Friday, August 5, 2022

လူပျို မှိုတက် ( ၅ )


 ညနေစောင်း ကတည်း က မောင်း တင် လိုက်သည်မှာ မှောင် ရိပ်သန်းတော့ အတော်ကလေး ကို ဒေါင်ချာ စိုင်း နေပေပြီ ။ မည်မျှ ဆိုသော် ကိုယ့် ကို ကိုယ် တောင် ကျက်သရေ မရှိလို့ မကြည့်ဖြစ်ခဲ့သော မှန် ပင် ပြန် ကြည့်၍ ကိုယ့် ကို ကိုယ် ပြန် ကြည်ညို ချင်နေပေပြီ ။


မိတ်ဆွေတို့ လဲ သိသည့် အတိုင်း ကျား အချင်းချင်း ဆိုလျှင် ရွံလွန်း၍ မှန်ပင် မကြည့်ခဲ့သော ကျွန်တော် သည် ယခုတော့ မှန် ကြည့် ဖြစ်ပေပြီ ။


အလဲ့ ။ ဆံပင်ရှည်ရှည် ကြား တလက်လက် ဖြစ်နေသော  မှန်စီရွှေချ ဖန်စီနားကပ် ကပင် အရောင် ထွက်ပြီး ပါး ပြောင်နေသယောင် ။


ခေတ် ကို က စိန်နားကပ် မလို ဖန်စီ နားကပ် နှင့်ပင် ပါး ပြောင် နေသော ခေတ်ကိုး ပရိသတ် ရဲ့ ။


ညမှောင်မှောင် ၊ အခန်းမှောင်မှောင် မှာ ငတွတ် လို ကောင် က တောင် သုံးကြောင်း ပြောင်း ထားပြီ ဆိုတော့ ကျွန်တော် ကရော ဘာ မို့လဲ ။ ဆံပင်ရှည်ရှည် မှုံတေတေ နဲ့ ပန်းဆိုးတန်း တစ္ဆေ ပဲ ။ အလိုလို တွဲရရွဲ ကျနေသော ဆံပင်အကွဲများ ကြား ဘယ်တော့ မှ အသုံး မတဲ့သော ခွေးသူခိုး မျက်လုံး ကို ဖြဲကား ညှို့လိုက်လျှင် တစ်ယောက် ယောက် တော့ ညှို့ ပါ လာလောက်ရဲ့ ။


“ ဘယ့်နှယ်လဲ အိုကေပြီ လား ကိုကြည် ”


ငမျိုး ၏ အမေး ။ ကျွန်တော် က လက်ကျန် ခွက် ကို မော့ ချလိုက် ပြီး


“ နေရာ ယူဖို့ပဲ လိုတယ် ၊ လူ က အဆင်သင့် ဖြစ်နေပြီ ၊ မောင်း ကတော့ တင် ထားပြီးပြီ ၊ ပစ် နိုင် ပုန်းနိုင် ဖို့ပဲ လိုတော့တယ် ”


“ အဲဒါ ပြောတာ မဟုတ်ဘူး ၊ ပိုက်ဆံ ပြောတာ ပိုက်ဆံ ” 


ကျွန်တော် ပြုံးလိုက်သည် ။ 


“ ဘာမှ မပူနဲ့ ၊ ဖိနပ် ဝယ်ဖို့ စု ထားတာလေးတွေ ရှိတယ် ။ အဲဒါ ကို ဖိနပ် မဝယ်တော့ ဘဲ မိန်းမ ဝယ်ဖို့ပဲ သုံး လိုက်တော့မယ် ၊ ဟီဟိ ”


ကျွန်တော့် စကား ကို ငတိများ သဘော ကျ သွားသည် ။ ဟုတ် ပေသည် ။ ခဏခဏ ပြတ် တတ်သော အပေါစား ဖိနပ် အစား ဖိနပ် အကောင်း တစ်ရန် ဝယ်စီးရန် အတွက် ဒီဇိုင်းလက် တိုအောင် ကပ်ပြီး စုထားသော ငွေယားလေးများ ရှိသည်ပဲ ။ အခုတော့ ဖိနပ် အသစ် ဝယ် မနေတော့ ။ ယခု စီးထားသော ဖိနပ် ကိုပင် ပြတ်ကာ နီး ပါက ခုန နား ထွင်း အပ် ဖြင့် ဂဟေ ပြန် ဆက်လိုက်ရန်သာ ရည်ရွယ် ထားလိုက်တော့ သည် ။ ဖိနပ် က အရေး မကြီး ။ ဟိုဟာ က အရေး ကြီးပေပြီ ။ ငယ်ထိပ် လဲ ဆောင့် နေပေပြီ ။ ယခုအချိန်မျိုး မှာ မရ ပါက ဦးနှောက် ပင် ပေါက်ထွက် ၍ မုန်ယိုသော ဘဝ ရောက် ရပေတော့မည် ။


“ ကဲ အဆင်သင့် ဖြစ်ရင် သွား ကြရအောင် ” 


“ လုံချည်တောင် ဖောက်ပြီးသား ”


ချက်ဖောင်း က ထ အော်သည် ။ ဒီ ကောင် ရွာဘုရားပွဲ ကျင့် မပျောက်သေး ။


“ ဒါဖြင့် ချီတက်ရအောင် ”


အားလုံး ယိုင်ထိုးယိုင်ထိုး နှင့် ကာရာအိုကေ ဆီ ချီတက်ကြ တော့၏ ။


လူ ကလဲ အတော် မူးနေပြီ ။ မူး ပေမပေါ့ ။ အပြီး သောက် လာ ကြတာကိုး ။ 


ဒါကလဲ အကြောင်း ရှိသည် ။ ကာရာအိုကေဆိုင် အတွင်း၌ အရက် ဝယ် သောက်ပါက ဈေးကြီးသည် ဆိုသောကြောင့် အပြင် မှာ ပင် တစ်ဝကြီး သောက် သွားရခြင်း ပင် ဖြစ်၏ ။


   •••••   •••••   •••••   •••••


ခပ်မှောင်မှောင် ဆိုင်ကြီး ၏ အတွင်းဖက် ဝင်သွားသော အခါ ပို၍ မှောင်သော အခန်းများ ကို တွေ့ရသည် ။ ထို အခန်းများ အထဲ က မှ အမှောင်ဆုံး အခန်း ကို ရွေး ဝင်လိုက်ကြသည် ။


အခန်း က မှောင် ရသည့် ကြားထဲ ချဉ်တူးတူး ရနံ့များ ကလဲ ရနေသေး၏ ။ ရှိနေသော ဆိုဖာများ ကလဲ ပေါက်ပြဲပြီး စားပွဲခုံ ကလဲ ညစ်ထေးထေး နှင့် ။ အနံ့အသက် က အလွန် ဆိုးသည် ။


“ တခြားအခန်း မရှိတော့ဘူးလားကွာ ” 


“ စပယ်ရှယ်ခန်း ရှိတယ် ၊ ငါးထောင် ” 


စားပွဲထိုး ပြောသော ငါးထောင် ဆို၍ တွန့် ဝင်သွားရ၏ ။ ထို့ကြောင့် အရှက်ပြေ လုံး ပြီး 


“ ရပါတယ်ကွာ ၊ တို့က ပကာသန မမက်ပါဘူး ” 


ဆိုကာ ခပ်တည်တည်ထိုင်လိုက်သည် ။ 


“ ထိုင်ဖူးတဲ့ ကောင်မလေးတွေ ရှိ သလား ခင်ဗျာ ” 


စားပွဲထိုးလေး အမေးကို ငတိများ က 


“ ကြယ်စင် ” 


“ မိုးဝဠာ  ” 


“ လမင်း ” 


“ ကောင်းကင်ပြာ ” 


သူတို့ စကားသံများ ကြားတော့ အံ့အား သင့်သွား၏ ။ 


“ မင်းတို့ ဟာတွေ ကလဲ ကောင်းကင် က ကို မဆင်းပါလား ကွာ ”


သိပ်မကြာပါ ။ ကောင်မလေးများ နှင့် အတူ အချိုရည်ဘူးများ ပါ လာချ၏ ။ ဒါက နာမည် ရွေး ခေါ်လျှင် ပေး ရသောအချိုရည် ဘောက် ဆူး ဟု နောက် မှ သိရ၏ ။


ကောင်မလေးတွေ ဝင် လာသည် နှင့် ပရောပရီ ဝင် လုပ်ကြ တော့၏ ။ ဤသည် ကို ကြည့်ခြင်းအားဖြင့် ဒီကောင်တွေ ကာရာအိုကေချိုး ဘယ်လောက် ကျနေပြီ ဆိုတာ သိသာသည် ။ 


“ ဟိုအစ်ကိုကြီး ရော ကောင်မလေး ခေါ်ဦးမလား ” 


စားပွဲထိုးလေး က မေးသည် ။ ကျွန်တော် က အားတက်သရောပင်


“ အေး ခေါ်မှာပေါ့ ကွ ဒါမှ ခေတ် မီမှာလေ ၊ ဟီးဟီး ”


ကျွန်တော့် ဝမ်းခေါင်းသံ ကြားတော့ စားပွဲထိုး က မျက်မှောင် ကြုတ်ပြီး


“ ဘယ်လို ပုံမျိုး ကြိုက်လဲ ၊ ရှာပေးမယ်လေ ” 


“ အဲဒီကိစ္စ မှာ ကိုယ်တို့ က ချေး မများပါဘူး ၊ မိန်းမ ဖြစ်ရင် ပြီးရော ၊ ဟီဟိ ”


“ ကောင်းပါပြီး အဆင်ပြေတဲ့ တစ်ယောက် လွှတ် လိုက်ပါ့မယ် ”


စားပွဲထိုးလေး ပြန် ထွက်သွားသည် ။ ကျွန်တော် လဲ ဖူးစာရှင် ဘယ်သူ ဖြစ်မည်ဆိုသည် ကို တထိတ်ထိတ် နှင့် စောင့် နေမိတော့၏ ။


သိပ်မကြာပါ ။ တံခါး ဖျတ်ခနဲ ပွင့် လာသည် ။ ကြည့် လိုက်တော့ 


“  ဟာ ”

 

အာမေဋိတ်သံ နှင့် အတူ ခြေဖျားလက်ဖျားများ အေးစက် သွား၏ ။ ပြီးနောက် ကတုန်ကယင်နှင့် ဘေးမှ ငမျိုး လက် ကို ဆွဲပြီး


“ ဟေ့ကောင် ဒါမျိုးနဲ့တော့ မဖြစ်ဘူးထင်တယ် ” 


ငမျိုး က ကျွန်တော့် လက် ကို ဆွဲ ဖြုတ်ပြီး


“ ကိုယ့် လူ သိပ် မမူးသေးလို့ပါ နည်းနည်း ထပ် တင်လိုက် ၊ အဲဒါ ဆို သူ့ ဘာသာ သူ အဆင် ပြေသွားလိမ့်မယ် ”


“ ဟေ အဲလိုလား ၊ ဒါဖြင့် မြန်မြန် မှာ ကွာ ၊ ငါ အသည်း တုန် လွန်းလို့ ”


မိန်းမ ဆို ပြီးရော ဟု သန္နိဋ္ဌာန် ချထားသော ကျွန်တော့် နှုတ် ဖျား မှ ပင် ထိုစကားမျိုး ထွက်သည် ဆိုတော့ ပရိသတ်များ စဉ်းစား ၍ ရပေလိမ့်မည် ။ ထို့ကြောင့် ဝင် လာသော အမျိုးသမီး ၏ ရုပ် ကို ကျွန်တော် အလှဘွဲ့ ဖွဲ့ မနေတော့ပါ ။ အစားအသောက် ပျက်သော ရုပ် ဟု သာ မှတ် ထားပေးပါ ။


ပုလင်းတစ်လုံး ရောက် လာ၏ ။ မည်သူမျှ မပြောခင် ကမန်း ကတန်း ပုလင်း ကို ဖွင့် သောက်လိုက်သည် ။


“ ဟား ”


အစ က အရာရာ မှုံဝါး နေသလောက် မူး နေသော ဒီဂရီ ပြန် ရောက်သည် ။ ခုန အမျိုးသမီး ကို ပြန် ကြည့်သည် ။ 


မရသေး ။ ထို့ကြောင့် နောက်တစ်ခွက် ကို ခပ်မြန်မြန် ထည့် သောက်လိုက်သည် ။


“ ဟား ”


အရာရာ မှုန်ဝါးသွားပေပြီ ။ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ ။ မျက်နှာကြီး လဲ အလိုလို ပြုံး လာပြီ ဟု ထင်ရသည် ။ ခုနက အနံ့အသက် ဆိုးများ ၊ အစားအသောက် ပျက်စေသော မြင်ကွင်းများ ဘာမှ မရှိတော့ နံဘေးနား လှည့်၍ မေးလိုက်သည် ။


“ နာမည် ဘယ်လို ခေါ်လဲဟင် ” 


“ မိုးထက်ကုဋေမြင့် ”


ထို စကား သံသာ နောက်ဆုံး မှတ်မိနေ၏ ။ နောက် ...


   •••••   •••••   •••••   •••••


“ ည က ကိုယ့် ဆရာ အတော် ကြမ်းတာပဲ ” 


ကိုက်နေသော ခေါင်း ကို ဖိ ကိုင်ရင်း စကားသံများ ကြား နေရ၏ ။


“ အေးလေ ၊ ဟို အစ်မကြီး ခမျာ အခန်း ထဲ ပတ် ပြေးနေရတယ် ”


တစ်ယောက် တစ်ပေါက် စကားသံများ ။ ကျွန်တော် လဲ အမူး လွန်ပြီး ဘာမှ မမှတ်မိတော့သည် မို့


“ ငါ ငါ ဘယ်လို ကြမ်း မိလို့လဲ ဟင် ” 


“ ဘယ်လို ကြမ်းမိလို့လဲ ဟုတ်လား ” 


ကော်နားကပ် ပိုင်ရှင် သန်းဇော် က ဆောင့်ကြီးအောင့်ကြီး နှင့်


“ အခန်း ထဲ မှာ ဗျာ လုံချည်ကြီး ကွင်းသိုင်းပြီး ” 


“ ဘောင်း ဘောင်းဘီတို တော့ ပါ ပါတယ်ကွာ ”


“ မပြောလိုက်ချင်ဘူး ၊ ဘောင်းဘီ က ပေါင် မှာ ကွဲနေသေး တယ် ”


“ အဓိက သာ ဆက် ပြောပါကွာ ”


“ လုံချည်ကြီး ကွင်းသိုင်း ဆောင့်ကြောင့်ကြီး ထိုင်ပြီး ဟိုအစ်မ ကြီး ကို စိမ်းစိမ်းကြီး ထိုင်ကြည့် ၊ ပြီးရင် လက်ကြမ်းကြီး နှစ်ဖက် နဲ့ အင်း ဟာ ဆိုပြီး ”


သန်းဇော် က သူ့ လက်ကြမ်းကြီး နဲ့ ညှစ်ပြ၏ ။ ဒါကို ကျွန်တော် က


“ ဒါ ဒါ ကို ကောင်မလေး က လက်ခံလား ဟင် ” 


ကျွန်တော့် စကား ကို ချက်ဖောင်း က မျက်နှာရှုံ့မဲ့လိုက်ပြီး


“ ဘယ့်နှယ် လက်ခံ မှာလဲ ၊ ဟိုအစ်မကြီး က ထွက်ပြေးရင် အတင်း ပြန်ဖမ်းတာ ဟိုက ထဘီတောင် ကျွတ် ကျမလို့ ”


“ ဟင် အဲဒီလောက်တောင် ဆိုးလား ”


“ ဒါတင် ဘယ်ကမလဲ ၊ အားလုံး က ဝိုင်း တောင်းပန်ပြီး ဟို က စိတ်ပြေပြီး ပြန် ထိုင်ချရင် ၊ ခုနက လိုပဲ လုံချည်ကြီး ကွင်းသိုင်း ဆောင့် ကြောင့် ထိုင် ၊ စိမ်းစိမ်းကြီး ပြန်ကြည့် ၊ ပြီးရင် အင်း ဟာ ဆိုပြီး ”


မရှက်စဖူး အရှက် ထူးသွား၏ ။ ထို့ကြောင့် 


“ တစ် တစ်ကြိမ် နှစ်ကြိမ်တော့ ဖြစ်မှာပေါ့ကွာ ၊ မင်း ကလဲ ”


“ ဘာ တစ်ကြိမ် နှစ်ကြိမ် လဲ ၊ အကြိမ် ငါးဆယ် မကဘူး ၊ ဟိုက တောင် ပြော ယူရတယ် ”


“ သူလေး က ဘာ ပြောလဲ ” 


“ ရှင့် လူ က လူ ကို ခေါ်တာလား ၊ ဒါမှမဟုတ် နို့စားနွားမ ငှားတာလား ၊ ကျွန့်မ ကို နို့စားနွားမ ထင်နေလား မသိဘူး တဲ့ ”


“ ဟယ် ကိုင်ဖူးပြီ ၊ အဲလေ ရှက် လိုက်တာ ခစ် ”


တကယ် ရှက်တာလား ၊ ဘာလားတော့ မသိ ။ မျက်နှာကြီး က ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေ၏ ။ 


“ နောက်ပြီး ကြည့်ဦး ၊ ဆက်ရှင် ပြည့်လို့ ပြန်မယ် ဆိုတာ ကို ဟိုအစ်မကြီး လက် ကို အတင်း ဆွဲပြီး အိမ် ခေါ် သွားမယ် ၊ တစ်ခါတည်း ပေါင်းသင်းတော့မယ် လုပ်လို့ မနည်း ပြန် ခွာခဲ့ရတယ် ”


“ ဟယ် ”


ကိုယ့် ကို ကိုယ် အဲသည်လောက် အခြေအနေ ဆိုးခဲ့မှန်း မသိ တော့ ။ တစ်ခါမှလဲ ထိုသို့ မဖြစ်ခဲ့ဘူး ။ မဖြစ်ဘူးဆို မိန်းကလေးတွေ နှင့် လဲ ဒီလောက် မှ နီးနီးစပ်စပ် မနေခဲ့ဘူးတာ ။ ထို့ကြောင့်


“ မင်း မင်းတို့ က လဲ ကွာ ၊ အချစ်စိတ် က တွန်းအား တစ်ခု ဖြစ် သွားတယ် နေမှာပေါ့ ”


ကျွန်တော့် စကား ကို ငတွတ် ကပါ မျက်နှာ ရှုံ့မဲ့လိုက်ပြီး


“ ဘာ အချစ်စိတ် လဲ ၊ နှာဘူး စိတ် ၊ မီးဝင်းဝင်းတောက် မျက် လုံးကြီး နဲ့ လုံချည်ကြီး ကွင်းသိုင်းပြီး ”


“ ဒီကြားထဲ လျှာကလဲ အရှည်ကြီး ထုတ်ပြီး ” 


“ ဘာ ဘာလုပ်တာလဲဟင် ” 


“ အရက် သောက်တာလေ ” 


“ ဟူး တော်သေးတာပေါ့ ” 


သူတို့ ပြောတာတွေ ကို မျက်လုံး ထဲ မြင်ယောင်လာ၏ ။


ဘောင်းဘီကြီး အပြဲ နှင့် လုံချည်ကြီး ကွင်းသိုင်းကာ မီးဝင်း ဝင်းတောက် မျက်လုံးနှင့် လက်တစ်ဖက် ကို မလွှတ်ဘဲ မဟော်သဓာ ဇာတ်တော် ထဲ က ဘီလူးမ သားလု သလို ငါ ရ ပြီးရော ဆိုသော စိတ် နှင့် ခြေကန် ဆွဲသလို မြင်ယောင် နေမိ၏ ။


“ အေး အေးပါကွာ ၊ နောက်ဆို ဆိုးတော့ပါဘူး ၊ ဟီးဟီး ”


“ ဆိုးလို့ လဲ မရတော့ဘူး ၊ ကာရာအိုကေဆိုင် က ခင်ဗျား နောက်တစ်ခါ လာရင် ရိုက် လွှတ်မယ်တဲ့ ”


အင်း ဒါလဲ ကောင်းသားပဲ ။ နောက် မဟုတ်လျှင် ကာရာအိုကေ ကြောက ပြတ်မှာ မဟုတ်ဘူး ။ 


“ ဪ ဒါနဲ့ ဈေးရော ဝယ်ပြီးကြပြီလား ”


“ ဘယ် ဝယ်ရဦးမလဲဗျ ၊ ခင်ဗျား ကိုစောင့်နေတာ ၊ ပိုက်ဆံလေး များ ကျန်ဦးမလားလို့ ”


ငမျိုး ၏ စကား ကြောင့် အိတ်ကပ် ပြန် စမ်းမိသည် ။ 


“ အဲ နှစ်ထောင်ကျော်တော့ ကျန်သေးတယ် ၊ လာကွာ ၊ လက် ဖက်ရည် သောက်ပြီး ဈေးဝယ် ရအောင် ”


အားလုံး ဈေးဖက် ထွက်ခဲ့ကြသည် ။ ခေါင်း က တဆစ်ဆစ် ကိုက် နေတုန်း ။ ည က မည်သို့မည်ပုံ သောင်းကျန်းခဲ့သည် ကို အစပြန် ဖော်၍ မရသေး ။


   •••••   •••••   •••••   •••••


ဈေးနား ရောက်တော့ တန်းစီနေသော လူတန်းကြီး ကို ထူး ဆန်းစွာ တွေ့လိုက်ရသည် ။


“ ဘာလုပ်နေကြတာလဲ ကွ ”


ကျွန်တော့် အမေး ကို ငတွတ် က


“ အခွန်လွတ်ဈေး ဖြစ်သွားပြီလေ ၊ ဒါကြောင့် ဒီမှာ လာရောင်း တဲ့ ဖယောင်းတိုင် က ဈေး သက်သာလို့ ဖယောင်းတိုင် တိုး နေကြတာ ”


သက်ပြင်း ချမိသည် ။ လောက ၌ ကိုယ့် ထက် ဆင်းရဲတဲ့ သူ အ များကြီး ရှိသေးပါလား ဟု ပင် ဆင်ခြင် မိတော့၏ ။


ကြည့်စမ်း ။ သူတို့ခမျာ အခွန်လွတ်ဈေး မှ ရောင်းချသည့် ဖယောင်းတိုင် ကို တိုး ယူ ။ ပြီးလျှင် ရပ်ကွက်တွင်း ရှိ ဈေးဆိုင်များ သို့ အမြတ်နည်းနည်း နှင့် ပြန် ရောင်းချရင်း တစ်နေ့စာ စားဝတ်နေရေး ကို ဖြေရှင်း နေရတာ ။


ငါ သူတို့ ထက် အများကြီး သာပါလား ဟု ပင် ဘဝင် မြင့်ချင် သွားမိသည် ။


ထို ဖယောင်းတိုင် တိုးသော လူတန်းကြီးကိုအဖြတ် 


“ ကိုမင်းဇော် ကိုမင်းဇော် ”


အော်ခေါ်သံ ။ ကျွန်တော် တို့ ထဲ မှာ မင်းဇော် တစ်ယောက် မှ မပါ၍ လှည့် မကြည့်ဖြစ် ။ 


“ ကိုမင်းဇော် ၊ ကိုမင်းဇော် ” 


ခေါ်သံက ပို နီးကပ်လာသလို ။ ဘေးဘီ ဝေ့ကြည့်မိသည် ။


ငတွတ် ၊ ငမျိုး ၊ သန်းဇော် ၊ ချက်ဖောင်း သာ တွေ့ရ၍ လှည့် မကြည့်မိ ။


“ ကိုမင်းဇော် ကိုမင်းဇော် ”


ပခုံး ပုတ်ပြီး ခေါ်၍ အံ့အား သင့် သွားမိသည် ။ လှည့်ကြည့် လိုက်တော့


“ ဟင် ဘာကြီးလဲ ဟ ”


မြင်လိုက်ရသော မျက်နှာကြီး ကြောင့် အံ့အား သင့်သွားရ သည် ။


ဤတွင် မိန်းကလေးတွေ ရုပ်ဆိုးကြောင်း မဖွဲ့လိုတော့ပါ ။ မိတ်ဆွေတို့ ၏ စိတ်ထဲ၌ မိတ်ဆွေ တို့ ကြိုက်နှစ်သက်ရာ အစားအစာ ကို အားရပါးရ      လွေး     နေချိန် အရှေ့တည့်တည့် ၌ ခွေးထီးကြီး လျှာ ထုတ် ပြီး ဆောင့်ကြောင့် ထိုင်နေသော မြင်ကွင်းကိုသာ မြင် ပေးပါ ။ ထိုမျှ လောက် ကျက်သရေ တုံး လှပါသည် ။ 


“ ကိုမင်းဇော် ၊ ကိုမင်းဇော် မဟုတ်လား ” 


လူ မှားပြီး လာ ခေါ်နေ၍ အံ့အား သင့်သွားရသည် ။ ထို့ကြောင့် 


“ ဘယ်သူ့ကို ခေါ်တာလဲ အန်တီ ၊ အဲလေ ကြီးတော် ”


ထို အဘွားကြီး က မူစစ ပြုံး လိုက်ပြီး


“ မသိချင်ယောင် မဆောင်ပါနဲ့ ကိုမင်းဇော် ရယ် ၊ ည တုန်းက တွေ့ ခဲ့တာလေ ၊ တို့ နာမည် မိုးထက်ကုဋေမြင့် ”


“ ဟမ် ”


ရှိသမျှ အမွေး ခြေသလုံးမွေး က အစ မိုးပေါ် ထောင် တက် သွားသည် ဟု ထင် ရသည် ။


“ မိုးထက်ကုဋေမြင့် ၊ မိုးထက်ကုဋေမြင့် ”


ည တုန်းက အခန်း ထဲ ဝင်လာစဉ် ကျက်သရေ တုံးလွန်းလို့ အရက် ကို အမုန်းဆွဲ ခဲ့ကြောင်း ရေးတေးတေး ပြန် မှတ်မိသည် ။ ဒါကို မူးရူးပြီး သူ တောင် မိုးထက်ကုဋေမြင့် သေးရင် ငါလဲ မင်းဇော် တယ် ကွာ ဆိုပြီး မင်းဇော် ခဲ့တာ ။


“ ဟင် ဒါ ဒါကြီး ဟာ မိုးထက်ကုဋေမြင့် ၊ ဒါကြီး က ” 


ထို အဒေါ်ကြီး က မခို့တရို့ ပြုံးရင်း


“ ဟုတ်တယ် လေ ၊ ဆိုင် မှာ ဆို မိုးထက်ကုဋေမြင့် ၊ အိမ် မှာခေါ် တော့ ကုလ-ားပု အဟု အဟု အဟု ”


အရေးထဲ လာ နွဲ့ ပြနေသေး၏ ။


“ ဘာလဲ မှတ်မိပြီ မဟုတ်လား ၊ ည တုန်းကတော့ သူပဲ ကဲပြီး အခု ယူမယ် ၊ တော်ကြာ ယူမယ် ၊ ယူချင်မှ ယူမယ် ဆိုပြီး လက် ဆွဲ ပြေးပြီး တော့ ”


သွားပြီ ။ ကိုယ့်အခြေအနေ ကိုယ် သိ လိုက်ပြီ ။ ဒီလို အဘွား ကြီး ကို လက်ဆွဲ ပြေး ရလောက်အောင် ဖြစ်ခဲ့သည် ဆိုတော့ အရက် ကို အလွန်အကျွံ မသောက်သင့် တာ သေချာ သွားပြီ ။ 


“ ဪ ဒီ အရက် ကိုတော့ လွန်ကျွံအောင် မသောက်သင့် တာ သေချာသွားပြီ ”


ဟု နောင်တ ရမိသည် ။ ဟိုကောင်တွေ ပြန် ဝေ့ကြည့်တော့ သစ်ပင် ပေါ် လက်ညှိုး ထိုးသည့် သူ နှင့် လယ်ကွင်းပြင် လက်ညှိုး ထိုး သူ နှင့် ရူးချင်ယောင် ဆောင်နေကြသည် ။ ဒါကို ဟို အဒေါ်ကြီး က


“ ည တုန်းက သူတို့လဲ ပါတယ် နော် ၊ သက်သေ ရှိတယ် ၊ သူ ပဲ အတင်း ကွင်းကြီး သိုင်းပြီး ”


မျက်နှာ ခမျာ ထားစရာ နေရာပင် မရှိတော့ ။ စိတ်ထဲ တွင် လဲ


“ ဪ မောင်ကြည် မောင်ကြည် ၊ ဒီလို ပုံမျိုး ကို မူးမူး နဲ့ လက်ဆွဲမယ့် အစား ရွှံ့ပျော့ပျော့ ပေါ် မှောက် အိပ်လိုက်တာ က မှ အရသာ ရှိဦးမယ် ”


ဟုသာ ။ အဒေါ်ကြီး ကလဲ မလျှော့ ။


“ အစကတော့ မယုံလို့ မလိုက်ရဲဘူး သိလား ”


ဪ ဒီ ရုပ်ကြီး က တောင် မယုံဘူး တဲ့ ။ သတ်သေချင် စိတ်ပါ ပေါက်သွား၏ ။


“ နောက်တော့မှ သူငယ်ချင်းတွေ က ပြောတယ် ”


“ ဘာ ဘာပြောလဲ ၊ သူတို့ ဘာပြောလဲ ”


မျက်လုံး ပြူးပြီး ကမန်းကတန်း မေး မိသည် ။ ဒီကောင်တွေ ပေါက်ကရ ပြော တတ်တာ သိနှင့်ကိုး ။ ဒါကို အဒေါ်ကြီး က မူနွဲ့နွဲ့ ပြုံးပြီး


“ အစ်ကိုကြီး က အခု သာ ဘာမှ မဟုတ်သေးတာ ၊ နောင်တစ်ချိန် မှာ အနုပညာလောက မှာ ကျားကြီး ဖြစ်မှာ တဲ့ ”


ကျွန်တော် လဲ အံ့အားသင့်စွာဖြင့် “ ဘာကျားလဲ ၊ ဘာကျားတဲ့လဲ ” 


“ ဖွတ်ကျား ” 


“ ဒီလိုပဲ ဖြစ်ရမှာပေါ့ ”


“ အဲဒါ တို့လဲ ဖွတ်ကျား မမြင်ဘူးလို့ နေ့ခင်းပိုင်း လာ ကြည့် တာ ၊ ဪ ဖွတ်ကျား ဆိုတာ ဒီ ရုပ်ကိုး ”


မျက်နှာ ကို သူ့ လက်ညှိုး မဲမဲကြီး ထိုးပြီး လာ ပြောနေသေး၏ ။


“ သွားပြီနော် ညတုန်း က အစ်ကိုကြီး ပေးတဲ့ မုန့်ဖိုး နဲ့ ဖယောင်း တိုင် တိုး လိုက်ဦးမယ် ၊ အိမ် ဈေးဖိုးလေး ရအောင် ”


ဟု ထွက်သွားမလို လုပ်ပြီးမှ အနား ပြန် ကပ်လာကာ


“ ဪ ည ကျရင်လဲ လာခဲ့နော် ကိုဖွတ်ကျား ၊ ဒီရုပ်မျိုး နဲ့ သုံးညလောက် လာရင် ကုလ-ားပု တို့ ပျော့ပြီ ၊ ဟီဟိ ”


ဆိုကာ လှစ်ခနဲ ပြေး ထွက်သွားတော့၏ ။ ထိုတော့မှ စိတ်ထဲ တွင် လဲ  


“ ဪ ငါ ဟာ မိန်းမကိစ္စ နဲ့ ပတ်သက် လာရင် ကျားတော့ ကျား ဒါပေမယ့် ဖွတ်ကျား ပါ ပဲလား ” 


ဟု ဆင်ခြင်မိရင်း ခေါင်း ကို သာ ယမ်း နေမိတော့၏ ။ 


◾ အကြည်တော်


📖 လူပျိုမှိုတက်


aung naing oo


.

No comments:

Post a Comment