အပိုင်း ( ၉ )
ကျောင်း မှာ ပဲ အေးသည် ။ ကျောင်း တက်နေသော အချိန် တွင် စာ ထဲ မှာပဲ စိတ်ဝင်စားပြီး နေလို့ ရသည် ။ ကမ္ဘာ့သမိုင်း ၊ မြန်မာ့သမိုင်း တွေ အကြောင်း သင် ရသောအခါ ဟိုးရှေးခေတ် က အကြောင်းတွေ မှာ ပုံပြင် လိုပင် နားထောင် လို့ ကောင်းသည် ။ ပထဝီ မှာ မြေပုံ တွေ ဆွဲ ရသည် ။ ရာသီဥတု အကြောင်းတွေ သင် ရသည် ။ သိပ္ပံ ဆိုလျှင်လည်း သိပ် စိတ်ဝင်စားဖို့ ကောင်းသည် ။ သင်္ချာတစ် နှင့် နှစ် အချိန်များ တွင် ပုစ္ဆာတွေ ကို ဘယ်သူ အရင် ပြီးမလဲလို့ ပြိုင် တွက်ရတာ ပျော်စရာပဲ ။ မြန်မာစာ အချိန် မှာ တော့ ကိုယ် အပျော်ဆုံး ပင် ။ ကိုယ်တို့ တီချာမေ က မြန်မာစာ သင်တာ မဟုတ်လား ။ ပြီးတော့ အင်္ဂလိပ်စာ ကို ကိုယ် အစ ကတည်း က ကြိုးစား ပြီးသား ။ ခုအခါ ကျတော့ ပိုပြီး ကြိုးစားသည် ။ အင်္ဂလိပ်စာ တတ်မှ ကိုယ် သိချင်တာတွေ ကို ပိုပြီး သိခွင့် ရမည် ထင်သည် ။ ဦးလေးမောင်မောင်ကြီး တို့ ၊ အန်တီလူး တို့ သည် ကိုယ် မသိစေချင်သော စကားမျိုးတွေ ကို အင်္ဂလိပ် လို ပြောတတ် ကြပါသည် မဟုတ်လား ။
ကျောင်း မတက်ခင်အချိန် နှင့် မုန့်စားကျောင်းဆင်းချိန် ဆိုလျှင် သူငယ်ချင်းတွေ နှင့် တွေ့ရသည် ။ စကားဝိုင်း ပြော ချင် ပြော ၊ ကစား ချင် ကစား ။ ခု နောက်ပိုင်းတွေ မှာတော့ သိပ် မကစားကြတော့ ။ တစ်ခါတလေ ချိန်းပွဲ ရှိမှပင် ဘောလုံး ကန်ကြသည် ။ ကိုယ်တို့ အဖွဲ့ ထဲမှာ မိန်းကလေး တွေ ပါ ပါ နေသောကြောင့် သိပ် မကစားဖြစ်ကြခြင်း ဖြစ်မည် ။ အမြဲလိုလို မှာ စိန်ပန်းပင်ကြီး အောက်မှာ စု ၍ စကား ပြောကြခြင်း ဖြစ်သည် ။
ကိုယ်တို့ အဖွဲ့ က လည်း သိပ် ညီညွတ်သည် ။ အုပ်စု တောင့်သောကြောင့် တခြား ကောင်တွေ က လာ မစ ရဲချေ ။ အုန်းသီး တို့ ၊ ဖရက်ဒီ တို့ ပင် ကိုယ်တို့ ကို ဖြုံ နေကြသည် ။ ကိုယ်တို့ ကလည်း သူများ ကို အလကား သက်သက် သွား မကြောပါ ။
