Sunday, August 14, 2022

အကြွေး တို့၏ မာယာ


 ❝ အကြွေး တို့၏ မာယာ❞


အခုတလော အိုင်ဒီယာဂျပိန် စိတ် ဝင် အစားဆုံး အရာ မှာ အမေရိကန် ... အီရန် ကိစ္စ မဟုတ် ။ အာဏာသိမ်း ကိစ္စ လည်း မဟုတ် ။ တစ်ရပ်ကွက်တည်း နေ ကြွေပုန်းတင်ကြိုင် တို့ ဇနီးမောင်နှံ ကို စိတ်အဝင် စားဆုံး ဖြစ်နေသည်  ။ ရပ်ကွက် ထဲ က စကား အရ ... 


“ သွား မပတ်သက် နဲ့ ... ပတ်သက်တာ နဲ့ ငွေ ချေးတော့ တာပဲ ” 


ကြွေးပုန်းတင်ကြိုင် ဆိုတဲ့ ဘွဲ့ ကို ဘယ်သူ က အပ်နှင်း လိုက်တာလဲ ။ ပြီးတော့ အကြွေး ယူပြီး လူ တစ်ယောက် ဟာ ဘယ်လောက် ထိ ပုန်း နိုင်မှာ လဲ ။ ဂျပိန် စစ်တမ်း ထုတ်နေသည် ကို ဇနီး ဖြစ်သူ စိုးမြတ်ပေပါ မှာ နားကြားပြင်း ကတ်၍ 


“ သိချင်ရင် သွားမေးပေါ့ တော် ... အလုပ် မရှိ အလုပ် ရှာ ပြီး အား နေတဲ့ အချိန် မှာ ဇာတ်ညွှန်း လေး ဘာလေး ကြို ရေး ထားပါလား ”  


“ ဇာတ်ညွှန်း ဆိုတာ ရောင်း ကုန်ပစ္စည်း တစ်ခုလို သဘော ထား နေတာလား  ၊ မိန်းမရယ် ” ဟု ပြောလိုက်ချင် သည်  ။ ပြောရင်လည်း သိမှာ မဟုတ်သည့် အတွက် ဂျပိန် နှုတ်ပိတ် နေလိုက်သည်  ။ အရေး ကြီးသည် က ကြွေးပုန်းတင်ကြိုင် ... ။ အိုင်ဒီယာ ဂျပိန် တင်ကြိုင် ကို စကား ပြောဖို့ အတွက် အကြိမ်ကြိမ် ချဉ်းကပ်သည်  ။ အိုင်ဒီယာဂျပိန် ၏ ပုံသဏ္ဌာန်မျိုးစုံ ချဉ်းကပ်မှု အောက်သို့ တင်ကြိုင် ရောက် လာသည်  ။ ထုံးစံအတိုင်း အညာသား ကိုဖြူဝင်း လက်ဖက်ရည်ဆိုင် တွင် ဆုံဖြစ်ကြသည်  ။  


“ ဟား ဟား ... ကြေးပုန်း တင်ကြိုင် ကို စိတ်ဝင်စားတာ လား ... အကြွေး ဆိုတာ ကို စိတ်ဝင် စားတာလား ” 


“ နှစ်ခုစလုံးပေါ့ ဗျာ ”  


ဂျပိန် ပြန် ဖြေသည် ။


“ အကြွေး ဆိုတဲ့ ဒဿန ကို အရင် ရှင်း ပြမှ ကိုဂျပိန် နားလည် မှာ ... ကိုဂျပိန် က ဗီဒီယို ဇာတ်ညွှန်းတွေ ဘာတွေ ရေးတယ်ဆို ... ထည့် လည်း ရေး မနေနဲ့ ဦး ... ဒီ ဒဿနတွေ က ကျုပ် ကိုယ်တိုင် ဘဝ နဲ့ ရင်းနှီးပြီး ရှာဖွေ ထားရတာ ”  


အိုင်ဒီယာဂျပိန် တုတ်တုတ်မျှ မလှုပ် ။ ငြိမ် သက်စွာ နားစွင့်ရုံ မှ တစ်ပါး အခြား မရှိတော့ပြီ ။ ကြွေးပုန်း တင်ကြိုင် ၏ စကားလုံးတွေ က အိုင်ဒီယာဂျပိန် အနားသို့ ပင် ချဉ်းကပ်ခွင့် မရ ။ 


“ အကြွေး ဆိုတာ ... လမ်း ထိပ် ကွမ်းယာဆိုင် က အစ ကမ္ဘာကြီး ရဲ့ ကြွေးမြီပြဿနာ တွေ ထိ အကျုံး ဝင်တယ်ဗျ ”  


ဂျပိန် ပါးစပ် အဟောင်းသား ဖြစ် သွားသည်  ။ သူ နဲ့ ယှဉ် လိုက်တော့ ငါ ဟာ သေးသေးလေး ဖြစ် သွားပါလား ဟု ဂျ ပိန် ဖျတ်ခနဲ တွေး လိုက် မိသည်  ။  


“ အကြွေး ဆိုတာ လူသားတွေ ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ပဲ ဗျ ... သုံးတတ်လျှင် ဆေး ... မသုံးတတ်ရင်တော့ ဘေး ပေါ့ ဗျာ ... ၄၂၀/၄၀၆ တွေ ပေါ့ ”  


“ အတွေးတွေ က မြင့် သထက် မြင့် လာပါလား ” 


ဂျပိန် ပါးစပ် မှ လွှတ်ခနဲ ထွက် သွားသည်  ။ 


“ ဒါ နိမ့်သေးတယ် ကိုဂျပိန် ရ ... ဒီထက် မြင့်တာတွေ ၊ လျှို့ဝှက်ချက်တွေ ရှိသေး တယ် ... အကြွေး မှာ ကြွေးပူ ၊ ကြွေးအေး ၊ ကြွေးလက်လှည့် ၊ ကြွေးဗိန်းမောင်း ၊ ကြွေးပခုံး ပြောင်း ... ”  


“ ကြွေးပခုံးပြောင်း ဆို တာ က ... ” 


“ ကြွေးပခုံးပြောင်း ဆိုတာက ဆိုင် ကနေ စတီးချိုင့် ကို လပေး နဲ့ ယူ တယ်ဗျာ ... အပေါင်ဆိုင် မှာ ထပ် ပေါင် တယ် ... အပေါင်ဆိုင် က ငွေ ကို သုံးတယ် ... သူ့ ကို ကြွေး ပခုံးပြောင်း လို့ ခေါ်တယ် ”  


“ ဟား ဟား ... ခင်ဗျား တော်တော် ရှာဖွေထားတာပဲ ... ဒါနဲ့ ကြွေးဗိန်းမောင်း ဆိုတာ က ”  


“ ကြွေးဗိန်းမောင်း ဆိုတာ က နေ့ပြန်တိုး ပါ ... ဒါက ဈေး တွေ မှာ အလေ့အထ များ တယ် ... နိုင်သလောက် ယူ ညနေ ဈေးသိမ်း ချိန် မှာ ငွေ လိုက်သိမ်းမယ် ... မပေးနိုင် ဘဲ ရက် ကို ဟိုရွှေ့ ဒီရွှေ့ လုပ် လို့ ကတော့ ဗိန်းမောင်း တိုက်တာ ထက် ဆိုးတယ် ။ ကြွေးလက်ပန်းကျ ဆိုတာ လည်း ရှိသေးတယ် ... သူ ကတော့ ချေး ရမယ့် လူ ကုန်နေပြီ .... နှိုက် ရမယ့် အပေါက် ကုန် တော့ ... နယ်မြေသစ် တစ်ခု အသစ် ရှာ ရတယ် ... အာမခံ ရဲ ရတယ် ... အကြွေး မှာ ဗျူဟာတွေ အများကြီး ရှိ တယ်ဗျ ”  


“ ဟုတ်မှာ ... ဟုတ်မှာ  ”  


“ ဟုတ်မှာ ဟုတ်မှာ မဟုတ် ဘူး ကိုဂျပိန် ရဲ့ ... ဟုတ် ကို ဟုတ် နေတာ ... ကျုပ်တို့ ခင်ဗျား တို့ လို အရပ် ထဲ က လူတွေ မပြောပါနဲ့ ဗျာ .. နိုင်ငံတကာ မှာ ကြွေးမြီ နဲ့ မ ကင်းဘူး ... အင်္ဂလန် က ဘောလုံးကလပ်တွေ လည်း ကြွေးမြီပြဿနာ ကြောင့် ကိုယ့် အသင်း ကို နိုင်ငံတကာ က သူဌေးတွေ ဆီ ထိုး ရောင်း နေတာ ခင်ဗျား မတွေ့ဘူး လား ... တချို့နိုင်ငံတွေ ဆို ကမ္ဘာ့ဘဏ် က လျှော် ပစ်တာတွေ တောင် ရှိတယ် ... လူ ဟာ အရှက် နဲ့ လူ လုပ်နေတာ မဟုတ်ဘူး ဗျ ... ကျုပ် အတွေးအခေါ် ကတော့ အကြွေး နဲ့ လူ လုပ်နေတာ .. အကြွေး ဆိုတာ လူသား အချင်းချင်း ဆက်သွယ်တဲ့ သံတမန် ဗျ ”  


“ ခင်ဗျား နာမည် ကြွေးပုန်း တင်ကြိုင် ဆိုတာ ဘယ်လို က နေ နာမည် ရလာတာလဲ ”  


“ ရပ်ကွက်ထဲ က လူတွေ က နာမည် မှား ခေါ်တာဗျ ... ကျုပ် ရဲ့ နာမည် အစစ်အမှန် က ကြွေးပုံ တင်ကြိုင် ... ကာလရွေ့လျားလာတော့ ကြွေးပုန်းတင်ကြိုင် ဖြစ်လာ တာပေါ့ ... လူတွေ က အကြွေး ဟာ အနုပညာ ဆန် တယ် ဆိုတာ လက် မခံကြသေးဘူး ”  


“ ဗျာ ... အကြွေး က အနုပညာ ဆန်တယ် ”  


“ ဟုတ်တယ် ကိုဂျပိန် ... ၊ အရမ်း ကို အနုပညာ ဆန် တယ် ... ကိုသုမောင် ရေးပြီး ဒါရိုက်တာ မီးပွား ရိုက်သွား တဲ့ အကြွေး ဟာ မြန်မာပြည် မှာ ဘယ်လောက် နာမည်ကြီး လဲ .. အဲဒီ အကြွေး ဟာ ငွေ ချေးတာ နဲ့ မဆိုင်ဘူး ... အနှိပ်စက် ခံ အနှိမ်ခံ ဘဝ ကနေ အဲဒီ ရက်စက်ယုတ်မာ တဲ့ လူ ကို ကလဲ့စား ပြန် ချေ တဲ့ အကြွေး .. သံသရာကြွေး ဆိုတာ ခင်ဗျား ကြား ဖူးမှာ ပေါ့ ” 


“ ဟာ ... အကြွေး ဆိုတာ စကား နှစ်လုံး တည်း ပဲ ရှိတယ် ထင်တာ ... ခင်ဗျား ရှင်းပြ မှ အကြွေး ဆိုတာ အင်ပါယာ တော်တော် ကျယ်ပြန့်ပါလား ”  


“ ကျုပ် ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေး တစ်ခု ကို ခင်ဗျား ကို ပြောပြမယ် ... အနုပညာ ပဉ္စလက်ဆန် တယ် ဆိုတာ ပြောပြ မှ ခင်ဗျား သိ မှာ ... နာမည် က “ ယေဘုယျဖြေရှင်း နည်း ” ... တစ်နေ့ ကျုပ် အိမ် ကို ဆိုက်ကား ပေါ် က ဆင်း လာ ကတည်း က ကြွေးရှင် က ဒေါသ အထွတ်အထိပ် ရောက် နေတယ် ဆို တာ ကျုပ် လှမ်း မြင်တယ် ... လှမ်း အကဲ ခတ် လိုက် တယ် ... ၊ ကြွေးရှင် အိမ် ထဲ မဝင်ခင်မှာ ပဲ စား နေ တဲ့ ထမင်း ဝိုင်း ကို ဆွဲ လှန်ပစ် လိုက်တယ် ”  


“ ဝုန်း ”  


