ ဆိုရာ၌ စာရေးဆရာ တိုင်း အတွေ့ အကြုံ စုံအောင် အရက် သောက် သည် ။ သောက် ရမည် ၊ သောက်ကြသည် ဟု မဆိုလို ၊ မသောက်ဘဲ ရေး နိုင်သူ ၊ လုံးဝ အရက် မသောက်တတ် သော စာရေးဆရာများ လည်း အများအပြား ပင် ရှိကြသည် ။

သူ နှင့် ကျွန်တော် ဒုတိယ ဆုံမိကြသည် မှာ မြဝတီ သို့ ကျွန်တော် ရောက်ရှိ၍ စာမူ တောင်းခိုင်းသဖြင့် မအူပင်လမ်း ရှိ သူ၏ နေအိမ် သို့ လိုက်သွား စဉ် က ဖြစ်သည် ။

သူ့ ကို နေအိမ် တွင် မတွေ့  ၊ အနီး ရှိ စာသင်ကျောင်း တစ်ကျောင်း အပေါ် ထပ် တွင် စာ ရေးစရာ ရှိ၍ သွားနေသည် ဆိုသဖြင့် ထို ကျောင်း သို့ လိုက် သွားရသည် ။

ထိုအချိန် ထို ကျောင်း တွင် တွေ့ ရသော ဆရာသော်တာဆွေ မှာ တွေ့ဦးစ ၌ မှုန်တေတေ မခိုးမခန့် ကြည့် တတ်သော အလေ့ မှ လွဲ၍ ဆက်ဆံပုံ မှာ တာဝါဘားတွင်း မှ သော်တာဆွေ နှင့် တခြားစီ ပင် ဖြစ်၏ ။ ပြုံးပြုံး ရွှင်ရွှင် ဖော်ဖော်ရွေရွေ ခေါ်ငင် နှုတ်ဆက်သည် ။

ကျွန်တော် စီး လာသော စစ်ကား ကို မြင်၍လား မသိ ။

“ ခင်ဗျား မြဝတီ က မဟုတ်လား ၊ ' ငွေရှာပါရဂူ ’ ရေးတာ ခင်ဗျားပဲ ထင်တယ် ” 

ဟု ဆီးကြို နှုတ်ဆက် သဖြင့် အံ့အား သင့် နေမိသည် ။

အထူးသဖြင့် ကျွန်တော်တို့ လို ကလောင် ပေါက်စကလေး တစ်ဦး ၏ စာ ကို ဖတ်ပြီး လူ ကို အတတ် သိ နေ သဖြင့် ပို အံ့အား သင့်မိသည် ။

ထိုနေ့ က သူ ၏ ဆက်ဆံပုံ ကို ကြည့်ကာ သူ သည် လူကဲခတ်ရာ ၌ ပါးနပ် လျင်မြန်သော အသိဉာဏ် ရှိသူ ဖြစ်ကြောင်းနှင့် စာ စုံအောင် ဖတ်သူ တစ်ဦး ဖြစ်ကြောင်း သိခဲ့ရသည် ။ နောင် သူ နှင့် ရင်းနှီး လာသော အခါတွင် ကား သူ သည် ပျော်ပျော် နေ တတ်သည် ။ စိတ်ညစ်စရာ တွေ့လျှင် ရယ်စရာ ရအောင် ရှာတတ်သည် ။

တစ်ခါက ကျွန်တော် သည် သူ့ ရှေ့ တွင် မဂ္ဂဇင်း လုပ်ငန်း ၏ ပင်ပန်းဆင်းရဲပုံ ကို ညည်းညူမိသည့် အခါ သူ ပဒေသာရုပ်စုံ မဂ္ဂဇင်း ထုတ်စဉ် က ဤမျှမက ပင်ပန်းဆင်းရဲခဲ့ပုံ ကို ပြောပြသည် ။ စာပဒေသာ ရုပ်စုံမဂ္ဂဇင်း တည်ထောင်စ က သူ့ ဘဝ တစ်ခုလုံး စုပုံ ကာ ရည်မှန်းချက် ကြီး ဖြင့် လုပ်ကိုင် ပေးခဲ့ဖူးသည် ။ နောင်အခါ ပဒေသာ မှ သူ့ အား မိန်းကလေး တစ်ယောက် ကိစ္စ နှင့် ပတ်သက်၍ ထုတ်ပယ် ခဲ့သည် ။ ထို အကြောင်း ကို ပြောပြ နေစဉ် သူ့ မျက်နှာ တွင် ထိခိုက်ကြေကွဲသော အသွင် သဏ္ဌာန်များ ကြား မှ အံတကြိတ်ကြိတ်နှင့် “ အင်း ... စာပေသမားချင်း မို့လို့ပေါ့ကွာ ၊ တခြား လူတွေ သာ ဆိုရင် ” ဒေါ နှင့် မော နှင့် ကြိမ်းဝါးရင်း က ထုံးစံ အတိုင်းပင် “ အင်း ... တစ်နေ့ တော့ ဒင်းတို့ ကို ငါ့ ဝတ္ထု ထဲ ထည့် သတ် လိုက်တာ အေးပါတယ်ကွာ ”  ဟု ရယ်စရာ လုပ် ပစ် လိုက်လေသည် ။ ( နောင်သော အခါတွင် ရှုမဝမဂ္ဂဇင်း မှာ ကျွန်တော် လူသတ်ခဲ့စဉ် က ဝတ္ထု ပါလာလေသည် ။ )

သူ့ တွင် ဤသို့ မခံချင်စိတ် ဒေါသစိတ် တို့ သည် ရုတ်တရက် ဟုန်းခနဲ ထ တတ် သော်လည်း သွေးအေး သွားသော အခါ၌ အထက်ပါ အတိုင်း အစဉ် ခွင့်လွှတ် လေ့ ရှိသည် ။

သူ ၏ စိတ် တွင်း မှ ခင်မင်ရင်းနှီးလွန်းသော သူများ ကို မူ စတတ် ၊ နောက်တတ်သည် ။ ဥပမာ ဆရာတင့်တယ် ခေါင်း မှ ဆံပင် ကို ကြည့် ကာ တံမြက်စည်းကြီး ခေါင်း ပေါ် တင် ထားသူ ။ မင်းရှင်နောင် မျက်ပေါက် ကျဉ်းသည် ကို ကြည့်ကာ ဘူးသီး လက်သည်းနှင့် ဆိတ်ထားသော မျက်နှာ ၊ အစ်မကြီး ဂျာနယ်ကျော်မမလေး နှုတ်ခမ်း ကို ပြည်ကြီးမျှော့ ၊ ကြည်အေး ကိုယ်လုံးကိုယ်ထည် ကို ခေါင်းအုံးစွပ် နှင့် ဘော်လီအင်္ကျီ မှား ဝတ်၍ ဝတ် မှန်း မသိသူ စသည် ဖြင့် နောက်တတ် စတတ်သည် ။ သူ ၏ နောက်ပုံ စပုံ မှာ အမှုမဲ့ ၌ မခံချင်စရာ ကောင်းသော် လည်း တကယ် တွေး ကြည့် လျှင် အမှန်ချည်း ဖြစ် နေတတ်သည် ။ ဤနေရာ၌ သူ ၏ နောက်ပုံ စပုံ မှာ တစ်ပါးသူ နစ်နာ စေလိုသော သရော်လှောင်ပြောင်ခြင်းမျိုး မဟုတ် ။ အပျော်သက်သက် နောက်တာ စတာ ပင် ဖြစ်သည် ။ ကြည်အေး ဆိုလျှင် မိန်းကလေး တစ်ယောက် အဖြစ် အတွင်းခံဘော်လီအင်္ကျီ နှင့် ခေါင်းအုံးစွပ် ကို နှိုင်းယှဉ် ပြခြင်းဖြင့် ကြည်အေး ၏ သေးသွယ်သော ကိုယ်ခန္ဓာ အချိုးအစား ကို သွယ်ဝိုက်၍ ဖော်ပြ လိုက်ခြင်း ဖြင့် ထင်းခနဲ သိသာ နိုင်လေ သည် ။

သူ သည် အပေါင်းအသင်းများ အပေါ် ဤသို့ နောက်တတ် စ တတ် ၊ ပျော်တတ် ၊ ရွှင်တတ် ၊ ခွင့်လွှတ်တတ်သော သဘော ရှိသော်လည်း လူ တစ်ယောက် ကို သဘော မကျ ပြန် လျှင်လည်း သဘောမကျ သလို ပင် ဆက်ဆံ တတ်ပြန်သည် ။

တစ်ခါက ရှုမဝတိုက် တွင် ဖြစ်၏ ။ သူ တစ်ယောက် တည်း ထိုင် နေစဉ် စာရေးဆရာကြီး တစ်ဦး ဝင် လာသည် ။ သူ သည် တိုက်ခံ စာရေးဆရာ အဖြစ် ဝတ္တရား အတိုင်း နှုတ်ဆက်ဖို့ ဝေးစွ ၊ မမြင် မတွေ့ သလိုပင် ခပ်စိမ်းစိမ်း နေ သဖြင့် ဝင် လာသော ဆရာကြီး မှာ သူ့ ဝသီ အတိုင်း “ သော်တာဆွေ ရယ် ၊ နှုတ်ကလေးများ ဆက်ဦးမှပေါ့ ” ဟု စ လေသည် ။ ထိုအခါ သူ က “ နှုတ်ဆက် သင့် သူ မှ နှုတ်ဆက်တတ်တယ် ” ဟု ဘောက်ဆတ်ဆတ် ပင် ပြန် ပြောလေသည် ။ ထို ဆရာကြီး မှာ ထိုစဉ် က အဖြစ်အပျက် ကို ယနေ့ ထက် တိုင် ပြော မဆုံးတော့ပေ ။ ဤနေရာ၌ သူ့ တွင် ဟန်ဆောင်မှု မရှိ ၊ ပကတိ ပင်ရင်း စိတ် အတိုင်း စိတ် မထင် မထင် သလို ဒိုးခနဲ ဒေါက် ခနဲ ပြောတတ် ဆက်ဆံတတ် ပြန်သည် ။

ထိုသို့ သူ နှင့် ရင်းနှီး လာခဲ့သော ကာလများ အတွင်း သူ ၏ စိတ် ရင်း သဘောထားများ ကို တစ်စိတ် တစ်ကွက် ဆိုသလို နားလည် လာ မိ ရ သလို မစိုပြည်သော သူ့ ဘဝ အတွင်းရေးများ ကို သိ လာရပြန်သည် ။ ဘယ်အခါ မဆို သူ့ အိမ် သွား လျှင် သူ့ ကို အိမ် တွင် မေး ၍ မရ ။ အိုးမကပ် အိမ်မကပ် ပျော်ရာတွင် ပဲ နေတတ်သလား ၊ သား နှင့် မယား နှင့် ဘဝ ကို ပဲ မေ့ ထားလေသလား မသိ ။ သူ့ ကို မေး လိုက်လျှင် အိမ် တွင် ဘယ်တော့မျှ မရှိ ။ ရံဖန်ရံခါ တွေ့ ရတတ် ပြန် လျှင် လည်း သူ စာ ရေးသော ကျောင်းဆောင် အပေါ် ထပ် နှင့် အိမ်ရှေ့ အိမ်နီးနားများ မှာ သာ တွေ့ ရတတ်သည် ။

အဘယ်ကြောင့် အိုးမကပ် အိမ်မကပ် သည် ကို မူ မသိခဲ့ ။ တစ်ခါတစ်ရံ လည်း သူ့ ဘေး တွင် အပျိုမကလေး တစ်ဦး နှင့် ရုပ်ရှင်ရုံ အပေါ်ထပ် သို့ တက် သွားသည် ကို တွေ့ ရတတ်သည် ။ နောင်သော အခါ မှ သူသည် ယောက္ခမ ဖြစ်သူ နှင့် အဆင်မပြေ သဖြင့် အိမ်ထောင်ရေး မစိုပြည်ကြောင်း သိ လာရသည် ။ ထိုသို့ ယောက္ခမ နှင့် အဆင်မပြေ အိမ်တွင် မနေသော အခါများ၌ စိတ်ဆိုး ၍ ဆင်း သွားပြီး နေတတ်သော အိမ်များ သို့ လိုက် ရ သည် ။ ထို အိမ်များ မှာ တက္ကသိုလ်ဝင်း ရှိ အစ်မကြီး ခင်မျိုးချစ် ၊ တင့်တယ် ၊ မင်းရှင်နောင် စသည့် အိမ်များ ဖြစ်ပြီး အများဆုံး ဒိုင်ခံ သွားတတ်သော အိမ် မှာ စာပေသစ်မဂ္ဂဇင်း ထုတ်ဝေခဲ့သူ ပညာအုပ် ဦးသန်းတင် ( ယခု ရူမေးနီးယားသံရုံး ) ၏ အိမ် ပင် ဖြစ်သည် ။ ဦးသန်းတင် အိမ် တွင် ကား သူ ၏ ရေးဖော်ရေးဖက် ပခုက္ကူသားများ ဖြစ်သည့် ကျော်အောင် ၊ မြသန်း ၊ အောင်လင်း စသူ တို့ နှင့် အတူ နေခဲ့ဖူး သဖြင့် တစ်ကြောင်း ၊ သဘော ကောင်း သော အိမ်ရှင် ဦးသန်းတင် က ထမင်း ကျွေးရုံ မက အရက် လည်း တိုက် သဖြင့် တစ်ကြောင်း ဖြစ်မည် ထင်သည် ။

ထို့ကြောင့် ထိုစဉ် က သူ့ ဝတ္ထုများ တွင် ခင်မျိုးချစ် ၊ မင်းရှင်နောင် ၊ မြသန်း ၊ ဦးသန်းတင် စသူတို့ ကို ဇာတ်ဆောင် အဖြစ် ထည့်သွင်း ရေးသား တတ်သည် ကို တွေ့ခဲ့ရသည် ။

ထိုစဉ် က အိုးမကပ် အိမ်မကပ် ဘယ်အရပ် တွင် မှ အတည်တကျ မနေနိုင် သော ဒုက္ခသည် ဘဝ နှင့် သူ မို့ လို့ ရယ်စရာ ဟာသတွေ ရေး နိုင်ပ လေတယ် ဟူ၍ သူ့ ဘဝ အတွင်း သိ သူတို့ မှာ စိတ်ထိခိုက် မိကြရ ရှာသည် ။ ကာယကံရှင် သူ ကမူ ပကတိ အပူအပင် မရှိ သလိုပင် အမြဲ ပျော်ပျော်ရွှင်ရွှင် ရှိ နေသည် ။ ဤနေရာ၌ သူ သည် လောကဓံတရား ကို မထီမဲ့မြင် ပြုလေသလား ၊ အတွင်းကျိတ် အားဖြင့် ကြိတ်ခဲ ပူပင် နေသမျှ ဟာသစာပေ များ ဖြင့် လမ်းလွှဲ ထုတ် ပစ် လိုက်လေသလား မသိ ၊ ထိုသို့ အိမ်ပြေး ဘဝ မှ ပင် သူ ရေးလိုက်သော ဘဝတကွေ့ စသည့် ဝတ္ထုများ တွင် ယောက္ခမ နှင့် ရန် ဖြစ်ပြီး အိမ်ပြေးဘဝ တွင် အပျက်မလေး တစ်ဦး နှင့် တွေ့ဆုံခန်းများ ကို ရေး လာသည် ။ သူ့ ဘဝ ကား ဤသို့ လျှင် အတည်တကျ မရှိ ၊ ရေအဏ္ဏဝါကြမ်း က ဗေဒါပန်း သဖွယ် ဒီလှိုင်း ဝဲယက်များ ကြား မှ ပင် ထွားထွားဝေ သော စာပေပန်းများ ကို ပွင့်လန်း စေခဲ့သည် ။

၁၉၅၄ ခုနှစ် လောက် က ထင်သည် ။ ယောက္ခမ အိမ် သို့ လည်း ပြန် မရောက် ၊ အခါတိုင်း ရှောင်တိမ်း ခိုကပ် နေသည့် အရပ်များ တွင် လည်း ပျောက်ချက်သား ကောင်း လှ သဖြင့် လိုက်လံ စုံစမ်းသော အခါ ၈ မိုင် အေဝမ်းခြံ ရှိ ဒါရိုက်တာ ဦးဘရှင် အိမ် တွင် သောင် တင် နေကြောင်း သိ၍ လိုက်သွား မိသည် ။ ဤတစ်ခါ တွင် မူ သူ တစ်ယောက်တည်း မဟုတ် တော့ ။ ဆရာ အတတ်သင်ကျောင်း မှ တောင်ကြီးသူ ကျောင်းဆရာမ ကလေး ‘ မေ ’ နှင့် အတူ ဖြစ်သည် ။ ထို့ကြောင့်ပင် သူ တည်းခို နေကျ အိမ်များ သို့ မခိုဝင်ဘဲ ဦးလေးရှင် ( ဒါရိုက်တာ ဦးဘရှင် ) အိမ် သို့ စတည်း ချ ဟန် တူသည် ။ ကျွန်တော်တို့ မှာ လက်ရှိ အိမ်ထောင်သည် ဘဝ ဒုက္ခ ခရီး တစ်ထောက် ကို ရပ်နား ၍ နောက် အိမ်ထောင်သစ် တစ်ခု အစား ထိုး ကာ ဘဝ ခရီး ကို နှင်ပြန်လေပြီ ဟု ယူဆ မိကြသည် ။

ထိုနောက်ပိုင်း ကမ္ဘာအေးဘုရားအနီး ရှိ ရွာတန်းရှည်ရွာ တွင် သူတို့ ဇနီးမောင်နှံ တစ်အိုးတစ်အိမ် ထူထောင် ကြလေသည် ။ အိမ်ကလေး မှာ တောရွာဓလေ့ အတိုင်း ပင် ကြည်ရွှင်စရာ ကောင်းလှသည် ။ အိမ် ရှေ့ တွင် ဘူးစင် နှင့် ၊ အိမ်အောက် တွင် ကြက်ခြံ နှင့် ၊ အိမ်ရှေ့ ဘူးစင် မှ နုနု ထွားထွား ဘူးသီးများ နှင့် ၊ အိမ် အောက် ကြက်ခြံ မှ ကြက်ကလေးများ ကား ဧည့် ကို အစဉ် မျှော်လျက် ရှိတတ်သည် ။ ထို့ပြင် အိမ်ဘေးခန်းကြမ်းပြင် ပေါ် မှ သူ ၏ လက်သပ်မွေး တိုက်ကြက်များ က လည်း တကွတ်ကွတ် တအွတ်အွတ် နှင့် အမြဲ အစာ တောင်းလေ့ ရှိ သလို အလှ မွေးထားသည့် ကြွက်ဖြူကလေးများ မှာ လည်း ဟိုပြေး သည်ပြေး အိမ်တွင်း တိရစ္ဆာန်ရုံ ကလေး သဖွယ် ပင် ရှိ ပါပေသည် ။ သူ စာ မရေးသည့် အားလပ်ချိန်များ ဝယ် ဤ တိရစ္ဆာန်ကလေးများ ကို တယုတယ ကျွေးမွေးလေ့ ရှိသည် ။ သူ သည် နံနက် မိုး လင်း လျှင် သူ မွေး ထားသော ကြက်ဘဲများ ကို အစာ ကျွေး ၍ သူ စိုက် ထားသော သစ်ပင်ကလေးများ ကို ကြည့်ရှု နေ တတ် သည် ။ ထိုမှ တိရစ္ဆာန်အများ အကြောင်း ၊ သစ်ပင်များ အကြောင်း ကို သူ့ စာပေ တွင် တွေ့ လာ ရသည် ။

အိမ် အောက် ရှိ ကြက်ကလေးများ နှင့် ပတ်သက် ၍ ကား ကျွန်တော်တို့ တစ်တွေ မမေ့နိုင်သည့် သောကွက်ကလေး တစ်ခု ရှိသည် ။ သူ့ အိမ် သို့ အချိန်မရွေး ဝင်ထွက်ရင်း အိပ် ရာ မှ အတင်း နှိုးပြီး ထမင်း ချက်ကျွေးခိုင်း လေ့ ရှိသော ကျွန်တော်တို့ လူသိုက် တွင် ကိုမင်းရှင် မှာ သူ့ ရှေ့ မှာ အရှင် လတ်လတ် သ,တ်ဖြတ်ကျွေးသော ကြားသား မြင်သား မစားရဲကြောင်း အမြဲ ပြောလေ့ ရှိသည် ။ ထို့ကြောင့် ကိုမင်းရှင် ပါ လာသည် ကို မြင် လျှင် ...

“ အဆင်သင့်ပဲ မင်းရှင် ရေ ... မင်း တို့ မလာခင်ကလေး က ပဲ ကြက်မကလေး တစ်ကောင် စိတ်ညစ် လို့ ကြိုးဆွဲချ သေသွား ရှာတယ်ကွ ။ ရဲရဲသာ စားပေတော့နော် ” ဟု အစဉ် နောက်လေ့ ရှိသည် ။ သူ သည် သူငယ်ချင်း အပေါင်းအသင်း အလို ကို အမြဲ လိုက်လေ့ ရှိသည် ။ သူငယ်ချင်း အပေါင်းအသင်း ကို ချက်ပြုတ် ကျွေးမွေးမှု နှင့် ပတ်သက်၍ ဘယ်တော့မျှ မညည်းညူ ၊ အပေါင်းအသင်းများ နှင့် ပျော်ပျော်ရွှင်ရွှင် နေရ မှ ကျေနပ် နှစ်သိမ့်သော သူ ပင် ဖြစ်သည်ဟု ဆိုနိုင်သည် ။

ထို ရွာတန်းရှည် အိမ်ကလေး မှာ သူ့ ဘဝ ၏ ကွန်းခိုရာ အေးရိပ် ငြိမ်ကလေး ဟု ပင် ဆိုနိုင်သည် ။ ထို အိမ် ကို ရောက်သည် မှ စ၍ သူ့ ဘဝ တည်ငြိမ် လာဟန် ရှိသည် ။ အဘယ်ကြောင့် ဆိုသော် ထိုအိမ် ရောက် မှ သူ ရေးခဲ့သောဝတ္ထုများ မှာ ယခင် က လို သူ ၏ ပတ်ဝန်းကျင် နယ် ကျဉ်းကျဉ်းကလေး တွင် သာ မဟုတ်တော့ ။ ယခင် က မူ ခင်မျိုးချစ် အိမ် ရောက် လျှင် ခင်မျိုးချစ် ၊ ကြည်အေး ၊ ထင်လင်း ၊ ဦးသန်းတင် အိမ် ရောက် လျှင် မင်းရှင် ၊ မြသန်း စသူတို့ ကို ဇာတ်လမ်းဆင် ရေးသည် ကို တွေ့ခဲ့ရသည် ။ ရွာတန်းရှည် ရောက် သော အခါတွင် ကား ဥသြငှက်ကလေး အကြောင်း ၊ ဘဲကလေး များ ၊ ဗျိုင်းကလေးများ အကြောင်း ရေး လာသည် ကို တွေ့ ခဲ့ရသည် ။

တစ်ခါတစ်ရံ အိမ်ကလေး ကို အိမ်နီးနားများ ကို အပ် ကာ ခရီး ထွက်ခွာလေ့ ရှိသည် ။ ထားဝယ် ၊ မောင်းမကန် ၊ ရှမ်းပြည်တောင်ကြီး ၊ ပေါင်းတည် စသည်တို့ ဖြစ်သည် ။

တစ်ခါက ပေါင်းတည် တွင် သူ နှင့် အမှတ်မထင် တွေ့ ဆုံ မိကြ သည် ။ ထိုနေ့ က နွားပွဲဈေးနေ့ ဖြစ်သည် ။ ကျွန်တော်တို့မြို့ နွားပွဲဈေး မှာ တစ်ပတ် တစ်ခါ ဖြစ်၍ တောနယ်ပေါင်းစုံ မှ လူစုံ ကြသည် ။ နွား အရောင်းအဝယ် တည့် လျှင် တရုတ်ဘုံဆိုင် နှင့် ခေါက်ဆွဲဆိုင်များ မှာ အချိန် ကုန်ကြသည် ။ ရံဖန်ရံခါ ပေါင်းတည်သား ပီပီ အကြောင်းမဲ့ တုတ် စမ်းလေ့ ရှိကြသည် ။ နွားပွဲ လာသူ တစ်ယောက် မှာ လည်း နွားကြိမ် တစ်ချောင်း ပါစမြဲ ဖြစ်သည် ။ ထိုနေ့ က တွေ့ ရသော ဆရာသော်တာဆွေ မှာ လည်း ဝါးခမောက် နှင့် လုံချည် ဒူးဆစ် ထိ စည်းထား ၍ ခြေသလုံး တွင် ရွှံ့အလူးလူး ၊ လက် ထဲ တွင် ကား နွားကြိမ် တစ်ချောင်း နှင့် သူ ၏ ဇာတိ ကြို့ပင်ရွာသား အပေါင်းအသင်းများ နှင့် နွားရောင်း လိုက် လာခြင်း ဖြစ် သည် ။ ရန်ကုန် တွင် လှပသော မိန်းကလေးများ ဘေးတွဲ ကာ ရုပ်ရှင်ရုံ အပေါ်ထပ် သို့ တက် သွားလေ့ ရှိသော ဘန်ကောက်လုံချည် ၊ ပြောင်လက် သော ရှူးဖိနပ် နှင့် သော်တာဆွေ နှင့် တခြား စီ ပင် ဖြစ်သည် ။

သူ သည် ပတ်ဝန်းကျင် ကို မထီမဲ့မြင် နေချင် သလို နေသည် ။ ဘိန်းစား နှင့် တွဲ၍ ဘိန်းရှူ ကြည့် ဖူးသည် ။ သူဌေးသား နှင့် တွဲ၍ ဝီစကီ မော့ သည် ။ တက္ကသိုလ်ကျောင်းသူ နှင့် ရုပ်ရှင် အတူ ကြည့်မည် ။ ဆေးရုံ က နာ့စ်မများ နှင့် တွဲခဲ့ဖူးသည် ။ သူ ၏ ဘဝ ရေစီး ၊ ခရီး လမ်းကြောင်း က လည်း ဤသို့လျှင် ပေးအပ် လာခဲ့၏ ။ ကျောင်းဆရာ ဘဝ မှ ဘီအိုင်အေမျိုးချစ် ဗိုလ် လုပ်ရန် သွားခဲ့၏ ။ မအောင်မြင် ၊ စစ်ဦးစစ်ဖျားများ ကို ကျော်လွှား ကာ တစ်ပါးသူ အကျိုး ကို ဆောင် ခဲ့၍ မြင်းလှည်းသမား လုပ်ခဲ့ဖူးသည် ။ ထို့နောက် ဆန်ကုန်သည် ဘဝ မှ ကုန်ရှုံး ကြွေးတင် ကလောင်ရှင် ဖြစ်ခဲ့ ရ၏ ။ ထိုမှ အပျက်မကလေး တစ်ဦး နှင့် ပင် အကြောင်း ပါ လိုက်ရသေး သည် ။ ထိုသို့ ဘဝအကွေ့  များစွာ ကို ကျော်ဖြတ် လာခဲ့ရရှာသူ ဖြစ်သည် ။ ထို အထဲ မှ ပင် လူ့ ဘဝ ၏ အလွှာ အမျိုးမျိုး မှ အဖြစ်အပျက် တို့ကို ဇာတ် ကွက် ဆင်ကာ ခြယ်ရေးသည် ။

ထို့ကြောင့်ပင် သူ ၏ “ စာတစ်စောင် ဖွဲ့လိုက်ပါ၏ ”  ဝတ္ထု တွင် ပြည့်တန်ဆာ ဘဝ ကို ကုန်စင်စေ့ငှအောင် တင်ပြ နိုင်ခဲ့၏ ။ သွေးသောက် တွင် ရေး ခဲ့သည့် “ လူလူချင်း ကိုက်စားကြပါသည်ခင်ဗျား ” တွင် ကား ပြည့်တန်ဆာ တို့ ၏ ကြေကွဲဖွယ် ဇာတ်သိမ်းခန်း ကို ပိုင်နိုင်စွာ ဖော်ပြ နိုင်ခဲ့သည် ။ သူ နှင့် ပေါင်းတည် တွင် တွေ့ခဲ့ရ ပြီး နောက်ပိုင်း “ ဘာသာ နှင့် အရင်းရှင်စနစ် ”  “ ပြည်တွင်းစစ် ၏ ဇာတ်ကောင်များ ”  “ ဗမာပြည် ရှိ မော်တော်ကားများ ”  စသည့် ဝတ္ထုများ ကား တောသူတောင်သား လယ်သမား တို့၏ မျက်မှောက် ခံစား တွေ့ကြုံ နေရသော ဘဝ တို့ ကို တင်ပြရေးသား သည် ကို တွေ့လာ ရသည် ။

ထို့ကြောင့်ပင် ကျောင်းဆရာ ၊ စစ်ဦးစစ်ဖျားများ ကို ကျော်လွှားခဲ့ သူ ၊ မြင်းလှည်းသမား ၊ ဆန်ကုန်သည် ၊ ကြေးကုန်သည် ၊ အရက် ကို နှစ်ခြိုက်စွာ သောက်သူ ၊ ဘိန်း လည်း ရှူကြည့်ဖူးသူ ၊ ကြက်တိုက်တတ်သူ ၊ အိုးအိမ် အတည်တကျ မနေခဲ့ရ သူ ၊ အပျက်မကလေး နှင့် ညားဖူး သူ ၊ ပြည့်တန်ဆာဘုံအိမ် တွင် တည်းခိုဖူး သူ စသည့် လောကဓံ မုန်တိုင်း ဒီလှိုင်းများ ကြားဝယ် ပစ်တိုင်းထောင် သဖွယ် ကျရာ မှ ထောင်ထ ၍ သူ့ ကိုယ်တွေ့ များ ကို စာပေပန်း သို့ ပွင့်လန်းစေ သူ သော်တာဆွေ ၊ သို့မဟုတ် ရေအဏ္ဏဝါကြမ်း က ဗေဒါပန်း သည် ဘယ်သောင် ဘယ် ကမ်း ဆိုက်ဆိုက် ထာဝစဉ် စာပေပန်းများ ကို ပွင့်လန်း နိုင်ပါစေ ဟု ဆုတောင်းရပါ သတည်း ။

◾မောင်ကျော်သာ

📖 မြဝတီ မဂ္ဂဇင်း
      အတွဲ ၈ ၊ အမှတ် ၁၂       
      အောက်တိုဘာ ၊ ၁၉၆ဝ
     
#ကိုအောင်နိုင်ဦး

.

Tuesday, April 11, 2023

ကလီကမာ


 

❝ ကလီကမာ ❞

အနောက်တောင် တခို မှ မိုးကလေး ညိုကာ ဂျိုးဂျိုးငြိမ့်ငြိမ့် ဒိုးဒလိမ့် စစ်ဆင်သံ နှင့် အတူ လျှပ်စစ်လျှပ်ပန်း လက် လာ တတ်သော ယခုလို မိုးရက်များ ဝယ် စိတ် ဂယောက်ဂယက် မငြိမ်သက်နိုင်သူများ အဖို့ လဟာပြင် မိုးကောင်းကင်ဝယ် ဆောက်တည်ရာ မရ ရွေ့လျား မျောပါနေ သော တိမ်တောင်တိမ်တိုက် တို့ ကဲ့သို့ ဘဝ ဖြစ်စဉ် ရှေးဟောင်း နှောင်းဖြစ် များ ကို ပြန်ပြောင်း ကာ တွေးတောမိကြမည် မှာ လောကီသား တို့ ဓမ္မတာ တရား ပင် ဖြစ်ချေမည် ။ စာရေးသူ တို့ ကဲ့သို့ အတွေး ခေါင်သူ များ အဖို့ မှာ မူ သာ၍ ပင် ဆိုးသေး၏ ။ ဘဝ ၏ မြင်ကွင်းမြင်ကွက်ကလေးတွေ ကို မင်စက် ချကာ မှတ်တမ်း တင်လို သော ကြောင့် လည်း အတောမသတ် တွေး ရ၏ ။ ထိုသို့ အတော မသတ် သော အတွေး ရေယာဉ်ကြော ကလီကမာ နိုင်လှသော ဘဝ ဖြစ်စဉ်ကလေး တစ်ခု သည် တရေးရေး ပြန် ပေါ် လာ ခဲ့ပေသည်  ။

ဤနေရာ ၌ “ ကလီကမာ ” ဟူသော အသုံးကလေး ကြောင့် စာဖတ်သူ အတွက် အနည်းငယ် ရှုပ်ထွေးရှည်ဝေး နေပါအံ့ ။ ကလီကမာ ဟူသော စကား မှာ မူရင်း ကု,လားဘာသာ ဖြစ်သည် ဟု အဆို ရှိကြကုန်၏ ။ ဟုတ် မဟုတ်ကား သုတေသီတို့ ၏ အလုပ်ပါပေ ။

ကလီကမာ ၏ အဓိပ္ပာယ် သဘော မှာ မူ ဖြောင့်စင်းခြင်း ကင်း၍ ကွေ့ကွေ့ကောက်ကော က် ရှိတတ်သော သဘော ဟု ယူဆပေသည် ။ ထို ယူဆချက်သည် လည်း မှန်ကန်တိကျခြင်း မရှိ ဟု ကဝိပညာရှင်တို့  အကျယ်အကျယ် အငြင်းပွားဖွယ် ရှိကောင်း ရှိပေအံ့ ။ ဤ ဝတ္ထု ဤ ဇာတ်ကြောင်း နှင့် ပတ်သက်၍ မူ ကား ကု,လားလေးဆာမိ ၏ ရှင်သီဝလိဂါထာကလေး ဟူ၍ သာ စွဲမှတ်ကြပါကုန် ။

ကလီကမာ ကလီကမာ

ဤ ဂါထာကလေး ကို အစဉ်မပြတ် ရွတ်ဖတ်ခြင်း ဖြင့် စာရေးသူ တို့ မျက်မှောက် မှာ ပင် အညတြ ကြက်ထမ်းကု,လားလေး ဆာမိ ဘဝ မှ လို - တ - ရ ကုန်စုံဆိုင်ကြီး ရှင် ကိုဆာမိရား ၊ ထို ကိုဆာမိရား ဘဝ မှ သည် ရွာ ၏ ကွမ်းတောင်ကိုင် အပျိုချော မိစောကလေး ၏ ချစ်လင် ကိုဆာကြီး ၊ ကိုဆာကြီး ဘဝ မှ သည် ယနေ့ တိုင်းရင်းသားမှတ်ပုံတင် ကိစ္စကြီးများ အပြီး ပြည်တော်သာ ခရီး ချီတက် ပွဲ တွင် ကျေးရွာဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ ကော်မတီ လူကြီး ဦးစံမှီ အဖြစ် သို့ ပင် ရောက်ရှိ သွားပေသည်  ။ သူ ၏ ရှင်သီဝလိဂါထာကလေး ကား စွမ်းအား ကြီးလှပေစွ တကား ။ 

     •••••   •••••   •••••   •••••

စာရေးသူ တို့ နေထိုင်ရာ မှာ မြေလတ်မြို့ကလေး တစ်မြို့ ၏ မြို့စွန်ရွာကလေး တစ်ရွာ ဖြစ်ပါသည် ။ လူနေ အိမ်ခြေ သုံးရာ ခန့် ရှိ၏ ။ ရွာဦး တွင် ဘုန်းကြီးကျောင်း ရှိ၍ ရွာ နောက်တွင် ဆန်စက် တစ်လုံး ရှိ၏ ။ ဘုန်းကြီးကျောင်း ထဲ တွင် နွေ ၌ ရေ မရှိသော ကန် တစ်ကန် ရှိသည် သို့သော် အရေး မကြီးပါ ။ နွေအခါ ရောက် လျှင် တစ်ရွာလုံး ဆန်စက် ထဲ မှ အဝီစိတွင်း ရေ ကို သုံးစွဲ နိုင်ပေသည် ။ တစ်ရွာလုံး ၏ စီးပွားရေး လုပ်ငန်း မှာ လည်း ဤ ဆန်စက် ကို အမှီသဟဲ ပြုကာ ရပ်တည် နေကြရပေသည် ။ အချို့ မိရိုးဖလာ လယ်သမားများ မှ လွဲ လျှင် ကျန် လူများ မှာ ဆန်စက် အလုပ်သမားများ သာ ဖြစ်ပေသည်  ။

သူတို့ သည် ဤ ဆန်စက် မှ ရသော ငွေ ကို အလှမ်း မဝေးလှသော မြို့ဈေး သို့ တက်၍ ဝယ်ခြမ်း သုံးစွဲကြပြီး ဤ ရွာဦးကျောင်း တွင် သူ့ ထက် ငါ အပြိုင် အဆိုင် လှူဒါန်း ပစ်တတ်ကြ ပေသည် ။ ထို့ကြောင့်ပင် ကျောင်းဒါယကာကြီး စက်သူဌေး ဦးမောင်ကြီး ၁၂၉၀ ပြည့် တွင် ဆောက်လုပ် လှူဒါန်းသည် ဟူသော တံခွန်တိုင် ကျောက်စာ နှင့် နင် လား ၊ ငါ လား ယှဉ် နေသည့် ကျောင်း အဝင် အုတ်လှေကားကလေး မှ ဆန်စက်မန်နေဂျာကြီး ဦးညို ဒေါ်သန်းညွန့် တို့ ကောင်းမှု နတ်လူ သာဓုခေါ် စေသောဝ် ... ကျောက်စာတို့ သည် လူမြင်ကွင်း တွင် ထင်းထင်းကြီး မြင်စေ နိုင်ပေသည် ။ ထို့ပြ င် ကျောင်းထိုင် ကိုယ်တော် တရားဟော ပလ္လင် ထက် မှ ဆွဲယပ်ကြီး ကို ကြည့်ပါဦး ။ ပွဲစားကြီး ဦးဖိုးဟန် - ဒေါ်မယ်ပုတ် ကောင်းမှု စာတမ်း နှင့် အတူ ပလ္လင် အောက်ခြေနား ရှိ ဒန်ထွေးခံကြီး တွင် လည်း ဆေးနီသား ဖြင့် ပြတ်သားစွာ ရေး ထားသော ဆန်စက်အင်ဂျင် တံတေကြီး ဦးကု,လား - ဒေါ်မြရွှေ တို့ မိသားတစု ကောင်းမှု ကို တွေ့ရပေမည် ။ ကျောင်း ၏ ဘုရားစင် အောက် ဘက် တွင် စုပုံ ၍ ပိုးကိုက် စုတ်ပြတ် နေသော ယပ်တောင်များကို သတိပြု ကြည့်ပါ လျှင် လည်း လေးကျွန်းမြင့်မိုရ် ဆန်စက် အလုပ်သမားများ ကောင်းမှု စာတမ်းကလေး တွေ ကို တွေ့ရပေမည် ။

ဤ ကျောင်း ၊ ဤ ဆန်စက် တည်ရှိရာ ဤ ရွာကလေး သည် စာရေးသူ ၏ ချက်မြှုပ် ကြီးပြင်း လာရာ ဌာနကလေး ပင် ဖြစ်ပေသည် ။ သို့ကြောင့်ပင် ဤ ရွာဦးကျောင်း မှ ကကြီး ၊ ခကွေး က စ ဘုရားရှိခိုး အဆုံး သင်ကြား တတ်မြောက် ပြီးဆုံး သော အခါ ဆန်စက် မန်နေဂျာကြီး သား တစ်ယောက် ဖြစ် သောကြောင့် ကု,လားဖြူစာ တတ်ရန် မြို့ကျောင်း သို့ ပို့ ထားရာမှ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်၍ နေမျိုးနွယ် ဇာပန် နောင်တော်များ က အဘိဓမ္မာ နိပွန် ညီအစ်ကို ကြွေးကြော်သံ နှင့် အတူ အာရှတိုက် ကို ကယ်တင် သိမ်းပိုက် လိုက်သော အခါ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများ ဖြစ်ကြသော သခင် အောင်ကြီး ၊ သခင်ထောင်ကြီး တို့ သွေးထိုး ပေး ခဲ့ကြသည့် မျိုးချစ်စိတ် ဇာတိမာန်ကလေး ဖြင့် ဘီအိုင်အေ တပ်မတော်ကြီး တွင် ရောယောင် ပါ ဝင် သွားခဲ့ရစဉ် ဝယ် ဘီအိုင်အေ ကို ဖျက်သိမ်း ကာ ဗမာ့ကာကွယ်ရေးတပ်မတော် ကို စနစ်တကျ ဖွဲစည်း လိုက်သောကြောင့် ဆေး စစ် ရာတွင် မျက်စိရောဂါ ရှိ၍ အပယ် ခံ လိုက်ရ သဖြင့် စိတ်ပျက် လက်ပျက် နှင့် ဤ ရွာကလေး သို့ ပြန်လည် ခြေဦး လှည့်ကာ ဖခင်ကြီး ဦးစီးသော လေးကျွန်းမြင့်မိုရ် တွင် ဆန်စက် စာရေးကလေး လုပ်နေ မိ၏ ။ သို့စဉ်ပင် မျိုးချစ်စိတ် လက်ကျန်ကလေး က မကုန်ခန်း အားမလျော့ သေး သော ကြောင့် ကျေးရွာ ကာကွယ်ရေး ကေဘိုထို င် ဗိုလ်ကြီး လုပ်ကာ ဝါးချွန် ထိုးနည်း များ သင်ကြား ပို့ချရင်း လေကြောင်းရန် ဘေးကြောင့် ည ကင်းစောင့် ရာ ဝယ် မီးတုန်ကလေး တစ်လက်လက်ဖြင့် “ ကက် ရောင်းဘို့ ရှိဒလား ကက် ” ဟူသော ကြက်ထမ်းကု,လား ကို စပိုင်သူလျှိုကြီး အဖြစ် ဖမ်းဆီး ရိုက်နှက်မိ ရာ မှ ...