ကိုယ်တို့ ထဲမှာ တစ်ယောက် ကို ပုံစံ တစ်မျိုး စီ ရှိကြသည် ။ ဇော်ဝင်း သည် ပျော့စိစိကလေး ။ စကား ပြောလျှင်လည်း ညောင်နာနာ နှင့် ။ ဂျွန်ဆင် က စကား ပြောလျှင် ဗလုံးဗထွေး နှင့် ရိုးလည်း သိပ် ရိုးသည် ။ အ,လည်း အ သည် ။ တင်အောင်ခိုင် ကတော့ ကိုယ်တို့ထဲ မှာ “ ငလောင် ” ပဲ ။ ကိုယ် ကတော့ ဘယ်လိုနေလဲ ကိုယ့် ဘာသာ မသိ ။ တစ်မျိုး ပဲ ။ တစ်ခါတလေ တစ်ယောက် တည်း အေးအေးဆေးဆေး နေ ချင်သည် ။ တစ်ခါတလေ သူငယ်ချင်းတွေ နှင့် ပျော်ပျော်ပါးပါး နေ ချင်သည် ။
မိန်းကလေးတွေ ထဲ မှာ ဆိုလျှင် မီးမီး က သိပ် စွာသည် ။ ကစ်တီ က ခပ်တုံးတုံး ၊ ခပ်အအ ၊ သဘောလည်း ကောင်းသည် ။ မိခိုင် ကို တော့ ကိုယ် ဘယ်လို ပြောရမှန်း မသိ ။ တစ်ခါတလေ စိတ် ကောက်တတ်သည် ။ တစ်ခါတလေ တော့ လည်း သဘော ကောင်းသည် ။ သူ လည်း ကိုယ့် လို ပဲလား မသိ ။ ဘာပဲဖြစ်ဖြစ် သူ နှင့် ကိုယ် ပေါင်းလို့ ရတာတော့ အမှန်ပင် ။ ကိုယ် သည် ယောက်ျားလေးတွေ ထဲ မှာ တင်အောင်ခိုင် ကို အခင်ဆုံး ဖြစ်၍ မိန်းကလေးတွေ ထဲ မှာ မိခိုင် ကို အခင် ဆုံး ဖြစ်ပါသည် ။ သူငယ်ချင်းတွေ အားလုံး နှင့် ဆုံ၍ စကား ပြောကြရသော အခါတွင် ပျော်ရွှင်ရသည်တော့ အမှန်ပါ ။
သည်နေ့လည်း စိန်ပန်းပင်ကြီး အောက် မှာ ကိုယ်တို့ စု ထိုင်နေကြသည် ။ ခု ပြနေသော အင်္ဂလိပ်စစ်ကား အကြောင်း ပြော ကြသည် ။ ပြော နေတုန်း မှာပင် မီးမီး က ဖြတ်၍ ဖောက် လာသည် ။ သူ က မိခိုင် ကို မေးခြင်း ဖြစ်သည် ။
“ သူ တို့ လယ်တေး ယယ်တောက် ထဲ မှာ ဘယ်သူ အချယ်တောဆုံး လဲ ဟေ့ ”
“ ဘယ်သိမလဲ ဟ ”
“ နင့် စယ်တိတ် ထဲ မှာတော့ ညယ်တီ မဟုတ်လား ”
မိခိုင် က မီးမီး ပေါင် ကို ဆွဲ ဆိတ်သည် ။ သူတို့ သည် စကားလိမ် ဖြင့် ပြော နေကြခြင်း ဖြစ်သည် ။ သူတို့ ဘာ ပြောကြသည်ကို ကိုယ် သိ သလိုလို ရှိပါသည် ။ ဘာလို့ဆို အန်တီလူး သည် မေမေ့ ကို ခုလို ပင် စကားလိမ် ဖြင့် ခဏခဏ ပြော တတ်သောကြောင့် နည်းနည်းပါးပါးတော့ ကိုယ် လည်း နားလည်နေပြီ ။ ကိုယ်တို့ ယောက်ျားလေးတွေ ထဲ မှာ ဘယ်သူ အချောဆုံးလဲ ဟု မီးမီး က မေးခြင်း ဖြစ်သည် ။ မိခိုင် က မသိဘူး ဆိုတော့ မီးမီး က ညီညီ က အချောဆုံး လို့ နင် ထင်တယ် မဟုတ်လား ဟု မေးတာ ဖြစ်နိုင်သည် ။ ဟိုကောင်တွေ က နားလည်သလား ၊ မလည်သလား မသိ ။ တင်အောင်ခိုင် က ဝင်ပြောသည် ။
