Tuesday, August 2, 2022

လူပျို မှိုတက် ( ၂ )


 

နောက်နေ့ နေ့လယ် နှစ်နာရီခန့် တွင် ကျွန်တော် လဲ ကြံစည် ထားသည့် အတိုင်း ဖြူဖြူအောင် ဈေး သွားစဉ် အထုပ်လိုက် ဆွဲရန် ကားဂိတ် က စောင့် နေလိုက်သည် ။

ကြပ်လွန်းလှသော ကား တွင် နေရာ မရမည် စိုး၍ သူများ ထက် ဦးအောင် တက်ပြီး ဒရိုင်ဘာ အနောက် နား နှစ်ယောက် စာ ပေး ၍ ခပ်တည်တည် နှင့် မျက်နှာပြောင် တိုက်ကာ ထိုင် နေလိုက်သည် ။

ဗိုက်ကြီးသည် လာလဲ နေရာ မပေး ၊ အဘွားကြီး လာလဲ နေရာ မပေး နှင့် ခပ်အေးအေး ပင် ဒူးနန့်ပြီး ရူးချင်ယောင် ဆောင် နေလိုက် သည် ။

ဤသို့ မလုပ်၍ မဖြစ် ။ ကျွန်တော့် အကြံ နှင့် ကျွန်တော် ကိုး ။ ဖြူဖြူအောင် လာလျှင် ကားဒရိုင်ဘာ အနောက် ထောင့် ထဲ ထိုး သိပ်ပြီး အနီးကပ် ကြီးကြပ် ပိုး ရပေတော့မည် ။

ဒရိုင်ဘာ ထောင့် ထဲ ရောက် နေ၍ သူ လဲ မလှုပ်သာ ၊ မလူးသာ နှင့် ချောင်ပိတ် မိနေပြီး ကျွန်တော် ပြောသမျှ ခံ ရပေတော့မည် ။

ထ ထွက် ဖို့ကလဲ အပေါက် နှင့် အဝေးကြီး ။ ထ ရပ်လျှင် လဲ မလွတ် နှင့် မို့ သူ့ ခမျာ ဘာမှ တတ်နိုင်တော့မည် မဟုတ် ။

ထို့အပြင် ရပ်ကွက် နှင့် သိမ်ကြီးဈေး ဆိုသည် ကလဲ နီးလှ သည် မဟုတ် ။ အနည်းဆုံး တစ်နာရီခွဲ ၊ နှစ်နာရီ တော့ စီး ရပေမည် ။ ထိုအချိန် အတွင်း ၌ ချစ်စကား ကို သာကေတ ထိ ပြောမည် ။ အဖြေ ကို တာမွေဈေး တွင် တောင်းမည် ။ သိမ်ကြီးဈေး ရောက်လျှင် ပြီးပြီ ။

ဘာ ပြီးတာလဲ ဟု မေးကြမည် ။ ပြ ပါမည် ။ ထို စကား သည် မွန် လို အသံ ထွက်ပါက

“ ပေါင်းစောင်းပေါင်းကွန်ညိုက် ” 

မြန်မာလို ဆိုလျှင်

“ အေးဆေး ကလေးမွေး ”

ဒုံးပျံခေတ်ကြီး တွင် ဒုံးပျံ လို မြန်အောင် တော့ ပြုလုပ်ရပေ မည် ။ ကိုယ် လဲ ငယ်တော့သည် မဟုတ် ။ လူပျိုသက် ပင် သုံးသက် ပြည့် လုလု ။ ဒီ တတိယ သက် မှာ မှ မီအောင် မလုပ်လျှင် စတုတ္ထ သက် ၌ သွေး ဆုံးပြီ ။ အလုပ်အကိုင် လဲ မရှိ ၊ မိန်းမ လဲ မရှိလျှင် ရာသက်ပန် ဘုန်းကြီး ဝတ် ဖို့သာ ရှိ ပေတော့မည် ။ ဘုန်းကြီး တော့ မဝတ်ချင် ၊ ညနေစာ မစား ရခြင်း ကို မုန်းလွန်းလို့ ဖြစ်၏ ။ ထို့ကြောင့် ဘုန်းကြီး မဝတ်ရန် မိန်းမ ထဘီနား တူတူရေ ဝါး လုပ်စား ဖို့ လို ပေမည် ။

ဖြူဖြူအောင် ။

ဒီ ကလေးမ သွက်လက်ချက်ချာပုံ နှင့် ကတော့ သူ နှင့် ရ ပြီးလျှင် ဘာမှ လုပ်စားစရာ လိုတော့မည် မထင် ။

“ ချစ်ရေ မောင်ပုန်းပြီ ၊ တူး ဝါး ”

ထဘီကြို ထဘီကြား မျက်နှာပြားလေး ဖွက်ပြီး သူ စိတ်ချမ်း သာအောင် တူတူရေဝါး နေရုံသာ ။ ပြီးတော့ ဘဝတူ ပတ်ဝန်းကျင် ကို လဲ ပတ်ကြော နေရုံသာ ရှိတော့သည် ။

“ ဒီလို လုပ်ကျွေးတဲ့ မိန်းမ ရဖို့ ဆိုတာ လွယ်လှတာ မဟုတ်ဘူး ၊ ငါ တောင် ရုပ် ရှိလို့ ရတာ ၊ မင်းတို့ ရုပ်မျိုး နဲ့ ဆို ကွမ်းယာသည် တောင် အနိုင်နိုင် ”

ဟုတ်သည် ရှိ မဟုတ်သည် ရှိ  ၊ မြင်မြင်ရာ ပတ်ကလိ နေ၍ ရ၏ ။ တွေးရင်း နှင့် ပင် စိတ်ဓာတ်တွေ တက်ကြွ နေမိသည် ။

“ ဟော လာပြီ ” 

ကျွန်တော့် ရဲ့ ထဘီစုတ်လေး ၊ အဲလေ တူတူရေဝါးလေး ။

ဟုတ်ပါသည် ။ ဖြူဖြူအောင် ဆွဲခြင်းတောင်းလေး ဆွဲ၍ ကား ပေါ် တက်လာ၏ ။

“ ဖြူဖြူ ဒီမှာ ကိုယ် နေရာ ယူထားတယ် ”

အားတက်သရော ကျွန်တော့် အသံ ကြားတော့ ခမျာလေး မှာ မျက်မှောင် ကြုတ်ရှာ၏ ။

ဆံပင်ရှည်ဖားလျား နှင့် ကျွန်တော့် ကို မြင်တော့ အံ့အားသင့် သွားပုံ ရ၏ ။ အတန်ကြာ မှ

“ ဪ ဘယ်သူများလဲ လို့ ”

“ ဘယ်သူမှ မဟုတ်ဘူး ၊ အဲ ကို ကိုကြည် လေ ၊ မမှတ်မိဘူး မဟုတ်လား ၊ ရုပ်ဖျက်ထားတာ ၊ ဒိုင်းညှောင့် ဖူး ”

လက်ညှိုး နှင့် လက်ခလယ် ကို ပါ သေနတ်ပြောင်း လို မှုတ်ထည့် လိုက်သေး၏ ။

“ လာ ဒီမှာ ကိုယ် နေရာ ဦးထားတယ် ”

ဆိုကာ ဖြဲကား ထိုင်ထားသော ထောင့်ကို ဘတ် ဘတ် နှင့် နှစ်ချက်ဆင့် ပုတ် ပြလိုက်သည် ။

ကောင်မလေး ခမျာ မျက်နှာ မကောင်းရှာ ။ သို့သော် မျက်နှာ ရူးကြီးတမ နှင့် သွား ဖြဲ ပြသော ကျွန်တော့် ကို အားနာ၍ ထင်၏ ။ ဒရိုင်ဘာ အနောက် ချောင် အကျဆုံး ကျွန်တော် ရွေးချယ်ထားသော နေရာ ၌ ဆောင့်ကြီးအောင့်ကြီး လာ ဝင် ထိုင်၏ ။ နောက်တော့ ကျွန်တော့် ကို မကြည့်ဘဲ ဘေးဘီ သို့ သာ တစ်ခုခု ကို အသည်းအသန် ဝေ့ ရှာနေ သည် ။ ဘာကို ရှာမှန်းလဲ မသိ ။

မည်သို့ ဆိုစေ ။ ကျွန်တော် အပိုင် တွက် ထားလိုက်သည် ။ ဒီ ထောင့် ထဲ ဝင် လာသည်နှင့် ကျွန်တော် ဒိုင်းညောင့် ၍ ရပြီလေ ။

ကိုယ့် အစီအစဉ် နှင့် ကိုယ် ဝမ်းသာလုံး ဆို့၍ ပြန် မျို ချနေရ သည် ။ ကား မထွက်ခင် ဘာမှ မပြောချင်သေး ။ ကား ထွက်သွား မှ ကား က လှုပ်နှိုး သလို ချိုင့် ဆောင့်လွန်း သလို နှင့် သူ့ပခုံး ပေါ် လက်ကလေး မခို့တရို့ တင် မည် ။ ပြီးမှ အပိုင် ချုပ်ပြီး ဘိုင် ( by ) ကုပ် တော့မည် ။ ( မာ ဆတ်စကား ) ကား မထွက် မီ ပြော ပါ က ဘေး လူ ကြား မှာလဲ စိုး ရသေး ၏ ။ ကား မထွက်မချင်း စိတ် ကို တင်း ထား လိုက်ရသေး၏ ။

ကောင်မလေး ကတော့ အလိုမကျဟန် နှင့် စူပွစူပွ ။ သူ့ နံဘေး နား ဆံပင်ရှည်ကြီးတမ နှင့် ကား ကျပ်ချင်ယောင် ဆောင်၍ ပူးကပ် နေ သည် ကို မခံစားနိုင်၍လား မသိ ။ ဟို ဒီ သာ ရှာ နေ၏ ။

“ ဆရာရေ လူ ပြည့်ပြီ ၊ ကား ထွက်မယ် ” 

စပယ်ယာ အော်သံ ကြောင့် ဝမ်းသာလုံး ပင် ဆို့ သွား၏ ။ ပိုင် ပြီ ။ ကား ထွက်တာ နှင့် ပိုင်ပြီ ။ ပေါင်းစောင်းပေါင်းကွန်ညိုက် တော့ ဖြစ်ပြီ ။

“ ဆွဲဆရာ ရေ ၊ လမ်းမှာ တွေ့သမျှ အကုန် တင် မယ် ”

စပယ်ယာ ၏ အော်သံ နှင့် အတူ ကားကလေး က ဝုန်းခနဲ ခုန် ထွက် သွား၏ ။ ယခင် က စိတ်မျိုး နှင့် ဆို ယခုလို ကားကြပ်ပုံမျိုး ၌ ကိုယ့် ကို ကိုယ် ငါးမျှားတံ လိုသာ သဘော ထားလိုက်သည် ။ ဘယ်သူ လာ ဟပ်ဟပ် ကိုယ့် အကောင် ပင် ။ ယခုတော့ ထိုသို့ မဟုတ် ၊ ဘိလိယက် ကျူတံ လို တစ်လုံး ပြီး တစ်လုံး ဘော ရွေး ထိုးသည့် စိတ်မျိုး လဲ မရှိ ဂေါက် တံလို တစ်လုံးတည်း ရိုက်ရန်သာ အာရုံ ရှိ၏ ။

ရှိပြီ ။ ကျွန်တော့် ရဲ့ ပစ်မှတ်ဂေါက်သီးလေး က ကျွန်တော် နှင့် ကပ်ရက် ၌ ရှိ နေပြီ ။ ကျွန်တော် လွှဲ ရိုက်လိုက်ဖို့သာ ရှိ တော့၏ ။ သို့သော် ထိချက် မှန် မှ လဲ ပြင်းပြင်းပြပြ ရှိပေလိမ့်မည် ။ ထို့ကြောင့် ဘယ် စကား က စ ဆိုရမည် ကို စဉ်းစား လိုက်သည် ။

“ နေကောင်းလား ” 

ဒါကလဲ မဖြစ်သေး ။ နေကောင်းလို့ ဈေး သွားတာပေါ့ ။

“ ထမင်း စားပြီးပြီလား ”

မစားရသေးဘူး ၊ ရှင် ကျွေးမလို့လား ဆိုလျှင် ပိုက်ဆံ က ကားခ လောက်သာ ပါပြီး သူ ကျွေး သမျှ ကပ် တီးဖို့သာ ကြံရွယ်ထားသည် မို့ ဒါလဲ အလုပ် မဖြစ်နိုင် ။

ချစ်စကား ကို မဆိုလင့် ရိုးရိုး စကားပင် ဘယ်လို စရမှန်း မသိဘဲ အူလည်လည် ဖြစ်နေ၏ ။

ဒါဖြင့်လဲ စကား က နောက် ၊ မျက်ပေတုံးကြီး နဲ့ အရင်ညှို့ ကြည့်မယ် ဆိုသည့် စိတ်ကူးဖြင့် သုံးလေးချောင်းသော မျက်ခုံး အောက် မညီမညာ ပေါက်ရောက်နေသော အများသဘောတူ မျက်လုံး ခေါ် မျက်ပေတုံး ( ငတို မျက်လုံး ငတုံး မျက်နှာ ) ကို ရှေ့ ထုတ်၍ ညှို့ လိုက်မှ

“ ဟာ ”

ကောင်မလေး ခမျာ ကျွန်တော် ရှိနေသည် နေရာ ပေးခဲ့သည် ကို ပင် သတိ မရနိုင်တော့ဘဲ ချိုင့်တွေချောက်တွေ ကို တဝုန်းဝုန်း နှင့် ဖြတ် နင်းနေသော ကား အပြင်ဖက် သို့ ငေး ကာ မျက်လုံးလေး ပြူး လိုက်  ၊ အံလေး ကြိတ်လိုက် ၊ လက်သီးလေး ဆုပ်လိုက် နဲ့ အသည်းတယားယား ဖြစ် နေပြီး မပူ့တပူ မီးခဲပေါ် တက် ထိုင်မိသူ လို ဖင်လေး တကြွကြွ ၊ ခါးလေးပါ လိန်ကျစ်လိန်ကျစ် ဖြစ်နေတာ မြင်တော့ အံ့အား သင့်သွား မိသည် ။ စိတ် ထဲမှာ လဲ

“ ဘာပါလိမ့် ” 

ဟူသော အတွေးမျိုး ဝင်၍ သူ ကြည့်နေရာ လိုက်ကြည့်မိတော့

“ ဟယ် ”

နံဘေးနား က ရိပ်ခနဲ တွေ့လိုက်ရတဲ့ အရာတစ်ခု ကြောင့် အံ့အား သင့်သွားရ၏ ။

“ ပြိုင်ဘီး ပြိုင်ဘီးလေး ”

တဝုန်းဝုန်း နှင့် ခလောက်ဆန် နေသောကား နှင့်အပြိုင် နံဘေးနား က ရိပ်ခနဲ ရိပ်ခနဲ ပေါ်ပေါ်ထွက် လာသော ပြိုင်ဘီးလေး တစ်စီး ။ ပြိုင်ဘီး ပေါ် ဆံပင်ပုံစံ မကိုးမကား နှင့် ပိန်ချောင်ချောင် အကောင် တစ်ကောင် ။

“ သွားပြီ ”

ထို အကောင် ကို မြင်သည် နှင့် စိတ်ဓာတ် တို့ လက်ထဲ ဖျစ်ညှစ် ချေ လိုက်သော မြေကျစ် ခဲ လို အစိတ်စိတ် အမွှာမွှာ ကွဲကြေ ကုန်၏ ။

သိလိုက်ပြီ ။ မလိုက်ခင် က အသည်း ကွဲ နှင့် ပြီ ။

ထိုတော့မှ သူမ ဘာကို အသည်းအသန် ရှာနေသည်ကို သိ လိုက်ရတော့၏ ။

ကျွန်တော် ကလဲ လူပါး ပဲ ။ အကောင် ပြတော့ အရိပ် မြင်ပြီ ပေါ့ ။

ပြိုင်ဘီးကလေး ကလဲ ချိုင့်ခွက်များ လမ်းကွေ့များ ကို ရှောင် ရှားရင်း ကားကြီး နှင့် အတူ ရိပ်ခနဲ ရိပ်ခနဲ ပေါ် ပေါ် လာ၏ ။

ပြိုင်ဘီး ဆိုသည် ကိုလဲ အားလုံး သိကြပေလိမ့်မည် ။ လက် နှစ်လုံး လောက် ရှိသော ဖင်ထိုင်ခုံ အသေးလေး ပေါ်တွင် လူ ကို တစ်ကိုယ် လုံး ဦးညွတ်သလို ညွတ် ချပြီးမှ အားစိုက် နင်း၍ရသော အမျိုးအစား ၊ ရုတ်တရက် ကြည့်လျှင် ကိုယ့် ကို ပဲ ပျပ်ဝပ်ရိုကျိုး လက်စုံမိုးတော့ မလို ပုံ မျိုးကို  ။ ထို ပုံမျိုးက ရံဖန်ရံခါ၌ ကျွန်တော် တို့ ဘေး ၊ ရံဖန်ရံခါ၌ လဲ ဟိုဖက် ကား ဘေး မှ ကုန်းကုန်းကွကွကြီး ပေါ် လာလိုက် ။ လက်နှစ်ဖက် ကို လွှတ်၍ ဖလိုင်းကစ် ပေး လိုက်သေး၏ ၊

သူ ဖလိုင်းကစ် လုပ်တာကို ကိုယ် ပါ ယောင်ဖမ်းပြီး ဖနောင့် နှင့် နင်းချေ မိသေး၏ ။ ကောင်မလေး ကတော့ စူပွပွ နှင့် မျက်စောင်း ခဲ ၍ မကြည်သလို ဟန် လုပ်၍ ပြုံး နေသေးသည် ။

ဒီတစ်ခါတော့ အပိုင်ပဲ ။ ဘိုင်သေ ကပ် ဆွဲတော့မဟဲ့ ဟူသော အတွေးများ နှင့် အားတင်း လာခဲ့သမျှ ပြိုင်ဘီးလေး ၏ ဘီးတစ်ဘီး အလှည့် မှာ အသည်းဟက်တက် ကွဲ သွားသလို ။ လတ်လတ်ဆတ်ဆတ် ရှိနေဆဲ အသည်း ကို ဟိုကောင် ၏ ပြိုင်ဘီး နင်း ဖို့ ဖင်တကြွကြွ မှာပင် မဆီမဆိုင် ရေအိုး ကို လေးခွ နှင့် ပစ်လိုက်သလို တခွမ်းခွမ်း နှင့် ကွဲသွား တော့၏ ။

မိတ်ဆွေ တို့ လဲ စဉ်းစားကြည့်ပါ ။ ဒီလို အပိုင် ပိုးချင်လို့ မျက်နှာ ပြောင် တိုက် နေရာ ဦး ယူထား ပြီး မှ ကိုယ့် ချစ်သူ ကို အပြင် က ကြောင် တောင် လာ နှိုက်နေတာ ဆိုတော့ ခံရ မခက်ပေဘူးလား ။

ဪ ကိုယ့် မှာတော့ မချိုး စဖူး ရေတွေ အတင်းချိုး ၊ မလျှော် စဖူး အင်္ကျီ တွေ လျှော်ဝတ်ပြီး နှစ်ပြား ဂဟေဆက် ၊ အဲလေ အဲလို ဖြစ်ကြ မဟဲ့ ဆိုပြီး တွေးပြီး အားတင်းခဲ့တာ ။ အဲဒီ စိတ်ကလေး တောင် အခုတော့ ရေတံခွန် ထဲ က သွန်ချလိုက် တဲ့ ရေလို တဝုန်းဝုန်းနဲ့ ဝေါခနဲ ထိုး ကျခဲ့သည် ။

ယခုလဲ ကြည့်လေ

“ ဆရာရေ ရှေ့ မှာ လူတင်မယ် ”

ကားကလေး ရပ်သည် နှင့် ပြိုင်ဘီး ကလဲ ကျွန်တော်တို့ ၏ မြင်ကွင်း ရှင်းသော နေရာလောက်တွင် ရပ်ပြီး သူ ဝတ်ထားသော ပန်းရောင် အင်္ကျီ နှင့် ချွေး ကို ပင့် သုတ်၏ ။ ဒါကို ကောင်မလေး က သူ့ အစား ပင် မောနေသေးသည် ။

ရုပ် ကြည့်တော့ ကိုယ့် လောက် ပင် ပုံမလာ ။ သို့သော် ဆံပင် အထောင် ၊ အင်္ကျီ ပန်းရောင် ၊ လုံချည် က ပလေကပ်အပြာရောင် နှင့် မို့ ကြည့်ရတာတော့ ဝင်း နေပုံရသည် ။ ဒါကို ဖြူဖြူအောင် အသည်းယား နေပုံ ရ၏ ။

ဪ ကိုယ့် မှာတော့ အနီးကပ် ကြီးကြပ် ပိုးမယ် ဆိုကာမှ ဒီ ငတ က ပြိုင်ဘီး နဲ့လာ ဂွ နေတော့ စိတ် ထဲမှာ အတော်ကလေး ကို တင်း နေမိသည် ။ စိတ် ထဲ တွင် လဲ

“ နေနှင့်ဦးပေါ့ကွာ ၊ အခွင့် ရလို့ ကတော့ အရေခွံ က အစ ခွာ ပစ်မယ် ”

ဟု တေးထားလိုက်သည် ။

“ တောက် ရုပ် ကိုက သူ့ ကြည့်နေတဲ့ မှန် အသိဉာဏ် ရှိရင် ဒီလူ လာ ကြည့်နေတာ အဖြစ် ဆိုးလှချည် ရဲ့ ဆိုပြီး မှန် ကိုယ်တိုင် သူ့ ကိုယ် သူ ကြိုးဆွဲ ချ သတ်သေမယ့် ရုပ် ”

စိတ်ထဲ ကြိတ် ကျိန်ဆဲ မိသည် ။

“ ပြည့်ပြီ ဆရာရေ ”

စပယ်ယာ အော်သံ နှင့် အတူ ငတိ က ပြိုင်ဘီး လက်ကိုင် ကို အဆင်သင့် ကိုင်၍ ပြုံးပြီး ကြည့် သည် ။

ပြိုင်ဘီး တို့ ၏ ထုံးစံ အတိုင်း လက်ကိုင် ကို ကိုင်လိုက်သည် နှင့် တစ်ခါတည်း မြင်ရသူ ကို ပျပ်ဝပ် ရိုကျိုးသလို ဟန် မျိုး ဖြစ်သွားသည် မဟုတ်လား ။ နောက်ပြီး ခါးကြီး ကုန်းပြီး လေပေါ် ပျံတက်မတတ် ပေါ့ထွက်နေသော တင်ပါး က ဓာတ်ဘောလုံး ဆွဲ ထားသလို မိုးပေါ်  ပဲ ထောင် တက်တော့မလို ဖြစ် နေပေပြီ ။ ဒါကိုပဲ ကောင်မလေးတွေ က အသည်း ယား တာ ဖြစ် ပေမည် ။

“ ဆွဲဆရာ ရေ့ ”

စပယ်ယာ အော်သံ နှင့် အတူ မှုံခနဲ ထွက် သွားသော ပြိုင်ဘီး လေး ။ ကောင်မလေး အကြည့်က ပြိုင်ဘီး နှင့် အတူ လှစ်ခနဲ ပါသွား၏ ။

ကား ကလဲ တဝုန်းဝုန်း နှင့် လိုက်ပါ လာသည် ။

ညာဖက်ဘေး မှ လှစ်ခနဲ ပေါ်လာသော ပြိုင်ဘီး ၊ နင်း နေသော ကိုယ်တော် က အရှေ့ကို မကြည့် ။ ကျွန်တော့် နံဘေးနား က ဖြူဖြူအောင် ကို သာ ကြည့်ပြီး လိုက် ပါလာသည် ။

“  ဟော ” 

လှစ်ခနဲ ကား ကို ပြန်ကျော် ၍ ပျောက်ကွယ် သွား၏ ။

“ တောက် ဒီ ပြိုင်ဘီးကတော့ ကွာ ” 

ဒရိုင်ဘာကြီး ၏ အော်သံ ။ ထိုသို့ အပြစ်တင် သံ ကြားတော့ အနည်းငယ် စိတ်ချမ်းသာ သွားတယ် ။ မိမိ သဘော နှင့် တစ်ထပ်တည်း ကို ။

“ အမှန် အော် ကို ဆဲ ရမှာ ”

စိတ်ထဲ ကြိတ် ပြောနေမိသည် ။

“ ဟာ ပြိုင်ဘီးကလဲ ”

ထို အော်သံ ကြောင့် ကားပေါ် မှ လူများ အားလုံး ပြိုင်ဘီး အား သတိထား မိ သွားကြ၏ ။

“ ဟုတ်ပါ့ ၊ သွားမှာ ဖြင့်လဲ မသွားဘူး ၊ ကားနား တင် ကပ် ဝေ့ နေတာ ”

ထို စကားများ ကြားတော့ သူမ လဲ စူပွပွ ။

“ ကောင်လေး ကြိုးစားရှာတယ် ”

တစ်ယောက် ၏ စကား ကြားတော့ ပြုံးရှာ ပြန်၏ ။ သူမ ကို ကြည့်ရင်း

“ ဪ ပိုင်ချင် လို့ ခြင်းထဲ ထည့်ထားတဲ့ ကြက် ၊ ခြင်းပြင် က နေ လာ ရစ်နေတဲ့ ကြက်ဖ နဲ့ တွေ့ နေသေး ”

အလိုလို နေရင်း စိတ်မကောင်း ဖြစ် နေမိ၏ ။

သူမ ကတော့ ဒါကို သတိမထားမိ ။ အကြည့်များက ပြိုင်ဘီး နောက် သာ ။ ကျွန်တော့် ကို ယောင်လို့ပင် မကြည့်အား ။

အနားကပ်၍ လှစ်ခနဲ ပေါ်လာပြန်သော ပြိုင်ဘီး ။ ပြုံးပြုံးကြီး ကြည့် ကာ ကား ကို လှမ်း ဆွဲတော့မလို လုပ်၏ ။

ကောင်မလေး က အသည်းယား သွား ကာ ခန္ဓာကိုယ် ပင် တွန့် ဝင် သွား၏ ။ နောက် လက်ကလေး တကာကာ ၊ နှုတ်ခမ်းလေး တစူစူ နှင့် မလုပ်ရန် အသံတိတ် တား၏ ။ ပြိုင်ဘီး ပေါ် မှ ငတိ ကလဲ သဘော ပေါက်ဟန် နှင့် ရှိသမျှသွား တပြုံလုံး ဖြဲကာ အရှိန် လျှော့ လိုက်သည် ။ ပြိုင်ဘီး က ကားနောက် ကျန်ခဲ့သည် ။ ဖြူဖြူအောင် က ကျန်ရစ်ခဲ့သော ပြိုင်ဘီး ကို လိုက် မျှော်ကြည့်သည် ။

ကြည့် တာတောင် ရိုးရိုး မကြည့် ။ သူ့ မျက်စိ ရှေ့ခံနေသော ကျွန်တော့် မျက်နှာကြီး အား သူ့ လက်ဝါးကြမ်းကြီး နှင့်

“ ဟင် ဘာကြီး ကွယ်နေတာတုန်း အင်း ဟာ ”

ဆိုကာ တွန်းဖယ် ၍ပင် ကြည့် လိုက်သေးသည် ။ ပြိုင်ဘီး က မြင်ကွင်း မှ ပျောက်သွားပေပြီး ၊ သူမ မျက်နှာ ကတော့ အလိုမကျဟန် နှင့် ညှိုး၏ ။

ကျွန်တော့် အလှည့် ရောက်ပြီ ။ ထိုတော့မှ ကျွန်တော် လဲ သက်ပြင်း ချမိသည် ။

ကျွန်တော် လဲ ဖြစ်သလို စကား စရန် အ ပြင်

“ ဟယ် ”

အာမေဒိတ်သံ နှင့် အတူ ဝင်းတက် လာ ပြန်သော သူမ မျက်နှာ ။ ကြည့် လိုက်တော့

“ ဟင် ”

ဟို ခွေးသား ဖင်လေးလိန်ကျစ်လိန်ကျစ် နဲ့ ကား တစ်ဖက် ဘေး က ပြန် ကျော်တက်လာတာ ။ ပြီးတော့ လက်တစ်ဖက် ကို လွှတ် ၍ ဖလိုင်းကစ် ပေးသေး၏ ။ ကောင်မလေး က ဖလိုင်းကစ် ကို မသိ မသာ လှမ်း ဖမ်းပြီး ဟိုကောင့် ကိုယ်စား အစားဝင် မော ပေးနေသေး၏ ။ ဟိုကောင် ကတော့ ဘယ်သို့ နေသည် မသိ ။ သူမ ရင် အစုံက ဖုတ်လှိုက် ဖုတ်လှိုက် နှင့် မော ပေး နေသည် ။ ကျွန်တော် အတော် စိတ်ညစ်သွား သည် ။

“ အာ ဒီ ပြိုင်ဘီး က ပါ လာပြန်ပြီ ”

ဒရိုင်ဘာ ၏ မြည်တွန်တောက်တီး သံ ။ သူ လဲ သူ့ ကို ဖြတ်ကျော် လိုက် ၊ ဘေးနား ကပ်လိုက် လိုက် လုပ်နေသော ပြိုင်ဘီး ကို အာရုံ နောက် နေဟန်တူ၏ ။

“ လိုက်ဦးမယ် ဆရာ ရေ့ ”

စပယ်ယာ အော်သံ နှင့်အတူ ကားလေး က ရှေ့မှာ ရပ်သည် ။ ထို့နည်းတူစွာ ပြိုင်ဘီးလေး ကလဲ ကား နံဘေး လိုက် ရပ်သည် ။

ပြိုင်ဘီး ပေါ် မှ ငချောင်ကောင် က နှစ်လုံးတိတိ ဖြုတ်ထား သော ပန်းရောင်အင်္ကျီ ထဲ လေ မှုတ်ထည့်သည် ။  ရင်ဘတ် က ဖုတ် လှိုက်ဖုတ်လှိုက် ဖြစ် နေသော်လည်း မျက်နှာကြီး က ဝင်းပြီး ပြုံးနေ သည် ။ ကောင်မလေး ကလဲ သူ့ ကို ကြည့်ပြီး မော ပြနေသည် ။ သူ့ ဘာသာ သူ ချွေးထွက် နေသလိုနှင့် နဖူး မှ ချွေးများ ကို ပင့် သုတ်သည် ။

ကျွန်တော် ကြည့်ရင်း ကြည့်ရင်း နှင့် ကျက်သရေ ချို့တဲ့ လာ ၏ ။ ထို ချို့တဲ့လာသော ကျက်သရေ မကြာခင် တုံး တော့မည် ။ စိတ် ထဲ တွင် လဲ

“ တောက် ငါ လဲ ဘာလို့ ပြိုင်ဘီး ဝယ် မစီးမိတာပါလိမ့် ” 

ဟု သာ တွေးနေမိ၏ ။ ပြိုင်ဘီး ဝယ် စီးပြီး ခါချဉ်ကောင် ဖင် ထောင် ကြိတ်သလို ကြိတ်ပြလိုက်ရင် ငတိမ ကြွေလောက် ရဲ့ ဟု စိတ် ထဲ တွေး လိုက်မိ၏ ။ ထိုစဉ်မှာ ပင်

“ ဆွဲဆရာ ရေ့ ၊ လူပြည့်ပြီ ”

ကားလေး က ဝုန်းခနဲ ခုန် ထွက်သွားပြန်၏ ။ ထို့နည်းတူစွာ ပြိုင်ဘီး ကလဲ လှစ်ခနဲ ။

ဘယ်ဖက် က ပေါ်လာပြီး ကား ကို ကျော်ကာ ညာဖက် မှ ပြန် ရောက်လာ၏ ။ ကောင်မလေး အကြည့် ကလဲ ဘယ် မှ ညာ သို့ လိုက် ရွှေ့ လာ၏ ။ ဟိုကောင် ကတော့ မောရမှန်း ပင် မသိ ။ ဖင်ကလေး သီကာ သီကာ နှင့် လိုက်ပါ လာ၏ ။ ကား က ကုန်းတက် မို့ ဂီယာကြီး ကို ဂီးခနဲ ချိန်း လိုက်သည် ။ ကျွန်တော် ကြိတ်၍ ဝမ်းသာ သွားမိသည် ။

ဒီ ကုန်းတက် က ကား ပင် တစ်မိနစ်ကျော် နှစ်မိနစ် နီးပါး တက် ရမည် ။ ကား ပင် ဤမျှ ကြာလျှင် စက်ဘီး နင်းသော ငတိ လျှာ ထွက်ပြီ ။

ကား က ကုန်းပေါ် ကုန်းရုန်း တက်ပေပြီ ။ ဒါဆို ပြိုင်ဘီး ကရော

“ ဟယ် ”

ကျွန်တော် ထင်သလို မဟုတ် ။ ဟင် ငတိ က ခါချဉ်ကောင် မာန်ကြီး သလို  ဖင်ကလေး မြောက်ကြွမြောက်ကြွ နှင့် ကုန်းတက် ကို အံခဲ ၍ ကြိတ် ရှာ၏ ။ သူ အံခဲ ကြိတ်လေ ၊ နံဘေး နား က ငတိမ ကလဲ သူ ပါ လိုက် ကြိတ် ရသလို ဖင်ကလေး ကြွကာ ကြွကာဖြင့် အံကြိတ် ၍ ကြိတ်ရှာ ၏ ။ သူ့ ခမျာ ပတ်ဝန်းကျင် ကို ပင် မေ့လျော့ နေသလို ။

ဖြစ်ပုံက ကလေးငယ် ကို မိခင် က အင်အင်း တည် သလိုမျိုး ။ ကိုယ်တိုင် ဝင် ပါနေသည် မဟုတ်သော်ငြား ကလေး အား ရအောင် ဘေးနား က ဝမ်းခေါင်း သံ ဖြင့် “ အင်အင်း အင်အင်း ”  အော် ပေးနေသလို မျိုး ၊ ကောင်မလေး ကလဲ ထိုသို့ပင် ။ ဟိုကောင် ဖင်သီရာ ဖက် ကားပေါ် မှ သူမ က ဝင် လိုက် သီပေး ရှာသည် ။ ကျက်သရေ ကား တကယ် တုံး ချေပြီ ။ မည်သို့ လုပ်ရမှန်းလဲ မသိတော့ ။

ကားက ဂီယာကြီး နှင့် တဂီးဂီး ရုန်းနေရသည် ကို အရှေ့ က ပြိုင်ဘီးနှင့် ငတိ က ဖင်လေး မြောက်ကြွမြောက်ကြွ နှင့် ခါ ပြီး ပြောင် ပြ နေသလို မျိုး ။

“ တောက် ဒီကောင်တော့ ကွာ ” 

ဒရိုင်ဘာ ၏ ရေရွတ်သံ ။

ဒါကို ကောင်မလေး က ထိုသို့ မမြင် ။ ကား ပေါ် ကနေ သူ ပါ မြောက်ကြွမြောက်ကြွ နှင့် ချွေးတစိုစို အားတကုန်ကုန် အသည်းတယားယား မောပြ ပန်းပြ ဖြစ် နေလေသည် ။

သူ့ ခမျာ ဘယ်သူ့ ကို မှ ဂရု မစိုက်အား ။ သူ့ နံဘေး နား မှာ ချောင်ပိတ် ကြိတ်ပိုးမည့် ဆံရှည် လက်နှစ်လုံး ၊ ပခုံး လက်နှစ်သစ် နှင့် လူ ဖြစ်ချင်နေသော ကျွန်တော့် ကို ရှိသည် ဟု ပင် မထင် ။

“ ဘာကြီးလဲဟ အင်းဟာ ”

ဟု ပင် မညှာမတာ တွန်းပယ် ခံနေရ၍ လွန်စွာပင် စိတ်နာ နေမိသည် ။ စိတ် ထဲ ၌ပင်

“ နေနှင့်ဦးပေါ့ ကွာ ၊ ဒီ တစ်ကုန်း ပြီးရင် ကုန်းဆင်း ၊ ဒီကောင် ဘယ်လို နင်းမလဲ ကြည့် သေးတာပေါ့ ” ဟု သာ စိတ် ထဲ တေး မှတ်လိုက်သည် ။

မှန်ပေသည် ။ ကုန်းတက် ပြီးလျှင် ကုန်းဆင်း သို့ ဆင်း ရပေ တော့မည် ။ ဘုခလုများ ချိုင့်ခွက်များ ပေါများသော ကုန်းဆင်း ခပ် စောက်စောက် မို့ ကား ပင်လျှင် သတိထား ဆင်းရသည် ။

ကြည့် လိုက်တော့ ပြိုင်ဘီး နှင့် ငတိ က ကုန်းတက် အပေါ် ထိပ် တည့်တည့် တွင် ကုန်းတက် တက် လာသော ကားကို မထီတရီ ပြုံးရင်း လည်ပြန် ကြည့် နေသေး၏ ။

အောင်မယ် ။ သူ ပြုံး တော့ ဘေးနား ကောင်မလေး ပါ ပြုံး လို့ ။

ကား က ကုန်းထိပ် ကို ရောက်ပြီ ။ တစ်ဖက် ကုန်း ဆင်းရန် ဂီယာ ကို ဖြုတ်အချ ။ ပြိုင်ဘီးပေါ် က ငတိ ၏ မထီတရီ အပြုံး ။ အကျော ပေးသည့် သဘော ။

ကား လဲ ကုန်းပေါ် က ဆင်းသည် နှင့် သူ လဲ လှစ်ခနဲ ကောင်မလေး လဲ ရင်ထဲ လှိုက်ခနဲ ဟန် နှင့် ရင်ဘတ် ဖိ ၏ ။ နောက်

မိတ်ဆွေ ဘုခလုများ ချိုင့်ခွက်များ ပြည့်လျှံနေသော ကုန်း ဆင်း ခပ်မတ်မတ် ကို အပြိုင် ဆင်းလာသော ပြိုင်ဘီး နှင့် ကား ကို မြင် ကြည့်ပေးပါ ။

ကားပေါ် မှ လူများပင် ဒရိုင်ဘာ ထောင့် ( အရှေ့ ) ယိုင်နေသည် ဆိုတော့ ပြိုင်ဘီး ပေါ် ဝပ်နေသော သူ မှာ အနောက် မှ လူများ ကို ဖင် ထောင် ၍ ပြောင် ပြနေသလို မြင်ကွင်းမျိုး ကို မြင် ကြည့်နိုင်၏ ။

လက်ကိုင် က နိမ့်ပြီး ဝပ် နေသမို့ ကုန်းဆင်း တွင် နောက်ဘီး နှင့် သူ့ ဖင်သာ ကွက်ကွက်ကွင်းကွင်း မြင် နေရသည် ။

သည်ကြားထဲ လက်နှစ်သစ်သော ဖင်ထိုင်ခုံ ပေါ် ခါး ကို ပုံ မှန်ထက် ပို၍ အရှိန်ပြင်းပြင်း နှင့် နင်းချ နေ၍ ကျောက်တုံးများ ကို ချိုင့်ခွက်များ အလည် ကိုယ့် ဥ ကို ကိုယ် ဆောင့်ဆောင့်ပြီး ခွဲ နေသလို မျိုး ။

“ သေချာပြီ ၊ ဒီကောင် ဥမကွဲ သိုက်မပျက် ဘဲ အိမ်ပြန် ရောက် ဖို့ လမ်း မမြင် ”

သည်ကြားထဲ ကုန်းဆင်း ကလည်း ရှည် သောကြောင့် အရှိန် ကလဲ များ နေသည် ။ အရှိန် များ သောအခါ ခန္ဓာ ကိုယ် ကို ဝင် တိုးနေသော လေ အရှိန် ကလဲ များ ပြီ ။ ဤအခြေ ၌ လမ်း ကျွမ်းသူကား ဆရာ ပင် ချိုင့်ထဲ မကျအောင် သတိထား မောင်း နေရချိန် ဝယ် ငတိ က လမ်း ကို မကြည့် ။ ကားပေါ် က ကောင်မလေး ကို ပြုံးပြုံးကြီး လှမ်း ကြည့်ပြီး ဆင်း ချသွားသည် မို့ ။

အောက် က , လေနီရိုင်း က ပင့် အဆော် ။ လုံချည်တော် က မျက်နှာ ပေါ် အဟပ် ။

“ ဟိုက် ”

အာမေဋိတ်သံ ကျယ်ကျယ် ။ ပြိုင်ဘီး ငတိ က မျက်နှာ ပေါ် ကျသော ပုဆိုး ကို ကမန်းကတန်း ပြန် အဖိ လက် ဆ က များ ပြီး လုံချည် က ဖလွတ် ခနဲ ကျွတ် သွားရာ

“ ဟယ် လုပ်ပါဦး ”

အလန့်တကြား နှင့် ဝပ်နေရာမှ ကျွတ်သောလုံချည် ကို လက် လွှတ် အဆွဲ

“ ဟယ် သွားပြီ ”

ထင်မှတ် မထားသော ချိုင့်ကြီး တစ်ခု ။ အရှိန် များ နေသည်မို့ ကျွတ် နေသော လုံချည် လွှတ် ၍ ဘရိတ် လှမ်း ဆွဲသေးသည် ။ သို့သော် မမီတော့ ။

“ ဒုန်း ”

“ အား ”

အစ ကတည်း က ထိုင်ခုံလက်နှစ်သစ်ပေါ် ဝပ် ထိုင်နေရသော ငတိ ။ ပြိုင်ဘီး ရှေ့ဘီး အဆောင့် မှာ လေ ထဲ မြောက်ခနဲ ။

လေ ထဲ မှာ စက်ဘီး နင်းနေသည့် ပုံအတိုင်း ကွေးကွေးကြီး နှင့် ပြုံးပြုံးကြီး ။ စက်ဘီး နှင့် လုံချည် ဟို နေရာမှာ ပင် လဲကျ ကျန်ခဲ့ပြီ ။

အရှိန် မည်မျှ ပြင်း သည်မသိ ။ ငတိ က အတော်ဝေးဝေး ထိ ကားဘေး ကပ် ပါလာသေး၏ ။ သူ့ ခမျာလဲ ရလို ရညား လက် နှစ်ဖက် ဘေး ထုတ်၍ ကွေးကွေးကြီး ပျံ ကြည့်သေး၏ ။ သူ့ ကိုယ် သူ ငှက်ထင် သွားပုံ လဲ ရ၏ ။ သို့သော် မရတော့ ။

“ ဒုန်း ”

“ ဂွမ်း ”

“ ဟာ ”

လမ်းဘေး ရေစပ်စပ် ဗွက်အိုင် သို့ ခေါင်းကြီး ရှေ့ စိုက် ၍ ဖင် တုံး နှစ်တုံးကြီး ပြောင် ၍ သတိမေ့ ငြိမ်သက် နေလေတော့သည် ။

“ ဟဲ့ ဘာ ဖြစ်တာလဲ ၊ ဘာ ဖြစ်တာလဲ ”

◾ အကြည်တော်

📖 လူပျိုမှိုတက်

aung naing oo

.

No comments:

Post a Comment