Sunday, August 7, 2022

ခြမ်းပဲ့ ပန်းသီး


 

❝ ခြမ်းပဲ့ ပန်းသီး ❞

ညနေ ဘက် ကား သိမ်းချိန် ရောက်သည် နှင့် ကျော်မိုးလွင် က အုံနာ အိမ် သို့ ကား ပြန် အပ်ရန် ပြင်သည် ။ ကား ကို အုံနာ အိမ် သို့ မောင်း လာခဲ့သည် ။ အိမ်ရှေ့ ရောက်သော် ဟွန်းသံ ပေးလိုက်သည် ။ ဝင်းတံခါး ပွင့် လာသောအခါ အတွင်း သို့ မောင်း ဝင်လိုက်သည် ။ ကား ကို ဂိုဒေါင် အောက် သို့ တစ်ခါတည်း မောင်း သွားကာ ထိုးရပ်လိုက်သည် ။

ထို့နောက် ထုံးစံ အတိုင်း ကားပြန် မအပ်မီ ပြုမြဲကိစ္စ တို့ ကို ဆောင်ရွက်သည် ။ ဦးစွာ ကား ၏ ရှေ့နောက် ဘေးဘယ်ညာ တို့ ကို နှံ့စပ်အောင် လျှောက် ကြည့်သည် ။ ငုံ့ကြည့်သည် ၊ ကုန်းကြည့်သည် ၊ မော့ကြည့်သည် ။ မည်သည့် ထိခိုက်ပွန်းရှမှု ကို မျှ မတွေ့ရသည် နှင့် ကျေနပ်သွားသည် ။

ဆက်လက်၍ ကားအတွင်း ပိုင်း သို့ စစ်ဆေးရန် ပြင်သည် ။ ကား အတွင်း မှာ က ခရီးသည်များ စွန့်ပစ်ထားခဲ့သည့် တစ်ရှူးစတွေ ၊ နေကြာစေ့ခွံတွေ ၊ ပလတ်စတစ်အိတ် တစ်အိတ် ကို လှမ်း မြင်လိုက်သည် ။ ခရီးသည် တစ်ယောက် ယောက် ထိုး ညှပ်ခဲ့သော လေလွင့် ပစ္စည်း ပင် ဖြစ်မည်ဟု သူ့ စိတ်  က တွေး ပြီး ထို အစ ကို လှမ်း ဆွဲထုတ်လိုက်သည် ။

ဤတွင် လက် ၏ အထိအတွေ့ မှ တစ်ဆင့် ထို အရာက ပလတ်စတစ်အိတ်ခွံ သက်သက်မျှ မဟုတ်ကြောင်း သိရှိ လိုက်ရသည် ။ လက်ဆွဲကွင်း နှင့် တကွ ဖြစ်သော ထို ပလတ်စတစ် အိတ် ကို သူ သေသေချာချာ ဆွဲ ထုတ်လိုက်သည် ။ ထို အိတ် က လက် ထဲ မှာတင် အလေးချိန် တော်တော် စီး နေမှန်း လည်း သိ လိုက်ရသည် ။

သူ ထိုင်ချလိုက်ပြီး ထို အိတ် ကို ဂရုတစိုက် ဖွင့် ကြည့်လိုက်မိသည် ။ အတွင်း၌ အဖြူရောင် စက္ကူအိတ် တစ်ခု ကို ထပ်မံ တွေ့ရသည်မို့ ထိုစက္ကူအိတ် ကို ပင် အပြင်သို့ ဆွဲထုတ်လိုက်သည် ။ စက္ကူအိတ် အတွင်း မှ အမျိုးအမည် မသိ ပစ္စည်းများ က မာလည်းမာပြီး လေးလည်း လေးလံလျက် ရှိသည်ကို တွေ့နေရသည် ။ ဤမှာပင် တစ်စုံတစ်ခု ထူးခြားတော့မည် ဟူသော အတွေး နှင့် အတူ သူ့ စိတ်က လှုပ်ရှား စ ပြုလာသည် ။

ထို့နောက် လက်တွင်းမှ စက္ကူအိတ် ကို ဖျတ်ခနဲ ဆွဲဖွင့်ကာ အတွင်း သို့ ငုံ့ ကြည့်လိုက်သည် တွင် ...

       •••   •••   •••   •••

နောက်တစ်နေ့ မနက် ရောက်တော့ ကျော်မိုးလွင် က အုံနာ အိမ် သို့ ဖုန်း လှမ်းဆက်လိုက်သည် ။ ယနေ့ ကျန်းမာရေး သိပ် မကောင်းသောကြောင့် အလုပ် နားမည့်အကြောင်း ၊ ကား ကို လည်း လာ မယူဖြစ်တော့ကြောင်း ။

အုံနာ ကို သာမက အိမ် မှ ချိုနွယ်ဦး ကို ပါ ထိုနည်းအတိုင်း အကြောင်း ပြလိုက်သည် ။ ပြီးတော့ သူ က တစ်ယောက်တည်း ကျိတ်၍ အကြံ ထုတ်နေမိသည် ။ ထိုသို့ အကြံ ထုတ်ရင်း သူ့ စိတ်တွေ က ချီတုံချတုံ ဖြစ်ကာ အိမ်ရှေ့ က လက်ဖက်ရည်ဆိုင် ကို သွား ထိုင် လိုက် ၊ တော်ကြာ အိမ်ထဲ ပြန် ဝင်လာလိုက် နှင့် ဂနာမငြိမ် ဘဲ ဖြစ်နေသည် ။ သည်လိုနှင့် ပင် တစ်နေ့ တာ ကုန်ဆုံး သွားသည် ။

နောက်နေ့ မနက် ရောက်ပြန်တော့ အုံနာ ထံ သို့ ရှေးနည်း အတိုင်းပင် အကြောင်း ပြကာ အလုပ် မသွားဘဲ နေ လိုက်ပြန်သည် ။ ချိုနွယ်ဦး ကိုလည်း ထိုနည်းလည်းကောင်းပင် ။

       •••   •••   •••   •••

သို့သော် ထိုနေ့ မနက် ၁ဝ နာရီ လောက်ရောက်တော့ ချိုနွယ်ဦး က အိမ်သို့ ရုတ်တရက် ပြန်ရောက်လာသည် ။ ချိုနွယ်ဦး က အိမ် နှင့် ခပ်လှမ်းလှမ်း တွင် ရှိသော ဈေး အတွင်း ၌ အလှကုန် နှင့် အခြား တိုလီမိုလီ ရောင်းသော ဆိုင်သေးသေးကလေး ဖွင့်ထားသည် ။ ယခု ထို ဆိုင် ကို အငှားကောင်မလေး နှင့် လွှဲ ထားခဲ့ကာ အိမ် သို့ ပြန်လာ ခဲ့ခြင်းဖြစ်သည် ။

ပုံမှန်အတိုင်း ဆိုလျှင် ဆိုင်သို့ မနက် ကတည်း က ထမင်းချိုင့် ပါ တစ်ပါတည်း ယူ သွားပြီး ညနေ ဆိုင်သိမ်းချိန် ရောက်မှ အိမ်သို့ ပြန်မြဲ ဖြစ်သည် ။ ယခု အိမ် ပြန်လာရသည် က ချိုနွယ်ဦး ၌ အကြောင်း ရှိသည် ။ ထိုအကြောင်း အား အိမ် ရောက်ရောက်ချင်း ဆိုသလို ကျော်မိုးလွင် အား ပြော ချလိုက်လေပြီ ။

“ နေပါဦး ကိုကျော်မိုးလွင် ၊ ရှင် ဘာတွေ ဖြစ်နေတာလဲ ၊ ရှင့် ကြည့် ရတာ နည်းနည်း မှ ဂနာ မငြိမ်ဘူး ၊ ရှင် တစ်ခုခု ဖြစ်နေသလား ”

“ အေး ၊ ဟုတ်တယ် ၊ ဖြစ်နေတယ် ၊ ဖြစ်တာမှ သေးသေး မဟုတ်ဘူး ၊ အကြီးကြီး ”

ကျော်မိုးလွင် ကလည်း တည့်တည့် မေးလာ သူ ကို တည့်တည့်ပင် ပြန် ဖြေလိုက်သည် ။ ပြီး သူ က လေပူတစ်ချက် ကို ဟူးခနဲ မှုတ် ထုတ်လိုက်သည် ။ ကုလားထိုင် ပေါ် သို့လည်း ခြေပစ်လက် ပစ်ထိုင်ချလိုက်သည် ။

“ ရှင် မူ ပျက်နေတာ ကို ကျွန်မ မနေ့ ကတည်း က သိတယ် ၊ နေမကောင်းဘူး ပြောပေမယ့် ရှင့် ရုပ်က ဘာမှ ပြောင်းလဲတာမှ မဟုတ်ဘဲ ၊ ကိုယ့် မှာ ဖြစ်ပျက်နေတာ ကို ကိုယ့် မိန်းမ ကိုတောင် ထုတ် မပြောချင်တော့ဘူးလား ၊ ဒီ သံသယ ကို ဘယ်လိုမှ အောင့် မထားနိုင်တော့လို့ ကျွန်မ အိမ် ပြန်လာတာပဲ ၊ ကဲပြော ၊ ရှင် ဘာဖြစ်နေတာလဲ ”

“ အေး ၊ ပြောမယ် ၊ ပြောချိန် ရောက်ပြီ လို့ လည်း ငါ ဆုံးဖြတ်လိုက်ပြီ ၊ အခု မင်း ပြန် ရောက်လာတာ နဲ့ အတော်ပဲ ၊ ငါ ဘာကြောင့် စိတ်မငြိမ် လူမငြိမ် ဖြစ်နေရသလဲ ဆိုတော့“

ထိုင်ရာ မှ ထ ရပ်လိုက်သည် ။ ပြီးနောက် ခေါင်းရင်းဘက် သို့ လျှောက် သွားလိုက်သည် ။ တီဗွီရှေ့ ရောက်သည်နှင့် တီဗွီ စင် အောက် မှ အံဆွဲ ကို ဆွဲ ဖွင့်လိုက်သည် ။ အတွင်းသို့ လက်ဖြင့် ထိုးနှိုက်ကာ တစ်စုံတစ်ခု ကို ပါ ဆွဲ ယူလိုက်သည် ။ ထို တစ်စုံတစ်ခု ဆိုသည် က အနက်ရောင် လက်ကိုင်ကွင်း နှင့် ပလတ်စတစ် အိတ် ။

“ ရော့ ကြည့် ၊ အထဲ မှာ ဘာတွေ ပါသလဲ ဆိုတာ ”

       •••   •••   •••   •••

ချိုနွယ်ဦး ၏ အသံက သိသာစွာ တုန်ရင်နေသည် ။ လက်တွေ ကပါ တဆတ်ဆတ် တုန်လှုပ်နေသည် ။

“ ပစ္စည်းတွေ က နည်းနည်းနောနော မှ မဟုတ်ဘဲ ”

“ အေးပေါ့ ၊ ငါလည်း ဒါကြောင့် ဒါတွေ မြင် လိုက်ရ ကတည်း က စိတ် ချောက်ချား နေတာပေါ့ ၊ အားလုံး တစ်ပိဿာ နဲ့ တစ်ဆယ်သား တောင် ရှိတယ် ”

“ ပစ္စည်းရှင် ဖြစ်နိုင်တဲ့ သူ ကို ရှင် က အကြမ်းဖျင်း လောက် တောင်မှ မမှတ်မိလိုက်ဘူးလား ”

“ ဘယ်ကလာ ၊ တစ်နေ့လုံး ငါ့ ကားပေါ် တက် စီးသွားတဲ့ ခရီးသည်က နည်း မှ မနည်းဘဲ ဟာ ”

“ ပစ္စည်းရှင် ကလည်း အရေးကြီးတဲ့ ဒီ အိတ် ကို ဘာကြောင့် သတိ မထားတာတဲ့လဲ ”

“ သတိတော့ ထားမယ်ကွ ၊ ထားရက်ကနေ မေ့ကျန်ခဲ့တာ ဖြစ်မယ် ၊ ဖြစ်နိုင်တာက ဒီ အိတ် အပြင် တခြား အိတ် တစ်လုံးပါ သူ့ မှာ ပါလာလိမ့်မယ် ၊ ဒီ ပစ္စည်းတွေ ကို တခြား လူ တစ်ယောက် ယောက်ဆီ လွှဲပေးဖို့ ဒီ ပလတ်စတစ် အိတ် ထဲ အသင့် ခွဲ ထည့်လာဟန် တူတယ် ၊ အဲဒါ ဟိုတွေး ဒီတွေး တွေးရင်း ကား ရပ်တာနဲ့ လက်ထဲ က အိတ် ကိုသာ ယူသွားမိပြီး ကားတံခါးကြား မှာ ထိုး ညှပ်ထားတဲ့ ဒီအိတ် ကို တော့ မေ့ကျန်ထားခဲ့တဲ့ သဘောပဲ ၊ ဒါမျိုးက ဖြစ် တတ်ပါတယ် ၊ နိုင်ငံခြား သတင်းတွေ ထဲ မှာ ဒေါ်လာတစ်သိန်းနှစ်သိန်း ကားထဲ မေ့ကျန်ခဲ့တယ် ဆိုတာမျိုး မင်း မကြားဖူးဘူးလား ”

“ ဒါနဲ့များ ရှင် က ခုမှ ကျွန်မ ကို ထုတ် ပြောတယ်နော် ၊ ပြီးတော့ ကျွန်မ ကို ဖွင့် ပြောဖို့ ခုမှပဲ ဆုံးဖြတ်လိုက်တာ ဆိုတာကရော ဘာ သဘောလဲ ”

“ အေး ၊ အကြောင်းနှစ်ခု ကြောင့်ပဲ ၊ တစ်ခုက တကယ်လို့ ငါ က မင်းကို ဖွင့် ပြောလိုက်ရင် မင်း က ဒီပစ္စည်းတွေ ကို သူ့ ပိုင်ရှင်ဆီ ပြန်များ ပေးခိုင်း နေမလား ဆိုတဲ့ အတွေး ကြောင့်ပဲ ”

ပြောပြီး ကျော်မိုးလွင် က ထို အိတ် အတွင်း ၌ တစ်ပါတည်း ပါရှိလာသော ရွှေဘောက်ချာများ ကို ဖြန့် ကြည့်နေမိသည် ။ ဘောက်ချာ ထဲ မှာ က ရွှေ ဝယ်သူ ၏ အမည် အပြင် နေရပ်လိပ်စာပါ အပြည့်အစုံ ပါနေသည် ။

“ ဒါဖြင့် ရှင် က ဒါတွေ ကို အကုန်လုံး ယူ ထားလိုက်ဖို့ ဆုံးဖြတ်ပြီးပြီပေါ့ ၊ ဟုတ်လား ”

“ ဒီလိုကြီးလဲ လုံးလုံးတော့ မဆုံးဖြတ်ရသေးပါဘူး ၊ ဒီကိစ္စ မှာလည်း နှစ်ပိုင်း ရှိ ပြန်တယ်ကွ ၊ ဒီပစ္စည်း ပိုင်ရှင် ဟာ ရိုးသားတဲ့ သူ ၊ ရိုးသားတဲ့ ငွေနဲ့ပဲ ဒီ ရွှေတွေ ကို ဝယ် ထားတာ ဆိုရင် ငါ့ ဘက်ကလည်း ပြန် ရိုးသားဖို့ ဝန် မလေးပါဘူး ၊ ပြန် ပေးဖို့ ဝန် မလေးပါဘူး ၊ အေး - ဒါပေမဲ့ ဒီ လူ ဟာ လူလိမ် လူကောက် ၊ လူယုတ်မာ တစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင် ၊ ဥပမာကွာ - သစ်မှောင်ခို ၊ ဘိန်းမှောင်ခို အလုပ်မျိုး ကနေ မသမာတဲ့ နည်းနဲ့ ငွေတွေ ရလာပြီး အဲဒီ ငွေမည်းတွေ နဲ့ ဒီ ပစ္စည်း တွေ ကို ဝယ်ထားတာမျိုး ဖြစ် နေရင်တော့ ငါ က လုံးဝ ပြန် မပေးဘူးလို့ ဆုံးဖြတ်ထားတယ် ။ ပြောရရင် သူခိုး ပေါ် ၊ သူဝှက် လု တဲ့ သဘောမျိုးမို့ ထူးထူးထွေထွေလည်း အပြစ် ကြီးစရာ မရှိဘူးလေ ၊ ငါ ထိုက်လို့ ငါ ရတာ ဆိုတဲ့ သဘောမျိုး နဲ့ သုံး ပစ်လိုက်ရမှာပဲ ”

အကင်းပါးသော ချိုနွယ်ဦး က ဂရုတစိုက် နားထောင်ရင်း ကျော်မိုးလွင် စကား ကို ရှေ့နောက် ချိတ်ဆက် မိအောင် ဝင် ထောက်ပေးလိုက်သည် ။

“ ဟုတ်ပါပြီ ၊ ကျွန်မ က ပိုင်ရှင် ဆီ ကို အတင်း ပြန် ပေးခိုင်းမှာ ကြောက်လို့ ရှင် လျှို့ဝှက်ထားတယ် ဆိုတာ ကို သဘော ပေါက်ပါပြီ ၊ ဒါက ပထမ တစ်ချက် ပေါ့ ၊ နောက် တစ်ချက် ကရော ဘာကြောင့်လဲ ”

“ အေး ၊ အဲဒီ နောက်တစ်ချက် က ပြောရရင် တခြားတော့ မဟုတ်ဘူး ၊ အဲဒါက ဘာလဲ ဆိုတော့ မင်း က ဒီ ပစ္စည်းတွေ ကို မြင် လိုက်တာ နဲ့ ငမ်းငမ်းတက် မက်မောသွားပြီး ဝှက်ထား လိုက် ဖို့ ၊ ယူထား လိုက် ဖို့ ငါ့ ကို အတင်း သွေးဆောင် နေမှာ ကြောက် လို့ပဲဟေ့ ၊ သိပြီလား ”

“ ဟင် ၊ ဒါဖြင့် ရှင့် ဟာ က ဘာ ထူးလဲ ၊ ပထမ အချက်က ပိုင်ရှင် ဆီ ကျွန်မ ပြန်ပေးခိုင်း မှာ ကို ကြောက်တယ် ၊ ဒုတိယ အချက်ကျ တော့ ကျွန်မ က ပြန် မပေးခိုင်းမှာ ကို ကြောက်ပြန်တယ် ၊ ရှင့် စကား က ဘာကြီးလဲ ”

“ အေးပါ ၊ ငါ ရှင်းပြပါမယ် ၊ ငါ ဆိုလိုတာ က မင်းတို့ မိန်းမတွေ ရဲ့ သဘော သဘာဝ က ခံစား လွယ်တယ် ၊ ထိခိုက် လွယ်တယ် ၊ ပြီးတော့ တို့ ကလည်း စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာ ငါ က ဒီပစ္စည်းတွေ ကို ကား ပေါ် က ကောက်ရ လာပြန်တယ် ၊ ငါ က ဒီအကြောင်း မင်း ကို ဖွင့် ပြောလိုက်တာ နဲ့ မင်းက ဘာမှ စဉ်းစားမနေဘဲ ဖြောင် ပစ်လိုက်ဖို့ ငါ့ ကို တိုက်တွန်းမယ် ၊ ငါ ကလည်း မင်း စကား ကို နားထောင်လိုက်မိမယ် ၊ အဲဒီအခါ ပစ္စည်းရှင် က ရုတ်တရက် ပေါ်လာပြီး တိုင်တာ တောတာတွေ ၊ တရားစွဲတာတွေ လုပ်မယ် ၊ ငါတို့ က ဥပဒေ နဲ့ ရင်ဆိုင်ရမယ် ၊ နောက်ဆုံး ငါ က ထောင်နန်း စံရမယ် ၊ ဒီအခါ မိသားစုလည်း ပြိုကွဲရမယ် ၊ ဒုက္ခတွေ လည်း ပိုလို့ တောင် ရောက် ရဦးမယ် ၊ ဒါကြောင့် ဒုတိယ အချက် ဖြစ်တဲ့ မင်း က ပြန် မပေးခိုင်းမှာ ကို လည်း ကြောက်ပြန် တယ်လို့ ငါပြောခဲ့တာပေါ့ ။ နောက်ဆုံးတော့ ကွာ ၊ အဲဒီလို ဟိုတွေး ဒီတွေး လျှောက် တွေး မိရာက မင်း ကို ချက်ချင်း ဖွင့် မပြောဖြစ်တဲ့ အဆင့် ကို ရောက် သွားတာပဲ ၊ ရှင်းပြီလား ”

သူ့ စကား အဆုံး ချိုနွယ်ဦး ထံ မှ အရေးကြီးဆုံး မေးခွန်း တစ်ခု က ဖြတ်ပြီး ဝင်ရောက်လာသည် ။

“ ခုတော့ ရှင် က တစ်ခုခု ဆုံးဖြတ်ပြီးပြီပေါ့ ၊ ဆုံးဖြတ် ပြီးလို့လည်း ကျွန်မ ကို ဖွင့် တိုင်ပင်တဲ့ သဘောပေါ့ ၊ ဟုတ်လား ”

“ လုံးဝပဲ ၊ လုံးဝ မဟုတ်ဘူး ၊ ငါ တစ်ယောက်တည်း အကုန်လုံး လျှောက် စဉ်းစားကြည့် ပြီးပြီ ၊ ဘယ်လိုမှ အဖြေ မပေါ်လို့ မင်း ဆီ က အကြံ ယူဖို့ ဆုံးဖြတ်လိုက်ရတာ ”

“ ဟောတော့် ”

       •••   •••   •••   •••

သည့်နောက်တော့ သူတို့ လင်မယား ၏ အကြိတ်အနယ် ဆွေးနွေးခန်း က စတင်ခဲ့လေပြီ ။ ဆွေးနွေးခန်း ဆိုသည်ထက် ငြင်းခုန်ပွဲ ဟု လည်း ဆိုလိုက ဆို နိုင်သည် ။ နှစ်ဦးတည်း သာ ရှိသော သူတို့ စကားဝိုင်း တွင် တစ်ယောက် က အဆို တင်လိုက် ၊ တစ်ယောက် က ကန့်ကွက်လိုက် ၊ တစ်ယောက် က နောက်ထပ် အဆို တစ်မျိုး ပြောင်း တင်လိုက် ၊ တစ်ယောက် က ထို အဆို ကို ပြန် ချေဖျက်လိုက် နှင့် ဖြစ် နေကြသည် ။ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက် ကို ကား မချနိုင်ကြ ။

သို့သော် နောက်ဆုံးတွင် ဘက်စုံထောင့်စုံ က အမျိုးမျိုး ဝေဖန်သုံးသပ်ကြပြီး နောက် ရွှေထုပ် ကို ပိုင်ရှင် ထံ ပြန် ပေးရေး မပေးရေး ကိစ္စ တွင် ပြန် ပေးရေး ဘက် က ပို၍ အလေး သာ သွားသည် ။ ထို ဆုံးဖြတ်ချက် ကို ပင် ကြိုးစား၍ ချမှတ် လိုက်ကြသည် ။

ကျော်မိုးလွင် က အတော် စိတ်မောလူမော ဖြစ် သွားသည် ။ ထိုပုံစံ နှင့် ပင် မိန်းမ ဖြစ်သူ ကို လှမ်း ပြောလိုက်သည် ။

“ ဟူး ... ဒီ အတိုင်းပဲ ကောင်းပါတယ် မိန်းမရာ ၊ ဒီ အထုပ် ကို တို့ ပြန်ပေး လိုက်ကြတာပေါ့ ၊ ဘာပဲပြောပြော တို့ ရိုးသား လိုက်တာက ပို ကောင်းပါတယ်ကွာ ၊ ရိုးဂုဏ် ဆိုတာက တစ်သက်လုံး စားလို့ မကုန်ပါဘူး ၊ ပြီးတော့ ဒီလို လုပ် လိုက်တဲ့အတွက် ငါတို့ မျိုးရိုး ရဲ့ အစဉ်အလာ ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားတာပေါ့ ၊ တို့ အဖေ ဟာ ငယ်ငယ် က လက်ဖက်ရည်ဆိုင် မှာ စားပွဲထိုး လုပ်ရင်း ငွေ တစ်သိန်း လောက် ပါတဲ့ ငွေထုပ်ကြီး တစ်ထုပ် ကို ကောက် ရခဲ့ဖူးတယ် တဲ့ ၊ အဲဒါ ဆိုင်ရှင် က တစ်ဆင့် ငွေထုပ် ပိုင်ရှင် ကို ပြန် ပေးခဲ့တဲ့ အတွက် အရေးပိုင် ရဲ့ ဂုဏ်ပြု လက်မှတ် တောင် ရခဲ့ဖူးသတဲ့ ၊ အဲဒီတုန်းက ရွှေတစ်ကျပ်သား ကို မှ ငါးရာလောက် ပဲ ရှိတဲ့ခေတ် ဆိုတော့ မင်း စဉ်းစားကြည့်ပေါ့ ၊ ဒါကြောင့်လည်း တို့ အဖေ က တို့မောင်နှမတွေ ကို အမြဲတမ်း ရိုးရိုးသားသား ကျင့်ကြံနေထိုင်ကြဖို့ တစ်လျှောက်လုံး ဆုံးမ လာခဲ့တာပေါ့ ”

အမှန်မှာ ဤ လမ်း ကို ရွေးချယ် လိုက်ရသည် က လွယ်လွယ်တော့ မဟုတ်ပေ ။ ကျော်မိုးလွင် အနေနှင့် သူ စောစောက ပြောထားသည့် အခြေခံမူ နှစ်ချက် အတိုင်း ရေရေလည်လည်ကြီး စဉ်းစားခဲ့သေးသည် ။ အထူးသဖြင့် ဤ ရွှေထုပ်ပိုင်ရှင် က လူ့မသမာ တစ်ဦး ဖြစ် နေပါလျှင် ပြန် မပေးဘဲ ထားလိုက်ဖို့ကို သူ စဉ်းစားကြည့်ခဲ့သေးသည် ။ သို့သော် လက်တွေ့ တွင် ထိုသို့ လုပ်လိုက်ဖို့ က သိပ် မလွယ် ။ ထိုသူ က လူကောင်း ဖြစ်ဖြစ် ၊ လူဆိုး ဖြစ်ဖြစ် ပိုင်ရှင် က ပိုင်ရှင် သာ ဖြစ်သည် ။ ပိုင်ရှင် ဖြစ်ကြောင်း ကို ရွှေဘောက်ချာတွေ က သက်သေ ပြ နေသည် ။

သူတို့ လင်မယား အနေနှင့် ဤ ရွှေများ ကို လမ်းစ ပျောက်အောင် ဖျောက်ဖျက်နိုင်ဖို့ ဆိုသည်က သိပ် မလွယ်လှ ။ ရွှေတွေ ကို ပြန်ရောင်း ထုတ်ချိန်၌ ရွှေဆိုင် မှ တစ်ဆင့် ပြန် မိသွားနိုင်သည် ။ ရွှေ တွေ ရောင်းပြီး သူတို့ ငွေတွေ အသုံး ကြမ်းနေခြင်းကို ပတ်ဝန်းကျင် က ရိပ်မိသွားခြင်း မှ တစ်ဆင့်လည်း အမှု က ပြန်ပေါ်သွားနိုင်သည် ။ ဤ ရွှေငွေတွေ နှင့် ရှေ့ဆက် ရမည့် အနာဂတ် က ဘယ်လို မှ မဖြောင့်ဖြူးနိုင် ။ ကျော်မိုးလွင် မျက်စိ ထဲ တွင် ရဲတွေ ၊ လက်ထိပ်တွေ ၊ အချုပ်ခန်းတွေ ကို ချည်း မြင်ယောင်နေသည် ။ သို့နှင့်ပင် ပိုင်ရှင် က မည်သူမည်ဝါ ဖြစ်ဖြစ် ပြန် ပေးလိုက်ခြင်းသာ အကောင်းဆုံးဟု ဒုန်းဒုန်းချ လိုက်မိခြင်း ဖြစ်သည် ။

ဤ အစီအစဉ် ကို ချိုနွယ်ဦး ကလည်း သဘောတူသည် ။ ချိုနွယ်ဦး မှာ ကျပ်တည်းမှု အပေါင်းနှင့် ရင်ဆိုင်နေရသော်လည်း အချောင် ရမည့် ကိစ္စမျိုး ကို ငမ်းငမ်းတက် မဖြစ်တတ်ခြင်း အပေါ် ကျော်မိုးလွင် က ကျိတ်၍ ပင် ချီးကျူးရသေးသည် ။

“ ကျွန်မကတော့ ကိုယ့်ရှိတာလေးနဲ့ နောက်ကြောင်း ကင်းကင်း ၊ အေးအေးလူလူ နေရတာကိုပဲ ပိုကြိုက်တယ် ၊ တိုက်ခန်းကြီးနဲ့တော့ နေရပါရဲ့ ၊ ကောင်းကောင်းလည်း ဝတ်ရစားရပါရဲ့ ၊ ဒါပေမဲ့ လူ က နေ့ တထိတ်ထိတ် ၊ ည တထိတ်ထိတ် နေရတာမျိုးတော့ ဆောရီးပဲ ၊ တစ်ခုတော့ ရှိတယ် ရှင့် ၊ ရှင် ခုလို ပြန် ပေးလိုက်တဲ့ အတွက် ပိုင်ရှင် ကလည်း ဒီအတိုင်း တော့ နေမှာ မဟုတ်ပါဘူး ၊ ဘောက်ဆူးတွေ ဘာတွေ ချမှာပဲ ၊ အဲဒါကိုတော့ ကျွန်မတို့ က လိပ်ပြာသန့်သန့် နဲ့ မျှော်လင့် ခွင့် ရှိပါတယ် ”

“ ဟုတ်တယ် ၊ ငါလည်း အဲဒါကိုတော့ အဓိကမျှော်လင့်မိတယ် ၊ ပစ္စည်းတွေ က တန်ဖိုး နည်းမှ မနည်းတာ ၊ ဘောက်ဆူး က မြက်မြက်ကလေး ရမှာတော့ ကျိန်းသေပဲ ၊ ကိုင်း - ဒီကိစ္စ တော်ပြီကွာ ၊ ငါ လည်း စိတ် မောလှပြီ ၊ ငါတို့ စိတ် မပြောင်းခင် ၊ စိတ် မဖောက်ခင် ဒီ ကိစ္စ ကို မြန်မြန် ရှင်းထုတ်ပစ်လိုက်ကြရအောင် ”

       •••   •••   •••   •••

နောက်တစ်နေ့ မနက်တွင် ကျော်မိုးလွင် က အုံနာ အိမ် မှ ကား ကို ဝင်ယူသည် ။ ထို့နောက် စိတ်လှုပ်ရှားစွာ နှင့် ပင် ကား ကို မောင်းထွက် လာခဲ့သည် ။

ဘောက်ချာ ထဲ မှ လိပ်စာ အတိုင်း နွယ်သဇင် ( ၂ ) လမ်း ၊ အိမ်အမှတ် ( ၃၁၄ ) ရှေ့ ကို ရောက်တော့ သူ့ ရင်တွေက ပို လို့ပင် အခုန် မြန်လာသည် ။ ကား ကို ရပ် ၊ အောက် ဆင်းကာ ဝင်းတံခါးသံတိုင် တွေ ကြား မှ အတွင်းသို့ တစ်ချက် လှမ်းကြည့်လိုက်သည် ။ လှပသစ်လွင်သော တိုက် ၊ စိမ်းလန်းဝေဆာသော ပန်းခြံနှင့် ပန်းခြံရှေ့ က လမ်းကလေးပေါ်တွင် အေးအေးလူလူ စင်္ကြံန် လျှောက်နေသော လူကြီးတစ်ယောက် ကို သူ တစ်ပြိုင်တည်း တွေ့လိုက်ရသည် ။

“ ဒီ ... ဒီမှာ ခင်ဗျ ”

သူ့ အသံကြောင့် လူကြီး က တစ်ချက် လှမ်းကြည့်သည် ။ ထို့နောက် ဝင်းတံခါး ဆီသို့ လျှောက် လာသည် ။ ရောက်လျှင် အတွင်း မှ နေ၍ ကျော်မိုးလွင် ကို စူးစမ်းသော အကြည့် ဖြင့် ကြည့်သည် ။

“ ဘာကိစ္စ ရှိသလဲဟေ့ ”

“ ဟုတ်ကဲ့ခင်ဗျ ၊ ဒီ ... ဒီလိုပါ ၊ ဒီ အိမ် က ဦးဘခိုင် ရဲ့ အိမ် ဟုတ်ပါသလား ခင်ဗျ ”

လူကြီး က မျက်မှောင် ကြုတ်သည် ။ စူးရဲသော မျက်လုံးဖြင့် လည်း ကျော်မိုးလွင်ကို တစ်လှည့် ၊ သူ့ ကားကိုတစ်လှည့် ကြည့်နေသည် ။ မကြာပါ ။ လူကြီးမျက်နှာက ဝင်းခနဲ ဖြစ်သွားသည် ။ အံ့ဩ လှိုက်လှဲသော အသံ ကပါ လွှတ်ခနဲ ထွက် သွားသည် ။

“ အေး ... အေး ၊ ဟုတ်ပြီဟေ့ ၊ ဟုတ်ပြီ ၊ မင်း ကား နဲ့ မင်း မျက်နှာ ကို ငါ က အကြိမ်ကြိမ် ပုံ ဖော် ကြည့်နေတာ ၊ ခုမှပဲ အလုံးအထည် ပေါ်တော့တယ် ၊ လာဟေ့ လာ  ”

ဝင်းတံခါး က လျင်မြန်စွာ ပွင့်သွားသည် ။ ကျော်မိုးလွင် က အတွင်းသို့ ဝင် လိုက်သည် ။ ထို့နောက် ချက်ချင်း ဆိုသလို လက်တွင်း မှ အိတ် ကို ပါ လူကြီး ထံ ရိုရိုသေသေ ကမ်း ပေးလိုက်သည် ။

“ ကျွန်တော် ကတော့ ဦး မျက်နှာ ကို ဘယ်လိုမှ မမှတ်မိဘူး ခင်ဗျ ၊ ဒီပစ္စည်းတွေ တွေ့ ရတာကလည်း ကား သိမ်းချိန် ရောက် မှ ခင်ဗျ ၊ တွေ့တွေ့ချင်း ဦး ကို ဆက်သွယ်ပြီး ပြန် မပေးမိတဲ့ အတွက်တော့ ကျွန်တော့် ကို ခွင့်လွှတ်ပါ ဦး ”

“ ရပါတယ် ကွာ ၊ ရပါတယ် ၊ ဒီလိုပဲပေါ့ ၊ ခုလို တာဝန်သိသိ ၊ သစ္စာရှိရှိ နဲ့ ပြန် အပ်တယ် ဆိုရင်ပဲ လုံလောက်ပါပြီ ကွ ၊ ငါ ကလည်း အဲဒီ နေ့က တော်တော် အလုပ် များသွားတယ်ကွ ၊ မင်း ကားပေါ် ကနေ ကတိုက်ကရိုက် ဆင်းခဲ့ပြီး ရုံး ထဲ ရောက်တော့မှပဲ ဒီ အိတ် ကျန်နေခဲ့ပြီ ဆိုတာ သတိ ရတော့တယ် ၊ အပြင် ကို ပျာယီးပျာယာ နဲ့ ပြန်ထွက်ပြီး ဟိုဟိုဒီဒီ လျှောက် ကြည့်သေးပေမယ့် မင်း ကား ကို ဘယ် တွေ့ရပါတော့မလဲ ၊ လာကွာ ၊ အိမ် ထဲ လိုက်ခဲ့ဦး ”

ဦးဘခိုင် က ပြုံးချိုသော မျက်နှာ ဖြင့် ကျော်မိုးလွင် ကို ဖိတ်ခေါ်သည် ။ သူ ကပင် ဦးဆောင်၍ အိမ်ဘက်သို့ လျှောက်သွားသည် ။ ကျော်မိုးလွင် က အသာ ကပ် လိုက်သွားလိုက်သည် ။ သို့သော် ပန်းခြံထောင့်နား ကိုရောက်တော့ ဖုန်းခေါ်သံ တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည် ။ ဦးဘခိုင် က ရပ်လိုက်ပြီး ဖုန်း ကို ထုတ်၍ နားထောင် လိုက်သည် ။ ထို့နောက် တစ်ဖက် မှ ဖုန်းခေါ်သူ နှင့် အပြန်အလှန် စကား ပြောနေသည် ။

ဖုန်း ပြောနေခြင်း က အတော်ပင် ကြာသည် ။ တော်တော့် ကို ကြာသည် ။ ဟို က ပြောလိုက် ၊ ဦးဘခိုင် က ပြန် ပြောလိုက် နှင့် စကား က အမျှင် မပြတ်နိုင်အောင် ဖြစ်နေသည် ။ ဘေး မှ ရပ်နေသူ ကျော်မိုးလွင် ခြေ အတော် ညောင်းလောက်ပြီ ဆိုတော့မှ ဦးဘခိုင် က ဖုန်း ကို ပိတ် လိုက်ကာ -

“ ကိုင်း - ငါ့တူ ၊ အားတော့ နာတယ်ကွာ ၊ အလုပ် က ပေါ်ပြန်ပြီကွာ ၊ အသင်းရုံး ကို ဦး ခုပဲ သွား ရလိမ့်မယ် ”

စကား ကို ရပ်ကာ တစ်စုံတစ်ရာ စဉ်းစားနေသည် ။ ထို့နောက် -

“ ဒီလိုလုပ်ကွာ ၊ မင်း လိပ်စာလေး ဦး ပေးခဲ့ ၊ ဦး က မင်း ကို တောင် ဧည့် မခံနိုင်တော့ဘူး ၊ အရေးပေါ် ကိစ္စ ဖြစ်နေတယ်ကွ ”

ဦးဘခိုင် စကားဆုံးသည် နှင့် ကျော်မိုးလွင် က သူ့ လိပ်စာကတ် ကလေး ကို ဦးဘခိုင် သို့ အသာ လှမ်းပေးလိုက်သည် ။

“ ပစ္စည်းတွေ ကို ပြန် စစ်ကြည့်ပါဦးလား ဦး ”

“ ရပါတယ်ကွ ၊ ခုလိုတောင် ရိုးရိုးသားသား ပြန် လာအပ်နေမှပဲ ၊ ဘာ ပြန် စစ် ကြည့်နေဖို့ လိုသလဲ ၊ ကျေးဇူးတင်တယ် ကွာ ၊ သိလား ၊ သိပ် ကျေးဇူးတင်တယ်“

ပြောပြီး ဦးဘခိုင် က အိတ်ကပ် ထဲ သို့ လက် ဖြင့် နှိုက်လိုက်သည် ။ ကျော်မိုးလွင် က ထိတ်ခနဲ ဖြစ် သွားသည် ။ ပြော ရလျှင် သည် အချိန် က သူ မျှော်လင့်နေသည့် အချိန် မဟုတ်လား ။ သို့သော် ဦးဘခိုင် သူ့ အိတ်ကပ် ထဲ မှ လက် ကို ပြန် ထုတ်လိုက်ချိန်မှာတော့ ကျော်မိုးလွင် တစ်ယောက် ရုတ်ခြည်းပင် ခံစားချက် ပြောင်းသွားရလေပြီ ။ သူ့ ရင် ထဲ ကပါ ဟာခနဲ ဖြစ်သွားရသည် ။ နင့်ခနဲ ဖြစ်သွားရသည် ။ အံ့ဩဝမ်းနည်းစိတ် နှင့် အတူ မျက်လုံးတွေ က ပါ ပြာခနဲ ဖြစ်သွားရသည် ။

အကြောင်းမှာ ' ရော့ ၊ ဒါ မင်း သုံးပေါ့ကွာ ' ဟု ပြောကာ လှမ်း ပေးလိုက်သော ဦးဘခိုင် ၏ လက် ထဲ မှာ က တစ်သောင်းကျပ်တန် ငွေစက္ကူကလေး သုံးရွက် မျှသာ ။

       •••   •••   •••   •••

“ တောက် ... တော်တော် လူ မဆန် တဲ့ အဖိုးကြီး ကွာ ၊ တော်တော် မိုက်ရိုင်းတဲ့ အဖိုးကြီး ၊ အသက် ကြီးသလောက် အချိန် မစီးဘူးဆိုတာ ဒါပဲ ”

ကျော်မိုးလွင် က တဖျစ်တောက်တောက် ဖြစ်နေသည် ။ သူ့ နှုတ် မှ ထိန်းချုပ် မရနိုင်လောက်အောင် တရစပ် ရေရွတ်နေသည် ။ မျက်နှာ က လည်း ခံပြင်းသော ၊ ဒေါသ ထွက်သော အရိပ်အယောင် များဖြင့် တင်းမာနီရဲနေသည် ။ ချိုနွယ်ဦး ကမူ ငေး၍ သာနေသည် ။ သို့သော် သူမ သည် လည်း မျှော်လင့်ထားသမျှ ရေစုန် မျောခဲ့ရခြင်း အပေါ် အလွန်အမင်း စိတ်ပျက်အားလျှော့ သွားသည့် အသွင် သဏ္ဌာန်တို့ ကမူ မျက်နှာ ၌ အထင်းသား ထင်ပေါ် နေသည် ။

“ တောက် ၊ ဒီလိုမှန်း သိရင် ဒီ ရွှေတုံးတွေ ကို ပြန် မပေးဘဲ ထား လိုက်ပါတယ်ကွာ ၊ အလကား လူတွေ ၊ နှလုံးသား မရှိတဲ့ လူတွေ ”

ကျော်မိုးလွင် အသံ က ပို၍ ကျယ်လာသည် ။ ပို၍လည်း ခက်ထန်လာသည် ။ ပြီးတော့ စိတ် ထိခိုက်လွန်းသောကြောင့် သူ့ အသံ က တုန်ရင်နေကာ ငိုသံ ပါသည့် ဘက် သို့ပင် ရောက် သယောင်ယောင် ဖြစ်နေသည် ။ ချိုနွယ်ဦး ကမူ ကိုယ် ကို ခပ်နွဲ့နွဲ့ ပြု၍ ငြိမ် နေဆဲ ။

“ မေတ္တာ စေတနာ ဆိုတာ လူတိုင်း နဲ့ မထိုက်တန်ဘူး ဆိုတဲ့ စကား က ဒါကြောင့် ဖြစ်လာတာပဲ ၊ မရိုးသားတဲ့ သူ အပေါ် ရိုးသား လိုက် မိတာ ကို က ငါတို့ အမှားပဲ ”

“ ကဲ - တော်ပါတော့ ကိုကျော်မိုးလွင် ၊ ရှင့် စကားတွေ ကလည်း တဖြည်းဖြည်း နဲ့ အမှားတွေ ပါလာကုန်ပြီ ”

ချိုနွယ်ဦး က စ ပြောလိုက်သည် ။ ကျော်မိုးလွင် က ပြန်ငြိမ် သွားသည် ။ သို့သော် အသက် ကို တော့ ပြင်းပြင်း ရှူနေသည် ။

“ စေတနာ ဟာ လူတိုင်း နဲ့ မထိုက်တန်ဘူး ဆိုတဲ့ စကား ဟာ မမှန်ဘူး ရှင့် ၊ ပြီးတော့ ကိုယ် ပေးဆပ်လိုက်တဲ့ ရိုးသားမှု အပေါ် မှားသွားပြီ လို့ ထင် လိုက်တာဟာလည်း နောက်ထပ် လွဲချော်မှု တစ်ခုပဲ ”

ကျော်မိုးလွင် က ချိုနွယ်ဦး ကို ဖျတ်ခနဲ ကြည့်သည် ။ ချိုနွယ်ဦး က ထိုင် ရာမှ ထ လာပြီး ကျော်မိုးလွင် ဘေး က ကုလားထိုင် တွင် ဝင် ထိုင်လိုက်သည် ။ ပို၍ ကြည်လင်လာသော မျက်နှာ ၊ ပို၍ ပျော့ပျောင်းလာသော အသံ ဖြင့်လည်း ကျော်မိုးလွင် ကို ပြော လိုက်သည် ။

“ ပစ္စည်းပိုင်ရှင် က ကိုယ့် ကို တော့ ဘောက်ဆူး ကောင်းကောင်း ပေးတော့မှာပဲ လို့ ကျွန်မ လည်း မျှော်လင့်မိခဲ့တာပေါ့ ၊ ဒါပေမဲ့ အခု သူ က မပေးဘူး ၊ မပေးတော့ ဘာ တတ်နိုင်သလဲ ၊ ဘာမှ မတတ်နိုင်ဘူး ၊ ဒါကို ကိုယ် က အကုသိုလ် ပွားနေရင် ကိုယ် ပဲ ထပ်ပြီး သောက ရောက် နေရမှာ ”

လက်ကလေး တစ်ဖက် ဖြင့် ကျော်မိုးလွင် ၏ လက်မောင်း အား လှမ်း ကိုင်လိုက်သည် ။ ထို လက် က ယောက်ျား ဖြစ်သူ ကို ဖျောင်းဖျလိုသော ၊ နှစ်သိမ့်လိုသော သူမ ရည်ရွယ်ချက် ၏ ကိုယ်စားလှယ် ဖြစ်ဟန် တူပါသည် ။

“ စိတ် လျှော့လိုက်ပါ ကိုကျော်မိုးလွင် ရယ် ၊ ဒါ မရတော့ရော ဘာ ဖြစ်သလဲ ၊ ကျွန်မတို့ မှာ ကလေး တစ်ယောက် နဲ့ ကျပ်တည်းတယ် ဆိုပေမယ့် ဒုက္ခ ရောက်နေကြတာ မှ မဟုတ်တာ ၊ ရှင့် ဝင်ငွေ ၊ ကျွန်မ ဝင်ငွေ နဲ့ ဖြစ်သလိုလေးတော့ ရပ်တည် နိုင်သေးတာပဲ ဟာ ၊ အရေးကြီးတာ က ကိုယ် ပြုပြီးတဲ့ ကောင်းမှုကုသိုလ်လေး ကို ပြန်ပြီး ပျက်ယွင်း မသွားစေဖို့ပဲ ၊ ရှင် ပြောတယ်မဟုတ်လား ၊ ရိုးသားမှု ဆိုတာ တစ်သက်လုံးစားလို့ မကုန်ပါဘူးဆို ”

ကျော်မိုးလွင် က ပို၍ ငြိမ်လာသည် ။ တရှူးရှူး ဖြစ်နေသော အသက်ရှူသံ ကို ပါ မကြားရတော့ ။

“ ရှင့် အဖေ က ကောက်ရတဲ့ ငွေထုပ်ကြီး ကို ပြန် ပေးခဲ့သလို ရှင် ကလည်း ကိုယ့် အဖေ ခြေရာ နင်းပြီး ဒီ ပစ္စည်းထုပ် ကို ပြန် ပေးခဲ့တယ် ၊ တကယ်ဆိုရင် ရှင် က ရှင့် အဖေ ထက်တောင် ပို တော်သေးတယ်လို့ ဆိုရမယ် ၊ ဘာကြောင့်ဆို သူတစ်ပါး အပေါ် ပြစ်မှား ကျူးလွန်ချင်တဲ့ သူတွေ များ လာတဲ့ ဒီ ခေတ်ကြီး ထဲ မှာ ရှင့် လုပ်ရပ်က တကယ့် ရှား မှ ရှား ပဲလေ ၊ ပြောရရင် ဒီ လုပ်ရပ်ဟာ ကိုယ့် အသက် ရှိသရွေ့ ပြန် တွေးမိတဲ့ အခါတိုင်း တစိမ့်စိမ့် ပီတိ ဖြစ်နေရမယ့် လုပ်ရပ်ပဲ ၊ ဒီ ကောင်းမှုလေး ကို ဘောက်ဆူး မရတာလေး တစ်ခု နဲ့ ပျက်စီးသွားအောင် ၊ ပွန်းပဲ့အောင် မလုပ်လိုက်ပါနဲ့ ၊ ဖြူပြီးသားလေး ကို ဆက်ပြီးတော့သာ ဖြူ ပါစေတော့ ရှင် ”

ချိုနွယ်ဦး စကား အဆုံးတွင် ကျော်မိုးလွင် က တစ်ကိုယ် လုံး ပျော့ကျ သွားသည် ။ ချိုနွယ်ဦး စကား က ချက်ကောင်း ကို တန်းခနဲ ဝင် သွားသည်မို့ လည်း ကျော်မိုးလွင် အတွက် ချေပစရာ စကား မရှိဘဲ ဖြစ် သွားသည် ။ ထို့ပြင် အမှန်တရား တစ်ခု ကို သိမြင်လိုက်မိခြင်း နှင့် အတူ စောစော က ဆူပွက်နေသော ခံစားချက်တွေ မှန်သမျှ ရုတ်ခြည်း လွင့်ပါး ကင်းစင်သွားတော့သည် ။

သို့သော် သူ့ စိတ် က ချက်ချင်း ပုံမှန် သို့ ပြန် ရောက်သွားပြီ ဟု မဆိုသာ ။ အလုံးအရင်း နှင့် ဝင်ရောက် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည် နှင့်အညီ တော်တော် နှင့် အရှိန်မပျယ်နိုင်သေးဘဲ ဖြစ်နေသေးသည် ။

ညပိုင်း အိပ်ရာဝင်ချိန်လောက် ရောက်တော့မှ သူ့ စိတ် က အရာရာ ကို အောင်နိုင် သွားတော့သည် ။ ပေါ့ပါးခြင်း ၊ ကြည်လင်ခြင်း ၊ အေးမြခြင်း ၊ ငြိမ်သက်ခြင်း တည်း ဟူသော ကိုယ်စိတ် အခြေအနေများ က အပိတ်အဆို့ မရှိ လွှမ်းမိုး လာနိုင်တော့သည် ။

ချိုနွယ်ဦး ကို ပြောမိသော သူ့ စကားသံ က ပင် နေ့ခင်းတုန်းက နှင့် မတူကွဲပြားလျက် ရှိသည် ။

“ အေးပါကွာ ၊ မင်း ပြောတာ မှန်ပါတယ် ၊ ကိုယ် က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး မှ တော့ ဘာများ သံယောဇဉ် အမျှင်တန်း နေစရာ လိုသေးလဲ ၊ ပိုင်ရှင် အပေါ် ငြူစူတဲ့ စိတ်နဲ့ ပြောမိဆိုမိ တာတောင် ငါ နောင်တ ရမိတယ်ကွာ ”

        •••   •••   •••   ••• 

နောက်တစ်နေ့ ကူး သည် နှင့် ပို၍ နောင်တရစေမည့် အကြောင်း တစ်ခု က ကျော်မိုးလွင် ကို ဆီးကြိုနေသည် ။ အုံနာအိမ် သို့ သွားခါနီးလောက်မှာပင် ဖုန်း ခေါ်သံ က မြည် လာသည် ။ ဖုန်း ကို နားထောင်လိုက်သည်နှင့် အောက်ပါအတိုင်း ကြား ရတော့သည် ။