“ ကလီကမာလူ မဟုတ်ပါဘူး အကိုး .. ”

“ ကလီကမာလူ မဟုတ်ပါဘူး အကိုး .. ”

ဟူသော အကြင် ကလီကမာ ဂါထာကလေး ပိုင်ရှင် ကိုဆာမိ နှင့် ကြုံသိခဲ့ရပေသည် ။

ပွဲဦး သိစ က ပင်လျှင် သူ သည် ကလီကမာ ဂါထာ ကို အာဂုံ ရွတ်ရင်း သက်သာ ရာ ရသွား ခဲ့ပေသည် ။ ထိုနောက်ပိုင်း တွင် ကား ဆာမိ ၏ ကြက်သား သည် ကျွန်တော်တို့ ကင်းသမား တစ်စု ၏ ဝမ်းဗိုက် တွင် အမြုတေ အစိုင်အခဲ စွဲ လာသ ကဲ့သို့ “ ဟေ့ .. ဆာမိ ဒီနေ့ ဘာလို့ မလာပါလိမ့် ” ဟူ၍ များ ပင် သူ ပေါ် မလာလျှင် တတမ်း တတ ဖြစ်နေ ကြရပေတော့သည်  ။

တစ်ရွာလုံး က လည်း ည လူခြေတိတ် ကြက် အိပ်တန်း တက်ပြီး ချိန် လောက်တွင် “ ကက် ရောင်းဘို့ ရှိဒလား ကက် ” ဟူသော အသံ ကို ရွာဦးကျောင်း မှ နံနက် အုန်းမောင်း ခေါက် သကဲ့သို့ နားစွဲ လာ သလောက် ဆာမိ တစ်ယောက် ရွာ နှင့် အကျွမ်းတဝင် ဖြစ်လာ ခဲ့ ရပေသည်  ။ 

     •••••   •••••   •••••   •••••

သို့နှင်ပင် ညီအစ်ကို ဇာပန် နေမျိုးနွယ်များ တောင်စွယ် တွင် ကွယ်ပျောက် ၍ မဟာမိတ်များ ဝင်ရောက် ၍ ခေတ်ပြောင်း လာ ကာ တစ်ပြည်လုံး ဗမာ့လွတ်လပ်ရေး လူထု တိုက်ပွဲကြီး ဆင်နွှဲ နေပေ သော ကြောင့် မျိုးချစ်စိတ် လက်ကျန်ကလေး အရှိန် မသေသေး သဖြင့် ခေါင်းဆောင့် ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးများ နောက်တော် မှ အမြီး တနှံ့နှံ့ နှင့် အချိန်ကုန် နေခဲ့ ပြန်ရာ ကိုဆာမိ နှင့် အဆက် ပြတ် နေခဲ့မိပေသည် ။

သို့ဖြင့် တိုင်းပြည်ကြီး လွတ်လပ်ရေး ရ၍ စနစ်တကျ ဖြစ်လာသောအခါ လွတ်လပ်ရေး တိုက်ပွဲ ဆင်နွှဲခဲ့စဉ်က ဘေးထိုင် ချောင်ခိုပြီး ပညာ ကို သာ ကြိုးစားခဲ့သော သူငယ်ချင်းများ ဒီဂရီ ရ ကာ ဝန်ကြီး ၊ ဝန်ကလေးများ ဖြစ်လာချိန် ၌ စာရေးသူ မှာ မိမိ ဘဝ ရှေ့ရေး အတွက် လက်လှမ်း မီရာ ဆန်စက် စာရေးကလေး ဘဝ ကို ပင် ကုပ်ကပ် အသနား ခံပြီး တောင်းပန် တိုးလျှိုး ၍ မိမိ ဘဝ ကို ရပ်တည်ရာ ရအောင် ကြိုးစား ရပေသ ည်  ။ ( သို့ အသနား ခံရသည် မှာ မျိုးချစ်စိတ် လက်ကျန်ကလေး ၏ ကောင်းမှုပါပေ ။ အဘယ်ကြောင့် ဆိုသော် သူဌေးများ က နိုင်ငံရေး သတ္တဝါများ ကို မြင်ပြင်းကပ် သော ကြောင့် ပင်တည်း ။ ) ဤသို့ ဖြစ်ရခြင်း သည် ပင် ကလီကမာ ကိုဆာမိ နှင့် ပြန်လည် တွေ့ဆုံဖို့ ရန် အကြောင်းတရား ဟု ပင် ဆိုရပေချိမ့်မည် ။

ဤသို့နှင့် စာရေးသူ သည် မိမိ ဘဝ တစ်ဝမ်း တစ်ခါး တည်တံ့ ခိုင်မြဲရေး ၊ ငြိမ်းချမ်း သာယာရေးများ ကို ကြိုးပမ်း လာရသော ကာလ သို့ ရောက်လတ် သော်လည်း ဤ ရွာဦးကျောင်း မှ သင်ကြားပို့ချ လိုက် ၍ အရိုးစွဲ လာခဲ့သော ဗုဒ္ဓရှင်တော်ဘုရား ၏ အမှန်တရား နှင့် မြို့ ကျောင်း ၌ ကုလားဖြူစာ သင်စဉ်က တွေ့ကြုံ လိုက်ရသော သခင်အောင်ကြီး ၊ သခင်ထောင်ကြီး တို့ ၏ မျိုးချစ်စိတ် မျိုးစေ့ကလေးများ သည် အရိုး စွဲ ၍ အမြစ်တွယ် ဆဲ ပင် တည်း ။ ထို့ကြောင့် ပင် ဆန်စက်စာရေး ဘဝ တွင် စပါး ဝယ်သူ အဖြစ် လည်း ပေါင် မခိုး ၊ ဆန် ရောင်းသူ အဖြစ်လည်း ပေါင် မခိုး ၊ ( ကြွင်းကျန်သော ယနေ့ ဆန်စက်သမား တို့ သိန်း ချီ ၍  ခိုးနည်း ၊ ခြစားနည်းများကို ကျမ်း လေးမည် ၊ ရန်များ မည် စိုး၍ ချွင်းချန်ခဲ့ပါအံ့ ။ )

သို့ မခိုးတတ်မှု ကြောင့် စက်သူဌေး ၏ မျက်မုန်း ကျိုးခြင်း ခံ ရကာ အလုပ် မှ ထွက်ခဲ့ ရ၏ ။ ထိုအချိန် အိမ်ထောင်ဘက် ဇနီးသည် နှင့် သားဦး ကလေး ပေါက်ဖွားခဲ့ပြီ ဖြစ်၍ အလုပ်လက်မဲ့ ဘဝ နှင့် အတော် ကသီလင်တ နိုင် နေရာမှ နီးစပ်ရာ ကျေးဇူးရှင်များ ကြောင့် SAMB နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အင်စပိတ်တော် ရာထူး ရခဲ့ ရပေသည် ။ ထို ရာထူး တွင် လည်း ရွာဦးကျောင်း က ပါ လာသော အမှန်တရား နှင့် သခင်ထောင်ကြီး တို့ မျိုးချစ်စိတ် ကြောင့် အခက်အခဲ တွေ့ရ ပြန်ပါ၏ ။

ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့ဝင် အဖြစ် ကား စပါး ရောင်း လာသော တောင်သူလယ်သမား နှင့် ဆက်ဆံရ၏ ။ ထို စပါး ကို ချိန်တွယ် သယ်ပိုးသည့် အလုပ်သမား နှင့် ဆက်ဆံ ရ ၏ ။ ထို အလုပ်သမား လယ်သမား တို့ ၏ မီးရှူး တန်ဆောင် နိုင်ငံရေးအသင်းအဖွဲ့ တို့ နှင့် ဆက်ဆံ ရ၏ ။ သူတို့ အားလုံး အတွက် တရားမျှတ မှန်ကန်မှု ၊ စိတ် ကျေနပ်မှု ရရန် အစိုးရ ကိုယ်စား ဆောင်ရွက် နေရသော အလုပ် ပင် တည်း ။ အကယ်ပင် တရားမျှတမှု ကို တွေ့ရှိခဲ့ပါသ လား ဟု မေး ပါမူ အဖြေရ ကျပ်လှ ပါပေသည် ။ ထို အဖြေရ ကျပ်လှသော ရောဂါ ဖြင့် ပင် ထို အလုပ် မှ ထွက်ခဲ့ ပြီးလျှင် တရားမျှတ သမ္မာအာဇီဝ ကျသော ကိုယ်ပိုင် လုပ်ငန်းကလေး တစ်ခု ဖြင့် ရှာဖွေ စားသောက်ပါတော့မည် ဟူသော ကြံစည်ချက် ဖြင့် အိမ်ဆိုင်ကလေး တစ်ခု တည် မိ တော့၏ ။ ထိုရော အခါ အကြံတူ ဉာဏ်တူ ကြက် ဆရာ ကိုဆာမိ နှင့် ယှဉ်ပြိုင် ရင်ဆိုင် တိုးမိ ရ ပါ တော့သည် ။ ဆုံကောင်း ဆုံရာ ဆိုင်နေရာ ပန္နက်သဲ ချသည့် အချိန် ပင် လျှင် တစ်ချိန်တည်း ဖြစ်နေ၏ ။ ဆာမိ က လည်း ကု,လား ပေ သည့် လူ မတတ် သော်လည်း လက်ဖက်ထုပ် တတ်သည် ဟူသော စကား အရ လက်သမားဆရာဉာဏ် ၏ နေ့နံ ရွေး အခါတော် ပေးသည့် အတိုင်း ပန္နက်ရိုက် ပေ သကိုး ။

ရွာကလေး တွင် ကား ဆိုင်ကလေး နှစ်ဆိုင် မှာ အပြိုင် လို ဖြစ်လာ ရပေသည် ။ သို့သော် စာရေးသူ အနေဖြင့် ကား မစိုး ရွံ့ မိ ၊ အဘယ်ကြောင့် ဆိုသော် စာရေးသူ သည် ရွာမွေး ခြံပေါက် ဖြစ်သည် ။ ဤ တစ်ရွာလုံး သည် စာရေးသူ လုပ်ခဲ့ဖူးသော ဆန်စက် ထဲ မှ လက်နိုင် အလုပ်သမားများ သာ ဖြစ်ပေသည် ။ကြက်ထမ်း ဆာမိ ကား တစ်ကောင်ကြွက်သမား ကု,လား ပင်တည်း ။ ဤ တွက်ကိန်း နှင့် ပင် ကိုယ် သာ လျှင် ဟန်မည် ဟု ကျိန်းသေ မှတ်ချက် ချမိ ပေသည် ။ ပြီးတော့ တစ်ချက် ရှိသေးသည် ။ ဆာမိ သည် “ ကက် ရောင်းဖို့ ရှိဒလား ကက် ” ဆိုသော အချိန် ၊ ကြက် ဝယ်သူ အဖြစ် ခဲသင်းကတ္တရာဆေးသုတ် အလေးကြီး တို့ ဖြင့် ဝယ်တ တ် သလို ၊ သူ က ရောင်းသူ အလှည့် တွင် လည်း ကု,လားမောင်း ကို ချိတ်ဆွဲ ရုံ တွင် အား မရသေး ဘဲ အလေး ခိုး လိုက်သေး၏ ။ ဤ ရွာ တွင် ငါးကျပ်လေး ကား အရောင်းအဝယ် များ ၏ ။ လက်ဖက်ခြောက် လို လက်ဖက်ခြောက် ၊ ဆား လို ဆား အလီလီ သာ ဝယ် တတ်သော ရွာသားများ အတွက်ကား ဘာမဆို ငါးကျပ်သား အလေး ကို အသုံးရ များ ၏ ။ ထို့ကြောင့် ဆာမိ ငါးကျပ်လေး သည် နဂိုပင်ရင်း ငါးကျပ်လေး ဘဝ မှ တံစဉ် စား ပြီးလျှင် ကတ္တရာ သုတ် ရုပ်ဖျက် လိုက် ပြီး အလေးအို အလေးဟောင်း အသွင် ဖြင့် လေးကျပ်ခွဲသား သာ စီး တော့သည်  ။ တစ်ခါ ဝယ် လျှင် ငါးမူးသား ခိုးခြင်း ဖြင့် အခါ တစ်ရာ ဆို လျှင် ငါးဆယ်သား အမြတ် မရပါလား ။ ဒီအချက် တွင် လည်း စာရေးသူ က မိုးခြိမ်း သံ ကြား လျှင် အလေးမှန်ပါ့ တောင်းမှန်ပါ့ ဘုရား တ တတ်သော မြန်မာလူမျိုး ပီပီ အလေးမှန် တောင်းမှန် ရောင်း လျှင် ထို ဆာမိ ပြိုင်နိုင်မည် မဟုတ် ဟု ထင်၏ ။ သို့သော် ဆိုင်ကလေး ဖွင့်၍ ကာလတောင်တာ ကြာ လျှင် အထင် နှင့် အမြင် ပါစင် အောင် လွဲရ လေပြီ ။

ထို လေးကျပ်ခွဲ သား အလေး ခိုး ရောင်းသူ ဆာမိ ဆိုင် တွင် ပုလုကွေး အလေးကလေး မှ အစ သက်ကြားအို ၊ ဆံဖြူ ၊ မုဆိုးမ ၊ တစ်ခုလပ် ၊ အပျိုကြီး ၊ အပျိုလေး ၊ အပျိုပေါက် တို့ အဆုံး တစ်ရုန်းရုန်း ဈေးဝယ် မပြတ် ရှိတော့၏ ။

လက်သမားဆရာ ကိုမောင်တင့် သား ဖြိုးကြွယ်ကလေး သည် ဆာမိ ၏ ဆိုင်စောင့် - ကျီးလှန် - ကြက်မောင်း ဖြစ် နေ၏ ။ ဆာမိ က လည်း ကောင်ကလေး ရွှေပန်း ကို ပွတ်ကာ ဆွဲကာ ချော့၏ ။ ဆော့၏ ။ ပဲလှော်လေး ၊ ထန်းလျက်ကလေး ကျွေး၏  ၊ ပေး၏ ။ အရပ် ထဲ မှ အာကြမ်း ၊ လျှာကြမ်း ငါးစိမ်းသည် မစန်းကြီး သည် လည်း ဆာမိ ၏ ဖောက်သည်ကြီး ဖြစ်ပေ၏ ။

“ ခွေးကု,လားနော် ... ငါ များ တော့ အလေး ခိုးမယ် မကြံနဲ့  ၊ မိစန်း တဲ့ ... တစန်း ထဲ ရှိတယ် ။ နှုတ်ခမ်း မပါတာနဲ့ ကို ပွတ် ပစ်လိုက်မယ် ”

သို့သော် ကိုဆာမိ က အပြုံး မပျက်ပေါင် စိတ်လက်ရှည်ရှည် နှင့် သူ ရွတ်နေကျ ..

“ အမာ က လည်း ကလီကမာ မလို့ တတ်ပါဘူး ”

“ မလုပ်တတ်ပါဘူး ပြောပါ ကု,လားရ ”

“ ကု,လားပဲ အမား ၊ စကား ဘယ်ရမလဲ အမား ”

“ အမယ်လေး မိကျောင်းသား ရယ် ထည့် မှာ ထည့် စမ်းပါ ။ လက်ဘက်ခြောက် ငါးကျပ်သား ”

ကိုဆာမိ က တော့ ထုံးစံ အတိုင်း သူ ၏ လေး ကျပ်ခွဲသား အလေး နှင့် ပင် ချိန် ပေး လိုက်လေသည်  ။

အပျိုကြီး မအုန်း ဆို လျှင် လည်း ဆာမိ နှင့် အလွန် သင့်လှ၏ ။

“ ကု,လားနော် လူပါး မဝနဲ့  ၊ ငါ အကုန် နားလည်တယ် သိရဲ့ လား ... ”

ဆာမိ က မူ “ အမား ကလည်း ကလီကမာ မ ဟုတ်ပါဘူး ” ဂါထာ ကို ပဲ ရွတ်၏ ။ သို့သော် သူ ၏ ဗို့ - ၁၅ဝဝ အား ရှိသော မျက်လုံးကြီး များ သည် အပျိုကြီး အတွက် ကြည်နူးစရာ အကွက်ကလေး တစ်ခုပါပေ ။ သို့သော် .... မအုန်း ကို လည်း လေးကျပ်ခွဲသား အလေး နှင့် ချိန်ပေး လိုက်၏ ။ တစ်ခုလပ်မကလေး မယ်အေး အလှည့် ကျ သော် မယ်အေး သည် ဆာမိ ဆိုင်ရှေ့ ရောက်တိုင်း ထမီ ကို အခါ နှစ်ဆယ် မျှ လောက် ပြင် ဝတ် တတ်၏ ။ “ ကိုဆာမိကြီး ငရုပ်သီး သုံးလေး တောင့် ယူသွားမယ် နော် ” ဟု ပြောပြောဆိုဆို လက် တစ်ဆုပ် နှိုက် တတ်၏ ။ သို့သော် ဆာမိ ကား သူ ဝယ်သွားသည့် ပုဇွန်ခြောက် ငါးကျပ်သား ကို လေးကျပ်ခွဲသား အလေး ဖြင့် ပင် ချိန် ပေး လိုက်၏ ။ မုဆိုးမ မမယ် ဆို လျှင် ကိုဆာမိ ဆိုင် တွင် ထိုင် ကာ သွားလေ သူ ကို တတ, တ ဖြ င့် “ ဆာမိ ရယ် နင့် အစ်ကိုကြီး ကိုပန်းခိုင် သာ ရှိရ င် ငါ ဒီလို နေရဖို့ အဝေးသား ကလား ။ ဟိုတုန်းကများ မယ်ညိုပဒုမ္မာ , နင်မလစ် လုံချည် ခါးပေါ် က ချ ရတာ မဟုတ်ဘူး သိရဲ့ လား ။ နင် က လည်း ငါ မုဆိုးမ ဆိုပြီး အကြွေး မပေးချင်ဘူး လား ဟယ် ” ဟု ခပ်ညုညုကလေး လွမ်းဟန်ပစ် တတ်၏ ။

ကျန် အပျိုဖြန်း ၊ အပျိုလတ် ၊ အပျိုကလေး တို့ အလှည့် တွင် လည်း ...

“ ကိုဆာမိရားကြီး ကျုပ်တို့ မှာ တဲ့ အလှဆီ ဘယ်မလဲ ။ ဝယ်ခဲ့မယ် ဆို ... ”

“ အမယ် ... ဆာမိ ကလီကမာလူ မဟုတ်ဘူး ။ ဝယ်မယ် ဆို ဝယ်ပေးတယ် မဟုတ်လား အေး ဇိန် ... ”

ဟုတ်၏ ။ ဆာမိ သည် မျက်နှာချေ ၁၀ ပြား တန် ၊ အလှဆီ ပြား ၅ဝ တန် တို့ ကို တစ်လ တစ်ခါ အလှည့်ကျ ဆိုသလို အေးစိန် ၊ မိညို ၊ အမာ တို့ အတွက် မေတ္တာရှိ ဈေး ပြန် လျှင် ဝယ်ခြမ်း ပေး တတ်၏ ။ သို့သော် သူတို့ အား လည်း သူ ၏ လေးကျပ်ခွဲသား အလေး ဖြင့် ပင် ချိန်ပေး ပေသည် ။

သို့ ကလေး မှ အစ သက်ကြားအို ဆံဖြူ မုဆိုးမ ၊ တစ်ခုလပ် ၊ အပျိုကြီး ၊ အပျိုလေး ၊ အပျိုပေါက် တို့ အဆုံး တရုန်းရုန်း ဈေးဝယ် မပြတ် ရှိ သော အကြောင်းရင်း သည် အကြင် ကိုဆာမိရား နှင့် ကိုစံအုပ် မမယ်မီ တို့ သမီးချော ရွာ ကွမ်းတောင်ကိုင် မိစောလေး တို့ ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် လူကြီးစုံရာ နှင့် ပေးစား ထိမ်းမြားကြသော မင်္ဂလာ အခါတော် ကျ မှ သိရပါလေတော့၏ ။ နှုတ်ကြမ်း ၊ အာကြမ်း ၊ ငါးစိမ်းသယ် မစန်းကြီး အာဘော် အရမူ “ ကု,လား လည်း လူပဲ ဘာဖြစ်ရမလဲ အရီးမယ်မီ ရဲ့  ၊ ဒါမှ ကလေးမလေး အနွံအတာ အဆဲအဆို ခံမှာ ။ ဆာမိ သည်းခံနိုင်တာတို့ ကျုပ် ထက် ဘယ်သူမှ ပို မသိနိုင်ပါဘူး တော် ။ ဒါကြောင့်လည်း ကျုပ် က ‘ သူ့အလေး မမှန် မှန်း ' သိပေမယ်လို့ အဆဲ ဆို ခံတာလေး သနား ပြီး ဖောက်သည် ဖြစ် နေမိ တာ ” ဟု ဆိုပေ၏ ။

အပျိုကြီး မအုန်း က မူ “ အလကားပါ အေ ။ အစက ကု,လား ငါ့ ကို ရိသဲ့သဲ့ လုပ်နေတာ ၊ တို့ ကလည်း အပျိုကြီးဘဝ နဲ့ ငှက်ပျောတုံး ဖက် သေ လိုက်မယ် ။ ကု,လားတော့ စိတ်ကူး ထဲ တောင် မထည့်ဘူး သိလား ” ဟု နှုတ်ခမ်း စူ၏ ။

တစ်ခုလပ်မကလေး မယ်အေး က မူ “ အလကား ခွေးကု,လား က တဏှာရူး ကြီး တော့ ကျုပ် က လည်း အစားရောင်အောင် သူ့ ဆိုင် ဝယ်ခဲ့ တာ ဒင်း အလေး ခိုး ရောင်းမှန်း လည်း သိသားပဲ ။ ခုပုံ နဲ့ တော့ မိစော ပုံပျက်ပန်းပျက် ဖြစ် သွားမှာ သနားမိလိုက်တာ ” ဟု မှတ်ချက် ချ၏ ။

မုဆိုးမ မမယ်မြ ၏ မှတ်ချက် အရ မူ ကိုစံအုပ် မမယ်မှီ တို့ သည် ကု,လားလေး ဆာမိ ကြွေးမြီ များ လည်ပင်း ခိုက် တက်လာသောကြောင့် သမီး ကို ထိုးအပ် လိုက်ကြသည် ။ လူလည် လုပ် လိုက်ကြသည် အဆို ရှိ၏ ။

ရွာသူ အပျိုကလေးများ က မူ “ အမယ် ကု,လားဆာမိ က မိစော ရ မှ ကိုစံမှီ ဆိုတဲ့ ဗမာ နာမည် ပြောင်းတော့မယ်တဲ့ တော့ ” ဟု ဆိုကြသည် ။

အဘယ် မှတ်ချက်သည် မှန်ကန် တိကျမည် ကို စာရေးသူ ပြောစရာ အလုပ် မဟုတ်ပါပေ ။ စာရေးသူ ပြောလိုသည် မှာ အလေးမှန် ၊ တောင်းမှန် စေတနာ သန့်သန့် ဖြင့် ရောင်းချသော စာရေးသူ ရွာခံ ဆိုင် ကို ကျော ခိုင်း ၍ ကု,လားဆာမိ ၏ ကလီကမာ  အလေး ခိုးသော ဆိုင် ကို မှ ဝယ်ချင်သော ဤ ရွာသူ ရွာသားများ ၏ ကလီကမာ စိတ် ကို နာကျည်း ခံပြင်း မိတော့၏ ။ သို့နှင့် နောက်ဆုံး စာရေးသူ မှာ ရသမျှ ငွေရင်းကလေး မြှုပ်၍ ဆိုင် ဖြုတ် လိုက် ရပြီး ချစ်ဇနီးသည် နှင့် ရင်သွေးငယ် ကို ယောက္ခမ ထံ အပ်နှံကာ ဤ ရွာ ဤ ဒေသ ကို စိတ်နာ လှစွာ ထွက်ခဲ့ပေသည် ။ သို့သော် ရွာဦးကျောင်း နှင့် သခင်အောင်ကြီး ၊ သခင်ထောင်ကြီး တို့ သွင်း ပေး လိုက်သော အမှန်တရား နှင့် မျိုးချစ်စိတ် အရိုးစွဲ အမြစ်တွယ်ကလေး မှာ မကုန်ခန်းနိုင် သေးသည့် အလျောက် ယခုကဲ့သို့ မတောက်တစ်ခေါက် စာကလေး ၊ ပေကလေး ရေး ကာ တိုင်းပြည် သို့ တင်ပြချိန် ၌ ကလီကမာ ကိုဆာမိ သည် ကျေးရွာဒေသန္တရအုပ်ချုပ်ရေး ကော်မတီ လူကြီးမင်း ဦးစံမှီ အဖြစ် သူ ၏ ကလီကမာ ဂါထာ ကို ဉုံ ခံ ၍ ရွတ်နေလိမ့်ဦးမည် ထင်ပါ သတည်း ။

◾ မောင်ကျော်သာ

📖 မြဝတီမဂ္ဂဇင်း
       ၁၉၅၅ ခုနှစ် ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.