Showing posts with label ဌေးမောင်. Show all posts
Showing posts with label ဌေးမောင်. Show all posts

Saturday, April 1, 2023

နု ( ၇ )


 

နု ကူလီခေါင်း အိမ် အဝင် တွင် လူ သုံးယောက် ယိမ်း ထိုး ဖက်တွဲရင်း သိုင်းကွက် နင်း၍ ထွက် လာသည် ကို  တွေ့ လိုက်ရသည် ။ သူတို့ ပါးစပ်တွေ က လည်း ရောက်တတ် ရာရာ ပြောနေ ကြသည် ။

“ ဟင် နု ပါလား ၊ လာလာ နု ၊ ဘာကိစ္စ ရှိသလဲ ” 

ကူလီခေါင်း သည် နု အား ဖော်ဖော်ရွေရွေ ဝမ်းသာအားရ ဖိတ်ခေါ်လေသည် ။

“ နု အမေ အတော် ဆိုးနေလို့ အစ်ကိုကြီး ”

“ ဪ ... ဟုတ်လား ၊ အလုပ် မဆင်းနိုင်သေးလို့ လာ ပြောတာလား ၊ ကိစ္စ မရှိပါလူး ၊ နု မပြော ပြောပြော အစ်ကိုကြီး ရက် အပြည့် ထည့် ထားတယ် ” 

နု စကား မှ မဆုံး သေးခင် ကူလီခေါင်း က စေတနာ ဗရပွ နှင့် ပြောသည် ။

ကူလီခေါင်း အိမ် မှာ သူ တစ်ယောက် တည်း ရှိသည် ။ သားမယားတွေ မှာ လေကြောင်းရန် စိုးရိမ်၍ တော သို့ ပို့ထား လျက် ငွေ ထုတ်ပြီးသော အခါတိုင်း ကူလီခေါင်း လိုက်သွား ၍ ငွေ ပို့ရလေသည် ။

“ ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး ၊ နောက် ပြီးတော့ ... ”

နု သည် မပြောရဲ သလို စကား ဆက် ပြတ်သွား လေသည် ။ သူ့ မှာ ရှက်အမ်းအမ်း ဖြစ်နေသည် ။

“ နောက်ပြီးတော့ ဘာလဲဟင် နု ၊ ပြောလေ ... အစ်ကိုကြီး ကို ပြောပါ ဘာ အားနာစရာ ရှိသလဲ ”

ကူလီခေါင်း က စိတ်အား ထက်သန်စွာ ဖြင့် မေးရင်း အားပေးစကား ပြောလေသည် ။ နု မှာ တစ်စုံတရာ အခက် အခဲ တွေ့နေမည် ။ ထို အခက်အခဲ အတွက် အကူအညီ လို၍ လာခြင်း ဖြစ်မည် ဟု ယူဆ ထား လိုက်သည် ။ နု ၏ အခက် အခဲ ကို ကူညီဖြေရှင်း ပေး လိုက်ရလျှင် နု က အားနာ ကျေးဇူး တင်၍  လိုက်လျော ပေမည် ။

“ ငွေ ၅ဝိ လောက် လိုနေလို့ အစ်ကိုကြီး ရဲ့”

နု အသံ မှာ ကြေကွဲ တုန်လှုပ်စွာ ခပ်ဖြည်းဖြည်း ထွက် ပေါ်လာသည် ။

“ ဪ ... ရပါတယ် ရပါတယ် ၊ ဘာဖြစ်ဖြစ် ပြော ပေါ့ နု ရဲ့ ။ အစ်ကိုကြီး အမြဲ ကူညီမှာပေါ့ ” 

ကူလီခေါင်း သည် စကား အဆုံး၌ ထ၍ အတွင်းခန်း သို့ ဝင် သွားသည် ။ တွေဝေ ရင်း ပင် နု ကျန်ရစ် ခဲ့သည် ။

“ နု ရေ ဟောဒီ ကို လာပြီး သုံးရမယ့် အသစ် ကို ရွေးလှဲ့ ပေတော့ ” 

ကူလီခေါင်း က အခန်းတွင်း မှ လှမ်းပြောရာ နု သည် မလွှဲသာ သဖြင့် မရဲတရဲ နှင့် ပင် လှမ်း၍ သွားသည် ။ နု အခန်း တွင်း သို့ ရောက်သည် နှင့် တစ်ပြိုင်နက် တံခါးဝ မှ ကူလီခေါင်း သည် တံခါး ကို ဆွဲ ပိတ် လိုက် လေသည် ။

“ အို .. ဘယ့်နှယ် လုပ်တာလဲ အစ်ကိုကြီး ရဲ့ ။ တံခါး ဖွင့်ပါ ၊ နု ကြောက်ပါတယ် ”

နု သည် ကြောက်ကြောက်ရွံ့ရွံ့ တုန်တုန်ယင်ယင် နှင့် ပြောပါသည် ။ 

“ နု ကလည်း ကွယ် ... ကြောက်စရာ မဟုတ်ပါဘူး ၊ အစ်ကိုကြီး က ချစ်လို့ ဟာ နု သိရက်သားနဲ့ ဟဲ ... ဟဲ ”

“ အို .. အမေ့ ” 

ကူလီခေါင်း က ရုတ်တရက် ပွေ့ယူ လိုက်သဖြင့် နု လန့် အော် လိုက်သည် ။ ကူလီခေါင်း သည်
ကာမဘီလူး စီး ၍ နု အား အနီး ရှိ ခုတင် ပေါ် သို့ အလိုက်သင့် တင် လိုက်သည် ။

“ နု ကို သနားပါဦး အစ်ကိုကြီး ရယ် ၊ မလုပ်ပါ နဲ့ ၊ ဖယ် ပါ .. အို .. ကြည့်ပါဦး ”

“ အစ်ကိုကြီး က သနားလွန်းလို့ ပဲ နု ရဲ့ ၊ နု ဆင်းရဲနေ တာ မကြည့်ရက်လို့ပါ နော် ... ”

နု သည် ရှိသမျှ အားကုန် ကြိုးစား ရုန်းကန်သော် လည်း မရနိုင်ပေ ။ မိန်းမ နှင့် ယောက်ျား အင်အားချင်း မမျှ တ ၊ ကူလီခေါင်းကား သက်ညှာရမှန်း မသိ တတ် ။ ခွေး ကို မစင် မစားရန် သွန်သင်၍ မရသလို ကူလီခေါင်း လို လူယုတ်မာမျိုး ကို လည်း မဖောက်ပြန်အောင် ၊ တစ်ကိုယ်ကောင်း မကြံအောင် ပိတ်ပင် မရ ။ ကူလီခေါင်း လို လူယုတ်မာမျိုး က အခွင့်အရေး ရလျှင် ရသလောက် နည်းလမ်း ရှိလျှင် ရှိ သလောက် ဖောက်ပြန်သည် ။ ကိုယ်ကျိုး ရှာသည် ။

နု သည် ကျဆင်းလု နီးနီး မျက်ရည်စုများ ကို အစွမ်း ကုန် စိတ် တင်း၍ ထိန်းချုပ် ထားရသည် ။ နု လက် ထဲ ၌ ကူလီခေါင်း ပေး လိုက်သော ဘုရားနီ ငါးဆူ ပါလာသည် ။ ဒီ ငွေကလေး ရဖို့ မည်မျှ အနစ်နာ ခံခဲ့ရ သနည်း ။ ကူလီခေါင်း က နု ကို ငွေ ၅ဝိ ပေးသည် ။ ထို့ အတွက် နု က ကူလီခေါင်း ကို ပြန်၍ ကာမ ကို ပေးရသည် ။ ငွေ နှင့် ကာမ လဲ ယူ ရသည် ။ ဒီလိုဖြင့် နု ဟာ ဘာတန်ဖိုး ရှိ တော့ သနည်း ။ နု ကို မိန်းမ ကောင်းကလေး တစ်ယောက် ဟု ခေါ်နိုင်ပါမည်လား ။

လူဦးရေ ၁၆ သန်း လောက် သာ ရှိသော်လည်း မြန်မာပြည် သည် ကမ္ဘာ ပေါ် မှာ ဆန် အထွက်ဆုံး နှင့် ကျွန်းသစ် ဒုတိယ အပေါများဆုံး တိုင်းပြည် ဖြစ်သည် ။ ရေနံ နှင့် ကျောက်သံပတ္တမြား ၊ ရွှေငွေ အထွေထွေ အပြင် ပဲပြောင်း ၊ ဝါဂွမ်းတွေ လည်း အမြောက်အမြား ထွက် သေးသည် ။ သို့သော် နု နှင့် ဗမာလူထုကြီး မှာ ဆန် အပေါများဆုံး တိုင်းပြည် ပေါ် ၌ ထမင်း ငတ် ကာ ကမ္ဘာ တွင် ဒုတိယအကြီးမား ဆုံး ကျွန်းတောကြီး ကို ကြည့်ရင်း အိမ်မဲ့ ယာမဲ့ ဖြစ်နေ သည် ။ နု နှင့် မြန်မာလူထုကြီး အစာငတ် အဝတ်မဲ့ နေစရာ ထိုင်စရာ အိမ် မရှိခြင်း တို့ မှာ မြန်မာပြည် မြေကြီး က ထွက်ကုန် နည်းသောကြောင့် မဟုတ်ပေ ။ ထွက်ကုန် အမြောက်အမြား ကို အုပ်ချုပ်ပုံ ၊ ဖြန့်ဝေပုံ ၊ အသုံးပြုပုံ စနစ် မကျ ၊ မမျှတ ၍ သာ ဖြစ် ချေသည် ။ သည်လို စီးပွား ပျက်ကပ်ကြီး ဆိုက်ရောက်မှု ကြောင့် ပင် နု လို ကမ္ဘာ့သား ကောင်း မိခင်လောင်း အမျိုးသမီးတွေ ပျက်စီးရသည် ။

   •••••   •••••   •••••   •••••

“ နုရေ .. ဟေ့ နု ”  အသံ နှင့် အတူ ဖွားခင် နှင့် အေးသက် ဘွားခနဲ တဲဝ ၌ ရောက် လာသည် ။

“ ဟေ့ ... ဖွားခင် နဲ့ အေးသက် ပါလား ၊ လာလာ အထဲ ကို ”

နု က ဖိတ်ခေါ်ရင်း နေရာထိုင်ခင်း ပေး လေသည် ။

“ ညည်းတို့ ဘယ် က လှည့် လာကြသလဲ ဟင် ... ” 

နု က တစ်ယောက် စီ ကြည့်ရင်း မေးသည် ။

“ ညည်း ဆီ ကို လာ တာပဲ တော့ ။ အလုပ် မဆင်းတာ ကြာလို့ ဘာများ ဖြစ်နေတုန်းလို့ ။ လာမယ် လာမယ် နဲ့ မအားတာ နဲ့ ခုမှ လာဖြစ်တော့တယ် ” 

အေးသက် ပြောသမျှတွင် ဘာများ ဖြစ်နေတုန်းလို့ ”  ဟူသည် စကားနောက် ကို နု မကြားလိုက်တော့ပေ ။ ဖြစ်ရပုံတွေ စေ့ငုအောင် ပြောရလျှင် သေချင်အောင် အပူ ရပေမည် ။ ဖွားခင်တို့ အေး သက်တို့နှင့် ကွဲကွာရသည့် ရက်ပိုင်းကလေး မှာ သူတို့ အဖို့ ၊ လုပ်မြဲတိုင်း လုပ် ၊ သွားမြဲတိုင်း သွား ၊ နေမြဲတိုင်း နေ၍ ဘာမှ ထူးခြား ပြောင်းလဲခြင်း မရှိခဲ့ပေ ။

နု မှာ မူကား ကြား၍ မှ မယုံ နိုင်လောက်အောင် အဖြစ်ဆန်း ကြုံခဲ့သည် ။ ဇာတ်လမ်း ဆိုးကြီး ၌ အလွမ်းမင်းသမီး အဖြစ် ပါဝင်အသုံးတော် ခံ ခဲ့ရ သည် ။ နု က သူ့ လိပ်ပြာ သူ ရှက်သည် ။ ဖွားခင် တို့ အေး သက် တို့ လို ခြောက်ပြစ်စင်တွေ နှင့် သူ ၏ မသန့်ရှင်းမစင် ကြယ်သော အဖြစ် ကို ဖုံးဖိ သိုသိပ် ဟန်လုပ်၍ “ ခြောက်ပြစ် စင် ” လို မပေါင်းသင်း မဆက်ဆံ ချင်ပါ ။ မပေါင်းသင်း မဆက်ဆံ ချင်သည့် အခြေအနေ ရောက်အောင် ဖန်တီးပေး သည့် သူ့ ဘဝကြမ္မာ ကို စိတ် အနာကြီး နာသည် ။ ထို့ထက် တစ်မူကား ပို၍ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပါဘိသည် ။

“ အို ... နု ဘာပြုလို့ မျက်ရည် ကျရသလဲ ဟင် ... ကြည့်စမ်းပါဦး နေမကောင်းဘူး ထင်တယ် ၊ မျက်တွင်းတွေ ကျပြီးတော့ နည်းနည်းလည်း ချုံး သွားတယ် ”

နု သည် အိပ်ရာထက် ၌ မှေးစက်နေသော မိခင် ဖြစ်သူ ကို တစ်ချက် မျှ လှမ်း၍ ကြည့် လိုက်ပြီး စိတ်ချသော အမူအရာ ဖြင့် သူ့ ရောင်းရင်းဘက်တွေ ကို လှည့် ကာ ပြော သည် ။

“ ဖွားခင် နဲ့ အေးသက် လာ အိမ်နောက် ဘက် သွားရ အောင် ၊ ညည်းတို့ မသိသေးတဲ့ အကြောင်းတွေ ပြောပြ မယ် ”

ကြေကွဲသောအသံဖြင့် ခပ်မြန်မြန် ပြောသော ဇိုးဇိုး ဇတ်ဇတ် ထ သွားသည့် နု ကို ဖွားခင် နှင့် အေးသက် ယောင် ၍ ငေး ကာပင် ကြည့်နေ မိသည် ။ နောက်မှပင် သတိ ရ ကာ ကပျာကယာ ထ လိုက်ကြသည် ။ 

“ နု ... နု .. ညည်း ဘာဖြစ်သလဲ ဟင် နု ”

နု သည် လက်ဝါးနှစ်ဖက် ဖြင့် မျက်နှာ ကို အုပ်၍ တရှုံ့ရှုံ့ ငိုကြွေးရာ မှ မျက်ရည်လည်ရွဲ နှင့် မော် ကြည့်သည် ။

“ ညည်းတို့ ... ညည်းတို့ ငါ့ ကို အပေါင်းအသင်း မလုပ်ကြနဲ့တော့ ။ ငါ ဟာ အရင်တုန်းက လို ကောင်းတဲ့ နု မဟုတ်တော့ဘူး ။ အခု ငါ ဟာ ... ညည်းတို့ နဲ့ မတူ မတန်ဘူး ”

အေးသက် နှင့် ဖွားခင် မှာ နား ရှိ၍ပင် ကြား လိုက်ရ သော်လည်း လားလားမျှ မနှစ်မြို့ ၊ မယုံနိုင် ။

“ နု ... ဟေ့ကောင်မ ညည်း ရူးနေသလားဟင် ။ ဘာ တွေ လျှောက်ပြောနေတာတုန်း ၊ မပြောကောင်းတာတွေ ” 

ဖွားခင် နှင့် အေးသက် က ကရုဏာဒေါသော ဖြင့် နု ပခုံး ကို ကိုင်လှုပ်ရင်း အငမ်းမရ ပြော လိုက်သည် ။ သို့ပေမင့် နု ကား ငိုလျက် ။

“ ငါ မရူးဘူးနော် ။ ငါ မရူးဘူး ၊ ရူးလို့ ပြောနေတာ မဟုတ်ဘူး ။ ငါ့ အကြောင်း ကို ပြောပြမယ် ။ ညည်း တို့ သေ သေချာချာ နားထောင် ”

အေးသက် နှင့် ဖွားခင် တို့ မှာ မျက်ရည်ရစ်ဝဲ သဲသဲ တွဲ ကာ လှိုက်လှဲပူဆွေး ရင်မအေး သည့် အမူအရာ ပြောင်း ကြသည် ။ လှိုက်လှိုက်လှဲလှဲ ရှိုက် ၍ ခဲကာ နု ခမျာ မှာ ဇာတ် ကြောင်းကုန်စင် နတ်သံ နှော၍ ပြောရချေတော့သည် ။

“ အမေ ကလည်း သိပ် နေဆိုး နေတယ် ၊ ပိုက်ဆံ က လည်း ဆရာသမား ပင့်ပြီး ဆေးဝါး ကုသဖို့ ထားလို့ စားဖို့ သောက်ဖို့ တောင် မရှိဘူး ။ ဆေးဝါး မကုသရလို့ ငါ့ အမေ သေမှာ စိုးလို့  ၊ ငါ့ မောင်ကလေး ငတ် မှာ ပြတ်မှာ စိုးလို့ ငါ လေ ငါ ရေနံ အခိုး လိုက်သွားတယ် ။ လ ကလည်း သာ လိုက်တာ ထိန် လို့ပေါ့ ။ အပြန် မှာ ငါတို့ ကို ရေနံမြေပုလိပ် တွေ ဖမ်းမိ သွားတယ် ။ တခြား လူတွေ ကိုတော့ ရိုက်နှက်ပြီး ဂျပန်ရုံး ပို့ လိုက်တယ် ။ ငါ့ ကိုတော့ ၊ ငါ့ ကိုတော့ လေ ရုံး မပို့ ဘူး ၊ ပြောမရ တောင်းပန်မရ နဲ့ ငါ့ ဘဝ ကို အဆုံး ခံလိုက်ရ တယ် ။ သိပ် ရိုင်းစိုင်းတဲ့ လူတွေ ၊ သူတို့ ထင်တိုင်း ငါ့ ကို တစ်ညလုံး မယား လုပ် ကြတယ် ”

ဖွားခင် သည် နု ကို ဖက်၍ ချုံးချုံးချ ငိုသည် ။

အေးသက် ကား နေရီရီ တွင် တိမ်ပလီငွေရည်ဖွဲ့ ကို နေခြည်သွေ့ ကာ လဲ့လဲ့ပြာ နေသည့် ရှုခင်း ကို အားနည်းခြင်း မျက်လုံး အစုံဖြင့် ကြည့် နေသည် ။ ဒီလို ကြည့်ရာကပင် တသွင်သွင် မျက်ရည် ကျသည် ။ ဒီ မျက်ရည် ဟာ ဖြင့် ယူကျုံး မရ မျက်ရည် ။ ကြိတ်မနိုင် ခဲမရ အသည်း မှ ပူလောင်သည့် မျက်ရည် ။ ကံဆိုးမိုးမှောင် ဖြစ်ရလေခြင်း ဆိုသည့် မျက်ရည်ပေါ့ ။ ဖွားခင် တို့ အေးသက် တို့ အမြင် က နု ဟာ လှသည် ။ ထို့ကြောင့် ချစ်စရာ ကောင်းသည် ။ နု ဟာ သဘော ကောင်း သည် ။ ထို့ကြောင့် မြတ်နိုးစရာ ကောင်းသည် ။ နု ဟာ မိဘ ကျေးဇူး ဆပ်နေသည် ။ ထို့ကြောင့် ကြည်ညို လေးစားဖို့ ကောင်းသည် ။ နု ဟာ ဆင်းရဲသည် ။ ထို့ကြောင့် အထူးပဲ သနားဖို့ ကောင်းသည် ။ သူတို့ အဖို့ ခြောက်ပြစ်စင် နု ကို မှ ရက်ရက်စက်စက် ပြု ရက်ကြပါပေသည် ။ ရိုင်းရိုင်းပျပျ စော်ကား ရက်ကြပါပေသည် ။ 

“ နု ညည်း တကယ် ပြော တာလား ဟင် ။ တကယ် ပြော တာလား ။ ညည်း ပြောသလို မဟုတ်ရဘူး ၊ မဟုတ်ရ ဘူး ။ ညည်း ဒီလို ဖြစ်ခဲ့တယ် ဆိုတာ မဟုတ်ဘူးနော် နု ”

နု က သူတို့ ကို လီဆယ် ၍ မပြော ။ ဟုတ်သည့် အ တိုင်း ကို ပင် မလွှဲသာ လွန်း ၍ ပြော ရသည် ။ ဘယ့်နှယ် ပြော ချင်ပါ့မလဲ ။ တကယ်ဆိုတော့ အမှန်ကတော့ နု ဒီအတိုင်း ဖြစ်ခဲ့၍ ဒီလိုပဲ ပြောသည် ။ နု ပြောသည့်အတိုင်း လည်း မှန် ကန်ကြောင်း ကို အေးသက် နားလည်သည် ။ သို့ပေမဲ့ သူ့ စေတနာ က သူ ကြားသလို မဟုတ်စေချင် ။ နု ကို အလွန်ပဲ သနားသည် ။ ဒီ အဖြစ်ဆိုးကြီး ကို အိပ်မက် လိုပဲ ပျောက် ပျက် သွားစေချင်သည် ။

“ ဟုတ်တယ် ... အေးသက် ဟုတ်တယ် ဘယ်လိုမေ့ ပျောက်လို့ မှ မရအောင် ဟုတ်ခဲ့တယ် ။ ကုသိုလ် ဟာ တော်တော် ဆိုးတယ် ။ ငါ့ အချစ်ပန်း ကို ငါ ရည်မှန်းတဲ့ သူ မနမ်း ရ ခင် ၊ မယုယ နိုင် ခင် မှာ ငါ အလိုမတူ မကြည်ဖြုတဲ့ လူယုတ်မာတွေ ရဲ့ နမ်းရှုပ်ချေမှုန်း ဝတ်ရည် သုံး တာ ခံ ခဲ့ရ တယ် ”

ဟုတ်ပါသည် ။ နု အချစ်ပန်းကလေး ဟာ ဖြင့် မပွင့် လန်းသေးခင် မှာ ပင် ညှိုးနွမ်းကြေမွ မြေသို့ ခ ရပါပြီ ။ လရောင်ဝါ အပြည့်လျှမ်းသည့် တစ်ညချမ်း အခါတုန်း က ကျော်မောင် နှင့် အချစ်ပင် အတူ ပျိုးခဲ့ကြသည် ။ ထူးထူးကဲ ကဲ လှိုက်လှိုက်လှဲလှဲ ကြည်နူးသာယာခဲ့သည် ။ လူ့ဘဝ ခရီးစဉ် တွင် ယှဉ်တွဲရမည့် အဖော် ဆုံတွေ့ရပြီ ဖြစ်သဖြင့် သာယာချမ်းမြေ့ ၍ ပြန့်ပြူးသော ချစ်ခရီး ကို အတွေး ဖြင့် လျှောက် ခဲ့ သည် ။ တစ်ရံတစ်ဆစ်ကလေး မှ ဒီ အဖြစ်မျိုး နှင့် ဖြင့် တွေ့ရလိမ့်မည် မထင်ခဲ့ ။ 

“ နောက်တစ်ခါ ဒီလိုပဲ အမေ က လည်း မသက်သာ ၊ ပိုက်ဆံ ကလည်း မရှိမို့ ကူလီခေါင်း ဆီ သွားပြီး ငွေ ချေးရ တယ် ။ လူတွေဟာ တကယ် ဆိုတော့ စိတ် ကောင်း နှလုံး ကောင်း ရှိဖို့ ခဲယဉ်းလှပါကလား နော် ။ ငါ .. ငါ ကူလီခေါင်း ဆီ ငွေသွား ချေးတော့ ငွေ ရ ခဲ့ပေမဲ့ သူ ကလေ သူ က ငါ့ ကို ဒုတိယ အကြိမ် စော်ကား လိုက်တယ် ။ သားကျင့်မယား ကျင့် လုပ်လိုက်တယ် ။ ခုတော့လေ ငါ့ ဘဝ ဟာ ဆုံးပြီ ။ ဘယ်လို ပြုပြင်လို့မှ မရတော့ဘူး ။ ဒါကြောင့် မကောင်းတဲ့ လောကကြီး ထဲ က မကောင်းတဲ့ လူတွေ အလယ် မှာ ငါ ဟာ မကောင်းတာပဲ လုပ်တော့မယ် လို့ ဆုံးဖြတ် လိုက်တယ် ။ လူကောင်း သူကောင်းတွေ မှာ အသက် ထက် အရေးကြီးတဲ့ ကိုယ်ကျင့် တရားတွေ ၊ အချစ်စစ် အချစ်မှန်တွေ ၊ ဂုဏ်မာန တွေ ကို ငါ ဂရု မစိုက်တော့ဘူး ၊ ပျက်စီးချင် တိုင်း ပျက်စီး ၊ ဖောက်ပြန်ချင် တိုင်း ဖောက်ပြန်ပစေ ၊ ငါ အနေ ချောင် ရင် တော်ပြီ ၊ အသက်သာ ခိုရရင် တော်ပြီ ဆိုပြီးတော့ ငါ လေ ငါ ... အခု ကူလီခေါင်း ရဲ့ မယားငယ် လုပ်နေ လိုက်တယ် ”

“ အမယ်လေး ... နု .. နု ညည်း ရက်စက်လှချည့်လား ဟင် ။ သလောက်တောင် ကိုယ့် ကိုယ် ကို ပစ်စလက်ခတ် လုပ်ရက်တယ် ဟင် ။ ကြည့်စမ်းပါဦး ကူလီခေါင်း အကြောင်း ကို ညည်း လည်း အသိသား ဖြစ်ရလေ နု ရယ် ဟင်း  ”

အေးသက် နှင့် ဖွားခင် မှာ မကျေချမ်းနိုင် ၊ မကျေချမ်း နိုင်၍လည်း ဘယ်လိုမှ မတတ်နိုင် သူတို့ တတ်နိုင်သည် ကား သူတို့ ရင်တွင်း က မီးတောက် မီးလျှံကြီး ကို မျက်ရည် အဖြစ် နှင့် အပြင်သို့ ထုတ်ခြင်း ပင် ဖြစ်သည် ။

“ ငါ့ ကိုယ် ငါ ဘယ်လို ရက်စက်ချင်ပါ့မလဲ အေးသက် ရယ် ။ ဒါပေမဲ့ သည်လို မဖြစ်ဖြစ်အောင် ငါ့ ဘဝ က ဖြစ်လာ တော့ ဘယ့်နှယ် တတ်နိုင်ပါ့မလဲ ။ ငါ နေချင်သလို မဖြစ် တော့ ဖြစ်သလိုပဲ ငါ နေရတာပေါ့ ”

နေ သည် မျက်လုံးနီကြီးဖြင့် ရိုးမတောင်ပေါ်က ထိုင် ၍ နု တို့ ကို ကြည့်နေသည် ။

မြေကြီး သည် ညိုမောင်းသော ကမ္ဗလာ ကို ခြုံလျက် မလှုပ်မယှက် တည် နေသည် ။

ရွက်ဝါ သည် အချိန်ကုန်လင့် ရော်ရင့်ပြီ ဖြစ်သဖြင့် ရိုးတံ မှ ခုန်ကာပျံကာ မြေကမ္ဗလာ သို့ မြန်းနေသည် ။

နွေဦး ၏ လေရူး သည် ခါနွေရက် ကို ဆောက်တည်ရာ မရအောင် ကျီစား နေပါသည် ။ ဆော့၍ နော့၍ လှောင် နေပါသည် ။

နု တို့ မှာ ရိုးမတောင် ပေါ် က နေလုံးကြီး လို ပဲ ငိုရလွန်း ၍ မျက်လုံး နီနေပါသည် ။ မြေကမ္ဗလာကြီး ညိုမောင်း သလို သူတို့ စိတ်တွေကလည်း ပျော်ရွှင်ခြင်းကင်းကွာ ညစ်ညူး ညှိုးနွမ်း ကာ နွေရွက်ကလေး ကဲ့သို့ လည်း မျှော်လင့်ချက် ကင်း အောက်သက်ဆင်းရပါပြီ ။ 

( နွေဦး ၌ တိုက်ခတ်သော လေရူး သည် ခါနွေရွက် ကို ဆောက်တည်ရာ မရ ဖြစ်စေသလို နု ခံစားခဲ့ရသော ဝေဒနာ ဆိုး လေမုန်တိုင်းကြီး ကလည်း နု တို့ ကို သွက်သွက်ခါ ချောက်ချား အောင် သရမ်းခဲ့သည် မဟုတ်ပါလော )

“ တို့ လူ ဖြစ် လာရတာ ဟာ သက်သက် ဝဋ် ခံဖို့ ဖြစ် လာရတာပဲ ။ ဒီလို ဒုက္ခတွေ နဲ့ တွေ့ရမှာ အတူတူ ဆိုရင် လူ မဖြစ်တာ က ပဲ သက်သာ ဦးမယ် ။ ခုတော့ ငါ တို့ မှာ အလုပ် လုပ် ရတာလဲ သေလုမြောပါး ပဲ ။ ဒါပေမဲ့ စားစရာ မရှိဘူး ၊ ဝတ်စရာ မရှိဘူး ၊ နေထိုင် မကောင်း ဖြစ်လို့ဘမှ ဆေးဝါး မကုနိုင် ဘူး ။ နောက်ပြီး လူတကာ ရဲ့ စော်ကားမော်ကား လုပ်ချင် တိုင်း လုပ်တာ ကို လည်း အရုပ် လိုပဲ နေ ရတယ် ။ ငါတို့ ရဲ့ဘဝ ဟာ ဘာလို့ ဒီလောက် တောင် အောက်ကျ နောက်ကျ ဖြစ် နေရသလဲ ဟင် ၊ ဒါလောက် ဆိုးဝါးတဲ့ ဘဝ ကရော ဘယ်တော့များ မှ လွတ်မြောက် မှာ လဲ ။ လွတ်ရော လွတ်မြောက် ဦးမှာတဲ့ လား ”

နု အရူး လို တတွတ်တွတ် ပြောလိုက်သော စကားလုံးတွေ မှာ ဖွားခင် နှင့် အေးသက် နားတွင်း သို့ သံရည်ပူတွေ လောင်းထည့် သလို ဝင်ရောက် သွားသည် ။ အပူဇာတ်ကြီး ကို သိုလှောင် ထားခဲ့ရသူ နု မှာ ဖွင့် ထုတ် လိုက်ရ သဖြင့် ပေါ့သွား သယောင်ယောင် ဖြစ် သော်လည်း အေးသက် နှင့် ဖွားခင် မှာမူ သည် အပူကြောင့်  ... 

