Tuesday, August 2, 2022

အထူ အပါး


 

❝ အထူအပါး ❞

“ အလောင်း ထုတ်ရန် နှစ်ဦး သာ ဝင်ပါ ” ဟု ဆေးအပြာ နှင့် ရေးထား သော မှန်တံခါးချပ် ရှေ့ မှ ခုံတန်းလျားလေး ပေါ် ရှိ ပန်းခြင်းလှလှကြီး ကို ပေတိုး ကြည့် မဝ ဖြစ်နေသည် ။

ကျောက်ခက်စိမ်းစိမ်းများ ပေါ် တွင် ပိန်းပန်းအဖြူ ခပ်သေးသေး များ ကို ပြောက်ကျား ထိုးထားပြီး မရမ်းစေ့ရောင် သစ်ခွပွင့် ခပ်များများ ညှပ်ထားသော အဖိုးတန် ပန်းခြင်း မှာ အသွင် တစ်မျိုး ထူးပြီး အတော် ကလေး မျက်စိပသာဒ ကျနေသည် ။ ပြီးတော့ အလောင်း ပြင်ရာတွင် သုံးရန် ယူလာသော နှင်းဆီပန်းစည်းကြီး ကလည်း တော်ရုံ မဟုတ် ။

အရောင်အသွေး တောက်ပပြီး စွင့်စွင့် တစ်ပွေ့တစ်ပိုက်ကြီး မို့ ဒီ အသုဘ ကတော့ မျက်နှာကြီး မျိုး ထဲ က ဖြစ်မှာပဲ ဟု တွေးရင်း အလောင်း ထုတ်ရန် တာဝန်ရှိသူ အချို့ နှင့် စကား ပြော နေသော ဂျင်းဂျာကင် နှင့် လူ ၏ လက် မှ အမ် ( မ် ) စီ ဟန်း ( န် ) ချိန်းကြီး ကို လည်းကောင်း ၊ ရှေ့ခုံတန်းလျား ပေါ် မှာ ထိုင်ရင်း ပန်းခြင်း ကို ပိုက် ထားသော အနက်ရောင် ရှပ်အင်္ကျီ ပွပွ ၊ အသားဖြူဖြူ ၊ ဘိုဆန်ဆန် မျက်နှာ နှင့် ကောင်မလေး ၏ စကား ပြော လိုက်တိုင်း အရှိန် နှင့် ယမ်း ယမ်း သွားသည့် ရှည်မျောမျော နားဆွဲလေး ကို လည်းကောင်း ပေတိုး ကြည့်ကောင်းကောင်း နှင့် ငေး နေမိသည် ။

“ အောင်မယ်လေး .. အဖေ ရဲ့ ။ သမီး တို့ ကို ပစ် ထားပြီလား ”

နောက်ဘက် အခန်းငယ် တစ်ခု ထဲမှ စူးစူးဝါးဝါး အော်သံ ထွက် လာသဖြင့် ပေတိုး သတိ ပြန် ဝင်လာပြီး ထို နေရာ သို့ ပြေးလာခဲ့သည် ။

ရုပ်ကလာပ် ကို ခေါင်း ထဲ သွင်းနေပြီ ။ ပိန်လှီခြောက်ကပ် မွဲညစ်နေ သော အသုဘ ၏ ကျန်ရစ်သူ ဇနီးသည် က ယောက်ျား ၏ အမည် ကို တကြော်ကြော် ခေါ်ရင်း မိန်းမ နှစ်ယောက် ဆွဲခေါ်ရာ သို့ တရွတ်တိုက် ပါသွားသည် ။ ချေးအထပ်ထပ် နှင့် ကလေးများ က တစာစာ အော်ငိုနေကြ စဉ် ခေါင်း ကို လှည်းပေါ် တင် သူ တင် ၊ ရေအိုး မ , သူ က မ ဖြင့် အလုပ် ရှုပ် နေကြဆဲ ပေတိုး ကမန်းကတန်း ခေါင်းရင်း မှ လူ ဆီ ပြေးကပ်သွားပြီး ...

“ ဦးလေး ... ပန်းခွေတွေ ယူ မသွားနဲ့နော် ” 

“ ဟေ ... မယူရဘူးလား ကွ ။ ပိုက်ဆံ ပေးပြီးပြီပဲ ” 

“ တစ်ခွေ တစ်ဆယ် ပဲ ယူထားတာ ။ အဲဒါ ငှားခ ဗျ ။ အပြီး ဝယ်ရင် တော့ ပိုက်ဆံ ပို ပေးရမှာပေါ့ ။ ဦးလေး တို့ ယူသွား ချင်ရင် ဝယ် လိုက်လေ ” 

“ အေးပါကွာ ။ ဝယ်သွားတော့ရော ဘာ လုပ်ရမှာလဲ ။ ထားပါ့မယ် ” 

“ ပြီးရင် ချမယ်ဟေ့ ။ ကဲ ... ထွက်ကြ ၊ ထွက်ကြ ”

တစ်စုံတစ်ယောက် ၏ နှိုးဆော်သံ နှင့် အတူ အခန်း ထဲ မှ စုပြုံ တိုးဝှေ့ ထွက် သွားကြစဉ် ပေတိုး က နံရံ ပေါ် မှ ပန်းခွေ နှစ်ခွေ ကို ဖြုတ် ယူလိုက် သည် ။

ခပ်လှမ်းလှမ်း မှ ရေအိုး ချ ခွဲသံ ခွပ်ခနဲ ထွက်ပေါ်လာသည် ။

   •••••   •••••   •••••   •••••

“ ဟေ့ကောင် ... ခန်းမ ၃ ကို လိုက်ခဲ့ ။ ပန်းယူမယ် နဲ့ တူတယ် ”

ပိတ်ဖြူ အုပ်ထားသော အလောင်းတင် လက်တွန်းလှည်း ကို တွန်း လာရင်းမှ ဦးလေးညို က ကပ် ပြောသွား၍ ပေတိုး လှည်းနောက် ပါသွား သည် ။

ပေတိုး အလုပ် က ဘယ် က ပန်း ရနိုင်မလဲ ၊ ဘယ်သူ ပန်း ဝယ်မလဲ ။ သို့မဟုတ် ဘယ်သူ က အလောင်းတင့်တယ်ရုံ ပန်းခွေ ခဏ ငှားချိတ်မလဲ ဆိုတာ မလစ်လပ်အောင် စောင့်ကြည့်ရ သည့် အလုပ် ။

အစစ အရာရာ အလှအပ ကို ဦးစားပေးသော မြို့ပြ သည် အသုဘ အခမ်းအနား က အစ ၊ ပေတိုး တို့ ဇာတိ အညာ နှင့် ကွာချင်တိုင်း ကွာသည် ။

လူသားတို့ ဘဝ နှင့် ရုပ်ခန္ဓာ နိဂုံးချုပ်ချိန် အထိ လှလှပပ ပေါ်ပေါ် လွင်လွင်ကြီး ထုံမွမ်း ပြင်ဆင်ကြခြင်းသည် အဆန်းတော့ မဟုတ်တော့ ။

မသေခင် က မည်မျှ တာဝန်ကျေခဲ့သည် မသိသော်လည်း အအေး တိုက် ၏ ခန်းမ ထဲ ရောက်လျှင်တော့ အလှဆုံး ၊ အကောင်းဆုံး ၊ အခမ်းနားဆုံး ဖြစ်အောင် ပြင်ဆင်ခြယ်သကြပြီး ပန်းခွေ ၊ ပန်းခြင်း မြိုင်မြိုင်ဆိုင်ဆိုင် ဖြင့် အနှမြော မရှိ ၊ အပြိုင်အဆိုင် ပြင်ပြီး တဖွဲဖွဲ ရောက်လာသော အသုဘ ရှုသူများ ကို အမြင် တင့်တယ်အောင် အပြခံရသော မိဘတို့၏ သက်မဲ့ခန္ဓာ များခမျာလည်း တရှုပ်ရှုပ် ပူပန်ငိုကြွေးနေသော သားသမီး မြေးမြစ်များ ၏ အလယ်တွင် ကျေနပ်စဖွယ်ပင် ။

ထို အသုဘများ မှ မီးသင်္ဂြိုဟ်စက် ရှေ့သို့ ရောက်ပြီ ဆိုသည် နှင့် ပန်းခွေ ၊ ပန်းခြင်းများကို စွန့်ပစ်ခဲ့ပြီး အလောင်း မီးသင်္ဂြိုဟ် စက် ထဲ ဝင် ရောက်ပြီးပြီ ဆိုသည်နှင့် ကိစ္စ ပြတ်ပြီးသွားပြီမို့ အသုဘရှင်များ ပြန်သွား သည် နှင့် တစ်ပြိုင်နက် ကျန်ခဲ့သော ပန်းခွေ ၊ ပန်းခြင်းလှလှများ ကို ပေတိုး တို့ က သိမ်း၍ စတိုခန်း တစ်ခု တွင် အသင့် ရှိနေသော မတူး ထံ ပြန် သွင်းရသည် ။

မတူးက ပန်း အနေအထား ကို ကြည့်၍ ပေးသော ငွေစ သည် ပေတိုး တို့ အတွက် ကိုယ်ပိုင် ဝင်ငွေ ဖြစ်သည် ။

ထိုသို့ မတူး အား ပန်းပြန်သွင်းနိုင်ရန်အတွက် မတူး ဝယ်ထား သော ပန်းများ ကို လည်း ရောင်းတန်တာ ရောင်း ၊ ငှားတန်တာ ငှား ရအောင် ပေတိုး တို့ က ကူ ဖြုန်းပေးရသေးသည် ။ အချို့ နယ် မှ လာ၍ ဆေးကုသ ခံရင်း ပျက်စီးသွားကြသူများ ၊ အတွေ့အကြုံ မရှိ၍ လည်းကောင်း ၊ မလုပ် တတ်၍ မကိုင်တတ်၍ လည်းကောင်း ၊ မေ့လျော့နေကြ၍ လည်းကောင်း ပန်းခွေ မပါလာကြသော အသုဘရှင်များ က ပြင်ပြီးသည့် အခါမှ အခြား သူများ နှင့် ယှဉ်ကြည့်ရင်း အလောတကြီး လိုအပ်လာတတ်ကြ သဖြင့် ပေတိုး တို့ ထံ မှ မိမိ တတ်နိုင်သော အင်အား ဖြင့် ဝယ်ကြ ၊ ငှားကြ ရသည် ။

ထိုသို့သော သူများ ကို အလောင်း လာ ထုတ်ကြသည်နှင့် ဦးစွာ ဆက်သွယ်နိုင်အောင် ပေတိုး က ကြိုးစား ရသည် ။ မတူး ထံ မှ ဝယ်သူ ရှိမှ မတူး ကလည်း ပေတိုး တို့ ထံမှ ပန်း ပြန် ဝယ်ဖြစ်မည်လေ ။ သို့မဟုတ်ပါက ပန်း ပြန်သွင်းရန် အခက် တွေ့ရလိမ့်မည် ။ မတူး ပန်းများများ ရောင်းရ လေ ပေတိုး ပန်းသွင်းရတာ ဈေး ရလေပင် ။

တစ်ခါတစ်ခါ တော့လည်း သည် အလုပ် လုပ် ရတာ လိပ်ပြာ မလုံ ချင်တော့ ။ တစ်ဦး တစ်ယောက် အတွက် ၎င်း မိသားစု က အမြတ်တနိုး ရည်စူးထားသော ပစ္စည်း ကို ကိုယ် က ယူပြီး စာတန်းတွေ ဖြတ် ၊ အကျအန ပြန် ပြင်ပြီး တစ်လက် ပြီး တစ်လက် ၊ နာမည် တစ်ခု ပြီး တစ်ခု ပြောင်းချိတ် ပေးနှင့် ဖြတ်စား လျှပ်စား လုပ် ရသော ကိစ္စသည် သိပ်တော့ မကောင်းလှ ။ ဒါပေမယ့် ပေတိုး မလုပ်လည်း သည် အလုပ် ကို အေးသောင် တို့ ၊ အောင်ဘု တို့ လုပ်ကြသည်ပင် ။ စကားစပ်မိလျှင် သည်ကောင်တွေ က ... 

“ လူတွေက အဓိပ္ပာယ် မရှိတာကွ ။ သူတို့ ယူလာတဲ့ ပန်းတွေ က ဘယ်လောက် လှလှ ၊ အဖိုးတန်တန် သေတဲ့ လူ က ဘာ လုပ်လို့ ရတာ မှတ် လို့ ။ ပြီးတော့လည်း နွမ်းသွား ၊ ကြွေသွား ၊ ပျက်စီးသွား တာပဲ ။ ငါတို့တွေ ခုလို လုပ်နေတာကမှ ငါတို့ လည်း ဝမ်းပြည့် ၊ ဒီပြင် လူတွေ လည်း အဆင်ပြေ ။ အလကား ဖြစ်မယ့် အစား အကျိုး ရှိရှိ အသုံးချ နေကြတယ်လို့ ပဲ မှတ် စမ်းပါကွာ ”

ဟု ကိုယ် လိုရာ ကိုယ် ဆွဲပြော တတ်ကြသည် ။

“ ဟေ့ကောင် ပေတိုး ၊ မြန်မြန်လာပြီး ဝိုင်းမ,စမ်းပါဦးကွ ”

ပြေးသွားပြီး အလောင်း ပေါ် မှ ပိတ်စ ကို ဖယ်ကာ အောက်ခံပိတ်ဖြူ မှ အလောင်း တင် ထားသည့် အနေအထား အတိုင်း ခြေရင်း နှင့် ခေါင်းရင်း မှ တစ်ဝက်စီ မ,၍ လက်တွန်းလှည်း ပေါ် မှ တစ်ဆင့် အလောင်း ပြင်မည့် စတီး ခုံ ပေါ် သို့ ရွှေ့လိုက်သည် ။

“ ကျွန်မ တူမလေး ကို လှအောင် ပြင်ပေးကြပါ ရှင် ။ သူ က သိပ် အလှ ကြိုက်တာ ။ ဟင့် ... ဟင့် .. ဒီမှာ သူ့ အလှပြင်ပစ္စည်းတွေ ။ သူ့ ပစ္စည်း နဲ့ သူ့ လိမ်းပေးပါနော် ”

ပြောပြောဆိုဆို အမျိုးသမီး က ငိုယိုမြည်တမ်းရင်း မိတ်ကပ် ၊ နှုတ် ခမ်းနီ ၊ ပေါင်ဒါ ၊ မျက်ခုံးဆွဲခဲတံ အစရှိသည့် အလှပြင်ပစ္စည်းများ နှင့် အလောင်း လွှမ်းရန် ဝတ်ကောင်းစားလှများ ၊ ဖယောင်းတိုင် ၊ အမွှေးတိုင် များ ထည့်ထားသော ကြိမ်ခြင်းကြီး တစ်ခြင်း ကို ချပေးခဲ့ပြီး ခပ်လှမ်း လှမ်း မှာ သွား ထိုင်ကာ ငို နေတော့သည် ။

အလောင်း က အသက်နှစ်ဆယ် ခန့်သာ ရှိသေးသော မိန်းကလေး ဖြစ်ပြီး အလွန် လှပသူမို့ မိဘ ၊ ညီအစ်ကို မောင်နှမများ အတွက် ရင်ကျိုး စရာ ။

ဘာ ရောဂါ ကြောင့် သေသည်ကို ပေတိုး တို့ မသိသော်လည်း ဦးခေါင်း နှင့် အရှေ့ပိုင်း လည်ပင်း အောက် မှ ဆီးစပ် အထိ ခွဲ ၍ ပြန်လည် ချုပ်နှောင်ထားသဖြင့် မြင်ရသည် မှာ စိတ်လှုပ်ရှားစရာ ။ 

အဒေါ် ဖြစ်သူ က စိတ် မခိုင်သဖြင့် မထိရဲ ၊ မကိုင်ရဲ ။ ဦးလေးညို က တစ်ယောက်တည်း ပြင် ပေးရတော့မည် မို့ သွက်လက် ဖျတ်လတ်နေသည် ။

ပထမဆုံး မိန်းကလေး ၏ မျက်နှာ မှ ရေခဲချွေးများ ကို အချိန်ကြာ ကြာ စုပ်ယူထားရန် အတွက် မွေးပွမျက်နှာသုတ်ပဝါလေး ကို ဖြန့်ပြီး အသာအယာ ဖိ၍ ကပ်ထားလိုက်သည် ။

ထို့နောက် အလောင်း ၏ ထိပ် မှ နေ၍ ဒဏ်ရာ နှင့် ချုပ်ရိုး မှ သွေး များ နှင့် ရေခဲငွေ့ ပျော်ရည်များ ရောကာ တစက်စက် ကျနေသော ဆံပင် များအား ခြောက်သွေ့အောင် သုတ်ပြီး ပလတ်စတစ်ဘီး ဖြင့် အနောက် သို့ လှန်ချကာ စိတ်ရှည်လက်ရှည် ဖြီး သင် လိုက်သည် ။

ပြီးမှ အဝတ်နွမ်း ဝတ်ထားသော ခန္ဓာကိုယ်ပေါ် သို့ တောက်ပ သစ်လွင်သော အဝါရောင်ဝတ်စုံ တစ်စုံ အား လွှမ်းတင် ပေးလိုက်ပြီး လက် နှစ်ဖက် ကို အသာအယာ မ,ကာ ရင်ညွန့်အောက်နား တွင် လက်ဖဝါး နှစ်ဖက် အား လှပစွာ ပူးယှက်ကာ ထို လက်များ ထဲ တွင် နှင်းဆီပန်း လေးငါးပွင့် ကို ပန်းစည်းသဏ္ဌာန် ပြု၍ ထည့် ထားပေးလိုက်သည် ။ 

ဆံပင် နှင့် အဝတ်အစား တို့ ကို ပြင်ဆင်ပြီးတော့မှ မျက်နှာပေါ် မှ ပဝါ ကို ခွာ ချ၍ ချွေးစမွေးနများ စင်ကြယ်အောင် သုတ်သင်ပြီး မိတ်ကပ် ကို ခပ်ပါးပါးလေး ညီညာအောင် ပွတ်လိမ်းပြီး ကရင်ပတ်ကလေး ထပ်ဖို့ လိုက်သောအခါ မိန်းကလေး ၏ မျက်နှာမှာ ဝင်းပသွားတော့သည် ။

ထို့နောက် နဂို က ပုံကျနေသော မျက်ခုံးကလေး ပေါ် တွင် ခဲတံ ဖြင့် အသာလိုက်ပြီး ကော့ပျံနေအောင် မထူမပါး အနေတော် ဆွဲပေးပြီး နောက်ဆုံး နှုတ်ခမ်းနီ ပန်းရင့်ရောင် ကို ပုံကျပန်းကျ ဆိုး ပေးနေသော ဦးလေးညို ကို ကြည့်ကာ သည်ပညာတွေ ဘယ်လို တတ် နေပါလိမ့် ဟု ပေတိုး စိတ် ထဲ က ချီးကျူး လိုက်မိသည် ။

ထို့နောက် ဂန္ဓမာပန်းများ ကို အပွင့်လိုက် ခြွေပြီး ဆံပင် ကြား မှ ပေါ်ထွက်နေသော ဒဏ်ရာများ နှင့် မျက်နှာဘေးတစ်ဖက်တစ်ချက် တွင် သာမက ခန္ဓာကိုယ် ဘေး မှ လွတ်နေသော နေရာအနှံ့အပြား တွင် အစီအရီ ချပြီး နှင်းဆီပွင့်ချပ်များ ကို ပါ လှပစွာဖြင့် ဖြန့်ဖြူးလိုက်သောအခါ ပန်း မွေ့ရာ ပေါ် တွင် နှစ်ရှည်လများ အိပ်မောကျ နေသော ပုံပြင် ထဲ က နတ် သမီးလေး တစ်ပါး ကဲ့သို့ လှချင်တိုင်း လှနေပါတော့သည် ။

“ ပေတိုး နှယ် ... ငေး ရန်ကော ကွာ ။ ရေခဲတိုက် မှာ နေပြီး မသာ မမြင်ဖူးတာ ကျနေတာပဲ ။ ကိုယ့် အလုပ် ကိုယ် လုပ် မှပေါ့  ။ ဟို ဆရာလေး တို့ .... ပန်းခြင်းလေး ၊ ပန်းခွေလေး ချထား မှ လှ မှာပေါ့ ဗျ ။ ပါ မလာရင် လည်း အချိန် ရှိတုန်း ဝယ်လိုက်လေ ။ ဒီကောင်လေးတွေ ဆီ မှာ ရှိတယ် ”

ပေတိုး ကို သတိ ပေးရင်း တစ်ဆက်တည်း မသာရှင်တွေ ကိုပါ လှမ်း အကြောင်း ကြားလိုက်သည် ။

“ အိမ် က လာရင် ပန်းခွေ ပါချင် ပါ လာမှာ ။ လိုလိုမည်မည် ပန်းခြင်း တစ်ခြင်း လောက်တော့ ဝယ်ချင်တယ် ။ ဘယ်လောက်လဲ .. ”

“ လိုက်ကြည့်ပေါ့  ။ အစ်ကိုတို့ ကြိုက်တာ ရွေးပေါ့ ။ ပြီးမှ ဟိုမှာ ဈေး ပြော ”

ပေတိုး သွက်လက်ဖျတ်လတ်စွာ ပန်းထားရာ စတိုခန်းဘက် သို့ ဦးဆောင် ခေါ်လာပြီး စတိုခန်းတံခါး ကို အသာ တွန်း ဝင်လိုက်ပြီး .....

“ အစ်မရေ ... ပန်း ယူမယ် ”  

ဟု လှမ်း အသံ ပြုလိုက်သည် ။ အခန်းထဲ တွင် ပန်းခြင်း သုံးလေး ခြင်းနှင့် ပန်းခွေ အချို့ကို မတူးက စီတန်းပြရင်း ..

“ ကြိုက်တာ ရွေးပါ ”

ဟု ဆိုရင်း ဝယ်သူ မျက်စိ ကျမည့် ပန်းခြင်း ကို ပန်းများ ထပ်မံ ဖြည့်စွက် ပြုပြင်ကာ မွမ်းမံ ပေးနေသဖြင့် ရှိုးပန်း တုတ်တုတ်ကြီးများ ဖြင့် ဝေဝေဆာဆာ လှနေသော သစ္စာပန်းခြင်းကြီး ကို ရွေးပြီး တစ်ရာ့လေးဆယ် နှင့် ဝယ်ဖြစ် သွားသည် ။ ဝယ်သူ ပြန် ထွက် သွားသောအခါ ပေတိုး က ...

“ အစ်မတို့ ပဲ ကောင်းတယ် ။ အလုပ် ကို ဖြစ်လို့ ” 

“ ဟဲ့ ... နင်ကရော မဖြစ်လို့လား ” 

“ ဘယ်မှာ ဖြစ်သေးလို့လဲဗျ ။ တစ်မနက်လုံး အစ်မ ကို ပဲ လုပ်ပေးနေတာ ”

“ ဒီ ခြင်း ပြန် ဝယ်မှာပေါ့ ။ ဒါပေမဲ့ ပန်း က သိပ် မလတ်တော့ဘူး ။ အသစ်ကလေး ဘာလေး ရှာ ဦးလေ ”

“ ဟာ .. ကျွန်တော် ခုမှ သတိ ရတယ် ။ ခန်းမ ၁ မှာ ထားမယ့် သစ်ခွပန်းခြင်း အရမ်း လှတာပဲ ။ ကျွန်တော် အဲဒါ သွား စောင့်ပြီး အစ်မ ဆီ ယူ လာခဲ့မယ် ... သိလား ”

“ အေး ... ရအောင် လုပ်နော် ။ စောစော ရရင် ပို ကောင်းမယ် ။ နောက် အချိန်တွေ မီ ရင် ဒီနေ့ပဲ ဈေးဦး ပေါက်နိုင်တာပေါ့  ။ သစ်ခွ ဆို အကြာကြီး ခံ မှာ ဟ ”

“ အဲဒါလည်း ငါးဆယ် ပဲ လား ” 

“ နင် ကလည်း ဟယ် .. ပို ပေးမှာပေါ့  ”

ပို မှ ဖြစ်မည် ။ သည်ကနေ့ ပေတိုး ငွေ လိုနေသည် ။ ညည ဝေဠုဝန် မှ လူငယ်တွေ စုပြီး ဂစ်တာ တီး နေတာ ကို အားကျပြီး သွား ထိုင် ငေးမော ခဲ့တာ ကြာပြီ ။ 

သူတို့ အချင်းချင်းတောင် လူ နဲ့ ဂစ်တာ နဲ့ မမျှလို့ အချိန်ပိုင်း နှင့် တီး ကြရသည် ။ တစ်ခါတစ်ရံ သူတို့ အချင်းချင်း စကား ပြောခိုက် ၊ ဆေး လိပ် ဖွာခိုက် ခဏတစ်ဖြုတ် ကောက် ကိုင်ပြီး ဟိုခေါက် သည်ခေါက် ခေါက် ကြည့်ရတာ ကို က အရသာ ရှိလှသည် ။

သို့သော် ပေကိုး က ကော့ဒ် တွေ တောင် အားလုံး လက် မယဉ်သေး ။ ဂစ်တာ ရှိလျှင် သင်ပေးမည် ဆို၍ ဂစ်တာတစ်လုံး ကို အသည်းအသန် လိုချင်နေသည် ။

ည က ထို ဝိုင်း မှ တစ်ယောက် က ဂစ်တာအဟောင်း တစ်လုံး ကို တစ်ရာ့ငါးဆယ် နှင့် ရောင်းမည် ဆို၍ ပေတိုး ရောဂါ တက် နေသည် ။

ရှိစုမဲ့စု ခြစ်ခြုတ် ထုတ်လိုက်တော့ ငွေလေးဆယ် ရသည် ။ သည် ကနေ့ အလုပ် ဖြစ်လျှင်တော့ အငတ် ခံ၍ ထို ဂစ်တာ ကို ဝယ်လိုက်မည် ဟု အားခဲ ထားသည် ။ သည်တစ်ရက် နှစ်ရက် မှ မဝယ်နိုင်လျှင် သူများ လက်ထဲ ပါ သွားပေတော့မည် ။

သို့ပေမဲ့ ကုသိုလ်ကံ ကောင်း ချင်တော့ သည်ကနေ့ သစ်ခွပန်းခြင်း တစ်ခြင်း ကပဲ အနိမ့်ဆုံး ခြောက်ဆယ် ၊ ခုနစ်ဆယ် တော့ ရပေလိမ့်မည် ။ ရှိုးပန်းခြင်း ကို ပြန် သွင်းလျှင် ငါးဆယ် ရမည် ။ ကိုယ့် ရှိတဲ့ငွေနှင့် ပေါင်း လျှင် ဒီနေ့ ဂစ်တာ ကို အဝကြီး တီး ပစ်လိုက်နိုင်တော့မည် ။

ပေတိုး စိတ်အေးလက်အေး နှင့် မီးသင်္ဂြိုဟ်စက် နား က အုတ်ခုံပေါ် မှာ ခြေ တွဲလောင်းချ ထိုင်၍ ရေခဲထုပ် တစ်ထုပ် ဝယ် စုပ်ရန် စောင့်နေ လိုက်သည် ။

အသုဘတွေ တစ်လောင်း ပြီး တစ်လောင်း ချ သွားသည် ။ မက် လောက်စရာ လုပ်ကွက် ကို ရှာ မတွေ့သေး ။ ပုဏ္ဍရိတ်ပန်းတွေ ၊ ငွေပန်း တွေ နှင့် တစ်နေ့ခံ ဖြစ်သလို လုပ်ထားသော ပန်းခွေတွေ က များသည်မို့ မီးသင်္ဂြိုဟ်စက် ရှေ့ ရောက်လိုက် ၊ အသုဘရှင်တွေ က ဘေးသို့ လှမ်း ပစ် ချိတ်လိုက် ၊ သုသာန်ဝင်း ထဲ လာ ကျောင်းထားသော ဆိတ်တွေ က ဆွဲ စား လိုက်နှင့် ပန်းခွေ အစအနများ က မီးသင်္ဂြိုဟ်စက် ဘေး မှာ ဖရိုဖရဲ ။ 

သစ်ခွပန်းခြင်း နှင့် ချလာမည့် အသုဘ ကို မျှော်နေဆဲ စောစော က ဦးလေးညို ပြင် ပေးထားသော ရှိုးပန်းခြင်း ဝယ်သွားသည့် အလောင်း ကို လှည်းပေါ် မတင်ဘဲ လူတွေ ဝိုင်း ထမ်းပြီး ချ လာကြ၍ ပေတိုး အုတ်ခုံပေါ် မှ ခုန်ဆင်း ကာ ရောယောင်ပြီး လိုက်ပါ သွားသည် ။

အသုဘအလောင်း ကို မီးသင်္ဂြိုဟ်စက် ဘက် သို့ သယ် မလာဘဲ မြေ မြှုပ်ရန် ဂူတွေ ဘက် သယ်ချသွားစဉ် ဆူပူငိုယိုနေသူတွေ ကြား ပန်းခြင်း ကိုင်ထားသူ နှင့် အနီးဆုံး တွင် ပေတိုး နေရာ ယူ လိုက်သည် ။

အလောင်း ကို တွင်းနှုတ်ခမ်းဘေး မှ ဆိုင်းကြိုး ပေါ် တွင် ချပြီး ခေါင်း ကို ခဏ ဖွင့်ပြသည့် အခိုက် အော်ဟစ် ငိုယိုသံများ ဆူညံသွားသည် ။

“  မေကြည်ဝင်း ”  အတွက် မိသားစုပန်းခြင်း ဟု စာတန်း အသစ် ပြန် ထိုးထားသော ပန်းခြင်းကြီး ကို မူ ခုချိန် ထိ ကိုင်ထားသူ လူရွယ် က လက်ဆင့် မကမ်းသေး ၊

ဖရိုဖရဲ မနိုင်မနင်း နှင့် ဆွဲသူ ၊ ရုန်းသူ ၊ အော်သူ ၊ ဟစ်သူများကြား ခေါင်း ကို ပြန်ပိတ်ပြီး ကြိုးဖြင့် ဆိုင်း၍ မြေတွင်း ထဲ ချလိုက်ကြသည် ။

ပြီးတော့ မြေကြီးခဲတွေ တစ်လုံး ပြီး တစ်လုံး ကောက်ပြီး ပစ်ထည့် ပေးကြသည် ။ ပန်းခြင်း ကို မူ ကိုင်သူ က ကိုင်ထားဆဲ ။ မြေဖို့ ပြီး မှ မြေပုံ ပေါ်တွင် တင် သွားလေမည်လားဟု ကြည့် နေစဉ် ပန်းခြင်း ကိုင်ထားသူ လူရွယ်က တွင်း နှုတ်ခမ်း နား သွား ရပ်ပြီး ခြင်း ထဲ က သစ္စာပန်းတွေ ကို တစ်ပွင့်ချင်း ဆွဲ နုတ်ပြီး ခေါင်းပေါ် သို့ ပစ်ချ ရင်း မျက်ရည်ပေါက်ပေါက် ကျ နေသည် ။

“  သွားပြီ ... ”

မသာရှင် နှင့် အတူ သူ ပါ ရော ငိုချင်သွားသည် ။ စိတ်ပျက်လက်ပျက် နှင့် လှည့် ထွက်ခဲ့စဉ် အဝေး မှ စူးစူးရှရှ အော်သံ တစ်ခု ကို ကြား လိုက်ရ သည် ။

ဟော .. သစ်ခွပန်းခြင်း ပါတဲ့ အသုဘ ချ လာပြီ ။ မီးသင်္ဂြိုဟ်စက် ရှေ့သို့ ပင် ရောက်လုပြီမို့ မြေပုံတွေ ၊ ဂူတွေ ကြားမှ ပေတိုး အပြေးအလွှား ထွက် လာခဲ့သည် ။ ခြင်း ကို အောက်နား သွား ချိတ်ထားလိုက် လို့ ဆိတ် စား သွားရင် ခက် ရချည့် ။

ဟူး ... တော်ပါသေး ရဲ့ ။ မီရုံလေး ရှိတော့လို့ ခေါင်း ကို မီးသဂြိုဟ် စက်ထဲ သွင်းမည့် လှည်း ပေါ်တင် ...

အဖုံး ဖွင့် ကြည့် ..

ပြန် ပိတ် ...

ပန်းခွေ အပေါစားများ ကို ဘေးနား က သံချိတ် ဆီ ပို့ ...

ဟော ... ပန်းခြင်း ကိုလည်း သွားစွန့်ဖို့ လက်ဆင့်ကမ်း ..

ပေတိုး အားရဝမ်းသာ သံချိတ် နှင့် လေးငါးလှမ်း အကွာ က လက် ဆင့်ကမ်း ယူရန် လက် အလှမ်း ... 

အဲဒီ ပန်းခြင်းကလေး ကို သူ နဲ့ အတူ ရော သဂြိုဟ် ပေးလိုက်ပါ ။ သူ့ အတွက် တကူးတက လေယာဉ် နဲ့တောင် သယ် လာရတာပါ ”

တဖြည်းဖြည်း နှင့် ပန်းခြင်း က လက် သုံးလေးလက် ကို ပြန်ကျော် ပြီး ခေါင်းပေါ် အရောက် ..

“ ဂျိုင်း ”

ခနဲ မီးစက်တံခါး ပိတ်သံ က ပေတိုး ရင် ကို သိမ့်သိမ့် တုန် သွားစေ သည် ။ ဒီကနေ့ ပေတိုး ကံ ဆိုးလေပြီ ။ ရီဝေဝေ မျက်ဝန်းများ နှင့် ပန်းခွေများ ကို ဖဲ့ရွဲ့ စားသောက်နေသာ ဆိတ်မည်းမည်း တစ်ကောင် ကို မလိုတမာ ငေး ကြည့်နေရင်း မှ ခေါင်းပြန် အမော့် မှာ လေအပင့်တွင် ကစဉ့် ကလျား ဖြစ် သွားသော မီးစက်ခေါင်းတိုင် ဝ မှ မီးခိုးငွေ့များ ကြောင့် တက် တစ်ချက် ခေါက်လိုက်မိသည် ။ 

“ တောက် .. မီးခိုး ကလည်း ထွက် တာတောင် ရိုးရိုး မထွက်ဘူး ။ ဂစ်တာ ပုံ ပေါက် အောင်များ တွန့်လိမ်ပြီး ထွက် ပြလိုက်ရသေးတယ် ။ ဟင်း ... ”

◾ သန်းမြင့်အောင်

📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
      မေ ၊ ၁၉၉၃ ။

aung naing oo
2 aug 2022
.

No comments:

Post a Comment