“ မင်း အဖေ အမေတွေ မပြေလည်တိုင်း ငါ ရှာထားတဲ့ ပိုက်ဆံ ကို ပေး ရမှာ လားကွ ... ကြွေး ရှင် ကို ငါ မပေးနိုင်တော့ ငါ နာမည် ပျက်မှာ ပေါ့ ... မင်း ကို ငါ ကြည့် နေတာ ကြာပြီ ... ယောက်ျား ကို နာမည် ပျက်အောင် လုပ်နေတဲ့ မိန်းမ ”  


“ ရှင် ကျွန်မ အဖေတွေ အမေတွေ ကို စော်ကားနေတာ ကြာပြီ ... ဟင့် ဟင့် ... ဟီး .. ဟီး .. ရှင့် အစာအိမ် ထဲ မှာ ကျွန်မ မိဘ က ကျွေးမွေးထား တာတွေ အတောင့် လိုက် ဆွဲ ထုတ်လို့ ရတယ် ”  


“ ဝုန်း ဝုန်း ဒိုင်း ဒိုင်း ”  


“ ဟဲ့ ဟဲ့ ... မောင်တင်ကြိုင် .. ခင်မိ တို့ တော်ကြပါတော့ .. ဟဲ့ ဟဲ့ ... အို ... ဒုက္ခပါပဲ ... သေကုန်ကြတော့မှာ ပဲ ” 


“ မင်း ကို မပေါင်းဘူး ”  


“ ရှင့် ကို ကွာမယ် ”  


“ ဟဲ့ ... လင်မယားချင်း ပဲ ဖြစ်ရင်လည်း ခဏပေါ့ ဟယ် .. ကွဲကြ ပြဲကြ တဲ့ အဆင့်ထိအောင် တော့ မလုပ်ကြပါနဲ့  ”  


“ အဒေါ် .. အဒေါ့်  ကို ကျွန်တော် သိပ် အားနာတယ် ... ပြီးခဲ့တဲ့ နှစ်ရက် ကတည်း က အဒေါ့် ဆီ  က ငွေ ကို ပေးဖို့ ဖယ် ထားတာ ... သူ့ မိဘတွေ လို လို့ တဲ့ ဗျာ ... ပြောရင်း ပြောရင်း တောင် သတ် ပစ် တာပဲ ကောင်းပါတယ် ... ဟာ ” 


“ ဝုန်း ဒိုင်း ”  


“ ဟဲ့ ... မောင်တင်ကြိုင် ”  


“ သတ်မယ် သတ်မယ် အဒေါ် ... ကျွန်တော် လူ သာ အသေ ခံမယ် ... နာမည် အပျက် မခံနိုင် ဘူး ”  


“ ကဲ ကဲ ... အဒေါ်  နောက် မှ အေးအေးဆေးဆေး ပဲ လာခဲ့ မယ် ... ကြွေးပူ မဟုတ်ပါဘူး မောင်တင်ကြိုင် ရယ် ... ကိုယ့် တူရင်းတွေ ပဲ ... မင်း ပြော ကတည်း က မင်း စိတ်ဓာတ် ကို သိပါတယ် ”  


“ ဟူး ” 


ကြွေးရှင် ပြန် သွားတော့ ... 


“ ညီမလေး ... အစ်ကို အမူအရာ နည်းနည်း များ သွားတယ် ”  


“ ညီမ ဖြင့် နောက် က ဘယ်လို လိုက်ရမှန်းကို မသိ ဘူး ”  


“ ကဲ ... ထမင်းဝိုင်း ပြန် စ မယ် ”  


အိုင်ဒီယာ ဂျပိန် လက်ဖက်ရည်ဆိုင် မှာ လက်ခုပ်လက်ဝါး တီးလျက် ..


“ ကိုတင်ကြိုင် ... ခင်ဗျား ကို ... အရမ်း လေးစားသွားပြီ ဗျာ ... ဟား ဟား ... ခင်ဗျား ပြော တဲ့ အကြွေး ဆိုတာ အနုပညာ ဆန်တယ် ဆိုတာ အကြွင်းမဲ့ လက်ခံတယ်ဗျို့ လက်ခံတယ် ” 


◾ ဗေလုဝ


📖 ဟဒယမဂ္ဂဇင်း 

      ဒီဇင်ဘာ ၊ ၂၀၀၆


aung naing oo

14 Aug 2023

.

No comments:

Post a Comment