Saturday, August 13, 2022

လူ လား ၊ ပစ္စည်း လား ၊ ‌ငွေ လား ၊ ‌နေရာ လား


 

❝ လူ လား ၊ ပစ္စည်း လား ၊ ‌ငွေ လား ၊ ‌နေရာ လား ❞

“ ဦးချမ်းသာ‌ ရေ ခင်ဗျား ကို အားကိုးတယ် ဗျာ ၊ အကြံဉာဏ်‌ ပေးစမ်းပါဦး ”

“ ဟ ... ကိုယ့်လူ ၊ လူ‌ပေါင်း မှား‌ နေပြီ ၊ ‌မောင်ချမ်းသာ ဆိုတဲ့ ကောင် က ဘာမှ မဟုတ် တဲ့‌ ကောင် ၊ သူ လို ငါ လို‌ ကောင် ၊ ကျွန်‌တော့် လို‌ ကောင်ဆီ က  အကြံဉာဏ်‌ တောင်း လို့ ဘာ ထွက်လာမှာတဲ့ လဲ ကွာ ၊ ကြည့်လည်း လုပ်ပါဦး ”

“ စကား ကို ပိတ်‌ပြော မပစ်ပါနဲ့ ဗျာ ၊ ခင်ဗျား ဆီ က အကြံ‌ကောင်း ဉာဏ်‌ကောင်း‌လေး‌တွေ ရတက်လို့ အပူ ကပ်တာပါဗျာ ”

“ ကဲ ... ဒါဆို စကား‌ အေး‌အေး‌ဆေး‌ဆေး ‌ပြော လို့ ရတဲ့ တစ်‌နေရာ သွား ကြရ‌အောင်ကွာ ၊ ဒီမှာ‌တော့ မင်း မြင်တဲ့ အတိုင်းဘဲ ဝယ်သူ‌တွေ အရမ်း ကျ‌နေပြီး ရောင်းသူ ဝယ်သူ တဆူဆူ နဲ့ ပွတ်‌လောရိုက်‌ နေတာ ၊ စကား‌ ပြော ဖြောင့် မှာ မဟုတ်ဘူး ”

ကျွန်‌တော် သည် ဆိုင် ကို မန်‌နေဂျာ နဲ့ လွှဲ ထားခဲ့ပြီး‌နောက်  မိတ်‌ဆွေ ဗြဲကြီး နဲ့ အတူ စနက်ဘား‌လေး တစ်ခု သို့  ထွက် လာခဲ့၏ ။ ချောင် ကျ‌သော စားပွဲ‌လေး မှာ နေရာ ယူပြီး‌နောက် ...

“ ကဲ... ဆိုစမ်းပါဦး ဗြဲကြီး ရာ ၊ ဘာ‌တွေ လုပ်ချင်လို့တုံး ”

“ ဒီလိုဗျာ ... ခင်ဗျား က‌တော့  ‌မြေပဲဆား‌လှော် လည်း လုပ်တယ် ၊ ‌မြေပဲ လည်း ဝယ်တယ် ၊ အ‌အေးဆိုင် လည်း ဖွင့် ထားတယ် ၊ စာ လည်း‌ ရေးတယ်ဆို‌တော့ “ ရရာရ‌ကြောင်း ” က‌လေး ‌မေးချင်လို့ပါ ”

“ မ‌မေးနဲ့ဦး ၊ မင်း ဘာလုပ်ချင်တာလဲ ၊ အရင်‌ ပြော ဦး ”

“ ကျွန်‌တော့် ကားကို ‌ရောင်း ပစ်လိုက်တယ် ဦးချမ်းသာ ၊ ဟိုဖင်‌ကောက်က‌လေး‌လေ ၊ ဝယ်တုန်း က ၁ဝ သိန်း ၅ သောင်း ဗျာ ၊ အခု ၂၀ဝ ကျော် ရလို့ ထုတ်လိုက်ပြီ ၊ အဲဒါ အထိုင် ကျတဲ့ စီးပွား‌ရေး‌လေး တစ်ခု လုပ်ချင်လို့ ၊ ဘာ လုပ်ရင်‌ ကောင်းမလဲ စဉ်းစား‌ နေတာ ၊ အိမ် က မိန်းမ မိပု က ခင်ဗျား ဆီ လွှတ် လိုက်လို့ လာခဲ့တာ ဗျာ ”

“ မျိုး‌စေ့‌ တော့ ရှိ‌နေပြီ ‌မြေ မချရ‌သေးဘူး ဆိုပါ‌တော့ ” 

“ အင်း... အဲဒီ သ‌ဘောပဲ‌ပေါ့ ”

“ ထန်းလျက် ရှိ‌နေပြီပဲကွာ ၊ ဘာမုန့် လုပ်စားစား‌ပေါ့ ”

“ မဟုတ်‌သေးဘူး ဦးချမ်းသာ ၊ ထန်းလျက် ရှိတိုင်း မုန့် လုပ်လို့ မဖြစ်‌သေးဘူး‌လေ ၊ ကိုယ် လုပ်လိုက်တဲ့ မုန့်က ‌ပျော့တူးမနပ်ကြီး ဖြစ်‌နေ ဘယ်နှယ် လုပ်မလဲ ”

ဗြဲကြီး ဆိုတာ က ကျွန်‌တော့် သူငယ်ချင်း ခင်ဗျာ့ ။ ရန်ကုန် တောင်ဥက္ကလာ မှာ နေတာ ။ ငယ်ငယ် က တဗြဲဗြဲ အမြဲ ငို လွန်းလို့ ဗြဲကြီး  အမည် တွင်‌ နေသူပါ ။  အခု သူ့  ကား ကို ဈေး‌ကောင်း ရ လို့  ရောင်း ထုတ် လိုက်ပြီ ၊ ငွေ‌ တွေ လက် ထဲ‌ ရောက်‌ နေပြီ ၊ သည်‌ ငွေ‌တွေ ကို တိုးပွား‌ အောင် သူ လုပ်ချင်တယ် ၊ ဘာ လုပ်ရမှန်းလဲ မသိဘူး ။

“ ဒီလို ရှိတယ်ကွ ဗြဲကြီး ရ ၊ တို့ စီးပွား‌ရေ‌လောက ဆိုတာ က စီပွား‌ရေး လုပ်ငန်း‌တွေ ဟာ တစ်ခု နဲ့ တစ်ခု ဆက်စပ်‌ နေတာကွ ၊  တစ်ခုချင်း သီးသန့်ကြီး ရပ်တည်‌နေတာ မဟုတ်ဘူး ၊  ဥပမာ ကွာ ၊ စား‌သောက်ဆိုင် ဆိုပါ‌တော့ သူ့ မှာ အဆက် အစပ်‌တွေ က အများကြီး ကွ ၊ ‌ခေတ်စကား နဲ့‌ ပြော ရရင် ကွန်ရက်‌ ပေါ့ ကွာ ၊ ဒီ ကွန်ရက် မှာ စား‌သောက်ဆိုင် ၊ အ‌အေးဆိုင် ၊ တည်းခိုခန်း ၊ ဆိုက်ကားဆရာ ၊  တိုးရစ် ( နိုင်ငံခြားခရီးသည် ) ၊ အဆို‌တော် ၊ သားငါး‌ရောင်းသူ ၊ သစ်သီး‌ရောင်းသူ ဟာ အတွဲ လိုက် ကြီးကွ ၊ နည်းတဲ့ အတွဲကြီး မဟုတ်ဘူး ၊ အဲ တဆက်တည်းကြီး ထဲမှာ တကယ် ဝင်‌ ရောပြီး ကိုယ်တိုင် စီးပွား‌ရေးသမား တစ်‌ယောက် ဖြစ်‌နေပြီ ၊ နေ့စဉ် လှုပ်ရှား‌နေပြီ ၊ စဉ်ဆက်မပြတ် လှုပ်ရှား‌နေပြီ ဆိုမှ ဘာလုပ်ရင်‌ ကောင်းမယ်ဆိုတဲ့ ဂွင် ကို မြင်‌ နေပြီဆိုမှ ထ လုပ်လိုက် ရတာမျိုး ကွ ၊ အစပ်အဟပ် တည့် ရင် ‌ပေါက် သွားနိုင်တယ် ”

“ ‌ငွေ လို မှာ‌ ပေါ့‌ နော် ”

“ ‌ငွေ က အရမ်းကြီး အ‌ရေး မကြီးဘူးကွ ” 

“ လူ လို မှာ‌ပေါ့‌နော် ”

“ လူ ကလည်း အရမ်းကြီး အ‌ရေး မကြီးဘူး ကွ ၊ အခု ဗြဲကြီး မှာ ငွေ ရှိတယ် ၊  ဒီ‌ ငွေ က ဘာမှ လုပ်လို့ မရ‌သေးဘူး ၊ ‌ငွေ က ‌ခြေ‌ထောက် မရှိဘူးကွ ၊ ဘယ် မှ မသွားနိုင်ဘူး ၊ ချထားလိုက် ရင် ‌ကျောက်ခဲကြီး လိုပဲ ‌နေရာ က မ‌ရွေ့ဘူး ၊ အခု ဗြဲကြီး မှာ ဗြဲကြီး ရယ် ၊ မိပု ရယ် ၊ သား‌တွေသမီး‌ တွေ ရှိတယ် ၊ လူ ရှိ တယ်‌နော် ဘာမှ လုပ်လို့ မရ‌သေးဘူး ”

“ ဒါဖြင့် ကုန်ပစ္စည်း‌ပေါ့‌ နော် ”

“ ကုန်ပစ္စည်း ကလည်း ဒီ‌လောက်ကြီး အဓိက မကျ လှဘူးကွ ၊ ကုန်ပစ္စည်း‌တွေ ဘယ်‌လောက်ပဲ ‌ကောင်း‌အောင် လုပ်ထားထား ၊ ဘယ်‌လောက် အ‌ကောင်းစား အပျံစားကြီး ပဲ ဖြစ်‌နေ‌နေ ၊ ဝယ်သူ လက်ထဲ စားသုံးသူ ပါးစပ်ထဲ မ‌ရောက်ဘူး ဆို အလကားပဲ ဗြဲကြီး ရ ”

“ ဒါဆိုရင် ၊ ဘယ်လို လုပ်ပါ့မလဲ ဦးချမ်းသာ ရယ် ၊ ဖင်‌ကောက်က‌လေး ရောင်း ထားတဲ့‌ ငွေ ၊ ‌နောက် တစ်စီး ချိတ်ဖို့ ဆိုတာလည်း မလွယ်နဲ့ ”

“ ‌နေစမ်းပါဦး‌လေ ၊ ဒါ‌လောက်ကြီး အရင် မလိုစမ်းပါနဲ့ ၊ ဗြဲကြီး ရဲ့ ပူ‌နေတဲ့ ရင် ကို ရေခဲစိမ်ဘီယာ‌အေး‌အေး နဲ့ အပူ‌ လျှော့လိုက်စမ်းပါ ၊ အကြံဉာဏ် ဆိုတာက လျှာပူထိုး လျှာ‌လောင်ထိုး  ဖုတ်ပူမီးတိုက် လုပ်လို့ ရတာမျိုး မဟုတ်ဘူး ၊ အချိန် ယူပြီး ‌ခေါင်း‌အေး‌အေး နဲ့ စဉ်းစားပါရ‌စေဦး ”

ဗြဲကြီး နဲ့ ‌တွေ့ဆုံပြီး‌ နောက်ပိုင်း ဗြဲကြီး ကို ဘယ်လို အကြံဉာဏ်‌ ပေးရင် ‌ကောင်းမလဲ ကျွန်‌တော် စဉ်းစား‌ နေမိပါ၏ ။ မှန်တယ် ခင်ဗျာ့ ၊ ‌ငွေ ဟာ လို‌တော့ လိုတယ် ၊ အဓိက ဇာတ်လိုက် မဟုတ်ဘူး ၊ သိန်း ၅ဝဝ ရင်း ထားပြီး ဘာမှ အလုပ် မဖြစ်တဲ့ လုပ်ငန်း‌တွေ ၊ သိန်း ၅ဝ ရင်း ထားပြီး တစ်‌နေ့ ၅၀၀ဝ မဝင်တဲ့ လုပ်ငန်း‌တွေ လည်း ရှိတယ် ခင်ဗျာ့ ။ အဲ ... တချို့ကျ‌တော  ‌ငွေ  ၅၀၀၀ဝ ( ငါး‌သောင်း )  ‌လောက် ရင်းထားရမျှ နဲ့ ၁၀၀၀ဝ ( တစ်‌သောင်း ) လောက် ‌နေ့စဉ် ရ‌နေတဲ့ လုပ်ငန်း‌တွေ လည်း  ရှိတယ် ။ ( ဝင် ကြည့်မှ  သိရတာ ၊ အ‌ပေါ်ယံ ရှပ် ကြည့်လို့က‌တော  ဘာမျှ မြင်ရမှာ မဟုတ်ဘူး ။  ‌ရေ ထဲက ငါး အ‌ပေါ် က ကြည့်၍ မမြင်ရသကဲ့သို့ ။ ) သည်‌တော့ ငွေ က  အဓိက ဇာတ်‌ကောင်     မဟုတ်ဘူး ဆိုတာ ‌သေချာ သွားပြီ ဗျာ ။

“ ‌လေး‌လေး  ဆိုင် နှစ်ရက် ပိတ်မယ် ၊  ( မတ် ၂၇  တပ်မ‌တော်‌နေ့ ၊ မတ် ၂၈ တ‌ပေါင်းလပြည့်‌နေ့ ) လိုတာ ဝယ်ထား‌နော် ၊ သမီး တို့ က အိမ် ပြန်အုံးမှာ ”

ခရမ်းချဉ်သီးသည်မ က ပြော တယ် ခင်ဗျာ့ ။

“ ဟယ် ... ညည်းတို့ က ပြည်မြို့သူ‌တွေ မဟုတ်ဘူး‌ပေါ့ ၊ ဘယ်က လာပြီး ဆိုင် ထွက်တာလဲ ”

“ ပြည်မြို့ သူ မဟုတ်ဘူး ‌လေး‌လေး ၊ ဒီမှာ‌ ငွေ ရှာရ လွယ်လို့ ဆိုင် လာ ထွက်တာ ၊ တ‌ပေါင်းလပြည့်‌နေ့ ရွှေနတ်‌တောင်ပွဲ‌တော်‌ လေ ၊ ကိုယ့်မြို့ကိုယ့်ရွာ ‌ရွှေနတ်‌တောင် ကို ပြန် လိုက်ဦးမယ် ”

‌ရွှေ‌တောင် သူ‌ တွေ က ရောင်းလို့ ချလို့‌ ကောင်းတဲ့‌ နေရာ ပြည်မြို့ မှာ လာပြီး ဈေး ထွက်တယ် ဆိုပါလား ၊ ရောင်း‌ တော့သာ ခရမ်းချဉ်သီး ရွှေဆွဲကြိုးကြီး က ဖြင့် အုန်းဆံကြိုး က အရှုံး‌ ပေး ရ‌လောက်တယ်ဗျာ ။

“ ဟင် ... ‌မောင်မဲတူ မင်း ဆိုင် လူ စည်လှချည်လား ” 

“ ဟုတ်ကဲ့ ဦး‌လေး ခဏ‌နော် ဆိုင် မှာ လူ‌တွေ ကျ‌နေလို့ ”

‌မောင်မဲတူ အရက်ဆိုင် က ပြည်မြို့ က ည‌ဈေးတန်း မှာ  ခင်ဗျာ့ ၊ မဲတူ ၊  သူ့ မိန်းမ ၊ သူ့‌ ယောက်ဖ  ‌ချွေး ပြန်‌ နေတယ်ဗျာ ၊   စားသုံးသူ‌တွေ ရဲ့ လိုဘ ကို  ဖြည့်ဆည်း‌ ပေး‌နေရတာ ။ မောင်မဲတူ တို့ က ‌အောင်လံမြို့ စက်ရုံရပ်ကွက် က ခင်ဗျာ့ ၊ ပြည် မှာ လာပြီး ဆိုင် ဖွင့်‌နေတာ ငါးနှစ် ရှိ‌နေပြီ ။

“ ကျွန်‌တော် ဒီကို ပြောင်း လာတာ နည်းနည်း‌ နောက်ကျ သွားတယ် ၊ ဒီမှာ က တကယ့် ဂွင် ခင်ဗျာ ”

တာယာ‌ပေါက်ကြီး က ပြောတယ် ခင်ဗျာ့ ၊ ပြည် မှာ‌ တော့ ပေါက်ကြီး ရဲ့ တာယာဆိုင် ဟာ လူသိ‌ တော်‌တော် များတယ် ခင်ဗျာ့ ၊ သူ့ နာမည် က ကို‌ပေါက် ပါ ၊ ပေါင်းတည် က လာပြီး ဆိုင် ဖွင့်‌နေသူပါ ၊ တာယာဆိုင် ကို အ‌ကြောင်း ပြုပြီး “ တာယာ‌ပေါက်ကြီး ” ရယ်လို့  နာမည် ကြီး‌ နေသူပါ ၊ သူ့ မှာ အပျော်စီး ကား တစ်စီး နဲ့ မော်‌တော်ဆိုင်ကယ် နှစ်စီး ရှိပါ့ဗျာ ၊ တိုက် နဲ့ တာ နဲ့ ဗျာ ။

“ မိတိုး‌ နော် မကိုက်ဘူး ၊ မကိုက်ဘူး နဲ့ ၊ နင့် နား က  စိန်နားကပ် က တဖြည်းဖြည်း ကြီးကြီး လာတယ်‌ နော် ”

“ ဟင် ... ဦး‌လေး က လုပ်ပြီ ၊ ကိုယ့် အချင်းချင်း‌တွေပဲ ဟာ ၊   ဒီ‌နေ့ ဘာ ချက် မှာလဲ  ၊ ဘဲသား နုတယ် ၊ အ‌ကောင်လိုက် ၁၀၀ဝ ‌ဈေး ”

ပြည်မြို့‌ ဈေးကြီး ထဲ က ကြက်သား ၊ ဘဲသား‌တွေ‌ ရောင်းတဲ့ မိတိုး ခင်ဗျာ့ ၊ ဆိုင်‌ပေါ် မှာ ခင်းထားတဲ့ ကြက်သား ၊ ဘဲသား‌တွေ  အပြင်အဆင် မ‌ကောင်းဘူး ၊ စိန်နားကပ်ကြီး တ‌ပြောင်ပြောင် နဲ့ ပါ ခင်ဗျာ့ ။

“ ဦး‌လေး ပြည်မြို့သား မဟုတ်ဘူး ထင်တယ် ၊ ဘယ် က‌ ပြောင်း လာတာလဲ ”

“ တောင်တွင်းကြီး က ပြောင်း လာတာပါ ကွယ် ၊ ဒီမှာ အ‌အေးဆိုင် လာ ဖွင့်တာ ” 

ကဲ ... ဗြဲကြီး ဘာ လုပ်မလဲ ဆုံးဖြတ်‌ပေ‌တော့ ၊ ဘာ အ‌ရေးကြီးဆုံးလဲ ဆုံးဖြတ်‌ပေ‌တော့ ။

◾မောင်ချမ်းသာ

📖မောင်ချမ်းသာ ၏ ချမ်းသာနည်း

Aung Naing Oo
13 Aug 2022

.

No comments:

Post a Comment