“ မောင်ကျော်မိုးလွင် လား ဟေ့ ၊ အေး - မင်း ခုချက်ချင်း ဦး အိမ် ကို လာခဲ့စေချင်တယ် ၊ မနေ့က မင်း ကို ဦး ကောင်းကောင်း ဧည့်ခံ စကား မပြောလိုက်နိုင်တဲ့ အတွက် ဦး ကို ခွင့်လွှတ်ပါကွာ ၊ ဒီလိုကွ ၊ မင်း ကို ဦး နည်းနည်း ရှင်းပြမယ် ၊ တကယ်တော့ မင်း ကားပေါ် မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေ က ဘုရားထီးတော် မှာ ရွှေခေါင်းလောင်း အဖြစ် နဲ့ ချိတ်ဆွဲပြီး လှူဖို့ စီစဉ်ထားတဲ့ ပစ္စည်းတွေကွ ၊ ပန်းထိမ်ဆရာ လက် ထဲ ကို အပ်ဖို့ အသွား ၊ အသင်းရုံး မှာ အလုပ် တစ်ခု ပေါ်လာလို့ ခဏ ဝင် မိရာက မင်း ကားပေါ် မေ့ ကျန်ထားခဲ့မိတာပဲ ၊ ဦး က ဝေပုလ္လဆန်လှူ အသင်း မှာ ဥက္ကဋ္ဌ လုပ်တယ် ၊ နောက် နှစ် ထဲမှာ ဦး က အလုပ် အားလုံး ကနေ အနား ယူတော့မယ် ၊ ရဟန်းဘောင် ကို လည်း တက်တော့မယ် ။ ဒါကြောင့် ခုချိန်မှာ ဦး လည်း စွန့် စရာရှိတာ စွန့် ၊ လှူ စရာရှိတာ လှူ လုပ်နေတဲ့ အချိန် ဆို ပါတော့ကွာ ။ မနေ့က ဦး လည်း တော်တော် အလုပ် များသွားတယ် ကွ ၊ ညရောက်တော့မှ ဦး က မင်း အကြောင်း ကောင်းကောင်း ပြန် စဉ်းစားချိန် ရတော့တယ် ၊ လိုရင်း ပြောရရင် ဦး မင်း ကို သဘောကျ တယ်ကွာ ၊ မင်း ရဲ့ ရိုးသားမှု အတွက် တစ်ခုခု ပြန် ဆုချဖို့လည်း ဆုံးဖြတ် လိုက်တယ် ၊ ဒီတော့ ဦး က ဒီလို စီစဉ်ထားတယ် ၊ ဦး မှာ ဗင်ကား တစ်စီး ရှိတယ် ၊ အရင်တုန်းကတော့ ဦး ကိုယ်တိုင် မောင်းတယ် ၊ ခုတော့ ဦး မျက်စိ ကို သိပ် စိတ်မချတာ နဲ့ မမောင်းရဲတော့ဘူး ၊ ဒရိုင်ဘာ လည်း မငှားတော့ဘဲ ဒီအတိုင်း ထိုး ထားလိုက်တယ် ၊ အဲဒါ အဲဒီ ကား ကို ဦး မင်း လက် ထဲ အပ်မယ်ကွာ ၊ မင်း က ဦး သွားစရာရှိတဲ့ အခါ မောင်း ပို့ပေး ပေါ့ ၊ ကျန်တဲ့ အချိန်မှာတော့ မင်း ဘာသာ တက္ကစီ ဆွဲကွာ ၊ အုံနာခတွေ ဘာတွေ ပေးစရာ မလိုဘူး ၊ ရသလောက် မင်းယူ ၊ ပြီးတော့ နောက် နှစ် မှာ ဦး က ရဟန်းဘောင် တက်တော့ မှာ ဆိုတော့ အဲဒီ အချိန် ရောက်ရင် ဒီ ကား ကို ဦး က မင်း ကို အပိုင်တောင် လွှဲပေး ဦးမယ်ကွာ ၊ ဘယ့်နှယ်လဲ ၊ မင်း သဘော ကျရဲ့ မဟုတ်လား ၊ ဒါဖြင့် စီစဉ်စရာ ရှိတာ စီစဉ်ရအောင် မင်း ခုချက်ချင်း ဦး ဆီလာခဲ့ ၊ ဟုတ်ပြီ လားဟေ့ ”

အမှန် ပြောရလျှင် ဖုန်း ပြောခြင်း ကိစ္စ ပြီးလျှင် ပြီးချင်း ဝမ်းသာ စိတ် က ကျော်မိုးလွင် ရင်ထဲ ဟုန်းခနဲ ထကြွသွားမိသည် က အမှန် ။ သို့သော် မနေ့ က ဦးဘခိုင် အပေါ် ပြောမိ ၊ ဆိုမိ ၊ ပြစ်မှားမိသည်များ ကို သူ ချက်ချင်းပြန် သတိရသွားသည် ။ ထိုအခါ မိမိ ၏ စိတ် မခိုင်မှု ၊ စိတ်ထား မမှန်ခဲ့မှု အပေါ် ပြန်လည် ရှက်နိုးမိခြင်း နှင့် အတူ ထို ဝမ်းသာ စိတ်များ က ရုတ်ခြည်းပင် ငုတ်လျှိုး သွားသည် ။ ထိုမျှမက ပို၍ နောင်တ ရမိခြင်း ၊ တနုံ့နုံ့ဖြစ်ရခြင်းများ ကိုပါ မျက်ရည် လည်ရင်း ပူးတွဲ ခံစားလိုက်ရသည် ။

ခုနေ ဈေး ထဲ မှာ ချိုနွယ်ဦး ကို ဤ သတင်း ပြောပြလိုက်ပါက ဝမ်းသာသွားမည် မှာ မုချ ။ သို့သော် ယခု အချိန် ၌ စိတ် မကောင်းခြင်း ကသာ သူ့ အား ကြီးစိုးနေတော့ရာ ချိုနွယ်ဦး ကို အူယားဖားယား သွား ပြောပြချင်လောက်အောင် တက်ကြွ မနေတော့ပေ ။

တစ်ခုတော့ သူ ကောင်းကောင်း သိ လိုက်မိသည် ။ အခြား မဟုတ် ။ စစ်မှန်သော ရိုးသားမှု ကသာ အလုံးစုံသော စိတ် ချမ်းသာမှု ကို ပေးစွမ်း နိုင်သည် ။ နည်းနည်း ရိုးသား က နည်းနည်း ချမ်းသာ မည် ။ များများ ရိုးသား က များများ ချမ်းသာရမည် ။ ပြည့်ဝသော သီလဖြူစင်မှု ကသာ ပြည့်ဝသော ကောင်းကျိုးအထွေထွေ ကို ပေးစွမ်းနိုင်မည် ။ ကျားငစဉ်းလဲ ၏ ဥပုသ် စောင့် နည်းမျိုး ကဲ့သို့ အကျိုး ၊ အပေါက် ၊ အပြောက် ၊ အကြားတွေ နှင့် ပြည့်နှက်နေသော သီလ စောင့်ထိန်းနည်းမျိုး ကတော့ ရှက်ဖွယ်ရာ ၊ ကဲ့ရဲ့ဖွယ်ရာသာ ဖြစ်သည် ။ သို့ကြောင့် ယနေ့ မှ စ၍ စစ်မှန်ပြည့်ဝသော သီလ ကို သာ သူ ကြိုးစားပြီး ဆောက်တည်တော့မည် ၊ မည်သည့်အကြောင်း ကြောင့်ဖြစ်စေ မည်သည့် အခါမျှ ယိမ်းယိုင်သွေဖည်ခြင်း မရှိရ အောင်လည်း သူ ထိန်းသိမ်းသွားတော့မည် စသည် ဖြင့် ခိုင်မာသည့် သန္နိဋ္ဌာန် တစ်ရပ် ကိုပါ ပူးတွဲ၍ ချမှတ်လိုက်မိခြင်း ဖြစ်သည် ။

◾ရဲမြတ်တင်

📖 ကျွန်တော့်ဝတ္ထုတိုများ

aung naing oo

.

No comments:

Post a Comment