“ ဖြေသော်ပြေပဲ ကျမျက်ရည် စိုလို့ ရွှဲပေါ့ ... ”

   •••••   •••••   •••••   •••••
  
ကူလီခေါင်း ထံ အသုံးတော် ခံရန် နု လာခဲ့သည် ။ ဤသို့ လာခဲ့ရသည် မှာ တစ်ခါ လည်း မဟုတ် ၊ နှစ်ခါ လည်း မဟုတ် ၊ သုံးခါ လေးခါ လည်း မက နု အဖို့ ရိုးပြီ ၊ အဆန်း မဟုတ်တော့ ။

နု က ကျော်မောင့် ကို သတိ ရသည် ။ ယောက်ျား ပီပီ တည်ကြည် ရင့်ကျက်သော ကျော်မောင့် မျက်နှာ ကို မြင်ယောင် သေးသည် ။ ယခု သူ သွား နေသည်မှာ ကူလီခေါင်း ဆီ သို့ မဟုတ်မူဘဲ ကျော်မောင် ဆီ သို့သာ ဆိုလျှင် ဘယ် လောက် ပျော်စရာ ကောင်း လိုက်မလဲ ။ ကြည်နူး ချမ်းမြေ့စရာ ကောင်း လိုက်မလဲပဲ ။ မမေ့နိုင် ... ချစ်ပါသေးသည် ။ ကျော် မောင့် ကို ဖြင့် ကမ္ဘာမြေ ပေါ် မှာ အသက် နဲ့ ကိုယ် ဒွန်တွဲ နေ သမျှ ချစ် မှာပါပဲ ။ သို့ပေမဲ့ ဒီ တစ်သက် မှာဖြင့် မျှော်လင့်ချက် ကတော့ ဝေးပြီ ။

အပြင်ခန်း ၌ ကူလီခေါင်း နှင့် သူ့ မာစတာ ရှိမုရဆန်း ပုလင်း ထောင် နေသည် ( ဝါ ) ဆာကေး မြည်း နေသည် ကို နု မြင်ရသည် ။ နု ၏ ခြေလှမ်း သည် တံခါးဝ မှာ ပင် ရပ်တန့် သွားသည် ။

“ ဟဲ .. ဟဲ ... နု အခန်း ထဲ သွားနေ ၊ အခန်း ထဲ သွားနေ အစ်ကိုကြီး လာခဲ့မယ် ”

ကူလီခေါင်း က နာပျော်ဖွယ် အတိ ပြီးသော အရက် သံကြီး ဖြင့် ပြောသည် ။

နု သည် အခန်း တွင်း ခုတင် ပေါ် ၌ တင်ပုလွှဲ ထိုင် ရင်း သူ့ ဘဝ ကို သုံးသပ်နေသည် ။ 

နု တစ်သက်လျာ မှာ ဖြင့် လူမှန်းသူမှန်း သိတတ်သော အရွယ် က စ၍ တစ်ခါမှ ရွှင်လန်းအေးချမ်းမှု မရှိခဲ့သေးပါ ။ ဒုက္ခတွေ သာ ပတ်လည် ဝိုင်း နေခဲ့သည် ။ မိုးကြိုးပစ် လွတ် ရုံ တစ်ခုတော့ ရှိပါရဲ့ ။ သည် တစ်ခုတည်း သော ရွှင်လန်းမှု ဟာဖြင့် ကျော်မောင် နှင့် အချစ်ပင် ပျိုး ၍ ချစ်ပန်း နှစ်ခိုင် ကြိုင်ကြိုင်ကျွမ်း ခဲ့သည့် ည ပါပဲ ။ ခု ဆိုရင်တော့ ချစ်မြတ်နိုးသူ နှင့် ကွေကွင်း ရသော ဒုက္ခတွေ ၊ မစုံမက် မနှစ်သက်သူ နှင့် ပေါင်းသင်းရသည့် ဒုက္ခတွေ အမျိုးမျိုး အဖုံဖုံ စုံ နေပါတော့သည် ။

သည် တစ်သက်လျာ အဖို့ နု မှာ ဘာမျှ မျှော်လင့်ချက် မရှိ ။ အနှစ်သာရ ပြည့်ဝသည့် အချစ်စစ် အချစ်မှန် မရှိ ။ သည်လို ဆိုရင် လူသေ နှင့် ဘာ ခြားနားတော့ မလဲ ဟုတ်ပါ သည် ။ နု က လည်း သူ့ ကိုယ် သူ သေပြီး လို့ ပဲ ထင်ပါသည် ။

အခန်း တွင်း သို့ ဝင်လာသော ခြေသံ ကြောင့် နု လှည့် ကြည့် သောအခါ သူ ထင် သော ကူလီခေါင်း မဟုတ် ။ မာစတာ ဖြစ်နေသည် ။ နု ခုတင်စွန်း က ဖျတ်ခနဲ ထ လိုက် သည် ကို မာစတာ က သဘောကျစွာ ရယ် သည် ။

“ ဟဲ ဟဲ မာစတာ တစ်ခုဆန်းချင်တယ် ... မနု ကောင်းတယ် ”  

မာစတာ ပါးစပ် က မကောင်းသော စကားလုံးတွေ နှင့် အတူ အရက်နံ့ တထောင်းထောင်း ပါ ပါ လာသည် ။

ကူလီခေါင်း ကား ဘုရားဖြစ်မည့် အုတ်နီခဲ နှင့် တူ သည် ။ စေတနာအနန္တ နှင့် အစွန့်ကြီး စွန့်ရက်သည် ။ အမှန် ကတော့ သည်လို လူမျိုး မှာ ( အချစ် ) မရှိ ။ ( ရာဂစိတ် ပြေငြိမ်း မှု အာရုံ ) သာ ရှိသည် ။ နု ကို ရအောင် သူ ကြိုးစားခဲ့ပေမဲ့ အခု အထိ သူ ဖြင့် နု ကို မချစ် ၊ ရာဂအဟုန် နှင့် ကာမဘုံ သာ ကစ် ခဲ့သည် ။ ခုတော့ သူ့ အလို ပြည့်ဝ ပြီးပြီ ။ ပျားပိတုန်း လို သူ အားရအောင် ထင်တိုင်း ကျင့် ပြီး ပြီ ။ ဝတ်ရည်စုပ်သုံးပြီး ပြီ ။ ထို့ကြောင့် သူ့ မာစတာ အား မျက်နှာလို မျက်နှာရ ခြေ တော် တင်ရန် ဆက်သ လိုက်သည် ။

မာစတာ ပြု သမျှ နု က နု ၍ နေသည် ။ ပြင်းပြင်းထန် ထန် မငြင်းဆန် ၊ အရင်တုန်း က လို လည်း မငို ။ သည်အဖြစ် မျိုးတွေ ဟာ ဖြင့် နု အဖို့ ရိုး လောက်ပါပြီ ။ သည်လို အကြောင်း တွေ ကြောင့် ငိုခဲ့ရသည့် အကြိမ်ပေါင်း များ လှပါပြီ ။ ခုဖြင့် ငိုဖို့ တောင် မျက်ရည်တွေ ခန်းခြောက် ကုန်ပြီ ထင်ပါရဲ့ ။

“ အမလေး .. မဝတ်ရချင် မလှချင် နေပါစေတော် ဂျပန် ဖြင့် မယူပါရစေနဲ့ ”

တစ်ခါတုန်း က သာယာသော ညနေခင်း အလုပ် ပြန်ချိန် မှာ အေးသက် နှင့် ဖွားခင် ကို နု က သည်လိုပဲ ပြောခဲ့ဖူးသည် ။ ဟုတ်ပါသည် ။ နု စိတ် ကတော့ သည်လိုပါ ပဲ ။ ဂျပန် ကို ဖြင့် တကယ် မယူချင်ပါဘူး ။ သို့ပေမဲ့ ပတ်ဝန်းကျင် အခြေအနေ ဖန်တီးမှု က နု ကို အမှောင်ထု အတွင်း တွန်းချခြင်း ဖြစ်ပါသည် ။ 

ခြောက်ပြစ်စင် လှခဲ့သူ နု ၊ ကိုယ်ကျင့်တရား ကောင်းခဲ့သူ နု ၊ အမျိုးဂုဏ် စောင့်သိခဲ့သူ နု ၊ ကျော်မောင် ကို အသည်းစွဲ ချစ်ခဲ့သည့် နု ၊ အရင်ကတော့ နု ဟာ သည်လို ပါပဲ ။ သို့ပေမဲ့ အခုတော့ဖြင့် မသန့်ရှင်း မစင်ကြယ်သည့် နု ၊ ကိုယ်ကျင့်တရား ပျက်စီး ဖောက်ပြန် နေသည့် နု ၊ အမျိုးဂုဏ် ဖျက်သည့် နု ၊ ကျော်မောင် ကို စိမ်းကားသည့် နု ၊ ရှိမုရဆန်း မယား ၊ သို့မဟုတ် ဂျပန်ကတော် နု ။

“ နု ကား အမှောင်ထု အတွင်း ၌ သေ လေပြီ ”

◾ဌေးမောင်

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် - ၁၂
      ၁၉၄၈ ၊ မေ

#ကိုအောင်နိုင်ဦး

.

Friday, March 31, 2023

နု ( ၆ )


 

ရေနံမြေ သည် မိုးတွင်း ယာကွင်း နှင့် တူသည် ။ ယာ ကွင်း ၌ မိုးတွင်း မှာ မှိုတွေ အရမ်းမဲ့ ပေါက်ရောက် နေသလို ရေနံမြေ မှာ လည်း ရေနံတွင်း တွေ အစီအရီ သည် တစ်တွင်း ၊ ဟို တစ်စု ဣန္ဒြေရရ တည်ငြိမ်စွာ ရပ်လျက် ရှိကြသည် ။ လွတ်လပ်ခြင်း နေအရုဏ် ကို ရှေးရှုသည့် မိုးသောက်ယံ ကြယ်နီကြီး ထွက်ပေါ်ပြီး ကမ္ဘာ ကို အားသစ် လောင်း နေ သည့် နံနက်ခင်းလေညှင်း သည် လည်း သင်းလိုက် ပြင်းလိုက်နှင့် အဆက် မပြတ် ။ နု ၏ ဆံပင် ... အင်္ကျီအဖျား နှင့် လုံချည် အနား သည် လေ သင့်ရာ ဘက် သို့ တလွင့်လွင့် လိုက် နေကြသည် ။ ပူနွေးသည့် မျက်ရည်စု တို့ သည် နု ၏ မျက်လုံး အစုံ မှ ဒလဟော ကျဆင်း နေကြသည် ။ သည် ကမ္ဘာမြေပြင် မှာ နု အချစ်ကြင်ဆုံး ကိုကျော်မောင် ။ ချစ်စရာ နောင် တစ်နေ့ မှာ ဖြင့် ပျော်မွေ့အောင် ကိုကျော်မောင် နှင့် ဖွဲ့ နှောင်ကာ မေတ္တာ ဆက်မည် ဟု နု အားခဲ ထားခဲ့သည် ။ သို့ ပေမဲ့ အချစ်ဘုံဆောင် ဘုံနန်းဆီ သို့ ရည်မှန်းကာ ကူးစဉ် တွင်းမှာ ပင် လေပြင်းမုန်တိုင်း ကြုံလာ ဖျက်သည် မို့ ခက်မှု ပွေ၍ ပူဗျာ ဝေတော့သည် ။ နု သည် ကျော်မောင့် အချစ် ကို ဆက်ခံ မယူလိုတော့ ။ ချစ်လျက် နှင့် ခွာတော့မည် ဟု ကြိုး ကြိုးစားစား ဆုံးဖြတ် ထားလိုက်ပြီးပြီ ။ လူရမ်းကား တစ်စု က သူ့ ကို ပြုချင်တိုင်း ပြုပြီးပြီ ။ သူ့ ကိုယ် မှာ မသန့်ရှင်း မစင်ကြယ်တော့ ကျော်မောင် လို လူကောင်း တစ်ယောက် ကို လှည့်စား၍ မချစ်ရက် ။ 

နု သည် ရေနံတွင်း အောက် သို့ ငုံ့ ကြည့်သည် ။ သို့ သော် မှုန်မပြေ အလင်းရောင် သည် မြင့်မားလှသည့် ရေနံ တွင်း အောက် အထိ ကို မြင်အောင် မစွမ်းဆောင်နိုင်ပါ ။ အမှောင်ထု မျက်နှာပြင် ကသာ နု ကို ဆီး၍ မျက်နှာချင်း ဆိုင် သည် ။ မမြင်ရသောကြောင့် တော်တော့သည် ။ မြင်သာ မြင်ရလျှင် နက်ဝှမ်းသည့် ချောက်ကမ္ဘား အတွင်း မှ ကျောက်တုံးကျောက်ခဲ ၊ သံတုံးသံခဲတွေ ကို အသည်းအူတုံလောက် အောင် တွေ့ ရပေမည် ။ နု သည် ဘုရားရှင် ကို မှန်း ၍ ဝတ်ပြု သည် ။

ဘဝသံသရာ ဖြစ်လေရာ တွင် သည်အဖြစ် ဆိုး နှင့် ကင်းလွတ်ပါစေသား ၊ လှိုက်လှဲသော ဆုတောင်းသံ အဆုံး ၌ နု သည် သူ့ ကိုယ် သူ လေထုအတွင်း သို့ ပစ်ချလိုက်မည် အပြု “ နု .. နု သမီး မရှိရင် အမေ နေဖြစ် မလား ဟင် .. အမေ နဲ့ နု မောင် ကို သေအောင် သတ်ပြီး မှ နု သည်လို လုပ်ချင် လုပ်ပါတော့ ” နွမ်းနယ်ဖျော့တော့ အားအင် ရော့လှစွာ ဖြင့် နု အမေ သဏ္ဌာန် သည် နု ၏ စိတ်အာရုံ ဝယ် ထင်မြင် လာ ကာ ကြေကွဲစရာ ပြောရှာ သယောင်ယောင် ..

နု သည် လေထု အတွင်း မှ တစ်ဆင့် သေမင်းခံတွင်းဝ သို့ ကျရောက် မသွားတော့ နု က သေ ရမှာ ဖြင့် နည်းနည်း မှ မကြောက် မိ ။ သည် ဒဏ်ရာဆိုးကြီး နှင့် အသက် ရှင် နေရခြင်း ထက် သေမင်းလက်တွင်း ဆင်းရသည် က ကောင်းသေး သည် ဟု ယုံကြည်ထားသည် ။ ဒါပေမဲ့ အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်စွာ အိပ်ရာ ထက် မှာ လဲ နေသည့် ရောဂါ သည် မိခင် ၊ ပုလုကွေးလေး လူရေးလူစ ဘာတစ်ခု မှ မသိ ရှာသေးသည့် အကလေး မောင်ငယ် အသွယ်သွယ်သော သံယောဇဉ်ကြိုးတွေ က အမျှင်မပြတ် မလှုပ်သာအောင် တုပ်နှောင် ထားသည် ။ မြင့်မြင့်မားမား သည် ရေနံတွင်း ထိပ် ဖျား မှ နုသည် တရွေ့ရွေ့ သက်ဆင်း လာသည် ။ ရေနံတွင်း ထိပ်ဖျား ကို ယောက်ျား တိုင်း တောင် မှ မတက် ဝံ့ကြ ။ သို့ ပေမဲ့ နု မှာတော့ စိတ်အား အလျောက် ထိပ်ဖျား ပင် ရောက်ခဲ့ သည် ။ တစ်ကိုယ်စာ သံလှေကားကလေး တိတိကျကျ ကြီး မတ်စောက်စွာ တပ်ဆင် ထားရာ ကြောက်စရာ
ကောင်းလွန်း သော်လည်း အဆုံး ဘဝ က နု က လားလားမျှ မဖြုံ ။

လေပြေအတွင်း မှ ခပ်ပြင်းပြင်း ကြိုင်နေသော ရေနံ အနံ့ သည် နု ၏ နှာခေါင်းတွင်း သို့ ကျွမ်းပစ်၍ သက်ဆင်း သွားသည် ။

   •••••   •••••   •••••   •••••

“ ကိုကျော်မောင် ” 

လှိုက်လှဲစွာ ခေါ် လိုက်သော နု အသံ ကြောင့် ကျော်မောင် သည် ရုတ်တရက် လှည့်ကြည့် လိုက်ရာ မျက်ရည်လည်ရွဲ နှင့် နု ကို တဲဝ ၌ ရပ်လျက် တွေ့ ရသည် ။

“ အို ... နု  ... လာလေ  ... ဘယ့်နှယ် မျက်နှာ မကောင်းပါလား ။ ဘာဖြစ်လာတုန်း .. ဟင်း ... ”

ကျော်မောင် သည် ပျာပျာသလဲ ပြောရင်း နု ၏ မလှုပ် တလှုပ် အမူအရာ ကို အားမလို အားမရ ဖြစ်လျက် ယုယစွာ လက်မောင်း ကို ဆွဲကိုင် ခေါ်ငင် ၍ ကွပ်ပျစ်ပေါ် တွင် ထိုင် စေ သည် ။

“ နု ဘာဖြစ်လာတုန်း ဟင် ပြောစမ်းပါဦး ”

ကျော်မောင် အမေး မှာ နု ကို ငိုချင်ရက် လက်တို့ ဆို သလို ဖြစ်စေသည် ။ နု သည် ချုပ်တည်း ထားရသမျှ အဆွေး နာ ကို အစွမ်းကုန် ဖွင့်ထုတ် လိုက်သည် ။ ကျော်မောင့် ပေါင် ပေါ်သို့ မျက်နှာ မှောက် ကာ လှိုက်လှိုက်လှဲလှဲ ငိုကြွေးတော့ သည် ။

“ အို .. နု ဘာဖြစ်တာလဲ နု ရဲ့ ။ ဘာလို့ ငိုရတာ လဲဟင် ... အဒေါ် ... အဒေါ် ”

ကျော်မောင် စိတ် ထဲ မှာ နု အမေ ဆုံးသောကြောင့် ဟု ထင်သည် ။ သို့သော် မမေးရက်သဖြင့် စကား ထစ် နေလေ သည် ။

“ မဟုတ်ဘူး ကိုကျော်မောင် ၊ မဟုတ်ဘူး နု အမေ သေ တာ မဟုတ်ဘူး ၊ နု သေ တာ ၊ နု ရေတိမ် မှာ နစ်တာ ”

နု သည် ခေါင်း မဖော်ဘဲ ပြင်းထန်စွာ ငိုရှိုက်ရင်း က ပင် ပြောသည် ။

အချိန်မှာ နံနက်ခင်း ၈ နာရီ လောက် ဖြစ်သည် ။ ကျော်မောင့် အမေ နှင့် ညီကလေး ဈေးဝယ် သွားနေ၍ ကျော်မောင် တစ်ယောက် တည်း ရှိစဉ် ဖြစ်သည် ။ 

“ နု ဘယ့်နှယ် စကားတွေ ပြော နေတာလဲ ။ ကျုပ် နား မလည်ပါလား ။ ရှင်းရှင်း ပြော လိုက်စမ်းပါ နု ရယ် ။ ကျုပ် စိတ် ထဲ မှာ အနေရ ခက်လွန်းလို့ ” 

ကျော်မောင် သည် နု ၏ ပခုံး နှစ်ဖက် ကို မ ၍ ထိုင် စေကာ မေး မြန်းသည် ။ ကျော်မောင် မှာ အတော် စိတ်ဒုက္ခ ရောက်လျက် ထူပူ နေသည် ။ အသက်လောက် ချစ်သူ ၏ သည် အဖြစ်မျိုး ကို သည်လိုပဲ တွေ့ ရလျှင် ကျော်မောင် အတိုင်း ပဲ မည်သူ မဆို ဖြစ်လိမ့် မည် ။

“ ကိုကျော်မောင် နု ကို ချစ်တယ်နော် ”

“ မေး မှ မေးရက်ပလေတယ် နု ရယ် ၊ ကျုပ် နု အပေါ် မှာ ဘယ်လောက်တောင် ချစ်တယ် ဆိုတာ နု အသိသားနဲ့များ ၊ ကျုပ် တော့ အံ့သြ မဆုံးဘူး ” 

ကျော်မောင် သည် တအံ့တ ဩပြောသည် ။ နုကား တလှိုက်လှိုက်နှင့် ရှိုက်နေသည် ။

“ ကိုကျော်မောင် နု ကို မချစ်နဲ့ တော့ ။ မုန်းလိုက် ၊ မုန်း လိုက် ... နု ဟာ အရင် က လို ချစ်ဖို့ မကောင်းတော့ဘူး ” 

စိတ် ဖောက်ပြန်နေသူ လို ချောက်ချားတုန်လှုပ်စွာ ပြောပြီးသည့် အဆုံး ၌ နု သည် ကျော်မောင့် ရင်ခွင် တွင် မျက်နှာ အပ်၍ အတင်း ငို တော့သည် ။ ကျော်မောင် ကား ကြား လိုက်သည် ကိုပင် မယုံနိုင် ။ နု က သူ့ ကို နှစ်နှစ်ကာကာ ချစ်ခဲ့သည် ကို အသိ ။ မည်သည့် နည်းနှင့်မျှ နု က မုန်းလိမ့်မည် မယူဆခဲ့ ။ သို့ပေမဲ့ ယခု နု စကား မှာ ထူးဆန်းလွန်းသည် ။ ထူးဆန်းရုံ မျှ မက ကျော်မောင် အဖို့ ၂၄ လက်မ အမြောက်ကြီး နှင့် အပစ် ခံရသလိုလည်း ဖြစ်သည် ။

“ ဘယ်လို ပြောတာလဲ နု ရယ် ။ ကျုပ် ကို ရူးအောင် လုပ် နေတာလား ။ ကျုပ် ဟာ နု ကို ဘယ်တော့မှ မမုန်းဘူး ။ နောင် ဘဝ ထိ အောင် မမုန်းဘူး ၊ ကျုပ် အချစ် ကို နု က နှယ်နှယ်ရရ ပေါ့ပေါ့ဆဆ ထင် နေသလား ဟုတ်လား ။ ကျုပ် နု ကို ချစ်တဲ့ အချစ် ဟာ ပေါ့ပေါ့ဆဆ မဟုတ်ဘူး ၊ ဟောသ လို တကယ့် အချစ် ဧရာမ အချစ် ”

ကျော်မောင် သည် ပြောပြောဆိုဆို နု ၏ ကျော့ကျော့ ရှင်းသော ခန္ဓာကိုယ်ကလေး ကို တအား ဖျစ်ညှစ် ပိုက်ထွေး ကာ မျက်နှာ တစ်ပြင်လုံးကို အတင်း နမ်းလေသည် ။ နု မှာ ကျော်မောင့် ရင်ခွင် အတွင်း ဝယ် မျက်နှာကလေး မော့မော့ နှင့် ကော့ရော့ ဖြစ်နေသည် ။

“ လွှတ် လွှတ် ကိုကျော်မောင် လွှတ် အို ပြောမရဘူး လား လွှတ်ပါဆို ။ ကဲ ဒါလောက်တောင် ပြောမရရင် ”

နု စကား အဆုံးမှာ ဖြန်းခနဲ အတော်ကလေး ပြင်းထန်သည့် အသံ ထွက်ပေါ် လာသည် ။ ကျော်မောင် သည် နု ကို ဖြည်း ညင်းစွာ လွှတ်၍ သူ့ ဘယ်ဘက် ပါး ကို ညာ လက် နှင့် ပွတ် သပ်ရင်း ဝမ်းနည်းသော အသွင်ဖြင့် နု အား ကြည့်နေသည် ။ နု က တအား ရိုက်ပေမဲ့ သည်လောက်တောင် မနာပါ ။ သို့ပေမဲ့ နု ၏ ပြုမူပုံ ရက်စက်လွန်း သဖြင့်သာ သူ့ ပါး သူ ပွတ် သပ်မိခြင်း ဖြစ်သည် ။ 

“ နု ရယ် ကိုယ့် ချစ်သူ တစ်ယောက် ရဲ့ ဒီလောက်ကလေး အပြုအမူတောင် မှ သည်းမခံ နိုင်ဘူးလား ကွယ် ”

ကျော်မောင် အသံ မှာ အတော် ကို စိတ်ထိခိုက်ရာမှ ပေါ် ထွက်လာသည့် အသံ ဖြစ် လေသည် ။

“ အို ကိုကျော်မောင် နု မှားပြီ ၊ မှားပြီ ။ နု စိတ်တွေ ဖောက်ပြန်ပြီး ဖြစ်ချင်ရာ ဖြစ်ကုန်ပြီ ။ နု ကို စိတ် မဆိုးပါနဲ့ နော် ကိုကျော်မောင် ၊ နု သေ မှ အေး မှာပါ ။ နု ကို သေအောင် သတ် လိုက်စမ်းပါ ။ ကိုကျော်မောင် ရယ် ”

နု သည် မျက်နှာ ကို လက်နှစ်ဖက်ဖြင့် အုပ်၍ တရှုံ့ရှုံ့ ငိုကြွေးသည် ။ ထို့ကြောင့် သူမ ၏ နူးညံ့ ပြည့်ဖြိုးသော ပခုံးကလေး နှစ်ခု မှာ နိမ့်တုံမြင့်တုံ လှုပ်ရှားနေသည် ။ ပခုံးကလေး နှစ်ခု ကို ကျော် မောင် က ညင်သာစွာ ဖက်ကိုင်ရင်း နု ကို ရင်ခွင် ထဲ သို့ ဆွဲ သွင်းလိုက်သည် ။

“ ဘာဖြစ်တာလဲ နု ရယ် ၊ စိတ် မကောင်းအောင် မလုပ်ပါနဲ့ ။ တိတ်စမ်းပါ အလကား ငို နေတယ် ”

ကျော်မောင် သည် နု ကို ကလေး ချော့ သလို ချော့ ရင်း ပါးချင်း အပ်ထားသည် ။ ခဏမျှ မိန်းမော နေပြီးနောက် နု သည် ကျော်မောင့် ရင်ခွင် အတွင်း မှ ဖြည်းညှင်းစွာ ရုန်း ထွက်လေသည် ။ 

“ နု ကို မချစ်နဲ့ တော့ ကိုကျော်မောင် ရယ် ”

နု အသံ မှာ အားနည်းလှသည် ။

“ ဘာလို့ မချစ်ရမှာလဲ နုရဲ့ ။ ချစ်မယ် ဒါထက်တောင် ပိုချစ်ဦးမယ် ”

ကျော်မောင်သည် အားမလို အားမရသံကြီး ဖြင့် ပြော လေသည် ။

“ မဟုတ်ဘူး ကိုကျော်မောင် ၊ နု အကြောင်း ကို ကိုကျော်မောင် မသိလို့ သိပ် ချစ်နေတာ ။ သိရင် နည်းနည်း ကလေး မှ ချစ်စရာ ကောင်းမှာ မဟုတ်ဘူး ဆိုတာ ကိုကျော်မောင် သိမယ် ။ နု လေ ... နု  ... နု ဟာ အရင် နဲ့ မတူတော့ဘူး ။ ည က .. ည က ”

နု သည် အလွန် ကြေကွဲစရာ ကောင်းသော “ တစ်ညတွင် ” ဇာတ်လမ်း ကို မချိတရိ နှင့် စိတ်ဝေဒနာ အမျိုးမျိုး ခံစားရင်း ပြောပြ ရှာသည် ။

“ ဟင်း ... ခွေးမျိုးတွေ ၊ ခွေးလိုကောင်တွေ ၊ ကိုယ့် အမျိုးသမီးကလေး တစ်ယောက် ရယ် လို့ စောင့်ရှောက်မယ် ၊ ကူညီမယ် မရှိဘူး ၊ သူတို့ ကိုယ်တိုင် က စော်ကား ကြတယ် ။ ဖျက်ဆီးကြတယ် ”

နု စကား အဆုံး တွင် ကျော်မောင် ၏ ဒေါသအိုး ပေါက် ကွဲကာ ပြောလိုက်သည့် စကား ဖြစ်သည် ။ ကျော်မောင် သည် ခက်တရော်သော မျက်နှာ ဖြင့် အံကြိတ် လျက် သောင်းကျန်း ဆူပူနေသည့် ဒေါသမှိုင်း အတွင်းဝယ် တွေဝေ နေသည် ။

နု ကား ဖြေမဆည်နိုင်အောင် လွမ်းအား ပိုလို့ ကြွယ် တော့သည် ။

“ နု ... နု အားမငယ်ပါနဲ့ နု ရယ် ။ ဖြစ်ပြီးတာ ဘယ် တတ်နိုင်မလဲ ၊ နု က လော်လီဖောက်ပြား လို့ ဖြစ်ရတာ မှ မဟုတ်ဘဲ ။ လောကကြီး ကို က မကောင်းလို့ ဖြစ်ရတာ ။ ကျုပ် ဟာ နု ကို မမုန်းဘူး ၊ ပို ချစ်တဲ့ အပြင် သနားတောင် သနားသေးတယ် ။ နောက်ပြီးတော့ ကျုပ် က နု ကို ချစ်တာ ဟာ အပျို ဆိုတဲ့ ပညတ်ကလေး ကို ချစ်တာ မဟုတ်ဘူး ။ အစစ အရာရာ လိမ္မာ သိတတ်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ် ကိန်းအောင်း ရှိတဲ့ မိန်းမမြတ်ကလေး တစ်ဦး အနေနဲ့ ချစ်တာ ။ ကျုပ် နု ကို ချစ်တာပဲ ။ သတီ လည်း သတီ ပါတယ် ။ ကျုပ် သဘောထား မသေးပါဘူး ။ တကယ့် ယောက်ျား အစစ်ပါ ။ ဒါကြောင့် ဖြစ်ပြီးသား ကို နု မေ့လိုက်တော့ ။ နောက် ကိုသာ ဘာလုပ်လုပ် ကျုပ် ကို တိုင်ပင် ”

ကျော်မောင် သည် တည်ငြိမ်သော အသံ ဖြင့် တကယ့် ကြည်ညိုဖွယ် ဆရာသမားကြီး တစ်ဦး ကဲ့သို့ ပြောဆို ဆုံးမနေသည် ။ သူ ပြောတဲ့ စကား အတိုင်းပင် သူ သည် တကယ် ကို နု ကို အချစ် မပြယ် ။ ဟိုတုန်းက စင်စင်ကြယ်ကြယ် လိုပင် သဘော ထားနိုင်သည် ။ သို့သော် သူ့ စိတ် နာချက်ကား အဆင်မပြေသော လောက နှင့် လူတန်းစေ့ရုံမျှ စိတ်ဓာတ် ကောင်း မရှိကြသော လူတွေ ဖြစ်သည် ။ 

“ နု မငိုပါနဲ့ကွယ် တိတ်ပါ ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့ ။ မေ့ပစ်လိုက်ပါ ။ စိတ် ထဲ မှာ စွဲ ထားရင် ဒုက္ခ ရောက်သထက် ရောက် မှာပေါ့ ”

“ ကိုကျော်မောင် အချစ် မပြယ်ပေမဲ့ နု လက်မခံနိုင်ဘူး ကိုကျော်မောင် ။ ကိုကျော်မောင် သဘောထား ကြီးမှန်း ၊ မေတ္တာစစ် နဲ့ အချစ်ကြီး မှန်း သိရလေလေ နု ရဲ့ မသန့်ရှင်း မစင်ကြယ်တဲ့ ဘဝ ကို မအပ်ရက်လေလေ ပဲ ။ နု ရဲ့ ဘဝ ဟာ ကိုကျော်မောင် နဲ့ မထိုက်တန်တော့ဘူး ” 

နု သည် အတိုင်းပဲ စွဲမြဲယုံကြည်ချက် ပြုထားသည် ။ ကျော်မောင့် ကို တော့ အ သက် နှင့် ထပ်တူ ချစ်ပါသည်  ။ သို့ပေမဲ့ သေ မှ ပျောက်မည့် ဒဏ်ရာ ဆိုးကြီးကြောင့် ချစ်လျက် နှင့် ခွာရတော့မည် ။

“ အို .. နု ကလဲကွယ် ဒါလောက် အယူ မသီးစမ်းပါနဲ့ ။ ဟောင်းဟောင်း သစ်သစ် အချစ် သာ ပဓာနပါ ။ နု ကျုပ် ကို အရင်က လို ပဲ ချစ် မယ် နော် ။ မင်္ဂလာ မရှိတဲ့ စကားတွေ မပြောနဲ့တော့ ဟုတ်လား ” 

ကျော်မောင် သည် နု စိတ်ပြေပျောက် ချမ်းမြေ့ စေရန် နှစ်သိမ့်ဖွယ် ပြောရင်း နု ကို ညင်သာ စွာ ဖက်၍ နဖူးပြင်ကလေး ကို ကြူကြူမွှေး လိုက်သည် ။ နု သည် ရုတ်တရက် ကျော်မောင် ၏ ရင်ဘတ် ကို တွန်းချ လိုက်ရာ ကျော်မောင် မှာ နောက်သို့ ယိမ်းယိုင်သွားသည် ။ နု သည် လျင်မြန် ဖျတ်လတ် စွာ ကိုယ် ကို မတ်မတ် ရပ် လိုက် သည် ။

“ ကိုကျော်မောင် ကို နု ဟာ အသက် ထက် ချစ်တယ် ။ ဒါပေမဲ့ နု တို့ ကံမကောင်း လို့ ဒီ ဘဝ မှာ ဒီတင်ပဲ ရပ်တော့ ။ ကိုကျော်မောင် နု အပေါ် အချစ် ဖြတ်လိုက်တော့ ” 

နု သည် ငိုသံပါပါ လှုပ်ရှားသော အသံ ဖြင့် ပြောပြောဆိုဆို တဲ အပြင် သို့ ပြေး ထွက်သွားလေသည် ။ ကျော်မောင် သည် ရုတ်တရက် ကြက်သေ မောနေရာ က ထိတ်လန့်တကြား ခေါ် လိုက်သည် ။

“ အို .. နု ... နု ... ကျုပ် ပြောပြမယ် ” 

နု ကား မကြားယောင်တကား ။

   •••••   •••••   •••••   •••••

“ ကြုံလေ - ဘုံဗွေ - ဆော်ထွေမှိုင်မိရင်း ကံ - ကံငယ် ခေလို့သာ - ကြုံရလေခြင်း ” 

နု စိတ် မှာ သည်အတိုင်းပဲ ဖြစ် သည် ။ စိတ် ထဲ မှာ သာမဟုတ် နု ဖြစ်စဉ်ကလည်း သည်အတိုင်း ပါပဲ ။ မင်းသား လုပ်သည့် နှစ်မှ သံဆန်း ပေါ် သလို မလိုက်ချင် လိုက်ချင် မလွှဲသာ လွန်း၍ တစ်ကြိမ်တည်း စွန့် စွန့်စားစား လိုက်ခဲ့မိသည် တွင် မှ ကံ ဆိုးလွန်းသည် ။ နု ကား မှောင်ထု အတွင်း ကျွမ်းပြန် ကျခဲ့သည် ။ ဦးစောက်ကျွမ်းပြန် ကျသည် နှင့် အညီ ဒဏ်ရာ ကလည်း ပြင်းထန်ပါဘိ တောင်း ၊ သေ မှ ပင် ပျောက်မည့် ဒဏ်ရာ ဖြစ်ပါသည် ။ 

ဖြေပါသော်လည်း မပြေနိုင်ဘဲ နှင့် နု ခမျာမှာ အသည်း ကျွမ်းမျှ ပင်ပန်းရ ရှာသည် ။ ( ဒုက္ခ ဟူသည် လာသည့် အခါ ၌ တစ်ဦး တည်း မလာတတ် ၊ လမ်း ၌ တွေ့သမျှ အပေါင်း အဖော် ဒုက္ခတွေ ကိုပါ သိမ်းကျုံး ခေါ်ငင် လာ တတ်သည် ) ဟု ဆရာကြီး ပီမိုးနင်း ပြောခဲ့သည် မှာ တကယ် ဟုတ်လှ သည် ။ နု အဖြစ် က ထင်ထင်ရှားရှား သက်သေ ပြနေသည် မဟုတ်ပါလော ။

နု အလုပ် ပျက် သည် မှာ သုံးလေးရက် ရှိသွားပြီ ။ ငွေ တစ်ပြား မှ မရှိသည့် အထဲ တွင် သူ့ အမေ က အလွန် နေဆိုး ၍ စားစရာ ၊ ဆေးကုစရာ က လည်း လုံးလုံး မရှိ ။ ဒီ ဒုက္ခဘေး ဆိုးကြီး မှ လွတ်ရန်မှာ ငွေ ရှိ မှ ဖြစ်မည် ။ နု အဖို့ ဘယ် က ငွေ ရမည်နည်း ။ ခက်သည် ၊ နု ငိုသည် ။ နု လို နုနယ်ပျိုရွယ်သူ ကလေး တစ်ဦး သည် သည်လောက် ဆိုးဝါးသည့် အဖြစ် ဒဏ် ကို ဘယ်သို့ ခံနိုင်ပါမည်နည်း ။ 

နု သည် မျက်ရည် ပြည့်လျှံစွာ ဖြင့် ပင် အဝေး သို့ မျှော် နေသည် ။ အဝေး ရှိ ရေနံတွင်းကြီးတွေ ဣန္ဒြေရရ မတုန် လှုပ် ရပ်တည် နေနိုင် သလောက် နု စိတ်ကား မတည်ငြိမ် ၊ မိုးသား တိမ်လိပ်တွေ တရိပ်ရိပ် လှုပ်ရှား ပြေးလွှား နေသည် နှင့် အမျှ သူ့ စိတ် က ပြောင်းလဲ နေသည် ။ နု သည် ငွေ ရမှု ကို စဉ်းစား နေသည် ။ ငွေ ထုတ်မည် က လည်း ခြောက်ရက် လောက် လိုသေးသည် ။ ငွေ ရအောင်ဖြင့် ဘယ်လိုမှ မကြံတတ် ။ ရသည့် နည်းနှင့် ရှာ ရအောင် လူ ကလည်း တစ်ခါ သေဖူး ၍ ပျဉ်ဖိုး နားလည်ခဲ့ပြီ ။ ခက်သည် ၊ ခက်သမှ အလွန် ပဲ ခက်ပါသည် ။

နု သည် အစ်ကိုကြီး ဟူသည့် နောက်ပိုးရူးကြီး ကူလီ ခေါင်း ကို အမှတ် ရလာသည် ။ သူ့ ဆီ သွား ပြောရလျှင် ငွေ ရမည်တော့ မုချ ။ သို့ပေမဲ့ စိတ်ဓာတ် မရိုးသားသူ ဖြစ်၍ စိတ် မချရ ။ နု သည် ရီဝေ နေသည် ။ သွားသင့် မသွားသင့် တွေး ချင့် နေသည် ။

“ မမရေ .. ထမင်း ကျက်ပလား ကျွန်တော် ဆာလှပြီ ”

နု မောင် သည် ဘယ်က ဆော့ကစား လာသည် မသိ ၊ ချွေးရွှဲရွှဲစိုလျက် နှင့်ပင် အမော မပြေသေးသံဖြင့် ပြောလေ သည် ။ ထို စကား သည် နု အား မိုးကြိုး ပစ်ခွင်း သလောက် တုန်လှုပ်စေသည် ။ နု မောင်ကလေး မှာ မသိတတ်သေး သည့် အရွယ် ။ စားချိန် ဆိုလျှင် စား ချင်သည် ။ အိပ်ချိန် ဆို လျှင် အိပ်၍ အားလပ်လျှင် ကစားမည် ။

သည်ကလေး စားချိန် မှာ စားဖို့ ၊ ဝတ်ချိန် မှာ ဝတ်ဖို့ ၊ ပျော်ရွှင်ချိန် မှာ ပျော်ရွှင်ဖို့ နှင့် တစ်သက်လျာ တက်လမ်း အဖို့ ပညာ သင်ကြားရေး မှာ အုပ်ထိန်းသူ တာဝန် ဖြစ်သည် ။

“ မောင်လေးရေ ထမင်းကြမ်း စားချည်ကွယ် ။ ညစာ ဖို့ မမ အခုမှ ဈေး သွား မလို့ မောင်လေး ထမင်း စား ပြီးတော့ ဘယ်မှ မလည်နဲ့ နော် အမေ့ အနား မှာ နေ ကြားလား ”

“ ဟုတ်ကဲ့ မမ ”

သည် ထမင်းကြမ်း မှာ မနက်က နု မစား ၍ ကျန်တော့ သည် ။ သို့မဟုတ်လျှင် နု မောင် စားရမည် မဟုတ် ။ “ လသာ သာ အမင်္ဂလာ ညဆိုး ”  နောက် တွင် နု စိတ်ကြည်လင်မှု မရှိခဲ့ ။ အအိပ်ပျက် ၊ အစားပျက် နှင့် စိတ်ပျက် လက်ပျက် ဖြစ် နေသည် ။ ထို့ကြောင့်ပင် နု မှာ အနည်းငယ် ချုံး သွား သည် ။ မျက်တွင်းကလေး ချိုင့် ၍ နားထင် ကျနေသည် ။

နု သည် ကူလီခေါင်း အိမ် ဆီသို့ ထွက် ခဲ့သည် ။ သွား ရပေမဲ့ စိတ် ကတော့ ခပ်လေးလေး ။ စိတ် လေး ပေမဲ့ လည်း မတတ်နိုင် ။ ဘယ် ဒုက္ခမျိုး လာလာ ကျောပိုး၍ ခံတော့မည် ။ မခံ၍ လည်း မဖြစ် စားသောက် နေထိုင်ရေး က ကြီးလေးပါ ဘိသည် ။

◾ဌေးမောင်

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် - ၁၂
      ၁၉၄၈ ၊ မေ

#ကိုအောင်နိုင်ဦး

.

Thursday, March 30, 2023

နု ( ၅ )


 နု အမေ တော်တော် နေဆိုး နေသည် ။ အိပ်ရာ ထဲ က မထနိုင်အောင် အဖျား တက် ၍ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင် နေသည် ။ နု သည် သူ့ အမေ ကို ဂရုတစိုက် ကြိုးကြိုးစားစား ပြုစုနေသည် ။ ပြုစုသည် ဆိုရာ၌ ဆေးဝါး တွေ အပြည့်အစုံ နှင့် ကျကျနန ကုသ ပြုစုသည် မဟုတ် ။ ခြေဆုပ် လက်နယ် ပြုရင်း ရေနွေး နှင့် ထုံးဆနွင်း ကိုသာ ဖျော် ၍ တိုက်ရသည် ။ သည်လောက် ဆေးကလေးများ ရောဂါ က ဖြုံ တောင် မဖြုံ ၊ ခုမှ ဖြစ်သည့် ရောဂါ မဟုတ် ။ လပေါင်း နှစ်ပေါင်း ကြာမြင့်လှပြီ ။ ရောဂါ ရင့်လှပြီ ။ ဆရာ ကောင်း ၊ သမား ကောင်း ၊ ဆေးကောင်း ဝါးကောင်း တွေ နှင့် ထိထိရောက်ရောက် ကုသ မှ ခက်ခက်ခဲခဲ ပျောက်မည့် ရောဂါ ဖြစ် သည် ။


သည်ရောဂါ ပျောက်ချင် ပါသည် ။ သည်လို ကုသမှ လည်း ပျောက်ကင်းမည် ဟု သိ ပါသည် ။ သို့ပေမဲ့ သည်လို ကုသဖို့ က ငွေ ကို အများကြီး ရှိ မှ ဖြစ်ပါမည် ။ အစစ အရာရာ ကုန်တွေ ရှားပါး ၊ ကုန်ဈေးတွေ တက် နေရာ တွင် ဆရာ သမား ၊ ဆေးဝါးဈေး မှာ လည်း အလွန်တရာ ကို ကြီးမြင့် နေပါသည် ။ နု တို့ လို ဆင်းရဲသားတွေ နေထိုင် မကောင်း ဖြစ် လျှင် ဖြင့် ဆရာသမား ပင့်၍ ဆေးဝါး မကုသနိုင် ၊ ရောဂါငယ် ငယ် ဆိုလျှင် ကြီး ပေရော ။ ရောဂါကြီးကြီး ဆိုလျှင်လည်း သေ ဖို့ သာ ပြင်ရော့ ။


နု သည် အတော် ဝမ်းနည်း အားငယ် နေသည် ။ ပုလဲ ဥ သဖွယ် မျက်ရည်စု တို့သည် ပါးပြင်နုနု ပေါ် သို့ တအိအိ လိမ့်ဆင်း လာတော့သည် ။ သူ့ ဘဝ အဖြစ်မှာ ဆိုးဝါး လွန်း လှသည် ။ လောကတရားကြီး သည် တကယ် ဆိုတော့ နု လို စိတ်ကောင်း နှလုံးကောင်း ရှိသူ ၊ အလုပ်ကောင်း လုပ်သူ ၊ ကျေးဇူး သိတတ်သူ ၊ နုနယ်ပျိုမြစ် ချစ်စရာကောင်း သူ က လေး တစ်ယောက် ကို တော့ သနားဖို့ ၊ သက်ညှာဖို့ ကောင်း ပါသည် ။ ခုတော့ နု မှာဖြင့် မသေရုံ စား ၊ မအားအောင် လုပ် နှင့် အဟုတ် ကို ဆင်းရဲ လှပါပေသည် ။ သေလုမြောပါး နေ ထိုင် မကောင်း ဖြစ်လျက်နှင့် ဆရာသမား မပင့်နိုင် ၊ ဆေးဝါး မကုသနိုင် ။


“ နု ရေ ” 


ခေါ်သံ နှင့် မရှေးမနှောင်းပင် တဲ အတွင်း သို့ အသက် ၄၀ ကျော် မိန်းမကြီး တစ်ယောက် ဝင် လာလေသည် ။


“ ဪ ဒေါ်သက် ထိုင်ပါ ထိုင်ပါ ”  


နု သည် ခုတင်ခြေရင်း ဘက် သို့ ရွှေ့ထိုင်ရင်း ဒေါ်သက် အား နေရာထိုင်ခင်း ပေး လေသည် ။ ဒေါ်သက် သည် ခေါင်းမြီး ခြုံ လျက် အိပ် နေသော နု အမေ ကို ကြည့်ရင်း ထိုင် လိုက် ကာ  ...    ။


“ နု အမေ နေမကောင်းပြန်ဘူး ဟုတ်လား ” ဟု ကြင် နာစွာ မေးမြန်းသည် ။


“ ဟုတ်တယ် ဒေါ်သက် ရယ် ၊ အမေ့ ရောဂါ နဲ့တော့ စိတ် ကို မကောင်းပါဘူး ၊ ကနေ့လည်း အလုပ် မသွားနိုင်ဘူး ၊ ခွင့် သွား ပြောထားရတယ် ။ စားဖို့သောက်ဖို့ ကလည်း မပြည့်စုံ နဲ့ ဒုက္ခပါပဲ ”  


နု အသံ မှာ တုန်တုန်ယင်ယင် ဖြစ် နေ လေသည် ။


“ ဘာ ဆေးများသော တိုက် တုံးအေ့ ။ ဆရာ မပင့်ဘူး လား ။ ပေါ့ပေါ့ဆဆနေလို့ ဖြစ်တာ မဟုတ်ဘူး ။ သူ့ ရောဂါ က တာရှည်လှပြီ ” 


“ ဆရာ ပင့်ဖို့ ကလည်း ခက်သားပဲ ဒေါ်သက် ရယ် ။ ဆရာ တစ်ခါ ပင့်ရင် အနည်းဆုံး ခြေကြွခ ငါးဆယ် ခြောက်ဆယ် ။ ဘယ့်နှယ် လုပ်မလဲ ။ ဆရာတွေ မှာ လည်း ရှားရှား ပါးပါး အဖိုးတန် ဖော်စပ် ထားရတာမို့ အလကား မကုနိုင်ဘူး ” 


စကား အဆုံး တွင် နု မှာ မျက်ရည် လည်လာ၍ မငိုမိ အောင် အား တင်းကာ ရင် ထဲ မှာ ဆို့တက်လာ သည့် အပူ လုံးကြီး ကို ကြိတ်မှိတ် ချ လိုက် ရသည် ။ ဒေါ်သက် လည်း မချမ်းမြေ့သော အမူအရာဖြင့် တွေးတော ငေး မောနေသည် ။


“ နု ”  


ဒေါ်သက်က ကြင်ကြင်နာနာ ဖြင့် ယုယုယယ ခေါ် လေသည် ။


“ ရှင် ... ဒေါ်သက် ” 


နု သည် ခွန်းတုံ့ရင်း မျက်နှာ ကို ငုံ့ ထားရာမှ ဒေါ် သက် အား အားကိုးသော အမူအရာ ဖြင့် မော်၍ ကြည့် လေ သည် ။


“ နု ကို သိပ်ပြီး ကူညီချင်တာပဲ အေ ၊ ဒါပေမဲ့ ငါတို့ မှာ လည်း သိတဲ့ အတိုင်းပဲ လောက်ရုံ ဆိုတော့ ခက်တာဘဲ ။ တစ်ခုတော့ ရှိတယ် ၊ နု ငွေ ရအောင် လေ ” 


“ ဟုတ်ကဲ့ ပြောပါဦး ရှင် ” 


နု သည် ငွေ ရအောင်လေ ဟူသော စကားလုံး ကြောင့် အားတက် ထက်သန်စွာ မေး လိုက်သည် ။  


“ ကနေ့ ည ငါတို့ နဲ့ လိုက်ပြီးတော့ ရေနံ ထမ်း ပါလား ဟင် ။ ချက်ချင်း ငွေ ရအောင် ငါ ရောင်းပေးမယ် ။ ရေနံ တစ်ထမ်း ဆိုရင် တစ်ရာ ၊ တစ်ရာ့နှစ်ဆယ် လောက် ရတယ် အေ့ ” 


နု မှာ ငိုင် ကျသွားသည် ။ ရာဇဝတ်မှု မကင်းသည့် သူခိုး အလုပ် ။ အလွန်လျှင် စက်ဆုပ်ဖွယ် ကောင်းသည့် သူခိုး အလုပ် ။ တမလွန် ဘဝ တိုင်အောင် ကောင်းကျိုး မပေး မည့် သူခိုး အလုပ် ။ နုလို ပျိုမြစ်နုနယ် ချစ်စဖွယ် ကညာစင် ကလေး နှင့် များ လားလား မှ မလျှော် ။ ထို့ကြောင့်ပင် မလုပ်ချင် ။ ဒါပေမဲ့ နု အမေကြီး မှာ အိပ်ရာ ထက် ဝယ် အကြီး အကျယ် ရောဂါ ဖိစီး နှိပ်စက် နေသည် မဟုတ်ပါလော ။ ရာသီဥတုဒဏ် ကာကွယ်ရန် လုံလုံလောက်လောက် မရှိ ၊ အာဟာရဓာတ် ဖြည့်စွမ်းရန် သင့်တင့်လျောက်ပတ်သော အစားအစာ မရှိ ။ ဆရာသမား ပင့် ၍မှ ဆေးဝါး မကုသနိုင် ။


မတော်တဆများ ဆုံးပါး သွားရင် ဖြင့် နေ့စေ့ကံကုန် ဟုတ်မည် မထင် ။ အာဟာရ ချို့တဲ့မှု ၊ ဥတု ဖောက်ပြန်မှု တို့ကြောင့် စိတ်ဓာတ် ပျက်ပြား ကံ နည်းပါး၍ သေသည် သာ ဖြစ်လိမ့်မည် ။ ဤသို့ ဖြစ်ရသည်မှာ သေသေချာချာ စဉ်းစား ကြည့် လိုက်တော့ ငွေ မရှိလို့ ။ ငွေ မရှိရသည့် အကြောင်း ကို

တော့ အဘယ့်ကြောင့် ဟု နု မသိတော့ ။ အမှန်အားဖြင့် ငွေ မရှိသည် မှာ  ... ။  


“ ဘယ့်နှယ်တုန်း ...” 


ဒေါ်သက် သည် တွေးတောမှု လောက အတွင်းဝယ် သတိ  ကင်းစင်နေသည့် နု အား မေးလိုက်သည် ။


“ ဟုတ်တော့ ဟုတ်ပါရဲ့ ဒေါ်သက် ရယ် ။ ဒါပေမဲ့ သူ တစ်ပါး ပစ္စည်း ကို ပြစ်မှားရမယ် ဆိုတော့  ...” 


နု စကား မှာ မဆုံးခင် မှာ ပင် ရပ် သွားသည် ။


“ အေးပေါ့ နု ရယ် ။ တို့ ဘာသာတရား နဲ့ မကင်းတာ တော့ အသိသားပဲ ။ ဒါပေမဲ့ နု စဉ်းစားကြည့်လေ ။ ဘယ် သူ မစားဘဲ ၊ မဝတ်ဘဲ နေနိုင်မလဲ ။ ရိုးရိုးမှတ်မှတ် လုပ်ကိုင် လို့ မစားလောက် ၊ မဝတ်လောက် တော့လည်း မကောင်း မှန်း သိရက်နဲ့ လုပ် ရတော့တာပေါ့ ။ ငရဲ နဲ့ ဝမ်းစာ နီးရာ ကို လှမ်း ရတော့မှာပေါ့အေ ။ ဘယ်တတ်နိုင်မလဲ ” 


ဒေါ်သက် စကားမှာ အကြွင်းမဲ့ မှန်ကန်လေသည် ။ လူတိုင်း မှာ စားသောက် နေထိုင်မှု အတွက် ပထမဆုံး အရေး ကြီးသည် ။ လူတွေ ချမ်းမြေ့ကြည်ရွှင်ရန် ပန်းချီ ၊ ပန်းပု ၊ ကဗျာ ၊ ဂီတ အစ ရှိသော သုခုမ အနုပညာရပ် တွေ စွမ်းစွမ်း တမံ လူ့လောက တိုးတက်မှု ဖြစ်ထွန်းစေမည့် လောက

ဓာတ်ပညာ အရပ်ရပ်တွေ ပေါင်းသင်း ဆက်ဆံမှု ၊ ယဉ်ကျေးမှု ဘာသာတရားတွေ နှင့် ကျန်းမာရေး ၊ ပညာရေး ၊ ကြီးပွားရေး တွေ ကို လိုက်စား လေ့လာ ဆည်းပူးနိုင်ရေး မှာ ( စားသောက် နေထိုင်မှု စီးပွားရေး ) အခြေခံ အုတ်မြစ် ပေါ် ၌ တည်သည် ။ စားသောက် နေထိုင်မှု အခြေခံ အောက်ပိုင်း မတောင့်တင်း မခိုင်မာလျှင် လူ့ လောက ကျက်သရေဆောင် အထက် ဖော်ပြခဲ့သော တိုးတက်မှုတွေ မထွန်းကား မဖွံ့ဖြိုး နိုင် ။


“ သိပ် ခက်တာပဲ ဒေါ်သက် ရယ် ။ မရှိဆင်းရဲတော့ ကောင်းကောင်းမွန်မွန် နေချင်လို့ လည်း မရဘူးနော် ။ အကျင့်စာရိတ္တတွေ ပျက်စီး ကုန်ရတာပဲ ” 


နု သည် မျက်ရည် လယ်လယ် အားငယ်ငယ် နှင့် ဝမ်းနည်း ကြေကွဲစွာ တစ်လုံး ချင်း ငြိမ့်လေးစွာ ပြောသည် ။


“ ကံအကြောင်း မသင့်တော့ ဒီလိုပေါ့ နု ရယ် ၊ အား မ ငယ်ပါနဲ့ ၊ ကဲ ငါ ပြန်ဦးမယ် ၊ ည ကျတော့ ဝင် ခေါ်မယ်နော် နု အသင့် ပြင်ထား ကြားလား ” 


တစ်လှမ်းချင်း ထွက်သွားသော ဒေါ်သက် ၏ ကျော ပြင် ကို အဓိပ္ပာယ် ကင်းမဲ့စွာ စိုက်ကြည့်ရင်း နု ကျန်ရစ် ခဲ့သည် ။


       •••   •••   •••   •••  


နု သည် သူ ၏ ဘဝ ကို စိတ် နာသည် ။ ထိုမျှမက အလွန်တရာ မှ လည်း စက်ဆုပ် ရွံရှာမိသည် ။ အပြစ် ကင်းစင်သော ချစ်ချင်စဖွယ် လုံမပျိုကလေး တစ်ဦး အဖြစ်မှ ကြီး လေးသည့် ရာဇဝတ်မှုကြီး ၊ ဆိုးဝါးသည့် ဒုစရိုက်မှုကြီး ကို ကျူးလွန် ထားသော မသူတော်မကလေး သို့မဟုတ် သူခိုးမကလေ ဘဝ သို့ ရောက်ခဲ့ပြီ ။ သူမ ၏ ပခုံး ထက် မှ ထမ်းပိုး ( တပိုး ) ၏ ဟိုဘက် သည်ဘက် အစွန်းများ တွင် ရေနံစိမ်း အပြည့် နှင့် လေးဂါလံဝင်ပုံး တစ်ပုံး စီ ဟီးလေး ခိုလျက် ဟို ဘက် သည်ဘက် ယိမ်းနွဲ့ လှုပ်ရှား ကစားမြူးထူးရင်း လိုက် ပါလာသည် ။ ရေနံစိမ်း မှာ တော်တော် ကို နှစ်နှစ်ကာကာ လေးလံသည် ။ နု ပခုံးတွေ မှာ ကျိန်းလှ နာလှပြီ ။ နာလျက် ကျိန်းလျက် နှင့်ပင် တစ်ဖက်မှ တစ်ဖက်သို့ ပြောင်းကာ လဲကာ ထမ်း ရသည် ။ လမင်း မှာ ထိန်ထိန်ဝါဝါကြီး သာ ယာလျက် ဖြစ်သည် ။ ထို့ကြောင့်ပင် လောကဓာတ်ကြီး တစ်ခုလုံး မှာ နှစ်လိုဖွယ်ရာ ချမ်းမြေ့စွာ တည်ရှိလေသည် ။ လေအေး သည် လရောင်ဝါ ၏ ချမ်းမြေ့မှု ကို ဖြည့်တင်း ပေး လေသည် ။ အမှန်ဆိုတော့ သဘာဝ ဖန်တီးမှုကြောင့် သည် ည ဟာ ဖြင့် အလွန် ကို သာယာသည် ၊ အေးချမ်းသည် ၊ ရွှင် လန်းစရာ ကောင်းလှသည် ။


နုနဖူးပြင် မှာ ဆီးကင်းကလေးတွေ လို ချွေးစို့ နေသည် ။ သည်ဘေး မှာ လူ ပင်ပန်းခြင်း သက်သက်ကြောင့် ထွက်လာ သည် မဟုတ် ။ စိတ်ဆင်းရဲမှု လည်း ရောနှော ပါဝင်လျက် ဖြစ်သည် ။ နု မှာ တော်တော်လည်း ထိတ်လန့် တုန်လှုပ် နေသည် ။ သူမ ထိတ်လန့် တုန်လှုပ်ခြင်း မှာ လောလောဆယ် ရာဇဝတ်ဘေး အတွက်သာ မဟုတ် ။ ရေနံ တည်း ဟူသော ဓမိယလဒ္ဒ မစင်ကြယ်သော ဝတ္ထုပစ္စည်း အတွက်ပင် အပြစ် ကင်းစင်သော ဖြူဖြူလွင်လွင် ဘဝကလေး တွင် ဧရာမ အစွန်းအထင်း အမည်းကွက်ကြီး ငြိတွယ် စွန်းထင်း လေပြီ မဟုတ်ပါလော ။ ဤသည် အတွက် နု သည် ကိုယ့် လိပ်ပြာ ကို မလုံ ၊ ရှက်ကြောက်သည် ။ စိုးရွံ့ တုန်လှုပ်တော့သည် ။


“ နု ရေ ခပ်သုတ်သုတ်ကလေး လာ ဟေ့ ။ ရေနံမြေ ထဲ က လွတ် မှ စိတ်ချ ရတာ ”  


ဒေါ်သက် သည် သူ့ နောက် ဝါး တစ်ပြန် လောက် မှ တုန်တုန်ချိချိ နှင့် လာနေသော နု ကို လေ သံ ခပ်အုပ်အုပ် နှင့် ပြောလေသည် ။


“ ဟုတ်ကဲ့ ဒေါ်သက် သွားသာ သွားပါ ။ လမ်း တွေ က လည်း ဆိုး လိုက်တာ လွန်ရော ” 


နု က လည်း ဒေါ်သက် လို ပင် အသံအုပ် ၍ ပြောသည် ။


နု ပြောသည် မှာ ဟုတ်သည် ။ လမ်းတွေ မှာ အလွန် တရာ ကို ဆိုး လွန်းသည် ။ ချိုင့်ဝှမ်းတွေ ၊ ချောင်းမြောင်းတွေ ၊ တောင်စောင်း ကမ္ဘာရံတွေ မှာ ဆင်းလိုက် တက်လိုက် သွားရသည် ။ ခလုတ်ကန်သင်း ချိုင့်တွေ ခွက်တွေ ပေါ လှ သည် ။ စစ် မဖြစ်ခင်က ဖောက်လုပ် ထားသော လမ်းများ မှာ ပင် အပြုအပြင် မရှိ၍ ပျက်စီး ချွတ်ယွင်း အသွားအလာ ခက်ခဲနေရာ နု တို့ လမ်းမှာ ရေနံ သယ် ယူသူတွေ သတ်မှတ် ထားသည့် လျှို့ဝှက်လမ်း ဖြစ်သည်မို့ မည်မျှ ဆိုးဝါးမည် ကို ခန့်မှန်းနိုင်ပေမည် ။


နု မှာ အလုပ်ကြမ်း လုပ်သူ ဆိုပေမဲ့ သည်လောက် အထိတော့ အဆင်းရဲ အပင်ပန်း မခံနိုင် ၊ ရေနံစိမ်း အပြည့် ပါ သော သံပုံး နှစ်လုံးကို ထမ်း ၍ အဆင်း အတက် လမ်းဆိုး လမ်းကြမ်း တွင် မနားမနေ နှစ်ဖာလုံ ကျော်ကျော် လောက် လာ ခဲ့ရပြီး သည် နေရာ က နေပြီး အိမ် ရောက်ဖို့ ဆိုရင် တစ်မိုင်

ကျော်ကျော် လောက် လိုသေးသည် ။ ရေနံမြေ နယ်နိမိတ် က လွတ် မှ စိတ်ချရသည် ၊ နား ရမည် ဟု ဒေါ်သက် ပြောပြထား သည် ။ သည်လို ဆိုလျှင် သုံးဖာလုံ လောက် မနားဘဲ ဆက် သွား ရဦးမည် ။ သုံးဖာလုံ ဟိုဘက် ရောက်မှ ရေနံမြေ အပြင် ရောက်မည် ။ နု မှာ ပခုံးများ တွင် ပင် မက ခြေထောက်များ ပါ တိုက်မိခိုက်မိ ပဲ့ရွဲ့ ကာ နာကျင် ကိုက်ခဲလာသည် ။ တစ်ကိုယ်လုံး လည်း ဘေးတွေ နံတွေ အောင့် လာသည် ။ ပြင်း ပြင်းထန်ထန် အရိုက် ခံထားရသူ ဝေဒနာမျိုး နှင့် တူသည် ။ ကြိတ်လို့ သာ ခဲ ရသည် နည်းနည်း မှ မဟန်ချင် ၊ ခြေပစ် လက်ပစ် ထိုင်ပြီး ဟစ်၍သာ ငို လိုက်ချင်သည် ။


“ ဟေ့ မပြေးကြနဲ့ အကုန်လုံး ချလိုက် ”  


ကျားဟိန်း သံတမျှ ဆိုးဝါးလှသော အသံနှင့် မရှေးမနှောင်း ဓားလှံ ကိုယ်စီ ဆွဲကိုင်ထားသည့် လူ ၆ ယောက် နု တို့ ၏ ရှေ့ မှ လည်းကောင်း ၊ ဘေး တစ်ဖက် တစ်ချက် မှ လည်းကောင်း ဘွားခနဲ ပေါ်ပေါက် လာကြသည် ။ နု တို့ မှာ တချို့က ရေနံ အထမ်းတွေ ကို လန့်ဖျပ်၍ လွှတ်ချ ပစ်ကြလျက် တချို့က ယောင်ယမ်း ကာ ကြောင်တက်တက် နှင့် မှင်တက် မိနေ ကြသည် ။ ရေနံမြေပုလိပ်များ က တစ်ဟုန်တည်း ချဉ်းကပ် လာကာ နီးရာနီးရာလူတွေ ကို ထိုးကြိတ်ရိုက်ပုတ် ကန်ကြောက် ပြုတော့သည် ။ နု တို့ လူစု မှာ ယောက်ျားကြီး သုံးယောက် ၊ မိန်းမကြီး သုံးယောက် နှင့် နု တစ်ယောက် အားလုံးပေါင်း ခုနစ်ယောက် ဖြစ်လေသည် ။


“ ချမ်းသာပေးပါ လူလေးတို့ ရယ် ၊ အဒေါ်တို့ စားစရာ မရှိလို့ လုပ် ရတာပါ ။ နောက် မလုပ်ပါဘူး ” 


မိန်းမကြီး တွေ က တုန်တုန်ယင်ယင် ကြောက်ကြောက်လန့်လန့် နှင့် ပုဆစ်တုပ် ထိုင်ကာ လက်ယှက် တောင်းပန် လေသည် ။


“ အောင်မာ ၊ ကမြင်းမကြီးတွေ ခိုးတုန်း က ခိုး ပြီးတော့ ဘာခုမှ ကြောက် နေရတာတုန်း ဟင် ”  


ကိုရွှေရေနံမြေပုလိပ် စကား အဆုံးတွင် “ အွတ် ” ခနဲ ကျောပြင် ပေါ် သို့ ဖနောင့် တင် လိုက်သည့် အသံ ထွက် လာ ပေသည် ။  


“ အမယ်လေး .. သေပါပြီ ရှိကြီးခိုးပါ ရဲ့  ၊ လူကလေး ရယ် ။ ဒီတစ်ခါ ချမ်းသာပေးပါ ” 


“ ဟေ့ကောင်တွေ လက်ချင်း ပူးပြီး အကုန်လုံး ကြိုးနဲ့ ချည်ပေါ့ ။ ရုံး ကို ပို့မယ် ”   


အာနာရှာနာသံတွေ ၊ ငိုသံယိုသံတွေ ၊ ဆွဲသံရုန်းသံ တွေ ၊ ရိုက်သံနှက်သံ ၊ ထိုးသံကြိတ်သံ ၊ ကန်သံကြောက်သံတွေ သံစုံကြူး ၍ ထွက် လာသည် ။ သာယာချမ်းမြေ့သော သဘာဝတရား ကို ပြက်ရယ် ပြုသည် နှင့် အရွဲ့တိုက်သည် နှင့် တူသည် ။ ရေနံမြေပုလိပ်တွေ မှာ ဘီလူး ကဲ့သို့ ကြမ်း ကြုတ်ရက် စက်သော အသွင် ကို ဆောင်ကြလေသည် ။ အမှန်ကတော့ သူတို့ တာဝန် မှာ သူခိုး တွေ့လျှင် ဖမ်းဆီးဖို့ ဆောင်ရုံ ဖြစ်သည် ။ သို့ပေမင့် သူတို့ က ဤမျှ နှင့် မရောင့်ရဲ မတင်းတိမ် ရက်ရက်စက်စက် ရိုက်နှက်ညှင်းဆဲချင်ကြ သည် ။ အမျိုးသား အချင်းချင်း ရိုင်းပင်းမှု နားမလည် ။


“ အမယ် ဒီ သူငယ်မကလေး က လှ က လှပါ ဘိသနဲ့ ။ သနားစရာကလေးပါလား ” 


တစ်ယောက်စီ လက်ချင်း ပူး၍ ကြိုး နှင့် တုပ်နေသော ရေနံမြေပုလိပ် တစ်ယောက် က သရော်သံ နှင့် အကျယ် ကျယ် ပြော လိုက်လေသည် ။ အခြား ရေနံမြေပုလိပ်များ သည် အညှီ နံ့ ရသော ယင်ကောင်တွေ လို နု ဆီ သို့ ဝိုင်းအုံ သွားကြသည် ။


“ ဟာ .. ဟုတ်ပါရဲ့ သနားစရာကလေးပါ ကွာ ၊ ကြိုး နဲ့ မတုပ်ပါနဲ့ ” 


“ သူ့ တော့ သနားပါတယ်ကွာ ၊ ဂျပန် ဆီ မပို့ပါနဲ့  ။ ထားခဲ့ပါ ၊ ဟဲ  ... ဟဲ ... ဟဲ ” 


သူတို့ အသံတွေ မှာ နားကြားပြင်း ကပ်စရာ ကောင်း လှသည် ။ အမင်္ဂလာ အသံများ နှင့် တူသည် ။ အဘယ့် ကြောင့် ဆိုသော် သူတို့ အသံ ကြား ရသူများ မှာ အလိုအ လျောက်ပင် စိတ် မချမ်းမြေ့ကြ ။ နု မှာ သူတို့ အလယ်တွင် မျက်လုံးကလေး ကလယ်လယ် နှင့် ဟို လူ ကြည့် ၊ သည် လူ ကြည့် လူ မိသည့် ငှက်ငယ် လို ရင်ဖို နေသည် ။ ကြောက် နေ သည် ။ ဘယ့်နှယ် ရင်မဖိုဘဲ မကြောက်ဘဲ နေပါ့မလား ၊ သူတို့ ကြည့်လိုက်တဲ့ မျက်လုံးတွေ က လူ ထဲ ပဲ ဖောက်ထွင်း သွားတော့ မလောက် စူးရှသည် ။ အရောင် လက်၍ အခိုး ထွက် နေသည် ။  


“ ချမ်းသာပေးကြပါ အစ်ကိုကြီးတို့ ရယ် ။ ကျွန်မ တစ်ခါမှ မလိုက်ဖူးပါဘူး ၊ ခုတစ်ခါ သာ အမေ က နေ မကောင်း ၊ ဆေးဝါး ကုစရာ မရှိမို့ လိုက်မိတာပါ ။ ချမ်းသာ ပေးပါ ” 


“ ဟဲ .. ဟဲ မကြောက်ပါနဲ့ ကွယ် ၊ ဂျပန် ဆီ မပို့ပါဘူး ၊ အစ်ကိုကြီးတို့ က ချမ်းသာပေးရုံတောင် မကပါဘူး ဟီး .. ” 


အကြီးအကဲ နှင့် တူသူက စပ်ဖြဲဖြဲ ပြောင်ချော်ချော် မျက်နှာ နှင့် ပြန် ပြောသည် ။ သူ့ စကား မှာ နု ကို ပိဿာလေး နှင့် ဘေး ထု သလို ဖြစ်သည် ။


“ ဟေ့ .. မင်းတို့ သုံးယောက် အဲဒီ လူတွေ ကို ရုံး သွား ပို့ချေတော့ ။ ငါတို့ ဒီ နေရာ က စောင့်နေမယ် ။ မာစတာ က မေး ရင် ကင်းလှည့်နေတယ်လို့ ပြောလိုက် ။ ဟုတ်လား ” 


အကြီးအကဲ လုပ်သူ က စီမံခန့်ခွဲ ခိုင်းစေလေသည် ။


“ ဟာ ... ဆရာ ကျွန်တော်တို့ ခု သွား ပို့ရမှာလား ၊ နောက်ပြီးမှ သွားပို့ရင် မကောင်းဘူးလား .. အဟီး ” 


တပည့် လုပ် သူ က နု ကို သရေကျ ကြည့်ရင်း ပြန် ပြောသည် ။


“ အိုကွာ.. သွားသာ ပို့ချေပါဦး ။ ဘယ်လောက် ကြာ တာ မှတ်လို့ ။ တစ်ညလုံး အချိန်တွေ အများကြီး ရှိပါသေး တယ်ကွ ။ ကုန်သွားမယ့် ပစ္စည်း မဟုတ်ပါဘူး ”  


ဘယ်သူ့ မှ ရှက်ရကြောက်ရ အားနာရမှန်း မသိ သူတို့ မင်း ၊ သူတို့ ချင်း ပြော ချင် ပြော လုပ် ချင်ရာ လုပ် အရမ်းမဲ့ ဖြစ်ချင်တိုင်း ဖြစ် နေ လေသည် ။ ရေနံမြေပုလိပ် သုံးယောက် က ကြိုးတန်း လန်း နှင့် လူခြောက်ဦး ကို နွားအုပ် နှင် သလို မောင်း နှင် ခေါ် ဆောင် သွားသည် ။  


“ လာဟေ့ ... သူငယ်မ အလကား အချိန်တွေ ကုန် သွားမယ် ”  


ခေါင်းဆောင် လုပ်သူ က ပြောပြောဆိုဆို နု လက် ကို ဆွဲသည် ။  


“  အို ” 


နု သည် ထိတ်လန့်တကြား အော် လိုက်ရင်း ဆောင့် ရုန်းလိုက်သည် ။ နု တော်တော် ကို ရှက်သည် ။ မကြားဝံ့ မနာသာတွေ ပြော ၍ မတော်တရော် လုပ်ခံရသည် မှာ သူလို နုနုနယ်နယ် အပျိုအရွယ်ကလေး အတွက် အဘယ်မျှ ဆိုး ရွားသနည်း ။


“ ဟဲ .. ဟဲ အလကား ပင်ပန်းအောင် ရုန်း မနေပါနဲ့ ကွာ ။ အေးအေး လိုက်ခဲ့စမ်းပါ ” 


“ အို ... လွှတ် ... လွှတ် ရှင်တို့ ခွေးလို မလုပ်နဲ့ ။ သတ် ချင် သတ်ပစ်လိုက် ” 


နု သည် ကြောက်ကြောက်လန့်လန့် နှင့် ခါးခါးသီး ငြင်းဆန် ရုန်းကန်၍ ရေနံမြေပုလိပ် ကလည်း ဇွတ်အတင်းပင် ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်နေလေရာ နှစ်ယောက်သား ဆွဲလား ရုန်းလား ဝရုန်းသုန်းကား ဖြစ်နေသည် ။ အခြား နှစ်ယောက် ကား နု တို့ အဖြစ် ကို ကြည့်လျက် ကျေနပ်စွာ သွားဖြီး ရယ်မောနေသည် ။ နောက်ဆုံးတွင် ရေနံမြေပုလိပ် က နု ကို အတင်း ပွေ့၍ ချုံကွယ် တစ်ဘက် သို့ ယူဆောင် သွားသည် ။


“ ရှင် ခွေးကျင့်ခွေးကြံ မလုပ်နဲ့ ။ အို  ... ဘယ်လိုလူလဲ ” 


“ ဟဲ .. ဟဲ .. ချစ်လွန်းလို့ပါကွာ ၊ မရုန်းပါနဲ့ ၊ လိမ္မာ သားနဲ့ အဟီး ” 


ဆွဲသံ ၊ ရုန်းသံ ၊ လှုပ်ရှားသံ တွေ နောက်တွင် နု ၏ ငိုရှိုက်သံ သည် ‘ တဟင့်  ... ဟင့် ’ ထွက်ပေါ် လာသည် ။ နား စွင့်လျက် စောင့်နေသူ နှစ်ဦး မှာ ဂနာမငြိမ် ၊ အူမြူး လှုပ်ရှား နေသည် ။


ကောင်းကင် မှ တာရာကလေးများ သည် နု ၏ ကြေ ကွဲဖွယ် ဇာတ်လမ်း ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ် နှင့် ဆွေးမြေ့စွာ ကြည့် နေကြသည် ။ ပုစဉ်းရင်ကွဲ နှင့် ပုရစ် က လေးတွေ ကလည်း တကျီကျီ အော်မြည်လျက် ငို နေကြပါ သည် ။ ရေနံတွင်းကြီးတွေ က လည်း ထီးထီးကျန်ကျန် မား မားမတ်မတ် ရပ်လျက် နေသည် ။ လေရူး သည် ခပ် ကြမ်းကြမ်း ပြေးလွှားနေသည် ။ သူ ပြေးရင်း လွှားရင်း ကပင် လျှင် နု တို့ ချုံကွယ် ဘက် မှ အဝတ် တစ်ထည် ကို လှိမ့်၍ လှိမ့်၍ ဆွဲကာငင်ကာ ခေါ်ဆောင် လာသည် ။ သေသေချာချာ ကြည့် လျှင် ဒီ အဝတ် ကား အခြား မဟုတ် ၊ နု ဝတ်သည့် ချည်လုံချည်ကလေး  ...  


တော်တော် ကို ကြာမှ ရေနံမြေပုလိပ်တော်မင်း ချုံ ကွယ် မှ ထွက် လာသည် ။ သူ့ မျက်နှာ မှာ သားရေဖိနပ် ကို ရသည့် ခွေးကြီး ထက်ပင် ကျေနပ် ရွှင်လန်း နေ သေးသည် ။


“ ဘယ့်နှယ်လဲ ဆရာ ” 


တပည့် နှစ်ယောက် က ပြိုင်တူ မေး လေသည် ။


“ ဒီ မြာမျိုးများ တွေ့ရရင် သေပျော်ပါတယ် ကွာ ။ အဟီး ”  


လုံချည် ကို ပြင် ဝတ်ရင်း အားရပါးရ ပြော လေ သည် ။ စောင့် နေသူ နှစ်ယောက် မှ တစ်ယောက် သည် နု ရှိရာ ချုံကွယ် ဘက် သို့ သွက်သွက်လက်လက် ထ ပြေးသည် ။


ရက်ရက်စက်စက် လုပ်ရက်လေသည် တကား ။ နှမ ချင်း မှ မစာနာ မညှာတာ မသနား ။ နွား လို ကျင့် ရက်သည် ။ သင်းတို့တတွေ တဒင်္ဂပဟန် စည်းစိမ် ခံစားမှုကလေး အ တွက် တစ်ဖက်သား ခမျာမှာ အဘယ်မျှ နစ်နာလေသနည်း ။ တကယ် ဆိုတော့ နု မှာ တကယ့် နုနုထွတ်ထွတ် အပျိုအရွယ်ကလေး ။ အမိ ကျေးဇူး ကို သယ်ပိုး ဆောင်ရွက် နေသည့် မိန်းမမြတ်ကလေး ။ အခက်အခဲ အသွယ်သွယ် ဒုက္ခ အမျိုးမျိုး ပတ်ချာ ဝိုင်း နေသူကလေး တစ်ယောက် ပါ တကား ။ ဤမျှ ထောက်ထား ညှာတာစရာ ကောင်းသော နု အဖြစ် ကို သိလျှင် အတီမျှ ရင်ထုမနာ ဖြစ်ရှာကြမည်နည်း ။ အခြားသူတွေ ကရုဏာမိုး ဆွေကြပေမဲ့ သူတို့ တတွေ ကတော့  စွေ ကြမှာ မဟုတ်ပါ ။ စားနေကျ ကြောင်ပါးတွေ ဖြစ်ပါသည် ။ ရေနံမြေ က ဆင်းရဲသား အလုပ်သမား တိုင်း ရိုးရိုး မှတ်မှတ် လုပ်ကိုင် ၍ မစားလောက် မသောက်လောက် ဖြစ် နေသည် ကို လူတိုင်း အသိ ။ ဒီ အထဲမှာပဲ မသူတော် လူယုတ် မာတွေ က နူရာ ဝဲစွဲ လဲရာ သူခိုးထောင်း အဖြစ်မျိုး ရောက် အောင် ဖန်တီး ပေးသေးသည် ။  


အချိန်အတော်ကလေး ကုန် သွားပြီ ။ 


“ ဟေ့ကောင်တွေ ပြန်လာကြပလား ဟေ့ .. တယ် မြန် လှပါကလား ”  


ခေါင်းဆောင်မာစတာ သည် ပြန်လာသည့် တပည့် သုံးယောက် ကို ဆီး၍ မေး လိုက်သည် ။


“ ဟုတ်ကဲ့ ဆရာ ပြန်လာကြပြီ ”  


“ မာစတာ က ဘာ မေးသေးလဲ ဟေ့ ...”  


“ ဘာမှ ထူးထူးထွေထွေ မမေးပါဘူး ဆရာ ... သတိနဲ့ ကောင်းကောင်း စောင့်ကြလို့ မှာ လိုက်တာပဲ ” 


“ အေးအေး .. အဲ ဟိုမယ်ဟေ့ မင်းတို့ အလှည့်ပဲ ။ မင်းတို့ တော့ သေသေချာချာ ဆွေမျိုး မေ့ကြရောပေါ့ကွာ ” 


နု ကို မေးထိုး ပြရင်း ရက်ရက်ရောရောကြီး ထိုး အပ် နေသည် ။ ကျောက်ကျော ရေ ပက်ထားသလို ပြောင်ချော် နော် အမူအရာ နှင့် သုံးယောက် သား တစ်ဦး ကို တစ်ဦး ကြည့်ကြသည် ။ နောက်တွင် တိုင်ပင် ထားသလို နု အနား သို့ ဝိုင်းအုံ ချဉ်းကပ်ကာ ခွေးသေကောင် လင်းတ ထိုး သလို ဆွဲကြ ရမ်းကြသည် ။ နု အဖို့ကား ငို၍ လည်း အပို ၊ တောင်း ပန် ၍ လည်းမရ ၊ ဟစ်အော် ၍ လည်း အချည်းနှီး ၊ သူတို့ စော် ကားသမျှ နု ရတော့သည် ။ မြင် မကောင်း ၊ ရှု မကောင်းသည့် နု နှင့် သူတို့တတွေ သည် ချုံကွယ် ၌ တိမ်မြုပ် သွားကြသည် ။ နု ၏ ငိုသံ အော်သံ သည် လည်းကောင်း ၊ ရေနံမြေပုလိပ် သုံး ယောက် ၏ သဘောကျ နှစ်ခြိုက်စွာ ညာ၍ ရယ်မောသံများ သည် လည်းကောင်း တစ်လှည့်စီ ပေါ်လာသည် ။


နု ကား ရေတိမ် တွင် နစ်ချေပြီ ။ မိန်းမ တကာ တို့ ၏ အဖိုးတန် အမွန်မြတ်ဆုံး ဖြစ်သည့် အပျို့ဂုဏ် ကို မစွန့်လွှတ် ချင်ဘဲ နှင့် ပစ်ပစ်ခါခါ စွန့်လွှတ် လိုက် ရသည် ။


( နောက် တစ်ပိုင်း ဆက်ရန် )


◾ဌေးမောင်


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၁ ၊ အမှတ် - ၁၂ 

      ၁၉၄၈ ၊ မေ 


#ကိုအောင်နိုင်ဦး


.

Wednesday, March 29, 2023

နု ( ၄ )


 

ည သည် သာယာ အေးချမ်းသော အသွင် ဖြင့် ဣန္ဒြေ ရရ တည်ရှိသည် ။ လမင်း ကား လောကဓာတ် တစ်ခုလုံး ကို အကြွင်းမဲ့ ရောင်ဝါတွေ ဖြန့်ချိထားသည် ။ မြေနိမ့်မြေပြင် တောင်ကုန်းတောင်ထွတ် မလွတ် ၊ ချောင်းမြောင်း ၊ မြေ ပြင် ၊ ပင်လယ်သမုဒ္ဒရာ မကျန် ဥယျာဉ်ပန်းမန် ၊ ခင်တန်း တောကွေ့ ၊ မြက်ခင်းကိုင်းတော ၊ သစ်တောကြီးတွေ အပြည့် လရောင်ဝါ ရှိသည် ။ လမင်း သည် မျက်နှာ မလိုက် ။ အဂတိ တရား ကင်းစင် ဘိသည် ။ ဒီနေရာ နိမ့်၍ ဟိုနေရာ မလှပ၍ ဟု ချန် မထား ။ ညီညီမျှမျှ အေးချမ်းမှု သုခ ကို ပြည့်ဝ အောင် ဖန်တီးပေးသည် ။

နု သည် တဲရှေ့ ကွပ်ပျစ်၌ လဲလျောင်းရင်း မျက်နှာ ချင်းဆိုင် မှ တလက်လက် ဖြိုးပြက်တောက်ပ ၊ မျက်တောင် ခတ်နေသည့် တာရာကလေးတွေ ကို ကြည့်နေသည် ။ ၂၄ နာရီ အတွင်း မှာ ဒီ အချိန်ဟာ ဖြင့် နု ဖို့ အလွတ်လပ်ဆုံး ၊ အအေးချမ်း အကြည်လင်ဆုံး ၊ စည်းစိမ် အရှိဆုံး ပေါ့ ။

နု စိတ်သုခ ခံစားမှု အတွက် အဘယ်သူ တစ်ဦး တစ်ယောက် က မှ ဖန်တီး မပေး ။ သဘာဝတရားကြီး ကသာ လျစ်လျူ မရှု ၊ သက်သက်ညှာညှာ နု ခမျာ ကို အခါအခွင့် ရ တိုင်း ဖန်တီး ပေးသည် ။ ပျော်ဘုံ ဆောက်တည် ပေးသည် ။ ပစ္စည်းရှင် လူချမ်းသာတွေ ကတော့ သဘာဝတရား ကို အရေး မထားပါဘူး ။ အချိန်အခါ မရွေး ၊ ရာသီဥတု မရွေး စည်းစိမ်ခံစားမှု အသွယ်သွယ် ကို ဓန နှင့် ဖန်တီးပြီး လွန်လွန် ကြူးကြူး ယစ်မူး နေသည်ကော ။

“ ဪ .. နု အိပ်နေပလား ”

နု သည် ရုတ်တရက် ထိုင် လိုက်သော အခါ၌ အသက် ၂၀ ကျော် ရွယ် ၊ ထွားထွားကျိုင်းကျိုင်း အလုပ်ကြမ်းသမား တစ်ယောက် အသွင် ဖြင့် ညီညွတ်သော ယောက်ျားပျို တစ်ဦး ကို ကွပ်ပျစ် နှင့် ဆယ့်ကိုးပေ ကွာ လောက် ၌ ရပ်လျက် တွေ့ ရသည် ။

“ ဪ ... ကိုကျော်မောင် ၊ မအိပ်သေးပါဘူး ။ လာ လေ ထိုင်ပါဦး ”

နု သည် ကွပ်ပျစ်တစ်ဖက်စွန်း သို့ ရွှေ့ပေးလေသည် ။ ကိုကျော်မောင် ခေါ် ယောက်ျားပျို သည် အခြား အစွန်းဘက် တွင် ထိုင် လိုက်သည် ။

“ ကိုကျော်မောင် မပေါ်လာတာ ကြာ သွားပြီ ၊ ဘယ် သွား နေလို့တုန်း ”

“ ဘယ်မှ မသွားပါဘူး နု အလုပ်ချိန် က နေ့လည် ၂ နာရီ ဝင် ၊ ည ၁၀ ထွက် ဖြစ်နေလို့ပါ ။ နေ့ ကျတော့ နု မအား ၊ ည မှာ လည်း ကျုပ် က မအားနဲ့ အလည် မရောက် တာပါ ။ ဒါထက် အဒေါ်တို့ ကော အိပ်ကြပလား ” 

ကျော်မောင် သည် စကား အဆုံး ၌ အမေ ကို သတိရ မေးမြန်း လိုက်သည် ။

“ အိပ်ပြီ ကိုကျော်မောင် ၊ ခုတလော နည်းနည်း နေ ကောင်းတာ နဲ့ အိပ်ပျော် နေပျော် ရှိနေတယ် ” 

နု အသံ မှာ အတော်ပဲ ကြည်လင်သည် ။ အေးချမ်း ကြည်နူးစွာ မှ လှပသော အကြောင်း တစ်ခု ကို ပြောရ သည့် အသံ မှာ အသို့လျှင် မကြည်လင်ဘဲ နေမည်နည်း ။

“ လက်ဖက်ခြောက် ကုန် နေတာနဲ့ ကိုကျော်မောင် တောင် လက်ဖက်ရည်ကြမ်း မတိုက်ရဘူး ”

“ ကိစ္စမရှိပါဘူး နု ”