“ နင် တို့ က စကားလိမ်တွေ ဘာတွေ နဲ့ ပြော တာပေါ့လေ ၊ ဒါဆို ငါ လည်း ပြောမယ် ၊ အန်တရိတ်စီး ၊ မန်ကိုပျိုး ၊ နူသံတေတေး ၊ အမေ့ပါးတဲ့ အဲဒါ ဘာလဲ ”
“ ဘယ် သိမလဲဟ ”
မိခိုင် က ပြောသည် ။ ကစ်တီ က လည်း မသိ ။ မီးမီး က ခဏ စဉ်းစားပြီး မှ “ နင့် ဟာ က အဓိပ္ပာယ် မရှိဘူး ” ဟု ဆို၏ ။
“ ဟား ရှိတာပေါ့ဟ ၊ ဒီမှာ အီးတိရစ္ဆာန် ၊ မိုးကိုပျံ ၊ နံသူ တေတေး ၊ အစ်မပေး တဲ့ ၊ ဂျွန်ဆင် မင်း နံလား ”
“ အီးပေါက်ရင်တော့ နံမှာပေါ့ကွ ”
“ အေး .. နံရင် အစ်မပေး ၊ ဟား ဟား ”
ဂျွန်ဆင် က “ ငါ့ မှာ အစ်မ မရှိဘူး ” ဟု ပြောသည် ။ ပြီးတော့ သူ စဉ်းစားနေသည် ။
“ နေဦးဟ ၊ ငါ နင့် ကို တစ်ခုမေးမယ် ၊ ဟို ဥစ္စာဟာ ၊ ဒီ မှာ မီးမီး ၊ နင် ဖြေ နော် ၊ မြွေ နဲ့ ဖား နဲ့ ဘယ်ဟာ က ... ”
“ ဟေ့ကောင် ... အဲဒါ မဟုတ်ဘူး ကွ ”
ဟု တင်အောင်ခိုင် က မြန်မြန် ဝင် ပြော လိုက်ရသည် ။ ဂျွန်ဆင် က
“ အေးကွာ .. ငါ မှား သွားလို့ ”
“ နေဦး နေဦး ၊ ငါ မေးမယ် ကစ်တီ ဖြေ ဟာ ”
ကစ်တီ က “ ခက်တာတွေတော့ မမေးနဲ့ ” ဟု ပြောသည် ။ တင်အောင်ခိုင် က
“ အေးပါ ”
ဆိုပြီး ...
“ လွယ်လွယ်လေး ရယ် ၊ ရှဉ့် နဲ့ မြွေ နဲ့ ဘယ်သူ့ ကို ချစ်သလဲ ၊ အဲဒါ ဖြေ ”
မီးမီး က ဝင်တားမည် ကြံ သော်လည်း မရလိုက် ။ ကစ်တီ က ဖြေ လိုက်မိသည် ။
“ ရှဉ့် ကို ချစ်တာပေါ့ ဟ ”
“ ဘာပြောတယ် ၊ ရှင့် ကို ချစ်တယ် ဟုတ်လား ၊ ငါ့ ကို ဟုတ်လား ၊ ဟား ... ဟား ... ဟား .. ဟား .. ”
ခုမှ ကစ်တီ က သဘော ပေါက်သွားပြီ “ တင်အောင်ခိုင် နင် ယုတ်တယ် ၊ နင် ယုတ်တယ် ” ဆိုပြီး တင်အောင်ခိုင့် ကျောကုန်း ကို ထု နေသည် ။ ကိုယ်တို့ အားလုံး ဝိုင်း ရယ်ကြသည် ။ ကစ်တီ သည် ရှက် လည်း ရှက် ၊ ဒေါသ လည်း ဖြစ် လာသောကြောင့် ငိုမဲ့မဲ့ ဖြစ်နေသည် ။ ထိုအခါကျမှ ကိုယ်တို့ အရယ် ရပ်လိုက်ကြသည် ။
“ ကစ်တီ ကလည်း ဟာ စ တာပဲဟာ ” ဟု ဇော်ဝင်း က ဝင်ပြော၏ ။
“ ဟုတ်ပါဘူး ဟာ ၊ အဲဒီ တင်အောင်ခိုင် က ဘာမှန်းလဲ မသိဘူး ၊ မျက်နှာ ရူး ၊ ရုပ် ကို က ကာတွန်း ထဲ က မျောက်ညို ကျနေတာပဲ ၊ စပ်ဖြဲဖြဲ နဲ့ ”
“ အေး ဟုတ်တယ်ဟေ့ ၊ ခုမှ သေသေချာချာ ကြည့်မိတယ် ။ တင်အောင်ခိုင် က မျောက်ညို နဲ့ တူတယ် ”
“ မျောက်ညို ၊ မျောက်စုတ် ၊ မျောက်နာ ”
