Friday, August 19, 2022

ငှက်ကလေး ( ၁ )


 

အပိုင်း ( ၁ )

မေမေ သည် ပြတင်းဘောင် ပေါ် တွင် ယှက်တင်ထားသည့် လက်နှစ်ဖက် ပေါ် တွင် မေး တင်လျက် သီချင်း ဆိုသည် ။ ကိုယ် နှင့် မေမေ အိပ်သော ခုတင်ခေါင်းရင်း တွင် ပြတင်းပေါက် ရှိသည် ။ ညတိုင်ကျပြီ ဆိုလျှင် မေမေ သည် ခုလိုပဲ သီချင်း ဆို တတ်သည် ။ မေမေ သီချင်း ဆို သည် ကို ကိုယ် သည် အိပ်ရာ ပေါ် တွင် လှဲရင်း ဖြစ်ဖြစ် ၊ မေမေ့ ဘေး မှာ ထိုင်၍ ဖြစ်ဖြစ် နားထောင် နေတတ်၏ ။ ထိုအခါမျိုး တွင် မေမေ့ မျက်နှာ သည် ရွှင်ရွှင်ပျပျ မရှိ ၊ ပြတင်းပေါက် မှ အပြင် သို့ ငေးကြည့် နေတတ်သော မေမေ့ မျက်နှာ ကို ကြည့် ပြီးလျှင် ဘာကြောင့်မှန်း မသိဘဲ မေမေ့ ကို ကိုယ် သနား နေမိပါသည် ။ အမှန်တော့လည်း မေမေ သည် ဘယ်သော အခါမှာ မှ ဟက်ဟက်ပက်ပက် ရယ်မောပျော်ရွှင်ခဲ့သည် မှ မရှိဘဲ ။

“ ကိုယ်ကာယ စိတ်ထဲ ၊ ဆွဲဆောင်တဲ့ နတ်တွေ လာစေရန် စိတ် ကို နှိုးလိုက်ပ ၊ ရှိခိုးလို့တောင်းပန် ”

မေမေ ဆိုသော သီချင်းများ ၏ အဓိပ္ပာယ် ကို ကိုယ် တိတိကျကျ နား မလည်ပါ ၊ ရှေးသီချင်းများ ပင် ဖြစ်လိမ့်မည် ထင် ပါသည် ။ ကြားနေကျ ဖြစ်သောကြောင့် သီချင်းစာသား တချို့ ကို မှတ်မိနေသည် ။

“ ညဉ့်သုံးယံ အခါ ... လေပြေလာ ... လေပြေလာ ... လို့ ... ရွှေရင်မှာ ... ။ မြစပယ်ငုံ လလယ်ယုန် .... ဆဆယ်ပုံ ပျက်ပါပေါ့ဘုရား ...”

မေမေ့ အသံ သည် လွမ်းစရာကောင်း ကြောင်း ကို ကိုယ် သိသည် ။ မေမေ သည် ဖေဖေ့ ကို လွမ်းနေခြင်း ဖြစ်လေသလား ဟု တစ်ခါတစ်ခါ ကိုယ် တွေးမိသည် ။ သို့သော်လည်း မေမေ ဘာကြောင့် လွမ်း မှန်း ကိုယ် နားမလည်နိုင်ပါ ။ ဖေဖေ သည် အဝေး တစ်နေရာ သို့လည်း သွား၍ မနေပါ ။ ညဉ့်နက် မှ ပြန် လာသည် က လွဲ၍ အိမ် ကို နေ့စဉ် ပြန် လာတတ်ပါသည် ။ ဘာပဲဖြစ်ဖြစ် ..

မေမေ က “ ကိုယ်တော် ရေ ... တွေးရခက်ကြီး ” ဟု ဆွဲဆွဲငင်ငင် ဆို လိုက်သောအခါ ကိုယ် လှိုက်ခနဲ ဝမ်းနည်း သွားမိတတ်လေသည် ။ ဘာကို ဝမ်းနည်းသွားမှန်းတော့ ကိုယ် မသိ ။ ကိုယ့် ကိုယ် ကို ' ကိုယ် ' ဟု သာ သုံးနှုန်း တတ်ပါသည် ။ ထိုအကျင့် ကို ပေးခဲ့သူ မှာ ဦးလေးမောင်မောင်ကြီး ဖြစ်ပါသည် ။ ဦးလေးမောင်မောင်ကြီး သည် ဖေဖေ့ သူငယ်ချင်း ဖြစ်သည် ။ ရန်ကုန် မှာ နေသည် ။

အရောင်းအဝယ် လုပ်သည် ဟု ကိုယ် သိ ထားသည် ။ ဘာတွေ ရောင်းသည် ဝယ်သည် ကို ဖြင့် ကိုယ် တိတိကျကျ မသိပါ ။ ဖေဖေ့ လုပ်ငန်း နှင့် ဆိုင်သော စက်ကိရိယာပစ္စည်းတွေ လည်း ပါမည် ထင်သည် ။ သူ သည် ကိုယ်တို့ မြို့ ကို ရောက်ရောက် လာ တတ်ပြီး ဖေဖေ နှင့် စက်ပစ္စည်းတွေ အကြောင်း ပြောလေ့ ရှိသည် ။ ဖေဖေ ကလည်း တစ်ခါတလေ ဦးလေးမောင်မောင်ကြီး ရှိရာ ရန်ကုန် သို့ ဆင်း သွားတတ်ပါသည် ။ ဦးလေးမောင်မောင်ကြီး သည် လူ ပိန်သလောက် အသံ ကျယ်ပါသည် ။ စကား ပြော လည်း အလွန် ကောင်းပါသည် ။ ဖေဖေ က မူ “ မောင်မောင်ကြီး ဟာ စကား သိပ်များလွန်းတယ် ၊ ဒါကြောင့် ဒီကောင် မိန်းမ မရတာ ” ဟု ပြော လေသည် ။ သို့သော်လည်း ဦးလေးမောင်မောင်ကြီး ကို ကိုယ် သဘော ကျ ပါသည် ။ သူ စကားပြောလျှင် ဘေးကနေ ငေး ကြည့်နေရပါသည် ။

သူ ပြောသော အကြောင်းတို့ သည် နားထောင်၍ အလွန် ကောင်းပါသည် ။ ကြယ်တွေ ၊ လတွေ ၊ ဂြိုဟ်တွေ အကြောင်း ၊ ပန်းကန်ပြားပျံ အကြောင်း မှစ၍ ပုံပြင်များ အထိ ။ သူ ပြောသော ပုံပြင်များ သည် ပင် ကိုယ် ငယ်စဉ် က မေမေ ပြောတတ်သော ရွှေကျီးကန်းကြီး တို့ ၊ မြွေမင်းသား တို့ လို မဟုတ်ချေ ။ ရောမ ခေါမတိုင်းပြည် မှ မြင်းပြိုင်ပွဲများ ၊ အနော်ရထာမင်းကြီး နှင့် သူရဲကောင်း လေးယောက် ၊ ကမ္ဘာကြီး ကို အခြားဂြိုဟ်သားများ က လာရောက် တိုက်ခိုက်ကြပုံ စသည်တို့ ဖြစ်သည် ။

ဦးလေးမောင်မောင်ကြီး သည် သူ့ ကိုယ် သူ  ' ကိုယ် ' ဟု သုံးနှုန်း တတ်ပါသည် ။ ကိုယ် အလွန် သဘောကျသည် ။ ထို့ကြောင့် ကိုယ့် ကိုယ် ကိုလည်း ' ကိုယ် ' ဟု ပြောတတ်လာခဲ့ခြင်း ဖြစ်လေသည် ။ ဦးလေးမောင်မောင်ကြီး လာလျှင် ဖေဖေ နှင့် သာ စကား ပြောပါသည် ။ ဖေဖေ မရှိသောအခါ ကျ မှ မေမေ နှင့် စကား ပြောသည် ။ ဧည့်သည် တစ်ယောက် ကို ဖေဖေ ရော မေမေ ပါ အတူ ထိုင်၍ စကား ပြောလေ့ မရှိပါ ။ ဖေဖေ့ ဧည့်သည် ဆိုလျှင် ဖေဖေ နှင့်သာ စကား ပြော၍ မေမေ က အခန်း ထဲ ဝင် နေတတ်သည် ။ မေမေ့ ဧည့်သည် လာ လျှင် လည်း ဖေဖေ က သူ့ စာဖတ်ခန်း ထဲ ဝင်၍ နေ တတ်ပါသည် ။ စာဖတ်ခန်း ဆိုသည် မှာ ဖေဖေ အိပ်ခန်း ပင် ဖြစ် ပါသည် ။ ကိုယ် က ဘယ်သူ့ ဧည့်သည် လာ သည်ပဲ ဖြစ်ဖြစ် ခပ်လှမ်းလှမ်း မှ နေ၍ သူတို့ ပြောကြသော စကားများ ကို နားထောင်လေ့ ရှိပါသည် ။

ဖေဖေ နှင့် မေမေ တို့ သည် ဧည့်သည် လာသော အချိန် မှာ မှ မဟုတ် ၊ သားအမိ သားအဖသုံးယောက် ထဲ ရှိနေသော အချိန်များ တွင် လည်း စကား မပြောကြပါ ။ ကိုယ် နှင့် မေမေ စကား ပြောသည် ။ ကိုယ် နှင့်ဖေဖေ စကား ပြောသည် ။ ဖေဖေ နှင့် မေမေ စကား မပြောကြပါ ။ တစ်အိမ် ထဲ မှာ နေသော လူနှစ်ယောက် တို့ စကား မပြောကြခြင်း သည် ထူးဆန်းသည် ဟု ကိုယ် ထင်သည် ။ ဖေဖေ နှင့် မေမေ တို့ သည် ကိုယ့် ကို ဧည့်သည် လိုပင် တစ်ယောက် တစ်လှည့် စီ ဧည့်ခံ သလို ဖြစ် နေသည် ။

သို့သော်လည်း ကိုယ်သည် ဧည့်သည် တစ်ယောက် မဟုတ်ပြန်ပါ ။ စဉ်းစားရ ခက်ပဲ ခက်လိုက်လှပါသည် ။

ဖေဖေ သည် ကိုယ်ပိုင် စက်မှုလုပ်ငန်း လုပ် ပါသည် ။ တွင်ခုံ ဟု ခေါ်ကြသော အလုပ် ဖြစ်သည် ။ မော်တာတို့ ၊ ရေစုပ်စက်တို့ ၊ ဓာတ်မီးစက်တို့လည်း ပြင်သည် ။ တစ်ခါတစ်ရံ ရန်ကုန် သို့ ဆင်းပြီး စက်ကိရိယာတွေ ဘာတွေ လေလံ ဆွဲသည် ။ ပြင်ဆင်ပြီး ပြန် ရောင်းရာ တော်တော်ပိုက်ဆံ ရသည် ဟု ပြောသံ ကြားဖူးပါသည် ။

မေမေ သည် ကိုယ် တို့ မြို့ က ဆက်သွယ်ရေးစခန်း မှာ အလုပ် လုပ်ပါသည် ။ လခ လေးရာ လောက် ရသည် ဟု ကိုယ် သိ၏ ။ ဘာ ရာထူး လဲတော့ တိတိကျကျ မသိပါ ။ အိမ် မှာ ထမင်းချက် ၊ အဝတ်လျှော် ၊ အမှိုက်တွေ ဘာတွေ လှဲခြင်း တို့ ကို ဆော်လီမား ဆိုသော ကုလားမကြီးက လုပ်ပါသည် ။ ဒါကလည်း ကိုယ့်အတွက် ပြဿနာ တစ်ခုပဲ ။ ကိုယ် သည် ဝက်သားတို့ ၊ အမဲသားတို့ ကို အလွန်ကြိုက်သည် ။ ဆော်လီမား ကလည်း ဒီ အသားတွေ ကို စေ့စေ့ပင် ကြည့်သူ မဟုတ်ပါ ။ ကိုယ့် မှာ ကျောင်းရှေ့ က တရုတ်ကြီးရောင်းသော အူမကြီးတို့ ၊ သွေးခဲတို့ ကို တုတ် ဖြင့် ထိုး၍ ရောင်းသော ဝက်သားတုတ်ထိုး ကို ပင် ငါးပြားဖိုး ၊ ဆယ်ပြားဖိုး ဝယ်၍ အချဉ်ရည်ဖြင့် တို့စားရင်း ကျေနပ်ခဲ့ရသည် ။

ဆော်လီမား သည် အသက် ကြီးပါပြီ ။ ကိုယ့် ကို လည်း ဂရုစိုက်ရှာပါသည် ။ သို့သော်လည်း သူ သည် တစ်နေကုန် မီးဖိုချောင်ထဲ က ထွက်ရသည် မရှိပါ ။ ထွက်ရသောအချိန်တွင် လည်း အဝတ်လျှော် ၊ တံမြက်စည်းလှဲ စသည်ဖြင့် အားရသည်ပင် မရှိပါ ။ ထို့ကြောင့် ကိုယ် နှင့် ပတ်သက်လျှင် မနက် ထမင်းဘူး ထည့်ပေး ဖို့ နှင့် ညနေ ကျောင်း က ပြန် လာလျှင် ထမင်း ထည့်ကျွေး ဖို့ လောက်သာ ဂရုစိုက်နိုင်ရှာပါတော့သည် ။

ကိုယ် တို့ ကျောင်း သည် မနက်ရှစ်နာရီ မှ ညနေ သုံးနာရီ ထိ ကျောင်း တက် ရသည် ။ မနက်ခုနှစ်နာရီ ဆိုလျှင် ကိုယ် ကျောင်း သွားသည် ။ ထိုအချိန် တွင် မေမေ သည် အလုပ် သွားဖို့ ပြင်ဆင်နေတုန်း ။ ဆော်လီမား က မီးဖိုချောင် ထဲ မှာ ၊ ဖေဖေ ကတော့ အိပ်ရာ မှ ပင် မနိုးသေးချေ ။ ကိုယ် ကျောင်း က ပြန်လာသော အချိန်တွင် ဖေဖေ ရော မေမေ ပါ အိမ်ပြန် မရောက်တတ်ကြပါ ။ ဆော်လီမား ထည့်ကျွေးသော ထမင်းဟင်း ကို စား ပြီးလျှင် ကိုယ် တို့ခြံဝင်းကလေး ၏ အပေါက်ဝ မှ ခုံတန်းလျား မှာ ထိုင် ၍ မေမေ့ကို စောင့်သည် ။ မေမေ သည် ငါးနာရီ ထိုးကာ နီး မှ အိမ်ပြန်ရောက် တတ်သည် ။ ရောက်ရောက်ချင်း မေမေ့ နား သို့ မကပ်နိုင်သေးပါ ။ မေမေ ရေမိုးချိုး ၊ ထမင်းစား ပြီးသော အခါ ကျ မှ ကပ်ခွင့် ရတော့သည် ။ ထိုအချိန် မှာ မှောင်စ ပင် ပျိုးနေပါပြီ ။ ကိုယ့် အဖို့ တစ်နေ့တာ ၏ အပျော်ရွှင်ဆုံး အချိန်များပင် ဖြစ် ပါသည် ။

ည ရှစ်နာရီ လောက် ဆိုလျှင် မေမေ သည် ပြတင်းဘောင် ပေါ် သို့ မေးတင်ပြီး လျှင် အရင် သီချင်းများ ကို ဆို ပြန်သည် ။ ကိုယ် သည်လည်း သီချင်း ကို နားထောင်ရင်း က မေမေ့ ကို သနား နေပြန်သည် ။ သနားရင်း က ပင် ကိုယ် အိပ်ပျော်လေသည် ။ မေမေ ဆိုသော သီချင်းများ သည် ကိုယ် ကို ချော့သိပ်သော သီချင်းများ မဟုတ်နိုင်ပါ ။ ကိုယ့် ကို ချော့ သိပ်တာဆိုလျှင် မေမေ သည် ကိုယ့် တင်ပါး ကို ပုတ်၍ ၊ ပုတ်၍ သီချင်း ဆိုရမည် မဟုတ်လား ။ ငယ်ငယ်တုန်း က ထို ကဲ့သို့ ချော့သိပ်ခံခဲ့ရဖူးသည် ဟု ရေးတေးတေး မှတ်မိသည် ။ ညဘက် ဆိုလျှင် ကိုယ် အိပ်ပျော်သွားသည် ထိ ဖေဖေ သည် ပြန်ရောက် မလာတတ်ချေ ။

စနေနေ့များ တွင် မေမေ ရုံး မှ အစောကြီး ပြန် ရောက်သည် ။ ကိုယ်တို့ ကျောင်း ကမူ စနေနေ့ မပိတ်သောကြောင့် ကိုယ် ကျောင်း က ပြန်လာ မှပင် မေမေ ပြန် ရောက်နေသည် ကို တွေ့ရသည် ။ ဖေဖေ က တော့ စနေနေ့ တွင် လည်း အိမ်ပြန်နောက်ကျမြဲ ။ တနင်္ဂနွေနေ့များ သည် ကိုယ့် အတွက် အပျော်ဆုံးနေ့များ ပင် ဖြစ်ပါ သည် ။ ဖေဖေ အိပ်ရာ မှ နိုးသည်ထိ ကိုယ် စောင့်နေနိုင်သည် ။ ဖေဖေ နှင့် ထမင်းတူတူ စားခွင့် ရသည် ။ ထမင်း စားရင်း ဖေဖေ နှင့် ကိုယ် စကား အနည်းငယ်လောက် ပြော ဖြစ်လေ့ရှိသည် ။ တစ်ခါတလေ လည်း ဖေဖေ က သူ့ဘာသာ ဘာတွေ စဉ်းစားနေမှန်း မသိသောကြောင့် မပြောဖြစ် ။ ထိုအချိန် တွင် မေမေ သည် ထမင်းစားခန်း ထဲ ၌ မရှိ ။ သူ့ အခန်း ထဲ မှာ ပင် ဝင် နေတတ်ပါသည် ။

ထမင်း စားပြီးလျှင် ဖေဖေ သည် သူ့ အလုပ်ရှိရာ သို့ သွားလေတော့သည် ။ ဖေဖေ့ အလုပ်သည် ကိုယ်ပိုင် အလုပ် ဖြစ်သောကြောင့် တနင်္ဂနွေနေ့ တွင်လည်း နားလို့ မဖြစ် ဟု ဖေဖေ က ပြောဖူးပါသည် ။ ဖေဖေ သွားသော အခါမှ မေမေ သူ့အခန်း ထဲ က ထွက် လာသည် ။ ထိုအခါတွင် မေမေ နှင့် ကိုယ် စကားတွေ ပြောကြ ပြန်သည် ။ တစ်နေ့လုံး ညအိပ်ခါနီး ထိ ။ ဖေဖေ ကတော့မူ ထုံးစံအတိုင်း ကိုယ် အိပ်ပျော်သွားပြီးသော အချိန် ကျမှပင် ပြန် လာလိမ့်မည် ထင်ပါသည် ။

ကိုယ့် မှာ နား မလည်နိုင်သော ကိစ္စတွေ နှင့်သာ ခဏ ခဏ ကြုံရသည် ။ မေမေ့ ပြော စကား အရဆိုလျှင် ကိုယ် သည် အလွန်တတ်သိ နားလည်ပေးသော ကလေး တဲ့ ။ ဆယ့်နှစ်နှစ်သား ဆိုပေမယ့် ဆယ့်လေးငါးနှစ်သားတွေ ပြော တတ်သော စကားမျိုးတွေ ၊ အတွေးမျိုးတွေ ပြောတတ် ၊ တွေးတတ် လို့ ဟု ဆိုပါသည် ။ မေမေ ပြန် ပြောပြတာ တစ်ခု ရှိသည် ။ ကိုယ် နှစ်နှစ်သား လောက် တုန်းက ထမင်း ဆာသောကြောင့် အရမ်း ငိုသည် ။ ထမင်း ကလည်း မကျက်သေး ။ ထို့ကြောင့် မေမေ က ကိုယ့်ကို ချီပြီး ပြတင်းပေါက် နားမှာ ရပ်၍ “ ဖိုးလမင်းကြီးရေ ... ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါ ” လို့ ပြောသည် ။ ထိုအခါ ကိုယ် က ချက်ချင်း အငိုရပ်လိုက်ပြီး .. “ ထမင်း က ဖိုးလမင်း ဆီ မှာ တောင်းလို့ မရဘူး ၊ မီးဖို ထဲ မှာ သွားယူမှ ရမှာ ” ဟု ပြန် ပြောသည်တဲ့ ။ “ သား က သိပ် စကား တတ်တာ ” ဟု မေမေ ပြောသည် ။

ဘာပဲဖြစ်ဖြစ် ကိုယ် နားမလည်တာတွေ ရှိနေသည်တော့ အမှန်ပါ ။ ကိုယ် သည် ကိုယ့် အရွယ် နှင့် မဆိုင်သော ကိစ္စတွေ ကို သိချင် နေသောကြောင့် နားမလည်ခြင်း ဖြစ်နိုင်သည် ။ ဒီလို သိချင်နေသောကြောင့်ပင် ကိုယ် သည် အရွယ် နှင့် မလိုက်အောင် သိတတ်ခြင်း ဖြစ်ချင် ဖြစ်ပါလိမ့်မည် ။

အို .. စဉ်းစားရင်းကပင် ရှုပ်ကုန် ပြန်ပါပြီ ။

အိမ် ကို လာ လည်တတ်သော ဧည့်သည်များ အကြောင်း ကို ပြောပြချင်ပါသည် ။

ဦးလေးမောင်မောင်ကြီး ကတော့ ကိုယ့်အကြိုက် ဖြစ်သောကြောင့် ထွေထွေထူးထူး ပြောစရာ မရှိပါ ။ သူ လာလျှင် ကိုယ် ပျော်ပါသည် ။ ဖေဖေ နှင့် ကိုယ် ပြောချင်သော စကားမျိုး ကို သူ နှင့် ပြောခွင့် ရသောကြောင့် ဖြစ်ပါသည် ။ တချို့ ဧည့်သည်တွေ ကို ကျတော့ ကိုယ် မကျေနပ်ပါ ။ အထူးသဖြင့် မေမေ့ ဆီ လာသော မိန်းမကြီးတွေ ၊ သူတို့သည် အလွန် အကြွား သန်ကြသည် ဟု ကိုယ် ထင်သည် ။ အိမ် ကို လာပြီ ဆိုလျှင် သူတို့ဝယ်ထားသော ပစ္စည်း အသစ်တွေ ယူလာ ပြသည် ။ သူတို့ ၏သားသမီးတွေ အလွန် စာတော်ကြောင်း ပြောပြကြသည် ။ အမှန်တော့ သူတို့ ပြောတာ မဟုတ်ကြောင်း ကိုယ် သိတာပေါ့ ။ တချို့ ကောင်တွေ ဆိုလျှင် ကိုယ် တို့ အတန်း ထဲ မှာ ဘိတ်ချီး က နေတဲ့ ကောင်တွေပဲ ။

ပြီးတော့လည်း သူတို့ ယောက်ျားကြီးတွေ က သူတို့ ကို ကြောက် ရကြောင်း ပြောတတ်သည် ။ ဒီလို စကားမျိုးတွေ ပြောပြီ ဆိုလျှင် မေမေ့ မျက်နှာ ကို ကိုယ် သတိထား၍  ကြည့်မိသည် ။ မေမေ သည် သူတို့ ပြောနေသည် ကို ခေါင်းတညိတ်ညိတ် နားထောင်နေသော်လည်း သေသေချာချာ မှ ကြားပါရဲ့လား မသိ ။ သူတို့ ကို ကြည့် နေသော်လည်း တကယ်မှ သူတို့ ကို မြင်ပါရဲ့လား မသိ ။ ကိုယ့် စိတ်အထင် ပြော ရခြင်း ဖြစ်လေသည် ။

အဘယ်ကြောင့်ဆိုသော် တစ်ခါတလေ သူတို့ က ပြောနေရင်းက မေမေ့ ကို တစ်ခုခု မေးသောအခါ မေမေက “ ဟင်... ဘာလဲ ၊ ဘာကိုလဲ ” ဟု ပြန် ပြန်မေးရတတ်သည် ကို ခဏခဏ တွေ့ဖူးသည် ။ ကိုယ် သိပ် သဘောမကျ သူ တစ်ယောက် ရှိသေးသည် ။ မေမေ က လုစ် ဟု ခေါ်၍ ကိုယ်က အန်တီလူး ဟု ခေါ်သော မိန်းမကြီး ဖြစ်သည် ။ သူ့နာမည်ရင်း ကိုတော့ ကိုယ် မသိချေ ။ သူ ကျတော့ တစ်မျိုး ဖြစ်သည် ။ တခြားသူတွေ လို အကြွား တော့ မသန်ပါ ။ အရယ် သန် လွန်းသည် ။ အမှန်မှာ နေရာတကာ တွင် သူ့ အမူအရာ ပိုလွန်းသည် ဟု ထင် သည် ။ သူ့ကို ကြည့်ရသည် မှာ တခြား ရိုးရိုးလူတွေ နှင့် မတူဘဲ ရုပ်ရှင်မင်းသမီး နှင့် တူသည် ဟု ကိုယ် ထင်သည် ။

အန်တီလူး မှာ ယောက်ျား ရှိပုံ မရချေ ။ ဘာလို့ဆို ဖေဖေ က သူ့ကို တစ်ခါတလေ ဦးလေးဦးမောင်မောင်ကြီး နှင့် စ လေ့ ရှိသောကြောင့် ဖြစ်ပါသည် ။ သို့သော်လည်း သူ သည် အပျို မဟုတ်ဘူးတဲ့ ။ တစ်ခုလပ် ဟု ပြောသံ ကြားဖူးသည် ။ တစ်ခုလပ် ဆိုသည် မှာ ယောက်ျား နှင့် ကွဲနေတာဖြစ်ဖြစ် ၊ ယောက်ျား သေသွားတာဖြစ်ဖြစ် တစ်ခုခု ဖြစ်လိမ့်မည် ဟု ထင်သည် ။ သူ ရယ် ၊ ဦးလေးဦးမောင်မောင်ကြီး ရယ် ၊ ဖေဖေ ရယ် က သူငယ်ချင်းတွေ ။ ပြီးတော့ သူ က မေမေ နှင့် လည်း သူငယ်ချင်း ဖြစ်ဖူးသည် ။ သူအောင်သွယ် ပေးသောကြောင့် ဖေဖေ နှင့် မေမေ ရ ကြတာ ဟု တခါက သူ ကိုယ့် ရှေ့မှာ ပြောဖူးပါသည် ။

အန်တီလူး သည် အင်္ဂလိပ် လို သိပ် ပြောချင်တတ်လေသည် ။ အဲဒါကိုလည်း ကိုယ် သိပ်သဘော မကျပါ ။ ကိုယ့် မှာ က သိချင်နေတာတွေ များလှသည် ။ သိချင်သမျှ အားလုံး ကို လည်း သူတို့ ကို မမေးရဲ ။ တချို့ကိစ္စများကို မေးသော အခါ သူတို့ က “ မသိချင်ပါနဲ့ကွာ ” “ မင်း နားလည်မှာ မဟုတ်ပါဘူး ”  “ ကိုယ် နဲ့ မဆိုင်တာတွေ မမေးရဘူးလေ သား ” စသည် ဖြင့် ပြော တတ်ကြပါသည် ။ ဒီတော့ သူတို့ စကား ပြော နေလျှင် ခပ်လှမ်းလှမ်း မှ နေ၍ ကိုယ် သိချင်သော ကိစ္စ ပါ မပါ နားထောင် ကြည့် ရသည် ။ ဒီလို နှင့် ကိုယ် သိ ခဲ့ရတာတွေလည်း ရှိသည် ။

အန်တီလူး ကျတော့ နားထောင်လို့ ကောင်းနေတုန်း ကျ မှ အင်္ဂလိပ် လို ပြောင်း ပြောင်း၍ ပြော တတ်သည် ။ သူ ပြောသော အင်္ဂလိပ် စကားများ ထဲတွင် ခဏခဏ ပါတတ်သော ' ယော်ဟပ်စဘင်း ' ဆိုသော စကား တစ်ခွန်း ကို ကိုယ် နားလည်၏ ။ ' မင်း ယောက်ျား ' ́ဟု မေမေ့ ကို ပြောခြင်း ဖြစ်သောကြောင့် ဖေဖေ့ အတင်း ပြောတာ ဟု ကိုယ် သိသည် ။

ကိုယ် နားမလည်အောင် အင်္ဂလိပ် လို ပြောခြင်း သည် ဖေဖေ မကောင်းကြောင်း ပြောခြင်း ဖြစ်ရမည် ။

မေမေ သည် အန်တီလူး နှင့် ဆိုလျှင် ပို၍ စကားများများ ပြောလေ့ရှိသည် ။ မေမေ ကိုယ်တိုင် က ပင် ဖေဖေ့ အတင်း ကို ပြောသောစကားများ ကို ဘာကြောင့် ကောင်းကောင်းမွန်မွန် နားထောင် ရတာလဲ ၊ ဘာဖြစ်လို့ကော ပြန်ပြန်ပြီး ပြောရတာလဲ ၊ မေမေ သည် ဖေဖေ့ ကို မချစ်ဘူးလား ။ ဖေဖေ သည်လည်း ဦးလေးမောင်မောင်ကြီး နှင့် တွေ့လျှင် မေမေ့ အတင်း ကို ပြောမည်လား မသိပါ ။ ဒီလိုဆိုလျှင် ဖေဖေ က ကော မေမေ့ ကို မချစ်ဘူးလား ။ ကိုယ် ကမူ ဖေဖေ့ ကို ရော မေမေ့ ကို ရော ချစ်ပါသည် ။ ဖေဖေ နှင့် မေမေ တို့ သည် လည်း တစ်ယောက် ကို တစ်ယောက် ချစ် စေချင်ပါသည် ။

အန်တီလူး ကို ကိုယ် မကြိုက်တာ တစ်ခု ရှိသေးသည် ။ တစ်ခါတလေ ကျလျှင် သူ သည် ကိုယ့် ကို သူ့ ပေါင်ပေါ် ဆွဲတင်ပြီး “ အိုး... ဗဲရီးပူးဝါး ” ဟု ညည်းသလို ပြောတတ်ပါသည် ။ စဉ်းပဲ စဉ်းစားကြည့်ပါဦး ။ ဗဲရီးပူးဝါး ဆိုတာ သိပ်ဆင်းရဲတယ် လို့ ပြောတာမဟုတ်လား ။ ကိုယ့် ဖေဖေ သည် ကား မရှိသော်လည်း ဆင်းရဲသား မဟုတ် ဟု ကိုယ် ထင်သည် ။ ပြီးတော့ မေမေ က လည်း အလုပ် က ပိုက်ဆံ ရသေးသည် ။

ကိုယ် တီချာမေ ကို ပြန် မေးကြည့်သည် ။ အန်တီလူး က ဒီလို ပြောကြောင်း မေးခြင်း မဟုတ်ပါ ။ အင်္ဂလိပ် ကား ထဲ မှာ ကြည့် ရသလိုလို လုပ်ပြီး မေး ကြည့်ခြင်း ဖြစ်သည် ။ တီချာမေ က “ ဗဲရီးပူးဝါး ဆိုတာ သိပ်ဆင်းရဲတယ် ဆိုတဲ့ အဓိပ္ပာယ် တစ်ခုတည်း မဟုတ်ဘူး ၊ သိပ် သနားစရာ ကောင်းတယ် ဆိုတဲ့ အဓိပ္ပာယ် လည်း ရတယ် ” ဟု ပြောပါသည် ။ ဒီလိုဆိုလျှင် ကိုယ် က သိပ် သနားစရာ ကောင်း နေတာပေါ့ ။ အန်တီလူး သည် မကြာခဏ ဆိုသလို သနားသော အမူအရာမျိုးဖြင့် ကြည့် တတ်ကြောင်း သတိရမိသည် ။ သူ က ကိုယ့် ကို ဘာကြောင့် သနားရကြောင်း ကိုယ် နားမလည်နိုင်ပြန်ပါ ။ ကိုယ် သည် သူများ တကာတွေ သနား တာ ကို မခံလို ။ ကိုယ့် ကို ကျောင်း က ရေခဲချောင်း ရောင်းသော ကောင်လေး လို သဘော မထားစေလိုပါ ။ ကိုယ့် မှာ အဝတ်အစားတွေ လည်း ရှိသည် ။ ကစားစရာတွေ လည်း ရှိသည် ။ မုန့်ဖိုး လည်း မှန်မှန် ရသည် ။ ကိုယ့် မှာ ဘာများ လိုအပ်နေပါသလဲ ... ။

◾ မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment