Monday, August 1, 2022

ပွဲစားမ


 

❝ ပွဲစားမ ❞

ဒီနေ့ ဟာ အရေးကြီးတယ် လေ ။ အဲဒီတော့ ကျွန်တော် ထောင် ထားတဲ့ အောင်ကုမ္ပဏီ ရုံးခန်း ကို သွားရမယ့် အစား သူ့ အိမ် ကို ပဲ ထွက် လာခဲ့တယ် ။ အဲဒီ သူ ဆိုတာက တခြား မဟုတ်ပါဘူး ။ မအေးမေ ကို ပြောတာပါ ။ အဲဒီ မအေးမေ ဆို တာ က ကျွန်တော့် ချစ်သူ ပါ ။ သူ က ပလာဇာ တစ်ခု မှာ အထည်ဆိုင်ကြီး တစ်ဆိုင် ဖွင့် ထားတယ် ။ သူ့ အထည်ဆိုင်ကြီး ကလည်း မိုးလင်း လို့ ဆိုင် ဖွင့်တာ နဲ့ လူတွေ ကို အုံခဲနေတာပဲ ။ ဆိုင် ကို တင် အုံခဲနေရုံ တင် မဟုတ်ဘူး မအေးမေ ဘေး မှာ လည်း အုံခဲနေတာပဲ ။ မအေးမေ ဟာ ဘာ နဲ့ တူသလဲ ဆိုတော့ ပုရွက်ဆိတ် တွင်း ဝ မှာ ချထားတဲ့ ထန်းလျက်ခဲ နဲ့ တူ နေတယ် ။ သူ့ ကို စကားကလေး တစ်ခွန်း ပြော ရဖို့ အချိန်တွေ အကြာကြီး ပေး ရတယ် ။ ပြီးတော့လည်း စကား ကို ရှည်ရှည်ဝေးဝေး ပြော လို့ မရဘူး ။ တိုတိုမြန်မြန် ပြော ရတယ် ။ ကိုယ့် ချစ်သူ ဆိုပြီး ညုတုတုတွေ ဘာတွေ ပြောလို့ မရဘူး ။

“ ကိုယ် မနက်ဖြန် နယ်သွားဖို့ ရှိတယ် ၊ မန္တလေး ရောက်မယ် ၊ ပြင်ဦးလွင် ရောက်မယ် ၊ ဘာ မှာ မလဲ ”

အဲဒါမျိုးလောက် ပဲ ပြောလို့ ရတယ် ။

“ မေ ဝယ်ခိုင်းထား တဲ့ မှန်တင်ခုံ ဝယ် ပြီးပြီ  ၊ ကြည့် ကြည့်ဦးလေ ၊ မေ မကြိုက်ရင် အသစ်လဲ ပေးပါ့မယ် ”

အဲဒါမျိုးလောက် ပဲ ပြောလို့ ရတယ် ။

“ မနေ့ က ဒီမှာ မူးလဲလို့ ဆို ၊ ဆရာဝန် က ဘာ ပြောသလဲ ”

အဲဒါမျိုးလောက် ပဲ ပြောလို့ ရတယ် ။ နည်းနည်း ရှည်ရှည်လေး ပြော ရင်တောင် အခြေအနေ က မပေးတော့ဘူး ။ သူ နဲ့ စကား ပြော ဖို့ စောင့်နေတဲ့ လူတွေ က ကျွတ်စီကျွတ်စီ လုပ် လာကြပြီပဲ ။ ဒါလည်း ကျွန်တော် က ထင် တာပါ ။

တကယ်ကျတော့ သူ့ အိမ် ကိုသွား လည်း အဆင် မပြေပါဘူး ။ မနက်တုန်းက သူ့ ဆီ ကို ရောက်တယ်လေ ။ ကျွန်တော် သွားတာ က အစောကြီးပါ ။ သူ က တယ်လီဖုန်း တစ်လုံး နဲ့ အလုပ် ရှုပ်နေပြီ ။ ဘယ်သူ နဲ့ ဘာတွေ ပြောနေမှန်းတော့ မသိဘူး ။ သူ့ ပါးစပ် က ထွက်နေတဲ့ အသံတွေ က တော့

“ ရွှေဂုံတိုင် က ခြံ က ဗိုက်နာ နေတဲ့ ခြံ မဟုတ်ဘူးနော် ၊ အပျော့နှိုက်လို့ တော့ မရဘူး ။ အပျော့ နှိုက်ချင်ရင်တော့ ဆရာစံလမ်း ဟိုး အနောက်ဘက် မှာ ရှိတယ် ” 

ဆိုတဲ့ အသံမျိုးတွေ ဖြစ်တယ် ။

မအေးမေ က ပလာဇာကြီး တစ်ခု မှာ အောင်မြင်တဲ့ အထည်ဆိုင်ကြီး တစ်ခု ဖွင့် ထားတယ်လို့ ပြောခဲ့တယ် မဟုတ်လား ။

အထည် ရောင်းရုံ သက်သက် ရောင်း တာ မဟုတ်ဘူး နော် ။ သူ့ ရဲ့ အဓိက အလုပ် က ပွဲစား အလုပ် ခင်ဗျ ။ ဒါကြောင့် သူ နဲ့ ရင်းနှီးတဲ့ လူတွေ က  သူ့ ကို “ မအေးမေ ” လို့ လည်း မခေါ် ကြဘူး ။ ကျွန်တော့် လို အဖျား ဆွတ်ပြီး “ မေ ” လို့ လည်း မခေါ်ကြဘူး ။ “ ပွဲစားမ ” လို့ ပဲ ခေါ်ကြတယ် ။

ပွဲစား ဆိုပေမယ့် လည်း တစ်မျိုး တည်း လုပ်တာ မဟုတ်ဘူး  ။ လိုင်းပေါင်းစုံ ပွဲစား ။ အိမ် ၊ ခြံ ၊ မြေပွဲစား လုပ်တယ် ။ ခပ်တိုးတိုး ပြော ရဦးမယ် ။ အပေါင် ခံတယ် ။ ငွေတိုး ချေးတယ် ။ အဲဒီတော့ အလုပ်တွေ များ တာပေါ့လေ ။ များ တဲ့ အဆင့် တောင် မဟုတ်ဘူး  ။ ရှုပ်တဲ့ အဆင့် ပေါ့ဗျာ ။ အမှန်အတိုင်း ပြောရရင် အဲဒီ ပွဲစားမ နဲ့ ရည်းစား ထားမိတဲ့ ကျွန်တော် ကတော့ အတော့် ကို ကံ ဆိုး ပါတယ်ဗျာ ။ ချစ်သူ ဆို ပြီး ရုပ်ရှင် အတူ ကြည့်ဖို့  ၊ ငပလီတို့ , ငွေဆောင် တို့ ကို အပျော်ခရီး ထွက်ဖို့ မပြောနဲ့ ၊ သူ့ ဆီ ကို ရောက် သွားပြီး သူ့ ကို နှုတ်ဆက် ဖို့ တောင် အကြာကြီး စောင့်ရတယ်ဗျာ ။ မာဂရက်သက်ချာလ် အလုပ် ရှုပ် တယ် ဆိုတာ ကျွန်တော့် ပွဲစားမ ကို မီမယ် မထင်ပါဘူး ။ မာဂရက်သက်ချာလ် ဟာ တနင်္ဂနွေ နေ့ မှာ သူ ကိုယ်တိုင် မီးဖို ထဲ ဝင်ပြီး ထမင်းတွေ ၊ ဟင်းတွေ ဝင် ချက်တယ်လို့ ဖတ်ဖူးတယ် ခင်ဗျ ။ ကျွန်တော့် ပွဲစားမ ကတော့ အဲဒီလို ဝင်ပြီး ချက်ဖို့ နေနေသာသာ သူများ ချက်ပြီးသားတောင် စားဖို့ အချိန် မရပါဘူး ခင်ဗျာ ။

ပြီးခဲ့တဲ့ ( ၅ ) ရက် လောက် က သူ့ ကို ကူဖို့ မိန်းကလေး တစ်ယောက် ရှာ ပေးပါ တဲ့  ။ ဘွဲ့ မရရင် နေပါစေ ၊ သွက်သွက်လက်လက် ရှိရင် တော်ပါပြီ လို့ ကျွန်တော့် ကို ပြောတယ် ။ ကျွန်တော် တစ်ယောက် တည်း ကို ပြောတာ မဟုတ်ဘူး နော် ။ သုံးလေးငါးယောက် ကို ပြော ထားတာ ။ အဲဒီအတွက် လည်း နေ့စဉ် သုံးလေးငါးယောက် ဆိုသလို ခေါ် ခေါ် လာကြတယ် ။ တစ်ယောက် မှ စိတ်တိုင်း မကျဘူး တဲ့ ။

အကုန်လုံး ကို ပြန် လွှတ်နေတာပဲ ။ ကျွန်တော် ခေါ် သွားတာတောင် နှစ်ယောက် ရှိပြီ ။ ဒီနေ့လည်း တစ်ယောက် ခေါ် သွားရဦးမယ် ။ အဲဒါ ကိုတော့ သဘော ကျလိမ့်မယ် ထင် ပါတယ် ။ ဒါပေမဲ့ မနက် တုန်း က သူ့ အိမ် ရောက်တော့ တယ်လီဖုန်း တစ်လုံး နဲ့ အလုပ် ရှုပ်နေလို့ နှုတ်တောင် မဆက်ခဲ့ရဘူး ။ ကျွန်တော် လည်း ကုမ္ပဏီ ရုံးခန်း ကို ထွက်ခဲ့ရတယ် ။

ဟော … ညနေ စောင်းတော့ သူ့ ဆိုင် ကို အရောက် ပြေး ရတယ် ။ သူ့ ဆိုင် မှာ ကလည်း လူတွေ ကို ကျပ်ခဲနေတာပဲ ။ ထိုင်စရာ မရှိလို့ မတ်တပ် ရပ်ပြီး နေတာကိုက အကြာကြီး ။ သူ ကလည်း ကျွန်တော် နဲ့ စကား ပြောဖို့ နေနေသာသာ မျက်လုံး နဲ့ တောင် လှမ်းပြီး မကြည့်အားဘူး ။ ဘဏ် မှာ အချိန်မီ ငွေ ထုတ် ရမယ့် လူတွေ ကို လည်း ကျွန်တော့် အချစ် ရွှေအနှစ် ပွဲစားမ က ချက်လက်မှတ်တွေ တစ်စောင် ပြီး တစ်စောင် ရေး ပေးနေရတယ် ။ တယ်လီဖုန်း က လည်း တဂွမ်ဂွမ် လာ နေတယ် ။

ဒီကြားထဲ ကျွန်တော် ခေါ်သွား တဲ့ ကောင်မလေး က လည်း အခု တွေ့ချင်တယ် ၊ မတွေ့ရရင် ပြန်မယ် ဆိုပြီး … တဂျီဂျီ လုပ်နေတယ် ။ အဲဒီ ကောင်မလေး ကလည်း သူစိမ်း တော့ မဟုတ်ဘူး  ။ ကျွန်တော့် မိတ်ဆွေ ရဲ့ သမီးလေး ပါ ။ အဲဒီတော့ ကျွန်တော် ဟာ မတတ် သာတော့ဘူး ။ လူတွေ ကို အတင်း တိုးဝှေ့ ပြီး သူ့ ရှေ့ မှာ သွားပြီး ရပ် နေတယ် ။ ပြီးတော့ ...

“ မေ … မင်း အတွက် မင်း ကို ကူ ဖို့ ဟော့ဒီ မှာ မိန်းကလေးတစ်ယောက် ခေါ် လာတယ် ” 

လို့ လည်း ပြော လိုက်ရော ပွဲစားမ က

“ ဘယ်သူ့ မှ ခေါ် မလာပါနဲ့ တော့ ၊ မလိုတော့ဘူး ”

လို့ လုပ်ချ လိုက်ပါလေရော ။

အဲဒီမှာ ကျွန်တော် ခေါ်လာတဲ့ ကောင်မလေး က မခံဘူးဗျ ။

ကက်ကက်လန် ရန် တွေ့တော့တာပဲ ။ သူ ကတော့ ပြန်ပြီး ရန်မတွေ့ အားပါဘူး ။ တယ်လီဖုန်း လာ လို့ စကား ပြော နေတယ် ။ အဲဒီတော့ ကျွန်တော် လည်း မျက်နှာ ပူ ပြီး ကောင်မလေး ကို ဆွဲထုတ်ခဲ့ရ တော့တာပဲ ။ အဲဒီလို ဆွဲထုတ်လို့ လူအုပ် ရဲ့ အပြင် လည်း ရောက်ရော … သူ က မိန်းကလေး တစ်ယောက် ကို လှမ်းအော်ပြီး ပြောနေတယ် ။

“ ကိုအောင်ထွန်း ကို သွားပြီး ပြော လိုက်စမ်း ၊ နောက်ထပ် ခေါ် မလာပါနဲ့ တော့ လို့  ”

ကျွန်တော် သူ့ အသံ ကို ကောင်းကောင်း ကြီး ကြားရပါတယ် ။ လိုက်ပြောတဲ့ ကောင်မလေး ရောက် မလာခင်မှာပဲ  ကျွန်တော် ဟာ ကျွန်တော့် မိတ်ဆွေ ရဲ့ သမီးလေး လက် ကို ဆွဲပြီး ပလာဇာ ထဲ က ထွက်ခဲ့ပါတယ် ။ ပြီးတော့ အဲဒီ ကောင်မလေး ကို  အိမ်ပြန် ပို့ ရပါတယ် ။ တစ်လမ်းလုံး ဂျီ တိုက်ပြီး ကောင်မလေး က လိုက် လာပါတယ် ။ ကျွန်တော့် မှာ ချော့ လိုက်ရတာ အာ ကို ပေါက် နေတာပဲ ။

ကောင်မလေး ကို အိမ် ပြန် ပို့ပြီး ပွဲစားမ ဆီ ကို ကျွန်တော် တစ်ယောက် တည်း တစ်ခေါက် ပြန် လာရတယ် ။ သူ့ ဆီ ပြန်ရောက်တော့လည်း သူ့ မှာ က လူ မရှင်း သေးဘူး ။ လူ တွေ အုံခဲ နေတုန်းပဲ ။ အထည် ဝယ် တဲ့ လူတွေ နဲ့ စကား ပြော ရတယ် ။ အိမ် ရောင်းမယ် ၊ ကားရောင်းမယ် ဆိုတဲ့ လူတွေ နဲ့ စကား ပြော နေရတယ် ။ ပါးစပ် ကို ပိတ်ထားတာ မတွေ့ရပါဘူး ။ ဒီကြား ထဲ တယ်လီဖုန်း က လာ နေသေး တယ် ။

ညနေ ဈေးပိတ်ချိန် ရောက်သွား ပါပြီ ။ လူ က အုံလျက်ပါပဲ ။ တယ်လီဖုန်း ကို ဖြုတ် ၊ ဆိုင်တံခါး ကို ပိတ်တဲ့ အချိန်အထိ လူတွေ ဟာ  တိုး မပေါက်ပါဘူး ။ ဆိုင် အပြင်ဘက် မှာ လူတွေဟာ အုံခဲပြီး ရပ်နေ ကြပါတယ် ။

သူ က လူတွေ ကို -

“ မြင်တဲ့ အတိုင်းပဲ ၊ အားလုံး ကို လုပ် ပေးနေတာပဲ ၊ မနက်ဖြန်မှ ... မနက်ဖြန်မှ  ” 

လို့ ပြောပြီး ထွက်ခဲ့ပါတယ် ။ သူ့ နောက် မှာ လူတွေ တစ်တန်းကြီး လိုက်လာကြသေးတယ် ။ ကျွန်တော် က ပွဲစားမ ရဲ့ လက် ကို ဆွဲပြီး ခပ်သုတ်သုတ် ထွက် ခဲ့ရပါတယ် ။

မော်တော်ကား ရပ်ထားတဲ့ နေရာ ရောက်တော့ သူ့ ကို ကားတံခါး ဖွင့်ပေးပြီး သူ ကားပေါ်တက်တာ နဲ့ ကျွန်တော် လည်း ကားမောင်း ပြီး အဲဒီ နေရာ က အမြန်ဆုံး ထွက်ခဲ့ရပါတယ် ။ ကား ပေါ် ရောက် တော့ သူ ဟာ မျက်စိလေး မှိတ်ပြီး နားမယ် ကြံပါသေးတယ် ။ သူ့ လည်ပင်းမှာ ဆွဲ ထားတဲ့ ဆယ်လူလာ ဖုန်း က လာတော့တာပဲ ။ အဲဒီမှာ သူ က ပြန်ပြီး စကား ပြော ရတယ် ။ ပလာဇာ မှာ ကျန်ခဲ့တဲ့ လူတွေ ထဲ မှာ ဆယ်လူလာ ပါတဲ့ လူ က ဆက် တာပေါ့ ။

သူ ဟာ အချီအချ စကားပြောနေ ရတယ် ။ အိမ် ရောင်းဖို့ ကိစ္စ ၊ ကား ရောင်းဖို့ ကိစ္စ ၊ ခြံရောင်းဖို့ ကိစ္စ ၊ စိန်ရွှေကြိုး ကိစ္စ စုံ တာပါပဲ ။

တစ်ယောက် နဲ့ စကား ပြောပြီး လို့ ပြတ် သွားတာနဲ့ နောက် တစ်ယောက် က ဆက် တော့တာပဲ ။ အခု ချိန်ထိ ကျွန်တော် ဟာ သူ နဲ့ စကား မပြောရသေးဘူး ခင်ဗျ ။ ကျွန်တော် ဟာ ကား ကို ပဲ  ကျွန်တော့် ဘာသာ ကျွန်တော် မောင်း လာ ရတယ် ။ ကျွန်တော် က သူ့ ကို စကား လှမ်းပြီး ပြော လည်း သူ က ပြန် ပြီး မပြောနိုင်ဘူး ခင်ဗျာ ။ ဖုန်း တန်းလန်း နဲ့ ဖြစ်နေတယ် ။

လမ်းချိုး တစ်ခု ရောက်တော့ ကျွန်တော် က  ကား ကို ကွေ့လိုက်တယ် ။ အဲဒီကျ မှ သူ က အလန့် တကြား ထ ပြီး အော်တော့တာပဲ ။

“ ဘယ်ကို မောင်း သွားမလို့ လဲ ၊ အိမ် ကို ပို့လေ ”

လို့ အော် တယ် ။

ကျွန်တော် က သူ့ မျက်နှာ ကို လှမ်းပြီး ကြည့် လိုက်တယ် ။

“ ဘယ်ကို မောင်းရမှာ လဲ မေ ရယ်  ၊ အိမ် ကို ပဲ မောင်း နေတာလေ ” 

လို့ ပြောလိုက်တယ် ။

အဲဒီအချိန် မှာ ပဲ တယ်လီဖုန်း လာလို့ သူ က တယ်လီဖုန်း နဲ့ စကား ပြောရ ပြန်တယ် ။ စကား ပြောပြီးတဲ့ အခါ မှာ သူ က -