မီးမီး နှင့် မိခိုင် တို့က တင်အောင်ခိုင် ကို ပြန် လောင်သည် ။
တင်အောင်ခိုင် ကတော့ တော်တော့် ကို အရှက် မရှိတဲ့ ကောင် ။ သူ က အနောက် ခံရလို့ မရှက်တဲ့ အပြင် တကယ့် မျောက် နဲ့ တူအောင် လုပ်ပြီး တခွီးခွီး အော် ပြနေသေးသည် ။ ကိုယ် က လည်း သူတို့ ကို အကြောင် ရိုက်ဖို့ တစ်ခု သွား သတိရမိသဖြင့် ပြောပြလိုက်သည် ။
“ ကိုယ် တစ်ခု ပြောပြမယ်ကွ ၊ တစ်ခါတုန်းက ကွာ ၊ ဝေါ ကို သွားတဲ့ ကားတစ်စင်း ပေါ့ ၊ ညဘက်ကြီး ကွ ၊ မိုးတွေ က လည်း အရမ်း ရွာနေတာတဲ့ ၊ ကားမီးထိုးထားတာတောင် လမ်းကို ကောင်းကောင်း မမြင်ရဘူး ၊ အရေးလည်း ကြီးတော့ ကား ကို မြန်မြန် မောင်းရတာပေါ့ ၊ အဲဒါ တစ်နေရာလည်း ရောက်ရော လမ်းပေါ် မှာ အဘိုးကြီး တစ်ယောက် ကုန်းကုန်းကုန်းကုန်း နဲ့ ဖြတ်ကူးနေတာ ကို ဘွားခနဲ တွေ့ လိုက်ရတယ်တဲ့ ၊ ရုတ်တရက် ဆိုတော့ ဘရိတ် အုပ်လို့လည်း မရတော့ဘူး ပေါ့ ”
“ ဟယ် ... တိုက်မိရောလား ”
“ ဘာ ပြော ကောင်းမလဲ ဟာ ၊ အရှိန် နဲ့ ဆိုတော့ ဒိုင်းခနဲ တိုက်မိတာ အဘိုးကြီး လည်း မြောက် တက် သွားပြီးမှ ဖုန်းခနဲ ပြန် ကျတယ်တဲ့ ၊ အဲဒါနဲ့ ဒရိုင်ဘာ က လည်း ကား ကို ချက်ချင်း ရပ် ၊ မြန်မြန် ကားပေါ် က ဆင်းပြီး သွား ကြည့်တော့ မရှိတော့ဘူး တဲ့ ”
“ ဟင် ... ဘယ်ရောက်သွားတာလဲ ”
“ သရဲ ခြောက်တာ ထင်တယ် ”
“ မဖြစ်နိုင်ပါဘူးကွာ ”
“ ဖြစ်နိုင်တာပေါ့ကွ ၊ စဉ်းစားကြပါလား ၊ သွားကြည့်တော့ မရှိတော့ပါဘူး ဆိုမှ ”
“ ဟာ မဟုတ်နိုင်ပါဘူးကွာ ”
“ ဟုတ်နိုင်တာပေါ့ဟ ၊ သေသေချာချာ ပြန် တွေးကြည့်လေ ၊ အဘိုးကြီး ပါ ဆိုမှ သွားတွေ ကျိုး ကုန်ပြီပေါ့ကွ ၊ ဘယ် ရှိတော့မလဲ ၊ ဒါကြောင့် ' သွား ' ကြည့်တော့ မရှိတော့ဘူးလို့ ပြောတာ ”
“ အေးဟ ၊ ဟုတ်သားပဲ ”
ကိုယ်တို့ အားလုံး ရယ် နေကြလေသည် ။
ကျောင်း ဆင်းသောအခါ ဗိုက်နာ လာသောကြောင့် အိမ်သာ သို့ ပြေးရသည် ။ အိမ်သာ မှ ပြန်လာပြီး ကျောင်းရှေ့ ပေါက် သို့ သွားမည် ဟု ထွက် လာသည် ။ ဘီတန်း ရှေ့ရောက်သော အခါ မိခိုင် တစ်ယောက် တည်း ရပ် နေ သည် ကို တွေ့ရသည် ။ အတန်း နား မှာ လူတောင် မှ ရှင်း နေပြီ ။
“ မိခိုင် နင် တစ်ယောက်တည်း ဘာ လုပ်နေတာလဲ ”
“ အိမ်ပြန်ဖို့ အဖော် မရှိလို့ ဟ ”
မိခိုင် မျက်နှာ က ငိုမဲ့မဲ့ ဖြစ်နေသည် ။ ကိုယ် မေးသည် ။
“ ကစ်တီ တို့ ၊ မီးမီး တို့ ရော ”
“ မီးမီး ကောင်မစုတ် က ငါ့ ကို မစောင့် ဘဲ ထွက် သွားတယ် ”
“ နင် က ဘာလုပ် နေလို့လဲ ”
“ စာ နည်းနည်း ကူးချင်လို့ ခဏလေး စောင့်ပါ ဆိုတာ ထမင်း ဆာတယ် ဆိုပြီး ထွက်သွားတာ ”
“ ကစ်တီ က ရော ”
“ သူ လည်း ပါ သွားတာပေါ့ ”
“ ဟာ ... ဒါဆိုလည်း တစ်ယောက်တည်း ပြန်ပေါ့ ”
“ ငါ မှ မပြန်ရဲတာ ”
“ ကိုယ် တောင် မှ တစ်ယောက် တည်း ပြန်တာပဲ ”
“ နင် က ယောက်ျားလေး ပဲ ”
“ ဘာဆိုင်လို့လဲ ၊ နင့် ကို ဘယ်သူမှ မဆွဲပါဘူး ဟ ၊ သူ့ ကိုယ် သူ များ အပျိုကြီး ကျ နေတာပဲ ”
မိခိုင် သည် ကိုယ့် ကို ဖျတ်ခနဲ ကြည့် လိုက်သည် ။ သူ့ မျက်လုံးများ တလက်လက် တောက်နေ၏ ။ မျက်ရည် ဝဲ လာသလား မသိ ။
“ နင် .. နင် ... ငါ့ ကို အဲလို ပြောလား ဟင် ”
သူ့ အသံ က ငိုသံ ပါ လာလေသည် ။
“ ဘာပြောလို့လဲ ဟ ”
“ နင် စဉ်းစားကြည့် ပေါ့ ၊ တကယ်ဆိုရင် ငါ တစ်ယောက်တည်း အဖော် မရှိဘူး ဆိုရင် နင်က ငါ လိုက် ပို့မယ်လို့ ပြော ရမှာပေါ့ ”
“ အေး ဟာ .. ဟုတ်သားပဲ ၊ ကိုယ် မေ့ သွားတယ် ၊ ကဲ ... လာ သွားရအောင် ကိုယ် လိုက်ပို့ပါမယ် ”
သူ သည် နှုတ်ခမ်း ကို စူပြီးတော့ မဲ့ လိုက်သည် ။
“ သွားပါ ... ခုမှ လာပြီးတော့ ၊ နေပစေ နင့် ပို့စရာ လည်း မလိုဘူး ။ ငါ့ ဘာသာ သွားမယ် ”
ကိုယ် ရယ်လိုက်သည် ။
“ ကဲ ... ဒီလိုဆိုလည်း သွားလေ ၊ ကိုယ် လည်း သွားတော့မယ် ၊ ထမင်း ဆာလှပြီ ”
ကိုယ် လှည့်ထွက်မည် ပြုသည် ။ သူ က သမံတလင်း ပေါ် သို့ ခြေ ဆောင့်လိုက်တာ ဖတ်ခနဲ တောင် မြည်သွား၏ ။ ကိုယ် လှည့်ကြည့်လိုက်သည် ။
“ ညီညီ နော် ၊ နင် နော် ၊ ဘယ်လို ဖြစ်နေတာလဲ ”
ခြေဆောင့် ရင်း သူ ပြောသည် ။ အသံတွေ လည်း တုန် နေသည် ။ သူ ငိုခါ နီးပြီ ။
“ ကဲ ... ဘာဖြစ်လို့လဲ ၊ နင်ပဲ လိုက်မပို့နဲ့ ဆို ၊ တစ်ယောက် တည်း သွားမယ် ဆို ”
“ အဲဒါက စိတ် ကောက်လို့ ပြောတာ ၊ ငါ က လိုက်မပို့ နဲ့ ဆိုပေမယ့် နင်က အတင်း လိုက် ပို့ရမှာပေါ့ လို့ ”
ကိုယ် ရယ်ရင်း က ...