ကျော်မောင် က အဝေးသို့ မျှော် ငေးကြည့်ရင်း အေးဆေးစွာ ဖြေ လေသည် ။

“ ကုန်ဈေးတွေ ကလည်း ခေါင် ခိုက် နေတာပဲ ။ လက်ဖက်ခြောက် တစ်ပိဿာ ကို ၂ဝိ တဲ့ ။ ရတဲ့ ပိုက်ဆံ က တစ် နေ့ သုံးမတ် ရတာ ဘယ့်နှယ် လုပ်မလဲ ။ ဒီအတိုင်းသာ ဆိုရင်တော့ ရေနံမြေ က လူတွေ ငတ် သေမှာပဲ ” 

နု က ပြော လေ သည် ။

“ ဟုတ်တယ် နု ... တစ်နေကုန် တစ်နေခန်း အသက် စွန့် လုပ် ရပြီးတော့ ရတဲ့ ပိုက်ဆံ က ဖြင့် မုန့်ဖိုး တောင် မရှိ ဘူး ။ အရင်တလော က ကြည့်စမ်းပါဦး ။ စက်သေနတ် ပစ် သွားလို့ အလုပ် ထဲမှာ သေ သွားတဲ့ လူ တစ်ယောက် အ တွက် လျော်ကြေးငွေ ၁၂ဝိ ပေး သတဲ့ ။ ခု ခေတ်ကြီး ထဲ မှာ ငွေ ၁၂ဝိ  ဘာ လုပ်မလဲ ။ သင်္ဂြိုဟ် စရိတ် တောင် မရှိဘူး ။ အလကားပဲ ရေနံမြေ မှာ လူ ဖြစ်တာ ဘာမှ မကောင်းဘူး ။ သူများ အတွက် ငဝက်ကျွန် ဖြစ် နေရတာပဲ ”

ကျော်မောင် သည် နု စကား နှင့် ဆက်၍ ဘဝဆိုး အ ကြောင်း ကို စိတ်နာနာ နှင့် ပြောသည် ။

“ လှေထိုး လိုက် ရတာကမှ ကောင်း သေးတယ် ။ တစ်ခေါက်ပြန် ဆိုရင် ၅ဝဝိ ၊ ၆ဝဝိ ၊ ဆန် တစ်အိတ် ၊ နှစ်အိတ် ရ တယ် ။ တစ်ခေါက် တစ်ခေါက်ဆို ဘာ ကြာသလဲ ။ အလွန်ဆုံး ၂ လ ပေါ့  ။ ကျုပ် လည်း လိုက်မလို့ပဲ အမေ က အစိုးရိမ် ကြီးပြီး ဖျက် လွန်းလို့ ၊ အသေအပျောက် ခေတ်ကြီး မှာ တကွဲတပြား မနေနိုင်ဘူး တဲ့ ။ ထမင်းရည် သောက် နေရ နေရ သားအမိ တစ်စု အတူတူ နေ ရရင် စိတ်ချမ်းသာ သတဲ့ ။ အမေ စိတ်ချမ်းသာပေမဲ့ ကျုပ်က စိတ် မချမ်းသာဘူး ၊ လုပ်နိုင် ကိုင်နိုင် တဲ့ ယောက်ျား ရင့်မကြီး အဖြစ် နဲ့ ဆင်းရဲ နေရတာ ” 

ကျော်မောင် မှာ စိတ် မကောင်းသံ ပါ နေလေသည် ။

ကျော်မောင် တို့ နု တို့ မှာ အလွန် ရင်းနှီးသော သူငယ်ချင်း ဖြစ်သည် ။ အိမ်ချင်း မဝေးကွာလှ ၊ ရပ်ကွက် တစ်ခု တည်း ဖြစ်သည် ။ ကျော်မောင် မှာ လည်း မိခင်ကြီး နှင့် ၊ ညီကလေး တစ်ယောက် မှီခိုသူ ရှိလေသည် ။ ကျော်မောင် မှာ လုပ်နိုင်ကိုင်နိုင် သည့် အရွယ် ၊ ကျန်းမာရေး နှင့် ဒင်ပြည့် ကျပ်ပြည့် ညီညွတ်သူ ဖြစ်၍ သူ့ အား ကို သူ အားကိုးသည် ။ သူ့ စွမ်းအား ထုတ် သလောက် အကျိုး ခံစားရသည့် အလုပ် ကို လုပ် ချင်သည် ။ ဒါမှလည်း သူ့ တာဝန် သူ ကျေပွန်သည် ဟု ယူဆ နိုင်မည် ။ သူ့ မှီခိုသူတွေ လူချင်း တူတူ သူချင်း မျှမျှ နေထိုင်စားသောက်ကြရမည် ။ သို့ပေမင့် ကျော်မောင် ၏ မိခင်ကြီး က သားအား အနား က တစ်ဖဝါး မှ မခွာစေချင် မခွာစေရ ။ ရေနံ အလုပ် ကို လုပ် ရသည်မှာ မလောက်ငှ ဆင်းရဲကျပ်တည်း မှန်း သိနားလည် သော်လည်း တခြားအ ရပ်ဒေသ သို့ သွားရောက် မလုပ်ကိုင်စေလို ... ခုမြင် ခုပျောက် ခေတ်ကြီး မို့ မတော်တဆ များ ။ 

ရေနံကုမ္ပဏီ အလုပ် က တော့ မလောက်မင ။ မလှစုတ် မွဲ ၊ ဆင်းရဲကျပ်တည်း ၊ လစာနည်း ပေမဲ့ အလုပ်ချိန် က လွဲ ရင် သားအမိ တစ်စု အတူတူ နေရသည် ။ တစ်ဦး ကို တစ်ဦး မစိုးရိမ်ရ ။ သေအတူ ရှင်အမျှ ။ ဒါကြောင့် ကျော်မောင့် မိခင်ကြီး က ဆင်းဆင်းရဲရဲ ကျော်မောင် နဲ့ မခွဲဘဲ နေသည် ။

“ ဒီလို ပေါ့ ကိုကျော်မောင် ရယ် ။ အခါကြီး က မကောင်းသေးတော့ ဆင်းဆင်းရဲရဲ ကြိတ်မှိတ် နေဦးပေါ့ ။ ဒီလိုချည်းပဲ တစ်သက်လုံး နေသွား မှာ မဟုတ်သေးပါဘူး ”

နုသည် ကျော်မောင် နှစ်သိမ့်စေရန် အားပေး စကား ပြောသည် ။ ကျော်မောင် စိတ်ချမ်းသာမှု ကို လိုလား သည် ။ ကျော်မောင် ကို နု က ခင်သည် ။ ကျော်မောင် မှာ ယောက်ျား ပီသသော ကိုယ်လုံး ကိုယ်ထည် ရှိသည် ။ တည် ကြည် မြင့်မြတ်သော စိတ်ဓာတ် ရှိသည် ။ အသောက်အစား အပျော်အပါး အကစား ကင်းရှင်းသည် ။ အားနည်းသူတိုင်း ကို ကူညီချင်သည့် ဝါသနာ ရှိသည် ။ ထို့ကြောင့်ပင် သူတို့ လောက ၊ သူတို့ အပေါင်းအဖွဲ့ က ကျော်မောင့် ကို ချစ်ခင် ကြသည် ။ လေးစား ရိုသေ ကြသည် ။ အားလည်း ကိုးကြပါ သည် ။ ဒီအထဲမှာ နု ဟာဖြင့် အပိုဆုံးပေါ့ ။ သူများတွေ အကုန်လုံး က ကျော်မောင် ကို ချစ်ခင်လေးစား အားကိုးတဲ့ စိတ်ဓာတ် အစိုင်အခဲ ကို ချိန်ခွင် ထက် မှာ များ တင်ပြီး စက် ကြည့် လိုက်ရရင် နု ဘက် ကပဲ အလေး သာ လိမ့်မည် ထင် သည် ။

“ ဟ ကျော်မောင်ကြီး လည်း ဒီ ရောက်နေသကိုး ” 

အင်္ကျီမပါ ၊ ဗလာကိုယ်ထည် နှင့် လုံချည်တိုတို ဝတ်ကာ အပို လုံချည် တစ်ထည် ကို ခေါင်းပေါင်း ထားသည့် ကျော်မောင် နှင့် ရွယ်တူ လောက် ယောက်ျားပျို တစ်ဦး ရောက် လာ နှုတ်ဆက်ခြင်း ဖြစ်ပေသည် ။

“ ဪ .. ဘထူး ထိုင်ဦးလေ ၊ ဘယ် သွား မလို့တုန်း ”

“ ကိုဘထူးကြီး ထိုင်ပါဦးလေ ။ ဘာများ အရေး ကောင်း နေ သလဲ ”

ကျော်မောင် နှင့် နု က တစ်ပြိုင်တည်း လို ဘထူး အား နှုတ်ဆက် ပြောဆို ကြသည် ။ သို့ပေမဲ့ ဘထူး က မထိုင် ။

“ မထိုင်ဘူးကွ ငါတို့ ဟိုကို သွားမလို့ အဖော်တွေ စောင့်နေတာ ”

“ ဟိုကို ”  ဆိုသည် ကို နု နှင့် ကျော်မောင် ကောင်း ကောင်း နားလည်သည် ။ အင်္ဂလိပ် ထွက်ပြေး စဉ် က ရေနံ တွင်းတွေ ၊ အလုပ်ရုံတွေ ကို မီးသင်္ဂြိုဟ်ခဲ့သည် ၊ ဖျက်ဆီး ပစ်ခဲ့သည် ။ ဒိုက်နိပွန်တွေ က ပြန်လည် ထူထောင်နေသည် ။ ရေနံမြေ ၏ ရောဂါဆိုးကြီး ကို ဓာတ်ကြမ်း ကု နေသည် ။ တချို့အလုပ်ရုံတွေ တော်အိရော်အိ ထူထောင် ဆောက်တည် ပြီးပြီ ။ တချို့ ရေနံတွင်းတွေ ခုတ်မောင်း နေပြီ ။ ရေနံ ထုတ်ယူ နေပြီ ။ တချို့ ရေနံတွင်းတွေ ကလည်း အလိုအလျောက် အရမ်းမဲ့ ရေနံတွေ ထွက် နေသည် ။ ချောင်းမြောင်း အသွယ်သွယ် မှ စီးဆင်း၍ မြေနိမ့် ချိုင့်ဝှမ်းတွေ မှာ ရေနံတွေ အိုင် ထွန်းနေသည် ။ ရေနံကန်ကြီးများ နှင့် တူသည် ။ ဤ သည့် ရေနံတွေ ကို ဆင်းရဲသား လူတွေ က ညအခါ တိတ် တဆိတ် သွားရောက် ခပ်ယူ သယ်ဆောင် ကြသည် ။ သို့မဟုတ် ခိုး သည်လည်း မည်၏ ။

ရေနံစိမ်း က ဈေးကောင်း သည် ။ တစ်ထမ်း ကို တစ်ရာ ကျော် ရသည် ။ တစ်ည ၃ ထမ်း ဆိုလျှင် ငွေ ၃ဝဝိ ကျော် ၄ဝဝိ လောက် ရတာပဲ ။ ဒါပေမင့် လူမွဲတွေ ( ဝါ ) သူခိုးတွေ မှာ အတော် ဘေးရန် ကြီးသည် ။ ရေနံမြေ မှာ “ ရေနံမြေပုလိပ် ”  ဟူသည့် လူတန်းစား တစ်မျိုး ရှိသည် ။ သူတို့ တာဝန်မှာ ရေနံမြေ ( Oil Field ) အတွင်း က ပျဉ်တို ပျဉ်စကလေး တစ်ခုတလေ ၊ သွပ်တိုသွပ်စကလေး တစ်ခုတလေ နှင့် သံတိုသံစကလေး တစ်ခုတလေ အပြင် ရေနံ တစ်စက်တလေ မှ မပျောက်ပျက် ရအောင် စောင့်ထိန်း ကာကွယ်ရသည် ။ ရေနံမြေ အတွင်း လာလာသမျှ လူ အပေါင်း ကို စစ်ဆေး မေးမြန်းကြသည် ။ ရေနံမြေ အလုပ်သမား လက်မှတ် မပါ လျှင် ဖမ်းချင် ဖမ်း ၍ ရိုက်ချင် က ရိုက် နိုင်သည် ။ ရေနံမြေ အတွင်း မှာ ဆိုရင် ရေနံမြေပုလိပ် ကို အသေအချာ ကြောက်ရသပေါ့ ။

တစ်ခါတစ်ရံ ရေနံမြေ အတွင်း မှ ပစ္စည်းများ ပါလာ သူ ၊ ခိုးလာသူများ ကို တွေ့လျှင် ဖမ်းဆီးရိုက်နှက် ငါးဖယ် တေ သလို တေပြီး မှ နိပွန်ရေနံမြေရုံး ကို ပို့ဆောင်သည် ။ ရေနံ မြေပုလိပ် က သူခိုး ဆိုလျှင် ပြီးရော ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် နားမလည် ။ ထွက် မပြေးနိုင်အောင် ကြိုးတုပ်၍ ၇ ရက် လောက် နည်းမျိုး အဖုံဖုံ စုံအောင် ညှင်းတော့သည် ။ လူ ၁၀ ယောက် အဖမ်း ခံရလျှင် ၃ ယောက် လောက် သေ ၍ ၄ ယောက်လောက် လူချင်း မတူ ၊ လူစဉ် မမီအောင် ကျိုးကန်း ကြလျက် ၃ ယောက် လောက် သာ အနိုင်နိုင် ကျန်တော့ သည် ။ ထို့ကြောင့် ရေနံမြေပုလိပ် အဖမ်း ခံရသည် ဆိုလျှင် တော့ မသက်သာ အနည်းဆုံး ဆွေမျိုး တော့ မေ့လေရော့ ။

တချို့ ရေနံမြေပုလိပ်တွေ ကတော့ သူခိုးကလေးတွေ ကို နှိမ်နင်း ပြီးတော့ သူတို့ ကိုယ်တိုင် သူခိုးဈေးကြီး တွေ ဖွင့် ထားသည် ။ ဗမာ-ကုလား-တရုတ် လူမျိုးစုံ ပိုက်ဆံ ရှိ သူတွေ နှင့်ပေါင်း၍ ပေပျဉ်တွေ ၊ ကြေးနီ ၊ ကြေးဝါတွေ ၊ သံ အမျိုးမျိုး အစားစားတွေ ကို တန်ပေါင်း များ စွာ ရေနံစိမ်း ၊
ရေနံဆီ ၊ ဓာတ်ဆီတွေ ကို ဂါလံပေါင်း မြောက်မြားစွာ ခိုး ထုတ် ကြသည် ။ တစ်ခါတစ်ခါ ခိုးထုတ် လိုက်လျှင် ငွေတွေ ကို ထမ်းလို့ မနိုင် သလောက် တောင် များ လွန်းသည် ။ သူတို့ တတွေ လောဘ ကြီးလွန်း လို့ အဝေ မညီ မသင့်မမြတ် ဖြစ် ပြီး ခိုးထုတ် ခိုးထည် ပေါ်ရင် ၊ မာစတာတွေ သိ သွားရင် လည်း မသက်သာ ။ အများအားဖြင့် သေရွာ ကို သွားရသကော ။ ဒါပေမဲ့ တချို့နေရာတွေ မှာတော့ မာစတာတွေ ကိုယ်တိုင် လည်း ခိုး ထုတ်ကြသည် ။ အကြံပေး ဖြစ်သည် ။

ဘထူး ပြောသည့် “ ဟိုကို ”  ဆိုသည်မှာ ချောင်း မြောင်း အသွယ်သွယ် မှ စီးဆင်း အိုင်ထွန်း နေသည့် ရေနံကန် ကို ရည်ရွယ်သည် ။ ဘထူး တို့ လူမွဲတွေ ( ဝါ ) သူခိုးကလေး တွေ သည် ထို ရေနံအိုင် မှ ရေနံစိမ်းများ ကို ကိုယ့် အစု နှင့် ကိုယ့် အဖွဲ့ နှင့် သွားရောက် ယူငင်ကြသည် ။ သို့မဟုတ် ခိုး ကြသည် ။ ယခုလည်း ဘထူး တို့ ထိုသို့ သွားရောက်ရန် ဖြစ်ပါသည် ။

သံပုံးထမ်း ကိုယ်စီ နှင့် လူ ဆယ့်ကိုးယောက် အသံ အုပ် ၍ ခပ်တိုးတိုး စကား ပြောရင်း နု တို့ တဲကလေး နှင့် ပေ တစ်ရာ လောက် အကွာ က လမ်းဘေး မှာ လျှောက် လာကြ သည်ကို နု ကျော်မောင် နှင့် ဘထူး တို့ သုံးဦး သား မြင် ကြ ရလေသည် ။

“ လာကြပြီ ဟေ့ ... ငါ သွားဦးမယ် ”

ဘထူး သည် နှုတ် ဆက်ရင်း ခပ်သွက်သွက်ကလေး ထွက် သွားလေသည် ။ ကျော်မောင် နှင့် နု တို့ မှာ ထို လူတစ်စု အား ကြည့်ရင်း ကျန်ရစ်ခဲ့သည် ။ 

“ မွဲတော့ ၊ ငတ်တော့ ကောင်းကောင်း နေချင်လို့ မနေရဘူး ၊ ဘဝသံသရာ နှစ်ခု လုံး မကောင်းတဲ့ ဒုစရိုက်မှု တွေ ကို လုပ် ရတာပဲ ” 

ဆိတ်ငြိမ်မှု ကို ကျော်မောင် က ဖြိုခွင်း လိုက်သည် ။

“ ဟုတ်တယ် ကိုကျော်မောင် ။ ငရဲ နဲ့ ဝမ်းစာ နီးရာ ကို လိုက် ရတာပဲ ။ လက်ငင်း ဒုက္ခဘေး က ကင်းအေးမယ့် အလုပ် ဆိုတော့ မကောင်းမှန်း သိကြပေမဲ့ လုပ်ရတာပေါ့ ။ အရင် ဟိုဘက်နား က ဒေါ်သက် တို့ ဆိုရင် အတော် ကြိုးစားနေ ရတာ ။ ခုဆိုရင် အဲဒီ ရေနံ အလုပ် လုပ်ခါမှ ဟန်ကျလာတယ် အဝတ်အစား ဆိုလည်း တစ်ပုံကြီးပဲ ” 

နု သည် ကျော်မောင် စကား ကို လေးလေးစားစား ထောက်ခံ လေသည် ။

“ မြန်မာပြည် လွတ်လပ်ရင် ကောင်းစားမယ် ၊ ကောင်းစားမယ် နဲ့ ဘယ်လို ကောင်းစား မှာလဲ နု တို့ အလုပ်သမား တွေ ဖြင့် အရင်လို အရင်လို ပါ ပဲ ”

နု သည် တစ်ခါတုန်း က ဖွားခင် ၊ အေးသက် တို့ နှင့် မြိန်မြိန်ယှက်ယှက်ကြီး ပြောခဲ့ဖူးသည့် လွတ်လပ်ရေး အကြောင်း ကို အမှတ် ရသဖြင့် ကျော်မောင် ကို ပြော လိုက် သည် ။

“ လွတ်လပ်ရေး မ က လို့ ဘာကြီး ရ နေနေ ကျုပ်တို့ ရေနံမြေ က ရေနံ အလုပ်သမားတွေ ဟာ ဒီ အလုပ် ကို လုပ် ရင်း လူချင်း မတူ သူချင်း မတူ သေ ရမှာပဲ နု ” 

ကျော်မောင် အသံ မှာ မာမာပြတ်ပြတ် ဖြစ်လေသည် ။ 

“ အမှန်က ကျုပ်တို့ ဟာ ဝဋ် ခံနေရတာပဲ ။ ရေနံမြေ က အလုပ်သမားတွေ ဟာ ဘယ်တုန်း က မှ မကောင်းစားခဲ့ဘူး ၊ တစ်ခုတော့ ရှိတာပေါ့လေ ၊ အထက်တန်းစား အရာရှိကြီး တွေ ကတော့ ကောင်းစား ကြတာပေါ့ ။ တကယ်တမ်း ထိထိရောက်ရောက် ဆင်းဆင်းရဲရဲ လုပ်ရတဲ့ ကျုပ် တို့ အတန်းအစား အလုပ်သမားတွေ ကို ပြောတာ မကောင်း စားဘူး ဆိုတာ ။ အထူးသဖြင့် ခု ဂျပန်ခေတ် ဟာ အဆိုးဆုံး ပဲ ။ ကြည့်လေ အလုပ်သမားတွေ ကို တကယ် မသေရုံတ မယ်ကလေး ကျွေး ထားပြီးတော့ တရားမဲ့ ရက်ရက်စက်စက် ဘယ်လောက် ခိုင်းသလဲ ၊ ခြိမ်းခြောက် ထားလိုက်သေး တယ် ။ အလုပ် ပျက်ရင် ချွေးတပ် ပို့မယ် ၊ စစ်တပ် ပို့မယ် နဲ့ ပြီးတော့ မဆံ့ရင်ကာ အလုပ်ကြီးတွေ ကို ထုနဲ့ထည်နဲ့ အင်အား နဲ့ မျှ မမျှ ညီ မညီ မကြည့်ဘူး ၊ ဇွတ်အတင်း ခိုင်းတာ ပဲ ။ မလုပ်နိုင်ရင် ပါး ရိုက်တယ် ။ စည်းမဲ့ကမ်းမဲ့ ဘယ်လောက် လုပ်နေနေ ဘာမှ ပြန် ပြောခွင့် ၊ ဖြေရှင်းခွင့် မရှိဘူး ။ ဒီ အလုပ်သမားတွေ ဟာ ရာဇဝတ်သားတွေ နဲ့ ဘာ ထူးသေး သလဲ ။ မဆံ့ရင်ကာ အလုပ်ကြီးတွေ ကို ဇွတ် လုပ်ရလို့ ထိမိခိုက်မိ တိုက်မိပြီး သေ တဲ့ လူလည်း သေ ကုန်တယ် ၊ ကျိုး ကန်း လူစဉ် မမီ လည်း ဖြစ် ကုန်တယ် ။ အလုပ်ဒဏ် နေထိုင် မကောင်း ဖြစ်ပြီး အသက် တို ကြရတယ် ။ ကျုပ်တို့ ဒီ ဘဝဆိုး က လွတ်ဖို့ နည်းလမ်း ကတော့ ကံဆိုးမိုးမှောင်ကျ နေတဲ့ ကျုပ် တို့ အလုပ်သမားတွေ ရင်လည်း သေ ကုန်မှ ၊ ဒါမှ မဟုတ်ရင် သူတို့ အလုပ်ရှင်တွေ မရှိမှ ပဲ ဖြစ်မယ် ”  

ကျော်မောင် သည် တသီတတန်းကြီး လေလျှောက် ပြော နေရာမှပင် သူ့ စကား အတွင်း စိတ်ဝင်စား ကာ မိန်းမော တွေးတော သွားသည် ။ နု ကား လရောင်ဝါ ပက်ဖျန်းထား သည့် ဣန္ဒြေရရ ရင့်ကျက်သော အမူအရာ နှင့် မမှိတ်မသုန် ဖြစ်နေသည့် ကျော်မောင် ၏ မျက်နှာ ကို ရွှန်းရွှန်းစားစား ကြည့် နေ လေသည် ။

လေညှင်း သည် တသင်းသင်း ပင် လှုပ်ရှား နေသည် ။ အကယ်၍ သာ နု တစ်ယောက် သည် သူဌေးကြီး တစ်ဦး သမီး ဖြစ်လျှင် ၊ ကန်ထရိုက်တာကြီး တစ်ဦး သမီး ဖြစ်ခဲ့ပါ လျှင် သို့မဟုတ် “ ကော်လာဖြူ ၊ အလုပ်သမား ”  အရာရှိကြီး တစ်ဦးဦး ၏ သမီး သာ ဖြစ်မည် ဆိုလျှင် နု ထံ မှ ကြိုင်ကြိုင် လျှမ်းသော ဂန္ဓာရုံ သည် ကျော်မောင့် နှာခေါင်းတွင်း သို့ အတင်း ဝင်၍ ကြူကြူမွှေးမည် ဖြစ်လေသည် ။ အကယ်၍ ကျော်မောင် ၏ အချစ် စိတ် သာ အိပ်ပျော် နေခဲ့ပါ လျှင် လည်း အတင်းပင် တပ်လှန့်၍ နှိုး ပေးလိမ့်မည် ။

သို့ပေတမင့် နု ဟာ ဖြင့် အလွန် ဆင်းရဲလှသည့် အလုပ်သမားကလေး ၊ ပစ္စည်းမဲ့ အလုပ်သယ်ကလေး တစ်ဦး မျှ ဖြစ်သည် ။ အပိုအမို အလှအပတွေ မွန်းမံ ခြယ်လှယ်ဖို့ စည်းစိမ် ခံစားဖို့ နေနေသာသာ စားဖို့ ဝတ်ဖို့ နေဖို့ မှ အနိုင်နိုင် ။

ကျော်မောင် သည် အဝေးသို့ မျှော်ကြည့် နေရာမှ အတွေး ရပ် လှုပ်ရှား လာ ကာ နု အား ကြည့်လိုက်သည် ။ နု သည် ကျော်မောင် နှင့် မျက်လုံးချင်း ဆိုင် မိသောအခါ၌ တာရှည် မခံနိုင် မျက်လွှာ ချလိုက်သည် ။ နု ၏ မျက်လုံး ကြည် ၍ အရည် လဲ့ နေသလို ကျော်မောင့် မျက်လုံးများ မှာ လည်း ရွှန်းရွှန်းစားစား နှင့် ထက်မြက် စူးရှသည် ။ ထို့ကြောင့်ပင် နု မျက်လွှာ ချ လိုက်ခြင်း ဖြစ်သည် ။ ကျော်မောင့် မျက်လုံး ဒဏ် ကို နု မခံနိုင်ပေ ။

ကျော်မောင် သည် အရင် က နု ကို အခုလောက် သေသေချာချာ မကြည့်ခဲ့မိဘူး ။ ပန်းမန်နံ့သာ ခြယ်လှယ် မထားပေမဲ့ ၊ အလှအပ ဝတ်စားတန်ဆာ ဆင်ယင် မထားပေ မဲ့ နု ဟာ ဖြင့် လှသည် ။ ကျော်မောင့် စိတ် အာရုံဝယ် ယခု နု သည် ရှုမဝ ။ အရင့် အရင်တုန်းက ကျော်မောင် နု ကို ခင်မင် ခဲ့သည် ။ ကြင်နာခဲ့သည် ။ ယခုသော် ... ထို အသေးအဖွဲ က လေးတွေ က မေတ္တာတုံး ၊ မေတ္တာခဲ ၊ အချစ်တုံး ၊ အချစ်ခဲ ၊ ထုထည် အစိုင်အခဲကြီး ဖြစ်မြောက်လာအောင် လှပသော သဘာဝတရားကြီး က ဖန်တီး ပေးလိုက်သည် ။ ပြောင်းလဲ ပေးလိုက်သည် ။

“  နု ”

ယခင့် ယခင် က အကြိမ့် အကြိမ်ပေါင်း များစွာ ဤ တစ်လုံး တည်း သော နာမည်ကလေး ကို ကျော်မောင် ခေါ်ဖူး လှပါပြီ ။ သို့ပေမင့် သည်တစ်ခါ အသံ နှင့် တစ်ခါ မှ မတူ စ ဖူး ။ သည်တစ်ခါ အသံ ကတော့ စိတ်ဓာတ်ခံ ကို က ပြောင်း လဲနေလို့ အသံ ပါ ထူးခြား နေပါသည် ။ ကျော်မောင် ခေါ်သံ ကြား ရ ကတည်း က နု သိသည် ။ ကျော်မောင် စိတ်ဓာတ် သည် နု ၏ ဟဒယ အိမ် ကို ဂယက် ရိုက်လိုက်သည် ။ ထို့ကြောင့်ပင် နု ကလည်း မမှန်သော အသံကလေး ဖြင့် ပင် ခွန်း တုံ့သည် ။

“ ကိုကျော်မောင် ” 

“ ကျုပ် တော့ ခုဖြင့် နု ကို သိပ် ချစ်နေပြီ နု ”

ကျော်မောင် ရိုးရိုး ပြော လိုက်သည့် အတိုင်းပင် သူ့ အချစ် မှာ နု အပေါ်ဝယ် အတော် ထုထည် ကြီးမားသည် ။ နု ကို သိပ်ချစ်သည် ။ တကယ်လို့ သာ နု သည် အပိုအမို လော ကွတ်တွေ ၊ ပရိယာယ် ပကာသနတွေ ဗာရာဏသီ ချဲ့မှုတွေ ကို နှစ်သက်သူ လိုလားသူ တစ်ယောက် ဆိုလျှင် ကျော်မောင် ပြောလိုက်ပုံ ကို အကြီးအကျယ် အားမလို အားမရ ဖြစ်လိမ့်မည် ။

“ သိပ်ချစ်တယ် ”  ဟု အမှန် ကို တုံးတိတိ ပြောလိုက် ခြင်းထက် ချစ်သမျှ ကို မြင့်မိုရ်ရွှေတောင်လုံးသာပလေ တို့ ၊ သမုဒ်မင်ရေဖျော် လို့ ချစ်တာတွေ စာစီလို့ ကုံးရ ရင် ဆုံးဆမတိုင် တို့ ၊ ဟန်တစ်ခါပြင် ရွှေစင်ဆယ်တင်း ဆက်သွင်းပုံသေ သိန်းတန်မေ အစ ရှိသည်တို့ နှင့် ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ချစ်ရေး ဆိုစေချင်ပေ လိမ့်မည် ။ ပရိယာယ်ဝေဝုစ် စကား မာယာ ကြွယ်သလောက် သုံးနှုန်းဖွဲ့နွဲ့လျက် မေတ္တာနှောင်ကြိုး သွယ်စေလို ပေလိမ့်မည် ။

ဒါပေမဲ့ ကျော်မောင် ကလည်း ခေတ်ပညာတတ် လူ ချမ်းသာ လူရည်လယ်တွေ လို သည်လို ဖွဲ့ ဖွဲ့နွဲ့နွဲ့ ချစ်ရေး မဆိုတတ် ၊ မပြောတတ် ၍ လည်း တော် တော့သည် ။ ပြော တတ်၍ ပြောမည် ဆိုလျှင်လည်း နု နားလည်မည် မဟုတ် ။ အမှန်ပင် ငြီးငွေ့ ပျင်းရိ လိမ့်မည် ။ ကျော်မောင် ပြောလိုက်တဲ့ ချစ်စကား ဟာဖြင့် ဂုဏ်ကြီးရှင် အမျိုးသမီးတွေ အဖို့ မကောင်းပေမဲ့ နု တစ်ယောက် နဲ့ ဖြင့် သေသေချာချာ ကို ပဏာ စားတာပေါ့ ။ အဆင် ပြေ တာပေါ့ ။

နု မျက်နှာမှာ ရှက်သွေးရောင် ဖြန်း၍ နှင်းဆီရောင် လျှမ်း နေတော့သည် ။ ခေါင်း ငုံ့ထားလျက် ကွပ်ပျစ် မှ ဝါဖန့်ဖန့် ဝါး အကြောကလေးတွေ ကို လက်မ ဖြင့် ပွတ်၍ တိုက်၍ သပ် နေသည် ။

“ ဘယ့်နှယ်လဲ နု ၊ ကျုပ် ချစ်သလို နု က လည်း ပြန် ချစ် နိုင်မယ် မဟုတ်လား ”

ကျော်မောင့် အသံ မှာ စိတ်အား တက်ကြွသော အရိပ် အယောင်များ ပြည့်လျက် ... 

“ သေသေချာချာ စဉ်းစားပါဦး ကိုကျော်မောင် ၊ ချစ်တယ် ကြိုက်တယ် ဆိုတာက အလွယ်ကလေးပါ ။ နေထိုင် စားသောက်ရေးတွေ က ခက်တယ် ။ အိမ်ထောင် တစ်ခု ရဲ့ တာဝန်ဟာ ဘယ်လောက် တောင် ကြီးမားသလဲ ဆိုတာလဲ ကိုကျော်မောင် အသိပဲ ။ ကိုကျော်မောင့် အခြေအနေ ၊ နု တို့ အခြေအနေ ကို ပြန် ကြည့်စမ်းပါ ။ ဘယ်လောက် ဆိုးဝါးနေ သလဲ ။ ဒါကြောင့် အခုအချိန် မှာတော့ အိမ်ထောင်ရေး ကို မတွေးသင့်သေးဘူး ထင်တယ် ကိုကျော်မောင် ” 

နု သည် ဖြည်းညင်းစွာ နှင့် ပင် အတော် ကြိုးစား၍ ပြော ရလေသည် ။

စီးပွားရေး ကျပ်တည်းမှုကြီး သည် နု ကို ဒုက္ခ ပေး နှောင်ဖွဲ့ထားသည် ကို ကိုယ်တွေ့ ခံစားရလျက် ကျော်မောင့် အခြေအနေ ကို လည်း ကောင်းစွာ သိသည် ။ သည်လို အခြေအနေတိုင်း နှင့်များ အိမ်ထောင် ပြုရမည် ဆိုရင်တော့ ကိုယ့် ဒုက္ခ ကိုယ် ရှာ ရာ ရောက်ခြင်း အမှန် ဖြစ်သည် ။

“ မဟုတ်သေးဘူးလေ နု ၊ ချစ် တာ က တစ်ခြား ၊ အိမ်ထောင်ပြု တာ က တခြား ပဲ ။ အခု ကျုပ် ဆိုလိုတာက နု ကျုပ် ကို ချစ်သလား ၊ မချစ်ဘူးလား ဆိုတာပဲ ။ တကယ်လို့ ချစ်တယ် ဆိုရင် အိမ်ထောင် ပြုတာ က တော့ နောင် ဖြည်း ဖြည်းပေါ့ ။ စီးပွားရေး ချောင်လည်တဲ့ အချိန်အခါ ကောင်းတဲ့ အချိန် မှာ စီစဉ် နိုင်တာပေါ့ ”

နု သည် စကား ပြန် မပေး ၊ ခေါင်း လည်း မဖော် ၊ နေမြဲ တိုင်းသာ နေ လေသည် ။ ဆိတ်ငြိမ်ခြင်း နှင့် အေးချမ်းကြည်လင်ခြင်း သည် ကျော်မောင် ၏ အချစ်စိတ်ဓာတ် ကို မြှောက် ပေးနေ သည် ။ မထိန်းချုပ် နိုင်အောင် လှုံ့ဆွ ပေး နေသည် ။

ကျော်မောင် သည် နု အနီးသို့ ရောက်အောင် တိုးရွှေ့ သွား သည် ။ နု မှာ အစွန်ဆုံး ရောက် နေပြီး ဖြစ်၍ နောက် ဆုတ် မ ဖြစ် ။ မလှုပ်မရှား နေမြဲတိုင်းပင် ။ ကျော်မောင် သည် ပျော့ ပြောင်းနူးညံ့သော နု ၏ လက်ဖမိုးကလေး ကို ညင်သာစွာ ဆုပ်ကိုင် လိုက်သည် ။ နု က မရုန်း ။ သို့ပေမဲ့ မျက်နှာတော့ တစ်ဖက် လွှဲ သွားသည် ။

“  နု ... နု ကျုပ် ကို ချစ်တယ် မဟုတ်လားဟင် ”

ကျော် မောင်သည် မချင့်မရဲ မေးရင်း နု ၏ မေးကလေး ကို လက် တစ်ဖက် က ကိုင်၍ မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲ လှည့် လိုက်သည် ။

“ နု ... နု ကျုပ်ကို ချစ်တယ် မဟုတ်လား ဟင် ”

နု သည် ရှက်စနိုး အမူအရာ ဖြင့် ဦးခေါင်း ကို ညင်ညင် သာသာ ညိတ် လိုက်သည် ။ အတိုင်းမသိ ဝမ်းမြောက်သော ကျော်မောင် သည် နု ၏ ပြည့်ဖြိုး ကျစ်လျစ်သော ကိုယ် ကလေး ကို အားပါးတရ ပိုက်ထွေးကာ ပါးပြင်နုနုကလေး နှစ် ဖက်အား အငမ်းမရ ဘယ်ပြန် ညာပြန် နမ်း လေသည် ။ နု မှာ အရုပ် လို ကျော်မောင် ပြုသမျှ နု ရတော့မည် ။

“ ချစ်တုန်းခင်တုန်းတော့ ပျော်စရာပဲ ကိုကျော်မောင် ၊ နောင်ခါများ မှာ အိမ်ထောင် တာဝန်တွေကြောင့် စိတ်ပျက် စရာတွေ တွေ့လာမယ် ”  

နု ၏ ရည်းစား စကား မှာ ဆန်းသည် ။ တခြား လုံမ တွေလို အသစ် တွေ့ရင် အချစ် ကို မမေ့ပါနှင့် ဟု ကျော်မောင် ကို မမှာ ။ ကျော်မောင် လို အတွင်းသိ အစင်းသိ မနော ဖြူ အူစင်း ယောက်ျား ကောင်း တစ်ယောက် ကို မှာကြားရန် မလို ။ နု ယုံကြည်သည် ။ ထို့ကြောင့်ပင် အချစ်ရေး ဖောက် ပြန်မှု ကို မစိုးရိမ် ၊ အိမ်ထောင်ရေး သာယာမှု အတွက် သာ တွေးပူသည် ။ ဟုတ်သည် ။ နု ယုံကြည်ချက် အတိုင်း လည်း ကျော်မောင် ကို စိတ်ချရသည် ။ လူချမ်းသာကြီး မဟုတ်ပေမဲ့ ၊ ပညာတတ်ကြီး မဟုတ်ပေမဲ့ ကျော်မောင် ဟာဖြင့် သစ္စာ ရှိ သည် ၊ ကတိ တည်သည် ။ သေသော်တည့်မှ နု ကို စွန့်လွှတ် မည်ဖြစ်သည် ။

“ နု မပျော်ဘူးလား ဟင် ၊ ကျုပ် တော့ ဝမ်း လည်း သာ ၊ ပျော် လည်း ပျော် ”

ပီတိတွေ အပြည့်လျှမ်းသော အသံ ဖြင့် ကျော်မောင် က နု ကို မေးလေသည် ။ နု သည် လက်ဖနောင့် ဖြင့် ကျော်မောင် ၏ ရင်ဘတ် ကို ထု ရင်း တွန်း ပစ် လိုက်ကာ ရှက်စနိုး အသံကလေး ရောနှော ပါဝင်သည့် ဆည်းလည်း လှုပ်သံ လို သာယာစွာ ပြန်ပြောသည် ။

“ နု လည်း ကိုကျော်မောင် လိုပေါ့  ...လို့ ”

( နောက်တစ်ပိုင်း ဆက်ရန် )

◾ဌေးမောင်

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် - ၁၂
      ၁၉၄၈ ၊ မေ

#ကိုအောင်နိုင်ဦး

.

Tuesday, March 28, 2023

နု ( ၃ )


 နေ လည်း တာဝန် နှင့် အညီ အနောက်ကျွန်း သို့ ယွန်း ရန် ချီ တက် နေသည် ။ ကမ္ဘာ့ ကျေးဇူးရှင် အလုပ်သမားတွေ လည်း မလုပ်သူတွေ စံ ရန် သူတို့ ဝတ္တရား အတိုင်း အလုပ် လုပ် လျက် နေသည် ။ နေ သည် အလွန်အမင်း ပူပြင်း နေ သည် ။ မြန်မာပြည် သည် အပူပိုင်းဇုန် မျှ ဖြစ်၍ ပူပြင်းလှ သည် ။ နောက်တစ်ခါ ချောက်မြို့ မှာ မိုးခေါင်ရေရှား ရပ်ဝန်းဒေသ မှ ဖြစ်သောကြောင့် မြန်မာပြည် အခြား အရပ်ဒေသများ ထက် ပို ပူသည် ။ ထို့ထက် တစ်မျိုး မှာ သူတို့ သည် ရေနံငွေ့ ၊ ရေနံခိုး ၊ ရေနံမှိုင်း အတွင်း ဝယ် အလုပ် လုပ်ရ သဖြင့် လွန်လွန်ကြူးကြူး အထူးပင် ပူပြင်း လှပါပေသည် ။ ခိုက်ခိုက်တုန် ချမ်းအေးလှ သည့် မိုးရာသီ သို့မဟုတ် ဆောင်းအခါ တွင် မှ ပင် ရေနံ တစ်စက် တလေ စွန်းထင်းမိသော လက် ၊ ခြေ တစ်နေရာရာ သည် ချွေးတစိမ့်စိမ့် ယို ထွက်သည် ။ ဒါလောက်တောင် ပူပူပြင်း ပြင်း ဆင်းဆင်းရဲရဲ လုပ်ကြရပေမဲ့ သူတို့ တွေ မှာ ဖြင့် သူတို့ လုပ်အား နှင့် ထိုက်တန်သော အခကြေးငွေ ကို မရ ။


အရှည်အဝေး ကမ္ဘာ နှင့် ချီ ပြောရန် ပင် မလို နု တို့ လို ရေနံ အလုပ်သမားတွေ မရှိ လျှင် ရေနံ မရနိုင် ၊ ရေနံ မရလျှင် အလင်းရောင်းရမှု ခက်ခဲမည် ။ ကုန်းကြောင်း ၊ ရေကြောင်း ၊ လေကြောင်း သွားလာမှုတွေ အကြီးအကျယ် အနှောင့်အယှက် ဖြစ်မည် ။ ဤသို့ ဆိုလျှင် ကူးသန်းရောင်းဝယ်ရေး ပျက်ပြား၍ ကုန်ဈေးတွေ ဖောက်ပြန်မည့် အပြင် မုချပင် အရှေ့အာရှတိုက် စစ်ပွဲကြီး ရှုံးရလေတော့မည် ။


      •••   •••   •••   •••  


ညနေ ၅ နာရီ ထိုး အချိန်   ...  


တိမ်ရောင်တွေ ယှက်သန်း၍ ခပ်မှိုင်းမှိုင်း နေခြည် နုသည် ကမ္ဘာစစ်ကြီး ပြင်းထန် သလောက်ပင် မေ့ပျောက် လောက် စရာ သာယာကြည်နူး အောင် ဖန်တီး နေသည် ။ ရေနံမြေ ၏ ရှုခင်း မှာ ရေနံမြေ က လွဲလျှင် မမြင်နိုင် ။ တမျိုး ပင် ကြည်နူးစရာ ကောင်းလှသည် ။ အနိမ့်အမြင့် ကုန်း အဆင့်ဆင့်ဝယ် မီးခိုး တလူလူ ပျံ့လွင့်နေသော ကြွားကြွား ရွားရွား စက်ရုံများ နှင့် မားမားခန့်ခန့် ရေနံတွင်း တွေ မှာ ရှုခင်း သာယာ သလောက် ကြည့်ကောင်း သလောက် လည်း တန်ဖိုး ရှိလှသည် ။ အသုံး ဝင်လှသည် ။ အမှန်ပင် ဟန်ပြ သင်္ကြန်အမြောက် မဟုတ် ၊ အသံ ရော ၊ အဆံ ရော တင်းပြည့် ကျပ်ပြည့် ပါရှိသောအဝေးပစ် အမြောက်ကြီး စစ်စစ် ဖြစ်သည် ။


သာယာသော ရေနံမြေ ပေါ် တွင် လေညှင်း အတွင်း မှ ခပ်ပြင်းပြင်း ကြိုင် နေသည့် ရေနံ အနံ့ ကို ရှူရှိုက်ရင်း ပင် နု တို့ လူစု ရွှင်ရွှင်ပြုံးပြုံး နှင့် အလုပ် မှ ပြန် လာကြသည် ။ အသို့လျှင် မရွှင်ပြုံးဘဲ နေကြပါမည်နည်း ။ နေ မထွက်ခင် မှ နေဝင် စ လုလု အထိ တစ်နေကုန် တစ်နေခန်း ပင်ပင်ပန်းပန်း လုပ်ရသည့် တာဝန် မှ အနား ယူရသည် မှာ ဝမ်းသာစရာပင် မဟုတ်ပါလား ။


“ ဟေ့ နု ကြည့် ဟေ့ ၊ ဟိုက လာတဲ့ မိန်းမ ... ဘယ် လောက် စတိုင် ကျ သလဲ ” 


အေးသက် သည် ရှေ့တူရှုမှ လာသော မိန်းမတစ်ယောက် အား မသိမသာ မေးထိုး ပြရင်း နု ကို ပြောသည် ။ နု တို့ ရှေ့ ပေ တစ်ရာ ကျော် အကွာ လောက် တွင် ပိန်း နေအောင် နံ့သာ ခြယ်ထားသော မျက်နှာ ဂျပန် ကြိုက် ဖန်ပေါင်းချောင် အင်္ကျီ ၊ ပိုးထမီအနီ အသစ်ကျပ်ချွတ်ကြီး နှင့် လျှာထိုးဖိနပ် ထူထူကြီး ကို စီးလျက် တစ်ကိုယ်လုံး ရွှေတွေ ဆင်ယင်ကာ ဟန်ပန် ကြွားကြွား မျက်နှာထား တင်းတင်း နှင့် လျှောက် လာသော ထို မိန်းမ ကို နု တို့ ဂရုတစိုက် ကြည့် ကြသည် ။ သို့ပေမင့် ထို မိန်းမ ကမူ နု တို့ အား လားလား မှ ဂရုမစိုက် ၊ ကျော်လွန်၍ သာသွားသည် ။ နု တို့ က သမင်လည်ပြန် ပင် လိုက် ကြည့်လိုက်ကြ သေးသည် ။


“ တို့များဖြင့် ရွှေ မပြော နဲ့ ချည်လုံချည် ၊ အင်္ကျီ တောင် ကောင်းကောင်းမွန်မွန် မရှိဘူး ” 


ဖွားခင် သည် လေးလေးပင်ပင် ပြောလေသည် ။


“ သူ ဝတ်တဲ့ အင်္ကျီပါး ဆိုရင် တစ်ဝတ်စာ ၂ဝဝိ ကျော် ပေးရတယ် ”  


အေးသက် က ပြောသည် ။


“ ဟယ် .. ဒါလောက် အဖိုးကြီး ပေးပြီး ဝတ် မှ ဝတ် ရက် ပလေတယ် အေ ၊ တို့များ သာ ဆိုရင် အလွန်ဆုံး ၅ဝိ လောက် ပေး ရတဲ့ ယောထည် ကို ဝယ် ဝတ်မှာပေါ့  ။ ဒါလောက် တောင် သူတို့ ကျတော့လည်း ပိုက်ဆံ ပေါ လွန်းလှ တယ် ”  


နု သည် ကလေးများ ကို ပုံ ပြောသော လေသံမျိုး ဖြင့် ဖြည်းဖြည်း မှန်မှန် ပြော လေသည် ။


“ ဘယ် ... ပိုက်ဆံ မပေါဘဲ နေပါ့မလဲ ၊ သူ့ ဂျပန် က စတိုးမာစတာ ဆိုတော့ ပိုက်ဆံ ပေါ တာပေါ့ ။ ဒါပေမဲ့ အေ မိန်းမကြီး က မလှပါဘူး ၊ နု သာ ဒီလို ဝတ်ဆင် ထားလိုက် ရရင် ဘယ်လောက် လှလိုက်မလဲပဲ ” 


“ အမယ်လေး မဝတ်ရချင် ၊ မလှရချင် နေပါစေ တော် ဂျပန် ဖြင့် မယူပါရစေနဲ့ ” 


နု က သရဲ ခြောက်ခံရသလို ထိတ်လန့်တကြား ပြော လိုက်သည် ။ ဖွားခင် နှင့် အေးသက် တို့ က နု ပြောပုံ သဘော ကျ ၍ ရယ်မောကြ လေသည် ။


“ ညည်း ကို ဂျပန် ကြိုက် ရမယ် ပြောတာ မဟုတ်ပါ ဘူးအေ ၊ ဒီလို ဝတ်ဆင်ရရင် လှမယ် ဆိုတဲ့ဟာ သာ ပြောတာပါ ။ ခုခေတ်တော့ ဘယ်သူ ဘာပြောပြော ဂျပန် ကြိုက်ရတာ ပဲ ကောင်းတယ် ။ မပူရ မပင်ရ စားချင်ရာ စား ၊ ဝတ်ချင်ရာ ဝတ် ၊ ထင်ရာ လုပ် ၊ စိတ် မထင်တဲ့ လူ တွေ့ရင် ... မာစတာ လက် တို့ လိုက် ။ ဘယ်လောက် ဟန် ကျသလဲ ” 


အေးသက် ပြောတိုင်းလည်း ဟုတ်ပေသည် ။ ဂျပန် ခေတ် ဆိုသည့် အတိုင်း ဂျပန် တိုင်း မှာ မြန်မာ အပေါ် ၌ ရှင် ဘုရင် ဖြစ်သည် ။ ဈေးဆိုင်များ မှ သော်လည်းကောင်း ၊ လို ချင်သည့် ပစ္စည်း တွေ့ လျှင် အဖေ့ ပစ္စည်း လို သဘောထား ကာ ပိုင်စိုးပိုင်နင်း ယူငင် သွားကြသည် ။ အမျိုးသမီးက လေးတွေ ၊ အမျိုးသမီးကြီးတွေ ကိုလည်း လစ် ရင် လစ် သလောက် အနိုင်ကျင့် စော်ကားကြသည် ။ အမျိုးသားတွေ ကို လည်း အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက် သတ်ဖြတ် ပြုချင် တိုင်း ပြု ကြလေသည် ။ ဤသည် အတွက် ကြီးကြီးမာစတာ တွေ ကို သွား တိုင်လျှင် ရယ်မော နေသည် ။ အရေး မယူ ၊ ဂရု မစိုက် ။ တစ်ခါတရံ တိုင်လာသူတွေ ကို ပင် ပါးနှစ်ဖက် တအား နှက် လွှတ် လိုက်တတ်သေးသည် ။ ပတ်ဝန်းကျင် အခြေအနေ ( ဝါ ) လောကဓံတရားကြီး ဤမျှ ဆိုးရွားဖောက်ပြန် နေရာတွင် သဘာဝ အားနည်းသူ မိန်းမများ သည် အသို့ လျှင် ဂျပန်မာစတာများ အား လင် မလုပ်ချင်ဘဲ နေအံ့နည်း ။ 


“ နု ရေ ... သွားပေတော့ ဟေ့ ” 


အေးသက် နှင့် ဖွားခင် တို့ က သူတို့ အိမ် ဘက်သို့ ခွဲရ မည့် လမ်းဆုံ နေရာ အရောက်တွင် နု အား နှုတ်ဆက်လိုက် ခြင်း ဖြစ်သည် ။ နံနက်တိုင်း နု ကို စောင့်ကြိုသည် မှာ လည်း ဤ နေရာပင် ဖြစ်သည် ။


“ အေးဟေ့ ငါ သွားပြီ ” 


နု က ပြန်၍ ခွန်းတုံ့လေသည် ။


      •••   •••   •••   ••• 


မီးလောင်ပြင်လုံးလုံး ဖြစ်လု နီးနီး ချောက် - ရေနံမြို့တော် သည် ခြစ်ခြစ်တောက် ပူလောင်သော နေမင်း အောက် တွင် မလှုပ်မရှား ပြားပြားဝပ်ဝပ် ငြိမ်သက်စွာ တည်လေ သည် ။ အခါတိုင်း နေ့များ ဆိုလျှင် မြို့တွင်း မြို့ပြင် ပတ်ဝန်းကျင်တွင် ရေနံကုမ္ပဏီ မှ မော်တော်ကားတွေ ဥဒဟို မရပ်မ နား ပြေးလွှား နေကြသည် ။ သို့ပေမင့် ဤ နေ့မှာ တနင်္ဂနွေ နေ့ ဖြစ်ပါသည် ။ ထိုတနင်္ဂနွေနေ့ မှာ ပင် ချောက်မြို့သူမြို့ သားတို့ အလုပ်နားနေ့  ၊ အအားယူနေ့ ဖြစ်သည် ။ ဤသည်ကြောင့်ပင် မြို့မှာ ဆိတ်ငြိမ် နေသည် ။ အလုပ်ရုံတွေ က စက်သံ ဆူဆူညံညံ လည်း မထွက် ။ မီးခိုး တလူလူ လည်း မလွင့် ။


ကတ္တရာစေး လမ်းမကြီး အနောက် ဘက် ဘေး နှစ်ထပ် အိမ်ကြီး ရှေ့တွင် ကြီးမားလှသော လူထုကြီး ကို တွေ့ နိုင်သည် ။ သူတို့တွေ လက်တွင်း ဝယ် ပုံကြီးပုံငယ် အသွယ်သွယ် ကို ကိုယ်စီ ကိုယ်င ကိုင်ဆောင်လျက် ဖြစ် သည် ။ အိမ်ကြီး မှာ နိပွန်ရေနံတူးဖော်ရေး ကုမ္ပဏီ ၏ ကိုယ်စားလှယ် အိမ် ဖြစ်သည် ။


မြို့သူမြို့သားများ သုံးစွဲရန် အတွက် ရေနံဆီ ကို ကုမ္ပဏီ က ကိုယ်စားလှယ် အား လက်ကား ပေးသည် ။ ကိုယ် စားလှယ် ကမှ တစ်ဆင့် မြို့သူမြို့သားတွေ ကို လက်လီ သတ်မှတ်ထားသော အချိုးကျ အတိုင်း ရောင်းချ လေ သည် ။ တစ်မြို့လုံးတွင် ကိုယ်စားလှယ် လေးငါးခြောက်ဦး ရှိသည် ။ သို့သော် မြို့သားတွေ မှာ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မသုံးစွဲရ ။ ရေနံဆီ ထုတ်ရာ ရောက်လျှင် အစိုးရ ပေးထားသည့် RATION လက်မှတ် ကို ပြရသည် ။ ကန့်သတ် ထားသော ဈေးနှုန်း နှင့် အတွက်ကျ ရေနံဆီ ကို ထိုသူ အား ပေးသည် ။ လူတွေ မှာ များလွန်းသည် ။ ထို့ကြောင့်ပင် တစ်ယောက် စီ တန်းစီ နေရသည် ။ သို့မဟုတ် လျှင် အလုအယက် တိုးဝှေ့ ဆူညံကြသည် ။ ရန်ဖြစ်ကြ သည် ။


ဤသို့ ရေနံဆီ ထုတ် ရသည့် ဒုက္ခ မှာ နှယ်နှယ်ရရ မဟုတ် ။ ခြစ်ခြစ်တောက် ပူပြင်းလှသော နေမင်းရောင်ရှိန် အတွင်း မှာ ပူပူအိုက်အိုက် နှင့် အသက် မရှူသာအောင် ဟို က တိုး ၊ ဒီ ကတိုး ၊ ကပျစ်ကညစ် နေရသည် ။ လူစုလူဝေး လူထု ကြီး မို့ လေယာဉ်ပျံ ရန် ကို လည်း အထူး စိုးရိမ်ရသည် ။ သည် အထဲ မှာ မိန်းမပျိုကလေးတွေ မှာ ပိုမို ဒုက္ခ ရောက်သည် ။ မိုက်မဲ စုတ်ပဲ့သော လူမသမာတွေ က မတော်တရော် လုပ်သည် ။ အချင်းချင်း စော်ကားကြသည် ။ တကယ်ဆိုတော့ တစ်ဦး နဲ့ တစ်ဦး အထူးပဲ ရိုင်းပင်းရမည့် အခါ အထူးပဲ ကြင်နာရမည့် အခါကြီး သာ ဖြစ်ပါသည် ။ 


ဤ လူထုကြီး မှာ တနင်္ဂနွေနေ့ မှ အပ နေ့စဉ် ရေနံကုမ္ပဏီ တွင် နေ မထွက် ခင် မှ နေဝင်လု အထိ ဆင်းရဲ ပင်ပန်း လုပ် ရသော အလုပ်သမားတွေ ဖြစ်သည် ။ တစ်ပတ် မှ တစ်ခါ ကြုံရသည့် တနင်္ဂနွေနေ့ မှာ ပင် စိတ်အေးလက်အေး ချမ်းချမ်းသာသာ မနေရ ။ ရေနံ အလုပ် ကို လုပ် နေသည့် ရေနံ မြေ မှ လူထု မှာ တစ်ဂါလံ မျှသော ရေနံဆီကလေး ရမှုအ တွက် ဤမျှပင် ခက်ခဲဆင်းရဲ လှပါဘိတောင်း ။


လူထုကြီး တန်းစီနေသည့် အထဲ မှာ နု တစ်ယောက် လည်း ပါ ပါသည် ။ တစ်ဂါလံ ဝင် သံဖြူကလေး ညာ လက် က ဆွဲလို့ ။ အသို့လျှင် နု တစ်ယောက် မပါဘဲ နေပါအံ့ နည်း ။ နု သည်လည်း လူထုကြီး လို ရေနံမြေ ပေါ်မှာ ပင် မွေး ပါသည် ။ လူထုကြီး ရေနံမြေ ပေါ် မှာ ကြီးပြင်း သလို နု လည်း ရေနံမြေ ပေါ် မှာပင် ကြီးပြင်း ၍ လူထုကြီး ကဲ့သို့ပင် ရေနံ အလုပ် ကို နု လုပ်ရသည် ။ တစ်ဖန်တုံ ရေနံမြေ ပေါ် က လူထုကြီး မွဲတေငတ်ပြတ် နေ သလို နု လည်း ရေနံမြေ ပေါ်မှာ ပင် မွဲတေ ငတ်ပြတ် နေသည် မဟုတ်ပါလော ။


နု နှင့် လူထု ၊ လူထု နှင့် နု ရေနံမြေ ပေါ်ဝယ် ဘဝချင်း ၊ ဖြစ်ရပ်ချင်း တူသည် ။ တစ်ဆံခြည်ကလေးမျှ မခြားနား ။ ထို လူထုကြီး ချမ်းသာသော နေ့ ဝယ် နု ချမ်းသာမည် ဖြစ် လျက် ၊ ထို လူထုကြီး သည်ထက် မွဲတေငတ်ပြတ် အဆုံးစွန် ဘဝ သေသော်တည့်မှ နု လည်း အလားတူ ပင် ဖြစ်ချေမည် ။ ကျပ်ကျပ်တည်းတည်း မတ်တတ်ရပ် စောင့် ရသည်မှာ သုံး နာရီ လောက် ပင် ရှိ လေပြီ ။ ထို့ကြောင့်ပင် နု ၏ တစ်ကိုယ် လုံး သွေးတောင့် ကိုက်ခဲနေသည် ။


ခုတော့ တော်ပါသေး၏ ။ နု ရောက် နေသည် မှာ မိန်းမ တွေ ကြား မို့ အသက်ရှူ ကျပ်သည့် ဒုက္ခ ထက် မပိုပါ ။ နု ရှေ့မှာ လူ ၆ဝ လောက် ရှိလိမ့်ဦးမည် ဟု နု ခန့်မှန်း မိ သည် ။ လူ ၆၀ လောက် ဆိုရင်တော့ မကြာလှပါဘူး ။ အလွန်ဆုံး တစ်နာရီပေါ့ ။  


“ ဝူ ” ခနဲ ဥဩသံ သည် ခွေးအူသံ လို ပေါ်ထွက်လာပြီး အဆုံး ၌ အချက်ပေး သံချောင်းခေါက်သံတွေ တဒေါင်ဒေါင် နှင့် အဆက်မပြတ် တစ်မြို့လုံး ဆူညံ သွားသည် ။


“ လေယာဉ်ပျံ ၊ လေယာဉ်ပျံ ၊ စက်သေနတ်လေယာဉ်ပျံ ... အရမ်း မပြေးကြနဲ့ ” 


ကမ်းနား တစ်လျှောက်မှ စက်သေနတ် ပစ်သံ ကို ပြင်းထန်စွာ ကြားရသည် ။ ဂျပန်မြို့စောင့်တပ် ကလည်း စက် အမြောက်ကလေးများ ၊ လေယာဉ်ပျံ ပစ် အမြောက်ကြီးများ နှင့် တဒိန်းဒိန်း ၊ တဒိုင်းဒိုင်း ပစ်ခတ် တိုက်ခတ်သည် ။ လေယာဉ် ပျံ က လည်း ပစ်တုံးပါပဲ ။  


“ ပြေးနိုင်မှ လွတ်စေမယ် ဟေ့ ” ဟူသည့် တာနောယက္ခ ဘီလူး ကြုံးဝါးသံ ကို ကြားရ သလို နု တို့ လူထုကြီး မှာ ခြေ ဦး နှင့် ဒူး တည့်ရာ ပြေးလွှား ကြသည် ။ လူတွေ မှာ အများ ကြီး ဖြစ်၍ တိုက်မိ ခိုက်မိ လဲကြပြုကြသည် ။ တခြား လူတွေ အဝေးကြီး ရှိ ချောင်းရိုး အထိ ပြေး ကြသော်လည်း နု မှာ မပြေးပါ ။ အိမ် ၏ ခပ်လှမ်းလှမ်းကလေး မှ ကုက္ကိုပင် အောက် ရပ် နေပါသည် ။ နု ကား မပြေးနိုင်၍ လည်း မဟုတ်ပါ ။ သို့ပါလျက် ဘာကြောင့် သူများတွေ လို မပြေးသနည်း ။ မတိမ်း ရှောင်သနည်း ။ ကိုယ့် အသက် ကို ပေယျာလကံ ပြု သနည်း ။


တခြား အကြောင်းတွေ ကြောင့် မဟုတ်ပါ ၊ ရေနံဆီ ကို လိုချင်လွန်း၍ ဖြစ်ပါသည် ။ လေကြောင်းရန် အေးချမ်း သည့် ဥဩ မှုတ်လျှင် အနီးဆုံး နေရာ ရောက် နေလျက် ရှေ့ အကျဆုံး နေရာ ကို တန်းစီ ရမည် ။ ဤသို့ ဆိုလျှင် ရေနံဆီ မြန်မြန် ရ နိုင်သည် ။ ရေနံဆီကလေး တစ်ဂါလံ ရ ပါမည့် အကြောင်း အသက်သွေးခဲ ပင် စွန့် ရ သလော ။ သည်လို ဆိုတော့ ( ရေနံ တစ်စက် သွေး တစ်စက် ) ဆိုတာ အမှန်ပေါ့ ။


ဟုတ်လည်း ဟုတ်ပါသည် ။ ရေနံဆီ မှာ တကယ်ပင် လိုအပ်လှပါသည် ။ မှောင်မှောင်စမ်းစမ်း တွင် အကန်း လို နေ ရသည် ။ ညမှု ညတာ လိုအပ်၍ မှ မီး မထွန်းရ ။ အထူးသဖြင့် နု မှာ တော့ သူ့ အမေ ရောဂါသည်ကြီး အတွက် ပို၍ လိုချင် ခြင်း ဖြစ်သည် ။ ည အချိန်မတော် ညဉ့်နက် သန်းခေါင် ရောဂါ ထ ၊ အလင်းရောင် က မရှိ နှင့် အဖြစ်ဆိုး မှာ နု ကို ရေနံဆီ မရမနေအောင် ကြိုးစားရန် အားပေး နေခြင်း ဖြစ်တော့ သည် ။


လေကြောင်းရန် ဘေးကင်း ဥဩ မှုတ်ပြီ ၊ အချက်ပေး သံချောင်းတွေ ကလည်း အေးဆေးပြီ ဖြစ်ကြောင်း ဟစ်ကြွေး နေသည် ။


တော်ပါသေးရဲ့ ၊ လေယာဉ်ပျံ မြန်မြန် ပြန်သွားသည် မှာ အကယ်၍ သာ မြို့ပေါ် တက်လာလို့ နု တို့ လူထုကြီး ကို မြင် လိုက်မယ် ဆိုရင် ပစ် လိုက် မယ့် စက်သေနတ် ၊ သေလိုက် မယ့် လူတွေ ။


သူ့ ထက်ငါ အပြေးအလွှား နေရာလု တန်းစီကြ သည် ။ နု ဝမ်းသာသည် ။ သူ့ ရှေ့ မှာ ခုနက လို လူ ၆၀ လောက် မရှိတော့ ။ ၂၀ လောက် ရှိပေလိမ့်မယ် ။ ရေနံဆီ ရလိမ့်မည် ။ ထို့ကြောင့်ပင် နု ကြည်နူးလှသည် တကား ။ နု သည် အင်္ကျီ အိတ် ထဲမှ လက်မှတ် နှင့် ပိုက်ဆံ ကို ထုတ် ၍ ဘယ်ဘက် လက် ၌ ကျစ်ကျစ်ပါအောင် ဆုပ် ထားလိုက် သည် ။ သူ ရကာ နီးပြီ ၊ သူ့ ရှေ့ မှာ နှစ်ဦး သုံးဦး သာ ရှိ တော့ သည် ။ နု ရှေ့က လူ အတွက် တစ်ဂါလံဝင် ခွက် အတွင်း သို့ စည် ထဲမှ ထည့် ရာတွင် အပြည့် မရ နှစ်ပုလင်း နီးနီးလောက် လျော့ နေသည် ။


“ ရေနံဆီ ကုန်ပြီ ”


ရေနံဆီ ထုတ်သမား က သူ့ အလုပ် ပြီးမြောက်၍ လွတ်လပ်သွား သဖြင့် ကျေနပ်စွာ ခပ်ကျယ်ကျယ် ကြွေးကြော်လိုက်သည် ။


လူထုကြီး မှာ ဝမ်းထဲ ၌ ဟာ သွားသည် ။ အထူးသ ဖြင့် နု မှာတော့ ထိုင်ပြီးတော့သာ ငို လိုက်ချင်သည် ။ ရလု ရခင် မိမိ အလှည့် ရောက် မှ ရေနံဆီ ကုန် သွားသည် ။ ဒါ လောက်တောင် ကံ ဆိုး လှသည် ။ မျှော်လင့်ခြင်း ကင်း၍ နု မှာ အား ငယ် သွားသည် ။ ငယ် လည်း ငယ်လောက် စရာ ပင် ။ သူ့ အဖြစ် မှာ တကယ် ကို ဆိုးလှပါသည် ။  


နု တို့ လူထုကြီး အတွင်းမှာ ရေနံ တူးဖော်ရန် အတွက် ကိရိယာ တန်ဆာပလာတွေ လုပ် ပေးရသည့် အလုပ်သမား တွေ ပါသည် ။ ပေပေါင်း အရာအထောင် နက်ဝန်းလှ သည့် မြေထုကြီး အတွင်း မှ ရေနံစိမ်းတွေ ကို တူးဖော် စုပ်ယူပေး သည့် အလုပ်သမားတွေ လည်း ပါသည် ။ ထို ရေနံစိမ်း ကုန် ရိုင်းတွေ ကို ဓာတ်ဆီ ၊ စက်ဆီ ၊ ဖယောင်း ၊ ကတ္တရာစေး စသည့် အမျိုးမျိုး အသုံးဝင်သော ကုန်ချောတွေ ဖြစ်အောင် လုပ်သည့် အလုပ်သမားတွေ လည်း ပါသည့် အပြင် ထို ကုန်ချောတွေ ကို စနစ်ကျ သုံးစွဲရအောင် မပျောက်ပျက် ရအောင် ထိန်းသိမ်း စောင့်ရှောက်ရသည့် သယ်ယူပို့ဆောင် ရသည့် အလုပ်သမားတွေ လည်း ပါသေးသည် ။ နိုင်ငံတော် အတွက် သို့မဟုတ် လူ့ လောက တိုးတက်မှု အတွက် ဤ ရွေ့ဤမျှ အသုံးဝင် တန်ဖိုးရှိသော ရေနံမြေ မှ ရေနံအလုပ် သမားတွေ မှာ ထိုရွေ့ ထိုမျှ အောက်ကျ နောက်ကျ ဖြစ်ကာ တန်ဖိုး မရှိ လူ့အခွင့်အရေးတွေ ဆုံးရှုံး နေသည် ။


အကယ်၍သာ ဤသို့ မဟုတ်လျှင် ရေနံအလုပ် သမားတွေ သူတို့ အလုပ် လုပ် သလောက် စွမ်းအား ထုတ် သလောက်သာ အကျိုး ခံစားရမည် ဆိုလျှင်တော့ ရေနံမြေ ဟာ လောက နိဗ္ဗာန်ကြီး ပေါ့ ။


မျှော်လင့်ချက် ကုန်ဆုံးပြီ ဖြစ်သဖြင့် နု တို့ လူထုကြီး အသီးသီး အသက အသက ပြန် ကုန်ကြပြီ ။ မပြန်၍ လည်း မဖြစ်တော့ပါ ။ ရေနံဆီ ကုန်ပြီ မဟုတ်လား ။


       •••   •••   •••   •••  


ရေနံကိုယ်စားလှယ် အိမ် အတွင်း မှ အမိုး နှင့် ကုန် တင် မော်တော်ကားကြီး သည် သံစုံကြူးရင်း ထွက်လာသည် ။


အကယ်၍သာ အမိုး မပါဘိမူ ရေနံဆီ ( ပေပါ ) စည် ကြီး ငါးလုံး ကို တွေ့မြင်ကြရ ပေမည် ။ ကိုယ်စားလှယ် သည် ကုမ္ပဏီ က ရေနံဆီ ၁၀ ပေပါ ( စည် ) ထုတ်ပေးသည် ကို ၅ ပေပါ အား လုံလုံခြုံခြုံ ဝှက် ထားသည် ။ ကျန် ၅ ပေပါ တွင် ရေ နှစ်ပေပါ ရော၍ မြို့သူမြို့သား အလုပ်သမား တွေ ကို ထုတ် ပေးသည် ။


တကယ်ဆို တော့ ကိုယ်စားလှယ်တွေ အတွက် အမြတ်အစွန်း ပေး ထားပြီးသားပဲ ။ ဒါနှင့်များတောင် လောဘ ကြီး လွန်းသည် ။ မစားသင့်သည့် အစာကို စားရက် လေသည် ။ ချွေးတွေ သွေးတွေ နှင့် ရင်းနှီးပြီး ပင်ပန်းကြီးစွာ လုပ်ရသည့် တိုင်းရင်းသား အလုပ်သမားတွေ အပေါ် ခေါင်းပုံ ဖြတ်ရက်လေသည် ။ ရေနံကိုယ်စားလှယ် က သူ ခိုးဝှက် ထားသည့် ရေနံဆီတွေ ကို မိုင်ပေါင်းများစွာ ကွာဝေးသည့် ရေနံ ရှားပါးသည့် ရေနံဈေး ကောင်းသည့် နေရာများ သို့ သွား ရောင်းမည် ။ သူခိုးဈေးကြီး ဖွင့်မည် ။ ဒါမှ အမြတ်အ စွန်းငွေ တွေ မရေမတွက် နိုင်အောင် အများကြီး ရမည် ။ ငွေ တွေ မရေမတွက်နိုင် အများကြီး ရမှ လည်း စည်းစိမ်ခံစားမှု အဝဝကို စံစား ယစ်မူးတော် မူ ရမည် ။ သို့ပေမင့် သူတို့  မလုပ် သူတွေ အကျိုးခံစား စည်းစိမ်ယစ်မူး နေချိန်မှာပင် အလုပ် သမား ကျေးဇူးရှင် လုပ်သူတွေ မှာ ဖြင့် တကတဲ အမြဲ ငရဲ ပမာ လူချင်း မတူရှာဘဲ ဒုက္ခဘုံ မှာ ဝဲလှည့် လို့ နေရှာသည် ။


“ ဪ .. သမီး နု ပြန်ခဲ့ပေါ့ ကိုး ” 


နု အမေ သည် ရေနံဆီပုံးကလေး ကို လက် တစ်ဖက် မှ ဆွဲ ကိုင်ရင်း ငြိမ့်ငြိမ့်ကလေး ပြန် လာသည့် နု ကို တဲ ဝ ဆီ မှ ဆီး၍ နှုတ်ဆက်လေသည် ။


“ ဟုတ်တယ် အမေ ၊ ရေနံဆီ လည်း မရခဲ့ပါဘူး ၊ ကုန် သွားလို့  ၊ တစ်နေ့လယ်လုံး အဆင်းရဲ ခံရတာ ၊ အလကားပါပဲ ” 


နု ၏ အသံ မှာ ကြေကွဲဖွယ် ကောင်းအောင်ပင် တုန်လှုပ်လှိုက်လှဲ နေသည် ကို ကြား နိုင်သည် ။ နု လို ပင် နု အမေ လည်း အတော် ဝမ်းနည်း သွားသည် ။ သို့ပေမင့် ပို၍ နု စိတ် မကောင်းမည် စိုးသောကြောင့် ကြိုးစား ကာ ဣန္ဒြေ ဆောင် ထားရှာသည် ။


“ ကုန်သွားလို့ မရတာတော့ လည်း ဘယ် တတ်နိုင်ပါ့ မလဲ နု ရယ် ။ နောက် တစ်ပတ် ကျတော့ ရ ရောပေါ့ ” 


နု ၏ အမေ မှာ နု ကို အလွန် ချစ်ရှာသည် ။ ကိုးလ လွယ် ဆယ်လ ဖွား ရုံတင်မျှ မ က သူ့ မှီခို အားထားရာ ကျေးဇူးရှင်ကြီး မရှိသည့် နောက် တွင် သူ့ တာဝန် ၊ သူ့ တစ်အိမ်ထောင် တာဝန် ကို နု ပင် စိတ်ရှည်လက်ရှည် ထမ်းဆောင် နေရှာသည် ။ ယုယုယယ ခယဝတ်တွား ပြုစုရှာသည် ။ ဘယ်နေရာ ဘယ်ဌာန မှ ဆုံးမစရာ မလို ၊ အလွန် သိတတ် သည် ။ သူ့ ကိုယ် သူ စောင့်ထိန်း တတ်သည် ။ သမီး တစ်ယောက် ဆို ဆို စလောက်ပင် အားထား ရသည် ။ အလိမ္မာ တုံး ရှုမငြီး သော သမီးချော နု ပါတကား ။


ဤသည်ကြောင့် ပင် နု ကို ချစ်သနား မဆုံး ၊ နု ပင်ပင် ပမ်းပမ်း ဆင်းဆင်းရဲရဲ အောက်ကျ နောက်ကျ အလုပ် လုပ် နေသည် ကို မရှုရက် ၊ မမြင်ချင် ၊ မမြင်ချင် မရှုရက် ပေမဲ့လည်း မတတ်နိုင် ၊ မလွှဲသာတော့ ဥပေက္ခာ ပြု ရသည် ။


“ ရေနံဆီ က တစ်ခါ တစ်ခါ ဆို ထုတ် က ထုတ်ဖြစ်ခဲ ပါဘိနဲ့ ။ မရလိုက်တာ သိပ် ဆိုးတာပဲ ” နု သည် မကျေမချမ်း သံကလေး နှင့် ထပ် တွန့်၍ ပြော လိုက်သေးသည် ။


ညနေ လေးနာရီ ထိုးပြီ ဖြစ်သဖြင့် နု သည် ညစာ အတွက် ချက်ပြုတ်ရေး ကို စိုင်းပြင်းနေရလေသည် ။ နု သည် ဆန်ကော အတွင်း မှ ဆန် ကို ထမင်းအိုး ထဲ သို့ လောင်း ထည့် နေသည် ။ ဆန် မှာ တော်တော် ကို ဆိုးသည် ။ နီဝါကြောင်ကြား ဖွဲနုများ နှင့် စပါးလုံးတွေ ကလည်း ပါ လိုက်သေး သည် ။ ဆန် မကောင်းသောကြောင့် ချက် ၍ လည်း မကောင်း ၊ စား ၍ လည်း မကောင်းပေ ။


ထောင်သားများ မှာ အလွန် ဆိုးသော လုံးတီးဆန် ကို စား ရသည် ဟု နု ကြားဖူးသည် ။ သို့ပေမင့် ထောင်သားများ ဆန် မှာ နု တို့ စားနေရသော ဆန် ထက် ဖြင့် ပို၍ မဆိုးနိုင် ။ သည် ဆန် က သာ ပို ဆိုးချင် ဆိုးမည်ဟု နု စိတ် က အောက် မေ့သည် ။ နု စိတ် က အောက်မေ့သည် မှာ လည်း မမှားပေ ။ တကယ်ပင် နု ယူဆချက် အတိုင်းသာ ဖြစ်ပါသည် ။ မြန်မာပြည် ဟာ ကမ္ဘာ ပေါ် မှာ ဆန် အများဆုံး ထွက် တဲ့ တိုင်းပြည် ပါ ပဲ ။ ဒါပေမဲ့ သည် ဆန်တွေ ဟာ နု တို့ အတွက် မဟုတ်ပါ ။ အလုပ် မလုပ်သူတွေ ၊ ကိုယ်ကျိုး ရှာသူတွေ ၊ နိုင်ငံခြားသား တွေ အတွက် သာ ဖြစ်ပါသည် ။


( နောက် တစ်ပိုင်း ဆက်ရန် )


◾ဌေးမောင်


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၁ ၊ အမှတ် - ၁၂ 

      ၁၉၄၈ ၊ မေ 


#ကိုအောင်နိုင်ဦး


.

Monday, March 27, 2023

နု ( ၂ )


 သူရိယ သည် ရေနံတွင်း ကြို ၊ ရေနံတွင်း ကြား မှ ကြိုးကြိုးစားစား ထိုး ထွက် လာရသည့် ပမာ တဝင့်ဝင့် မြင့်တက် လာ လေတော့သည် ။ သို့သော် သူ ၏ အဝန်းကုန် မကျွတ် လွတ်သေး ။ တစ်ပိုင်း တစ်စ ကြွလုလု မျှ သာ ရှိသေးသည် ။


အလုပ် ဝင် ရန် ဥသြသံ သည် မှန်မှန်ပင် ခါတိုင်း လို ဟစ်ကြွေး လိုက်သည် ။


“ ဟော .. ဥဩ တောင် မှုတ်ပြီ ။ လာကြဟေ့ ၊ မြန်မြန် တော်ကြာ နောက်ကျ နေ လို့ ကူလီခေါင်း ဆူ နေ ဦးမယ် ” 


အေးသက် သည် လောဆော်ရင်း သူ ကိုယ်တိုင် လည်း ယခင် က ထက် ပိုလျက် ခပ်သွက်သွက်ကလေး

လျှောက်လေသည် ။ သို့သော် အလုပ်ခွင် ရောက်ရန် မှာ တစ်ခေါ် လောက် သာ လို ပါတော့သည် ။ ထို့ကြောင့်ပင် တလှုပ်လှုပ် တရွရွ နှင့် အလုပ် စ နေ သည့် ကူလီ ၊ ကူလီမ တွေ ကို သူတို့ မြင်နေ ရသည် ။


“ မကြောက်ပါနဲ့ အေ ၊ နု တစ်ယောက် လုံး ပါ သေး တာပဲ ”  


ဖွားခင် သည် နု ကို မေးထိုး ပြရင်း ပြောသည် ။


“ အို .. ဖွားခင် ကလဲ ငါ နဲ့ဘာ ဆိုင်တာလိုက်လို့ ငါ ကော ဘာမို့လဲ ” 


နု သည် ဤသို့ ချေပ လိုက်ရသည့် တိုင်အောင် စိတ်ထဲ ၌ တစ်မျိုး ဖြစ် လေသည် ။ အဘယ့်ကြောင့် ဆိုသော် ကူလီခေါင်း သည် နု အား အစဉ် မျက်နှာသာ ပေးလျက် အလွန် သက်သာသော နေရာများ ၌ အလုပ် ချ ပေးသည် ။ ရံဖန်ရံခါ နောက်ကျသည်များ ကို လည်း အရေး မထား ၊ စကား ပြော ရာ၌ လည်း အခြား အလုပ်သမားများ အပေါ်၌ တင်းမာရိုင်းပျ သလောက် နု အပေါ် မှာ ပျားသကာလောင်း သလို ချို လှ သည် ။ ဤသည်တွေ ကို နု ကောင်းစွာ သိ ပါသည် ။ ကူလီ ခေါင်း ကိုယ်တိုင် က လည်း နု အား ဘာလို ညာလို စကား ချို ပြောဖူး လှပြီ ။ ထို့ကြောင့်ပင် အကြောင်း သိ လုပ်ဖော်ကိုင်ဖက် တွေ က နု အား ကွယ်ရာတွင် ဆရာကတော် ၊ ဆရာကတော် ဟု ပြောင်ချော်ချော် ခေါ် တတ်သည် ။ သည်လို ခေါ်ကြသည် ကို နု က မကြိုက် ၊ နု တားမြစ်ခဲ့ပါသည် ။


သို့သော် တားမရသည့် အဆုံး၌ ခပ်မဆိတ်ပင် နေ ရတော့ သည် ။ စိတ် ထဲ တွင် ကူလီခေါင်း အား ကြိုက်ရမည် မှာ ဝေး ပါသေးသည် ။ တကယ် ဆို တော့ သူ့ ကို ညှာတာမှု အ တွက် ကျေးဇူး တင်သည် ဆိုရုံ ကျေးဇူး တင်ခြင်း သက်သက် သာ ဖြစ်ပါသည် ။ 


“ ဪ နုတို့ လာကြပေါ့ ကို ” 


ကူလီခေါင်း က ချိုချိုပြုံးသော မျက်နှာ နှင့် ဆီးကြို နှုတ်ဆက်ခြင်း ဖြစ်သည် ။


“ ဟုတ်ကဲ့ အစ်ကိုကြီး ဒီနေ့ နည်းနည်း နောက်ကျ သွားတယ် ။ ည က အမေ အနေ ဆိုး တာနဲ့ ” 


နု သည် နောက်ပိုင်း ကူလီခေါင်းကြီး အား “ အစ်ကို ကြီး ၊ အစ်ကိုကြီး ”  ဟု ခေါ်သည် ။ နု စိတ် က လှိုက်လှိုက်လှဲ လှဲ အစ်ကိုကြီး လို သဘော မထားမိသည် မှာ အမှန် ဖြစ် သော်လည်း တစ်နည်း တစ်လမ်း အားဖြင့် သူ့ အား အကာ အကွယ် ရရန် အတွက် နု သည် နှစ်နှစ်ခြိုက်ခြိုက်ကြီး မဟုတ် ဘဲ လျက် ခေါ် နေရ ရှာသည် ။


“ ကိစ္စမရှိပါဘူး ကွယ် ၊ တစ်ခါတလေ ဒီလိုပဲ နောက်ကျ ကြတာပဲ ” 


ကူလီခေါင်း သည် အဆင်မသင့် သဖြင့် တစ်ခါတရံ နောက်ကျ သူ တိုင်း ကို သည်လို စကား မျိုး ချည်း ပြောသည် ဆိုလျှင် အလွန် စေတနာ ကောင်းသူ တစ်ဦး ဟု အများ က အသိအမှတ် ပြုမည် ဖြစ်သော် လည်း နု တစ်ယောက် တည်း ကို သာ သည်လို စကား ကောင်း ပြော သဖြင့် သူ့ အား မျက်နှာ လိုက်သည့် သူ ဟု အပြစ် ဆိုကြသည် ။ အတင်း ပြောကြ သည် ။


နု တို့ သည် ပါ လာသော ထမင်းချိုင့်ကလေးတွေ ကို ထား နေကျ အနီး ရှိ တမာပင် တစ်ပင် တွင် ချိတ်ဆွဲ ထားလိုက် ကြ၍ အလုပ်ခွင် သို့ ဝင် ကြလေသည် ။ နု တို့ လုပ် ရသော လုပ်ငန်း မှာ ဂါလံ တစ်သောင်း ( ၁ဝဝဝဝ ) ဝင် ရေနံသံခံ ( TANK ) ကို ဘေးပတ်ပတ်လည် မှ ထရံ ၂ လွှာ ကာ ၍ တစ်လွှာ နှင့် တစ်လွှာ၂ ပေ ကျော်ကျော် ကွာသော ၎င်း ထရံ ၂ လွှာ အကြား သဲများ လောင်း ထည့် ရခြင်း ဖြစ်လေသည် ။ ထရံ အမြင့် မှာ ရေနံသံခံ နှင့် ညီတူ ဖြစ်သဖြင့် လေကြောင်း ရန် အတွက် အတော်အတန် စိတ် ချရသည် ။ အတော်အတန် ကွာလှမ်းသော နေရာ မှာ ကျသော ဗုံး ၊ အတော်အတန် ပစ်သော စက်သေနတ် ရန် ကို စိတ်ချလက်ချ ကာကွယ် နိုင်သည် ။


နု လုပ်ခဲ့သော ရက်ပေါင်း ၂၀၀ ကျော် အချိန်ကာလ အတွင်း မှာ နု သည် ဤ အလုပ် မျိုး ချည်း နေ့စဉ် ရက်ဆက် လုပ် ခဲ့ ရသည် ။ နု လုပ်ခဲ့သော အချိန် အတွင်း မှာပင် ဤလို သံခံ ကြီး ပေါင်း ၇ လုံး ပြီးစီး၍ ယခု ၈ လုံး က လုပ် နေဆဲ ဖြစ် သည် ။ သံခံကြီး နှင့် ပေ ၁၀၀ ကျော် လောက် မှာရှိသည့် မြေကမူကလေး ကို ပေါက်ချွန်း ကိုယ်စီ နှင့် ယောက်ျား ၆ ယောက် က တူးဆွ ကာ ဂေါ် ၂ လက် နှင့် အခြားလူ ၂ ယောက် က ကူလီမများ ၏ သံဒယ် ထဲ သို့ အလောတော် ထည့် ၍ ပေးရသည် ။ ထို မိန်းမများ က မှ ရွက်သယ် သွား လျက် ငြမ်းပေါ် တွင် ခါးတောင်းကျိုက် တကြားကြား နှင့် စောင့်စား နေသည့် ယောက်ျား အလုပ်သမားများ ကို ပေး ရ၍ ထိုသူများ က မှ တစ်ဆင့် ထရံ ၂ လွှာကြား လောင်း ထည့် ရ လေသည် ။


ယခုသော် နေမင်း သည် မှိုင်းမှုန်မှုန်နှင်းထု ကို အပြတ်အသတ် တိုက်ဖျက် ဖောက်ထွင်း ကာ ထင်းထင်းကြီး မင်းမှု လျက် ရေနံတွင်းများ ထိပ်ဖျား တွင် ကြွားကြွားခန့်ခန့်ကြီး စမ္ပယ် နေတော့သည် ။ တက်သစ်စ နေမင်း ၏ ရောင်ခြည် သည် အလုပ်သမားတွေ ကို လုပ်အား ရှိအောင် အားသစ် ဖြည့်တင်း ပေသည် ။ နေမင်း သည် ကမ္ဘာသူ ကမ္ဘာသားများ အတွက် အသက် ရှင် နေ စေရန် အလင်းရောင် ကို ဖြန့်ဖြူး နေ သလို အလုပ်သမားတွေ လည်း ထို အသက် ရှင် နေသော ကမ္ဘာလူထု အတွက် မရှိမဖြစ်သော ထွက်ကုန် ကို ရရှိအောင် ၊ အသုံးပြုနိုင်အောင် ၊ တည်မြဲအောင် အားထုတ် ကြိုးစားနေ သည် ။ အစွမ်းကုန် လုပ်ဆောင် နေကြသည် ။


သို့သော် အချို့ ကမ္ဘာသူ ၊ ကမ္ဘာသား တွေ မှာ နေမင်း ကျေးဇူးတော် ကို မသိ ၊ အလိုမကျ သည့်အခါ ဆဲရေးတိုင်း ထွာ ကြသလို ၊ ကမ္ဘာ့ကျေးဇူးရှင် အလုပ်သမား တန်ဖိုး ကို မသိဘဲ နေမင်း လို အမြင့် က မဟုတ်သော အလုပ်သမား များ အား ဆဲရေးတိုင်းထွာ ရုံပင် မကဘဲ ကာယကံမြောက် ဖိနှိပ်ချုပ်ချယ် သွေးစုတ်ဖွယ် သတ္တဝါတွေ ဟု ရိုင်းရိုင်းပျပျ စော်ကားကြပါသေးသည် ။  ။


“ လ တပေါင်း .. ရွက်ဟောင်းငယ် တဲ့ ကြွေခဲ့ပြီ ... ရိုးတံ မှာ ရွှေရည် လူးတယ် ကွယ် ... ဖူးတန် က ချီ ”


ငြမ်း ပေါ် မှ အလုပ်သမား တစ်ဦး ၏ ရွှင်မြူးသံ ဖြစ်ပါ သည် ။ သူ ကား ကမ္ဘာ့ အကြောင်း လည်း မသိ ၊ ဗမာ့ အကြောင်းလည်း မကြည့် ၊ မစင် ထဲ မှ လောက် နှင့် တူသော သူ့ အဖြစ် ကို လည်း သတိ မထားမိ ။  


“ အောင်မာ ... ဘခင် က အသံ ကောင်းပါလား ကွ ၊ ဒါနဲ့များ ကူလီ လုပ်နေရသေးတယ် ကွာ ဇာတ် ထဲ လိုက် မင်းသမီး ထဘီဖာ ထမ်း ရောပေါ့ ”  


ဘခင် အနီး မှ ကူလီလုပ်သား တစ်ဦး က ပြော လိုက် ရာ စကား ကောင်း မှတ်၍ နားထောင် နေသူများ မှာ “ ဝါး ” ခနဲ ပွဲ ကျ သွားလေသည် ။ ဆက် ဆိုရန် ဟန် ပြင်ထားသော ဘခင် မှာ လည်း ဆွံ့ အ သွားလေသည် ။ အဘယ့်ကြောင့် ဆိုသော် သူ အတော် ရှက်သွားသည် ။ အခြား လူတွေ ကို တော့ မရှက်ပါ ။ နု တစ်ယောက် တည်း ကိုသာ ရှက်ခြင်း ဖြစ် ပါသည် ။ တခြားလူတွေ အကုန်လုံး က ကဲ့ရဲ့ သည့် တိုင် နု တစ်ယောက် တည်း က ချီးကျူးမည် ဆိုလျှင် သူ အတော် ဝမ်းသာမည် ဖြစ်ပါသည် ။ သို့ရာတွင် လည်း သဘော ကျ ကျေနပ်စွာ တခြားလူတွေနှင့် ရောနှော ရယ်မောသောကြောင့် သူ့ ခမျာ မှာ ရှက်၍ ဝမ်းနည်းခြင်း ဖြစ်ရလေတော့ သည် ။


“ ဟေ့ .. ဘခင် ဆက် ဆို စမ်းပါဦး ကွဲ့ ” 


ဂေါ် ကိုင်လျက် သဲ ထည့် ပေး နေသော အလုပ်သမား တစ်ဦး က လှမ်း၍ အားပေးခြင်း ဖြစ်သည် ။ သို့သော် ဘခင် မှာ ဆက် မဆိုသည့် အပြင် စကားတောင် မှ ပြန်ဖော် မရ ။


“ ဟေ့ကောင်တွေ လုပ်ကြ လုပ်ကြ မာစတာ လာနေ ပြီ ။ စကား ပေါ မနေကြနဲ့ ” 


ကူလီခေါင်း က လောဆော် သည် ။ ကူလီခေါင်း လောဆော်မှု မှာ ပြေးနေသော မြင်း ကို ရထား ပေါ် မှ ကြိမ်တံဖျာ နှင့် ခပ်ခြင်းဖြင့် ပမာ တူသည် ။ မပျင်းမရိ မခိုမကပ် အားတိုက် အင်တိုက် လုပ်နေသူများ ကို တကယ် ဆိုတော့ သက်ညှာ ဖို့သာ ရှိ ပါသည် ။ အလုပ်သမားတွေ ဦးနှောက် ထဲ စွဲ နေသော အကြောင်းအချက် ရှိပါသည် ။ ထို စွဲမြဲနေသည့် တစ်ချက်တည်း သော အကြောင်း မှာ တစ်ခါတုံး က ဂျပန် ဝါဒ ဖြန့်ချိရေး အရာရှိကြီး အလုပ် ထဲ လာရောက် တရားဟော သွားခြင်း ဖြစ်ပါသည် ။  


အလုပ် ကို တတ်နိုင်သမျှ ကြိုးစား လုပ်ကြပါ ၊ အခု ဖြစ်ပွားနေတဲ့ အရှေ့အာရှတိုက် စစ်ပွဲကြီး အောင်မြင်နိုင်ဖို့ အရေး မှာ ရေနံ ဟာ အရေး အကြီးဆုံး နေရာ လောက် က ပါ ပါတယ် ။ ရေနံ မရှိလျှင် လက်နက် ၊ ရိက္ခာ ၊ စစ်သားတွေ သယ်ယူပို့ဆောင်မှု မလုပ်နိုင် တဲ့ အပြင် တကယ် အရေးအ ကြီးဆုံး ဖြစ်တဲ့ လေကြောင်းတိုက်ပွဲ ကို ဆင်နွှဲနိုင်မှာ မဟုတ် တော့ဘူး ။ ဒါကြောင့် “ ရေနံ တစ်စက် ဟာ သွေး တစ်စက် လောက်ပဲ အဖိုး တန်ပါတယ် ။ နောက်ပြီးတော့ ခင်ဗျားတို့ ကြိုးစား လုပ်ကိုင်မှုတွေ ဟာ ကျုပ် တို့ နိပွန်များ အကျိုး ခံစား ဖို့ မဟုတ်ပါဘူး ။ ခင်ဗျားတို့ အတွက် ပဲ ဖြစ်ပါတယ် ။ အခု မြန်မာပြည်ကြီး ကို ဒိုက်နိပွန်တွေ က လွတ်လပ်ရေး ပေးတော့ မလို့ပါ ၊ လွတ်လပ်တဲ့ စစ်ပြီး ဗမာနိုင်ငံ ဟာ ကမ္ဘာ့ ထိပ်တန်း နိုင်ငံ ဖြစ်တဲ့ ဒိုက်နိပွန်တွေ နဲ့ အတူတူ ရင်ပေါင်တန်း လှမ်း နိုင်အောင် အလုပ်သမားတွေ ကြိုးစားကြပါ ။ ကိုယ့် တာဝန် ကို ကျေပွန် မှ ကိုယ့် လူမျိုး ဟာ အထက်တန်း ရောက် မယ် ဆိုတာ ကို နားလည် ထားကြပါ ၊ နောက်ဆုံး ပြောချင် တာ က တော့ ခင်ဗျားတို့ အလုပ် ကို နိပွန်တွေ အစိုးရ ဖို့ လို့ သဘော ထား ပြီး မလုပ်ကြပါနဲ့ ။ ငါတို့ ဆွေမျိုးတွေ ဖို့ ၊ ငါတို့ တိုင်းရင်းသားတွေ ဖို့ ၊ ငါတို့ နိုင်ငံ အတွက် လို့ သဘော ထားပြီး လုပ်ကြပါ ” 


ထိုစကားတွေကို သူတို့ တော်တော် သဘော ကျ သည် ။


“ ဂျပန်တွေ ဟာ အလွန် ကောင်းကြတာပဲ ၊ ကြည့်စမ်း ပါဦး ၊ ငါတို့ မေ့လျော့နေတာ ၊ နားမလည်တာတွေ ကို စေတနာကောင်း နဲ့ အဆင်းရဲ ၊ အပင်ပန်းခံ ပြီးတော့ သတိပေး နှိုးဆော် ရှာတယ် ။ ငါတို့ တိုင်းပြည် ငါတို့ ရ တော့မှာပဲ ။ စစ် အတွင်း မို့ လို့သာ ရေနံမြေ နဲ့ တခြား လုပ်ငန်းတွေ ကို ဂျပန်တွေ က စောင့်ရှောက် ထိန်းသိမ်း ထားတာ ။ နောက်ကျ ရင် မြန်မာတွေ ကို ပြန် ပေးမှာလို့ လဲ ငါတို့ မာစတာ ပြောဖူး သားပဲ ။ အရေးကြီး တာ က တော့ စစ်ပြီးဖို့ပဲ ။ စစ် အပြီးသတ် အနိုင် တိုက် ဖို့ က လည်း ရေနံ က အရေး အကြီးဆုံးပဲ ။ ဟုတ် တယ်လေ ၊ ရေနံ မရှိရင် အင်္ဂလိပ်တွေ ကို ဘယ့်နှယ် လုပ်ပြီး စက်သေနတ်ပစ် ၊ ဗုံးကြဲ လုပ်နိုင်မလဲ ။ အောင်မယ် လက်စ သတ်တော့ မြန်မာ ကောင်းစားရေး အတွက် ထိပ်ဆုံး က ပါလား ” 


ဤသို့လည်း အတွေး ရောက် ကာ သူတို့ သွေးကြီး ကြ သေးသည် ။ ထို့ကြောင့်ပင် အရင် နှင့် မတူ အလုပ် ကြိုး စား လုပ်ကြသည် ။ အမှန်ဆိုတော့ သူတို့ မှာ တကယ့် ရင့်မာ တဲ့ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်း မနေပေမဲ့ ၊ နိုင်ငံရေး သဘောတရား ကို နားမလည်ကြပေမဲ့ ၊ တင်းပြည့်ကျပ်ပြည့် အကျင့်စာရိတ္တ မကောင်းကြပေမဲ့ မြန်မာလူမျိုး တွေ ဖြစ်ကြ လို့ မြန်မာတွေ အပေါ် မှာ တော့ စေတနာ ကောင်း အရှိသား ။


“ မာစတာ မာစတာ ”  ကူလီတွေ လေးလေးစားစား ရိုရိုသေသေ ခေါ်ကြသည် ရှိမုရဆန်း သည် လက် တစ်ဖက် က သားရေအိတ်ကြီး ကို တရမ်းရမ်း ဆွဲရင်း ရောက် လာ သည် ။ ကူလီခေါင်း အမှူးပြု၍ အလုပ်သမား အကုန်လုံး သည် အလုပ် လက်နက်များ ကို ချ ထား လျက် ဝိုင်းဝန်း အလေး ပြု ကြသည် ။ အချို့က ကိုယ် အထက်ပိုင်း ညွှတ် ၍ လည်းကောင်း ၊ အချို့က နဖူးပေါ် လက် တင် ၍ လည်းကောင်း ၊ အချို့က ကိုယ် လည်း ညွှတ် ၊ လက် လည်း တင် ၍ လည်း အမျိုးမျိုး အဖုံဖုံ အလေး ပြုကြသည် ။


ရှိမုရဆန်း သည် ယိုးရှိ ဟု ကျေကျေနပ်နပ်ကြီး ကောင်းချီးသြဘာ ပေး၍ တစ်ဦး မှ မမှန်ကန်သော အလေး ပြုမှု ကို အားရပါးရ ခံယူသည် ။ အဘယ်လျှင် အားမရဘဲ နေပါမည်နည်း ။ သူ့ မှာ အတီ မျှ “ နေနတ်သမီးအမိ ” ၏ အကျိုး ကို ဆောင်ရွက် နိုင်ခဲ့သည် မသိ ။ “ အမိနေနတ်သမီး ”  ကိုယ်စား “ တင်နိုဟေကာ ” က ချီးမြှင့်ထားသည် မှာ ကြယ် တစ်ပွင့် သာ ရှိပါသေးသည် ။


သူတို့ တပ် တွင် သူ့ ထက် အဆင့်အတန်း နိမ့်သူ မရှိ ၊ သူ နှင့် တန်းတူသာ နည်းနည်းပါးပါး ရှိသည် ။ ထို့ကြောင့် ပင် သူ့ မှာ ဘယ်သူ အလေးပြု မျှ မခံရ ။ ဘယ်သူ ကို မျှ မခိုင်း စေရဘဲ သူ က သာ အလေး ပြု ရသည် ။ သူ ကသာ အခိုင်းစေ ခံရသည် ။ ထိုမျှ တန်ခိုးတေဇော် အာနုဘော် နှင့် ပြည့်စုံတော် မမူရှာသည့် ရှိမုရဆန်း သည် အဘယ်လျှင် မြန်မာ့အလုပ် သမား လူမွဲများ ၏ အလေးပြုမှု ကို မကျေနပ်ဘဲ ၊ မနှစ် သက်ဘဲ ၊ မကြည်နူး မသာယာဘဲ ရှိအံ့နည်း ။ အလေးပြုမှု ကို မလိုလားဘဲ ရှိအံ့နည်း ။


အလုပ်သမားများ သည် သက်ဆိုင်ရာ လုပ်ငန်း အရပ်ရပ် ကို ဆက်လက် လုပ်ကိုင် ကြသည် ။ ကူလီခေါင်း ကား လာသော အလုပ်သမားများ စာရင်း ကို သူ့ မာစတာ အား တင်ပြ ပေးအပ် လျက် ရှိသည် ။ မာစတာ ကား သူ့ စာအုပ် တွင်း မှ အလုပ်သမားများ ၏ နာမည် ကို တစ်ခု စီ တစ်ခု စီ မေး၍ နေသည် ။ ကူလီခေါင်း က လာသည် မလာသည် ကို တစ်ယောက် စီ တစ်ယောက် စီ ပြော ပြနေသည် ။ ကူလီခေါင်း သည် အလုပ်သမား ၄ ယောက် မလာသည် ကို တစ် ယောက် မလာ ဟု စာရင်း ပေးသည် ။ ကျန် ၃ ယောက် ၏ နေ့တွက် တို့ ကို ငွေ ထုတ်သော အခါ ကူလီခေါင်း က ဖြတ် ယူ လိမ့်မည် ။


မာစတာ မှာ တခြား တခြားသော အလုပ်ဆိုင်းတွေ ဆို လျှင် အလုပ်သမား အကုန် တန်းစီ ၍ နာမည် စစ် သော် လည်း ဤ အလုပ်ဆိုင်း ကိုမူ လစ်လျူ ရှုသည် ။ ကူလီခေါင်း အစီရင်ခံသမျှ ကို ခြွင်းချက် မရှိ ယုံကြည် လက်ခံသည် ။ လက်ခံသည့် အကြောင်း မှာ လည်း အခြား ကြောင့် မဟုတ် ၊ ကူလီခေါင်း က သူ့ အား ကြက်ဥ တို့ ၊ အရက် တို့ ၊ ဆေးလိပ် တို့ အစဉ်မပြတ် ဆက်သ သော ကြောင့် ဖြစ်သည် ။ ဤသည် ကြောင့်ပင် လျှင် မာစတာ က ကူလီခေါင်း ကို အထူး အခွင့် အရေး ပေး၍ သူ့ မှာ အထူး ပါဝါ ရှိသည် ။ အလုပ် ဖြုတ်ရန် ၊ အလုပ် ခန့်ရန် ၊ လခတိုးရန် ၊ လခလျှော့ရန် မှာ သူ့သဘော ကျ ဖန်တီး တိုင်း လောက် ဖြစ်မြောက် ပါသည် ။


တစ်ဖန်တုံ ကူလီခေါင်း အား လည်း အလုပ်သမား များ က အနည်းနည်း အဖုံဖုံ ပူဇော် ပသကြရသည် ။ မာစတာ သည် စာရင်းစာအုပ်များ ၊ ခဲတံများ သိမ်းဆည်းပြီးသော အခါ သားရေအိတ် ကို လက် တစ်ဖက် မှ ဆွဲကိုင်လျက် ရေနံ သံခံ ဆီ သို့ လျှောက် လာသည် ။ ကူလီခေါင်း လည်း နောက် ပါး မှ ခစား ရင်း ပါ လာသည် ။ မာစတာ သည် ငြမ်း ပေါ် သို့ ဆွဲတက်ကာ သဲများ မည်မျှ ထည့် ပြီး၍ ၊ မည်မျှလောက် ကြာအောင် လုပ် ရဦးမည် ကို ခန့်မှန်းရန် စေ့စေ့ငုငု ကြည့် လေ သည် ။ တစ်ဖက် မှ အလုပ်သမား တစ်ဦး လောင်း ထည့် လိုက်သော မြေကြီးများ ကို လေ ပင့် လိုက် သဖြင့် မာစတာ ကိုယ် အထက်ပိုင်း ကို သဲများ ဖုံး လွှမ်း သွားသည် ။


“ ဗားဂါးနား ”  မာစတာ သည် သာယာနာပျော်ဖွယ် ကောင်းသော အသံ ဖြင့် ရေရွတ် ရင်း ငြမ်း ပေါ် မှ ခုန် ဆင်း လိုက်သည် ။


ထိုစဉ်မှာပင် နု သည် မာစတာ နှင့် လေးငါးခြောက်ပေ လောက် အကွာ ငြမ်း အောက် သို့ ရောက်လာ ကာ သူ ၏ သဲ ဒယ်အိုး ကို ငြမ်းပေါ် မှ အလုပ်သမား သို့ လက် နှစ်ဖက် ဖြင့် မြှောက် ပေး လေသည် ။ မာစတာ မျက်လုံး အစုံ သည် လက် နှစ်ဖက် ကို အထက် သို့ မြှောက် ၍ ထား သဖြင့် အပေါ် အင်္ကျီ ပင့် တက် နေသော နု ၏ ကိုယ် အထက်ပိုင်း ဆီ သို့ စူးစူးစိုက် စိုက် ကြည့် နေသည် ။ “ မစွမ်းရင်း က လည်း ရှိ ၊ ကဇွန်းခင်း က လည်း ညိ ” ဆိုသလို နဂို က မှ အင်္ကျီ ခပ်တိုတို တွင် ယခုလို အထက် ကို လက် မြှောက် ရတော့ မောက်ကြွားစွာ ချီ၍ နေသော ရင် ကို လုံလုံခြုံခြုံ မဖြစ်နိုင်ပါ ။ ချွေးခံ အင်္ကျီ တွင် ထင်ထင်ရှားရှား ကွဲကွဲပြားပြား ပကတိ မူအတိုင်း သိသာ စွာ မြင်နိုင်ပါသည် ။  


ဒယ်အိုးလွတ် ကို ညာလက် ဖြင့် ဆွဲရင်း သဲပုံ ဆီ သို့ ခပ်မှန်မှန် လျှောက်သွားသော နု ကို မာစတာ သည် ကာမ ရမ္မက် ငမ်းငမ်း တက် သော မျက်လုံးအစုံ ဖြင့် ကြည့် နေ သည် ။ ကူလီခေါင်း သည် ကြောင်ချင်း မို့ အမှောင် တွင်း ပေ မဲ့ မြင်ပါသည် ။ ထို့ကြောင့်ပင် စိတ် ထဲ ၌ ထင့်ခနဲ ဖြစ် သွား သည် ။ ကူလီခေါင်း စိတ် ထင့် ပုံ မှာ မြန်မာအမျိုးသမီး တစ်ဦး ကို လူမျိုးခြား တစ်ယောက် က အနိုင် ကျင့်မည် ၊ စော်ကား မည် အတွက် ကြောင့် ထင့် ပုံမျိုး မဟုတ် ၊ အငွေ့ ထောင်းထောင်း နှင့် ဟင်းကောင်း ဟင်းလျာ စားချင်ဖွယ်ရာ ဘောဇနာ အတိ ပြီးသော ထမင်းပွဲ ကို သူ မစားရ ခင် လူများ ဦး သွားမည် ကို စိုးရိမ် သလို ထင့် ပုံမျိုးဖြစ်သည် ။ ရှင်းရှင်း ဆို လျှင် နု ကို သူ အနိုင်မကျင့် ရ ခင် ၊ မစော်ကား ရ ခင် မှာ သူ့ မာစတာ အနိုင် ကျင့် မည် ၊ စော်ကားမည်ကို ကြောက်ခြင်း သာ ဖြစ်သည် ။


“ ခိုမိဆု ... ” 


ကိုမြစ် ဟူသော ကူလီခေါင်း နာမည် ကို ရှိမုရဆန်း က မပီမသ ခေါ်ခြင်း ဖြစ်သည် ။


“ ဟိုက် ... မာစတာ ” 


ကူလီခေါင်း သည် အလိုတော်ရိ လမ်းစဉ် ကို ကျကျ နနကြီး လိုက်နာ ကျင့်ဆောင် တတ် သူ ပီပီ ပျာပျာသလဲ ထူး ရင်း မာစတာ အပါးသို့ ခစား ရန် ချဉ်းကပ် လေသည် ။ မာစတာ သည် ကူလီခေါင်း ၏ လက် ကို ဆွဲကိုင် ၍ ခပ်လှမ်း လှမ်းရှိ ၁၀ လက်မ ပိုက်လုံးကြီး ပေါ် သို့ သွားရောက်ကာ အတူ ထိုင် လိုက်သည် ။ ကူလီခေါင်း စိတ် ထဲမှာ မာစတာ ပြောမည့် စကားတွေ ကို တင်ကြို သိပြီး သား ဖြစ်လေသည် ။ မာစတာ လည်း ဗမာ စကား မတတ် ၊ ကူလီခေါင်း လည်း ဂျပန် စကား မတတ်လှပေ ။ သို့သော် သူတို့ ဆက်ဆံလာ သည်မှာ ကာလ အတော် ကြာခဲ့ပြီ ။ ထို့ကြောင့်ပင် သူတို့ နှစ်ယောက် သာ နားလည်သော စကားဆန်း တစ်ခု ပေါက်ဖွား လာခဲ့သည် ။ ထို စကားဖြင့် သူတို့ နှစ်ဦး ကောင်းကောင်း ကြီး ဆက်ဆံ နိုင်ကြသည် ။


“ နာမည် ဘယ်လို ခေါ်တယ် .. က ” 


မာစတာ သည် နု ကို မေးထိုး ပြရင်း မေး လေသည် ။


ကူလီခေါင်း သည် မေးထိုး ပြ ရာသို့ ကြည့် လိုက်၍ -


“ မနု ခေါ်တယ် မာစတာ ” 


ဟု လေးလေးတွဲ့တွဲ့ ဖြေ လေသည် ။


“ မနု .. မနု .. နာမည် ကောင်းတယ် ... က ”  


“ မကောင်းဘူး မာစတာ မနု နာမည် မကောင်းဘူး ” 


မာစတာ က ဝါးလုံး ကို ဝါးခြမ်း ဟု ပြောလျှင်ပင် “ ဟိုက် ” ဟု အလိုက်သင့် ပြောကြားခဲ့သော ကူလီခေါင်း သည် ဤ အကြိမ် ပထမဆုံး တော်လှန်လိုက်ခြင်း ဖြစ်ပေ သည် ။ သို့သော် သူ့ တော်လှန်မှု မထိရောက်ပုံ မှာ မာစတာ စကားများ က ထင်ရှား စေပါသည် ။


“ နာမည် ကိစ္စမရှိဘူး ၊ လူ အများကြီး ကောင်းတယ် ၊ မာစတာ ကြိုက်တယ် ၊ ခင်ဗျား ပြောပါ ” 


ကူလီခေါင်း က တစ်စုံတရာ မပြော ငေး နေသည် ။ 


“ ခင်ဗျား ပြောမယ် .. က ”   


မာစတာ က စိတ်အား ထက်သန်စွာ ဖြင့် ထပ် ပြော သည် ။ မာစတာ ကို ကူလီခေါင်း ရှာ ပေးထားသည့် မိန်းမ တစ်ယောက် ရှိသည် ။ လွန်ခဲ့သည့် သုံးလ ကျော် ကပင် မာစတာ အိမ်ထောင် ကျခဲ့သည် မည်၏ ။


ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည် မှာ ပိုးထိုးတိုင်တွေ ကြောင့် အခြေမခိုင် ယိမ်းယိုင်ယိုင် ဖြစ်နေသည့် မြန်မာပြည် အိမ်တော်ကြီး ကို အားရပါးရ တွန်းချလှဲဖြို ပစ်လိုက်သည် နှင့် တူသည် ။ အစား မဲ့ မြန်မာ လူထုကြီး ကို ပို၍ ငတ် စေသည် ။ အဝတ်မဲ့ မြန်မာ လူထုကြီး ကို ပို၍ ကိုယ်တုံးလုံး ဖြစ်စေသည် ။ ကြွက်သိုက် ၊ ဝက်သိုက် တမျှ တဲပုတ် တဲစုတ်ကလေး တွေ နှင့် နေခဲ့ရသည့် မြန်မာ လူထုကြီး ကို မီးလောင် ပြင် ပြာပုံ ပေါ် သို့ တွန်း တင် လိုက်သည် ။ ကံဆိုး မိုးမှောင် ကျသော မြန်မာ လူထု ၏ အဖြစ် မှာ ဒယ်ပြား ထဲ မှ ပူ ၍ ခုန်ချသော ငါး သည် ရဲရဲ ညီး သည့် မီးကျီး ထဲ ကျ သွားခြင်းနှင့် တူ လှပါသည် ။


စီးပွား ပျက် ဝဲသြဃ အလယ် တွင် အတွယ်အတာ မဲ့ နုံ ချာချာ နှင့် ကြုံရာ သို့ မျောပါ နေကြသည့် မောင်ဗမာ ၊ မယ်ဗမာ တွေ မှာ ပတ်ဝန်းကျင် ဒဏ် မခံနိုင် ရှာ သဖြင့် အကျင့် သိက္ခာတွေ ပျက် ရသည် ။ စားစရာ အာဟာရ မရှိ ၍ ၊ ဝတ်စရာ အထည် မရှိ ၍ ၊ နေစရာ အိမ် မရှိ ၍ အချင်းချင်း လိမ် ကြသည် ၊ အချင်းချင်း ခိုး ကြသည် ၊ အချင်းချင်း တိုက်ကြ သတ်ကြသည် ။ အမျိုးသမီး နုနုထွတ်ထွတ်ကလေးတွေ လည်း ပြည့်တန်ဆာ ဖြစ် ကုန်ကြသည် ။ အချစ်စစ် ၊ အချစ်မှန် တွေ တိမ်မြုပ် မလောက် ဖြစ်ရသည် ။ ငွေ .. ငွေ ... ငွေ ပေး လျှင် ဘာမဆို ရမည် ။ ကုန်ကုန် ပြော ရလျှင် အပျိုချောချောကလေးတွေ ပါ ရနိုင်သည် ။ 


ဂျပန်ခေတ် မှာ ရိုးရိုးသားသား စီးပွား မဖြစ် ။ ကလိမ် ကျ နိုင်မှ ကောင်းသည် ၊ ငွေ ရသည် ။ ထို့ကြောင့်ပင် စိတ် ကောင်း ရှိသည့် လူကောင်းတွေ မှာ ငွေ မရှိ ။ ငွေ မရှိသောကြောင့် ပင် ဘာတစ်ခု မှ အဆင် မပြေ ၊ အချစ်ရေး မှာလည်း မကောင်း ၊ အိမ်ထောင်ရေး မှာလည်း မပြေပြစ် ။ အရစ်ရစ် အပတ်ပတ် အနိဋ္ဌာရုံ တရားတွေ သာ ထပ် နေတော့သည် ။


လူလိမ် ၊ လူဆိုး ၊ ကြမ်းပိုးတွေ စန်း ပွင့်သည် ။ “ ဘယ်သူ သေသေ ငတေမာ ပြီးရော သူတို့ တစ်ကိုယ် ကောင်း ၊ တစ်ကွက် ကောင်း သာ ကြည့် လုပ်သည် ။ ထို့ကြောင့်ပင် သူတို့ လက်ဖျား မှာ ငွေ သီး နေသည် ။ ငွေသီး နေသောကြောင့် လည်း သူတို့ ဆန္ဒ အဝဝ ပြည့်စုံသည် ။ ကြက် ဆို ကြက် ၊ အရက် ဆို အရက် ၊ ကညာ ဆို ကညာ ဘာမှ လိုလေသေး မရှိ ၊ စည်းစိမ် ခံစားမှု အဖုံဖုံ ပြည့်စုံ နိုင်သည် ။ တကယ်ဆိုတော့ လူ့လော က ဖြစ်စဉ် ကို ငွေ က သာလျှင် ဖန်တီးပါသည် ။


“ ဟိုက် ... မာစတာ ကျွန်တော် ပြောမယ် ” 


မာစတာ သည် ကျွန်ယုံတော်ကြီး ၏ ကျောပြင် ကို အားရပါးရ သုံးသပ်ရင်း ကျေကျေနပ်နပ်ကြီး ပြုံးတော် မူ သည် ။


“ ခင်ဗျား မြန်မြန် ပြောပါ မာစတာ သွားမယ် ” 


ကူလီခေါင်း သည် ခြေလှမ်းသွက်သွက် နှင့် ထွက် သွားသည့် သူ့ မာစတာ ကို တွေ ကြည့်နေသည် ။ ပြောပေး ရန် “ ဟိုက် ” ဟု သာ ဝန်ခံ လိုက်ရသည် ။ ပြော ရန်ကား စိတ် မကူး ။ ပြောသည့် တိုင်အောင်လည်း နု က ကြိုက်ဖို့ ရန် ဝေး ပါသေး ။ မျက်စေ့ပေါက် ကျဉ်းကျဉ်း ၊ ပါးစပ် ပြဲ ၊ သွား ခေါခေါ တွင် ရွှေသွား ငွေသွား တွေ ရောင်စုံကွန့်မြူးလျက် ခါးကိုင်းကိုင်း ၊ ပုကွကွ နှင့် ဘု အလွန် ကျသည့် ရှိမုရဆန်း ကို နု က ဖြင့် သေတောင် ယူချင်လိမ့်မည် မဟုတ် ။ နု က ရှိမုရဆန်း ကို မယူချင် သလို အခြား ဗမာလုံမတွေ လည်း အခြား ဂျပန်တွေ ကို ယူချင်ကြမည် မဟုတ် ။ သို့ပေမဲ့ ဂျပန်ကတော်တွေ မနည်း ၊ များပါသည် ။ အမှန်အားဖြင့် စီးပွား ပျက် ကပ်ဆိုက် မှုကြောင့် မြန်မာ လုံမတွေ မှောင်ထု အတွင်း ဆင်း ရပါသည် ။ စားစရာ ၊ ဝတ်စရာ ၊ နေစရာ မရှိသောကြောင့် ပြိတ္တာကောင်တွေ ကို လင် လုပ်ရပါသည် ။ အမျိုးဂုဏ် ဖျက် ရပါသည် ။

( နောက်တစ်ပိုင်း ဆက်ရန် )

◾ဌေးမောင်


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၁ ၊ အမှတ် - ၁၂ 

      ၁၉၄၈ ၊ မေ 


#ကိုအောင်နိုင်ဦး


.