“ ကိုအောင်ထွန်း ရှင် ရူး နေပြီလား ၊ အိမ် ကို သွားတဲ့ လမ်း က ဒီ လမ်း မဟုတ်ဘူး လေ ” 

လို့ ကျွန်တော့် ကို ပြန်ပြီး အော်တယ် ။

ကျွန်တော် ဟာ သူ့ မျက်နှာ ကို တအံ့တဩ ကြည့် နေမိတယ် ။ ပြီးတော့မှ

“ မေ မင်း ဘာတွေ အော် နေတာလဲ ၊ မှန်တင်ခုံ ဝယ်ပြီး ထည့် လိုက် ဆိုလို့ လည်း မနေ့က ထည့် လိုက်ပြီလေ ၊ ဘာ လိုသေးလို့ လဲ အချစ်ရယ် ”

လို့ ပြန်ပြီး ပြောမိတယ် ။

အဲဒီတော့ ပွဲစားမ က -

“ ကိုအောင်ထွန်း တစ်ယောက် တော့ ခက် နေပါပြီ ၊ အမြန်ဆုံး လက်ထပ် မှ ဖြစ်မယ်  ”

လို့ ပြောပါတယ် ။ အဲဒီ စကား ကြားရတဲ့ အခါ မှာ ကျွန်တော် က -

“ ဟေ … ”

လို့ အော်ပြီး ငူငူ ကြီး ဖြစ် သွားတယ် ။ ရှေ့ က ဖြတ်သွားတဲ့ လူ ကို မတိုက်မိအောင် မနည်း သတိ ထားလိုက်ရတယ် ။ ပြီးတော့မှ

“ မေ … မင်း ဘာတွေ လျှောက် ပြောနေတာလဲ ၊ ပြီးခဲ့တဲ့ လဆန်း ( ၃ ) ရက် နေ့ က မင်း နဲ့ ငါ တရားရုံး မှာ လက်ထပ် ပြီးပြီလေ ။ နှစ်ယောက် အတူ နေဖို့ အိမ်ခန်း ဝယ်ပါ ဆိုလို့ အိမ်ခန်းဝယ် ပြီးပြီ လေ ။ အိမ်ထောင် ပရိဘောဂတွေ ထည့်ပါ ဆိုလို့ ငါ တစ်ယောက် တည်း ဝယ်ပြီး ထည့် လိုက်တာလေ နောက်ဆုံး မှာ မှန်တင်ခုံ ထည့်ဦး ဆိုလို့ ဝယ်ပြီး ထည့် လိုက်ပြီလေ ၊ တို့ နှစ်ယောက် စလုံး အဲဒီ အိမ် ကို ပြောင်းပြီး နေဖို့ ဒီနေ့ ကို ရွေးချယ် ထားတာလေ  ” 

လို့ ကျွန်တော် က ပြောလိုက်တယ် ။

အဲဒီ အချိန် မှာ ပဲ တယ်လီဖုန်း လာ လို့ သူ က စကား ပြန်ပြီးပြောနေတယ် ။ ကျွန်တော် က သူ့ ကို အတော့် ကို သနားမိ ပါတယ် ။ ဒါကြောင့် ကျွန်တော် က သူ့ ကို သနားတဲ့ မျက်လုံး နဲ့ ကြည့် လိုက်တယ် ။

သူ က တယ်လီဖုန်း စကား ပြောရင်း ကျွန်တော့် ကို ပြုံး ပြလိုက်တယ် ။ ကျွန်တော် ကတော့ ဘာမှ မပြော တော့ပါဘူး ။

“ ဪ ပွဲစားမ ပွဲစားမ  ” 

လို့ ပဲ ရေရွတ် နေမိပါတော့တယ် ခင်ဗျာ ။

သဗ္ဗေသတ္တာ ကမ္မဿကာ

◾မင်းသိင်္ခ

📖 ဖတ်စရာဂျာနယ်
      အမှတ် ( ၇ )
      ၁၅ -၂ -၂၀၀၅

ko aung naing oo
1 Aug 2022

No comments:

Post a Comment