“ နင် တော်တော် ဆိုးတယ် ဟာ မိခိုင် ”
“ ဆိုးတာ ဘာဖြစ်လဲ ”
ဟု ပြောပြီး သူ ခစ်ခနဲ ရယ်သည် ။ ရယ်လိုက်တော့ မှပင် စောစောက ဝဲ ရုံသာ ဝဲ နေသော မျက်ရည်တွေ ထွက် ကျလာလေတော့သည် ။
“ နင် ရူးနေပြီ ထင်တယ် ၊ ငိုလည်း ငိုတယ် ၊ ရယ်လည်း ရယ်တယ် ”
“ ညီညီ နော် .. နင် မစ နဲ့ ၊ ငါ ဆွဲ ဆိတ် လိုက်ရမလား ”
သူ က ကိုယ့် ဗိုက်ခေါက် ကို ဆွဲ ဆိတ်သည် ။
“ ဟ ... ဆိတ်မ ... နာတယ် ဟ ”
“ ဘာပြောတယ် ၊ ငါ့ ကို ဆိတ်မ ဟုတ်လား ကဲ ”
“ အလကား ပြောတာ ၊ အလကား ပြောတာ ”
သူ ဆွဲဆိတ်ရာ မှ လွှတ် လိုက်သည် ။
“ ကဲ သွားကြရအောင် နောက်ကျနေပြီ ”
ကိုယ်တို့ နှစ်ယောက် ထွက် လာကြသည် ။ ကျောင်းဝင်း ထဲ မှာ လူ တော်တော်ပင် ရှင်း နေပြီ ။ ဆရာ ၊ ဆရာမ တချို့နှင့် အလုပ်သမားကြီး တွေ သာ ရှိ တော့သည် ။ သူတို့ အိမ်ဘက် သို့ သွားသော လမ်း အတိုင်း လျှောက် လာကြရင်းက သူ ပြောသည် ။
“ နေ့လယ် က နင်တို့ ဘောလုံး ကန်ကြတယ် မဟုတ်လား ။ အဲဒါ ငါတို့ အတန်း ထဲ က ကောင် တွေ ရော ၊ ကောင်မတွေရော ငါ့ ကို မကြည်ဘူး သိလား ”
“ ဘာလို့လဲ ”
“ ငါ က ကိုယ့် ဘီတန်း ကိုတော့ အား မပေးဘဲနဲ့ နင်တို့ အေတန်း ကို အားပေး လို့တဲ့ ”
ဒီနေ့ မုန့်စားဆင်းချိန် တုန်း က ကိုယ် တို့ အေတန်း နှင့် မိခိုင် တို့ ဘီတန်း ဘောလုံး ချိန်း ကန်ကြသည် ။ မိခိုင် သည် အစ ကတော့ ဘောလုံး ချိန်း ကန်တာ ကို မကျေနပ်ချေ ။ “ ငါတို့ အတန်း နဲ့ နင်တို့ အတန်း နဲ့ ကန်တော့ ငါ က ဘယ်ဘက်က အားပေးရမှာလဲ ” ဟု ပြောသည် ။ ခြေဆောင့် ပြီး ထွက် သွားသည် ။ ကွင်းထောင့် မှာ သွား ထိုင်ပြီး နှုတ်ခမ်း စူနေသည် ။ သို့သော်လည်း ကိုယ် ကန်လိုက်သော ဘောလုံး သည် ဂိုးတိုင် ထဲ သို့ တန်းတန်းမတ်မတ် ဝင် သွားသောအခါ လက်ခုပ်သံတွေ ကြား မှ “ ဒါမှ ညီညီ ကွ ” ဟု အော် လိုက်သော သူ့ အသံစူးစူးကလေး ကို ကြား ရလေ၏ ။ ဒါကို သူတို့ အတန်း ဘက် က မကျေနပ်ခြင်း ဖြစ်မည် ။
“ ဒီတော့ နင် က ဘာ ပြောလိုက်လဲ ”
“ ငါ ကလား ၊ ဒီလို ပြော လိုက်တယ် ၊ နင်တို့ က အီးယောင်ဝါးတွေ မို့ လို့ အားမပေးတာ လို့ ၊ ညီညီ က ..... ညီညီ က .. ”
သူ သည် စကား ကို မဆက်ဘဲ နေသည် ။
“ ဘာဖြစ်လဲ ပြောလေ ”
“ ညီညီ က ငါ့ ရဲ့ ဟိုဟာ အဖြစ်ဆုံး သူငယ်ချင်း လို့ ”
“ ဘယ်ဟာ ဖြစ်တာလဲ ”
“ ဟို .. အခင်ဆုံး လို့ ၊ အဲဒါ ဟုတ်တယ် ၊ အခင်ဆုံး လို့ ”
ပြောပြီး သူ သည် ကိုယ့် ကို မကြည့်တော့ ။ မြေကြီး ကို ပဲ ငုံ့ ကြည့်ရင်း လျှောက် လာသည် ။ ပြီးတော့မှ ကိုယ့် ကို တစ်ခါ မော့ ကြည့်၏ ။ ကိုယ် လည်း ဘာ ဖြစ်သွားမှန်း မသိ ။ သူ က ကိုယ့် ကို ကြည့် နေသော အခါ ပြန် မကြည့်ရဲဘဲ ဖြစ် သွားသည် ။ ထိုအခါ ကိုယ် ခေါင်း ငုံ့ လိုက်မိသည် ။ ကတ္တရာလမ်း ကို သာ ငုံ့ကြည့်ပြီး လျှောက်လာ မိသည် ။ ခဏ ကြာသောအခါ သူ့ ရယ်သံ ကြား ရသည် ။ သူ ရပ် လိုက်သည် ။ ကိုယ် လည်း ရပ်လိုက်ပြီး ...
“ ဘာဖြစ်လို့လဲ ”
သူ ရယ်နေရာ မှ ....
“ ငါတို့ လမ်း ကို ကျော် လာခဲ့ပြီ ဟ ”
ကိုယ်တို့ နှစ်ယောက် စလုံး ရယ်ပြီး ပြန် လှည့် လျှောက်သည် ။ သူတို့ လမ်း ထဲ သို့ ဝင်ကာနီး တွင် ကိုယ် ပြောသည် ။
“ ကိုယ် ပြန်တော့မယ် နော် ၊ နင် သွားရဲပြီ မဟုတ်လား ”
“ အိမ် ကို လိုက်ခဲ့ပါဦးလား ဟ ”
“ ဟင့်အင်း ”
“ နင် ဟိုတစ်ခါ လည်း ဒီလိုပဲ ၊ ငါ တို့ အိမ် ကို ဘယ်တော့ မှ လိုက်မလာဘူး ”
“ နောက်တော့ ကိုယ် လာ လည်ပါ့မယ့် ဟာ ၊ ခု အိမ်ပြန် နောက်ကျမှာ စိုးလို့ ”
“ ဒါဆိုလည်း ပြီးရောလေ ၊ ငါ သွားတော့မယ် နော် ”
“ နေဦး မိခိုင် ”
သူ ပြန် ရပ်နေသည် ။ ကိုယ် သည် လွယ်အိတ် ထဲ သို့ လက် နှိုက်၍ စမ်းသည် ။ တနင်္ဂနွေနေ့ က ဆော်လီမား ဈေး သွား တော့ ကိုယ် လိုက်သွားသည် ။ ကိုယ် စုထားသော ပိုက်ဆံ ဖြင့် လက်ကိုင်ပဝါ သေးသေးလေး တစ်ထည် ဝယ်သည် ။ အနားလေးဘက် အတွန့်အတွန့်ကလေးတွေ နှင့် ။ သုံးကျပ် ပေး ရသည် ။
ထို လက်ကိုင်ပဝါကလေး ကို စက္ကူအိတ်ကလေး ဖြင့် ထည့်ပြီး ယူ လာခဲ့ခြင်း ဖြစ်သည် ။ အိတ်ကလေး ကို ဆွဲထုတ် ၍ မိခိုင် ကို ပေး လိုက်သည် ။
သူ က “ ဘာလဲ ” ဆိုပြီး ဖွင့် ကြည့်သည် ။ လက်ကိုင်ပဝါ ကို ဆွဲ ထုတ်၍ ဖြန့် ကြည့်သည် ။
“ ဟယ် .. လက်ကိုင်ပဝါလေး ”
သူ ကိုယ့်ကို လှမ်းကြည့်ပြီး ပြုံး သည် ။ နောက်တော့ မျက်နှာ က ပြန် တည်သွား၏ ။
“ ငါ မလိုချင်ဘူး ဟာ ”
“ ဟင် ... ဘာဖြစ်လို့လဲ ”
ကိုယ် က စေတနာနဲ့ ပေးတာ ကို သူ က မယူချင်ဘူး ဆို တော့ ကိုယ် ဝမ်းနည်းသွားမိသည် ။ ဒါကို သူ က လည်း သိမည် ထင်သည် ။
“ နင် ပေး တာ ကို မလိုချင်လို့ မဟုတ်ပါဘူး ဟာ ၊ လက်ကိုင်ပဝါ လက်ဆောင် ပေး မကောင်းဘူး တဲ့ ။ ပေးရင် ခွဲ ရတတ်တယ် တဲ့ ”
“ အို ... ကိုယ် ဒါတွေ မယုံပါဘူး ”
“ ဪ .. တစ်ခုတော့ ရှိတယ် ၊ လက်ကိုင်ပဝါ လက်ဆောင် ပေးရင် ပိုက်ဆံ ဆယ်ပြား ပြန် ပေးရတယ် တဲ့ ။ အဲဒါဆို ကြိမ်း ကြေ ရော ၊ မခွဲ ရတော့ဘူး ”
သူ သည် လွယ်အိတ် ထဲ သို့ လက် နှိုက်မည် ပြုပြီး မှ ...
“ ဟယ် ... မေ့ လို့ ၊ ငါ့ မှာ ပိုက်ဆံ မှ မကျန်တော့တာ ၊ လက်ကိုင်ပဝါ ကို နင် ပြန်ယူ ထားပါဦး လား ”
“ ဟာ ... နင် ပဲ ယူထားပါ ၊ ခု ပိုက်ဆံ မပါလည်း နောက် မှ ပေးပေါ့ ”
“ အေးလေ ၊ တစ်ရက် လောက်တော့ ကိစ္စ မရှိပါဘူး ၊ ငါ နက်ဖြန် မှ ပိုက်ဆံ ပေးမယ် နော် ”
ကိုယ် ခေါင်းညိတ်ပြသည် ။
“ ငါ လေ ဒီ လက်ကိုင်ပဝါလေး ကို သေသေချာချာ သိမ်းထားမယ် သိလား ” ဟု ပြောပြီး သူ ပြေးထွက် သွားသည် ။ ကိုယ်လည်း သူ့ ကို နောက် ကနေ ငေး ကြည့်နေပြီး သူ လမ်းချိုး ထဲ ကွေ့ဝင် သွားမှ ထွက် လာခဲ့သည် ။
ဒီနေ့ ညနေ တွင် မြင်မြင်သမျှ တို့သည် ကြည်လင် ၍ နေသည် ။ လမ်းလျှောက် ရင်းက ကားလမ်း ပေါ် မှ ချိုင့်ခွက်တွေ ကို မြင်သောအခါ ကိုယ် တို့ လမ်းအချိုး ရှိ ရေမြောင်းကလေး ကို မြင်သောအခါ အရင် ကလို လွှားခနဲ ခုန် ကျော်လိုက်ချင်သည် ။ သို့သော်လည်း မခုန်ကျော် မိအောင် စိတ် ကို ထိန်း ထားမိပြန်၏ ။ ဓာတ်ကြိုးတန်း ပေါ် မှာ နားနေသော စာကလေးတစ်အုပ် ကို မြင်ရသောအခါ ကိုယ် မနေနိုင်တော့ဘဲ “ ဟေး ” ဟု အော် လိုက်သည် ။ စာကလေးများ က “ ကျလိ ကျလိ ” မြည်ပြီး ကိုယ့် ကို ပြန် နှုတ်ဆက်သဖြင့် ကိုယ် ရယ် မိသေးသည် ။
အိမ်ဝင်း အဝ ရောက်သောအခါ ပြေး ဝင်သွားသည် ။ လွယ်အိတ် ကို စားပွဲ ပေါ် ပစ်တင်ပြီး မီးဖိုချောင်ဘက် သို့ ဝင် ခဲ့သည် ။ မီးဖိုချောင် အဝင် ဝ ပေါ်တွင် တန်းကြီး တစ်ခု ရှိသည် ။ ကိုယ် ဆတ်ခနဲ လှမ်း ခုန်လိုက်သောအခါ တန်းကြီး မှာ တွဲလောင်း ခိုမိသွား၏ ။
ကိုယ် အံ့သြ သွားသည် ။ အရင်က ဆိုလျှင် အရမ်း ခုန်တာတောင် တန်းကြီး ကို လက် နှင့် ထိရုံသာ ထိ သည် ။ ခုတော့ ထိရုံ မက ခို လို့ တောင် မှီ သွားပြီ ။
ကိုယ် သည် ခုတလော မှာ အရပ် ပဲ အရမ်း ရှည် လာလို့လား ။ ပျော်နေလို့ အမြင့်ကြီး ခုန် နိုင်တာလား ။ မိခိုင် နှင့် ခုလို တွေ့ ရတိုင်း ကိုယ် ပျော်မိတာချည်းပါ ပဲ ။
◾မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment