❝ တိုကျိုသူ ကို ရည်းစား စကား ပြောနည်း ❞
သတင်းစာ ဆရာကြီး ဦးပိန်ကြီး သည် သတင်းစာသမား ပေါက်စန အောင်ဗလ ၏ ဆရာ လည်း ဖြစ်နေသည် ။ ဒကာ လည်း ဖြစ်နေသည် ။
တစ်ရံရောအခါ တွင် အောင်ဗလ တစ်ယောက်သည် ဂျပန်ပြည် တိုကျို မြို့တော် သို့ အကြောင်း တစ်ခု ဖြင့် ရောက်ရှိသွားသည် ။
ထိုကျိုမြို့တော် ဟနဒါလေဆိပ် သို့ ရောက်လျှင် ရောက်ချင်း အောင်ဗလ ထက် အလျင် စော၍ ရောက်နှင့် သူ သတင်းစာဆရာကြီး ဦးပိန်ကြီး က လာ၍ ကြို သည် ။
ဂျပန်ပြည် သို့ အကြိမ်ကြိမ် ရောက် ဖူးသူ ဦးပိန်ကြီး သည် အောင်ဗလ အား ဟိုမှ သည်သို့ လိုက်၍ ပို့သည် ၊ ပြသည် ။ သင်သည် ။ ကျွေးသည် ။ မွေးသည် ။ သို့ကြောင့် ဦးပိန်ကြီး သည် အောင်ဗလ ၏ ဆရာ လည်း ဖြစ်နေ သည် ။ ဒကာ လည်း ဖြစ်နေသည် ။
အောင်ဗလ ကဲ့သို့ တိုင်းငယ် ပြည်ငယ်ကလေး မှ လာ သူ အဖို့ တိုကျို မြို့တော် သည် နတ်ဘုံနတ်နန်းကြီး ပါပေ ။
ရန်ကုန်မြို့ သည် လူဦးရေ ရှစ်သိန်း ကျော် ရှိသည် ။ တိုကျိုမြို့ မှာ လူဦး ရေ ရှစ်သန်း ကျော် ရှိသည် ။ ခြားနားမှု မှာ ဤမျှ ကွာသည် ။
လွန်ခဲ့သော ၁၄ နှစ် က ဆိုလျှင် တိုကျိုမြို့ကြီး သည် ပြာပုံကြီး သာ ဖြစ်သည် ။ ၁၉၄၁ ခုနှစ် စစ် မဖြစ်မီက လူဦးရေ ခုနစ်သန်း ရှိ ခဲ့ပြီး စစ်အတွင်း က လူဦးရေ လေးသန်း မှာ သေသူသေ ရွေ့သူ ရွေ့ နှင့် လျော့ သွားခဲ့၏ ။ စစ်ပြီးခေတ် လူဦးရေ သုံးသန်း နှင့် ထူထောင် လာရာမှ တိုကျိုမြို့ကြီး သည် ၁၄ နှစ် ကြာသော အခါ တွင် နတ်ဘုံနတ်နန်း ဖြစ် လာခဲ့သည် ။
နက်ဘုံနတ်နန်း ဟု တင်စားခြင်း ခံရသော တိုကျိုမြို့တော် ၏ အဆောက်အအုံ တို့ စာရင်း တွင် ဘား ဟု ခေါ်သော အရက် နှင့် အဖျော်ယမကာ ရောင်းသော ဆိုင်များ ၊ မိန်းမလှ တို့ ၏ ကပွဲရုံများ နှင့် စားသောက်ဖွယ် ဆိုင်ကြီး များ က ထိပ်တန်း က ပါသည် ။ တိုကျိုမြို့ တွင် ဘား ကပွဲ နှင့် စားသောက်ဖွယ် ဆိုင်ပေါင်း ငါးသောင်း ကျော် ရှိသည် ။
ဆိုင်ဦးရေ များ ရုံ မက အမျိုးအစား က လည်း များ လှသည် ။ တိုကျို မြို့ မိန်းမလှကပွဲ တို့ ၏ အကြီးဆုံး ဖြစ်သော ပျားဘုရင်မ ကပွဲရုံကြီး တွင် ပွတ်သဘင် က ရန် အပျိုချောကလေး တစ်ရာကျော် နှင့် အပို ကပြ သူ တစ်ရာ ကျော် ရှိသည် ။ မပေါ့တပေါ် ဖော်၍ က သူ တစ်ယောက်တည်း ရှိပြီး ပွတ်သဘင် တွဲ ကရန် အမျိုးသမီး တစ်ဦး တည်း သာ ရှိသော ကပွဲရုံကလေးများ လည်း ရှိသည် ။
တစ်ကြိမ် လျှင် ဝယ်သူ ( ပျော်သူ ၊ ယစ်သူ ) ဖိုသတ္တဝါ သုံးဦး သာ တစ်ပြိုင်တည်း ထိုင်သည့် ကုလားထိုင် သုံးလုံး သာ ရှိသော ဆာကေ အရက် ဆိုင်ကလေး များ ရှိသည် ။ ရောင်းသူ ကတော့ ချောမော လှပသော အပျိုချော ကလေးပင် ။
အရက်ဆိုင်များ ၊ စားသောက်ဖွယ်ဆိုင်များ ၊ ကပွဲရုံကြီးများ အပြင် ဘောင်းဘီတို ကို ဝတ်ပြီး ပေါင်ဖြူဖြူ နှင့် စားသောက်ဖွယ်များ ချ ပေးသော လက်ဖက်ရည်ဆိုင် တစ်မျိုး လည်း ရှိသေး၏ ။
ဖိုသတ္တဝါ တို့ အား ရေနွေးငွေ့ နှင့် ရေ ချိုး ပေးပြီး နင်းနှိပ် ကြိတ်နယ်ပေး သည့် အနှိပ်သည် ဖြူဖြူဖွေးဖွေး တို့ ၏ ဆိုင်များ လည်း ရှိသည် ။
ဒကာတော် သတင်းစာ ဆရာကြီး ဦးပိန်ကြီး သည် အောင်ဗလ အား ဟိုဟို ဒီဒီ ခေါ် ၍ လိုက် ၍ ပြသသည် ။ စုံသလောက် ရှိပြီ ။
ဒါပေမဲ့ အောင်ဗလ မရောက်သေးသော နေရာ ကျန် နေသေးသည် ။
“ ဒါပေမဲ့ ခု ဂျပန်ပြည် က အရင် တခေါက် ငါ ရောက်တုန်း က လို မဟုတ်တော့ဘူး ကွ ။ ဟို ကောင်မတွေ မရှိတော့ဘူး ”
“ ဘာ ကောင်မတွေလဲ ဗျ ”
“ မင်း က မသိချင် ယောင် ဆောင် မနေပါနဲ့ တစ်ခါက နာမည်ကြီး ခဲ့ တဲ့ ပြည်ကြီးပျော်ဖွယ် တွေ မရှိတော့ဘူး ကွ ။ ဂျပန်အစိုးရ တယ် တော် သကွာ ။ ပြည့်တန်ဆာ ပပျောက်ရေး ကို လုပ်တာ တကယ် အောင်မြင်သကွ ၊ ဟိုတုန်း က ဆိုရင် ဒီ တိုကျို မြို့တော် မှာ ပေါ လိုက်တဲ့ ကောင်မတွေ ... ။ ခုများဖြင့် ဆေးအတွက် ဝါးအတွက် ရှာ တာတောင် အတော် ရှာ နိုင်မှ ရ သကွ ... ။ ဟဲ ... ဟဲ ... ”
ဦးပိန်ကြီး က အောင်ဗလ မရောက် ရသော ... သူ လိုက် မပို့ရသော တစ်နေရာ အကြောင်း ကို ပြော ရင်းက ဂျပန် ပြည် သွား ကိုယောက်ျား တို့ ၏ ပျော်နည်းကား တစ်ခု ကို ပြောပြသည် ။
“ မင်း ဂျပန် မှာ ပျော်ပျော် နေချင်ရင် ရည်းစား ထား ရတယ်ကွ ”
“ ဗျာ ... ”
“ ရည်းစား ထား ရတယ်ကွ ”
“ ဒီ အသက်အရွယ်ကြီး တွေ ရောက် မှ ရည်းစား ထား ရသေးသလား ။ နောက်ပြီး ခင်ဗျား လည်း ကလေး အဖေ ။ ကျုပ် လည်း ကလေး အဖေ ”
အသက် ၄၀ ကျော် ပြုပြီ ဖြစ်သူ ဦးပိန်ကြီး က အောင်ဗလ ၏ မှတ် ချက်ကို မကျေမချမ်း ဖြစ်သွားပြီး
“ အမယ်လေး ... ကလေးတို့ အဖေ ရဲ့ ခင်ပွန်းကြီး ရဲ့ ... တည် မနေစမ်းပါ နဲ့ ။ ခုလို ပျော်စရာ တိုင်းပြည် ကို ရောက်တဲ့ အခါ ပျော်ခြင်း သာလျှင် အမွန် မြတ်ဆုံး ကွ ။ ဒီတော့ ဟို တေးထပ် လို ပေါ့ ကွာ .. ။ “ ဣန္ဒြေဂုဏ်ပကာသန ၊ မောင် ဘာမှ ထောက်ထားနိုင်တော့ပြီ ...” ဆိုတာ လိုပေါ့ ။ ကိုယ့်တိုင်း ကိုယ့်ပြည် မှ မဟုတ်ဘဲ ဘယ်သူ မှ မြင်တာ မှ မဟုတ်ဘဲ ဟဲ ဟဲ ”
ထိုနောက် ဦးပိန်ကြီး သည် အောင်ဗလ အား တိုကျိုသူလေး တစ်ယောက်လောက် နှင့် ရည်းစား ထား ရန် တိုက်တွန်းတော့သည် ။
အောင်ဗလ သည် ဦးစိန်ကြီး ကို အားနာသဖြင့် သံဃာ အား ဘုရား ပင် မလွန်ဆန် ဟု ဆိုရိုး အတိုင်း စိတ် မပါတပါ ဖြင့် ...
“ ကဲဗျာ - ခင်ဗျား က ရည်းစား ထား ရမယ် ဆိုလို့ ထား ပါပြီတဲ့ ဗျာ ၊ ကျုပ် က ရည်းစား စကား မပြောတတ်ဘူးဗျ ”
“ လွယ်ပါတယ် ကွ .... ”
“ ရည်းစား စကား က ဘယ် က စ ပြော ရမှာလဲ ။ ချစ်ပါတယ် ၊ ခင်ပါ တယ် ၊ သဒ္ဓါပါတယ် ၊ ကြည်ဖြူပါတယ် ။ မြတ်နိုးပါတယ် ... လို့ စီကာပတ် ကုံး ဂျပန် လို လည်း မပြောတတ် ၊ အင်္ဂလိပ် လို လည်း မပြောတတ် ”
“ ဟ ဒီလို ပြောတာ မဟုတ်ဘူး ကွ ။ ငါ့ မှာ နည်းကောင်း တစ်ခု ရှိတယ် ၊ ငါ့ အကြောင်း မင်း သိတဲ့ အတိုင်း ကမ္ဘာတစ်ပတ် နှံ့ခဲ့ပြီ ။ အမေရိကန် မှာ ရော ၊ အင်္ဂလန် မှာ ရော ၊ အို - ရုရှား မှာ ရော ၊ ဒီနည်း နဲ့ စား လာတာ အံ ခွနေပြီကွ ”
“ ဆိုပါဦး ခင်ဗျား နည်း က ”
“ သူတို့ ကို ရည်းစား စကား စ ပြောတဲ့ အခါမှာ ချစ်တယ် လို့ မပြောရ ဘူး ။ ကြိုက်တယ် လို့ ပြောရတယ် ကြိုက်တဲ့ အကြောင်း ကလည်း ရုပ် ချောလို့ ကြိုက်တယ် ဆိုတာ မပေါ် စေနဲ့ ”
“ နို့ - ဘာပြုလို့ ကြိုက် တာလဲ ”
“ ငါ တော့ မင်း ကို သိပ်ပြီး သဘော ကျတာပဲ ။ ဘာလို့လဲ ဆိုတော့ မင်း က ဗမာပြည် မှာ ကျန်ရစ်တဲ့ ငါ့ နှမလေး နဲ့ တူလွန်းလို့ ကွ ၊ မင်း လို ရုပ် ၊ မင်း လို ကိုယ်လုံးကိုယ်ပေါက် ပဲ ။ အင်း မင်း က မျက်ခုံးကလေး နည်းနည်း ထူ လို့သာ ကွာ ။ နို့မို့ရင် ငါ့ နှမ ပဲ ၊ ချွတ် စွပ်ထားသလို တူ တာပဲ ၊ ဟဲ - ဟဲ အဲဒီလို ပြောရင် မင်း ငတိမတွေ သိပ် ကျေနပ်ကြတာ ပဲ ။ အဲဒီလို ပြော လို့ ရင်းနှီးပြီး ထမင်းလေး ဘာလေး ကျွေးရာ က ပို ပိုပြီး ရင်းနှီး အောင် လုပ် ရတယ် ကွ ”
သူ့ နည်း က ကောင်းတောင်းတောင်း ပင် ။ နည်းကလေး က စိတ် ဝင်စားဖွယ် ကောင်း သဖြင့် အောင်ဗလ ပင် လက်တည့် စမ်းချင်တင်တင် စိတ် ပေါ်လာသည် ။
••••• ••••• ••••• •••••
ကံအားလျော်စွာ ပင် ဦးပိန်ကြီး ၏ နည်း ကို သုံးရန် အခွင့်အလမ်း တစ်ခု ပေါ် လာသည် ။
အောင်ဗလ နှင့် ဦးပိန်ကြီး တို့သည် တိုကျိုမြို့ မြို့လယ် မှ မြန်မာသံရုံး ရှိရာ ရှင်နာဂါဝါ ရပ်ကွက် ဘူတာ သို့ မီးရထား ဖြင့် သွား ရန် ဗဟိုဘူတာကြီး သို့ ဝင် သွားသောအခါ မျက်စိလည် လမ်းမှား နေ ကြတော့သည် ။
တိုကျိုမြို့တော် ကား ရန်ကုန်မြို့ကြီး ၏ ဆယ်ဆ မက ကျယ်ဝန်းသည် ။ မြို့သူမြို့သား တို့ ကူးသန်းသွားလာရေး တွင် တက္ကစီကားများ မှာ စရိတ် ကြီး သည် ။ ဘတ်ခ်ကား ၊ ဓာတ်ရထား နှင့် မြေအောက်ရထား မှာလည်း နေရာတကာ မရောက် ။ မီးရထား သည် တစ်မြို့လုံး နေရာအနှံ့အပြား ရောက်သည် ။ ထို့ကြောင့် မီးရထား ကို လူသုံး များရာ ဘူတာ တို့ ၌ စည်ကား လှသည် ။ မီး ရထားလမ်း တို့ ကလည်း များပြား လှသည် ။
အောင်ဗလ နှင့် ဦးပိန်ကြီး တို့ သည် သောင်ပြင် လွှတ်သော နတ်သား များ သဖွယ် တိုကျိုမြို့ ဘူတာကြီး ၌ မသွားတတ် ၊ မလာတတ် ဖြစ် နေသည် ။
ထိုစဉ်တွင် ကောင်မလေး တစ်ယောက် ကို တွေ့ သည် ။
ရုပ် ချောသည် ။ အရပ် မြင့်သည် ။ ဝတ်စားဆင်ယင်ပုံ မှာလည်း ကြော့ ရှင်းသည် ။ ဟန်ပန်မူရာ သွက်လက်သည် ။
သူကလေး က အောင်ဗလ တို့ ကို ပြုံး ကြည့်သည် ။ အောင်ဗလ က ပြန် ပြုံး သည် ။ မိတ်ဆက် ကြသည့် အပြုံး ပါပေ ။
သူကလေး က ထပ်၍ ပြုံး ပြပြန်သည် ။ ဖိတ်ခေါ်သော အပြုံး ပါ ပေ ။
အောင်ဗလ သည် ဖိတ်ခေါ်ချက် ကို လက်ခံသော အပြုံး ဖြင့် သူကလေး အား ချဉ်းကပ်၏ ။
“ တစ်ဆိတ် ခင်ဗျာ - အင်္ဂလိပ်စကား ပြော ပါလား ဗျာ ..... ”
“ ဟုတ်ကဲ့ - ကျွန်မ အင်္ဂလိပ်စကား ပြော တတ်ပါတယ် ။ ဘာ အကူအညီ ပေးရမလဲ ”
“ ကျွန်တော်တို့ ရှင်နာဂါဝါ ဘူတာရုံ ကို သွားချင်လို့ မီးရထား မစီးတတ်လို့ပါ ”
“ ဪ .. ဒီလိုလား ။ ကျွန်မ လည်း ရှင်နာဂါဝါ ဘူတာ ကို သွား မှာပဲ ။ လိုက်ခဲ့ကြပါ လိုက်ခဲ့ကြပါ ”
သူကလေး က အောင်ဗလ တို့ ကို လက်မှတ် ဝယ် ပေးသည် ။ ပလက်ဖောင်း နံပါတ် ရှာ ပေးသည် ။ ရထားတွဲ ပေါ် တင် ပေးသည် ။ နေရာ ရှာ ပေး သည် ။ ပို့ မယ့် ပို့ ကူးတို့ ရောက် ရုံမက အောင်ဗလ တို့ သွား လိုသော မြန်မာသံရုံး အရောက် ပို့ ပေးသည် ။
“ မင့်နှယ် ကွယ် ငါ့ နှမ အထွေးကလေး နဲ့ တူ လိုက်တာ ” ဟု မပြောရ သေး မီပင် အတော် ရင်းနှီးနေပြီ ။ ယနေ့ ညနေ ညစာ ဖြင့် ပြုစုပါရစေ ဆိုသည် ကို သူကလေး က ကျေးဇူးတင်သော အပြုံး နှင့် လက်ခံ လိုက်သည် ။ ယနေ့ ညနေတွင် ချိန်းဆိုသော နေရာ သို့ လာ ဦးမည် ။
သူ့ အမည် ကတော့ “ မိနီကို ” တဲ့ ။
••••• ••••• ••••• •••••
“ ဘယ့်နှယ်လဲ ဗျ ၊ မိနီကို အပေါ် ခင်ဗျား ဘယ်လို သဘော ရသလဲ ”
“ ကောင်မကလေး က တို့ ကို ၊ အေးလေ ... မင်း ကို သဘောရိုး နဲ့ ခင်တာ နဲ့ တူပါ ရဲ့ ”
“ ဆန်းဆန်း နဲ့ ခင်တာ မဟုတ်ဘူးလား ”
“ အဲဒီ ရိုးရိုး နဲ့ ဆန်းဆန်း ကို ပြောတာ မဟုတ်ဘူး ၊ ဂျပန် မှာ ဂျပန်မ ကလေး တစ်ယောက် နိုင်ငံခြားသား ကို ခင်တယ် ချစ်တယ် ဆိုတာ နှစ်မျိုး ရှိ တယ် ကွ ။ တစ်မျိုး က သဘောရိုး နဲ့ ချစ်ခင် တာ ။ နောက်တစ်မျိုး က နိုင်ငံ ခြားသား မို့ ထမင်း တစ်နပ် ၊ နှုတ်ခမ်းဆိုးဆေး တစ်တောင့် က စပြီး ချူ ရ မြှူရ အောင် ခပ်ဆန်းဆန်း ဟန်ဆောင်ပြီး ခင်တာ ရှိတယ်ကွ ။ တချို့ ကောင်မတွေ က မင်းတို့ ငါတို့ ကို ကျ ချင်ယောင် ဆောင်ပြီး ကျွေး သမျှ စား ပေး သမျှ ယူ တတ် တယ်ကွ ”
“ မိနီကို တော့ ကျွန်တော် တို့ ကို မြှူမယ့် ဟာ မဟုတ်နိုင်ပါဘူး ”
“ ငါ လည်း မထင်ပါဘူး ”
••••• ••••• ••••• •••••
ထိုနေ့ ညနေ ထမင်းစားပွဲ ကား မြိုင်ဆိုင်လှတော့သည် ။
မိနီကို အပြင် အပို အဖော် ကောင်မလေး တစ်ယောက် လည်း ပါ လာ သေးသည် ။
အကောင်းစား ဟိုတယ် တွင် အကောင်းဆုံး အစာများ ကို ကျွေး လိုက်ရာ အောင်ဗလ ၏ ပိုက်ဆံအိတ်ကလေး ပင် အတော် ပိန်သွားသည် ။
ထမင်း စား စဉ်တွင် ပြော လိုက်ကြသည့် စကားတို့ မှာ စုံ လို့ ။ ဦးပိန်ကြီး တစ်ယောက် သည် လည်း မိနီကို ၏ အဖော်မကလေး နှင့် ပြုံးပြုံး - ပြုံးပြုံး နှင့် ။
“ မင်း ကို လေ.. ငါ့ နှမ အထွေးဆုံးကလေး နဲ့ တူ လွန်းလို့ မြင်မြင်ချင်း ခင် လိုက်တာကွယ် ”
အောင်ဗလ သည် သူ အရ ကျက် ထားသည့် စကားလုံးကလေးများ ကို မည်သည့် အချိန် တွင် ပြော ရ ပါမည်နည်း ဟု အကွက် ကောင်း ကို ရှာ နေသည် ။ အကွက် ကား မဝင်သေး ။
စားပွဲကြီး ကား ပြီး သွားလေပြီ ။
အောင်ဗလ တို့ နှုတ်ခမ်းပါးနား သုတ် အပြီး မိနီကို တို့ နှုတ်ခမ်းနီ ပါးနီ ပြန်၍ ဖို့ အပြီး တွင် မိနီကို က တစ်စုံတစ်ခု ကို ပူဆာ လိုက်သည် ။
ဦးပိန်ကြီး သည် လျှပ်စစ်ကျဉ်စက် မိသည့် အလား တုန်လှုပ် သွားပြီး
“ ပြေးကြစို့ ဟေ့ .. ကမြင်းကလေးတွေ တို့ ကို ညာ စားနေတာ ကွ ၊ မြှူမယ့် ကောင်မတွေ ကွ ... ” ဟု မြန်မာဘာသာ ဖြင့် အော် လိုက်သေးသည် ။
မိနီကို ပြောပုံ က တော့ ...
“ ကိုယ်ရယ် .. ဟိုဘက် နား က ဆိုင်မှာ လက်ပွေ့အိတ် လှလှကလေး ဝယ် ပေးပါလားကွယ် ...... ။ မိနီကို ပိုက်ဆံ မတတ်နိုင် လို့ မဝယ်ဘဲ ထားရတာ ရှိတယ် ။ သိပ်ပြီး လို ချင်တာပဲ ။ တွေ့တွေ့ချင်း တောင်းတယ် မအောက်မေ့ နဲ့ ၊ ကိုယ် ဟာလေ ကျွန်မ ရဲ့ အစ်ကို အကြီးဆုံး နဲ့ ရုပ်ချင်း တူ လွန်းလို့ မြင်မြင်ချင်း ခင် တာ နဲ့ ဆွေမျိုး လို သဘော ထားပြီး ပူဆာတာ ပါ .. ” တဲ့ ။
◾ အောင်ဗလ
📖 ငွေတာရီ မဂ္ဂဇင်း
၁၉၆၀ ၊ စက်တင်ဘာလ
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment